← Chapters

Chapter 45

Vol. 5 Ch. 45

Chapter 45

Vol. 5 Ch. 45

ယွီရှင်း သူမအား နာမည်ကြီးဘရန်း အဝတ်အစား အတော်များများကို ဝယ်ပေးထားသော်လည်း အကုန်လုံးသည် သာမန်ပေါ့ပေါ့ပါးပါး ဝတ်စုံများသာဖြစ်၏။

'ဒါမျိုးကို အဆင့်မြင့်ပါတီတွေကို ဝတ်သွားဖို့က မယဥ်ကျေးရာကျမနေဘူးလား?'

ယွီယိ မနက်ဖြန် သူမအတွက် ဝတ်စုံစီစဥ်ပေးမည်ဟု မပြောမချင်း ထန်းမီ ခေါင်းစားနေခဲ့ရလေသည်။ အခုတော့ အနည်းငယ် စိတ်ပေါ့ပါးသွား၏။

သူမအိပ်ရာထဲတွင် ခဏလောက် ငြိမ်သက်နေပြီးနောက် ထရပ်ကာ ဖုရှင်းအခန်းထဲသို့ ထိုးဝင်သွားခဲ့တော့သည်။ ထို့နောက် သူမစောင်အား ဆွဲဖယ်ရင်း လေသံတိုးတိုးလေးဖြင့် လှုပ်နှိုးလိုက်၏။

"ဖုရှင်း..ဖုရှင်း..."

ဖုရှင်း သူမကြောင့် နိုးလာကာ သူမ မျက်လုံးအား မပွင့်တပွင့်ဖြင့် ဖွင့်ရင်း ဖုန်းအားကြည့်လိုက်လျှင် ညသန်းခေါင် ၁၂ခွဲကို ပြနေလေသည်။ သူမရုတ်တရက် ဒေါကန်သွားကာ-"ထန်းမီ ဘယ်လိုဖြစ်နေတာလဲ! ဘာလုပ်မလို့လဲ!"

ထန်းမီ သူမ၏နှုတ်ခမ်းထောင့်အား မဲ့ချလိုက်ကာ ကုတင်ဘေးတွင် ကပ်ထိုင်လိုက်၏။

"ငါ မနက်ဖြန် ပါတီအတွက် ရင်တုန်နေလို့.. ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေတုန်းကထက်တောင် ရင်တုန်နေသေးတယ်"

ဖုရှင်း ကုတင်ဘေးရှိ စားပွဲ အံဆွဲအားဖွင့်ကာ လှန်လှောရှာလိုက်ရင်း သူမကို လိပ်စာကဒ်တစ်ခု ကမ်းပေးလာသည်။

"သူနဲ့ ရှင်းလိုက်"

ထန်းမီ ငုံ့ကြည့်လိုက်ချိန်တွင် ထိုကဒ်သည် သူမ ဖုရှင်းအား အရင်ကပေးခဲ့သည့် ဒေါက်တာကျန်း၏လိပ်စာကဒ် ဖြစ်နေလေသည်။

ထန်းမီ : “…”

ဖုရှင်း အိပ်ရာပေါ်တွင် လှဲချကာ ပြန်အိပ်ဖို့ ကြိုးစားလိုက်တော့သည်။

"ငါမနက်ဖြန် နင်တို့စားသောက်ဆိုင်မှာ အလုပ်သွားလုပ်ရဦးမယ်။ ငါ့ကိုလည်းနည်းနည်းပါးပါး သနားပါဦး!"

ထန်းမီ မျက်တောင်များ ပုတ်ခတ်လိုက်ပြီး..."မနက်ဖြန် လက်ကမ်းစာစောင် သွားဝေမှာ မဟုတ်ဘူးလား?"

"လူကြီးမင်းလော့က မနက်ဖြန် ချစ်သူများနေ့မို့ ဧည့်သည်တွေအများကြီးလာမှာတဲ့ အဲတာကြောင့် ငါ့ကို ပန်းကန်ဆေး တာဝန်ပေးလိုက်တယ်။"

ထန်းမီ : “…”

သူမခဏလောက် စဥ်းစားလိုက်ကာ-"တကယ်ဆို နင်ဆိုင်ရှေ့ မျက်နှာစာမှာ ဝိတ်တာအနေနဲ့ လုပ်လို့ရတယ်။ နင့်အပြင်ပန်းပုံစံက မဆိုးဘူး"

ဖုရှင်း စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလာ၏။

"အေးလေ! ငါလည်းအဲတာကို ပြောခဲ့သေးတယ်။ ဒါပေမဲ့ လူကြီးမင်းလော့က ငါက သိပ်ပရော်ဖက်ရှင်နယ် မဆန်သေးဘူး ပန်းကန်ပဲဆေးတဲ့!"

ထန်းမီ : “…”

"အင်း သူပြောတာလည်း ဟုတ်သားပဲ"

သူမ ဖုရှင်း၏ခေါင်းလေးအား ပုတ်ပေးလိုက်ကာ ထွက်လာခဲ့လိုက်တော့သည်။

"မနက်ဖြန် ပန်းကန်များများ ဆေးဖို့ စောစောသွား"

ဖုရှင်း : “…”

ချစ်သူများနေ့ပြီးရင်တော့ သူမအလုပ်ရအောင် ရှာမယ်ဟု ကြုံးဝါးလိုက်တော့သည်။

နောက်တစ်နေ့တွင် သူတို့ပုံမှန်အတိုင်း အလုပ်သို့သွားရပြန်သည်။ ချစ်သူများနေ့ဖြစ်တာကြောင့် ပိုပြီးအလုပ်ရူပ်မည်ဖြစ်ကာ ထန်းမီသည်လည်း ညနေပိုင်း ပါတီတက်စရာ ရှိသေးတာကြောင့် သူမ ဒီနေ့ရောင်းမည့် ကိတ်များအား ပြင်ဆင်ရန် တစ်နာရီ ကြိုစောထွက်လာခဲ့၏။

ခါတိုင်းနေ့များထက် ဧည့်သည်ပိုများပြီး မန်နေဂျာသည် ညပိုင်းတွင် ဒီထက်ပိုများလာနိုင်တာကြောင့် လူတိုင်းအချိန်ပိုဆင်းရန် ပြင်ဆင်ထားကြပါဟု သတိလိုက်ပေးနေသည်။

ကံကောင်းထောက်မစွာဖြင့် ထန်းမီကတော့ ထိုဒုက္ခအား မခံစားခဲ့ရပါ။ ယွီယိ သူမအား ညနေ၃နာရီတွင် ခေါ်ထုတ်ဖို့ အကြောင်းပြချက် ရှာပေးခဲ့၏။ သူမ၏လုပ်ဖော်ကိုင်ဖက်များသည် သူမအား ကြိုရန် ရောက်ရှိလာသည့် ဘန်တလေကားကြီးအား ကြည့်ကာ အတွေးပေါင်းများစွားဖြင့် ကျန်ခဲ့လေတော့သည်။

ယွီယိ မြို့လယ်ခေါင်သို့ မောင်းထွက်လာကာ နောက်ဆုံးတွင် [ နတ်ဘုရားမ၏ အနမ်း ] ဟုအမည်ရသည့် စတူဒီယိုရှေ့တွင် ထိုးရပ်သွားခဲ့၏။

ထန်းမီ ကားအပြင်သို့ ထွက်လာကာ ဆိုင်နာမည်ကြောင့် အံ့အားသင့်သွားရတော့သည်။

"နတ်ဘုရားမရဲ့ အနမ်း? အဲတာ အန်းယိရဲ့ သီးသန့်စူဒီယာမဟုတ်လား?"

အန်းယိသည် နိုင်ငံကျော် အဝတ်အစား စတိုင်လ်လစ်တစ်ဦးဖြစ်ပြီး မိုထိုင်ဝမ်၏ စတိုင်လ်လစ်လည်းဖြစ်သည်။

ယွီယိ၏မျက်နှာတွင် ဘာအမူအရာမှ ပေါ်မနေကာ မသိလျှင် သာမန်ဆံပင်ညှပ်ဆိုင်နှင့် မခြားနားသလိုပင်။

"မင်းအန်းယိကိုလည်း သိတာလား? ကိုယ် သူနဲ့ချိန်းထားတာ မင်းကို ရိုးရိုးရှင်းရှင်းလေး ပြင်ပေးဖို့"

ထန်းမီ : “…”

'ရှ င်ရိုးရိုးရှင်းရှင်းပုံစံ လိုချင်ရင် ကျွန်မအိမ်အောက်ထပ်က ဆံပင်ညှပ်ဆိုင်မှာတောင် ပြင်လို့ရတယ်! နိုင်ငံကျော် စတိုင်လ်လစ်ကြီးကိုတော့ ပြင်ခိုင်းဖို့ မလိုဘူးလေ!'

ထိုအခိုက်တန့်တွင် ထန်းမီ ယွီယိ၏ခေါင်းပေါ်ရှိ ဂုဏ်ပုဒ်များကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။

'ဒိတ်ဒိတ်ကြဲ ချမ်းသာတဲ့ဘောစ့်..အိုး မဟုတ်ဘူး ချမ်းသာတဲ့ယောကျာ်းက သူလိုချင်တာ ဘာမဆို လုပ်နိုင်တယ်'

ယွီယိ သူမတံခါးဝတွင် ရပ်မြဲအတိုင်း ရပ်နေသည်ကို သတိထားမိကာ သူမအား နားမလည်ဟန် တစ်ချက်ကြည့်လိုက်ပြီးနောက်-"ဘာဖြစ်လို့လဲ? မင်းမကြိုက်ဘူးလား? အန်းယိက မှော်ပညာရှင်လို့တောင် တင်စားခံထားရတာ သူအဲတာတွေ ကျွမ်းတယ်"

ထန်းမီ : “…”

ယွီယိ အခုနာမည်ကြီး စတိုင်လ်လစ်တစ်ယောက်ကို တော်တယ်ဟု တွေးနေသည်ပင်။

သူမ ယွီယိ၏လက်မောင်းအား ချိတ်လိုက်ကာ အပြုံးကြီးကြီး ပြုံးရင်း..."ကောင်းပြီလေ သူကောင်းကောင်း မလုပ်နိုင်ရင် ဒေဝါလီခံခိုင်းလိုက်"

ယွီယိ ခေတ္တခဏ ကြောင်သွားပြီးမှ ပြုံးပြလာခဲ့၏။

[ နတ်ဘုရား၏ အနမ်း ]စတူဒီယိုခန်းတံခါးသည် အတွင်းမှတွန်းဖွင့်လာကာ အရမ်းလှပသည့် ဝတ်ကောင်းစားလှ အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ သူမ ယွီယိအား ပြုံးပြကာ-"စီးအီးအိုယွီ အပြင်မှာဘာလို့ရပ်နေတာလဲ? ဆရာအန်း အထဲမှာ ရှင့်ကို စောင့်နေတယ်"

ယွီယိ ခေါင်းညိတ်ပြကာ ထန်းမီအား အထဲသို့ခေါ်လာတော့၏။

အန်းယိသည် ပန်းရောင်ရှပ်အင်္ကျီအား ဝတ်ဆင်ထားကာ မှန်စားပွဲရှေ့တွင် ထိုင်နေပြီး ယွီယိနှင့် အမျိုးသမီးတစ်ဦးအား မြင်သည်နှင့် သူ၏ပါးစပ်ကို ညင်သာစွာ ဖွင့်လိုက်တော့သည်။

"စီးအီးအိုယွီ ဒါ ဒီနေ့ရဲ့ဇာတ်လိုက် မင်းသမီးလေးလား?"

ယွီယိ ခေါင်းညိတ်ကာ-"ဒါ စီးပွားရေးနယ်ပယ်ထဲက ပါတီအသေးစားလေးပဲ red carpet သွားမယ့် စတားလိုမျိုး ပုံကြီးချဲ့တာတွေ မလိုချင်ဘူး"

အန်းယိ ရယ်မောစွာဖြင့် တုံ့ပြန်လိုက်၏။

"အိုခေ ဒါပေမဲ့ မင်းက သူ့ကို မင်းမိသားစုနဲ့ တရားဝင်မိတ်ဆက်ပေးမှာလေ။ အဲတော့သူအရမ်းကြီး ပေါ့ပါးနေလို့လည်း မဖြစ်ဘူး"

သူပြောလည်း ပြောရင်း ထန်းမီအား လှမ်းကြည့်ရာ သူ့အကြည့်များသည် သူမလည်ပင်းပေါ်ရှိ ဆွဲကြိုးလေးပေါ်သို့ ကျရောက်သွားလေသည်။

"အရမ်းလှတယ် ဒါဆို မင်းအတွက် ငါဝတ်စုံ စရွေးပေးမယ်"

"ကျေးဇူးပါ" ထန်းမီ အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလိုက်မ်၏။ သူမ ဖိုရမ်သို့ သွားရောက်လည်ပတ်စဥ်က အန်းယိနှင့်ပတ်သတ်သည့် ပိုစ့်များကိုမြင်ခဲ့ဖူးသော်လည်း တစ်နေ့ သူမကိုယ်တိုင် အန်းယိပြင်ဆင်ပေးသည်ကို ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

တကယ့်ကို စူပါစတားအဆင့် ဆက်ဆံမှုပဲ။

အန်းယိ ထန်းမီအား မခေါ်ထုတ်သွားခင်မှာပင် ယွီယိတစ်ယောက် ထပ်ပေါင်းပြောလာ၏။

"ပခုံးနဲ့နောက်ကျောတွေ ပေါ်လို့မရဘူး စကတ်ဆိုလည်း ဒူးဖုံးပဲဖြစ်နေရမယ်"

အန်းယိ : “…”

ယောကျာ်းတွေ ဒီလို တောင်းဆိုလိုက်တိုင်း အန်းယိ သူတို့၏အမျိုးသမီး ပါတနာအား ပတ်ရန် လိုက်ကာစတစ်ထည်ကိုသာ ရှာခိုင်း လိုက်ချင်တော့၏။

အန်းယိ နောက်ဆုံးတော့ ထန်းမီအတွက် ပင်လယ်ပြာရောင် ဝတ်စုံလေးအား ရွေးချယ် ပေးလိုက်လေသည်။ တခမ်းတနားရှိသော်လည်း ကျော့ရှင်းနေ၏။ သူမဆံနွယ်များသည်လည်း ရိုးရှင်းစွာ အပေါ်သို့ ထုံးဖွဲ့ခံထားရပြီး ကျန်ဆံနွယ်အစအနများသည် ကပိုကရိုလေး ကျနေသလိုပင်။

ပေါ့ပါးလှသည့် မိတ်ကပ် အနည်းငယ် ပြင်ပြီးနောက်တွင် ထန်းမီ အန်းယိနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ယွီယိ သူမအား အံ့သြတကြီးဖြင့် ကြည့်လာကာ သူရှေ့သို့ လျှောက်လာရင်း သူမလက်ကို ဆုပ်ကိုင်လိုက်၏။

"ဒီလိုမျိုးလှပတဲ့ အမျိုးသမီးလေးကို လက်တွဲဖော်အဖြစ် ရလိုက်လို့ ကိုယ်ဂုဏ်ယူမိပါတယ်"

ထန်းမီ ပြုံးကာ သူ၏လေသံအတိုင်း ပြန်၍... "ကျွန်မလည်း ဒီလိုချမ်းသာတဲ့ လက်တွဲဖော်ကို ရလိုက်လို့ ဂုဏ်ယူမိပါတယ်"

အန်းယိ သူမအား သိပ်မပြင်ဆင်ပေးလိုက်သလို ထင်ရသော်လည်း သူ၏အခကြေးငွေသည် အချိန်နှင့်သတ်မှတ်တာ ဖြစ်သည့်အတွက် ဒီလို ရိုးရိုးရှင်းရှင်း ဒီဇိုင်းကိုတောင် ပိုက်ဆံအများကြီး ကုန်ကျပေလိမ့်မည်။

တကယ်တော့ ဒါမျိုး စတိုင်လိသည် သူမအိမ်အောက်ထပ်က ဆံပင်ညှပ်ဆိုင်မှာလည်း လုပ်လို့ရ၏။ ထန်းမီ ထိုသို့ တွေးနေတုန်းရှိသေး၊ ယွီယိ ဘလက်ကဒ်ကြီးအား ထုတ်ပေးလာလေသည်။

ယွီယိအတွက် ပါတီအသေးစားလေးသည် တကယ်တော့ အသေးစားကိစ္စလေး မဟုတ်ချေ။ အေမြို့၏ ဒိတ်ဒိတ်ကြဲချမ်းသာသည့် လူကုံထံတစ်ဝက်လောက် ပါဝင်ကြမည့်ပွဲပင်။ သို့သော် ထန်းမီ ဘယ်သူ့ကိုမှ မသိတာကြောင့် ထိုအရာသည် သူမအတွက် သိပ်အရေးမပါ။

သူမ ရင်ဆိုင်ရမှာက ယွီယိ၏မိသားစုတစ်ခုတည်းပင်။

သူမနှင့် ယွီယိတို့ ခန်းမထဲသို့ ဝင်လိုက်ချိန်တွင် မရေမတွက်နိုင်သည့် မျက်လုံးပေါင်းများစွာ သူမထံကျရောက်လာခဲ့၏။ တစ်ချို့သည် စပ်စုချင်လို့ဖြစ်ပြီး တစ်ချို့ကတော့ လှောင်ပြောင်ချင်လို့ပင်။ ထန်းမီကတော့ အတင်းအဖျင်းပြောမှုတွေကိုသာ အဓိကခံစားလိုက်ရသည်။ လူချမ်းသာများသည်လည်း သာမန်လူများနှင့် မထူးမခြားနားပေ။

ယွီယိ သူမ၏လက်အား ဆုပ်ကိုင်ထားကာ အနားကပ်၍ တီးတိုးပြောလိုက်၏။

"ဟိုရှေ့က ကိုယ့်မိဘတွေ သူတို့ဘေးမှာ ရပ်နေတာက ကိုယ့်ဦးလေးတွေ"

ထန်းမီ ခေါင်းညိတ်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရင်း သူမမျက်နှာ အနေအထားအား အနည်းငယ် ပြင်လိုက်သည်။

ယွီယိကတော့ သူမလက်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း နှစ်သိမ့်ပေးနေလေ၏။

"မကြောက်နဲ့ ကိုယ်ရှိတယ်"

ထိုစကားများကြောင့် ထန်းမီ အနည်းငယ် စိတ်သက်သာရာ ရသွားသလိုပင်။

ယွီယိ သူမအား ခေါ်သွားကာ ထန်းမီအား သူတို့နှင့်မိတ်ဆက်ပေးလိုက်လျှင် ထန်းမီ တစ်ယောက်ချင်းစီအား လိုက်၍နှုတ်ဆက်လိုက်၏။

ယွီယိအဖေသည် မျက်မှောင်ကြုတ်ကာ တစ်ဖက်သို့လှည့်သွားတော့သည်။ သူထန်းမီအား ဤနေရာသို့ ခေါ်လာသည့် ယွီယိ၏အပြုအမူကို မကျေနပ်သော်လည်း အခြားဧည့်သည်များကို ပေးသိမခံချေ။

အေမြို့၏လုပ်ငန်းရှင် တစ်ဝက်လောက် ရှိနေသည့်နေရာသို့ ယွီယိသည် အမျိုးသမီးတစ်ဦးအား ခေါ်လာခဲ့သည်။ ထိုသတင်းသည် မနက်ဖြန်လောက်ဆို နယ်ပယ်တစ်ခုလုံးအား ပျံ့နှံ့သွားပေလိမ့်မည်။ သူ လူတိုင်းအား သူနဲ့ထန်းမီတို့၏ ပတ်သတ်မှုကို လိုက်ပြောပြနေသလိုပင်။

ယွီယိအမေသည် ထန်းမီအား ခဏစိုက်ကြည့်နေပြီး နောက်ဆုံးတွင် ပြုံးပြလာခဲ့တော့သည်။ သူမ ယွီယိ ထန်းမီအား သူတို့နှင့် မိတ်ဆက်ပေးလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

'သူတို့တကယ် နောက်ပြန်မဆုတ်ဘူးပဲ'

ဦးလေးတွေကတော့ ဘာမှ များများစားစား မတွေးခဲ့ဘဲ ထန်းမီနှင့် စကားစမြည်ပြောနေလေ၏။

အကြီးဆုံးဦးလေး : "မိန်းကလေးထန်းက ဘယ်ကျောင်းကလဲ?"

ထန်းမီ အပြုံးချိုချိုလေးဖြင့်..."အေတက္ကသိုလ်ကပါ"

အကြီးဆုံးဦးလေးသည် ခေါင်းတညိမ့်ညိမ့်လုပ်ပြ၏။ သူ အေတက္ကသိုလ်အပေါ် အထင်မသေးခဲ့ဘဲ..."ဒါဆို မင်းဘာလို့ မုန့်ဖုတ်ဆရာ ဖြစ်လာတာလဲ?"

ထန်းမီ : "ဘာလို့ဆို ကျွန်မမုန့်ဖုတ်ရတာကို သဘောကျလို့ပါ။ ပြီးတော့ ကျွန်မပြင်သစ်မှာ စနစ်တကျ သင်ယူခဲ့ပါသေးတယ်။"

အကြီးဆုံးဦးလေး : "ရဲရင့်တဲ့မိန်းကလေးပဲ"

ထန်းမီ ရယ်မောမိလိုက်တော့သည်။

ယွီယိအဖေသည် နောက်ဆုံးတော့ ယွီယိအား စိုက်ကြည့်လာခဲ့ပြီး..."ငါ သူ့ကိုငါ့ချွေးမအဖြစ် မသတ်မှတ်နိုင်ဘူး!"

ထန်းမီ တောင့်ခဲသွားကာ ယွီယိ သူမအား သူ့ဘေးသို့ ဆွဲသွင်းလိုက်၏။

"ဒီနေ့ကျွန်တော် သူ့ကိုဒီကိုခေါ်လာတာက အဖေတို့နဲ့မိတ်ဆက်ပေးရုံပဲ။ အဖေသဘောတူတူ မတူတူ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်မှာမဟုတ်ဘူး။"

"မင်း..." ယွီယိအဖေ ဒေါသ ထွက်သွားတော့၏။ သူတစ်ခုခုအား ထပ်ပြောဖို့ ပြင်လိုက်သော်လည်း အကြီးဆုံးဦးလေးမှ ဝင်တားလိုက်လေသည်။

ယွီယိ ချက်ချင်း သူတို့အား နှုတ်ဆက်လိုက်ကာ ထန်းမီနှင့်အတူ လှည့်ထွက်သွားခဲ့၏။

ထန်းမီ အနောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ယွီယိအဖေ ဒေါသထွက်နေသေးသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူမနှုတ်ခမ်းစူကာ ယွီယိဘက် လှည့်ပြီး..."ရှင့်အဖေက ကျွန်မကို သဘောမကျဘူး ထင်တယ်"

ယွီယိ ထိုစကားအား ကြားကာ သူမဘက်သို့လှည့်လာ၏။

"ကိုယ် မင်းကို လက်ထပ်ချင်တယ်။ ကိုယ့်ဘဝကို မင်းနဲ့ပဲအတူကုန်ဆုံးချင်တယ်။ ပြီးတော့ ကိုယ်မင်းကို ချစ်တယ် အဲတာနဲ့တင် လုံလောက်ပြီ။"

သူမအားကြည့်လာသည့် ထိုအနက်ရောင် မျက်လုံးများသည် အထူးတောက်ပနေခဲ့သည်။ ထန်းမီ သူ့မျက်လုံးများအား ကြည့်ကာ မကြုံစဖူး စိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။ သူမ မိဘများသည်ပင် ထိုခံစားချက်အား မပေးခဲ့ဖူးချေ။

သူမ နားရွက်များ ပန်းရောင်လေး သန်းလာကာ-"ဘယ်သူက ရှင့်ကို လက်ထပ်မယ်လို့ ပြောလို့လဲ?"

ယွီယိ မျက်ခုံးများ မသိမသာ ပင့်လိုက်ကာ ချေပလာခဲ့သည်။

"ဒီနေ့ အေမြို့မှာရှိတဲ့ နာမည်ကြီး လူချမ်းသာတွေ အားလုံး မင်းကို ကိုယ့်မိဘတွေနဲ့ မိတ်ဆက်ပေးတာ တွေ့လိုက်တယ်လေ။ မင်းကိုယ့်ကိုမှ လက်မထပ်ရင် ဘယ်သူ့ကို လက်ထပ်မှာလဲ?"

ထန်းမီ : “…”

လူကြီးမင်းယွီ တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်ဖို့ အရမ်းစိတ်အားထက်သန်နေခဲ့၏။

ထိုစဥ် ပိုင်ချဲ့တစ်ယောက် ပိုင်ရှောင်အားခေါ်ကာ သူတို့နှင့်အတူ စကားပြောရန် တက်ကြွစွာ ရောက်ချလာလေသည်။

ယွီယိ ပိုင်ချဲ့၏ ရည်ရွယ်ချက်အား ကောင်းကောင်းသိ၏။ သူ ပိုင်မိသားစုနှင့် ယွီမိသားစုတို့၏ ဆက်ဆံရေး မပျက်ယွင်းသွားသည်ကို အများအား ပြသရန် တမင်လုပ်လိုက်ခြင်းပင်။

ယွီယိ ပိုင်ချဲ့နှင့်ပိုင်ရှောင်တို့အား ကျေးဇူးတင်မိသွားကာ တစ်ချိန်တည်းမှာပဲ အားနာသလို ခံစားလိုက်ရတော့သည်။ သူ ပိုင်ချဲ့အား လှိုက်လှိုက်လှဲလှဲဖြင့်..."နောက်အရောင်းအဝယ်ကျရင် မင်းလိုချင်တဲ့စျေးပြောကွာ ငါသဘောတူပေးမယ်။"

ပိုင်ချဲ့ မျက်ခုံးပင့်ပြကာ-"မင်းကိုငါ ဒေဝါလီခံရအောင် လုပ်မှာ မကြောက်ဘူးလား?"

ယွီယိ ပြုံးပဲပြုံးလိုက်ကာ အဖြေ ပြန်မပေးချေ။

ပိုင်ချဲ့ သူ့နှုတ်ခမ်းများအား မဲ့လိုက်ရင်း..."ငါတော့ မင်းပြုံးတာ မြင်ရတာ အသားမကျသေးဘူးကွာ"

ပိုင်ရှောင်ရယ်လိုက်ကာ ထန်းမီအား..."အန်ကယ်ယွီနဲ့ အန်တီယွီတို့ အခုလောလောဆယ်တော့ လက်မခံလောက်ပေမဲ့ နောက်ကျသူတို့လည်း တဖြည်းဖြည်း သဘောပေါက်သွားကြမှာပါ။"

ထန်းမီ ခေါင်းညိတ်ကာ ပိုင်ရှောင်၏အဖြူရောင် ဂါဝန်လေးအား မြင်ပြီး ချီးကျူးမလို့ ပြင်လိုက်စဥ် ရုတ်တရက် ရင်းနှီးနေသော အသံတစ်ခုအား ကြားလိုက်ရတော့သည်။

"ထန်းထန်း ဘာလို့ ဒီကို ရောက်နေတာလဲ?"

ထန်းမီ တောင့်တင်းသွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ သူမ နောက်ရှိလူများအား တွေ့လိုက်ရချိန် ပိုလို့တောင် တောင့်တင်းသွားရတော့၏။

"အမေ?"

_____________________________________________

All Chapters