Chapter 37
Vol. 4 Ch. 37
ယွီယိ ထန်းမီအား စားဖိုမှူးဝတ်စုံဖြင့်သာ မြင်နေကျမို့ဖြစ်လောက်မည်။ ထိုအချိန်တွင် ယွီယိရှေ့ပေါ်လာသည့် ထန်းမီသည် သူ့အားပုံစံသစ်တစ်ခုကို ခံစားသွားရစေ၏။
"မင်းဒီနေ့တော်တော်လှတယ်"
ထန်းမီ ကားထဲဝင်လာချိန်တွင် ယွီယိ အမှတ်မထင် ချီးမွမ်းလာလေသည်။
ထန်းမီ ခဏငြိမ်သက်သွားပြီးနောက် သူ့အားပြုံးပြလိုက်တော့၏။
"ကျေးဇူးပါ တကယ်က ရှင်ပေးခဲ့တဲ့အဝတ်တွေက ကြည့်ကောင်းနေလို့ပါ"
အရှေ့မှာထိုင်နေသည့် လော့ဟောက်တစ်ယောက် ဒီကားပေါ်ကနေ ဘယ်လိုဆင်းရမလဲဆိုတာကိုသာ တွေးနေမိတော့၏။ ဘာပဲဖြစ်ဖြစ် သူလည်း လိုက်စားလို့ရမည် မဟုတ်။
အရင်တစ်ခေါက် ထန်းမီ ကျောင်းသားဟောင်းတွေ့ဆုံပွဲတုန်းက လာခဲ့သည့် ထျန်းရှန်းစားသောက်ဆိုင်သို့ ထပ်ရောက်လာခဲ့သည်။ သူမ ၉ထပ်တွင်ရှိသည့် သီးသန့်ခန်းသို့ ယွီယိ နောက်ကနေတစ်ဆင့် တိတ်တဆိတ် လိုက်လာခဲ့၏။ နေရာယူပြီးနောက် ယွီယိ သူမထံ မီနူးကတ် ကမ်းပေးလာသည်။
ထန်းမီ ဟင်းပွဲနာမည်များကို မကြည့်ဘဲ အနောက်ရှိဈေးနှုန်းများအား အရင်ကြည့်လိုက်ကာ လက်ခါ၍ မီနူးကတ်ကို ယွီယိထံ ပြန်ပေးလိုက်တော့သည်။
"ရှင်ပဲ မှာလိုက်ပါ"
ယွီယိ သူမအား တစ်ချက်ကြည့်၍ မီနူးကတ်ကို ပြန်ယူလိုက်ကာ ဟင်းပွဲများမှာပြီးနောက် ဝိတ်တာလေးသည် ယဉ်ကျေးစွာ နှုတ်ဆက်ရင်း ထွက်ခွာသွားလေ၏။
သီးသန့်ခန်းထဲတွင် သူတို့နှစ်ယောက်ပဲရှိတော့တဲ့အချိန်တွင် ထန်းမီ စိုးရိမ်လာပြီး အနည်းငယ် အသက်ရှူကြပ်လာသလို ခံစားလာရတော့သည်။ ယွီယိ ဘာမှမပြောဘဲ တွေးတောနေပုံပေါ်တာကြောင့် ထန်းမီ အရှေ့ရှိလက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး လက်ဖက်စိမ်းရည်လေးအား သောက်၍စကားစလိုက်၏။
"စီအီးအိုယွီ ကျွန်မကို ပြောစရာရှိလို့လား?"
ယွီယိ၏မျက်နှာထား ပြောင်းလဲသွားကာ အရှေ့မှာရှိသည့်ခွက်အား ယူသောက်လိုက်တော့သည်။
"အင်း....."
"ဘာများလဲ?"
"အဲဒါ အဲဒါက......"
ထိုစကားကိုပြောရမှာ ခက်ခဲနေသလိုပင်။
သူ ဒီလိုဖြစ်နေသည်ကိုတွေ့တော့ ထန်းမီ ပိုပြီး စိုးရိမ်သွားတော့သည်။ သူ အခုရှင်းရှင်းမပြောလျှင် သူမ စားဝင်မည် မဟုတ်ချေ။
ယွီယိ ပါးစပ်လှုပ်နေသော်လည်း ဘာအသံမှ ထွက်မလာပေ။ သူ နောက်ထပ်တစ်ခွက် သောက်မလို့လုပ်လိုက်စဥ် ရုတ်တရက် သူ့နှလုံးသားထဲမှ ယွီရှင်း အသံထွက်ပေါ်လာခဲ့၏။
"မင်းမပြောနိုင်ရင် ငါ့ကိုလွှတ်လိုက် ငါလာမယ်"
ယွီယိ မျက်ခုံးများ တွန့်ချိုးသွားကာ ဘယ်လက်ထဲမှ လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ ရိုက်ချမိသဖြင့် လက်ဖက်ရည်များ စင်ထွက်ကုန်တော့သည်။
"စီအီးအိုယွီ ဘာလို့လဲ?"
ထန်းမီ ထိတ်လန့်သွားကာ သူ့ဘေးသို့အမြန်သွားလိုက်၏။
'သူ ဘာလို့ ဒီလောက် ချူချာနေတာလဲ!!!'
"ငါ အဆင်ပြေတယ်...."
ယွီယိ လက်ချောင်းများသည် နားထင်အား ပွတ်သပ်နေကာ အသံသည်လည်း ခြောက်သွေ့နေ၏။ သူတော်တော်လေး အဆင်မပြေဖြစ်နေသည်ကို တွေ့တော့ ထန်းမီ အမြန်သူ့ဖုန်းအားထုတ်ကာ လော့ဟောက်ကို ခေါ်ဖို့ပြင်လိုက်တော့သည်။
"ဘာမှမဖြစ်ဘူး။ ငါအဆင်ပြေတယ်"
ယွီယိ သူမ လက်အားဆုပ်ကိုင်ကာ အသက်ကို အမိအရရှူရင်း ပြန်တည်ငြိမ်သွားလေ၏။ ထန်းမီ ယွီယိအား အတော်အတန်ကြာ အကဲခတ်နေကာ သူ့ မျက်နှာအခြေအနေ ပြန်လန်းသွားမှသာ နေရာမှာ ပြန်ထိုင်လိုက်တော့သည်။
ထိုအဖြစ်အပျက်ပြီးနောက် ခုဏက အစပျိုးနေခဲ့သည့် အခြေအနေသည် ဖျက်ဆီးခံလိုက်ရသလိုပင်။ ယွီယိ ပြန်စကားစရန် စဥ်းစားနေသည်ကိုမြင်တော့ ထန်းမီ တစ်ခုခုအား တွေးမိသွားပြီး မေးလိုက်လေသည်။
"စီအီးအိုယွီ မစဉ်းစားရသေးတော့ ကျွန်မပဲ အရင်မေးလို့ရမလား?"
ထန်းမီ၏စကားသည် ယွီယိအား ချိန်ဆချိန်ပေးလိုက်တာကြောင့် သူခေါင်းညိတ်လိုက်တော့သည်။
"ရတယ်"
ထန်းမီ လေမှုတ်ထုတ်လိုက်ကာ မျက်ခုံးပင့်ရင်းအပြုံးလေးဖြင့် မေးချလိုက်၏။
"အရင်တုန်းက ကျွန်မကို ပန်းတွေပေးခဲ့တဲ့ သူက ယွီရှင်းမဟုတ်ဘဲ ရှင် ဖြစ်နေတာမလား?"
ယွီယိ ဆွံ့အသွားတော့သည်။ ထိုပြဿနာကိုတော့ သူမထင်ထားခဲ့တာ သိသာနေ၏။
"မင်း..ဘာတွေပြောနေတာလဲ?"
ထန်းမီ သူ့အားကြည့်ကာ မျက်တောင်များ ပုတ်ခတ်လိုက်ပြီး... "ကျွန်မ ယွီရှင်းနဲ့ အပန်းဖြေဥယျာဉ်သွားတုန်းက သူ့လက်ရေးက ကတ်ပေါ်က လက်ရေးနဲ့မတူတာကို တွေ့ခဲ့တယ်"
ယွီယိ၏မျက်လုံးအိမ်များ လှုပ်ခတ်သွားချေပြီ။
"သူ ဆိုင်ကလူကို ကတ်ပေါ်မှာ ရေးခိုင်းလို့နေမှာပေါ့?"
"သူ ကျွန်မကို ကတ်ပေးချင်တယ်ဆိုရင် သေချာပေါက် သူကိုယ်တိုင် ရေးပေးမှာ"
ထိုစကားသည် ယွီယိကို အတော်လေး မသက်မသာဖြစ်သွားစေသော်လည်း သူ နှုတ်ဆိတ်၍သာ နေခဲ့၏။
ထန်းမီပြုံးကာ ကျီစယ်လိုက်သည်။
"ရှင် မပြောဘူးဆို ကျွန်မ ဒါကို ဟုတ်တယ်လို့ ဖြည့်တွေးလိုက်မယ်"
သူမရပ်တန့်သွားပြီးနောက် မေးလာပြန်၏။
"ပြီးတော့ ကျွန်မနေမကောင်းဖြစ်တုန်းက လာကြည့်တဲ့သူကလည်း ရှင်ပဲမလား?"
ယွီယိ နောက်ထပ်တစ်ခါ ရှော့ခ်ရသွားပြန်သည်။
"မင်း ဘယ်လိုသိတာလဲ?"
ထန်းမီမျက်ခုံးပင့်ကာ 'ရှင့်ကို ဖောက်ထွင်းမြင်နေရတယ်'ဆိုတဲ့ အကြည့်ပေးလိုက်တော့၏။
"တကယ် ရှင့်ကိုယ်ရှင် မှန်ထဲပြန်ကြည့်သင့်တယ်။ ရှင့်အတွက်ပြုံးဖို့က ဘယ်လောက်ခက်ခဲလဲဆိုတာ မသိဘူးပဲ"
**************
ယွီယိ တိတ်ဆိတ်မှုတွင် လုံးဝပျောက်ကွယ်သွားလေပြီ။ ထန်းမီ၏စကားများသည် ယွီယိ၏နှလုံးသားလေးအား ထပ်ပြီး ခြေမွလိုက်သလိုပင်။
"ကျွန်မနားမလည်ဘူး။ ရှင်ဘာလို့ ဒီလိုတွေလုပ်နေတာလဲ?"
ယွီယိ အတော်အတန်ကြာ တွေးတောနေပြီးနောက် နက်မှောင်သည့်မျက်လုံးတစ်စုံသည် ချက်ချင်းဆိုသလို သူမ မျက်လုံးများထဲသို့ စိုက်ကြည့်လာလေသည်။
"ကိုယ်ဘာလို့ မင်းကို လိုက်နေတာလဲ မသိဘူးလား?"
ထိုစကားတစ်ခွန်းတည်းဖြင့် ထန်းမီ ရှော့ခ်ရသွားတော့၏။
ယွီယိ အမြဲတမ်း တည့်တိုးပြောတတ်သည့် စတိုင်လ်ဆိုတာ သူမ လုံးဝ စိတ်မကူးဖူးချေ။
ယွီယိ သူမအားကြည့်နေဆဲပင်။ သူ့ရင်ဘတ်ထဲရှိ နှလုံးခုန်သံကိုတော့ သူတစ်ယောက်တည်းသာ ခံစားနိုင်လေသည်။
ထို့အပြင် ဒါသည်သူ့နှလုံးသားထဲမှ လုံးဝမှန်ကန်နေသည်ကို ပထမဆုံးအကြိမ်ခံစားဖူးခြင်းဖြစ်သည်။ ရင်ခုန်သံတစ်ချက်ချင်းစီသည် ထန်းမီတစ်ယောက်တည်းအတွက်သာ ဖြစ်နေ၏။
"ကိုယ့်ရဲ့မိန်းကလေး ဖြစ်ပေးနိုင်မလား?"
သူ့အသံသည့် ပုံမှန်အတိုင်း ချောမွေ့နေသော်လည်း ထန်းမီ သူ့အသံထဲတွင်စိုးရိမ်မှုများကို အတိုင်းသား ကြားနေရသည်။
သူမ အောက်နှုတ်ခမ်းအား အသာလေးဖိကိုက်လိုက်ကာ ယွီယိဘက် လှမ်းကြည့်ရင်း မေးခွန်းထုတ်လာခဲ့၏။
"ဘယ်လိုမိန်းကလေးမျိုးကို ပြောတာလဲ?"
ယွီယိ မျက်လုံးများ လှုပ်ရှားသွားကာ-"ဘယ်လိုမျိုး?"
"ဥပမာ အပျော်သက်သက်အတွက်ပဲ ပြီးတော့...."
" ကိုယ်မင်းကို ကစားနေရုံပဲလို့ ထင်နေတာလား?"
ထန်းမီ စကားတောင်မဆုံးသေး ယွီယိ သူမအား စိတ်မရှည်စွာ ဖြတ်ပြောလိုက်၏။
သူ့အတွက် လူတစ်ယောက်ကို ကြိုက်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲမှန်း ဘယ်သူ့မှ သူ့လောက်သိမည်မဟုတ်ချေ။
သူမျက်နှာမကောင်းသည်ကိုမြင်ပြီးနောက် ထန်းမီ အမြန်ရှင်းပြလိုက်ရတော့၏။
"အဲလိုမဟုတ်ပါဘူး။ ကျွန်မကြားတာ ရှင်ပိုင်ရှောင်ကို လက်ထပ်မယ်လို့....."
ယွီယိ မျက်ခုံးပင့်လိုက်ပြီးနောက်-"ဘယ်သူ့ဆီက ကြားတာလဲ? ပိုင်ရှောင်လား?"
"မဟုတ်ဘူး လင်ချဲ့ဆီက...."
လင်ချဲ့......ထိုနာမည်သည် ယွီယိ၏အခြေအနေအား ပိုဆိုးအောင် လုပ်လိုက်မိသလိုပင်။
"မင်း လင်ချဲ့ပြောတာကိုယုံတာလား? ကိုယ်က သူ့အချစ်ပြိုင်ဖက်လေ။ သေချာပေါက် မင်းရှေ့မှာ ကိုယ့်မကောင်းကြောင်း ပြောမှာပေါ့"
"အိုး......"
ထန်းမီ၏တည်ငြိမ်နေသည့် တုံပြန်မှုကြောင့် ယွီယိပိုပြီး မျက်မှောင်ကြုတ်သွားရ၏။
"မင်း လင်ချဲ့ကိုယုံလား? ကိုယ့်ကို ယုံလား?"
ထန်းမီ တစ်စက္ကန့်အတွင်းမှာပဲ ချက်ချင်းပြန်ဖြေလိုက်သည်။
"ရှင်ပေါ့!"
ထိုမှသာ ယွီယိ၏ပုံစံသည် အနည်းငယ် တည်ငြိမ်သွားလေတော့သည်။
"ဒါဆို မှတ်ထား။ ကိုယ့်အိမ်ထောင်ရေးက ကိုယ့်စီးပွားရေးအတွက် အပေးအယူမဟုတ်ဘူး။ ကိုယ့်ဇနီးက ကိုယ်ချစ်တဲ့သူပဲ ဖြစ်ရမယ်"
ယွီယိ၏စကားသံ ဆုံးသွားပြီးနောက် သီးသန့်ခန်းကြီးထဲတွင် ပြန်လည်တိတ်ဆိတ်သွားကာ အသက်ရှူသံများကိုသာ ခပ်ပါးပါး ကြားနေရတော့၏။
ထန်းမီ သူမ၏ခုန်ပေါက်နေသည့် နှလုံးသားလေးအား ဖိကာ တိုးတိုးလေးမေးလာခဲ့သည်။
"ဒီတော့......ရှင် ကျွန်မကို ချစ်တာလား?"
ထိုနူးညံ့သော အသံလေးသည် ယွီယိ၏နှလုံးသားအား လက်သည်းဖြင့် ကုတ်ခြစ်လိုက်သလိုပင်။ ယွီယိမျက်နှာပေါ်တွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေလေ၏။
"အင်း"
ရိုမန့်တစ်ဆန်သည့် 'မင်းကို ချစ်တယ်'ဆိုသည့်စကား မဟုတ်သော်လည်း ယွီယိအတွက် ကန့်သတ်ချက် ဖြစ်နေသည့် စကားလုံး ဖြစ်လောက်မည်။ အထူးသဖြင့် သူ့နားရွက်လေးများ အဝါနုရောင် သန်းလာသည့်အခါ အရမ်းချစ်စရာကောင်းနေပြီး မြင်သူတိုင်းမနေနိုင်စွာ ဆွဲကိုက်မိလောက်၏။
ထန်းမီ ပြုံးမိသွားကာ-"အဲဒါဆိုရင် ကျွန်မရှင့်ကောင်မလေး ဖြစ်ပေးမယ်လေ"
ယွီယိ သူမအားကြည့်၍ ချက်ချင်းပြုံးသွားတော့သည်။
ဒီတစ်ကြိမ်တွင် သူ့အပြုံးများသည် တော်တော်လေး သဘာဝဆန်နေ၏။
ထန်းမီ သူ့မျက်နှာပေါ်ရှိ ပါးချိုင့်ခပ်ရေးရေးလေးနှစ်ခုအား ကြည့်ကာ မျက်စိတစ်ချက်မှိတ်ပြရင်း စနောက်လိုက်တော့သည်။
"ရှင်ကျွန်မကို မေးစရာမရှိဘူးလား?"
ပုံမှန်ဆို ချမ်းသာတဲ့ယောက်ျားများသည် 'ကိုယ့်ကို ကြိုက်တာလား? ကိုယ့်ပိုက်ဆံကိုကြိုက်တာလား?' နှင့် ပတ်သတ်၍ စောဒကတက်တတ်သည်။
ယွီယိ မျက်လုံးများ လှုပ်ရှားသွားရင်း..."မင်းကို နမ်းလို့ရလား?"
ထန်းမီ : "....."
'သူဘာလို့ ပုံမှန်အတိုင်း မပြုမူတာလဲ!'
ထန်းမီ ပါးစပ်အား တင်းတင်းစိလိုက်ပြီးနောက်-"ကျွန်မကို ဒီလိုအရာမျိုးအတွက် ရည်းစား လုပ်စေချင်တာပဲ!"
ယွီယိ : "မဟုတ်ပါဘူး။ အဲတာက မင်း ကိုယ့်ရည်းစားမဖြစ်ခင်တည်းက လုပ်ပြီးသားလေ"
ထန်းမီ : "....."
'ဟီးဟီး..'
"အထူးသဖြင့် အခုနမ်းချင်နေတာ"
ယွီယိ၏ညင်သာသော စကားလုံးများသည် ထန်းမီအား ဟက်ထိသွားစေခဲ့သည်။ အပြင်မှာစောင့်နေသည့် ဝိတ်တာလေးသည် တံခါးအား ခပ်ပြင်းပြင်းခေါက်ကာ ကြေကွဲနေဟန် ပြုံးပြလိုက်တော့၏။
"တစ်ဆိတ်လောက်ပါ။ လူကြီးမင်းယွီ မှာထားတဲ့အစားအသောက်တွေ ရပါပြီ။"
"အင်း"
ယွီယိ အကြည့်အား ပြန်ရုတ်သိမ်းလိုက်ကာ ဝတ်ကျေတန်းကျေ တုံ့ပြန်လိုက်သည်။ ဝိတ်တာနှစ်ယောက် အမြန်ဝင်လာကြကာ အစားအသောက်များ နေရာချပေးပြီးနောက် လွတ်မြောက်ဖို့အတွက် ခပ်သွက်သွက် ပြန်ထွက်သွားခဲ့ကြ၏။
မနက်စာ မစားရသေးသည့် ထန်းမီတစ်ယောက် စားပွဲပေါ်တွင် အရသာရှိလောက်မည့် အစားအသောက်များအား မြင်တော့ မြူးထူးသွားတော့သည်။ သူမ တူအား ကောက်ကိုင်တုန်းရှိသေး၊ တစ်ဖက်တွင်ထိုင်နေသည့် ယွီယိတစ်ယောက် ထပ်ပြောလာ၏။
"ဒါဆို မေးခွန်းပြောင်းမယ်"
.......ထန်းမီ တူအား တိတ်တိတ်လေး ပြန်ချလိုက်ရသည်။
"မင်း လင်ချဲ့ကို ကြိုက်သေးလား?"
ထန်းမီ ခိုင်ခိုင်မာမာ ခေါင်းခါပြကာ ငြင်းလိုက်၏။
"မကြိုက်တော့ပါဘူး"
"ယွီရှင်းနဲ့ကိုယ်ရော ဘယ်သူ့ကို ပိုကြိုက်လဲ?"
ထန်းမီ ခဏဆွံ့အသွားကာ ယွီယိအား ကြောင်ကြည့်နေမိလေသည်။ ယွီယိလည်း သူမအား ကြည့်နေကာ ညှိ့အားပြင်းသည့်မျက်ဝန်းတစ်စုံသည် သူ မမျက်လုံးထဲတွင် ထင်ဟပ်နေ၏။
ထန်းမီ အသက်ပြင်းပြင်းရှူလိုက်ကာ သေချာရှင်းပြလိုက်ရတော့သည်။
"ယွီရှင်းက နေလိုပဲ။ သူနဲ့ဆိုရင်နွေးထွေးပြီး သက်တောင့်သက်သာရှိတယ်။ သူ့ရှေ့မှာဆို ဘာမှတွေးစရာမလိုဘဲ ကြိုက်သလိုပြောလို့ရတယ်။ ရှင်ကသူနဲ့ဆန့်ကျင်ဖက်လေ သူက'နေ'ဆို ရှင်က'လ'ပေါ့။ အေးစက်ပြီး အထီးကျန်နေတယ်။ တသီးတသန့် ဖြစ်နေပြီးတော့ ရှင်ဒေါသထွက်ရင် ကျွန်မကြောက်တယ်။"
ထန်းမီ ဒီစကားအား ပြောလိုက်ပြီးနောက် ယွီယိ မျက်နှာသည် အတော်လေးကို မဲမှောင်ကျသွားလေသည်။ သူ့ကောင်မလေးလုပ်တဲ့ အဓိကအကြောင်းရင်းက ယွီရှင်းကြောင့်လားဆိုတာတောင် မေးလိုက်ချင်တော့၏။
ထန်းမီ ရုတ်တရက် ပြုံးပြလာကာ-"ဒါပေမဲ့ ရှင်က 'လ'ဆိုရင် ကျွန်မက လီပိုင်ပေါ့။ လီပိုင်ကိုသိလား? ထန်မင်းဆက်တုန်းက သူကနာမည်ကြီးတဲ့ လ-ကြည့်ချစ်သူလေ။"
ယွီယိမျက်လုံးများထဲတွင် မှေးမှိန်သည့် အလင်းတန်းလေး ဖြတ်ကနဲ ဖြစ်သွားပြီး ပြုံးရယ်လာခဲ့သည်။ ထန်းမီ အံ့ဩမှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားရတော့၏။
"ကျွန်မတို့ စတွေ့တုန်းကလေ ကျွန်မဟာသ ပြောတာကို ရှင်မျက်နှာတည်ကြီးနဲ့တုံ့ပြန်ခဲ့တာကို မှတ်မိသေးလား? အခု ရှင်ရယ်ပြီဆိုတော့ ခြေတစ်လှမ်းတိုးနိုင်ခဲ့တာပဲ"
"ဒီဟာသက ကိုယ့်ကို ပျော်စေလို့"
ယွီယိ ဘေးမှာချထားသည့်တူအား ကောက်ကိုင်လိုက်ကာ ထန်းမီအား ပြောလာခဲ့သည်။
"စားလေ ဗိုက်မဆာဘူးလား?"
ထန်းမီပြုံးကာ တူကောက်ယူလိုက်၍ စတင်စားသောက်
လိုက်တော့၏။ ခဏအကြာတွင် သီးသန့်ခန်း၏တံခါးအား ဝိတ်တာတစ်ယောက် ဖွင့်လာခဲ့သည်။ ဒီတစ်ကြိမ်တွင် သူတို့ ကိတ်မုန့်အကြီးကြီးအား ယူလာတာပင်။
"စီအီးအိုယွီ မှာထားတဲ့ကိတ်မုန့် လာပို့တာပါ"
"ဟုတ်ပြီ။ ကျေးဇူးပါ"
ယွီယိ ဝိတ်တာထွက်သွားသည်ကို စောင့်ပြီးနောက် ထလိုက်ကာ စားပွဲပေါ်ရှိ ကိတ်မုန့်ဘူးအား ဖွင့်လိုက်တော့သည်။
"ဒါ ကိုယ်ဂျော်နသန်ကို လုပ်ခိုင်းထားတဲ့ မာခါရွန်ကိတ်လေ။ ပျော်စရာမွေးနေ့ပါ။"
ထန်းမီ မာခါရွန်များဖြင့် အလှဆင်ထားသည့်ကိတ်အား မြင်လိုက်ချိန်တွင် ဝမ်းသာအံ့ဩသွားရ၏။ သူမရွှင်မြူးစွာ ကျေးဇူးတင်စကားဆိုလာခဲ့သည်။
"အရမ်းလှတာပဲ။ ကျေးဇူးတင်ပါတယ် စီအီးအိုယွီ!"
ယွီယိ မျက်ခုံးများ လှုပ်ခတ်သွား၏။
"ကုမ္ပဏီမှာ မဟုတ်ရင် စီအီးအိုယွီလို့ မခေါ်နဲ့"
ထန်းမီ လှည့်ကြည့်လိုက်၍..."ဒါဆိုဘယ်လိုခေါ်ရမှာလဲ?"
ယွီယိ : "ကိုယ့်မှာ နာမည်ရှိတယ်"
ထန်းမီပြုံးကာ အော်ခေါ်လိုက်တော့သည်။
"ယွီယိ!"
ယွီယိ၏မျက်တောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွား ကာ တီးတိုးပြောလိုက်ရ၏။
"ကောင်းပြီ"
ထန်းမီ စွဲလမ်းသွားဟန် နောက်တစ်ခေါက် ထပ်ခေါ်ပြန်သည်။
"ယွီယိ!"
"အင်း"
"ယွီယိ~"
".........ကိတ်မုန့်စား"
နေ့လည်စာစားပြီးနောက် ယွီယိကိုင်တွယ်ရမည့်အလုပ်များရှိနေသေးသဖြင့် ဒရိုင်ဘာသည် ထန်းမီအိမ်ကိုသာ တန်းမောင်းလာခဲ့၏။ ကားရပ်သွားချိန်တွင် ယွီယိ၏မျက်ခုံးများ မသိမသာ တွန့်ချိုးသွားလေသည်။
"မြန်လိုက်တာ?"
ထန်းမီရယ်ကာ သူ့အားနှုတ်ဆက်လိုက်တော့၏။
"ဒါဆို ကျွန်မအရင်သွားနှင့်မယ်"
"အင်း"
ယွီယိခေါင်းညိတ်ကာ သူမကားအပြင်သို့ ထွက်သွားသည်ကိုကြည့်ရင်း တားလိုက်ပြန်သည်။
"နောက်တစ်ခါ 'လ'ကြည့်ချင်ရင်ခေါ်လိုက်"
အရှေ့မှာထိုင်နေသည့် လော့ဟောက်တစ်ယောက် အကျိုးအကြောင်း ဆက်စပ်မှုမရှိသလို ခံစားလိုက်ရသော်လည်း ထန်းမီကတော့ ရယ်မိသွားတော့၏။ သူမ ကားအပြင်ဘက်တွင် ရပ်နေပြီး ပြုံးကာ ယွီယိအား လှမ်းပြောလိုက်လေသည်။
"ရှင့်မှာ ဝွီချက်(WeChat)ရှိလား? ကျွန်မတို့ ဝွီချက်ကနေ စာပို့လို့ရတယ်"
ယွီယိ : "လော့ဟောက် အရင်က အကောင့်ဖွင့်ပေးဖူးတယ်။ သုံးတော့မသုံးဖြစ်ဘူး။"
"ဒါဆိုထည့်ထားရအောင်!"
ထန်းမီ စိတ်အားထက်သန်စွာဖြင့် ဖုန်းထုတ်ကာ ယွီယိ၏ဝွီချက်အကောင့်အား ထည့်လိုက်ပြီးနောက် သူ့အား လက်ပြနှုတ်ဆက်လိုက်တော့သည်။
ယွီယိ သူမစားလို့ မကုန်သေးသည့် ကိတ်နှင့်အတူအပေါ်ထပ်သို့ တက်သွားသည်ကိုကြည့်ကာ သူမ ဝွီချက်အကောင့်နာမည်အား 'အချစ်လေး'ဟု ပြောင်းလိုက်လေ၏။
ထန်းမီလည်း အပေါ်ထပ်ကိုရောက်တော့ ယွီယိ၏အကောင့်နာမည်အား ပြန်ကြည့်ကာ 'ကုံသန်'ဟုမှတ်လိုက်၏။
ယွီယိ ဝွီချက်မှ ထွက်ပြီးနောက် လော့ဟောက်အား..."လင်ချဲ့ကို ခေါ်ပေး။ ငါသူ့ကို ပြောစရာရှိတယ်"
လော့ဟောက် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသော်လည်း အမြန် ခေါင်းညိတ်လိုက်တော့သည်။
"သိပါပြီ။ တတ်နိုင်သမျှ မြန်မြန်စီစဉ်လိုက်ပါမယ်။"
လော့ဟောက်၏ 'တတ်နိုင်သမျှ မြန်မြန်'ဟူသောစကားသည် တကယ်ကို အရမ်းမြန်လွန်းနေ၏။ နောက်ရက်တွင် လင်ချဲ့ ယွီယိရှေ့သို့ရောက်လာခဲ့သည်။
ဒီနေ့ 'ကြောင်အနမ်းကဖေး'တွင် ဧည့်သည်များများစားစားမရှိဘဲ ယွီယိ ထောင့်တစ်နေရာတွင် ထိုင်နေကာ ဖြတ်သွားဖြတ်လာမြင်ကွင်းအား ကြည့်နေမိ၏။
လင်ချဲ့ အဝေးကနေ သူ့အားကြည့်ကာ မျက်တောင်ခတ်လိုက်ပြီး ရှေ့သို့သွား၍ ပြုံးပြနှုတ်ဆက်လိုက်သည်။
"စီအီးအိုယွီ"
ယွီယိ ခေါ်သံကြားပြီးနောက် ခေါင်းမော့ကြည့်ကာ အကြည့်များအား ချက်ချင်း လွှဲလိုက်၏။
"မင်္ဂလာပါ"
လင်ချဲ့ပြုံးရင်း အဝတ်အစားအား သေချာပြန်ပြင်လိုက်ကာ သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက်-"ဘာလို့ စီအီးအိုယွီက ကျွန်တော့်ကိုရှာနေတာလဲ?"
ယွီယိ : "မင်းကိုပြောစရာရှိလို့။ ထန်းမီက အခုငါ့မိန်းကလေးဖြစ်သွားပြီ။ အနာဂတ်မှာ မင်းသူ့ကို ထပ်မနှောင့်ယှက်တော့ဖို့ မျှော်လင့်ပါတယ်။"
လင်ချဲ့၏မျက်နှာထားသည် အတော်ကြာအောင် တင်းမာသွားပြီးနောက် အပြုံးတစ်ပွင့် ပြန်ဆောင်လိုက်ကာ ခွန်းတုံ့ပြန်လိုက်၏။
"စီအီးအိုယွီက ယွီလုပ်ငန်းစုရဲ့အုပ်ချုပ်သူပဲ။ ခင်ဗျား ကစားချင်ရင် ခင်ဗျားနဲ့အတူကစားပေးမယ့် မိန်းမတွေ အများကြီးပါဗျာ။ ဒါပေမဲ့ ထန်းမီကိုတော့ မလုပ်လိုက်ပါနဲ့"
ယွီယိ သူ့အား စိုက်ကြည့်နေသည့် အနက်ရောင်မျက်ဝန်းများသည် အေးစက်နေသည်။
"ဘာလို့ လူကြီးမင်းလင်က အဲလိုထင်ရတာလဲ? ငါက ငါ့ခံစားချက်တွေကို မင်းထက် ပိုတန်ဖိုးထားတယ်။"
လင်ချဲ့ မနေနိုင်ဘဲ သရော်လိုက်မိသည်။
"ထန်းမီက ရိုးရှင်းတယ်။ ဒါပေမဲ့ ငါ့ကိုတော့ သူ့လိုအရူးလုပ်လို့ရမယ်လို့တော့ မထင်နဲ့။ ပိုင်ရှောင်က အမြဲတမ်း ယွီမိသားစုရဲ့ချွေးမဖြစ်နေခဲ့တာ ခင်ဗျား ထန်းမီကို ယွီမိသားစုထဲ ခေါ်သွင်းလို့ရပါ့မလား?"
ယွီယိ : "မင်း ယွီလုပ်ငန်းစုအကြောင်း ကောင်းကောင်း သိပုံမပေါ်ဘူးပဲ။ ယွီလုပ်ငန်းစုကို ငါ တည်ထောင်ထားတာ မိသားစုစီးပွားရေး မဟုတ်ဘူး။ ငါလက်ထပ်ချင်တဲ့သူကို လက်ထပ်မယ် ဘယ်သူ့စကားမှ ဂရုစိုက်စရာမလိုဘူး။"
လင်ချဲ့ သူ့အရှေ့တွင်ရှိနေသည့် တစ်မိုးအောက်တစ်ယောက်ယွီယိအား ကြည့်နေမိပြီးနောက် သူကပဲ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည်။
"အိမ်ထောင်ရေးက လူနှစ်ယောက်နဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ မိသားစုနှစ်ဘက်လုံးနဲ့လည်း ဆိုင်တယ်။ ယွီမိသားစုလို အသိုင်းအဝိုင်းကြီးတွေဆို ပြောစရာကိုမလိုတာ။ ထန်းမီကလည်း အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဖက်လုံးသဘောတူတာကို မျှော်လင့်လိမ့်မယ်ထင်တယ်။"
"ဒါကို လူကြီးမင်းလင် စိုးရိမ်စရာမလိုဘူး"
ယွီယိ၏အသံသည် လုံးဝအေးစက်နေကာ တစ်ဖက်သားအား ပြန်ပြောခွင့်မပေးချေ။ သူဝိတ်တာအား စခေါ်၍ ပိုက်ဆံရှင်းကာ ထွက်မသွားခင် လင်ချဲ့ဘေးမှာရပ်လိုက်ပြီး..."လူကြီးမင်းလင်ကိုယ်တိုင် လက်နဲ့စွန့်ပစ်ခဲ့တာဆိုတော့ ပြန်ရဖို့မမျှော်လင့်ပါနဲ့"
လင်ချဲ့၏ခန္ဓာကိုယ် မသိမသာ တုန်လှုပ်သွားပြီး ယွီယိမှဆက်၍ လှောင်၏။
"မင်း အရှုံးပေးခဲ့တဲ့အရာက ငါ့အတွက် ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးပဲ။ အဲဒီအတွက် မင်းကိုကျေးဇူးတင်ရမယ်။"
ယွီယိ ကျေးဇူးတင်နေသော်လည်း သူ့ပုံစံသည်အေးစက်နေကာ စိတ်ရင်းနှင့်မဟုတ်သည်မှာ အသိအသာပင်။ လင်ချဲ့ မျက်နှာမှောင်မိုက်နေကာ ထိုင်ခုံမှထရပ်လိုက်တော့သည်။
"အရှုံးမပေးနိုင်ဘူး။ ငါသူ့ကိုကြိုက်တယ်။ ဒါပေမဲ့ အဲအချိန်တုန်းက ငါမကောင်းသေးလို့ သူ့ကို အကောင်းဆုံးပျော်ရွှင်မှုတွေ မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုမတူတော့ဘူး ငါလည်း မင်းပေးနိုင်တဲ့ပျော်ရွှင်မှုကို ပေးနိုင်တယ်။ မင်းထက်သာအောင် လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိတယ်!"
ယွီယိ၏နက်မှောင်သည့် မျက်လုံးများသည် သူ့အားပြန်လည်စိုက်ကြည့်လာကာ မျက်နှာသေကြီးဖြင့်..."မင်း အဲအချိန်တုန်းက မကောင်းသေးလို့ ထွက်သွားဖို့ ရွေးချယ်ခဲ့တယ်။ သုံးနှစ်ကြာတော့ မင်းက ချက်စ်တာတွန်ရဲ့အထူးအဆင့်စားဖိုမှူး မီဒီယာမှာအောင်မြင်နေတဲ့ မုန့်ဖိုမင်းသားဖြစ်နေပြီ။ မင်းကိုယ်မင်း ကောင်းလာပြီလို့ ထင်ပြီး သူ့ဆီပြန်လာတယ်။ ဒါပေမဲ့ မင်း အဲလိုဖြစ်လာတဲ့အထိ သူမက အဲနေရာမှာပဲ စောင့်ပေးရမယ်လို့ တွေးနေတာလား?"
လင်ချဲ့ ကြောင်အသွားရတော့သည်။ ယွီယိ အကြည့်များအား ရုတ်သိမ်းကာ ပြန်လှည့်မကြည့်ဘဲ ကဖေးဆိုင်ထဲမှ တန်းထွက်လာခဲ့လိုက်၏။
*************
ထန်းမီ လွန်ခဲ့သော ရက်ပိုင်းလောက်က ရေခဲမုန့်ကိတ်၏အရသာသစ်အား စမ်းသပ်နေ။ သူမ မန်နေဂျာနှင့်တိုင်ပင်ပြီးနောက် ဒူးရင်းနှင့် ချောကလက်အရသာ ရေခဲမုန့်ကိတ်တို့ကို စမ်းလုပ်ကြည့်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။
ထန်းမီ ဒူးရင်းအရသာကို မကြိုက်သော်လည်း မုန့်ဖုတ်ဆရာအနေနှင့် တစ်ခါတစ်လေ ကြိတ်မှိတ်သည်းခံရ၏။ ဒူးရင်းအရသာကလည်း ဂန္ထဝင်အရသာမျိုး ဖြစ်လောက်မည်။
ဒူးရင်းသီး၏ အီစိမ့်နေသည့်အနံ့နှင့် ရင်ဆိုင်ပြီးနောက် ထန်းမီ ပင်ပန်းနွမ်းနယ်စွာ အိမ်သို့ပြန်လာခဲ့သည်။ သူမ ရေချိုးပြီးနောက် အိပ်ယာပေါ်တွင် လဲလျောင်း၍ ဝွီချက်အား ဖွင့်ကြည့်လိုက်၏။
သူမနှင့်ယွီယိတို့ ဆက်ဆံရေးကို အတည်ပြုလိုက်ပြီး ဖြစ်သော်လည်း ဒီရက်ပိုင်းတွင် ယွီယိ သူမအားလာမတွေ့သလို ရိုမန့်တစ်ဆန်သည့် မက်ဆေ့ခ်ျများလည်း ပို့မလာသဖြင့် သူ အချစ်ကိုနားမလည်သေးဘူးလို့ သံသယစရှိလာလေပြီ........
သို့သော် သေချာတွေးကြည့်လျှင် ယွီယိသာ တကယ်ကြီး အဲလို မက်ဆေ့ခ်ျတွေ နေ့တိုင်းပို့လာရင် သူမ ပျော်တာထက် ကြောက်မိလိမ့်မည်။ သို့သော် အချစ်ရေးမှာ ဒီလိုအရာမျိုးနှင့် ကြုံလာလျှင် တစ်ယောက်ယောက်ကတော့ ခြေလှမ်းစလှမ်းဖို့ လိုအပ်ပေသည်။
ယွီယိသည် အကောင်ပေါက်အဆင့်မှာပဲရှိသေးတော့ ဒီမူကြိုဆရာမကြီးဖြစ်တဲ့သူမကပဲ ခြေလှမ်းစလှမ်းရပေတော့မည်။
ထို့ကြောင့် သူမ ဝွီချက်ကနေ 'ကုံသန်'ဟူသည့် နာမည်လေးအား နှိပ်လိုက်ကာ : [ ကျွန်မ မနက်ဖြန်နားရက်ရတယ်။ အဲတာကြောင့် သက်တံ့လူမှုဖူလုံရေးဂေဟာကိုသွားပြီး ကလေးတွေကို ကွတ်ကီးလုပ်နည်းသင်ပေးမလို့ ရှင်ရော ကျွန်မနဲ့အတူ သွားချင်လား? ]
ခဏအကြာတွင် ဝွီချက်မှ စာအသစ်ရောက်လာသည်။
[ အင်း ]
ထန်းမီ စခရင်အား ကြည့်ရင်း ခေါင်းအုံးကြီးကို ပြေးဖက်ကာ ပြုံးလိုက်မိတော့၏။ ခဏလောက် ကြည်နူးနေပြီးနောက် ဖုန်းတုန်ခါလာခဲ့သည်။
'အိုး ကုံသန်ခေါ်တာပဲ!'
သူမ ဖုန်းအား ချက်ချင်းကိုင်ကာ ထထိုင်လိုက်မိ၏။
"ဘာဖြစ်လို့လဲ?"
"ဘာမှမဖြစ်ပါဘူး မင်းအသံလေး ကြားချင်လို့.."
ထန်းမီ မျက်တောင်ပုတ်ခတ်ကာ မေးကြည့်လိုက်သည်။
"ကျွန်မကိုလွမ်းလို့လား?"
ဖုန်းတစ်ဖက်မှအသံသည် ခဏတိတ်ဆိတ်သွားပြီးနောက် အေးစက်နေသော်လည်း ချိုမြိန်သည့်အသံဖြင့် ပြန်ကြားလာရသည်။
"ဟုတ်တယ်"
ထန်းမီ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတော့၏။
"ကျွန်မကို လွမ်းတယ်ဆို ဘာလို့မခေါ်တာလဲ?"
ယွီယိ : "အရင်တစ်ခေါက် ကိုယ်မသွားခင်က ပြောခဲ့တယ် 'လ'ကြည့်ချင်ရင် ခေါ်လိုက်ပါလို့ ဒါပေမဲ့ မင်းမှမခေါ်တာ"
ထန်းမီ စက္ကန့်အနည်းငယ်မျှ စဉ်းစားသွားရကာ ဦးနှောက်ထဲရှိ လျှပ်စီးကြောင်းများအား ဆက်သွယ်လိုက်၏။
"ကျွန်မ ရှင့်ကို မတွေ့ချင်ဘူးလို့ ထင်နေတာပေါ့?"
ယွီယိ ဘာမှမပြောတာကြောင့် ထန်းမီကပဲ ဆက်၍ပြောခဲ့သည်။
"ရှင် ကျွန်မ ဖုန်းခေါ်တာကို စောင့်နေခဲ့တာလား?"
"ဟုတ်တယ်"
ထန်းမီ : "..."
ထန်းမီ နှုတ်ခမ်းအား ကိုက်လိုက်မိကာ-"ချစ်ရင် ယောက်ျားလေးဘက်က ပထမခြေလှမ်းစရတာ"
ယွီယိ နှုတ်ဆိတ်နေပြီးနောက် ပြောလာ၏။
"သိတယ်"
ယွီယိ၏ပထမခြေလှမ်းစပုံကို ထန်းမီ မှတ်မိသွားချိန်တွင် သူမပြောခဲ့သည့်စကားအတွက် နောင်တ ရသွားတော့သည်။ နှစ်ယောက်သား နောက်ရက်တွေ့ဖို့ သဘောတူလိုက်ပြီးနောက် ထန်းမီ ဖုန်းချလိုက်၏။ ထို့နောက် ဗီရိုထဲရှိ မက်စ်အား ထုတ်ယူကာ မျက်နှာပေါ်တွင်ကပ်၍ လူမှုဖူလုံရေးဂေဟာသို့ သွားဖို့အတွက် ပြင်ဆင်တော့သည်။
ဖုရှင်း ဆိုဖာပေါ်တွင် လဲလျောင်း၍ တီဗွီကြည့်နေပြီး
ထန်းမီ မျက်နှာပေါ်ရှိ မက်စ်အား မြင်လိုက်ရချိန်တွင် တစ်ခုခုအား ရိပ်မိသွားဟန် စစ်မေးလာလေ၏။
"ထန်းမီ မှန်မှန်ပြော နင် ရည်းစားရနေတာလား?"
ထန်းမီ၏နှလုံးခုန်သံများ ဗြောင်းဆန်လာကာ-"မဟုတ်ပါဘူး ဘာလို့လဲ?"
ဖုရှင်း နှာခေါင်းရှုံ့လိုက်ကာ ခေါင်းအုံးအားပိုက်၍ ကောက်ထိုင်သည်။
"နင်အရင်ကထက် ဟော်မုန်းတွေ ပိုမြင့်နေသလိုပဲ။ ပြီးတော့ မက်စ်တွေလည်း ခဏခဏကပ်တယ် နင် တစ်လကို အကြိမ်နည်းနည်းပဲ ကပ်နေကျလေ!"
ထန်းမီ : "ဒါဆို နင်ကျမက်စ်ကို တစ်ပတ် သုံးကြိမ်ကပ်တယ်မလား? နင့် ဟော်မုန်းလောင်သွားမှာပေါ့?"
ဖုရှင်း : "....."
ထန်းမီ ချစ်စရာကောင်းသည့် ပုံစံခွက်အချို့အား ရှာတွေ့သွားကာ ထုပ်ပိုး၍ အိပ်ခန်းထဲသို့ပြန်ဝင်သွားတော့၏။ ဖုရှင်း သူမ၏နောက်ကျောအား ကြည့်ကာတစ်ခုခုကို ဖုံးကွယ်ထားသလို ခံစားနေမိသည်။
'သူ အားမှ သေချာမေးကြည့်ရမယ်!'
ထန်းမီ အမှန်တိုင်းပြောမပြတာကို ဖုရှင်းမယုံနိုင်ပေ။
နောက်တစ်နေ့ ဖုရှင်းအလုပ်သွားချိန်တွင် ထန်းမီနိုးလာခဲ့သည်။ အဝတ်ဗီရိုအား မွှေနှောက်ကြည့်နေရင်း ဘီစကစ်များကို ပေါ့ပေါ့ပါးပါးလုပ်ချင်သည့်အတွက် စကတ်လှလှလေးဝတ်ဖို့ လက်လျှော့ကာ တီရှပ်နှင့် ဘောင်းဘီတိုကိုသာ ရွေးလိုက်တော့၏။ ယွီယိ ဆီမှဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက် အိတ်အကြီးတစ်အိတ်အားဆွဲ၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ယွီယိ ကားအပြင်ဘက်တွင် တစ်ယောက်တည်းရပ်နေကာ သူမအား စောင့်နေတဲ့ပုံပင်။
ထန်းမီ ပြုံး၍လျှောက်လာပြီး မော့ကြည့်ကာ မေးခွန်းထုတ်လာလေ၏။
"ဘာလို့ ကားထဲမှာ မစောင့်တာလဲ?"
ထိုအနေအထားသည် ယွီယိအတွက်တော့ လုံးဝအဆင်ပြေနေသည်။ သူ ကိုယ်ကိုင်းညွတ်ကာ ထန်းမီ၏နှုတ်ခမ်းအား ဖွဖွလေး နမ်းလိုက်ပြီးမှ..။
"မင်းကို လွမ်းလို့"
ထန်းမီ၏မျက်နှာ နီရဲသွားရတော့သည်။
'ဒါ သူ့အိမ်အောက်ထပ်မှာ! လူတွေနေရာတိုင်းမှာရှိနေတယ်!'
ယွီယိ တည်ငြိမ်သွားကာ ကားတံခါး ဖွင့်ပေးလိုက်ပြီး ထန်းမီအား ဝင်ထိုင်စေလိုက်၏။ ဒီနေ့ လော့ဟောက် လိုက်မလာဘဲ ကားပေါ်တွင် ဒရိုက်ဘာတစ်ဦးသာ ရှိနေသည်။ ထန်းမီ ပစ္စည်းများ နေရာချပြီးနောက် ဒရိုင်ဘာသည် သက်တံ့ လူမှုဖူလုံရေးဂေဟာသို့ မောင်းနှင်သွားတော့သည်။ ယွီယိ ထန်းမီ့အိတ်ထဲရှိ ပစ္စည်းများအားကြည့်ကာ မေးလိုက်၏။
"ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး သက်တံ့လူမှုဖူလုံရေးဂေဟာက ကလေးတွေကို ကွတ်ကီးလုပ်နည်း သင်ပေးချင်သွားတာလဲ?"
ထန်းမီ ပြုံးကာ ရှင်းပြလိုက်တော့သည်။
"အဖေ့ကြောင့်ပါ။ သူကအဲဂေဟာရဲ့ အရင်ပိုင်ရှင်နဲ့ ဆက်ဆံရေးအတော်ကောင်းတယ်။ လတိုင်း နေထိုင်စရိတ်နှစ်ခုပေးနေကျလေ။ တစ်ခုကကျွန်မအတွက် နောက်တစ်ခုကဂေဟာအတွက်။ သူက ကျွန်မကို ဂေဟာဆီ သွားပို့ခိုင်းပြီး ကလေးတွေကို တစ်ချက်ကြည့်ပေးစေချင်တာ။ အရင်ရက်ပိုင်းတုန်းက ကျွန်မရဲ့မွေးနေ့ရှိတော့ သူက ပို့စကတ်နဲ့ ပိုက်ဆံပို့လိုက်ပြီး ကျွန်မကိုဂေဟာဆီသွားဖို့ တိုက်တွန်းနေတာလေ။ ကျွန်မလည်း အဲကိုမရောက်တာ တော်တော်ကြာသွားပြီဆိုတော့ နည်းနည်းတော့ ရှက်မိသား"
ယွီယိ ခေါင်းညိတ်ပြလိုက်၏။
"ကိုယ်က မင်းအဖေကို ကြမ်းတမ်းတဲ့ဓာတ်ပုံဆရာလို့ ထင်နေတာ ဒီလိုနူးညံ့တဲ့အတွေးရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ထန်းမီ မျက်ခုံးတစ်ဖက်ပင့်လိုက်မိကာ-"ကျွန်မအဖေက ဓာတ်ပုံဆရာဆိုတာ ဘယ်လိုသိတာလဲ?"
"မင်း ပြောဖူးတယ်မလား?"
"ပြောဖူးတယ် ယွီရှင်းကိုပဲ ပြောဖူးတာ.."
ယွီယိ မျက်အိမ်များ တုန်လှုပ်သွားကာ တိတ်ဆိတ်သွားတော့၏။
ထန်းမီ မျက်လုံးအား မှေးစင်းကြည့်ရင်း တရားခံစစ်လိုက်မိတော့သည်။
"ရှင့်မှာ ယွီရှင်းရဲ့မှတ်ဉာဏ်ရှိ နေခဲ့တာလား?"
_____________________________________________