← Chapters

Chapter 34

Vol. 4 Ch. 34

Chapter 34

Vol. 4 Ch. 34

လုဟွမ်၏စိတ်ထဲတွင်တော့ မေးခွန်းပေါင်းများစွာရှိခဲ့လေသည်။'သူ(မ) ဘာလို့ငါ့အနားကို လာခဲ့တာလဲ။ ဘာလို့ ငါ့အပေါ်အရမ်းကောင်းပေးခဲ့တာလဲ။ ငါ့ကိုဘာလို့ အဖော်လုပ်ပေးခဲ့တာလဲ... '

'ဘာလို့ငါ့ကျမှ ဒီလိုလာဖြစ်ရတာလဲ။ သူ(မ)ငါ့ဆီက တစ်ခုခုလိုချင်ခဲ့တာလား။ ဒါမှမဟုတ် သူ(မ)လိုချင်တာတစ်ခုခုကြောင့် ငါ့ကို မြို့တော်ရဲ့အာဏာလွန်ဆွဲပွဲမှာ ဝင်ပါစေချင်ခဲ့တာလား။'

သို့သော် ဤအခိုက်အတန့်တွင် ထိုသူ ဘေးတွင်ရှိနေသည်ကို သူခံစားမိ၏။ နူးညံ့သောလေက သူ့အား ဝန်းရံထားသလို ခံစားလိုက်ရသည်။ … ဤမေးခွန်းများသည် အရေးမကြီးတော့ပေ။

သူ ပို၍ပူပန်မိသည်က__

သူ(မ) သူ့အနားတွင်အချိန်ကြာကြာ ရှိပေးနိုင်မည်လား။

တစ်နေ့တစ်ချိန်မှာ ထွက်သွားလေမလား။

အမြဲတမ်း သူစိမ်းတွေအပေါ်ကို အရမ်းကောင်းပေးနေကျလား။ ပြီးတော့ အနာဂတ်မှာ တစ်ခြား ဘယ်သူ့ကိုမှ မကြည့်ဘဲ၊ ဘယ်သူဆို ဘယ်သူ့ကိုမှ မကြည့်ဘဲ၊ သူ့တစ်ယောက်ထဲကိုပဲ ကြည့်နေနိုင်ပါ့မလား။

မရေမတွက်နိုင်သော သိမ်မွေ့သော ခံစားချက်များ သူ့နှလုံးသားထဲသို့ လှိမ့်ဝင်လာခဲ့၏။—မျှော်လင့်ချက်၊ ပျော်ရွှင်မှု၊ မလွယ်ကူမှု။ လှိုင်းလုံးငယ်များကဲ့သို့ အလွှာလိုက်အလွှာလိုက် ကမ်းစပ်ကို ရိုက်ခတ်နေသလိုပင်။

ထို့နောက် သူ၏နှလုံးခုန်သံနှင့်အတူ နှလုံးသားထဲက ဆူညံသံများလည်း တဖြည်းဖြည်းမှိန်ဖျော့သွားခဲ့ကာ အရေးကြီးဆုံး အသေချာဆုံး အတွေးတစ်ခုသာ ကျန်ခဲ့လေသည်။__

သူ၏အနားတွင်ပေါ်လာခဲ့သော၊ သူ့ဆီသို့ရောက်လာခဲ့သော ဝိဥာဏ်လေးသည် သူ့ဘဝတွင် ဖြစ်ပျက်ခဲ့သမျှအရာများထဲတွင် အကောင်းဆုံးတစ်ခုဖြစ်ပေလိမ့်မည်။

သူ တခြားဘာမှကို မကြောက်ပေ။ တစ်ဘက်လူက ရုတ်တရက် ပျောက်ကွယ်သွားမှာကိုသာ သူအကြောက်ဆုံးဖြစ်၏။

ဒီအကြောင်းကို တွေးရင်းဖြင့် လုဟွမ် သတိရလိုက်သည်က လွန်ခဲ့တဲ့ရှစ်ရက်တာအတွင်း တစ်ဘက်လူဆီက မည်သည့်သတင်းစကားမျှ မကြားမိခြင်းဖြစ်သည်။ ရုတ်တရက် အဆက်အသွယ်ဖြတ်တောက်ခံလိုက်ရသည့်နယ်ပင်။ ဘာတွေဖြစ်ခဲ့သည်ကို သူ မသိပေ။ ခြံ၀ိုင်းထဲတွင် စောင့်နေခဲ့သော်လည်း ရှစ်ရက်တာ နေထွက်ချိန်နှင့် နေဝင်ချိန် စောင့်ကြည့်ပြီးသည့်တိုင် သူ ဘာမှမတွေ့ခဲ့ပေ။

သူ(မ) အနာဂတ်မှာ နောက်တစ်ကြိမ် ပြန်ပေါ်လာရင် သူ(မ)ကို ဘယ်မှာသွားရှာရမည်မသိမှာ သူစိုးရိမ်နေခဲ့သည်။

လုဟွမ်ဟာ တစ်ဘက်လူ ရောက်လာဖို့ကို လွန်ခဲ့တဲ့ရှစ်ရက်တာလုံး စိတ်အားထက်သန်စွာ စောင့်နေခဲ့မိသည်ကို ထုတ်ဖော်မပြချင်ခဲ့သော်လည်း၊ သူအလွန်သိချင်နေ၏။ ဒါကြောင့် မြိုသိပ်၍သာ နေခဲ့ရသည်။

အဆုံးမှာတော့ သူမနေနိုင်တော့ဘဲ မေးလိုက်မိသည်။ "မင်းပျောက်သွားတဲ့ ရှစ်ရက်အတွင်းမှာ တစ်ခုခု ဖြစ်ခဲ့သေးတာလား။"

စုရှီ၏ အမြင်တွင်တော့ စခရင်ပေါ်က ကျိုက်ကျိုက်သည် မူကြိုကျောင်းမှာ ရှစ်ရက်လုံးလုံး လာမကြိုဘဲ ထားခဲ့ခံရသော ကလေးတစ်ယောက်ကဲ့သို့ပင်ဖြစ်နေ၏။ သူ၏မျက်နှာတွင် ခါးသီးမှုပေါ် ခါးသီးမှုဆင့်နေသည်။ နောက်ဆုံး သူ(မ)ရောက်လာတဲ့အခါမှ သူ(မ)၏လက်ကိုဆွဲကာ ဘယ်တွေများ ရောက်နေတာလဲ၊ ဘာကြောင့် လာမကြိုတာလဲ မေးနေသည့်နယ်။

သူ ဆက်မေးနေလို့ရပေမယ့် သိပ်ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်ကာ ပုံမှန်အတိုင်းပင် မေးနေသည်။

ရင်ဘတ်တည့်တည့် မြားဖြင့် အပစ်ခံလိုက်သလို ဟက်ထိပြီး စုရှီ မြေပေါ်လဲကျသွားတော့သည်။ သူက အရမ်းချစ်ဖို့ကောင်းတာပဲ။

ဂိမ်းထဲမှာ အဆိပ်ခတ်ခံလိုက်ရသလိုမျိုး သူ(မ)ခံစားလိုက်မိသည်။ အိုး ကျိုက်ကျိုက်က ဘာပဲလုပ်လုပ် ဘာလို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ!

သို့သော် သူ(မ)စာမေးပွဲကြောင့်လို့ ဘယ်လိုရှင်းပြရမှာလဲ! စာမေးပွဲက နှစ်ရက်နဲ့ နေ့တစ်ဝက်ကြာခဲ့ရုံမက သူ(မ)ဖုန်းကိုပါသိမ်းခံခဲ့ရသည်ကို!

စုရှီ သူ(မ)ခေါင်းသူ(မ)ကုတ်ကာ ခဏလောက် တွေးနေမိ၏။

ပြီးနောက် စခရင်မှတစ်ဆင့် ကျိုက်ကျိုက်၏စားပွဲရှေ့က စာအုပ်ကို ဆွဲလှန်လိုက်သည်။ သူ(မ) စုတ်တံတစ်ခုကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်တွင် စာတစ်ချို့ကိုရေးလိုက်၏။ နောက်ဆုံး သူ(မ) စုတ်တံကို လွှင့်ပစ်လိုက်ပြီး စာအုပ်ကို လိပ်လိုက်သည်။

ပြီးတော့ ပြတင်းပေါက်ကို ဖွင့်ကာ စာအုပ်ကို လိပ်ဖို့ လေကို သုံးလိုက်ပြီး သူ(မ)ထွက်ပြေးသွားသည့် ပုံပေါက်အောင် လုပ်လိုက်သည်။

သူ(မ)လည်း တော်ဝင်ကျောင်းတော်တက်ခဲ့ရတယ်ဆိုတာကို သူ့ကိုပြောပြချင်၏။ သူ(မ)လည်း စာမေးပွဲများ ဖြေခဲ့ရသည်။ ဒါတင်မကသေး အတန်းထဲတွင် ထိပ်ဆုံးသုံယောက်ထဲမှာ သူ(မ)ပါပြီး မြို့တော်ကို ဝင်ခွင့်မရသေးတာတောင် အမှတ်အများဆုံးရသူ ဖြစ်လာရန်။ မဟာဘွဲ့ရရန် စာဆက်၍ သင်နေရသည်။ အတိုချုံ့ပြောရရင် အတော်ခက်ခဲပါသည်။

မည်သို့ပင်ဖြစ်စေ ဤမျှရှည်လျားထွေပြားသော ရှင်းပြချက်များသည် သိသိသာသာပင် မလုံလောက်ပေ။

ကျိုက်ကျိုက်ဟာ လေကြောင့် ပြတင်းတံခါးတို့ ပွင့်သွား၍ ပြန်ပိတ်သွားတာကို ကြည့်လိုက်ပြီး သူ၏ရှေ့က စာအုပ်ထဲမှ ရှုပ်ပွနေသောစာမျက်နှာများကို ငေးကြည့်နေခဲ့သည်။ သူ ဂရုစိုက်သည့်ပုံတော့ မပေါ်ပေ။ ထိုအစား သူမှန်းဆရင်း သူ့မျက်လုံးတွေအရောင်တောက်ပနေခဲ့သည်။

"မင်းရဲ့ဝိညာဥ်က အရင်ရက်တွေတုန်းက မရဏကမ္ဘာမှာ ချုပ်နှောင်ခံထားခဲ့ရတာလို့ ပြောချင်တာလား။ မင်း မရဏကမ္ဘာမှာ စစ်ဆေးမှုတစ်ခု ခံယူရမယ်၊ အဲဒါပြီးမှ ပြန်ထွက်လာလို့ရမယ်လို့ ပြောချင်တာလား"

စားပွဲပေါ်တွင်ရေးလိုက်သည် _ စစ်ဆေးတာ။

ပြတင်းပေါက်ကို ဖွင့်ပြီး လေကို ထုတ်လိုက်ကာ_ ထွက်သွားစေသည်။

ကျိုက်ကျိုက်၏စကားများကို စုရှီကြားလိုက်ရတဲ့အခါ အိပ်ရာပေါ်မှ လုကျလုနီးပါးပင်။ သူ(မ) ရယ်ရမလို ငိုရမလိုပင် ဖြစ်နေတော့သည်။ ဘာဝိညာဥ်? ဘာမရဏကမ္ဘာ? ကျိုက်ကျိုက်က သူ(မ)ကို မိန်းမဝိညာဥ်များ ထင်နေတာလား!

သို့သော် ဝိညာဥ်ကိစ္စကို ခဏဖယ်ထားလိုက်လျှင် အခြားခန့်မှန်းချက်များမှာမူ အတော်နီးစပ်နေလေသည်။ ကျောင်းက မရဏကမ္ဘာနဲ့ အတူတူပဲမဟုတ်ဘူးလား။ ကျောင်းဆိုတာ စာမေးပွဲစစ်ပြီးမှသာ ပိတ်တာလေ။

ဘာပဲဖြစ်ဖြစ် ရှင်းပြဖို့က အဓိပ္ပါယ်မရှိပါ။ ဒါကြောင့် သူထင်သလိုပဲ ထားလိုက်တော့သည်။

စုရှီ၏နှုတ်ခမ်းများသည် ကျီစယ်သောအပြုံးတစ်ခုအဖြစ် ကော့ညွှတ်သွားပြီး ကျိုက်ကျိုက်၏ ဘယ်ဘက်လက်ကို ဆွဲကိုင်လိုက်ကာ_အင်း။

လုဟွမ် ဒီနေ့မတိုင်ခင်အထိ သဘာဝလွန်စွမ်းအားများနှင့် နတ်ဘုရားများကို မယုံကြည်ခဲ့သော်လည်း သူယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ ဒီမျှမက ဝိညာဥ်တွေနဲ့ နတ်ဘုရားတွေမှာလည်း သူတို့၏ ကိုယ်ပိုင်ဥပဒေတွေ ရှိကောင်းရှိပေမည်။

သူတို့မှာ လူသားတွေထက် သာလွန်တဲ့ စွမ်းအားတွေ ရှိပေမယ့် လူ့လောကကဲ့သို့ လိုက်နာရမည့်စည်းကမ်းများလည်း ရှိတာဖြစ်မယ်။

သူ့စိတ်ထဲတွင် မရဏကမ္ဘာ၏ ပုံရိပ်က တဖြည်းဖြည်း ပေါ်လာခဲ့သည်။

နတ်ဆိုးများနှင့် ဘီလူးများ၊ ကိုးယားကားယားနိုင်စွာ အသွင်မျိုးစုံဖြင့်။ သူ စပြီးမှန်းကြည့်နေလေသည်။

ဒါဆို ဒီဝိညာဥ်ဘုရားဟာ မရဏကမ္ဘာက သူ(မ)ကို မပြီးပြီးအောင်လုပ်ရမယ်ဆိုပြီး ရွေးချယ်စရာမရှိတဲ့ မစ်ရှင်တစ်မျိုးကို ပေးခဲ့လို့ သူ့အနားမှာရှိနေခဲ့တာလား။

နောက်ဆုံးတော့ သူ့ကိုအဖော်ပြုပေးခဲ့သော ဒီဝိညာဥ်လေးဟာ သူ့အပေါ် ညင်ညင်သာသာ ဆက်ဆံပေးတဲ့အပြင် အခြားအရာများစွာကိုလည်း ရည်ရွယ်ချက်နဲ့ လုပ်ပေးခဲ့တာပဲလေ။

ဆုပေး၊ဒဏ်ပေးစနစ်တစ်ခု ရှိကောင်းရှိနိုင်တယ်။

... သူမှတစ်ဆင့်ဖြစ်စေ သူ့အကူအညီကိုယူ၍ဖြစ်စေ ပြီးအောင်လုပ်ခြင်းမှအပ ရွေးချယ်စရာမရှိချေ။

ဒါသာတကယ်ဆိုရင် ကိစ္စတော်တော်များများကို ရှင်းပြပေးနိုင်မည်။

သူ ဒါကို ခန့်မှန်းမိသည့်တိုင် လုဟွမ်၏ စိတ်ခံစားချက်ကတော့ အတက်အကျမရှိပေ။ သူ၏မျက်လုံးထောင့်စွန်းများနှင့် မျက်ခုံးထိပ်များမှာ တောက်ပနေဆဲ။ အဲဒါရဲ့ရည်ရွယ်ချက်ဟာ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ လုဟွမ် တစ်ခုခုကို အတည်ပြုပြီးသားပင်။ ဒါဟာ သူ့ကို လုံးဝအန္တရာယ်မပြုနိုင်ဘူးဆိုတာနှင့် သူ့အပေါ်အမြဲညင်သာခဲ့တယ်ဆိုတာသာ။

သူ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့အပြင် သူအထိတွေ့ချင်ဆုံးသော ရောင်ခြည်တန်းလေးဖြစ်နေခဲ့ပြီ။

"သဘောပေါက်ပြီ" လုဟွမ် နူးညံ့စွာပြောလိုက်၏။

ပြာသာကျန်တော့သည့် သူရှို့ပစ်လိုက်တဲ့ မှတ်စုများကို ဖယောင်းတိုင်မီးအောက်တွင် ကြည့်နေမိသည်။ "ဒီရက်တွေမှာ မင်းထပ်မလာတော့ဘူးလို့ ငါထင်ခဲ့တာ" လို့ သိမ်ငယ်စွာ သူပြောလိုက်၏။

ကျိုက်ကျိုက်ကို စခရင်အပြင်မှ စုရှီ ကြည့်လိုက်သည်။ ကျိုက်ကျိုက်က သူ၏မျက်လွှာလေးကို အနည်းငယ်ချလိုက်သည်။ ဆန်မုန့်လုံးလေးကဲ့သို့သော သူ့မျက်နှာဟာ အလွန်တည်ငြိမ်နေသော်လည်း စုရှီ၏ လောင်မားရဲ့နှလုံးသားထဲတွင် အပြစ်ရှိမှုကို ခံစားလိုက်ရ၏။ 'ကျွန်မ ရှင့်ကို မူကြိုမှာ တစ်ယောက်ထဲ မထားခဲ့ချင်ပါဘူး...'

သူ(မ) ကျိုက်ကျိုက်ကို ကြည့်ရင်း မနေနိုင်တော့ဘဲ အမြဲလုပ်ချင်နေခဲ့တာ တစ်ခုကို လုပ်မိလိုက်တော့သည်။ သူ(မ)၏လက်နှစ်ချောင်းကို ဆန့်ကာ ကျိုက်ကျိုက်၏ ဆန်မုန့်လုံးပုံ မျက်နှာလေးကို ညင်သာစွာ ညှစ်လိုက်သည်။

သူ(မ)ရဲ့လက်ချောင်းထိပ်တွေက ကျိုက်ကျိုက်ရဲ့ ဆန်မုန့်လုံးလေးမျက်နှာကို ကြည့်ပြီး ထိတွေ့လိုက်ရတာကို သူ(မ)တစ်ကယ်ခံစားလို့ မရပေမယ့် ထိုနူးညံ့၍ ပျော့အိနေမည့် ခံစားချက်မှာ စုရှီ ယစ်မူးနေလေပြီ။

အား အား အား သူ(မ) ကျိုက်ကျိုက်မျက်နှာကို ဆွဲညှစ်လိုက်တယ်! သူ(မ) သေတော့မယ်! အား ဝေ သေပြီ!

စခရင်ပေါ်တွင် ကျိုက်ကျိုက်၏မျက်နှာမှာ အလွန်ထိတ်လန့်နေသည်။ မိုးကြိုးပစ်ခံလိုက်ရပြီး မလှုပ်နိုင်တော့သည့်နယ်ပင်!

ညင်သာသောလေက သူ့မျက်နှာပေါ်ရောက်လာတာကို ကူကယ်ရာမဲ့စွာ သူကြည့်နေခဲ့မိသည်။ နားရွက်တို့ တဖြည်းဖြည်း နီရဲမလာခင် လေဟာ သူ့မျက်နှာကို ဆွဲညှစ်လိုက်၏။

ဒီလူ သူ့မျက်နှာကို ထိလိုက်တယ်!

လုဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံး ကျောက်ပြားတစ်ချပ်လို တောင့်တင်းသွားသည်။ ဒီလောက်ရွှတ်နောက်သောအရာကို သူ တစ်ခါမှမတွေ့ဖူးပါ။ မသိစိတ်အရ သူ့မျက်နှာပေါ် ရောက်လာသော ဒီလူရဲ့လက်ကို တွန်းထုတ်လိုက်ချင်သော်လည်း ထိုသူ ဘယ်နေရာမှာရှိနေသည်ကို သူစဥ်းစားမရပေ။ နာကျင်အောင်လုပ်မိမှာကိုလည်း သူစိုးရိမ်နေသည်။

ဒါကြောင့် သူ ဒီအတိုင်းသာ ရပ်နေနိုင်ခဲ့သည်။ သူ့မျက်လုံးများတွင် အံ့သြမှုအပြည့်နှင့် သူ့ညာဘက်ပါးဟာ ဆွဲဖြစ်ညှစ်ခံရပြီး တုန်သွားတာကို ခွင့်ပြုထားလိုက်ရ၏။

လုဟွမ်: "..."

ထိုဝိညာဥ်ကို သူသိကျွမ်းခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်သော်ငြား ဒီလိုလုပ်တာကတော့ အလွန်ပေါ့ပြက်လွန်းသည်_ ဒါပေမဲ့ ထိုဝိညာဥ်ရဲ့စရိုက်က အပြောင်းလဲမြန်လွန်းပေသည်။ ဒါက ကိစ္စကြီးကြီးမားမားလို့ သဘောမထားခဲ့တာဖြစ်မယ်။

သူ့ကို ပစ္စည်းတွေတော်တော်များများပေးခဲ့ပြီး၊ ကောင်းကောင်းဆက်ဆံပေးခဲ့တာပဲ။ ပြီးတော့ သူ၏တစ်ဦးတည်းသော သူငယ်ချင်းလဲဖြစ်တာပဲလေ... ရွှတ်ရွှတ်နောက်နောက်လုပ်ချင်တယ်ဆိုလဲ ရှိပါစေတော့...။

သူ့မျက်နှာကို ဆွဲညှစ်လိုက်ပြီးသော်လည်း ထိထားသည့်လေဟာ ထွက်သွားသည့် ပုံမပေါ်ပေ။ အချိန်ခဏလောက် ဆက်၍ ထိကိုင်နေပြန်သည်။

လုဟွမ်၏နားရွက်များ ချက်ချင်းပင်နီရဲလာကာ လည်ပင်းထိ ရှက်သွေးလွှမ်းသွားတော့၏။

စုရှီ သူ့လက်ကို ပြန်ရုတ်လိုက်သည့်တိုင် သူ၏လည်ပင်းမှာ နီရဲနေခဲ့လေသည်။

"...အဓိပ္ပါယ်မရှိလိုက်တာ" သူ အကြာကြီး မြိုသိပ်ထားပြီးမှ စကားနှစ်လုံးကို ဖြစ်ညှစ်ပြောလိုက်၏။

သူဒီလိုပြောပေမယ့် ဖယောင်းတိုင် မီးရောင်ကျရောက်နေသော လူငယ်လေးရဲ့ ခန့်ညားတဲ့မျက်နှာဟာ ကောင်းကင်က တိမ်တွေကဲ့သို့ နီစွေးနေသည်။ သူ့မျက်လုံးများက မကျေနပ်မှုတစ်စုံတစ်ရာ မပြဘဲ သိမ်မွေ့သော အပြုံးများနှင့် အလင်းရောင်သာ ပြည့်နှက်နေခဲ့၏။ အဖြူရောင်ကျောက်စိမ်းကဲ့သို့ အမြဲအေးစက်နေခဲ့သော သူ့မျက်နှာဟာ နီလွန်း၍ အရောင်အနည်းငယ်ပင် တိုးလာလေပြီ။

သို့သော် ဤနည်းလမ်းက လုဟွမ်၏ မှုန်ကုပ်နေသော စိတ်ကို လုံးဝ ဖယ်ထုတ်ပေးလိုက်နိုင်သည်။

သူ ဘေးကို လှမ်းကြည့်ကာ သူ့ကံကို စမ်းကြည့်လိုက်သည်။ "မင်း ကိုယ့်ကို အခွင့်ကောင်းယူပြီးပြီဆိုတော့ တစ်ခုတော့ ပြန်ကတိပေးရမယ်" လို့ ဝိညာဥ်ကို ပြောလိုက်သည်။

စုရှီက သူ(မ)လက်ကို ကျေနပ်စွာ ပြန်ရုတ်လိုက်ကာ စားပွဲကို အသာပုတ်ရင်း : ဘာလဲ။

ထိုအကြောင်းကို ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သကဲ့သို့ ဟန်ဆောင်ဖို့ ကြိုးစားရင်း လုဟွမ်ဟာ သူ့နှုတ်ခမ်းများကို တင်းတင်းစေ့၍ပြောလိုက်သည်။ "နောက်ဆို ရုတ်တရက် ထပ်ပျောက်မသွားနဲ့"

တောင်းဆိုလိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

သို့သော် ထိုသူက အလျင်အမြန်ပင် သဘောတူလိုက်ပြီး သူ၏ဘယ်ဘက်လက်ကို ဆွဲကာ "ကောင်းပြီ" လို့ အတည်ပြုလိုက်၏။

လုဟွမ်ရဲ့နှလုံးသားထဲ၌ ပီတိများ ရုတ်တရက်မြင့်တက်လာသော်လည်း ထိန်းဖို့ကြိုးစားလိုက်ရင်း သူ ကတိထပ်တောင်းလိုက်မိသည်။ "နောက်ဆို မင်းလာတဲ့အခါ..."

သူ၏အကြည့်တို့ စားပွဲပေါ်က သစ်တော်ပန်းအစေ့များပေါ် ကျရောက်သွားပြီး အကြံတစ်ခုရလိုက်သည်။ "နောက်ဆို မင်းလာတဲ့အခါ သစ်တော်ပွင့်ချပ်တစ်ချပ်ကို ငါ့လက်ထဲထည့်ပေးပြီး မင်းပြန်ရင် အဲဒီပွင့်ချပ်ကို ငါ့လက်ထဲက ပြန်ယူသွား၊ ဟုတ်ပြီလား"

ကျိုက်ကျိုက်၏ တောင်းဆိုမှုကို ဖန်သားပြင်ပေါ်မှ စုရှီ ကြည့်နေခဲ့သည်။ သူ၏ပါးနပ်မှုကြောင့် သက်ပြင်းသာချလိုက်ချင်သော်လည်း၊ ခဏလေး၊ သူတို့နှစ်ယောက်လုံး အွန်လိုင်းပေါ်တက်လာရင် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ရမယ်ဆိုတဲ့ အထိဖြစ်အောင် ကျိုက်ကျိုက်နဲ့ သူ(မ) ဆက်ဆံရေးက ဘယ်လိုများဖြစ်လာတာလဲ။ သူ(မ) ဂိမ်းဆော့နေတာ မဟုတ်ဘူးလား!

စုရှီ အနည်းငယ် စိတ်ရှုပ်သွားသည်။ သို့သော် ကျိုက်ကျိုက်၏ ဘယ်လက်ကို ဆွဲလိုက်ပြန်သည်: အိုကေ.

ဒါလည်း ကောင်းပါတယ်လေ။ နောက်ဆို သူ(မ) အွန်လိုင်းပေါ်ရောက်ချိန် ကျိုက်ကျိုက်ကို ပြောထားရင် သူ စောင့်နေရန်မလိုတော့ပေ။

ထိုအချက်ကို သဘောတူပြီးနောက် လုဟွမ်၏ အမူအရာမှာ သိသိသာသာ တောက်ပလာခဲ့သည်။

ဝိညာဥ်ဖြစ်မလာခင် စုရှီရဲ့အိမ် ဘယ်မှာရှိခဲ့တာလဲ စသဖြင့် တော်တော်များများကို ကတိုက်ကရိုက်မေးလိုက်တော့သည်။ စုရှီ မဖြေနိုင်ခဲ့ပါ။ အရမ်းဝေးတဲ့တစ်နေရာလို့သာ ပြောနိုင်ခဲ့၏။ ကျိုက်ကျိုက်လည်း အခြားအရာအတော်များများကို ထပ်၍မေးခဲ့ပြန်သည်။ တိကျတဲ့အဖြေများကို စုရှီ မပေးနိုင်ခဲ့သော်လည်း သူနှင့် ပြတ်တောင်းပြတ်တောင်း စကားပြောနေခဲ့သည်။

သူ မည်မျှသတင်းအချက်အလက်ရခဲ့သည်ကို ကျိုက်ကျိုက် စိတ်မဝင်စားပါ။ အဲဒီအစား သူ(မ)၏အသံ၊ အသွင်အပြင်နှင့် ပုံသဏ္ဍာန်ကို သူ့စိတ်ထဲတွင် ခက်ခဲစွာ ပုံဖော်ကြည့်နေမိ၏။

အခုမတိုင်ခင်က ဒီလောက် အချက်အလက်များ ရနိုင်လိမ့်မည်လို့ လုဟွမ် မထင်ခဲ့ဖူးပေ။ ယခုမူ တစ်ဘက်သားကို သူ မထိတွေ့နိုင်သော်လည်း မှတ်စုများဖြင့်သာ တစ်ဘက်သတ် ပြောဆိုဆက်ဆံခဲ့ရသည်ထက် ပိုကောင်းတယ်လေ။

လုဟွမ် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ မှောင်အတိပြီးသော ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးများသည် ကြယ်စင်များကဲ့သို့ တောက်ပနေခဲ့ပြီ။ ခရီးရှည်ကြီးသွားနေရတာကြောင့် အလွန်ရေဆာနေခဲ့ပေမယ့် နောက်ဆုံး ကြည်လင်သောစမ်းချောင်းကို ရှာတွေ့သွားသူနယ်။ သူ၏နှလုံးသားမှာ နွေးထွေးနေခဲ့ပြီ။

သို့သော် လုဟွမ် ရုတ်တရက် ပြဿနာတစ်ခုကို တွေးမိသွားသည်။

သူ တုံ့ဆိုင်းသွားကာ ပြောလိုက်၏။ "ဒီနေ့ မင်း ဘယ်အချိန် လာတာလဲ။ ကိုယ် ညနေက တံခါးနားမှာ ထိုင်နေတာ... မင်း ကိုယ့်ကို တွေ့လိုက်လား"

သူ၏ဘယ်ဘက်လက်ကို ဆွဲညှစ်ခံလိုက်ရသည်။

လုဟွမ်: "…"

သူ့နားထင်သို့ သွေးများ တဟုန်ထိုးတက်သွားပြီး မျက်နှာ နီရဲလာပြန်သည်!

ဒါဆို တစ်ဘက်လူက နောက်ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ တွေဝေရင်း တံခါးနားမှာ သူထိုင်နေခဲ့တုန်းက၊ အကုန်လုံးကို မြင်သွားခဲ့တာလား။ သူ ဒီရက်ပိုင်း အလျင်လိုနေတာမဟုတ်ကြောင်း၊ ဂရုမစိုက်ကြောင်း၊ အခုလေးတင်ပဲ မှတ်စုရေးလိုက်တာရော...တစ်ဘက်လူက အကုန်မြင်သွားတာလား!

ပြီးတော့ "အဲဒီ သစ်သားထွင်းထားတာတွေရော_"

လုဟွမ် အသံထွက်၍ မပြောခဲ့ပေမဲ့ ခန့်မှန်းကြည့်လို့ရပါသည်။ ဒီအရာလေးများကို သူ နေ့တိုင်း ထွင်းထုပြီး ထိုသူကိုပေးခဲ့သော်လည်း မှတ်စုများထဲတွင်တော့ လမ်းပေါ်မှ သူ ကောက်ရကြောင်းသာ ပြောထားခဲ့လေသည်။ တစ်ဘက်လူက ဒါတွေအားလုံးကို သိပြီးသားပဲ! လုဟွမ်၏မျက်နှာပေါ်မှ သွေးရောင်ဟာ ရုတ်တရက် ပြန့်နှံ့သွားပြီး သူ့လည်ပင်းကိုပင် အနီရောင်ခြယ်လိုက်တော့သည်။

စခရင်အပြင်ဘက်တွင်မူ ကျိုက်ကျိုက်၏ အောက်မျက်တောင်များကို စုရှီ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့မိသည်။ သူ့နှလုံးခုန်သံမှာ အလွန်မြန်လာသဖြင့် တွင်းတစ်ခုထဲသာ တွားဝင်လိုက်ချင်ဟန် ဖြစ်နေတော့၏။ သူ(မ) အပျော်လွန်လုမတတ်ပင်။

သူ လုပ်မိတာအတွက် ပြန်ပေးဆပ်လိုက်ရသည်သာ။ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်အောင် ကျိုက်ကျိုက်ကို ဘယ်သူသင်ပေးလိုက်တာလဲ!

ဒီခဏတာမှာ သူ၏မျက်နှာ နီရဲနေတာကို တစ်ဘက်လူကလည်း မြင်နိုင်မည်လို့ လုဟွမ် တွေးမိ၏။ ရုတ်တရက် ပိုစိုးရိမ်လာကာ ဘေးနားသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ့မျက်နှာကိုလည်း ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ပြီးမှ ပြောလိုက်သည် "မင်းခေါင်းကို အရင်လှည့်လိုက်"

စုရှီက ရယ်လိုက်ကာ သူ(မ)ခေါင်းကို လှည့်လိုက်ကြောင်း အချက်ပြရင်း သူ့လက်ချောင်းကို ချိတ်လိုက်၏။ သို့သော် ဖန်သားပြင်အပြင်ဘက်တွင်တော့ ကျိုက်ကျိုက်ကို အပြုံးဖြင့် စိုက်ကြည့်နေဆဲ။

နို့ဘောလုံးလေးက အလွန်ကျီစယ်တတ်တာကြောင့် သူ ပြေးစရာနေရာမရှိပါ။ ထောင့်တစ်ထောင့်တွင် ရပ်ကာ သူ့မျက်နှာကိုသာ ပြင်းပြင်းထန်ထန် ပွတ်သပ်ရင်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေသည်။ ဝူး ဝူး ဝူး ၊ သူ အရမ်းချစ်စရာကောင်းတာပဲ!

အချိန်အတော်ကြာပြီးနောက် လုဟွမ် အနည်းငယ် တည်ငြိမ်သွားသည်။ အခုတင် ဖြစ်သွားခဲ့တာတွေကို မေ့ပစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသည်။ စိတ်ငြိမ်ငြိမ်ထားကာ ဘာမှမဖြစ်ခဲ့သလိုပင် ဟန်ဆောင်လိုက်၏။

သူ နောက်လှည့်ကာ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ပထမဆုံးပုံးထဲက သစ်တော်သီးပွင့်အစေ့ကို ကောက်ယူပြီး "မင်း ကိုယ့်ကို ဒီသစ်တော်ပွင့်အပင် မျိုးစေ့တွေ ပေးခဲ့မှတော့ ကိုယ် ဒီမှာနည်းနည်း စိုက်ခင်းမှာ နည်းနည်းစိုက်လိုက်မယ်။ အပြင်ကို လိုက်ပြီး ကိုယ်နဲ့အတူ စိုက်ပေးမလား"

သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အချို့ ရှိနေလေသည်။ တကယ်တော့ ထိုသူနှင့် အရင်က ဘာမှအတူမလုပ်ခဲ့ဖူးပေ။

စုရှီကတော့ ကျိုက်ကျိုက်၏ ဘယ်ဘက်လက်လေးကို ဆွဲယူလိုက်ပြီး သူ(မ)သဘောတူကြောင်း ပြလိုက်သည်။

လုဟွမ်ဟာ တံခါးကို တွန်းဖွင့်လိုက်ပြီး ဝိညာဥ်တစ်ခု သူ့နောက်က လိုက်ထွက်လာသည်ကို စောင့်နေသည့်နယ် ခဏတာရပ်စောင့်နေလိုက်၏။ ပြီးမှ တံခါးကို ပြန်ပိတ်လိုက်သည်။

နွေဦးပေါက်လျှင် ငါးကန်တစ်ခုလုပ်ရန် အရင်က တူးထားသော မြေကွက်ငယ်ဆီသို့ သူ လျှောက်သွားလိုက်သည်။ ပြီးတော့ ဂေါ်ပြားကို ကောက်ယူကာ ထိုင်ချလိုက်ပြီး သစ်တော်ပွင့်အစေ့များကို စ၍ မြှုပ်တော့သည်။

လူသေးသေးလေး ထိုနေရာတွင် အပင်စိုက်နေသည်ကို စုရှီ ရပ်ကြည့်နေခဲ့၏။

သို့သော် အခုမူ ပုံစံမတူပေ။ အရင်က ကျိုက်ကျိုက် အလုပ်လုပ်တာကို စောင့်ကြည့်ဖူးခဲ့ပေမဲ့ သူနဲ့ ဆက်သွယ်လို့ မရခဲ့ပေ။ တစ်စုံတစ်ခု ရုတ်တရက် ပျံတက်လာပြီး သူ လန့်သွားမှာကိုပင် ကြောက်နေခဲ့သည်။

အခုမူ ထောင့်နားက ပုံးကို စုရှီ ကောက်ကိုင်လိုက်သည်။ ရေပုံးဟာ လေထဲသို့မြောက်သွားပြီး ကျိုက်ကျိုက် အစေ့များမြှုပ်လိုက်သောနေရာသို့ ရေအနည်းငယ် လောင်းချလိုက်သည်။ ဒီလိုမျိုးက စုရှီ၏ အတူတူ တွဲလုပ်ရသော ခံစားချက်ဟာလည်း ပို၍ ကြီးထွားလာခဲ့၏။

လုဟွမ်က သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ မျက်လုံးများကလည်း တောက်ပနေပြီး နှုတ်ခမ်းထောင့်များဟာ မနေနိုင်ဘဲ ကော့ညွှတ်နေတော့သည်။

သူ အမြဲ တစ်ယောက်တည်းပင် စားလိုက်အိပ်လိုက်၊ ရေသယ်လိုက်၊ ထင်းခုတ်လိုက်ဖြင့် အားလုံးကို တစ်ယောက်တည်း လုပ်ခဲ့ရသည်။

တစ်နေ့နေ့မှာ သူ့ကို အဖော်ပြုပေးဖို့ အခြားသူတစ်ယောက် ရောက်လာမည်လို့ မထင်ခဲ့ပါ။

ထိုလူဟာ မမြင်နိုင်၊ မထိတွေ့နိုင်သော ဝိညာဥ်တစ်ကောင်ဖြစ်နေပေမယ့် သူရှိနေတာကို သိရတာက သူ့အတွက် လုံလောက်ပေသည်။

အစေ့များ စိုက်ပျိုးပြီးနောက် မြေဖို့ရန် နောက်ဆုံးအဆင့် ကျန်နေသေး၏။ ရုတ်တရက် ကောင်းကင်မှ နှင်းမှုန်လေးများ ကျလာပြီး မြေပေါ်တွင် ဖုံးလွှမ်းသွားသည်။

နှင်းက ပို၍ပို၍ များလာကာ တဖြည်းဖြည်း ပြင်းထန်စွာကျလာခဲ့သည်။

လုဟွမ် ဘေးကိုငဲ့၍ ရှင်းပြလိုက်သည်။ "ဒါက ယန်မင်းဆက်ရဲ့ နောက်ဆုံးကျတဲ့နှင်းဖြစ်မယ်။ မြို့တော်မှာပဲ နှင်းတွေကျနေပြီး မြောက်ပိုင်းကမြေတွေ ခြောက်နေတာကတော့ နှမြောဖို့ကောင်းတယ်"

ဆီးနှင်းဟာ ပို၍ပြင်းထန်လာလေပြီ။ သူ မနေနိုင်ဘဲ ဘေးဘက်ကိုကြည့်မိပြန်သည်။ ပြီးတော့ မတ်တပ်ထရပ်ကာ ဆီစက္ကူထီးတစ်လက် သွားယူရန် အိမ်ထဲသို့ ပြေးသွားတော့၏။

ထီးကိုဖွင့်ပြီးနောက် မြေပေါ်တွင်ရပ်ရင်း ဘေးနားကလေထဲကို ပြောလိုက်သည်။ "လာ ဒီနားမှာ ထိုင်ချလိုက်"

ဆီစက္ကူထီးပေါ်သို့ နှင်းများ ထူထပ်စွာကျလာလေသည်။ များမကြာမီတွင် ထီးမျက်နှာပြင်ပေါ်၌ ဖြူလွှလွှရေခဲလွှာကဲ့သို့ နှင်းထုဟာ တိတ်တဆိတ်စုပုံလာခဲ့သည်။

စုရှီဟာ သူ(မ)ပုံစံကို ပြောင်းလိုက်ပြီး ထီးအောက်သို့ ဝင်လိုက်သကဲ့သို့ ဝင်ထိုင်လိုက်သည်။ ဒါပေမဲ့ အနည်းငယ် ထူးဆန်းနေတာကို သူ(မ) ခံစားမိသည်။ အရင်က မြို့တော်မှာ နှင်းတွေကျနေပေမယ့် ကျိုက်ကျိုက် ထီးသုံးတာကို သူ(မ) မမြင်ဖူးချေ။ ဒီဆီစက္ကူထီးက သစ်သားတံခါးအနောက်မှာ ရှိနေပေမယ့် ကျိုက်ကျိုက် ယူသုံးတာကို သူ(မ) မမြင်ဖူးပါ။

ဒါတင်မကသေး သူ(မ)က ဝိညာဥ်တစ်ကောင်ပဲ၊ ဘာလို့ ထီးလိုမှာလဲ။

စုရှီ ရယ်ချင်နေပေမဲ့ ကျိုက်ကျိုက်၏ စကားများက စခရင်ပေါ်တွင် ပေါ်လာလေသည်။ ကျိုက်ကျိုက်က သူ(မ)ဘေးနားမှာ ငုတ်တုတ်ထိုင်ကာ မြေကိုဖို့ရင်း ရှင်းပြနေသည်။ "မင်းဘယ်မှာနေလဲ၊ ဘယ်ကလာလဲ၊ မင်းမျိုးရိုးနာမည်က ဘာလဲ၊ မင်းက ဘယ်လိုပုံစံလဲဆိုတာ ကိုယ့်ကို မပြောပြနိုင်ပေမယ့် မင်းမှာ ဖြူစင်ပြီးတော့ ရိုးသားတဲ့နှလုံးသားရှိတယ်။ မင်းအသက်ရှင်နေတုန်းက ပျော်စရာကောင်းပြီး နွေးထွေးတဲ့ပတ်ဝန်းကျင် ရှိခဲ့မယ်ထင်တယ်။ မင်းကို တုန်နေအောင် ချစ်တဲ့မိသားစုမျိုး ရှိကိုရှိ ရမယ်။ သူတို့သာဆို မင်းကို နေမကောင်းဖြစ်အောင် နှင်းထဲမှာ နေခွင့်ပြုမှာမဟုတ်ဘူး"

ခဏတာ တိတ်ဆိတ်နေပြီးနောက် ထီးအောက်မှ ကောင်မလေးကို ကြည့်နေသလိုမျိုး သူ့ဘေးက ထီးကို သူလှမ်းကြည့်လိုက်သည်။ "အခု မင်းကိုယ့်အနားမှာ ရှိနေတော့ ဒီလိုလုပ်ပေးဖို့က ကိုယ့်အလှည့်ပေါ့" လို့ နူးညံ့စွာ ပြောလိုက်သည်။

"ကိုယ် မင်းကို မထိခိုက်စေချင်ဘူး"

ထူထပ်လှသော နှင်းစက်များဟာ လေထဲတွင် လွင့်ပျံနေသည်။ လူငယ်လေး၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း ထူးထူးခြားခြား လေးနက်နေသည်။

ဒီနေရာမှာ လရောင်မရှိပေ။ အဝေးက တံစက်မြိတ်အောက်ရှိ ဖယောင်းတိုင်မီးကသာ သူ့မျက်နှာကို မှိန်ဖျဖျ အလင်းထိုးပေးထားသည်။ သူ၏ နှင်းကဲ့သို့ ဖျော့တော့သော မျက်နှာအား အလင်းရောင်တစ်လွှာက ဖုံးလွှမ်းနေ၏။

"…" အကြောင်းတစ်ခုခုကြောင့် စုရှီ၏နှလုံးသားဟာ ရုတ်တရက် ပေါ့ပါးသွားခဲ့သည်။

နှင်းစက်များကြားတွင် ဘောလုံးလေးတစ်လုံးကဲ့သို့ ကျိုက်ကျိုက် ကွေးကွေးလေးထိုင်နေလေသည်။ ထီးကို သူ့ဘေးမှာ ချထားကာ သူ့ကိုယ်သူ ဂရုမစိုက်ပေ။ ခက်ခဲသောပတ်ဝန်းကျင်တွင် သူ မွေးဖွားခဲ့သည်။ အဲဒီနေရာဟာ အလွန့်အလွန် ဆိုးရွားသည်ဟု ပြောရင် ချဲ့ကားပြောခြင်း ဖြစ်မည် မထင်ပေ။ သို့သော် ထိုသို့သော စကားများကို သူ့ကိုယ်သူသာ ပြန်ပြောမိခဲ့ပေသည်။

All Chapters