← Chapters

Chapter 47

Vol. 5 Ch. 47

Chapter 47

Vol. 5 Ch. 47

နောက်တစ်နေ့မနက် ယွီယိနိုးလာချိန်တွင် သူ အိပ်ချင်မူးတူးဖြင့် နံဘေးအား စမ်းလိုက်မိသော်လည်း သူဘေးတွင် ဘယ်သူ့ကိုမှ မခံစားရချေ။ ထို့ကြောင့် သူမျက်ခုံးများ တွန့်ချိုးသွားကာ မျက်လုံးဖွင့်ကြည့်လိုက်တော့၏။

သူ့နံဘေးတွင် ကျန်နေခဲ့သည့် အနွေးဓါတ်ငွေ့ငွေ့လေးမှလွဲ၍ ဘယ်သူမှရှိမနေပါ။ ဒါသည်မကြာသေးခင်က ထိုနေရာတွင် တစ်ယောက်ယောက် လှဲနေခဲ့သည်ကို သက်သေပြနေ၏။

ထို့နောက် သူစောင်အား ဆွဲဖယ်ကာ ထလာခဲ့လေသည်။

ပထမထပ် မီးဖိုချောင်ထဲတွင် ဆူညံ့သံများ အနည်းငယ် ထွက်ပေါ်နေတာကြောင့် ယွီယိ လှေကားတွင် ရပ်ကာ အသံလာရာဘက်သို့ ချောင်းကြည့်လိုက်၏။ ထန်းမီတစ်ယောက် သူမ့အဝတ်အစားများအား ပြန်ဝတ်ထားပြီဖြစ်ကာ ညာဘက်လက်ထဲတွင် ယောင်းမကြီးကိုင်ရင်း ဟိုလှည့်ဒီလှည့် လုပ်နေလေသည်။

ထန်းမီ ယွီယိနှင့်အကြည့်ချင်းစုံချိန်တွင် သူမခေါင်းအား မော့ကာ ပြုံးပြလာခဲ့၏။

"ကျွန်မ မနက်စာပြင်နေတာ ကျွန်မကြောင့် နိုးလာတာလား?"

ပြတင်းပေါက်ငယ်မှ ဖြတ်ဆင်းလာသည့် နေရောင်ခြည်နွေးနွေးလေးသည် သူမ၏နှုတ်ခမ်းထောင့်ရှိ အပြုံးလေးအား ပိုပြီးတောက်ပစေသလိုပင်။ သူမသည် သက်ရှိပန်းချီကားတစ်ချပ်လို လှချင်တိုင်း လှပနေတော့၏။

ယွီယိ ထန်းမီကြောင့် နွေးထွေးသွားရကာ သူမ၏ခါးသွယ်သွယ်လေးအား နောက်မှတစ်ဆင့် ပွေ့ဖက်လိုက်မိတော့သည်။

"မဟုတ်ဘူး ကိုယ်မင်းကို လွမ်းလို့"

ထန်းမီ ယွီယိအား အံ့သြတကြီး ကြည့်လိုက်ပြီးနောက်-"ရှင် အခု စကားတွေတောင် တော်တော်တတ်နေပြီပဲ ဘယ်ကနေသင်ခဲ့တာလဲ?"

ယွီယိ သူမအားစိုက်ကြည့်ကာ ပြန်ဖြေလာခဲ့သည်။

"ကိုယ့်နှလုံးသားဆီက"

ထန်းမီ တခစ်ခစ်ရယ်လိုက်ပြီး သူ၏လက်မောင်းများကြားမှ ရုန်းထွက်ဖို့ ကြိုးစားလိုက်တော့၏။

"ရှင် ကျွန်မကို ဆက်ဖက်ထားရင် ဟင်းချက်လို့ မရတော့ဘူး"

ယွီယိ သူမအားညင်သာစွာ နမ်းကာ သူ့လက်များအား ဖြေပေးလိုက်သည်။

ထန်းမီ ဒယ်အိုးထဲမှ ကြက်ဥကြော်အား ခပ်လိုက်ပြီး ယွီယိအား ပြန်လှည့်ကြည့်လာ၏။

"ကျွန်မ ရှင့်ခွင့်ပြုချက်မပါဘဲ။ ပစ္စည်းတွေယူသုံးလိုက်မိတယ် တောင်းပန်ပါတယ်။"

ယွီယိ သူမအား နောက်မှပြန်ဖက်တွယ်လာပြီး..."မလိုပါဘူး။ မင်းဒီအိမ်မှာရှိတဲ့ ဘယ်အရာမဆို စိတ်ကြိုက်ယူသုံးလို့ရတယ်။ ကိုယ်အပါအဝင်~"

သူမအား အင်္ဂတေလိုကပ်နေသည့် ယွီယိကိုကြည့်ကာ အရင်က သူ ဒီလောက် တွယ်ကပ်တတ်တာကို ဘာလို့သတိမထားမိရတာလဲဟု ထန်းမီတွေးလိုက်မိပြီး ပြုံးမိသွားကာ ကျီစယ်လိုက်လေသည်။

"ရှင့်ကိုကျွန်မက ဘယ်လိုသုံးရမှာလဲ?"

“မင်း အလိုကျပေါ့”

ညင်သာသည့် အသက်ရူသံငွေ့ငွေ့လေးသည် ထန်းမီ၏နားရွက်အား ကလူကျီစယ်နေတာကြောင့် သူမ၏နားများ ပြန်၍နီရဲလာတော့သည်။

'မနက်အစောကြီး စိတ်လှုပ်ရှားနေရပြီ! သူ မနက်စာလေးပဲ ချက်ချင်ရုံပါ!'

ယွီယိ သူမ၏ချယ်ရီသီးလေးကဲ့သို့ ဆွဲဆောင်မှုရှိသည့် နားရွက်နီနီလေးအား ကြည့်ကာ မနေနိုင်တော့ဘဲ လျက်လိုက်မိတော့၏။

ထန်းမီ ထိပ်လန့်သွားလျှင်...။

ယွီယိ ရယ်လိုက်ကာ နောက်ဆုံးမှာတော့..."ကိုယ် အင်္ကျီသွားလဲ လိုက်ဦးမယ် အေးဆေးလုပ်နော်"

ယွီယိ ထွက်သွားမှသာ ထန်းမီစားပွဲအား မှီရင်း သက်ပြင်းချလိုက်မိတော့၏။

သူမဒီနေ့ အိမ်ပြန်ရောက်သည်နှင့် အင်တာနက်ပေါ်တွင် "ငါ့ရည်းစားက အရမ်းချောနေရင် ငါဘာလုပ်သင့်လဲ? ငါသူနဲ့အချိန်တိုင်း နေရာတိုင်း ပရောပရည် လုပ်နေချင်တယ်"ဆိုသည့် ခေါင်းစဥ်ဖြင့် အကူအညီ တောင်းပိုစ့်တင်ရန် ဆုံးဖြတ်လိုက်လေသည်။

ယွီယိ အဝတ်အစားများ လဲပြီးချိန်တွင် ထန်းမီလည်းပဲ စားပွဲပေါ်တွင် မနက်စာများ အဆင်သင့် ပြင်ပြီးနေလေပြီ။

ကြက်ဥကြော်၊ ပေါင်မုန့်နှစ်ချပ်၊ နွားနို့၊ သခွားသီးတစ်ပန်းကန်နှင့် အသီးအရွက်များလည်းပါ၏။

"ကျွန်မသစ်သီးခရမ်ခ် ပေါင်မုန့်လုပ်ထားတယ်။ ရှင် နှစ်ချပ်နဲ့မဝရင် ထပ်လုပ်ပေးမယ်နော်"

ထန်းမီပြောရင်းဆိုရင်း သူ၏မျက်နှာချင်းရှိ ခုံအားဆွဲကာ ထိုင်ချလိုက်သည်။

ယွီယိ ကြက်ဥကြော် ပန်းကန်ဘေးရှိ ဓါးနှင့်ခရင်းအား လှမ်းယူလိုက်ကာ သူမကို ကြည့်ရင်း..."ကိုယ်မင်းနဲ့ အမြန်ဆုံး လက်ထပ်ချင်ပြီ"

ထန်းမီ အကြည့်လွှဲလိုက်ကာ ချောင်းဟန့်လိုက်တော့၏။

"မြန်မြန်စားပြီး အလုပ်သွားရအောင်"

ယွီယိ နှုတ်ခမ်းသပ်လိုက်ပြီး ငြိမ်ငြိမ်လေးသာ မနက်စာ ထိုင်စားနေလိုက်လေသည်။

ယွီယိ ဒရိုက်ဘာအား ထန်းမီကို စားသောက်ဆိုင်တွင် အရင်ချပေးရန် ပြောလိုက်သော် ထန်းမီသူ့အား တုံ့ဆိုင်းစွာ မေးခွန်းထုတ်လာခဲ့သည်။

"လုပ်ဖော်ကိုင်ဖက်တွေမြင်ရင် ကောင်းပါ့မလား?"

ယွီယိ : "မင်းကို ကိုယ့်မိဘတွေနဲ့တောင် မိတ်ဆက်ပေးပြီးပြီလေ။ အားလုံးကိုလည်း အနှေးနဲ့အမြန်ဆိုသလို သိစေချင်ပြီ။"

'...ဒီနေ့မနက် ငါဘောစ့်ရဲ့ကားနဲ့ အလုပ်ကိုလာတယ်'

ထန်းမီ သူမ၏လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လိုအတင်းတုပ်ကြမလဲဆိုတာ ခန့်မှန်းလို့ရ၏။

နောက်ဆုံးတွင် ယွီယိ ထန်းမီ၏အတွေးများအား ထည့်သွင်းစဥ်းစားပေးသည့်အနေဖြင့် ဒရိုက်ဘာကို စားသောက်ဆိုင်သို့သွားသည့် လမ်းဆုံနားတွင် ရပ်ပေးဖို့ညွှန်ကြားလိုက်မှသာ ထန်းမီ စိတ်အေးနိုင်တော့သည်။

ထန်းမီ ကားထဲမှ မထွက်ခင် ယွီယိမှ..."မင်းရဲ့နောက်ပိတ်ရက်မှာ ကိုယ်မင်းရဲ့ဆိုင်ကို လိုက်ပြပေးမယ် မှတ်ထားနော်။"

"ကောင်းပါပြီ။ ဂရုစိုက်သွား" ထန်းမီ သူ့အား လက်ပြကာ ကားထဲမှ ထွက်လာခဲ့လိုက်၏။

ယွီယိ ဒရိုင်ဘာအား ကုမ္ပဏီသို့သာ တန်း၍မောင်းခိုင်းလိုက်လေသည်။

ထန်းမီသည် ချစ်သူများနေ့ပွဲတော်တွင် အချိန်ပိုမဆင်းခဲ့ရသည့် တစ်ဦးတည်းသောဝန်ထမ်း ဖြစ်တာကြောင့် မနက်ပိုင်းအစည်းဝေးတွင် အားလုံး၏မထီမဲ့မြင်ပြုခြင်းကို ခံခဲ့ရ၏။ သို့သော် သူမ ချစ်မိသွားခဲ့တာကြောင့် ဘာပြောပြော ဂရုမစိုက်ပါ။ ဒါပေသည့် သူမ မနေ့ညက တစ်ညလုံး ပြန်မလာခဲ့တာကြောင့် ဖုရှင်း၏မေးခွန်းများနှင့် ရင်ဆိုင်ရတော့မည်ကို တွေးမိရင်း ခေါင်းစား သွားတော့သည်။

သူမ တစ်နေကုန် ဖုရှင်းအား မနေ့ညအကြောင်း ဘယ်လိုရှင်းပြရမလဲဟု တွေးရင်း အိမ်ပြန်လာခဲ့၏။

ဖုရှင်းတစ်ယောက် ဆိုဖာပေါ်တွင် မရူမလှပုံစံဖြင့် အားနည်းစွာ ပုံရက်သာလေး လဲကျနေလေသည်။

ထန်းမီ အိတ်ချကာ ဆိုဖာဆီသို့ အပြေးလေးသွားရင်း သူမအား ငုံ့ကြည့်လိုက်ပြီးနောက်-"ဘာဖြစ်တာလဲ?"

ဖုရှင်း သက်ပြင်းအရှည်ကြီး ချကာ ပြန်ဖြေလာခဲ့၏။

"အလုပ်အကိုင်အခြေအနေတွေ ဒီလောက်ခက်ခဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ထန်းမီ ကြောင်တောင်တောင်လေးဖြင့် မျက်တောင်ခတ်လိုက်မိကာ-"ဒီနေ့ အလုပ်ရှာ ခဲ့တာလား?"

"ငါနို င်ငံတော်သီချင်းကို နှစ်ပေါင်းများစွာ ဆိုခဲ့ပြီးပြီ —— ထလော့ ကျွန် မလုပ်ချင်တဲ့သူတွေ!" (တရုတ်နိုင်ငံတော်သီချင်းထဲမှ စာသား)

ထန်းမီ : “…”

"တကယ်တော့ လက်ထောက်လော့က နင့်အပေါ်အများကြီး ကောင်းပေးပါတယ်။"

လော့ဟောက် ထန်းမီအပေါ် အများကြီးကူညီခဲ့ဖူးသည်။ ထို့ကြောင့်သူမ သတိလက်လွတ် လော့ဟောက်ဘက်မှ ရှေ့နေ့လိုက်ပေးလိုက်မိ၏။

ဖုရှင်း ထိုစကားအားကြားကာ အလောင်းကောင်ကြီး ပြန်လည်အသက်ဝင်လာသလို ဆိုဖာပေါ်မှ ငေါက်ခနဲ ထထိုင်လိုက်လေသည်။

"ငါ့ အပေါ်ကောင်းတယ်?! သူငါ့ကိုကျွန်လိုခိုင်းနေတာကို မြင်ပြီးတာတောင် ဘယ်လိုလုပ်ပြောထွက်ရတာလဲ? မနေ့က ငါပန်းကန် ဘယ်နှချပ်တောင် ဆေးခဲ့ရလဲ နင်သိလား? ငါ့လက်တွေ မကျိုးရုံတမယ်ပဲ!"

ထန်းမီ : “…”

သူမ ဖုရှင်း၏ခြေထောက်နှစ်ချောင်းအား ဘေးသို့တွန်းဖယ်ကာ ဆိုဖာပေါ်တွင်ထိုင်ချလိုက်ပြီး..."ဒါဆို ဒီနေ့ အလုပ် ရှာတွေ့ခဲ့လား?"

ဖုရှင်း နှုတ်ခမ်းကြီးအား ထော်လိုက်လေ၏။

"ဟင့်အင်း အလုပ်ကို မကြိုက်တာရော ကုမ္ပဏီက ငါ့ကို မလိုချင်တာရော"

"ဒါဆို လက်ထောက်လော့ရဲ့ ကျွန်ပဲ ဆက်လုပ်တော့"

ထန်းမီ အဝတ်လဲရန် အိပ်ခန်းထဲသို့ ဝင်ဖို့ပြင်လိုက်ပြီးမှ တစ်ခုခုအား သတိရသွားဟန် ဖုရှင်းဘက်ပြန်လှည့်လာခဲ့သည်။

"မနေ့က နင်ဘယ်ချိန် ပြန်ရောက်တာလဲ?"

ဖုရှင်း : ညတစ်နာရီ ထိုးခါနီးလောက် ငါရောက်တော့ နင့်အခန်းမီးက ပိတ်နေလို့ မနှောင့်ယှက်တော့တာ"

ထန်းမီ၏မျက်လုံးများ လှုပ်ရှားသွားကာ-"မနက်ကရော ဘယ်ချိန်ထွက်တာလဲ?"

"ငါမနေ့က အရမ်းပင်ပန်းထားလို့ နေ့လယ်ဆယ့်တစ်နာရီထိ အိပ်ပျော်သွားတာ နိုးလာတော့ စျေးကို တန်းသွားတာပဲ ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး" ထန်းမီပြုံးပြလိုက်တော့သည်။

'ဖုရှင်း ထင်နေတာက သူပြန်လာတော့။ ငါအိပ်နေပြီး သူအိပ်နေတဲ့အချိန် ငါအလုပ်ထသွားတယ်လို့ ထင်နေတာ မဟုတ်လား?'

'…ပြီးပြည့်စုံချက်ပဲ!'

ထန်းမီ တိတ်တိတ်လေး ကြိတ်ဝမ်းသာသွား၏။

"နင်က ဘာလို့ နောက်ကျမှ ပြန်ရောက်တာလဲ?"

ဖုရှင်း : "မနေ့က ငါဆယ်နာရီခွဲထိ အချိန်ပိုဆင်းခဲ့ရတာလေ။ အဲတာပြီး လော့ဟောက် ဆေးမှားစားပြီး ငါ့ကို အသားကင်ကျွေးဖို့ အသိတရားဝင်လာလို့!"

ထန်းမီ : "တွေ့လား? သူ နင့်အပေါ်ကောင်းတယ်"

"ဘယ်ကသာ သူ အားနာနေရုံပဲ!"

"အသိတရားရှိတဲ့ အကြွေးရှင်တိုင်းကို တန်ဖိုးထားဖို့ ထိုက်တန်တယ်!" ထို့နောက် ထန်းမီ ရုတ်တရက် သတိရသွားကာ-"အိုး ဟုတ်သား ငါ့မှာ သတင်းကောင်းရှိတယ် ငါမကြာခင် အချိုပွဲဆိုင်သစ် ဖွင့်တော့မယ်!"

ဖုရှင်း ထိုသတင်းအား ကြားမှသာ ပြန်လည်တက်ကြွလာတော့သည်။

"နင်ပိုက်ဆံအများကြီး စုမိတယ်ပေါ့?"

"ငါ လုံလုံလောက်လောက်တော့ မစုနိုင်ခဲ့ဘူး။ ဒါပေမဲ့ ယွီယိက ငါ့ဆိုင်ကို ရင်းနှီးမြုပ်နှံပေးမယ်တဲ့!"

ဖုရှင်း : “…”

'ယွီယိ၊ ယွီကုမ္ပဏီရဲ့စီအီးအို၊ စားသောက်ကုန်နယ်ပယ်ရဲ့ ခေါင်းဆောင်ကြီးက အချိုပွဲဆိုင်လေးကို ရင်းနှီးမြုပ်နှံမယ်တဲ့လား...'

"သူက ရှယ်ယာတွေကို သူ့ကိုယ်ပိုင်နာမည်နဲ့ပဲ ဝယ်မှာတဲ့။ ငါ့ရဲ့ဆုံးဖြတ်ချက်တွေကိုလည်း ဝင်မစွက်ဖက်ဘူးတဲ့။ နောက်ပိတ်ရက်ကျရင်လည်း ငါ့ဆိုင်နေရာကို ပြဖို့ ကြယ်ရောင်ပလာဇာကို ခေါ်သွားဦးမှာတဲ့!"

ဖုရှင်း သူမ၏အံ့အားသင့်မှုအား မထိန်းချုပ်နိုင်တော့ပေ။

"ကြယ်ရောင်ပလာဇာ? နင့်ဆိုင်က အဲမှာဖွင့်မှာလား? ဆိုင်ငှားခက သောက်ရမ်းစျေးကြီးမှာနော်!"

"အေး အဲတာကြောင့် သူရှယ်ယာဝယ်ဖို့ လိုတာလေ"

ဖုရှင်း : “…”

'စီအီးအိုတစ်ယောက်ရဲ့ အကူအညီနဲ့ဆို ဘာမဆိုဖြစ်တာပဲ'

'... ဘာလို့သူကျ အကြွေးရှင်ပဲရှိတာလဲ?'

သူမ တစ်ခုခုအား စဥ်းစားမိဟန် မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားပြီးနောက် ထန်းမီထံပြေးသွားကာ အားရဝမ်းသာ ပြောလိုက်တော့သည်။

"ထန်းထန်း အဲဆိုင် နင်နဲ့အတူ စီမံခွင့်ပေးပါ!"

ထန်းမီ တောင့်ခဲသွားပြီး..."ငါနဲ့အတူ အလုပ်လုပ်ချင်တာလား?"

ဖုရှင်း အမြန်ပင် ခေါင်းညိတ်ပြလိုက်၏။

"နင်က ကိတ်တွေလုပ်ဖို့အတွက် တာဝန်ယူ၊ ငါက ကျန်တာအားလုံးအတွက် တာဝန်ခံမယ်။ နင့်ရဲ့လက်ရာနဲ့ ငါ့ရဲ့စီးပွားရေးအမြင်! ငါတို့ သိပ်မကြာခင် အေမြို့ရဲ့စားသောက်ကုန် လုပ်ငန်းရှင်တွေကိုတောင် ရှင်းထုတ်ပစ်နိုင်တယ်!"

ထန်းမီ : “…”

'ငါ နင့်ရဲ့ကုမ္ပဏီ ဒေဝါလီခံပြီး အကြွေးတွေ တင်သွားတာကို မှတ်မိသေးတယ်'

ထန်းမီ တိတ်ဆိတ်နေတာကြောင့် ဖုရှင်းကပဲ ဆက်၍..."နင်အချိုပွဲဆိုင်စဖွင့်ရင် အလုပ်တွေ အရမ်းရူပ်မှာပဲ အဲတော့တစ်ယောက်ယောက်ကို ခန့်ရမှာချင်း အတူတူ ငါ့ကိုခန့်လိုက်ပါလား ငါက ပိုစိတ်ချရတယ်လေ!"

ထန်းမီ ကျိုးကြောင်းဆီလျော်သည်ဟု တွေးလိုက်မိကာ ဖုရှင်းအား ခဏလောက် စိုက်ကြည့်နေပြီးနောက်-"နင်က တစ်ခြားသူတွေထက်တော့ အားကိုးရမှာပဲ။ ဒါပေမဲ့ နင်ငါနဲ့အတူ မုန့်ဆိုင်ဖွင့်ချင်တာ သေချာလို့လား? ဒါက ငါ့အိပ်မက်ဆိုတော့ နင်လည်း နင့်အိပ်မက်ရှိမှာပဲလေ"

ဖုရှင်း အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် လက်မြှောက်လာကာ-"ငါရဲ့အိပ်မက်က မမျှတတဲ့အလုပ်ခွင်မှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားပြီ..သူများလက်အောက်မှာ အလုပ်လုပ်တာထက်စာရင် ကိုယ့်ဟာကိုယ် သူဌေးလုပ်လိုက်တာက ပိုကောင်းဦးမယ် ဒါကလည်း အချိုပွဲဆိုင်လေးဆိုပေမဲ့ ငါတို့သာ လုပ်ငန်းအကြီးကြီး ချဲ့ထွင်နိုင်ရင် နိုင်ငံတကာ စာရင်းဝင်လောက်တယ်!"

ထန်းမီ : “…”

'အိပ်မက်က အရမ်းကောင်းလွန်းလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ'

"ဒီလိုဆိုရင်ရော? ငါ ပိုက်ဆံနည်းနည်းထုတ်ပြီး ရင်းနှီးမြုပ်နှံပေးမယ်။ နင်က ဆရာကြီး ငါက ဒုတိယပေါ့"

ထန်းမီ သူမအား မယုံသင်္ကာဖြင့်ကြည့်ကာ-"နင်က ဘယ်က ပိုက်ဆံရလို့လဲ?"

"ငါလော့ဟောက်ဆီက ထပ်ချေးမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အများကြီးဆပ်ရမှာပဲကို"

ထန်းမီ : “…”

ဒီလိုမျိုး အကြွေးသမားရှိနေတာလည်း လက်ထောက်လော့အတွက် မလွယ်ကူလှပေ။

သူမ သေချာစဥ်းစားလိုက်ပြီးမှ..."ကောင်းပြီလေ။ နင်အနာဂတ်မှာ တစ်ခြားလုပ်စရာ တစ်ခုခုရှိလာရင် အချိန်မရွေး နှုတ်ထွက်လို့ရတယ်"

ဖုရှင်း သူမအား ဝမ်းသာအားရ ဖက်လိုက်လေ၏။

"နင်က အရမ်း စိတ်ထားကောင်းတာပဲ ချစ်လိုက်တာ"

ထန်းမီ သူမ၏နှုတ်ခမ်းထောင့်အား ကွေးညွှတ်လိုက်ပြီး..."ငါရှေ့လျှောက် နင့်ကို ရှယ်ပညာပြတော့မှာမို့ အရမ်းမချစ်နဲ့ဦး"

ဖုရှင်း : “…”

******

သဘောတူညီချက် ရရှိပြီးနောက် ဖုရှင်း အချိုပွဲဆိုင်၏အနာဂတ်အတွက် ရွှင်မြူးစွာ ပလန်ဆွဲ နေတော့သည်။

"လုပ်စရာတွေ အများကြီးရှိတာပဲ။ ပထမဆုံးအနေနဲ့ ငါတို့ ဝေပိုသုံးပြီး ထုတ်ကုန်သစ်တွေကို ကြော်ညာမယ်။ ပြီးတော့ယွီကုမ္ပဏီလိုမျိုး ဆိုင်းဘုတ်၊ အမှတ်တံဆိပ်တွေကို ဒီဇိုင်းဆွဲပြီး အဖွဲ့ဝင်စနစ်လည်း လုပ်ရမယ်! ဟုတ်သား ငါတို့လုပ်ငန်းကို တိုးချဲ့ဖို့ဆို အွန်လိုင်းအရောင်းစနစ်လည်း လိုသေးတယ်! "

ထန်းမီ ခဏလောက် စဥ်းစားကာ-"အွန်လိုင်းကနေဆို လက်လုပ်ကွတ်ကီး၊ ပေါင်မုန့်နဲ့ယိုတွေလိုမျိုး အကြာကြီးအထားခံတဲ့မုန့်တွေပဲ ရောင်းလို့ရမှာ ကိတ်ကျတော့ အွန်လိုင်းကရောင်းဖို့ အဆင်မပြေလောက်ဘူးနော်"

ဖုရှင်း : "မဆိုင်ဘူး အွန်လိုင်းဆိုင်က ကိတ်အပြင်အဆင်တွေကို အဓိကခင်းကျင်းပြဖို့ပဲ။ ဝယ်ယူသူတွေက အွန်လိုင်းကနေလည်း ကြိုတင်ဘိုကင်လုပ်နိုင်သလို့ မြို့တွင်းလုပ်ငန်းဝန်ဆောင်မှုနဲ့ ပေါင်းပြီးလည်း ကိတ်တွေကိုပို့ပေးလို့ရတယ်။"

ထန်းမီ သူမအား အထင်ကြီးစွာ ကြည့်လိုက်မိတော့သည်။

"ငါ နင့်ကို အဲလောက်သိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ဖုရှင်း ပီတီဖြာသွားကာ ပြန်ကြွယ်လိုက်လေ၏။

"ငါ ကုမ္ပဏီတစ်ခု ပိုင်ဖူးတယ်ဆိုတာ ကြွားဖို့သက်သက် မဟုတ်ဘူး။ ငါအခု နုတ်ထွက်ခဲ့ပေမယ့်လည်း ငါအရင်ကစုဆောင်းထားတဲ့ အဆက်အသွယ်တွေ ရှိနေတုန်းပဲ။ ငါတို့ ဆိုင်ကို ကြော်ငြာဖို့ အသိမီဒီယာတချို့ကို ခေါ်ထားလိုက်မယ်!"

"အိုခေ! ရှင်းရှင်း ဒါပထမဆုံး နင်အရမ်းအသုံးဝင်တယ်လို့ ထင်မိတာပဲ!"

"အဟွန်း နင်အခု ငါနဲ့ ပူးပေါင်းလိုက်တာကို မှန်တယ်လို့ တွေးနေပြီ မဟုတ်လား? ငါပြောခဲ့သလိုပဲ နင်က ကိတ်ကောင်းကောင်းပဲလုပ် ကျန်တာအကုန် ငါ့တာဝန်သာထား!"

ထို့နောက် ဖုရှင်း ထန်းမီ၏ပခုံးပေါ်အား လက်လှမ်းတင်လိုက်ကာ ဟန်ပါပါဖြင့်..."ငါတို့အေမြို့ကို ကျော်ဖြတ်ပြီး လူသိရှင်ကြား ကျော်ကြားပါစေ!"

ထန်းမီလည်း သူမလက်အား ဆုပ်ကိုင်လိုက်ရင်း..."ငါတို့အေမြို့ကို ကျော်ဖြတ်ပြီး လူသိရှင်ကြား ကျော်ကြားပါစေ!"

_____________________________________________

All Chapters