← Chapters

Chapter 57

Vol. 6 Ch. 57

Chapter 57

Vol. 6 Ch. 57

[အချစ်ချိုချို]ဆိုင်လေးသည် စဖွင့်သည့်ရက်မှာပင် အတော်လေးကို ရောင်းကောင်းခဲ့ပြီး အရင်ကတည်းက ဒီနေရာသို့လာမည်ဟု စိတ်ကူးယဥ်ခဲ့ကြသည့် ဖောက်သည်ဟောင်းများလည်း အများကြီး ရောက်လာခဲ့ကြသည်။

အချိုပွဲအား နေ့လယ်ခင်းလက်ဖက်ရည်ဖြင့် တွဲစားသင့်သည်ဟု သတ်မှတ်ထားကြသော်လည်း ဧည့်သည်အများအပြားကတော့ မနက်ပိုင်းတွင်သာ အများဆုံး လာရောက်သုံးဆောင်ခဲ့ကြလေ၏။

ထန်းမီနှင့် ဖုရှင်းတို့ တစ်နေကုန် အလုပ်များနေခဲ့ကာ ည၇နာရီသို့ ရောက်ချိန်တွင် ထန်းမီတစ်ယောက် ခွေးဥ(ပထမဆုံး ကာစတန်မာ)မှာယူခဲ့သော သကြားပိုးကိတ်အား အထူးမုန့်သေတ္တာလေးထဲတွင် သေချာထုပ်ပိုးကာ သွားပို့ပေးဖို့ပြင်လိုက်လျှင်..။

ဖုရှင်း အနည်းငယ် မသက်မသာဖြင့်..."နင် မကောင်းတဲ့ကောင်တွေနဲ့ တွေ့ရင်ဘယ်လိုလုပ်မလဲ?"

ထန်းမီ : "ပို့ခိုင်းတဲ့နေရာက အဆင့်မြင့်စားသောက်ဆိုင်ကြီးပါဟ။ အဆင်ပြေလောက်မှာပါ" အကယ်၍ လူနေရပ်ကွက်မှာဆိုလျှင်တော့ သူမ ကိုယ်တိုင် ပို့ပေးမည်မဟုတ်။

"ငါမုန့်ပို့ပေးပြီးတာနဲ့ ချက်ချင်း အိမ်ပြန်လာခဲ့မယ်။ နင်က အချိန်ကျရင် ဆိုင်သိမ်းလိုက်တော့"

"သိပြီ" ဖုရှင်း သူမအား လက်ဝှေ့ယမ်းပြပြီးနောက် ငွေရှင်းရန် ထပ်ပြေးသွားပြန်တော့သည်။

ထန်းမီ ဘတ်စ်ကားပေါ်သို့ တက်လိုက်ချိန်တွင် ကားထဲတွင် လူသိပ်မရှိတာကြောင့် ထိုင်ခုံရခဲ့၏။ သူ မစားသောက်ဆိုင်သို့ ရောက်ချိန်တွင် ၈နာရီ၁၀မိနစ်ပင် ဖြစ်နေချေပြီ။

ပင်လယ်ရူခင်း စားသောက်ဆိုင်အဖြစ် [နေဝင်ဆည်းဆာ]သည် အမြဲတမ်း အဆင့်မြင့်လမ်းကြောင်းအတိုင်း လိုက်မှီနေခဲ့သည်။ ဝင်ပေါက်ရှေ့တွင် ရပ်နေသည့် ချောမောလှသည့် ဝိတ်တာလေးသည် သူမအား ဘာသာစကားနှစ်မျိုးဖြင့် နှုတ်ဆက်လာလေ၏။

သူမ ထိုသူအား ပြုံးပြလိုက်ကာ-"လူကြီးမင်းခွေးဥ ဒီမှာရှိလားရှင့်?"

ထန်းမီ ပြောနေရင်း မရယ်မိအောင် သူမ၏မျက်နှာအမူအရာအား အသည်းအသန် ထိန်းချုပ်နေရသည်။

သူမခွေးဥ၏ အချက်အလက်အား အတည်ပြုလိုက်ပြီးနောက် တစ်ဖက်လူသည် သူ၏နာမည်အရင်းအား သုံးရန် ဝန်လေးနေမည်ကို တွေးမိသွားသဖြင့် သူမကိုယ်တိုင်သာ ဝင်ရှာရန်ဆုံးဖြတ်လိုက်တော့၏။ သို့သော် ထိုအချိန်တွင် ဝိတ်တာလေးသည် သူမစကားအား ကြားကာ "မင်းရူးနေတာလား?"ဟူသည့် အကြည့်ဖြင့် ကြည့်မယ့်အစား ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုံး၍..."ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

"ကျေးဇူးပါ" ထန်းမီ ဝိတ်တာလေး နောက်လိုက်နေရင်း ပို၍ပင် စိုးရိမ်လာတော့သည်။

'လူကြီးမင်းခွေးဥက သူ ခွေးဥဆိုတာကို ဝိတ်တာကို ပြောထားတာများလား?'

သူမ လူကြီးမင်းခွေးဥ၏ မျက်နှာအမှန်အား မြင်လိုက်ရချိန်တွင်..။

"ယွီ...ရှင်အရမ်း အားယားနေတာလား??"

ထန်းမီ သူမမျက်စိရှေ့ရှိ ကုတ်အဖြူနှင့် ပန်းရောင် ရှပ်အင်္ကျီဝတ်ထားသည့် ယွီရှင်းအား မြင်ကာ ကိတ်မုန့်ဖြင့် သူ့မျက်နှာအား တန်း၍ပေါက်ပစ်ချင်သွားတော့၏။

သူမ့ ဘေးရှိ ဝိတ်တာလေးသည် ခါးအားကိုင်းညွှတ်ကာ အမြန်ပင် နောက်ကြောင်း ပြန်လှည့်သွားလေသည်။

'စီအီးအိုကတော်က အရမ်းသတ္တိရှိလိုက်တာ စီအီးအိုယွီကိုတောင် ပြန်အော်ရဲတယ်ဟ'

ယွီရှင်း ပြုံးပြကာ ထန်းမီ့အတွက် ထိုင်ခုံဆွဲပေးလိုက်ရင်း ထိုင်ခိုင်းလိုက်၏။

"ကိုယ်က မင်းကို စပရိုက်လုပ်ချင်ရုံပါ"

ထန်းမီ၏နှုတ်ခမ်းထောင့်များ ကော့ညွှတ်သွားကာ-"ဟီးဟီး တကယ် စပရိုက်ဖြစ်သွားတာပဲ"

ယွီရှင်း : “…”

သူ အနည်းငယ် နင်သွားကာ ထန်းမီထံ မီနူးကမ်းပေးလိုက်တော့သည်။

"အရင်မှာလိုက်အုန်း"

ထန်းမီ အစကစျေးအကြီးဆုံး အစားအသောက်များအား ရွေးမှာရန် ပြင်လိုက်သော်လည်း နောက်ဆုံးကုန်မည့်ပိုက်ဆံသည် ယွီရှင်းပိုက်ဆံမဟုတ်တာကြောင့် သူမအရှိန်ပြန်သတ်လိုက်ရ၏။

ထန်းမီ ဒီဆိုင်တွင် ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်ကာ အရသာသည် အပြစ်ပြောဖွယ် မရှိအောင် ကောင်းလွန်းနေသည်။ အချိုပွဲသည် နူးညံ့သည့် အသည်းပုံသဏ္ဌာန် မာခရွန်ကိတ်လေးဖြစ်ကာ စားဖိုမှူးဂျော်နသန်ကိုယ်တိုင် သူတို့အား ပျော်ရွှင်ဖွယ်မင်္ဂလာပွဲ ဖြစ်ပါစေဟု ဆုတောင်း၍ ပို့ပေးခဲ့ခြင်းပင်။

ထန်းမီ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ သူမ အိတ်ထဲမှ ပရီမီယံ အဖွဲ့ဝင်ကဒ်အား ထုတ်၍ လက်ဆောင်ပြန်ပေးခဲ့၏။

ယွီရှင်း စူပုတ်ပုတ် မျက်နှာပေးဖြင့်..."ကိုယ့်ကိုကျ အဖွဲ့ဝင်ကဒ် မပေးဘူးလား?"

ထန်းမီ သူ့စကားကြောင့် ဆွံ့အသွားရကာ-"ရှင့်အတွက် အဖွဲ့ဝင်ကဒ်မရှိဘူး"

ယွီရှင်း တိတ်တိတ်လေး ကြိတ်၍ကြေကွဲနေလေတော့၏။

ထန်းမီ ရွှင်မြူးစွာဖြင့် ပြုံးလာပြီးနောက်-"စားလို့ဝရင် ပြီးရင်ကမ်းခြေမှာ သွားထိုင်ကြမယ်လေ"

"အင်း" ယွီရှင်း သကြားပိုးကိတ်ဘူးအား ကောက်ယူလိုက်ကာ ထန်းမီ့လက်ကို ဆွဲရင်း ဆိုင်ထဲမှ ထွက်လိုက်လေသည်။

မှောင်နေပြီ ဖြစ်တာကြောင့် ကမ်းခြေတွင် လူသိပ်မရှိတော့ပေ။ ယွီရှင်း ထန်းမီအား အတော်ကြာအောင် ဆွဲခေါ်သွားပြီးနောက် မျက်လှည့်သဖွယ် သူ့အိပ်ကပ်ထဲမှ လေးထောင့်ပုံ ပဝါတစ်ထည်အား ဆွဲထုတ်လာကာ ကမ်းခြေပေါ်တွင် ဖြန့်ခင်းလိုက်၏။

"ဒီမှာထိုင် ရူခင်းကောင်းတယ်"

ထန်းမီ သူ့အား မသင်္ကာသဖွယ် စောင်းကြည့်လိုက်ပြီး ထိုင်ချလိုက်တော့သည်။

ယွီရှင်း သူမဘေးတွင် လိုက်ထိုင်လိုက်ကာ ကိတ်ဘူးပေါ်ရှိ တစ်ခါသုံး ပန်းကန်ဇွန်းခက်ရင်းများကို ထုတ်ကာ ဘူးအားဖွင့်လိုက်လေ၏။

ဘူးထဲရှိ ကိတ်လေးသည် သူ အင်တာနက်ပေါ်တွင် တွေ့သည့်ပုံနှင့် တစ်ထပ်တည်းပင်။ ထန်းမီ သူ့အား အလိုအလျောက်ပင် မိတ်ဆက်ပေးလာသည်။

"ရှင်ဟိုတစ်ခါစားဖူးတဲ့ ကျားကွက်ကိတ်နဲ့တော့ မတူဘူး ကျွန်မသကြားရည်ကို ပြန်ချိန်ထားပြီးတော့ ကိတ်မုန့်တုံးလေးတွေကိုလည်း ဝိုင်တစ်မျိုးနဲ့ စိမ်ထားတာမို့လို့ ချယ်ရီဘရန်ဒီအဖြစ်ပြောင်းသွားပြီး အရသာပိုကောင်းသွားစေတယ်"

ယွီရှင်း ခေါင်းညိတ်ပြလိုက်၏။ ဒီတစ်ခေါက်မှာတော့ ကိတ်ထဲရှိ ကျားကွက်ပုံစံ ကိတ်တုံးလေးများသည် ပန်းရောင်နှင့် မက်ချာရောင်ပင်။ သူတစ်ဇွန်းခပ်စားလိုက်ပြီးနောက် ထန်းမီ့အား..."ပန်းရောင်က ပဲနီလေး အရသာလား?"

ထန်းမီ : "ဟုတ်တယ် မက်ချာနဲ့ပဲနီလေးက သိပ်လိုက်ဖက်တဲ့ အတွဲအဖက်တော့ မဟုတ်ဘူး။ အဲတာကြောင့် ကျွန်မတော်တော် ကြိုးစားလုပ်ခဲ့ရတာ ဒါပေမဲ့ အရောင်ကိုတော့ ဆိုးဆေးမှုန့်ကိုပဲ အဓိကသုံးပြီး ထိန်းထားရတာပါ။"

ယွီရှင်း ပြုံးလိုက်ကာ ကိတ်မုန့်တစ်တုံးအား ခပ်ယူလိုက်ပြီး ထန်းမီ့ပါးစပ်နားသို့ကပ်၍..."အချစ်လေးကို ကိုယ်ခွံ့ကျွေးမယ်"

ထန်းမီ : “…”

သူမအား ခွံ့ကျွေးလာသည့်ကိတ်ကို ကြည့်ရင်း အနည်းငယ် တွေဝေနေပြီးနောက် ကိုက်ချလိုက်လျှင် ချက်ချင်း ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ရ၏။

ရုတ်တရက် သတိမပေးဘဲ ပေါက်ထွက်လာသည့် မီးရူးမီးပန်းများကြောင့် ထန်းမီ ပါးစပ်ထဲရှိ ကိတ်မုန့်နင်ရင်း သေမလိုတောင် ဖြစ်သွားရတော့သည်။

ယွီရှင်း ပင်လယ်ကမ်းစပ်တွင် မြှင့်တက်လာသည့် မီးရူးမီးပန်းများအားကြည့်ကာ ထန်းမီအား ပျော်မြူးစွာ ကြည့်လာ၍..."စပြီ! ကိုယ့်အချစ်လေးရဲ့ ဆိုင်ဖွင့်ပွဲလေးအတွက်~"

ထန်းမီ : “…”

သူမ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် ကိတ်ဖြင့် သူ့မျက်နှာအား မပေါက်မိအောင် အတော်ထိန်းယူနေရလေသည်။

ရောင်စုံမီးပန်းများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာကာ ယွီရှင်း၏မျက်နှာပေါ်သို့ အလင်းတန်းများ ဖြာကျနေသည်ကို ကြည့်ရင်း ထန်းမီ နောက်ဆုံးတစ်ခေါက်က ယွီယိသည်လည်း ထိုနေရာတွင် ရှိနေခဲ့ပြီး သူမအားလက်ထပ်ခွင့်တောင်းဖို့အတွက် မီးရူးမီးပန်းများ ကောင်းကင်အနှံ့ ပစ်ဖောက်ပေးခဲ့သည်ကို သတိရသွားတော့သည်။

"လှတယ် မဟုတ်လား အချစ်လေး?" ယွီရှင်း ခေါင်းလှည့်ကာ သူမအားကြည့်လာ၏။ မီးပန်းများ၏ရောင်စုံပုံရိပ်သည် သူ၏မျက်နှာပေါ်တွင် ပြေးလွှားနေကာ ပါးချိုင့်နှစ်ဖက်သာ အထင်းသား မြင်နေရလေသည်။

ထန်းမီ၏မျက်ဝန်းများ ရုတ်တရက် အနည်းငယ် နီမြန်းလာတာကြောင့် ယွီရှင်း မျက်ခုံးများ လှုပ်ရှားသွားတော့၏။ သူထန်းမီ့၏ စိုစွတ်နေသည့် မျက်လုံးထောင့်လေးအား နမ်းရှိုက်ကာ-"ဘာဖြစ်လို့လဲ အချစ်?"

ထန်းမီ နှုတ်ခမ်းထောင့်အား ဖိကိုက်လိုက်ကာ အသက်ပြင်းပြင်း ရူသွင်းလိုက်ရင်း..."ရှင်ထွက်သွားတော့မှာလား ယွီရှင်း?"

ယွီရှင်း ခေတ္တခဏ ရပ်တန့်သွားပြီးနောက် တခစ်ခစ် ရယ်လာတော့၏။

"ကိုယ့်အတွက် ဝမ်းနည်းနေတာလား?"

ထန်းမီ သူ့အား ဘာတစ်ခွန်းမှ ထပ်မပြောဘဲ စိုက်ကြည့်နေသည်။ ယွီရှင်း သူမ့မျက်လုံးများအား ပြန်စိုက်ကြည့်လိုက်စဥ် သူမမျက်ဝန်းများမှတဆင့် သူ့ပုံရိပ်အား ကြည်လင်စွာ ပြန်မြင်နေရ၏။ သူနှုတ်ခမ်းအား ကွေးညွှတ်လိုက်လျှင် ပါးချိုင့်နှစ်ဖက်သည် ပထမဆုံးအကြိမ် ဆုံခဲ့ရသည့်နေ့ကအတိုင်း ပေါ်ခဲ့သည်။

"နောက်ဆုံးအနေနဲ့ ကိုယ့်ကို နမ်းပေးလို့ရမလား?"

သူမမျက်လုံးထဲတွင် မျက်ရည်စလေးများ သီဝှေ့နေကာ ပင့်သပ်ရှိုက်လိုက်ရင်း..."ရှင် ဘယ်တော့မှ ပြန်မလာတော့ဘူး မဟုတ်လား?"

ယွီရှင်း : "ဘယ်ဟုတ်ပါ့မလဲ။ မင်းပဲပြောတော့ ကိုယ်က ယွီယိရဲ့တစ်စိတ်တစ်ပိုင်းပဲဆို? ယွီယိ ဆက်ပြီးရှိနေသရွေ့ ကိုယ်လည်း ဆက်ရှိနေမယ်..."

သူခေါင်းငုံ့ချလိုက်ကာ ထန်းမီ၏နှုတ်ခမ်းပါးအား ညင်သာစွာ နမ်းရှိုက်လိုက်တော့သည်။

"ကိုယ်မင်းကို သူနဲ့အတူ ဆက်ချစ်နေမယ်"

ထန်းမီ၏မျက်ရည်များ အဆက်မပြတ် စီးဆင်းနေဆဲပင်။ ယွီရှင်း မှန်ခဲ့၏။ သူ သူမအား အရင်နမ်းခဲ့သည်၊ အရင်ချစ်ခဲ့သည် သို့သော် သူမကတော့ ယွီယိကိုသာ ရွေးချယ်ခဲ့သည်။

ယွီရှင်း သူမ၏မျက်ရည်များအား အနမ်းများဖြင့် ဖြည်းညှင်းစွာ ဖယ်ရှားပေးနေရင်း သူမ၏နားထဲသို့ တီးတိုးပြောလိုက်၏။

"ကိုယ်မင်းနဲ့ဆုံရတာ အရမ်းပျော်တယ် အချစ်လေး"

နောက်ဆုံးစကား ထွက်ပေါ်လာပြီးနောက် ယွီရှင်း၏မျက်လုံးများ ဖြည်းဖြည်းချင်း မှိတ်ကျသွားတော့သည်။

ယွီယိ ငယ်ငယ်တုန်းက စာဖတ်ဖို့အတွက် ဒုတိယထပ်စာသင်ခန်းထဲတွင် မကြာခဏ ဝင်ပုန်းနေတတ်သည်။ သူအမြဲတမ်း ထိုအခန်းလေးထဲမှာပဲ နံနက်ခင်းမှ ညနေခင်းကိုမြင်နေရ၏။ နေထွက်ချိန်မှ နေဝင်ချိန်အထိ ပြတင်းပေါက်ပေါ်တွင် လိမ္မော်ရောင် အရိပ်လေးများ ဖုံးလွှမ်းနေခဲ့သည်။

ထိုအချိန်များတွင် သူအမြဲတမ်း တစ်ယောက်တည်း ဖြစ်နေလျှင်တောင် အထီးကျန်နေသည်ဟု မခံစားခဲ့ရပါ။

သို့သော် ဒီခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည့်အချိန်များတွင်တော့ သူအထီးကျန်ခြင်းဆိုတာ ဘာမှန်း နက်နက်နဲနဲကို သဘောပေါက်သွားခဲ့ရ၏။

ထိုစဥ် ယွီရှင်း၏ပုံရိပ်သည် သူ့ရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့၏။ မှန်တစ်ချပ်ဟု ထင်ရသော်လည်း သူမဟုတ်သည်မှာ သိသာလှသည်။ ထိုသူ သူ့အား ပြုံးပြလိုက်သော် မနာလိုဖို့ကောင်းစွာ ပါးချိုင့်နှစ်ဖက် ထွက်ပေါ်လာလေ၏။

"မင်းလက်ထပ်ဖို့ မစောင့်နိုင်တော့ဘူးမဟုတ်လား? ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးက တစ်သားတည်းပဲလေ"

ယွီယိ သူ့အမေးအား ပြန်မဖြေဘဲ အနည်းငယ် မျက်ခုံးများ တွန့်ချိုးသွားတော့သည်။

"ငါ မင်းအဘိုးကြီးနဲ့ အဘွားကြီးကို နှုတ်ဆက်ခဲ့ပြီးပြီ။ အချစ်လေးအမေနဲ့ ပြဿနာမဖြစ်သင့်တော့ဘူး။ နောက်ဆုံးတော့ မင်းပဲ အခွင့်ကောင်း ယူလိုက်တော့ပေါ့"

ယွီယိမျက်လုံးများ လှုပ်ရှားသွားတော့၏။ သူ သူ့အတွက်ပြဿနာတွေ ထားခဲ့သည်ကို မစဥ်းစားချင်သေးပေ။

ယွီရှင်း ပြောပြီးသည်နှင့် တည်ငြိမ်စွာ ပခုံးတွန့်ပြလိုက်ကာ-"ဒါပေမဲ့ ကိစ္စမရှိတော့ပါဘူး။ ဒါ ငါမင်းအတွက် နောက်ဆုံးလုပ်ပေးခဲ့တာပဲ။ အနာဂတ်မှာတော့ ကိုယ့်အားကိုယ်ကိုးတော့နော်"

ယွီယိ နောက်ဆုံးတော့ စကားပြောလာခဲ့သည်။

"မင်း ပြန်မလာတော့ဘူးလား?"

ယွီရှင်း မျက်ခုံးပင့်ပြလိုက်ပြီး..."အရမ်းမှန်နေတာတော့မဟုတ်ဘူး။ မင်းအချစ်လေးအပေါ် မကောင်းပေးရင် သေချာပေါက် ငါ ပြန်လာမယ်။ ဒါမှမဟုတ် မင်းမရှင်းနိုင်တော့တဲ့ ပြဿနာနဲ့ကြုံနေရရင်လည်း ငါ့ကို ပြန်ခေါ်ချင်ခေါ်ပေါ့။"

"မလိုဘူး။ အနာဂတ်မှာ ဘာပြဿနာပဲရှိလာပါစေ။ ငါ့ဟာငါဖြေရှင်းမယ်။"

ယွီရှင်း ရယ်လိုက်သော်လည်း သူ့မျက်နှာသည် လေးနက်နေသလိုပင်။

"ဒါဆို မင်းအရင်ပြုံးပြ မင်းကို လက်ခံသင့်၊မခံသင့် ငါဆုံးဖြတ်ဦးမယ်"

ယွီယိ သူ့အား အတော်ကြာ စိုက်ကြည့်နေပြီးနောက် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။ သူ၏အပြုံးပိုမို ပီပြင်လာသည်နှင့်အမျှ ယွီရှင်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

ယွီယိ သူ့ရှေ့မှမြင်ကွင်းများ ဝေဝါးလာသည်ကို ခံစားလိုက်ရကာ အဝေးမှ ထန်းမီ့အသံများအား ကြားနေရသော်လည်း သူမဘာပြောနေမှန်း သူနားမလည်ပေ။

ကမ်းခြေတွင်တော့ ထန်းမီတစ်ယောက် သူမ့ပခုံးပေါ်သို့ ငိုက်ကျလာသူအား စိုးရိမ်ကြီးစွာ လှုပ်နိုးနေ၏။ ထို့နောက် သူ့မျက်လုံးများ နည်းနည်းချင်း ပွင့်လာမှသာ သူမစိတ်သက်သာရာ ရသွားတော့သည်။

"နိုးပြီလား?"

သူ သူမအား ခဏလောက် ငေးကြည့်နေပြီးနောက် ခေါင်းညိတ်ပြလာ၏။ "အင်း.."

ထန်းမီ သူ့အား လေးနက်စွာကြည့်လာကာ-"ရှင် ယွီယိလား?"

“အင်း”

ထန်းမီ၏လှုပ်ရှားမှုများ ရပ်တန့်သွားလေတော့သည်။

"ယွီရှင်း တကယ် ထွက်သွားပြီလား?"

“အင်း”

ထန်းမီ : “…”

'ဒီလူနဲ့ စကားပြောဖို့ တကယ်ခက်ခဲတာပဲ!'

ပင်လယ်ကမ်းစပ်ရှိ မီးရူးမီးပန်းများသည်လည်း ဘယ်ချိန်ထဲကမှန်းမသိ ရပ်တန့်သွားချေပြီ။ ယွီယိ ပန်းကန်ပြားပေါ်ရှိ ကျန်ရှိနေသည့် ကိတ်လေးအား ခရင်းဖြင့် ထိုးစားလိုက်လျှင်...။

ထန်းမီ သူ့အား အလန့်တကြား သတိပေးလာ၏။

"အစိမ်းရောင်အပိုင်းက မက်ချာအရသာ!"

ယွီယိ ပြုံးကာ ထရပ်လိုက်ရင်း သူ၏ညာဘက်လက်အား သူမထံ ကမ်းပေးလာခဲ့သည်။

"သွားရအောင် အချစ်လေး.."

ထန်းမီ တောင့်တင်းသွားပြီး သူ့အားသေချာ စေ့စေ့ကြည့်လာကာ-"ရှင်တကယ်ပဲ ဘယ်သူလဲလို့?!"

ယွီယိ သူ့အားကြည့်လာကာ သူ့မျက်နှာပေါ်တွင် ပါးချိုင့်နှစ်ဖက်ပေါ်လာတော့၏။

"ကိုယ်က ယွီယိနဲ့ ယွီရှင်း"

ရှင်းရှင်းလင်းလင်းပြောရရင် ထိုစကားကြောင့် ထန်းမီ၏မျက်ရည်များ တဖန်ပြန်ကျ လုဆဲဆဲပင်။ သူမ ဒီလိုကမ်းခြေမှာတော့ အရူးလိုမျိုး အော်မငိုချင်ပါ။

ယွီယိ သူမအား ကမ်းခြေကနေ ဆွဲခေါ်လာပြီး သူမ၏ပါးလေးအား ညင်သာစွာ ငုံ့နမ်းလိုက်ပြီး.."ပြန်ကြရအောင် အအေးမိမယ်"

"အင်း" ထန်းမီ ခေါင်းညိတ်လာပြီး သူမအသံသည် တိုးညှင်းနေသည်။

ယွီယိ သူ၏ကုတ်အင်္ကျီအား ချွတ်ကာ ထန်းမီပေါ်တွင် ခြုံပေးလိုက်ပြီးနောက် ထန်းမီအား တစ်ဖက် ကိတ်ဘူးအားတစ်ဖက်ကိုင်ရင်း စားသောက်ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့လိုက်၏။

ထန်းမီ သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်လာပြီး ရုတ်တရက် စိုးရိမ်ကြီးစွာ မေးခွန်းထုတ်လိုက်တော့သည်။

"ယွီရှင်း မင်္ဂလာပွဲနေ့မှာ စားသောက်ဆိုင်တိုင်းကို ၅၀%လျော့စျေးချထားတာ ရှင်သိပြီးပြီလား? နောက်ပြီး စာအိတ်နီ၁သန်းနဲ့ မင်္ဂလာသကြားလုံးလည်း ဝေဦးမှာတဲ့!"

ယွီယိ နှာရူံ့လိုက်ပြီးနောက်-"သူ ကိုယ့်ပိုက်ဆံကို အမြဲဖြုန်းနေတာ ဒီတစ်ခေါက်ကျမှ ဘာလို့ကပ်စီးနည်းနေတာလဲ? ကိုယ်လော့ဟောက်ကို နောက်ထပ် စာအိတ်နီ ၁သန်းလုပ်ဖို့ ပြောလိုက်မယ်။"

ထန်းမီ : “…”

ယွီယိနှင့်ယှဥ်လျှင် ဗိုလ်ကျလွန်းသည့်ယွီရှင်းက တကယ်ကို ရိုးရှင်းနေသေးပေသည်။

_____________________________________________

All Chapters