Chapter 26
Vol. 3 Ch. 26
စုရှီ ဒီမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိတော့ပေ။
သူ(မ)အတွေးထဲတွင် ဂိမ်းဇာတ်ကောင်က သူ(မ)သည် ဂိမ်းဇာတ်ကောင်တစ်ခုသာဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ ဒီလို ပုံစံမျိုးက ပြည်တွင်းရုပ်ရှင်တွေထဲက အချစ်ဇာတ်လမ်းဇာတ်ကွက်တွေ ဆိုပေမယ့် U.S. မှာတော့ ကမ္ဘာပျက်ကိန်း ရုပ်ရှင်ပဲဟေ့!
အမှန်တကယ်တွင် ဂိမ်းရဲ့စနစ်က ပိုတော်နေပြီး ကျိုက်ကျိုက်ကို တကယ့်လက်တွေ့ကမ္ဘာရဲ့အတွေးမျိုး ဝင်စေသည်။ ဂိမ်းရဲ့ ဒီအဆင့်မှာ ဇာတ်ကောင်က ဒီလိုမေးခွန်းမေးခဲ့သည်။
ထို့အပြင် ကျိုက်ကျိုက်ရဲ့ခန့်မှန်းချက်က အလွန်အကျိုးသင့်ပေသည်။ အဆုံးမှာတော့ သူ(မ)က ကျိုက်ကျိုက်နဲ့ အဆင်ပြေပြေဆက်သွယ်နိုင်သော်ငြား စကားလုံးတစ်လုံးမှ ချန်ထားခဲ့လို့မရပေ။
သူ(မ)က “မဟုတ်ဘူး” ဆိုရင် သေချာပေါက် ကျိုက်ကျိုက် ဝမ်းနည်းလိမ့်မည်။ သူ(မ)သာ ဖြေဖို့အတွက် အခြားအကြောင်းပြချက်မရှိခဲ့ရင် ဘာလို့ သူ(မ)က သူ့ကို အကြာကြီးစကားမပြောဘဲ နေနေရတာလဲ။
ခဏလောက်စဥ်းစားပြီးနောက် စုရှီက စားပွဲပေါ်ရှိစာအုပ်ကို မှောက်လိုက်ပြီး “ဟုတ်တယ်” ဟုဖြေလိုက်လေသည်။
ဖြေပြီးနောက် စုရှီက ကျိုက်ကျိုက်ပြန်မလာခင် လိုင်းဆင်းလိုက်လေသည်။
အရင်က သူ(မ) ဆယ်မှတ်ထပ်တိုးတိုင်း ကံကောင်းခြင်း (ခိုအီ) ငါးတစ်ကောင်နှင့် လဲလှယ်နိုင်သည်ဟု စနစ်က ပြောခဲ့ဖူးသည်။ ပထမတစ်ကြိမ်က သူ(မ) ယွမ်သုံးမီလီယမ် ထီပေါက်ခဲ့သည်။
ဒုတိယတစ်ကြိမ်တွင် အဖေစုနှင့်အမေစုတို့ရဲ့စက်ရုံလေးသည် ပြန်လည်လည်ပတ်နိုင်ခဲ့ပြီ။ စုရှီက ဒီလိုကံကောင်းမှုတွေ ဆက်တိုက်ဖြစ်နေရခြင်းက ကံကောင်းခြင်းငါးကြောင့်လို့ ခံစားရသည်။
ယခု သူ(မ)တွင် နောက်ထပ်ကံကောင်းခြင်းငါးအတွက် အမှတ်သုံးဆယ်ပြည့်ရန် နှစ်ဆယ့်ငါးမှတ် ရှိနေပြီဖြစ်သည်။ ဒီတစ်ခေါက်တွင် မည်သို့သော ကံကောင်းခြင်းမျိုးဖြစ်မည်ကို သူ(မ)မသိပေ။
စဥ်းစားရင်း စုရှီ အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူ(မ)ဖုန်း ရုတ်တရက်မြည်လာပြီး အဖေစုထံမှ ခေါ်လာခြင်းဖြစ်သည်။
အရင်က အဖေစု နှင့် အမေစုတို့သည် အိမ်များကို လိုက်လံရှာဖွေနေကြပြီး နောက်ဆုံးကြည့်ခဲ့သောအိမ်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပုံရ၏။ သူတို့က စုရှီကို အိမ်မှာ ချိုင်းထောက်ပြင်ဆင်ထားပေးပြီး အတူတူ အိမ်ကြည့်ရန် ပြန်လာမည်ကိုစောင့်နေဖို့ ပြောလိုက်သည်။ စုရှီက နောက်အပတ် တနင်္လာနေ့တွင် ကျောင်းပြန်တက်ရမည်ဖြစ်ပြီး ထိုအခွင့်အရေးကို အရယူကာ ကျောင်းပြန်မတက်ရခင် အိမ်လိုက်ကြည့်စေချင်သည်။
အဖေစုမှာ ဖုန်းပြောနေရင်းနှင့်ပင် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။ အိမ်အသစ် ဘယ်လောက်ကောင်းကြောင်းကိုသာ ဆက်တိုက်ပြောနေလေသည်။ နှစ်သစ်ကူးပြီးသည်နှင့် ဤအိမ်မှ ပြောင်းရမည်ကို နှမြောနေမိသည်။ ပြောင်းရန်အချိန်အနည်းငယ်ကျန်သေးသည့်အတွက် ချက်ချင်းပြောင်းရန် မလိုပေ။
စုရှီ၏နှလုံးခုန်နှုန်းမှာ ဒရမ်တီးနေသကဲ့သို့ ခုန်နေလေသည်။ သူ(မ) အိမ်အသစ်ကို မြင်ရန် မစောင့်နိုင်တော့ပေ။
နေ့လည်ခင်းတွင် အဖေစု နှင့် အမေစုတို့က အိမ်ကြည့်ရန် စုရှီကို ခေါ်သွားလေသည်။ ယခင်က သူတို့မိသားစုသုံးယောက်သည် အိပ်ခန်းနှစ်ခန်းသာပါသည့်အိမ်တွင် နေခဲ့ပြီး အလွန်သေးငယ်၍ စုရှီ၏ကျောင်းနှင့်လည်း ဝေးသည့်အပြင် အသံလည်းမလုံပေ။
သို့သော် ယခုအိမ်အသစ်သည် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါသည့်အပြင် အိပ်ခန်းကြီးတွင် ကျယ်ဝန်းသည့်အဝတ်လဲခန်းလည်း ရှိလေသည်။ စုရှီ အတွက်လည်း သူ(မ)၏ကိုယ်ပိုင်အခန်းနှင့် စာကြည့်ခန်းလည်းရှိလေသည်။ စုရှီသည်ပင် အထက်တန်းတတိယနှစ် ရောက်တော့မည်ဖြစ်သည်။ စုရှီ၏အဖေနှင့် အမေတို့က သူ(မ)အား ကျောင်းစာတွင်သာ အာရုံစိုက်စေချင်သည်။
စုရှီက အခန်းထဲရှိ လက်ရာမြောက်အပြင်အဆင်များကို ကြည့်ရင်း ပျော်လွန်း၍ မျက်ရည်ကျမတတ်ပင်။ ဒါကြောင့် ကျိုက်ကျိုက်ကို ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်! အနာဂတ်မှာ ငါကပ်စေးနည်းနေလို့ မဖြစ်ဘူး။ ငါ သုံးနိုင်သလောက် ပိုက်ဆံများများ သုံးရမယ်!
သူ(မ) ညဘက်ဂိမ်းထဲသို့ ဝင်သောအခါ သူ(မ) ကျုံးကန်ဖိန် အိမ်သို့သွားသည့် ကျိုက်ကျိုက်နောက် မလိုက်နိုင်သော်လည်း ကျိုက်ကျိုက်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့ကြားစကားဝိုင်းကို တွေ့ရလေသည်။
ထို့နောက် စနစ်မှ မက်ဆေ့ချ်အချို့ဝင်လာပြီး အဓိကအချက်များကို ပြောပြလေသည်။
[“အခု မြို့တော်မှာ အအေးမိရောဂါတစ်ခုဖြစ်ပွားနေပြီး လူအများကြီး ဖျားနာနေကြတယ်။ ဒါက ဆီးနှင်းဒဏ်ရဲ့ အကြီးမားဆုံးသက်ရောက်မှုတော့ မဟုတ်သေးဘူး”]
[“မြို့တော်မှာထက် အခြားနေရာတွေက ဒီနှစ် ဆိုးရွားတဲ့ နှင်းမုန်တိုင်းဒဏ်ကို ယန် တိုင်းပြည်တစ်ခုလုံး ခံစားနေရတယ်။ လူတွေ မရေမတွက်နိုင်လောက်အောင် ငတ်မွတ်ခေါင်းပါးပြီး သေကြေနေကြတယ်။ အစာရေ စာရှားပါးမှုကြောင့် ရွေးစရာမရှိတဲ့အဆုံး သစ်ခေါက်တွေကိုသာ စားနေကြရတယ်။ မြို့တော်ရဲ့ မြောက်ပိုင်းကတစ်နေရာမှာ စားဖို့လောက်အထိ သန့်ရှင်းတဲ့ သစ်ခေါက်တွေ ရှိတယ်။ ဒါကြောင့် နန်းတော်က အအေးဒဏ်နဲ့ ရောဂါကို အစိုးရိမ်ဆုံးမဟုတ်ဘူး။ ဒါပေမဲ့ နှင်းမုန်တိုင်းကြောင့် အစာရေစာ ရှားပါးလာမှာကိုပဲ ပိုပြီးစိုးရိမ်နေကြတာ။”]
["ဒါတွေသာ ဆက်တိုက်ဖြစ်နေပြီး ဆောင်းရာသီတိုင်း နှင်းမုန်တိုင်းကိုသာ မဖြေရှင်းနိုင်ဘူးဆိုရင် ယန်တိုင်းပြည်ရဲ့ စစ်တပ်အင်အား တဖြည်းဖြည်းချင်း အားနည်းလာမှာကို စိုးရိမ်မိတယ်။ အိမ်နီးချင်း နိုင်ငံတွေကလည်း အဆက်မပြတ် စောင့်ကြည့်နေပြီး အနှေးနဲ့ အမြန်ဆိုသလို စစ်သည်အင်အားနဲ့ ဝင်ရောက်ကျူးကျော်လာကြလိမ့်မယ်"]
["အဲဒါကြောင့် စိုက်ပျိုးရေး ထုတ်ကုန်တွေ ပိုပြီးတိုးတက်လာဖို့နဲ့ လူတွေအတွက် အစာဖူလုံစေဖို့ နည်းလမ်းတစ်ခုဖြစ်ဖြစ် မရှိဘူးလား"]
မြို့တော်တွင် အသက်ငယ်ငယ်နှင့် ထက်မြက်လှသည့် နတ်ဆေးဆရာသည် နတ်ဘုရားတစ်ပါးဟုပင် ကောလဟာလများ ရှိနေလေသည်။ နန်းတွင်းရှိ သမားတော်များပင် ဖျားနာရောဂါကို မကုသနိုင်ချိန် ထိုနတ်ဆေးဆရာက အလွယ်တကူ ကုသနိုင်ခဲ့ပေသည်။ ထို့ကြောင့် နန်းတော်ဝန်ကြီးများ၏အမြင်တွင် ဤလူငယ်သည် နတ်ဆေးသမားတော်၏ တပည့်တစ်ဦးဖြစ်ရမည်ဟု ထင်နေကြလေသည်။ မဟုတ်လျှင် အသက်ငယ်ငယ်လေးနှင့် ယခုကဲ့သို့ ပညာများရှိနေပါမည်နည်း! ထို့ကြောင့် စကားပြောနေစဉ်တွင် သူတို့သည် တိုင်းပြည်နှင့်ပြည်သူများနဲ့သက်ဆိုင်သောခေါင်းစဥ်များကိုသာ ပြောဆိုနေခဲ့ကြသည်။
ဒီဘဏ္ဍာရေးဝန်ကြီးသည် ဗိုက်ရွှဲသူ တစ်ယောက်ဖြစ်ပြီး အကြီးဆုံးသမီး ဖြစ်သော တော်ဝင်ကိုယ်လုပ်တော်နှင့် ပဉ္စမမြောက်မင်းသားကို အားကိုး၍ မြို့တော်ထဲတွင် သူလိုချင်သမျှ အားလုံးကို ရနိုင်ပေသည်။ သူက တကယ်တော့ သစ္စာရှိပြီး မျိုးချစ်စိတ်ရှိ၍ လူများအတွက် အားကိုးရသူဖြစ်သည်။ ရမ္မက်စိတ်များနှင့်သာ ပြည့်နေသော မင်းသားနင်းလို လူမျိုးနှင့် ယှဥ်စရာအကြောင်းပင် မရှိချေ။
ထို့ပြင် ပဉ္စမမြောက်မင်းသားသည် စကားပြောနေစဉ်တွင် နောက်ကွယ်မှာ ရှိနေလေသည်။
“ပဉ္စမမြောက်မင်းသားလား” ဟု စုရှီ မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဟုတ်တယ်” ဟု စနစ်က မြို့တော်၏လက်ရှိ အင်အားကြီးသူများစာရင်းကို ပြလိုက်သည်။
လက်ရှိ နန်းတော်တွင် အင်အားကြီးသည့်မင်းသား စုစုပေါင်းလေးပါး ရှိသည်။ အဲဒါက အိမ်ရှေ့မင်းသား ၊ ဒုတိယမင်းသား ၊ တတိယမင်းသား နှင့် ပဉ္စမမင်းသားတို့ပင် ဖြစ်သည်။
အိမ်ရှေ့စံမင်းသားသည် အသက် ၃၄ နှစ်ရှိပြီဖြစ်ကာ သစ္စာရှိ ရိုးသားသော်ငြား သတ္တိနည်းသူဖြစ်သည်။ ပြီးတော့ အိမ်ရှေ့စံဘက်မှာ မိဖုရားခေါင်ကြီးနှင့် သူ့ဆွေမျိုးများဖြစ်သည်။
ဒုတိယမင်းသားသည် အသက် ၂၂ နှစ်ရှိပြီး အေးအေးဆေးဆေး နေတတ်ကာ ကျော်ကြားလိုခြင်းလည်း မရှိပေ။ သူက မည်သည့်အရာကိုမျှ ပြိုင်ဆိုင်လိုခြင်းမရှိဘဲ သူ၏ပုံရိပ်ကိုသာ ဂရုစိုက်တတ်သူဖြစ်သည်။ စစ်သူကြီးကျန့်ယွမ် နှင့် မင်းသား နင်းဖူတို့က သူ့ဘက်တော်သားများဖြစ်သည်။
တတိယမြောက်မင်းသားမှာ အသက် ၁၈ နှစ်ရှိပြီး မကောင်းသတင်းဖြင့် ကျော်ကြားသူဖြစ်သည်။ သူက တစ်ခါတစ်ရံ မကောင်းသော နေရာဖြစ်သည့် ဆောင်ကြာမြိုင်များသို့ပင် သွားတတ်ကာ အခြား အပျော်အပါး လိုက်စားသော မင်းသားများနှင့် မထူးမခြားနားဟုပင် ကောလဟာလများ ရှိလေသည်။ မည်သို့ပင်ဖြစ်စေ တတိယမြောက်မင်းသားအား သူ၏ပင်ကိုယ်စရိုက်အမှန်ကို ထုတ်ပြသူဟုယူဆကာ ဧကရာဇ်ထံမှ သဘောကျမှု ရထားသူဖြစ်သည်။ ထို့ကြောင့် နန်းတော်အတွင်းတွင် သူ့အားထောက်ခံသူတစ်စုရှိလေသည်။
ပဉ္စမမြောက်မင်းသားသည် အသက် ၁၇ နှစ်သာရှိသေးသော်လည်း ကောလဟာလများအရ မင်းသားများထဲတွင် ကောင်းသတင်းဖြင့် ကျော်ကြားသူဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ရောဂါကူးစက်မှုများကို ကယ်ဆယ်မှုများပြုလုပ်ခဲ့ပြီး မြစ်ကြောင်းများ သွားလာရေးလွယ်ကူရန်အတွက် တူးဖော်ပေးခဲ့သည်။ မည်မျှပင် ကြိုးစားစေကာမူ တချို့မသိနိုင်သည့် အကြောင်းပြချက်များကြောင့် ဧကရာဇ်၏ ထောက်ခံမှုကို မရရှိပေ။
မင်းသားများနှင့် မင်းသမီးများ၏ ပုံရိပ်များသည် စုရှီရဲ့အင်တာဖေ့စ်ပေါ်တွင် ပေါ်လာလေသည်။ နောက်ဆုံးမင်းသားဖြစ်သည့် ကိုးယောက်မြောက်မင်းသားတွင် မီးခိုးရောင်ပုံရိပ်သာရှိလေသည်။
စုရှီ ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားကာ ကိုးယောက်မြောက်မင်းသား၏ အချက်အလက်ကို နှိပ်လိုက်လေသည်။
[အရှေ့နန်းဆောင်အိမ်ရှေ့စံမင်းသားထက် အသက် ၂ဝ ပိုငယ်ကာ သူ့အား မမွေးရသေးခင်ပင် သေဆုံး။ အခြားအချက်အလက်: မရှိ]
...ဒါဆို ကျိုက်ကျိုက်က ကိုးယောက်မြောက်မင်းသား ဖြစ်နိုင်မလား။
ဒါက စုရှီ၏ အတွေးသာ ဖြစ်သည်။ သို့သော် ဂိမ်း၏ ဇာတ်ကွက်များ အကုန်မပေါ်သေးသည့်အတွက် သူ(မ) မသေချာသေးပေ။ ထို့ကြောင့် ဇာတ်ကောင်မင်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ခဏ ပိတ်လိုက်လေသည်။
ကျိုက်ကျိုက်တစ်ယောက် ဘဏ္ဍာရေးဝန်ကြီးဆီမှ သစ်သားအိမ်သို့ ပြန်လာလေသည်။ သူ ဝါးတောလေးကို ဖြတ်လာရင်း အတွေးထဲနစ်မျောနေခဲ့သည်။ မျက်ခုံးများ တွန့်ချိုးနေကာ သူ့လက်သေးသေးလေးများကို နောက်ကျောသို့ ပို့ထားလေသည်။ ခြေထောက်တိုတိုလေးများမှာ ခြေလှမ်းကျဲကျဲဖြင့် လှမ်းနေပြီး ဘဏ္ဍာရေးဝန်ကြီးပြောခဲ့သည့် နှင်းမုန်တိုင်းကြောင့် ပြည်သူများ အစာရေစာရှားမှုအကြောင်းကို စဥ်းစားနေလေသည်။
စုရှီ သူ့ကို မြင်တိုင်း သူ(မ)နှလုံးသားလေး ပိုမိုနူးညံ့လာလေသည်။ သူ၏ မျက်နှာဖောင်းဖောင်းလေးကို သူ(မ)ထိချင်လာသည်။ သို့သော် မက်ဆေ့ချ်နှစ်စောင်က ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
“အဓိကမစ်ရှင် ၅ ကို (အခြေခံအဆင့်) ပြီးမြောက်မှုအတွက် ဂုဏ်ယူပါတယ်: ဘဏ္ဍာရေးဝန်ကြီးနဲ့ မိတ်ဆွေဖြစ်အောင်လုပ်ဆောင်ပါ! ဆုငွေအဖြစ် ရွှေဒဂါး +၁ဝဝကို ရယူလိုက်ပါ။ အမှတ် ဆုကြေး +၂ကိုရယူလိုက်ပါ”
ဒီမစ်ရှင်က တော်တော်ကို လွယ်တာပဲ။ သူတို့ကို တွေ့ရုံနဲ့ လုံလောက်နေပြီ။
စဉ်းစားကြည့်မှ ကျိုက်ကျိုက်ရဲ့အရည်အချင်းနဲ့ဆို ဒီနေ့ဆွေးနွေးမှုက ဘဏ္ဍာရေးဝန်ကြီးနဲ့ ပဉ္စမြောက်မင်းသားရဲ့ ချီးကျူးမှုနဲ့သဘောကျမှုကို ရပြီးပြီ။
စုရှီမှာ မစ်ရှင်အသစ်နှင့် အမှတ် ၂၇ မှတ် ရရှိသည့်အတွက် ပျော်ရွှင်နေလေသည်။
“ကျေးဇူးပြု၍ အဓိက မစ်ရှင် ၆ (အခြေခံအဆင့်) ကို လက်ခံပါ: ငတ်မွတ်ခေါင်းပါးမှုကို စီစဉ်ပါ၊ လူများကို ဝေမျှပါ ၊ မြို့တော်တွင် ကျော်ကြားအောင် ပြုလုပ်ပါ ၊ "အမည်မသိ နတ်ဘုရားကုန်သည်ကြီး"ဟူသည့် ဂုဏ်ပုဒ်ကို ရယူပြီးတော့ ဧကရာဇ်၏အာရုံစိုက်မှုကို ရယူပါ”
“ဤမစ်ရှင်၏ ခက်ခဲမှုသည် ကြယ်ကိုးလုံး ဖြစ်သည်။ ဆုငွေအဖြစ် ရွှေဒဂါး ၁ဝဝဝ ဖြစ်သည်။ ဆုအမှတ်အဖြစ် ၁ဝ မှတ်ဖြစ်သည်”
ယခု မစ်ရှင်က ၂ဝဝဝ ကီလိုဂရမ်ထုတ်လုပ်ရန်နှင့် ဒင်္ဂါး ၁၃ဝဝဝ ဝင်ငွေရအောင် ကြိုးစားခိုင်းသည့် ဒုတိယမစ်ရှင်နှင့်အပြိုင် အခုလက်ခံရရှိသောတာဝန်များထဲတွင် အခက်ခဲဆုံးဖြစ်သည်။ ထို့ပြင် တစ်ချက်တည်း ဧကရာဇ်၏အာရုံစိုက်မှုကို ရယူရမည်။ ဆိုလိုသည်မှာ လေပြည်အပြီး မုန်တိုင်းလာတော့မည်ဖြစ်သည်။
စုရှီသည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး အနည်းငယ် စိုးရိမ်နေပြန်သည်။ မနေနိုင်သည့်အဆုံး ရေနည်းနည်းသောက်လိုက်လေသည်။
စခရင်မ်ပေါ်တွင် ကျိုက်ကျိုက်သည် အိမ်သို့ပင် ပြန်ရောက်နေပြီဖြစ်သည်။
လုဟွမ်ပထမဆုံးမြင်လိုက်ရသောအရာက ရှုပ်ပွနေသော စာရေးစုတ်တံ ၁၂ ချောင်းကို မှင်တုံးဘေးတွင် တွေ့လိုက်ရသည်။
သူ ခဏတာ မှင်သက်သွားသည်။ ထို့နောက် သူ့ရဲ့မထူးခြားသော အမှုအရာက အရည်ပျော်ကျသွားပြီး သူ့မျက်လုံးများတွင် အပြုံးရေးရေးတစ်ခုပေါ်လာလေသည်။
... ... “ဆိုလိုတာက သူ ရာခိုင်နှုန်း ၁၂ဝ လောက် ပျော်တာလား”
ပထမတော့ လုဟွမ်က ထိုသူသည် ဖုံးကွယ်ချင်သည့်ရည်ရွယ်ချက်ရှိပြီး သတိဝီရိယရှိသူဟု ထင်ခဲ့သည်။ နောက်တွင် ထိုသူက အဆင့်အတန်းမြင့်တစ်ခုမှဖြစ်ကာ အလွန်ပင် နက်နဲသည်ဟု ထင်လာလေသည်။ သူအမြဲ ထိုသူကို သတိဖြင့် ဆက်ဆံတတ်သည်။
သို့သော် သူ ထိုသူနဲ့ ပို၍ဆက်ဆံလေလေ ထိုသူက သွက်လက်ပြီး ဖြူစင်ကာ ရိုးသားသူဖြစ်ကြောင်း တဖြည်းဖြည်း ခံစားလာရသည်။
ဤကဲ့သို့ နားလည်လာမှုက ပေါင်းသင်းရလွယ်သောမိတ်ဆွေကဲ့သို့ပင်။ ထိုခံစားချက်သာ အပေါက်တစ်ခုအဖြစ် လုဟွမ်၏အေးခဲနေသော နှလုံးသားအား တဖြည်းဖြည်း အရည်ပျော်စေကာ သူနှင့်ထိုသူ နှစ်ယောက်သာသိသည့် လျှို့ဝှက်ချက် ဖြစ်လာလေသည်။ ထိုအရာက အခြားသူများနှင့်သူ အတူရှိချိန် အေးစက်မှုနှင့် စိတ်မဝင်စားခြင်းစသည့် အချို့သော ပုံမှန်စိတ်ခံစားချက်များကိုပါ ဖုံးသွားလေသည်။
... ...ပျော်ရွှင်မှု ၊ ဒေါသ ၊ ဝမ်းနည်းခြင်း နှင့် ပျော်ရွှင်ခြင်း။ သူ ထိုအရာများကို တဖြည်းဖြည်းခံစားလာရသည်။
ထိုသူက ပထမဆုံးမေးခွန်းနှစ်ခုကို ဖြေခဲ့သည်။
ထိုသူ ဒုတိယမေးခွန်းကို ဖြေခဲ့သည်က-- -- "ဟုတ်တယ်"
လုဟွမ် မျက်မှောင်ကြုပ် မိလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း အသေအချာပင်။ ထိုသူက တချို့အကြောင်းကြောင့် စကားတစ်လုံး နှစ်လုံးထက် ပိုပြီး ချန်ခဲ့၍ မရပေ။
ဒါဆို အကြောင်းပြချက်က ဘာလဲ။
သူ သေချာစဥ်းစားနေခဲ့သည်။ သူ စုတ်တံကိုကိုင်၍ စာရေးမည်လုပ်နေစဥ် သုံးယောက်မြောက် ကိုယ်ရံတော်သည် သစ်သားအိမ် အပြင်ဘက်မှ ဝင်လာလေသည်။ သူတို့သုံးဦးသည် အအေးဒဏ်ခံနိုင်သော စင်နှင့် အခြားအရာများကို သူညွှန်ကြားထားသည့်ပုံစံအတိုင်း ဆောက်ပြီးကြပြီ ဖြစ်သည်။ အလုပ်သမားဝူသည်လည်း ခြံကိုရှင်းလင်းပြီးဖြစ်ကာ ယခုဆိုလျှင် ပိတ်နေသည့်နှင်းများ မရှိတော့ချေ။
လုဟွမ်က ဒီညတွင် ခြံသို့သွား၍ မည်သို့မည်ပုံ စီစဥ်ကာ လူသုံးယောက်ကို ညွှန်ကြားချက်များ ပေးရန် မေးလာလေသည်။
လုဟွမ်၏ အတွေးစ ပြတ်သွားကာ စာရေးစုတ်တံကို ချလိုက်ပြီး ညအချိန်တွင် အပြင်သို့ ထွက်သွားလေသည်။
စုရှီသည်လည်း ခြံမည်သို့ ဖြစ်နေမည်ကို မြင်ချင်သည့်အတွက် ကျိုက်ကျိုက်နောက်သို့ လိုက်သွားလေသည်။
တောင်စောင်းရှိ နှင်းများ မရှိတော့သည်ကို မြင်လိုက်ရသည်။ ဒါက လုံးဝ ပြောင်းလဲမှုကြီးပဲ!
ကျိုက်ကျိုက်က ခြံထဲတွင် သစ်သားအိမ်လေး တစ်အိမ်ဆောက်ရန် လူများ ငှားရမ်းထားလေသည်။ ဒီလိုမှ နောက်ပိုင်းတွင် ချန်ကုန်းဝူလည်း သက်တောင့်သက်သာနဲ့ ညဘက် ကင်းစောင့်လို့ရမှာ! ထိုအိမ်လေးတွင် လက်ဖက်ရည်၊ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး နှင့် ကုလားထိုင်များ ပါရှိလေသည်။ အရာအားလုံးရှိနေပြီဖြစ်သည်။
အအေးဒဏ်ခံစင်၊ ကြက်ဖများ၊ ကြက်မများ နှင့် ကောက်ပဲသီးနှံများသည် အစတည်းက ကျိုက်ကျိုက်၏ဝင်းမှ ခြံတွင်းသို့ ရွှေ့ထားပြီးဖြစ်သည်။ ဒီလိုနည်းနဲ့ ခြံကို ဒီနေ့ကစပြီး လည်ပတ်နိုင်တော့မှာပေါ့!
ကျိုက်ကျိုက် ကုတ်ခြစ်စုဆောင်းပြီးမှ စီးပွားရေး စတင်မည့် ပထဆုံးခြေလှမ်းကို စုရှီ ကူကယ်ရာမဲ့စွာ ကြည့်နေပြီး အရမ်းစိတ်လှုပ်ရှားနေလေသည်။
သူ(မ) ဖုန်းစခရင်မ်ရှိ အအေးဒဏ်ခံစင်မှ ခြံထဲရှိ အိမ်ထဲသို့ ပြောင်းလိုက်ပြီး ကျိုက်ကျိုက်ကို တစ်လနီးပါးလုံး အဖော်ပြုပေးခဲ့သည့် ကြက်များကို ကြည့်နေခဲ့သည်။ ကြက်များက အလွန်နည်းနေလေသည်။
သူ(မ) ကျိုက်ကျိုက်ကို လက်ဆောင်အကြီးကြီး တစ်ခုပေးချင်သည်။
သူ(မ) ဈေးဝယ်စင်တာကို ဖွင့်လိုက်၏။
တစ်ခြားဖက်တွင် ချန်ကုန်းဝူနှင့် ကိုယ်ရံတော်သုံးတို့မှာ တတိယ သခင်လေး လာမည်ဆိုသည့်အတွက် စိတ်လှုပ်ရှားနေကြသည်။ အဆုံးတွင် သုံးယောက်မြောက်သခင်လေးသည် သူတို့၏ကျောရိုးပင်ဖြစ်သည်။ တခြားသော ကိစ္စများအတွက်လည်း သူ့စကားကို နားထောင်ကြရမည်။ ထို့ကြောင့် လူကြီးတစ်ယောက်နှင့်လူငယ်တစ်ယောက် ခြံဝင်ပေါက်ဆီသို့ပြေးသွားကာ ကြိုဆိုရန် အသင့်ပြင်နေကြလေသည်။
လုဟွမ်နှင့် ကိုယ်ရံတော်သုံး ရောက်လာချိန်တွင် သူတို့က အထဲသို့တည့်တည့်ဝင်သွားကြလေသည်။
ကိုယ်ရံတော် သုံး သည် စကားများသူဖြစ်သည်။ လမ်းတစ်လျှောက်လုံး သူပင် ဒိုင်ခံပြောပြီး စုရှီ၏အင်တာဖေ့စ်တွင် မက်ဆေ့ခ်ျများတောက်လျှောက်ပေါ်လာလေသည်။
ကျိုက်ကျိုက် အနည်းငယ် မျက်မှောင်ကြုပ်လိုက်မိသည်။
သူတို့ လေးယောက်လုံး ခြံထဲရှိအိမ်သို့ လမ်းလျှောက်နေရင်း သူတို့ဘေးရှိအအေးဒဏ်ခံစင်ဆီမှ ဆူညံသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ထို့နောက် လေတစ်ချက်တိုက်သွားပြီး မရေမတွက်နိုင်သောကြက်မွှေးများက ကောင်းကင်နှင့် ကမ္ဘာကို ဖုံးသွားသယောင်ပင်။
ဤကဲ့သို့ ဖြစ်ရပ်မျိုးက ညနေပိုင်းတွင် အံ့ဖွယ်မြင်ကွင်းပင် ဖြစ်သည်။ နေဝင်ချိန်နှင့်ဆန့်ကျင်လျက် ကြက်များ၏ အမွှေးများက နှင်းများကဲ့သို့ လေထဲတွင် ဖြန့်ကျက်လျက်ရှိနေသည်။
ချန်ကုန်းဝူ အံ့သြကာ စစ်ဆေးရန် အပြေးသွားလိုက်လေသည်။ သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာကာ, "ကြက်ခြံထဲမှာ ကြက်တွေအများကြီးပဲ...အနည်းဆုံး အနည်းဆုံး နှစ်ရာ သုံးရာလောက် ရှိတယ်!"
ကိုယ်ရံတော်သုံးနှင့် ဆရာဒင်းတို့လည်း ပြေးပြီး ကြည့်ကြလေသည်။ သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မေးရိုးများအောက်ပြုတ်ကျမတတ်ပင်။
"အိုး မိုင် ဂေါ့!"
ဘာတွေဖြစ်ကုန်တာလဲ။ သူတို့ တတိယသခင်လေးကိုကြိုဖို့ ခဏလေးထွက်သွားတာလေ။ ခဏလေးမှာ ကြက် ၂၆ ကောင်ကနေ ၂ဝဝ ၊ ၃ဝဝ ဖြစ်သွားတယ်!
သူတို့အံ့သြလွန်းသဖြင့် ဘာလုပ်ရမှန်းပင် မသိတော့ချေ။ သူတို့နောက်တွင် လုဟွမ်တစ်ယောက် နေဝင်ချိန်နှင့်ဆန့်ကျင်လျက် လေထဲတွင်ပျံနေသော ငှက်မွှေးများကို ကြည့်နေခဲ့သည်။ သူ၏ချောမောလှသော မျက်နှာသည် နေဝင်ချိန်၏အရောင်ထင်ဟပ်လျက် နက်မှောင်လှသော မျက်လုံးတစ်စုံကလည်း ကြယ်များကဲ့သို့တောက်ပနေလေသည်။
ဒါပေါ့ သူတို့မသိပေမယ့် လုဟွမ်ကတော့ ထိုသူဆီမှ လက်ဆောင်မှန်းသိနေခဲ့သည်။
ပထမဆုံးအကြိမ် သူပိုက်ဆံရခဲ့တဲ့အချိန်၊ ပထမဆုံးအကြိမ် မင်းသားနင်းဖူအိမ်တော်ရဲ့ အပြင်ဘက် သူ၏ပထမဆုံးအိမ်၊ ပထမဆုံးအကြိမ် နွံမှ ရုန်းထွက်ခဲ့တဲ့အချိန် ပြီးတော့ အနာဂတ်အတွက် ပိုင်ဆိုင်မှုအပြည့်အစုံ...
ထိုကဲ့သို့ အခိုက်အတန့်များရှိ ပျော်ရွှင်မှုများကို ဝေမျှရန် မည်သူမျှမရှိချိန် ထိုသူတစ်ယောက်တည်းကသာ သူ့အား အဖော်ပြုပေးခဲ့သည်။
ထိုသူသာ ဤနေရာတွင် ရှိနိုင်မည်ဆိုရင်, ထိုသူသာ ဤနေရာတွင် ရှိနိုင်မည်ဆိုရင်...
စခရင်မ်အပြင်ဘက်ရှိ စုရှီသည်ပင် လေထဲတွင် ငှက်မွှေးများ လွှင့်နေပုံကို တအံ့တသြကြည့်နေမိသည်။ သူ(မ)နှင့်အတူ ကျိုက်ကျိုက်သည်လည်း နေဝင်ချိန်နှင့် ငှက်မွှေးများကို ကြည့်နေလေသည်။
သူတို့နှစ်ယောက်နေထိုင်သည့် အချိန်နှင့်နေရာ ကွဲပြားသော်လည်း သူတို့ကြည့်နေသည့် ရှုခင်းမှာ အတူတူပင်ဖြစ်နေသည်။