Chapter 41
Vol. 5 Ch. 41
ယွီယိ၏အသံသည် အရမ်းလည်း မကျယ်သလို အရမ်းလည်းမတိုးနေဘဲ အားလုံးကြားစေနိုင်ရုံလောက်သာဖြစ်သည်။
အခန်းထဲတွင် ရုတ်တရက် ထိုးကျသွားသည့်အပူချိန်သည် ထန်းမီ၏တူကိုင်ထားသည့် လက်များအား တုန်လှုပ်သွားစေကာ သူမခြောက်ကပ်ကပ်ဖြင့် ပြုံးပြလိုက်ရင်း..."စီအီးအိုယွီ ဟာသဉာဏ်ရွှင်တာပဲ"
"ကိုယ်နောက်နေတာ မဟုတ်ဘူးလေ"
ယွီယိ ခရမ်းချဉ်သီး အမဲသားကင်အား ဇွန်းအပြည့်ယူ၍ ထန်းမီ၏ပါးစပ်နားသို့ တိုးပေးလိုက်လေသည်။
"ဆော့စ်က ပျစ်နှစ်နေတာ စားလို့ကောင်းမှာပဲ"
ထန်းမီ : "......"
ဘေးမှာရှိသည့် အမျိုးသမီးဝန်ထမ်းများ၏ အကြည့်များသည် သူမထံစူးစိုက်ကျလာပြီး အမျိုးသားဝန်ထမ်းများကတော့ သူတို့အား အော်ပရာပြဇာတ်သဖွယ် စိတ်ဝင်တစားကြည့်နေကြ၏။
ထန်းမီ သူမဘေးရှိ ရေခွက်အားယူကာ သောက်ချလိုက်တော့သည်။
"ကျွန် မခရမ်းချဉ်သီးမကြိုက်လို့ စီအီးအိုယွီပဲ စားလိုက်ပါ"
ယွီယိ တိတ်ဆိတ်စွာ ဇွန်းကိုင်ထားပြီးနောက် ခရမ်းချဉ်သီး အမဲသားကင်အား သူ့ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။
"အင်း ဝန်ထမ်းတွေရဲ့အစားအသောက် အရည်အသွေးက မဆိုးဘူး"
ချီးကျူးခံလိုက်ရသည့် စားဖိုမှူးတစ်ယောက် ဂုဏ်ယူစွာ မတ်တပ်ရပ်လာသည်။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း ဆက်ကြိုးစားသွားပါ့မယ်!"
အမျိုးသမီးဝန်ထမ်းများ မျက်လုံးအားအသုံးပြုကာ အသံတိတ်စကားပြောလိုက်ကြ၏။
'စီအီးအိုယွီက ဝန်ထမ်းတွေကို ကျွေးတဲ့ အစားအသောက်ကို စစ်ဆေးဖို့ ရောက်လာတာလား?'
ယွီယိ ရှိနေတာကြောင့် ပုံမှန်စားသောက်ချိန်၌ တက်ကြွတတ်သူများတောင် ယခုတွင် အသံမထွက်ရဲကြချေ။ ဒီနေ့နေ့လယ်စာစားချိန်သည် တိတ်ဆိတ်နေလေသည်။ စားသောက်ပြီးနောက် သူရုံးခန်းသို့မပြန်ခင် နောက်ထပ်စကားတစ်ခွန်း ပြောဖြစ်အောင် ပြောခဲ့သေး၏။
"ထန်းမီ ရုံးခန်းကို လာခဲ့"
ထန်းမီ : "...."
ဒီလို "အတန်းပြီးရင် ရုံးခန်းကို လာခဲ့"ဆိုတဲ့ စကားမျိုးကြောင့် ထန်းမီ အလယ်တန်းတုန်းက ကျောင်းအုပ်ကြီးကိုတောင် သတိရမိသွားတော့သည်။ သူမ့လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်များတွင် တစ်ချို့သည် မနာလိုကြည့်ကြည့်နေကြပြီး တစ်ချို့ကတော့ သနားကြည့်ကြည့်နေကြကာ ထန်းမီတစ်ယောက် စီအီးအိုယွီ ရုံးခန်းဆီသို့ လွင့်မျောသွားသည့် တိမ်တိုက်လေးသဖွယ် ဝှီးခနဲ ရောက်သွား၏။
ယွီယိ အရှေ့တွင်ရှိနေသည့် လပ်တော့ပ်အား ကြည့်နေကာ ထန်းမီ ရောက်လာသည်ကိုမြင်တော့ သူမအား မျက်နှာချင်းဆိုင်တွင် ထိုင်ဖို့လက်ပြလိုက်သည်။ လော့ဟောက်ကတော့ နှိပ်စက်ခံ FAခွေး မဖြစ်ချင်တာကြောင့် အပြင်သို့ရှောင်ထွက်သွားလေ၏။
အခုအချိန်မှာတော့ လော့ဟောက် ချစ်ရေးချစ်ရာအတွက် လူတစ်ယောက်ကိုသာ အမြန်ဆုံး ရှာချင်မိတော့သည်။ မဟုတ်ရင် သူဆက် သည်းခံနိုင်မည်မဟုတ်ပေ။
လော့ဟောက် ထွက်သွားပြီးနောက် အခန်းထဲတွင် လူနှစ်ယောက်သာ ကျန်ခဲ့တော့၏။ ယွီယိဆီမှ စိတ်ဖိစီးစရာ အငွေ့အသက်များ အလွန်ပြင်းထန်နေတာကြောင့် ထန်းမီ နေရထိုင်ရခက်စွာ ဖင်တကြွကြွ ဖြစ်နေလေသည်။ ယွီယိ၏အကြည့်များသည်လည်း ကြည်လင်လန်းဆန်းနေခြင်း မရှိ။
"တစ်ခြားသူတွေကို ကိုယ်တို့ရဲ့ဆက်ဆံရေးအကြောင်း မသိစေချင်တာလား?"
ထန်းမီ၏နှလုံးသားလေး ထိပ်လန့်သွားတော့၏။
"မဟုတ်ပါဘူး။ ရှင့်ရဲ့အသိုင်းအဝိုင်းက တော်တော်ထူးခြားတော့ ကျွန်မပတ်ဝန်းကျင်က လူတွေကို ဘယ်လိုရင်ဆိုင်ရမလဲ မသိလို့ပါ "
သူမအား ကြည့်လိုက်စဥ် မျက်လုံးလှလှလေးများပေါ်တွင် မြူလွှာများ ဆိုင်းသွားသလိုပင်။ သူမျက်လုံးအား ခဏမှိတ်ပြီးနောက် ထန်းမီအား ရှင်းပြလိုက်သည်။
"မင်း အသင့်မဖြစ်သေးရင် ကိုယ်ခဏလောက်တော့ ကိုယ်တို့ဆက်ဆံရေးကို မပြောသေးဘဲ ထားပေးမယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကစပြီး ဖွင့်ပြောတည်းက မင်းနဲ့တိတ်တိတ်ပုန်း တွဲချင်ခဲ့တာ မဟုတ်ဘူး။"
ထန်းမီ စော်ကားခံလိုက်ရသလို ခံစားရပြီး ပက်ကနဲ ပြန်ပြောမိသွား၏။
"ဒါပေါ့! ကျွန်မကလည်း စားပြီး နားမလည်လုပ်တဲ့သူ မဟုတ်ဘူး!"
ယွီယိ ရပ်တန့်သွားကာ ညင်ညင်သာသာ ပြုံးရင်း စနောက်လိုက်တော့သည်။
"မင်း ဘာစားထားလို့လဲ?"
"ဟေး....."
ထန်းမီ၏နားရွက်ထိပ်များ ချက်ချင်း ရဲတွတ်သွားကာ ဒဲ့တိုးပြောချလိုက်လေ၏။
" ကျွန်မတို့ နမ်းထားတယ်လေ!"
ယွီယိ ပြုံးလိုက်ရင်း ထိုင်ခုံမှထလာကာ စားပွဲဘေးမှသို့ ဖြည်းညင်းစွာ လျှောက်လာ၏။ ထို့နောက် ထန်းမီ၏ထိုင်ခုံလက်တန်းများအား ကိုင်ကာ သူမကို သူ့လက်များကြားတွင် ပိတ်ထားလိုက်တော့သည်။
"ကိုယ်တို့ ဒီထက်ပိုသွားလို့ရတယ်"
ထန်းမီ သတိလက်လွတ် ထိုင်ခုံထဲသို့ နစ်ဝင်သွားပြီး သူ့အား မချိုမချဥ် ပြုံးပြလိုက်လေသည်။
"အခုလည်း အဆင်ပြေပါတယ်။ အဟမ်း အဟမ်း"
"ကိုယ်တော့ အဲလိုမထင်ဘူး...."
ယွီယိ ထန်းမီကိုယ်မှ ခရင်မ်နံ့သင်းသင်းလေး၏ ဆွဲဆောင်မှုအား ခံလိုက်ရသလို သူမဆီဖြည်းညှင်းစွာ တိုးကပ်လာပြီး နှုတ်ခမ်းများအချင်းချင်း ဖိကပ်လိုက်၏။
ထန်းမီ၏နှုတ်ခမ်းများသည် ဟာရီကိန်းကိတ်ထက်တောင် ပိုနူးညံ့နေကာ သူ တစ်ချက်ကိုက်လိုက်သော် သူမ၏ပါးစပ်ပွင့်ဟသွားသည်နှင့် သူ၏လျှာထိပ်ဖျားလေး တိုးဝင်လာခဲ့သည်။
ထန်းမီ၏နှလုံးသားထဲတွင် သံစုံတီးဝိုင်းကျင်းပနေသလိုပင်။ သူ၏လျှာဖျားလေးရဲ့ ဆွဲဆောင်မှုကို သူမအကြိမ်ပေါင်းများစွာ ခံရပြီးပြီဖြစ်သည်။ သူကိတ်များအား အရသာခံသည့်အချိန်တိုင်း သူမနှလုံးသားလေးသည်လည်း ယားယံလာနေကျဖြစ်၏။ ယခု နယ်ပယ်တစ်ခွင်မှာ အရေးအပါဆုံးလို့ သတ်မှတ်ခံထားရသည့် လျှာတစ်စုံသည် သူမပါးစပ်ထဲတွင် မွှေနှောက်နေကာ သူမလည်း မတတ်နိုင်တော့ဘဲ လိုက်လျောပေးနေမိတော့သည်။
ရှည်ကြာသည့်အနမ်းအဆုံတွင် နှစ်ယောက်သား အနည်းငယ် မောဟိုက်သွားကြ၏။
ထန်းမီ ဟောဟဲစိုက်နေရင်းမှ ယွီယိအား စပ်ဖြီးဖြီးလုပ်ကာ-"အရသာဘယ်လိုလဲ? အအောင်ပေးလို့ရလား?"
သရော်ပြုံးတစ်ခုအောက်တွင် ယွီယိ၏နှုတ်ခမ်းသားသည် ထန်းမီ၏ပါးစပ်ထောင့်အား အမှတ်တမဲ့ ပွတ်သပ်မိသွား၏။
"ကိုယ်စားဖူးသမျှ ကိတ်တွေထက် ပိုချိုတယ်"
ထန်းမီ ကြည်နူးစွာ နားထောင်နေစဥ် ယွီယိ သူမ၏အနီရောင်နှုတ်ခမ်းလေးအား ညင်သာစွာ လျက်လိုက်ကာ မေးခွန်းပြန်ထုတ်လာသည်။
"ကိုယ့်အနမ်းကရော ဘယ်လိုအရသာလဲ?"
ထန်းမီ : "မုန့်ညင်းနှစ်အရသာ"
"မုန့်ညင်းနှစ်?"
"အင်း ကျွန်မမျက်ရည်တောင် ကျချင်လာပြီ ထိန်းမရတော့ဘူး"
ယွီယိ ခဏစဥ်းစားဟန်လုပ်ပြကာ ထန်းမီအား..."နောက်တစ်ခါကျရင် စတော်ဘယ်ရီအရသာ အနမ်းပေးမယ်"
ထန်းမီ အသံထွက်သည်အထိ ရယ်မိသွားတော့၏။
"အနမ်းကို အရသာမျိုးစုံ ပေးလို့ရတာလား?"
"မင်းသဘောအတိုင်းပါပဲ"
ယွီယိပြောပြီးနောက် ခေါင်းငုံ့ကာ သူမနှုတ်ခမ်းများအား ထပ်နမ်းလိုက်လေတော့သည်။
ထန်းမီ ရုံးခန်းအပြင်သို့ထွက်လာခိုက် လော့ဟောက်၏အကြည့်များသည် သူမနှုတ်ခမ်းပေါ်သို့ ရည်ရွယ်ချက်ရှိသလိုလို မရှိလိုလိုဖြင့် ရောက်သွားလေ၏။ ထန်းမီ မျက်နှာပူသွားကာ ကိုယ်အား အတတ်နိုင်ဆုံးကျုံ့၍ လစ်ပြေးလိုက်တော့သည်။
လော့ဟောက် : "...."
သူ အဝေးကြီးမှာ ရှောင်နေရင်တောင် ခွေးစာစားရမယ့် ကံကြမ္မာအား ရှောင်လွှဲလို့မရချေ။
ကြည့်ရတာ ချစ်ကြိုက်ရတာက သည်းထိပ်ရင်ဖို ဖြစ်နေသလိုပင်။
ယွီယိ ချိုမြိန်မြိန်အိမ်မက်တွင် သုံးရက်ကြာနေတဲ့ အတောတွင်း ကုမ္ပဏီတွင် ကောလာဟာလပေါင်းစုံ ပျံ့နှံ့နေလေပြီ။ ထိုထဲမှ လူပြောအများဆုံးသည် သူနှင့်ချိုမြန်အိမ်မက်မှ ဝန်ထမ်းတစ်ယောက်တို့ ချစ်ကြိုက်နေကြသည် ဆိုတာပင်။
သံသယအရှိဆုံး 'ချိုမြန်အိမ်မက်မှ ဝန်ထမ်းတစ်ယောက်' အနေဖြင့် ထန်းမီသည် ဘက်ပေါင်းစုံမှ ကြိုဆိုခြင်းခံထားရ၏။ သူမ ဆက်တိုက် ငြင်းလည်းမငြင်းသလို လက်လည်းမခံဘဲ နေနေလေသည်။
ထိုကောလဟာလသည် ယွီယိမိဘများ၏နားထဲထိ ရောက်သွားရသည်။ မည်သို့ပင် ဖြစ်စေကာမူ ယွီယိ၏ပုံစံသည် တကယ်မူမမှန်ပေ။
ယွီယိအမေသည် ယွီယိအဖေအား ဒီကိစ္စကိုသေချာဆွေးနွေးရန် တိုက်တွန်းနေကာ ထိုကောလဟာလလအား ပိုင်ရှောင်ကြားသွားပြီး နှစ်ဖက်မိသားစု၏မင်္ဂလာပွဲ ထိခိုက်သွားမှာကို စိုးရိမ်နေကြ၏။
ယွီယိအဖေကတော့ သိပ်စိတ်မပူပါ။ ယွီယိ ကလေးဘဝတည်းက ဘာကိုမှစိတ်မဝင်စားဘဲ နေခဲ့တာဖြစ်သည်။ အခုမှ စားသောက်ဆိုင်က ဝန်ထမ်းတစ်ယောက်အား ချစ်ကြိုက်သွားလိမ့်မည်ဆိုတာ သူသိပ်မယုံချင်ပေ။ ဒါကြောင့် သူယွီယိအမေအား ကောလဟာလပဲဖြစ်သည့်အတွက် ပိုင်ရှောင်လည်း ဂရုမစိုက်ဘဲနေလိမ့်မည်ဟု နှစ်သိမ့်ပေးလိုက်၏။
သို့သော် ယွီယိအမေတွင် ထိုကဲ့သို့ ဖြည့်တွေးပေးနိုင်သည့် နှလုံးသွားမရှိပေ။ နောက်ပြီး သူမလည်း မိန်းမတွေအကြောင်း ကောင်းကောင်းသိ၏။ သူနဘာမှမပြောဘဲနေတာဟာ ဘာမှမလုပ်ဘဲနေတာ မဟုတ်ချေ။ တစ်ချို့အရာတွေက မိုးမရွာခင် ကြိုတင်ပြင်ဆင်သင့်ပေသည်။
ယွီယိ ချိုမြိန်အိမ်မက်တွင် အလုပ်လုပ်လာသည့် ၄ရက်မြောက်နေ့တွင် ထန်းမီ သူ့အားစည်းရုံး၍ အဘက်ဘက်မှ ကောင်းကျိုးဆိုးကျိုးများအား ဝေဖန်သုံးသပ်ပြလိုက်ပြချိန်တွင် နောက်ဆုံးဝောာ့ ယွီယိတစ်ယောက် ရုံးချုပ် ကုမ္ပဏီသို့ ပြန်သွားလေတော့၏။
ယွီယိ ထွက်ခွာချိန်တွင် မျက်နှာသိပ်မကောင်းချေ။ ဘန်ထလေထဲတွင် နေရာယူပြီးသည်အထိ သူ ဘာမှပြောမလာပေ။ လော့ဟောက်လည်း သူ့အား သွားမရှုပ်ရဲတာကြောင့် အသံတိတ်သာ ဒရိုင်ဘာအား မောင်းနှင်ရန်အချက်ပြလိုက်ရသည်။
ထန်းမီ သူ့ကား ထွက်ခွာသွားတာသည်ကြည့်ရင်း ဘေးသို့ ချောင်းကြည့်ကာ ဝွီချက်တွင် စာပို့လိုက်၏။
[ ကုံသန် လိမ္မာတဲ့ကောင်လေး......]
စာပို့လိုက်ပြီးနောက် ထန်းမီ ထိပ်တလန့်ဖြင့် မြန်မြန် ပြန်ဖျက်လိုက်ရတော့သည်။
'ဘုရားဘုရား စီအီးအိုယွီကို ကုံသန်လို့ ခေါ်မိတော့မလို့ပဲ! အန္တရာယ်များလိုက်တာ!'
ဒီလိုနှင့် ယွီယိ ရလိုက်သည့်စာသည် ဒုတိယပိုင်းသာ ဖြစ်သည်။--
အချစ်လေး : [ ဒီမှာ စတော်ဘယ်ရီ အရသာအနမ်း! =3= ]
ယွီယိ မျက်ခုံးများ လှုပ်ရှားသွားကာ စာပြန်ပို့လိုက်၏။
ကုံသန် : [ :( ]
ထန်းမီ ထိုသနားစရာကောင်းသည့် မျက်နှာထားလေးအားကြည့်ပြီး အူတတ်သည်အထိ ရယ်မိသွားတော့သည်။ ထိုစဥ် သူမလက်ထဲရှိဖုန်း ထပ်မံတုန်ခါလာ၍ ထန်းမီ ဖွင့်ကြည့်လိုက်လျှင် ယွီယိပို့လိုက်သည့်စာ ဖြစ်နေ၏။
ကုံသန် : [ ခရင်မ်အရသာထည့်ပေး ပြန်တွေ့ရင် အကြွေးဆပ်ရမယ်! ]
ထန်းမီ ပြုံး၍အနမ်းပုံလေးထည့်ကာ စာပြန်ပို့လိုက်သည်။
"ကြိုးစားထား!"
ဒီအတောအတွင်း ဖုရှင်း၏မဂ္ဂဇင်းတိုက်ကေန အချိုပွဲတိုင်းပြည် စီမံကိန်းသတင်းအား ထုတ်ဝေလိုက်သဖြင့် ရုတ်တရက် ယွီလုပ်ငန်းစု၏ ထိပ်တန်းသတင်းကြီး ဖြစ်လာကာ စတော့ရှယ်ယာများ ဆက်တက်လာတော့၏။
ကြယ်ရောင်ပလာဇာအား ပြန်လည်ပြုပြင်တာ ပြီးခါးနီးဖြစ်သော်လည်း ယွီယိကိုယ်တိုင် ဆုံးဖြတ်ရမည့် အချိုပွဲဆိုင်တန်းနေရာကိစ္စများ အများကြီး ကျန်ရှိနေသေးသည်။ ထို့ကြောင့် ချိုမြိန်အိမ်မက်တွင် ဆက်နေဖို့က အရမ်းကိုခဲယဉ်းနေတော့၏။ ဤသို့ဖြင့် ယွီယိ စိတ်ဆန္ဒမပါသော်လည်း ထန်းမီ၏စည်းရုံးမှုကြောင့် ရုံးချုပ်ကုမ္ပဏီသို့ ပြန်ခဲ့ရသည်။
အချိုပွဲတိုင်းပြည်စီမံကိန်းသည် မီဒီယာအများစုနှင့် နယ်ပယ်အတွင်းမှလူများ၏ အကောင်းမြင်မှုကို မနည်းမနောရထားခဲ့၏။ သတင်းအား ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းတိုက်အနေဖြင့်လည်း အဆပေါင်းများစွာ ရောင်းအား ထိုးတက်နေတော့သည်။
'ဖုရှင်းတော့ ရာထူးနှင့်လစာတိုးတဲ့လမ်းကို လျှောက်နေရပြီ! ' ဟုထန်းမီတွေးမိလိုက်သော်လည်း စိတ်ကူးနှင့် လက်တွေ့သည် တက်တက်စင်အောင် လွဲနေပေတော့သည်။
ထိုနေ့တွင် သူမအလုပ်မှ ပျော်မြူးစွာ ပြန်လာခဲ့သော်လည်း ဧည့်ခန်းထဲတွင် မီးအမှောင်ချထားတာကို တွေ့လိုက်ရ၏။ ပုံမှန်ဆို သူမအလုပ်မှပြန်ရောက်ချိန်တွင် ဖုရှင်းတစ်ယောက် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာထိုင်၍ တီဗွီကြည့်နေတတ်သည်။
သူမဧည့်ခန်းထဲတွင် မီးဖွင့်လိုက်ကာ ဖုရှင်းအခန်းဘက်အား အော်လိုက်တော့၏။
"ဖုရှင်း ပြန်ရောက်ပြီလား?"
ဘာပြန်ဖြေသံမှမကြားရသဖြင့် ထန်းမီ မျက်မှောင်ကြုတ်လိုက်မိကာ ဖုရှင်း ရာထူးတိုးပြီး လစာကောင်းကောင်းရလာလို့ လုပ်ဖော်ကိုင်ဖက်တွေနှင့် အောင်ပွဲခံနေလားဟုတောင် တစ်ချက်တွေးလိုက်မိလေသည်။
အဲလိုသာဆိုရင် သူတို့နှစ်ယောက် စစ်အေးတိုက်ပွဲ ဖြစ်နေရင်တောင် သူမကို ဖုန်းဆက်ပြီး အကြောင်းကြားသင့်သည်ပင်။
ထန်းမီ ဧည့်ခန်းထဲတွင် ရပ်နေပြီး ဖုရှင်းအား ဖုန်းခေါ်လျှင် မိနစ်ဝက်လောက် အကြာမှသာ ဖုရှင်းဖုန်းကိုင်လာ၏။
"ထန်းထန်း......"
သူမအနောက်တွင် ဆူညံသံများ ကြားနေရပြီး ဖုရှင်းအသံအား ကြားလိုက်ရချိန် သူမ မူးနေတာကိုပါ ထပ်သိလိုက်ရသည်။ ထန်းမီ သက်ပြင်းချ၍ လေသံမာမာဖြင့်..."ဘယ်မှာလဲ? အလုပ်က လူတွေနဲ့လား?"
ဖုရှင်း ကျို့ထိုးပြီးနောက် ပြန်ဖြေလာ၏။
"မဟုတ်ဘူး။ ချင်းနန်လမ်းကြားမှာ တစ်ယောက်တည်းပဲ"
အေမြို့၏နာမည်ကြီး ဘားလမ်းကြားပင်။
ဖုရှင်းသွားသည့်ဘားသည် အမြင့်ဆုံးဖြစ်သည်။ အဲထဲတွင် ရေနွေးတစ်ခွက်သောက်ဖို့ ဝင်ရုံနဲ့တင် ဂဏန်း၃လုံးလောက် ပေးရသည်ဟု ပြောကြ၏။
'ဒီမိန်းမ တကယ်ရာထူးတိုးပြီး လစာကောင်းကောင်းရေနပြီလား?'
ထန်းမီ ဘားလိုနေရာမျိုးကို မကြိုက်သော်လည်း အခုတော့ ဖုရှင်းကိုခေါ်ဖို့ သွားရပေတော့မည်။ မသွားခင် သူမဘားဝင်ပေါက်တွင် အတားခံရမှာကြောက်၍ သိပ်တောမဆန်သည့်ဝတ်စုံအား တကူးတက လဲဝတ်ခဲ့၏။
ဘားတွင် လူတွေပြောကြတဲ့အတိုင်း လူဖြူ၊ လူမည်း၊ မျက်လုံးပြာ၊ မျက်လုံးစိမ်း စသဖြင့် နိုင်ငံခြားသားတွေလည်း ရှိနေကြသည်။ ဒီလို ချမ်းသာတဲ့အရင်းအမြစ်ကြောင့် ဒီဘားရဲ့ဈေးနှုန်းတွေကလည်း တော်တော်လေး ဈေးကြီးနေတာဖြစ်မည်။
ထန်းမီ ဖုရှင်းအား သေးငယ်သည့် စက်ဝိုင်းပုံဆိုဖာပေါ်တွင် တွေ့လိုက်ရသည်။ သူမရှေ့တွင်လည်း ပုလင်းခွံ၂လုံး ရှိနေပြီး ထန်းမီ သူမဘေးတွင်ဝင်ထိုင်ကာ လေသံအားမြှင့်၍ မေးလိုက်၏။
"ဘယ်လိုဖြစ်တာလဲ?"
ဖုရှင်း အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြင့် သူမအား ရီဝေဝေကြည့်လာကာ လက်ထဲမှာလည်း တစ်ဝက်သာ ကျန်တော့သည့် ဝိုင်ပုလင်းအား ကိုင်ထားသေး၏။
"လာ ငါနဲ့လာသောက်!"
ထန်းမီ မျက်မှောင်ကြုတ် လိုက်မိတော့သည်။ ဒီပုံသည် ရာထူးတိုးခံရသည့်ပုံနှင့် မတူပေ။ ဒီအတိုင်း စိတ်ပြေလက်ပျောက် သောက်နေသလိုပင်။
ထန်းမီ ဖန်ခွက်အားချ၍ ထပ်မေးလိုက်၏။
"ဘယ်လိုဖြစ်တာလဲ? နင့်သူဌေးက နင့်ကို ရာထူးတိုးမပေးဘူးလား? နင်ရာထူး မတိုးရရင်တောင် ဒီလို လုပ်စရာမလိုဘူး"
သူမ ဒါကိုပြောလာလိမ့်မည်ဟု မထင်ထားတာကြောင့် ဖုရှင်း ဒေါသထောင်းခနဲ ထသွားကာ-
"ဟဲ့! သူကငါ့ ကိုသာ ရာထူးတိုးမပေးတာ သူများတွေကျ အကုန်ရာထူးတိုးပေးတယ်! အဲဘွားတော်က ငါ့ကိုမနာလိုနေတယ်လို့ ထင်သားပဲ!"
ထန်းမီ : "....."
ဖုရှင်း ဆက်၍..."ငါ့မှာတော့ အင်တာဗျုးရဖို့ မနည်းကြိုးစားထားရတာကို သူတို့က ငါ့ကိုအသုံးချသွားတာ! ငါ့ကိုကျ' ဆက်ကြိုးစားထား' ဆိုပြီး ယွမ် ၃,၀၀၀ စာအိတ်နီကိုပဲပေးတယ်! ဘာလဲ! ကုန်သွယ်ကြေးလား?"
ထန်းမီ မျက်မှောင်ကြုတ်လျက် သူမအား ဆိုဖာပေါ်မှထူလိုက်၏။
"အိမ်ပြန်ရောက်မှ ပြောရအောင် ဒီမှာရှုပ်ပွနေတာပဲ"
ဖုရှင်း ခါယမ်း၍ သူမအား တွန်းထုတ်ပစ်လိုက်ပြီး..."မပြန်ဘူး။ ဒီမှာပဲသောက်ပြီး သေပါရစေ!"
ထန်းမီ : "........"
ဖုရှင်း အခုအရမ်းစိတ်ထိခိုက်နေတာကြောင့် ဆွဲခေါ်လို့မရသဖြင့် ခဏလောက် သူမဘေးတွင်ပဲထိုင်ဖို့ ရွေးချယ်လိုက်ရတော့သည်။
ထိုစဥ် ဘားတွင်ဖွင့်ထားသည့် သီချင်းသံအတိုင်း လိုက်ကနေသော လူမည်းတစ်ယောက် သူတို့ဆီသို့ လျှောက်လာကာ ကို့ရို့ကားယားနိုင်သည့် တရုတ်စကားဖြင့် သူတို့အားပြောလာ၏။
"နိဟောင်" ( ဟယ်လို )
ထန်းမီ မချိပြုံးဖြင့် နားမလည်သယောင် ဟန်ဆောင်နေလိုက်သည်။ ဖုရှင်းသည်လည်း မူးနေကာ သေခြင်းတရားအား အိပ်မက်ယောင်နေသဖြင့် သူ့အားအာရုံမစိုက်နိုင်ပေ။ သူတို့ မတုံ့ပြန်သောကြောင့် ထိုလူမည်းသည် သူ၏အဖြူရောင်သွားများ ပေါ်သည်အထိ ပြုံးပြလိုက်၏။
"အာ နိ အာဆဲ~" ( ဟယ်လို )
ထန်းမီ : "......"
'ဒီဘရိုက ချိတ်ဖို့ တော်တော်ကြိုးစားနေတာပဲ'
ထန်းမီ ဆိုဖာပေါ်မှထ၍ ဖုရှင်းအား အပြင်သို့ဆွဲခေါ်လာလိုက်တော့သည်။
"ဒီနေရာက အကြာကြီးနေဖို့ မသင့်တော်ဘူး အိမ်ပြန်ပြီးပဲ ငါတို့ရဲ့ ရှုပ်ထွေးတဲ့ဘဝကို အမူးသမားလို ဖြတ်သန်းကြရအောင်!"
_____________________________________________