← Chapters

Chapter 10

Vol. 1 Ch. 10

Chapter 10

Vol. 1 Ch. 10

သခင်မကြီး၏နောက်တွင် အစေခံမိန်းကလေး ခြောက်ယောက် ရှိလေသည်။ နှစ်ယောက်သည် သခင်မကြီး၏ ဆံပင်များအား ရေခြောက်အောင် သုတ်ပေးနေပြီး နှစ်ယောက်သည် သခင်မကြီး၏ ကိုယ်ပေါ်သို့ ခြုံစောင် မြန်မြန်ခြုံပေးနေပြီး ကျန်နှစ်ယောက်သည် သခင်မကြီး၏ လက်မောင်းများအား နှိပ်နယ်ပေးရန် ကျောက်စရစ်ခဲလေးများအား အပူပေး၍ အဝတ်ဖြင့် ထုပ်ပိုးနေလေသည်။ ထိုသို့မှသာလျှင် သခင်မကြီး၏ ဖြူပြီး ခရမ်းရောင်သန်းနေသော မျက်နှာသည် တဖြည်းဖြည်း ပြန်ကောင်းလာလေသည်။

သူ(မ)သည် အသက်အား ပြင်းပြင်းရှူ လိုက်ပြီး လုဟွမ်အား ကြည့်လိုက်လေသည်။ "မင်း ငါ့ကို ကယ်ခဲ့တာဘဲ။ မင်း လိုချင်တာရှိလား"

သခင်မကြီး ထိုသို့မေးလိုက်သောအခါ နင်းသခင်မသည် မျက်နှာပျက်သွားလေသည်။

ယနေ့တွင် ဇီးသီးပန်းများ ပွင့်နေပြီဖြစ်၍ သခင်မကြီး၏ မျက်နှာသာ ပေးခံရလိုသောကြောင့် ကြည့်ရှူရန် ဖိတ်ကြားခဲ့လေသည်။ ဒါပေမဲ့ ယခုလိုကိစ္စမျိုး ဖြစ်သွားလိမ့်မည်ဟု မည်သူထင်မလဲ! ဝမ်ရှို့သည် သခင်မကြီး၏ ငြိုငြင်ခြင်းခံရသည်က အဆင်ပြေသေးသည်။ သို့သော် လုဟွမ်က သူမကို အားကိုးယူပြီး သခင်မကြီး၏ အလေးပေးမှုကို ရသွားလေသည်။

မင်းသားနင်းဖူမိသားစုတွင် သခင်မကြီးသည် အရေးပါဆုံးလူ ဖြစ်သည်။ မင်းသားနင်းတောင်မှ စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသော သူ၏အမေအား ကြောက်ရလေသည်။ လုဟွမ်သည် သခင်မကြီး၏ အလေးပေးမှုကို ရသွားပါက သူသည် အနာဂတ်တွင် ပျော်ရွှင်စွာနေထိုင်နိုင်မလား။

သူ ဘာလိုချင်တာလဲ။ သူက ကိုယ်လုပ်တော်ရဲ့သားဘဲ။ သူ ဘာလုပ်ချင်တာလဲ။ သူက တရားဝင်သားနှစ်ယောက်နဲ့ တန်းတူဖြစ်ချင်နေတာဘဲ!

နင်းသခင်မသည် ရင်ထဲတွင် အလွန်စိတ်ဆိုးနေသော်လည်း သူ(မ) မပြောရဲပေ။ သခင်မကြီး၏ဘေးတွင် ရပ်နေပြီး လုဟွမ်အား နူးညံ့စွာ ပြောလေသည်။

"သခင်မကြီးက မင်းကို ဆုချီးမြင့်ချင်တာ၊ မင်းရဲရဲ ပြောလို့ရတယ်"

သခင်မကြီးတွင် သူ(မ)ပိုင်ဆိုင်မှုများ ရှိသေးသည်။ သူ(မ)သည် မကြာခဏ မိန်အန်း ရုံးတော်မှ ထွက်သွားလေ့ မရှိသော်လည်း လူများအား အကဲခတ်ရာတွင် တော်ပေသည်။

မင်းသားနင်းဖူ၏ သားသုံးယောက်တွင် လုယီအန်းသည် ပိုပြီးတည်ငြိမ်၍ ရင့်ကျက်သည်။ သို့သော်လည်း သူသည် သာမန်မျှသာဖြစ်ပြီး အရမ်းကြီး ထူးချွန်မနေချေ! လုဝမ်ရှို့ကိုမူ ပြောစရာပင်မလို။ ယနေ့ ဖြစ်ပျက်သည့် အဖြစ်အပျက်အား ကြည့်၍ သူသည် လုံးဝအသုံးမကျသည်မှာ သိသာပေသည်!

မင်းသားနင်းဖူ၏ အိမ်တော်တွင် ကိုယ်လုပ်တော်ဖွား သားတစ်ယောက် သာလျှင် ကျန်နှစ်ယောက်ထက် သာလွန်၍ ထူးချွန်သည့် အရည်အချင်းရှိလေသည်။

ထို့အပြင် ယနေ့ သူသည် သူ(မ)အားကယ်တင်ရန် အရိုးစိမ့်အောင် အေးသော ရေအေးထဲသို့ ခုန်ချခဲ့သည်။ သူ့အား သူ(မ)အနေဖြင့် ဆုချီးမြှင့်သင့်ပေသည်။

သို့သော်လည်း သခင်မကြီးသည် တရားဝင်သားများနှင့် ကိုယ်လုပ်တော်သားတို့ ကွာခြားသည်ကို ရှင်းလင်းစွာ သိရှိလေသည်။ လုဟွမ်၏ တောင်းဆိုမှုသည် ငွေသာဆိုပါက အဆင်ပြေပေသည်။ သို့သော် သူသည် တရားဝင်သားနှစ်ယောက်နဲ့ တန်းတူဖြစ်ချင်နေသည်ဆိုပါက လောဘကြီးလွန်း သွားပေမည်။

သူ(မ) ထိုအရာအား တွေးနေတုန်းမှာပင် လုဟွမ်ပြောသည်ကို ရှင်းလင်းစွာကြားလိုက်ရလေသည်။

"လုဟွမ်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်ဘဲ နေချင်တာပါ။ နောက်ကြရင် ကျွန်တော်နေတဲ့နေရာကို ဘယ်သူမှ စိတ်ရှိတိုင်း ဝင်မလာဖို့ မျှော်လင့်ပါတယ်။ သခင်မကြီး အနေနဲ့လည်း လက်ခံဖို့ မျှော်လင့်ပါတယ်" နင်းသခင်မနှင့် သခင်မကြီးတို့သည် အလွန်အံ့အားသင့်သွား၏။

သခင်မကြီးသည် မှင်သက်သွားလေသည်။ "အဲဒါပဲလား"

လူငယ်လေး၏အသံသည် အေးစက်ပြီး ခံစားချက်မဲ့နေလေသည်။ "အဲဒါပါပဲ"

မြေပြင်ပေါ်တွင်ဒူးထောက်နေသော လုဝမ်ရှို့သည် ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။ လုဟွမ်က ဘာကို ဆိုလိုချင်တာလဲ။ သူက ဆူညံတာထက် တိတ်ဆိတ်တာကို လိုချင်တယ်။ လွန်ခဲ့သောရက်က သူ့ကို ချောက်ချဖို့ လူအုပ်ကြီး ခေါ်လာခဲ့တာကို စောင်းပြောနေတာလား။ အဲဒါက သခင်မကြီးရဲ့ရှေ့မှာ ဖြေရှင်းဖို့အတွက် အခွင့်အရေးယူတာ များလား!

သခင်မကြီးအနေဖြင့် လုဟွမ်၏တောင်းဆိုမှုသည် ဤမျှ ရိုးရှင်းလိမ့်မည်ဟု မထင်ခဲ့ပေ။ သူက တိတ်တိတ်ဆိတ်ဆိတ်နေရရုံပဲ လိုချင်တာလား။

ထို့နောက် သူသတိရလိုက်သည်မှာ လုဟွမ် နေထိုင်ရာနေရာသည် အစေခံများ နေထိုင်သည့်နေရာနှင့် အမှန်တကယ်ပင် ရောနှောနေလေသည်။ လူအမျိုးမျိုး ရောနှောနေသည်ဖြစ်၍ သေချာပေါက် ဆူညံနေမည်မှာ ပြောစရာပင်မလိုပေ။

သူသည် ကိုယ်လုပ်တော်၏ သားဖြစ်သော်လည်း သူ့အား ယခုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသည်မှာ လွန်လွန်းသည်။ ထိုကိစ္စများသည် အိမ်တော်ထိန်းများသာ ကိုင်တွယ်သည်ဖြစ်၍ အိမ်တော်ထိန်း၏ နောက်ကွယ်တွင် မည်သူရှိမှန်း သိသာလှသည်။

ယခင်က သခင်မကြီးသည် ယခုလိုအသေးအဖွဲ့ ကိစ္စများအား ဂရုမစိုက်ပေ။ မင်းသားနင်း ကဲ့သို့ပင် သူ(မ)သည်လည်း အမြဲတမ်း မျက်စိပိတ်ထားခဲ့သည်။ ယခုတွင် သူ(မ)၏ တရားမဝင် မြေးသည် ဤအိမ်တော်တွင် ခက်ခက်ခဲခဲ ရှင်သန်ရသည်ကို ရုတ်တရက် သတိပြုမိလေသည်။

ဘယ်လိုလုပ် မခက်ခဲဘဲနေမလဲ။ သူ(မ)သည် ဒီနေ့မှ မိန်အမ်းယွမ် အပြင်သို့ထွက်သော်လည်း သူ(မ)ကြားနေရသည်မှာ လုဝမ်ရှို့သည် လွန်ခဲ့သော ရက်အနည်းငယ်က လုဟွမ်၏နေရာသို့ သွား၍ ပြဿနာရှာခဲ့သည်။ သို့ရာတွင် သူသာ လူရယ်စရာ ဖြစ်သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ လုဟွမ်သည် သူ့အစ်ကိုမှ သူ့အား ရှိသမျှ နည်းလမ်းပေါင်းစုံသုံးပြီး အပြစ်ရှာနေသည်အား ပင်ပန်းလာသောကြောင့် ယခုလို တောင်းဆိုခြင်းပင် ဖြစ်ပေမည်။

သခင်မကြီး၏ စိတ်ခံစားချက်သည် ခဏရှုပ်ထွေးသွားလေသည်။

သူ(မ)သည် ကိုယ်လုပ်တော်၏သားအား သူလိုချင်သမျှ လုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း သူသည် ယခုလိုမျိုး အသေးအဖွဲ့ကိစ္စကိုသာ တောင်းဆိုခဲ့လေသည်။ လောဘ တကယ် မရှိတာလား။

သခင်မကြီးသည် ခဏလောက် တွေးလိုက်လေသည်။ ထို့နောက် သူ(မ)ဘေးမှ အထိန်းတော်အား အမိန့်ပေးလိုက်လေသည်။ " ငါ လုဟွမ်ကို အိမ်ဝင်းတစ်ခု ဆုချီးမြင့်ကြောင်း အိမ်တော်ထိန်းကို သွားပြော။ အနားမှာနေတဲ့ အစေခံတွေကို ရွှေ့ခိုင်းလိုက်။ အနာဂတ်မှာ ဘယ်သူမှ သူနေတဲ့နေရာကို ချဥ်းကပ်ခွင့်မရှိဘူး! အမိန့်ကို မနာခံရင် အပြစ်ပေးခံရမယ်။ ပြီးတော့ ဟွမ်အာကို လတိုင်း ငွေစ သုံးတုံး ချီးမြှင့်ချေ"

နင်းသခင်မနှင့် လုဝမ်ရှို့၏ အမူအရာသည် ဆိုးရွားသွားတော့သည်။

စတုတ္ထသခင်မ ပင်လျှင် ကိုယ်ပိုင်ခြံဝင်းမရှိပေ။ အစေခံမိန်းကလေး အနည်းငယ်နဲ့သာ နေရလေသည်။ အခုမူ လုဟွမ်တွင် ကိုယ်ပိုင်ခြံဝင်း ပိုင်ဆိုင်လေပြီ။

ထို့အပြင် သူသည် လတိုင်း ငွေစ သုံးတုံး လဲရဦးမည်။ အဲဒီပမာဏသည် မများလှသော်လည်း အနည်းဆုံးတော့ အစေခံအနည်းငယ်အား လာဘ်ထိုးရန် လုံလောက်လေသည်။ အမြဲတမ်း ကြမ်းတမ်းစွာ ဆက်ဆံခံရသော အရင်အခြေအနေနှင့်ယှဥ်လျှင် ယခုသည် ပိုကောင်းလာလေပြီ။

မြေကြီးပေါ်တွင် ဒူးထောက်နေသော အစေခံများသည် သူတို့၏ခေါင်းအား ပို၍ငုံလိုက်ပြီး စိတ်ထဲတွင်မူ အစီအစဥ်များ ဆွဲနေကြသည်။

အရင်က သူတို့သည် လုဟွမ်အား အထင်သေးစွာ ဆက်ဆံခဲ့ကြသည်မှာ မင်းသားနင်းဖူ၏ အိမ်တော်တွင် လုဟွမ်၏ သေခြင်း၊ ရှင်ခြင်းကို မည်သူမျှ ဂရုမစိုက်ခဲ့ပေ။ ယခုတွင်မူ လုဟွမ်သည် သခင်မကြီးအား ကယ်တင်ခဲ့သည်။ နောက်တွင် သူတို့သည် လုဟွမ်အား လက်လွတ်စပယ် မဆက်ဆံရဲတော့ပေ။

ကောင်းကင်ကြီးသည် အနည်းငယ်ပြောင်းလဲသွားလေသည်။

"မင်းအတွက်တော့" သခင်မကြီးသည် လုဝမ်ရှို့အား ရွံရှာသော မျက်နှာထားဖြင့် လှည့်၍ ကြည့်လိုက်လေသည်။ "ဘာဖြစ်လို့ အခန်းပြန်ပြီး တစ်လလောက် ကိုယ့်အမှားကို မသုံးသပ်နေတာလဲ။ ဘာလို့ မျက်စိ စပါးမွှေးစူးစရာ ဖြစ်အောင် ဒီမှာ ဒူးထောက်နေသေးတာလဲ"

လုဝမ်ရှို့သည် စိတ်ဆိုးပြီး မကျေမနပ်ဖြစ်နေလေသည်။ သူသည် ဆက်လက်၍ ငြင်းခုန်ချင်သေးသည်။ "အဖွား၊ လုဟွမ်ကို ဘာလို့ အိမ်ဝင်း ပေးရတာလဲ။ ကျွန်တော်တောင်..."

သူစကားမဆုံးခင်ပင် သခင်မကြီးသည် အလွန်စိတ်ဆိုးသဖြင့် သူ့အား ကန်လိုက်လေသည်။ 'ငကြောက်၊ ဘာနေရာမှ မတော်ဘူး။ သူ ဘာလုပ်ခဲ့လဲ ဆိုတာ အရင် မကြည့်ဘူးလား။ ကိုယ့်အတွက် ဘာကောင်းတယ်ဆိုတာ မသိဘဲ လုဟွမ်နဲ့ လာတွက်ကပ်နေသေးတယ်'

"လုဟွမ်ကြောင့်သာ မဟုတ်ရင် မင်းလို အသုံးမဝင်တဲ့ကောင်က ဆွဲချလို့ ဒီနေ့ချောင်းထဲမှာ ငါ သေနေလောက်ပြီ။ ဘာလို့ အခုထိ တိုင်တန်းနေသေးတာလဲ။ မင်းကို ဘိုးဘေးခန်းမမှာ ဒူးထောက် အပြစ်မပေးတာကိုဘဲ ကျေးဇူးတင်သင့်နေပြီ!"

နင်းသခင်မ ကြောက်နေသည်မှာ သူ(မ)၏သားငတုံးသည် သခင်မကြီး စိတ်ဆိုးအောင် တစ်ခုခု ပြောလိုက် မှာကိုပင်။

သူ့ကို မြန်မြန် တားလိုက်ပြီး အစေခံမိန်းကလေး နှစ်ယောက်အား ပြောလိုက်လေသည်။ "ဒုတိယသခင်လေးကို ခေါ်သွားပြီး သူ့အမှားသူ ပြန်သုံးသပ်ခိုင်းလိုက်!"

လုဝမ်ရှို့ကို အစေခံနှစ်ယောက်မှ ခေါ်မသွားခင် သူသည် အံကြိတ်ပြီး လုဟွမ်အား စိုက်ကြည့် လိုက်လေသည်။

လုဟွမ်သည်လည်း ခေါင်းမော့ပြီး အေးစက်သော မျက်လုံးဖြင့် သူ့အား ပြန်ကြည့်လေသည်။

သခင်မကြီးသည် ဘာမှမပြောဘဲ နွေးထွေးအောင် မြန်မြန် ပြန်သွားလေသည်။ နင်းသခင်မနှင့် လူတစ်စုသည် သူ(မ)အား လိုက်ပါ ပို့ဆောင်ပေးကြသည်။ ကော်ရစ်ဒါမှ လူများသည် နောက်ဆုံးတွင် လူစုကွဲ သွားလေသည်။

လုဟွမ်၏ဆံပင်များသည် ရေစိုနေဆဲပင် ဖြစ်သည်။

သူ လှည့်လိုက်တော့ ကိုယ်လုပ်တော်သမီးအား စတုတ္တသခင်မဆီ ခေါ်သွားကြလေပြီ။

စုရှီဘက်တွင် စနစ်သည် မက်ဆေ့ချ်တစ်စောင် ပို့လိုက်လေသည်။

["ဂုဏ်ယူပါတယ်။ အဓိကမစ်ရှင် (မင်းသားနင်းဖူအိမ်တော်သခင်မကြီး၏ အသိအမှတ်ပြုခံရမှု) တစ်ဝက် ပြီးဆုံးသွားခဲ့ပါပြီ။ ဇာတ်ကောင်သည် မြေတစ်ပိုင်း၊ ရွှေဒင်္ဂါး ၂၅ ပြားနှင့် ၃မှတ် ရရှိပါသည်"]

မစ်ရှင် ပြီးဆုံးသွားသည်ကို ကြည့်၍ စုရှီသည် စိတ်သက်သာရာရသွားလေသည်။

စုရှီသည် အဘယ်ကြောင့် အဓိက မစ်ရှင်တစ်ဝက်သာပြီးသည်ကို မသိသော်လည်း သခင်မကြီးနှင့် ဆက်စပ်နေသည့် တခြားနေရာရှိဦးမည်ဟု သူ(မ)တွေးလိုက်လေသည်။

စနစ်ကပြောသည်။ "သင့်မှာ ၁၁ မှတ်ရှိသွားပြီ။ တစ်ခြားနေရာကို သော့ဖွင့်လို့ရပါပြီ။ ဘယ်နေရာကို သော့ဖွင့်ချင်ပါသလဲ"

စုရှီသည် တုံဆိုင်းမနေပါ။ သေချာပေါက် သူ(မ)သည် သခင်မကြီး လုဟွမ်အား ဆုချခဲ့သည့်မြေအား သော့ဖွင့်ချင်လေသည်။

ဒီမစ်ရှင်သည် အနည်းငယ် အပြောင်းအလဲများပြီး ခက်ခဲခဲ့သော်လည်း နောက်ဆုံးတွင် ကျိုက်ကျိုက်သည် ကိုယ်ပိုင်အိမ် ရလာလေပြီ။ သူသည် နောက်ဆုံးတွင် သစ်သားအိမ်ငယ်လေးထဲမှ ကျိုက်ကျိုက် မဟုတ်တော့ပါ။

စုရှီသည် သူ့ဂိမ်းဇာတ်ကောင်လေးအတွက် စိတ်လှုပ်ရှားနေသည်။ သူတွင် အိမ်နှင့်မြေ ရှိသည်။ တားမြစ်မြို့တော်(The Forbidden City) ကို အနိုင်ယူဖို့ကတော့ ဝေးကွာနေဆဲဖြစ်သည်။

သူနာပြုသည် အပြင်မှ တံခါးခေါက်လေသည်။ စုရှီသည် မျက်နှာအားပုဝါဖြင့်သုတ်၍ ဆေးရုံစားသောက်ခန်းမှ သူနာပြုယူခဲ့သည့် မနက်စာအားယူရန် တံခါးသို့သွားလိုက်လေသည်။ သူ(မ)သည် ပြုံးပြလိုက်ပြီး သူနာပြုအား ကျေးဇူးတင်လိုက်လေသည်။

သူနာပြုသည် အံ့သြသွားလေသည်။ "အိပ်ရာနံပါတ် ၂၆၊ ဘာလို့ စောစောစီးစီး အရမ်းပျော်နေတာလဲ"

စုရှီသည် ပြုံးပြပြီး အိပ်ယာဘေးသို့ မနက်စာယူ၍ ပြန်လှည့်လာလေသည်။

သူ(မ)သည် ထမင်းအား ပါးစပ်အပြည့် စားလိုက်ပြီး ဂိမ်းစခရင်အား ကြည့်လိုက်လေသည်။ သူ(မ)သည် အရင်ဆုံးမြေပုံအား ဖွင့်လိုက်ပြီး သခင်မကြီး ဆုချသည့် မြေနေရာအား ကြည့်လိုက်လေသည်။

အိမ်တစ်လုံးဖြစ်သော်လည်း အဲဒါသည် နင်းသခင်မနှင့် လုယီအန်းနေထိုင်သည့် ယာမိန်ရွှမ်း နှင့် ယာရှင်အန်းလောက် မခမ်းနားပေ။ အဲဒီနေရာသည် စင်္ကြံလမ်းများပါရှိပြီး နေရာတိုင်းတွင် စိမ်းလန်းစိုပြေသော ပန်းနှင့်သစ်ပင်များရှိသည်။

သူ့ကျိုက်ကျိုက်ရဲ့ နေရာကတော့ ဘာမှမပါသည့် အခွံသက်သက်သာဖြစ်သည်။

သို့သော်...

အရမ်းကြီးလွန်းသည်!

စုရှီသည် အလွန်စိတ်လှုပ်ရှားသွားလေသည်။ အရမ်းကျယ်တဲ့နေရာပဲ!

ဒီနေရာတွင် ကြီးမားလှသည့်ထင်းတဲ အနည်းငယ်မျှသာရှိသည်။ ထိုအရာများထက် ယခုအချိန်တွင် နှင်းများဖုံးနေသည့် ဝါးတောလည်းရှိသည်။

သို့သော်လည်း စုရှီသည် ပျော်ရွှင်နေဆဲပင်ဖြစ်သည်။ မြေနေရာသည် အလွန်ကျယ်ဝန်းလှပေသည်။ နေရာသည် ရိုးရှင်းသော်လည်း အစေခံများနှင့် သူ့ကိုနှောင့်ယှက်မည့် လုဝမ်ရှို့ မရှိလျှင် သူ့ ကျိုက်ကျိုက် မြေယာစိုက်ပျိုးရေး၊ ကြက်၊ ဘဲ၊ ငါးမွေးမြူရေးနှင့် မုန်လာထုပ်နှင့် အာလူး စိုက်ပျိုးရေးတို့တွင် ကူညီပေးနိုင်သည်။ ထိုအခါ ကျိုက်ကျိုက်လည်း ကောင်းမွန်စွာ ရှင်သန်နိုင်မည်။

အနည်းဆုံးတော့ သူသည် စားဝတ်နေရေး မပူရတော့ပေ။

အရာရာတိုင်းတွက် မျှော်လင့်ချက်ဆိုတာ ရှိတာပဲမလား။ ဟုတ်တယ်မလား။

သိသာစွာပင် ဂိမ်းဇာတ်ကောင်သည်လည်း ထိုနည်းတူပင် တွေးလေသည်။ သူသည် စိုရွှဲနေသော်လည်း သူ့မျက်လုံးများသည် တောက်ပနေပြီး ခြေလှမ်းများသည် ပေါ့ပါးနေလေသည်။

သစ်သားအိမ် တစ်ဝိုက်တွင် နေသောအစေခံများသည် အိမ်တော်ထိန်း၏ မောင်းထုတ်ခြင်းကို ခံရလေသည်။ မထွက်သွားခင်မှာပင် သူတို့သည် တတိယသခင်လေးကို အပြစ်ပြုမိ၍ အပြစ်ပေးခံရခြင်း ဖြစ်ကြောင်း အချင်းချင်း တီးတိုးပြောနေကြလေသည်။

ကောက်ကျစ်သော အစေခံအချို့ပင်လျှင် သူတို့သွား၍ တောင်းပန်သင့်၊ မတောင်းပန်သင့် ဆွေးနွေးနေကြလေသည်။ မဟုတ်ပါက သူတို့ဆီ ပြန်ခံရလိမ့်မည်ဖြစ်သည်။ အကယ်၍ ဒီကိုယ်လုပ်တော်သားသည် သခင်မကြီး၏ နှစ်သက်မှုကိုခံရပါက သူ့ကို ပစ်မှတ်ထားခဲ့ကြသော သူတို့သည် အသက်ရှင်ရန်လမ်းပင်မရှိတော့ပေ။

သို့ရာတွင် လုဟွမ်သည် အားလုံးကို လျစ်လျူရှုထားသည်။

သူသည် သစ်သားအိမ်သို့ သွား၍ ရေနွေးတည်လေသည်။ သူ၏ခန္ဓာကိုယ်သည် အရိုးထိပင် အေးစိမ့် နေလေသည်။ သူ့ခန္ဓာကိုယ်အား နွေးအောင် မလုပ်ပါက အအေးမိမှာကို သူ ကြောက်နေသည်။

သူသည် ရေပုံးအား ကိုင်လိုက်သောအခါ ချောင်းမှ အဖြစ်အပျက်တို့သည် ပြန်ပေါ်လာလေသည်။ သူမျက်မှောင်ကြုပ်လိုက်လေသည်။ ထိုအချိန်က အလွန်ကို ဗြောင်းဆန်နေ၍ အစေခံမှ လုဝမ်ရှို့အား ချောင်းထဲသို့ သခင်မကြီးနှင့် အတူပြုတ်ကျရန် မည်သို့ လုပ်လိုက်သည်ကို မတွေ့လိုက်ပေ။

လုဝမ်ရှို့က သူ့ကိုယ်သူသာ အထိခိုက်ခံ လိုက်ပြီး ယခုရက်ပိုင်းတွင် ကံမကောင်းမှုများနှင့်သာ ကြုံရလေသည်။

ဒီတစ်ခါသည် အရင်တစ်ခေါက် အစားအသောက် တုန်းကလိုပင် တစ်ယောက်ယောက်မှ သူ့ကို ကူညီနေသလား။

ထိုအတွေးသည် လုဟွမ်၏ ခေါင်းထဲသို့ ဖျတ်ခနဲဝင်လာပြီး ရင်ထဲသို့ နက်ရှိုင်းသောခံစားချက်များ တိုးဝင်လာသည်။

ထိုခံစားချက် ကို သတိထားမိပြီး သူ့မျက်နှာသည် ချက်ချင်း မဲမှောင်သွားလေသည်။

'သူ့ကို တိတ်တိတ်လေး ကူညီနေတာလား။ ဒါကို တောင့်တနေတာက ရယ်စရာပဲ'

'သူ့တွင် အကျိုးအမြတ်ရစရာ ဘာမှမရှိဘဲ။ တစ်စုံတစ်ယောက်က ပြန်ရစရာဘာမှမရှိဘဲ သူ့ကို ဘာလို့ ကူညီမလဲ'

သူငယ်စဥ်က လူတွေကို ယုံကြည်ပြီး အစေခံတစ်ယောက်ကို ကူညီပေးခဲ့ဖူးသည်။ သို့သော်လည်း ထိုအစေခံသည် သူ့အား လှည့်စားပြီး နင်းသခင်မ ဖမ်းမိအောင်ပြုလုပ်၍ အရိုက် ခံရအောင် လုပ်ခဲ့လေသည်။ ထိုနေ့များတွင် သူသည် သေလမ်းပေါ်တွင် လျှောက်နေရသလို သွေးတစက်စက်ဖြင့် အိပ်စက်ရလေသည်။ လူများသည် သူ့အနားတွင် လာလိုက်၊ သွားလိုက် ရှိကြသော်လည်း မည်သူမျှ သူ့ကို မကူညီကြပေ။ သူ့ကိုယ်ပေါ်က အမာရွတ်များသည် ယခုထိ မပျောက်သေးပေ။

မွေးကတည်းကနေ ယခုအချိန်ထိ သူသာ မသန်မာလျှင် အကြိမ်ပေါင်း ထောင်ချီ သေပြီးပြီဖြစ်သည်။

လူတစ်ယောက်၏ဘဝသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နိမ့်ကျလှပေသည်။

မင်းသားနင်းဖူအိမ်တော်တွင် သူ၏ဘဝသည် အခြားသူများထက် ရာချီ၊ထောင်ချီ ခက်ခဲလေသည်။

သူသိလိုက်သည်မှာ သူယုံကြည်ရသည့်လူသည် သူသာလျှင် ရှိသည်။

အမှောင်ထဲက လူအနေနဲ့ကတော့...

လုဟွမ်၏အကြည့်များသည် ထောင့်နားရှိ မခွဲရသေးသည့် ထင်းမီးသွေးဆီသို့ ရောက်သွားပြီး လက်ချောင်းများကို ကွေးလိုက်မိသည်။

သူ့ကိုယ်ပေါ်သို့ ကျရောက်နေသည့် သနားစရာ အနွေးဓာတ်အား လျစ်လျူရှုရန် အကောင်းဆုံး ကြိုးစားနေပြီး တိတ်ဆိတ်စွာပင် သူ့သွေးမှ တစ်ဆင့်နှလုံးအထိ ဖြန့်နေ၏။ သူသည် အေးစက်စွာဖြင့် အဝေးသို့ ကြည့်နေလေသည်။

အမှောင်ထဲပဲ တစ်ချိန်လုံး ပုန်းနေနိုင်မလား? တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်မိသွားတာ ကို သူအမိမှန်း နိုင်ဖို့ပဲ လိုသည်။

အမှောင်ထဲက လူ၏ရည်ရွယ်ချက်က ဘာဆိုသည်ကို အခု မသိသေးသော်လည်း အဆုံးတွင် သိလာမည်ပင်။

လုဟွမ်သည် ဤကမ္ဘာပေါ်တွင် သူ့အပေါ်ကောင်းသည့်သူ တစ်ယောက်ရှိတယ်လို့ ယုံကြည် လိုက်တာထက် သေပဲသေလိုက်မည်။

All Chapters