Chapter 36
Vol. 4 Ch. 36
အရောင်းအဝယ်အစည်းအဝေးပြီးနောက် ယွီယိနှင့် ပိုင်မောင်နှမတို့ အစည်းအဝေးခန်းထဲမှ အတူ ထွက်လာခဲ့ကြသည်။ ပိုင်ချဲ့ ဘယ်လက်အား မြှောက်ကာ လက်ပတ်နာရီကို တစ်ချက်ကြည့်ရင်း အကြံပြုလိုက်၏။
"နေ့လယ်စာ အတူစားကြမလား?"
ယွီယိ ခေါင်းညိမ့် သဘောတူလိုက်လေသည်။
"ငါ အီတလီစာ စားချင်တယ်"
ပိုင်ရှောင် သူတို့ဘေးတွင် ငေးငိုင်နေသဖြင့် ပိုင်ချဲ့ သူမအားကြည့်ကာ မေးလိုက်တော့၏။
"ဘာလို့လဲ? အီတလီစာ မစားချင်ဘူးလား?"
ပိုင်ရှောင် ခေါင်းခါ၍ ပြုံးပြလိုက်လေသည်။
"မဟုတ်ပါဘူး။ အီတလီစာပဲ စားကြမယ်လေ"
ပိုင်ချဲ့ မျက်ခုံးပင့်လိုက်မိသော်လည်း ယွီယိ ဘေးတွင်သာ လျှောက်၍ စတော့ဈေးကွက်များ အကြောင်း ပြောနေ၏။ ပိုင်ရှောင် သူတို့အနောက်မှ ငြိမ်သက်စွာလိုက်လာရင်း သူတို့ကျောပြင််များအား ကြည့်နေမိတော့သည်။
ယွီယိ ခုဏက"ချင်"ဆိုသည့် စကားလုံးအား သုံးလိုက်၏။ သူ ဒီလိုပြောပြတာမျိုးကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
ယွီယိနှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှု သိပ်များများစားစား မရှိခဲ့သော်လည်း သူတို့ စီးပွားရေးနယ်ပယ်တွင် နှစ်တွေအကြာကြီး လက်တွဲခဲ့ကြပြီး ယွီယိသည်အကျိုးအကြောင်းသင့် ဝေဖန်ပိုင်းခြားရာတွင် ကုမ္ပဏီအဆုံးအဖြတ်မှအစ နေ့လယ်စာစားဖို့ထိအဆုံး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်များကိုသာ အမြဲချနိုင်ခဲ့သည်။
သူဟာ လူသားတွေနှင့်မတူသည့် ဘယ်တော့မှ အမှားယွင်းမရှိသော စက်ရုပ်လိုပင်။
သို့သော် ထိုရေခဲလူသားသည် အီတလီစာ စားချင်တယ်ဟု ပြောခဲ့၏။
အီတလီအစားအစာတွင် သူ့အားစိတ်ဝင်စားစေကာ ညှိ့ယူနိုင်တဲ့ ဆွဲဆောင်မှုမျိုးရှိနေသည်။ ပိုင်ရှောင် ရုတ်တရက် မျက်အိမ်များ လှုပ်ခတ်သွားလေ၏။
'မဟုတ်ဘူး တစ်ခြားတစ်ခုခုရှိရမယ် သူ့ကို သာမန်လူတစ်ယောက်လို ခံစားချက်တွေ ရှိလာစေတဲ့အရာ..'
'အဲဒါ ဘာများလဲ?'
ပိုင်ရှောင် ထိုမေးခွန်း၏အဖြေအား သိပြီးသလို ခံစားလိုက်ရသည်။
သူ စားနေစဉ် ပိုင်ချဲ့ စတော့ဈေးကွက်များ အကြောင်းအား စိတ်ဝင်တစားပြောနေလေ၏။ ယွီယိကတော့ စကားနှစ်ခွန်းသာ ပြန်ဖြေနေပြီး ပိုင်ရှောင် တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေသည်။
စားသောက်ပြီးနောက် ယွီယိ လက်ဦးမှုယူကာ ဘေလ်ခွဲရှင်းရန် ပြောလိုက်ပြီး ပိုင်ချဲ့တစ်ယောက် စိတ်ကျေနပ်စွာ လက်ခံလိုက်၏။ ယွိယီ ပိုက်ဆံအိတ်ဖွင့်လိုက်ချိန်တွင် ပိုင်ချဲ့၏မျက်လုံးများသည် ချက်ချင်း ယွိယိလက်ထဲရှိ ပိုက်ဆံအိတ်ပေါ်သို့ ကျရောက်သွားတော့သည်။
"မင်း ပိုက်ဆံအိတ်ထဲက ပုံကဘာလဲ?"
ပိုင်ချဲ့ မျက်လုံးများ ကျွတ်ထွက်မတတ် အံ့အားသင့်သွားရလေ၏။
"စတစ်ကာပုံထဲကလူက မင်းလား? မင်းမှာ ပါးချိုင့်ပါတယ်ပေါ့?! ခဏလေး မင်းဘေးက ကောင်မလေးကို ကြည့်နေတာပဲ သူက ကိတ်မုန့်ဖုတ်နည်း သင်ပေးတဲ့ မုန့်ဖုတ်ဆရာမလား?"
ပိုင်ရှောင်လည်း လည်ပင်းအားဆန့်ကာ ပိုက်ဆံအိတ်သို့ ချောင်းကြည့်လိုက်လျှင်..။ တကယ်ပဲ ဈေးကြီးကြီး ပိုက်ဆံအိတ်နှင့် မလိုက်ဖက်သည့် ပုံတစ်ပုံအား ကပ်ထားလေသည်။
သူမအား ပို၍အံ့အားသင့်သွားစေသည့် အရာသည် စတစ်ကာပုံထဲရှိလူသည် ယွီယိနှင့် အသွင်အပြင်ရော စရိုက်ရော တူမနေတာပင်။ သူသာ မျက်နှာမတူလျှင် သူမထိုလူအား ယွီယိဟု ထင်မိမည် မဟုတ်ချေ။ ပြောတော့မှ ယွီယိ၏အရင်မွေးနေ့တုန်းကလည်း သူမ ဒီလိုပုံစံအား မြင်ဖူး၏။
ဘဝမှာ ပထမဆုံးအကြိမ် ယွီယိ ရှက်ရွံ့ခြင်းကို ခံစားလိုက်ရကာ အေးတိအေးစက် မျက်နှာထား၏အကူအညီဖြင့် လက်အားအလျင်အမြန် လှုပ်ရှား၍ ဝိတ်တာအား ကဒ်ပေးလိုက်တော့သည်။
ပိုင်ချဲ့ သူ့အားပြုံးကာ စိုက်ကြည့်နေ၏။ သူ့မျက်လုံးများသည် စနောက်ကျီစယ်နေသယောင်ပင်။
"မင်း မရှင်းပြချင်ဘူးလား?"
ယွီယိ ပက်ခနဲ ခွန့်တုန့်ပြန်လိုက်လေသည်။
"ဘာလို့ရှင်းပြရမှာလဲ? မင်းက ငါ့ရည်းစားမှ မဟုတ်တာ"
ပိုင်ချဲ့ : "...."'
'ကမ္ဘာပျက်နေတာလား? ယွီယိက ဟာသပြောနေတယ်!'
ယွီယိ ပိုင်ချဲ့၏မူးလဲတော့မလို မျက်နှာထားအား လျစ်လျူရှုကာ နေ့လယ်စာစားပြီးနောက် ကုမ္ပဏီသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
ပိုင်ချဲ့ သူ့ဘေးမှာရှိသည့် ပိုင်ရှောင်အား ငဲ့ကြည့်ကာ ပြုံး၍ သူမ ခေါင်းလေးအား အသာပုတ်လိုက်လေ၏။
"သက်တောင့်သက်သာမဖြစ်ရင် အိမ်ပြန်နားလိုက်တော့"
ပိုင်ရှောင်၏မျက်နှာပေါ်တွင် စိတ်ကြောင့်ဖြစ်လာသည့် အဟန့်အတား အရိပ်အယောင်ရှိနေကာ တစ်ချိန်တည်းမှာပဲ အတွေးများဖြင့် ပြည့်နှက်နေတော့သည်။ ထို့ကြောင့် သူမ တက်စီငှားကာ အိမ်သို့စောစောပြန်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ အခန်းထဲ၌ အတော်အတန်ကြာ လဲလျောင်းနေပြီးနောက် သူမဆက်သည်းမခံနိုင်တော့ဘဲ ထထိုင်ကာ ထန်းမီအား ခေါ်လိုက်လေတော့၏။
ထန်းမီ နေပြန်ကောင်းပြီးနောက် အလုပ်ပြန်လုပ်နေခဲ့သည်။ ထိုစဉ် ပိုင်ရှောင် ဖုန်းခေါ်လာသည်ကိုမြင်တော့ အမြန်ပင် ကိုင်လိုက်၏။
"မိန်းကလေးပိုင် ဘာကိစ္စရှိလို့လဲ?"
ပိုင်ရှောင် ခဏငြိမ်သက်နေပြီးနောက် ပြန်ဖြေလာခဲ့၏။
"အိုး ရှင်ဂျပန်က ပြန်ရောက်ပြီလို့ကြားလို့လေ။ အဲတာရှင်ဘယ်အချိန်လောက် ကိတ်မုန့်လုပ်နည်းသင်ပေးလို့ရမလဲ မေးချင်လို့ပါ"
ထန်းမီ အချိန်အား ရေတွက်လိုက်ပြီးနောက် ပိုင်ရှောင်အား အဖြေပြန်ပေးလိုက်သည်။
"အိုး အဲတာကြောင့်လား ကျွန်မနေမကောင်းလို့ ခွင့်ယူထားတာ မန်နေဂျာက ကျွန်မကို နားရက်ပေးထားလို့ လစာမနုတ်ပေမဲ့ အချိန်ပိုပြန်ဆင်းပေးရမှာ။"
"ဪ ဝမ်းနည်းစရာပဲ စောင့်ရတော့မှာပေါ့။ ဒါဆိုရှင်အချိန်ရမှပဲ ကျွန်မတို့ ထပ်ညှိကြတာပေါ့"
ပိုင်ရှောင်၏အသံသည် အနည်းငယ် စိတ်ပျက်နေသလိုပင်။
ထန်းမီ ခဏစဉ်းစားလိုက်ပြီး..."ရှင်စိတ်မရှိရင် ကျွန်မတို့ရိုးရှင်းပြီး အချိန်သိပ်မပေးရတဲ့ ကိတ်တော့ လုပ်လို့ရတယ်။ အလုပ်ဆင်းတဲ့အချိန်ကျ လုပ်ကြတာပေါ့"
"အင်း ကျေးဇူးပါ"
"ရပါတယ်"
ဘာပဲဖြစ်ဖြစ် သူမ ပိုက်ဆံရှာရမှာပင်။
ထန်းမီ အလုပ်ဆင်းချိန်က ၇နာရီဖြစ်တာကြောင့် ပိုင်ရှောင် ဒရိုင်ဘာအား စားသောက်ဆိုင် အပြင်ဘက်တွင် ကြိုစောင့်ခိုင်းထားကာ အလုပ်ဆင်းသည်နှင့် ထန်းမီအား ပိုင်ရှောင်အိမ်သို့ ခေါ်သွားခဲ့၏။ ညနေတွင် အချိန်မလောက်တော့သဖြင့် ထန်းမီ ကိတ်မုန့်တစ်ခုတည်းသာ လုပ်ဖို့ အစပြုလိုက်တော့သည်။
"ဒါ တစ်နာရီတည်းနဲ့ လုပ်လို့ရတယ်"
"ဟုတ်ပြီ"
ပိုင်ရှောင် ခေါင်းညိမ့်ကာ လိုက်လုပ်ခဲ့သည်။ မုန့်ဖုတ်နည်းသည် လွယ်ကူရိုးရှင်း၍ သိပ်မကြာလိုက်ဘဲ နှစ်ယောက်လုံး နောက်ဆုံးအဆင့်သို့ လျင်မြန်စွာ ရောက်သွားကြ၏။
"သကြားညိုမှုန့်ဖြူးတဲ့အခါ သေချာအာရုံစိုက်ရမယ်။ အမှုန့်ပမာဏက နည်းပြီးမညီရင် အပေါ်က ခရမယ်က လှမှာမဟုတ်ဘူး"
"ဟုတ်ပြီ"
ပိုင်ရှောင် သကြားညိုမှုန့်အား ဂရုတစိုက်ဖြူးလိုက်ကာ မျက်နှာပြင်တစ်ခုလုံး အနှံ့ဖြူးပြီးနောက် ဂတ်စ်စပရေးဖြင့် အညိုရောင်သန်းနေအောင် အပူပေးလိုက်၏။
"အရမ်းလှတယ်!"
ထန်းမီ ပိုင်ရှောင်လက်ရာအား ချီးမွမ်းလိုက်ကာ နှစ်ယောက်သား ဧည့်ခန်းထဲတွင် အတူထိုင်စားလိုက်ကြတော့သည်။
"ဒီကတ်က တော်တော်လေး စွဲမက်ဖို့ကောင်းတယ်"
ပိုင်ရှောင် ဇွန်းဖြင့် ခရမယ်မျက်နှာပြင်အား ခေါက်ကာ ထန်းမီအား ပြုံး၍ပြောလျှင် ထန်းမီတစ်ယောက် ခေါင်းညိမ့်ကာ ထောက်ခံလိုက်လေ၏။
"စီအီးအိုယွီလည်း ပြောဖူးတယ် ခရမယ်ရဲ့ ကြွပ်ကြွပ်ရွရွအသံက စွဲမက်ဖို့ကောင်းတယ်တဲ့"
ပိုင်ရှောင်၏လှုပ်ရှားမှုများ ရပ်တန့်သွားကာ ကိတ်အားဇွန်းအပြည့်ကော်၍ အမှတ်တမဲ့ မေးလိုက်တော့သည်။
"ရှင် ယွီယိနဲ့တွဲနေတာလား?"
"အဟွတ် အဟွတ်!"
ထန်းမီ ပါးစပ်ထဲမှကိတ်မုန့်များ ပြန်ထွက်ကျလုနီးပါးဖြစ်သွားရတော့၏။
"မဟုတ်..မဟုတ်ပါဘူး။ ဘယ်လို တွေးမိသွားတာလဲ?"
ပိုင်ရှောင် မျက်ခုံးအနည်းငယ်ပင့်တင်၍ လက်ထဲတွင်လည်း ဇွန်းအားခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။
"သူ့ပိုက်ဆံအိတ်ထဲမှာ ရှင့်ပုံကိုတွေ့ခဲ့တယ်"
ထန်းမီ : "....."
ပိုင်ရှောင်ပြောလိုက်သည့် စကားလုံးများသည် ဒွိဟဖြစ်စေနိုင်သော်လည်း ထန်းမီ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။
'စီအီးအိုယွီ...... အဲစတစ်ကာပုံစုတ်ကို ဖြဲမပစ်ဘူးပဲ!'
"အဲဒါ.....စိတ်လိုက်မာန်ပါ လုပ်လိုက်တာနေမှာ"
ပိုင်ရှောင် မျက်လုံးများမှေးစင်းကာ သူမအား စိုက်ကြည့်နေ၏။
"သူအရင်က စိတ်ဓာတ်ကျနေတာ တော်တော်လေး ပြောင်းလဲသွားသလိုပဲ"
ထန်းမီ တောင့်တင်းစွာ တုံ့ပြန်သည်။
"ဟုတ်လား?"
"ဟုတ်တယ်"
ပိုင်ရှောင် ပြုံးလိုက်ကာ-"ကောင်းတဲ့ အပြောင်းအလဲလေးပါ ကျွန်မအရမ်းဝမ်းသာတယ်"
"အိုး"
ထန်းမီ ဇွန်းကိုင်ရင်း ခေါင်းညိမ့်ပြလိုက်ကာ ဘာမှပြန်မပြောပေ။ သူမ ပန်းကန်ထဲမှ ကိတ်မုန့်အား ကုန်အောင်စားကာ ပါးစပ်သုတ်ပြီးနောက် နှုတ်ဆက်စကားဆိုလိုက်တော့သည်။
"နောက်ကျနေပြီမို့ ကျွန်မပြန်တော့မယ်နော်"
"ဟုတ်ပါပြီ။ ဒီနေ့ကျွန်မကြောင့် ရှင်အလုပ်ရှုပ်သွားပြီ"
ပိုင်ရှောင် သူမအား တံခါးထိလိုက်ပို့ပေးပြီး ဒရိုင်ဘာဖြင့် အိမ်ပြန်လိုက်ပို့ပေးခိုင်းခဲ့၏။ အိမ်ပြန်ရောက်ပြီးနောက် ထန်းမီ ထိုအကြောင်းအား ထပ်တလဲလဲ တွေးနေမိတော့သည်။ ဒီနေ့ ပိုင်ရှောင် သူမအား ခေါ်တွေ့ခဲ့၏။
'အဓိကအကြောင်းရင်းက သူနဲ့ယွီယိတွဲနေလားဆိုတာ မေးဖို့လား?'
သူမလင်ချဲ့ပြောဖူးသည့် ယွီမိသားစုနှင့် ပိုင်မိသားစုကြားရှိ လက်ထပ်ပွဲအားစဉ်းစားမိသွားကာ နှုတ်ခမ်းသပ်လိုက်မိတော့သည်။ ထို့နောက် ထန်းမီ စိတ်ပေါက်ပေါက်ဖြင့် ညအိပ်ဝတ်စုံချွတ်၍ ရေသွားချိုးဖို့သာလုပ်လိုက်လေ၏။
****************
ဒီနေ့သည် ဂျူလိုင်လ ၁၃ရက် ထန်းမီ၏မွေးနေ့ပင်။
လင်ချဲ့ လွန်ခဲ့တဲ့၂ရက်တည်းက ထန်းမီနှင့်ကြိုချိန်းဆိုခဲ့သော်လည်း ထန်းမီကတော့ အလုပ်အကြောင်းပြ၍ အပြတ်ငြင်းခဲ့၏။ ဒီနေ့တွင် ယွီယိလည်း လော့ဟောက်အား ရုတ်တရက် ပြောလာခဲ့လေသည်။
"ထန်းမီအတွက် မနက်ဖြန်နားရက်ပေးဖို့ ချီရွှမ်ကိုပြောလိုက်"
လော့ဟောက် ခဏဆွံ့အနေပြီးနောက် တစ်ခုခုအား နားလည်သွားဟန် ရယ်လိုက်ကာ-"ဟုတ် အခု သွားပြောလိုက်ပါမယ်"
ထန်းမီ မန်နေဂျာဆီမှ နားရက်အကြောင်းအား သိပြီးနောက် သူမလည်း ထို့နည်းတူ ဆွံ့အသွားရတော့သည်။ သူမ အူကြောင်ကြောင်လေး ရပ်နေသည်ကို မန်နေဂျာကြည့်နေရင်း ပြောလိုက်လေ၏။
"မနက်ဖြန် မင်းရဲ့မွေးနေ့မလား?"
ထန်းမီ ခေါင်းညိမ့်ပြလျက်-"ဟုတ်ကဲ့"
စားသောက်ဆိုင်မန်နေဂျာ : "ကုမ္ပဏီက ဝန်ထမ်းတွေကို မွေးနေ့မှာ အားလပ်ရက်ပေးတဲ့ အကျိုးခံစားခွင့်ပေးတယ်"
ထန်းမီ : "...."
သူမတွင် လုပ်ငန်းခွင်အတွေ့အကြုံမရှိသော်ငြားလည်း မွေးနေ့မှာ အားလပ်ရက်ပေးသည့်ကုမ္ပဏီသည် ဒါပထမဆုံးဖြစ်မည်ဆိုတာ သေချာပေါက်ပင်။
"အာ ဒါပေမဲ့ ဒီအကျိုးခံစားခွင့်က ကျပန်းဖြစ်တဲ့အတွက် ဝန်ထမ်းတိုင်းမရဘူး။ ဒါကြောင့် တစ်ခြားသူတွေကို လျှောက်မပြောနဲ့နော်"
"အော်...."
ထန်းမီ ခေါင်းထပ်ညိတ်လိုက်လေသည်။ လျှို့ဝှက် အကျိုးခံစားခွင့် ဖြစ်သည့်ပုံပင်။
'ဒါဆို သူ ထီသွားထိုးလိုက်ရတော့မလား?'
"တစ်ခြားကိစ္စမရှိရင် သွားလို့ရပြီနော် ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ"
"ကျေးဇူးတင်ပါတယ် မန်နေဂျာကြီး"
ထန်းမီ ထွက်သွားပြီးနောက် စားသောက်ဆိုင်မန်နေဂျာတစ်ယောက် ဝန်ထမ်းဖြစ်ရတာမလွယ်ကူတဲ့အပြင် ဥက္ကဌ သူ့ကောင်မလေးအား ပိုးပန်းဖို့အတွက်ပါ ကူညီရနေရသည့် သူ့အဖြစ်သူတွေးကာ ဝမ်းနည်းပက်လက်ဖြစ်သွားရတော့သည်။
ထန်းမီ အားလပ်ရက်ရသော်လည်း မနက်ဖြန်သည် စနေတနင်္ဂနွေမဟုတ်သည့်အတွက် ဖုရှင်းနှင့်သူမ လျှောက်လည်လို့မရချေ။ ခဏလောက်တွေးတော စဉ်းစားနေပြီးနောက် အဆုံးတွင် အိမ်မှာသာအိပ်ပြီး ညကျမှ ဖုရှင်းနှင့်အပြင်မှာ ညစာစားဖို့ဆုံးဖြတ်ချက်ချလိုက်တော့၏။
သူမ ရေချိုးပြီးထွက်လာရုံရှိသေး၊ ယွီယိဆီမှ ဖုန်းဝင်လာခဲ့လေသည်။ စခရင်ပေါ်ရှိ ဖုန်းနံပါတ်အား ကြည့်ရင်း သူမ ယွီရှင်းလို့ တွေးမိသွားသဖြင့် မေးလိုက်၏။
"ယွီရှင်း?"
ဖုန်းတစ်ဖက်မှလူသည် ခေတ္တခဏ တိတ်ဆိတ်နေပြီးနောက်-"ငါ..ယွီယိပါ"
ထန်းမီ ရှော့ခ်ရသွားကာ တစ်ဖက်မှယွီယိ ထပ်ပြောလာသည့်အချိန်အထိပင်။
"တကယ် ငါ့ကို ယွီရှင်း ဖြစ်စေချင်တာလား?"
သူ့လေသံတွင် စိတ်ပျက်မှုများပါနေသည်ကို ခံစားမိသဖြင့် ထန်းမီ အလျင်အမြန် တုံ့ပြန်လိုက်သည်။
"မဟုတ်ပါဘူး။ ရှင်ကကျွန်မကို လက်ထောက်လော့ကနေ တစ်ဆင့်ပဲ ခေါ်နေကျမို့လို့ပါ။ ယွီရှင်းကပဲ ကျွန်မကို သူကိုယ်တိုင်ခေါ်တာလေ။ အဲဒါကြောင့် ကျွန်မတွေးမိတာ....."
တစ်လျှောက်လုံး တိတ်ဆိတ်နေသည့်ယွီယိ အသံထွက်လာတော့၏။
"အခုကစပြီး ငါကိုယ်တိုင် မင်းကိုခေါ်မယ်"
"အိုး"
ထန်းမီ သက်ပြင်းချလိုက်မိသော်လည်း ပြုံးကာ-"စီအီးအိုယွီ ကျွန်မကို ခိုင်းစရာရှိလို့လား?"
"အမ်....."
တိုတောင်းသည့်ရပ်တန့်မှုကြောင့် ထန်းမီ ရှက်ရွံ့မှုအရိပ်အယောင်အား စတင် ခံစားမိလိုက်လေတော့သည်။
"ဟိုလေ ငါမင်းကို ဂျပန်မှာတုန်းက လိုက်မကျွေးဖြစ်လို့ နောက်ထပ်တစ်ခါလောက် ခေါ်လို့ရမလားလို့ပါ။ မနက်ဖြန်အားလား?"
ထန်းမီ၏မျက်တောင်များ ခပ်သွက်သွက် လှုပ်ရှားသွားကာ ပြုံးလိုက်မိတော့၏။
"စားသောက်ဆိုင်မန်နေဂျာက မနက်ဖြန် နားရက်ပေးထားတယ်"
ယွီယိ ဘာမှမပြောသေးသော်လည်း သူအခု ပိုရှက်ရွံ့နေပြီဆိုတာကို ထန်းမီခံစားမိလေသည်။ သူမကြိတ်ပြုံးလိုက်ကာ-"မနက်ဖြန် ကျွန်မကို မနက်စာစားဖို့ ဖိတ်ချင်တာလား?"
"ကောင်းပြီ မနက်ဖြန် မနက်၁၁နာရီ လာခေါ်မယ်"
"ဟုတ် ကျေးဇူးပါ စီအီးအိုယွီ"
ထန်းမီ အူမြူးစွာ ဖုန်းချလိုက်ပြီး အိပ်ရာပေါ်တွင် လိမ့်၍ တခစ်ခစ်ရယ်မောနေမိတော့၏။ ညနေပိုင်းတွင် သူမ ဖုရှင်းအတွက် ဂျပန်မှဝယ်လာပေးခဲ့သည့် မျက်နှာကပ်မက်စ်အား သေသေချာချာမေး၍ မျက်နှာပေါ်တွင် ကပ်ကာ စောစောအိပ်ရာဝင်လိုက်လေသည်။
နောက်နေ့ ဖုရှင်းအလုပ်သွားချိန် သူမလည်း နိုးလာကာ ရေချိုးပြီးနောက် ဗီရိုအားဖွင့်ကာ အဝတ်ထိုင်
ရွေးနေ၏။ အရင်တစ်ခေါက်က ယွီရှင်းဝယ်ပေးခဲ့သည့် အဝတ်အစားများသည် အခုအတော်လေးကို အသုံးတည့်နေလေချေပြီ။
သူမ စကတ်ပေါင်းများစွာကို ဝတ်ကြည့်ပြီးနောက် အကြိုက်ဆုံး ဒေါင်လိုက်မျဉ်းစကတ်အား ရှပ်အင်္ကျီအဖြူဖြင့် တွဲဝတ်လိုက်ကာ မှန်ရှေ့တွင် ရှုထောင့်မျိုးစုံမှ ကြည့်ရင်း ခေါင်းဖြီးနေတော့၏။ စတိုင်လ်ထုတ်ပြီးသွားနောက် သူမကိုယ်တိုင် မိတ်ကပ်ပါးပါးလိမ်းလိုက်ပြီး သိပ်မကြာခင်မှာပဲ ယွီယိဆီမှ ဖုန်းဝင်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူမ သင်ယူပြီးဖြစ်သဖြင့် ချိုချိုသာသာဖြင့် အသံပြုလိုက်လေ၏။
"ဟယ်လို စီအီးအိုယွီ!"
ယွီယိ ခဏနှုတ်ဆိတ်နေပြီးနောက် သူ၏လေသံနိမ့်နိမ့် ထွက်ပေါ်လာခဲ့သည်။
"အိမ်အောက်ကို ရောက်နေပြီ"
ထန်းမီ ပြုံးလိုက်ပြီး..."ဟုတ် အခုချက်ချင်း ဆင်းလာခဲ့မယ်နော်"
_____________________________________________