← Chapters

Chapter 14

Vol. 2 Ch. 14

Chapter 14

Vol. 2 Ch. 14

အဖျားကြောင့် ရှုပ်ထွေးနေသော်လည်း မနေ့ညက သတိမမေ့ခင် အေးစက်သော ချွေးများ ထွက်နေခဲ့သည်ကို မှတ်မိနေသေးသည်။

ပူလိုက်၊ စိုထိုင်းလိုက်ဖြစ်နေ၍ နေရတာအဆင်မပြေသော်လည်း အဖျားနှင့် မူးဝေနေသောကြောင့် သူ့ခန္ဓာကိုယ်က လေးလံနေပြီး စိတ်များမကြည်လင်၍ ထပြီး အဝတ်မလဲနိုင်ခဲ့ပါ။

သို့သော် အခုတော့ခြောက်သွေ့နေသောဝတ်စုံကို ရှင်းရှင်းလင်းလင်း ဝတ်ဆင်ထားလေသည်။

ကြယ်သီးများကို သပ်ရပ်စွာတပ်ထားပြီး မူလဝတ်ထားသောဝတ်ရုံကို ကုတင်ခြေရင်းတွင် ပစ်ထားလေသည်။

...ဒါပဲမဟုတ်သေး။ လုဟွမ်၏ရှုပ်ထွေးနေသောအကြည့်က သူ့ခေါင်းအုံးပေါ်သို့ ကျရောက်သွားသည်။ နှင်းခဲများအရည်ပျော်ပြီး ရေစက်များကျနေသည့် ခေါက်ထားသော အဝတ်စားနှစ်စုံမှာ အေးခဲနေလေသည်။

လုဟွမ်သည် သတိမထားမိဘဲ သူ့နဖူးကို လက်ဖြင့်ထိကြည့်လိုက်သည်။ အဖျားကတကယ်ပင် ကျသွားသည်။

ဒီအချိန်မှာ လုဟွမ်က ဘာဖြစ်သွားမှန်း မသိသေးပေ။ သူ့အကြည့်က ကုတင်ဘေးမှ ဆေးပန်းကန်လုံးဆီ ရွှေ့သွားသောအခါ သူ့မျက်ဆံများ ရုတ်တရက်ကျယ်သွားသည်။ အံ့သြဖွယ်ရာတစ်ခုခုကို မြင်လိုက်ရသောကြောင့် သူအချိန်ကြာကြာ မှင်သက်နေမိသည် ...

ဗလာဖြစ်နေသော ပန်းကန်လုံး။

ခါးသောဆေးရနံ့က လေထဲတွင် ကျန်ရှိနေဆဲဖြစ်ပြီး သူ့နှုတ်ခမ်းနှင့်သွားကြားတွင်ပင် ဆေးရနံ့များ ကျန်ရှိနေသေးသည်။

ဒါက...?

သူ ကျန်နေတဲ့ဆေးကို သောက်လိုက်တာလား။

မနေ့ညက တစ်ယောက်ယောက်ဝင်လာပြီး သူ့ကို အတင်းဆေးတိုက်သွားတာများလား။

လုဟွမ်၏ရင်ထဲတွင် သတိပေးချက်များ မြည်နေသည်။ သူ သတိမထားမိဘဲ စောင်ကိုဆွဲလှန်ကာ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

အပြည့်အဝ ပြန်မကောင်းသေးသောကြောင့် အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။

ကုတင်ဘေးကို အားပြု၍ ရပ်နိုင်ရုံသာရပ်နိုင်သည်။ သို့သော် သူသတိထား၍ အသက်ကိုအောင့်ထားပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သောအခါ ...

အဆိပ်သင့်ထားသည့် အရိပ်အယောင်များ မရှိ။ မအီမသာဖြစ်သည့်လက္ခဏာများလည်း လုံးဝ ရှိမနေ။

... ဆန့်ကျင်ဘက်အနေဖြင့် မနေ့ညနှင့် နှိုင်းယှဉ်လျှင် သူ့အဖျား လုံးဝကျသွားပြီး တစ်ကိုယ်လုံး ပိုမို သွက်လက်လာသည်ဟု ခံစားရသည်။

လုဟွမ်သည် နောက်တစ်ကြိမ် ငုံ့ကြည့်ကာ မဖွင့်ရသေးသော ဆေးထုပ်များကို စစ်ဆေးကြည့်သည်။

သူ့အဖျား လုံးဝပျောက်ကင်းသွားသည်အထိ သောက်သုံးရန် သူ့အတွက် တမင်တကာ ချန်ထားခဲ့ပုံရသည်။

သူဆေးထုပ်များကို တစ်ခုချင်းစီ ဖွင့်ပြီး အနံ့ခံကြည့်ကာ လက်ချောင်းများဖြင့် ဆေးဖက်ဝင်အပင်များကို ဆွဲယူကြည့်သည်။ အားလုံးမှာ အဖျားကို ပျောက်ကင်းစေသောဆေး သို့မဟုတ် ကုသပေးသော ဆေးများဖြစ်သည်ကို တွေ့ရသည်။ ဆိုးကျိုးပေးသောဆေး တစ်ခုမျှ မပါဝင်ပေ။

"..."

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...။

တစ်ယောက်ယောက်က ဝင်လာခဲ့သော်လည်း သူ့ကို အန္တရာယ်ပေးဖို့မဟုတ်ဘဲ ဆေးပို့ပေးဖို့ဖြစ်ပြီး ... တစ်ညလုံးတောင် သူ့ကို ပြုစုပေးနေတာလား။

လုဟွမ် အလွန် အံ့အားသင့် သွားလေသည်။ သူ့လက်များဖြင့် ဆေးထုပ်များကို အမှတ်မဲ့ တင်းတင်း ဆုပ်ကိုင်ထား မိလေသည်။ အခန်းထဲတွင်ရပ်နေစဉ် သူ့စိတ်က အနည်းငယ် ဗလာဖြစ်နေသည်။

သူ ကုတင်ဘေးက ကြမ်းပြင်ပေါ်ရှိဆေး ကြွင်းဆေးကျန်များကို ငုံ့ကြည့်လိုက်သည်။ သူ့နှလုံးသားက အနည်းငယ်တု န်လှုပ်သွားပြီး မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေသည်။

အချိန်ကာလတစ်ခု ကြာပြီးနောက်...

တောက်ပနေသော နေရောင်ခြည်သည် ထင်းရှုးတဲ၏ ပြတင်းပေါက်မှ တစ်ဆင့်ဝင်လာပြီး ထူထဲသော မျက်တောင်မည်းများနှင့် အနည်းငယ် ဖြူဖတ်နေသော မျက်နှာပေါ်သို့ ကျရောက်လာသည်။ ဤအချိန်တွင် သူ၏ပုံမှန်အားဖြင့် တုံ့ဆိုင်းနေတတ်သောမျက်နှာပေါ်၌ မယုံကြည်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။

လုဟွမ်တွင် ယနေ့ဆောင်ရွက်ရန် အရာများစွာ ကျန်ရှိနေသေးသည်။

ငွေသုံးတုံးသည် များများစားစား မဟုတ်ပါ။ အချို့သော ပစ္စည်းများဝယ်ရန် လုံလောက်သော်လည်း ရေရှည် အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် မလုံလောက်သေးပါ။

မနေ့က သူ ဈေးထဲမှ ကြက်သွန်မြစ်အချို့နှင့် နွေဦးဖရုံသီး အချို့ဝယ်ခဲ့သည်။ ထိုအသီးများသည် ဆောင်းရာသီ သီးနှံများ ဖြစ်သည်။ ဂရုတစိုက် ပြုစုပျိုးထောင်ပါက မကြာမီရိတ်သိမ်းနိုင်မည်။

ထို့အပြင် ကြက်မများမှ ဥများကိုလည်း စျေးကောင်းဖြင့် ရောင်းချနိုင်မည်။

ဒီမြေကွက်သည် သူ့ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီ ဖြစ်သောကြောင့် ကောင်းစွာ အသုံးချရမည်။ သခင်မနင်း နောက်ထပ် ခြေလှမ်းမလှမ်းမီ သူ့စားဝတ်နေရေးအတွက် ငွေကြေးအနည်းငယ် ရှာဖွေရမည်။

ယခုအခါ မြို့တော်တွင် ကာယပြခြင်းနှင့် ဓါးအက ကခြင်းကို ကန့်သတ်ထားသောကြောင့် လုဟွမ်သည် ဤနည်းလမ်းဖြင့် ငွေရှာ၍ မရတော့ပါ။

ထို့အပြင် သူသည် နင်းဖူမင်းသား၏ တရားမဝင်သား ဖြစ်သောကြောင့် မြို့တော်ထဲကို အကြိမ်တော်တော်များများ ဝင့်ခွင့် မရခဲ့ပေ။ ဝင်ရောက်သည့် အကြိမ်တိုင်း သူ့ကို သူခိုးတစ်ယောက်ကဲ့သို့ စောင့်ကြည့်နေကြသည်။

ထို့သို့ စဉ်းစားပြီးနောက် အပင်အနည်းငယ် ပိုမိုစိုက်ပျိုးပြီး ဘေးတံခါးရှိ အစောင့်များကို လာဘ်ထိုးကာ လျှို့ဝှက်စွာ ရောင်းချ၍ ငွေရှာရန်သာ ရှိတော့သည်။

ငွေရှိလျှင် လူဟွမ်သည် သူ၏လက်ရှိအခက်အခဲကို ပြောင်းလဲနိုင်မည်ဖြစ်သည် - -

လုယီအန်းနှင့်လုဝမ်ရှို့တို့သည် ပထမဇနီး၏သားများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့သည် မင်းသားများနှင့်အတူ တော်ဝင်ကျောင်းတော်သို့သွား၍ မြင်းစီးကွင်းတွင် စစ်ပညာ သင်ကြားနိုင်သည်။ ဒီလူနှစ်ဦးသည် ရွှေဇွန်းကိုက်၍ မွေးဖွားလာသော သူတို့ဘဝကို မည်သို့တန်ဖိုးထားရမှန်း မသိကြပါ။ အထူးသဖြင့် လုဝမ်ရှို့သည် အတန်းပျက်ကွက်လေ့ရှိသည်။

တရားမဝင်သား ဖြစ်သော လုဟွမ်မှာမူ ငယ်စဉ်ကတည်းက ထင်းရှုးဝင်း၏ ထောင့်တစ်နေရာတွင် ပိတ်မိနေခဲ့သည်။ နင်းဖူမင်းသားရဲ့အရိုက်အရာဆက်ခံရန် အခွင့်အလမ်းများစွာ မရှိခဲ့သလို ကိုယ်ပိုင်ဆရာတစ်ဦးပင် မရှိခဲ့ပါ။

နင်းဖူမင်းသား၏အိမ်တော်သို့ ဖိတ်ကြားခြင်းခံရသောအခါ မြို့ရိုးအပြင်ဘက်ရှိ ဧကရာဇ်စစ်တပ်၏ သင်တန်းပို့ချသူထံမှ တစ်စုံတစ်ရာ လျှို့ဝှက်စွာ သင်ယူခဲ့သော်လည်း လုံလောက်မှုမရှိသေးပေ။

သူ၏ရည်မှန်းချက်နှင့် လက်စားချေလိုမှုကို ဒီအရာက ကန့်သတ်ထားလေသည်!

သူ့အနေနဲ့ ကမ္ဘာကြီးကို အနိုင်ယူရန် ပညာတတ်ဖို့ လိုအပ်တယ်ဆိုတာ သူသိသည်။ စာအုပ်တွေ၊ လေးတွေ၊ မြားတွေ ဝယ်ဖို့ ငွေလိုအပ်သည်။

ငွေပိုရှိရင် သူ တိတ်တဆိတ် ထွက်သွားပြီး ပုဂ္ဂလိက ကျောင်းတစ်ကျောင်း ရှာနိုင်မည်။ ပြီးတော့ နင်းဖူမင်းသားနဲ့လည်း ဝေးဝေးနေနိုင်မည်။

ဒါပေမယ့် အခု - -

သူ့အနားမှာ ရုတ်တရက် ပေါ်လာတဲ့လူက သူ့အစီအစဉ်တွေကို ပျက်စီးသွားစေခဲ့ပြီ။

လုဟွမ်သည် အမိုးစွန်းအောက်မှာ ရပ်နေပြီး ဝင်းထဲက တောင်ပံခတ်နေတဲ့ ကြက်ဖိုကြက်မတွေကို ကြည့်နေမိသည်။

သူက မနေ့ညက နှင်းဖုံးလွှမ်းနေတဲ့ စပျစ်ပင်စင်ကို ကြည့်ရင်း နံရံဘေးမှာ မှီထားတဲ့ သီးနှံမျိုးစေ့ အမျိုးမျိုးကိုလည်း ကြည့်နေမိသည်။

သူဟာ ခြံစည်းရိုးထဲကို လျှောက်သွားပြီး အစာကြဲပေးလိုက်သည်။ ကြက်နှစ်ဆယ့်ခြောက်ကောင်က ချက်ချင်းဆိုသလို အလုအယက် မြေကြီးပေါ်က အစာကို ကောက်စားကြသည်။

လုဟွမ်သည် ကြက်အိမ်သို့ လျှောက်သွားပြီး ကြည့်လိုက်သည်။ ကြက်တွေ အရမ်းများနေတာကြောင့် သူမသိခဲ့ပေ။ ကြက်မတချို့က မနေ့ညကတည်းက ဥများ စ၍ ဥနေကြပြီ။ သူ လက်နဲ့ စမ်းကြည့်တော့ အပူငွေ့ရှိတဲ့ဥနှစ်လုံးကို စမ်းမိသည်။

ငယ်စဉ်ကတည်းက သခင်မနင်းရဲ့ နှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး အစားအစာ ပူပူနွေးနွေးကို တစ်ခါမှ မစားဖူးခဲ့ပေ။ လုဟွမ်အတွက်တော့ ကြက်ဥတစ်လုံးဟာလည်း စိတ်သဘောထားကောင်းတဲ့ စတုတ္ထသခင်မဆီကနေ ပွဲတော်ချိန်တွေမှာ ရရှိနိုင်တဲ့ အရသာရှိဆုံး အစားအစာပဲ ဖြစ်ခဲ့သည်။

ဒါပေမဲ့ အခုတော့ အဲဒီလူရဲ့အကူအညီနဲ့ သူဟာ ချောမွေ့တဲ့ ဥပူပူနွေးနွေးနှစ်လုံးကိုလက်ထဲမှာ ကိုင်ထားနိုင်ခဲ့လေသည်။

လုဟွမ်ရဲ့ နှလုံးသားထဲမှာ ဖော်ပြရခက်တဲ့ ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်လာပြီး သူ့မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ အမူအရာတစ်ခု ပေါ်လာသည်။

အဲဒီလူမှာ တကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးလား။

အကယ်၍ အဲဒီလူမှာ တကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက် ရှိခဲ့ရင် အဲဒီလူဟာ ဝင်းထဲကို အလွယ်တကူ ဝင်ထွက်သွားလာနိုင်တာပဲ။ မနေ့ညက သူဖျားနေပြီး သတိမရှိတဲ့အချိန်မှာ အဲဒီလူဟာ သူ့ကို ဓားနဲ့ အလွယ်တကူ ထိုးသတ်နိုင်တာပဲ။ သူ့မှာလည်း ခုခံနိုင်စွမ်း မရှိဘူး။

တကယ်တော့ မနေ့ညကပဲ မဟုတ်ဘူး။ အဲဒီလူဟာ တခြားအချိန်တွေမှာလည်း သူ့ကို တိုက်ခိုက်နိုင်သည်။ ဒါပေမဲ့ အဲဒီလူဟာ သူလိုအပ်နေတဲ့ ပစ္စည်းတွေကိုသာ ပို့ပေးခဲ့သည်!

ဒါပေမဲ့ အဲဒီလူမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုရင် ဘာကြောင့် အဲဒီလူက ထပ်ခါထပ်ခါပစ္စည်းတွေ ပို့ပေးနေတာလဲ။

ဘာရည်ရွယ်ချက်နဲ့လဲ။ တကယ်ပဲ သူ့ကို ကူညီဖို့လား။ နှင်းကျနေတဲ့အချိန်မှာ မီးသွေးပို့ပေးသလိုမျိုး ကူညီတာလား။

ဒါပေမဲ့ - ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မလဲ - ?!

သူမွေးကတည်းက ဒီလိုကြင်နာမှုမျိုး တစ်ခါမှ မခံစားဖူးဘူး။ နင်းဖူမင်းသားအိမ်တော်က ဘယ်သူမှ သူ့ကို မကူညီကြဘူး။ လုဝမ်ရှို့လို ခြေဖဝါးဖြင့် နင်းမပြစ်တာဘဲ ရှိမည်။

စတုတ္ထကိုယ်လုပ်တော်တောင် သူ(မ)ကိုယ်သူ(မ)ကာကွယ်ဖို့ သူ့ကို သနားကြင်နာတဲ့ အကြည့်တစ်ချက်ပဲ ပေးနိုင်သည်။ နင်းဖူမင်းသားအိမ်တော်မှာရော၊ အပြင်မှာပါ သူ့ကိုကူညီဖို့ ဘယ်သူမှမရှိဘူး။

ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဒီလိုလူမျိုး ပေါ်လာရတာလဲ။ အချိန်တိုင်း သူ့ကို အန္တရာယ်ကနေ ကယ်တင်ပေးသည်။

... သူ့ကို ဒီလောက်ကောင်းအောင်ဆက်ဆံမယ့်လူကို သူစဉ်းစားလို့ မရဘူး။

လုဟွမ်ဟာ သူ့လက်ထဲက ကြက်ဥတွေကို စိုက်ကြည့်နေသည်။ ဖျားပြီးတဲ့နောက် သူ့လက်ဖဝါးတွေဟာ ရေခဲနဲ့ နှင်းတွေ ဖုံးအုပ်နေသလိုပဲ ခံစားနေရဆဲပင်။ သူ့ရင်ထဲမှ လှိုင်းဂယက်တွေ ပိုပြီး ကြီးလာလေသည်။

အကယ်၍ တကယ်ပဲ အဲဒီလိုလူမျိုး ရှိတယ်ဆိုရင် ...

အကယ်၍ တကယ်ပဲ အဲဒီလိုလူမျိုး ရှိတယ်ဆိုရင် သူ့နှလုံးသားဟာ တကယ့်ကို စိုးရိမ်ပူပန်လာပြီး စတင်ခုန်နေပြီဖြစ်သည်။

... ... ပြီးတော့ သူ့လည်ချောင်းလည်း ခြောက်သွေ့လာပြီး သူကိုယ်တိုင်တောင် မသိနိုင်တဲ့ မှိန်မှိန်မွှားမွှား မျှော်လင့်ချက်တစ်ခု ပေါ်ပေါက်လာသည်။

ဒါပေမဲ့ လုဟွမ်က သူ့အတွေးတွေဟာ အဓိပ္ပာယ်မရှိဘူး၊ ရယ်စရာကောင်းတယ်လို့ ချက်ချင်း ခံစားမိသွားသည်။

အဲဒါမဟုတ်ရင်။ အဲဒီလူမှာ သူ့ကိုထိခိုက်စေဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုရင်ရော။ ဒါမှမဟုတ် သူ့ကို တမင် ထောင်ချောက်ဆင်ထားတာ ဆိုရင်ရော။ အဲဒီလူမှာ သူထင်သလို သူ့ကို ဂရုစိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုရင်ရော။

အဲဒီလူက သူ့ကို တရားမဝင်သား တစ်ယောက်အနေနဲ့ ပျော်စရာကောင်းပြီး သနားစရာကောင်းတဲ့ ကစားစရာတစ်ခုလို သဘောထားတာဆိုရင်ရော။

ဘာပဲဖြစ်ဖြစ် သူ့အတိတ်က ရှင်းနေသည်။ သူဟာ နင်းဖူမင်းသားနဲ့ အပြင်က အပျော်မယ်တစ်ယောက်ရဲ့ သားအရင်းအမှန်ပဲ။ သူ့မှာ လျှို့ဝှက်ထားတဲ့ အတိတ်လည်း မရှိဘူး။

တခြားဆွေမျိုးတွေက သူ့ကိုလျှို့ဝှက်ပြီး ကူညီတာလည်း ဖြစ်နိုင်ခြေ မရှိဘူး။

ဒါဆိုရင် ဒီအဓိပ္ပာယ်မဲ့တဲ့ လှည့်စားမှုနဲ့ ကူညီတာ နှစ်မျိုးပဲ ရှိတော့တယ် ...

လုဟွမ်ဟာ သူ့လိုတရားမဝင်သားကို ရည်ရွယ်ချက်မရှိဘဲ ဒီလောက်ကောင်းအောင် ဆက်ဆံမယ့်သူ ရှိမယ်လို့ မထင်ဘူး။

ဒီလို စဉ်းစားမိတော့၊ ရေအေးတစ်ပုံးက ချက်ချင်း သူ့ခေါင်းပေါ်ကနေ လောင်းချလိုက်သလိုပါပဲ။

လုဟွမ်ဟာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့ရဲ့ရိုင်းစိုင်းတဲ့အတွေးတွေကို အစွမ်းကုန် ရပ်တန့်ဖို့ ကြိုးစားနေသည်။ သူဟာ သူ့ရဲ့ မျှော်လင့်ချက်တွေနဲ့ ဆန္ဒတွေအားလုံးကို အရင်ဆုံး ငြိမ်းသတ်လိုက်သည်။

သူ့မျက်လုံးတွေက ငြိမ်သက်သွားသည်။

ဘာပဲဖြစ်ဖြစ် သူဟာ လက်ရှိအခြေအနေကို ဆက်လက် ထိန်းသိမ်းထားပြီး ပြောင်းလဲမှုအားလုံးကို ရင်ဆိုင်ရမည်။

အဲဒီနေ့မှာ ကြက်တွေ အားလုံးကို အစာကျွေးပြီး ဥတွေကို သိမ်းဆည်းပြီးတဲ့နောက် သူဝယ်ထားတဲ့ ဆောင်းရာသီသီးနှံတွေကို စိုက်ပျိုးဖို့ စတင်လိုက်သည်။

အရင်တုန်းက အဲဒီလူပို့ပေးတဲ့ အဝတ်အစားတွေကို သူမထိခဲ့တာက အဲဒီလူမှာ ရည်ရွယ်ချက် ရှိမယ်လို့ သူသံသယ ဖြစ်နေလို့ဖြစ်သည်။

ဒါပေမဲ့ မနေ့ညက လေအေးတွေ တိုက်ခတ်ပြီးတဲ့နောက် လုဟွမ်ဟာ အဲဒီလူရဲ့ ရည်ရွယ်ချက်ကို မသိသေးပေမယ့် သူ့ရဲ့သတိထားမှုတွေကို အနည်းငယ်လျှော့ချလိုက်သည်။ လောလောဆယ်တော့ အဲဒီလူမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ယုံကြည်သည်။

ဒါကြောင့် အဲဒီလူ နံရံခြေရင်းမှာတင်ထားခဲ့တဲ့ သီးနှံတွေကို သူ ထုတ်ကြည့်လိုက်သည်။

အသင့်စားလို့ရတဲ့ အာလူး၊ မုန်လာဥစတာတွေကို အိတ်၂၃ အိတ်ခွဲပြီး မီးဖိုထဲသို့ ရွှေ့ထားလိုက်သည်။

ကျန်တဲ့ မျိုးစေ့တွေကိုတော့ မူလနေရာမှာပဲ ထားလိုက်သည်။ စိုက်လို့ရတဲ့အပင်တွေကို တစ်နေ့တည်းမှာပဲ စိုက်လိုက်ပြီး စိုက်လို့မရတဲ့အပင်တွေကိုတော့ ထင်းရှူးဝင်းအနီးက သိုလှောင်ခန်းတစ်ခန်းမှာ ရွှေ့ထားလိုက်သည်။ နည်းလမ်းအမျိုးမျိုးကိုသုံးပြီး သိုလှောင်ထားလိုက်သည်။

ဒါတွေလုပ်ပြီးတဲ့နောက် လုဟွမ်ဟာ မီးဖိုချောင်ဆီ သွားလိုက်သည်။

လုဟွမ်ဟာ ထင်းခုတ်တာ၊ ရေခပ်တာတွေ လုပ်တတ်ပြီး ခေါက်ဆွဲချက်တာလည်း ကျွမ်းကျင်သည်။ မဟုတ်ရင် ဒီလောက်ကြီးမားတဲ့ နင်းဖူမင်းသားအိမ်တော်မှာ ဒီနှစ်တွေအကုန်လုံး အသက်ရှင် ရပ်တည်နိုင်မှာ မဟုတ်ဘူး။

သူဟာ မီးဖိုကို မီးမွှေးလိုက်ကာ အင်္ကျီလက်တွေကို လိပ်တင်လိုက်တော့ သန့်ရှင်းပြီး ကျစ်လျစ်တဲ့ လက်မောင်းတွေ ပေါ်လာသည်။ သူဟာ မုန်လာဥနဲ့ အာလူးတွေကို အတုံးသေးသေးလေးတွေဖြစ်အောင် ခုတ်လိုက်သည်။ ပြီးတော့ ဂျုံမှုန့်နဲ့ ရောပြီး အိုးထဲ ဖြန့်ထည့်လိုက်သည်။

အငွေ့ဖြူဖြူတွေ တက်လာပြီး မီးရောင်မှိန်မှိန်အောက်မှာ ပေါင်မုန့်ပြားတစ်ချပ် အမြန်ဆုံး ဖြစ်လာသည်။

သူ့ရဲ့ အစာအိမ်က ဆာလောင်လာပြီး သူ့မျက်လုံးတွေက အရောင်တောက်လာလေသည်။

ဒါဟာ နှစ်တွေအများကြီးအတွင်းမှာ သူ ပထမဆုံးအကြိမ် ပူပူနွေးနွေး စားရတာပဲ။

အရင်ကဆို အေးစက်နေတဲ့ အကြွင်းအကျန်တွေသာ စားခဲ့ရသည်။

လုဟွမ်ဟာ ပေါင်မုန့်ပြားကို အနည်းငယ် ကိုက်လိုက်ပြီး မျိုချလိုက်သည်။ သူအဆာပြေ အနည်းငယ်စားပြီးနောက် မုန်လာဥတွေကို ထပ်လှီးလိုက်ပြီး အာလူးတွေကို ထောင်းလိုက်သည်။ မီးဖိုကို ပိုပြီး ပူလာအောင် လုပ်လိုက်သည်။

သူဟာ ပိုပြီးမွှေးတဲ့၊ ပိုပြီးစားချင်စဖွယ်ဖြစ်တဲ့ ပေါင်မုန့်ပြားကြီးတစ်ချပ် ထပ်မံ ပြုလုပ်လိုက်သည်။

ဒါပေမဲ့ သူမစားသေးဘူး။ သူဟာ အဲဒါကို ပန်းကန်ပြားပေါ်တင်ပြီး မီးဖိုပေါ်မှာ တင်ထားလိုက်သည်။ မီးဖိုရဲ့ကျန်ရှိနေသေးတဲ့ အပူချိန်နဲ့ နွေးအောင်လုပ်ထားလိုက်သည်။

သူလုပ်နေတာကို ရပ်လိုက်ပြီး မီးဖိုအပြင်ဘက်ကို မသေချာမရေရာနဲ့ ကြည့်နေသည်။

ညနက်နေပြီဖြစ်သည်။ ဆီးနှင်းပွင့်တချို့ ကောင်းကင်မှာ လွင့်ပျံနေသည်။ အရာအားလုံး တိတ်ဆိတ်နေသည်။

အဲဒီလူ ... ဒီည လာမလား။

သူဒီမှာ ပေါင်မုန့်ပြား ထားခဲ့ရင် အဲဒီလူ မြင်နိုင်မလား။ သူ ဒါကို ကြိုက်မလား။

လုဟွမ်ဟာ နည်းနည်း စိတ်လှုပ်ရှားနေသည်။

ဒါပေမဲ့ ... သူချက်ချင်း တွေးမိပြန်သည်။ အကယ်၍ အဲဒီလူဟာ တကယ်ပဲ သူ့ကို ဆော့ကစားနေတာ ဆိုရင်ရော ...

သူပေါင်မုန့်ပြားလုပ်ပြီး စောင့်နေတာကို မြင်ရင် အဲဒီလူက သူ့ကို ရယ်မောပြီး သနားစရာကောင်းတဲ့လူပဲ။ ကြင်နာမှု နည်းနည်းလေးကို တောင် ဖမ်းကိုင်ထားတဲ့သူလို့ ပြောမလား။

All Chapters