← Chapters

Chapter 49

Vol. 5 Ch. 49

Chapter 49

Vol. 5 Ch. 49

Chapter - 49

သူမ အသုံးဝင်သည်ကို ထန်းမီအား သက်သေပြဖို့အတွက် ဖုရှင်း နောက်တစ်နေ့တွင် လော့ဟောက်နှင့် ချိန်းဆိုလိုက်တော့သည်။

လော့ဟောက် မျက်စိရှေ့မှလူအား စိတ်ဝင်တစားကြည့်ကာ-"လေကပုံမှန်ရော တိုက်နေရဲ့လား? မင်းတကယ် မင်းအကြွေးရှင်ဖြစ်တဲ့ငါ့ကို လာတွေ့ဖို့ခေါ်လိုက်တာလား?" ပြောပြီးနောက် သူကော်ဖီအား တစ်ငုံသောက်လိုက်၏။

"ပြောပါအုန်း ဘာကိစ္စလဲ?"

"အဲတာက..." ဖုရှင်း ရှက်ကိုးရှက်ကန်းဖြင့်... "ကျွန်မ ရှင့်ဆီက ပိုက်ဆံနည်းနည်း ချေးချင်လို့"

လော့ဟောက် ဖုရှင်း၏မျက်နှာအား ကြည့်ကာ ပါးစပ်ထဲမှ ကော်ဖီတောင် ထွက်ကျမလို ဖြစ်သွားရသည်။

"ငါကြားလိုက်တာရော မှန်ရဲ့လား? မင်း ငါ့ဆီမှာတင်နေတဲ့ အကြွေးတောင် မဆပ်ရသေးဘူး ထပ်ချေးဖို့ ကြိုးစားနေတာလား?"

"ဟားဟား ရယ်ရတယ် မဟုတ်လား? ဒါပေမဲ့ ကျွန်မအလျင်လိုနေလို့"

ဖုရှင်း ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်ခြည်လေးကိုကြည့်ကာ သူမ၏အပြုံးအား ပိုတောက်ပအောင် လုပ်ဖို့ကြိုးစားနေလေ၏။

လော့ဟောက် ကော်ဖီခွက်အားချကာ သူမထံအကြည့်ပို့လိုက်ပြီးနောက်-"ဘာအရေးကြီးနေလို့လဲ?"

ဖုရှင်း စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်တော့သည်။

"ကျွန်မထန်းမီရဲ့ အချိုပွဲဆိုင်မှာ ရှယ်ယာထည့်မလို့။ သူများအတွက် အလုပ်လုပ်ပေးတာထက်စာရင် ကိုယ့်ဟာကိုယ် သူဌေး လုပ်လိုက်တာက ပိုကောင်းမယ်ထင်လို့လေ။ ထန်းမီရဲ့မုန့်ဖုတ်စကေးလ်ကလည်း ရှင်မြင်တဲ့အတိုင်းပဲ။ ပြီးတော့ ယွီယိဆီကလည်း ပံ့ပိုးမှုတွေရနေတာ။ အဲတာကြောင့် အရူံးပေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး! အချိုပွဲဆိုင်စလည်ပတ်တာနဲ့ ကျွန်မ ရှင့်အပေါ်တင်နေတဲ့ အကြွေးတွေ ပြန်ဆပ်နိုင်ပြီ!"

လော့ဟောက် ကော်ဖီခွက်ကိုမွှေနေရင်း တစ်ခုခုအား တွက်ချက်နေသလိုပင်။ ထို့နောက်-"ရင်းနှီးမြုပ်နှံတာတော့ ကောင်းပါတယ်" သူဖုရှင်းအား တစ်ချက်အကဲခတ်ကာ ပြုံးလိုက်၏။

"ကောင်းပြီလေ ချေးပေးမယ်။ ဒါပေမဲ့အတိုးကတော့ များလိမ့်မယ်"

ဖုရှင်း ခဏလောက် တုံ့ဆိုင်းသွားပြီးမှ..."ကိစ္စမရှိပါဘူး။ လုပ်ငန်းအကြီးကြီးတွေ လုပ်မယ့်သူက ဘယ်တော့မှ မတွန့်ဆုတ်ဘူး!"

ဖုရှင်းလေးခများ ဆန္ဒများပြင်းပြနေတာကြောင့် လော့ဟောက်၏ ဥာဏ်များလှသော အပြုံးအား သတိမထား မိလိုက်ချေ။

ထန်းမီ၏အားလပ်ရက်နေ့တွင် ဖုရှင်း သူမနှင့်အတူ ဆိုင်နေရာကြည့်ရန် လိုက်လာခဲ့၏။

ကြယ်ရောင်ပန်းခြံသည် ပန်းခင်းတန်းကြီးများဖြင့်သာမက ဒီဇိုင်းခပ်ဆန်းဆန်း အဆောက်အဦးများဖြင့် လှပစွာတည်ဆောက်ထားတာကြောင့် ဓာတ်ပုံဝါသနာရှင်များစွာအား ဆွဲဆောင်နိုင်စေမည်မှာ အသေအချာပင်။ ပန်းခြံထဲတွင် အစည်းဝေးပွဲများနှင့် ပြပွဲများအပြင် ဖျော်ဖြေပွဲများကျင်းပနိုင်သည့် ကြီးမားသည့် ပြပွဲခန်းမလည်းရှိသေး၏။

"ဒီနေရာကြီးက မိုက်လိုက်တာ နိုင်ငံခြားသားခရီးသည်တွေကို သေချာပေါက် ဆွဲဆောင်နိုင်မှာပဲ!"

ဖုရှင်း ထန်းမီ၏လက်အား ဆွဲခါကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

သူတို့နောက်တွင် ရပ်နေသည့် ယွီယိတစ်ယောက် မလှမ်းမကမ်းနေရာအား လက်ညိုးထိုးပြကာ ထန်းမီကို ဆိုင်သစ်ဆီသို့ ခေါ်သွားလိုက်သည်။

"ဆိုင်က ဒီလမ်းနှစ်ခုရဲ့အာရုံကို အဓိကဖမ်းစားနေတာ ဒီဆိုင်ပဲ ကြည့်ကြည့်လိုက်"

ယွီယိတမင်တကာကို လမ်းမပေါ်ရှိ ဒုတိယဆိုင်လေးအား ရွေးချယ်ပေးခဲ့သည်ပင်။ ဆိုင်၏တည်နေရာသည် အစစအရာရာ သာလွန်နေပြီး အပြင်ဘက်သည်လည်း ဥရောပစတိုင်လ် အိမ်ငယ်လေးပုံစံအလှဆင်ထား၏။ အိမ်လေး၏အပြင်ဘက်တွင် စိမ်းစိုနေသည့် မြက်ခင်းပြင်တစ်ခုရှိကာ ထန်းမီတောင် နာမည်မခေါ်နိုင်လောက်သည့် ပန်းများဖြင့် ပြည့်နေလေသည်။ ထို့အပြင် ပါးလွှာသော သံကြိုးနှစ်ချောင်းဖြင့် ဆိုင်ရှေ့ရှိ လမ်းမီးတိုင်အောက်တွင် ချိတ်ဆွဲထားသော ဥရောပစတိုင် သတ္တုဆိုင်းဘုတ်ပြားကလည်း သေးငယ်ပြီး ချစ်စရာကောင်းနေတော့၏။

"ဒီနေရာက ဆိုင်တည်နေရာနဲ့ တော်တော်လိုက်ဖက်တာပဲ။ အပြင်ကနေ ကြည့်ရတာ ပိုကောင်းတယ်!"

ဖုရှင်း စိတ်လှုပ်ရှားစွာ ဆိုင်ထဲသို့ ပြေးဝင်သွားသဖြင့် သူ့နောက်ရှိ တာဝန်ခံဖြစ်သူကလည်း အမီ လိုက်ဝင်ရတော့သည်။

ထန်းမီ ဆိုင်အား ပတ်ပတ်လည် လိုက်ကြည့်နေကာ ဆိုင်၏အပြင်အဆင်ကို အရမ်းသဘောတွေ့နေလေ၏။ ယွီယိလည်း သူမနှင့်အတူ လိုက်လျှောက်နေပြီး မျက်နှာလေးအား ငေးရင်း..."ဘယ်လိုလဲ?"

ထန်းမီ အားပါပါဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒီဆိုင် ဆောက်ထားတဲ့ပုံက တော်တော်လေးလှတယ် နတ်သမီးပုံပြင်ထဲက အတိုင်းပဲ!"

ယွီယိပြုံးလိုက်ကာ နှစ်ယောက်သား ဆိုင်ဘက်သို့ ပြန်လျှောက်လာခဲ့၏။

"ဟုတ်တယ် မင်းဆိုင်နာမည်ကို ဘယ်လိုပေးမှာလဲ?"

"အင်း..." ထန်းမီ ဒါကိုအရင်က ဖုရှင်းနှင့်အတူ တိုင်ပင်ခဲ့ဖူးသည်။ သူမဘေးရှိယောကျာ်းအား တစ်ချက်လှမ်းကြည့်ကာ မျက်တောင်များ ပုတ်ခတ်ရင်း..."[အချစ်ချိုချို] ဆိုရင်ရော ဘယ်လိုလဲ?"

ယွီယိ ရုတ်တရက် ငေးတိငေးငိုင် ဖြစ်သွားရသည်။ "နှလုံးသား"ဆိုသည့်စကားလုံးအား ယွီရှင်းကနေ နှုတ်ယူထားသည်ဟု သူခံစားလိုက်မိတာကြောင့် ယွီယိ ခေါင်းညိတ်ကာ-"ကောင်းတယ် ချိုမြန်သလိုခံစားရတယ်".

"ဟေး" ထန်းမီပြုံးကာ သူမ၏လက်အား သူ၏လက်မောင်းပေါ်သို့ ရစ်ပတ်လိုက်၏။

"ဒါပေမဲ့ [ချိုမြိန်မြိန် အိပ်မက်]အတွက်ကရော?"

ယွီယိ : "အဲကိစ္စလုံးဝ စိတ်ပူစရာမလိုဘူး။ အစားထိုးလူထပ်ပြီး ခေါ်ယူဖို့ ဝန်ထမ်းဌာနကို ကိုယ်အကြောင်းကြား ထားပြီးသား...စားဖိုမှူးအသစ်ရွေးပြီးတာနဲ့ မင်း နုတ်ထွက်စာတင်လို့ ရပြီ"

သူ၏စကားများအား ကြားပြီးမှသာ ထန်းမီ စိတ်သက်သာရာရသွားတော့သည်။

"အိုခေ! အချိုပွဲဆိုင်ကလည်း အခုချက်ချင်းကြီး ဖွင့်မှာမဟုတ်ပါဘူး။ ပြင်ဆင်စရာတွေ အများကြီး ကျန်သေးတယ်။ ဖုရှင်းကိုပဲ အားကိုးကြတာပေါ့!"

သူမ ပြောနေတုန်းမှာပဲ ဖုရှင်း ဆိုင်ပြင်သို့ပြေးထွက်လာကာ-"နင်တို့အပြင်မှာ ဘာလုပ်နေတာလဲ? အထဲဝင်ပြီး လာကြည့်လေ!"

ထန်းမီ ပြုံးလျက်ရှေ့သို့ လျှောက်လာလျှင် ဖုရှင်း သူမအားတက်ကြွကာ ဆွဲသွင်းလာ၏။

"အတွင်းပိုင်း အလင်းရောင်က အရမ်းမိုက်တယ် နင် နှစ်ဖက်စလုံးမှာ စားပွဲနဲ့ကုလားထိုင်တွေ ချထားလို့ရတယ် အကယ်၍ဆိုင်က လူပြည့်နေရင်တောင် အနည်းဆုံး လူလေး၊ ငါးဆယ်လောက်တော့ ဆန့်မယ်ထင်တယ် ဒီနေရာမှာလည်း ဗီရိုကပ်ပြီး ငွေရှင်းကောင်တာအဖြစ် သုံးလို့ရတယ်။”

"ဟင်..အင်း" ထန်းမီ အနည်းငယ် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ သူမ အိမ်ရောင်းကာ ပြင်သစ်သို့ တစ်ယောက်တည်း သွားခဲ့ချိန်တွင် တစ်နေ့ သူမကိုယ်ပိုင် အချိုပွဲဆိုင်လေး ဖွင့်နိုင်ရမယ်ဟု စိတ်ပိုင်းဖြတ်ထားခဲ့တာပင်။ သို့သော် သူမ ဒီလောက်မြန်မြန်ကြီး ဖွင့်နိုင်လိမ့်မည်ဆိုတာတော့ မမျှော်လင့်ထားခဲ့ချေ။

နှစ်ယောက်သား လှည့်ပတ်ကြည့်နေကြရင်း ဖုရှင်း စိတ်လှုပ်ရှားစွာ ထပ်မေးလာပြန်သည်။

"ထန်းထန်း နင်ဆိုင်ကို ဘယ်လို စတိုလ်မျိုးနဲ့ အလှဆင်ချင်လဲ?"

ထန်းမီ မဆိုင်းမတွပင် ပြန်ဖြေလာခဲ့၏။

"လန်းဆန်းတဲ့ မင်းသမီးလေးစတိုင်လ်! လိုက်ကာနဲ့ စားပွဲခင်းတွေမှာ မျက်စိမရူပ်တဲ့ ဒီဇိုင်းရှင်းရှင်းလေးတွေ ရှိနေရမယ်။ ဇာအနည်းငယ်ပါရင် အကောင်းဆုံးပဲ။ ပြီးတော့ ချစ်စရာ ဥရောပမင်းသမီးလေးစတိုလ် ပန်းကန်ခွက်ယောက်တွေကိုလည်း ရွေးချယ်သင့်တယ်။ ဒီကိုဝင်လာတဲ့ မိန်းကလေးတိုင်း ရဲတိုက်ထဲက မင်းသမီးလေးတစ်ပါးလို ခံစားသွားစေရမယ်!"

"ဥရောပမင်းသမီးလို အပြင်အဆင်? ဒီ အကြံမဆိုးဘူးပဲ!"

ဖုရှင်း စိတ်အားထက်သန်စွာ ထောက်ခံလာပြီးနောက်-"ဟဲ့ ဒါပေမဲ့ ဆိုင်ကိုလာတဲ့ ယောကျာ်းကြီးတွေ အတွက်ကျတော့ရော?"

"နင် အချိုပွဲဆိုင်ကို အုပ်စုလိုက်လာတဲ့ ယောကျာ်းကြီးတွေကို မြင်ဖူးလို့လား? သူတို့ ကောင်မလေးတွေ ပျော်ရင်ပြီးရောဆိုပြီး ကောင်မလေးတွေနဲ့ပဲ လာကြမှာပေါ့!"

“အဓိပ္ပါယ်ရှိသားပဲ!”

သူတို့ နှစ်ယောက် အရမ်းပျော်နေတာကို ကြည့်ပြီး တာဝန်ခံတစ်ယောက် မနေနိုင်မထိုင်နိုင် ပြောလိုက်မိတော့သည်။

"စီအီးအိုယွီ မိန်းကလေးနှစ်ယောက်ကို ကြည့်ရတာ ဒီနေရာကို အရမ်းသဘောကျနေပုံပဲ။ ကျွန်တော်တို့စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးလို့ရပြီ ထင်တယ်!"

လော့ဟောက် မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိ၏။ ထိုတာဝန်ခံ စီအီးအိုယွီ မငှားဘဲ ပြန်ထွက်သွားမှာကို ကြောက်နေတာပင်။

ယွီယိကတော့ တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။

နောက်ဆုံးမှာတော့ ယွီယိ ရှယ်ယာခရော သုံးနှစ်စာ ငှားရမ်းခပါ ပေးလိုက်ရကာ ထန်းမီနှင့်ဖုရှင်းတို့၏ပိုက်ဆံကတော့ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်အလှဆင်ဖို့အတွက် အသုံးပြုသွားမှာပဲ ဖြစ်သည်။

သူတို့ ထွက်လာချိန် အဝင်အထွက်တွင် လန်ချန်ချင်းနှင့် ထိပ်တိုက်ဆုံလေ၏။ ထန်းမီ တစ်ကိုယ်လုံး တောင့်ခဲသွားကာ ပါးစပ်မှလွတ်ခနဲ ထွက်သွားတော့သည်။

"အမေ?"

သူမအား မြင်လိုက်သည့် လန်ချန်ချင်းသည်လည်း ယွီယိအား ခဏစိုက်ကြည့်နေပြီးမှ ထန်းမီဘက်လှည့်လာခဲ့ပြီး..."ထန်းထန်း ဒီကိုဘယ်လို ရောက်နေပြန်တာလဲ?"

ထန်းမီ ပြန်မဖြေခင်မှာပင် သူမဘေးရှိ ဖုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့်..."အန်တီလန် မတွေ့ရတာတောင် အတော်ကြာပြီနော် တစ်နေ့တစ်ခြား ပိုပိုငယ်လာသလိုပဲ!"

လန်ချန်ချင်း သူတို့အနားသို့ လျှောက်လာကာ ဖုရှင်းအားပြုံးပြလာ၏။

"လိမ္မာလိုက်တဲ့ကလေး မင်းကမှ ပိုပိုလှလာတာပါနော်"

ဖုရှင်း ရှက်ကိုးရှက်ကန်း ပြုံးကာ-"အန်တီလန်ကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး"

လန်ချန်ချင်း : "ငါက သူငယ်ချင်းတွေနဲ့အတူ ဒီနားက ဆိုင်တစ်ချို့ကို ကြည့်ဖို့လာခဲ့တာ မင်းတို့ကရော?"

"ကျွန်မတို့လည်း ဆိုင်ကြည့်ဖို့လာတာ! အန်တီလန် မသိလောက်သေးဘူးထင်တယ် ထန်းထန်းက အချိုပွဲဆိုင် ဖွင့်တော့မှာလေ!"

"အချိုပွဲဆိုင်ဖွင့်မယ်?" လန်ချန်ချင်း ကြောင်အစွာ ထန်းမီအား လှမ်းကြည့်လိုက်မိသည်။

"မင်းက ဒီမှာဆိုင်ဖွင့်ချင်တာလား? ငှားရမ်းခက အရမ်းစျေးကြီးတယ်နော် ဘယ်ကပိုက်ဆံတွေရတာလဲ?"

ထန်းမီ ယွီယိအား မသိမသာတစ်ချက် အကဲခတ်ကာ အမှန်အတိုင်းသာ ပြောလိုက်တော့သည်။

"ငှားရမ်းခက ယွီယိပဲ အကုန်ပေးတာ"

လန်ချန်ချင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကာ ယွီယိအား အတော်ကြာ စိုက်ကြည့်နေပြီးနောက် တခစ်ခစ်ရယ်လိုက်လေတော့၏။

"စီအီးအိုယွီ အရင်က ကျွန်မနဲ့ စကားပြောချင်တယ်လို့ ပြောဖူးတယ်မဟုတ်လား? အဲတာ အခုအချိန်ရလား?"

"ရပါတယ်" ယွီယိ လော့ဟောက်အား တစ်ချက်ကြည့်ကာ လန်ချန်ချင်းအား..."ကျွန်တော့်ကားက ဒီရှေ့မှာရပ်ထားတယ်။ ဒီအနီးနားက ကော်ဖီဆိုင်မှာပဲ စကားပြောကြတာပေါ့"

လန်ချန်ချင်းနှင့် ထန်းမီတို့ ယွီယိနောက်မှ လိုက်ကာ ပါကင်နေရာသို့ လျှောက်သွားကြ၏။ ဖုရှင်းလည်း နောက်မှလိုက်ဖို့ ပြင်နေတာကြောင့် သူ့ဘေးရှိ လော့ဟောက်မှ လှမ်းဖမ်း လိုက်ရလေသည်။

"မင်းက ဘယ်ကို လိုက်မလို့လဲ? သူတို့က သူတို့မိသားစုကိစ္စ ဆွေးနွေးမှာလေ"

"ကျွန်မ..." ဖုရှင်း သူမလက်အား ဆုပ်ကိုင်ထားသည့် လော့ဟောက်လက်ထဲမှ ရုန်းထွက်ကာ သူ့အားလက်မခံသလို ကြည့်နေပြီး..."သူတို့ ရိုးရိုး စကားပြောဖို့ သွားတာမဟုတ်ဘူးလား?"

လော့ဟောက် ရယ်လိုက်ကာ သူမလက်အား ထပ်ဆုပ်ကိုင်လိုက်ပြန်သည်။

"သွားမယ် လာ! မင်းကို အိမ်လိုက်ပို့ပေးမယ် အချိုပွဲဆိုင် မဖွင့်ခင် ပြင်ဆင်ရမှာတွေ အများကြီး ကျန်သေးတယ်"

ထိုမှသာ ဖုရှင်းတစ်ယောက် အသိစိတ်ပြန်ဝင်လာတော့၏။

"ဟုတ်သား။ ထန်းမီက ကိတ်လုပ်တာကလွဲရင် ကျန်တာတွေသိတာမဟုတ်ဘူး ကျွန်မပေါ်ပဲ မူတည်တော့တယ်!"

လော့ဟောက်၏နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးညွှတ်သွားတော့သည်။

'သူ အရင်ကုမ္ပဏီမှာထက် ဒီမှာ ပိုပျော်နိုင်ပါ့မလား?'

ထို့နောက် လော့ဟောက်နှင့် ဖုရှင်းတို့ တက်စီငှားကာ ကြယ်ရောင်ပန်းခြံထဲမှ ထွက်ခွာခဲ့ကြ၏။ ထိုစဥ် ယွီယိ၏ဘန်တလေလေးသည်လည်း အနီးရှိကော်ဖီဆိုင်တွင် ထိုးရပ်သွားခဲ့သည်။

ယွီယိ ဗီအိုင်ပီအခန်းအား ငှားလိုက်ကာ လန်ချန်ချင်းနဲ့ထန်းမီတို့အား တတိယအထပ်သို့ ခေါ်သွားခဲ့၏။

ဝိတ်တာလေးသည် လက်ဖက်ရည် တစ်ယောက်တစ်ခွက် ချပေးပြီးနောက် ပြန်ထွက်သွားလေသည်။ ယွီယိနှင့်ထန်းမီတို့ အတူတူ ဘေးချင်းကပ် ထိုင်နေကြတာကြောင့် လန်ချန်ချင်း မျက်နှာချင်းဆိုင်ရှိ ယွီယိအား ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ကြယ်ရောင်ပန်းခြံကဆိုင်တွေရဲ့ သုံးနှစ်စာ ငှားရမ်းခက စျေးပေါ့တာမဟုတ်ဘူး ဒီဆိုင်က ယွီလုပ်ငန်းစု လက်အောက်ကို ရောက်မှာ မဟုတ်လား?"

"မဟုတ်ပါဘူး။ ဒါကကျွန်တော်ရဲ့ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုပါ။ ကျွန်တော်က ဒီဆိုင်ရဲ့ အများဆုံး ရှယ်ယာရှင်ဖြစ်နေတဲ့ ဘာတစ်ခုကိုမှလည်း ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ အားလုံးက ထန်းမီ့အပေါ်ပဲ မူတည်မှာပါ။" ယွီယိ စကားစအား ခဏရပ်ကာ ထပ်ပေါင်းပြောလိုက်၏။

"တကယ်လို့ သူ ကျွန်တော့်ကို အကြံဥာဏ်တောင်းချင်ရင်တော့ ပျော်ပျော်ကြီးကို အခမဲ့ ဝန်ဆောင်မှု ပေးရမှာပေါ့"

လန်ချန်ချင်း ပြုံးလျက်-"လူတိုင်းက ပိုက်ဆံရှာရရင်တော့ ပျော်ကြတာပဲလေ။ အဲအချိုပွဲဆိုင် အရူံးပေါ်သွားရင် ဘယ်လိုလုပ်မလဲ?"

"အန်တီလန်မှာလည်း စတူဒီယိုရှိတယ်ဆိုတော့ လုပ်ငန်းတစ်ခုမှာ အရူံးပေါ်တာ ပုံမှန်ပဲ ဆိုတာသိထားမှာပါ။ ကျွန်တော်ကတော့ ထန်းမီ သူ့လုပ်ငန်းကို ဆက်လုပ်ချင်နေသရွေ့ အမြဲပံ့ပိုးပေးနေမယ်"

"အဟမ်း..." သူ့ဘေးတွင် ထိုင်နေသည့် ထန်းမီတစ်ယောက် ယွီယိအား အနည်းငယ် နေရာပေးချင်တာကြောင့် ဘေးသို့ ကပ်လိုက်သည်။

လန်ချန်ချင်း သူမအား တစ်ချက်လှမ်းကြည့်ပြီးနောက် ယွီယိဘက်ပြန်လှည့်လိုက်၏။

"မိန်းမငယ်လေးတွေက ချိုမြိန်တဲ့အပြောတွေအောက်မှာ ကျရူံးတတ်ကြတယ်။ မင်း သူ့ကို အခုကြိုက်နေတုန်းမို့ အကုန်လိုက်လျောပေးနေတာလေ။ ဒါပေမဲ့ မင်းငြီးငွေ့သွားရင် မျက်နှာလွှဲခဲပစ် မလုပ်နိုင်ဘူးလို့ ဘယ်သူ အာမခံပေးမှာတဲ့လဲ?"

ယွီယိ၏မျက်ခုံးများ မသိမသာ လှုပ်ရှားသွားတော့သည်။ သူ သူမနှင့်အငြင်းအခုံ မဖြစ်ချင်ပါ။

"အဲတာဆို အန်တီလန် ဘယ်လို ဖြစ်စေချင်တာလဲ?"

"ကျွန်မကတော့ ဒီနေ့မင်းပြောခဲ့သမျှကို စာချုပ်ထဲ ချရေးထားစေချင်တယ်။ အနာဂတ်မှာ အမြတ်ရသည်ဖြစ်စေ အရူံးပေါ်သည်ဖြစ်စေ အားလုံးကိုစာချုပ်ထဲက အတိုင်းပဲ လုပ်သွားမယ်"

"ကောင်းပြီ" ယွီယိ နှစ်ခါမစဥ်းစားဘဲ သဘောတူလိုက်၏။

"ကျွန်တော်စာချုပ်ကို တစ်ယောက်ယောက်ကို ပြင်ဆင်ခိုင်းထားလိုက်မယ်။ စာချုပ်အဆင်သင့်ဖြစ်ရင် အန်တီ့ကို အရင်ဆုံးပြမယ်။ အန်တီအဆင်ပြေတယ်ဆိုမှ ထန်းမီကို လက်မှတ်ထိုးခိုင်းပါ့မယ်။"

လန်ချန်ချင်း သူ့အား အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြုံးလိုက်လေသည်။

"စီအီးအိုယွီက ဒီလိုဆိုမှတော့ ကျွန်မလည်း ဘာမှထပ်ပြောစရာမရှိတော့ပါဘူး" ပြောရင်းဆိုရင်း သူမ ထန်းမီဘက်လှည့်ကာ-"စီအီးအိုယွီကတောင် ကျေကျေနပ်နပ်ကြီး မင်းရဲ့ဆိုင်ကို ရင်းနှီးမြုပ်နှံပေးတယ်ဆိုတော့ ငါလည်းအမေတစ်ယောက်အနေနဲ့ ဒီတိုင်း ထိုင်ကြည့်မနေနိုင်တော့ဘူး။ အလှဆင်ကုမ္ပဏီတစ်ခုမှာ ငါ့မိတ်ဆွေတစ်ယောက်ရှိတယ်။ အဲတော့ အလှဆင်ဖို့အပိုင်းအတွက် ငါတာဝန်ယူတယ်။ နှစ်ကုန်အမြတ်လည်း ခွဲပေးစရာမလိုဘူးနော်။ မင်းအတွက် လက်ဆောင်ပါ"

ထန်းမီ အလျင်အမြန်ပင် ငြင်းဆိုလိုက်၏။

"မဟုတ်တာ ဖုရှင်းနဲ့သမီးမှာ စုထားတဲ့ပိုက်ဆံတွေ ရှိတယ်"

"အဲတာတွေကို စက်ပစ္စည်းနဲ့ ပါဝင်ပစ္စည်းတွေ ဝယ်ဖို့အတွက်သုံးလိုက်။ အနာဂတ်အတွက် ရန်ပုံငွေအနေနဲ့ ချွေတာသင့်တယ်"

ထန်းမီ ခေတ္တခဏ အတွေးလွန်နေသော်လည်း-"ကျေးဇူးတင်ပါတယ် အမေ"

အစပိုင်းမှာတော့ သူမ၏ကိုယ်ပိုင်လုပ်ငန်းအတွက် ဆိုင်လေးကိုစဖွင့်ဖို့ ရည်ရွယ်ခဲ့တာကြောင့် ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးချင်ခဲ့ချေ။ သို့သော်လည်း ယခုတွင်တော့ အားလုံးနီးပါး ပါဝင်နေကြသလိုပင်။

လန်ချန်ချင်း သူမအားကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်မိတော့သည်။ သူမ ထန်းမီ့အဖေနှင့် ကွာရှင်းပြတ်စဲပြီးကတည်းက ထန်းမီသည် တသီးတသန့်ဖြစ်လာကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခဲ့၏။ သူမ အိမ်ရောင်းကာ ပြင်သစ်သို့ထွက်သွားသည်ကိုတောင် သူတို့နောက်ကျမှ သိခဲ့ရခြင်းပင်။ အခုလည်း ကိုယ်ပိုင်ဆိုင်ဖွင့်တော့မှာကို သူတို့အား ဘာတစ်ခုမှ အသိမပေးလာခဲ့ပါ။

"ထန်းထန်း အမေနဲ့မင်းအဖေက ကွာရှင်းထားပေမဲ့လည်း မင်းက ငါတို့ရဲ့ သမီးလေး ဖြစ်နေတုန်းပဲ"

"အိုး" ထန်းမီ့အကြည့်များ လက်ဖက်ရည်ခွက်ဆီသို့ စိုက်ကျသွားခဲ့သည်။

လန်ချန်ချင်း သက်ပြင်းချကာ ယွီယိအား ကြည့်ရင်း..."ကျွန်မ ထန်းထန်းနဲ့ စကား ခဏပြောချင်သေးတယ်။ ရှင်ကျွန်မတို့ကို ခဏလောက် လွှတ်ပေးထားလို့ရမလား?"

ယွီယိ ထန်းမီအား တစ်ချက်စောင်းကြည့်ကာ နေရာမှထလိုက်၏။

"ဒါဆို ကျွန်တော်အရင်သွားနှင့်ပါ့မယ်။ စာချုပ်ရရင် ဆက်သွယ်လိုက်မယ်။"

လန်ချန်ချင်း ခေါင်းညိတ်လိုက်သော် ယွီယိ ထန်းမီအား ထပ်ကြည့်လာပြန်သည်။ ထန်းမီ သူ့အားပြုံးပြကာ-"ကျွန်မနောက်မှ ဖုန်းဆက်လိုက်မယ်လေ"

ထိုမှသာ ယွီယိခေါင်းညိတ်၍ အခန်းထဲမှ ထွက်ခွာသွားတော့သည်။

ယွီယိ ထွက်သွားပြီးနောက် လန်ချန်ချင်း လက်ဖက်ရည်အား တစ်ငုံ့မော့ကာ ထန်းမီကိုမေးလာခဲ့၏။

"မင်းယွီယိနဲ့ပတ်သတ်ပြီး အလေးအနက် ထားနေတာလား?"

"ဒါပေါ့ တကယ်အတည်ပါ။ ဘယ်သူက ဒါမျိုးကို အပျော်သဘောနဲ့လုပ်မှာလဲ!"

လန်ချန်ချင်း ရယ်မိလိုက်တော့၏။

"ကံဆိုးစွာနဲ့ ဒါမျိုးကို အပျော်အပျက်လုပ်ကြတဲ့ လူတွေလည်းရှိတယ်" သူမခဏရပ်တန့်သွားကာ တစ်ခုခုအား စဥ်းစားနေဟန်ပင်။ ထို့နောက်-"ဒါပေမဲ့ ယွီယိရဲ့ဂုဏ်သတင်းက အမြဲတမ်းမွှေးနေခဲ့တာ ဘယ်မိန်းကလေးနဲ့မှလည်း အရူပ်အရှင်း မရှိခဲ့ဖူးဘူး။ ဘယ်လိုဖြစ်သွားတာပါလိမ့်? ငါအရင်က ယွီမိသားစုနဲ့ ပိုင်မိသားစုတို့က ပေါင်းစည်းဖို့ စိတ်ဝင်စားနေကြတယ်လို့ ကြားထားပေမဲ့ အခုလတ်တလော အခြေအနေတွေက နည်းနည်းရူပ်ထွေးနေတယ်"

ထန်းမှ လျင်မြန်စွာ ခုခံလိုက်သည်။

"အဲတာက သူတို့မိဘချင်းစီစဥ်ထားတဲ့ လျှို့ဝှက်သဘာတူညီချက်တစ်ခုပဲ။ ယွိယီနဲ့ ပိုင်ရှောင်တို့က ဘယ်တုန်းကမှ သဘောမတူခဲ့ကြဘူး!"

လန်ချန်ချင်း သူမအားကြည့်နေပြီး သူမမျက်လုံးများတွင် ပြုံးရိပ်သန်းနေ၏။

"မင်းက သူ့ဘက်က ရှေ့နေလိုက်ပေးတဲ့နေရာမှာ တော်တာပဲ"

"ပြီးတော့ ဒီကိစ္စက ယွီယိရဲ့စေတနာပါ" ထန်းမီ ပြောလဲပြောရင်း လန်ချန်ချင်းအား မကျေမနပ်ဖြင့် ကြည့်လိုက်လေသည်။

"သူသမီးကို အချိုပွဲဆိုင်လည်း ဝယ်ပေးပြီး ကျေကျေနပ်နပ်ကြီးကို ကူညီပေးနေတာကို စာချုပ်က တကယ်လိုအပ်လို့လား? စာချုပ်ချုပ်တာက တကယ် ရှက်ဖို့ကောင်းလွန်းတယ်"

လန်ချန်ချင်း : "ယောကျာ်းပဲဖြစ်ဖြစ် စီးပွားရေးပဲဖြစ်ဖြစ် မင်းသူတို့နဲ့ အမြဲသတိရှိနေဖို့လိုတယ်။ ဒါကြောင့် တစ်ချိန်ချိန်မှာ သူတို့နောက်ပြန်ဆုတ်သွားခဲ့ရင် အမှားမဖြစ်အောင် မင်းကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်လေ။ တကယ်လို့ မင်းအရမ်းရှက်နေရင် ဆိုင်ကိုကောင်းကောင်း လုပ်ပြီးတော့ သူနဲ့အကျိုးအမြတ်တွေ မျှဝေစမ်းပါ"

ထန်းမီ သူမခေါင်းအား ဆတ်ခနဲ မော့လာကာ လက်ခုတ်တီးလိုက်မိ၏။

"ဟုတ်သား မှန်တာပဲ!"

သူမနှင့် လန်ချန်ချင်းတို့ ကော်ဖီဆိုင်မှာထွက်လာချိန်တွင် ယွီယိ ငွေကြိုရှင်းကာ ပြန်နှင့်ပြီဆိုတာ သိလိုက်ရ၏။ လန်ချန်ချင်း ပြုံး၍ ထန်းမီအား..."စီအီးအိုယွီက စီးပွားရေးနယ်ပယ်မှာ ပူးပေါင်းထိုက်သင့်တဲ့လူပဲ။ သူ့ကြည့်ရတာ ယောကျာ်ကောင်းတစ်ယောက်ပါ"

ထန်းမီ ပီတိများဖြာသွားတော့သည်။

လန်ချန်ချင်း : "အဲတာက သူ့ရှေ့ လျှောက်အပြုအမူတွေပေါ် မူတည်သေးတယ်"

ထန်းမီ မျက်တောင်များ ပုတ်ခတ်လိုက်မိ၏။

'အမေက သဘောတူတယ်လို့ ပြောလိုက်တာပဲ!'

သူမ တက်စီဖြင့် ပြန်လာကာ ကားပေါ်တွင်ပင် ဝွီချက်ကနတဆင့် ယွီယိအား စာပို့လိုက်တော့သည်။

အချစ်လေး : [ ရှင် ကျွန်မ့အမေရဲ့ သဘောကျမှုကို ၈၀%လောက် တိုက်ဖျက်နိုင်ခဲ့ပြီ ဆက်ကြိုးစားထားပါ! ]

ကုံသန် : [အိုခေ။ စာချုပ်လုပ်ပြီးသွားပြီ။ ကိုယ်နောက်မှ သူ့ကို ကိုယ်တိုင်သွားပေးလိုက်တော့မယ်🙂 ]

အချစ်လေး : [ ကျွန်မကို ချစ်တယ်ဟုတ်? (^3^) ]

ကုံသန် : [ ကိုယ် မင်းကို ချစ်တယ် ]

ဖုန်းစခရင်ပေါ်တွင် ပေါ်လာသည့် စာလုံးငါးလုံးသည် ထန်းမီ၏နှလုံးခုန်နှုန်းများကို ကမောက်ကမဖြစ်သွားစေတော့သည်။ မသိလျှင် ယွီယိတစ်ယောက် သူမနားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သလိုပင်။

…… ထန်းမီ၏မျက်နှာတစ်ခုလုံး နီရဲလာကာ သူမမျက်နှာအား မခို့တရို့ဖြင့် ဖုံးလိုက်၏။

ယာဥ်မောင်းသူနေရာရှိ ဒရိုင်ဘာသည်ပင် သူမအား ပေစောင်းစောင်းဖြင့် ကြည့်နေမိတော့သည်။

ထန်းမီ မသိလိုက်သည်ကတော့ ယွီကျီ၏တရားဝင်အဖွဲ့သည် ဒီလို သူတို့ဘောစ့်အား အထူးပျော်ရွှင်စေနိုင်သည့် စာချုပ်အား နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ရေးဆွဲပေးနေရ၏။

သူတို့ အသက်မွေးဝမ်းကြောင်းအား စိန်ခေါ်နေသလိုတောင် ခံစားလိုက်ရလေသည်။

ထန်းမီ အိမ်ပြန်ရောက်ချိန်တွင် ဖုရှင်းတစ်ယောက် မှတ်စုစာအုပ်ကြီးအား ကိုင်ကာ အင်တာနက်ပေါ်တွင် မွှေနှောက်ရှာရင်း ဧည့်ခန်းထဲတွင် ထိုင်နေ၏။

ထန်းမီ ပြန်လာတာကိုမြင်သည်နှင့် ဖုရှင်း တက်ကြွစွာဖြင့်..."လာဦး ဒီမီးဖိုချောင်သုံးပစ္စည်းတွေက အရမ်းချစ်ဖို့ကောင်းတာပဲ။ နင်ပြောတာနဲ့ ကွက်တိပဲ။"

ထန်းမီ အိမ်စီးဖိနပ်အား စွပ်လိုက်ကာ ခေါင်းအား အခါခါညိမ့်ပြလိုက်၏။

"ဟုတ်ပါ့။ အဲအဖြူရောင် လက်ဖက်ရည်အိုးလေးလည်း ချစ်စရာလေး"

"နောက်ပြီး တရုတ်အငွေ့အသက်ပါတဲ့ ဥရောပစတိုင်လ် သုံးလွှာပန်းကန်ချပ်လေးလည်း အရမ်းမိုက်တယ်။"

ဖုရှင်း၏လက်ချောင်းများ ကီးဘုတ်ပေါ်တွင် ပြေးလွှားနေသည်။

"အိုး ဟုတ်သား အိုး အချိန်အကန့်အသတ်နဲ့ ပရိုမိုးရှင်းချထားတဲ့ မုန့်ဖိုစက်ကြီးတစ်လုံးလည်း တွေ့လိုက်သေးတယ်။ တစ်ကြိမ်မှာ ကိတ်မုန့်လေးခုကနေ ရှစ်ခုအထိ ဖုတ်လို့ရတယ်တဲ့!"

"ငါ့ကို ဖွင့်ပြဦး" ထန်းမီ ဖုရှင်းဘေးတွင် ကပ်ထိုင်လိုက်၏။

"အော် ငါ့အမေက အခုဆိုင်အတွက် အလှဆင်ပစ္စည်းနဲ့ အသုံးအဆောင်တွေ အကုန်လုံးကို သူပေးမယ်လို့ ပြောလိုက်တယ်။ ငါတို့ပိုက်ဆံနဲ့ ပန်းကန်ခွက်ယောက်နဲ့ ပစ္စည်းတွေ ထပ်ဝယ်လို့ရသေးတယ်။"

ဖုရှင်း သူမအား အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

"တကယ်ကြီး? မိုက်တာပေါ့။ ငါတို့ရဲ့လုပ်ငန်းခွင် အရင်းအနှီး အရမ်းနည်းနေမှာကို ငါစိုးရိမ်နေတာ! ဒါနဲ့နင်ဆိုင်နာမည် စဥ်းစားပြီးပြီလား?"

"အမ်....[ အချစ်ချိုချို ]လို့ ခေါ်ကြရအောင်"

ထန်းမီ ထိုနာမည်အား ကီးဘုတ်ပေါ်တွင် ရိုက်လိုက်၏။

"အဲတာဆို အခုဆိုင်နာမည်လည်း ပေးပြီးပြီဆိုတော့ အမှတ်တံဆိပ်အတွက် ဒီဇိုင်းဆွဲဖို့ လူရှာလိုက်တော့မယ် ပြီးတော့ ဝေပိုအကောင့်ဖွင့်မယ် ပြီးရင် အွန်လိုင်းဆိုင်လုပ်မယ် အိုခေ?"

"အိုခေ!" ထန်းမီ စိတ်ပေါ့ပါးသွားတော့သည်။

"ဒါပေမဲ့ စက်ပစ္စည်းနဲ့ အသုံးအဆောင်တွေကိုတော့ နင်ကိုယ်တိုင် စစ်ဆေးရမှာနော်"

"ပြဿနာမရှိဘူး။ နင်အွန်လိုင်းကိစ္စကို အရင်လုပ်လိုက် နောက် ငါ့အားလပ်ရက်ကျရင် ဆိုင်ကို စစ်ဆေးကြမယ်"

“အိုခေလေ”

ထန်းမီ၏အားလပ်ရက် မရောက်ခင်မှာပဲ ယွီယိ သူမအား ညစာစားရန် ခေါ်ခဲ့၏။ ထို့နောက် သူ့ဘေးတွင် ပိုင်ရှောင်ပါ ရှိနေလေသည်။

ထန်းမီ ခဏလောက် ကြောင်သွားပြီးနောက် ရှေ့သို့လျှောက်လာကာ နှုတ်ဆက်လိုက်တော့သည်။

ယွီယိ အပြုံးလေးတစ်ပွင့်ပေးလာကာ ထန်းမီ့အနားသို့ လျှောက်သွားရင်း သူမအား စားပွဲဆီသို့ နေရာပြလိုက်၏။

"ပိုင်ရှောင်က မင်းနဲ့ စီးပွားရေးသဘောတူညီချက်တစ်ခု လုပ်ဖို့ ဒီကိုရောက်နေတာ"

"သဘောတူညီချက်?" ထန်းမီ သူ့အား မတင်မကျဖြင့်ကြည့်လိုက်မိ၏။

'သူ့ရဲ့ဆိုင်သေးသေးလေးအတွက် ပိုက်ဆံဘယ်လောက် ထပ်ဝင်လာဦးမှာလဲ?'

ပိုင်ရှောင် သူမအား ပြုံးပြလာကာ-"ကျွန်မ ယွီယိကတဆင့် ရှင်အချိုပွဲဆိုင်ဖွင့်တော့မယ် ဆိုတာကြားတယ်။ အဲတာကြောင့် ရှင်ကျွန်မတို့အသီးနှံတွေကို ဝယ်ယူပြီး ပိုင်မိသားစုနဲ့ ပူးပေါင်းချင်လားဆိုတာ သိချင်လို့ပါ။"

ထန်းမီ ကြောင်အမ်းအမ်းလေး ဖြစ်သွားရတော့သည်။

"ရှင့်မိသားစုက အသီးနှံတွေကို ဝယ်ဖို့လား?"

သူမ၏ဆိုင်သေးသေးလေးသည် ဒီလိုကုမ္ပဏီကြီးတစ်ခုအား ဆွဲဆောင်နိုင်လိမ့်မယ်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ သူမ ဟင်းသီးဟင်းရွက်ဈေးမှ လတ်ဆတ်သော အသီးအရွက်များကို ဝယ်ယူနိုင်ရန်ပင် ကြိုးစားပမ်းစားဖြင့် စီစဥ်ခဲ့ရ၏။

ပိုင်ရှင် ခေါင်းညိတ်ကာ ထပ်၍..."ကျွန်မတို့ ကုမ္ပဏီက အစားအသောက်ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပေမယ့် ရှင်နဲ့ယွီယိကတော့ ကျွန်မ့သူငယ်ချင်းတွေမို့လို့လေ။ အထူးသဖြင့် ကျွန်မ ရှင့်ရဲ့ကိတ်မုန့်တွေကို အရမ်းကြိုက်တာကြောင့် အတူပူးပေါင်းချင်ပါတယ်။ ရှင်သဘောတူရင် ရှေ့လျှောက် ရှင့်အချိုပွဲဆိုင်အတွက် အသီးအနှံထောက်ပံ့မှုကို ကျွန်မကပဲ တာဝန်ယူပေးပါ့မယ်။"

ထန်းမီ အနည်းငယ် ရှက်သွားမိတော့သည်။ ဒါပေါ့ ပိုင်ရှောင်နဲ့ပူးပေါင်းတာ အကောင်းဆုံးပဲ။ သူမလည်း အဲကအသီးအနှံတွေကို စားဖူး၏။ အရသာလည်း အရမ်းကောင်းသလို စျေးကလည်း သေချာပေါက် မပေါ့ပေ။ သူမ၏ဆိုင်သေးသေးလေးသည် အခြားဆိုင်တွေလို ရန်ပုံငွေ အများကြီး မရှိသေးပေ။

ပိုင်ရှောင် သူမ၏စိုးရိမ်ပူပန်နေမှုအား ရိပ်မိနေသလိုပင် ထပ်၍ပြောလာခဲ့၏။

"စျေးနှုန်းက ကျွန်မယွီယိနဲ့ ပြောပြီးသားပါ။ ယွီလုပ်ငန်းကိုပေးတဲ့ စျေးအတိုင်းပေးရင်ရော ဘယ်လိုလဲ?"

ထန်းမီက ခဏလောက် စဉ်းစားနေပြီးနောက်-"အဲလိုကျ ရှင့်ပိုက်ဆံတွေ မဆုံးရှုံးဘူးလား?"

ပိုင်မိသားစုသည် ယွီမိသားစုအတွက် စျေးဘယ်လောက်ထားပေးလဲဆိုတာ ထန်းမီ မသိသော်လည်း လင်ချဲ့သည်ပင် အရမ်းသက်သာသည့်ဈေးဟု ပြောဖူး၏။ သို့သော်လည်း ယွီလုပ်ငန်းစုသည် ဝယ်လိုအား အရမ်းများတာကြောင့်သာ အဆင်ပြေပြီး သူမလို အချိုပွဲဆိုင်လေးအနေနဲ့ ဒီစျေးနဲ့ဝယ်လျှင် သူတို့ငွေများ ဆုံးရှုံးသွားမှာကို ထန်းမီ တကယ်စိုးရိမ်မိလေသည်။

ပိုင်ရှောင် ညင်သာစွာ ပြုံးလိုက်၍..."ကျွန်မတို့က ပရဟိတသမားမှမဟုတ်တာ ဘယ်လုပ်ငန်းကိုမှ အရူံးနဲ့အလုပ်မလုပ်ဘူး။ ကျွန်မတို့အမြတ် နည်းနည်းပဲ ရရုံပါ။ ပြီးတာ့ရှင်က ကျွန်မရဲ့ မုန့်ဖုတ်ဆရာမလည်းဖြစ်လို့ ရှင့်ဆီကအမြတ်လျော့ယူပေးတာ။"

လေးစားမှုအပြည့်ရှိသည့် ဆရာမထန်းမီတစ်ယောက် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်။

"ရှင် ကျွန်မရဲ့ဆိုင်လေးကို ကျေကျေနပ်နပ်နဲ့ ထောက်ပံ့ပေးရင်တော့။ ကျွန်မဘယ်ငြင်းနိုင်တော့မလဲ ရှင်တို့ရဲ့အသီးတွေက အရမ်းအရသာရှိတယ်!"

"ဒါဆိုပြီးပြီပေါ့။ ကျွန်မရှင့်အတွက် တစ်ယောက်ယောက်ကို စာချုပ်ဆွဲခိုင်းလိုက်ပါ့မယ်။ ရှင် မသေချာသေးရင် ယွီယိဖြစ်ဖြစ် ရှင့်အမေကိုဖြစ်ဖြစ် တစ်ချက်ပြကြည့်ပေါ့။"

မျက်တောင်များ ခတ်လိုက်မိ၏။ သေချာပေါက် သူမယွီ ယိနှင့် လန်ချန်ချင်းတို့၏ စာချုပ်ချုပ်ဆိုမှု အကြောင်း ကြားထားပြီးပြီဖြစ်သည်။

ထန်းမီ ရှက်ရွံ့စွာဖြင့်..."မဟုတ်တာ ရှင်ကကျွန်မတို့အတွက် အကျိုးအမြတ်ရှိမဲ့ သဘောတူညီချက်တစ်ခုကို လုပ်ပေးတာပဲ။ ဘယ်လိုလုပ် ရှင့်ကို မယုံဘဲနေပါ့မလဲ?"

ထိုစဥ် သူမဘေးတွင် တောက်လျှောက် ငြိမ်ပြီးထိုင်နေသည့် ယွီယိသည် ရုတ်တရက်..."ကိုယ်မင်းကို အရင်ပြပါ့မယ်"

ထန်းမီ : “…”

ပိုင်ရှောင် မပြောင်းမလဲပင် ရယ်လိုက်လေ၏။

"အလုပ်က အလုပ်ပဲပေါ့ သတိထားတာ ကောင်းပါတယ်။"

ထန်းမီ ခေါင်းပဲညိတ်လိုက်ကာ ဘာမှထပ်မပြောတော့ချေ။

ညစာသည် ယွီယိမှ ရှင်းပေးတာကြောင့် ပိုင်ရှောင်စားပြီးသည်နှင့် တန်း၍ထွက်သွားတော့သည်။ ယွီယိ ထန်းမီအား ဆွဲခေါ်ကာ ဒရိုက်ဘာအား ကမ်းခြေဘက်သို့ မောင်းခိုင်းလိုက်၏။

အမှောင်အတိကျနေပြီဖြစ်တာကြောင့် ကမ်းခြေတွင် လူတစ်ယောက်မှ မရှိတော့ချေ။ ယွီယိ ထန်းမီ၏လက်လေးအားဆွဲကာ ကမ်းခြေတစ်လျောက် လမ်းလျှောက်နေ၏။ ထိုစဥ် ဆားငံဓါတ်ပါသည့် စိုစွတ်စွတ် ပင်လယ်လေညှင်းများကလည်း ပင်လယ်ဘက်မှ တိုက်ခတ်လာတာကြောင့် ယွီယိ စိတ်ပူစွာ မေးလိုက်မိသည်။

"အရမ်းအေးနေလား?"

ထန်းမီ ခေါင်းခါယမ်းရင်း သူ့အားစိတ်လှုပ်ရှားစွာ ကြည့်လိုက်မိလျှင်..။

ယွီယိ မျက်ခုံးအား ပင့်ပြကာ-"ဘာဖြစ်လို့လဲ?"

"အမ်..."

'ငါရိုမန်တစ်ဆန်တဲ့ အငွေ့အသက်တွေကို ခံစားနေရပြီ သူ ငါ့ကို လက်ထပ်ခွင့်တောင်းမှာတော့ မဟုတ်ဘူး မလား? ငါ ဘာလို့ ရင်တွေ တုန်နေတာလဲ?'

သူမအတွေးများဖြင့် ဗြောင်းဆန်နေတော့၏။

ထို့ကြောင့် ယွီယိ၏မျက်လုံးများ မှေးကျလာကာ-"မင်း စိတ်လှုပ်ရှားနေတာလား?"

ထန်းမီ ရင်တထိပ်ထိပ်ပင် ခေါင်းညိတ်လိုက်မိတော့သည်။

ယွီယိ ခဏလောက် နှုတ်ဆိတ်နေတာ တစ်ခုခုအား ပြောဖို့ပြင်နေတုန်းမှာပဲ ပင်လယ်ကြီးသည် ရုတ်တရက် တောက်ပလာတော့သည်။ ထို့နောက် ပေါက်ကွဲသံများနှင့်အတူ ညကောင်းကင်ယံတွင် လှပသော မီးရူးမီးပန်းများ ပြေးလွှားနေတော့၏။

"တစ်ယောက်ယောက် မီးရူးမီးပန်း ဖောက်နေတာလား?"

မီးရှူးမီးပန်းများသည် ပင်လယ်ကမ်းစပ်တစ်ခုလုံးအား နေ့အလင်းရောင်ကဲ့သို့ လင်းလက်နေအောင် အလင်းဓါတ်ပေးနေတာကြောင့် ထန်းမီ ပတ်ပတ်လည် လိုက်ကြည့်နေမိတော့သည်။

သူမရှေ့သို့ပြန်လှည့်လာချိန်တွင် ယွီယိသည် မြေကြီးပေါ်တွင် ဒူးတစ်ဖက်ချကာ ဒူးထောက်နေပြီး သူမအား အသက်ဝင်စွာ ကြည့်နေလေတော့၏။ ထို့နောက်...

"မင်း ကိုယ့်ကို လက်ထပ်ပေးနိုင်မလား?"

_____________________________________________

All Chapters