Chapter 35
Vol. 4 Ch. 35
သစ်တော်ပန်းပင်ကို သူတို့နှစ်ယောက်အတူစိုက်ကြသည်။ များမကြာမီပင် ခြံဝန်းထဲတွင် တောင်ပူစာလေးများ ဖြစ်သွား၏။ စခရင်ပေါ်ရှိ တောင်ပူစာလေးများကို ကြည့်ရင်း စုရှီ ပြုံးမိသွားသည်။ သူမ၏နှလုံးသားထဲတွင် အတူတွဲလုပ်ရသည့် ပီတိက ပြည့်လျှံနေခဲ့ပြီ။ ဂိမ်းထဲတွင် အပင်စိုက်ရခြင်းက လက်တွေ့ဘဝမှာ စိုက်တာထက်ပင် သူ(မ)အတွက် အောင်မြင်မှုကို ပိုခံစားရစေသည်လေ။ ဂိမ်းထဲကအချိန်ဟာ အကုန်မြန်တာမို့ နောက်နှစ်မှာ ကျန်းကျန်းမာမာကြီးလာမည့် အပင်ပေါက်လေးများ လေထဲတွင် ယိမ်းကနေမည်ကို သူ(မ) စိတ်ကူးယဥ်ကြည့်မိနေသည်။
အစက သစ်တော်ပန်းပင်ဟာ စုရှီအတွက် သာမန်အပင်တစ်ပင်သာ။ အခြားအပင်များထက် ထူးခြားနေခြင်းမရှိချေ။
ယခုမူ ကျိုက်ကျိုက်ကြောင့် သစ်တော်ပန်းပင်ဟာ သူ(မ)နှလုံးသားထဲတွင် ပို၍ပို၍ အဓိပ္ပါယ်ရှိလာဟန် တူပေသည်။
ကျိုက်ကျိုက်ဟာ သူ့လက်ထဲက သစ်တော်ပွင့်ဖတ်လေးကို တွေ့တိုင်း သူ(မ)လာမည်ကို မျှော်နေတတ်တော့သည်။ သူ(မ)လည်း လမ်းလျှောက်ရင်း သစ်တော်ပန်းပင်များကို တွေ့တိုင်း ဂိမ်းထဲက ဤလှည့်စားတတ်သော ဆန်မုန့်လုံးလေးကို သတိရတတ်လာလေပြီ။
စုရှီဟာ သူ(မ)ဖုန်းကို ကိုင်ကာ မနေနိုင်ဘဲ ပြုံးမိပြန်သည်။
အပင်လေးများ စိုက်ပြီးနောက် ခြံဝန်းထဲတွင် ဆီးနှင်းတို့က အလွှာလိုက်ရှိနေလေပြီ။
စုရှီရဲ့ကမ္ဘာမှာ ညနေလေးနာရီ ငါးနာရီဝန်းကျင် ရှိနေပြီဖြစ်သော်လည်း ဂိမ်းထဲက ကမ္ဘာငယ်လေးမှာတော့ သန်းခေါင်ယံရောက်နေလေပြီ။ ထိုအချိန်ဟာ ညရဲ့အအေးဆုံးအချိန်လဲ ဖြစ်သည်။ ကျိုက်ကျိုက်ရဲ့ သန့်ပြန့်နေသော အသားအရေလေးဟာ အအေးဒဏ်ကြောင့် ဖျော့တော့နေတာကို စုရှီ သတိထားမိလိုက်၏။ သူ(မ)မနေနိုင်တော့ဘဲ ကျိုက်ကျိုက်၏ ခေါင်းလေးကို လက်ဖြင့်တွန်းကာ အိမ်ထဲဝင်ရန် တွန်းပို့ရတော့သည်။
ကလေးငယ်လေးဟာ ဖွံ့ဖြိုးနေချိန်မို့ အိပ်ရန်လိုတယ်လေ။
"ငါ့ကိုအိပ်အောင် မင်း အတင်းလုပ်နေတာလား။ ငါ မအိပ်ချင်သေးဘူး" သူ့ဘေးနားရှိနေသော ဝိညာဥ် ကို လုဟွမ် နောက်ဆုံးတော့ သတိထားမိသွား၏။ သူ စိတ်လှုပ်ရှားကာ ပျော်ရွှင်သွားသည်။ သူ လုံးဝအိပ်မငိုက်သေးပေ။ ဝိညာဥ်လေး နဲ့ စကားများထပ်ပြောချင်သေးသည်။
စကားပြောလိုက် မေးခွန်းတွေမေးလိုက် လုပ်နေသူဟာ သူတစ်ယောက်တည်းဖြစ်ပေမဲ့ ဝိညာဥ်ကတော့ "အင်း" တစ်လုံးသာ ဖြေနိုင်သည်။
‘အိပ်မငိုက်ပေလို့ပဲ’ ကျိုက်ကျိုက်၏ မျက်လုံးများ အိပ်ရေးပျက်ကာ နီရဲလာသည်ကို စုရှီ မြင်နေရသည်။ သူ့အကျီလက်နှင့် ကွယ်၍ပင် သမ်းဝေလိုက်သည်လေ။ သူ(မ)၏ မိခင်စိတ်ဟာလည်း နှလုံးသားထဲ ဒီရေလှိုင်းကဲ့သို့ ပြည့်လျှံလာခဲ့လေသည်။ ‘အိုး မိုင် ဂေါ့ ၊ သမ်းဝေနေတဲ့ ကျိုက်ကျိုက်လေးက မျက်နှာမို့မို့လေးနဲ့တောင် ချစ်ဖို့ကောင်းတာပဲ’ လို့ တွေးလိုက်မိ၏။ လူအစစ်ပုံ ဆွဲထားသော မူရင်းရုပ်ပုံ ကို ကြည့်ဖို့တော့ သူ(မ) ပိုက်ဆံမသုံးသင့်ပါ!
လုဟွမ်ဟာ အိမ်သို့ပြန်လာပြီး လက်ကိုဆေးကာ အဝတ်ခြောက်ဖြင့် သုတ်လိုက်သည်။ ပြီးနောက် အိမ်အတွင်းရှိ လွတ်နေသောနေရာကို သူ ကြည့်လိုက်လေသည်။ "ဒါပေမဲ့ ဝိညာဉ်တွေက အိပ်ဖို့လိုလား" ဟု မေးနေစဥ် သူ့မျက်လုံးထောင့်များက တောက်ပနေသည်။
ပုံမှန်အားဖြင့်၊ မသေမျိုးများနှင့် ဝိညာဥ်များဟာ အိပ်ရန်၊ စားရန် မလိုအပ်ပေ။ သို့သော် စုရှီက သူ(မ) အိပ်ဖို့မလိုအပ်ကြောင်း ပြောလိုက်ရင် သိချင်စိတ်တွေ ပြည့်နေသော ကျိုက်ကျိုက်တစ်ယောက် ပိုလို့တောင် မအိပ်ချင်တော့မည်ကို ကြောက်နေခဲ့သည်။ ဒါကြောင့် သူမ ကျိုက်ကျိုက်၏ ဘယ်ဘက်လက်ကို ဆွဲလိုက်ကာ - ဟုတ်တယ်၊ ဝိညာဥ်တွေနဲ့ နတ်ဘုရားတွေလည်း အိပ်ဖို့လိုကြောင်း ဖော်ပြလိုက်သည်။
ကျိုက်ကျိုက်၏ အမူအရာဟာ ချက်ချင်းပင် လေးနက်သွားသည်။ "မင်းလည်း ပင်ပန်းနေမှာပေါ့။ မေးခွန်းတွေ အများကြီးမေးပြီး မင်းကို နှောင့်ယှက်မိတာ ငါ့အပြစ်ပါ"
စုရှီ အပျော်လွန်သွားတော့၏။ ‘တော်တော် နာခံတတ်ပါလား’
ထိုသို့ပြောပြီးနောက် ကျိုက်ကျိုက်က လှည့်ပတ်ကြည့်ကာ ခဏလောက် စဉ်းစားနေသည်။ ပြီးနောက် သူ လှည့်လိုက်ကာ နောက်တစ်ခန်းသို့ သွားလိုက်သည်။ ဝိညာဉ်အား "ငါ့နောက်လိုက်ခဲ့" ဟု ဆိုလိုက်သည်။
ခြံဝင်းထဲတွင် အခန်းအနည်းငယ်ရှိနေသည်။ ဒါ့အပြင် အဲဒါတွေအားလုံးကို ကျိုက်ကျိုက် အရင်က ပြုပြင်ထားတာကြောင့် အတော်လေးပင် ကောင်းမွန်နေ၏။
သူ့ဘေးအခန်းရဲ့တံခါးကို တွန်းဖွင့်လိုက်ပြီး အိပ်ရာခင်းအသစ်တစ်ထည်ကို သယ်ပြီး ကုတင်ပေါ်ခင်းကာ သန့်ရှင်းပြီးသား အခန်းကို ဂရုတစိုက် ရှင်းလိုက်သည်။
သို့သော် အခန်းထဲတွင် စားပွဲ၊ ကုလားထိုင်များမရှိ၊ ကုတင်တစ်လုံးသာရှိ၏။
သူ့နဖူးကို လက်ချောင်းထိပ်တွေနဲ့ ကုတ်လိုက်ပြီး ဘေးနားက ဝိညာဉ်ကို တောင်းတောင်းပန်ပန်နှင့် ပြောလိုက်သည်။ "မင်းဘယ်မှာ အိပ်နေကျလဲတော့ မသိပေမဲ့ နောက်နောင်ကို အပြင်မှာ မအိပ်နဲ့တော့။ တခြား ဝိညာဥ်ကြီးတွေ မင်းကို အနိုင်ကျင့်မှာ ငါကြောက်တယ်။ စိတ်မရှိဘူးဆိုရင် ငါနဲ့အတူ အိပ်လို့ရပါတယ်။ ဒီထဲမှာ မထည့်ရသေးတာတွေတော့ အများကြီးရှိသေးတယ်။ ငါ မနက်ဖြန်မှ သွားဝယ်လိုက်မယ်။ ဒီညတော့ မင်း ဒီမှာအိပ်လို့ရတယ်"
ဤစကားလုံးများသည် ဖန်သားပြင်ပေါ်တွင် စကားလုံးတစ်လုံးချင်း ပေါ်လာ၏။ ကျိုက်ကျိုက်၏ နီရဲနေသော မျက်နှာမှာ လေးနက်မှုအပြည့် ရှိနေသည်။
စခရင်အပြင်ဘက်ရှိ စုရှီကတော့ သေလောက်အောင်ကို ရယ်နေရသည်။ အိုး နိုး၊ ကျိုက်ကျိုက်က သူ(မ)ကို တကယ်ဝိညာဥ်လို့ ထင်နေတာလား။
ဝိညာဥ်ကြီးတွေက သူ(မ)ကို အနိုင်ကျင့်မယ်ပေါ့။
သူ ဘာလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲ။
ကျိုက်ကျိုက်က သူ(မ)ကို ဘယ်လိုစိတ်ကူးတာလဲဆိုတာ သူ(မ)မသိပေ။ အခုလေးတင် ကျိုက်ကျိုက်က မေးခွန်းတွေ အများကြီးမေးလာတော့ သူ(မ)၏လိင်ကိုတောင် ပြောပြလိုက်တော့သည်။ ကျိုက်ကျိုက်တစ်ယောက် အချိန်အတော်ကြာ ရှက်သွေးဖြာနေခဲ့၏။ ဒါ့အပြင် မမြင်ရသော ဝိညာဥ်ဆိုလျှင် အခန်းတစ်ခန်းထဲတွင်နေရန် သူ(မ)အတွက် ပြဿနာမရှိပါ။ သို့သော် ကျိုက်ကျိုက်က သူ(မ)၏လိင်ကို သိပြီးနောက်တွင် အခန်းနှစ်ခန်း ပြင်လိုက်လေသည်။
စုရှီသည် သူ့မျက်နှာလေးကို နောက်တစ်ကြိမ် ဆွဲညှစ်လိုက်ချင်သော ယုတ်မာသည့်ဆန္ဒကို မထိန်းနိုင်တော့ပေ။ သို့သော်လည်း စောစောကကဲ့သို့ သူ့မျက်နှာ အချိန်အကြာကြီး နီရဲနေမည်ကို စိုးရိမ်သဖြင့် သူ(မ)ကိုယ်သူ(မ) ချုပ်တည်းကာ ဆန္ဒကို ဖိနှိပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
… သို့သော်ငြား ၊ သူတို့ ဂိမ်းစဆော့စဥ်က ကျိုက်ကျိုက်ဟာ အမြဲအေးစက်နေခဲ့သည်။ သူ ပြင်ပလူများကို အလွန်သတိထားပြီး သူ့မိသားစုကို အလွန်အကာအကွယ် ပေးတတ်မယ်လို့ စုရှီ မထင်ထားခဲ့ပါ။ သူဟာ အလွန်သတိရှိသော ကျိုက်ကျိုက်တစ်ယောက်ပဲ။
ယနေ့ည ကျိုက်ကျိုက်၏အခန်းမှာ သူ(မ) မအိပ်လျှင် ကျိုက်ကျိုက်တစ်ယောက် လွမ်းဆွေးလွန်းကာ အိပ်မပျော်နိုင်တော့မှာကို သူ(မ) စိုးရိမ်နေသည်။ ဘာပဲဖြစ်ဖြစ် ဝိညာဉ် မည်သည့်နေရာသို့ သွားတာကို ကျိုက်ကျိုက် မမြင်ရသောကြောင့် ကျိုက်ကျိုက်၏ဆန္ဒများကို သူ(မ) လိုက်လျောရမည်ဖြစ်၏။
ဒါကြောင့် စုရှီလည်း ကျိုက်ကျိုက်၏ ဘယ်ဘက်လက်ကို ဆွဲပြီး ပြုံးလိုက်လေသည်။ "ကောင်းပြီ"
သူတို့နှစ်ဦးလုံး ပင်လုံးကြိုင်ကကတစ်ဟင်းကို မေ့သွားခဲ့ကြသည်။ ဆောင်းညဟာလည်း အေးခဲနေခဲ့ပြီ။ လုဟွမ်ဟာ သူ့အခန်းထဲကို ပြန်သွားလေသည်။ သေတ္တာသုံးလုံးကို ဖယ်လိုက်ပြီးသောအခါ၊ ယာယီ သန့်ရှင်းရေး လုပ်ထားသော ဘေးအခန်းဆီသို့ သူ ပင်လုံးကြိုင်ကကတစ်ဟင်းပွဲများကို ယူသွားမည်ပြုဆဲ။
စုရှီက သူ့အဝတ်စကို ချက်ချင်းလှမ်းဆွဲလိုက်၏။ 'ကျိုက်ကျိုက်၊ ကောင်းကောင်းနေပါ။ ငါတို့မိသားစုက မဆင်းရဲတော့ဘူး။ အေးနေတဲ့အစားစာတွေ ငါတို့ မစားတော့ဘူး'
ကျိုက်ကျိုက် လှုပ်မရသည်ကိုမြင်သောအခါ ဝိညာဥ် ဘာကိုဆိုလိုတာကို လုဟွမ် သဘောပေါက်သွား၏။ ‘ဟင်းပွဲတွေ အေးနေမှာကို သူ စိုးရိမ်နေတာပဲ။ စားလိုက်ရင် နေမကောင်းမှာ စိုးလို့လား’
လုဟွမ် ၏ နှလုံးသားထဲသို့ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသည်။ အသေးအမွှား စိုးရိမ်ပူပန်မှုလေးသာ ဖြစ်သော်ငြား သူ့အတွက် အလွန်အဖိုးတန်နေ၏။ တကယ်တော့ ငယ်စဥ်ကတည်းက သူ ဗိုက်ဆာနေလား၊ မဆာဘူးလား စိတ်ဝင်စားသူ တစ်ယောက်မှမရှိခဲ့ချေ။ အေးနေသော အစားအစာများ အတွက် စိတ်ပူပေးမည့်သူဆိုလျှင် ပို၍ပင် ဝေးသေးပေသည်။
သူ(မ) သူနဲ့အတူ မစားနိုင်တာ နှမြောစရာပါပဲ။
သူ လှည့်ကြည့်လိုက်ပြီး "စိတ်မပူပါနဲ့။ ငါ မီးဖိုချောင်မှာ ထားလိုက်မယ်။ မနက်ဖြန် ငါတို့ ပြန်နွှေးလို့ရတယ်လေ"လို့ သူငယ်ချင်းကိုပြောလိုက်၏။
ထိုမှသာ စုရှီက လွှတ်ပေးတော့သည်။
ရိက္ခာသေတ္တာများကို လုဟွမ် ယူကာ တံခါးအဝမှ အပြင်ကိုထွက်လိုက်ပြီး ပြန်လှည့်ကာ တံခါးကို ကူပိတ်ပေးလိုက်၏။
တံခါးပိတ်သွားသောအခါတွင် သူ မတတ်နိုင်ဘဲ ရပ်တန့်ကာ အခန်းတွင်းကို ကြည့်မိပြန်သည်။
အခန်းဟာ လွတ်နေသေးသည်။ သူ(မ)ကို သူ မမြင်နိုင်သော်လည်း သူ(မ) ဤနေရာတွင် ရှိနေကြောင်း သူ့စိတ်က သိနေပါသည်။ သူ(မ) ကုတင်ဘေးမှာ ထိုင်နေတာဖြစ်နိုင်သလို ပြတင်းပေါက်ရှေ့မှာ ရပ်နေတာလည်းဖြစ်နိုင်သည်။ သို့မဟုတ်လျှင် သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့မျက်နှာကို သဘောကျစွာ ကြည့်နေတာလည်းဖြစ်နိုင်၏။…
လုဟွမ် ဤကဲ့သို့တွေးမိချိန်တွင် မနက်ဖြန် နေထွက်ချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေမိတော့သည်။ အတိတ်တွင် သူ အမြဲတမ်း တစ်ယောက်တည်း နေခဲ့ရသည်။ နေ့ရက်များဟာလည်း အသက်မဲ့နေခဲ့လျက်။ ယခုမူကား၊ သူ့နှလုံးသားထဲတွင် ဖယောင်းတိုင်မီးစာလေး ထွန်းညှိထားသကဲ့သို့ပင်။ မီးတောက်လေးဟာ လေယိမ်းလျက် မျှော်လင့်ချက်ဖြင့် ပြည့်နေတော့သည်။
"မနက်ဖြန်တွေ့မယ်နော်" ဗလာကျင်းနေသော ကောင်းကင်ကြီးကို ကြည့်ကာ လုဟွမ်၏ မျက်ဝန်းများ ကြယ်ရောင်တောက်ပနေခဲ့၏။
စုရှီ ကျိုက်ကျိုက်၏ "မနက်ဖြန်တွေ့မယ်" ကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်းဖြစ်သည်။ ထိုစကားတစ်ခွန်းဟာ တစ်ယောက်နှင့်တစ်ယောက် နေ့တိုင်းတွေ့ဆုံဖို့ ကတိတစ်ခုလိုပင်။ သူ(မ)၏ နှလုံးသားကို နွေးထွေးစေခဲ့သည်။
တံခါးရှေ့မှ ကျိုက်ကျိုက်ကို သူ(မ) ကြည့်လိုက်သည်။ ထို့နောက် မနေနိုင်ဘဲ လက်ချောင်းများကို ဆန့်ကာ သူ၏ဦးခေါင်းလေးကို ချစ်စဖွယ် ပွတ်သပ်ပေးလိုက်မိ၏။
"..." လုဟွမ် ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။ ဝိညာဥ်က သူ့ကို ဘာလို့ကလေးလို ဆက်ဆံနေတာလဲ။ သူ့ရဲ့ ဆယ့်လေးနှစ်မြောက်မွေးနေ့ပင် ပြီးခဲ့ပြီ။ ဆယ့်ငါးနှစ်သားအရွယ်တွင် လူအတော်များများ စစ်မြေပြင်သို့ သွားချေပြီ။ သူသည် ကလေးမဟုတ်တော့ပေ။
ဖန်သားပြင်အပြင်ဘက်ရှိ စုရှီမှာမူ ကျိုက်ကျိုက် ဘာတွေးနေသည်ကို သဘာဝအတိုင်းမသိပေ။ ကျိုက်ကျိုက် သူ့အခန်းသို့ ပြန်သွားကာ အိပ်တာကို မြတ်နိုးစွာ ကြည့်နေခဲ့သည်။ ပြီးနောက် သူ(မ) ဆိုင်ကို ဖွင့်လိုက်လေသည်။
မည်သို့ဆိုစေ၊ စာမေးပွဲတော့ ပြီးဆုံးသွားပြီ။
သူ(မ)မှာ အခြားလုပ်စရာမရှိတာကြောင့် ဖန်လုံအိမ်ဆောက်ရန် အချိန်ကိုအသုံးချလိုက်၏။
ဒုတိယတာဝန်မှာ စပါး ကီလိုဂရမ် နှစ်ထောင်ထုတ်လုပ်ရန် ဖြစ်သည်။ ဆဋ္ဌမတာဝန်ကတော့ ငတ်မွတ်ခေါင်းပါးမှုကို ထိန်းချုပ်ရန်နှင့် လူအများကို ကျွေးမွေးရန်။ အလုပ်နှစ်ခုစလုံးဟာ စပါးအထွက်နှုန်းနှင့် သက်ဆိုင်သောကြောင့် သူ(မ) ဖန်လုံအိမ် ဆောက်ရတော့သည်။
စာမေးပွဲမဖြေခင်က ကျိုက်ကျိုက်၏ ခြံသို့ ပို့ရန်စီစဉ်ခဲ့သော်လည်း နှောင့်နှေးနေခဲ့ပြီ။
စုရှီဟာ ဘာသာရပ်များကို ပိုင်းခြားကြည့်ပြီးနောက် လစ်ဘရယ်အနုပညာကို တိုက်ရိုက်ရွေးချယ်ခဲ့သည်။ ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဇီဝဗေဒတို့ကို သုတေသန မလုပ်ခဲ့ပေ။ သူ(မ) ဤဂိမ်းကို မကစားခဲ့ရင် "ဖန်လုံအိမ်အခြေခံသဘောတရား" လိုမျိုး ဘိုင်ဒူ မေးခွန်းများ ရှိလာလိမ့်မည် မဟုတ်ပေ။
သူ(မ) ကိုယ်တိုင်လေ့လာခြင်းတွင် စိတ်နှစ်ထားခဲ့ကာ သက်ပြင်းချလိုက်မိသည်။ ဂိမ်းက သူ(မ)ကို စာလေ့လာဖို့ တွန်းအားပေးခဲ့တာ မယုံနိုင်စရာပါဘဲ!
ခေတ်မီဖန်လုံအိမ်၏ လည်ပတ်မှုများမှာ အလွန်ပြည့်စုံနေပြီဖြစ်သည်။ သို့သော်၊ အအေးပေးစနစ်နှင့် အလိုအလျောက် ထိန်းချုပ်မှုစနစ်တို့ကား ဂိမ်းအတွင်းရှိ ရှေးခေတ်အခြေအနေများအောက်တွင် မဖြစ်နိုင်သည်မှာ ထင်ထင်ရှားရှားပင်။ စုရှီ ထိုကိစ္စတို့ကို တိုက်ရိုက်ဖယ်ထားလိုက်သည်။
ယန်မင်းဆက်၏ လက်ရှိအေးခဲနေသော ပတ်ဝန်းကျင်အတွက် စပါးထွက်နှုန်းအပေါ် သဘာဝအားဖြင့် အကြီးမားဆုံး သက်ရောက်မှုမှာ အပူပေးစနစ်နှင့် ဆည်မြောင်းစနစ်ပင်။
စုရှီက ဆောင်းခိုအကာကို သူ(မ) စူးစမ်းခဲ့စဥ်က သုံးခဲ့သည့်နည်းလမ်းကို အသုံးပြုလိုက်၏။
ဖန်လုံအိမ်၏ပုံကြမ်းကို ဆိုင်တွင် လဲလှယ်ပြီးနောက် သစ်သားနှင့် ဖယောင်းတိုင်များဖြင့် တွဲကပ်လိုက်သည်။
အဆောက်အဦးတစ်ခု၏ အောက်ခံတုံးများကို စီရသကဲ့သို့ပင်။ သို့သော် ဤအခေါက်တွင်တော့ အရင်အခေါက်ထက် အနည်းငယ် ပိုခက်ခဲပါသည်။ ဖန်လုံအိမ်၏ ရိုးရှင်းသောပုံစံကို ပေါင်းစပ်ရန်ပင် နာရီအနည်းငယ် အချိန်ယူခဲ့ရ၏။
သုံးလို့ရမလား၊ ဒါမှမဟုတ် မရဘူးလား မသိသော်ငြား ကျိုက်ကျိုက်၏ ခြံဝင်းထဲတွင် သူ(မ) အရင်ထည့်ထားလိုက်သည်။ ပြီးမှ ဆိုင်တွင်လဲလှယ်လာသော ပုံကြမ်းကို ကျိုက်ကျိူက်၏ အခန်းရှိ စားပွဲပေါ်တွင်သာ တိုက်ရိုက်တင်ထားလိုက်တော့၏။
ကျိုက်ကျိုက်ဟာ အလွန်ဥာဏ်ပြေးသည်။ သူ(မ)၏ ဖန်လုံအိမ်ကို တွေ့ပြီးရင် အဲဒါကို ပိုကောင်းအောင် အဆင့်မြှင့်ရန် လှုံ့ဆော်ပေလိမ့်မည်။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် စုရှီသည် မျှော်လင့်ချက်အပြည့်ဖြင့် လိုင်းပေါ်ကဆင်းလိုက်၏။
လုဟွမ်သည် နံဘေးအခန်းတွင် လဲလျောင်းနေသည်။ တကယ်တော့ သူ လုံးဝမအိပ်ခဲ့ပေ။ သူ ကုတင်ပေါ် မှီပြီး နွေဦး နေမဝင်ခင် နောက်ဆုံးထူပြောတဲ့နှင်းကို ပြတင်းပေါက်မှ လှမ်းကြည့်နေခဲ့၏။ နှင်းပွင့်များဟာ လေထဲတွင် လွင့်ပျံလျက်။ သူ နှုတ်ခမ်းများကို ညင်သာစွာစေ့ကာ မျက်လုံးများက တောက်ပနေသည်။
နောက်တစ်နေ့မနက်တွင် သစ်သားနှင့် ဆီစက္ကူဖြင့် ပြုလုပ်ထားသည့် တဲငယ်လေးကို သူတွေ့လိုက်ရသည်။
အဲဒါရဲ့ပုံသဏ္ဍာန်သည် ဆောင်းခိုသောနေရာနှင့် ဆင်တူသော်လည်း စတိုင်က အနည်းငယ် ပိုမိုဆန်းသစ်၏။ ကောက်ပဲသီးနှံများ စိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေမည့် အသစ်တစ်ခုခုကို သူ(မ) ယူလာခဲ့တာများလား။
လုဟွမ်၏ ပါးစပ်ထောင့်များ ကော့တက်သွားသည်။ သူ အချိန်ကြာကြာ မြိုသိပ်မထားနိုင်ခဲ့ချေ။
ဘေးဘက်က အခန်းတံခါးဆီသို့ သူ လျှောက်သွားလိုက်၏။ သူ(မ) အဲဒီမှာရှိနေသေးလား မသိတာကြောင့် တံခါးခေါက်ကြည့်လိုက်သည်။ သို့သော် မည်သူမျှ မဖြေ။ သူ(မ) မြေအောက်ကမ္ဘာကို ပြန်သွားပြီလား။
လုဟွမ်ဟာ နောက်နောင် သူ(မ)လာတဲ့အခါ သစ်တော်ပွင့်ကို သူ၏လက်ထဲသို့ ထည့်ပေးမည်ဟု ဝိညာဥ်နှင့် ကတိပြုခဲ့သည်။ ထို့ကြောင့် ယခု သူ(မ) ရှိမနေသည်ကို သိလိုက်ရသောအခါ အနည်းငယ် စိတ်ပျက်သွားပေမယ့် အရင်ကလောက်တော့ မစိုးရိမ်တော့ပါ။ ထိုအစား အနည်းနှင့်အများ သူ စိတ်သက်သာရာရသွားသည်။ သူ(မ) လုပ်စရာများရှိ၍ ပြန်သွားတာဖြစ်နိုင်တယ်။ နောက်တစ်ခေါက် ပြန်လာမှာ။
သူ ချက်ချင်းပင် တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ သပ်ရပ်သောအိပ်ရာဟာ မထိရသေးဘဲ စားပွဲပေါ်တွင် အပိုပုံကြမ်းတစ်ခု ရှိနေ၏။ မနေ့ညက သူတင်ထားခဲ့သော မှတ်စုဟာလည်း ထုတ်ယူထားလေပြီ။
လုဟွမ်ဟာ ထိုမှတ်စုကို မြင်တာနဲ့ ရှက်စရာကောင်းသော အရာတစ်ခုကို သူ သတိရသွားသည်။ ချက်ခြင်းပင် စားပွဲဆီသို့ လျှောက်သွားကာ နားရွက်များနီလျက် မှတ်စုကို မီးရှို့လိုက်၏။ ထို့နောက် သူ၏အကြည့်များဟာ ပုံကြမ်းပေါ် ရောက်သွားလေသည်။
ပုံကြမ်းသည် အဆောက်အဦးအချို့၏ အခြေခံမူများကို ပုံဖော်ထားပုံရသည်။
လုဟွမ် အဲဒါကို ကောက်ကိုင်လိုက်ပြီး သေသေချာချာကြည့်လိုက်သည်။ သူပိုကြည့်လေလေ အံ့သြလေလေပဲ။
သူ့ဘေးနားက ဝိညာဥ် တက်လာသည့် မရဏကမ္ဘာဟာ သူနေထိုင်ခဲ့သော မင်းဆက်ထက် နှစ်ထောင်ပေါင်းများစွာ သာနေပုံရ၏။
လုဟွမ် အသေအချာ စဥ်းစားကြည့်ပြီးနောက် သူ(မ)ပေးခဲ့သော အရာများ၏ အခြေခံသဘောတရားတို့ကို နားလည်နိုင်ခဲ့သည်။ ဒါပေမဲ့ သူ(မ) ဤအရာများကို မထုတ်ပြခဲ့လျှင် လုဟွမ်ရဲ့မျိုးဆက်မှလူများ တွေးပင်တွေးမိမှာ မဟုတ်ချေ။ အတိုချုပ်ပြောရရင် အဲဒါတွေက အလွန်ဆန်းသစ်သော အရာများနှင့် အယူအဆများဖြစ်၏။
နောက်ဆုံးတစ်ခေါက်က ဆောင်းခို အမိုးအကာကဲ့သို့ ဒီတစ်ကြိမ် အကာအရံအသစ်မှာလည်း အလွန် ထိရောက်မည်မှာ သေချာပါသည်။
ယန်မင်းဆက်သည် နှင်းဘေးဒဏ်ကို ခံစားနေရသောကြောင့် နှောင်းနှေးနေရန် အချိန်မရှိဟု လုဟွမ် ယူဆခဲ့သည်။ ယခု ဝိညာဥ်က မရှိသဖြင့် လယ်ကွင်းကိုသွားရန် အချိန်ကို အသုံးချလိုက်၏။
ဒါကြောင့် အပြင်ဝတ်ရုံကို ဝတ်ကာ သူ ထွက်သွားတော့သည်။
စိုက်ခင်းထဲတွင် လုဟွမ် နောက်ဆုံးတစ်ကြိမ် စီစဉ်မှုလုပ်ပြီးကတည်းက ဆရာဒင်း နှင့် အခြားသူများ၏ လမ်းညွှန်မှုအောက်တွင် အရာအားလုံးဟာ စည်းစနစ်တကျ လည်ပတ်နေသည်။
ကြက်ခြံများ အကုန်ဆောက်ပြီးပြီ။ ဆိုးဝါးသော ဆောင်းရာသီဈေးကွက်ကို အခွင့်ကောင်းယူ၍ ဥမပေါက်နိုင်သော ကြက်များနှင့် ဥအနည်းငယ်သာဥနိုင်ကြသော ကြက်များကို အခြားမွေးမြူရေးခြံများမှ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ခဲ့ကြသည်။
ယခုမူ ခြံထဲ၌ ကြက်ကောင်ရေ တစ်ထောင်ကျော်ရှိနေပြီဖြစ်သဖြင့် မူလက စီစဉ်ထားတာထက် ကြက်တဲအနည်းငယ် ထပ်ဆောက်ရ၏။ လှောင်အိမ်တစ်ခုလျှင် ကြက်ကောင်ရေ ခြောက်ဆယ်အထိ ဆံ့နိုင်သေးသည်။
အခြားခြံများတွင် ဥများ ထပ်မံ မထုတ်နိုင်တော့သော်လည်း ဆောင်းရာသီတွင်ပင် အကြီးတန်းအရာရှိများနှင့် မှူးမတ်များသည် ကြက်ဥနှင့်ချက်ပြုတ်ရန် လိုအပ်ပြီး ဟင်းချိုများတွင်ပင် ထည့်ကြ၏။
ဒါကြောင့် ဤကာလအတွင်းတွင် စျေးကွက်တွင် ပျံ့နှံ့နေသော ဥများ အားလုံးနီးပါးသည် လုဟွမ်၏ ခြံထွက်များသာ။ ဈေးကွက်ကို သိမ်းပိုက်ရန် အေးခဲနေသော ဆောင်းရာသီကို အခွင့်ကောင်းယူလိုက်ခြင်းနှင့် အတူတူပေ။
စျေးကွက်ထဲတွင် မည်သူမျှ သတိမထားမိစေရန် အလုပ်သမားများအား ပျံကျစျေးသည်အနေနှင့် ရောင်းချရန် စီစဉ်ပေးဖို့ ဆရာဒင်းကို သူ အထူးတလည် ညွှန်ကြားထားသည်။ ဒါကြောင့် တစ်ယောက်မှ ဈေးထဲတွင် သတိမထားမိကြပေ။
ဒါ့အပြင် ကြက်ဥများကိုလည်း အမျိုးအစားခွဲခြားထားသည်။ အထက်အရာရှိများနှင့် မှူးမတ်များသည် ငွေကြေးကို ဂရုမစိုက်ဘဲ အလွန်အချည်းနှီးဖြစ်ကြသည်။ ဥများအား အကောင်းနှင့်အဆိုး ခွဲထားသည်ကို သိပြီးနောက် ဥကောင်းများကိုသာဝယ်ရန် ပိုက်ဆံပိုသုံးဖို့ သူတို့ မတွန့်ဆုတ်ကြပေ။
သို့သော် လက်တွေ့မှာတော့ ပိုကောင်းသော ဥများဟာ အလုပ်သမားတွေ အချောသတ်ပြီး တန်ဖိုးနည်းပိုးထည်နှင့် ထုတ်ပိုးထားခြင်းသာ။ အဲဒါတွေကို သေတ္တာတစ်လုံးတွင် ထည့်ကာ သာမန်ဥများထက် ဆယ်ဆဈေးဖြင့် ရောင်းချခဲ့သည်။
အထက်အရာရှိများနှင့် မှူးမတ်များထံမှ ငွေရှာပြီးနောက် သာမန်လူများထံမှ ငွေမညှစ်ခဲ့ကြပေ။ ကြက်ဥအချို့ဟာ ရွှံ့နွံဖြင့် လိမ်းကြံနေပြီး မူလပေါက်ဈေးဖြင့်သာ ရောင်းချခဲ့၏။
ဥအပိုများအပြင် အကောင်းများကိုလည်း ကိုယ်ဝန်ဆောင်ဒုက္ခသည်များနှင့် အိမ်တွင် ကလေးရှိသော ဒုက္ခသည်အချို့ထံ လုဟွမ်က ချန်ကုန်းဝူအား ဝေပေးစေသည်။
ဤနည်းဖြင့် ကြက်ခြံများဟာ စနစ်တကျ လည်ပတ်ခဲ့၏။ လုဟွမ်၏ လက်ထဲတွင်ရှိသော ငွေစက္ကူများသည် နှင်းဘောလုံးငယ်တစ်ခုမှ တဖြည်းဖြည်းလှိမ့်တက်လာသော နှင်းဘောလုံးကြီးကဲ့သို့ အရေအတွက်များလာလေသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် မူရင်း ငွေစနှစ်ရာ့ငါးဆယ်တုံး အပြင် ကုန်ကျစရိတ်များကို နုတ်ယူပြီးနောက် သူ့တွင် ငွေစအတုံးငါးရာကျော်ရှိနေပြီ။
ယနေ့တွင် လုဟွမ်သည် အလုပ်သမားများ စိုက်ပျိုးနေသော ကောက်ပဲသီးနှံများပေါ်တွင် တဲအမျိုးအစားသစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ လမ်းညွှန်ချက်ပေးရန်လာခဲ့ခြင်းပင်။
ချန်ကုန်းဝူသည် ဆောင်းတွင်းအမိုးအကာကို ဆောက်လုပ်ပြီးသည့်နောက် အလွန်စိတ်ညှိုးနွမ်းနေခဲ့၏။ အကြောင်းရင်းမှာ သူ့ကျေးဇူးရှင် ရောက်မလာတာကြာပြီဖြစ်ပြီး အခြားအကြောင်းအရင်းကတော့ သူသည် လက်သမားဖြစ်ခြင်းကြောင့်ပင်။ အလုပ်သမားများကို ကူညီခြင်းမှလွဲ၍ သူ အခြားဘာမှ မလုပ်နိုင်ပေ။
ယခုမူ — — သူသည် တဲအသစ်၏အသုံးပြုမှုကို နားမလည်သော်လည်း သူ၏ကျေးဇူးရှင်ကို တုနှိုင်းမဲ့ ယုံကြည်နေမိ၏။ လုဟွမ်က သူ့အား မည်သို့ပင်ခိုင်းခိုင်း သူ လုပ်မည်။ ရလဒ်အနေဖြင့် အရေးကြီးအလုပ်တစ်ခုကို ရထားသကဲ့သို့ တဲအသစ်ဆောက်ဖို့ သစ်သားကို စိတ်အားထက်သန်စွာ ခုတ်ဖြတ်နေခဲ့သည်။
ဤအစီအစဉ်များပြုလုပ်ပြီးနောက် လုဟွမ်ဟာ မွေးမြူရေးခြံရှိ ချန်ကုန်းဝူ၏ အိမ်ငယ်လေးမှ ထွက်ခွာလာခဲ့၏။
သူရောက်လာခဲ့ချိန်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး ထွက်သွားချိန်တွင် လယ်က အလုပ်သမား အများစုက သူ့ကို မတွေ့ခဲ့ကြပေ။ အချို့က သူ့ကိုမြင်ကြသော်လည်း မည်သူမှန်း မသိကြချေ။ ခြံ၏နောက်ကွယ်က ပိုင်ရှင်ဟာ သိပ်ကို လျှို့ဝှက်ဆန်းကြယ်တယ်လို့သာ သူတို့ ခံစားမိကြ၏။
တစ်ချိန်တည်းမှာပင် မြို့တော်တွင် ကောလာဟလများ ပျံ့နှံ့လာသည်။ ယုံအန်းဘုရားကျောင်းတွင် အရင်က လူထောင်ပေါင်းများစွာကို ကယ်တင်ခဲ့သော နတ်ဆေးဆရာဟာ ယခု ဒုက္ခသည်များကို လျှို့ဝှက်စွာ ကူညီနေတယ်လို့ လူအများက ဆိုကြသည်။ အချို့လူများဟာ ကြင်နာမှုကို လက်ခံရရှိခဲ့ကြပြီး သူတို့ရဲ့ ဆင်းရဲသောအိမ်များရှေ့တွင် ကြက်ဥများ ပိုပိုများလာလေသည်။
သို့သော် ထိုကိစ္စကိုအတည်ပြုရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။
လုဟွမ် ခြံမှပြန်လာပြီး သူ၏ဝတ်ရုံကို ချွတ်ပြီးနောက် ခြံဝင်းအတွင်းသို့ ယခင်စေလွှတ်ခဲ့သော အစောင့်အကြပ်က လာ၍အကြောင်းကြားလေသည်။
သခင်မကြီး၏ ဒူလာရောဂါသည် များစွာ သက်သာလာပြီး အိပ်ရာမှထကာ လမ်းလျှောက်နိုင်ပြီလို့ သူက ပြောပြလေသည်။
ယနေ့ညတွင် သူ(မ)သည် သူ၏ ဆောင်းငှက်တောင်အမဲလိုက်ပွဲ အောင်မြင်ခဲ့တာကို အောင်ပွဲခံဂုဏ်ပြုရန်အတွက် မိန်အန်းယွမ်တွင် စားပွဲတစ်၀ိုင်းမှာထားကာ သူ့ကို သွားခိုင်းခြင်းဖြစ်၏။
ဤကိစ္စကို တင်ပြလိုက်သောအခါ အစောင့်၏ဘေးမှ ကျွန်အများစုဟာ ခေါင်းငုံ့၍ တိတ်တဆိတ် အံ့သြသွားကြသည်။
အရင်ကမူ တရားမဝင်သား၊ သမီးများသည် သခင်မကြီး၏ စားတော်ပွဲ၀ိုင်းတွင် ထိုင်ခွင့်မရှိချေ။ ကိုယ်လုပ်တော်များလည်း စားပွဲတွင် ထိုင်ခွင့်မရှိခြင်းနှင့် အတူတူပင်။ သို့သော် ယခုတော့ သခင်မကြီးဟာ ဤအကြောင်းကို လုံးဝ ဂရုမစိုက်ပုံမပေါ်ဘဲ သူ့ကို ဖိတ်ခေါ်ဖို့ အတိအကျ မေးခဲ့၏။ — —
အဖြစ်အပျက်အချို့ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် သခင်မကြီးက တတိယသခင်လေးအား သူ(မ)၏ တရားဝင်သားအဖြစ် သဘောထားလိုက်လေသလား။
ကံကောင်းထောက်မစွာဖြင့်၊ တတိယသခင်လေးသည် အေးတိအေးစက်နိုင်သော်လည်း၊ အသေးအမွှား မကျေနပ်မှုအတွက် လက်စားချေမည့်သူနှင့် မတူပါ။ လွန်ခဲ့တဲ့ဆယ်ရက်အတွင်း သူ အာဏာရခဲ့သော်လည်း သူ့အား နှိမ့်ချခဲ့သော ကျွန်များကို လက်စားချေခြင်း မပြုခဲ့ပေ။
အမှန်တကယ်မှာ သူတို့ကို သူ၏စိတ်ထဲမထည့်ဘဲ သူ့အားထုတ်မှုများအား မဖြုန်းတီးချင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်...
မည်သို့ပင်ဆိုစေကာမူ ယခု သူ့ကို လျစ်လျူရှုထားခဲ့သော ကျွန်များသည် အလွန်ရှုပ်ထွေးသော ခံစားချက်များဖြင့် ခေါင်းမဖော်ရဲတော့ပေ။
အချို့မှာမူ သူ့ကို မြှောက်ပင့်ရန်ပင် ကြိုးစားကြတော့၏။
သခင်မနင်း ၊ လုယီအန်း နှင့် လုဝမ်ရှို့တို့သည် ပုံမှန်အတိုင်း သခင်မကြီး၏ ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။ လုဟွမ်ဟာ ဤကဲ့သို့သော အခမ်းအနားကို မကြိုက်သော်လည်း သခင်မကြီး၏ အတွေးများကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ အရင်က လုဝမ်ရှို့ နှင့် လုယီအန်း တို့သည် ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် သူ့အတွက် အခက်အခဲဖြစ်အောင် ကြိုးစားခဲ့ကြတာကို သခင်မကြီး အလုံးစုံ မြင်ခဲ့ပေသည်။ ဒီနေ့ ညီအကိုနှစ်ယောက်ကို သူ့အား မနှောက်ယှက်ရန် သတိပေးဖို့ ဤပွဲကျင်းပခဲ့၏။– –
ဟုတ်တာပေါ့၊ လုဟွမ်၏ စိတ်ကတော့ ရှင်းနေပါသည်။ သခင်မကြီးဟာ အကြီးတစ်ယောက်၏ ချစ်ခြင်းမေတ္တာကြောင့် ရုတ်တရက် ဤသို့ပြုမူနေတာလား။ ရုတ်တရက် သူ့ကို ဂရုစိုက်လာတာလား။
မဟုတ်ဘူး၊ သေချာပေါက် မဟုတ်ပေ။
ဆောင်းငှက်တောင်အမဲလိုက်ပွဲပြီးနောက် သခင်မကြီးသည် သူ(မ)၏ အလောင်းအစားအားလုံးကို သူ(မ)ဘက်တွင်သာ လောင်းကြေးထပ်ခဲ့၏။
သူ(မ)သည် သူ့အား အင်ပါယာတရားရုံးဝင်ရန် အာရုံစူးစိုက်စေလိုသောကြောင့် သဘာဝအားဖြင့် သူ၏ တုံးအသော တရားဝင်ညီအကိုနှစ်ယောက်က သူ့ကို အနှောက်ယှက်မပေးစေချင်ပေ။
တစ်နည်းဆိုရသော် သခင်မကြီးသည် သူနှင့် တစ်လှေတည်းစီးနေတာလို့ ထင်မှတ်ကာ သူ့ကို ဒုက္ခအချို့မှ လွတ်မြောက်အောင် ကူညီရန် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းပင်။
လုဟွမ်၏ မျက်နှာမှာ အေးစက်နေသော်လည်း သူ စကားသိပ်မပြောခဲ့ပေ။ အဝတ်အစားလဲပြီး အစေခံများ နောက်သို့ လိုက်သွားခဲ့၏။
ဒီမှာ တစ်ရက်နှင့်တစ်ည ကုန်ဆုံးခဲ့ပြီးနောက် စုရှီ နိုးလာလေသည်။
သူ(မ) နိုးလာသောအခါ၊ ပိတ်ရက်ဖြစ်နေခဲ့သည်။ ပြတင်းပေါက်မှ နေရောင်ဟာ တောက်တောက်ပပ ဖြာလျက်။ သူမ ဖုန်းကို သုန်မှုန်စွာဖြင့် ကောက်ကိုင်လိုက်ပြီး ဖုန်းထဲမှ အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်။
စနစ်- [အဓိက မစ်ရှင်(၇) ကို လက်ခံပါ: မနက်ဖြန်၊ ဆောင်းငှက်တောင်အမဲလိုက်ပွဲအတွက် ကျင်းပမည့် စားတော်ပွဲ၌ စစ်သူကြီးကျန့်ယွမ်ကြောင့် ဖြစ်ပေါ်လာမည့် အခက်အခဲများကို အဓိကဇာတ်ကောင်အား ကူညီဖြေရှင်းပေးပြီး၊ ပိုမိုကောင်းမွန်သော ကိုယ်ခံပညာ၊ စစ်ရေးနည်းဗျူဟာနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ရရှိရန်အတွက် ဇာတ်ကောင်ကို ကူညီပေးပါ။ နောက်ဆုံးတွင်၊ စစ်သူကြီးကျန့်ယွမ်၏ လျှို့ဝှက်အထောက်အပံ့ကို သင် ရရှိလိမ့်မည်။]
[မစ်ရှင်ခက်ခဲမှု: ကြယ်ကိုးပွင့်။ ဆုငွေ- ရွှေဒင်္ဂါး ၅ဝဝ၊ ၁ဝ မှတ်။]
ဒါကိုမြင်ပြီးနောက် စုရှီဟာ ချက်ချင်းနိုးကြားသွားကာ မသိစိတ်က ဂိမ်းကိုဖွင့်လိုက်၏။
စစ်သူကြီးကျန့်ယွမ်ရဲ့ ပံ့ပိုးမှုကို ရမယ် — —?
သူ(မ)က အနည်းငယ် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။ စစ်သူကြီးကျန့်ယွမ်သည် အလွန်စည်းကမ်းတင်းကြပ်သော လူတစ်ယောက်ဖြစ်၏။ စစ်စခန်းရှိ စစ်သားများအပေါ်တွင် အလွန်ကြမ်းတမ်းပြီး အဲဒါကြောင့်ပင် စိတ်အားထက်သန်၍ သူရဲကောင်းပီသသော ဂုဏ်သတင်းကို ရရှိခဲ့သည်။ ယခု သူသည် အသက် ခုနစ်ဆယ်နီးပါးရှိပြီ ဖြစ်သော်လည်း တစ်ယောက်တည်း နေပြီး ဆက်ခံသူ မရှိပေ။
နင်းဖူမင်းသား၏ သခင်မကြီးဟာ သူ၏ ဆွေတော်မျိုးတော်ဖြစ်ပေသည်။ ယုတ္တိနည်းအရပြောရမယ်ဆိုရင် နင်းဖူမင်းသားအား သူ ပို၍တန်ဖိုးထားကာ ကူညီသင့်သည်။
သို့သော် သူသည် နင်းဖူမင်းသား၏ တန်ဖိုးမရှိသော အသွင်အပြင်ကို ကြည့်ပြီး အထင်သေးလေ၏။ ဒါကြောင့် နင်းဖူးမင်းသားနှင့် လုယီအန်းတို့အား သူ အထင်သေးပေသည်။
ကျိုက်ကျိုက်၏ ကိုယ်ရေးအထောက်အထားကို အခုထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ၊ သူသည် နင်းဖူမင်းသား၏ တရားမဝင်သားဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူ့ကို ပို၍ပင် အထင်သေးခဲ့၏။
… … မနက်ဖြန် ကျိုက်ကျိုက်အတွက် ခက်ခဲအောင် ဘယ်လိုလုပ်မလဲဆိုတာကို သူ(မ) မသိသေးပါ။ မနက်ဖြန်တွင် ပြီးမြောက်ရန် အရေးကြီးသောတာဝန်တစ်ခု သူ့မှာ ရှိနေပုံရသည်။
သို့သော် ယနေ့ အလျင်စလိုမဖြစ်သေးပါ။ စုရှီသည် အင်တာဖေ့စ်ကို ကျိုက်ကျိုက်၏တည်နေရာသို့ ပြောင်းလိုက်သည်။
သူ မိန်အန်းယွမ်ဝင်းသို့ သွားနေတာကို သူ(မ) တွေ့လိုက်ရသည်။
အရင်က စုရှီသည် မိန်အန်းယွမ်ကို မဖွင့်နိုင်ခဲ့သောကြောင့် အတွင်း၌ မည်သို့သောပုံစံဖြစ်သည်ကို သူ(မ)မမြင်ခဲ့ပေ။ သို့သော် ဆောင်းငှက်တောင်အမဲလိုက်ပွဲအတွင်း ဒုတိယမင်းသားအား ကယ်တင်သည့် အပိုမစ်ရှင်ကို ပြီးမြောက်ခဲ့သည်။ သူ(မ)တွင် အမှတ်နှစ်မှတ် ကျန်နေသေးသောကြောင့် အခြားနေရာကို ဖွင့်နိုင်ခဲ့၏။
ဒါကြောင့် မိန်အန်းယွမ်ကို ဖွင့်ရန် တိုက်ရိုက်ရွေးချယ်လိုက်သည်။
သခင်မကြီးနေထိုင်ရာ မိန်အန်းယွမ်။ ထိုနေရာ၏ ရှုခင်းဟာ နင်းဖူမင်းသား၏ အခြားနေရာများထက် ပိုလှသည်။ ပြင်းထန်သော နောက်ဆုံးနှင်းဟာ မနေ့ညကတည်းက ကျခဲ့ပြီးဖြစ်၏။ ယခုဆိုလျှင် ခြံဝင်းတစ်ခုလုံးရှိ ဇီးပင်များသည် ဖြူဖွေးတောက်ပသော နှင်းပွင့်များ ဖုံးလွှမ်းလျက်။ ကြည့်လိုက်လျှင် ဇီးပွင့်ပင်လယ်ကြီးနှယ်။
ကျိုက်ကျိုက်သည် နှင်းကဲ့သို့ ဖြူလွှလွှဝတ်ရုံကို ဝတ်ထားကာ ကျောက်ပြာလမ်းတစ်လျှောက် လျှောက်သွားနေ၏။ အစေခံအနည်းငယ်လည်း သူ့အနောက်မှ လိုက်လာလေသည်။ သူက တော်ဝင်ရုပ်သွင်ကို မှိန်ဖျဖျပိုင်ဆိုင်ထားပြီးဖြစ်သည်။
သို့သော် တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ သူ့မျက်ခုံးများက အနည်းငယ်ကျုံ့နေ၏။
စုရှီသည် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း သစ်တော်ပင်တစ်ပင်ကို ရှာမတွေ့ခဲ့ပေ။ ဒါကြောင့် ဆောင်းငှက်တောင် အင်တာဖေ့စ်သို့ အမြန်ပြောင်းလိုက်ပြီး သစ်တော်ပွင့်တစ်ပွင့်ကို သစ်ပင်မှ ဆွဲယူလိုက်သည်။
‘ကျစ်၊ ဇီးပွင့်နဲ့တောင် မလုံလောက်ဘူး၊ ဘာလို့ သစ်တော်ပွင့် ဖြစ်ရတာလဲ။’
သို့သော်လည်း ကျိုက်ကျိုက်၏ ထုံးတမ်းစဥ်လာကို လိုက်လျောရမည်ပင်။
ထို့နောက် အင်တာဖေ့စ် ကိုပြန်ပြောင်းလိုက်သည်။
ဖန်သားပြင်ပေါ်တွင် လုဟွမ်က သူ့အား ဖြတ်ကျော်လာသော လေပြည်လေးတစ်ချက်ကို ခံစားလိုက်ရ၏။ သူ အနည်းငယ် လန့်သွားပြီး နှလုံးခုန်သံတစ်ချက် မြန်သွားသည်။ မသိစိတ်မှ ခေါင်းကို မော့လိုက်သည်။ နောက်တစ်စက္ကန့်တွင်ပင် အနည်းငယ်ဆုပ်ထားသော သူ၏လက်ဖဝါးက တွန်းဖယ်ခံလိုက်ရ၏။ သစ်တော်ပွင့်တစ်ပွင့်ဟာ လေနှင့်အတူ လွင့်လာကာ သူ့လက်ဖဝါးထဲသို့ ကျလာတော့သည်။
"မင်းရောက်လာပြီပဲ" လုဟွမ် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
သူ၏ တင်းတင်းကြပ်ကြပ်ကျုံ့ထားသော မျက်ခုံးများ ရုတ်တရက် ပြေလျော့သွားပြီး မည်းနက်သော မျက်ဝန်းများတွင်လည်း သိမ်မွေ့နူးညံ့သော အပြုံးတစ်ခု ဖြစ်လာခဲ့သည်။
နွေဦးလေပြေလေး ရုတ်တရက်ရောက်လာသလိုမျိုး၊ သစ်တော်ပင် ထောင်ပေါင်းများစွာ ပွင့်လန်းလာသလိုပါပဲ။