Chapter 40
Vol. 4 Ch. 40
ဖုရှင်း ထန်းမီနှင့်သိလာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ဒါပထမဆုံးအကြိမ် "ထန်းမီ"ဆိုတဲ့ စကားလုံးတွင် မှော်စွမ်းအားများရှိနေသည်ဟု ထင်မိခြင်းဖြစ်သည်။
မိနစ်တစ်ဝက်လောက် ရှော့ခ်ရနေပြီးနောက်တွင် သူမပါးစပ်အား မနည်းအားယူ၍ ဖွင့်လိုက်ရတော့၏။
"ထန်းမီဆိုတာ ကျွန်မသိတဲ့ ထန်းမီလား?"
ယွီယိ : "မင်းရဲ့အခန်းဖော်ကို ပြောနေတာ သူ့ကြောင့် ဒီအင်တာဗျူးကို လက်ခံပေးတာ"
ဖုရှင်း၏ ပြိုလဲနေသည့်ကမ္ဘာကြီး လေဒဏ်မိုးဒဏ်များကြောင့် ပြောင်သလင်းခါသွားသလို ခံစားလိုက်ရသည်။
ယွီယိ သူမ ဘာမှမပြောသည်ကိုတွေ့တော့ သူကပဲ ဆက်၍ပြောလိုက်၏။
"ငါသိသလောက်ဆို မင်းရဲ့မဂ္ဂဇင်းက ဖျော်ဖြေရေးပိုင်းကမဟုတ်ဘူး> အင်တာဗျူးချိန် သတ်မှတ်ထားတာမို့ လိုရင်းကိုပဲသွားရအောင်"
".....အိုး အဓိကအကြောင်းအရာ"
ဖုရှင်း အသံမှတ်တမ်းယူသည့်ကိရိယာနှင့် ဘောပင်စာအုပ်တို့ထုတ်၍ ကြိုတင်ပြင်ဆင်လာသည့် မေးခွန်းများအား မေးမြန်းပြောဆိုခဲ့သည်။
"ဒီနှစ် လူကြီးမင်းယွီမှာ အစီအစဉ်ကြီးတွေ ရှိပါသလား?"
ယွီယိ ခဏစဉ်းစားပြီးနောက် ပြန်ဖြေလာ၏။
"ဒီနှစ်ရဲ့ဒုတိယပိုင်းမှာ အရေးကြီးဆုံးပရောဂျက်က ကြယ်ရောင်ပလာဇာရဲ့ အချိုပွဲတိုင်းပြည်စီမံကိန်းပါ။"
ဖုရှင်း ကြောင်အသွားကာ-"အချိုပွဲတိုင်းပြည်?"
"ဟုတ်တယ်။ ယွီလုပ်ငန်းစုက ကြယ်ရောင်ပလာဇာမှာ အချိုပွဲအတွက် နေရာတစ်ခုဆောက်ပြီး နိုင်ငံအသီးသီးက အချိုပွဲတွေကိုရောင်းမယ်။ အခုအလှဆင်တာလည်း အကြမ်းပြီးသွားပြီမို့ ဒီနှစ်ကုန်ကျရင်အကောင်အထည်ဖော်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။"
အသံဖမ်းကိရိယာအား ကိုင်ထားသည့် ဖုရှင်း၏လက်သည် အနည်းငယ် လှုပ်ခါနေသည်။
'ဒါ ဒါက....တရားဝင်မကြေညာရသေးတဲ့ သတင်းဖြစ်မယ့်ပုံပဲ! ကြယ်ရောင်ပလာဇာက ပြန်ပြုပြင်နေတုန်းရှိသေးပေမဲ့ သတင်းတွေကို သေချာထိန်းသိမ်းထားလို့ အပြင်လောကက ဘာလို့ပြန်အလှဆင်နေလဲ မသိကြသေးဘူး!'
'ဒါတကယ်သတင်းထူးပဲ! ပြီးတော့ သတင်းကြီးတောင် ဖြစ်လာမှာ!'
'ဟေး နေပါဦး ယွီယိရဲ့အချစ်ရေးက ပိုသတင်းကြီးတယ်မလား?'
မကြာသေးခင်ကမှ ဖိနှိပ်ခံထားရသည့် ဖုရှင်း၏နှလုံးသားလေး မြန်မြန်ဆန်ဆန် ပြန်ကောင်းလာလေသည်။
"ယွီအချိုပွဲတိုင်းပြည်စီမံကိန်းက ငါတို့အတွက် ထိပ်တန်းဦးစားပေးပဲ မင်းကို အထူးသီးသန့်သတင်းကြီး ပေးပြီးပြီ။ ဒီတော့ ငါ့ကိုယ်ရေးကိုယ်တာအကြောင်းကိုတော့ မင်းတို့မဂ္ဂဇင်းထဲမှာ တစ်လုံးမှမမြင်ချင်ဘူး။"
ယွီယိ၏အေးစက်စက်အသံသည် ဖုရှင်း၏စိတ်ကူးများကို ဖျက်ဆီးလိုက်တော့၏။ ဘယ်သူက နာမည်ကြီးတွေရဲ့အချစ်ရေးသတင်းထက် ဒီလိုတရားဝင်သတင်းမျိုးကို သိချင်မှာလဲဟု သူမ တွေးလိုက်မိသည်။
သို့သော် ထိုအတင်းအဖျင်း၏ဇာတ်လိုက်မသည် သူမ၏အခန်းဖော်ဖြစ်နေကာ ဇာတ်လိုက်ကတော့ အသည်းနှလုံးမရှိသည့် စီအီးအို ဖြစ်နေလေ၏။ သူမ ဘာမှမတတ်နိုင်တော့တဲ့ပုံပင်။
"စိတ်မပူပါနဲ့။ စီအီးအိုယွီ ရှင်ပြောသလိုပဲ ကျွန်မတို့ မဂ္ဂဇင်းက ဖျော်ဖြေရေးဂျာနယ်မဟုတ်လို့ အချစ်ရေးသတင်းတွေ မထုတ်ဝေပါဘူး!"
ဖုရှင်းသူ့အား စိတ်ချလက်ချဖြစ်အောင် ကတိထပ်ပေးလိုက်လေသည်။ သူမ လူကြီးမင်းယွီ၏ ကောလဟာလအား သတင်းမပို့ရင်တောင်မှ ကြယ်ရောင်ပလာဇာသတင်းသည် သူမ၏ရာထူးနှင့်လစာတိုးရန် လုံလောက်ပေသည်။
ပိုက်ဆံ၏ညှို့အားသည် သူမ၏ ဒဏ်ရာရနေသည့်နှလုံးသားလေးအား ကုစားလိုက်ပုံသည် စင်ဒရဲလားပုံပြင်ထဲမှ မှော်အစွမ်းကဲ့သို့ပင်။
၁၂နာရီထိုးပြီးနောက် ထိုအကျိုးအာနိသင်သည် ပျောက်ချင်းမလှ ပျောက်သွားရတော့သည်။ ဖုရှင်း ရုံးခန်းထဲမှ ထွက်လာပြီးနောက် သစ္စာဖောက်ခံရသည့် စိတ်စားချက်များ သူမရင်ထဲသို့ ထပ်မံရောက်ရှိလာပြန်၏။
'ထန်းမီ အဲမိန်းမ ဒီလိုအရာမျိုးကိုလျှိုထားရလား။ နည်းနည်းလေးတောင် မပြောပြဘူး!'
သူမ လျှောက်လမ်းပေါ်တွင် ငိုင်တိုင်တိုင်ကြီး ရပ်နေသည်ကို လော့ဟောက်တွေ့ကာ လှမ်းမေးလာလေသည်။
"ဘာဖြစ်လို့လဲ? အင်တာဗျူးက အဆင်မပြေခဲ့ဘူးလား?"
ဖုရှင်း မျက်နှာချင်းဆိုင်မှ စကားပြောလာသူအား မော့ကြည့်လိုက်ပြီးနောက် မျောက်များ သစ်ပင်ကို ဖက်သလိုမျိုး သူ့ခါးအား အတင်းဖက်တွယ်လိုက်တော့၏။
"ဗြဲ"
ထို့နောက် သူမ ငိုချလိုက်လေသည်။
"ငါ အချစ်ရှုံးပြန်ပြီ! ဒီတစ်ခါ ဖွင့်တောင်မပြောရသေးဘူး! ဘာလို့ ငါ့ဘဝက ခက်ခဲနေရတာလဲ!"
လော့ဟောက် : "....."
အတူလျှောက်လာနေသည့် အတွင်းရေးမှုး၂ယောက်သည်ပင် ပြုံးစစဖြင့်ကြည့်ရင်း သူတို့ဘေးမှ ဖြတ်သွားတော့သည်။
လော့ဟောက်ပြုံးကာ မနက်ဖြန်ကုမ္ပဏီမှာ သူ့ကောလဟာလပျံ့တော့မည်ကို ကြိုမြင်လိုက်ပြီး ဖုရှင်းအား ဘေးရှိဓာတ်လှေကားထဲသို့ ဆွဲခေါ်လိုက်၏။
"မိန်းကလေးဖုရဲ့ အချစ်ရှုံးတာကို ကျွန်တော်ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ အရင်ဆုံးကျွန်တော့်ကို လွှတ်လို့ရမလား?"
လော့ဟောက် ခံစားချက်များကိုဖုံးဖိ၍ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ ဖုရှင်း တရှုံ့ရှုံ့ငိုရင်း လော့ဟောက်အား မလွှတ်ပေးခင် နှာရည်များအား သူ့ပေါ်သုတ်မိခဲ့သည်။
လော့ဟောက် : "...."
သူ့အနောက်တိုင်းဝတ်စုံ၏ ကုတ်ပေါ်ရှိ အဖြူကွက်နှစ်ကွက်အား ငုံ့ကြည့်ကာ သူ သက်ပြင်းအရှည်ကြီး ချလိုက်မိတော့၏။ ထို့နောက်ဖုရှင်း ရှက်ရှက်ဖြင့် ပြုံးပြလိုက်လျှင်..."ကျွန်တော့် အနောက်တိုင်းဝတ်စုံက ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ချုပ်ထားတဲ့ဝတ်စုံဗျ။ မနက်ဖြန်ကျရင် ဘေလ်ပို့လိုက်ပါ့မယ်။"
ဖုရှင်း : "....."
'သူမတော်မဆ အကြွေးရှင်နောက်တစ်ယောက် တိုးမိလိုက်တာလား?!'
နောက်နေ့တွင် လော့ဟောက် တကယ်ကြီး သူမဆီအား ဘေလ်ပို့လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘေလ်ထဲတွင်ပါသည့် တင့်တယ်ထည်ဝါတဲ့ ဂဏန်း၅လုံးအားကြည့်ကာ ဖုရှင်း ထန်းမီအား တစ်ပတ်လုံး လျစ်လျူရှုထားမည်ဟု ကြုံးဝါးထားရာမှ ဘာမှမစဥ်းစားတော့ဘဲ ချက်ချင်း ဖုန်းကောက်ဆက်လိုက်တော့၏။
"လော့ဟောက်က ဘာလဲ? ငါသူ့ဝတ်စုံပေါ်မှာ နှာရည်လေးသုတ်မိရုံကို တကယ်ကြီး ငါ့ဆီ ဘေလ်ပို့လိုက်တယ်! ယောက်ျားကြီးဖြစ်ပြီး ကပ်စေးကုပ်လိုက်တာ!"
"ဟဲ့ သူ့ဝတ်စုံက ဈေးကြီးလို့နေမှာ....."
"ဘာပဲဖြစ်ဖြစ် စိတ်မဝင်စားဘူး အဲအကြွေးကို နင်ပေးရမှာ!"
ထန်းမီ မချိမသာပြုံးလိုက်ရင်း..."ဘာလို့?"
"နင်က ငါ့နှလုံးသားလေးကိုချေမွပြီး ငါတို့ခင်မင်မှုကို တက်နင်းလိုက်လို့လေ! မဟုတ်ရင် ငါ သူ့အဝတ်ပေါ်မှာ ဒီလိုမျက်ရည်တွေနှာရည်တွေ သုတ်မိမှာမဟုတ်ဘူး!"
ထန်းမီ ဆက်ပြုံးထားပြီး..."ဒါပေမဲ့ ယွီယိက နင့်ကို အထူးသတင်းပေးလိုက်တယ်လေ။ အချိုပွဲတိုင်းပြည်သတင်းက သေချာပေါက် ရီဗျူးကောင်းကောင်းရမှာ"
"အဲဒါကြောင့် နင့်ကို ပေးခိုင်းတာ လူကြီးမင်းယွီကို လျော်ပေးခိုင်းတာ မဟုတ်ဘူး!"
ထန်းမီ : "...."
ဖုရှင်း ဒေါသတကြီး ဖုန်းချသွားပြီးနောက် ထန်းမီ လော့ဟောက်ဆီ ဖုန်းဆက်ရတော့သည်။
ထန်းမီဆီမှ ဖုန်းဆက်လာတော့ လော့ဟောက် အံ့သြသွား၏။
"ထန်းမီ? စီအီးအိုယွီကို ရှာနေတာလား?"
"မဟုတ်ဘူး....."
ထန်းမီ ရှင်းပြလိုက်တော့သည်။
"လူကြီးမင်းလော့ ဖုရှင်းဆီ ဘေလ် ပို့ခဲ့တာလား?"
လော့ဟောက် နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ-"ဟုတ်တယ် သူ တိုင်ပြောလိုက်တာလား?"
"လူကြီးမင်းလော့ ဖုရှင်းအကြောင်း သိပ်သိလောက်မှာ မဟုတ်ဘူး။ သူ စီးပွားပျက်ပြီးတော့ အကြွေးအများကြီးတင်နေတာ သူအကြွေးနွံနစ်နေတာကို အခုအကြွေးသစ်ပါ ထပ်တင်လာတော့ အလွန်အကျွံအလုပ်တွေ လုပ်ရမှာစိုးလို့ပါ။"
လော့ဟောက် မျက်ခုံးပင့်လိုက်မိတော့၏။
"အဲဒီလိုရှိတာလား?"
"ဟုတ်တယ်။ ဟုတ်တယ် ဆိုတော့ ရှင်အကြွေးကို ဖြည်းဖြည်းမှယူလို့ရမလား? သူအခု စီအီးအိုယွီနဲ့အင်တာဗျူးရထားတော့ ရာထူးတိုးပြီး လစာလည်း တိုးလာလောက်လိမ့်မယ် အဲကျမှ ရှင်အကြွေးယူလို့ရပြီ။"
လော့ဟောက် ပြုံးမိလိုက်လေသည်။
"အင်း သိပြီ"
သူ ဖုန်းချလိုက်စဉ် ယွီယိလည်း အပြင်သို့ထွက်လာ၏။
"ဘာလဲ?"
"ဘာမှမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာကိစ္စလေးပါ"
ယွီယိ သူ့အားစိုက်ကြည့်၍ ဘာမှထပ်မမေးတော့ချေ။
"စားပွဲပေါ်က စာရွက်စာတမ်းတွေနဲ့ ကွန်ပျူတာကို ယူပြီးရင် ချိုမြိန်မြိန်အိမ်မက်ကို သွားမယ်"
လော့ဟောက် ကြောင်သွားကာ မေးခွန်းထုတ်လိုက်မိတော့သည်။
"ဘာအတွက်.....?"
"အဲမှာ အလုပ်လုပ်ဖို့"
လော့ဟောက် : "......"
'သူ ရောဂါထနေတာများလား?'
********
ယွီယိ ချိုမြိန်မြိန်အိမ်မက်၏ စီအီးအိုရုံးခန်းသို့ ပြောင်းရွှေ့ပြီးနောက် ဒါ သူ့ရဲ့အချစ်ကို ပြသဖို့ဆိုတာ လော့ဟောက် သဘောပေါက်သွားတော့သည်။
စားသောက်ဆိုင်တစ်ခုလုံး ဗြောင်းဆန်နေကာ အမျိုးသမီးဝန်ထမ်းအားလုံး ရုံးခန်းနားတွင်စု၍ ပိတ်ထားသည့်တံခါးအား စိုက်ကြည့်နေကြ၏။ ထိုအချိန် စားသောက်ဆိုင်မန်နေဂျာ ရောက်လာပြီး အားလုံးအား ပြုံးပြလိုက်တော့သည်။
"တံခါးက အရမ်းချောနေလို့လား?"
မန်နေဂျာကိုတွေ့တော့မှ ဝန်ထမ်းများ ပြန်သတိကပ်လာကြသော်လည်း ကိုယ့်နေရာကိုယ် ပြန်မသွားချင်ကြသေးကာ ရုံးခန်းတံခါးနားမှာပဲ ကပ်နေကြ၏။ ကြီးကြပ်သူယွီ လူစွမ်းကောင်းကြီးလုပ်ကာ ပြုံးပြုံးကြီးဖြင့် ရှေ့သို့လျှောက်လာလျှင် လူတိုင်းဆီမှ အကြည့်များသည် သူမထံ ရောက်ရှိလာလေသည်။
"စားသောက်ဆိုင်မန်နေဂျာ စီအီးအိုယွီက ရှေ့လျှောက် ဒီမှာအလုပ်ဆင်းမှာလား?"
စားသောက်ဆိုင်မန်နေဂျာ သူမအားကြည့်ကာ လေသံမြှင့်လိုက်၏။
"မင်းဝင်သွားပြီး စီအီးအိုယွီကို မေးလိုက်ပါလား?"
ကြီးကြပ်သူယွီ : "....."
'ကျွန်မ မမေးရဲဘူး။ ရှင်ပဲမေးလိုက် အိုခေ?'
စားသောက်ဆိုင်မန်နေဂျာ အားလုံးကိုမောင်းထုတ်လိုက်သဖြင့် သူတို့ကိုယ့်နေရာမှာကိုယ် အလုပ်ပြန်လုပ်ဖို့ ထွက်သွားကြတော့သည်။ စားသောက်ဆိုင်မန်နေဂျာ ယွီယိ၏ရုံးခန်းတံခါးအား ကြည့်ကာ ခိုးရယ်လိုက်ပြီးနောက် သူမရုံးခန်းထဲသို့ ဝင်သွားလိုက်၏။
ထန်းမီ ကိတ်မုန့်နှစ်ခုယူ၍ စီအီးအိုရုံးခန်းဆီသို့ မြန်မြန်သွက်သွက် လျှောက်လာနေစဥ် ကြီးကြပ်သူယွီ သူမအားမြင်သွားပြီး နောက်မှလိုက်လာလေသည်။
"ကိတ်အသစ်တွေ ပြဖို့ စီအီးအိုယွီဆီ သွားနေတာလား?"
"အင်း"
ထန်းမီ ခေါင်းပဲညိမ့်ပြလိုက်၏။
ကြီးကြပ်သူယွီ သူမအား လှမ်းဆွဲကာ မျက်လုံးများအားမှေးစင်းလိုက်ပြီး..."အခြေအနေကိုမေးဖို့ မမေ့နဲ့ဦး! စီအီးအိုယွီ ဘာတွေကြံနေလဲဆိုတာ သိအောင်လုပ်ခဲ့!"
ထန်းမီ မသက်မသာ ပြုံးလိုက်မိတော့သည်။
"စိတ်မရှိပါနဲ့။ ကျွန်မမှာရှင့်လို မွေးရာပါ ပါပါရာဇီအရည်အချင်းမျိုးမရှိဘူး။"
ကြီးကြပ်သူယွီ : "...."
'ဒါဆိုလည်း ကိတ်ကိုပေး ငါပဲ သွားမယ်!'
နှစ်ယောက်သား ရုံးခန်းတံခါးဆီသို့ အတူလာပြီးနောက် ကြီးကြပ်သူယွီ အရှေ့သို့ အမြန်ခြေလှမ်းလိုက်ကာ-"ငါ တံခါးခေါက်ပေးမယ်"
"ဝင်ခဲ့ပါ"
ယွီယိ၏အသံ သစ်သားတံခါးမှဖြတ်၍ ထွက်လာချိန် ကြီးကြပ်သူယွီ၏ခြေထောက်များ ပျော့ခွေသွားပြီး တံခါးအားမှီလိုက်ရ၏။
"အသံကအစ ဆက်စီကျလိုက်တာ"
ထန်းမီရယ်ပြီး သတိပေးလိုက်တော့သည်။
"တံခါးလေး ဖွင့်ပေးပါဦး"
ကြီးကြပ်သူယွီ တံခါးဖွင့်ပေးပြီးနောက် ထန်းမီဝင်သွားကာ တံခါးသည် သူမအရှေ့တွင်ပဲ ပြန်ပိတ်သွားလေ၏။
သူမ 'ပစ်ပယ်ခံလိုက်ရသည့် အောင်သွယ်တော်'လိုမျိုး ခံစားရလိုက်တော့သည်။ လော့ဟောက်နှင့်ယွီယိတို့ ရုံးခန်းထဲတွင်ရှိနေကာ ထန်းမီလက်ထဲမှ ကိတ်များအား မြင်တော့ မေးလိုက်လေ၏။
"ကိတ်အသစ်တွေလား?"
ထန်းမီ ခေါင်းညိတ်ပြ၍ ကိတ်အသစ်နှစ်ခုအား စားပွဲပေါ်တင်လိုက်သည်။
"ရေခဲမုန့်ကိတ်ကို အရသာသစ်နှစ်မျိုးထုတ်ဖို့ မန်နေဂျာနဲ့ဆွေးနွေးပြီးပြီ"
ယွီယိ တုံ့ပြန်လိုက်ပြီးနောက် စားပွဲပေါ်ရှိ ကိတ်လေးများအား ကြည့်ကာ-"ဒူးရင်းရှားလက် နဲ့ ချောကလက်ရှားလက်?"
"ဟုတ်တယ်။ အလယ်လွှာက အရသာနဲ့ကိုက်ညီတဲ့ ရေခဲမုန့် ကျွန်မ ကိုယ်တိုင်လုပ်ထားတာ"
ယွီယိ ခေါင်းညိတ်ပြလိုက်ပြီး ဇွန်းယူကာ မြည်းစမ်းကြည့်လိုက်တော့သည်။
"စားလို့ကောင်းတယ်။ နောက်ထပ် အရသာတွေလည်း လုပ်လို့ရတယ်"
"အိုး......"
ထန်းမီ နေရာတွင်ပဲ ရပ်မြဲရပ်နေကာ တစ်ခုခုပြောချင်သလို ကြည့်နေသော်လည်း ဘာမှမပြောချေ။ ယွီယိ သူမအား မော့ကြည့်၍ ညင်သာစွာ ပြုံးပြလိုက်တော့သည်။
"ဘာလို့လဲ? ကိုယ်ဘာလို့ ဒီကို ပြောင်းလာလဲ မေးချင်လို့လား?"
ထန်းမီ ပါးဖောင်းပြလိုက်ကာ ဘာမှမပြောသဖြင့် ယွီယိ ထိုင်ရာမှ ထရပ်လိုက်၏။
"ကိုယ်မင်းကို အချိန်မရွေးတွေ့ချင်လို့လေ"
ဘေးကနေ နှိပ်စက်ခံနေရသည့် လော့ဟောက် : "......."
ထန်းမီ၏ပါးလေးနှစ်ဖက် မသိမသာ နီရဲလာလေသည်။
"ရှင့်အလုပ်ကို မထိခိုက်ဘူးလား?"
ယွီယိ : "မထိခိုက်ပါဘူး။ ပြီးတော့ ယောက်ျားလေးဘက်ကစပြီး ခြေလှမ်းရမယ်လို့ မင်းပဲ ပြောခဲ့တယ်မလား?"
ထန်းမီ : "....."
'ဒါပေမဲ့ သူပြောခဲ့တဲ့ ပထမခြေလှမ်းက အရမ်းတက်ကြွလွန်းတာကိုပြောတာ မဟုတ်ဘူး! ပြီးတော့ ဘယ်လိုလုပ် အလုပ်ကို မထိခိုက်ဘဲနေမှာလဲ! အပြင်ဘက်က အမျိုးသမီးဝန်ထမ်းတွေတောင် ရူးမတတ် ဖြစ်နေပြီ!'
ယွီယိ သူမ၏ခန့်မှန်းလို့မရသည့် မျက်နှာအားကြည့်ကာ မျက်ခုံးများ ပင့်တက်သွားတော့သည်။
"မပျော်ဘူးလား?"
"ပျော်......."
"မင်းပျော်ရင်"
သူမ စကားမဆုံးခင်မှာပဲ ယွီယိ ဖြတ်ပြောလာ၏။
"ဒီနေ့ကိုယ်တို့ နေ့လယ်စာ အတူစားလို့ရတယ်"
ထန်းမီ : "....."
'ဒါဆိုရင်တော့ ဒီနေ့လယ်စာက သူ့ရဲ့နောက်ဆုံး နေ့လယ်စာဖြစ်မှာပဲ'
သို့သော် ယွီယိတစ်ယောက် သူမ၏ပူပန်မှုအား သတိမထားမိချေ။ ဝန်ထမ်းတွေ နေ့လယ်စာစားချိန်တွင် သူနှင့် လော့ဟောက်လည်း ပန်းကန်တစ်ချပ်စီယူပြီး စားသောက်ဆိုင်သို့ ဦးတည်လာခဲ့သည်။ ထိုစဥ် အတူထိုင်ပြီး နေ့လယ်စာစားနေကြသည့် ဝန်ထမ်းများ ငြိမ်ကျသွားကြကာ သူ့ဆီသို့လှမ်းကြည့်လာကြ၏။ အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ၏ မျက်လုံးများသည် တောက်ပနေကာ "ကျွန်မကိုရွေးပါ! ကျွန်မကိုရွေးပါ!" ဟုကြိတ်အော်နေသလိုပင်။
ထန်းမီ ပါးစပ်ထဲမှထမင်းအား မနည်းမျိုချကာ ယွီယိ ခပ်တည်တည်ရောက်လာပြီး သူမဘေးတွင် ထိုင်လိုက်သည်ကို ကြည့်နေမိတော့သည်။
သူတို့အနားတွင်ရှိသည့် အမျိုးသမီးဝန်ထမ်းများ တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်ကြကာ မျက်နှာထားများသည်လည်း အတန်းခေါင်းဆောင် အရွေးမခံလိုက်ရသည့် ဆုံးရှုံးမှုထက် ပိုပြီးဆုံးရှုံးနေသကဲ့သို့ပင်။
ထန်းမီ တူအားမလှုပ်မယှက် ကိုင်ထားလျှင် ယွီယိသူမဘက်သို့ လှည့်ကြည့်လာပြီး..."ကိုယ့်ကိုခွံ့ကျွေးစေချင်တာလား?"
____________________________________________