← Chapters

Chapter 61

Vol. 6 Ch. 61

Chapter 61

Vol. 6 Ch. 61

ဖုရှင်း ရောင်းအားတက်လာစေရန် လုံးပမ်းနေစဥ်မှာပဲ မော့ထျန်းတစ်ယောက် ကြယ်ရောင်ပလာဇာအား ထောက်ခံချက်ပေးနေသည့် သတင်းလည်းတက်လာခဲ့တာကြောင့် သဘာဝကျကျပင် ပရိတ်သတ်များကြား ပွက်လောရိုက်သွားခဲ့၏။

[ ဘုရင်ကြီးမော့က ယွီမိသားစုကို ထောက်ခံချက်ပေးနေတာလား? ဒါဆိုအရင်က ကိစ္စက လိမ်ဆင်ကြီးလား? ]

[ ဟိုတစ်ခေါက်ဟာက မီဒီယာ ကစားလိုက်တာမျိုးလား?? ]

[ အားး အခုမှပဲ စိတ်အေးလက်အေး စားနိုင်တော့တယ်။ ဘုရင်ကြီးမော့ရဲ့ ပိုစ့်ကိုတွေ့တုန်းက တော်တော်စိတ်ညစ်သွားခဲ့တာ။ ]

[ ဘုရင်ကြီးမော့ထျန်း အချိုကြိုက်တတ်တာကို မသိတဲ့သူတွေ? အိမ်ပြန်ပြီး ဂျောင်လေးထဲမှာပဲ အိမ်စာ ပြန်လုပ်လိုက်ပါ! ]

[ အရင်အချိန်တုန်းက အသီးပူတင်းကိတ်ကိုတောင် သတိရမိသွားတယ်:) ]

[ ဘုရင်ကြီးမော့ထျန်းနဲ့ တစ်မိုးအောက်တစ်ယောက် စီအီးအိုတို့ ချစ်ကြိုက်မိပြီး လက်ထပ်တော့မယ်ဟူ၍ ဟောကိန်းထုတ်ထားသည့် ဟာသပိုစ့်များ ]

[ မာနကြီးတဲ့ဘုရင်ကြီးနှင့် ခြယ်လှယ်တတ်သော စီအီးအို_စာဖိုင် ]

[ လုပ်ကြအုန်း! ဒါဘာကြီးလဲ?? နှစ်ယောက်လုံးက မိန်းမကိုယ်စီနဲ့လေ! အိုခေ တာ့တာပါ ]

[ ငါလူကြီးမင်းယွီရဲ့ အစစ်အမှန်ကို မြင်နေရတယ် သူလည်းသူ့ကိုယ်သူ သေချာပေါက် ဖွင့်ထုတ်လိမ့်မယ်~ ]

…….

ဖုရှင်း ဝေပိုများအား နေ့စဥ်လိုက်စစ်ဆေးကာ စိတ်လှုပ်ရှားနေသော်လည်း ထန်းမီရဲ့ဘဝကတော့ သိပ်လွယ်ကူမနေပါ။

သူမ မနက်တိုင်း ဆိုင်သို့အစောကြီးသွားကာ ကိတ်မုန့်များလုပ်ရသည်။ မကြာသေးမီက [အချစ်ချိုချို]သည် ပို၍လူကြိုက်များလာတာကြောင့် မြို့ပြင်မှ ကာစတန်မာများသည်လည်း အွန်လိုင်းမှတဆင့် အားပေးလာခဲ့ကြပြီး ထန်းမီ၏အလုပ်တာဝန်မှာ နှစ်ဆတိုးလာခဲ့ရ၏။

သူမ ဖြတ်ထားသည့် ပေါင်ကိတ်မုန့်အား မုန့်ဖိုစက်ထဲသို့ ထည့်လိုက်သည်နှင့် ဖုရှင်း သူမအား အပြင်မှ လှမ်းအော်လာလေသည်။

“ထန်းထန်း နင့်ကုံသန်ဆီက ဖုန်းလာတယ်!”

ထန်းမီ : “…”

သူမ မုန့်ဖုတ်စက်အား ပိတ်ကာ ဖုန်းကိုင်ရန် အမြန်ပြေးထွက်လာလိုက်၏။ "ယွီယိ?"

"ကိုယ် ဒီနေ့ဂျပန်ကိုသွားမလို့ လေဆိပ်ကိုတောင်ရောက်နေပြီ"

ထန်းမီ ခဏလောက် ကြောင်အသွားကာ-"ကြယ်ရောင်ပလာဇာအတွက်လား?"

"အင်း ယွီကျီက ဂျပန်အချိုပွဲဆိုင်အတွက် သင့်တော်တဲ့သူကို ရှာတွေ့ထားတယ်ပြောလို့ သွားအကဲခတ်ကြည့်မလို့"

"အိုး” ထန်းမီ ခေါင်းညိတ်လိုက်မိသည်။

ယွီယိ ခဏလောက် နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက် တခစ်ခစ်ရယ်ကာ ပြောလာ၏။

"ကိုယ် ဒီညပြန်ရောက်မှာ အရမ်းလွမ်းမနေနဲ့ဦးနော် အချစ်လေး"

ထန်းမီ : “…”

'လိပ်မျိုးပဲ!'

ထန်းမီ ဖုန်းအား ဒေါသတကြီး ချလိုက်ပြီးနောက် စိုးရိမ်သွားကာ ဝီချက်ကနေ စာထပ်ပို့လိုက်တော့သည်။

အချစ်လေး : [ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့နော် ]

ကုံသန် : [ ဟုတ်ကဲ့ပါ မဒမ် 🙂 ]

သူမ ဖုန်းပြန်ချလိုက်ချိန်တွင် ဖုရှင်း လှမ်းတားလိုက်၏။

"နင် ပေါင်ကိတ်မုန့် လုပ်နေတုန်းလား?"

"အင်း ပြီးခဲ့တဲ့နှစ်ရက်အတွင်း အော်ဒါတွေများလာတယ်လေ အဲထဲမှာ ပေါင်ကိတ်မုန့်နဲ့ ကွတ်ကီးတွေက အရောင်းရဆုံးပဲ"

[ T/N : ချောကလက်ပေါင်ကိတ်မုန့် ]

[ T/N : ပျားသံပုရာပေါင်ကိတ်မုန့် ]

ဖုရှင်း ခဏလောက် စဥ်းစားလိုက်ပြီးနောက်-"ငါတို့ပမာဏကို အကန့်အသတ်နဲ့ လုပ်တာပိုကောင်းမယ်နော် အဲတာဆို နင်လည်းတစ်ယောက်တည်း မပင်ပန်းတော့ဘူး စားတဲ့သူတွေလည်း ပိုအရသာရှိရှိ စားနိုင်လိမ့်မယ်"

ထန်းမီ သဘောတူစွာ ခေါင်းညိတ်လိုက်၏။

"အိုခေ။ အခုအချိုပွဲဆိုင်ရော အွန်လိုင်းဆိုင်ရောက အော်ဒါတွေက နည်းနည်း များလာပြီ။"

"ငါ ဝေပိုမှာတင်လိုက်မယ်။ အခုနင်လိမ္မော်ပူတင်းကိတ် ဘယ်နှစ်ခုလုပ်ပြီးပြီလဲ?"

ဤကိတ်မုန့်သည် အချိုပွဲဆိုင်များတွင် အထူးရေပန်းစားသည့်ကိတ်ပင်။ ပုံမှန်ဆိုလျှင် နောက်ကျသည်နှင့် စားလို့ မမှီတော့ချေ။ ဒါကြောင့် ဖုရှင်း အတိအကျ မေးနေရ၏။

ထန်းမီ : "ရှစ်လက်မဆိုဒ် နှစ်ခုရောင်း ပြီးရင်ကုန်ပြီ"

"အိုခေ။ ငါအဲတာပါ ဝေပိုမှာတစ်ခါတည်း တင်လိုက်မယ်"

သူမပြောပြီးသည်နှင့် ကီးဘုတ်ပေါ်တွင် စတင်၍ စာရိုက်လိုက်လေ၏။ ထန်းမီကတော့ မုန့်ဖိုခန်းထဲသို့ ပြန်ဝင်ကာ အလုပ်ဆက်ကြိုးစားခဲ့ပြီး နေ့လည်စာစားပြီးနောက် အနားယူခဲ့သည်။

နေ့ခင်းဘက်တွင် ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြပြီး ထိုထဲမှ ထန်းမီ ရှဲ့ယုံးအား မြင်သောအခါ အံ့သြသွားရတော့၏။

ရှဲ့ယုံးသည် ထန်းမီ ယခင်တက်ခဲ့သည့် ပါတီတစ်ခုတွင် တွေ့ဖူးသည့် ခပ်ချောချော ကောင်လေးတစ်ယောက်နှင့် ရောက်လာခြင်းပင်။ ပိုင်ရှောင်ကတော့ သူက ဖန်မိသားစု၏ အငယ်ဆုံးသခင်လေးဟု ပြောပြဖူး၏။

ယခုမှာတော့ ရှဲ့ယုံး သူမအား အပြုံးလေးဖြင့် မိတ်ဆက်ပေးလာခဲ့သည်။

"ဒါ ငါ့အစ်ကိုကြီး အယ်..မဟုတ်ပါဘူး ငါ့ကောင်လေးလေ ဖန်ချန်းယွမ်တဲ့"

ထန်းမီ မထိန်းချုပ်နိုင်တော့ဘဲ ရယ်လိုက်မိတော့၏။

နှစ်ယောက်သား နေရာတွင် ထိုင်လိုက်ကြပြီးနောက် ထန်းမီ သူတို့အတွက် ကိတ်ပြင်ဆင်ပေးရန် မုန့်ဖိုခန်းထဲသို့ ဝင်သွားလိုက်လျှင် မထင်မှတ်ထားစွာ ဖန်ချန်းယွမ်သည်လည်း နောက်မှလိုက်ဝင်လာခဲ့သည်။

"လူကြီးမင်းဖန် ဘာလိုချင်လို့လဲရှင့်??" ထန်းမီ သူ့အား ထူးဆန်းစွာကြည့်လိုက်လျှင်..။

ဖန်ချန်းယွမ် ရှက်ပြုံးလေးပြုံးကာ-"တကယ်တော့ ဒီနေ့ ကျွန်တော်ယုံးယုံးကို လက်ထပ်ခွင့်တောင်းချင်လို့ ဒါလေးကို ကိတ်ထဲ မြုပ်ထားပေးလို့ရမလား?"

ထန်းမီ သူ့လက်ထဲရှိ လက်စွပ်အား မြင်လိုက်ရချိန်တွင် ရှော့ရသွားတော့၏။ ထိုမှသာ မုန့်ဆိုင်တစ်ဆိုင်ဖွင့်လျှင် လက်ထပ်ခွင့်တောင်းသလိုမျိုး ဒရမ်မာများလည်း အချိန်မရွေး ဝင်လာနိုင်သည်ဆိုတာကို သတိရသွားတော့သည်။

သူမ စိတ်အေးအေး ထားလိုက်ပြီး..."ယုံးယုံးက ကျောင်းတက်နေတုန်း မဟုတ်လား?"

"အင်း တိတိကျကျပြောရရင် စေ့စပ်တယ်လို့ ပြောလို့ရတယ်"

ထန်းမီ မျက်တောင်ခတ်လိုက်ရင်း..."ကျွန်မ ကိတ်ထဲမှာတော့ မြုပ်ပေးလို့ရတယ်။ ဒါပေမဲ့ သူမ စားပစ်ဘူးဆိုတာ သေချာလို့လား?"

ဖန်ချန်းယွမ် : “…”

'သူလည်း...တကယ် မသေချာဘူးပဲ'

ရှဲ့ယုံးရဲ့အိုင်ကျူနဲ့သာဆို သူမတစ်လုတ်တည်းနဲ့တင် လက်စွပ်အား မျိုချမိလောက်၏။

"ကောင်းပြီ ကျွန်တော် နောက်တစ်နည်း စဥ်းစားလိုက်တာကောင်းမယ် ထင်တယ်" သူ့ရည်းစား၏ ဥာဏ်ရည်ဥာဏ်သွေးသည် အထင်ကြီးလောက်စရာကောင်းပြီး ရိုမက်တစ်ဆန်ဆန်တောင် တွေးလို့မရချေ။

ထို့နောက် ထန်းမီ လိမ္မော်ပူတင်းကိတ်နှစ်ပိုင်းအား ယူကာ သူ့နောက်မှ လိုက်သွားလိုက်၏။ ဖန်ချန်းယွမ် သူမလက်ထဲရှိ ကိတ်အား လှမ်းယူကာ ရှဲ့ယုံးရှေ့တွင် နေရာချပေးလိုက်ပြီး..."ဘေဘီ ဒီကိတ်လေးစား"

ထန်းမီ : “…”

'ဒီနေ့ခေတ် ယောကျာ်းတွေက ပိုပြီးပိန်းကြတာလား?'

ရှဲ့ယုံး ကိတ်မုန့်အား ပျော်ရွှင်စွာ စားလိုက်ပြီး အကုန်ကုန်စင်သွားချိန်တွင် ရုတ်တရက် မျက်နှာကြီးမဲ့ကျလာတော့သည်။

"ကျွန်မမှာတော့ ရှင်လက်စွပ်ထည့်ထားမယ်ထင်ပြီး ဂရုတစိုက် စားလိုက်ရတာ.."

ဖန်ချန်းယွမ် : “…”

ထန်းမီ : “…”

တကယ်တော့ ရှဲ့ယုံး၏အိုင်ကျူသည် အလွန်မြင့်မားနေနိုင်၏။

ဖန်ချန်းယွမ် မသက်မသာဖြင့် ရယ်လိုက်မိကာ မေးခွန်းထုတ်လိုက်လေသည်။

"ဘာလို့ အဲလိုထင်တာလဲ?"

ရှဲ့ယုံး စိတ်လှုပ်ရှားစွာဖြင့်..."ရှင် ဒီအချစ်ဇာတ်လမ်းကို ရှင့်ဝတ္ထုထဲ ထည့်ရေးထားတာကို!"

ဖန်ချန်းယွမ် : “…”

'ဒီလောက် တွက်ချက်ထားတာတောင်မှ ငါ့ကောင်မလေးက ဝတ္ထုဖန်အကြီးစားကြီးဆိုတာ မေ့သွားတယ်!'

ထန်းမီ သူတို့အား ပြုံးပြလိုက်ကာ အွန်လိုင်းအော်ဒါများအတွက် ထုပ်ပိုးနေသည့် ဖုရှင်းအား ကူညီရန် လှည့်ထွက် လာခဲ့လိုက်သည်။ ရှဲ့ယုံးသည်လည်း ရေခဲမုန့်နဲ့ အချိုပွဲတစ်ချို့အား ထပ်မှာ စားခဲ့ပြီးနောက် ဖန်ချန်းယွမ်လက်ကို ဆွဲရင်း ဆိုင်ထဲမှ ရွှင်မြူးစွာ ထွက်သွားတော့၏။

ညနေပိုင်း ဆိုင်ပိတ်ချိန်တွင် ပုံမှန်အတိုင်း ဘန်တလေလေး ဆိုင်ရှေ့သို့ ထိုးရပ်လာခဲ့သည်။ ထန်းမီ တကယ် နေ့ခင်း ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့တာကြောင့် ခုန်ပေါက်ကာ ကားတံခါးအား အပြေးသွား ခေါက်လိုက်၏။

ယွီယိ ကားတံခါးအား ချလာကာ ပြုံးပြရင်း..."ကားပေါ်တက်"

ထန်းမီ အမြန်ပင် ကားပေါ်သို့ပြေးတက်လိုက်လျှင် ဖုရှင်းလည်းပဲ ပုံမှန်အတိုင်း လိုက်တက်ဖို့ ပြင်လိုက်ရာ လမ်းတစ်ဝက်မှာတင် လော့ဟောက်၏တားဆီးခြင်းကို ခံလိုက်ရတော့သည်။

ဖုရှင်း မကျေမနပ်ဖြင့်..."ဘာလုပ်တာလဲ?!"

လော့ဟောက် သူမအား ပြုံးစိစိဖြင့်ကြည့်ကာ-"လူကြီးမင်းလော့တို့ရဲ့ နှစ်ယောက်တစ်ကမ္ဘာလေးကို မဖျက်ဆီး ချင်စမ်းပါနဲ့"

ဖုရှင်း : “…”

လော့ဟောက် သူမ၏ကြေကွဲသွားသော အမူအရာအား ကြည့်ကာ ရယ်ချင်လာတော့သည်။

"လာ လိုက်ပို့ပေးမယ်"

ဖုရှင်း : "ကျွန်မကို လိုက်ပို့ခွင့်ပေးလိုက်မယ်။ ဒါပေမဲ့ အဲတာကိုပါ အကြွေးချေတဲ့နေရာမှာ ထည့်ပေး"

လော့ဟောက် : “…”

'လောကကြီးထဲမှာလည်း ဒီလို အရှက်မရှိတဲ့သူတွေ ရှိသေးတာလား..'

ကားထဲမှာတော့ စီအီးအိုယွီတစ်ယောက် သူတို့၏သာယာချိုမြိန်လှတဲ့ ကမ္ဘာကြီးအား အပြည့်အဝ ခံစားနေလေ၏။

"ဒါ ဂျပန်က အထူးထုတ်လာတဲ့မုန့်လေ။ အဲတာကို အချိုပွဲစားသောက်ဆိုင်ရဲ့ မီနူးထဲကိုထည့်မလို့။"

"တကယ်?" ထန်းမီ ဂျပန်အစားအသောက်ဘူးလေးအား ပျော်ရွှင်စွာဖွင့်လိုက်လျှင် အထဲတွင် ထမင်းလုံးနှင့် ဆူရှီများကို သေသေသပ်သပ်စီထားပြီး အားလုံးကို အလွန်ချစ်စရာကောင်းသည့် ပုံစံများဖြင့်ပြုလုပ်ထားလေသည်။

"ဝိုး ဒီပန်ဒါထမင်းလုံးက ချစ်စရာကောင်းလိုက်တာ ဒီ ဆူရှီထဲမှာ ဘာပါတာလဲ? ချိစ့်လား?"

"အင်း အေးသွားပေမဲ့ စားလို့ကောင်းဦးမှာပါ"

ထန်းမီ တစ်ကိုက်စားလိုက်ပြီးနောက် သူ မမျက်လုံးများအား ပျော်မြူးစွာ မှိတ်လိုက်မိတော့၏။

"ဒါ သေချာပေါက် နာမည်ကြီးမှာပဲ! တာဝန်ခံကိစ္စရော ပြေလည်သွားပြီလား?"

ယွီယိ ရယ်လျက်-"မင်း အခုစားနေတာ သူလုပ်ထားတာတွေလေ"

ထန်းမီ ပို၍ပင် ပျော်ရွှင်သွားတော့သည်။

"ကောင်းလိုက်တာ ရှင်လည်း တစ်ခုစားကြည့်သင့်တယ်!"

ထန်းမီ ချိစ့်ဆူရှီအား ကောက်ကိုင်လိုက်ပြီး ယွီယိ၏ပါးစပ်နားသို့ ထိုးပေးလိုက်လျှင် ယွီယိရှေ့သို့ ကိုယ်အနည်းငယ် စောင်းလာကာ သူမ လက်ထဲရှိ ထမင်းလုံးရော သူမ၏လက်ချောင်းလေးကိုပါ တစ်ခါတည်း ကိုက်ချလိုက်လေ၏။ "ဒီဟာကို ပိုစားချင်တာ"

ထန်းမီ သူမ မျက်နှာကြီး နီရဲလာတော့မည်ကို ကြိုသိနေတာကြောင့် အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

"ဒါနဲ့ ဒီနေ့ဆိုင်ကို ရှဲ့ယုံးနဲ့ ဖန်ချန်းယွမ်လာတယ်သိလား။ ဖန်ချန်းယွမ်က သူ့ကို လက်ထပ်ခွင့်တောင်းဖို့ စီစဥ်နေတာတဲ့!"

"တကယ်လား?" ယွီယိပုံစံသည် စိတ်ပါဝင်စားမှု မရှိပေ။ သူခဏလောက် တွေးတောလိုက်ပြီးနောက် မေးလာ၏။

"မင်း မနက်ဖြန်အားလား?"

ထန်းမီ : "မနက်ပိုင်းကိတ်တွေ လုပ်ရဦးမယ်။ နေ့ခင်းပိုင်းကတော့ ဖုရှင်းတစ်ယောက်တည်းလည်း ဖြစ်တယ်ဆိုတော့ ပြေလောက်မယ် ထင်တယ်?"

ယွီယိ နှုတ်ခမ်းအား ကွေးညွှတ်လိုက်ကာ သူမအားစိုက်ကြည့်လိုက်ရင်း..."မနက်ဖြန် နေ့ခင်းလောက် ကိုယ်တို့ မင်္ဂလာဝတ်စုံသွားရွေးကြမယ်"

ဖုရှင်း ထန်းမီမင်္ဂလာဝတ်စုံ ရွေးမည့်သတင်းအား ကြားချိန်တွင် သူမလည်းအတူ လိုက်ချင်သော်လည်း ထန်းမီကတော့ လုပ်ငန်းစဖွင့်ချင်းမှာ အနားမယူရဘူးဟု ပြောကာ သူမအား အလုပ် အတင်းသွားခိုင်းခဲ့သည်။

ထန်းမီ ဘဝမှာပထမဆုံးအကြိမ် မင်္ဂလာဝတ်စုံဆိုင်ထဲသို့ ဝင်ရတာကြောင့် သူမ အရမ်း စိတ်လှုပ်ရှား နေတော့သည်။ ယွီယိ သူမအတွက် မင်္ဂလာဆောင်ဝတ်စုံအား ဒီဇိုင်နာတစ်ဦးထံ တောင်းဆိုခဲ့သည်မှာ ကြာပြီဖြစ်ပြီး ဒီနေ့ကတော့ ဆိုဒ်အဆင်ပြေ၊မပြေ စမ်းဝတ်ကြည့်ရန် သူမအား ခေါ်လာခဲ့ခြင်းပင်။

မင်္ဂလာဝတ်စုံတွင် စျေးမကပ်ထားတာကြောင့် ထန်းမီ ဘယ်လောက်ကျသင့်သည်ဆိုတာတော့ မသိခဲ့ရချေ။ သို့သော် စတိုးဆိုင်ထဲရှိ အခြားမင်္ဂလာဝတ်စုံများ၏ သုညတန်းဘယ်လောက် ရှည်လဲဆိုတာတော့ ထန်းမီ ခဏရေတွက်ဖြစ်ခဲ့သည်။

နောက်ပြီး ဒီတစ်ခုသည် စိတ်ကြိုက်ချုပ်ထားခြင်းပင်။

သူမ သေချာဂရုတစိုက် ၀တ်ဆင်ပြီး ထွက်လာချိန်တွင် ယွီယိ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ ယွီယိ၏နှုတ်ခမ်းများ တဖြည်းဖြည်း ပြုံးလာကာ ထန်းမီ၏နှုတ်ခမ်းစွန်းလေးသို့ ညင်သာစွာ ဖိကပ် နမ်းရှိုက်လိုက်၏။

"အချစ်လေးပဲ။ ကိုယ်က နတ်သမီးလေး နတ်သက်ကြွေလာတယ်ထင်တာ"

ထန်းမီ : “…”

သူမ ဘေးရှိ အကူဝန်ထမ်းလေးများ လှည့်ထွက်သွားကာ ကျိတ်ရယ်နေတော့သည်။

'လူကြီးမင်းယွီဆိုတာ ဟိုးတောင်ထိပ်က ရေခဲဘုရင်ကြီး မဟုတ်လား? ဘယ်လိုလုပ်ပြီး တောင်ထိပ်က ရေခဲဘုရင်ကြီးက ဒါမျိုးတွေ ပြောထွက်ရတာလဲ!'

ယွီယိ သူမ၏တစ်ကိုယ်လုံးအား မျက်လုံးများဖြင့် ဝှေ့ယမ်းကြည့်လိုက်ကာ-"တော်လား?"

ထန်းမီ ခေါင်းညိတ်ပြီး ပဟေဠိဆန်ဆန် မေးခွန်းထုတ်လိုက်မိ၏။

"ရှင် ကျွန်မဆိုဒ်ကို ဘယ်လိုသိတာလဲ?"

ယွီယိ၏အနက်ရောင် မျက်ဝန်းလှလှလေးများ လှုပ်ရှားသွားတော့သည်။

"အကြည့်တစ်ချက်တည်းနဲ့ သိတယ်"

ထန်းမီ : “…”

'သေစမ်း! ဟိုနောက်က တစ်ယောက် ရှင်ထပ်ရယ်ရင် ကျွန်မ ထရိုက်မိတော့မယ်!'

မင်္ဂလာဝတ်စုံသည် အပြောင်းအလဲမရှိခဲ့ဘဲ မင်္ဂလာပွဲသည်လည်း သတိမထားမိလိုက်ခင်လေးမှာပဲ နီးကပ်လာခဲ့၏။ မင်္ဂလာပွဲနေ့အတွက် ယွီစားသောက်ဆိုင်တိုင်း၏ ထိုင်ခုံများအားလုံးကို တစ်လခွဲလောက် ကြိုတင်မှာယူထားခဲ့ကြပြီး ထိုင်ခုံ မရသူများကတော့ တိတ်တိတ်လေး ကြိတ်ငိုကြွေးနေကြလေသည်။

*****************

မင်္ဂလာဆောင်သည့်နေ့တွင် ထန်းမီ ထန်းလင်း၏ လက်မောင်းအား ဆုပ်ကိုင်ကာ "မင်္ဂလာဓလေ့ထုံးတမ်း"နှင့်အညီ ကော်ဇောနီပေါ်သို့ လျှောက်လှမ်းလာချိန်တွင် သူ့နှလုံးသားထဲ၌ ခံစားချက်များ ရောထွေးနေခဲ့၏။

ယွီယိတစ်ယောက် ထန်းမီ သူ့ဆီအား ခြေတစ်လှမ်းချင်း လျှောက်လာနေသည်ကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုလူသားလေးသည် သူ၏နှလုံးသား၊ သူ၏ကမ္ဘာကြီးထဲသို့ စတင်လျှောက်လှမ်းလာနေပြီပင်။

ယွီယိ သူမလက်အား ဆွဲယူလိုက်ကာ ဘုန်းတော်ကြီး၏မေးမြန်းချက်အား ငြိမ်သက်စွာ နားထောင်လိုက်၏။

"လူကြီးမင်းယွီ မိန်းကလေးထန်းမီနဲ့ လက်ထပ်ဖို့ ဆန္ဒရှိပါသလား? သူမချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ အနာဂတ်မှာ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ၊ သူမကိုဘယ်တော့မှ ထားမသွားဘဲ သူမနဲ့အတူ ထာဝရရှိနေဖို့ ဆန္ဒရှိပါသလား?"

ယွီယိ ထန်းမီအား တစ်ချက်ငေးကြည့်လိုက်ကာ သူ၏နှုတ်ခမ်းလေးများ ကွေးညွှတ်သွားတော့၏။

"ဟုတ်ကဲ့ ဆန္ဒရှိပါတယ်"

ဘုန်းတော်ကြီးသည် ထပ်၍..."မိန်းကလေးထန်းမီ လူကြီးမင်းယွီနဲ့လက်ထပ်ဖို့ ဆန္ဒရှိပါသလား? သူချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ အနာဂတ်မှာ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ၊ သူ့ကိုဘယ်တော့မှ ထားမသွားဘဲ သူနဲ့အတူ ထာဝရရှိနေဖို့ ဆန္ဒရှိပါသလား?"

ထန်းမီ အသက်ဝဝရူသွင်းလိုက်မိကာ သူမမျက်ဝန်းထဲတွင် အရည်ကြည်လေးများ သီဝှေ့နေ၏။

"ဟုတ်ကဲ့ ဆန္ဒရှိပါတယ်"

"ဒါဆို မင်းတို့ရဲ့လက်ထပ်ထိမ်းမြားခြင်း အောင်မြင်ပါပြီ။ အခုသတို့သားက သတို့သမီးကို နမ်းလို့ရပါပြီ"

ဘုန်းတော်ကြီး ထိုစကားအား ပြောလိုက်သည်နှင့် အောက်မှ လူအုပ်ကြီးထံမှ ကျယ်လောင်သည့် အားပေးသံများ ထွက်ပေါ်လာတော့သည်။

ယွီယိ ထန်းမီ့ဘက် လှည့်လာကာ သူမ၏ခါးပေါ်သို့ လက်တင်ရင်း ဖြည်းညှင်းစွာ ချဥ်းကပ်လာပြီးနောက် နှုတ်ခမ်းများအား တယုတယဖြင့် ငုံ့နမ်းလိုက်လေတော့၏။

ထန်းမီ ပို၍ကျယ်လောင်လာသော ဆူညံ့သံများကြောင့် စိတ်လှုပ်ရှားစွာ မျက်လုံးများအား တင်းကျပ်စွာ မှိတ်ထားလိုက်မိသည်။

ထို့နောက် ယွီယိ၏အသံသည် အားလုံးကြားမှတဆင့် သူမ၏နားထဲသို့ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့လေ၏။

"အချစ်လေး ကိုယ့်တစ်ဘဝလုံးနဲ့ရင်းပြီး ဒီကတိသစ္စာကို သက်သေပြပေးမယ် ကိုယ် မင်းကိုချစ်တယ်~"

_____________________________________________

All Chapters