Chapter 25
Vol. 3 Ch. 25
သခင်မနင်းသည် ဂုဏ်သိက္ခာရှိသောမိသားစုမှမွေးဖွားလာသူဖြစ်သည်။
သူ(မ)၏ဖခင်သည် တော်ဝင်ကျောင်းတော်မှဆရာတစ်ဦးဖြစ်ပြီး သူ(မ)၏အစ်ကိုများမှာ တော်ဝင်ရုံးတော်တွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည်။ မင်းသားနင်းဖူ အာဏာ ကျဆင်းနေသည့်အချိန်မှာတောင် သခင်မနင်းသည် အမြဲတမ်း အလိုလိုက်ခြင်းခံရပြီး စည်းစိမ်အပြည့်ဖြင့် ဘဝကို နေထိုင်ခဲ့သည်။
သူ(မ)မွေးဖွားကတည်းက ဒီလိုအရှက်ရစရာ ကိစ္စရပ်များ မကြုံဖူးဘူးဟု ပြော၍ရသည်။
ဒါပေမဲ့ အခု နတ်ဆေးဆရာဆိုသူက သူမကို ဆေးရရန် သုံးကြိမ်ကန်တော့စေချင်ပြီး ကိုးကြိမ် ဒူးထောက်ခိုင်း၏။ ဒါက ရည်ရွယ်ချက်ရှိရှိ အရှက်ရစေတာမျိုး မဟုတ်ရင် ဘာလဲ! ပြီးတော့ ထိုနတ်ဆေးဆရာက လူငယ်တစ်ယောက်လို့ ကောလဟာလ ထွက်နေသည်။ သူ့သားနှင့် သက်တူရွယ်တူ တစ်ယောက်ကို သူ(မ)က ခယနေရမည်လား။ အဓိပ္ပာယ်မရှိလိုက်တာ!
ယုံအန်းဘုရားကျောင်းမှပြည်သူတွေက ဆန်ပြုတ်တစ်ပန်းကန်ဆီ အလကားရနေကြပြီး မြို့တော်မှာရှိတဲ့ မင်းမျိုးမင်းနွယ်နဲ့မှူးမတ်တွေက ဆေးတစ်ထုတ်ကို ငွေစဆယ်တုံးလောက်နဲ့ ဝယ်နေရတာလဲ။ ဒါပေမဲ့ သူ(မ) အလှည့်မှ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ။
ဒီနတ်ဆေးဆရာလေးက မင်းသားနင်းဖူရဲ့ ရန်သူများလား။ ဒါမှမဟုတ် သူ(မ)ရန်သူနဲ့ အဆက်အသွယ် ရှိနေတာလား။
ဘယ်သူ ဖြစ်နိုင်လဲ။ သခင်မနင်း ဘယ်သူဖြစ်နိုင်လဲဆိုတာ မခန့်မှန်းနိုင်တော့ပေ။
မှူးမတ်အရာရှိများ၏ ဇနီးများသည် မြို့တော်ထဲတွင် သူတို့၏ကိုယ်ပိုင်အဆက်အသွယ်များ ရှိကြသည်။ သူ(မ)သည် သူတို့ထဲက အနည်းအကျဉ်းနှင့်သာ ဆက်ဆံရေးကောင်းမွန်ပြီး တခြားသူများနှင့် ဆက်ဆံရေး ဆိုးရွားလေသည်။ သူ(မ)ကို မနှစ်သက်သူများရှိကြပြီး အပေါ်ယံသာသာ ညီအစ်မ ဆက်ဆံရေးများ ဖြစ်ကြကာ သူ(မ)အား အချိန်မရွေး နောက်ကျောကို ဓားဖြင့် ထိုးနိုင်သူများ ဖြစ်ကြသည်။
ဒါကြောင့် ထိုနတ်ဆေးဆရာကို သူ(မ)ရှာနိုင်ရန် မည်သည့် သဲလွန်စရမည်နည်း။
သခင်မနင်း အလွန်ဒေါသထွက်နေသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေသည်။ သူ(မ) လုဝမ်ရှို့၏ အကျည်းတန်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ အံကြိတ်လိုက်ပြီး သူ(မ) ဆုံးဖြတ်ထားသည့်အတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
သူ(မ) အစေခံများကို ပါးစပ်ပိတ်ထားရန် ဆိုးဆိုးရွားရွားအော် ပြောလိုက်သည်။ ဒီကိစ္စက ပျံ့နှံ့သွားလို့ မဖြစ်ဘူး။ ဒီအကြောင်းကို အပြင်မှာ ကြားရရင် သူ(မ) သူတို့ လျှာတွေကို ဖြတ်ပစ်မည်ဖြစ်သည်!
ဒီအချိန်၌ သခင်မနင်းသည် သူ(မ)၏ သိက္ခာရှိသည့်ပုံရိပ်ကို မထိန်းသိမ်းနိုင်တော့ပေ။ ဒေါသတကြီး အော်ထုတ်လိုက်ပြီး အစေခံနှစ်ယောက်အား သူ(မ)အတွက် ပြင်ဆင်ပေးထားရန် အမိန့်ပေးလိုက်လေ၏။
ဒီကိစ္စက မင်းသားနင်းဖူအိမ်တော် အပြင်သို့ မရောက်ရင်တောင် မင်းသားနင်းဖူ အိမ်တော်အတွင်းမှ လူတိုင်းကတော့ သိသွားကြလေပြီ။
အစေခံများကြားထဲ၌ အပြောများနေပြီး သခင်မနင်း ဒေါသတကြီး ပြောဆိုတာ ခံရသူများက နှစ်ထောင်းအားရ ဖြစ်နေကြလေသည်။
သခင်မကြီးက မိန်အန်းယွမ်တွင် ပြန်လည် အားဖြည့်နေရပြီး သခင်ကြီးကို လူသူမဲ့သည့် လျှိုကျိုးသို့ ပို့ထားသည့် အချိန်မှ ခုထိပြန်မလာသေးပေ။ တစ်ယောက်မှ သူတို့ဆီသို့ သတင်းမပို့ရဲပေ။
လုယီအန်း တော်ဝင်ကျောင်းတော်မှပြန်လာပြီးနောက် ထိုသတင်းကြားရသဖြင့် ဒေါသ ထွက်လာလေသည်။ သခင်မနင်းကို ခပ်မြန်မြန်တားမှဖြစ်မည်။ ဒုတိယညီလေး နေမကောင်းဖြစ်သည် ဆိုတာ ကိစ္စရပ်သေးသေးလေး ဆိုပေမယ့် ဒီလို အရှက်ရဖွယ်ရာမျိုး မင်းသားနင်းဖူဆီ သတင်းပေါက်သွားခဲ့လျှင် သူ့မိခင်မျက်နှာကို ဘယ်နားထားရမှာလဲ။
မင်းသားနင်းဖူ အိမ်တော်သည် ဗြောင်းဆန်နေလေပြီ။
လုဟွမ် ဘာလို့ဒီလူက လုဝမ်ရှို့ကို ကယ်ချင်နေမှန်းမသိပေမယ့် သူ့မှာ အကြောင်းရှိပေလိမ့်မည်။ လုဝမ်ရှို့ကို ကယ်တင်ရသည်က သူ့အတွက် ကိစ္စကြီးမဟုတ်ပေ။ ပြီးတော့ နောက်ငါးရက်အတွင်း ဆောင်းငှက်တောင် အမဲလိုက်ပွဲ ရှိလေသည်။ တကယ်လို့ မင်းသားနင်းဖူက ဈာပန အခမ်းအနားကျင်းပမယ် ဆိုရင် သေချာပေါက် ပွဲကို တက်ရောက်ဖြစ်မှာ မဟုတ်ဘူး။
ဒါကြောင့် သူစဉ်းစားလိုက်ပြီး ချန်ကုန်းဝူ ယူလာပေးတဲ့ ဆေးအိတ်ကို တောထဲသို့ သွားပြီး သစ်ပင်ထိပ်၌ ထိုဆေးအိတ်အား သွားချိတ်ထားလိုက်လေသည်။
သခင်မနင်းသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ(မ)၏အထိန်းတော်နှင့်အတူ လူသွားလူလာများသည့်လမ်းမှ စတင်ထွက်ခွာလေသည်။ ပြီးတော့ မင်းသားနင်းအိမ်တော်မှ အစောင့်များအား သူ(မ)အရှက်ကွဲရသည့် မြင်ကွင်းကို မည်သူမျှ မမြင်ရစေရန် လမ်းရှင်းစေသည်။
ရွှံ့ထူပေပွနေသောလမ်း၌ သူ(မ)၏ခြေလှမ်းတိုင်းကို ဒူးထောက်ပြီး သွားလေသည်။ သူ(မ)၏ဒူးက နှင်း၏အအေးဒဏ်ကြောင့် ခရမ်းရောင်ပင် ပြောင်းနေပြီး မြေကြီးနှင့်ပွတ်တိုက်မှုကြောင့် သွေးများ ထွက်နေလေသည်။
ခြေလှမ်းအနည်းငယ် လောက်လှမ်းပြီးနောက် သူ(မ)၏ ခန္ဓာကိုယ်က မခံနိုင်တော့ပေ။
…ဘာပဲဖြစ်ဖြစ် ထိုနတ်ဆေးဆရာမှ သူ(မ)အား အဝေးတစ်နေရာမှ ကြည့်နေမည်ကို စိုးရိမ်လေသည်။ သူ့စကားအတိုင်း မလုပ်လျှင် ဆေးပြန်ယူသွားမည်ကို ကြောက်ရွံ့နေသည်။
ထို့ကြောင့် သခင်မနင်းသည် အံကိုကြိတ်၍ ရှေ့ဆက်လျှောက်နေရသည်။
သူ(မ)သည် ရင်တမမဖြင့် လမ်းပေါ်၌ တစ်စုံတစ်ယောက် မြင်သွားမည်ကို ကြောက်လေသည်။ တော်ဝင်အစောင့်များ အနီးအနားတွင် ရှိနေသော်လည်း သူ(မ)ကိုမြင်သွားရင် မြေကြီးထဲသို့ တွင်းတူးပြီးသာ ပုန်းလိုက်ချင်တော့သည်။
သူ(မ)ရင်ထဲတွင် ဒေါသများဖြင့် လောင်ကျွမ်းနေပြီး လမ်းလျှောက်လိုက် ဒူးထောက်လိုက်ဖြစ်နေသည်။ နာရီအနည်းငယ်ကြာပြီးနောက် ပန်းချီကားထဲတွင်ဖော်ပြထားသည့်တောထဲသို့ ရောက်လာ၏။
သူ(မ) ရောက်လာသောအခါ ဆံပင်များရှုပ်ပွ၍ ဝတ်ရုံကလည်း ညစ်ပေနေပြီဖြစ်သည်။ ရွာသူနှင့်ပင် တူလှပြီး ကျက်သရေရှိသော သခင်မနင်းပုံစံ ပျောက်ဆုံးနေလေပြီ။
သခင်မနင်းသည် ဆေးယူလိုက် လေသည်။ ဒါပေမဲ့ လုဟွမ်က သူ(မ)၏ဒုက္ခရောက်နေသော အခြေအနေကို စိတ်မဝင်စားဘဲ သူ့ကိစ္စကို ဖြေရှင်းရန် ထွက်သွားလေသည်။
ဒါပေမဲ့ စခရင်အပြင်ဘက်မှ စုရှီက သူ(မ)၏နောက်ဆုံးအခွင့်အရေးကို သုံးပြီး တောထဲသို့သွားမည့်လမ်းကို ဖွင့်လိုက်သည်။ ပေါက်ပေါက်စားရင်း ရှိုးကြည့်နေတာဖြစ်ပြီး သခင်မနင်းသည် ဖျော့တော့ပြီး မြောင်းထဲသို့ပြုတ်ကျသည်အထိ ဒူးထောက်နေသည်ကို တွေ့ရလေသည်။ အထိန်းတော်ကို အော်ခေါ်ကာ သူ(မ)ကို ဆွဲထုတ်ခိုင်း၏။ စုရှီ မရယ်ဘဲ မနေနိုင်တော့ပေ။
စုရှီ နှလုံးသားလေး အလွန်ပျော်ရွှင်နေ၏။ ကျိုက်ကျိုက်ရဲ့ ဒေါသတွေ ကို ဖြေဖျောက်ပေးဖို့ သူကူညီနိုင်ခဲ့ပြီ! ကျိုက်ကျိုက် ခန္ဓာကိုယ်ပေါ်က ကြာပွတ်ရာလောက်ကို သူ(မ) ပြန်ရသေးတာ မဟုတ်ပေ!
သူ(မ)နှင့်ကျိုက်ကျိုက် ကတိစကားများ ထားခဲ့ကြသည်။ သခင်မနင်း တောထဲ၌ ဒုက္ခခံရပြီးနောက် ဆေးအိတ်တစ်အိတ် ရှာတွေ့လေသည်။
တောထဲ၌ တစ်ယောက်မှ မရှိပေ။
သခင်မနင်းက တော်ဝင်အစောင့်များကို ပါ ခေါ်လာခြင်းဖြစ်သည်။ အစက ဒေါသထွက်ထွက်ဖြင့် နတ်ဆေးဆရာသာ တောထဲမှာ စောင့်နေခဲ့ရင် သူ(မ)လက်က မလွတ်စေရဘူးဟု တွေးထားခဲ့သည်။ ဒါပေမဲ့ မမျှော်လင့်ထားသည်က တောထဲတွင် ဆေးထုတ်သာရှိပြီး လူတစ်ယောက်မှမရှိပေ။
မင်းသားနင်းအိမ်တော်မှာကတည်းက လှည့်စားခံရသည်ဟု ထင်၏။ ထို့ကြောင့် သူ့ကို ဘယ်သူမှန်း အလွယ်တကူ ရှာမတွေ့တာ ဖြစ်သည်။ အရှက်တကွဲ အကျိုးနဲ ဖြစ်ရပြီး အခုထိ လက်တုံ့ ပြန်နိုင်ခြင်း မရှိသေးပေ။ ဒါက ဝါဂွမ်းကို လက်နဲ့ ထိုးနေသလိုမျိုးသာ ဖြစ်ပြီး သူ(မ)စိတ်ထဲမှ ဒေါသများ မပြေပျောက်နိုင်သေးပေ။
သူ(မ) ပြာယာခတ်ပြီး ဒေါသထွက်နေသည်။ သူ(မ)အိမ်တော်သို့ ပြန်ရန် စီးမည့် ဝေါယာဉ်အား ချက်ချင်း ခေါ်လိုက်သည်။
" ငါ ဒီကိစ္စအတွက် သေချာပေါက် လက်စားချေမယ် " သူ(မ) ဝေါယာဉ်ပေါ်သို့ အကူအညီယူ၍ တက်လိုက်လေသည်။ သူ(မ)အရှက်ကွဲပြီးရလာသည့် ဆေးထုတ်အား လက်ထဲတွင်ကိုင်ထားကာ အံကြိတ်ထားသည်။
ဆေးရပြီးနောက် သခင်မနင်းသည် နန်းတွင်းသမားတော်ဆီသို့ အအေးပျောက်ဆေး ဖြစ်ကြောင်း သေချာအောင် ကြည့်ရန် ယူသွားလေသည်။ အတည်ပြုပြီးသည့်အခါ သူ(မ)ရင်ထဲက ဒေါသများ ပျော်ရွှင်မှုအဖြစ် ပြောင်းလဲလာ၏။ သခင်မနင်းသည် အစေခံများအား ဆေးကြိုခိုင်းလိုက်ပြီး လုဝမ်ရှို့ကို တိုက်ခိုင်းလိုက်လေသည်။
ဆေးက အတော်လေးခါးလေသည်။ လုဝမ်ရှို့က သတိမေ့နေသည့် တိုင်အောင် အန်ထွက်လုနီးနီး ဖြစ်နေသည်။
သခင်မနင်း၏ သွေးကြောများ ခုန်ပေါက်နေလေသည်။ သူ(မ) ဒုက္ခခံ၍ ရရှိလာသောဆေးကို တစ်စက်လောက်ပင် ဖြုန်းတီးမိမည်ကို ကြောက်သဖြင့် အစေခံများအား သူ့ကိုအတင်းချုပ်စေပြီး ဆေးတိုက်လေသည်။
ဆေးသောက်ပြီးနောက် လုဝမ်ရှို့၏အဖျားက နောက်တစ်နေ့မှာပင် ပျောက်ကင်းသွားလေသည်။ သို့သော် ဆေးသောက်ပြီးနောက် တချို့အကြောင်းရင်းများရှိသေးသည်။ သူ့အဖျားက သက်သာလာသော်လည်း ဝမ်းစလျှောတော့၏။ သုံးရက်ဆက်တိုက် ဝမ်းလျှောသဖြင့် အိမ်သာသို့ အဆက်မပြတ် သွားရလေသည်။
အဖျားက ကြာရှည်နေပြီဖြစ်သဖြင့် ခန္ဓာကိုယ်ကလည်း အားနည်းနေ၏။
ခြေလှမ်းနည်းနည်းလှမ်းရင်တောင် အမောတကောဖြစ်နေသဖြင့် အသုံးမဝင်သည့်လူတစ်ယောက်လို ဖြစ်နေလေသည်။
ထို့ကြောင့် တော်ဝင်သမားတော်က လာကြည့်ပေးပြီး နောက်ခြောက်လလောက် အိပ်ရာထဲ လှဲနေရမည် ဖြစ်ကြောင်း ပြောလိုက်သည်။ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်မို့ ဖြည်းဖြည်းချင်း အချိန်ယူရမည်ဖြစ်သည်။
သခင်မနင်း အဲဒါကို ကြားပြီးနောက် မျက်နှာ ဖြူဖျော့သွားလေသည်။ ထိုကိစ္စများ ဖြစ်ပြီးသွားသောအခါ ဆယ်နှစ်လောက် အိုဇာသွားသလိုပင်။
မဟုတ်လည်း နောက်ဖြစ်မည့် ကိစ္စများ ဖြစ်သည်။
နောက်တစ်နေ့၌ ချန်ကုန်းဝူ စာတစ်စောင် ရရှိလေသည်။
စာထဲတွင် မြို့တော်၏ ဘဏ္ဍာရေးဌာ နလက်ထောက်အမတ်ကြီးမှ နတ်ဆေးဆရာအား ဖိတ်ကြားထားခြင်း ဖြစ်သည်။
အမတ်ကြီးက အလွန်ဉာဏ်ကောင်းသူ ဖြစ်ပြီး နတ်ဆေးဆရာ ပထမဆုံးပေါ်လာသောနေရာက ယုံအန်းဘုရားကျောင်းဟု သူဘယ်နားက ကြားခဲ့မှန်းမသိပေမယ့် ယုံအန်းဘုရားကျောင်းတွင် ဆန်ပြုတ် ဝေပေးခဲ့သော ကျုံးကန်ဖိန်တွင် သဲလွန်စရှိမည်ဟု သူခန့်မှန်းမိသည်။
ကျုံးကန်ဖိန်က စာကိုယူလိုက်ပြီး နတ်ဆေးဆရာနှင့် ဘယ်လိုဆက်သွယ်ရမှန်းမသိဘဲ ချန်ကုန်းဝူကိုသာ ရှာနိုင်လေသည်။
အလှည့်အပြောင်း အကြိမ်များစွာ ဖြစ်ပြီးနောက် နတ်ဆေးဆရာက ဘယ်သူမှန်း မသိရသေးပေ။ လုဟွမ် ချန်ကုန်းဝူဆီမှ စာယူလိုက်ပြီး ဖွင့်ဖတ်လိုက်သည်။ စုရှီသည် စနစ်ဆီမှ အဓိကမစ်ရှင် ၅ ကို ရရှိလေသည်။
" ကျေးဇူးပြု၍ အဓိကမစ်ရှင် ၅ (အခြေခံအဆင့်)ကို လက်ခံပါ: ဘဏ္ဍာရေးဌာန လက်ထောက်အမတ်ကြီးနှင့် ရင်းနှီးအောင်လုပ်ပြီး သူ အယုံကြည်ရဆုံး လက်ထောက်တစ်ယောက် ဖြစ်လာအောင်လုပ်ပါ "
" ဤမစ်ရှင်၏ ခက်ခဲမှုသည် ကြယ် ၃ လုံးဖြစ်သည်။ ရွှေဒင်္ဂါးဆုကြေး +၁ဝဝ ၊ အမှတ်ဆုကြေး +၂"
စုရှီသည် ဆုငွေနည်းသည်ကို မြင်သည့်အခါ မစ်ရှင်က ရိုးရှင်းမှန်းသိလိုက်လေသည်။
အမတ်ကြီး၏ သမီးအငယ်ဆုံးမှာ ကျိုက်ကျိုက်၏ ဆေးအိတ် ဆယ့်သုံးအိတ်ဖြင့် ပြန်လည် ကောင်းမွန်လာခြင်းဖြစ်သည်။ ထိုသမီးအငယ်ဆုံးကို အမတ်ကြီးက အချစ်ဆုံးဖြစ်ပြီး သူ(မ)ပြန်လည် ကောင်းမွန်လာသည့်အတွက် အလွန်ဝမ်းသာလေသည်။
ကျိုက်ကျိုက်က ထွေထွေထူးထူး လုပ်စရာမလိုပေ။ အမတ်ကြီးဆီ သွားတွေ့လိုက်ရုံသာဖြစ်သည်။
စုရှီက အမတ်ကြီး၏ အချက်အလက်ကို ကြည့်လိုက်သောအခါ အမတ်ကြီးက မင်းသားနင်း၏ ပြိုင်ဘက်ဟောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အကြောင်းရင်းမှာ အလွန်ရိုးရှင်းပေသည်။ လွန်ခဲ့တဲ့နှစ်များစွာက မင်းသားနင်းက ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့သမီးကို သဘောကျခဲ့သည်။ ထိုအုပ်ချုပ်ရေးမှူး၏သမီးမှာ မြို့တော်တွင် နာမည်ကြီးပြီး အလှပဂေးစာရင်းဝင်လေ၏။ သို့သော် နောက်ပိုင်းတွင် ထိုအုပ်ချုပ်ရေးမှူး၏သမီးသည် ဘဏ္ဍာရေးဌာန လက်ထောက် အမတ်ကြီး၏ဇနီးဖြစ်လာခဲ့သည်။ မင်းသားနင်းသည် သူ၏အချစ်ပြိုင်ဘက်နှင့် ဆုံရသောအခါ အမျက်ဒေါသ ချောင်းချောင်းထွက်ပြီး မနာလိုဖြစ်လေသည်။
မင်းသားနင်း၏ ကြင်ယာတော်က အမတ်ကြီးဇနီးလောက် မလှသဖြင့် မနာလိုတာဖြစ်သည်။
ရလဒ်အနေနှင့် အိမ်တော်နှစ်ခုက ရန်သူဖြစ် လာကြတော့သည်။
ပြီးခဲ့သည့်နှစ်များတွင် မင်းသားနင်းဖူ ယိုယွင်းကျဆင်းနေချိန်၌ အမတ်ကြီးက အောင်မြင်မှုရရှိနေခဲ့သည်။ မကြာသေးမီက ပထမအဆင့်အမတ်အဖြစ်ရာထူးတိုးလေသည်။ ထိုမျှမကသေးပေ။ သူ၏သမီးအကြီးဆုံးမှာ နန်းတွင်းသို့ အခစားဝင်ရပြီး မင်းကြီး၏ အနှစ်သက်ခံကိုယ်လုပ်တော် ဖြစ်လာလေသည်။
ထို့ကြောင့် နန်းတွင်းထဲတွင် အမတ်ကြီးအား မည်သူကမျှ မလေးမစားမလုပ်ရဲပေ။
အနှစ်ချုပ်ပြောရရင် အမတ်ကြီးက အခု ပထမအဆင့်အရာရှိတစ်ယောက်ဖြစ်ပြီး မင်းသားငါးနှင့် တော်ဝင်ကိုယ်လုပ်တော်၏ ထောက်ပံ့မှုကို ရရှိထားလေသည်။ ဒါကြောင့် မြို့တော်တွင် အာဏာရှိပုဂ္ဂိုလ်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
အမတ်ကြီးသည် ကျိုက်ကျိုက်အား စာထဲတွင် အလွန်အမင်း ကျေးဇူးတင်ထားကာ လေးလေးစားစား ဆက်ဆံလေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ထူးချွန်လှသည့် နတ်ဆေးဆရာဟု အထင်ကြီးလေ၏။
သူ့လိုလူနှင့် ခင်မင်ရသည်က ကျိုက်ကျိုက်အတွက် မဆိုးလှပေ။
ဒါက စုရှီအတွေးသာ ဖြစ်သည်။ စာလက်ခံရရှိသည့် ကျိုက်ကျိုက်က မျက်မှောင်ကြုပ်လိုက်ပြီး စာကို ခေါက်ကာ မီးရှို့လိုက်လေသည်။ သူလည်း စုရှီတွေးသလိုပင် တွေးလိမ့်မည်။
သူသည် ခြံဝင်းသို့ ပြန်လာခဲ့ပြီး အိမ်တွင် ပရမ်းပတာဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ခြံထဲမှ ကြက်နှင့်ကောက်ပဲသီးနှံများကို မြို့ပြင်က ခြံသို့ပို့ရန် တတိယကိုယ်ရံတော်အား မှာခဲ့လေသည်။
ထို့နောက် အဝတ်လဲကာ မျက်နှာအုပ်ပြီး ချိန်းဆိုသည့်နေရာသို့သွားခဲ့သည်။
သူ၏ရိုးသားမှုကို ပြသရန် အမတ်ကြီးက ကျုံးကန်ဖိန်၏အိမ်တော်သို့ အစေခံနဲ့ ကိုယ်ရံတော်တစ်ယောက်မှ မပါဘဲ သွားတွေ့ရန်ဆုံးဖြတ်ခဲ့သည်။
စုရှီသည် ကျိုက်ကျိုက် သွားနေသည်ကို မြင်ရသည့်အခါ လိုက်ချင်ပေမယ့် စခရင်က မပွင့်ပေ။
သူ(မ) ကျုံးကန်ဖိန်၏အိမ်တော်ကို ဖွင့်လို့မရဘူး!
ပြီးတော့ ဖွင့်ဖို့ အခွင့်အရေး မကျန်တော့ဘူး။ မြို့ပြင်က တောထဲမှာ ပွဲကြီးပွဲကောင်းကြည့်ရန် သူ(မ)၏နောက်ဆုံး အခွင့်အရေးကို သုံးလိုက်ပြီဖြစ်သည်!
စနစ်က ပြောလိုက်သည်: "ဘယ်သူက သင့်ကို ကလေးဆန်ခိုင်းလို့လဲ။ သင်က သခင်မနင်း သုံးကြိမ်လောက် တောင်းပန်ပြီး ကိုးကြိမ်ဒူးထောက်တာကို သင့်မျက်လုံးနဲ့ တပ်အပ်မြင်ချင်ခဲ့တာလေ"
စုရှီ " ပါးစပ်ပိတ်ထားစမ်း "
စုရှီ ငိုချင်ပေမယ့် မျက်ရည်မရှိပေ။ သူ(မ) ကျုံးကန်ဖိန်ရဲ့အိမ်တော်မှာ အမတ်ကြီးနဲ့ကျိုက်ကျိုက် စကားပြောတာကို မမြင်နိုင်တော့ပေ။ သူ(မ)အခု လိုင်းပိတ်နေလိုက်ပြီး ကျိုက်ကျိုက် ညနေပြန်လာတာကို စောင့်နေလိုက်တော့သည်။
လိုင်းမပိတ်ခင် ကျိုက်ကျိုက်အခန်းကို ကြည့်လိုက်လေသည်။
သူ(မ) စားပွဲခြေထောက်တစ်ခုရဲ့ အလယ်နေရာ မထင်ရှားသောနေရာတွင် အပေါက်တစ်ခုကို ရှာတွေ့လိုက်ပြီး သေးငယ်သည့်ဗူးတစ်ခု ထွက်လာသည်။
သခင်မကြီး အမိန့်ပေးပြီးကတည်းက ခြံဝင်းနားသို့ ဘယ်သူမှ မလာရဲတာဖြစ်သည်။ ကျိုက်ကျိုက်က သတိထားပြီး ပြုမူလေသည်။ သူတို့ အဆက်အသွယ်လုပ်မှန်း သိသွားမှာ စိတ်ပူလေ၏။ ဒါကြောင့် စာရေးပြီး စားပွဲခြေထောက်မှာ ဝှက်ထားဖို့ ဆုံးဖြတ်လိုက်သည်။ အပြင်ဘက်တွင် သစ်သားပြားတစ်ခု ရှိသေးသည့်အတွက် အလွယ်တကူ ရှာမတွေ့နိုင်ပေ။
ကျိုက်ကျိုက် သိရသည်က သူ(မ)နှင့်ဆက်သွယ်ရာတွင် မေးခွန်းများမေး၍ မနေ့ညက စုတ်တံအား မတူညီသည့်နေရာတွင် ထားလိုက်သည်က ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လိုက်သကဲ့သို့ဖြစ်ပေသည်။ ပြီးတော့ သူ(မ)အား မေးခွန်းတစ်ရာ မေးရန် မစောင့်နိုင်တော့ပေ။ ဒါပေမဲ့ သူ့သိက္ခာကို ထိန်းသိမ်းသည့်အနေဖြင့် မေးခွန်းအများကြီး မမေးတော့ပေ။
ဒီတစ်ခေါက် သေတ္တာထဲမှ စာရွက်တွင် မေးခွန်းနှစ်ခုသာ တွေ့ရလေသည်။
" ကတိပေးထားတဲ့အတိုင်း လုဝမ်ရှို့ကို ကယ်လိုက်ပြီ။ ငါ အဲ့လို မဖြစ်ချင်ပေမယ့်လို့ မင်းပျော်တယ် ဆိုရင် ရပါပြီ။ မင်းပျော်တယ်ဆိုရင် စုတ်တံကို မှင်တုံးရဲ့ ဘယ်ဘက်ခြမ်းမှာ တင်ခဲ့လိုက် "
စုရှီရဲ့နှလုံးသားထဲတွင် ကျိုက်ကျိုက်က သူ(မ)ရဲ့ပျော်ရွှင်မှုကို ဂရုစိုက်သည်ကို သိရသည့်အခါ အံ့အားသင့် သွားလေသည်။ ဒါ ဟုတ်တယ်မလား။ ဒါမှမဟုတ် ကျိုက်ကျိုက်က ချီးကျူးခံချင်တာလား။
ကျိုက်ကျိုက် စတုတ္ထကိုယ်လုပ်တော်၏သမီးအား ချောင်းထဲမှ ကယ်ခဲ့သည့်နေ့ကို စုရှီပြန်တွေးမိသွား၏။ ဒါပေမဲ့ သူချီးကျူးမှု မရရှိခဲ့ပေမယ့် သူ့မျက်နှာအမူအရာတစ်ချက်ပျက်မသွားပေ။ သူ မျက်မှောင်ကြုပ်၍ သုန်မှုန်ကာ ခြံဝင်းအတွင်းသို့ တစ်ယောက်တည်းပြန်လာခဲ့၏။
…ဟုတ်တယ် သူ ငယ်ငယ်တည်းက ဘာလုပ်လုပ် လုယီအန်းနဲ့ လုဝမ်ရှို့တို့ထက် အဆတစ်ရာ ထူးချွန်ပေမယ့် ဘယ်သူကမှ သူ့ကို မချီးကျူးကြဘူး!
စုရှီ ထိုအကြောင်းကို စဉ်းစားမိသဖြင့် သည်းမခံနိုင်တော့ပေ။ သူ(မ) ကျိုက်ကျိုက်ခုံပေါ်က စုတ်တံအားလုံးကို ယူလိုက်ပြီး မှင်တုံး၏ဘယ်ဘက်တွင် ထားလိုက်၏။ ပြီးတော့ ဆိုင်မှ စုတ်တံများကို ဝယ်လိုက်ပြီး စာရွက်နဲ့မှင်တုံး၏ဘယ်ဘက်တွင် အားလုံးကို ထားလိုက်လေသည်။
စုစုပေါင်း စုတ်တံ ဆယ့်နှစ်ချောင်းရှိလေသည်။
ပျော်တယ်ဟေ့ ပျော်တယ် ပျော်တယ်! ပျော်တယ် × ၁၂ !
ပြဿနာက ဒုတိယမြောက်စာကြောင်းဖြစ်သည်။
" ဒီမေးခွန်းက ခက်တယ်ဆိုရင် မင်းမဖြေနဲ့။ တကယ်လို့ ငါ မှန်းတာ မမှားဘူးဆိုရင် မင်း ဖတ်ပြီးတော့ ရေးနိုင်တယ်။ မင်း ငါနဲ့ဆက်သွယ်ချင်တယ် ဒါပေမဲ့ တချို့ အကြောင်းပြချက်ကြောင့် မင်း ငါ့ကို ပြန်ဖြေတဲ့အခါမှာ စကားလုံးတွေချန်ခဲ့လို့ မရတာ ဟုတ်တယ်မလား"
ဒီစာက ကျိုက်ကျိုက် မနက်တုန်းက ရေးခဲ့တာဖြစ်မည်။ သူ့လက်ရေးက အလွန်နှေးကွေးနေပြီး စကားလုံးတစ်လုံးချင်းကို ချင့်ချိန်၍ စဉ်းစားရေးနေတာဖြစ်ရမည်။
စုရှီ ထိုစာကိုတွေ့သည့်အခါ မျက်ခုံးပင့်မိသွားသည်။
…ကျိုက်ကျိုက် ပြောတာမှန်တယ်! ဒီလိုမျိုးလုပ် လှုံ့ဆော်မှုတစ်ခုကတောင် စုရှီကို တုန်လှုပ်စေ၏။