← Chapters

Chapter 39

Vol. 4 Ch. 39

Chapter 39

Vol. 4 Ch. 39

မိဘမဲ့ဂေဟာမှ ပြန်လာပြီးနောက် ယွီယိ ထန်းမီနှင့်အတူ နေ့လယ်စာစားရန် တရုတ်စားသောက်ဆိုင်သို့ ဝင်ခဲ့ကြသည်။

ဆိုင်အပြင်အဆင်သည် ရှေးကျကာ သီးသန့်ခန်းတွင် သေးငယ်သည့် ကျောက်တုံးကျောက်စိုင်လေးများဖြင့် ပြုလုပ်ထားသည့် ကြမ်းခင်းများနှင့်ပင်။ ယွီယိ ဟင်းပွဲမှာပြီးနောက် ထန်းမီအား မေးမြန်းလိုက်သည်။

"ပိုင်ရှောင်ကို ကိတ်မုန့်ဖုတ်နည်း သင်ပေးနေတုန်းပဲလား?"

ထန်းမီ ခေါင်းညိတ်ပြ၍..."အင်း သူက သင်တန်းခအများကြီးပေးတော့။ ကျွန်မ မုန့်ဆိုင်ဖွင့်ဖို့ ပိုက်ဆံစုလို့ရတယ်!"

ထန်းမီ ပြောပြီးမှ ရုတ်တရက် သတိရသွားတော့သည်။

'အိုး မဖြစ်ဘူး။ ဘော့စ်ရှေ့‌မှာ အလုပ်ပြောင်းချင်တယ်လို့ ပြောမိပြီ!'

သူမ ယွီယိအား အကဲခတ်လိုက်သော်လည်း သူ့မျက်နှာသည် မကြည်မလင်ဖြစ်နေတာမျိုး မဟုတ်ချေ။

"မင်း မုန့်ဆိုင်ဖွင့်ချင်တာကို လော့ဟောက်ဆီက ကြားပြီးပြီ။ အိမ်မက်တစ်ခုရှိတာ ကောင်းတဲ့အရာပဲ"

ထန်းမီ မျက်တောင်ခတ်မိလိုက်၏။

"အဲလိုလား?"

"ယွီကုမ္ပဏီရဲ့ ဥက္ကဌဆိုတော့ ဝန်ထမ်းကောင်းကို မဆုံးရှုံးချင်ပေမဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်ဝန်ထမ်းတိုးတက်မှာကို မကန့်သတ်ချင်ဘူး။ ကိုယ့်‌မိန်းကလေးဆို ပိုတောင်မလုပ်ချင်ဘူး"

ထန်းမီပြုံး၍ သူ့အားငြိမ်သက်စွာ ငေးကြည့်နေလိုက်သည်။

ယွီယိ ထပ်၍ပြောလာ၏။

"ပိုင်ချဲ့ကို ကိုယ်တို့အကြောင်း ပြောပြပြီးပြီ။ အခုချိန်ဆို ပိုင်ရှောင်လည်းသိလောက်ပြီ"

ထန်းမီ မျက်လုံးများလှုပ်ရှားသွားကာ အတော်အတန်ကြာအောင် အတွေးလွန်နေခဲ့သည်။

"သူ ရှင့်ကို ကြိုက်လား?"

ယွီယိ တွေးဆဆဖြင့် ပြောလာ၏။

"ကိုယ့်မိဘတွေက သူကကိုယ့်အတွက် အကောင်းဆုံးမိန်းမလို့တွေးထားတာ ဒါပေမဲ့ ကိုယ်မင်းကို ပြောပြဖူးသလိုပဲ။ ကိုယ့်အိမ်ထောင်ရေးက ကိုယ့်စီးပွားရေးအတွက် အပေးအယူလုပ်စရာ မဟုတ်ဘူး။ သူလည်း ကိုယ့်သဘောကို နားလည်လောက်မှာပါ။"

သူ ထိုနေရာတွင် ရပ်လိုက်ပြီးမှ ဆက်ပြောလာသည်။

"မင်း သူနဲ့ဆို မသက်မသာဖြစ်မှာစိုးလို့ပါ။ အဲတာကြောင့် သူ့ကို ဆက်ပြီး မသင်ပေးနိုင်ရင် ကိုယ် ဒါကိုပါ ထည့်တွက်ပြီး မင်းလစာထဲတိုးပေးမယ်။"

ထန်းမီ ကြောင်တောင်တောင်လေး ဖြစ်သွားတော့၏။

"ကျွန်မကို လစာတိုးပေးမယ်လို့ ပြောလိုက်တာလား?"

"အင်း"

"အကြောင်းရင်းက?"

ယွီယိ သဘာဝကျကျလေး ပြန်မေးလာလေသည်။

"ကိုယ့်ဝန်ထမ်းတွေကို လစာတိုးပေးတာ အကြောင်းရင်းလိုလို့လား?"

ထန်းမီ : "....."

'သူက အာဏာရှင်ကြီးပဲ'

သူမ ယွီယိအား ပုခုံးတွန့်ပြလိုက်ကာ-"တကယ်တော့ ကျွန်မမှာပြဿနာမရှိပေမဲ့ ပိုင်ရှောင်ကတော့ ကျွန်မကို ဆက်သင်ခိုင်းမှာ မဟုတ်လောက်ဘူး။ ကျွန်မသူ့ကို နောက်မှဆက်သွယ်လိုက်မယ် တကယ်အလုပ်ဖြုတ်လိုက်ရင်လည်း....ရှင်အလျော်ပေးစရာမလိုပါဘူးနော်။ အခုရတဲ့လစာနဲ့တင်ကို လိပ်ပြာမလုံဖြစ်နေပြီ။"

ယွီယိ စိတ်ရှုပ်ထွေးသွားတဲ့ပုံပင်။

"ဘာကို ဆိုလိုတာလဲ?"

"ရှင်တကယ်မသိဘူးလား? ကျွန်မရဲ့လစာက လတိုင်း မြင့်မြင့်လာသလိုပဲ"

ယွီယိ ခေါင်းငုံ့ကာ ရှေးကျကျ လက်ဖက်ရည်ခွက်အား ကောက်ယူရင်း မော့ချလိုက်၏။

ထန်းမီ သူ့အား စောင်းကြည့်လိုက်တော့သည်။

"ရှင်တိတ်တိတ်လေး ကျွန်မ လစာတွေကို လတိုင်း တိုးပေးနေတာမလား?"

ယွီယိ ခပ်တည်တည်ပင် ဗြောင်လိမ်လိုက်၏။

"ဘယ်ကသာ? မင်းရဲ့လစဉ်ဘောနပ်စ် တိုးလာတာပဲ ဖြစ်မှာပေါ့"

ထန်းမီ သူ့အားကြည့်ကာ ပြုံး၍ခေါင်းတညိမ့်ညိမ့် လုပ်လိုက်တော့သည်။ ဝိတ်တာလေး ဟင်းပွဲများ လာချပေးစဉ် သူတို့နှစ်ယောက်၏စကားဝိုင်းလည်း အပြီးသတ်သွားလေ၏။

နေ့လယ်၂နာရီထိုးမှ စားသောက်ပြီးကြကာ နှစ်ယောက်သား ခဏလျှောက်လည်ကြပြီးနောက် ကုမ္ပဏီသို့ ပြန်လာခဲ့ကြသည်။ ထန်းမီကတော့ မနက်က ကလေးများအား ကွတ်ကီးလုပ်နည်းသင်ပေးခဲ့ပြီး ချွေးများဖြင့်စိုရွှဲနေတာကြောင့် အိမ်ကိုသာ တန်းတန်းမတ်မတ် ပြန်ခဲ့၏။ သူမ ရေချိုးပြီးနောက် အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

သူမနိုးလာချိန်တွင် ဖုရှင်းလည်း အလုပ်က ပြန်ရောက်နေပြီဖြစ်သည်။ ထန်းမီ ညအိပ်ဝတ်စုံကြီးဖြင့် ဧည့်ခန်းထဲသို့ ဝင်လာချိန်တွင် ဖုရှင်း မျက်မှောင်ကြုတ်ကာ ပွစိပွစိဖြင့် ဆူလိုက်လေ၏။

"ထန်းမီ နင်အပျင်းကြီးလာတယ်သိလား! ဟင်းလည်းမချက်ထားဘူး!"

ထန်းမီ အပြစ်ကင်းစင်ဟန် မျက်နှာလေးဖြင့် မျက်တောင်များ ပုတ်ခတ်ပြလိုက်ပြီး..."နင်ပြန်ရောက်ရင် ညစာဝယ်ကျွေးမှာကို စောင့်နေတာ"

ဖုရှင်း ထအော်လိုက်တော့သည်။

"ငါက ဘာကိစ္စ ညစာဝယ်ကျွေးရမှာ?!"

ထန်းမီ : "ဘာလို့လဲဆိုတော့ နင်ယွီယိကို အင်တာဗျူးလို့ရအောင် ကူညီပေးထားလို့လေ"

ဖုရှင်း၏တစ်ကိုယ်လုံး တောင့်ခဲသွားကာ လက်အားစလိုးမိုးရှင်းဖြင့် မြှောက်၍ ထန်းမီပခုံးပေါ်တင်လိုက်လေ၏။

"နင် ဘာပြောလိုက်တာလဲ?"

"ယွီယိက နင့်အင်တာဗျုးကို ဖြေပေးမယ်တဲ့။ ဒါပေမဲ့ အကြာကြီးတော့မရဘူး အချိန်စီစဉ်ပြီးရင် ငါ့ကို ဆက်သွယ်လိုက်မယ်တဲ့"

"အဲတာ တကယ်လား? ငါ့ကို မြန်မြန် ဆိတ်လိုက်စမ်းပါ!"

ဒီလိုတောင်းဆိုမှုမျိုးသည် ထန်းမီ့ အကြိုက်ဆုံးဖြစ်တာကြောင့် သူမ ဖုရှင်းစိတ်မပြောင်းခင် အလျင်အမြန်ပင် လက်မြှောက်လိုက်ကာ သူမ၏ဖြူစွတ်စွတ်ပါးပြင်ကြီးအား အားရပါးရ ဆွဲဆိတ်လိုက်တော့၏။

"အားးး!"

ဖုရှင်း မျက်ရည်လည်ရွဲဖြင့် ပါးအားလက်ဖြင့်အုပ်ကိုင်လိုက်လေသည်။

"နင်အရမ်းကြမ်းတာပဲ! ငါ့အကြွေးရှင်တွေတောင် ငါ့ကိုအော်ပဲ အော်တာ ဒီလို‌မဆက်ဆံဘူး!"

"ပိုနာလေ ပိုစစ်လေ။ ဘာစားမှာလဲ စဉ်းစားထား"

အင်တာဗျူးအကြောင်းအားတွေးမိရင်း ဖုရှင်းနာတာများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကာ ညာဘက်လက်ဖြင့် ထန်းမီလက်အား ချိတ်လိုက်၏။

"ကျွန်မက သိပ်မကြာခင်မှာ ချမ်းသာတဲ့အလှလေးစာရင်းဝင်တော့မှာလေ။ အောက်ထပ်က ကျောက်ပုစွန်အစပ်ဆိုင်ကို သွားကြမယ်!"

ထန်းမီ မချိမဆံ့ပြုံး ပြုံးလိုက်ရင်း..."ချမ်းသာတဲ့အလှလေးက ဒါမျိုးစားလို့လား?"

ဖုရှင်း : "ကျောက်ပုစွန်အစပ်ကို အထင်သေးရဲတယ်ပေါ့! ငါ အကြွေးဆပ်ရတဲ့အချိန်ဆို ကျောက်ပုစွန်ဘယ်လောက်စားချင်လဲဆိုတာ နင်သိပါတယ်!"

ထို့နောက် ထန်းမီ လက်မြှောက်ကာ အိပ်ခန်းဆီသို့ ပြန်ဝင်၍ အဝတ်လဲဖို့ပြင်လိုက်လျှင် ဖုရှင်း သူမ၏အိပ်ခန်းတံခါး‌ဝအထိ လိုက်လာပြီး စပ်စုခြင်းအမှုစတင်လေတော့၏။

"ထန်းမီ လူကြီးမင်းယွီက ဘယ်လိုဖြစ်ပြီး နင့်ကို အင်တာဗျူးခွင့်ပေးလိုက်တာလဲ?"

မေးပြီးနောက် သူမဘာသာသူမ ပြန်ဖြေလိုက်၏။

"အိုး မဟုတ်ပါဘူး။ ငါအရမ်းလှလို့ လူကြီးမင်းယွီ လက်ခံလိုက်တာနေမှာ"

ထန်းမီ : "......."

ကျောက်ပုဇွန်အစပ်စားရမည့် အခြေအနေလေးအား မထိခိုက်စေဖို့အတွက် ထန်းမီ သူမနှင့်ယွီယိတို့၏ ဆက်ဆံရေးအား ဖုရှင်းကို နောက်ရက်မှပြောပြဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

**********

သုံးရက်ကြာပြီးနောက် လော့ဟောက် ထန်းမီအား ဆက်သွယ်လာကာ အင်တာဗျုးရက် ချိန်းဆိုပြီး‌ကြောင်းနှင့် မိနစ်၂၀သာရကြောင်း ပြောပြလာသည်။

ထိုမိနစ်၂၀သည် တမူထူးခြားတော့မည့် ကံကြမ္မာပါလာပုံပင်။

ဖုရှင်း ကင်မရာတစ်လုံးအားကိုင်ကာ ယွီကျီအဆောက်အအုံအောက်ခြေတွင် မားမားမတ်မတ်ရပ်နေရင်း သူမကိုယ်သူမ အားပေးစကားပြောနေ၏။

သူမ ဂိတ်ပေါက်ဝဆီသို့ စစ်မြေပြင်သွားနေရသည့်

စစ်သည်တစ်ယောက်သဖွယ် တစ်လှမ်းချင်းလျှောက်နေရင်း ဂိတ်စောင့်လုံခြုံရေး တားဆီးတာကို ခံလိုက်ရလေသည်။

"မင်း ဘာလုပ်နေတာလဲ?"

လုံခြုံရေးဝန်ထမ်းသည် သူမအား သေချာစိုက်ကြည့်နေ၏။

ဖုရှင်း လက်ထဲမှကင်မရာအား မြှောက်ပြကာ မာန်ပါပါဖြင့် ပြန်ဖြေလိုက်သည်။

"လူကြီးမင်းယွီကို အင်တာဗျူးဖို့လာတာ!"

"လူကြီးမင်းယွီကို အင်တာဗျူးမယ်? ချိန်းဆိုထားလား?"

"ဒါပေါ့!"

"ဒါဆို ဘာလို့ ငါတို့‌တွေ သတိပေးချက် မရတာလဲ?"

"ရှင်တို့ အလုပ်သေချာမလုပ်လို့ပေါ့။ ဘာကိစ္စ ကျွန်မကို လာမေးနေတာလဲ!"

လုံခြုံရေးဝန်ထမ်းသည် ပြုံးပြကာ ဖုရှင်းအား ထိုနေရာတွင်ပဲ ခဏစောင့်ခိုင်းထားပြီး ဖုန်းဆက် မေးမြန်းကြည့်တော့သည်။ ဖုရှင်း စိုးရိမ်တကြီးဖြင့် ကြည့်နေကာ သူဖုန်းချလိုက်သည်နှင့် တန်းမေးလိုက်၏။

"ဘာတဲ့လဲ? ကျွန်မသွားလို့ရပြီလား?"

လုံခြုံရေးဝန်ထမ်း : "စီအီးအိုယွီရဲ့အတွင်းရေးမှူးပြောတာတော့ အင်တာဗျူးအတွက် ဘာချိန်းဆိုထားတာမှ မရှိဘူးတဲ့"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

ဖုရှင်း သတိလက်လွတ်ဖြင့် အသံကျယ်ကျယ် ပြောမိသွားလေသည်။

"ရှင်တို့ စီအီးအိုကိုယ်တိုင် ကတိပေးထားတာလေ!"

လုံခြုံရေးဝန်ထမ်း သူမ၏ဒေါကန်နေသည့်ပုံစံအား ကြည့်၍ ပြန်ရန်တွေ့လာသည်။

"ကလေးမ နေ့တိုင်းမီဒီယာတွေက စီအီးအိုယွီကို အင်တာဗျူးချင်နေတာ ငါတို့ကိုလွယ်ကူတယ်လို့ ထင်နေတာပဲ မင်းဒီမှာငါးလာမျှားဖို့ မကြိုးစားနဲ့!"

ဖုရှင်း : "....."

သူမဝင်ပေါက်၌ ကင်မရာကိုင်၍ ရပ်နေပြီးနောက် အထဲသို့အမြန်ပြေးဝင်လိုက်တော့သည်။ လုံခြုံရေးဝန်ထမ်း အမြန်ပင် တားလိုက်သော်လည်း ဖုရှင်းတစ်ယောက် မရမက တိုးဝင်ဖို့ ကြိုးစားနေ၏။

"ကျွန်မကို သွားခွင့်ပေးပါ! ကျွန်မ ချိန်းထားတယ်! ရှင့်အမှားတစ်ခုက မိန်းကလေးတစ်ယောက်ရဲ့ ဝိညာဉ်နဲ့ဘဝကို ပျက်စီးသွားစေနိုင်တယ် သိလား!"

အော်ဟစ်ပူညံသံများသည် နားထဲသို့ပဲ့တင်ရိုက်ခတ်နေတာကြောင့် လုံခြုံရေးဝန်ထမ်းလည်း တကယ်ကြီး ပြန်လည်သုံးသပ်မိသွားတော့၏။

"ဘာလဲ?"

ထိုစဥ် ယောက်ျားတစ်ယောက်၏အသံသည် ရုတ်တရက်ထွက်ပေါ်လာကာ ထိုအသံသည် သိသာထင်ရှားစွာ စိတ်ရူပ်နေသော်လည်း အရမ်းချိုသာလွန်းနေသည်။

ဖုရှင်းနှင့်လုံခြုံရေးဝန်ထမ်းတို့ ရပ်တန့်သွားကြကာ လုံခြုံရေးဝန်ထမ်းသည် ထိုလူအား အသက်ကယ်လှေတစ်စင်းလို အားကိုးတကြီး ကြည့်လိုက်တော့၏။

"လက်ထောက်လော့ ဒီမိန်းကလေးက အတင်းဝင်ပြီး စီအီးအိုယွီကို အင်တာဗျူးမယ် လုပ်နေတာ တားလို့လည်းမရဘူး!"

လော့ဟောက် လုံခြုံရေးဝန်ထမ်းဘေးရှိ မိန်းကလေးအား တစ်ချက်ကြည့်လိုက်၏။ ခုဏက အငြင်းပွားမှုကြောင့် သူမ၏မျက်နှာဝိုင်းဝိုင်းလေးသည် နီရဲနေကာ အနီရောင်ပန်းသီးလေးနှင့်တောင် တူနေလေသည်။

"မင်းက ဖုရှင်းလား?"

ဖုရှင်း သတိကပ်သွားကာ သူမ၏ရှုပ်ပွနေသည့်ဆံပင်အား ပြင်လိုက်ရင်း..."ကျွန်မပါ။ ကျွန် မချိန်းဆိုထားပါတယ်။ ဒါပေမဲ့ သူက မဟုတ်ဘူးပဲ ပြောနေတာ"

လော့ဟောက် အကြည့်များ လုံခြုံရေးဝန်ထမ်းဆီရောက်သွား၏။

"သူချိန်းဆိုထားတယ်။ ငါကိုယ်တိုင် ချိန်းဆိုချက်တင်ပေးထားတာ အတွင်းရေးမှူး အမှားလုပ်မိတာနေမယ်။"

"အိုး ဒီဘက်ပါ"

လုံခြုံရေးဝန်ထမ်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဖုရှင်းဘက်လှည့်ကာ-"တောင်းပန်ပါတယ် မိန်းကလေး မင်းရဲ့စိတ်ဝိညာဉ်ကို သတ်မိတော့မလို့"

ဖုရှင်း : "....."

ဖုရှင်း မာနတစ်ခွဲသားဖြင့် ဆံပင်ခါကာနှာမှုတ်ရင်း ခေါင်းမော့ရင်ကော့ ဝင်သွားလိုက်တော့သည်။

လော့ဟောက် သူမအားလမ်းပြပေး၏။ သူတို့ဥက္ကဌရုံးခန်းဆီသွားသည့် ဓာတ်လှေကားထဲသို့ ဝင်ပြီးနောက် ဖုရှင်း သူ့အားကြည့်ကာ မေးလာခဲ့သည်။

"ရှင်က စီအီးအိုယွီရဲ့လက်ထောက်လား?"

လော့ဟောက် ပြုံး၍..."ဟုတ်ပါတယ် ခုဏက ကိစ္စအတွက် ရှက်မိပါတယ်"

"ဘာမှမဖြစ်ပါဘူး ကျွန်မရဲ့အကြီးမားဆုံး အားနည်းချက်က အရမ်းကြင်နာတတ်တာပါ"

လော့ဟောက် ဘာမှမပြောဘဲ တခစ်ခစ်ရယ်လိုက်ပြီး ဓာတ်လှေကားတံခါးလည်း ပွင့်ဟလာ၏။ ဓါတ်လှေကားသည် အတွင်းရေးမှူးရုံးခန်းနှင့် မျက်နှာချင်းဆိုင်ထားတာပင်။

အတွင်းရေးမှူး လော့ဟောက်အား တွေ့သည်နှင့် ယဉ်‌ယဥ်ကျေးကျေး နှုတ်ဆက်လာ၏။

"မင်္ဂလာပါ လက်ထောက်လော့"

လော့ဟောက် ခေါင်းညိတ်ပြ၍ ရှေ့သို့လျှောက်လာရင်း အသိပေးလိုက်သည်။

"ဒီနေ့ စီအီးအိုယွီမှာ အင်တာဗျူးအတွက် ချိန်းဆိုထားတာရှိတယ်။ ကျွန်တော်စန်းလန်ကို ပြောပြီးသားဆိုတာ သိတယ်မလား?"

အတွင်းရေးမှူး ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် သူ့အား ရှက်ရွံ့စွာ ကြည့်လာတော့၏။

"တောင်းပန်ပါတယ်။ အလုပ်လွှဲယူတုန်းက ကျန်သွားတာဖြစ်မယ်။"

လော့ဟောက် : "နောက်နောင် အဲလိုထပ်မဖြစ်စေနဲ့ ဂရုစိုက်"

"ဟုတ်ကဲ့ တကယ်တောင်းပန်ပါတယ်။"

အဖြစ်အပျက်တစ်ခုလုံးအား မြင်လိုက်ရပြီးနောက် ဖုရှင်း၏မျက်လုံးများ ကြယ်လိုတောက်ပ သွားတော့သည်။

'စီအီးအိုယွီရဲ့လက်ထောက်တောင် ဒီလောက်ချောတာ စီအီးအိုယွီ‌ဆို မိုးပျံနေအောင် ချောမှာမလား?'

လော့ဟောက်နှင့်အတွင်းရေးမှူးတို့ ခဏစကားပြောနေကြပြီးနောက် သူဖုရှင်းဘက် လှည့်လာကာ-"စီအီးအိုယွီရဲ့ရုံးခန်းက ဟိုဘက်မှာပါ ကျွန်တော် အဲကိုခေါ်သွားပေးမယ်"

"ဟုတ် ကျေးဇူးပါ!"

ဖုရှင်း အနောက်မှလိုက်သွားကာ အတွင်းရေးမှုးကတော့ စီအီးအိုဆီ အချိန်မီ ဖုန်းဆက်၍ အင်တာဗျူးလာသည့် သတင်းထောက်ရောက်ပြီ ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။

လော့ဟောက် ဖုရှင်းအား ရုံးခန်းထဲသို့လိုက်ပို့ပေးပြီးနောက် ပြန်ထွက်လာ၏။ မထွက်ခင် သူမအား ကြာချိန် မိနစ်၂၀ပဲ ရကြောင်း သတိပေးဖို့ မမေ့လျော့ခဲ့ပေ။

ဖုရှင်း စိတ်လှုပ်ရှားလွန်းသဖြင့် ယွီယိ၏ဆန့်ကျင့်ဘက်ခြမ်းကိုသာ ကြည့်နေမိ၏။ ယွီယိ သူမအား အလျင်လိုစေခြင်း မရှိချေ။

"စီအီးအိုယွီ ကျွန်မကဖုရှင်းပါ။ ကျွန်မတို့မဂ္ဂဇင်းရဲ့ အင်တာဗျူးကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!"

ယွီယိ ခေါင်းညိတ်ပြရင်း..."မင်္ဂလာပါ အချိန်ကန့်သတ်ထားလို့ မေးစရာရှိတဲ့ မေးခွန်းတွေကို မြန်မြန်မေးပေးပါ"

ဖုရှင်း သူ့စကားကိုလိုက်၍ ဘာမှတွေး‌မနေဘဲ မေးချလိုက်တော့သည်။

"တဆိတ်လောက်ပါ။ စီအီးအိုယွီ ရှင့်မှာချစ်သူရှိလား?"

ယွီယိ မသိမသာခေါင်းမော့လာကာ သူမအားကြည့်၍..."ရှိတယ်.."

ထိုအဖြေသည် ဖုရှင်းမျှော်မှန်းထားသည်ထက် ကျော်လွန်နေချေပြီ။ ယွီယိကိုတွေ့ရသည့် ဖုရှင်း၏ပျော်ရွှင်မှုနှင့်စိတ်လှုပ်ရှားမှုအားလုံး ပျောက်ကွယ်သွားကာ ကမ္ဘာကြီး ပြိုလဲသွားသလို ဖြစ်သွားရတော့၏။

'ယွီယိမှာ ချစ်သူရှိတယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဒါလုံးဝမဖြစ်နိုင်ဘူး! ယွီယိ နောက်နေတာပဲ ဖြစ်ရမယ်!'

ဖုရှင်း ပြာယာခတ်သွားကာ ထပ်မေးလိုက်လေလျှင်..။

"ရှင့်ချစ်သူက ဘယ်သူလဲ?"

"ထန်းမီ"

_____________________________________________

All Chapters