Chapter 43
Vol. 5 Ch. 43
အကြွေးရှင် အပြောင်းအလဲကြောင့် ဖုရှင်း၏အကြွေးဝန်ဆောင်မှုလုပ်ငန်းကြီးလည်း ကမောက်ကမ ဖြစ်သွားတော့သည်။
လော့ဟောက် သူမ၏အတွေးများအား သိနေဟန် ပြုံးလိုက်ရင်း..."ကိုယ်မင်းရဲ့အကြွေးရှင်အသစ် ဖြစ်သွားတာကို ဝမ်းသာသင့်တယ်နော်။ ကိုယ့်အတိုးတွေက ပိုမှန်ကန်တယ်။"
ဖုရှင်း သူ့အားကြည့်ကာ နှာမှုတ်လိုက်တော့၏။
"အတိုးတင်ပဲ မဟုတ်ဘူး။ ပိုလဲချောတယ်.."
လော့ဟောက်တစ်ယောက် သူ၏နှုတ်ခမ်းများကို ကွေးညွှတ်လိုက်ကာ သူမအား အသိပေးလိုက်သည်။
"မင်းကုမ္ပဏီကနေ ဆက်မနေနိုင်တော့ရင် ထွက်ချင်ထွက်လိုက်။ ကိုယ်က မင်းအိမ်ကိုသွားသိမ်းမယ့် အကြွေးရှင်မျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီအတောတွင်းတော့ မင်းနှစ်ချုပ်အစေခံလုပ်ပေးရမယ်။ ကိုယ့်အတွက်၂၄နာရီလုံး အားနေရမယ်"
ဖုရှင်း : “…”
သူမခေါင်းထဲတွင် အကြွေးဆိုသည့် စာလုံးတစ်ခုဖြင့်သာ ပြည့်နှက်နေလေ၏။
'……အကြွေး၊ အကြွေး၊ အကြွေး၊'
ဖုရှင်း သူမကိုယ်သူမ စတေးကာ သူမ၏နောက်ဆုံးသော သိက္ခာအတွက် တိုက်ပွဲဝင် လိုက်တော့သည်။
"ကျွန်မကရှင့်ကို ပိုက်ဆံကြွေးပဲတင်နေတာ ကျွန်မကိုယ်ကျွန်မ ရောင်းလိုက်တာမဟုတ်ဘူး ဘာလို့ လိုက်နာ ရမှာလဲ?"
လော့ဟောက် : "မင်းအကြွေးတွေ အများကြီးတင်နေတာနော်။ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ? အဲတာကြောင့် မင်းဘယ်သွားတယ်။ ဘာလုပ်တယ်ဆိုတာ ကိုယ်အကုန် သိနေဖို့လိုတယ်"
သူတကယ်ကို အလေးအနက်ဖြင့် ပြောနေတာဖြစ်ပြီး ထပ်၍..."အော် ဟုတ်သား ပြီးတော့ ကိုယ်မင်းကို မကြာမကြာ လက်တိုလက်တောင်းခိုင်းမယ်။ ကောင်းကောင်းလုပ်နိုင်ရင် အကြွေးဆပ် ပြီးသားဖြစ်မယ်။"
ဖုရှင်း : “…”
'သခင်လေး ကျွန်တော်မျိုးမ နားလည်ပါပြီ!'
လော့ဟောက် ထွက်သွားပြီးနောက် ဖုရှင်း သူမ၏အလုပ်နေရာသို့ ပြန်သွားကာ ဆယ်မိနစ်လောက် အတွေးလွန်နေမိ၏။ ထို့နောက် သူမပြတ်ပြတ်သားသားဖြင့် ဘာကိုမှ မစဥ်းစားတော့ဘဲ ကွန်ပြူတာအား ကောက်ဖွင့်ကာ နှုတ်ထွက်စာ တင်လိုက်တော့သည်။
******
လော့ဟောက် ကုမ္ပဏီကိုပဲ တန်း၍ ပြန်လာခဲ့၏။ သူ ပြန်ရောက်ချိန်တွင် ယွီယိလည်း ထန်းမီနှင့်အတူ နေ့လယ်ခင်းလက်ဖက်ရည် သောက်ပြီးပြီ ဖြစ်ပုံရကာ ရုံးခန်းထဲတွင် အလုပ်လုပ်နေလေသည်။
လော့ဟောက် ပြန်ရောက်လာသည်ကိုမြင်သော် ယွီယိ မျက်လုံးလှန်ကြည့်လိုက်၏။ သူ့အကြည့်များထဲတွင် ရှားရှားပါးပါး စိတ်ဝင်စားမှုတစ်ချို့ ထင်ဟပ်နေခဲ့သည်။
"မင်းကိစ္စပြီးပြီလား?"
"အင်း" လော့ဟောက် သူ၏တရားခံ စစ်နေသလို အကြည့်များအား လစ်လျူရူကာ ခပ်တည်တည်ပင် တုံ့ပြန်လိုက်တော့၏။
ယွီယိကတော့ စကားလမ်းကြောင်းအား မပြောင်းသေးချေ။
"ထန်းမီက မင်းကို မှာလိုက်တယ် ဖုရှင်းကို သေချာဂရုစိုက်ပါတဲ့"
လော့ဟောက် : “…”
“နားလည်မှုလွဲနေပြီ ထင်တယ်နော်။ ဘော့စ် ကျွန်တော် ဖုရှင်းအပေါ် ဘာမရိုးသားတဲ့စိတ်မှ မရှိပါဘူး။ ဒါပေမဲ့ ထန်းမီကအခုတလော သူ့ရဲ့အကြွေးတွေကြောင့် စိတ်ဆင်းရဲနေရတာလေ။ ထန်းမီ့ရဲ့ ဒုက္ခက ဘောစ့်ရဲ့ဒုက္ခ ဘောစ့်ရဲ့ဒုက္ခက ကျွန်တော့်ရဲ့ဒုက္ခပဲပေါ့..”
လော့ဟောက် သူ့စကားနှင့်သူ ဟက်ထိသွားတော့သည်။
'စီးအီးအိုယွီ သူ့လိုအောက်လက်ငယ်သားမျိုးရဖို့ အရင်ဘဝက တော်တော်တရားကျင့်ကြံ အားထုတ်ထားလို့ ထင်တယ်။'
ယွီယိကတော့ အေးတိအေးစက်ဖြင့်သာ ပြန်တုံ့ပြန်လာ၏။
"ကြားရတာ သနားစရာပဲ။ ဒါပေမဲ့ အဲတာကြောင့်တော့ ငါမင်းကို လစာတိုးပေးမှာ မဟုတ်ဘူး။"
'...အင်းပါ ကျွန်တော်လည်း လစာတိုးပေးဖို့ မမျှော်လင့်ပါဘူး။'
စကားဝိုင်းအဆုံးတွင် ယွီယိ သူ၏မျက်နှာထားအား ပြန်တည်လိုက်ကာ-"ဒီနေ့ ငါ ဒေါက်တာကျန်းနဲ့ တွေ့ချင်တယ် အချိန်စီစဥ်ပေးထားဦး။"
လော့ဟောက်၏မျက်ခုံးများ လှုပ်ရှားသွားကာ မျက်နှာထားသည်လည်း လေးနက်သွားတော့၏။
"ယွီရှင်း ထပ်ထွက်လာလို့လား?"
ယွီယိ : မဟုတ်ဘူး သူ အရမ်းငြိမ်နေလို့ ပုံမှန် မဟုတ်သလိုပဲ"
လော့ဟောက် ခဏမျှစဥ်းစားကာ သူခန့်မှန်းမိတာကို ထုတ်ပြောလိုက်သည်။
"သူ ပျောက်ကွယ်သွားတာ များလား?"
“မဖြစ်နိုင်ဘူး။ ငါသူရှိနေတာကို ခံစားမိနေသေးတယ်။”
ထိုမှသာ လော့ဟောက် ရေရွတ်လိုက်တော့၏။
"သိပါပြီ။ ဒေါက်တာကျန်းကို အခုချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်။"
ဒေါက်တာကျန်းတစ်ယောက် အခုတလော အရမ်းကို အလုပ်ရူပ်နေပုံပင်။ လော့ဟောက် အခကြေးငွေ အများကြီးပေးခဲ့တာတောင် နေ့လယ်စာ စားချိန် တစ်ချိန်သာရခဲ့ပြီး နေရာသည်လည်း ဒေါက်တာကျန်းကပဲ ဆုံးဖြတ်ခဲ့သည်။ လော့ဟောက် ဖုန်းချပြီးနောက် အတွေးခန်းဝင်နေမိတော့၏။
'ရာသီဥတု အရမ်းပူလို့ စိတ်ရောဂါတွေ ဖောက်နေကြတာများလား?'
သူ ယွီယိအား အချိန်နှင့်နေရာ ပြောပြလိုက်သည်။ အိမ်အရောက်ဝန်ဆောင်မှု မဟုတ်သော်လည်း ဒေါက်တာကျန်း၏စကားအရ သူ နေလယ်စာစားချိန်အထိ တန်းစီနေသည့်ဘိုကင်များ ရှိသေးတာကြောင့် ဒါသည်လည်း စူပါပလက်တီနမ် ဗီအိုင်ပီ ကုသမှုတစ်ခု ဖြစ်နေလေပြီ။
ယွီယိ ဟိုတယ်သို့ ရောက်ချိန်တွင် ဒေါက်တာကျန်းသည် သီးသန့်အခန်းထဲတွင် ထိုင်စောင့်နေနှင့်ပြီ ဖြစ်ကာ သူဝင်လာသည်ကို မြင်သည်နှင့် နှုတ်ခမ်းများ ကော့တက်သွားသည်အထိပြုံးကာ နှုတ်ဆက်လိုက်တော့၏။
"ကြည့်ကောင်းနေတယ်နော်။ တစ်ယောက်ယောက်နဲ့ ဒိတ်လာတာများလား?"
ယွီယိ ဝင်လာကာ ဒေါက်တာကျန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။
"ခင်ဗျားက စိတ်ရောဂါဆရာဝန်မဟုတ်လား? ရုပ်ပိုင်းဆိုင်ရာကရော ခင်ဗျားအလုပ်ပဲလား?"
ဒေါက်တာကျန်း မျက်ခုံးအားပင့်ပြကာ-"မျက်နှာအမူအရာက နှလုံးသားက လာတယ်ဆိုတာ မင်း မကြားဖူးဘူးလား?"
"ရပြီ။ သဘောပေါက်ပြီ။" ယွီယိ ဝိတ်တာအားခေါ်ကာ မှာစရာရှိတာများ မှာလိုက်တော့၏။
ဒေါက်တာကျန်း သူယွီယိ၏ထင်မြင်ချက်များကို အရင်မေးသင့်တယ်လို့ တွေးလိုက်မိသော်လည်း ကုသစရိတ်နှင့် အဆင့်မြင့်ဟင်းလျာများအား စားသုံးပြီးနောက်တွင် စကားလုံးများသည် လူနာတစ်ယောက်နှင့် ဆက်ဆံနေရသလို စိုးရိမ်တကြီး ထွက်လာတော့သည်။
"ယွီရှင်း ထပ်ပေါ်လာလို့လား?"
"မဟုတ်ဘူး။ ငါစိတ်ပူနေတာ အဲတာမဟုတ်ဘူး"
ဒေါက်တာကျန်း၏မျက်လုံးများ လှုပ်ခတ်သွားကာ မေးခွန်းထုတ်လိုက်တော့၏။ "ဘာလို့လဲ?"
ယွီယိ : "ငါ သူ့ကိုသေချာပေါက် ခံစားမိနေတယ် သူရှိနေသေးတယ်ဆိုတာလည်း ငါသိတယ် ဒါပေမဲ့သူအရမ်းငြိမ်လွန်းနေတယ်"
ထို စကားကြောင့် ဒေါက်တာကျန်း ရယ်လိုက်ကာ-"မုန်တိုင်းမလာခင် ငြိမ်သက်နေသလိုမျိုးလား?"
ယွီယိ မျက်ခုံးများတွန့်ချိုးသွားကာ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေတော့၏။ ထို့နောက်-"သူ့ကို ညှို့ယူပေးနိုင်လား? သူ ငါ့စိတ်တွေကို ထပ်မထိန်းချုပ်စေချင်တော့ဘူး။"
ဒေါက်တာကျန်း မျက်ခုံးများ မသိမသာမြင့်တက်သွားကာ မေးလိုက်တော့သည်။
"မင်းရဲ့ နှလုံးသားကို ညှို့ယူချင်တယ်လို့ ပြောတာလား?"
ယွီယိ မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။
ဒေါက်တာကျန်း : "လတ်တလော အရေးတကြီး လုပ်စရာကိစ္စရှိလို့လား?"
“ရှိတယ်”
“ထန်းမီနဲ့ ပတ်သတ်နေတာလား?”
ယွီယိ သေချာစဥ်းစားနေပြီးနောက်-"ငါ သူ့ကို ငါ့မိသားစုနဲ့ မိတ်ဆက်ပေးမလို့ စီစဥ်နေတာ ပြီးရင် တရားဝင် တင်တောင်းမယ်။"
ဒေါက်တာကျန်းတစ်ယောက် အံ့အားသင့်နေသည်မှာ အသိအသာပင်။ သူတုံ့ဆိုင်းနေပြီးနောက် သဘောတကျ ရယ်မောလိုက်တော့၏။
"ငါ့အတွက်တော့ မင်းမင်္ဂလာဆောင်က အံ့ဖွယ်ဖြစ်ရပ်တစ်ခုလိုပဲ"
ယွီယိ ဘာမှထပ်မပြောတာကြောင့် ဒေါက်တာကျန်းကပဲ ဆက်၍မေးလိုက်လေသည်။
"မင်း ထန်းမီ့ကို ချစ်မိနေပြီဆိုတာ ငါသိတယ်။ မင်းပျော်နေလား?"
ယွီယိ တောင့်တင်းနေပြီးနောက် အဖြေပြန်ပေးလာသည်။ "ပျော်တယ်"
"မင်းရဲ့ဆရာဝန်တစ်ယောက်အနေနဲ့ ငါအရမ်းပျော်မိတယ်။ မင်းပျော်ရွှင်မှုကို ခံစားမိတဲ့နေ့ ငါ ရှန်ပိန်နဲ့ အောင်ပွဲခံမယ်လို့ ပြောဖူးတာ မှတ်မိသေးလား?"
သူပြောပြီးသည်နှင့် တစ်ခါတည်း ဝိတ်တာအားခေါ်ကာ ရှန်ပိန်တစ်ပုလင်း မှာလိုက်လေသည်။
ယွီယိ : "ရှန်ပိန်ဖိုး မင်းရှင်းရမှာနော်"
ဒေါက်တာကျန်း ပြောစရာစကားမဲ့သွားရ၏။
"စီအီးအိုကြီးလုပ်နေပြီး မင်းကိုယ်မင်း ကပ်စီးနည်းတယ်လို့ မထင်ဘူးလား?"
“မထင်ဘူး”
'……အိုခေလေ'
ဒေါက်တာကျန်း ရှန်ပိန်ပုလင်းအား တွန်းဖွင့်လိုက်ကာ စားပွဲပေါ်ရှိ ဝိုင်ခွက်နှစ်ခွက်ထဲသို့ လောင်းထည့်လိုက်၏။
"အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခု အမြန်ရပါစေလို့ ဆုတောင်းပေးတယ်ကွာ"
ယွီယိ နေရာတွင်ပဲ မလှုပ်မယှက်ထိုင်နေလေလျှင် ဒေါက်တာကျန်း သူ့အား အကြိမ်အနည်းငယ် အကဲခတ် လိုက်ပြီးနောက် ထုတ်မေးလိုက်တော့သည်။
"ယွီရှင်း ထွက်လာပြီး ပြဿနာရှာမှာကို ကြောက်နေတာလား?"
ယွီယိ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဒေါက်တာကျန်း ခဏလောက် စဥ်းစားကာ တွေးဆဆဖြင့် ပြောလာသည်။
"သီအိုရီအရ ဆိုရင်တော့ အဲလိုဖြစ်လာမှာမဟုတ်ဘူး။ ဘာလို့ဆို ယွီရှင်းရဲ့ ဖြစ်တည်မှုက မင်းရဲ့ဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့အရာတွေကို လိုက်ဖြည့်ဆည်းပေးဖို့ပဲလေ။"
ယွီယိ၏မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီး..."သူ့ကို အာလာဒင်ရဲ့ မှော်မီးခွက်လိုမျိုး ပြောမနေနဲ့။"
ဒေါက်တာကျန်း သူ့အားမယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိတော့သည်။
"မင်း မရယ်ရတဲ့ ဟာသတွေတောင် ပြောနိုင်နေပြီလား?"
သူရပ်တန့်သွားကာ ယွီယိအားမျှော်လင့်တကြီးဖြင့် စိုက်ကြည့်လာရင်း..."ငါ့ကို ပြုံးပြ!"
ယွီယိ သူ့အားတိတ်ဆိတ်စွာ ကြည့်နေမိတော့၏။
ဒေါက်တာကျန်း လက်ထဲရှိဖန်ခွက်အား ချလိုက်ကာ အပြုံးလေးဖြင့် ပြောလာခဲ့သည်။
"မင်းမှာ စိုးရိမ်စိတ်တွေ ရှိနေပြီဆိုတော့ ယွီရှင်းကို စိတ်ညှို့တာ ကောင်းတဲ့နည်းတော့ မဟုတ်ဘူးထင်တယ်။ ပြီးတော့ အဲတာက သူ ထပ်မထွက်လာအောင် လုပ်နိုင်တယ်လို့ အာမမခံနိုင်ဘူးနော်။"
ယွီယိ : "အတူပေါင်းစပ်နေတာက အကောင်းဆုံး ကုထုံးလို့ ထင်နေသေးတာလား?"
"ကောင်းပြီ။ ယွီရှင်းကမင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မင်း သူနဲ့ပေါင်းစပ်လိုက်မှသာ ပြီးပြည့်စုံတဲ့မင်း ဖြစ်လာမှာ"
ဒေါက်တာကျန်း စကားစအား ခဏရပ်ကာ ဆက်ပြောလာ၏။
"ပြီးတော့ မင်းရဲ့လက်ရှိအနေအထားနဲ့ဆို သူ့အတွက် မင်းရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့မလွယ်တော့ဘူး။ ထန်းမီနဲ့မင်းရဲ့လက်ထပ်ပွဲက ပေါင်းစပ်ဖို့ အခွင့်အရေးတောင် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။"
သူ ယွီယိအား စိုက်ကြည့်လာကာ ရုတ်တရက် ပြုံးလာခဲ့၏။
"တစ်ကိုယ်တည်း စိတ်တစ်ခုတည်းပဲ"
သူ့စကားများအား အဖန်ထပ်တလဲလဲ ကြားယောင်နေကာ ယွီယိ ထိုညက တစ်ညလုံး အိပ်မပျော်ခဲ့ပါ။
***********
အချိန်များတစ်ဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက် ချစ်သူများနေ့ကိုတောင် ရောက်ရှိလာခဲ့လေပြီ။ ထို့ကြောင့် ချောကလက်များသည်လည်း ရုတ်တရက် ပေါ်ပြူလာ ပြန်ဖြစ်လာပြန်၏။
[ချိုမြိန်မြိန် အိပ်မက်]လည်းပဲ ချစ်သူများနေ့အတွက် ချောကလက် ပက်ကေ့ချ်များစွာနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုပွဲတော်အတွက် ထန်းမီ အထူးစပယ်ရှယ် ချောကလက်ပေါင်းများစွာကို ဖန်တီးဖြစ်ခဲ့၏။
ရှည်လျားလှတဲ့အလုပ်များအပြီးတွင် နောက်ဆုံးတော့ ထန်းမီအနားယူနိုင်လေပြီ။ ပိုင်ရှောင် သူမ၏အချိန်ဇယားများအား ကောင်းကောင်း သိထားပုံရကာ ထိုနေ့ညမှာပဲ သူမကို ဖုန်းဆက်လာခဲ့သည်။
ထန်းမီ သူမအား နောက်ဆုံးတစ်ခေါက်တွင် ငြင်းပယ်ခဲ့တာကြောင့် နောက်တစ်ကြိမ် ငြင်းဆန်ဖို့ အဆင်မပြေတော့သည့်အတွက် နောက်ရက်တွင် ပိုင်ရှောင်အိမ်တွင် တွေ့ဖို့ သဘောတူလိုက်ရ၏။ သူမ အစောကြီးထလာချိန်တွင် မထင်မှတ်ထားဘဲ ဖုရှင်းသည်လည်း နိုးနေတာကို မြင်လိုက်ရလေသည်။
“နင် အလုပ်လက်မဲ့ ဖြစ်နေတာကို ဘာလို့အစောကြီး ထလာတာလဲ? ဖုရှင်းက ဖုရှင်းနဲ့တောင် မတူတော့ဘူး။”
ဖုရှင်း တံခါးဝကနေ ဖိနပ်စွပ်နေရင်း သူမအားလှည့်ကြည့်ကာ ပြုံးပြလာ၏။
"ငါ့အကြွေးရှင်လော့ဟောက်က လက်ကမ်းစာစောင် ဝေခိုင်းလို့"
“…ဘာလက်ကမ်းစာစောင်ကို ဝေမလို့လဲ?”
"နင်တို့စားသောက်ဆိုင်တွေ အကုန်လုံး ချစ်သူများနေ့အတွက် အထူးပက်ကေ့ချ်တွေ အလုအယက် ပေးနေကြတာမှာ မဟုတ်ဘူးလား? ငါကနင့်ရဲ့အလကား အလုပ်သမားပါ! ဘာလို့လူတွေ ဒီပွဲတော်ကို အသည်းအသန် လုပ်နေတာလဲ!"
"အိုး..." ထန်းမီ လျင်မြန်စွာ မျက်တောင်ခတ်လိုက်ပြီးနောက်-"နင်အလကား လုပ်နေရတာမဟုတ်ပါဘူး လက်ထောက်လော့ဆီက ကြားထားပြီးသား အဲလိုလုပ်ပြီး အကြွေးတွေ ချေပေးနေတာတဲ့"
ဖုရှင်း သူမအား မျက်စောင်းထိုးလိုက်တော့သည်။
"နင်က ဘယ်သူ့ဘက်ကလဲ!"
“နင့်ဘက်က ပေါ့ဟ!”
"အိုခေ ပြီးရော"
သူတို့နှစ်ယောက်သား အောက်ထပ်ကိုဆင်းသွားခဲ့ကြသော်လည်း ကွာခြားချက်ကတော့ တစ်ယောက်က ဘတ်စ်ကား တိုးစီးနေရပြီး တစ်ယောက်ကတော့ သူမကို လာကြိုသည့် အကောင်းစားကားကြီး ရှိနေလေသည်။
အကြိမ်ပေါင်းများစွာ လာကြိုခြင်းခံရသော်လည်း ထန်းမီ အနည်းငယ် ရှက်ရွံ့သလိုခံစားနေရ၏။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှောင်ကတော့ သူမအားအမြဲတမ်း အကြိုအပို့လုပ်ပေးနေဆဲပင်။ ကြည့်ရတာ သူမ ဆီစျေးကို နည်းနည်းလေးမှ ဂရုမစိုက်သလို။
သူမ ပိုင်ရှောင်အား တွေ့လိုက်ရစဥ် အစပိုင်းမှာတော့ အနည်းငယ် ရှက်ရွံ့နေမိသည်။ သို့သော် စားပွဲပေါ်ရှိ သပ်ရပ်စွာစီရီထားသည့် ကိရိယာများနှင့် ပစ္စည်းများအား တွေ့လိုက်ရပြီးနောက် သူမအာရုံပြောင်းသွားတော့၏။
"ဒီနေ့ ချောကလက်လုပ်ချင်တာလား?"
ပိုင်ရှောင် : "ဟုတ်တယ်။ ချစ်သူများနေ့ ရောက်တော့မှာလေ?"
ထန်းမီ သူမဘယ်သူ့ကို ချောကလက်ပေးချင်နေတာလဲဆိုတာ သိချင်သော်လည်း ထုတ်မမေးခဲ့ပေ။
သူမလက်ဆေးကာ ပိုင်ရှောင်အား ချောကလက်အပူပေးတာနှင့် ပတ်သတ်ပြီးရှင်းပြနေစဥ် ပိုင်ရှောင် ရုတ်တရက်ကြီး ထမေးလာခဲ့သည်။
"ယွီယိအမေနဲ့ နောက်ဆုံးတစ်ခေါက်တွေ့ခဲ့တုန်းက ဘယ်လိုနေလဲ?"
ထန်းမီ ရပ်တန့်သွားပြီး ပြန်ဖြေလာခဲ့၏။
"ကျွန်မ သူ့အမေကို မတွေ့ဖြစ်ခဲ့ဘူး"
“မတွေ့ဖြစ်ဘူး?”
“ဟုတ်တယ်။ ယွီယိသိသွားပြီးတော့ တားခဲ့တာ"
ပိုင်ရှောင် ထန်းမီ၏အမူအရာကြောင့် သဘောတကျ ရယ်လိုက်ကာ သူမကိုကြည့်ရင်း..."စိတ်မပူပါနဲ့ ကျွန်မ ယွီယိအမေကို တွေ့ပြီး ယွီယိနဲ့လက်မထပ်နိုင်ဘူးဆိုတာ ပြောခဲ့ပြီးပြီ"
_____________________________________________