← Chapters

Chapter 35

Vol. 4 Ch. 35

Chapter 35

Vol. 4 Ch. 35

တရုတ်ပြည်သို့ပြန်ရောက်ပြီးနောက် ထန်းမီ အိမ်မှာပဲ တစ်ရက်လောက်အနားရကာ စားသောက်ဆိုင်အလုပ်ခွင်သို့ ပြန်ဝင်ရ၏။

မနက်ပိုင်း စားသောက်ဆိုင်သို့ ရောက်လာချိန်တွင် အရင်ဦးဆုံး ဖလှယ်မှုပရိုဂရမ်အခြေအနေအား စားသောက်ဆိုင်မန်နေဂျာထံ တင်ပြပြီးနောက် ဂျပန်မှဝယ်လာသည့် လက်လုပ်ဘီစကစ်များနှင့် အမှတ်တရလက်‌ဆောင်များကို အကုန်လုံးကိုလိုက်ပေးလိုက်လေသည်။

ကြီးကြပ်သူယွီ လက်ဆောင်ရသွားချိန်တွင် ထန်းမီအား အပြုံးလေးဖြင့်ကြည့်ကာ ပြောလာ၏။

"ငါ ဖလှယ်ပွဲတုန်းကပုံတွေကို တွေ့တယ်။ နင်လုပ်တဲ့ ဟောသွန်းဒိန်ချဉ်မုစ်ကိတ်က ပုံကိုကြည့်တာနဲ့တင် အရသာရှိပြီးစားချင်စရာကောင်းနေတာ အပြင်မှာဆို ဘယ်လောက်ကောင်းလိုက်မလဲမသိဘူး နင်ငါတို့အားလုံးအတွက် တစ်ခုလောက်လုပ်ပေးလို့ ရလား??"

စားသောက်ဆိုင်ရှိ ဝန်ထမ်းအားလုံးကလည်း ထိုတောင်းဆိုမှုအား ထောက်ခံလာကြ၏။ ထိုကဲ့သို့ စိတ်အားထက်သန်နေကြသဖြင့် ထန်းမီ အနည်းငယ် ရှက်ကိုးရှက်ကန်းတောင် ဖြစ်သွားတော့သည်။

"စီအီးအိုယွီ အဲကိတ်ကို ပရိုဂရမ်မှာတည်းက စားကြည့်ပြီးပြီ။ သူ အဲတာကို ထုတ်ကုန်သစ်အနေနဲ့ ရောင်းဖို့ ဆုံးဖြတ်ထားတယ်"

"ကောင်းတာပေါ့!"

လူအုပ်ကြီးသည် ပျော်ရွှင်မြူးထူးနေသော်လည်း ကြီးကြပ်သူယွီကတော့ စုံထောက်သဖွယ် စစ်ဆေး မေးမြန်းလာ၏။

"စီအီးအိုယွီလည်း ဂျပန်ကိုသွားခဲ့တာလား?"

ထန်းမီ ခေါင်းညိတ်ပြကာ-"အင်း စစ်ဆေးဖို့အတွက်လေ"

"အော်"

ကြီးကြပ်သူယွီ မျက်လုံးထဲတွင် လေးနက်သည့် အဓိပ္ပာယ်ဖြင့် ထန်းမီအား ကြည့်ကာ ပြောလိုက်ခြင်းပင်။

နေ့လယ်ပိုင်းတွင် ထန်းမီ ယွီယိကို ပြောခဲ့သည့်အတိုင်း ဟောသွန်းဒိန်ချဉ်မုစ်ကိတ်အား cupcakeအဖြစ် ပုံစံပြောင်းလိုက်ပြီး သန္တာကျောက်သကြား၏ တောင်ပံပုံစံလေးကလည်း ပိုပြီးအကြည့်များအား ဖမ်းစားသွားစေခဲ့တော့သည်။ ဆိုင်ဝန်ထမ်းများ ပျော်ရွှင်စွာ မြည်းစမ်းကြည့်နေကြပြီးနောက် လုယွီကတောင် ဓာတ်ပုံလာရိုက်ချင်ယောင်ဆောင်ကာ ကိတ်စားဖို့ရောက်လာခဲ့၏။

[ T/N : cupcakeပေါ်က ငါးမြီးနေရာကို တောင်ပံအဖြစ် မြင်ယောင်ကြည့်ပေးပါ။ ]

ဒီတစ်ကြိမ်တွင် ယွီကျီ တရားဝင် ဘ‌လော့ဂ်၌ ထန်းမီသည် မျက်နှာသာရနေပြီး လူပြောများနေလေသည်။ နေ့တိုင်း စားသောက်ဆိုင်တွင် သူမလုပ်သည့်ကိတ်အား တကူးတက လာစားကြသည့် ဧည့်သည်များလည်း ရှိနေ၏။

ဒီကိတ်ကို‌ ရောင်းချချိန်တွင် ကြီးမားသည့် ဂယက်ထလိမ့်မည် ဆိုတာလည်း စားသောက်ဆိုင်မန်နေဂျာ ကြိုမှန်းထားပြီးသားပင်။

ဒီနေ့မှာတော့ ထန်းမီ အချိန်မှန် အလုပ်ဆင်း ရသည်။ သူမ အိမ်ပြန်ရောက်စဉ် ဖုရှင်းတစ်ယောက် ခေါင်းပေါ်တွင် ရေခဲအိတ်ကြီးတင်ကာ ဆိုဖာပေါ်၌လဲနေသည်ကို တွေ့လိုက်ရ၏။

သူမ မျက်ခွံများ အပေါ်သို့မြင့်တက်သွားကာ မေးလိုက်တော့သည်။

"ဘာဖြစ်လို့လဲ?"

ဖုရှင်း လွန်စွာ အားနည်းနေသည့် အသံဖြင့်..။

"အ‌အေးမိပြီး ဖျားတာ...."

သူမ အသံသည် အရမ်းအက်ကွဲနေကာ ထိပ်လန့်နေသဖြင့် ထန်းမီ မြန်မြန် သူမ ကိုယ်အပူချိန်အား သွားစမ်းကြည့်လိုက်တော့၏။

"ဆေးသောက်ပြီးပြီလား?"

"ညစာ စားပြီးမှ သောက်လို့ရမှာလေ"

သူမ ပြောကာ ထန်းမီအားစိုက်ကြည့်နေတာကြောင့် ထန်းမီ ဘာမှမပြောတော့ဘဲ ဂျုံဆန်ပြုတ်ချက်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်တော့သည်။

ဖုရှင်း ဆန်ပြုတ်အနံ့ကို ရပြီးနောက် သွေးများ ပြန်လည်ပတ်လာလေသည်။ ထန်းမီ ဆန်ပြုတ်ပန်းကန်လုံး အားပေးကာ သူမဘေးတွင် ကပ်ထိုင်လိုက်၏။

"ဘယ်လိုဖြစ်ပြီး အအေးမိသွားတာလဲ?"

ဖုရှင်း ပန်းကန်လုံးထဲမှ ဆန်ပြုတ်အနည်းငယ်အား မှုတ်ကာ သောက်လိုက်သည်။

"ငါ နှစ်ရက်အချိန်ပိုဆင်းရလို့ ရုံးမှာပဲ အိပ်လိုက်ရတာ အဲတုန်းက အေးလို့ထင်တယ်။......အာ ငါ နင့်ကို မေးထားတဲ့ ယွီယိကို အင်တာဗျူးဖို့က ဘယ်လိုလဲ?"

"အိုး...."

ဒီလိုအချိန်မှာ ထန်းမီ တကယ် သူမအား မရိုက်ချချင်ပေ။

"ငါအခွင့်သာရင် မေးဖြစ်အောင် မေးလိုက်မယ်"

ဖုရှင်း သူမအား ဝမ်းနည်းမှုများဖြင့် ကြည့်လာလေသည်။

"ငါ အဲအင်တာဗျူး မရရင် အယ်ဒီတာ မသေမချင်း နှိပ်စက်တာခံရလိမ့်မယ်"

"မဟုတ်ပါဘူး။ အကြွေး လာတောင်းတုန်းကတောင် အသတ်ခံရတာမှ မဟုတ်တာ နင်က အားနွဲ့တဲ့မိန်းမသား မဟုတ်ဘူး"

ဖုရှင်း : "....."

'ဘယ်လိုလုပ် သူဖျားနေတဲ့အချိန်မှာ အကြွေးအကြောင်းပြောထွက်ရတာလဲ?'

ကံကောင်းစွာပင် ထန်းမီသည် တာဝန်သိတတ်သည့် အခန်းဖော်ပင်။ သူမ၏ဂရုစိုက်မှု‌အောက်တွင် ဖုရှင်း အဖျားအား ထန်းမီဆီ မြန်မြန်လွှဲ ပေးပြီးနောက် သူမကတော့ ဒေါင်ဒေါင်မြည် ပြန်ဖြစ်သွားခဲ့သည်။

ထိုနေ့ ကုမ္ပဏီ၏ ပုံမှန်အစည်းအဝေးအပြီး ယွီယိတစ်ယောက် ရုံးခန်းထဲတွင် ငေးမောထိုင်နေရင်း ယွီရှင်း လုယွီအား သူနှင့်ထန်းမီရဲ့ ဆက်ဆံရေးအကြောင်း ကြေညာဖို့ပြောခဲ့သည်ကို ပြန်မှတ်မိသွားတော့၏။

ရက်တွေ အတော်ကြာနေပြီ ဖြစ်သော်လည်း ဘာလို့ အဲတာနှင့်ပတ်သက်သည့် ကောလဟာလနည်းနည်းလေးတောင် သူ မကြားရတာလဲ?

ယွီယိ ခဏ အတွေးလွန်နေပြီးနောက် စားပွဲပေါ်ရှိ တယ်လီဖုန်းအား နှိပ်လိုက်တော့သည်။

"စန်းလန် ပီအာဌာနက လုယွီကို ခေါ်ပေးပါ"

"ဟုတ်ကဲ့ပါ စီအီးအိုယွီ"

ဥက္ကဌကြီးဆင့်ခေါ်တာခံလိုက်ရသည့် လုယွီတစ်ယောက် စီအီးအိုရုံးခန်းတံခါးအား ခေါက်ကာ ကုတ်ကုတ်လေး ဝင်လာခဲ့၏။

"စီအီးအိုယွီ ကျွန်မကိုခေါ်ပါသလား?"

သူမ ရေးထားသည့် ဂျပန်ယဉ်ကျေးမှု၏တစ်ဝက်သာ ကော်ပီကူးချထားတယ်ဆိုတာ မသိသာချေ။

ယွီယိ သူမအားကြည့်ကာ ဘာမှမပြောသဖြင့် လုယွီရင်ထဲတွင် ပိုမိုသောကရောက်နေရကာ အပြစ်ရှိစိတ်ဖြင့် အသနားခံဖို့ ပြင်ဆင်နေချိန်မှာပဲ ယွီယိ စကားစလာခဲ့သည်။

"ဟိုတယ်မှာတုန်းက ငါမင်းကို ကြေညာ....."

"စိတ်ချပါ စီအီးအိုယွီ! ထန်းမီ ကျွန်မကို ပြောပြထားပါတယ်!"

လုယွီ မြန်မြန်ဆန်ဆန် သူမ၏သစ္စာစောင့်သိမှုအား ပြသလိုက်တော့သည်။

"စီအီးအိုယွီ မူးနေလို့ လျှောက်ပြောမိတယ်ဆိုတာ သိပါတယ်။ အပြင်ကို မပေါက်ကြားစေရဘူးလို့ ကတိပေးပါတယ်!"

သူမ၏စိတ်အားထက်သန်မှုအား ဖော်ပြပြီးနောက် ရုံးခန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွား၏။ ယွီယိ အကြာကြီး ငြိမ်သက်နေကာ ခေါင်းပဲညိတ်လာလေသည်။

"ဒါဆို ကောင်းပြီ သွားလိုက်တော့။"

"ဟုတ်ကဲ့ပါ စီအီးအိုယွီ!"

လုယွီ စိတ်ထဲမှမသိမသာ သက်ပြင်းချလိုက်ကာ တံခါးဆီလျှောက်သွားလိုက်၏။ သို့သော် အနောက်ဘက်ရှိ ယွီယိ၏လျက်တပြက် တားဆီးမှုအား ခံလိုက်ရပြန်သည်။

"ဒါနဲ့မင်းပေးထားတဲ့ ဂျပန်ယဉ်ကျေးမှုစာရွက်က ကော်ပီယူထားတဲ့အပိုင်းတွေကို ဖြတ်ပြီး ပြန်ရေးလာပေး"

လုယွီ : "..."

'ဒါက! ဘာလဲ!'

လုယွီ ဝမ်းနည်းပက်လက် ထွက်သွားပြီးနောက် ယွီယိ ရုံးခန်းထဲတွင်ပဲ တစ်ယောက်တည်းထိုင်နေကာ လော့ဟောက်ဆီ ဖုန်းခေါ်လိုက်တော့သည်။

"မင်းဘက်က ပြီးပြီလား?"

လော့ဟောက် : "ပြီးတဲ့အချိန်ကျရင် ကျွန်တော်ကုမ္ပဏီကို ချက်ချင်းလာခဲ့ပါ့မယ်"

"မင်း ကုမ္ပဏီကိုရောက်ရင် ဒရိုင်ဘာကို အောက်မှာစောင့်ခိုင်းထားလိုက် ငါ [ချိုမြိန်မြိန်အိမ်မက်]ကို သွားမယ်"

လော့ဟောက် ခေတ္တခဏ ရပ်တန့်သွားပြီးနောက် ပြန်ဖြေလာ၏။

"ဟုတ်ကဲ့ပါ"

[ချိုမြိန်မြိန်အိမ်မက်]၏ ဆိုင်ဖွင့်ချိန် ဖြစ်သည်။ ယွီယိစားသောက်ဆိုင်ထဲသို့ ဝင်လာပြီးနောက် ဧည့်သည်များသည် သူ့အားသိချင်စိတ်ဖြင့် ဝိုင်းကြည့်နေကြ၏။ ကြီးကြပ်သူယွီ ဝိတ်တာတစ်ယောက်အား အတင်းတိုးတိုက်ကာ ယွီယိအရှေ့သို့ ချက်ချင်းရောက်ချလာတော့သည်။

"မင်္ဂလာပါ စီအီးအိုယွီ!"

ယွီယိ သူမအား ခေါင်းညိတ်ပြကာ စားသောက်ဆိုင်ပတ်လည်အား လိုက်အကဲခတ်နေသည်။

ကြီးကြပ်သူယွီ မျက်တောင်များ ပုတ်ခတ်ကာ-"စီအီးအိုယွီ စားသောက်ဆိုင်ကို လာကြည့်တာလား?"

"ဟုတ်တယ်"

ယွီယိ ဧည့်သည်တစ်ယောက်အား ဟင်းပွဲများ၏အခြေအနေအကြောင်း ယဉ်ယဉ်ကျေးကျေး မေးမြန်းလိုက်လျှင် ဧည့်သည်သည် သူ့အားကြည့်ကာ ပြောလာကြသည်။

"ပင်လယ်ကမာတွေက တော်တော်လတ်ဆတ်တယ် အမဲသားကင်ရဲ့အရသာကလည်း ကောင်းတယ်။ ဒါပေမဲ့ ဒီနေ့ ဟောသွန်းဒိန်ချဉ်မုစ်ကိတ် မရှိဘူး။ အဲတာစားချင်လို့ လာခဲ့တာကို.."

ယွီယိ မျက်ခုံးများ လှုပ်ခတ်သွားကာ ထိုဧည့်သည်အား ကောင်းကောင်း သုံးဆောင်ဖို့ ပြောပြီးနောက် မုန့်ဖုတ်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားတော့၏။

မုန့်ဖုတ်ခန်းထဲတွင် ဘယ်သူမှမရှိချေ။ ယွီယိတစ်ယောက် ပဟေဠိဖြစ်သွားကာ သူ့အနားတွင် ရပ်နေသည့် ကြီးကြပ်သူအား မေးလိုက်တော့သည်။

"ဒီနေ့ ထန်းမီ အလုပ်မလာဘူးလား?"

ကြီးကြပ်သူယွီ ခပ်သွက်သွက် ပြန်ဖြေလာ၏။

"အိုး ဒီနေ့ထန်းမီ နေမကောင်းလို့ ခွင့်ယူထားပါတယ်"

"နေမကောင်းလို့ ခွင့်ယူတယ်?" ယွီယိ မျက်ခုံးများသည် အော်ဟစ်နေသလိုပင်။ "သူ နေမကောင်းဘူးလား?"

"မန်နေဂျာဆီက ကြားတာတော့ သူအအေးမိတာလို့ ပြောတယ်။ ကြည့်ရတာ အဖျားပြင်းတဲ့ပုံပေါ်ပဲ"

ယွီယိ၏နှလုံးသား ဆတ်ခနဲ တုန်လှုပ်သွားကာ သူအနောက်သို့ တစ်ချက်မှလှည့်မကြည့်တော့ဘဲ ထွက်သွားတော့၏။ သူ့ဘေးတွင်ရှိသည့် လော့ဟောက်လည်း သူ့မျက်နှာမကောင်းသည်ကို တွေ့တော့ အမြန်ပင် အနောက်မှလိုက်ရတော့သည်။

ကားထဲသို့ရောက်ပြီးနောက် ယွီယိ ခုံအား မှီထိုင်လိုက်ကာ နဖူးအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။

"ဒီတစ်ခေါက်ရော မင်း ထွက်လာချင်တာလား....?"

လော့ဟောက် ကားထဲသို့ မြန်မြန်ဝင်လိုက်ကာ စိုးရိမ်တကြီးဖြင့် ကြည့်လာတော့သည်။

"ဘာဖြစ်တာလဲ? ဒေါက်တာကျန်းကို ခေါ်ပေးရမလား?"

"မခေါ်နဲ့"

ယွီယိ ပင့်သပ်ရှိုက်ကာ သူ့ကိုယ်သူ ပြန်ပြောနေသလို အမောတကော ရေရွတ်နေလေ၏။

"မင်းထွက်လာဖို့မလိုဘူး။ ငါ့ဘာသာဖြေရှင်းမယ်...."

ခဏကြာပြီးနောက် ယွီယိ ပြန်လည်တည်ငြိမ်သွားရကာ သူ့အင်္ကျီအား ပြင်ဝတ်ပြီးနောက် ဒရိုင်ဘာကို အမိန့်ပေးလိုက်တော့သည်။

"မောင်းတော့"

ထန်းမီ အဖျားကျဆေးသောက်ထားသည့်အတွက် အိပ်ရာပေါ်မှာပဲ လှဲအိပ်နေသည်။ ထိုစဥ် ရုတ်တရက် ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့် သူမ နိုးလာခဲ့တော့၏။ သူမကိုယ်အား တစ်ဖက်‌သို့ စောင်းလိုက်ကာ ဂွမ်းစောင်ဖြင့် ခြုံနေလိုက်သော်လည်း တံခါးခေါက်သံများအား လျစ်လျူရှုထားလို့ မရချေ။

ထန်းမီ နောက်ဆုံးတော့ထလိုက်ကာ ဂွမ်းစောင်အားဖယ်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ထထိုင်လိုက်တော့သည်။ ထို့နောက် အိမ်စီးဖိနပ်စီးကာ တံခါးဆီသို့သွားလိုက်ပြီးနောက်-"ဘယ်သူလဲ?"

တံခါးအပြင်ဘက်ရှိလူသည် တိတ်ဆိတ်နေပြီးနောက် တုံ့ပြန်လာခဲ့၏။

"အချစ်လေး ကိုယ်ပါ"

ထန်းမီ အံ့သြသွားကာ သူမ တစ်ကိုယ်လုံး အားအင်အပြည့်ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။ သူမ တံခါးအား မြန်မြန်ဖွင့်ပေးပြီးနောက် ယွီရှင်းအား တွေ့လိုက်ရ၏။

သူ အနောက်တိုင်းဝတ်စုံကုတ်အား မဝတ်ထားဘဲ အဖြူရောင်ရှပ်အင်္ကျီ၏ လည်ပင်းလိုင်းအား အနည်းငယ် ဖွင့်ဟထားကာ လည်ပင်းမှာပတ်ထားသည့် နက်ခ်တိုင်သည်လည်း ပြေကျနေလေသည်။ ညာဘက်လက်သည် တံခါးဘောင်အား ကိုင်ထားကာ နဖူးပေါ်ကျနေသည့် ရှေ့ဆံပင်များသည် သူ့မျက်လုံးများပေါ်တွင် ပျင်းတိပျင်းရွဲ ဖုံးလွှမ်းထား၏။

ထန်းမီ တိတ်တဆိတ် တံထွေးမျိုချလိုက်မိတော့သည်။

သူမထို လူအား စိုက်ကြည့်နေစဉ် တစ်ဖက်လူကလည်း သူမအား ပြန်လည်စိုက်ကြည့်လာ၏။

ထန်းမီ အိပ်ရာမှထလာသည့်အတွက် ညအိပ်ဝတ်စုံကိုပဲ ဝတ်ထားကာ နက်မှောင်ရှည်လျားသည့် ဆံပင်များကလည်း ပခုံးပေါ်တွဲလျောင်းကျနေသည်။

သူမ အိပ်ရာမှ နိုးလာတာကြောင့်လား အဖျားကြောင့်လားတော့ မသိ။ ပါးနှစ်ဖက်ပေါ်တွင် သဘာဝမကျသည့် ပါးနီလေး သန်းနေလေသည်။ ထို့ကြောင့် သူမပုံစံသည် အထူးတလည် ဖြစ်နေသလိုပင်.....

နှစ်ယောက်သား တံခါးဝတွင် တစ်ယောက်အလှတစ်ယောက် ငေးမောနေပြီးမှ ထန်းမီ သူ့အားအိမ်ထဲခေါ်ဖို့ သတိရသွားတော့၏။

ထန်းမီ ဧည့်ခန်းထဲတွင်ရပ်ကာ ရှက်ရှက်ဖြင့် ပြုံးလိုက်လေသည်။

"ယွီရှင်း ရှင်ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ?"

ယွီရှင်း ပြုံးကာ ပြန်ဖြေလိုက်၏။

"မင်း နေမကောင်းဘူးကြားလို့ သက်သာသွားပြီလား?"

"အင်း ဆေးရုံမှာ ဆေးထိုးပြီးတော့ သက်သာသွားတယ်။ အိပ်တော့အိပ်ချင်နေသေးတယ်"

ယွီရှင်း မျက်လုံးများ လှုပ်ရှားသွားကာ သူမအား အိပ်ခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

"အိပ်ချင်နေတယ်ဆို တရေးအိပ်လိုက်"

ထန်းမီ : "....."

'ဒါပေမဲ့.....ရှင်ကရော? ကျွန်မအိပ်တာကို ထိုင်ကြည့်မလို့လား?'

'......သူဘယ်လိုလုပ်ပြီး အိပ်နိုင်မှာလဲ?'

ယွီရှင်း ထိုပြဿနာအား သဘောပေါက်ပုံမပေါ်ပေ။ သူ ထန်းမီအား အိပ်ခန်းထဲသို့ ခေါ်သွားလိုက်ပြီး ခေါင်းအုံးဘေးရှိ ပန်းရောင်မွေးပွရုပ်လေးအား မြင်ချိန်တွင် သတိလက်လွတ် ရပ်တန့်သွားတော့သည်။

"ဘာဖြစ်လို့လဲ?"

ထန်းမီ သူရပ်တန့်သွားသည်အား ကြည့်ကာ မသိမသာသက်ပြင်းချလိုက်တော့၏။

ယွီရှင်းနှုတ်ခမ်းစေ့ကာ သူမအားမေးခွန်းထုတ်လိုက်သည်။

"အဲအရုပ်ကို ဒီမှာထားတာလား?"

ထန်းမီ ခေါင်းညိတ်လိုက်ရင်း..."အင်း ဒီမှာပဲ ထားတာ"

"အင်း"

ယွီရှင်း သူ့နှုတ်ခမ်းများအား မသိမသာသပ်လိုက်ကာ သူမကိုကုတင်ဘေးဘက်သို့ ခေါ်သွားတော့သည်။

"နေပြန်ကောင်းဖို့အတွက် ကောင်းကောင်းနားရမယ်"

"အိုး"

ထန်းမီ အိပ်ရာထဲဝင်လိုက်ကာ ဘေးတွင် ရပ်နေသူအား ကြောင်ကြည့်နေမိ၏။

"ရှင်ကရော?"

ယွီရှင်း အခုမှထိုပြဿနာအား သဘောပေါက်သွားတဲ့ပုံဖြင့် အရှက်ပြေရယ်လျက်-"အင်း.....ကိုယ်ကမင်းကို ဘေးကကြည့်နေမယ်။ စိတ်မပူပါနဲ့ ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး"

ထန်းမီ မျက်တောင်များအား တဖျတ်ဖျတ်ခတ်လိုက်ကာ သူ့ဘေးရှိ ကွန်ပျူတာထိုင်ခုံဆီ ညွှန်ပြလိုက်လေသည်။

"ရှင် အဲဒီမှာထိုင်လို့ရတယ်"

"အင်း"

ယွီရှင်း ခုံအားဆွဲယူကာ သူမဘေးတွင် ထိုင်ချလိုက်၏။ ထန်းမီ သူ့အားမျက်လုံးများ မှေးကြည့်နေသည်ကို မြင်တော့...။

"ဘာဖြစ်လို့လဲ?"

ထန်းမီ : "ဘာလို့ ရှင်ဒီနေ့ နည်းနည်းမတူသလို ခံစားနေရပါလိမ့်?"

ယွီရှင်း ခဏဆွံ့အသွားပြီး ထန်းမီအား ခပ်ကျယ်ကျယ်ပြုံးပြလိုက်ကာ-"ဘာက မတူတာလဲ အချစ်လေးရဲ့?"

ထန်းမီ ဘာမှမပြောဘဲ မျက်တောင်များ ပုတ်ခတ်နေတာကြောင့် ယွီရှင်း ချောင်းဟန့်ကာ စကားလမ်းကြောင်း ပြောင်းလိုက်ရတော့သည်။

"ဘယ်လိုလုပ် ဖျားသွားတာလဲ? ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘူးလား?"

ထန်းမီ ထိုမှသာ အကုန်ဖွင့်ထုတ်ပြောလိုက်လေ၏။

"အဲလို မဟုတ်ဘူး။ ဖုရှင်းဆီက အဖျားကူးသွားတာ။ သူကကျ နေကောင်းသွားပြီး ကျွန်မက ဖျားနေတယ်။"

ယွီရှင်း ထန်းမီအား ကြည့်နေပြီးနောက် ရုတ်တရက် သူမနှင့်နီးကပ်စွာ ကိုယ်ကိုင်းညွှတ်လိုက်ပြီး လေသံခပ်တိုးတိုးဖြင့်..."ဒါဆိုရင် ကိုယ့်ကိုအဖျားကူးခိုင်းလိုက်။ မင်း နေကောင်းသွားအောင်"

ထန်းမီ အနားသို့ တိုးကပ်လာသူအား ကြည့်ရင်း နှလုံးခုန်မြန်လာကာ ဘာလုပ်ရမှန်း မသိတော့သဖြင့် ပြုံးပြလိုက်တော့သည်။

"ရှင် အရမ်းကလေးဆန်တာပဲ။ အဲဒါကို ယုံသေးတယ်ပေါ့?"

ယွီရှင်း မသိမသာ မျက်ခုံးပင့်တင်လိုက်လေသည်။

"မင်းပဲ ကိုယ့်ကို ကလေးလို့ထင်တာမဟုတ်လား? ကလေးက ကလေးဆန်ရမှာပေါ့"

ထန်းမီ ဘာမှမပြောတော့ဘဲ။ မျက်လုံးများကွေးရင်းသာ ပြုံးကြည့်နေလျှင် ယွီရှင်း မျက်လုံးထဲရှိ အမှောင်ထုသည် တစ်ဖြည်းဖြည်း ပိုမိုနက်ရှိုင်းလာကာ သူ့နှုတ်ခမ်းသည် သူမနှုတ်ခမ်းပေါ်သို့ နူးညံ့စွာ ဖြတ်လျှောက်သွားတော့သည်။

"ကိုယ့်ကို အဖျားကူးစေချင်လား?"

လှည့်ဖျားနေသည့် လေသံနှင့် အသံရှူသံနိမ့်နိမ့်သည် ထန်းမီအား စိတ်လှုပ်ရှားစွာ ရယ်မောသွားစေသည်။ ထို့နောက် သူ ရုတ်တရက် အရှေ့သို့ ကိုင်းညွှတ်ကာ ထန်းမီ၏ နှုတ်ခမ်းနုနုလေးအား ထိကပ်လိုက်၏။

ယွီရှင်း မရဲတရဲဖြင့် လျှာထုတ်၍လျက်လိုက်ပြီးနောက် ထန်းမီ၏အောက်နှုတ်ခမ်းလေးအား ညင်ညင်သာသာဖြင့် ကိုက်ချလေသည်။

ဂရုတစိုက် နမ်းနေရင်း ထန်းမီ နှုတ်ခမ်းများ ပျော့ခွေသွားတော့ ယွီရှင်း သူမပါးစပ်ထဲသို့ ကျူးကျော် ဝင်လာတော့၏။ ထန်းမီ မျက်လုံးဖွင့်လိုက်ပြီး သူ့အား မတည်ငြိမ်ဖြင့် ကြည့်လိုက်၍..."နမ်းပြီးသွားတာတောင်မှ စီအီးအိုယွီ ပြန်ပြောင်းမသွား‌သေးဘူးပဲ"

ယွီရှင်း သူမအောက်နှုတ်ခမ်းအား ညင်သာစွာ ပွတ်သပ်လိုက်ကာ မေးလာသည်။

"မင်းကိုယ့်ကို ယွီယိအဖြစ် ပြန်ပြောင်း စေချင်တာလား?"

ထန်းမီ မျက်လုံးများလှုပ်ရှားသွားကာ ပြုံးလိုက်သော်လည်း ဘာမှထပ်မပြောတော့ချေ။

သူမ လဲလျောင်းဖို့အတွက် ယွီရှင်း ကူညီပေးပြီး သူမ နဖူးပေါ်ရှိ အနက်ရောင်ဆံနွယ်လေးများအား သပ်ပေးလိုက်၏။

"အိပ်တော့"

"အင်း"

ထန်းမီ နာခံစွာ မျက်စိမှိတ်ချလိုက်တော့သည်။

ယွီရှင်း ဘေးပတ်လည်သို့ တစ်ချက်ကြည့်ပြီး သူမ အသက်ရှူသံ တည်ငြိမ်သွားသည်ကိုမြင်မှသာ သူမပါးလေးအား နမ်းလိုက်ပြီးနောက် အခန်းထဲမှထွက်သွားတော့၏။

ညင်သာသည့် တံခါးပိတ်သံအား ကြားပြီးနောက် ထန်းမီ တိတ်တဆိတ် မျက်လုံးများ ဖွင့်လိုက်လေသည်။ ခဏလောက် လဲလျောင်းနေပြီးနောက် ပေါ့ပါးစွာ ကောက်ထလိုက်ပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်၏။

ယွီရှင်းတစ်ယောက် ဘန်တလေကားထဲ ဝင်သွားရုံရှိကာ ကားတံခါး ပိတ်သွားပြီးနောက် ကားလေးသည် နေရာမှ ခပ်မြန်မြန်မောင်းထွက်သွားသည်။ ကျန်ခဲ့သည့် ထန်းမီတစ်ယောက် ပြန်လှည့်ကာ ကုတင်ပေါ်ခုန်တက်လိုက်ပြီး ဂွမ်းစောင်ထဲတွင် ရယ်မောနေလေတော့၏။

_____________________________________________

All Chapters