← Chapters

Chapter 27

Vol. 3 Ch. 27

Chapter 27

Vol. 3 Ch. 27

ကျိုက်ကျိုက်၏ယာခင်းမှာ မြေငါးဧကလောက်သာရှိပြီး ထင်သလောက်မကြီးပေ။ မြို့ပြင်က ရွာတစ်ရွာတွင် တည်ရှိပြီး မြို့နှင့်အလှမ်းဝေးလေရာ ထိုနေရာသို့ရောက်ရန် မြင်းစီးသွားရ၏။

မြို့နှင့်နီးသည့်နေရာများတွင် စိုက်ပျိုးပြီးသား လယ်ယာများ ရှိပြီးဖြစ်ရာ မစိုက်ပျိုးရသေးသည့်မြေမှာ မရှိသလောက် ဖြစ်လေသည်။ အားလုံးနီးပါးမှာ လူချမ်းသာကုန်သည်များ၏ ပိုင်ဆိုင်မှုများဖြစ်ပြီး ပြည်သူများ စိုက်ပျိုးရန် မြေငှားထားကြသည်။

သို့သော် အခုလက်ရှိမှာ ဆောင်းရာသီဖြစ်၍ ယန်မင်းဆက်က ဆီးနှင်းအန္တရာယ် ကြုံတွေ့နေရလေသည်။ ထို့ကြောင့် ကျိုက်ကျိုက်၏ယာခင်းကို ကြည့်လိုက်ရင် မြေပြင်တစ်ခုလုံး ဆီးနှင်းများဖုံးလွှမ်းနေပြီး မြွေပါများ၏ ခြေရာ‌တို့နှင့် ရှုပ်ထွေးနေ၏။ စာခြောက်ရုပ် လဲကျနေသည်ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ စိုက်ပျိုးလို့မရသည့် မြေရိုင်းမဟုတ်ပေမယ့် မြေရိုင်းထက်ပင် အခြေအနေဆိုးနေသေးသည်။

ဒါက ယာခင်းငှားရမ်းဖို့ အချိန်ကောင်းမဟုတ်ပေ။

ဒါကြောင့် ကျုံးကန်ဖိန်က ကျိုက်ကျိုက်ရဲ့တောင်းဆိုမှုကို ကြားသောအခါ သူ အရမ်း အံ့အားသင့်သွား လေသည်။

ဒါပေမဲ့ ကျိုက်ကျိုက်က စိုက်ပျိုးချင်ပြီး သီးနှံများ ဖြစ်နိုင်သလောက်များများ အထွက်တိုးအောင် လုပ်ချင်နေသည်။ ပိုက်ဆံရချင် ရုံသက်သက် မဟုတ်ပေ။

ချန်ကုန်းဝူရဲ့ဇာတိမြေက လက်သမား အလုပ်လုပ်ကြသည်ဖြစ်ရာ သူ့မှာ လက်သမား အတတ်ပညာရှိလေသည်။ နတ်ဆေးဆရာ၏ ကယ်တင်ခြင်းခံရပြီးနောက် သူ တုံးအသဖြင့် အသုံးမဝင်မှာ နတ်ဆေးဆရာ မနှစ်သက်မှာကို သူ အလွန်ကြောက်ရွံ့နေ၏။

ဒါကြောင့် သူ ရက်အနည်းငယ်ကြာအောင် အနားမယူ၊ မအိပ်စက်နိုင်ပေ။ လုဟွမ်ပေးတဲ့ ပုံစံအတိုင်း ဆောင်းတွင်း အမိုးအကာလုပ်ရန် သစ်သားများ ဖြတ်တောက်ပြီး ကြိုးချည်နေခဲ့သည်။ ထိုပုံစံအတိုင်း ဆွဲ၍ အသစ်ဆောက်လေသည်။ သူ့လုံ့လက တကယ်အံ့ဖွယ်ဖြစ်၏!

စုရှီ အင်တာဖေ့စ်ကို ကြည့်လိုက်တော့ ချန်ကုန်းဝူ၏မျက်လုံးများမှာ ပန်ဒါကဲ့သို့ အမဲရောင် မျက်ကွင်းပင်ဖြစ်နေလေပြီ။ နဂိုတည်းက ပိန်ပြီးအားနည်းတဲ့သူ ဖြစ်လေရာ အခုပို၍ပင် ပိန်နေ‌၏။

ဒီလို အားနည်းနေတဲ့လူက ဒုက္ခတွေကို မကြောက်ဘူးတဲ့။ ကျိုက်ကျိုက်သွားတဲ့ နေရာမှန်သမျှ လိုက်ကာ ကျိုက်ကျိုက်အနားတွင် ပက်ကျိလို ကပ်တွယ်နေလေသည်။ ကျိုက်ကျိုက် ပြောသမျှကို တသွေမတိမ်း နားထောင်လေသည်။

ဒါက ချဲ့ကားပြောတာမျိုး ဆိုရင်တောင် သူက ဖန်ဘွိုင်းတစ်ယောက် ဖြစ်သည်ဆိုတာကတော့ ချဲ့ကား ပြောနေတာမျိုး မဟုတ်ပေ!

စုရှီစိတ်ထဲတွင် ချန်ကုန်းဝူနှင့် ပတ်သက်၍ ကောင်းမွန်တဲ့ခံစားချက် အတွေးအမြင်များရှိနေပြီး သူ့ကို နံပါတ်တစ် နောက်လိုက်တစ်ယောက်လို သတ်မှတ်ထားလိုက်လေသည်။

မတူသည်က ကိုယ်ရံတော် သုံး နှင့် ဆရာ ဒင်းတို့က ကျိုက်ကျိုက်ကို ကျေးဇူးတင်ကြသော်လည်း ချန်ကုန်းဝူလို အသက်သခင်အတိုင်း သဘောထားကြတာမျိုး မဟုတ်ပေ။

ချန်ကုန်းဝူပြုလုပ်ထားသည့် ဆောင်းတွင်းအကာကို ကြည့်ဖို့ စုရှီ ကျိုက်ကျိုက်နောက်လိုက်သွားခဲ့သည်။

ထိုနေရာက စမ်းသပ်ခန်းတစ်ခုသာသာဖြစ်၏။ သစ်သားများကို အတတ်နိုင်‌ဆုံး ချွေတာထားပြီး တစ်မီတာ သို့မဟုတ် နှစ်မီတာပတ်လည်သာရှိလောက်မည်။ စုရှီ၏ဆောင်းတွင်းအကာနှင့် အလုံးစုံ မတူညီရင်‌တောင် အသုံးဝင်သည့်အကာဖြစ်နေ၏။

စုရှီ ချန်ကုန်းဝူအပေါ် အလွန်ကျေနပ်မှုရှိလေသည်။

သို့သော် ကျိုက်ကျိုက်၏ လိုအပ်ချက်များက တင်းကျပ်ပြီး လမ်းလျှောက်ကြည့်ရင်း တစ်ခုချင်းစီ ထောက်ပြကာ ချန်ကုန်းဝူကို ပြန်ပြင်ခိုင်းလေသည်။

ကျိုက်ကျိုက်က ပြင်းထန်လွန်းတယ်လို့ စုရှီတွေးလိုက်မိပြီး ချန်ကုန်းဝူကတော့ ပျော်ရွှင်မှု မျက်ရည်များဖြင့် အလျင်အမြန်ပင် သဘောတူလိုက်၏။

စုရှီ "…"

ဂိမ်းထဲမှာ ပုဂ္ဂိုလ်ရေးအရ စေ့စပ်ကြောင်းလမ်းခြင်းကို ဖြတ်တောက်ဖို့ မကြိုးစားသင့်ဘူး!

ဒီနည်းနဲ့ ဆောင်းတွင်းအကာ ပြဿနာက ဖြေရှင်းပြီးသွားခဲ့၏။ နောက်တစ်ဆင့်က ချန်ကုန်းဝူ ဆောင်းတွင်းအကာကို ပိုပြီးပြည့်စုံအောင် လုပ်ဖို့ဖြစ်ပြီး ထိုဆောင်းတွင်းအကာအများကြီး လုပ်နိုင်ရန်အတွက် လူငှားရမ်းဖို့ဖြစ်သည်။

အခု ခြံထဲတွင် ကြက်အကောင်သုံးရာ စိုက်ပျိုးရေး ထုတ်ကုန်များနှင့် မျိုးစေ့များရှိနေပြီ။

စုရှီဘက်တွင် ကျိုက်ကျိုက်၏ညွှန်ကြားချက်သုံးခု စခရင်မှာ ပေါ်လာ၏။

ကျိုက်ကျိုက်က သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကြက်ခြံငါးခု အရင်ဆောက်ခိုင်းလေသည်။ ကြက်ခြံတစ်ခုစီကို ခြောက်မီတာပတ်လည်စီဖြစ်သည်။ ကြက်ဆယ်ကောင်ကို တစ်မီတာပတ်လည်ဟု သတ်မှတ်ပြီး ကြက်ခြံတစ်ခုစီတွင် ကြက်အကောင် ခြောက်ဆယ်ဆန့်မည်ဖြစ်၏။ ကြက်အကောင်သုံးရာ အတွက် အတိအကျ စီစဉ်ထားခြင်းဖြစ်၏။

ထိုသို့ဖြင့် ကြက်များ နေရာ ချောင်ချောင်ချိချိ ရသွားခဲ့ပြီး အခုလို ကြက်မွေးများ ပျံ့ကျဲနေသည့် အခြေအနေမျိုး ထပ်မရှိနိုင်တော့ပေ။

နောက်ထပ် ပြဿနာတစ်ခုက ကောက်ပဲသီးနှံ ထုတ်လုပ်ရေးပဲ။

အခု ဆီးနှင်းကျဆင်းမှု ပြဿနာက ပြင်းထန်နေရာ ကြက်ဥတွေ အပေါ်ပဲ မှီခိုအားထားနေလို့မရသေးပေ။ ကောက်ပဲ သီးနှံများအား စင်အမြင့်များဖြင့် ထားသိုရမည်ဖြစ်သည်။

လုဟွမ် ထိုလူပို့ထားသည့်အာလူးများအား ကြည့်ပြီးပြီ။ အာလူးက ဗိုက်ပြည့်စေသော်လည်း စိုက်ပျိုးချိန်က အခုရာသီဥတုနဲ့ဆိုရင် ငါးလလောက်ကြာမည်ဖြစ်သည်။ ရာသီဥတုက ဆိုးရွားနေသည့်အတွက် အချိန်ငါးလက တအားကြာမြင့်လွန်းလေသည်။ ပြီးတော့ ဆောင်းရာသီတွင် အေးလွန်းလှသဖြင့် ဆောင်းရာသီ သီးနှံအထွက်နှုန်းက ကျဆင်းလာလေသည်။

ဆောင်းတွင်းအကာလိုမျိုး သီးနှံများကြီးထွားဖို့အတွက် အသုံးအဆောင်များရှိရင် ပိုကောင်းမယ်။

ကျိုက်ကျိုက်တွေးမိသလို စုရှီလည်း တွေးမိလေသည်။ သူ(မ) ဖြတ်ခနဲတွေးမိသွားသည်။ အဲ့တာက ဘာပါလိမ့်။ အစိမ်းရောင်ဖန်လုံအိမ် အစိမ်းရောင်ဖန်လုံအိမ်! အဆင်သင့်သုံးနိုင်သော ခေတ်သစ်နည်းပညာကို သုံးလို့ရတာပဲ။

ဘာပဲဖြစ်ဖြစ် အစိမ်းရောင်ဖန်လုံအိမ်နည်းပညာက ကြက်ခြံဆောက်တာနဲ့တော့ မတူဘူး။ စုရှီ ဈေးဝယ်စင်တာမှာ အသေးစိတ်စီမံချက်နဲ့ ပစ္စည်းတွေ ဝယ်လို့ရမလား မသိဘူး။ ဘာပဲဖြစ်ဖြစ် သူ(မ) ကြိုးစားကြည့်ရမယ်!

သူ(မ) ပြုလုပ်နိုင်ပြီး ကျိုက်ကျိုက်ရဲ့ခြံကို ကူညီပေးနိုင်တယ်ဆိုရင် ကျိုက်ကျိုက်ရဲ့ခြံက သူတို့ခေတ်မှာ ခေတ်ရှေ့ပြေးတဲ့ခြံ ဖြစ်သွားမှာလား။

စုရှီ တွေးမိလေလေ စိတ်လှုပ်ရှားလေလေဖြစ်၏။ စခရင်ပေါ်၌ ကျိုက်ကျိုက်က ငွေစဆယ်တုံးယူလိုက်ပြီး ဆရာဒင်းကို ပေးကာ လူငှားပေးဖို့ ပြောလိုက်လေသည်။ သူ အရည်အချင်းရှိတဲ့လူတွေကို လိုချင်တာမျိုးမဟုတ်ပေ။ ရိုးသားပြီး အလုပ်ကြိုးစားရင် ရပြီဖြစ်သည်။

ဆရာဒင်းက နေထိုင်လာတဲ့ နှစ်ပေါင်း မနည်းတော့ဘူးဖြစ်ရာ လူအကဲခတ်တော်လေသည်။ ဒီကိစ္စက သူ့ကိုခိုင်း‌ဖို့ အ‌သင့်တော်ဆုံး ဖြစ်၏။ နောက်တစ်နေ့မှာတော့ လူရှာရန် ဈေးသို့သွားခဲ့သည်။ တစ်ရက်အတွင်း လူရှာတွေ့လေ၏။ ကျန်းမာသန်စွမ်းသော ယောက်ျားဆယ်ယောက်ကျော်သည် တစ်ယောက်ပြီးတစ်ယောက် ခြံသို့ရောက်လာ၏။

ကျိုက်ကျိုက်၏ ဖုံးကွယ်ထားသည့်သရုပ်မှန်ကြောင့် အစေခံများရှေ့ပေါ်မလာဘဲ လူလုံးထွက် မပြပေ။ ခြံတွင် တစ်ခုခုဖြစ်ပါက ကိုယ်ရံတော်သုံးကို စာပို့လိုက်မည်ဖြစ်သည်။

ထို့ကြောင့် လုပ်နိုင်ကိုင်နိုင်တဲ့ ထိုအလုပ်သမားများက တစ်ခါမှ မပေါ်လာသည့် အလုပ်ရှင်အား သိချင်စိတ် ပြင်းပြနေတော့သည်။ ဒါပေမဲ့ ဆရာဒင်းနဲ့ ချန်ကုန်းဝူ တို့ကလည်း ထုတ်ဖော်ပြောလာခြင်းမရှိပေ။

ဒီလိုနှင့် လူ၊ မြေယာနဲ့ ပစ္စည်းကိရိယာများ ပြည့်စုံသွားပြီဖြစ်သည်။

စုရှီရဲ့ စခရင်၏ ညာဖက် အပေါ်ထောင့်တွင် လူသေးသေးလေးများပေါ်နေပြီး ဘားတန်းတွင် အလုပ်သမားများ × ၁၃ [ ပါရမီရှင် လက်အောက်ငယ်သားများ] ဟူ၍ မြင်လိုက်ရလေသည်။

ချန်ကုန်းဝူနှင့် ဆရာဒင်းတို့၏ ဦးဆောင်မှုအောက်တွင် ထိုသူများက ကြက်ခြံများကို ဂရုစိုက်ပေးရင်း မြေရိုင်းကိုပြုပြင်ကာ အလုပ်ရှုပ်နေကြ၏။

စုရှီ၏ အင်တာဖေ့စ်တွင် အလွန်ပျော်စရာ ကောင်းနေလေသည်။ လက်သန်းလောက်ရှိတဲ့ အရွယ်အစားလူများ ဆယ်ယောက်ထပ်မနည်း စခရင်တွင် လှုပ်လှုပ်ရှားရှားဖြင့် မရပ်မနား အလုပ်လုပ်နေကြသည်။ ဒါက အလုပ်သမားတစ်စုကို သူ(မ)က မြှင့်တင်ပေးနေသလို ခံစားချက် ဖြစ်နေသဖြင့် သူ(မ)အလွန်ပျော်နေပြီး နှလုံးသားထဲ ကျေနပ်မှုများပြည့်နှက်နေသည်။

ထိုနည်းဖြင့် ခြံပြင်ဆင်မှုက အပြီးသတ်ဖြစ်လာခဲ့သည်။ နောက်တစ်ဆင့်က အစိမ်းရောင်ဖန်လုံအိ မ်လုပ်ပြီး ကြက်ဥကောက်ရန် ဖြစ်သည်။ လုပ်ငန်းစဉ်က ရှည်လွန်းပြီး အလျင်စလိုလုပ်လို့မရပေ။

ဒီကမ္ဘာတွင် မထိုးဖောက်နိုင်သောနံရံမရှိပေ။ အစေခံများ၏ ပါးစပ်ကို ဘယ်လောက် ထိန်းချုပ်ထိန်းချုပ် ကန်တော့ဦးချပြီး ဆေးတောင်းယူခဲ့တဲ့သတင်းက မင်းသား နင်းဆီကို ပျံ့နှံ့မသွားဘူးဆိုတာ မဖြစ်နိုင်ချေ!

လုဝမ်ရှို့ အခြေအနေ အနည်းငယ် ကောင်းမွန်လာသောအခါ သခင်မနင်းသည် ဇီးပန်းပွင့်ပွဲတော်သို့ သွားရောက်ဆင်နွှဲရန် စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။ တခြားကိုယ်လုပ်တော်များက သူ(မ)ကို တိတ်တိတ်လေး အကဲခတ်နေကြ၏။ ဆယ်ပုံသုံးပုံက ပြက်ရယ်ပြုချင်နေကြပြီး နောက်သုံးပုံက သနားနေကြသည်ဖြစ်ကာ ကျန်လေးပုံက ရယ်ချင်နေကြပေသည်။

သခင်မနင်း ရုတ်တရက်အတွေးဝင်လာပြီး သူ(မ)မျက်နှာက အစိမ်းရောင်မှ အဖြူရောင်သို့ ပြောင်းသွားလေသည်။ ဇီးပန်းပွင့်ပွဲတော်ကို ပြီးဆုံးအောင် မကြည့်နိုင်တော့ဘဲ အိမ်တော်သို့ အလျင်အမြန်ပြန်သွားလေသည်။

သူ(မ) အိပ်ရာမှ မထ‌နိုင်လောက်အောင် ဒေါသထွက်နေလေသည်။ အိမ်တော်၏ကိုယ်ရံတော်များအား သူ(မ)ကို အရှက်တကွဲအကျိုးနည်းဖြစ်စေသည့် ထိုနတ်ဆေးဆရာအား အပူတပြင်း ရှာခိုင်းတော့သည်။

လုယီအန်း ကတော့ သဲလွန်စတချို့ ကြားခဲ့လေသည်။ မင်းသားငါးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က နတ်ဆေးဆရာအား ဖိတ်ကြားဖို့ အလွန်အမင်း အားထုတ်နေကြသည်တဲ့!

ဒါက မင်းသားငါးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့က ထိုနတ်ဆေးဆရာကို အလွန်အလေးထားမှန်း သိသာလေသည်။

ဒါက အမှန်ပဲဖြစ်သည်။ ထိုနတ်ဆေးဆရာသည် ဘဏ္ဍာရေးဝန်ကြီး၏ အငယ်ဆုံးသမီးကို ကယ်တင်ခဲ့ရုံသာမက မြို့တော်တစ်ခုလုံး နေမကောင်းဖြစ်နေချိန်တွင် ယုံအန်းဘုရားကျောင်းမှ လူထောင်ချီ၏ အသက်ကိုလည်း ကယ်တင်ခဲ့လေသည်။ ဒီကိစ္စက ဧကရာဇ် သတိပြုမိအောင် မစွမ်းဆောင်နိုင်ပေမယ့် မြို့တော်တစ်ခုလုံး သိသည်အထိ ပျံ့နှံနေလေသည်!

ထိုနတ်ဆေးဆရာက အထက်တန်း မှူးမတ်အရာရှိများ၊ မှူးမတ်များ၏ မျက်စိကျစရာဖြစ်လာပြီး သူနဲ့ရင်းနှီးနိုင်ဖို့ သူတို့အချင်းချင်းတိုက်ခိုက်ကြသည့်အထိ ဖြစ်လာခဲ့သည်။

ယနေ့ ဒုတိယမင်းသား တော်ဝင်ကျောင်းတော်သို့ လာချိန်တွင် သူ့အကြောင်း ပြောခဲ့ပြီး သူ့အပေါ် ချီးကျူးမှုများနှင့်ပြည့်နှက်နေလေသည်။

လုယီအန်း ရုတ်တရက် တွေးမိသွားလေသည်။ " သူ့ကိုရှာပြီး ဒုတိယမင်းသားဆီကို အကြံပြု ထောက်ခံရမယ်လေ။ ဒါက အကောင်းဆုံး အောင်မြင်မှုပဲ မဟုတ်လား! "

မင်းသားနင်းဖူက ဒီနှစ်တွေထဲ အာဏာကျဆင်းလာသည်။ သူက ဒုတိယမင်းသားဘေးမှာ ရှိနေပေမယ့် ဒုတိယမင်းသားက မင်းသားနင်းဖူကို ဂရုမစိုက်ဘူး။ သခင်မကြီးက သူ့ကို ဒုတိယမင်းသားရဲ့ စာသင်ဖော်ဖြစ်ဖို့ မျှော်လင်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ သူ တော်ဝင်ကျောင်းတော်ကို ရောက်လာပြီးနောက်မှာ ဒုတိယမင်းသားနဲ့ စကားပြောဖို့ အခွင့်အရေးမရသေးဘူး! ဒါကြောင့်ပဲ သခင်မကြီးက သူ့ကို အထင်သေးတာ။

သူသာ ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီး နတ်ဆေးဆရာကို ဒုတိယမင်းသား ဘေးနားခေါ်လာနိုင်ခဲ့ရင် ဒုတိယမင်းသား သူ့ကို အကောင်းမမြင်မှာမျိုး စိတ်ပူစရာမလိုတော့ဘူး!

ထိုအတွေးနဲ့အတူ လုယီအန်း နတ်ဆေးဆရာကို နေရာတိုင်းမှာရှာဖို့ ကြိုးစားတော့သည်။

တစ်ချိန်တည်းမှာပင် မင်းသားနင်းဖူ၏ အိမ်တော်တွင် ကိစ္စကြီးတစ်ခုဖြစ်ပျက်သွားခဲ့သည်။

သခင်မကြီး အဆစ်ရောင် ရောဂါခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး မိုးရွာချိန် သို့မဟုတ် နှင်းကျချိန်တိုင်း သူ(မ)၏ဒူး နာကျင်လေ့ရှိသည်။ အစက သာမန်နာကျင်မှုမျိုးသာဖြစ်ကာ အသက်အန္တရာယ် မထိခိုက်နိုင်ပေ။ အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ ပို၍ခံစားလာရသည်။

ဘယ်သူကထင်မှာလဲ။ အေးခဲနေသောချောင်းထဲသို့ ထိုအရူးလုဝမ်ရှို့၏ ဆွဲခေါ်ခြင်းခံရပြီးနောက် သူ(မ)၏အဆစ်ရောင်ရောဂါက ပိုပြီးဆိုးရွားလာခဲ့သည်။ ဒီရက်ပိုင်း သူ(မ) အိပ်ရာထဲမှပင် မထနိုင်တော့ပေ!

ဒါကြောင့် သူ(မ) နေမကောင်းဖြစ်နေတဲ့အချိန် လုဝမ်ရှို့ကို မမြင်ချင်တာဖြစ်သည်။

တော်ဝင်သမားတော် လာကြည့်ပြီးသွားတော့ သူ(မ) ပြန်လည်အားပြည့်ရန် ဆေးပေးခဲ့လေသည်။ ဒါပြီးတော့ ဒီလိုရေရှည်နာကျင်မှုမျိုးက အချိန်တိုတွင်းမပျောက်ကင်းနိုင်ပေ။

ဒါပေမဲ့ ပြဿနာက နတ်ဆေးဆရာ မြို့ထဲတွင်ပေါ်လာသည်ဟု သခင်မကြီးကြားသဖြင့် သူ့ကို တွေ့ဖို့ဖိတ်ချင်နေခဲ့သည်။ သူ(မ)က စစ်သူကြီးကျန့်ယွမ်နဲ့ ဆွေမျိုးတော်စပ်လေရာ ဘာလို့ ဒီနတ်ဆေးဆရာကို မဖိတ်နိုင်ရမှာလဲ!

သခင်မကြီး ထိုသို့တွေးပေမယ့် သူ(မ )လွှတ်လိုက်သည့် လူများသည် သူ့ကိုဖိတ်ခေါ်နိုင်ခြင်းမရှိပေ။

နောက်ဆုံးတွင် မင်းသားနင်းဖူက အဖွဲ့သုံးဖွဲ့ခွဲပြီး ထိုနတ်ဆေးဆရာအား ရှာဖွေခိုင်းလေသည်။

စုရှီသည် ထိုလူတစ်စု ခေါင်းမရှိတဲ့ ယင်ကောင်တွေလို နေရာအနှံ့လိုက်ရှာနေသည်ကို ကြည့်နေ၏။ သူ(မ)က ကျိုက်ကျိုက် ထင်ရှုးဝင်းသို့ ပြန်လာပြီး ပုံမှန်အတိုင်း ဆေးကြောသန့်စင်နေသည်ကိုလည်း ကြည့်နေခဲ့သည်။ သူ(မ)သည် ရတနာတုံးကြီးတစ်ခု ဘယ်သူမှမသိအောင် အိမ်တွင် ဖွက်ထားရသလိုမျိုး ကျေနပ်မှုမျိုး ခံစားနေရ၏။

သူ(မ) သည် သခင်မကြီး၏ မျက်နှာ‌သာ ပေးမှုရရှိရန်ဆိုသည့် အဓိကမစ်ရှင်ကို မှတ်မိသွားခဲ့သည်။ အရင်က ထိုမစ်ရှင်၏တစ်ဝက်လောက်သာ ပြီးမြောက်သေးတာဖြစ်သည်။

အခုတစ်ခေါက်ကိစ္စသည် သခင်မကြီးနဲ့ ဆက်စပ်နေပြီး ဒါက ကျန်ရှိနေတဲ့ မစ်ရှင်တစ်ဝက် ပြီးမြောက်ဖို့ အခွင့်အရေးများလား။

ထိုညတွင် သူ(မ) ကျိုက်ကျိုက်အတွက် ဆေးထုပ်တချို့ထားခဲ့လိုက်သည်။ ထိုဆေးထုပ်များသည် အဆစ်ရောင် ရောဂါအတွက်ဖြစ်ပြီး စတိုးဆိုင်မှ သူ(မ)လဲလှည်ခဲ့ခြင်းဖြစ်ပေသည်။ အဆစ်ရောင် ရောဂါမျိုးသည် အရှင်းပျောက်ကင်းအောင် ကုသနိုင်သည့် ရောဂါမျိုးမဟုတ်ဘဲ သက်သာအောင် ကုသနိုင်ရုံသာဖြစ်သည်။

ဘာပဲဖြစ်ဖြစ် စတိုးဆိုင်မှ ဆေးသည် ရှေးခေတ်တွင် နန်းတွင်းဆေးသမားတော်များ ပေးသည့်ဆေးထက် တစ်ရာရာခိုင်နှုန်း ပိုထိရောက်သည်ဆိုတာ သေချာသည်။

လုဟွမ်သည် နောက်နေ့တွင် ဆေးထုပ်တွေ့လေသည်။ ဆေးထုပ်အားဖွင့်ပြီး ပါဝင်ပစ္စည်းများကို ကြည့်လိုက်ရာ ဒါက အဆစ်ရောင်ရောဂါအတွက် ဆေးများဖြစ်ကြောင်း သိလိုက်ရ၏။

လုဟွမ်သည် သခင်မကြီး အဆစ်ရောင်ရောဂါကြောင့် အိပ်ရာထဲလှဲနေရမှန်း သိထားလေသည်။ သူ ရုတ်တရက်ခန့်မှန်းမိသွားကာ— အဲဒီလူက သူ့ကို သခင်မကြီးကို ကုသစေချင်တာလား။

ဘာလို့လဲ။

လုဟွမ် မင်းသားနင်းဖူအိမ်တော်မှာ နှစ်အတော်ကြာနေခဲ့တာဖြစ်ပြီး တစ်ယောက်တည်း ဒုက္ခပင်လယ်ဝေခဲ့ရကာ ငယ်ငယ်လေးတည်းက အရွယ်ရောက်သည်အထိ သူ့ကိုယ်သူ အားကိုးခဲ့ရခြင်းဖြစ်သည်။

သူ ငယ်စဉ်က သခင်မနင်းသည် သူ့ပါးစပ်ထဲသို့ အဆိပ်များလောင်းထည့်သည့်အတွက် ညသန်းခေါင်တွင် အဖျားကြီးခဲ့သည်။ သူ သေလုဆဲဆဲ အသက်ပျောက်ခါနီးမှာ‌တောင် မင်းသားနင်းဖူက တိတ်ဆိတ် အေးဆေးနေတုန်းပင်။ မည်သူမှ ဂရုမစိုက်ကြသလို သခင်မကြီးကလည်း ဂရုမစိုက်ပေ။

စတုတ္ထကိုယ်လုပ်တော်သာ လာရောက်မေးမြန်းခဲ့သည်။

သခင်မကြီး ဒီကိစ္စကို မသိဘူးဆိုတာ မဖြစ်နိုင်ပေ။ သူ(မ)မေးဖို့ ပျင်းနေတာမျိုးပဲဖြစ်ရမယ်။

ထို့ကြောင့် လုဟွမ် သွေးအေးတာ အံ့ဩစရာတော့မရှိပေ။ သူက ဆေးကျမ်းဖတ်တတ်ပြီး သာမန် တော်ဝင်သမားတော် တစ်ယောက်ထပ်ပိုပြီး သိကာ တရုတ်တိုင်းရင်းဆေးက သခင်မကြီးဝေဒနာကို သက်သာစေမှန်း သိပေမယ့်လို့ မိန်အန်းယွမ်ကို အနည်းငယ်မျှသာ ရောက်ဖူးပြီး သခင်မကြီး နေမကောင်းသည်ကို အဖက်မလုပ်ဖြစ်ပေ။

သူက အလွန် အေးတိအေးစက်နိုင်ပြီး သခင်မကြီး သေသေ ရှင်ရှင် ဂရုမစိုက်ချေ။

‌ဒါပေမဲ့ ဒီလူက သခင်မကြီးကို ကယ်တင်စေချင်နေတာ… ဒီလူဖြစ်ချင်ရင် သူလုပ်ပေးရမှာပေါ့။

ဒီကာလအတောအတွင်း သူ့ကို ဒီပုဂ္ဂိုလ်က အတော်ကူညီ ပေးထားတာ ဖြစ်သည်။ ဂရုစိုက်မှုရော နူးညံ့မှုပါ ထည့်ပေါင်းပြောရရင် လုဟွမ် ထိုလူ၏ရည်ရွယ်ချက်အတိုင်း ဆုံးဖြတ်မည်ဖြစ်သည်။

ထိုလူက သူ့ကို ဆေးရအောင်ကူညီပေးပြီး မြို့တော်မှာ ဂုဏ်သတင်း မွှေးစေခဲ့သည်။

ချမ်းသာသည့် ကုန်သည်များ၊ အရာရှိများနှင့် ရင်းနှီးအောင် လမ်းဖောက်ပေးသည်။

သူ့၏ယာခင်းကိုလည်း ဆီးနှင်းအန္တရာယ်မှ ကာကွယ်နိုင်ရန် ကူညီပေးပြီး မြို့တော်မှာ ဂုဏ်တက်စေရန်လည်း ကူညီပေးသည်။

အခုလည်း သခင်မကြီးကို ကယ်တင်ဖို့ ပြောတယ်ဆိုတော့ ရည်ရွယ်ချက်တစ်ခုခုရှိလို့ ဖြစ်ရမယ်။ ဒါက သခင်မကြီးနဲ့ သူ(မ)နောက်ကွယ်က စစ်သူကြီးကျန့်ယွမ်တို့ ဆက်ဆံရေးကြောင်းပဲ ဖြစ်လိမ့်မည်။

အဲဒီလူ လုပ်သမျှအရာအားလုံးက…

မြို့တော်ရဲ့အာဏာလုယူမှုမှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ ပါဝင်ပတ်သက်ခိုင်း မလို့လား!

ဒီအကြောင်းပြချက်ကလွဲလို့ တခြားမရှိနိုင်တော့ပေ။

လုဟွမ် မျက်ခုံးတွန့်ချိုးမိသွား၏။ ထိုခဏအတွင်း သူ့အမူအရာက မှောင်မဲပြီးရှုပ်ထွေးသွား၏။

ပုံမှန်ဆိုရင် သူက တစ်စုံတစ်ယောက်ရဲ့ စစ်တုရင်ဖြစ်ဖို့ ဆန္ဒမရှိပေ။

ဒီကိစ္စတွေမတိုင်ခင် ဒီလူကို သတိထားမိပေမယ့် ဒီလူရဲ့တောင်းဆိုမှုတွေကို လျစ်လျူရှုပြီး သူ့ကိုအချိန်တိုင်း ဆွဲထုတ်ပေးနေတဲ့ လက်တစ်စုံကို ရှာကြည့်ဖို့ရာပဲတွေးကာ ဒီလူရဲ့ရည်ရွယ်ချက်ကိုပဲ ရှာဖွေနေမိသည်။

ဘယ်ချိန်တည်းကမှန်း မသိပေမယ့် ဒီလူရဲ့ရည်ရွယ်ချက်တွေက သူ့အတွက်အရေးကြီးလာခဲ့သည်။

သူ့အတွက်အရေးကြီးဆုံးကတော့ အခုလိုမျိုး ဒီလူ သူ့အနားမှာ ထာဝရရှိနေဖို့ဆိုတာပဲ။

သူ နှင်းကျနေတဲ့ထဲ လမ်းလျှောက်နေတာ အတော်ကြာနေပြီဖြစ်သည်။

အမှန်တော့ သူ့နှလုံးသားထဲမှာ သံသယများရှိနေခဲ့သည်။ သူရရှိသမျှအရာအားလုံးက သူ့ရဲ့ လောဘကြီးမှုကြောင့်ဖြစ်ပြီး မိတ်ဆွေဆက်ဆံရေး၊ အကြင်နာတရားတွေ ပျောက်ကွယ်သွားခဲ့ရင် သွေးသံတရဲရဲကိစ္စတွေ ပိုများလာမည်ကို စိုးရိမ်တာဖြစ်သည်။

ဒါပေမဲ့ အခု အဲဒီသံသယတွေက သူ့လိုအင်ဆန္ဒ ၊ လောဘတွေနဲ့ မယှဉ်နိုင်တော့ပေ။

အဲဒီလူမှာ ဘာရည်ရွယ်ချက်ရှိရှိ သူ့အနားကို ဘာအတွက်ပဲရောက်လာရောက်လာ သူ ဂရုမစိုက်ပေ။ သူ ဂရုစိုက်တာက ဒီလိုမိတ်ဆွေ ဆက်ဆံရေး မပျက်စီးဘဲ အမြဲတည်ရှိနေဖို့ဖြစ်သည်။

သူဂရုစိုက်တာက ထိုလူကိုသာဖြစ်သည်။

လုဟွမ် တွေးပြီးနောက် စားပွဲပေါ်မှ စက္ကူကို ဖြန့်လိုက်ကာ စုတ်တံကို မှင်တို့လိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ရင်ထဲကသံသယများကိုတော့ သူ မေးမြန်းမည်မဟုတ်ပေ။

သူက တကယ် စစ်တုရင်တစ်ခုဖြစ်နေပြီး စစ်တုရင်က ဂိမ်းကစားနေတဲ့လူတစ်ယောက်ကို " ဘာလို့လဲ " လို့မေးလိုက်ရင် ဂိမ်းက အဆုံးသတ်သွားမည်ဖြစ်သည်။

ဒီအခွင့်အရေးကို သူမတားဆီးနိုင်ဘူး။

သူ့ကို ထိုလူက ကောင်းပေးနေတယ်ဆိုတာ ဖြစ်နိုင်ချေ ကိုးဆယ်ရာခိုင်နှုန်းရှိသည်။ ထိုသို့ဖြစ်ရင် သူပျော်ရပေလိမ့်မည်။

ဒါပေမဲ့ ကျန်တဲ့ဖြစ်နိုင်ချေဆယ်ရာခိုင်နှုန်းလို ထိုသူက သူ့ကို စစ်တုရင်လိုအသုံးချပြီး သူ့အပေါ်ကောင်းပေးနေတာဆိုရင်တော့…

အဲဒီ ဆယ်ရာခိုင်နှုန်းကို ကိုးဆယ်ရာခိုင်နှုန်း အထက်ရောက်အောင် ပြောင်းလဲလိုက်မည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အနာဂတ်က အဝေးကြီးမှာဖြစ်သည်။

အမှန်တကယ်ပင် စခရင် အပြင်ဘက်မှာရှိနေတဲ့စုရှီက သူဘာတွေးနေလဲမသိရပေ။ စခရင်ထဲတွင် ကျိုက်ကျိုက်က စားပွဲရှေ့မှာ ရပ်နေပြီး သူတွေးနေသလို ခေါင်းကို အနည်းငယ်နှိမ့်ထားလေသည်။ မူကြိုကလေးတစ်ယောက်က တစ်အပေါင်းတစ် ဘယ်လောက်လဲဆိုတာ ရင်ဆိုင်နေရသလိုမျိုး ဖြစ်မနေဘူးလား။ ဒါက ကြက်သေသေနေတာမျိုးနဲ့ တူတူပဲလေ။

စုရှီက သူ ဒီနေ့ သူ့လောင်မားအတွက် ဘာတွေရေးနေလဲဆိုတာ မြင်ရဖို့ စူးစမ်းနေသည်။ ကျိုက်ကျိုက် ဒီနေ့ မေးခွန်းမရေးခဲ့ပေမယ့် တောင်းဆိုချက်တစ်ခုကို တွေ့လိုက်ရလေသည်။

" ငါ သခင်မကြီးကို ကုသပေးမယ်လို့ ကတိပေးမယ်လေ၊ ဒါပေမဲ့ မင်း ငါ့ကို တစ်ခုကတိပေးလို့ရမလား "

အိုး၊ စုရှီ သဘောတွေ့သွား၏။ သူက ဒီအခြေအနေ အကြောင်းတွေတောင် စပြောနေပြီ။ ကျိုက်ကျိုက်ရဲ့အူတွေက ဝလာပြီဆိုတော့ သူ(မ)သာသုံးရက်လောက် သူ့ကိုမရိုက်ရင် ပြဿနာအိုးလေး ဖြစ်လာတော့မှာပဲ။

ကျိုက်ကျိုက် စုတ်တံကိုကောက်ယူလိုက်ပြီး ခေါင်းငုံ့ကာ စာဆက်ရေးဖို့ ကြိုးစားလိုက်သည်။

" ဆောင်းငှက်တောင် အမဲလိုက်ပွဲအတွင်း တောင်ပေါ်မှာ စောပွင့်တဲ့ သစ်တော်သီးပင်ရှိတယ်။ ငါ မင်းကို အဲဒီအပင်အောက်မှာ စောင့်နေမယ် "

ကျိုက်ကျိုက် စုတ်တံကို ကောက်ယူလိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် သူ အတော်ကြာ ရပ်တန့်နေခဲ့ပြီးနောက် နှုတ်ခမ်းကို ဖိထားလိုက်သည်။ ခဏလောက် တွေဝေပြီးနောက် တစ်ပြိုင်တည်း စာလုံးလေးလုံး ရေးလိုက်လေသည်။

ပုံမှန်မြင်တွေ့နေကျ အေးစက်မှုနှင့် လျစ်လျူရှုမှုတို့ သူ့မျက်နှာမှာ ကင်းစင်နေပြီး အရေးကြီးဆုံးလူအား မြင်တွေ့ချင်နေသည့် လူငယ်တစ်ယောက်၏ မျှော်လင့်ချက်နှင့် သောက‌တို့ ရောယှက်နေသည်ကို မြင်နေရသည်။ သူ့နားရွက်များ အနည်းငယ်နီရဲနေ၏။

သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး ဖော်ထုတ်ချင်သည့် ခံစားချက်ကို ဖိနှိပ်ပစ်လိုက်၏။

" ငါ မင်းကိုတွေ့ချင်တယ် "

ရုတ်တရက် ထိုစကားလုံးများ စာရွက်ပေါ်တွင်ပေါ်လာ၍ စခရင်အပြင်မှစုရှီသည် ရုတ်တရက် ထိတ်လန့်သွားလေသည်။

နေဦး တွေ့ တွေ့ချင်တာလား။

All Chapters