[ ဖုရှင်း ]
Vol. 6 Ch. 64
ထန်းမီ ယွီယိနှင့် လက်ထပ်ပြီးနောက် သူတို့၏အငှားအိမ်မှ ထွက်ခွာသွားခဲ့၏။
မနက်ပိုင်း ဖုရှင်း နိုးလာချိန်တွင် သူမ တစ်ယောက်တည်း ထိုအိမ်အလွတ်ကြီးထဲ၌ အနည်းငယ် မသက်မသာ ဖြစ်နေဆဲပင်။
ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ်တွင်လည်း မနေ့က ထန်းမီ့ဆီမှ ဖမ်းမိခဲ့သည့် ပန်းစည်းတစ်စည်း ရှိနေခဲ့၏။ သူမ နှာခေါင်းရူံ့လိုက်မိကာ ရေခဲသေတ္တာထဲမှ ပေါင်မုန့်နှစ်ချပ်အားထုတ်ရင်း ပါးစပ်ထဲ သွပ်ထည့်လိုက်တော့သည်။
အခု သူမတစ်ယောက်တည်း ဖြစ်သွားတာကြောင့် အိမ်ငှားဖို့ စရိတ်စခ မသက်သာတော့ပေ။ ထို့ကြောင့် တစ်ယောက်ခန်းတစ်ခန်း အမြန်ဆုံးရှာဖို့ အချိန်ပေးလိုက်တာ ပိုကောင်းလိမ့်မည်ဟု တွေးလိုက်မိ၏။
ထိုအကြောင်းအား တွေးလိုက်မိစဥ် ဝါးနေသော ပေါင်မုန့်ဖြူသည်ပင် လည်ချောင်းထဲ၌ ကန့်လန့်ဝင် သွားတော့၏။ ဖုရှင်း အနည်းငယ် ချောင်းဆိုးလိုက်ကာ မီးဖိုချောင်ထဲသို့ပြေး၍ နွားနို့တစ်ခွက် အမြန် ကောက်မော့လိုက်ရသည်။ နောက်ဆုံးတော့ သူမအသက်ရူမှန်လာချိန်တွင် ဘေစင်ထဲ၌ အပုံလိုက်ရှိနေသော ပန်းကန်များအား မမြင်ချင်ယောင်ဆောင်ရင်း အိတ်ဆွဲကာ လျှောက်ထွက် သွားလေတော့၏။
သူမ [အချစ်ချိုချို]သို့ ရောက်ရှိချိန်တွင် ၈နာရီပင် မထိုးသေးချေ။ အရင်တုန်းကတော့ ထန်းမီတစ်ယောက် မနက်၇နာရီဆိုတာနှင့် ဆိုင်သို့ရောက်ကာ မုန့်များ စတင်ပြင်ဆင်နေပြီ ဖြစ်သော်လည်း ယနေ့တွင်တော့ ဆိုင်တံခါးသည် ပိတ်ထားဆဲပင်။
ဖုရှင်း သူမအိတ်ထဲမှသော့အား ထုတ်ကာ တံခါးဖွင့်လိုက်ပြီး ဆိုင်ထဲသို့ ဝင်လိုက်တော့သည်။ သူမ ယခင်က ထန်းမီ့အား လက်ထပ်ပြီးသည်နှင့် ဟန်နီးမွန်းထွက်ရန် အကြံပေးခဲ့ဖူးသော်လည်း ထန်းမီကတော့ လုပ်ငန်းစစချင်း ဆိုင်မပိတ်ချင်ဘူး။ ဟန်နီးမွန်းဆိုတာ ဘယ်ချိန်သွားသွားရတယ်ဟု ပြောကာ ငြင်းဆိုခဲ့သည်။
သူမ သဘောထားသည် ပြတ်သားလွန်းတာကြောင့် ဒုတာဝန်ခံလေး ဖုရှင်း နာခံရုံသာ တတ်နိုင်ခဲ့၏။
'ဒါပေမဲ့ အခုကျတော့ အပြောနဲ့အလုပ် တစ်ခြားစီလိုပဲနော်..သူကိတ်ရော လုပ်နိုင်သေးရဲ့လား?'
သူမ သက်ပြင်းချကာ ဖုန်းထုတ်၍ ထန်းမီ့အား ဖုန်းဆက်လိုက်လျှင် ဖုန်းသည် အလိုအလျောက် ကျခါနီးဆဲဆဲမှာပဲ ကိုင်လာခဲ့၏။ ဖုရှင်း သူမ၏မကျေနပ်ချက်များအား ပေါက်ကွဲထုတ်မလို့ ပြင်လိုက်စဥ်မှာပဲ တစ်ဖက်မှ လျှို့ဝှက်သိုသိပ်သည့် လေသံခပ် အေးအေး ထွက်ပေါ်လာလေသည်။
"ဖုရှင်း? ထန်းမီ ဒီနေ့ ဆိုင်ကိုလာနိုင်မှာမဟုတ်ဘူး မင်းတစ်ယောက်တည်း မလုပ်နိုင်ရင် နားလိုက်"
ဖုရှင်း : “…”
သူမ ပဟေဠိဆန်စွာ အပိုင်းအစများအား တွေးတောဆက်စပ်ကြည့်လိုက်ရာ နောက်ဆုံးမှာတော့ လူကြီးမင်းယွီတစ်ယောက် ညက သောင်းကျန်းလွန်သွားတာ ဖြစ်မည်ဟု ကောက်ချက် ချလိုက်တော့၏။
"ဟီးဟီး ဒါဆိုဒီနေ့ပိတ်လိုက်မယ်။ ကျွန်မ ရှင်တို့ကို ဆက်မနှောင့်ယှက်တော့ဘူးနော် ဘိုင့်ဘိုင်!"
ဖုရှင်း လျင်မြန်စွာ ဖုန်းချလိုက်ပြီးနောက် သူမ၏နားရွက်ထိပ်များ အနည်းငယ် ပူလာသည်ကို ခံစားလိုက်ရလေသည်။
'အဲတာကြောင့် ဟန်နီးမွန်းပဲ သွားလို့ပြောတာကို ငါပြောတဲ့စကားကို နားမထောင်ဘူး!!'
သူမ ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် အနည်းငယ် ရေးခြစ်လိုက်ကာ ဆိုင်ရှေ့တွင် ချိတ်ဆွဲလိုက်ပြီးနောက် တံခါးအား ပြန်လော့ချလိုက်၏။ ထို့နောက် ပြုံးပြုံးလေးဖြင့် ဓါတ်ပုံရိုက်ကာ ဝေပိုပေါ်တင်ဖို့ ပြင်လိုက်လေသည်။
[ သူဌေးမ အိပ်ရာကမထနိုင်တဲ့အတွက် အချိုပွဲဆိုင်ကို တစ်ရက် ပိတ်လိုက်ပါတယ်။ ]
လုယွီ ထိုဝေပိုအား မြင်လိုက်ချိန် သူမ၏အသက်မွေးဝမ်းကြောင်း၌ အကြီးမားဆုံး စိန်ခေါ်မှုဖြင့် ရင်ဆိုင်လိုက် ရသလို ခံစားလိုက်ရ၏။
စီအီးအိုယွီတစ်ယောက် အချိုပွဲဆိုင်၏ပိုစ့်တိုင်းအား ယွီလုပ်ငန်းစု၏တရားဝင်ဝေပို၌ ပြန်တင်ရန် အမိန့်ပေးထားသော်လည်း လုပ်ငန်းပိုင်းနှင့်ပြောလျှင် သူမသည် သာမန်ဝန်ထမ်းလေးသာသာ ဖြစ်နေဆဲပင်။ အကယ်၍ ယွီလုပ်ငန်းစုသာ ထိုပိုစ့်အား ပြန်တင်လိုက်လျှင် သူမ နေ့မကူးခင် အလုပ်ပြုတ်သွားနိုင်၏။
'ဒါပေမဲ့...အလုပ်လက်မဲ့ ဖြစ်လည်း အေးဆေးပဲ! ဘောစ့်ယွီကို ပေါ်တင် စလို့ရမယ့် အခွင့်အရေးဆိုတာ တစ်သက်မှာ တစ်ခါပဲရတာ!'
သူမ တုံ့ဆိုင်းခြင်းမရှိဘဲ ပိုစ့်အားကောက်တင်လိုက်တော့သည်။
[ ဘောစ့်ယွီ ဒီလိုလုပ်တာက ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သူဌေးကတော်ကို အရမ်းသနားမိတယ် :'( ]
ထို့နောက် ထိုပိုစ့်သည် ယွီလုပ်ငန်းစုတရားဝင်ဝေပိုမှ တင်ခဲ့သမျှ ပိုစ့်ထဲ၌ ရှယ်နှင့် မှတ်ချက် အများဆုံးပိုစ့်တစ်ခု ဖြစ်လာခဲ့လေ၏။
လူထုဆက်ဆံရေးဌာနမှ မန်နေဂျာရှန်တစ်ယောက် လက်ထဲတွင် ကော်ဖီတစ်ခွက်ကိုင်ကာ ကွန်ပြူတာစခရင်ပေါ်ရှိ ထိုဝေပိုပိုစ့်၏မှတ်ချက်များအား မျက်တောင်မခတ် စိုက်ကြည့်နေမိ၏။
"နင် ပြန်မတင်ခင် ငါခဏတော့ စိတ်လှုပ်ရှားမိသေးတယ်။ ဒါပေမဲ့ ထားပါတော့..."
သူ အဓိပ္ပါယ်ပါပါဖြင့် စကားစဖြတ်လိုက်ကာ လုယွီအား ဘာတစ်ခွန်းမှ ထပ်မပြောဘဲ ပခုံးအား ပုတ်ပေးလိုက်တော့သည်။
လုယွီ : “…”
စီအီးအိုယွီ သူမအား အရှင်လတ်လတ် သဂြိုလ်တော့မည်ကို စိုးရိမ်တာကြောင့် သူမ မန်နေဂျာရှန်နောက်သို့ အပြေးလေး လိုက်သွားကာ-"မန်နေဂျာရှန် အခု ပြန်ဖျက်ရင်မှီလောက်သေးလား?"
မန်နေဂျာရှန်ကတော့ တည်ငြိမ်စွာပင်..။
"တစ်ချို့မီဒီယာတွေက သက်သေအနေနဲ့ စခရင်ရှော့တောင် ရိုက်ထားပြီးလောက်ပြီ"
လုယွီ : “…”
ထန်းမီ ယွီယိ နေ့လည်စာစားရန် နိုးမှသာ ဝေပိုအကောင့်ထဲဝင်ဖို့ အချိန်ရတော့၏။ သို့သော် ဝင်ဝင်ချင်းမှာပဲ မထင်မှတ်ထားစွာ ကော့မန့်များ အစုလိုက်အပြုံလိုက် ပေါက်ကွဲထွက်လာလေသည်။ ထောင်နှင့်ချီသည့် ကောမန့်များသည် အဓိပ္ပါယ်တစ်မျိုးတည်းကိုသာ ရည်ရွယ်နေ၏။ ထိုသည်မှာ – လူကြီးမင်းယွီရဲ့ စကေးလ်ကောင်းလား? ဆိုတာပင်။
ထန်းမီ : “…”
သူမ ဖုရှင်းအား နှစ်ယောက်နှင့် တစ်ပိုင်းသာရှိသော ရှယ်ယာရှင်စာရင်းထဲမှ ထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ရှယ်ယာဝင်ထဲမှ သူဌေး၏ထုတ်ပယ်ခြင်း ခံလိုက်ရသည်ကို မသိသေးသည့် တစ်ယောက်သောသူကတော့ အေးချမ်းစွာ အိပ်မောကျနေဆဲပင်။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဥ်တွင် အိမ်တံခါးခေါက်သံအား ရုတ်တရက် ကြားလိုက်ရလေ၏။
ဖုရှင်း အိပ်ရာထဲတွင် အတော်ကြာအောင် ကြိတ်မှိတ်အိပ်နေသော်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ တံခါး သွားဖွင့်ပေးလိုက်ရသည်။ သူမ ညည်းတွားရင်း တံခါးအားဖွင့်လိုက်လျှင် အပြင်တွင် ထီးထီးကြီးရပ်နေသည့် သူမ၏အကြွေးရှင်ကြီးအား တွေ့လိုက်ရလေ၏။ ဖုရှင်း ချက်ချင်းပင် 'သိနေတယ်'ဟူသည့်အပြုံးဖြင့်..."သခင်လေးလော့ ဒီနေ့ဘာများ မိန့်တော်မူမလို့လဲ?"
လော့ဟောက် သူမအားပြုံးပြကာ ခြေတံရှည်ကြီးများဖြင့် အိမ်ထဲသို့ သဘာဝကျကျပင် လှမ်းဝင်လိုက်၏။ ထို့နောက် ဆိုဖာပေါ်တွင်ထိုင်ချလိုက်ရင်း သူမအား စိမ်ပြေနပြေထိုင်ကြည့်လျက်-"မင်း သတ္တိသိပ်ကောင်းတာပဲနော်"
ဖုရှင်း သူ ဘာကို ဆိုလိုချင်နေသည်ဆိုတာ မသိတာကြောင့် ခေါင်းမော့ရင်ကော့ရင်း..."ကျွန်မက အမြဲတမ်း သတ္တိအပြည့်ပါပဲ သခင်လေး"
လော့ဟောက်၏ နှုတ်ခမ်းထောင့်လေးများ ကွေးညွှတ်သွားတော့၏။
"ဟိုပိုစ့်ကို စီအီးအိုယွီ မြင်ပြီးပြီနော်"
ဖုရှင်း : “…”
'သေစမ်း ဘာကြီးလဲ! သူ အဲတုန်းက ထန်းမီ့ကိုပဲ ရွဲ့ချင်နေတာနဲ့ ထန်းမီက စီအီးအိုယွီရဲ့ မိန်းမဆိုတာ မေ့သွားတာပဲ! ယွီယိ ငါ့ကို သေချာပေါက် ထောင်းတော့မှာပဲ!'
”ယွီ...စီအီးအိုယွီ ဘာပြောသေးလဲ?”
လော့ဟောက် မျက်တောင်မျာ ပုတ်ခတ်ပြကာ-"မင်းပြောတော့ သတ္တိအပြည့်ဆို? ဘာလို့ မျက်နှာကြီးက ဖြူဖျော့သွားတာလဲ?"
ဖုရှင်း : “…”
လော့ဟောက် သူမ၏လက်ရှိအမူအရာအား ကျေနပ်အားရနေကာ နွေဦးလေပြေလေးလို ပြုံးရွှင်နေတော့၏။
"မင်းကို ဒါရိုက်တာအဖွဲ့ကနေ တရားစွဲမယ်လို့ ကြားတယ်"
ဖုရှင်း လန့်ဖြန့်သွားရတော့သည်။
"ဟမ် ကျွန်မတို့ အချိုပွဲဆိုင်မှာ ဘုတ်အဖွဲ့ ရှိတာလား?"
"အင်းလေ။ အဖွဲ့ဝင်တွေက ထန်းမီနဲ့ စီအီးအိုယွီ"
ဖုရှင်း : “…”
'ဘယ်လိုလုပ် လူနှစ်ယောက်တစ်ပိုင်းလောက်ရဲ့ အဆုံးဖြတ်ကို အတည်ပြုရမှာလဲ? ငါပယ်ချတယ်!'
လော့ဟောက် ခေါင်းငုံ့ကာ သဘောတကျ ရယ်မောလိုက်ပြီးနောက် ဆိုဖာပေါ်မှ ထရပ်လိုက်တော့သည်။
"ထန်းမီအရင်က ငါ့ကို မင်းအတွက် တစ်ယောက်ခန်း ရှာပေဖို့ပြောဖူးတယ်။ အဲတာငါရှာတွေ့ပြီ အခု မင်းကို လိုက်ပြဖို့ လာခေါ်တာ"
ဖုရှင်း ထပ်၍ထိပ်လန့်သွားရပြန်၏။
"ထန်းမီက ကျွန်မအတွက် ရှင့်ကို အိမ်ရှာခိုင်းတယ်?"
"အင်း သူအမြဲ မင်းအိမ်လခ မပေးနိုင်မှာ စိုးရိမ်နေတာ"
ဖုရှင်း : “…”
သူမ အရှက်ခွဲခံလိုက်ရသလို ခံစားမိသော်လည်း တစ်မျိုးတစ်မည် ဟက်ထိသွားရတော့သည်။
ဖုရှင်း အမြန်အခန်းထဲသို့ဝင်ကာ အင်္ကျီလဲလိုက်ပြီး အိမ်ကြည့်ရန် လော့ဟောက်နောက်သို့ လိုက်သွားလိုက်လျှင် ကားလေးသည် တန်ဖိုးမြင့် တိုက်ခန်းကြီးတစ်ခုရှေ့သို့ ထိုးရပ်သွားခဲ့၏။
ဖုရှင်း မြင့်မားလှသည့် တိုက်ခန်းကြီးအား မော့ကြည့်ကာ တံတွေးမျိုချလိုက်မိတော့သည်။
"ဒါရှင်ရှာတွေ့ထားတဲ့ နေရာလား?"
"အင်း" လော့ဟောက် ပါကင်ထိုးလိုက်ကာ ကားတံခါးဖွင့်၍..."ဆင်းတော့"
ဖုရှင်း၏နှုတ်ခမ်းများ တုန်လှုပ်သွားကာ သူနှင့်အတူ ကားထဲမှ လိုက်ထွက်လိုက်ပြီး..."ရှင်ရူးနေပြီလား? ဒီက တစ်ယောက်ခန်း မဟုတ်ဘူး...အိမ်သာက ကျွန်မ အခုနေနေတဲ့ အိမ်ထက်တောင် စျေးကြီးသေးတယ်လေ!"
လော့ဟောက် ပြုံးလျက်-"အရင်ကြည့်ကြည့်ပါဦး။ မင်းသဘောကျရင် စျေးကညှိလို့ရတယ်"
ဖုရှင်း မျက်တောင်များ ပုတ်ခတ်ကာ ဓါတ်လှေကားထဲသို့ဝင်သွားသည့် လော့ဟောက်နောက်သို့ အမှီလိုက်ရတော့သည်။
"ရှင် ပိုင်ရှင်နဲ့ သိတယ်ပေါ့?"
"အရမ်းရင်းရင်းနှီးနှီးကိုသိတာ" လော့ဟောက် နှုတ်ခမ်းများအား ကွေးသွားကာ ဓါတ်လှေကား နံပါတ်အား နှိပ်ချလိုက်၏။
ဖုရှင်း ဓါတ်လှေကား ဖြည်းဖြည်းချင်း တက်သွားသည်ကို ကြည့်ရင်း စိတ်လှုပ်ရှားနေသည်။ ပိုင်ရှင်က လော့ဟောက်နှင့်လည်း ရင်းနှီးတာဆိုတော့ သူမအား အထူးစျေးနှုန်းနှင့် ပေးနိုင်လောက်၏။ တတ်နိုင်လောက်ပါ့မလား? သို့သော် သူမဒီတိုက်ခန်း၏ ပတ်ဝန်းကျင်အား အတော်လေး သဘောကျတယ်လို့ ပြောရမည်၊ ဒီက လုံခြုံရေး အစီအမံများကလည်း အလွန်ကောင်းမွန်ပြီး ကင်မရာများလည်း တပ်ဆင်ထားတာကြောင့် မိန်းကလေးတစ်ယောက်အတွက် နေရထိုင်ရတာ ပိုပြီးလုံခြုံမှုရှိစေ၏။
ဓါတ်လှေကားသည် ၂၇လွှာမြောက်တွင် ရပ်တန့်သွားကာ ဖုရှင်းသူ့နောက်မှ လိုက်ထွက်လိုက်သည်။ လော့ဟောက် တံခါးလျှို့ဝှက်ကုဒ်အား ရိုက်ထည့်လိုက်လျှင် 'ပီ'ဆိုသည့်အသံနှင့်အတူ တံခါး ပွင့်သွားခဲ့၏။
"ဝင်လာခဲ့" လော့ဟောက် သူမအား ဖိတ်ခေါ်ဟန် လက်ယပ်ပြလိုက်တာကြောင့် ဖုရှင်း တစ်ချက်ဝှေ့ကြည့်ကာ ဂရုတစိုက်ဖြင့် လျှောက်ဝင်လိုက်လေသည်။
ထိုအိမ်သည် အမြဲတမ်း လူနေထားသည်မှာ သိသာလွန်းလှပြီး လှုပ်ရှားမှု အငွေ့အသက် များသည်လည်း အတော်လေး ပြင်းထန်လွန်းလှသည်။ မူလအိမ်ရှင် ဘယ်သူလဲတော့ သူမ မသိသော်လည်း အလှဆင်မှုသည် အတော်လေးစတိုင်ကျနေပြီး အိမ်ပိုင်ရှင်နှင့် ရင်းနှီးနေလျှင်တောင် ဒီလို သပ်ရပ်လှပသည့် အလှဆင်ခြင်းနှင့် အိမ်သုံးပစ္စည်းအမျိုးမျိုးရှိသည့် အဆင့်မြင့် တိုက်ခန်းမျိုးသည် စျေးသက်သာမည်တော့ မဟုတ်ပေ။
ဖုရှင်း အနည်းငယ် စိတ်ဓါတ်ကျသွားကာ ဧည့်ခန်းမကြီးအား လှည့်ပတ်ကြည့်ရင်း ဘေးရှိ လော့ဟောက်ကို မေးခွန်းထုတ်လိုက်တော့သည်။
"ဒီအိမ်မှာ လူနေနေတုန်းလား?"
"အင်း မင်းအခန်းက ဟိုဘက်ခြမ်းမှာ"
လော့ဟောက် သူမအား လက်ညိုးထိုးပြလိုက်လျှင် ဖုရှင်း တစ်ချက်လှမ်းကြည့်လိုက်ကာ အကဲခတ်ရန် လျှောက်သွားလိုက်လေ၏။
ဘေးဘက်အိပ်ခန်တွင် ပရိဘောဂများ အပြည့်အစုံရှိနေပြီး လေအေးပေးစက်တောင် ပါရှိသေး၏။ အခန်းအတွင်း အလင်းရောင်သည်လည်း ကောင်းမွန်ကာ သူမသစ်သားဗီရိုအား ဖွင့်ကြည့်လိုက်သော်လည်း ဗလာဖြစ်နေလေသည်။
"အမ် တစ်ခြားအခန်းဖော်က ဘာလဲ? ကျွန်မဘယ်က မှန်းမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ အတူမနေချင်ဘူး"
လော့ဟောက် တခစ်ခစ်ရယ်လိုက်ရင်း..."မင်း ဒီနေရာကို သဘောကျလား?"
ဖုရှင်း : "အိမ်လေးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မသေချာပေါက် မတတ်နိုင်လောက်ဘူး" သူမ အိပ်ခန်းထဲမှထွက်လာကာ ဧည့်ခန်းထဲတွင် ပြန်၍ လှည့်ပတ်ကြည့်နေလိုက်၏။
"ဟေး ရှင့်ပုံတွေက ဘာလို့ ဒီမှာရှိနေတာလဲ?"
ထို့နောက် သူမ သေသေသပ်သပ် အလှဆင်ထားသည့် ဗီရိုအပုလေးပေါ်မှ ဓါတ်ပုံတစ်ခုအား ကောက်ကိုင်ကာ လော့ဟောက်ကို လှည့်မေးလိုက်လျှင်..။
လော့ဟောက် နှုတ်ခမ်းများကွေးကာ ပြုံးပြလာတော့၏။
"ဘာလို့ဆို ကိုယ့်အိမ်မို့လို့လေ"
ဖုရှင်း : “…”
'သေလိုက်ပါလား။ ဒီလူတကယ် ရူးနေတာပဲ!'
ဖုရှင်း ဒေါသတကြီး အပြင်သို့ ပြေးထွက်လိုက်လျှင် လော့ဟောက် သူမ နောက်မှ နီးကပ်စွာ လိုက်လာခဲ့၏။ ထို့နောက် ပိတ်ခါနီးဆဲဆဲ ဓါတ်လှေကားတံခါးအား လက်လှမ်းခံလိုက်ကာ အထဲသို့ တိုးဝင်လိုက်တော့သည်။
ဖုရှင်း မျက်မှောင်ကြုတ်ကာ သူ့အား လက်ညိုးငေါက်ငေါက်ထိုးရင်း..."ဒီမှာ ကျွန်မရှင်းရှင်းပြောမယ်။ ကျွန်မရှင့်ဆီမှာ အကြွေးတင်တယ်ဆိုရုံနဲ့ ကျွန်မဘဝကို ရလိမ့်မယ်မထင်နဲ့! ကျွန်မက အရမ်းလေးနက်တဲ့ မိန်းမတစ်ယောက်ပဲ!"
လော့ဟောက် ပြုံးလိုက်မိတော့၏။
"မင်း အတွေးတွေ လွန်နေတာပဲ? ကိုယ်ကမ င်းကို အခန်းပဲငှားတာလေ။ မင်းငှားခ ပေးရမှာ"
"ဟမ် ရှင်ကျွန်မကို အကြံဆိုးနဲ့ ရှင့်အိမ်ကအခန်းကို ငှားဖို့ ခေါ်လာတာပေါ့?!"
လော့ဟောက် : "ကိုယ်အွန်လိုင်းကနေ အငှားအိမ်တွေ အများကြီးရှာပြီးသွားပြီ။ ဒါပေမဲ့ ကိုယ်သိပ်စိတ်တိုင်းမကျခဲ့ဘူး။ အဲတာကြောင့် ကိုယ့်အိမ်မှာလည်း အခန်းလွတ်တစ်ခန်းရှိတာနဲ့ မင်းလည်း ငှားလို့ရမယ်။ ကိုယ်ကလည်းမင်းအတွက် သူစိမ်းမဟုတ်ဘူးလို့ စဥ်းစားမိလို့ပါ.."
အကျိုးအကြောင်းတော့ ဆီလျော်မှုရှိပါတယ် ဒါပေမဲ့..."ရှင်က ယောကျာ်းကြီးလေ!"
လော့ဟောက် ရိုးသားဟန်ဖြင့်..."ယောကျာ်းတွေက ဘယ်ဖြစ်လို့လဲ? ကိုယ်လည်း မင်းကို မိန်းမကြီးဆိုပြီး မပြောဘူးလေ"
ဖုရှင်း : “…”
'ဘယ်လိုတောင် အရှက်မရှိတာလဲ!'
သူမ အောက်ထပ်သို့ ရောက်သောအခါ ဖုရှင်း ပတ်ဝန်းကျင်အနေအထားအား တစ်ချက် အကဲခတ်လိုက်၏။ ကွန်ဒိုနေရာသည် ပတ်ပတ်လည်သည် စိမ်းလန်းစိုပြေနေပြီး သွားရေးလာရေး အဆင်ပြေကာ အချိုပွဲဆိုင်နှင့်လည်း အလွန်နီးသည့် မြို့ထဲတွင်ဖြစ်ပေသည်။ သူမ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် လော့ဟောက်အား မျက်လုံးများ မှေးကြည့်ကာ-"အခန်းကို တစ်လ ဘယ်လောက်ယူဖို့ စီစဥ်ထားလဲ?"
လော့ဟောက် : "ရေဖိုး လျှပ်စစ်ဖိုးအပါ တစ်လ ငါးရာ ဘယ်လိုလဲ?"
'...ဒီလိုလူက ဘယ်လိုလုပ်ပြီး လူကြီးမင်းယွီရဲ့ လက်ထောက် ဖြစ်နေတာလဲ? စီးပွားရေးလုပ်တဲ့နေရာမှာ အရည်အချင်း တစ်စက်မှ မရှိပါလား?'
သို့သော် စျေးနှုန်းသည် တကယ်ကို မက်လောက်စရာပင်။ ဖုရှင်း အတော်ကြာအောင် ဆုံးဖြတ်ရခက်နေပြီးနောက် လော့ဟောက်အား စိုက်ကြည့်ကာ သတိပေးလိုက်လေ၏။
"ကျွန်မအပေါ် မကောင်းတဲ့အတွေးတွေ မရှိဘူးဆိုတာ ကတိပေးနိုင်လား?"
"ကတိကွာ ကတိ" သို့သော် သူမ ပြောင်းလာပြီးရင်တော့ ထို မလိုလားအပ်သည့်အတွေးများ ရှိလားမလားဆိုတာ သူအာမမခံနိုင်ပေ။
ဖုရှင်း သူ၏အန္တရာယ်ကင်းဖွယ် မျက်နှာငယ်လေးအား အကြာကြီး ဆန်းစစ်နေပြီးနောက် လက်ခံလိုက်တော့သည်။
"ကောင်းပြီလေ တစ်လလောက်တော့ စမ်းနေကြည့်ရတာပေါ့။ အဲ တစ်လအတွင်း ရှင် ကျွန်မအပေါ် မကောင်းတာ တစ်ခုခုလုပ်ခဲ့ရင် ချက်ချင်းပြောင်းပစ်မယ်! နောက်ပြီး အိမ်လခလည်း မပေးဘူး!"
လော့ဟောက် ဝမ်းသာပီတီ ဂွမ်းဆီထိသွားကာ ခေါင်းညိတ်ပြလိုက်လေ၏။ “အိုခေ!”
'တစ်လအတွင်း ဘာတွေဖြစ်သွားနိုင်လဲဆိုတာ ဘယ်သူသိမှာလဲ?🙂'
_____________________________________________
The End