← Chapters

Chapter 58

Vol. 6 Ch. 58

Chapter 58

Vol. 6 Ch. 58

ထိုညက ထန်းမီတစ်ယောက် သဘာဝကျကျလေး ပြန်ပေးဆွဲခံလိုက်ရကာ ယွီယိ၏ဗီလာသို့ ပါသွားခဲ့လေသည်။

ဖုရှင်းအိမ်သို့ ပြန်ရောက်ချိန်တွင် ထန်းမီ ပြန်မရောက်သေးသည်ကို သိလိုက်ရတာကြောင့် ရုတ်တရက် တုန်လှုပ်သွားတော့၏။

'သူတကယ် မကောင်းတဲ့ကောင်တွေနဲ့ တွေ့နေတာများလား? သူပြောတော့ သူ့ဟာသူ ပို့နိုင်တယ်ဆို!'

သူမအိတ်ထဲရှိ ဖုန်းအား ကပျာကယာ ထုတ်လိုက်ပြီး ထန်းမီအား ခေါ်လိုက်လျှင် အနည်းငယ် အကြာတွင် ဖုန်းကိုင်လာခဲ့သည်။

“ဟယ်လို”

ဖုရှင်း ခဏလောက် ဆွံ့အသွားပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "ယွီ..ယွီယိ?"

"ထန်းမီရေချိုးနေလို့ ကိစ္စတစ်ခုခု ရှိလို့လား?"

ဖုရှင်း : “…”

"ဟီးဟီး! ပျော်ရွှင်စရာညလေး ဖြစ်ပါစေ!"

သူမ ပြောပြီးသည်နှင့် အမြန်ဖုန်းချလိုက်ကာ မျက်နှာကြီးသည် မီးတိမ်တောက်သဖွယ် နီမြန်းသွားလေတော့သည်။

ထန်းမီ ပြန်လည်းပြန်မလာသလို သူမကိုလည်း အသိမပေးခဲ့ပါ။ ကံကောင်းစွာနဲ့ သူမ ရေချိုးနေဆဲမို့လို့သာ တော်ရာကျတော့၏။

'အကယ်၍သာ သူမတော်တဆ စီအီးအိုယွီရဲ့အကောင်းဆုံးအချိန်တွေကို ဖျက်ဆီးမိရင် သူ ငါတို့အချိုပွဲဆိုင်ကို ဒေဝါလီခံရအောင် လုပ်လောက်တယ်!'

'… ငါ့မျက်နှာကြီး ပိုတောက်လောင်လာသလိုပဲ!'

ဘယ်လိုပဲဖြစ်ဖြစ် တကယ်တမ်းတော့ သူမ တွေးနေသလို မဟုတ်ချေ။ ယွီယိသည် ဖြူဖြူစင်စင်လေးသာ အိပ်သည့် ယောကျာ်းကောင်းတစ်ယောက်ပင်။

သို့သော် ထန်းမီ သူ၏ရှပ်အင်္ကျီအဖြူလေးအား ဝတ်ကာထွက်လာချိန်မှာတော့ အနည်းငယ် စိုးထိပ်နေမိ၏။ ယွီယိသည် ယွီရှင်းနှင့် ပေါင်းစပ်ထားပြီးဖြစ်၍ သူ၏တန်ဖိုးသည်လည်း ကျဆင်းသွားလောက်ပေမည်။

'အကယ်၍ သူအတင်းကြပ်လုပ်လာလို့။ ငါရှောင်လိုက်ရင်ရော သူစိတ်ထိခိုက်သွားမလား?'

ထန်းမီ ရှောင်သင့်၊မရှောင်သင့် တွေးနေတုန်းမှာပဲ ယွီယိ ကွန်ပြူတာစားပွဲကနေ သူမအား မော့ကြည့်လာကာ-"မင်းအရင်အိပ်နှင့်တော့။ ကိုယ်ကုမ္ပဏီကကိစ္စတွေ ရှင်းလိုက်ဦးမယ်။"

“… အိုး”

'ငါတစ်ယောက်တည်း အတွေးလွန်နေတာပဲ ရှက်လိုက်တာ။'

ယွီယိ ကုတင်ပေါ်တက်သွားသည့် သူမအား ကြည့်ကာ ညင်သာစွာ ရယ်လိုက်မိတော့သည်။

"မင်းပုံစံကြည့်ရတာ စိတ်မကောင်းဖြစ်သွားသလိုပဲ။"

“… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!”

'ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် ဝန်ခံရမှာလဲ!'

ယွီယိ ပြုံးလိုက်ကာ ကွန်ပြူတာအားပိတ်၍ သူမဘေးတွင် ဝင်လှဲချလိုက်တော့၏။ အခန်းသည် ရုတ်တရက် အမှောင်ကျသွားကာ ထန်းမီ မျက်တောင်ခတ်ရင်း သူ့ဘေးမှလူအား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်လေသည်။

"ရှင့်ကုမ္ပဏီကိစ္စကရော?"

"မလုပ်တော့ဘူး။ မနက်ဖြန်ကုမ္ပဏီရောက်မှပဲ ဆက်လုပ်တော့မယ်။" သူထန်းမီ့ဘက်သို့ တိုးကပ်လာကာ သူမ ခါးဆီသို့ လက်များအား ဆန့်ထုတ်လိုက်၏။ "အခုတော့ မင်းအိပ်တာကိုပဲ အဖော်လုပ်ပေးတော့မယ်။"

ထိုလူသည်ယွီယိဆိုတာကို သိလိုက်ရပြီးနောက် ထန်းမီ့မျက်နှာများ နီရဲနေလေပြီဖြစ်သည်။ သူမနှုတ်ခမ်းအား စူလိုက်ကာ ပြတ်ပြတ်သားသားဖြင့်..."ကျွန်မ ကလေးမဟုတ်ဘူး"

ယွီယိ သူမ၏အသံအတိုင်း လိုက်တုကာ နှုတ်ခမ်းစူရင်း..."ကလေးပဲ လုပ်သင့်တာ"

ထန်းမီ ရယ်လိုက်မိတော့၏။

"ကျွန်မ ရှင့်အတွက် သီချင်းပြရမလား?"

"ဘာသီချင်းဆိုချင်လို့လဲ?"

ထန်းမီ ခဏစဥ်းစားလိုက်ကာ အားအင်အပြည့်ဖြင့် သီချင်းတစ်ပုဒ်အား ဆိုပြလိုက်၏။

သီချင်းပြီးဆုံးသွားသည့်နောက် ယွီယိသူမအား အနမ်းတစ်ပွင့်ပေးလိုက်ကာ-"ကောင်းပြီ အိပ်တော့"

သီချင်းထပ် မဆိုနိုင်အောင် အနမ်းတစ်ပွင့်ဖြင့် ဖြေရှင်းနိုင်သည်တဲ့လား။

ထန်းမီ အပြုံးကြီးကြီးပြုံးကာ နာခံစွာဖြင့် မျက်စိမှိတ်လိုက်တော့သည်။

နောက်တစ်နေ့မနက်တွင် ယွီယိ ဒရိုက်ဘာအား ထန်းမီကိုအချိုပွဲဆိုင်တွင် ချပေးခိုင်းခဲ့ကာ ထန်းမီကားပေါ်မှ မဆင်းခင် သူမအား နှုတ်ဆက်အနမ်းပေးခဲ့၏။

"ညကျရင် ကိုယ်လာကြိုမယ်နော်"

“အိုး!”

ယွီယိ ကားပေါ်မှပြေးဆင်းတော့မည့် ထန်းမီအား လှမ်းဖမ်းလိုက်ပြီးနောက် မကျေမနပ်ဖြင့် မေးလာပြန်သည်။

"ကိုယ့်ကို တကယ် အဖွဲ့ဝင်ကဒ် မပေးတော့ဘူးလား?"

ထန်းမီ သူ့အားကြည့်ကာ မျက်တောင်များ ပုတ်ခတ်လိုက်ပြီးနောက်-"ရှင်ကတော့ ဒီအတိုင်း မျက်နှာကဒ်ကို ပွတ်ဆွဲလိုက်ရုံနဲ့ အရာအားလုံး အလကားပဲ"

ယွီယိ ရုတ်တရက် ထရယ်လာပြီး ထန်းမီ သူ့မျက်နှာပေါ်ရှိ ပါးချိုင့်လေးနှစ်ဖက်အား ကြည့်ကာ ရင်ထဲနွေးထွေးသွားရ၏။

ယွီယိ ကုမ္ပဏီသို့ရောက်ချိန်တွင် လော့ဟောက်သည် အပြင်ထွက် စောင့်နေဆဲဖြစ်သည်။ သူ ယွီယိ၏ကား ဘန်တလေအဖြစ်သို့ ပြောင်းသွားချိန်တွင် အလွန်ပျော်ရွှင်သွားတော့၏။

"စီအီးအိုယွီ!"

"အင်း" ယွီယိ ဝတ်ကျေတမ်းကျေမျှသာ ပြန်ဖြေလိုက်လျှင် လော့ဟောက် သူ၏စိတ်အားထက်သန်မှုများ တစ်ဝက်လောက် ကုန်ဆုံးသွားသည်ဟု ခံစားလိုက်ရလေသည်။

ထိုစဥ် ယွီရှင်းက ပို၍ ချစ်ဖို့ကောင်းသည်ဟု တွေးလိုက်မိတော့၏။

သူ ယွီယိနှင့်အတူ ဓါတ်လှေကားထဲသို့ လိုက်ဝင်လာကာ ဓါတ်လှေကားတံခါး ပိတ်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။

“မော့ထျန်းအခြေအနေ ဘယ်လိုရှိလဲ?”

ယွီယိ ထိုမေးခွန်းအား မေးလာချိန်တွင် လော့ဟောက် အနည်းငယ် ကူရာကယ်ရာမဲ့ သွားတော့၏။

"သူ့အေးဂျင့်က အကုန်လုံးကို ဘလော့ထားတယ်။ လူထုဆက်ဆံရေးဌာနက လူတွေလည်း အခုထိ သူ့ကို ရှာမရသေးဘူး။"

မော့ထျန်းသည် သူ၏လက်ရှိအခြေအနေအား အနုပညာနယ်ပယ်နှင့် ရောနှောလိုက်နိုင်၏။ သူနဲ့သူ့စီးပွားရေးသမားမှာကတော့ တဲစုတ်နှစ်ခုသာရှိပေသည်။

ယွီယိ အတော်ကြာအောင် စဥ်းစားပြီးရင်း စဥ်းစားနေပြီးနေက်-"ငါ မော့ထျန်းကို လူကိုယ်တိုင် တွေ့ဖို့လိုတယ်။ မနက်ဖြန်ထက် ပိုနောက်မကျစေနဲ့"

လော့ဟောက် : “…သဘောပေါက်ပါပြီ”

သူ မထင်မှတ်ထားစရာ ယွီယိ၏အမိန့်အား လူထုဆက်ဆံရေးဌာနထံ ပို့ပေးလိုက်၏။ ယွီယိကိုယ်တိုင် တွေ့ချင်သည်ဟု ပြောပြီး နေ့လယ်ခင်းမှာပဲ မော့ထျန်းနှင့်တွေ့ဖို့ ချိန်းဆိုလိုက်တော့သည်။

လော့ဟောက် အခု မော့ထျန်းတစ်ယောက် ဘောက်ချာဆုတ်ရန် ပြင်ဆင်နေပြီလားဆိုတာ သံသယဖြစ်မိ၏။

လွန်ခဲ့သောနှစ်နှစ်ခန့်က ကော့မိသားစု၏ဒုတိယသားကြောင့် ဘုရင်ကြီးမော့၏သတင်းများ ပြည့်နှက်နေပြီး နောက်တစ်နေ့တွင် ကော့သခင်လေး၏ သွေးထွက်သံယိုဖြင့် ဖူးယောင်နေသည့် နှုတ်ခမ်းပုံများ သတင်းတွင် တက်လာခဲ့သည်ကို သူမှတ်မိသေး၏။

…… သူ ထိုအရာအားတွေးရင်း စီအီးအိုယွီ၏မျက်နှာနှင့် တွဲယောင်မြင်ကြည့်လိုက်မိတော့သည်။

*********

သူတို့ ညနေ၃နာရီလောက် အေမြို့ရှိ အဆင့်မြင့်လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မော့ထျန်းနှင့် ချိန်းဆို ထားခဲ့၏။ ယွီယိ မထင်မှတ်ထားခဲ့သည်က မော့ထျန်းသည် တစ်ယောက်တည်း လာခဲ့တာ မဟုတ်။ ဘေးရှိသူသည် သူ၏အမျိုးသမီး ဖြစ်လောက်မည်။

"လူကြီးမင်းမော့နဲ့ မဒမ်မော့" ဆိုင်အဝင်ဝရှိ ဝိတ်တာမလေးသည် မော့ထျန်းနှင့် လီယမ်တို့ ဝင်လာသည်ကို မြင်တော့ ယဥ်ကျေးစွာ နှုတ်ဆက်လာ၏။

ယွီယိနှင့်လော့ဟောက်တို့လည်း မတ်တပ်ထရပ်လာကာ သူတို့အား နှုတ်ဆက်လိုက်တော့သည်။

လီယမ် ယွီယိအနားသို့ လျှောက်လာကာ သူ့အားသေချာစိုက်ရင်း မျက်ခုံးများပင့်၍ မေးခွန်းထုတ်လာ၏။

"ငါ့ယောကျာ်းကို အိမ်ထောင်ကွဲရှိတယ်လို့ပြောတာ မင်းလား?"

လော့ဟောက် ရှက်ရွံ့စွာ မျက်နှာလွှဲလိုက်မိသော်လည်း ယွီယိကတော့ မပြောင်းမလဲသည့် အမူအရာဖြင့်..."ကျွန်တော်တကယ်ကို တောင်းပန်မိပါတယ်။ အဲတုန်းက မီဒီယာသမားတွေကြောင့် အလျင်လိုသွားခဲ့လို့ပါ။ ကျွန်တော်ဘာမှ မပြောဝံ့တော့ပါဘူး။"

မော့ထျန်း ရုပ်တည်ကြီးဖြင့် နှာမှုတ်လာကာ-"စီအီးအိုယွီသာ အနေအထိုင်လေး ဆင်ခြင်ခဲ့ရင် မီဒီယာတွေကရော ခင်ဗျားကို မေးပါ့မလား?"

ယွီယိ : "မော့ထျန်းက အနုပညာနယ်ပယ်ထဲမှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မီဒီယာတွေက လေတွေ အရိပ်တွေဖမ်းရတာကို ကျွန်တော့်ထက် ပိုကြိုက်တယ်လို့လည်း ယုံကြည်တယ်။ ကျွန်တော်ခင်ဗျားကို ဆွဲထည့်ဖို့ တကယ်မရည်ရွယ်ခဲ့တဲ့အတွက် ထပ်ပြီးတောင်းပန်ပါရစေ။"

လီယမ် : "ရှင်ကောလဟာလကို စဖြန့်ခဲ့တာ မဟုတ်ဘူးလား? အဲတာ ရာဇဝတ်မှုပဲ! တောင်းပန်ရုံနဲ့ မပြီးသွားဘူးနော်။ အနည်းဆုံးတော့ ကျွန်မတို့ကို ယွီစားသောက်ဆိုင်တိုင်းရဲ့ ပရီမီယံ အဖွဲ့ဝင်ကဒ်ကို ပေးသင့်တယ်!"

မော့ထျန်း : “…”

ဒီနေ့ သူမလိုက်ဖို့ တောင်းဆိုတာသည် တရားမျှတမှုအတွက်ဆိုတာလောက် ရိုးရှင်းမနေသည်ကို သူသိနေခဲ့သည်။

ယွီယိ သူ့ပိုက်ဆံအိတ်ထဲမှ ကဒ်တစ်ကဒ်အား ဆွဲထုတ်ကာ လီယမ်ကို ကမ်းပေးလိုက်လေ၏။

"ဒါက ယွီစားသောက်ဆိုင်တိုင်းမှာ သုံးလို့ရတဲ့ ယွီလုပ်ငန်းစုရဲ့ အတွင်းကဒ်ပါ။ ၅၀%လျော့စျေး"

လီယမ်တစ်ယောက် သူမ လိုချင်တာကို ရသွားသောကြောင့် ကဒ်အား ဝမ်းသာအားရ ယူလိုက်စဥ် ပိုက်ဆံအိတ်အမဲအား အမှတ်မထင် ကြည့်လိုက်မိကာ အံ့သြသွားတော့သည်။

"ပိုက်ဆံအိတ်ထဲမှာ ချစ်စရာပုံလေး ထည့်ထားပါလား? မင်းရဲ့ကောင်မလေးလား?

ယွီယိ၏မျက်လုံးများ လှုပ်ရှားသွားကာ ပိုက်ဆံအိတ်အား တိတ်ဆိတ်စွာ ပိတ်ချလိုက်၏။

လီယမ် မော့ထျန်းဘက်သို့ ခေါင်းလှည့်လာပြီး..."ယောက်ျား ကျွန်မတို့လည်း အဲလို ပုံလေး ရိုက်ကြရအောင်!"

မော့ထျန်း : “…”

လော့ဟောက် စီအီးအိုယွီအား ကြိတ်၍ ချီးကျူးလိုက်မိလေသည်။ မော့ထျန်းကို တောင်းပန်မည့်အစား မော့ထျန်းမိန်းမကို တိုက်ရိုက်တောင်းပန်လိုက်တာက ပိုကောင်း၏။

"လူကြီးမင်းမော့နဲ့ မဒမ်မော့ ထိုင်ပြီး စကားပြောကြရအောင်"

ယွီယိ မော့ထျန်းနှင့် လီယမ်တို့အား ထိုင်ခိုင်းလိုက်ပြီးနောက် မော့ထျန်း သူ့အား ဂုဏ်ယူစွာ ကြည့်လာသည်။ မျက်နှာအမူအရာသည် 'ငါ့မိန်းမကို ငတုံးလို့ မထင်နဲ့။ ငါလည်း ရှုပ်ထွေးနေတုန်းပဲ။'ဟုပြောနေသလိုပင်။

ယွီယိ နှုတ်ခမ်းများအား ကွေးညွှတ်လိုက်ကာ မော့ထျန်းအား..."မော့ထျန်း မကြာသေးခင်က ဇာတ်ကားအတွက် ဓါတ်ပုံရိုက်ထားတယ်လို့ကြားတယ်။ အဲကားမှာ ယွီလုပ်ငန်းစုကလည်း ရင်းနှီးမြုပ်နှံထားတာလေ။ အဲဒီတုန်းကပုံလည်း ခုထိ ယွီစားသောက်ဆိုင်ထဲမှာ ချိတ်ဆွဲထားတုန်းပဲ။ ဒီနားလည်မှုလွဲမှားမှုနဲ့ တင်းမာမှုတွေကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မဆိုးရွားစေချင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မော့ထျန်းသာ ဟင်းချက်နည်းတစ်ချို့ သိထားရင် ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်က သက်ဆိုင်ရာ အကူအညီကို အမြဲပေးသွားမှာပါ။"

မော့ထျန်း ပြုံးလိုက်ကာ-"ဆိုတော့ မင်းက ငါ့ရဲ့ဝေပိုပိုစ့်ကို ဖျက်ခိုင်းစေချင်တာလား?"

"မဟုတ်ပါဘူး" ယွီယိမှဆက်၍..."ခင်ဗျားကို ကြယ်ရောင်ပလာဇာမှာ ကျွန်တော်တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ပေးဖို့ တောင်းဆိုချင်တာပါ။"

မော့ထျန်း သူ့အား အံ့သြစွာ ကြည့်လာတော့သည်။ သူ့အား ပြောရေးဆိုခွင့်ရှိသူအဖြစ် တောင်းဆိုမှုသည် တကယ်ကိုကောင်းသည့် နည်းလမ်းတစ်ခုပင်။ သူ ယွီစားသောက်ဆိုင်ဘက်မှ ပြောပေးနေသည့်တစ်လျှောက်လုံး သူတို့ကြားရှိ ပြဿနာသည်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားပေမည်။ နောက်ပြီး သူ့ရဲ့ကျော်ကြားမှုကိုလည်း သူ့ပရိသတ်တွေ သုံးဖြုန်းဖို့အတွက် အသုံးချဦးမည်ဖြစ်သည်။

ယွီယိသည် သူထင်ထားတာထက် ပိုညဏ်ကောင်းလွန်းနေခဲ့၏။

"ကျေးဇူးပြုပြီး အလုပ်အတွက် ငါ့ရဲ့အေးဂျင့်ကိုဆက်သွယ်ပေးပါ။"

မော့ထျန်း ချက်ချင်း ငြင်းဆိုလိုက်တာလည်း မဟုတ်သလို လက်ခံလိုက်တာလည်း မဟုတ်ချေ။ သူဘောလုံးအား သူ့အေးဂျင့်ထံ ပစ်ပေးလိုက်တာပင်။

ယွီယိ ပြုံးလိုက်ကာ-"ကျွန်တော်တို့ ခင်ဗျားအေးဂျင့်ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ့မယ်။"

"ယောကျာ်းက ပြောရေးဆိုခွင့်ရှိသူ ဆိုရင်ရော ကျွန်မတို့ ကြယ်ရောင်ပလာဇာမှာ အလကားစားလို့ရလား?" လီယမ် ယွီယိအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လာ၏။

"ကျွန်မရှင့်ရဲ့ ကြယ်ရောင်ပလာဇာကို စောင့်ကြည့်နေတာကြာပြီ ဘယ်တော့ဖွင့်မှာလဲ?!"

မော့ထျန်း : “…”

သူ့မျက်နှာကိုသာ ဖွက်ထားလိုက်ချင်မိတော့သည်။

"ကျွန်တော်တို့ ပြောရေးဆိုခွင့်ရှိသူရဲ့ အကျိုးခံစားခွင့် အသေးစိတ်ကို စာချုပ်ထဲမှာ ထည့်ရေးထားပေးပါ့မယ်။" ယွီယိ အံ့သြမနေဘဲ သာမန်လေသံဖြင့်သာ..."ကြယ်ရောင်ပလာဇာက လာမဲ့နှစ်ကုန်ပိုင်းလောက်မှာ ဖွင့်ပါမယ်"

မော့ထျန်း နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ဘဲ လီယမ်အား ထုတ်မေးလာခဲ့၏။

"မင်းဘယ်တုန်းကမှ မစိုးရိမ်ဖူးဘူး။ တကယ်လို့ သူဟာ ငါအိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ ပြောခဲ့ရင် ဘယ်လိုလုပ်မလဲ?!"

လော့ဟောက် ဘုရင်ကြီးမော့အား ချက်ချင်း စိုက်ကြည့်လာ၏။ သူ့အုတ်ဂူသူတူးနေသည့် စစ်သည်တော်အား ပထမဆုံး မြင်ဖူးခြင်းပင်။

လီယမ် မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်တော့သည်။

"ရှင်သာ ဖောက်ပြန်ရင် ကျွန်မထက် အရင် သူက ဘာလို့သိမှာလဲ? ရှင့်အိမ်ထောင်ရေးကိစ္စက သူ့ပြဿနာ မို့လို့လား?"

မော့ထျန်း : “…”

လော့ဟောက် : “…”

လော့ဟောက် တိတ်ဆိတ်စွာ မျက်နှာကျက်အား မော့ကြည့်လိုက်မိတော့သည်။

မော့ထျန်း လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် လီယမ်နှင့်အတူ ထွက်သွားခဲ့၏။ လော့ဟောက် ဖုန်းလာတာကြောင့် ကိုင်လိုက်ကာ အခန်းထဲတွင် ကျန်နေသေးသည့်ယွီယိအား လှမ်းပြောလိုက်လေသည်။

"စီအီးအိုယွီ ထန်းမီ့အဖေက တရုတ်ကို ပြန်ရောက်နေပြီတဲ့"

ယွီယိ၏ လက်ဖက်ရည်ခွက်ကိုင်ထားသည့် လက်များ အနည်းငယ် တုန်ခါသွားတော့၏။

"ဘယ်တုန်းက ရောက်လာတာလဲ?"

"နှစ်ရက်လောက်တော့ ရှိပြီထင်တယ်။ ဒီနေ့သူဓါတ်ပုံပြပွဲရှိတယ်။ အဲတာကြောင့် အဲအတွက် ပြင်ဆင်နေတာ ဖြစ်နိုင်တယ်။ သူ ထန်းမီကိုတွေ့ဖို့ မအားလောက်သေးဘူး။"

ယွီယိ နေရာမှထလိုက်ကာ ကုတ်အင်္ကျီအား ဆွဲယူရင်း ထွက်ခွာသွားတော့၏။

"အဲဓါတ်ပုံပြပွဲ ဘယ်မှာလဲ မင်းသိလား?"

"သိတယ်”

တိုက်ဆိုင်စွာပင် ကြယ်ရောင်ပန်းခြံရှိ အစည်းအဝေးများ ကျင်းပသည့်နေရာ၌ ဓာတ်ပုံပြပွဲအား ကျင်းပနေခြင်းပင်။ ယွီယိ ခဏလောက် စဉ်းစားလိုက်ကာ ထန်းမီ့အဖေနှင့် အရင်တွေ့ပြီးမှ ထန်းမီအား အသိပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ဓါတ်ပုံပြပွဲ၏အစပိုင်းရက်များ ဖြစ်တာကြောင့် သိပ်သတင်းမကြီးသေးချေ။ သို့သော် ထိုနယ်ပယ်မှ လူတော်တော်များများတော့ ရောက်လာခဲ့ကြ၏။

ယွီယိနှင့်လော့ဟောက်တို့ လက်မှတ်ဝယ်ကာ ပွဲအတွင်းထဲသို့ ချောမွေ့စွာပင် ရောက်လာခဲ့သည်။ ထန်းလင်း၏လက်ရာ တော်တော်များများသည် ရူခင်းနှင့် တိရစ္ဆာန်ပုံများသာဖြစ်၏။ ယွီယိ အနည်းငယ် လှည့်ပတ်ကြည့်လိုက်သော်လည်း လူဇာတ်ကောင်ပုံ အရိပ်အယောင်အား မတွေ့ရချေ။

"စီအီးအိုယွီ ရှေ့ကတစ်ယောက်က ထန်းလင်းပဲ"

လော့ဟောက် ရုတ်တရက် ရပ်တန့်သွားကာ ယွီယိအား တီးတိုးပြောလိုက်၏။

ယွီယိ သူပြောသည့်နေရာအား လိုက်ကြည့်လိုက်စဥ် ပေါ့ပေါ့ပါးပါး ဝတ်စုံအား ဝတ်ထားသည့်လူတစ်ယောက်သည် လူအုပ်ကြီးအလည်တွင် ရပ်နေကာ စစ်မြေပြင်ဓာတ်ပုံတစ်ပုံအား ရှင်းပြနေပြီး ထိုလူများကလည်း ခေါင်းတညိမ့်ညိမ့်လုပ်နေသည်ကို တွေ့လိုက်ရသည်။

ယွီယိ သူ့ကုတ်အင်္ကျီအား သေချာပြန်သပ်ချလိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရူရင်း ထန်းလင်းဆီ လျှောက်သွားလိုက်လေ၏။

“အန်ကယ်ထန်း မင်္ဂလာပါ”

ထန်းလင်း အသံလာရာဘက်သို့ ညို့မှိုင်းသောအကြည့်များဖြင့် လှည့်ကြည့်လာကာ မရေရာခြင်းများဖြင့်..."မင်းက...?"

"ကျွန်တော်က ယွီယိပါ"

ထန်းလင်း မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပုံရကာ ထို့နောက် သူ့အား ပြုံးပြလာတော့သည်။

"အိုး မင်းက ငါ့သမီးကို လက်ထပ်ချင်နေတာလား?"

_____________________________________________

All Chapters