← Chapters

Chapter 38

Vol. 4 Ch. 38

Chapter 38

Vol. 4 Ch. 38

ယွီယိ ခေါင်းအား တစ်ဖက်သို့ လှည့်၍ အပြင်ဘက်သို့ကြည့်ဟန်ဆောင်နေတာကြောင့် ထန်းမီ နှုတ်ခမ်းထောင့်အားကော့ကာ မေးလိုက်တော့သည်။

"ဘာလို့ ရှင့်မှာ ယွီရှင်းရဲ့ မှတ်ဉာဏ်မရှိသလို ဟန်ဆောင်ရတာလဲ?."

သူမ တကယ်စိတ်ဆိုးမှာကို ယွီယိ စိတ်ပူနေမိ၏။ ထို့ကြောင့် သူပြန်လှည့်လာကာ အနည်းငယ် ရှက်သွားဟန်ဖြင့် ရှင်းပြလာခဲ့သည်။

"အဲ အချိန်တုန်းက ယွီရှင်းက မင်းကို ရုတ်တရက်နမ်းလိုက်လို့ ကိုယ်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတာ.."

"ဒီတော့ ရှင်မမှတ်မိသလို ဟန်ဆောင်လိုက်တာပေါ့?"

".....ဆောရီး"

ထန်းမီ သူ့အားမျက်လုံးများ မှေးစင်း၍ကြည့်လိုက်တော့၏။

"ရှင် ကျွန်မကို အကြာကြီးလိမ်ခဲ့တာ ဆောရီးပြောရုံနဲ့ ရမလား?"

"ဘာလိုချင်လဲ?"

ထန်းမီ သူ့အား သေချာစိုက်ကြည့်လိုက်ကာ မကျီစယ်ဘဲ မနေနိုင်တော့ပေ။

"ပြုံးရင် ခွင့်လွှတ်ပေးမယ်"

သူမဒီလိုတောင်းဆိုလာလိမ့်မည်ဟု ယွီယိမထင်ထားတာကြောင့် သူ့မျက်လုံးထဲတွင် အပြုံးရေးရေးလေး ပေါ်သွားတော့၏။ ထန်းမီ သူ့အားကြည့်ရင်း ထပ်ပြောလိုက်သည်။

"ပါးချိုင့်ပေါ်အောင် ရယ်!"

ယွီယိ ငြိမ်သက်သွားကာ ပြန်တိုက်ခိုက်လာ၏။

"မင်း ကိုယ့်ကိုနမ်းရင် လုပ်ပေးမယ်"

ထန်းမီ : "....."

'ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့သူက သူလေ! ဘယ်လိုတောင် အတင့်ရဲရတာလဲ!'

ထန်းမီ သူ့အား စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်သော်လည်း အခွင့်ကောင်း မယူလိုက်ရမှာစိုး၍ သူ့အနားသို့ အမြန်တိုးကပ်သွားကာ နှုတ်ခမ်းများအား ထိကပ်လိုက်လေသည်။

ယွီယိ တစ်ချက်ကြောင်အ သွားပြီးနောက် ပိုးသားကဲ့သို့ နူးညံ့နေသည့် နှုတ်ခမ်းတစ်စုံသည် ဖြည်းဖြည်းချင်း ပွင့်ဟလာကာ အကောင်းဆုံးအပိုင်းသို့ ဝင်ရောက်လာခဲ့၏။

ရက်ရောနေသည့်ပါးချိုင့်နှစ်ခု ယွီယိပါးပေါ်တွင် အထင်းသား ထွက်ပေါ်လာတာကြောင့် ထန်းမီ တကယ် စိတ်လှုပ်ရှား သွားရတော့သည်။ သူမအမြန် ဖုန်းထုတ်ကာ ဖြတ်ကနဲ ယွီယိအား အမိအရ ဓာတ်ပုံရိုက်လိုက်၏။

"စီအီးအိုယွီရဲ့အပြုံးက နှစ်ရာချီကြာမှ တစ်ခါကြည့်ခွင့်ရတဲ့ ပန်းလိုပဲ"

ထန်းမီ ယွီယိရှေ့တွင် သူမ၏အဖိုးတန်ရတနာအား ထုတ်ကြွားနေသကဲ့သို့ ဖုန်းစခရင်ကို ခါရမ်းပြနေသည်။

"ဒီပုံကို မဂ္ဂဇင်းတိုက်ဆီရောင်းရင် ဈေးမြင့်မြင့်ရလောက်တယ်"

"မဂ္ဂဇင်းတိုက်ဆီ ရောင်းချင်လို့လား?"

"မဟုတ်ဘူး မဟုတ်ဘူး"

ထန်းမီ ဖုန်းအားလက်ထဲမှာပဲ ဆုပ်ကိုင်ထားသည်။

"ခဏနေ ပရင့်သွားထုတ်ပြီး အိပ်ခန်းနံရံမှာ ကပ်ထားရမယ်။ အထူးသီးသန့်စုဆောင်းမှုပေါ့ ဟားဟားဟား"

ယွီယိ အမှတ်မထင် ပြုံးမိသွားတော့၏။

"မင်းကြိုက်တယ်ဆိုရင် ကိုယ်မင်းအတွက် မကြာမကြာ ပြုံးပေးမယ်လေ"

ထန်းမီ ထိုစကားအားကြားပြီးနောက် ရင်ဘတ်လေးအား ဖိဟန်လုပ်ပြကာ-"ဒါဆို ကျွန်မလည်း နှလုံးလေ့ကျင့်ခန်း များများလုပ်ရမယ်။"

ယွီယိ ပြုံးပဲ ပြုံးနေမိတော့၏။

ထန်းမီ ဖုန်းအား ပြန်သိမ်းရင်း တစ်ခုခုအားသတိရသွားဟန် ရုတ်တရက် ပြောလာသည်။

"အာ ဟုတ်သားပဲ။ ကျွန်မရဲ့အခန်းဖော်က မဂ္ဂဇင်းတိုက်မှာ အလုပ်လုပ်နေတာ သူရှင့်ကို သီးသန့် အင်တာဗျူးချင်နေတာကြာပြီ"

ယွီယိ မျက်ခုံးများ တောင့်ခဲသွားကာ ထန်းမီအား ပြန်ကြည့်လာ၏။

"ဖုရှင်းဆိုတဲ့ အခန်းဖော်လား?"

"ဟုတ်တယ်"

ထန်းမီ ရှက်သွားသလို ခံစားလိုက်ရသည်။ သူမ ယွီယိနှင့်တွဲခါစပဲရှိသေးကာ အဲဒါကိုတောင်းဆိုလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် ဖုရှင်းလည်း သူမကို တောင်းဆိုနေတာကြာပြီပင်။ သူမကို ဆက်ဆွဲထားရမှာလည်း အားနာနေပြီ။

"အဲတာ ကျွန်မသိပါတယ်။ ရှင်မဂ္ဂဇင်းမှာ အင်တာဗျူးခံရတာ မကြိုက်ဘူးဆိုတာ ဒီအတိုင်း သူ့အတွက် မေးကြည့်ချင်လို့ပါ။ ရှင်မလုပ်ချင်ရင် မလုပ်လို့ရတယ်။"

ယွီယိ တစ်ချက်စဉ်းစားလိုက်ပြီးနောက်-"အင်တာဗျူး အသေးစားဆိုရင်တော့ ရပါတယ်။ လော့ဟောက်ကို စီစဉ်ခိုင်းလိုက်မယ်"

"တကယ်?"

ထန်းမီ အပျော်လွန်သွားတော့သည်။

'ဖုရှင်းသိရင် ပျော်လွန်းလို့ ရူးသွားလောက်တယ်'

"အင်း ကိုယ်အချိန်စီစဉ်ပြီးရင် လော့ဟောက်ကို မင်းဆီ လှမ်းပြောခိုင်းလိုက်မယ်။ ကိုယ်လည်း မင်းရဲ့အခန်းဖော်ကို တွေ့ချင်နေတာ။"

ထန်းမီ မျက်ခုံးပင့်ကာ သူ့အားကြည့်လိုက်တော့၏။

"ဘာလို့ တွေ့ချင်တာလဲ?"

"သူက မင်းရဲ့အခန်းဖော်လေ။ သူဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်သိဖို့လိုတာပေါ့။"

ထန်းမီ ခဏဆွံ့အသွားပြီးနောက် ရယ်ချလိုက်တော့သည်။

"သူ ကျွန်မကို မကောင်းကြံမှာ စိုးရိမ်နေတာလား? သူသာ အဲလိုလုပ်မယ်ဆိုရင် ကျွန်မ ခံနေရတာကြာပြီ။ ကျွန်မတို့အချင်းချင်းသိတာ ဆယ်စုနှစ်ကျော်နေပြီ"

"ဒါဆို ကိုယ်ပိုပြီး‌တော့တောင် သိသင့်တယ်မလား?"

ထန်းမီ ပြုံးမိကာ-"ဟုတ်ပါပြီ သူကရှင့်ရဲ့ ဖန်အကြီးစားနော်။ တွေ့မယ့်နေ့ကျ ငရုတ်ကောင်းစပရေးဆောင်ထား?"

ထိုအချိန်မှာပဲ တစ်ဖက်ရှိ အဝေးကြီးမှာရှိသည့်ဖုရှင်း အကျယ်ကြီး နှာချေလိုက်မိ၏။

သက်တံ့လူမှုဖူလုံရေးဂေဟာသည် အေမြို့တွင် နှစ်ပေါင်း၅၀ကျော် ရာဇဝင်ရှိခဲ့သည်။ လွန်ခဲ့တဲ့၁၀နှစ်မှစ၍ ထိဂေဟာအိမ်ကြီးအား အကြိမ်ကြိမ်အခါခါ ပြုပြင်မွမ်းမံခဲ့ကာ အသုံးအဆောင်အပြင်အဆင်များသည် အဘက်ဘက်မှ ခေတ်မီလာခဲ့၏။

ဂေဟာအိမ်၏အလယ်တွင် ဆော့ကစားလို့ရသည် ပစ္စည်းများ အများကြီးရှိသည့် မြက်ခင်းပြင်ကြီး ရှိသည်။ ထန်းမီနှင့်ယွီယိတို့ ဖြတ်လျှောက်လာချိန်တွင် ကလေးများစုဝေးလာကြ၏။

ထန်းမီ ဒီကို နောက်ဆုံးရောက်ခဲ့တာက ပြင်သစ်မသွားခင်ကပင်။ ထိုကြာရှည်လွန်းသည့် ကာလအတွင်း ကလေး‌အများစုလည်း ပြောင်းလဲသွားကြပြီဖြစ်သည်။ အများစုသည် မမြင်ဖူးသည် မျက်နှာများဖြစ်ပြီး သူမသိသည့်ကလေးတစ်ချို့ မရှိကြတော့ပေ။ သူတို့မွေးစားခံလိုက်ရပြီဟု ဂေဟာမှူးကတော့ ပြောသည်။

အရင် ဂေဟာမှူးသည် အသက်ကြီးပြီမို့ အခုအိမ်မှာပဲ အနားယူနေပြီဖြစ်ကာ လက်ရှိမှာတော့ သူ့သမီးဖြစ်သူကပဲ ဂေဟာမှူးနေရာအား ဆက်လက်ထိန်းသိမ်းထား၏။ ထန်းမီ လက်ရှိဂေဟာမှူးအား ယွီယိနှင့် မိတ်ဆက်ပေးလိုက်လေသည်။

"ဒါက စီအီးအိုယွီပါ။ ဒီနေ့ကလေးတွေကို ဘီစကစ်လုပ်နည်းသင်ပေးဖို့ ကျွန်မနဲ့အတူလာခဲ့တာ"

ဂေဟာမှူးသည် ယွီယိအားကြည့်ကာ ပြုံးပြလာ၏။

"လူကြီးမင်းယွီရဲ့နာမည်က နေရာအနှံ့ပါပဲရှင်။ ရှင့်ကုမ္ပဏီရဲ့ စားသောက်ဆိုင်တိုင်းက အရမ်းစားကောင်းတယ်?"

ယွီယိ ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ဂေဟာမှူးသည် ပြုံးလိုက်သော်လည်း ထန်းမီအား သူမတို့၏ဆက်ဆံရေးအကြောင်း မမေးခဲ့ချေ။ ထို့နောက် သူတို့အား အိမ်တွင်းမှုအခန်းဆီသို့ ခေါ်လာခဲ့၏။

"အိမ်တွင်းမှုအခန်းကို စီစဉ်ထားတယ် ကလေးတွေက သူတို့ကို ဘီစကစ်လုပ်နည်း သင်ပေးမယ့်သူတွေ လာမယ်ဆိုတော့ ပျော်နေကြတာ"

ဂေဟာ၏ကလေးများသည် အရွယ်စုံပင်။ အားလုံး အိမ်တွင်းမှုခန်းတွင် လာစုကြပြီး ထန်းမီနှင့်ယွီယိတို့အား စိတ်ဝင်တစားကြည့်နေကြ၏။

ဂေဟာမှူး သူတို့အား စတင်မိတ်ဆက်ပေးလာသည်။

"ဒီ ကိုကိုနဲ့မမက ကလေးတို့ကို ဘီစကစ်လုပ်နည်း သင်ပေးမယ့်သူတွေပဲ။ အားလုံး သူတို့ကို ကြိုဆိုလိုက်ရအောင်"

ကလေးများသည် ပျော်ရွှင်မြူးထူးစွာ လက်ခုပ်တီးလာကြကာ ထိုထဲမှ ကလေးမလေးတစ်ယောက် လက်မြှောက်မေးလာလေ၏။

"ကိုကိုက မမရဲ့ကောင်လေးလား?"

ယွီယိ ထုံးစံအတိုင်း မတုံ့ပြန်တာကြောင့် ထန်းမီကပဲ ပြုံးကာပြောပြလိုက်တော့သည်။

"ဟုတ်တယ် မမရဲ့ကောင်လေးလေ။ မမမှာ ဒီလိုချောတဲ့ကောင်လေးရှိတာ အားကျလို့လား?"

ကလေးမ စကားပြန်မပြောခင် ဘေးကကောင်ငယ်လေးမှ ထအော်လိုက်လေ၏။

"မမထန်းမီပြောတော့ ကျွန်တော်ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာဆို!"

"လျှောက်မပြောနဲ့။ ကုံရှုန်း ဘယ်တုန်းက အဲလိုပြောဖူးလို့လဲ?"

ကောင်ငယ်လေး : "ကျွန်တော့်ဇနီးလောင်းကပဲ။ ကျွန်တော့်ကို ကုံရှုန်းလို့ခေါ်လို့ရတယ်လို့ ပြောထားတယ်လေ!"

ထန်းမီ : "....."

ယွီယိ မသိမသာ မျက်ခုံးပင့်၍ ကောင်ငယ်လေးအား ကြည့်လိုက်ရာ ထိုကောင်လေးကလည်း ခေါင်းမော့ကာ ယွီယိနှင့် မျက်လုံးချင်းစုံအောင် ပြန်ကြည့်လာလေသည်။

နှစ်စက္ကန့်ကြာပြီးနောက် ကုံရှုန်း ငိုသွားရတော့၏။

ကလေးများ၏ငိုသံသည် ကူးစက်တတ်တာကြောင့် ဂေဟာမှူးတစ်ယောက် သူ့အား ထိန်းလို့မရတော့မှာကို စိုးရိမ်သဖြင့် မြန်မြန်ချော့မော့လိုက်ရသည်။ ကုံရှုန်း မျက်ရည်များသုတ်ကာ ထန်းမီအား သက်ပြင်းချ၍ ကြည့်လိုက်ပြီးနောက်-"မမထန်းမီ သူ့ကိုလက်မထပ်နဲ့။ သူကကြောက်စရာကြီး မမကို အိမ်တွင်းအကြမ်းဖက်မှာ"

ထန်းမီ : "....."

အခုခေတ်ကလေးတွေ တော်တော်တတ်ကြတယ်ဟု သူမ တွေးမိသွားတော့သည်။

ဂေဟာမှူးပြုံးကာ ကုံရှုန်းအား နှပ်သုတ်ပေး၍ မေးခွန်းထုတ်လိုက်၏။

"ကိုကိုက ဘာမှမလုပ်ဘဲနဲ့။ ဘာလို့ သူ့ကိုကြောက်စရာကြီးလို့ ပြောရတာလဲ?"

ကုံရှုန်း တထစ်ချ ပြောလိုက်၏။

"သူ့အကြည့်တွေမှာ လူသတ်ချင်နေတာကို တွေ့လိုက်တယ်!"

ဂေဟာမှူး : ".... "

ထန်းမီ : "......"

ကုံရှုန်း အခုထိ မွေးစားမခံရသေးတဲ့ အကြောင်းရင်းကို သူမအနည်းငယ် နားလည်သွားသလိုပင်။

ထို့နောက် ဝန်ထမ်းများရောက်လာပြီး အားလုံးကို အေပရွန်များ လိုက်ဝေပေးသည်။ ထန်းမီ ယွီယိ အေပရွန်ဝတ်ထားသည်ကိုကြည့်ပြီး ရုတ်တရက် ရယ်လိုက်မိ၏။

ယွီယိ သူမအား လှည့်ကြည့်လာကာ-"ဘာဖြစ်လို့လဲ?"

ထန်းမီပြုံး၍ ခေါင်းခါပြလိုက်၏။

"ယွီရှင်း ကျွန်မကို ပျော်ရွှင်မှုမုန့်ဖိုဆီ ခေါ်သွားဖူးတာကို မှတ်မိသေးလား? ကျွန်မအတွေးရခဲ့တာ ရှင်လည်း အေပရွန်ဝတ်ရင် ဘယ်လိုနေမလဲလို့? အခု ကြည့်လိုက်တော့ တော်တော်ခန့်ညားတာပဲ!"

ယွီယိ ပြုံးလိုက်ကာ ဘာမှမပြောဘဲ ထန်းမီအနောက်သို့သွား၍ သူမ၏အေပရွန်ကြိုးအား ချည်ပေးလိုက်သည်။ ကိုယ်ချင်းထိတွေ့တာမျိုး မရှိသော်လည်း ထန်းမီ ရှက်လွန်း၍ နီရဲသွားတော့၏။ အားလုံး အေပရွန်ဝတ်နေစဉ် ထန်းမီ ပြင်ဆင်လာသည့်ပစ္စည်းများအား စစ်ဆေးနေသည်။

"ဒီနေ့ မမက မော်ဒယ်ကွတ်ကီးလုပ်နည်း သင်ပေးမယ် ဒီမှာချစ်စရာကောင်းတဲ့ ပုံစံခွက်တွေကိုလည်း ယူခဲ့တယ်"

ထန်းမီ ပြင်ဆင်ထားပြီးသား ဂျုံမုန့်‌ညက်လေးများအား ကလေးများထံ ဝေပေးလိုက်၏။

"အားလုံး ဂျုံမုန့်ညက်ကို ပါးအောင်လုပ်ပြီးရင် ပုံစံခွက်ထဲမှာ ချစ်စရာကောင်းတဲ့ပုံလေးတွေ လုပ်လို့ရပြီ။ မမ အရင်လုပ်ပြမယ်နော်"

ထန်းမီ အာရုံစူးစိုက်ရမည့် အခက်အခဲများအား ရှင်းပြနေရင်း ပျော်ရွှင်လာကာ သီချင်းတောင် ညည်းလိုက်မိတော့သည်။

"မမရဲ့ဘယ်လက် ညာလက်အတိုင်း ဖြည်းဖြည်းလေး လိုက်လုပ်ပါ~"

**************

အိမ်တွင်းမှုခန်းသည် တိတ်ဆိတ်နေကာ ထန်းမီ့လက်ထဲရှိ ဂျုံမုန့်ညက်လည်း လုပ်ပြီးသွားပြီဖြစ်သည်။

"မမလုပ်တဲ့အတိုင်း လိုက်လုပ်ရုံပဲ လက်ချောင်းနဲ့ မဖိမိဖို့ သတိထားရမယ်နော်"

ကလေးများအားလုံး စတင်လှုပ်ရှားလာကြပြီး ယွီယိနှင့် ထန်းမီတို့ သူတို့ဂျုံမုန့်ညက်လုပ်ရာတွင် လိုက်ကူညီပေးနေသည်။ အားလုံး ဂျုံမုန့်ညက်အား လေးထောင့်ပုံစံထဲ ထည့်ပြီးသွားသည့်နောက် ကလေးများအကြိုက်.......ပုံစံခွက်ဖော်ခြင်းသို့အဆင့်သို့ ရောက်ရှိသွားတော့သည်။

ပုံဏ္ဍာန်မျိုးစုံရှိသည့် ဘီစကစ်လေးများအား အိုဗာထဲသို့ ထည့်ထားလိုက်ပြီဖြစ်သည်။ ထန်းမီ ရှည်လျားသည့် ထောင့်မှန်ပုံစာရွက်ကို ထုတ်၍ ကလေးများအား စက္ကူကတော့ခေါက်နည်း သင်ပေးလိုက်၏။

"သကာရည်လောင်းတာ ရောင်စုံခြယ်သလိုပဲ။ ကလေးတို့လုပ်ထားတဲ့ ဘီစကစ်တွေပေါ်မှာ အလှမျိုးစုံဆင်လို့ရတယ်"

ကလေးတွေအားလုံး မျှော်လင့်တကြီး အော်ဟစ်ဆူညံ့သွားကြတော့သည်။ ထန်းမီ သကာရည်အား စက္ကူအိတ်ထဲထည့်ပြီးနောက်အားလုံးလည်း ပုံစံမျိုးစုံအလှဆင်ကြလေ၏။

ကြယ်၊ ခရစ်စမတ်သစ်ပင်၊ ချစ်စရာကောင်းတဲ့အဝတ်၊ ရောင်စုံပန်းပွင့်လေးတွေ ......

ထန်းမီ အနီရောင်အသည်းပုံ ဘီစကစ်လုပ်ကာ ဘေးမှာရှိသည့် ယွီယိအားလှမ်းပေးလိုက်ကာ-"ဒါရှင့်အတွက်"

ယွီယိ ဘီစကစ်အားယူလိုက်ကာ ခဏကြည့်နေပြီးနောက် စနောက်လာ၏။

"ဒါ မင်းရဲ့နှလုံးသားလား?"

ထန်းမီ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ပြရင်း..."အင်း ရှင်လုံလုံခြုံခြုံ သိမ်းထားရမယ်"

ယွီယိ ညင်သာစွာရယ်ကာ သူလုပ်ထားသည့် ဘီစကစ်လေးအား ထန်းမီကို ပြန်ပေးလိုက်သည်။

ထန်းမီ သေချာကြည့်ပြီးနောက် ကြောင်တောင်တောင်လေး မေးလာလေ၏။

"ဒါရှင်လား?"

"အင်း"

"ကျွန်မလည်း ဂရုစိုက်ပါ့မယ် စိတ်ချပါ"

ထန်းမီ ဘီစကစ်‌အား ကိုက်စားရင်း ပြောလိုက်ခြင်းပင်။

"ဟေး အရသာမဆိုးဘူးပဲ!"

ယွီယိ သူမအား မည်းမှောင်နေသည့် မျက်လုံးများဖြင့် ကြည့်လာလျှင် သူမအရှက်မရှိ ပြန်ပြောလိုက်တော့သည်။

"ကျွန်မစားလိုက်ရင် ဘယ်သူမှ ယူလို့မရတော့ဘူး"

ယွီယိ နှုတ်ဆိတ်နေပြီးနောက် ထန်းမီ၏နှလုံးသားလေးအား ပြန်ကိုက်စားရင်း ကလဲ့စားချေလိုက်၏။

မိဘမဲ့ဂေဟာမှ ထွက်ခွာလာစဉ် ယွီယိ ဂေဟာမှူးအား သူ့လိပ်စာကဒ် ပေးထားခဲ့သည်။

"လိုအပ်တာရှိရင် အချိန်မရွေးဆက်သွယ်လိုက်ပါ"

ဂေဟာမှူး သူ့လိပ်စာကဒ်အား ယူ၍ပြုံးလိုက်ကာ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။

"ကလေးတွေ အပေါ်ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယွီယိ ဘာမှပြန်မပြောဘဲ ထန်းမီအား ခေါ်သွားလျှင် အနောက်မှတော့ ကုံရှုန်းတ‌စ်ယောက် အော်ဟစ်ရင်း ကျန်ခဲ့တော့သည်။

**********

ပိုင်မိသားစုအိမ်တွင် ပိုင်မောင်နှမနှစ်ယောက် ဥယျာဉ်ငယ်ထဲတွင်ထိုင်ကာ နေ့လယ်ခင်းလက်ဖက်ရည်သောက်ရင်း အလုပ်များတဲ့ဘဝမှ အနားယူနေကြသည်။

ပိုင်ချဲ့ ပေါင်မုန့်ပေါ်တွင် ယိုသုတ်ကာ စားလိုက်ပြီးနောက်-"ဟေး! ဒီစတော်ဘယ်ရီယိုကို ဘယ်က ဝယ်လာတာလဲ? စားလို့ကောင်းလိုက်တာ"

ပိုင်ရှောင် : "ထန်းမီ လုပ်ပေးထားတာ အရင်တစ်ခေါက်က ညီမကို တစ်ဘူးပေးလိုက်တာ အိုး ပြီးတော့ အဲတာ ညီမတို့အိမ်က စတော်ဘယ်ရီသီးတွေနဲ့ လုပ်ထားတာလေ"

ပိုင်ချဲ့ ပိုင်ရှောင်အားငုံ့ကြည့်ကာ ပေါင်မုန့်ကို ဖြည်းဖြည်းချင်း မျိုချလိုက်၏။

"ဒီနေ့ အစ်ကိုယွီ ကုမ္ပဏီကိုသွားခဲ့တယ် လော့ဟောက်ပြောတာ ယွီယိနဲ့ထန်းမီတို့ မိဘမဲ့ဂေဟာကို သွားကြတယ်တဲ့"

ပိုင်ရှောင် မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသေည်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ဖြေလာခဲ့သည်။

"အင်း"

ပိုင်ချဲ့ တွေးကြည့်ပြီးနောက် လက်ထဲမှ ဇွန်းအားချလိုက်မိတော့သည်။

"ယွီယိက ထန်းမီကို ချစ်တယ်လို့ ပြောဖူးတယ်"

ပိုင်ရှောင် ငေးမောကာ သူ့အားလှမ်းကြည့်လာခဲ့သည်။

"သူတို့ တွဲနေပြီလား?"

"အင်း" ပိုင်ချဲ့ခေါင်းညိတ်ပြ၏။

"သူ ငါ့ကို ပြောဖူးတယ်ထင်တယ်။ ညီမကို အစ်ကို့ဆီကနေ သိစေချင်တာ"

ပိုင်ရှောင် ဘာမှမပြောဘဲ ပိုင်ချဲ့ကသာ ဆက်၍ပြောနေ၏။

"ဟေး ညီမလေး ယွီယိ အပေါ်ခံစားချက်ရှိနေတာကို သိတယ်။ ဒါပေမဲ့ အစ်ကိုသူ့ကိုသိတာ နှစ်တွေကြာပြီ? သူကပါတနာကောင်းပဲ။ ဒီလိုကိစ္စကြောင့် မဖျက်ချင်......"

"အစ်ကို စိတ်မပူပါနဲ့"

ပိုင်ရှောင် ကြားဝင်ဖြတ်ပြောလိုက်သည်။

"ညီမလည်း သူက ပါတနာကောင်းဆိုတာ သိပါတယ်။ သူကြိုက်တဲ့သူကို တွေ့တယ်ဆို ညီမလည်း သူ့အတွက်ပျော်မိတယ်။ သူညီမကို ပြန်မကြိုက်လည်း ညီမကိုသဘောကျပေးနိုင်မဲ့ တစ်ယောက်ယောက်ကို တွေ့မှာပါ"

ပိုင်ချဲ့ အပြုံးလေးဖြင့် ထိုစကားများအား တုံပြန်လာတော့၏။

"အဲလိုတွေးတာ အကောင်းဆုံးပဲ ညီမလေး။ သူ့ကိုပညာပြချင်ရင် နောက်တစ်ခါကျရင် သူ့ဆီက အမြတ်ကြီးကြီးယူလိုက် သူလည်း ဘာမှပြောမှာမဟုတ်ဘူး"

ပိုင်ရှောင် ပြုံးလိုက်မိကာ-"ညီမလေးတို့က ကပ်စေးမနှဲတတ်ပါဘူးနော်"

ပိုင်ချဲ့ သူမအား မျက်တောင်ခတ်ပြလိုက်ပြီး..."အဲတာက အရေးမကြီးဘူး အကိုတို့မိသားစုရဲ့အဘိုးကြီးနဲ့အဘွားကြီးက ယွီမိသားစုရဲ့ အဘိုးကြီးနဲ့အဘွားကြီးကို မျက်စိကျနေတာကြာပြီဆိုတာ ညီမလေးသိပါတယ်။ သူတို့က ညီမလေးရဲ့ဝိုင်ကို အောင်ပွဲခံဖို့ စောင့်နေတာ"

ပိုင်ရှောင် ထိုစကားကြောင့် မသိမသာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။

"ညီမလေး ဘယ်လိုလုပ်ရမလဲ?"

ပိုင်ချဲ့ မျက်ခုံးပင့်ပြလျက်-"ဒါကို ယွီယိ ဖြေရှင်းရမှာပေါ့။ ညီမလေး သူ့ကို စိတ်မပူပါနဲ့"

_____________________________________________

All Chapters