Chapter 51
Vol. 6 Ch. 51
မင်းကို လက်ထပ်ချင်ခဲ့တဲ့သူက ကိုယ်ပဲ..။
ယွီရှင်း ထန်းမီ၏မျက်နှာချင်းဆိုင်တွင်ထိုင်နေကာ သူ၏မျက်ခွံများသည် အနည်းငယ် မှေးကျနေပြီး ပြုံးရိပ်သန်းနေသော မျက်ဝန်းတစ်စုံသည် နေရောင်တစ်စွန်းတစ်စဖြင့် ဖုံးလွှမ်းခံနေရပုံပင်။
ထန်းမီ သူ၏ထိုပုံစံအား ငေးကြည့်နေကာ မရေမတွက်နိုင်သောအတွေးများ သူမခေါင်းထဲတွင် ပြေးလွှားနေ၏။
“မင်းပုံစံက မပျော်သလိုပဲ?”
ယွီရှင်း၏ခပ်စူးစူးအကြည့်များသည် ထန်းမီ၏မြင်ကွင်းများအား နားမလည်နိုင်လောက်သည့် ဖိအားများဖြင့် ပိတ်ဆို့ထား၏။
ယွီယိသည် တဖြည်းဖြည်း ယွီရှင်းနှင့် ပိုတူလာခဲ့ပြီး ယွီရှင်းသည် ယွီယိနှင့်ပိုတူလာသည်ဆိုတာကို ထန်းမီ ရုတ်တရက် သတိထားမိသွားခဲ့သည်။
သူမ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားပြီး နောက်ဆုံးတွင် မေးခွန်းထုတ်လိုက်တော့၏။
"စိတ်ကွဲနောက်တစ်ခုက တကယ်ပြန်မလာတော့ဘူးလား?"
ယွီရှင်း : "ဟုတ်တယ် မင်းကိုယ့်ကို စိတ်အေးလက်အေး လက်ထပ်လို့ရပြီ"
ထန်းမီ မျက်မှောင်ကြုတ်ကာ စွပ်စွဲလိုက်မိ၏။
"ရှင်က သူများရဲ့ဘဝကို ခိုးယူနေတာ!"
ယွီရှင်း ခပ်ပြုံးပြုံးလေးဖြင့်...“ကိုယ်ကလား? ယွီယိကရော ကိုယ့်ဆီက အခွင့်ရေးမယူခဲ့ဘူးပေါ့? အသိသာကြီးပဲ။ ကိုယ်အရာအားလုံးကို ဖန်တီးပေးခဲ့တာ! ဒါပေမဲ့ နောက်ဆုံးမှာ အကျိုးရလဒ်ကို ခံစားရတဲ့သူက သူပဲဖြစ်နေတယ်။ ဒီတစ်ခေါက်တော့ ကိုယ်သူ့ဆီက အကျိုးအမြတ် သေးသေးလေး ပြန်ယူရုံပါ"
သူကတော့ အကျိုးကြောင်း ဆီလျော်သည်ဟု ခံစားမိသော်လည်း မိန်းမတွေကတော့ အဲလို ဟုတ်ပုံမပေါ်ပေ။ ထန်းမီ မျက်ခုံးများပင့်ကာ ယွီရှင်းအား စေ့စေ့ကြည့်လိုက်ရင်း..."ဒါဆို ကျွန်မရှင့်ကို လက်မထပ်နိုင်ဘူး။ လက်ထပ်မဲ့ကိစ္စကို ဖျက်သိမ်းလိုက်ပြီ!"
သူမ ဒီလိုပြောလိမ့်မည်ဟု သူအကြမ်းဖျင်း တွက်ထားပုံပင်။ ယွီရှင်း၏နှုတ်ခမ်းထောင့်များ အပေါ်သို့ ကော့တက်သွားကာ ပါးနှစ်ဖက်ပေါ်ရှိ ပါးချိုင့်များကလည်း ပို၍ ထင်ရှားလာခဲ့၏။
"ကိုယ်တို့ လက်ထပ်မဲ့ကိစ္စကို မင်းအိပ်နေတုန်းမှာပဲ။ ကိုယ်လူသိရှင်ကြားကြေညာပြီးပြီ နောက်လကုန်လောက် လုပ်ဖြစ်မယ်ထင်တယ်"
သူပြောပြီးသည်နှင့် ထန်းမီ့အနားသို့ တိုးကပ်လာကာ မျက်တောင်များ ပုတ်ခတ်၍..."အချစ်လေး မင်းတကယ် လက်ထပ်ပွဲကို ဖျက်ချင်လို့လား? ယွီယိတစ်ယောက်တော့ အရှက်ကွဲတော့မှာပဲ"
ထန်းမီ : “…”
'ဒီလူတော်တော် အပေါစားဆန်တာပဲ!'
ယွီရှင်း သူမ မယုံကြည်မည်ကို စိုးရိမ်သဖြင့် အိပ်ရာဘေးရှိ အိုင်ပတ်အား ဆွဲယူလိုက်ကာ သူ၏လက်ချောင်းများဖြင့် အကြိမ်အနည်းငယ် ပွတ်ဆွဲလိုက်ပြီးနောက်-"ဒီမှာကြည့် ယွီလုပ်ငန်းစု တရားဝင် ဝဘ်ဆိုဒ်ရဲ့ ခေါင်းစီးပိုင်းသတင်းက ကိုယ်တို့နှစ်ယောက် လက်ထပ်မဲ့သတင်း"
ထန်းမီ : “…”
သူမ အနီရောင် စာမျက်နှာအားကြည့်လိုက်ကာ ဂုဏ်ပြုစာများနှင့် စိတ်သောက ရောက်နေကြသော အနုပညာရှင်များ၏စာတစ်ချို့အား မြင်လိုက်ရ၏။
'ငါ မနေ့ညက မအိပ်ဘဲနေလိုက်ရမှာ'
ယွီရှင်း အိုင်ပတ်အား ဘေးတွင် ပြန်ထားလိုက်ကာ ထန်းမီ့အား ပြုံးပြလိုက်ရင်း..."မင်္ဂလာပွဲအတွက် မင်းရဲ့အချိုပွဲဆိုင်ကို နောက်လအစပိုင်းလောက် စောစောကြိုဖွင့်သင့်တယ်" သူ ထန်းမီ့အား နားလည်ရခက်သည့် အကြည့်များဖြင့် ကြည့်နေ၏။
"ယွီယိက အစောကြီးထဲက မင်္ဂလာပွဲအတွက် ကြိုစီစဥ်ထားပြီးပြီ။ သူမင်းကိုတောင် မမေးခဲ့ဘူးလေ။ ဒါပေမဲ့ ထားပါတော့ သူ့ကြောင့် ကိုယ်အလုပ်အရမ်း မရူပ်တော့ဘူးပေါ့။ သူမင်္ဂလာခန်းမတောင် ကြိုငှားပြီးသွားပြီဆိုတော့ ကိုယ်တို့အချိန်ရရင် ဝတ်စုံသွားရွေးကြရအောင်"
ထန်းမီ ခဏလောက် ကြောင်အသွားတော့သည်။
'ယွီယိက အစောကြီးထဲ ပြင်ဆင်ပြီးသွားပြီလား?'
ယွီရှင်း မျက်လုံးများ လှုပ်ရှားသွားပြီး သူ၏ကော့ညွှတ်နေသော နှုတ်ခမ်းတစ်စုံသည် အောက်သို့ မဲ့ကျသွားခဲ့၏။
"မင်း သူ့အကြောင်း တွေးနေပြန်ပြီလား?"
သူထန်းမီအား စူးရှစွာ စိုက်ကြည့်နေကာ သူမမျက်လုံးများ မှတဆင့် ဟိုး အနက်ရှိုင်းဆုံးနှလုံးသားထဲအထိပါ မြင်ချင်နေသလိုပင်။
"မင်းကို အရင်ဆုံး သဘောကျခဲ့တဲ့သူက ကိုယ်ပဲ။ အရင်ဆုံးနမ်းခဲ့တဲ့သူကလည်း ကိုယ်ပဲလေ ဘာလို့ သူ့ကိုပဲ ရွေးချယ်ရတာလဲ?"
သူ့မျက်လုံးများထဲတွင် မလိုလားမှုများ၊ ဒေါသများ၊ ဝမ်းနည်းမှုများဖြင့် ရောယှက်နေ၏။ ထန်းမီ သူ့မျက်နှာအား ထိတွေ့လိုက်လျှင် သူ့ကိုယ်ပေါ် ဒဏ်ရာဒဏ်ချက်တစ်ခုအား ထိတွေ့ခံလိုက်ရသကဲ့သို့ သူ့နှလုံးသားတစ်ခုလုံး တုန်ခါသွားတော့သည်။
သူမ ယွီရှင်း၏ မျက်ဝန်းလှလှလေးအား ရှောင်နေသယောင် အောက်ကိုသာ ငုံ့ကြည့်နေမိ၏။
"ကျွန်မ ရှင့်ကိုအမြဲ ယွီယိရဲ့အစိတ်အပိုင်းတစ်ခုလို့ပဲ သဘောထားခဲ့တာ.."
ယွီရှင်း အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အဝတ်လဲခန်းထဲသို့ လျှောက်ဝင်သွားကာ ဗီရိုအား ဖွင့်လိုက်လေသည်။
"မင်း အရင်ဆေးကြောနှင့် ပြီးရင်ကုမ္ပဏီကို သွားမယ်"
သူ့စကားကြောင့် ထန်းမီ၏အကြည့်များ အဝတ်လဲခန်းထဲသို့ ရောက်သွားတော့၏။ နောက်ပိုင်း သူ့ပုံစံသည် တစ်မျိုး ဖြစ်လာသည်။
"ကုမ္ပဏီကိုသွားမယ်? ရှင် တကယ်ကုမ္ပဏီကို သွားမလို့လား?"
ယွီရှင်း သူမဘက်အားလှည့်ကာ ပြုံးပြလာ၏။ "ဒါပေါ့"
သူပြောပြီးသည်နှင့် ညအိပ်ဝတ်စုံအား ကျွမ်းကျင်စွာ ချွတ်ချလိုက်လေသည်။
နူးညံ့တင်းရင်းနေသည့် ကြွက်သားများနှင့် ခါးနှင့်ဝမ်းဗိုက်နေရာရှိ ချောမွေ့လှပသည့် ဗွီပုံစံကြွက်သားလိုင်းသည် ထန်းမီ၏မျက်လုံးထဲသို့ ရုတ်တရက် ဝင်လာခဲ့၏။ ထန်းမီ တောင့်တင်းသွားရကာ ခေါင်းအားဘေးသို့ လှည့်လိုက်ပြီးနောက် ပါးပြင်များ ပူတက်လာတော့သည်။
ယွီရှင်း အင်္ကျီလဲပြီးသွားချိန်တွင် သူမဘက်အား လျှောက်လာကာ စိတ်ဝင်တစားဖြင့် မေးလိုက်၏။
"ဘာဖြစ်လို့လဲ အချစ်လေး?"
"ဘာမှမဟုတ်ဘူး" ထန်းမီ ခေါင်းအား ခါယမ်းပြလိုက်ပြီး သူ့၏တောက်တောက်ပြောင်ပြောင် အဝတ်အစားများအား မြင်လိုက်ချိန်တွင် မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
"ဒါကြီး ဝတ်ပြီး ကုမ္ပဏီသွားမလို့လား? မရဘူး ရှင်မသွားလို့ မရဘူးလား?"
ယွီရှင်း မျက်ခုံးပင့်ကာ-"အခုတလော ယွီယိအချိုပွဲဆိုင်နေရာအတွက်ရော ကြယ်ရောင်ပန်းခြံကိစ္စတွေရောကြောင့် အလုပ်အရမ်းရူပ်နေတာ ဒါပေမဲ့ အဲတာတွေက ကိုယ်နဲ့မဆိုင်ပါဘူး။ အချစ်လေး မသွားစေချင်မှတော့ ဖြစ်ချင်တာ ဖြစ်ပါစေတော့။"
ထန်းမီ : “…”
'ဒီယောကျာ်း တော်တော်ဆိုးဆိုးပဲ'
"ရှင် ကုမ္ပဏီလုပ်ငန်းကိုရော ကောင်းကောင်း ကိုင်တွယ်တတ်လို့လား?"
'ရှင် ဦးနှောက် သိပ်မကောင်းဘူးလို့ ယွီယိပြောဖူးတယ်!'
ယွီရှင်း တုံ့ဆိုင်းနေပြီးနောက် သူမအား အလျင်အမြန် နမ်းလာခဲ့၏။
"စိတ်လျော့ပါ။ အချစ်ရဲ့ ကိုယ်ကုမ္ပဏီကိုတော့ ဒေဝါလီခံရအောင် မလုပ်ပါဘူး။ အနည်းဆုံးတော့ ကိုယ် မင်းကို ထောက်ပံ့ပေးချင်သေးတယ်။"
ထန်းမီ : “…”
'တိတ်တဆိတ် အခွင့်ကောင်းယူလိုက်တာပဲ!'
သူမ အနမ်းခံလိုက်ရသည့် နေရာအား ပွတ်လိုက်ကာ သူ့အား မျက်နှာခပ်တင်းတင်းဖြင့် ကြည့်လာလေသည်။
"ဒါဆို ကုမ္ပဏီကိုမသွားခင် သပ်သပ်ရပ်ရပ်လေးတော့ ဝတ်စားသွား!"
ယွီရှင်း မထီမဲ့မြင်လေသံဖြင့်..."ယွီယိအတွက် အဝတ်ပြောင်း ဝတ်ပေးရမှာလား? မိန်းမ ရွေးတတ်တာကလွဲရင် သူ့အကြိုက်တွေက စုတ်ပြတ်နေရောပဲ"
ထန်းမီ : “…”
'မဟုတ်ဘူး။ ရှင်ကသာနည်းနည်း လွတ်နေတဲ့သူ ထင်တယ်'
နောက်ဆုံးတွင် ထန်းမီ၏တောင်းဆိုမှုကြောင့် ယွီရှင်း အနောက်တိုင်းဝတ်စုံအား ပြောင်းဝတ်ပေးခဲ့၏။ သို့သော် နက်ခ်တိုင်ဝတ်ဖို့ကိုတော့ ငြင်းဆိုခဲ့ပြီး အောက်ခံရှပ်အင်္ကျီကလည်း ပန်းရောင် တောက်တောက်ကြီးပင်။
ထန်းမီ အပေါ်အောက် အကြိမ်အနည်းငယ် အကဲခတ်လိုက်ကာ အင်တင်တင်ဖြင့် ကျေနပ်လိုက်ရ၏။ အဆင့်တန်းမြင့်မြင့် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စီအီးအိုအငွေ့အသက်မျိုးတော့ မခံစားရချေ။
ယွီရှင်း ထန်းမီအားပြုံးကာ ကြည့်လိုက်ပြီး..."ညစာ အတူစားလို့ရမလား မိန်းကလေး?"
ထန်းမီပြန်မဖြေဘဲ ပွစိပွစိလုပ်ကာ အဝတ်အစားများအား ကောက်ယူရင်း ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့၏။
'ယွီရှင်း ကုမ္ပဏီမှာ အလုပ်လုပ်ပြီး လက်ဦးမှုယူနေပြီ ယွီယိက တကယ်ကြီး ပေါ်မလာတော့ဘူးလား?'
မဖြစ်နိုင်ဘူး။ သူမ မယုံကြည်ချင်ပေ။
ယွီယိလိုလူမျိုးကို ယွီရှင်း ဒီလိုမျိုး ပိတ်လှောင်ထားဖို့က လုံးဝကို မဖြစ်နိုင်ပါ။
သူမ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ယွီရှင်း ပြတင်းရှေ့တွင်ရပ်ကာ ခပ်လှမ်းလှမ်းသို့ ငေးမောကြည့်နေ၏။ မြင်နေရသည့် သူ၏နောက်ကျောပုံရိပ်သည် မနေ့ညက ယွီယိ၏ပုံစံနှင့် တစ်ထပ်တည်းပင်။
ထန်းမီ တစ်ခုခုပြောဖို့ ပြင်နေတုန်းမှာပဲ သူမ ဖုန်းသံမြည်လာခဲ့၏။ ခေါ်ဆိုသူမှာ လန်ချန်ချင်း..။
ထန်းမီ မျက်ခုံးပင့်လိုက်မိကာ ဖုန်းကိုင်လိုက်တော့သည်။
"အမေ ဘာကိစ္စရှိလို့လဲ?"
ထန်းမီ၏အမေဟူသောအသံကြောင့် ယွီရှင်းလည်း ချက်ချင်းလှည့်ကြည့်လာခဲ့၏။
ဖုန်းတစ်ဖက်ရှိ လန်ချန်ချင်း၏အသံသည် သိသိသာသာကို မသာမယာဖြစ်နေလေသည်။
"ထန်းထန်း ယွီယိက မင်းနဲ့ မင်္ဂလာကိစ္စကို ကြေညာထားတယ် မင်းရော သိလား?"
ထန်းမီ နှုတ်ခမ်းအား ကိုင်လိုက်ကာ-"အင်း မနေ့က သူသမီးကို လက်ထပ်ခွင့်တောင်းလို့ သမီးလည်း လက်ခံလိုက်တယ်"
လန်ချန်ချင်း အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သည်းခံရခက်နေသော အသံဖြင့်..."ဒီလိုကိစ္စမျိုးကို ဘာလို့ ငါတို့နဲ့ မတိုင်ပင်ရတာလဲ? မင်းအဖေရော သိလား?"
"အမ်..မနေ့က သမီးဖုန်းခေါ်ပေမဲ့ ခေါ်မရခဲ့ဘူး"
ထိုစကားကြောင့် သူတို့ဘယ်လောက်တောင် စည်းစနစ်မရှိတဲ့ မိဘဖြစ်ခဲ့လဲဆိုတာနှင့် သူတို့ ဘယ်လောက်တောင် ပျော့ညံ့ခဲ့သည်ဆိုတာကို လန်ချန်ချင်းတစ်ယောက် သတိရသွားခဲ့သည်။
သူမ ဘာမှထပ် မပြောတော့တာကြောင့် ထန်းမီကပဲ စကားအား အဆုံးသတ်လိုက်တော့၏။
"သမီးနောက်မှ သေချာပြောပြမယ်နော်။ အခုအလုပ်သွားရတော့မယ်"
သူမဖုန်းချလိုက်ချိန်တွင် ယွီရှင်း သူမအနားအား ရောက်လာကာ မချိုမချဥ်အပြုံးဖြင့်..."ယောက္ခမကြီးရဲ့ ဖုန်းလား?"
ထန်းမီ နှုတ်ခမ်းထော်ကာ ဒေါသတကြီးဖြင့် ရန်တွေ့လိုက်လေသည်။
"ရှင့်ကြောင့်ဖြစ်တာ! ယွီယိက ကျွန်မအမေကို လက်ထပ်ဖို့ကိစ္စ ပြောမလို့ပဲ ရှိသေးတာ! ရှင့်ကို တစစီသာ ကိုက်ဆွဲပစ်လိုက်ချင်တယ်!"
ယွီရှင်း၏မျက်လုံးများ အရောင်တောက်လာကာ သူ ရှပ်အင်္ကျီကြယ်သီးအား ဆွဲဖြုတ်လိုက်ရင်း သူ၏ပခုံးနှင့် ညှပ်ရိုးအား ဟပြလိုက်တော့၏။
"လာလေ ချုပ်တည်းမထားနဲ့"
ထန်းမီ : “…”
သူမ သူ့အားဖုန်းဖြင့် ပစ်ပေါက်လိုက်ကာ ကိုက်ချ လိုက်တော့သည်။ ယွီရှင်း နှာခေါင်းရူံ့ကာ သူမ၏ခါးလေးအား ဆွဲဖက်လိုက်ပြီး အပြုံးများ မရပ်တန့်တော့ချေ။
သူမ ပါးစပ်အား အားမထည့်လိုက်ခင် သံချေးအရသာ အနည်းငယ် ခံစားလိုက်ရ၏။
ယွီရှင်း၏ပခုံးတွင် ခပ်နက်နက်သွားရာ အကွင်းလိုက်ပေါ်လာကာ သွေးများပင် စို့နေလေသည်။ ယွီရှင်း သူမအားငုံ့ကြည့်ကာ ပြုံး၍..."ကျေနပ်ပြီလား?"
ထန်းမီ သူ့အား မျက်နှာမဲ့ပြလိုက်ပြီးနောက်-"ယွီယိအတွက်တော့ မကျေနပ်ဘူး!"
ယွီရှင်း သူမခါးပေါ်ရှိ လက်များအား အနည်းငယ် လှုပ်ရှားလိုက်ကာ သူမအား ပွေ့ဖက်လိုက်တော့၏။
"အချစ်လေး နောက်တစ်ခါ ကိုယ်ရှေ့မှာ သူ့ကို ထည့်မပြောတာ အကောင်းဆုံးပဲ"
ထန်းမီ သူ့အား လက်မခံနိုင်စွာ စိုက်ကြည့်လိုက်ရင်း..."ပြောတော့ဘာဖြစ်လဲ?"
ယွီရှင်း၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်တက်လာတော့သည်။
"ဒါဆို ပြစ်ဒဏ်အတွက် အသင့်ပြင်ထား"
ပြောပြီးသည်နှင့် ထန်းမီအား နမ်းချလိုက်လေသည်။
ထန်းမီ၏အနမ်းသည် သူစားဖူးသမျှ ကိတ်များထက် ပိုချိုသည်ဟု ယွီယိ တစ်ခါပြောဖူး၏။
ယွီရှင်းအတွက်လည်း ထို့နည်းလည်းကောင်းပင်။ သို့သော် သူကတော့သူ၏ဆန္ဒများအား ဖုံးကွယ်ထားမည် မဟုတ်ပေ။
မျက်စိတစ်မှိတ်လေးအတွင်း သူထန်းမီအား ကုတင်ပေါ်တွင် ဖိချလိုက်၏။
ထန်းမီ ထိပ်လန့်သွားကာ သူ့အောက်တွင် အနည်းငယ် ရုန်းကန်နေတော့သည်။ ယွီရှင်း ခဏလောက် ရပ်တန့်လိုက်ပြီးနောက် ထန်းမီ့နှုတ်ခမ်းများအား လွှတ်ပေးလိုက်၏။
ထန်းမီ သူ့အားမော့ကြည့်လာကာ သူမ၏မျက်နှာသည် သဘောဝမဆန်စွာ နီရဲနေခဲ့သည်။ ယွီရှင်း ပါးချိုင့်များနစ်ဝင်သွားသည်အထိ ပြုံးလိုက်ပြီး..."ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ သူ့အကြောင်းထပ်ပြောရင် မလွယ်ဘူးမှတ်"
ထိုမှသာ ထန်းမီ သက်ပြင်းချလိုက်မိကာ သူ့အားဘေးသို့ တွန်းထုတ်လိုက်တော့သည်။ ထို့နောက် အိတ်အားဆွဲယူရင်း အောက်ထပ်သို့ ပြေးဆင်းလာခဲ့၏။
နမ်းပြီးတာတောင် ယွီယိ ပြန်ပေါ်မလာခဲ့ချေ။
နှစ်ယောက်သား တိတ်ဆိတ်စွာ မနက်စာ စားပြီးနောက် ယွီရှင်း ဒရိုက်ဘာမခေါ်ဘဲ လမ်ဘော်ဂီနီအား ဂိုထောင်ထဲမှမောင်းချလာကာ ထန်းမီရှေ့တွင်ထိုးရပ်လိုက်၏။ "တက်"
ထန်းမီ မတက်ချင်တက်ချင်ဖြင့် ကားပေါ်သို့တက်လိုက်ရတော့သည်။ သူမ ခုဏကလေးတင် လော့ဟောက်အား တိတ်တိတ်လေး အကြောင်းကြားပြီးပြီပင်။
'ကုမ္ပဏီတစ်ခုလုံးကို အသင့်ပြင် ခိုင်းထားသင့်လား?'
'ဘာပြဿနာမှမရှိဖို့ မျှော်လင့်ပါတယ် အာမင်'
စားသောက်ဆိုင်သို့ ရောက်ခါနီးတွင် ထန်းမီအချိန်မှီ လမ်းဆုံတွင်ရပ်ပေးဖို့ ပြောလိုက်ရ၏။ သို့သော် ယွီရှင်းတစ်ယောက်ကတော့ မပြောင်းမလဲပင် ပြုံးပြလာခဲ့သည်။
ထန်းမီ : “…”
'မဟုတ်ရင် သူစားသောက်ဆိုင်ကနေ အသက်ရှင်လျက် ထွက်လာနိုင်မှာ မဟုတ်ဘူး!'
ယွီရှင်း ပါးစပ်အားတင်းတင်းစေ့ကာ ဘာမှ ပြန်မပြောချေ။ ထို့နောက် ကားအား ချိုမြိန်မြိန် အိပ်မက်၏ဝင်ပေါက် ရှေ့တည့်တည့်တွင် ရပ်ချလိုက်လေ၏။
စားသောက်ဆိုင်ထဲမှ ဝန်ထမ်းတစ်ချို့ စပ်စုချင်စိတ်များဖြင့် ပြေးထွက်လာကြတော့သည်။ ယွီရှင်း ဘေးသို့ကိုယ်အားစောင်းချလိုက်ကာ ထန်းမီအား..."နှုတ်ဆက်အနမ်း လိုချင်သေးလား အချစ်လေး?"
ထန်းမီ ခပ်တည်တည်ပင် ထိုင်ခုံခါးပတ်အား ဆွဲဖြုတ်လိုက်ပြီး..."ပါးစပ်ပိတ်ထား!"
သူမပြောပြီးသည်နှင့် ကားထဲမှထွက်ကာ ဝန်ထမ်းများ၏ အမျိုးမျိုးသော အကြည့်များအောက်မှ ရုန်းထွက်ပြီး ဆိုင်ထဲသို့ပြေးဝင်လိုက်တော့သည်။
သူမ ဆိုင်ထဲသို့ရောက်သည်အထိ ဝန်ထမ်းများအားလုံး၏အကြည့်များသည် ယွီယိထံတွင် ရှိနေကြဆဲပင်။ [ အခု ယွီရှင်းဖြစ်နေပြီဆိုပေမဲ့ သူတို့ အဲကိစ္စ မသိကြပါ ] ယွီရှင်း လမ်ဘော်ဂနီထဲတွင် ပြန်ဝင်ထိုင်လိုက်ပြီး သူတို့အားပြုံး၍ လက်ပြနှုတ်ဆက်လာလေ၏။
ဝန်ထမ်းများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်ကို ကြည့်ရင်း ယွီရှင်း ရယ်လိုက်မိကာ ကားမောင်းထွက်သွားတော့သည်။
ယခုထိတိုင် ပခုံးပေါ် ရှိနာကျင်မှုသည် မပျောက်ကွယ် သွားသေးပေ။ ယွီရှင်း သူ၏ဘယ်ဘက်ပခုံးအား စောင်းကြည့်ကာ တွေးရင်းပြုံးလိုက်မိ၏။
'ဘယ်သူက ခွေးပေါက်လေးလဲ?'
လမ်ဘော်ဂနီလေးသည် ယွီကုမ္ပဏီ၏ရှေ့သို့ မောင်းဝင်လာခဲ့လျှင် လော့ဟောက် ဝင်ပေါက်ကနေ သတိကြီးကြီးဖြင့်ကြိုစောင့်နေခဲ့သည်။
ယွီရှင်း နှုတ်ခမ်းထောင့်အား ပင့်ကာ ခပ်ထေ့ထေ့ပြုံးလိုက်ပြီး အဆောက်ဦးရှေ့တွင် ကားအားရပ်ထားခဲ့၏။ ထို့နောက် ဘုန်းခနဲ ကားတံခါးအား ဆောင့်ပိတ်လိုက်ကာ ခပ်ကြွကြွလေး လျှောက်လာခဲ့လေသည်။
"ငါ့ကားကို ပါကင်ထိုးပေး"
သူပြောရင်း ကားသော့အား ကြောင်တောင်တောင်လေးရပ်နေသည့် လုံခြုံရေးထံ ပစ်ပေးလိုက်၏။
"ဂွတ်မောနင်း လက်ထောက်လော့" သူ လော့ဟောက်ဆီလျှောက်လာကာ နှုတ်ဆက်လိုက်လျှင်..။
လော့ဟောက် သူ့အပြုံးအားလိုက်တုရင်း မချိမဆံဖြင့် ပြန်ပြုံးပြလာကာ-"မင်္ဂလာပါ စီးအီးအိုယွီ"
_____________________________________________