← Chapters

Chapter 63

Vol. 6 Ch. 63

Chapter 63

Vol. 6 Ch. 63

သူတို့တစ်နေ့တွင် ထမင်းသုံးနပ်လုံး အတူတူစားကြပြီး နှစ်နာရီခြားတစ်ခါ ဖုန်းပြောလေ့ရှိကြသည်။ ထို့အပြင် ယွီယိတစ်ယောက် အမြဲလိုလို "မိန်းမ ဘယ်မှာလဲ?"ဟူသည့် စကားလုံးများဖြင့်သာ အစပြုလေ့ရှိ၏။

ထန်းမီ စားပွဲကိုသာ မှောက်ပစ်လိုက်ချင်တော့သည်။

'သူ တစ်နေကုန် အချိုပွဲဆိုင်မှာပဲ အလုပ်လုပ်နေရတာကို ဘယ်မှာဖြစ်ရမလဲ! ဆိုင်ထဲမှာပေါ့ ဆိုင်ထဲမှာ!'

သူမ စိတ်ထဲကနေ အော်ဟစ်နေချိန်မှာပဲ ဖုန်းသံထပ်မြည်လာခဲ့လေ၏။

ထန်းမီ ဖုန်းကိုင်လိုက်လျှင် တစ်ဖက်မှ ရင်းနှီးနေသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မိန်းမ ဘယ်မှာလဲ?"

ထန်းမီ : “ဆိုင်ထဲမှာ…”

“ဒီနေ့ တစ်ခုခု အဆင်မပြေတာဖြစ်သေးလား?”

“မဖြစ်ဘူး…”

“ကိုယ် အခုမင်းကို နေ့လည်စာစားဖို့အတွက် လာခေါ်မယ် အဲကျမှတွေ့မယ်”

ထန်းမီ ဖုန်းချလိုက်ချိန်တွင် ဘေးရှိဖုရှင်း သူမအားစောင်းကြည့်လာတော့၏။

"စီအီးအိုယွီ နေ့လည်စာအတွက် ခေါ်ပြန်ပြီလား?"

“အေး”

ထန်းမီ ဖုရှင်း၏သရော်ဟန် လေသံအား လျစ်လျူရှုထားလိုက်တော့သည်။ တကယ်တော့ သူမနေ့လည်စာအား ဖုရှင်းနှင့်အတူ စားခဲ့ပြီးဖြစ်သော်လည်း သူမကိုယ်ဝန်စလွယ်ရကတည်းက ယွီယိသည် သူမကြုံသလိုစားမိမည်ကိုစိုးရိမ်သဖြင့် နေ့တိုင်းတစ်နေ့သုံးကြိမ် ပုံမှန်စားခိုင်းခဲ့တာပင်။

ထန်းမီ နောက်ဆုံးကိတ်မုန့်အား လှီးဖြတ်လိုက်ချိန်တွင် ယွီယိ၏ကားလေး ဆိုင်ရှေ့တွင် ထိုးရပ်လာခဲ့၏။

ထန်းမီ ကားထဲသို့ဝင်ထိုင်လိုက်ချိန်တွင် ယွီယိ သူမ၏ဆံနွယ်များအား ပွတ်သပ်လာကာ-"အချိုပွဲဆိုင်ကို နားသင့်တယ်လို့ ကိုယ်တွေးနေမိတုန်းပဲ"

ထန်းမီ : "မလိုဘူး။ အခုဆောင်းဝင်နေပြီ ဆိုင်ကိုလည်း ကာစတန်မာ အများကြီး လာကြတော့တာမဟုတ်ဘူး။ နောက်ပြီး နှစ်လပဲရှိသေးတာပါ။ ကျွန်မအဲလောက် နူးညံ့နေတာမဟုတ်ဘူး။"

သူမျက်မှောင်ကြီးကြုတ်ကာ ဘာမှပြန်မပြောတော့ချေ။

ယွီယိ စိတ်ကောက်သွားသည်ကို ထန်းမီ သိလိုက်တာကြောင့် သူမ ပြုံးပြကာ မျက်နှာချိုသွေးလိုက်ရတော့၏။

"ရှင် ဒီနေ့ ဘာစားချင်လဲ?"

ယွီယိ မနေနိုင်တော့ဘဲ သူမ၏ပါးပြင်နုနုလေးအား ဆွဲညှစ်ကာ-"မင်း ဆန်ပြုတ်သောက်ဖို့အတွက် ခေါ်သွားပေးမယ်"

“အာ ဒီချိန်ဆန်ပြုတ်သောက်လို့ ကောင်းတယ်”

ဆောင်းတွင်းသည် ဆန်ပြုတ်သောက်ဖို့ အကောင်းဆုံးအချိန်ပင်။ တစ်ဇွန်းတည်းနှင့် သူမ၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားစေနိုင်၏။

"ဆန်ပြုတ်သွားမစားခင် ကြယ်ရောင်ပလာဇာက မုန့်နည်းနည်းလောက် သွားဝယ်လို့ရမလား?"

အချိုပွဲတိုင်းပြည်သည် ခရစ္စမတ်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းသည်လည်း ထန်းမီ မျှော်မှန်းထားသည်ထက် ပို၍ပင်ကောင်းမွန်စွာ လည်ပတ်ခဲ့သည်။ ရှည်လျားလှသော လူတန်းကြီးများအား နေ့စဥ်အချိန်တိုင်းနီးပါး တွေ့မြင်နိုင်လောက်အောင် ရောင်းအားကောင်းလေ၏။

သို့သော် စီအီးအိုကတော် တစ်ယောက်အနေနဲ့တော့ သူမ အခွင့်ထူးတစ်ချို့ ရရှိခဲ့သည်။

ထန်းမီတစ်ယောက် ထိုနေရာသို့ရောက်တိုင်း သူမ၏ဂုဏ်ပုဒ်အား အခွင့်ကောင်းယူကာ နေရာကျော်တက်လေ့ရှိ၏။ တန်းစီစောင့်ဆိုင်းနေသော ကာစတန်မာများသည် သူမ၏အပြုအမူအား မကျေမနပ် ဖြစ်ကြသော်လည်း သူတို့ကို ပို၍ပင် ဒေါသထွက်စေတာကတော့ ယွီယိသည် ထိုကဲ့သို့ ပေါ်တင်ကြီး ဗြောင်ကျကျ ကျော်တက်မှုကို ပြုံးပြုံးကြီး ရပ်ကြည့်နေခြင်းပင်။

'သူ့မိန်းမကို ဘာလို့ဒီလောက်ထိ အလိုလိုက်နေတာလဲ!'

ယွီယိ အရင်ကတည်းက ထိုအရာများအား ဂရုမစိုက်ခဲ့ပါ။ အခုလို ထန်းမီကိုယ်ဝန်လွယ်ထားရချိန်တွင် သူလုံးဝကို ဘာကိုမှ ဂရုစိုက်တော့မည်မဟုတ်။

ထို့ကြောင့် ထန်းမီ၏အချိုပွဲဆိုင်သို့ သွားမယ်ဟူသည့် စကားအားကြားသော် ယွီယိ တစ်ခုခုကို အတွေးပေါက်သွားဟန် ရယ်လိုက်မိတော့သည်။

“ဒီနေ့ ပြင်သစ်ဆိုင်နဲ့ ဂျပန်ဆိုင်မှာ မုန့်အသစ်တွေဝင်တယ် မင်းတော့ကံကောင်းတာပဲ”

“တကယ်ကြီး?”

ထန်းမီ ဝမ်းသာလွန်းစို့ကာ သူ၏ပါးပြင်အား တန်း၍နမ်းလိုက်လေ၏။ "မိုက်တယ်!"

ယွီယိ သူမအား ကြည့်ရုံသာကြည့်နေပြီး ဘာမှမပြောချေ။

'ဒီတစ်ယောက် သူ့ကို ဘယ်လို ညာစားရမလဲဆိုတာ ကောင်းကောင်းသိတာပဲ'

ထိုမှသာ ထန်းမီ၏စိတ်ညစ်နေသည့် အမူအရာသည်လည်း ပြန်လည်ကြည်လင်သွားပြီး သူမအချိုပွဲဆိုင်အား နောက်ထပ်နှစ်လလောက် ထပ်ဖွင့်မယ်ဟု တိတ်တဆိတ် ကြုံးဝါးလိုက်တော့သည်။

သူတို့ စားသောက်ဆိုင်သို့ ရောက်ချိန်တွင် ယွီယိ ထန်းမီ့အား သီးသန့်ခန်းထဲသို့ ခေါ်သွားလိုက်ပြီး သူမအတွက် ဆန်ပြုတ်ချိုတစ်ပွဲနှင့် ကြက်သားဆန်ပြုတ်တစ်ပွဲအား မှာပေးခဲ့၏။

ထန်းမီ မီနူးပေါ်ရှိ များပြားလှသည့် အရံဟင်းများအားကြည့်ကာ မြည်းစမ်းကြည့်ချင်လာတာကြောင့် ယွီယိ အရံဟင်းတစ်ချို့ကို မှာပေးပြီးနောက် ဝိတ်တာလေးဆီသို့ မီနူးအား ပြန်ကမ်း ပေးလိုက်လေသည်။

"နောက်အပတ် တနင်္လာကျရင် ကျွန်မနဲ့ ဆေးရုံကို လိုက်ခဲ့”

ယွီယိ သံပုရာရည်အား တစ်ငုံ့သောက်ကာ ဘေးရှိထန်းမီ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး... “နားလည်ပါပြီ မဒမ်”

ထန်းမီ ခွက်ထဲမှ သံပုရည်အား တစ်ငုံ့မော့လိုက်ကာ သူ့အားအကဲခတ်လာ၏။

"ရှင်အရင် တစ်ခေါက်က ကလေးကို နာမည်ပေးချင်ပြီလို့ ပြောခဲ့တယ်မဟုတ်လား? အဲတာ စဥ်းစားပြီးပြီလား?"

ယွီယိ : “အင်း...ယောကျာ်းလေးဆိုရင် ယွီထန်းလို့ခေါ်မယ် မိန်းကလေးဆိုရင် ယွီမီလို့ပဲခေါ်မယ်လေ”

ထန်းမီ : “…”

'ဘယ်လို နာမည်တွေလဲ! တာဝန်မဲ့လိုက်တာ!'

သူမ မျက်မှောင်ကြုတ်နေသည်ကိုမြင်သော် ယွီယိ နားမလည်ဟန်ဖြင့် ထပ်မေးလိုက်တော့သည်။

"ဘာဖြစ်လို့လဲ? အဲနှစ်ခုက မကောင်းဘူးလား?"

“သေချာတာပေါ့။ ဘယ်လိုလုပ်ကောင်းမှာလဲ!”

ထန်းမီ ဒေါကန်သွားရကာ-“ဖုရှင်းရဲ့အဖြစ်ဆိုးက ကျွန်မတို့ မျက်စိရှေ့တင် ဖြစ်ပြီးသွားပြီကို ရှင်က ထပ်ပြီး ဒီလိုအမှားမျိုး လုပ်ချင်သေးတာလား!"

ယွီယိ မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိတော့၏။

"ကိုယ်ကတော့ ယွီထန်းနဲ့ယွီမီက အကောင်းဆုံး နာမည်လို့ ထင်တာပဲ"

“ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ!”

"ယွီထန်း နာမည်က ရေကန်နဲ့တူပြီး ယွီမီကျ ပြောင်းဖူးနဲ့ တူနေတာကို!" (T/N : တရုတ် အသံထွက်အရ တူတာကိုပြောချင်တာပါ)

ယွီယိ : “…”

“ဒါဆို…ယွီထန်းထန်းနဲ့ ယွီမီမီ?”

ယွီယိတစ်ယောက် အခြေအနေအား တိုးတက်လာစေရန် သူ၏အကောင်းဆုံး အကြံဥာဏ်အား ပေးလိုက်လေသည်။

ထန်းမီ : “…”

'သူပဲ ကလေးနာမည်ကို စဥ်းစားမှ ဖြစ်တော့မယ်'

ထို့နောက် သူမမျက်လုံးများ လှုပ်ရှားသွားကာ ယွီယိအား ပြုံးပြလိုက်ရင်း..."တကယ်တော့ ယွီရှင်းကလည်း ကောင်းတယ်လို့ ထင်မိတယ်။ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သုံးလို့ရတယ်လေ"

ယွီယိ : “…”

သူ ထန်းမီ့အား စိုက်ကြည့်နေကာ ဘာမှပြန်မပြောချေ။ ထန်းမီ ရုတ်တရက် အခန်းအပူချိန် ထိုးကျသွားသည်ကို ခံစားလိုက်ရပြီး သူမ၏ စနောက်မှုသည်လည်း လွန်သွားခဲ့ပြီကို သဘောပေါက်သွားတော့၏။ ဘယ်လိုပဲဖြစ်ဖြစ် ပေါင်မုန့်လေးလည်း အတူရှိနေတာကြောင့် သူ ထန်းမီ့အား ဘာမှမလုပ်ရဲပါ။ (T/N : ပေါင်မုန့်လေးက ကလေးလေးကို ဆိုလိုတာပါ..)

သို့သော် ပေါင်မုန့်လေး တစ်နေ့အပြင်လောကကို ခြေချလာခဲ့လျှင်တော့ သူမ့အား တစ်သက်လုံး ကာကွယ်ပေးနိုင်မည်မဟုတ်တော့ချေ။

****************

ယွီမီသည် ဆောင်းဦးပေါက်ပွဲတော်နေ့တွင် မွေးဖို့အကြောင်းဖန်လာခဲ့လေသည်။ ဟုတ်သည်၊ ပေါင်မုန့်လေးသည် ကံဆိုးခြင်းမှ မလွတ်မြောက်နိုင်ဘဲ ဇွတ်အတင်း ယွီမီဟု အမည်ပေးခံလိုက်ရ၏။

ယွီယိတစ်ယောက် သူ့သမီးအတွက် အလွန်ကို ဝမ်းသာပျော်ရွှင်နေခဲ့ကာ လက်အား ဝှေ့ယမ်း၍ ပိုက်ဆံများ ပတ်ပစ်လိုက် ပြန်တော့သည်။ ယွီစားသောက်ဆိုင်တိုင်း၏ ဟင်းပွဲများအားလုံးသည် ၅၀%လျှော့ဈေးအဖြစ် သုံးရက်ဆက်တိုက် ပေးခဲ့သည်ပင်။

ထို ဂုဏ်ပြုပွဲနေ့တွင် ထန်းမီတစ်ယောက် သူမ၏သာယာလှသည့်နေ့ရက်လေးများ ကုန်ဆုံးသွားပြီဟု ခံစားလိုက်ရတော့၏။

ယွီမီအား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူနာပြုဆရာမလေးသည် ကလေးအား ခေါ်ဆောင်သွားခဲ့ပြီး အခန်းထဲတွင် ယွီယိနှင့် သူမတို့သာ ကျန်နေခဲ့သည်။

ထန်းမီ အတော်လေး နုံးချိနေသည်ဟု ခံစားမိတာကြောင့် တစ်နေ့ခင်းလုံး အားနည်းစွာ အိပ်မောကျသွားခဲ့ကာ သူမ နိုးလာချိန်တွင် လူနာခန်းထဲ၌ ပက်လက်ကြီး စိတ်ဓာတ်ကျနေသေးလေ၏။

….

သူမ ဖုံးကွယ်မထားနိုင်တော့ဘဲ ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူမ ယွီယိအားကြည့်ကာ အားအင်ချိနဲ့စွာ မျက်ခုံးများတွန့်ချိုးရင်း..."သမီးလေးရလို့ ရှင် မပျော်ဘူးလား?"

ယွီယိ ခဏလောက် ဆွံ့အသွားခဲ့ပြီးနောက် သူမ နဖူးလေးအား အုပ်မိုးလိုက်လေ၏။

"ဘာလို့ မပျော်ရမှာလဲ? အရမ်းကိုမှ ပျော်တာပေါ့"

ထန်းမီ သူဘယ်လောက် ပျော်နေလဲဆိုတာ မမြင်ရသလိုခံစားရ၏။ သူ၏ လက်ရှိ အမူအရာသည် သူမနှင့် ရမှတ်ညှိရန် ပြင်ဆင်ထားသလိုပင်။

ယွီယိ ထန်းမီ၏စူပုတ်ပုတ် မျက်နှာလေးအားကြည့်ကာ နမ်းရူံ့လိုက်ပြီး..."ဗိုက်ဆာနေပြီလား?"

"ကိုယ်တစ်ယောက်ယောက်ကို ကြက်သားဆန်ပြုတ် ယူလာခိုင်းလိုက်တယ် အသားပေါင်း အရင်စားရအောင်"

ထန်းမီ သူမအား ကြက်သားဆန်ပြုတ်စားဖို့ ခေါ်သွားသည့်နေ့တွင် ပေါင်မုန့်လေးအတွက် နာမည်ပေးဖို့ တူတူတိုင်ပင်ခဲ့ကြသည်ကို အမှတ်ရမိသွား၏။

အရသာရှိသည့် ကြက်သားဆန်ပြုတ်သည်လည်း အခုမှရုတ်တရက်ကြီး မျိုချရခက်ခဲလာသလိုပင်။ သို့သော် ဇီဇာကြောင်သည့် ကြီးကြပ်သူ၏မျက်စိအောက်တွင် ရောက်နေတာကြောင့် သူမဆန်ပြုတ်အား အတင်းထိုးသိပ်လိုက်ရတော့သည်။

စားပြီးနောက် ယွီယိ သူမအား စောင်ဖြင့်ညင်သာစွာ လွှမ်းခြုံပေးလိုက်ပြီး အနားယူစေခဲ့၏။ ယွီယိ၏အပြုအမူများသည် ထန်းမီ့နှလုံးခုန်နှုန်းများအား ပိုလို့ပင် မြန်လာစေတော့သည်။

ကြာရှည်လှသော နာကျင်မှုအား အံတုကာ ထန်းမီ ခေါင်းမော့လိုက်ပြီး ရဲရဲဝံ့ဝံ့ဖြင့်..."ကျွန်မတို့ကလေးကို ယွီရှင်းလို့ခေါ်လို့ ရှင် စိတ်ဆိုးနေသေးတာလား?"

ယွီယိ ခဏလောက် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ထန်းမီ့အား စိုက်ကြည့်လျက်-"ဘာလို့ကို ယ်တို့ကလေးကို အဲနာမည်ပေးချင်ရတာလဲ? မင်းနှလုံးသားထဲမှာ အချစ်ဆုံးသူက ယွီရှင်း ဖြစ်နေလို့လား?"

ထန်းမီ ကြောင်တောင်တောင်လေးဖြင့် စိုက်ကြည့်လိုက်မိတော့၏။ "ဘာလို့ အဲလိုပြောတာလဲ?"

“ဘာလို့ဆို ကိုယ်က ကိုယ်အချစ်ရဆုံးသူရဲ့ နာမည်ကို ကလေးအတွက် သုံးထားလို့လေ”

ဤစကားများသည် ထန်းမီ၏ နှလုံးသားထိပ်ဖျားပေါ်သို့ ကျရောက်လာကာ သူမချက်ချင်း အားအင်များပြည့်လျှံလာပြီး ထထိုင်လိုက်လေသည်။ ထို့နောက် ဘေးတွင်ထိုင်နေသည့် ယွီယိအား လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ပွေ့ဖက်လိုက်မိတော့၏။

"ရှင်ပြောတော့ ရှင်က ယွီယိရော ယွီရှင်းရောဆို? ကျွန်မက ကလေးနာမည်ကို ယွီယိလို့မှ သုံးမရတာ"

ယွီယိ၏မျက်လုံးများ အနည်းငယ် ကျယ်သွားခဲ့ပြီး သူထန်းမီ့အား ပြန်လည်ပွေ့ဖက်လိုက်မိ၏။

ယွီယိ သူမ၏စကားလုံးများအား နားလည်ပေသည်။

အဓိပ္ပါယ်သည် သူသည် သူမ၏အချစ်ရဆုံးလူဆိုတာပင်။

_____________________________________________

All Chapters