← Chapters

Chapter 28

Vol. 3 Ch. 28

Chapter 28

Vol. 3 Ch. 28

စခရင်အပြင်မှ စုရှီက အံ့အားသင့်နေခဲ့သည်။ သူ နဲ့ သူ(မ) ဘယ်လို တွေ့လို့ရမှာလဲ။ သူ(မ)က ကျိုက်ကျိုက် နဲ့အရွယ်တူ စက္ကူရုပ်လေးတစ်ခု လုပ်ပြီး သူ့ကိုပေးရမှာလား၊ "ဒီမှာ၊ ဒါက မင်းရဲ့ လောင်မား" လို့ပြောရမှာလား။

ပြောရမယ်ဆိုရင် ဂိမ်းမှာ ဒီလိုဇာတ်ကောင် ဖန်တီးတဲ့လုပ်ဆောင်ချက် ရှိလားဆိုတာပါ။ စုရှီ က အင်တာဖေ့စ် တစ်ခုလုံးကို ကြည့်လိုက်ပေမယ့် ဇာတ်ကောင်ဖန်တီးဖို့ ရွေးချယ်စရာ မပါပေ။

ထို့အပြင်၊ အဲဒါက ကျိုက်ကျိုက် လိုချင်တဲ့ တွေ့ဆုံမှုမဟုတ်ဘူးဆိုတာလည်း သိသာ၏။

ကျိုက်ကျိုက် လိုချင်တဲ့ တွေ့ဆုံမှုကို သူ(မ)က လုံးဝမလုပ်နိုင်ပေ။

ဂိမ်းကို ရမှတ် ၁၀၀ အထိရအောင် ကစားပြီးတော့မှ သူ(မ)က ကျိုက်ကျိုက် နဲ့ဆက်သွယ်နိုင်မှာ။

တွေ့ချင်တယ်လေ။ အိပ်မက်ထဲမှာပဲဖြစ်ဖြစ်! ကျိုက်ကျိုက် ၊ မင်းက မင်းရဲ့လောင်မားကို ခက်ခဲအောင်လုပ်နေတာပဲ။

စုရှီ က ခေါင်းကိုကြုပ်ပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး ဖြစ်နေလေသည်။ ကျိုက်ကျိုက်က စက္ကူကို ခေါက်လိုက်၍ အရင်ကလိုပဲ သေတ္တာလေးထဲထည့်ပြီး စားပွဲခြေထောက်ထဲ ထည့်လိုက်တာကိုပဲ ကြည့်နေနိုင်သည်။

အခု စုရှီ က ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျိုက်ကျိုက်ရဲ့ မှတ်ဉာဏ်မကောင်းဖို့ဘဲ သူ(မ)မျှော်လင့်နေမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းငှက်တောင် အမဲလိုက်ပွဲရောက်ဖို့ နှစ်ရက်လိုသေးတယ်။ ကျိုက်ကျိုက် က မေ့သွားနိုင်တာပဲလေ။ မဟုတ်ရင် သူ(မ) မသွားနိုင်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုခုရှာရမည်။

ဒီလိုတွေးမိတော့ စုရှီ ရဲ့နှလုံးသားက နည်းနည်းနာကျင်လာသည်၊ ဒါပေမဲ့ သူ(မ)က ဒီကိစ္စကို လောလောဆယ် ခဏမေ့ ထားလိုက်၏...

လုဟွမ် ဒီစကားကို ထားခဲ့ပြီးနောက်၊ သူဟာ စားပွဲရှေ့မှာ ရပ်နေပြီး သူ့ရဲ့နက်မှောင်တဲ့ မျက်တောင်များကို နှိမ့်ချထားကာ နက်နဲစွာ တွေးတောနေခဲ့သည်။ သူက စကားတစ်ခွန်းမှမပြောဘဲ နည်းနည်းစိတ်လှုပ်ရှားနေသည်။

တစ်ဘက်မှာတော့၊ အဲဒီလူက လုံးဝလာမှာ မဟုတ်ဘူးလို့ သူခံစားမိသည်။ နောက်ဆုံးမှာ သူတို့က တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာကြာ သိခဲ့ကြသော်လည်း ထိုလူက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေသည်။ လက်ရေးတစ်ခုတောင်မှ မထားခဲ့ဘူး၊ သူစုံစမ်းစစ်ဆေးနိုင်မယ့် အရိပ်အမြွက်တွေလည်း မထားခဲ့ဘူး။ ဘယ်လိုလုပ် ရုတ်တရက်ပေါ်လာတာလဲ။

ဒါကြောင့် သူ့မှာ မျှော်လင့်ချက် သိပ်မရှိပေ။

ဒါပေမဲ့ တစ်ဘက်မှာလည်း၊ သူ့နှလုံးသားက အလွန်တောင့်တ နေလို့လားမသိဘူး၊ သူက နောက်ဆုံး မျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားပြီး ဒီစာကို ရေးခဲ့သည်။

အရာအားလုံးမှာ 'ဘာဖြစ်မှာလဲ' ဆိုတာရှိသည်။

သူက ကံမကောင်းတာ ကြာနေပြီ။ အဲဒီလူပေါ်လာမှုက သူ့ဘဝမှာ အကောင်းဆုံး ကံကောင်းမှုတစ်ခု ဖြစ်သည်။

အဲဒီလူက သူ့ရဲ့ 'ဘာဖြစ်မှာလဲ' ။ ဒါဆို ဒီတစ်ခါ၊ အဲဒီလူက တကယ်ချိန်းတွေ့မှုကို လာခဲ့ရင် ဘာဖြစ်လာမှာလဲ...။

လုဟွမ် က မှင်တံကို ချထားပြီးနောက်၊ အဲဒီလူရဲ့အဖြေကို သိချင်လွန်းပေမယ့် ကြည့်ချင်တဲ့စိတ်ကို ထိန်းချုပ်ထားသည်။ တစ်ရက်က ဒီလိုပဲ ကုန်ဆုံးသွားခဲ့လေသည်။

နောက်တစ်နေ့မှာ သူ့ကို သခင်မကြီးက ခေါ်ခိုင်းလိုက်သည်။

နောက်ဆုံးတော့ ရာသီဥတုက သာယာလာသည်။ မနက်ခင်းနေရောင်ခြည်က နှင်းအရည်ပျော်နေတဲ့ ကန်ရေပြင်ပေါ်မှာ ထိုးကျနေသည်၊ ရေပြင်က လှိုင်းထနေပြီး လေပြေလေညင်းလေးက တိုက်ခတ်နေ၏။

အဆစ်ရောင်ရောဂါကြောင့် သခင်မကြီးဟာ မိန်အန်းယွမ်ကနေ တစ်လကျော်လောက် ထွက်မလာနိုင်ခဲ့ပေ။ အခု ရာသီဥတု ကြည်လင်လာတော့ သူ(မ)က ကန်အလယ်က ပွဲကြည့်စင်ပေါ်မှာ ထိုင်ပြီး နွေးထွေးရန် ဝိုင်အနည်းငယ်သောက်ကာ နာကျင်နေတဲ့ဒူးကို ကုသဖို့ မိသားစုသမားတော်ကို အပ်စိုက်ကုသခိုင်းနေသည်။

လုဟွမ် ရောက်လာတဲ့အခါ၊ မင်းသားနင်းဖူရဲ့သားအကြီးဆုံး လုယီအန်း လည်း ကန်အလယ်က ပွဲကြည့်စင်ပေါ်မှာ ရှိနေ၏။ သူက သခင်မကြီးနားမှာ ရပ်နေပြီး တစ်ခုခုကို ပြောနေလေသည်။

လုဟွမ် က လမ်းလျှောက်လာပြီး သခင်မကြီးရဲ့ အံ့သြတဲ့အသံကို ကြားလိုက်ရသည်၊ "အန်းအာ၊ မြေးမှာ ယုံအန်းဘုရားကျောင်းက နတ်ဆေးဆရာကို ဖိတ်ဖို့ နည်းလမ်း တကယ်ရှိတာလား။ ငါ့ကို အလကား မပျော်ရွှင်အောင် မလုပ်နဲ့! ငါ့ဒူးတွေက အရမ်းနာနေလို့ မခံနိုင်တော့ဘူး။ အိမ်တော်က သမားတော်တွေရော ဘုရင့်သမားတော်ရော အသုံးမဝင်ဘူး။ မြို့တော်က နတ်ဆေးဆရာမှာ စွမ်းရည်တချို့ရှိတယ်လို့ပြောနေကြတယ်။ သူသာ လာဖို့သဘောတူရင်၊ ငါ့ခြေထောက်တွေအတွက် မျှော်လင့်ချက်ရှိပြီ!"

လုယီအန်း က အမြန်ခေါင်းညိတ်ပြီးပြောလိုက်သည်၊ "အမှန်တကယ်ပေါ့။ အဖွား၊ စိတ်မပူပါနဲ့။ သူနေတဲ့နေရာကို ကျွန်တော်ရှာတွေ့ပြီ။ ဒီနေ့မွန်းလွဲပိုင်းမှာ သူ့ကိုဖိတ်ခေါ်ဖို့ သွားလိုက်မယ်။ ကျေးလက်တောရွှာကို သုံးကြိမ်သွားရမယ်ဆိုရင်တောင် အဲဒီထူးဆန်းတဲ့ နတ်ဆေးဆရာကို အဖွားအတွက် ရအောင်ဖိတ်ခေါ်ပေးမယ်!"

သခင်မကြီးက အရမ်းပျော်သွားသည်။ သူ(မ)ရဲ့ ပုံမှန်တင်းမာနေတဲ့မျက်နှာပေါ်မှာလည်း အပြုံးတွေပိုများလာလေသည်။ သူ(မ)က လုယီအန်းကို ညီငယ် လုဝမ်ရှို့ နဲ့မတူဘဲ သားလိမ္မာတစ်ယောက်ဖြစ်ပြီး တော်တယ်လို့ ထပ်ခါထပ်ခါ ချီးကျူးနေသည်။

လုဟွမ် က လုယီအန်း ရဲ့ယုံကြည်ချက်အပြည့်ရှိတဲ့ပုံစံကို တွေ့ပြီး အံ့သြစွာကြည့်နေသည်။ သူ့စိတ်ခံစားမှုက နည်းနည်းထူးဆန်းနေသည်။

သူနေတဲ့နေရာကို သိပြီးပြီလား။ ဘယ်တုန်းကလဲ။

သို့သော် လုဟွမ်က လုယီအန်း သူ့အကြောင်း သိထားတာဆိုလို့ ကျုံးကန်ဖိန်နဲ့ ဘဏ္ဍာရေးဝန်ကြီးနှင့် မင်းသားငါးတို့နဲ့ တွေ့ဆုံခဲ့သည်ဆိုတဲ့အချက်တွေပဲ ရှိသည်ကိုသိသည်။ သူဟာ မြို့တော်က သူ့ရဲ့ အဆက်အသွယ်တွေကနေ ဒီသတင်းအချက်အလက်တွေ ရအောင် ငွေကြေးအများကြီး သုံးစွဲပြီး ကြိုးစားခဲ့တာ ဖြစ်မည်။ ပြီးတော့ ဒီအချက်အလက်တွေ ကနေ သူ့ကို ရှာတွေ့နိုင်လိမ့်မည်လို့ ထင်နေတာ။

လုယီအန်း ဟာ လုဝမ်ရှို့ နဲ့ မတူပေ။ သူဟာ လုဝမ်ရှို့ လိုမျိုး အသုံးမကျတဲ့သူ မဟုတ်ပါ။ သာမန်ဉာဏ်ရည်ရှိပြီး ထူးခြားတဲ့ အရည်အသွေးတွေ တော့ မရှိပါ။ သခင်မကြီးရဲ့ မျက်နှာသာရဖို့နဲ့ ဒုတိယမင်းသားနဲ့ ပိုမိုရင်းနှီးဖို့ နည်းလမ်းတွေ ရှာဖွေနေပေမယ့် ဒုတိယမင်းသားရဲ့ မျက်နှာသာရဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ချေ။

လုဟွမ် နည်းနည်းစဉ်းစားပြီးတော့ နားလည်သွားလေသည်။ ဒီတစ်ခါတော့ သူ့အစ်ကိုကြီးဆုံး လုယီအန်း ဟာ နတ်ဆေးဆရာကို ရှာတွေ့တဲ့ကိစ္စကို အသုံးချပြီး နတ်ဆေးဆရာကို ဒုတိယမင်းသားနဲ့ သခင်မကြီးဆီ မိတ်ဆက်ပေးဖို့ ရည်ရွယ်နေတာ ဖြစ်မည်။ တစ်ခါတည်း ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ပြီးသာ ဖြစ်တာပေါ့။

ဒါပေမဲ့ သူက အရမ်းစိတ်မရှည်ပေ။ သူ့လူတွေကို မတွေ့သေးဘဲနဲ့တောင် သခင်မကြီးရှေ့မှာ ဟန်ပန်ထုတ်ချင်နေသည်။

လုဟွမ်ရဲ့ စိတ်ထဲမှာ မှန်လိုမျိုး ရှင်းလင်းနေပေမယ့် ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်သည်။ သခင်မကြီးက သူ့ကို မြင်တော့ "လုဟွမ်၊ မင်း ကြားပြီးပြီလား။ မင်းလည်း နတ်ဆေးဆရာကို သွားဖိတ်ကြည့်လေ။ နတ်ဆေးဆရာကို ဖိတ်ခေါ်နိုင်မလား ကြည့်ရအောင်" လို့ ပြောလိုက်လေသည်။

လုဟွမ်က "ဟုတ်ကဲ့" လို့ ဖြေလိုက်သည်။

လုယီအန်း ဒါကိုကြားတော့ စိတ်ပူသွားသည်။ သူ့ဘာသာသူ အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "အဖွား၊ သူက ဘာအသုံးကျမှာလဲ။ သူက ဝင်းထဲမှာပဲ လယ်လုပ်ပြီး ကြက်မွေးနေတာ။ အိမ်ကနေတောင် မထွက်ဖူးဘူး။ သူ့မှာ ဘယ်လို အဆက်အသွယ်တွေ ရှိမှာလဲ။ ဒီကိစ္စကို ကျွန်တော့်ကိုပဲ လွှဲထားလို့ မရဘူးလား။ ညီလေး သုံး ဝင်ပါဖို့ မလိုပါဘူး"

သခင်မကြီးက "မင်းတို့နှစ်ယောက်စလုံး သီးခြားစီ သွားဖိတ်ခေါ်လေ။ နှစ်ဘက်စလုံးက ကြိုးစားနိုင်တယ်!" လို့ ပြောလိုက်သည်။

သခင်မကြီးက လုယီအန်း အနေနဲ့ နတ်ဆေးဆရာကို ဖိတ်ခေါ်နိုင်မည်လို့ မယုံကြည်တာ မဟုတ်ပေ။ ဒါပေမဲ့ သူ(မ) အမှန်တကယ် မယုံကြည်ပေ။ ချောင်းဘေးက အဖြစ်အပျက်ကတည်းက မင်းသားနင်းဖူရဲ့ သား လုဝမ်ရှို့ အပေါ် အရမ်း စိတ်ပျက်သွားခဲ့သည်။ တရားဝင်မြေးဖြစ်တဲ့ လုယီအန်း အပေါ်မှာလည်း သူ(မ)ရဲ့ ထင်မြင်ချက် အတော်လေး ကျဆင်းသွားခဲ့လေသည်။

အဲဒီ နတ်ဆေးဆရာရဲ့ နောက်ခံက လျှို့ဝှက်လွန်းလို့ မြို့တော်မှာ ဘယ်သူမှ မသိကြဘူး။ သူ လွှတ်လိုက်တဲ့သူတွေတောင် သူ့ကို ရှာမတွေ့ပေ။ လုယီအန်း မှာ သူ့ကို ရှာဖို့ အရိပ်အမြွက် ဘယ်လိုရှိနိုင်မှာလဲ!

ဒါပေမဲ့ သူ(မ)မြေးက ဒီလောက် သားသမီးဝတ္တရား ကျေပွန်နေတော့ သူ(မ)ကလည်း အားပေးရမှာပေါ့။

ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး၊ သူ(မ)ရင်ထဲမှာ တရားဝင်မြေးက မလုပ်နိုင်တာကို တရားမဝင်မြေးက လုပ်နိုင်မည်ဆိုတဲ့ ခံစားချက် မှိန်မှိန်လေး ရှိနေ၏...

သူ(မ)က မျက်လုံးပင့်ပြီး လုဟွမ်ကို ကြည့်လိုက်သည်။ နှင်းဖြူရောင် အဝတ်အစားဝတ်ထားတဲ့ ဒီကလေးက ဘေးမှာ တိတ်ဆိတ်စွာ ရပ်နေသည်။ သူ့မှာ ငယ်ရွယ်မှုရဲ့ မရင့်ကျက်သေးတဲ့ပုံစံ ရှိနေသော်လည်း တည်ငြိမ်ပြီး သူ့မျက်ခုံးကြားမှာ ကြီးကျယ်သောအရာတွေ လုပ်နိုင်တဲ့သူရဲ့ အရိပ်အငွေ့ မှိန်မှိန်လေး ရှိနေသည်။

ဒါကြောင့် သခင်မကြီးက "ကောင်းပြီ၊ ဒီကိစ္စက ဆုံးဖြတ်ပြီးပြီ။ အဖွားရဲ့ ရောဂါကို ကုသဖို့ အဲဒီ နတ်ဆေးဆရာကို အရင်ဆုံး ရှာတွေ့တဲ့သူကို ဆုအကြီးကြီး ချီးမြှင့်မယ်။ မင်းတို့အားလုံး ပြန်နိုင်ပြီ" လို့ ပြောလိုက်သည်။

လုယီအန်း မပျော်ပေ၊ ဒါပေမဲ့ သခင်မကြီးရှေ့မှာ ထုတ်မပြောရဲပါ။ သူက အပေါင်းအပါတွေနဲ့အတူ ရေကန်အလယ်က ပွဲကြည့်စင်ကနေ အရင် ထွက်ခွာသွားသည်။

လုဟွမ်လည်း တစ်ယောက်တည်း စင်္ကြံရှည်ကနေ လျှောက်ကာ ထွက်ခွာသွားသည်။

လမ်းတဝက် ရောက်တော့ လုယီအန်း က စင်္ကြံရှည်ရဲ့ အမိုးအောက်မှာ မျက်ခုံးကြုပ်ပြီး သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။

လုဟွမ် မျက်လုံးမြှောက်ပြီး ကြည့်လိုက်သည်၊ သူ့မျက်နှာက အေးစက်နေပြီး ဂရုမစိုက်သလို ဖြစ်နေသည်။ "ဘာကိစ္စလဲ"

လုယီအန်း က အထက်စီးကနေ ဆက်ဆံတဲ့ သဘောနဲ့ လက်ကို နောက်ဘက်မှာ ထားလိုက်ပြီး စင်္ကြံအမိုးအောက်က မက်မွန်ပွင့်တစ်ပွင့်ကို ကောက်ယူပြီး နမ်းကြည့်လိုက်သည်။ အဲဒီနောက်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "ညီလေး သုံး၊ မင်း ခုနက သခင်မကြီးကို ငြင်းသင့်တယ်။ မဟုတ်ရင် နောက်ဆုံး လက်ချည်းသက်သက် ပြန်လာရရင် ဘယ်လောက် ရှက်စရာကောင်းမလဲ။ မင်းမှာ မြို့တော်မှာ အဆက်အသွယ်တွေ မရှိတော့ အဲဒီ နတ်ဆေးဆရာကို ဘယ်လို ရှာနိုင်မှာလဲ။ နောက်ဆုံးမှ မင်းအစ်ကိုက မင်းကို နှိပ်စက်တယ်လို့ မပြောနဲ့နော်"

လုဟွမ် ဘာမှ မပြောပေ။ သူ့ကို နက်နဲစွာ တစ်ချက်ကြည့်လိုက်ပြီး သူ့ဘေးကနေ ရှောင်ပြီး ထွက်သွားလိုက်သည်။

လုယီအန်းဟာ ရင့်ကျက်တည်ငြိမ်သူတစ်ယောက် ဖြစ်ပေမယ့် လုဟွမ်ရဲ့ အေးစက်တဲ့ အပြုအမူကြောင့် စိတ်ဆိုးမိသည်။ သူက လက်ထဲကမက်မွန်ပန်းကို ဆုပ်ချေလိုက်သည်။ ဒါပေမဲ့ လုယီအန်း မကြာခင်မှာပဲ သူ့ကိုယ်သူ ပြန်ထိန်းနိုင်ခဲ့သည်။ သူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး အင်္ကျီလက်ကို ခါလိုက်ကာ သူ့အစေခံတွေနဲ့အတူ ထွက်သွားလေသည်။

ပထမဇနီးရဲ့သားဖြစ်တဲ့ လုယီအန်းမှာ အရာရာ ပြည့်စုံသည်။ အစက သူ လုဟွမ်ကို သိပ်မမုန်းဘူး။ ဒါပေမဲ့ သူ့ညီ လုဝမ်ရှို့ က လုဟွမ်ကြောင့် အအေးမိပြီး အဖျားကြီးခဲ့တာကြောင့် အခုထိ အိပ်ရာထဲက မထနိုင်သေးဘူး။ သူ့စိတ်ထဲမှာ ဒီမျိုးမစစ်ကောင်အပေါ် ဒေါသထွက်မိသည်။

သူ့အမေက သူ့ကို အကြိမ်ကြိမ် သတိပေးထားလေသည် - လုဟွမ်ကို ဆောင်းငှက်တောင်အမဲလိုက်ပွဲကို လုံးဝ မသွားခိုင်းရဘူးတဲ့၊ သူ့ရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါတွေကို မခိုးနိုင်အောင်ပေါ့။ သူ့စိတ်ထဲမှာ သဘာဝကျကျပဲ လုဟွမ်ကို ပိုပြီးမုန်းတီးလာ၏။

အဲဒီည အိမ်ပြန်ရောက်တော့ သူက ဒီအကြောင်းကို သခင်မနင်းကို ပြောပြလိုက်သည်။

သူထွက်သွားပြီးနောက် သခင်မနင်းရဲ့မျက်နှာက နည်းနည်း စိုးရိမ်သွားသည်။ သူ(မ) ဘေးနားက အစေခံ အေကို "သဘက်ခါ ဆောင်းငှက်တောင် အမဲလိုက်ပွဲ။ မနက်ဖြန် လုဟွမ်ကို မသွားနိုင်အောင် လုပ်၊ မလုပ်နိုင်ရင် တကယ့်ကို အခွင့်အရေး မရှိတော့ဘူး! မြန်မြန် နည်းလမ်းရှာ!" လို့ ပြောလိုက်သည်။

စုရှီက အရိုးကျိုးလို့ တစ်လကျော်လောက် အနားယူနေရတာကြောင့် စာတွေ အများကြီး နောက်ကျနေသည်။ သူ(မ)ကိုယ်တိုင်ရော၊ အဖေစုနဲ့ အမေစု ၊ဆရာမကြီးပါ စိတ်ပူနေကြလေသည်။ အထူးသဖြင့် အထက်တန်းကျောင်း ဒုတိယနှစ်ဆိုတာ အရေးကြီးတဲ့ အချိန်ကာလဖြစ်သည်။ အတန်းတွေ အများကြီး လွတ်သွားရင် ပြန်အမီလိုက်ဖို့ မလွယ်ပါ။

ဒါကြောင့် တနင်္လာနေ့တွင် အဖေစုက သူ(မ)ကို ကျောင်းကို ကားနဲ့ လိုက်ပို့ပေးသည်။

ကုချင်နဲ့ ဟောက်ကျင်းချွမ်တို့က ကျောင်းဂိတ်မှာ စောင့်နေကြသည်။ စုရှီက ပတ်တီးစည်းထားတဲ့ ခြေထောက်နဲ့ တုတ်ကောက်တွေနဲ့ ကားပေါ်က ဆင်းလာတာ မြင်တော့ သူတို့က ကျောင်းသို့သွားရန် အပြေးလာကူကြသည်။

အဖေစုက တော်တော် စိတ်ပူနေသည်။ သူတို့နှစ်ယောက်ကို "မင်းတို့ကို အနှောက်ယှက်ဖြစ်စေမိပြီကွယ်။ နောက်တစ်ခါ ဦးလေးအိမ် လာခဲ့ကြ။ အန်တီက လာရင် ကြက်ကင် လုပ်ကျွေးမယ်တဲ့" လို့ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး" ကုချင်က ယဉ်ကျေးစွာ ပြုံးပြီး ပြောလိုက်သည်။ "ဦးလေး၊ စိတ်မပူပါနဲ့။ ရှီရှီကို သမီးတို့ ဂရုစိုက်လိုက်ပါမယ်"

ဒါပေမဲ့ အဖေစု ထွက်သွားတာနဲ့ သူတို့နှစ်ယောက်က စုရှီကို မုန့်ဆိုင်ဆီ အမြန်ဆွဲခေါ်သွားသည်။ "စုရှီ၊ မြန်မြန်! မင်း ပြီးခဲ့တဲ့တစ်ခါက ထီကြီးပေါက်တာလေ။ ငါတို့ကို မြန်မြန် မုန့်တွေ ဝယ်ကျွေးလိုက်တော့! နေ့လည်စာ ဟော့ပေါ့ စားရအောင်!"

သူတို့ကို ကျွေးရမှာပေါ့။ ဒါပေမဲ့ စုရှီက သူ့ပိုက်ဆံအိတ်ကို စမ်းကြည့်ရင်း "မင်းတို့ ငါ့ကို ယုံမှာမဟုတ်ဘူး။ ငါ ဂိမ်းကစားဖို့ ပိုက်ဆံစုထားရဦးမယ်" လို့ ပြောလိုက်သည်။

ကုချင်နဲ့ ဟောက်ကျင်းချွမ်တို့က စုရှီကို ဂြိုလ်သားတစ်ယောက်လို ကြည့်နေကြသည်။ "မင်းက ဂိမ်းအတွက် ပိုက်ဆံသုံးမှာ။ ဟာ... မဖြစ်နိုင်ဘူး။ မင်းအကြောင်း ဘယ်သူမသိလို့လဲ။ မုန့်ဖိုးတွေ အကုန်လုံးကို စာသင်ပစ္စည်းတွေပဲ ဝယ်နေကျမဟုတ်လား"

စုရှီက အရင်တုန်းက အမှတ်ကောင်းတဲ့ ကောင်မလေးပါ။ ဒါကတော့ သံသယဖြစ်စရာ မရှိပေ။ သူ(မ)က ဂိမ်းတောင် မကစားသလောက်ပဲ။ ဒါပေမဲ့ အခုတော့...

စုရှီကိုယ်တိုင်လည်း မယုံနိုင်စရာပဲလို့ ခံစားနေရသည်!

ပိုပြီး မယုံနိုင်စရာကောင်းတာက ဒီနေ့ ကျောင်းသွားရမှာမို့ ကျိုက်ကျိုက် ရဲ့ အခြေအနေကို စစ်ဆေးဖို့ အချိန်မရခဲ့ဘူး။ သူ(မ) ကျိုက်ကျိုက် ရဲ့ အခြေအနေကို တွေးမိရင်း စိတ်မကောင်းဖြစ်နေမိသည်! အခုဆို တစ်ညနဲ့ တစ်နေ့ခွဲလောက် ဂိမ်းထဲ မဝင်ရသေးဘူး။ ကျိုက်ကျိုက် အဆင်ပြေပါ့မလား။

... အဆင်ပြေမှာပါ။ ဘာဖြစ်နိုင်မှာမို့လဲ။

ဘယ်လောက်ကြာပြီလဲ။ ဂိမ်းထဲမှာ နှစ်ရက်ပဲ ကုန်သေးတာလေ!

... သူ(မ)က အမေကြီးတစ်ယောက်လို စိတ်ပူနေမိသည်။

ဒါပေမဲ့ ဧည့်သည်တွေကို ကျွေးပြီးတော့ သူတို့နှစ်ယောက်က သူ(မ)ကို ကျောင်းဆောင်ဆီ ပြန်ခေါ်လာချိန်မှာ စုရှီက သူ(မ)ဖုန်းကို ထုတ်ပြီး ရင်းနှီးနေပြီးသား ဂိမ်းမျက်နှာပြင်ကို မနေနိုင်ဘဲ ဖွင့်ကြည့်လိုက်လေသည်။

သူ(မ) မရှိတုန်း စနစ်က ပြသော ဇာတ်ကြောင်းကို ကြည့်လိုက်သည်။ ပြီးတော့ ကျိုက်ကျိုက် ရဲ့ သစ်သားအိမ်ဘက်က မျက်နှာပြင်ကို ပြောင်းကြည့်လိုက်သည်။ ကျိုက်ကျိုက် က ခရီးသွားဝတ်စုံ ဝတ်ထားတာကို တွေ့လိုက်ရသည်။ ဒါပေမဲ့ ဒီနေ့တော့ မထင်မရှား အမည်းရောင် ဝတ်ရုံကို မဝတ်ထားဘူး။ အဖြူရောင် နေ့စဉ်ဝတ် အင်္ကျီကို ဝတ်ထားလေသည်။

အဝတ်အစားလဲပြီးတော့ သူက ဝါးတောထဲကနေ ထွက်လာသည်။ သူက စိမ်းလန်းတဲ့ ကြာရွက်ကြားထဲက လျှောက်လာနေတဲ့ အဖြူရောင် ပွပွလုံးလုံး ဘောလုံးလေးတစ်လုံးလိုပဲ။

စုရှီ ပထမဆုံးအကြိမ် သူဒီလို ဝတ်စားထားတာကို မြင်ဖူးတာပဲ။ သူက အရမ်းချစ်စရာကောင်းလို့ သူ(မ)ရင်တောင် ခုန်သွားသည်။

သူ မနေ့ညက သူ(မ)မရှိတုန်း ကျိုက်ကျိုက် မှတ်စုအသစ်တွေ ရေးထားလားဆိုတာ ကြည့်ဖို့ အိမ်ထဲကို မျက်နှာပြင် ပြန်ပြောင်းတော့မယ်လုပ်တုန်း ရုတ်တရက် မြင်းစောင်းဘက်က အသံတွေ ကြားလိုက်ရသည်။

ကျိုက်ကျိုက် က ဝါးတောထဲမှာ ရှိနေတော့ မြင်းစောင်းက အသံတွေကို မကြားနိုင်ဘူး။ ဒါပေမဲ့ စုရှီက မင်းသားနင်းဖူရဲ့နေရာကို အပေါ်ကနေ မြင်နိုင်သည်။ သူ(မ) မြင်းစောင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ လွယ်လွယ်ကူကူ မြင်နိုင်၏။

သူ(မ)က အဲဒါ သခင်မနင်းရဲ့ ‌အစေခံ အေ ဖြစ်တာကို မြင်လိုက်လေသည်။

စုရှီက စနစ်ကနေ သခင်မကြီး က ကျိုက်ကျိုက် နဲ့ လုယီအန်း တို့ကို အပြင်ထွက်ပြီး နတ်ဆေးဆရာကို ရှာစေချင်နေတာ သိလိုက်သည်။ သူမက သူတို့ကို မြင်းစောင်းမှာ တွေ့တဲ့အခါ ချက်ခြင်း သတိထားမိသွားသည်။ သခင်မနင်းက တခြားအစေခံနှစ်ယောက်ကို ဘာတွေ အမိန့်ပေးနေလဲဆိုတာ ကြည့်ဖို့ ရုပ်ပုံကို ချဲ့ကြည့်လိုက်သည်။

အစေခံနှစ်ယောက်က မြင်းနီတစ်ကောင်ရဲ့ အစာထဲကို အဖြူရောင်အမှုန့် တစ်ခုခုကို ထည့်နေကြသည်။ မြင်းက အဲဒါကို စားပြီးတဲ့အခါ မျက်ခွံတွေ လျှောကျလာပြီး အားပျက်နေပုံရသည်။

စုရှီ အံ့အားသင့်သွားသည်။ သူ(မ) မှတ်မိသလောက်ဆို ဒါက ကျိုက်ကျိုက် ရဲ့ မြင်းပဲ။ သူတို့ ဘာတွေ ထည့်လိုက်တာလဲ။ အိပ်ဆေးတွေလား ဒါမှမဟုတ် တစ်ခုခုလား။

ဒါပေမဲ့ မြင်းရဲ့ လက္ခဏာတွေက သိပ်သိသာလွန်း နေပုံရသည်။ အထိန်းတော် အေ က အစေခံနှစ်ယောက်ကို မြင်းခေါင်းကို နည်းနည်းပုတ်ပြီး တက်ကြွအောင်လုပ်ခိုင်းနေသည်။ ပြီးတော့ ကျိုက်ကျိုက် ကို ဒီလောက်နဲ့ ထိခိုက်အောက်မလုပ်နိုင်သေးဘူးထင်လို့ ကုန်းနှီးကို နည်းနည်းဖြတ်လိုက်၏။ အမှတ်အသားတွေက သိပ်မသိသာပေ။ သူတို့ရဲ့ ခြေရာ၊ လက်ရာကလည်း တော်တော်ကျွမ်းကျင်လေသည်။ လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်ဘူး။

စုရှီက သူတို့ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်တွေကို စိုက်ကြည့်နေရင်း ဒေါသတွေ ဆူပွက်လာသည်။

ဒီမြင်းနီရဲ့ ဘေးမှာ မြင်းမည်းနှစ်ကောင် ရှိသေးသည်။ သူတို့က မြင်းနီထက် ပိုဝပြီး သန်မာပုံရသည်။ အဲဒါတွေက လုယီအန်း နဲ့ လုဝမ်ရှို့တို့ရဲ့ မြင်းတွေဆိုတာ သိသာလေသည်။

မင်းသားနင်းဖူရဲ့ အိမ်တော်က အခြေအနေ မကောင်းပေမယ့် မြင်းကောင်းကောင်း တော့ ဝယ်နိုင်သေးသည်။ ဒါပေမဲ့ သခင်မနင်းက ကျိုက်ကျိုက်ကို ရက်စက်စွာ ဆက်ဆံနေတုန်းပဲ။ အိမ်တော်ထိန်းရဲ့ အပြစ်လို့ ဟန်ဆောင်ပြီး သူ(မ) မသိဘူးလို့တောင် ပြောနေသေးသည်။

စုရှီက ကျိုက်ကျိုက်တစ်ယောက် မင်းသားနင်းဖူရဲ့ အိမ်တော်မှာ ဆိုးရွားတဲ့ အချိန်တွေ ဖြတ်သန်းနေခဲ့ရသည်ဆိုတာ သိပြီးသား ဖြစ်ပေသည်။ သူ ငယ်ငယ်တုန်းက ရခဲ့တဲ့ဒဏ်ရာတွေလို့ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မြင်တဲ့အချိန်ကတည်းက သိခဲ့တာ။ ဒါပေမဲ့ အခု သူ့မြင်းကိုတောင် ဒုက္ခပေးနေတာ မြင်ရတော့ စုရှီ တော်တော် စိတ်မကောင်းဖြစ်မိသည်။

သူ(မ) တွန့်ဆုတ်မနေပေ။ အစေခံ အေ က အားလုံးအဆင်သင့်ဖြစ်ပြီလို့ ထင်ပြီး အစေခံနှစ်ယောက်နဲ့အတူ ထွက်သွားတဲ့အခါ၊ သူ(မ) က မြင်းနီ စားနေတဲ့ အစာထဲကနေ လက်တစ်ဆုပ်စာ ယူပြီး တခြားမြင်းနှစ်ကောင်ရဲ့ အစာခွက်ထဲ ပစ်ထည့်လိုက်လေသည်။

ဆေးထဲမှာ လှုံ့ဆော်စေတဲ့ ပစ္စည်းတစ်ခုခု ပါနေပုံရသည်။ မြင်းနှစ်ကောင်က အဲဒါကို မြန်မြန်ဆန်ဆန် စားလိုက်ကြ၏။

စားပြီးတဲ့အခါ၊ မြင်းနီထက် ပိုသန်မာလို့ ထင်ပါသည်၊ သူတို့လည်း အိပ်ချင်မူးတူး ဖြစ်လာလေသည်။ သို့သော် မြင်းနီလောက်တော့ မသိသာပေ။

စုရှီက အစေခံ အေ လုပ်သလိုပဲ မြင်းမည်းရဲ့ ကုန်းနှီးကို ဖြတ်ချင်ခဲ့သည်။ ဒါပေမဲ့ ဘာမှမလုပ်ရသေးခင် အိမ်တော်အစောင့်တွေ ရောက်လာပြီး မြင်းနှစ်ကောင်ကို ခေါ်ထုတ်သွားကြသည်။

လုယီအန်း ရဲ့ မြင်းမည်းနဲ့ ကျိုက်ကျိုက် ရဲ့ မြင်းနီကို ခေါ်သွားကြသည်။

မြင်းတွေကို အဓိကဝင်ပေါက်ဆီ ခေါ်သွားကြသည်။

စုရှီမှာ အခု အမှတ် ၂၇ မှတ် ရှိနေပြီ။ သူမမှာ နောက်ထပ် လော့ခ်ဖွင့်ဖို့ အခွင့်အရေး တစ်ခု ကျန်သေးသည်။ ဒါကြောင့် သူမက မင်းသားနင်းဖူရဲ့ အဓိကဝင်ပေါက်နဲ့ အပြင်လမ်းတွေကို အမြန်ဖွင့်ပြီး သူတို့နောက်က လိုက်သွားသည်။

အဓိကဝင်ပေါက်မှာ ကျိုက်ကျိုက် နဲ့ လုယီအန်း နှစ်ယောက်စလုံး ရပ်နေကြသည်။ သူတို့နှစ်ယောက်စလုံး အဲဒီ နတ်ဆေးဆရာကို သွားဖိတ်ဖို့ စီစဉ်နေပုံရသည်။

မြင်းနှစ်ကောင်ကို သူတို့ရှေ့သို့ ဆွဲခေါ်လာကြ၏။

လုယီအန်း က အိမ်တော်အစောင့်တွေ ဝိုင်းထားတဲ့မြင်းတွေရှေ့မှာ လမ်းလျှောက် သွားလိုက်သည်။ သူက လှည့်၍ ကျိုက်ကျိုက် ကို လှောင်ပြောင်တဲ့ အကြည့်နဲ့ ကြည့်လိုက်လေသည်။

သူ့အနားက အစေခံကလည်း သူ့ကို တီးတိုးပြောလိုက်သည်၊ "သခင်မကြီး ဘာတွေစဉ်းစားနေလဲ မသိတော့ပါဘူး။ သခင်လေးသုံးမှာ မြို့တော်တစ်ခုလုံး ရှာမတွေ့တဲ့ နတ်ဆေးဆရာကို ဖိတ်နိုင်တဲ့ အစွမ်း ဘယ်ကရမှာလဲ။ သူ့ကို အကြီးဆုံးသခင်လေးနဲ့အတူ သွားခိုင်းသေးတယ်။ အကြီးဆုံး သခင်လေးတောင် ရှာမတွေ့တာ သူက ပိုတောင် မဖြစ်နိုင်ဘူး"

"ကျီးကန်းနှုတ်သီး" လုယီအန်း မျက်ခုံးကြုပ်ပြီး ဆုံးမလိုက်သည်၊ "ဒီနေ့ ငါ ချမ်းသာတဲ့ ကုန်သည်ကြီး ကျုံးကန်ဖိန်ဆီ သွားပြီး နတ်ဆေးဆရာရဲ့ နေရပ်လိပ်စာကို မေးရမယ်!"

သူက သခင်မကြီးရှေ့မှာ ကြွားထားပြီးသားဆိုတော့ ဒီနေ့ မဖိတ်နိုင်ရင်တောင် ဖိတ်ရမယ်။

မဟုတ်ရင် သခင်မကြီး မြေးအနေနဲ့ သူ့မျက်နှာ ဘယ်လို ထားရမလဲ။

စုရှီက လုယီအန်း နဲ့ သူ့အနားက အစေခံကြား ပေါ်လာတဲ့ စကားလုံးတွေကို အင်တာဖေ့စ်ပေါ်တွင် ကြည့်နေလေသည်။ သူတို့ရဲ့ မျက်နှာပုံစံက ဖုန်းကြည့်နေတဲ့ အဖိုးကြီးတွေလိုပဲ။ သူတို့ အမိုးအောက်မှာ ရပ်နေတဲ့ ကျိုက်ကျိုက် က သူတို့ရှာနေတဲ့သူဆိုတာ မသိကြသေးဘူး။ ဒါ အရမ်း... အခက်တွေ့စရာပဲ။

ကျိုက်ကျိုက် မှာလည်း သူ(မ)လို အတွေးမျိုး ရှိမရှိ မသိပေ။ သူက တီးတိုးပြောနေတဲ့ လူနှစ်ယောက်ကို ကြည့်နေ၏။ သူ့မျက်နှာက ဘာအမူအရာမှ မပြဘူး၊ ဒါပေမဲ့ သူ့ခေါင်းပေါ်မှာ "..." ဆိုတဲ့ စာတန်း ပေါ်လာလေသည်။

လုယီအန်း က မြင်းမည်းပေါ် တက်စီးလိုက်သည်။ သူ ကျိုက်ကျိုက် ဘက် လှည့်ကြည့်ပြီး မာနကြီးကြီး ပြောလိုက်၏၊ "ညီလေးသုံး၊ ငါ အရင်သွားမယ်။ မင်း ငါ့နောက် မလိုက်နဲ့။ မင်းဘာသာ သွားရှာ။ မတွေ့ရင် ငိုပြီး ပြန်မလာနဲ့"

ကျိုက်ကျိုက်က ဘာမှမပြောဘူး။ သူ့အကြည့်က သူ့ရှေ့က နီညိုရောင် မြင်းနီပေါ်ကိုသာ ကျရောက်နေလေသည်။ သူ ဇက်ကြိုးကို ကိုင်လိုက်သောအခါ သူ့မျက်လုံးမည်းမည်းတွေက နက်ရှိုင်းပြီး တည်ငြိမ်နေသည်။

စုရှီက သူ မြင်းပေါ်မတက်ရန် နည်းလမ်းတစ်ခုခု စဉ်းစားနေသည်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ သူ့နှုတ်ခမ်းထောင့်စွန်းလေးကွေးကာ လုယီအန်း ကို လှောင်ပြောင်၍ ပြောလိုက်သည်၊ "မင်းနဲ့ငါ နှစ်ယောက်စလုံး မြင်းစီးရင် ငါ မင်းထက် နှေးမယ် လို့ ထင်နေတာလား။ မင်း ကြောက်နေတာမလား"

လုယီအန်း တကယ် ဒေါသထွက်သွားပြီး သူ့မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင် ပေါ်လာလေသည်၊ ဒါပေမဲ့ လုဟွမ်က သူ့စိတ်ထဲက အကြောင်းအရာကို သိသွားလို့ ပိုပြီး စိတ်ညစ်သွားသည်။

ဟုတ်တယ်၊ သူ့စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိနေသည်။ သူ့ညီလေးသုံးက တရားမဝင်သား ဖြစ်နေပေမယ့် သူက အမှန်တကယ်သန်မာတဲ့ ယှဉ်ပြိုင်ဘက်တစ်ယောက် ဖြစ်နေသည်။ မြင်းစီးခြင်းနဲ့ လေးပစ်ခြင်းမှာ သူနဲ့ သူ့ဒုတိယညီလေး ဝမ်ရှို့တို့ကို ကျော်လွန်ရုံတင်မက၊ ချောင်းထဲက မတော်တဆဖြစ်ရပ်ကြောင့် သခင်မကြီးရဲ့ မျက်နှာသာပေးမှုကိုပါ ရရှိသွားသည်။

သူ အရမ်းကြောက်နေ၏။ တရားမဝင်သား ညီသုံးက ဒီတစ်ခါလည်း အံ့အားသင့်စရာတစ်ခုခု လုပ်ပြီး သူ့ကို အနိုင်ယူသွားမှာ၊ သူ့မျက်နှာပျက်ရမှာကို ကြောက်နေမိသည်။

သူ့မြင်းမည်းက အရပ်မြင့်ပြီး ခွန်အားကြီးသည်။ တရားမဝင်သားရဲ့ မြင်းထက် ပိုကောင်းပေမယ့်၊ အဲဒီကောင်မှာ အထူး မြင်းစီးပညာတွေ ရှိပြီး သူ့ထက်အရင် ကျုံးကန်ဖိန်ဆီ ရောက်သွားမလား၊ ဒါမှမဟုတ် နတ်ဆေးဆရာကို သူ့ထက် အရင် ရှာတွေ့သွားမလားဆိုတာ စိုးရိမ်နေသည်။

လုယီအန်း က ရှုံးနိမ့်တာကို လုံးဝ သည်းမခံနိုင်ဘူး။

အချိန်ကျတော့ လုဟွမ်နဲ့ သူ့ယုံကြည်ရတဲ့ အကူတချို့ပဲ တံခါးရှေ့မှာ ရှိနေသည်။ သူ့မြင်းကို ယူသွားပြီး စီးစရာမြင်းမရှိအောင် လုပ်လိုက်ရင် ဘယ်လိုနေမလဲ။ အခုလိုပဲ တည်ငြိမ်နိုင်သေးမလား ကြည့်ရအောင်!

ဒီလိုတွေးပြီး လုယီအန်း က အေးစက်စွာ မောင်းထုတ်လိုက်သည်။ "တတိယညီက တကယ် ယုံကြည်မှုရှိရင် မြင်းမစီးနဲ့လေ!"

လုဟွမ်က သူဒီလိုပြောမယ်လို့ မထင်ခဲ့ပါ။ သူ့မျက်ခုံး နည်းနည်းလှုပ်လိုက်ပြီး မြင်းကိုကာကွယ်ဖို့ ရှေ့တိုးလာသည်။ စိတ်ပူပန်စွာနဲ့ "မရဘူး၊ ဒီမြင်းကို ငါလိုတယ်" လို့ပြောလိုက်လေသည်။

လုယီအန်း က သူ့ကိုဒီလိုမြင်ရတော့ ပိုပြီး မာန်တက်သွားသည်။ လုဝမ်ရှို့နဲ့ သူ့ရဲ့ကွာခြားချက်က လုဝမ်ရှို့က အရမ်းမိုက်မဲပြီး လူအများရှေ့မှာ မဖုံးကွယ်နိုင်ပေ။ လုယီအန်း က လူအများရှေ့မှာ ပိုရင့်ကျက်သည်။ ဒါပေမဲ့ အခုချိန်မှာတော့ တခြားဘယ်သူမှ မရှိဘူး။ လုဟွမ်ရဲ့မြင်းကို ယူသွားရင်တောင် ဘယ်သူမှ ဘာမှပြောလို့မရနိုင်ပေ။

ပြီးတော့ လုဟွမ်မှာ ဒီမြင်းတကောင်ပဲ ရှိသည်။ မြင်းစောင်းထဲမှာ တခြားမြင်းတွေ ရှိသေးသည်။ မြင်းစောင်းအစောင့်တွေက သူ့အမေရဲ့လူတွေ ဖြစ်ပြီးတော့ သူ့ကို မြင်းစီးခွင့် မပေးပေ။ မြင်းမရှိရင် သူ့နောက်က အတော်ဝေးဝေး ကျန်ခဲ့ပေမည်။

ဒါကြောင့် ဒီတရားမဝင်သားကို နှိပ်စက်နိုင်တဲ့အခွင့်အရေးရှိရင် ဘာလို့မနှိပ်စက်ရမှာလဲ။

သူက အမြန်သွားပြီး နတ်ဆေးဆရာကို အရင်ရှာတွေ့အောင် စောင့်နေရမှာလား!

သူမလုပ်ခင်မှာ သူ့ယုံကြည်ရတဲ့ အကူက ချက်ချင်းနားလည်သွားပြီး လုဟွမ်ဆီကနေ ဇက်ကြိုးကိုယူဖို့ လျှောက်သွားလိုက်သည်။ "တတိယ သခင်လေး၊ မြင်းအတွက် ကျေးဇူးတင်ပါတယ်!" လို့ အလွန်အကြူး ပြောလိုက်လေသည်။

ပြောပြီးတော့ မြင်းပေါ်တက်စီးလိုက်သည်။

လုယီအန်း က အချိန်ကို အကောင်းဆုံး အသုံးချချင်သည်။ နောက်ဆုံးမှာ မာနထောင်လွှားတဲ့အမူအရာနဲ့ လုဟွမ်ကို အပေါ်စီးကနေ ကြည့်ပြီး သူ့လူတွေနဲ့အတူ ထွက်သွား၏။

သူထွက်သွားပြီးနောက် မင်းသားနင်းဖူရဲ့ တံခါးရှေ့မှာ ဘယ်သူမှ မရှိတော့ဘူး။ ဒီမှာ အပြင်လူ မရှိတော့ပေ။ လုဟွမ်က လုယီအန်း မြင်းနဲ့ ထွက်သွားတဲ့ဘက်ကို မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ဝေးလံတဲ့တောင်ပေါ်က အေးစက်နေတဲ့နှင်းလို အေးစက်နေသည်။

စခရင်အပြင်ဘက်ကနေ ကြည့်နေတဲ့ စုရှီက ကျိုက်ကျိုက် ရဲ့ အံ့မခန်း သရုပ်ဆောင်မှုကို အံ့သြသွားသည်။

ခဏလေး၊ သူ့ရဲ့နီညိုရောင်မြင်း ဖျက်ဆီးခံထားရတာကို သူသိနေတာလား။

အဲ့အချိန်မှာ လုဟွမ်က အိမ်တော်ထဲကို မပြန်ဘူး။ သူဟာ မြို့ပြင်ကို ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်သွားသည်။ အနက်ရောင်ဝတ်ရုံဝတ်၍ နတ်ဆေးဆရာလို ဟန်ဆောင်နိုင်တဲ့သူ တယောက်ကို ရှာပြီး သူ့ကိုယ်စား သခင်မကြီးရှေ့မှာ ပေါ်လာစေဖို့ ဆုံးဖြတ်လိုက်သည်။

သူဟာ အမြဲတမ်း သတိထားနေခဲ့သည်။ ဆောင်းငှက်တောင် အမဲလိုက်ပွဲမတိုင်ခင် သခင်မနင်းက တခုခုလုပ်မှာကို ခန့်မှန်းမိ၏။ ဒီရက်ပိုင်းတွေမှာ သူအမြဲသတိထားနေခဲ့သည်။ ဒီနေ့ ကုန်းနှီးမှာ တခုခုမှားနေတယ် ဆိုတာကို သတိထားမိတာကို မပြောနဲ့၊ သခင်မနင်းက တခြားနည်းလမ်းတွေ သုံးရင်တောင် သူလွတ်မြောက်နိုင်မှာ သေချာသည်။

ဒီနှစ်တွေတလျှောက်လုံး သခင်မနင်းက နည်းလမ်းအမျိုးမျိုးသုံးခဲ့သည်။

ရူးလောက်အောင် ရယ်စရာကောင်းသည်။

သခင်မနင်းက လုယီအန်း ကို မပြောပဲ လုပ်ခဲ့သော ဖြစ်ရပ်များစွာ ရှိသည်။ သူ(မ) အချစ်ဆုံးသားရဲ့လက်တွေ သန့်ရှင်းနေစေချင်လို့ ဖြစ်မည်။ ဒါပေမဲ့ လုယီအန်း ရဲ့အားနည်းချက်က ယှဉ်ပြိုင်လို စိတ်ပြင်းထန်ပြီး မနာလိုဝန်တိုတတ်သည်။ သူ့အားနည်းချက်ကို အသုံးချပြီး စိန်ခေါ်ရုံပဲ လိုတယ်၊ ပြီးတော့ သူဟာ လုဝမ်ရှို့လို အရူးထက်တောင် ပိုမိုက်မဲနေသေးသည်။

ဒီနီညိုရောင်မြင်းဟာ သူနဲ့နှစ်တွေ အများကြီး အတူနေခဲ့သည်။ အခုတော့ လုယီအန်းရဲ့ ယုံကြည်ရတဲ့ အကူရဲ့အသက်နဲ့ လဲလှယ်လိုက်ရသည်။ သနားစရာပဲ။

လုဟွမ်က အလျင်မလိုဘဲ မြို့ပြင်ကို ထွက်လာခဲ့သည်။

ဒါပေမဲ့ စုရှီက ကျိုက်ကျိုက် ရဲ့ ကျောပြင်ကို ကြည့်နေတုန်း စိတ်မကောင်းဖြစ်မိသည်။

ဂိမ်းထဲ ပထမဆုံးဝင်ကစားတဲ့အချိန်ကတည်းက မင်းသားနင်းဖူအိမ်တော်မှာ ကျိုက်ကျိုက် အတွက် စားဝတ်နေရေး မလုံလောက်တာကို သိခဲ့သည်။ ဒါပေမဲ့ ဒီနေ့တော့ မြင်းစောင်းထဲက မြင်းသုံးကောင်တွင် နှစ်ကောင်က အရပ်မြင့်ပြီး တကောင်က ပိန်ပိန်ပါးပါးနဲ့ အားနည်းတော့ ကွာခြားချက်က အရမ်းသိသာလွန်း၏။ အဲ့ဒါက ကျိုက်ကျိုက် အတွက် ပိုပြီးစိတ်မကောင်း ဖြစ်စေသည်။

တခါတလေ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာက ဒီလိုပဲ။ ကိုယ့်ကလေးက ကောင်းကောင်းမွန်မွန်မစားရရင် သူတို့ ဆိုးဝါးတဲ့လို့ သိပ်မခံစားမိဘူး၊ ဒါပေမဲ့ တခြားကလေးတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာတော့ —

တခြားကလေးတွေက အလွန်‌စျေးကြီးတဲ့ နေ့လည်စာဘူးတွေသုံး၊ ချစ်စရာကောင်းတဲ့ နေ့လည်စာတွေစား၊ လှပတဲ့ ကျောင်းလွယ်အိတ်တွေသုံး၊ အသစ်စက်စက် တောင်တက် စက်ဘီးတွေ စီးတာကိုမြင်ရမယ်။

ဒါပေမဲ့ နှစ်တွေ အများကြီးကြာအောင် သူ့ကလေးက ပေါင်မုန့်ပဲ စားရပြီး၊ ဝါညစ်ညစ်အိတ်တွေကို ကျောင်းအိတ်အဖြစ်သုံး ရမယ်၊ ရွှံ့ထူတဲ့ လမ်းတွေပေါ်မှာ ကျောင်းတက်ကျောင်းဆင်း လမ်းလျှောက်ရမယ်၊ ပြီးတော့ တခြားကလေးတွေရဲ့စက်ဘီးတွေကိုပဲ ငေးကြည့်နေရမယ်ဆိုရင် ...

သူ(မ)နှလုံးသားက ချက်ချင်းနာကျင်သွားသည်။

ဒီဂိမ်းသာ မူကြိုကျောင်းဆိုရင် စုရှီက သူ(မ)ကလေးကို တခြားသူတွေလို သူ(မ)ကျိုက်ကျိုက် မှာလည်း အကောင်းဆုံးတွေရှိစေချင်သည်။

ကျိုက်ကျိုက် က သူ့မြင်းဟာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ လုယီအန်း နဲ့ လုဝမ်ရှို့တို့ရဲ့ မြင်းတွေလောက် မကောင်းဘူးဆိုတာကို ဂရုမစိုက်ပေ —

သူ့စားဝတ်နေရေး၊ နေအိမ်နဲ့ တစ်ခြားအသုံးအဆောင်တွေက ညီအစ်ကို နှစ်ယောက်လောက် မကောင်းဘူး ဆိုတာကိုလည်း ဂရုမစိုက်ပေ။

ဒါပေမဲ့ လောင်မားတစ်ယောက်အနေနဲ့ စုရှီရဲ့နှလုံးသားထဲမှာ သူ(မ)စိတ်ကူးကြောင့် မျက်ရည်တွေ ပြည့်နှက်နေ၏။

တခြားကလေးတွေမှာ ရှိတာ၊ သူ(မ)ကလေးမှာလည်း ရှိရမယ်။

ကျိုက်ကျိုက် မှာ လယ်ယာ၊ ငွေကြေး၊ လက်အောက်ငယ်သားတွေ၊ အလုပ်သမားတွေရှိပြီး အနာဂတ်မှာ ပိုပြီးကောင်းလာမယ်ဆိုတာ သိပေမယ့်။

ဒါပေမဲ့ အတိတ်က သူရင်ဆိုင်ခဲ့ရတဲ့အရာတွေ၊ လိုအပ်ခဲ့တဲ့အရာတွေကို ဘယ်တော့မှ ပြန်အစား မပေးနိုင်တော့ဘူး။

ဒါကြောင့် စုရှီက ဈေးဆိုင်ကို ဖွင့်လိုက်၏ —

တခြား ဘာလုပ်ပေးရမလဲ။ ငွေနဲ့ရှင်းရမလား!

လုဟွမ်က မြို့တော်ထဲမှ လူစည်ကားရာနေရာကနေ ထွက်သွားကာ လမ်းသွယ်လေးတခုပေါ် လမ်းလျှောက်နေတုန်း ရုတ်တရက် သူ့ရှေ့က မြင်းခွာသံတွေ ကြားလိုက်ရသည်။

သူအလိုလိုမော့ကြည့်လိုက်တော့ မဝေးတဲ့နေရာက သစ်ပင်တပင်မှာ ချည်ထားတဲ့မြင်းတကောင်ကို တွေ့လိုက်သည်။ ဒီမြင်းက တခြားအရောင်တွေ တစုံတခုမှ မပါတဲ့ နှင်းဖြူရောင်ပဲ။ သူ့အမွှေးတွေက ကျောကုန်းပေါ်ကနေ စီးဆင်းနေသည်။ ခန္ဓာကိုယ် အချိုးအစားက ညီညာပြီး အရပ်မြင့်ပြီး၊ တောက်ပ၍ လှပနေသည်။ သူ့ခေါင်းက အရမ်းမြင့်မားပြီး မျက်လုံးတွေက တောက်ပပြီး သန်မာထွားကျိုင်းနေသည်။ တချက်တည်းကြည့်ရုံနဲ့ တရက်ကို မိုင်ထောင်ပေါင်းများစွာ ပြေးနိုင်တဲ့ အဖိုးတန် မြင်းတကောင်ဆိုတာ သိသာနေသည်။

အဲ့ဒီလူလား ...။

လုဟွမ်က စိတ်ပျက်ပြီးတဲ့နောက် အဲ့ဒီလူရဲ့ နှစ်သိမ့်မှုနဲ့ တဖြည်းဖြည်း ရင်းနှီးလာသည်။

သူ့မှာ တခြားသူတွေထက် မြင်းတကောင် လျော့နေတော့ အဲဒီလူက သူ့ကို မြင်းတကောင်ပေးသည်။

သူက မြင်းကို ကြည့်ပြီး သူ့အမူအရာ ပျော့ပျောင်းသွားသည်။ အမြန်လျှောက်သွားပြီး မြင်းရဲ့ကျောကုန်းကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။ ခဏကြာတော့ မြင်းရဲ့ကျောကုန်းပေါ်က ဖြူဖွေးတဲ့ မြင်းမွှေးတွေထဲမှာ သူ့မျက်နှာကို မှေးတင်ထားလိုက်၏။ သူ့ပါးက မြင်းရဲ့နူးညံ့တဲ့အမွှေးတွေနဲ့ထိနေပြီး သူ့အရေပြားပေါ်မှာ နွေးထွေးမှုတခု ခံစားလိုက်ရသည်။

အမှောင်ထဲမှာ တယောက်တည်း ကြာကြာ လမ်းလျှောက်လာပြီးမှ နောက်ဆုံး သူ့ကို စိတ်အေးချမ်းစေတဲ့ တခုတည်းသော အလင်းရောင်ကို တွေ့လိုက်ရသလိုပဲ။

အဲဒီအချိန်မှာ အိမ်တော်ထဲမှာ သတင်းစောင့်နေတဲ့ သခင်မနင်းက ထိုင်ပြီး လက်ဖက်ရည် သောက်နေလေသည်။ အထိန်းတော်အေရဲ့ အစီအစဉ်တွေကြောင့် လုဟွမ် ဆောင်းငှက်တောင် အမဲလိုက်ပွဲမတိုင်ခင် သူ့ခြေထောက်တဝက်လောက် ကျိုးသွားမှာ သေချာတယ်လို့ ပြောတာကို ကြားတော့မှ သက်ပြင်းချလိုက်လေသည်။

ဒါပေမဲ့ လုဟွမ် ဒဏ်ရာရတဲ့သတင်းက မသေချာသေးတော့ သူ(မ)နှလုံးသားထဲက ကျောက်တုံးကြီးကို ထမ်းထားရသလို လေးလံနေလေသည်။

ဒါပေမဲ့ ဘယ်သူမှ မမျှော်လင့်ထားတာက အဲ့ဒီညမှာ။

လုဟွမ်က အနက်ရောင် ဝတ်ရုံဝတ်ထားတဲ့ နတ်ဆေးဆရာတယောက်ကို မင်းသားနင်းဖူအိမ်တော်ဆီ ခေါ်လာခဲ့လေသည်။ အဲဒီနတ်ဆေးဆရာက သခင်မကြီးအတွက် အဆစ်အမြစ်ရောဂါနဲ့ အအေးမိနေပြီးခြေထောက် ကိုက်ခဲတာကို ကုသဖို့ ဆေးအိတ်တအိတ် ပေးခဲ့၏!

မင်းသားနင်းဖူ အိမ်တော်တခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်လေသည်!

သူ(မ) လက်ဖက်ရည်ခွက်ကို ဒေါသတကြီး ပစ်ချလိုက်တုန်း နောက်ထပ်သတင်းတခု ရောက်လာလေသည် —

လုယီအန်း က ချမ်းသာတဲ့ကုန်သည်ကြီး ကျုံးကန်ဖိန်ကို ရှာဖို့ မြို့ပြင်ထွက်သွားရာလမ်းမှာ ခြေထောက်ကျိုး သွားလေသည်!

လုယီအန်း က လမ်းပေါ်မှာ လှဲနေပြီး လှုပ်လို့မရတော့ကြောင်း ကိုယ်ရံတော်နှစ်ယောက်က အမြန်ဆုံး လူတွေပြန်လွှတ်ပြီး သတင်းပို့လိုက်လေသည်၊ သမားတော်နဲ့ ထမ်းစင်တွေကို အမြန်ပေးပို့ပေးဖို့ တောင်းဆိုလာ၏!

All Chapters