Chapter 53
Vol. 6 Ch. 53
ဒေါက်တာကျန်း၏ဆေးခန်းမှ ပြန်ထွက်လာချိန်အထိ လော့ဟောက်တစ်ယောက် မရေမရာ ဖြစ်နေသေး၏။
"ငါ တို့ တကယ် ဘာမှမလုပ်တော့ဘူးလား? စီအီးအိုယွီ သူ့ဟာသူ ပြန်လာတာကိုပဲ စောင့်လို့ အဆင်ပြေပါ့မလား?"
ခါးပတ်ပတ်နေသည့် ထန်းမီ့လက်များ ရပ်တန့်သွားကာ သူမ၏မျက်လုံးများသည်လည်း အနည်းငယ် မှေးမှိန်သွားခဲ့သည်။
'လော့ဟောက် ဘာကို ပြောချင်တာလဲ?'
သူ၏နားလည်ရခက်သည့် ပုံစံအားမြင်ပြီးနောက် သူမပါးစပ်အား တင်းတင်းစေ့လိုက်မိလေ၏။
သူတို့ ကားမောင်းထွက်လာချိန်တွင် ထန်းမီ မေးခွန်းထုတ်လိုက်တော့သည်။
"ယွီရှင်း အပြင်ထွက်သွားတယ်ဆို ဘယ်ကိုလဲ?"
လော့ဟောက် : "အော် သူ မင်းအမေကို သွားတွေ့တာ"
ထန်းမီ : “…”
'ဒီလိုကိစ္စမျိုးကို ဘာလို့ စောစောမပြောတာလဲ!'
ကော်ဖီဆိုင်တွင် လန်ချန်ချင်းသည် ကြမ်းပြင်မှမျက်နှာကြက်အထိ မှန်အပြည့်ကပ်ထားသော ပြတင်းပေါက်ရှေ့တွင် ထိုင်နေပြီး သူမ၏လက်ညိုးလေးသည် အိုင်ပတ်ပေါ်တွင် ပြေးလွှားနေ၏။ ယွီမိသားစု၏တရားဝင် ဝေပို၌ မင်္ဂလာပွဲနေ့တွင် စားသောက်ဆိုင်များမှ ရရှိမည့်လျှော့စျေးနှင့် အကျိုးခံစားခွင့်များအကြောင်း အသေးစိတ် ကြေငြာထားလေသည်။ လန်ချန်ချင်း၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားချေပြီ။ ယွီယိ တကယ်ကို သူ့ပိုက်ဆံတွေကို မီးရှို့ဖို့ အဆင့်သင့်ဖြစ်နေပြီပဲ။
ထိုကဲ့သို့တွေးနေစဥ်မှာပဲ ယွီရှင်း ရောက်ချလာကာ သူမ၏မျက်နှာချင်းဆိုင်ခုံအား ဆွဲယူ၍ထိုင်ချလိုက်၏။
"အန်တီလန် ဒီနေ့တော်တော်လေးကို လှနေတာပဲ"
လန်ချန်ချင်း၏လက်ချောင်းများ ရပ်တန့်သွားကာ သူ့အား မော့ကြည့်လိုက်တော့သည်။
ရင်ဟဂျက်ကတ်၊ ပန်းရောင်ရှပ်အင်္ကျီ၊ အပြုံးတစ်ပွင့်... သူမ အနည်းငယ် မျက်မှောင်ကြုတ်မိသွား၏။
'ဒီလူ ဘာကြောင်နေတာလဲ?'
ယွီရှင်း လန်ချန်ချင်း၏အကဲခတ်မှုကို တည်ငြိမ်စွာ လက်ခံကာ ဝိတ်တာအား ကော်ဖီတစ်ခွက်မှာလိုက်လေသည်။
လန်ချန်ချင်း အိုင်ပတ်အား ဘေးတွင်ပြန်ချလိုက်ကာ ကော်ဖီခွက်ကို လှမ်းယူရင်း ယွီရှင်းအား ပြုံးပြလျက်-"ဒီနေ့ပုံမှန်ထက် နည်းနည်း ပြောင်းလဲနေပါလား ယွီယိ"
ယွီရှင်း : "လူတွေက ပျော်ရွှင်စရာပွဲတွေရှိရင် ပိုပျော်တတ်ကြတယ်လို့ ရှေးလူကြီးတွေပြောဖူးတယ် မဟုတ်လား?"
လော့ဟောက်၏အကြောင်းပြချက်သည် အတော်လေး အသုံးဝင်သွားသည်ဟု သူတွေးလိုက်မိ၏။
"ထန်းမီ့ကို လက်ထပ်ရတော့မယ် ဆိုတဲ့အတွေးက ကျွန်တော့်ကို တစ်ခြားလူတစ်ယောက်လို ခံစားသွားစေတယ်"
လန်ချန်ချင်း : “…”
'ဒီလူ သေချာပေါက် တစ်ခုခုမှားနေပြီ'
သူမ ကော်ဖီ တစ်ငုံသောက်ရင်း သူ့အားလှမ်းကြည့်လိုက်၏။
"မင်းဒီလောက် မြန်မြန်ကြီး လက်ထပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ပြီးတော့ မင်းရဲ့မင်္ဂလာသတင်းကို ခေါင်းစီးပိုင်းသတင်းမှာ တင်ထားတာရောပဲ ငါ ဒီနေ့ ယွီလုပ်ငန်းစု ရှယ်ယာတွေလည်း ထပ်တက်တယ် ကြားတယ်?"
ယွီရှင်း ပြုံးရင်း..."အန်တီလန် အကယ်၍ ဒီဟာကရှယ်ယာတစ်ခုတည်း အတွက်ဆို ကျွန်တော်လက်ထပ်ဖို့ မျိုးရိုးမြင့်မိသားစုကိုပဲ ရှာလိုက်မှာပေါ့။ ဒါဆိုရှယ်ယာတွေ ဒီထက်တောင် ပိုတက်လာဦးမယ်"
လန်ချန်ချင်း ကော်ဖီကိုပဲ ဆက်သောက်နေကာ ဘာမှပြန်မပြောချေ။ သူနှင့်ယှဥ်လျှင် ထန်းမီသည်ချမ်းသာတဲ့အထဲ မပါသေးပေ။ ထို့ကြောင့် သူသာ အပျော်ကြံလိုလျှင် ဒီလိုမျိုး မင်္ဂလာသတင်းအား ခေါင်းစီးပိုင်းတွင် ထည့်မည်မဟုတ်။
သူမ ရင်ထဲတွင် သံသယများရှိနေသေးသည်ကို ယွီရှင်း သိတာကြောင့် သူ လက်ဦးမှုယူကာ ကြိုပြောလိုက်၏။
"အန်တီလန် ကျွန်တော်ထန်းမီ့ကို တကယ်လက်ထပ်ချင်တာပါ။ ကျွန်တော်နဲ့လက်ထပ်ပြီးရင်လည်း ကျွန်တော်သူ့ကို သေချာဂရုစိုက်ပါ့မယ် စိတ်ချပါ။"
လန်ချန်ချင်း ကော်ဖီခွက်အားချကာ စနောက်လိုက်တော့သည်။
"စီအီးအိုယွီရဲ့ မင်္ဂလာပွဲနေ့မှာ ယွီကျီလက်အောက်က စားသောက်ဆိုင်တွေ အားလုံးကို ၅၀%လျှော့စျေးချပြီး စာအိတ်အနီနဲ့ မင်္ဂလာသကြားလုံးတွေ ဝေမယ်ကြားတယ်။ စီအီးအိုယွီက ကပ်စီးနဲလိမ့်မယ်လို့ ကျွန်မထင်ထားတာ။"
ယွီရှင်း : "တစ်သက်မှာတစ်ခါပဲ ဆောင်ရမယ့် မင်္ဂလာပွဲမှာ ကျွန်တော်ဘာတွေ တွန့်တို နေရဦးမှာလဲ?"
လန်ချန်ချင်း၏မျက်လုံးများ လှုပ်ရှားသွားကာ နူးညံ့သည့်အပြုံးတစ်ပွင့် ပေါ်လာလေတော့သည်။
***********
ထန်းမီဆီမှ ဖုန်းဝင်လာချိန်တွင် ယွီရှင်းကုမ္ပဏီသို့ ပြန်လာနေပြီ ဖြစ်သည်။ သူ ဘလူးတုသ် နားကြပ်အားတပ်ကာ ပြုံးလိုက်၏။
"အချစ်လေး မတွေ့ရတာတောင် တော်တော်ကြာပြီ ကိုယ့်ကိုလွမ်းလို့လား?"
ထန်းမီ သူ့အား ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီးနောက် စိုးရိမ်စွာမေးလာသည်။
"ကျွန်မအမေကို တွေ့ခဲ့တာလား?"
"အင်း ကိုယ့်ယောက္ခမကြီးက ကျက်သရေရှိပြီး အရမ်းလှတယ်။ သူ့မှာ အရမ်းလှတဲ့ သမီးလေးရှိတာ မထူးဆန်းဘူး"
ထန်းမီ နှုတ်ခမ်းအားရွဲ့လိုက်မိ၏။
"ရှင် ဘာပြောလိုက်သေးလဲ?"
ယွီရှင်း : "လက်ထပ်ပြီးရင် ကိုယ်မင်းကိုသေချာ ဂရုစိုက်ပါ့မယ်ဆိုတာနဲ့ နောက်နှစ်လောက် သူ့ကို မြေးချီရအောင် လုပ်ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်။"
ထန်းမီ : “…”
"ဒီလူတော်တော် အရှက်မရှိတာပဲ!" ထန်းမီ မကျေမနပ်ဖြင့် ဖုန်းအားတန်းချလိုက်တော့သည်။
ယွီရှင်း ရယ်လိုက်မိကာ သူမအားပြန်ခေါ်ဖို့ ပြင်နေတုန်းမှာပဲ တစ်ခြားဖုန်းတစ်ခုဝင်လာခဲ့၏။
ယွီယိအဖေပင်။
ယွီရှင်း ကိုင်သည့်ခလုတ်အား နှိပ်လိုက်ရုံရှိသေး သူ၏ဒေါသသည် မိုးထိအောင်ကို ဆောင့်တက်လာတော့သည်။ သူ၏ဒေါသသံသည် ယွီရှင်း၏နားကြပ်ထဲမှတဆင့် ထိုးထွက်လာ၏။
"ယွီယိ မင်းကို ဘယ်သူ လက်ထပ်ခိုင်းလို့လဲ?! ဒီလိုသတင်းကြီးမျိုးကို ဘာလို့ငါတို့ကို အသိမပေးဘဲကြေညာရတာလဲ? မင်း ငါတို့ကို မိဘလို့ မသတ်မှတ်တော့ဘူးလား! အခုချက်ချင်း ငါ့ဆီ လာခဲ့စမ်း!"
ယွီရှင်း သက်ပြင်းတစ်ချက် ရူထုတ်လိုက်ကာ သူ၏နားရွက်အား ကလော်ရင်း ပြုံးပြုံးလေးပြောလိုက်လေ၏။
"သိပြီ အခု ပြန်လာမယ်"
သူလမ်းဆုံမှတဆင့် ကားပြန်ကွေ့ကာ ယွီအိမ်တော်သို့ ဦးတည်လိုက်တော့သည်။
သူ့အား ခြံတံခါးလာဖွင့်ပေးသူမှာ ဝမ်ဝမ်ဖြစ်ပြီး သူ ယွီရှင်းအားတွေ့ကာ အံ့အားသင့်သွားရ၏။
"သခင်လေး ယွီ..ရှင်း?"
"ဝမ်ဝမ် မတွေ့ရတာတောင် အတော်ကြာပြီနော်"
ယွီရှင်း သူ့အား ပြုံးပြကာ ဧည့်ခန်းထဲသို့ လျှောက်ဝင်သွားလေသည်။
ယွီယိအဖေသည် အရှေ့အနောက် ခေါက်တုန့်ခေါက်ပြန် လျှောက်နေကာ တော်တော်လေးကို ဒေါသထွက်နေပုံပင်။ ယွီယိအမေကတော့ ဘေးရှိ ဆိုဖာပေါ်တွင်ထိုင်နေပြီး မျက်နှာ သိပ်မကောင်းချေ။
"အဖေ အမေ ကျွန်တော်ပြန်လာပြီ"
ယွီရှင်း ဆိုဖာဆီသို့လျှောက်လာကာ သူတို့အား တောက်ပစွာ ပြုံးပြနှုတ်ဆက်လာသည်။
ယွီယိ၏အဖေနှင့်အမေတို့ ရုတ်တရက် တောင့်ခဲသွားကြကာ ဖေကြီးယွီသည် သူ့အားမရေမရာဖြင့် ကြည့်လာ၏။
"ယွီရှင်း?"
"ဟုတ်ပါ့" သူ ဆိုဖာပေါ်တွင် သက်တောင့်သက်သာရှိစွာ ထိုင်ချလိုက်ပြီး သူတို့အား မော့ကြည့်လာသည်။ ထို့နောက် ခနဲ့ဟန်ဖြင့်..."ကျွန်တော် မင်္ဂလာသတင်း ကြေညာလိုက်ပြီဆိုတော့ အမြင်လေးသိပါရစေ"
ယွီယိအဖေနှင့်အမေတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကာ ညည်းတွားလိုက်တော့သည်။
"မင်းက ဘယ်လိုထွက်လာတာလဲ? ယွီယိကရော?"
ယွီရှင်း ရယ်လျက်-"သူ ပြန်ပေါ်လာတော့မှာ မဟုတ်ဘူး"
သူတို့ ထပ်၍ ဆွံ့အသွားကြကာ တစ်ဖက်တွင်ရပ်နေသည့် ဦးလေးဝမ်သည်ပင် အံ့သြသွားလေတော့၏။
"ဘာကိုဆိုလိုတာလဲ?" နောက်ဆုံးတွင် ယွီယိအမေသည် စိတ်မရှည်စွာဖြင့် မေးလာကာ သူမ ခန္ဓာကိုယ်သည် အနည်းငယ် ကတုန်ကယင်ဖြစ်နေပုံပင်။
"ပြောလိုက်တဲ့ အတိုင်းပဲလေ" ယွီရှင်း ညင်သာစွာ ပြောလာ၏။ "မရယ်မပြုံးနဲ့ ခံစားမချက်မရှိတဲ့ ယွီယိထက် ကျွန်တော်က ပိုမကောင်းဘူးလား?"
"မဟုတ်ဘူး သူက ငါ့ရဲ့ တစ်ဦးတည်းသောသား! နင် သူ့ကို အဝေးကို ခေါ်သွားလို့မရဘူး!"
ယွီယိအမေသည် ရှိုက်ကြီးတငင် အော်ဟစ်လိုက်လျှင် ယွီယိအဖေ သူမ၏စိတ်များ ပုံမှန်မဟုတ်တော့သည်ကို သတိထားမိတာကြောင့် ချက်ခြင်းပဲ နှစ်သိမ့်ရန်သွားလိုက်တော့သည်။
ယွီရှင်း ထပ်ပြုံးပြလိုက်သော်လည်း ဒီတစ်ခါမှာတော့ ရယ်သံသည် ပို၍ပြင်းထန်နေကာ ရွဲ့စောင်းနေသည့် ခံစားချက်အား ပေးနေ၏။
"အမေ့သား? သူ ဘာကြိုက်တယ် ဘာမကြိုက်ဘူးဆိုတာတောင် သိလို့လား? အမေသူ့ကို တကယ်ရော သိခဲ့ရဲ့လား?"
"တော်တော့!" ယွီယိအဖေ ယွီရှင်း၏စကားများအား ပြင်းထန်စွာ တားဆီးလာသည်။
"ယွီယိမှာ အစထဲက ကြိုက်တယ် မကြိုက်ဘူးဆိုတာတွေ မရှိဘူး!"
သူ၏မျက်လုံးများသည် ဒေါသကြောင့် နီရဲနေ၏။ ယွီယန်သေဆုံးမှုပြီးကတည်းက ယွီယိအမေ၏စိတ်များသည် ရံဖန်ရံခါ ထိန်းမနိုင်သိမ်းမရဖြစ်ကာ သူမအား ဆက်၍ ထိန်းမထား နိုင်တော့ပေ။ အခုအချိန်မှာ သူ့အား စိတ်အနှောင့်အယှက် အပေးနေဆုံးက ယွီရှင်းပင်။
“သူ့ တကယ်မရှိတာလား ဒါမှမဟုတ် အဖေနားလည်ပေးဖို့ မကြိုးစားခဲ့တာလား? ဒါဆိုယွီယန်ကရော ဘာလို့သိနေတာလဲ! နှစ်တွေအများကြီး ကြာခဲ့တာတောင် ကျွန်တော်ဒီလိုဖြစ်လာတာ အဖေတို့မှာလည်းတာဝန်ရှိတယ်လို့ နည်းနည်းလေးတောင် တွေးခဲ့ဖူးလား?!"
ယွီရှင်း ထိုစကားအား ပြောလိုက်ချိန်တွင် သူမနှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။ ယွီယိအဖေသည်လည်း သူ့မိန်းမအား လက်တစ်ဖက်ဖြင့် ထိန်းထားကာ သူ့အား ဒေါသများဖြင့် စိုက်ကြည့်နေသည်။ သို့သော် သူဘာတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ချေ။
ယွီရှင်း အသက်ခပ်ပြင်းပြင်း တစ်ချက်ရူလိုက်ကာ သူတို့အားကြည့်ရင်း..."ဘာလို့ဆို အမြဲတမ်း သူ့အပေါ် အမေတို့ရဲ့ထင်မြင်ချက်တွေကိုပဲ ရိုက်သွင်းထားလို့ သူ့ကိုယ်သူ ထုတ်ပြဖို့ ဘယ်တုန်းကမှ အခွင့်မသာခဲ့ဘူး
နောက်ပြီး အမေပြောတော့ သူဘာကြိုက်တတ်လဲ အမေသိတယ်ဆို ဒါဆိုဘာလို့ သူ့အိမ်ထောင်ရေးကို ဝင်စွက်ဖက်နေတာလဲ? ယွီယန် ဆုံးပြီးနောက်ပိုင်း ဘယ်သူမှ သူ့တကယ့် အတွေးအစစ်အမှန်တွေကို သတိမမူခဲ့ဘူး သူကိုယ်တိုင်တောင်မှပဲ!
မိဘတစ်ယောက်အနေနဲ့ အမေတို့အဖေတို့သာ သူ့ကိုနည်းနည်းလေး အချိန်ပေးပြီး နားလည်အောင်လုပ်ခဲ့ရင် သူလည်းကျွန်တော့်ကို ဖန်တီးခဲ့မှာမဟုတ်ဘူး။ ကျွန်တော်သူ့ရဲ့ဒေါသတွေ ဝမ်းနည်းမှုတွေကိုခံစားဖို့ အစားထိုးခံခဲ့ရတယ်။ အားလုံးထင်ထားတာထက် သူထန်းမီ့ကိုပိုချစ်တယ်ဆိုတာကို ကျွန်တော်သေချာပေါက် ပြောရဲတယ်။ အဖေတို့ မေတ္တာမထားပေးနိုင်ရင် ကန့်ကွက်ဖို့လည်း အရည်အချင်းမရှိဘူး!"
ယွီရှင်း၏မျက်လုံးများသည် အနီရောင်အဖြစ်သို့ ပြောင်းလာခဲ့သည်။ သူကော်လံအား ဒေါသတကြီး ဆွဲဆောင့်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ချက်ချင်းထွက်သွားလိုက်တော့၏။
တံခါးပိတ်သံ 'ဘုန်း'ခနဲ ထွက်လာပြီးနောက် ယွီယိအမေလည်း ချက်ချင်း ပြိုလဲသွားကာ ယွီယိအဖေအား အမှီပြုရင်း ရှိုက်ကြီးတငင်ငင် ငိုကြွေးလေတော့သည်။
ထိုဗြောင်းဆန်နေသည့်နေ့တွင် ဖုရှင်းတစ်ယောက် [ အချစ်ချိုချို ]ဆိုသည့်နာမည်နှင့် အချိုပွဲဆိုင်လေးအား ဝေပိုတွင် စတင်တည်ထောင်ခဲ့၏။
သူမ အကောင့်အား လုပ်ပြီးပြီးချင်းနေ့မှာပဲ အရင်ကရိုက်ထားခဲ့သည့် အချိုပွဲဆိုင်လေး၏ အလှဆင်ဓါတ်ပုံများအား ပိုစ့်တင်လိုက်ပြီး စားပွဲအား လက်ချောင်းများဖြင့် ခေါက်ကာ စာပိုဒ်ကိုစတင် တည်းဖြတ်လိုက်သည်။
"[အချစ်ချိုချို] အချိုပွဲဆိုင်လေး ဖွင့်ပါတော့မယ် အစပိုင်းအပြင်အဆင်တွေလည်း ပြီးသွားပါပြီ ~ ကျွန်မတို့ရဲ့ အချိုပွဲစားဖိုမှူးက အရမ်းကိုကျွမ်းကျင်ပြီးတော့ သစ်သီးတွေကိုလည်း ပိုင်ကျကျွမ်းကနေ သီးသန့်မှာယူထားတာမို့လို့ စောင့်မျှော်ပေးကြပါဦး o (n_n) o~"
( T/N :- ပိုင်ကျကျွမ်း :- ပိုင်မိသားစုရဲ့ ကုမ္ပဏီနာမည် )
လူတစ်ယောက်သာ ဖော်လိုးလာခဲ့သော်လည်း ဖုရှင်း ဂရုမစိုက်ပါ။ ဆိုင်ဖွင့်ရင်တော့ သူ့ဟာသူနဲ့ အာရုံစိုက်မှုတွေ ရလာမှာပဲ။
သူမ ဝေပို၌ ပိုစ့်တင်ပြီးနောက် ယွီမိသားစု၏ တရားဝင်ဝေပိုအား ဝင်ကြည့်လိုက်ချိန်တွင် ထိပ်ဆုံးရှိ ဝေပို၏ပင်မမျက်နှာကြောင့် မျက်စိပင် စူးသွားရတော့၏။
'စားစရာအကုန် ၅၀%လျော့စျေး? စာအိတ်နီ၁သန်းနဲ့ မင်္ဂလာသကြားလုံး?'
'ယွီယိ ထန်းထန်းကို တော်တော်လေး ချစ်တာပဲ'
သူမ မှတ်ချက်များအား လိုက်ဖတ်လိုက်ချိန်တွင် စားသုံးသူများကပါ အကြီးအကျယ် ရှော့ရနေကြမှန်း သိလိုက်ရ၏။
[ ယွီယိနေ့တိုင်း မင်္ဂလာဆောင်နေရင် ကောင်းမယ်! ]
[ သတို့သမီးက ချိုမြိန်မြိန်အိပ်မက်ရဲ့ စားဖိုမှူးလို့ကြားတယ်? ဂုဏ်ပြုပါတယ်! ]
[ စီအီးအိုနဲ့ချိတ်မိတာလည်း ပိုက်ဆံရှာနည်းတစ်မျိုးပဲ ငါလည်းမနက်ဖြန် အလုပ်လိုက်လျှောက်တော့မယ်:) ]
[ ၅၀%လျော့စျေး! ငါ့စူပါအဖွဲ့ဝင်ကဒ်တောင် ၃၀%ပဲလျော့စျေးရတာ! ]
[ စီအီးအိုကြီးက အရမ်းပုံကြီးချဲ့တာပဲ ပိုက်ဆံတွေခွေးကျွေးနေသလိုပဲ ]
[ ငါတော့အဲနေ့ နေရာရမယ်မထင်ဘူး တာ့တာပါ ]
ဖုရှင်းလည်း မှတ်ချက်တစ်ခုရေးရန် ပြင်ဆင်လိုက်၏။
သူမ စာမျက်နှာအား ပြန်လည်ရှင်းလင်းလိုက်ပြီးနောက် ပြန်ဝင်လိုက်ချိန်တွင် ယွီကျီ တရားဝင်ဝေပိုမှ အခြားဝေပိုအကောင့်တစ်ခုမှ ပိုစ့်အားပြန်တင်ထားသည်ကို တွေ့လိုက်ရလေသည်။ နောက်ပြီး အဲတာက... ဝိုးး အဲတာ သူခုဏကတင်လိုက်တဲ့ ပိုစ့်ပဲ!
ဖုရှင်း သူမမျက်နှာအား ခပ်ကြမ်းကြမ်း ဆွဲပွတ်လိုက်ရာ မျက်နှာတွင် အနီအရာများတောင် ကျန်ခဲ့တော၏။ သို့သော် ဝေပိုကြီးသည် ရှိနေသေးသည်။
သူမ ခေါင်းအေးအေးထားကာ တွေးကြည့်လိုက်တော့...
'ဒါ စီအီးအိုယွီ လုပ်တာ ဖြစ်မယ်!!'
တကယ်တော့ လော့ဟောက်လုပ်ခဲ့တာပင်။
ထန်းမီအား စားသောက်ဆိုင်သို့ ပြန်ပို့ပေးပြီးနောက်တွင် သူကုမ္ပဏီသို့ တန်းပြန်လာခဲ့၏။ ယွီရှင်း အခုထိ ပြန်မရောက်သေးတာကြောင့် သူ ဝေပိုအား ခဏဖွင့်ကြည့်ခဲ့သည်။
စပ်စုချင်စိတ်ကြောင့် သူ'သကြားကပ် နှလုံးသာ'ဆိုသည့် စကားလုံးအား ရိုက်ရှာကြည့်လိုက်ရာ အမှန်တကယ်ပင် စာမျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ဖုရှင်းအလုပ်ထဲမှာ စွမ်းဆောင်ရည် နည်းနည်း ရှိနေသေးသည်ဟု လော့ဟောက်တွေးလိုက်မိကာ သတင်းဖြန့်ချိရေးဌာနမှ သူ၏အသိများအား ထိုပိုစ့်ကို ပြန်တင်ပေးရန် တောင်းဆိုခဲ့သည်။
သတင်းဖြန့်ချိရေးဌာနမှ လူများသည် အစပိုင်းတွင် ထိုတောင်းဆိုမှုအား သိပ်သဘောမတူချင်ခဲ့သော်လည်း အချိုပွဲဆိုင်ပိုင်ရှင်သည် ထန်းမီ ဖြစ်ကြောင်း သိလိုက်သည်နှင့် ချက်ချင်းလက်ငင်းပင် ပိုစ့်ကောက်တင် ပေးလိုက်တော့သည်။
တရားဝင်ဝေပို၌ ပြန်တင်ပေးပြီးသည်နှင့် အချိုပွဲပရိတ်သတ်များ တဟုန်ထိုး ရောက်ချလာကာ မှတ်ချက်များပေးလာ၏။
[ အဲတာယွီကျီရဲ့ ဆိုင်သစ်လား? ]
[ ငါသိတာကတော့ ကြယ်ရောင်ပန်းခြံက ယွီကျီရဲ့ဆိုင်သစ်က ချောကလက်ဆိုင်ပါဟ (⊙_⊙)? ]
[ ဒါလုံးဝယွီကျီရဲ့ ဆိုင်ခွဲမဟုတ်ဘူး!!! ]
[ ဒါဆိုအဲဆိုင်ရဲ့ သရုပ်မှန်ကဘာလဲ? ယွီကျီကလည်း ပရိုမိုရှင်း ကူဆင်းပေးပြီးတော့ ပိုင်ကျကျွမ်းနဲ့ပါ စာချုပ်ချုပ်ထားသေးတယ်... ]
[ ... ဆိုင်နာမည်က နည်းနည်း ကလိကလိဖြစ်စရာလို့ တွေးနေတာ ငါတစ်ယောက်တည်းလား? ]
ဖုရှင်း ဝေပို၏ဖော်လိုဝါ မြှင့်တက်လာမှုအား သေချာအာရုံစိုက်၏။ ထိုစဥ် သူမနှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ သူမနောက်ထပ် ပိုစ့်တစ်ခုအား တင်လိုက်တော့သည်။
[ အားလုံးရဲ့စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်ပါတယ် o (n_n) o ~ ကျွန်မတို့က ယွီကျီက မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ဘောစ့်ကတော့ လူကြီးမင်းယွီရဲ့ ဇနီးလောင်းလေး ထန်းမီပါ o (n_n) o ~ ]
ထိုပိုစ့်လိုက်ပြီး မကြာခင်မှာပဲ ဝေပိုကြီးတစ်ခုလုံး ဗြောင်းဆန်သွားပြန်တော့၏။
ဖုရှင်း ကွန်ပြူတာအား ကြည့်ကာ ဟန်ပါပါဖြင့် အော်ရယ်လိုက်လေသည်။ သူမတကယ် ထန်းမီကို ဗန်းပြပြီး လုပ်စားဖို့ မရည်ရွယ်ခဲ့သလို၊ ယွီကျီတရားဝင်ဝေပိုမှ ပိုစ့်တင်ခဲ့တာကြောင့် ထိပ်လန့်ပြီးလုပ်ခဲ့တာလည်း မဟုတ်ချေ။ သို့သော် အားလုံး၏သိချင်နေမှုအား အမြင့်ဆုံးထိဆွဲခေါ်သွားပြီး တကယ့်အကြီးအကျယ် သတင်းကြီးအား ချပြလိုက်တာသည်လည်း အဓိကပွိုင့်ပင်။
'သူတကယ် စီးပွားရေးပညာရှင်ကြီးပဲ'
_____________________________________________