Chapter 52
Vol. 6 Ch. 52
အရပ် ၁၈၅ စင်တီမီတာ (၆ပေကျော်)နီးပါး ရှည်လျားလှသည့် အကြည့်များဖမ်းစားနိုင်ဖွယ် ယောကျာ်းနှစ်ဦး ယွီကုမ္ပဏီဝင်ပေါက်တွင် အချင်းချင်းနှုတ်ဆက်နေကြသည်ကို ဝန်ထမ်းများအားလုံး ငေးကြည့်နေမိကာ နောက်ကျတော့မည်ကိုပင် မေ့လျော့နေခဲ့ကြ၏။
ယွီရှင်း လက်နှစ်ဖက်အား သူ၏ဘောင်းဘီအိတ်ကပ်ထဲတွင် ထိုးထည့်ထားကာ မျက်နှာပေါ်တွင်လည်း ရီဝေဝေ အပြုံးတစ်ပွင့်နှင့်ပင်။ ထိုယောကျာ်း၏တစ်ကိုယ်လုံးသည် ပျင်းရိနေသော်လည်း တစ်မျိုးဆွဲဆောင်မှု ရှိနေလေ၏။
အလုပ်သို့ ရောက်လာကြသည့် အမျိုးသမီးဝန်ထမ်းများသည်ပင် သူတို့ ကုမ္ပဏီ မှားလာခဲ့တာလားဟုတောင် တွေးယူနေရတော့သည်။
"ဘုရားရေ အဲတာ စီအီးအိုယွီလား?"
သူမဘေးမှ လုပ်ဖက်ကိုင်ဖက်တစ်ဦး : "... ဟီးဟီး ငါလည်း မသေချာဘူး"
ယွီရှင်း သူတို့၏အငြင်းအခုံဖြစ်နေမှုအား ကြားကာ သူတို့ဘက်သို့ လှည့်လာခဲ့ပြီး နွေးထွေးသည့် အပြုံးတစ်ပွင့်ဖြင့်..."ဂွတ်မောနီး အလုပ်ကြိုးစားကြနော်"
ထိုအမျိုးသမီးဝန်ထမ်းနှစ်ဦး၏ သွေးကြောများ ချက်ချင်း ခမ်းခြောက်သွားတော့၏။
“လက်အောက်ငယ်သားဆိုတာ အလုပ်ကို အရိုးကြေကြေ အရည်ခမ်းခမ်းလုပ်ရမယ်!”
"လုံးဝကို မြစ်ချောင်းအင်းအိုင်တွေကို စိုးမိုးထားတဲ့ ဘုရင်ကြီးပဲ!"
လော့ဟောက် : “…”
သူ ဝန်ထမ်းများအားလုံးကို စုစည်းပြီး သူတို့၏အိုင်ကျူကို ပြန်လည်တိုင်းတာရန် လိုအပ်သည်ဟု တွေးလိုက်မိတော့သည်။
ယွီရှင်းပြုံးကာ သူတို့အားလက်ပြလိုက်ပြီးနောက် ခြေတံရှည်ကြီးများဖြင့် ကုမ္ပဏီထဲသို့ ဝင်သွားလေတော့၏။
လော့ဟောက် သူ့နောက်မှ ထပ်ချပ်မကွာလိုက်ကာ ယွီရှင်း၏ဒုက္ခပေးမှုများနှင့် မရေမတွက်နိုင်သည့် အမျိုးသမီးဝန်ထမ်းများအား ဘယ်လိုတုန်လှုပ်အောင်လုပ်ခဲ့သည်ဆိုတာကို သူ့မျက်လုံးနှင့်ကိုယ်တိုင် သက်သေလိုက်ခံနေလေသည်။
အမျိုးသမီးဝန်ထမ်း အေ : "ဘုရားရေ စီအီးအိုယွီမှာ ပါးချိုင့်တွေရှိတာပဲ ချစ်စရာလေးပါအေ!!"
အမျိုးသမီးဝန်ထမ်း ဘီ : "အမေရေ စီအီးအိုယွီ သမီးကိုပြုံးပြနေပြီ! သူထပ်ပြုံးပြခဲ့ရင် ဒီလ လစာမရလည်း နေပါစေတော့!"
အမျိုးသမီးဝန်ထမ်း စီကတော့ အတော်လေးကို ရဲတင်းပြီး သူမဖုန်းအား ချက်ချင်း ကောက်ကိုင်လိုက်ကာ ယွီရှင်းအား..."စီအီးအိုယွီ ဒီကိုကြည့်! ဒီကို!"
ယွီရှင်း ခေါင်းအား လှည့်ကြည့်ကာ ကင်မရာဘက်သို့ ပြုံးပြလိုက်လျှင် ဖုန်းကိုင်ထားသည့်မိန်းကလေးသည် အသက်ရူကြပ်ကာ သူမ၏လုပ်ဖော်ကိုင်ဖက် ကိုယ်ပေါ်သို့ ယိုင်ကျသွားခဲ့၏။
"အိုး ငါနတ်သားလေးကို မြင်ဖူးခဲ့ပြီ.."
လော့ဟောက် : “…”
ယွီရှင်းတစ်ယောက် အစည်းဝေးခန်းသို့ သွားရာလမ်းတစ်လျှောက်လုံး ဟိတ်ကြီးဟန်ကြီး လုပ်လာကာ သူအခန်းထဲသို့ဝင်လိုက်သည်နှင့် အကုန်လုံးအား အပြုံးကြီးကြီးဖြင့် ပြုံးပြ နှုတ်ဆက်လိုက်တော့သည်။
"မင်္ဂလာနံနက်ခင်းပါ အားလုံးပဲ"
ဌာနအသီးသီးမှ မန်နေဂျာများ : “…”
နောက်မှလိုက်ဝင်လာသည့် လော့ဟောက်တစ်ယောက် ကြော်ညာဌာနမှ မန်နေဂျာ တစ်ရူးဘူးအား တိတ်တိတ်လေး ခိုးထုတ်နေသည်ကိုပင် မြင်လိုက်ရ၏။
သူ နှုတ်ခမ်းထောင့်အား အမြန်ကော့ညွှတ်လိုက်ကာ ပြုံး..."စီအီးအိုယွီ မကြာခင်မှာ လက်ထပ်တော့မှာကို အားလုံးပဲ သိပြီးလောက်ပြီထင်ပါတယ်။ မင်္ဂလာရှိတဲ့ပွဲကာလမှာ အကုန်လုံးပျော်ပျော်နေသင့်တာပေါ့ အဟဲဟဲ"
လော့ဟောက်၏စကားသည် သူတို့အားလုံး မထင်မှတ်ထားသည့် မင်္ဂလာသတင်းကြောင့် ထိပ်လန့်သွားခဲ့ရသည်ကို ပြန်အမှတ်ရသွားစေတော့သည်။ သို့သော် သူတို့၏ဘောစ့်အား မကျေနပ်လည်း ဂုဏ်ပြုပေးနေရဆဲပင်။
ယွီရှင်း သူ့နေရာအား လျှောက်သွားကာ ထိုင်ချလိုက်၏။ ထို့နောက် ပြုံးပြုံးလေးဖြင့်..."ကျေးဇူးတင်ပါတယ် ငါမင်းတို့အားလုံးကို စာအိတ်နီပေးပါ့မယ်"
ဌာနအသီးသီးမှ မန်နေဂျာများ တညီတညွှတ်တည်း သူတို့၏ပါးစပ်များအား အုပ်လိုက်မိတော့၏။
'စီအီးအိုကြီးက ပြုံးနေတယ်? မျက်စိစူးလောက်အောင် တောက်ပမနေဘူးလား?'
နှုတ်ဆက်စကားပြောကြားပြီးနောက် အစည်းအဝေးအား ပုံမှန်အတိုင်းပင် စတင်ခဲ့ကြသည်။ ထို့နောက် လူထုဆက်ဆံရေးဌာနမှ မန်နေဂျာရှန်မှ-"စားဖိုမှူးဝင်နီက မနက်ဖြန်လေယာဥ်နဲ့ အေမြို့ကိုလာမယ်လို့ပြောပါတယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့ကို လာမကြိုစေချင်ဘူးတဲ့"
မန်နေဂျာရှန် စကားစအား ခဏရပ်ကာ ယွီရှင်းအား ပြောသင့်မပြောသင့် အကဲခတ်နေလျှင် ယွီရှင်း မျက်ခုံးပင့်ကာ သူ့အားဆက်ပြောရန် အချက်ပြလိုက်၏။
မန်နေဂျာရှန် : "သူက စီအီးအိုယွီကိုယ်တိုင် သူ့ကို လာကြိုပါတဲ့.."
ယွီရှင်း၏မျက်ခွံများ အောက်သို့ငိုက်ကျသွားကာ သူ့မျက်လုံးများထဲတွင် ဖြတ်ခနဲ အလင်းများ တောက်ပလာတော့၏။ သူခဏလောက် စဥ်းစားလိုက်ပြီးနောက် မန်နေဂျာရှန်အား ပြုံးပြကာ-"ဒါဆို ငါသူ့ကို သွားကြိုလိုက်မယ်"
လူထုဆက်ဆံရေးဌာန၏ မန်နေဂျာတစ်ယောက်အနေနဲ့ မန်နေဂျာရှန် လူအတော်တော်များများ၏ စိတ်ကို ဖတ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ သူစီအီးအိုယွီ၏စိတ်အား မဖတ်နိုင်တော့ပေ။ သူ ယွီယိနှင့် နှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့ဖူးပြီး ဒါသည် သူရယ်မောခြင်းကို ပထမဆုံး မြင်လိုက်ရခြင်းပင်။
သူစိတ်နှလုံးအား တည်ငြိမ်စွာထားလိုက်ကာ ယွီရှင်းအား..."ကျွန်တော် စားဖိုမှူးဝင်နီရဲ့ လေယာဥ်နံပါတ်နဲ့ စိုက်ရောက်မယ့် ခန့်မှန်းချိန်ကို အကြောင်းကြားလိုက်ပါ့မယ်"
ယွီရှင်း ခေါင်းညိတ်လိုက်ပြီးနောက် အခြားဌာနများမှ စတင်၍တင်ပြခဲ့၏။ အားလုံးအသီးသီး တင်ပြပြီးတဲ့နောက် ယွီရှင်း ချက်ချင်းပင်.."ငါ့ မင်္ဂလာပွဲနေ့ကျရင် တစ်နိုင်ငံလုံးက ယွီလုပ်ငန်းစု စားသောက်ဆိုင်တွေရဲ့ ဟင်းပွဲတွေအားလုံးကို ၅၀%လျော့ပေးရမယ် နောက်ပြီး စာအိတ်အနီပေါင်း တစ်သန်းကိုလည်းဝေမယ်။ ငါ့မင်္ဂလာပွဲနေ့မှာ စားသောက်ဆိုင်ကို လာတဲ့ဧည့်သည်အကုန်လုံးကို စာအိတ်အနီနဲ့ မင်္ဂလာသကြားလုံး နှစ်ခုလုံးရစေရမယ်။ အဲတော့ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ဌာနတစ်ခုချင်းစီမှ မန်နေဂျာများအားလုံး အမှန်တကယ်ပင် စီအီးအိုယွီထူးဆန်းနေသည်ကို ခံစားမိလိုက်တာကြောင့် စိတ်ထဲမှတိတ်တိတ်လေး သက်ပြင်းခိုးချလိုက်မိကြ၏။ ဒါပေသည့် တစ်ချိန်တည်းမှာပင် သူတို့ပြုံးရွှင်ကာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါ့မယ်ဟု အာမခံလိုက်ရလေတော့သည်။
ယွီရှင်း အကုန်လုံးအား ပြုံးပြကာ နေရာမှထရပ်လိုက်၏။
"ဒါဆိုအစည်းဝေးပြီးပြီ။ လုပ်စရာရှိတာ ပြန်လုပ်လို့ရပါပြီ။"
သူထွက်သွားသည်နှင့် တစ်ရုံးလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ သတင်းဖြန့်ချိရေးဌာန မန်နေဂျာသည် အံ့ဖွယ်ဖြစ်ရပ်တစ်ခုအား ရှာဖွေတွေ့ရှိသွားဟန် စိတ်လှုပ်ရှားစွာဖြင့် သူ့ဘေးမှ လူထုဆက်ဆံရေးဌာန မန်နေဂျာ၏လက်အား ဆွဲကိုင်ကာ-"စီအီးအိုယွီ ပန်းရောင်ရှပ် အင်္ကျီကြီး ဝတ်ထားတာ ရှင်မြင်လိုက်တယ်မဟုတ်လား? ပန်းရောင်ဝတ်တဲ့ ယောကျာ်းတွေကို ဂျလေဘီတွေလို့ ကျွန်မအမြဲတွေးနေခဲ့တာ စီအီးအိုယွီနဲ့ကျမှ အရမ်းချောတာပဲ!"
လူထုဆက်ဆံရေးဌာန မန်နေဂျာသည် ခပ်တည်တည်ဖြင့်..."မျက်နှာကိုပဲ ကြည့်လေ"
ထို့နောက် ဘဏ္ဍာရေးဌာန မန်နေဂျာသည် မျက်မှန်အာ္ ဟန်ပါပါဖြင့် တွန်းတင်လိုက်ပြီး..."မျက်နှာကလည်း အရေးကြီးတယ်လို့ထင်တယ်"
နောက်တစ်ယောက်မှ မေးခွန်းထပ်ထုတ်လာ၏။
"စီအီးအိုယွီ ပန်းရောင်ဝတ်တာက ပိုအရေးကြီးတာ မဟုတ်ဘူးလား?!"
သတင်းဖြန့်ချိရေးဌာန မန်နေဂျာ : လက်ထောက်လော့ပြောသွားတာ မကြားဘူးလား? မင်္ဂလာရှိတဲ့ပွဲကာလမှာ အားလုံးပျော်ပျော် နေသင့်တယ်တဲ့ စီအီးအိုယွီ အနီတောက်တောက်ကြီး မဝတ်လာတာတောင် တော်သေးတယ်ပြောရမယ်။"
ထိုစကားလုံးထွက်လာသည်နှင့် တပြိုင်နက် ထူးဆန်းစွာ အားလုံး ငြိမ်သက်သွားတော့သည်။ သူတို့ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုဒ်ရှိ အနီရောင်ပင်မစာမျက်နှာကြီးအား မြင်ယောင်နေပုံပင်။
အမျိုးသားမန်နေဂျာ : "ငါလည်းမနက်ဖြန် ပန်းရောင်ဝတ်လာမယ်! ပြီးရင်စီအီးအိုယွီကို ကပ်ဖားပစ်မယ်!"
ထို့နောက် သူမျက်စောင်းများနှင့် နှာခေါင်းရူံ့မှု တစ်ချို့အား လက်ခံရရှိလိုက်တော့သည်။
************
စိတ်ကုန်နေပြီ ဖြစ်သော လော့ဟောက်တစ်ယောက် အစည်းဝေးခန်းတံခါးအား ဆွဲပိတ်ကာ တံခါးဘောင်အတွင်းမှ လူများ၏ဆွေးနွေးမှုများအား ဟန့်တားလိုက်တော့၏။
ယွီရှင်းကတော့ ကုမ္ပဏီမှ ပြန်ထွက်သွားပြီဖြစ်ပြီး လော့ဟောက်ကိုပင် မခေါ်ချေ။ ထို့ကြောင့် လော့ဟောက် ထိုအခွင့်အရေးအား အသုံးချကာ ထန်းမီကို ဖုန်းဆက်လိုက်လေသည်။
ထိုအချိန်တွင် စားသောက်ဆိုင်ဝန်ထမ်းများ၏ ပိတ်ဆို့မှုအား ခံနေရသည့် ထန်းမီ့အတွက် လော့ဟောက်၏ဖုန်းသည် အသက်ကယ်ကောက်ရိုးတစ်မျှင်အား ဖမ်းဆုပ်မိလိုက်သလိုပင်။
သူမ ခဏစဥ်းစားလိုက်ပြီးနောက်-"ဟေး လက်ထောက်လော့ ဘာဖြစ်လို့လဲ?"
စားသောက်ဆိုင်မှ လုပ်ဖော်ကိုင်ဖက်များသည် လက်ထောက်လော့၏နာမည်အား ကြားမှသာ ရပ်တန့်သွားကြတော့၏။ ထန်းမီ ခြေရာလက်ရာဖျောက်၍ နောက်သို့ဆုတ်လိုက်ကာ တစ်ဖက်ရှိ လော့ဟောက်၏စကားအား သေချာနားထောင်လိုက်သည်။
"မင်းအခုအားလား? ငါ မင်းကို စီအီးအိုယွီ ပြနေကျ ဆရာဝန်ဆီခေါ်သွားပြီး အခြေအနေအသေးစိတ်ကို သူ့ကို ရှင်းပြခိုင်းမလို့"
ထန်းမီ တောင့်တင်းသွား၏။
"ရတော့ရပါတယ်။ ဒါပေမဲ့ ရှင် ရှောင်ထွက်လို့ ရပါ့မလား?"
လော့ဟောက် : "ကိစ္စမရှိဘူး။ စီအီးအိုယွီက အခုလေးတင် ထွက်သွားပြီ။ ငါတို့ သိပ်မကြာခင် ပြန်ရောက်မှ ဖြစ်မယ်။ ငါ မင်းကို ဆယ့်ငါးမိနစ်အတွင်း လာခေါ်မယ်။"
“ဟုတ်ပြီ”
ထန်းမီ ဖုန်းချလိုက်လျှင် ကြီးကြပ်ရေးမှူးယွီ ဦးဆောင်သည့် အမျိုးသမီးဝန်ထမ်းတစ်သိုက်သည် သူမအား မထီမဲ့မြင်ဖြင့် ကြည့်လာလေ၏။ ထန်းမီ ချောင်းဟန့်လိုက်ကာ တီဗွီထဲမှ အမျိုးသမီးလေသံဖြင့် ဟန်ဆောင်ပြောလိုက်တော့သည်။
"ငါအခု စီအီးအိုကတော် ဖြစ်နေပြီနော်။ ရူပ်ရူပ်ယှက်ယှက် လာလုပ်ရင် အကုန်အလုပ်ဖြုတ်ပစ်မယ်!"
အားလုံး : “…”
သူတို့ အားလုံး ခေါင်းကြီးသွားချိန်တွင် ထန်းမီအမြန် လစ်ထွက်လာတော့၏။ စားဖိုမှူး ယူနီဖောင်းလည်း လဲဝတ်ဖို့ အချိန်မရှိတော့ပေ။
သူမ ကားလမ်းမဘေးတွင် လော့ဟောက်အလာအား စောင့်နေလျှင် ဖြတ်သွားဖြတ်လာများ၏ စပ်စုသည့်အကြည့်များနှင့် ရင်ဆိုင်လိုက်ရတော့သည်။
ထန်းမီ ဂရုမစိုက်နိုင်ပါ။ သူမ စားသောက်ဆိုင်မန်နေဂျာအား ဖုန်းခေါ်ကာ လော့ဟောက်နှင့် လုပ်စရာလေးရှိလို့ဟုပြော၍ နှစ်နာရီလောက် ခွင့်ယူလိုက်၏။ မန်နေဂျာသည်လည်း သူမနှင့်ယွီယိတို့၏ မင်္ဂလာကိစ္စအား သိထားတာကြောင့် ချက်ချင်း ခွင့်ပြုပေးခဲ့သည်။
ဖုန်းချပြီး သိပ်မကြာခင်မှာပဲ ဖုရှင်း၏ဖုန်းထပ်ဝင်လာပြန်၏။
ထန်းမီ ခေါင်းကိုက်လာတော့သည်။ သူမ နှလုံးသားထဲတွင်တော့ သူတတ်နိုင်သမျှ ဖြေရှင်းဖို့အားခဲရင်း ဖုရှင်းဖုန်းအား အမြန် ကောက်ကိုင်လိုက်လေ၏။
သူမ မပြောခင်မှာတင် ဖုရှင်း၏စိတ်ဆိုးမာန်ဆိုးအသံသည် ဖုန်းထဲမှ တိုးထွက်လာသည်။
"ထန်းမီ မနေ့ညက နင်ဘယ်တွေရောက်နေတာလဲ? တစ်ညလုံးနေဖို့အထိ တော်တော် သတ္တိတွေ ကောင်းနေတယ်ပေါ့!"
ထန်းမီ : “…”
သူမ ဘာမှပြန်မဖြေတာကြောင့် ဖုရှင်း ထပ်၍မေးလာ၏။
"မင်္ဂလာသတင်းဆိုတာကရော ဘာကြီးလဲ? နင်သွားတာ အရမ်းမြန်လွန်းနေပြီ!"
ထန်းမီ သူမ၏နှာခေါင်းထိပ်အား သတိလက်လွတ် ဖိလိုက်မိကာ-"အမ် သူမနေ့ညက ငါ့ကို လက်ထပ်ခွင့်တောင်းလို့ ငါလက်ခံလိုက်တာ"
ဖုရှင်းအသံသည် ထပ်၍ စူးရှလာပြန်သည်။
"ဒါဆိုမနေ့ညက ယွီယိနဲ့အတူရှိနေခဲ့တာပေါ့? နင်..."
ဖုရှင်း ဆက်မပြောခင် ထန်းမီ လော့ဟောက်၏ကား လာနေသည်ကို မြင်လိုက်ရ၏။ သူမ ရှေ့သို့ နှစ်လှမ်းတိုးကာ အလျင်စလိုပင်..."ငါ လုပ်စရာလေးရှိလို့ နောက်မှ ဆက်ပြောတော့မယ်!"
သူမပြောပြီးသည်နှင့် ဖုန်းအားချလိုက်တော့သည်။ ထို့နောက် လော့ဟောက်၏ကား သူမ ရှေ့ထိုးရပ်လာတာကြောင့် သူမ ကားတံခါးဖွင့်ကာ ရှေ့ခုံတွင် ဝင်ထိုင်လိုက်၏။ သူမ ဝင်ထိုင်လိုက်ပြီးနောက် လော့ဟောက်အား စိုးရိမ်ကြီးစွာ မေးလိုက်လေသည်။
"ကုမ္ပဏီမှာ အခြေအနေ ဘယ်လိုရှိလဲ? ယွီယိ ပြဿနာတစ်ခုခု ရှာလိုက်သေးလား?"
လော့ဟောက် နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး..."ဟီးဟီး"
ထန်းမီ : “…”
'ဟီးဟီး ဆိုတာ ဘာသဘောလဲ? ငါ့ကို လာနောက်မနေနဲ့!'
လော့ဟောက် ကားစက်နိုးကာ မောင်းထွက်လိုက်သည်။
"စိတ်မပူပါနဲ့ သူလုပ်ငန်းနဲ့ပတ်သတ်ပြီး ဘာမှ မရူပ်ခဲ့ဘူး"
ပြောရရင် ပိုပြီးအလေးအနက် ထားခဲ့တယ်လို့တောင် ပြောလို့ရသည်။ သူ၏စိတ်အခြေအနေနဲ့ဆို စားဖိုမှူးဝင်နီကို သွားကြိုဖို့တောင် လက်မခံလို့ရ၏။
ထိုအရာကြောင့်လည်း သူပိုပြီး စိုးရိမ်မိတာပင်။
'ယွီရှင်းအလုပ်ကို တက်တက်ကြွကြွ လုပ်နေတာက တကယ် စီအီးအိုယွီ ပြန်မလာတော့မှာ မို့လို့လား?'
ထိုအကြောင်းအား စဥ်းစားမိလိုက်ချိန်တွင် သူ မထိန်းနိုင်တော့ဘဲ အရှိန်တင်မောင်းလိုက်တော့သည်။
လော့ဟောက် ထန်းမီအား ဒေါက်တာကျန်း၏ဆေးခန်းသို့ တန်း၍ခေါ်လာခဲ့ကာ ထန်းမီလည်း ဒီလိုနေရာအား ပထမဆုံးရောက်ဖူးခြင်းပင်။ လှပသည့် လက်ထောက်မလေးသည် သူတို့အား ဗီအိုင်ပီ ဧည့်ခန်းသို့ ခေါ်လာခဲ့ပြီး လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တစ်ခွက် ပေးလာခဲ့သည်။ ထန်းမီက တစ်ငုံသောက်လိုက်ပြီးနောက် မျက်မှောင်ကြုတ် လိုက်မိတော့၏။ ထိုဖျော်ရည်သည် ဖရဲသီးနဲ့ သံပုရာရည်တို့အား ရောဖျော်ထားသောကြောင့် ဖြစ်သည်။
သူမ ဖန်ခွက်အား မသိမသာ ပြန်ချလိုက်ချိန်တွင် ဧည့်ခန်းတံခါးပွင့်လာကာ အပြင်မှ အပျံစားအနောက်တိုင်းဝတ်စုံအား ဝတ်ထားသည့် ဒေါက်တာကျန်းဝင်လာခဲ့သည်။
ထန်းမီ သူ့အားမြင်ချိန်တွင် တစ်ခုခုအား ပြန်လည်စဥ်းစားနေဟန် ထစ်ငေါ့နေတော့၏။
"ရှင်..ရှင်ကဟို..."
ဒေါက်တာကျန်း ပြုံး၍ လက်ဆွဲနှုတ်ဆက်လာသည်။
"မင်္ဂလာပါ ကျွန်တော့်နာမည်က ကျန်းရှန်ပါ။ ယွီယိရဲ့ဒေါက်တာပေါ့။"
"ဟုတ်သား ဒေါက်တာကျန်း! ရှင်က ယွီယိရဲ့ ဆရာဝန်ဖြစ်နေတာလား?!"
ဒေါက်တာကျန်း : "မင်းနဲ့ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
ထန်းမီ သူမပါးစပ်အား ဖွင့်လိုက်သော်လည်း ဘာမှမပြောဖြစ်ခဲ့ချေ။
'ဒါဆို သူ စားသောက်ဆိုင်ကို လာခဲ့တာ မုန့်စားဖို့အတွက် မဟုတ်ဘဲ သူ့ကိုတွေ့ဖို့ပေါ့'
ဒေါက်တာကျန်း သူတို့အား ဆိုဖာတွင်ထိုင်ရန် လက်ဟန်ပြလိုက်ကာ မေးလာ၏။
"ကျွန်တော် အကြမ်းဖျင်းကို လော့ဟောက်ဆီက ကြားပြီးပါပြီ။ မနေ့ညက ဘာဖြစ်ခဲ့တာလဲ?"
ထန်းမီ စကားလုံးများအား တစ်ခုချင်းစီလိုက်ပြီး..."ယွီယိ မနေ့ညက ကျွန်မကို ကမ်းခြေကိုခေါ်သွားပြီး လက်ထပ်ခွင့်တောင်းခဲ့တယ်။ ကျွန်မလည်းလက်ခံခဲ့တယ်။ ဗီလာကို ပြန်ရောက်တော့ ကျွန်မတို့ဝိုင်သောက်ရင်း စကားနည်းနည်းပြောခဲ့ကြပြီး အိပ်ရာဝင်ခဲ့တာ ဒါပေမဲ့ ကျွန်မ မိုးလင်းလို့ နိုးလာတော့ ယွီယိကနေ ယွီရှင်းဖြစ်နေတော့တာပဲ။ သူက ယွီယိကို သူ ပိတ်လှောင်လိုက်ပြီး ဘယ်တော့မှပြန်ပေါ်လာမှာ မဟုတ်ဘူးလို့လည်း ပြောသေးတယ်။"
ဒေါက်တာကျန်း ခဏလောက် တွေးတောလိုက်ကာ မေးခွန်းထုတ်လာ၏။
"ယွီရှင်း မင်းကို အတိအကျ ဘယ်လိုပြောခဲ့တာလဲ? သူ ဘာလို့ ထွက်လာတယ်ဆိုတာရော ပြောသေးလား?"
ထန်းမီ : "သူပြောတာက သူ ကျွန်မကို လက်ထပ်မယ်တဲ့ အရင်က ယွီယိ သူ့ဆီကနေ အခွင့်ကောင်းယူတာ များနေပြီ ဒီတစ်ခါတော့ သူ့အလှည့်ပဲတဲ့။"
ဒေါက်တာကျန်း ခေါင်းငုံ့လိုက်ကာ စဥ်းစားခန်းဝင်နေလျှင် လော့ဟောက်တစ်ယောက် မနေနိုင်တော့ဘဲ ဝင်မေးလိုက်တော့သည်။
"စီအီးအိုယွီကို ပြန်လာနိုင်အောင်လုပ်ဖို့ နည်းရှိလား? ကိုယ်ခွဲစရိုက်ကရော တကယ့်ပိုင်ရှင်အစစ်ကို အစားထိုးနိုင်လို့လား?"
ဒေါက်တာကျန်း : "ပိုင်ရှင်ရဲ့စိတ်ကို အစားထိုးတယ်ဆိုတဲ့ကိစ္စက အရင်က မရှိဖူးဘူး။ အကယ်၍ယွီယိသာ ယွီရှင်း ပြောသလို တကယ်ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတာဆိုရင် ငါ့အနေနဲ့ သူ့ကိုလွှတ်ပေးဖို့ မလွယ်လောက်ဘူး နောက်ပြီး ယွီရှင်း ငါ့ကိုအမြဲ ကလန်ကဆန် လုပ်တတ်တာကိုတော့ ထည့်ပြောစရာတောင်မလိုဘူး။ သူသေချာပေါက် ငါနဲ့ အဆက်အသွယ်မရအောင် ရှောင်နေလိမ့်မယ်။"
သူ အဆုံးသတ်တွင် ထန်းမီအား လှမ်းကြည့်လိုက်တော့၏။
"မနေ့ညက မင်းနဲ့ယွီယိ အတူရှိခဲ့တာလား?"
ထန်းမီ ခေါင်းညိတ်ပြလိုက်၏။.
“မင်းတို့s*xလုပ် ခဲ့ကြသေးလား?”
ထန်းမီ : “…”
ထန်းမီ၏မျက်နှာပေါ်တွင် တိမ်အနီကြီးနှစ်ခု ဖုံးလွှမ်းသွားရကာ လော့ဟောက်တောင် ကြိတ်ရယ်နေလေတော့၏။
ထန်းမီ ရင်တုန်ပန်းတုန်ဖြစ်ကာ တိုးတိုးလေးဖြင့်..."မဟုတ်ဘူး။ မဟုတ်ဘူး။"
လော့ဟောက် သူမအား အံ့အားသင့်စွာ ကြည့်လိုက်မိတော့သည်။
ထန်းမီ အသည်းအသန် ရှင်းပြဖို့လုပ်၏။
"ယွီယိက လက်ထပ်မပြီးမချင်း စောင့်မယ်ဆိုလို့ပါ..."
လော့ဟောက်၏မျက်လုံးများသည် ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားရတော့သည်။
ထန်းမီ : “…”
သူမ ဒီကမ္ဘာပေါ်မှာ ယွီယိလိုယောကျာ်မျိုး ရှားသည်ဟုပြောခဲ့သည်မှာ တကယ်အမှန်တရားပင်။
သူမ ဖုရှင်းအတွက် အလွန်ရင်လေးသွားတော့၏။
ဒေါက်တာကျန်းကတော့ အဖြေအား မျှော်လင့်ထားသည့်အတိုင်း သိပ်မတုံ့ပြန်လာချေ။
"ကျွန်တော် မင်းရဲ့ အမြင်ကိုကြားချင်တယ်။ ယွီရှင်း ဘာလုပ်ချင်တယ်လို့ မင်းထင်လဲ?"
ထန်းမီ မျက်မှောင်ကြုတ်ကာ ခဏလောက် သူမ၏အတွေးအား ဖော်ပြရန် စဥ်းစားလိုက်တော့သည်။
"ကျွန်မ ထင်တာတော့ သူနှုတ်ဆက်စကားပြောဖို့ လာတာထင်တယ်"
“နှုတ်ဆက်မလားဟ?”
လော့ဟောက် သိသိသာသာပင် သူမ၏ထင်မြင်ချက်အား သဘောမတူချင်ပေ။ ဒေါက်တာကျန်း သူ့နှုတ်ခမ်းအား အနည်းငယ် သပ်လိုက်ကာ-"ကျွန်တော် မင်းကို မေးဖို့တော့ မတွေးဖူးဘူး။ ဒါပေမဲ့ မင်း သူတို့ကို ဘယ်လိုမြင်လဲ?"
ထန်းမီ ဒေါက်တာကျန်းအား အလေးအနက်ဖြင့် ကြည့်ကာ ဖြေလိုက်တော့သည်။
"ကျွန်မစိတ်နှစ်ခွသမားတွေကို နက်နက်နဲနဲ နားလည်နိုင်တာမျိုးမရှိဘူး။ ဒါပေမဲ့ ကျွန်မအမြင်မှာတော့ လူတွေက ဘက်ပေါင်းစုံဖြစ်နေတယ်။ သူတို့က ဒီအခြေအနေကို အဆုံးစွန်သဘောမျိုးနဲ့ ဖော်ပြလိုက်တာပဲရှိတယ်။ ယွီရှင်းက ယွီယိရဲ့ တစ်စိတ်တစ်ပိုင်းလို့ ကျွန်မထင်တယ်။ သူ့ရဲ့ချစ်စရာအကောင်းဆုံးနဲ့ အပွင့်လင်းဆုံးအပိုင်း။"
_____________________________________________