Chapter 38
Vol. 4 Ch. 38
စုရှီသည် ဒီပိတ်ရက်တွင် လုပ်စရာရှိပေသည်။ သူ(မ)ခြေထောက်မှ ကျောက်ပတ်တီးကို ဖြည်ရန် အချိန်ကျနေပြီဖြစ်၏။ လမ်းလျှောက်ချိန်တွင် ဂရုစိုက်ရန်လိုသေးသော်လည်း သူ(မ) ဖြည်းဖြည်းလျှောက်လို့ရနေပြီ။ သူ(မ)မိဘတွေ အိမ်မှာမရှိတာကြောင့် ကုချင်၊ ဟောက်ကျင်းချွမ်တို့နှင့်အတူ ချိန်းဆိုထားလေသည်။ သူတို့သည် ကျောက်ပတ်တီးကို အရင်ဖြည်ပြီးနောက် ဈေးဝယ်ထွက်ကြမည်ဖြစ်၏။ သူ(မ) စာအုပ်အချို့ ဝယ်စရာရှိပြီး ဂိမ်းကိုအကြာကြီး မဆော့နိုင်ပေ။
ဒါကြောင့် မီးပုံးပွဲတော်ပြီးသည်နှင့် လိုင်းပေါ်မှဆင်းရန် စီစဉ်ထား၏။ လိုင်းမဆင်းခင် သူ(မ)သည် ကျိုက်ကျိုက်၏ လက်ကလေးများကို ထိလိုက်လေသည်။ သူ(မ)က တံစက်မြိတ်ပေါ်မှ နှင်းတစ်ချို့ကို ယူကာ ကျိုက်ကျိုက်ကို စနောက်ရန် သူ့၏ နှာခေါင်းထိပ်ကို ပွတ်သပ်လိုက်၏။
လုဟွမ်သည် သူ့၏နှာခေါင်းထိပ်တွင် ရေခဲတမျှအေးသော အအေးဓာတ်ကို ခံစားလိုက်ရလေသည်။ သူသည် နှာခေါင်းကို သုတ်ရန် လက်လှမ်းလိုက်ကာ ပြုံးလိုက်သည်။
“လိုက်စမနေနဲ့”
သို့သော် သူသည် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ သူ့နှုတ်ခမ်းစွန်းများသည် ဆက်ပြုံးနေသော်လည်း သူ့မျက်လုံးများက ရုတ်တရက် တုန်လှုပ်နေလေသည်။
သူ့မျက်တောင်များသည် စိုးရိမ်နေဟန်ဖြင့် တုန်ရီနေလေ၏။ သူသည် နေရာလွတ်တစ်ခုကို မော့ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်လေသည်။
“မင်းတစ်ခုခုလုပ်စရာရှိလို့ ထွက်သွားရတော့မှာလား”
စုရှီသည် သူ့၏ဘယ်ဘက်လက်ကို ထိလိုက်သည်။
သူသည် လန့်သွားပြီး သူ့မျက်နှာပေါ်မှ အမူအရာများက စိတ်လှုပ်ရှားမှုပြီးနောက် အဆောက်အအုံထဲက ပြေးထွက်သွားသော လူလိုပင်။ အထီးကျန်မှု အရိပ်အယောင်အချို့ ရှိနေသော်လည်း သူ့၏စိတ်ပျက်မှုကို မမြင်နိုင်အောင် အစွမ်းကုန်ဖုံးကွယ်နေ၏။ သူ ပြုံးပြီးတောင် ပြောလိုက်သေးသည်။
“အဲဒါဆို မနက်ဖြန်တွေ့မယ်နော်။ တစ်ခုခု လုပ်ရင် အာရုံစိုက်လုပ်ပြီး သတိထားလုပ်ဦး”
စုရှီသည် အချိန်ကို တွက်ချက်လိုက်သည်။
‘သူ(မ) ဈေးဝယ်ပြီး ပြန်လာရင် ဂိမ်းထဲမှာ နောက်နေ့ညရောက်နေလောက်ပြီ။ နန်းတော်ဂုဏ်ပြုပွဲ ဇာတ်ဝင်ခန်းဖို့ သူ(မ)အချိန်မှီပြန်ရောက်လောက်တယ်။ အဲဒါဆို ကျိုက်ကျိုက်ကို နည်းနည်းကြာကြာ အဖော်ပြုပေးလို့ ရမယ်'
ဒါကြောင့် သူ(မ) ကျိုက်ကျိုက်ရဲ့ဘယ်လက်ကို ထပ်ထိလိုက်၏။ သူ(မ)သည် စနစ်ကို ဖွင့်ရန် လက်မြှောက်ပြီး ဂိမ်းထဲမှထွက်လိုက်၏။
ဂိမ်းထဲမှ ထွက်လျှင် တိုက်ရိုက် မထွက်ချေ။ ထိုအစား စခရင်သည် မိန်းအင်တာဖေ့ဆီသို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
အရင်က ကျိုက်ကျိုက်သည် စုရှီ၏ တည်ရှိမှုကို မသိခဲ့ချေ။ ဒါကြောင့် စုရှီ လိုင်းတက်လာချိန်တိုင်းကို လည်း သူမသိခဲ့ပေ။
သို့သော် ယခုတစ်ခေါက်တွင်တော့ စုရှီဂိမ်းကို ထွက်လိုက်ချိန်တွင် သူလန့်သွား၏။ တဖြည်းဖြည်း မှေးမှိန်နေသော စခရင်ပေါ်တွင် ကျိုက်ကျိုက်၏ ရုပ်ပုံလေးသည် ပြတင်းပေါက်ရှေ့တွင် ရပ်နေဆဲပင်။ သူ(မ) ဘယ်ကိုထွက်သွားလဲ မသိသောကြောင့် သူဘယ်ကိုကြည့်ရမလဲ မသိချေ။ သူသည် နေရာလွတ်ကိုသာ ဆက်ငေးကြည့်နေဆဲဖြစ်၏။
သူက သူ(မ) ထွက်သွားပြီလား မထွက်သွားသေးဘူးလားဆိုတာကို မသေချာဖြစ်နေဟန်ရှိသည်။ သူ(မ) သူ့လက်ကို နောက်ဆုံးအကြိမ် ထိပြီးနောက်တွင် သူသည် ထိုနေရာတွင် ရူးကြောင်စွာ မလှုပ်မယှက်ရပ်နေခဲ့လေ၏။
စခရင်ပေါ်တွင် စကားပြောစာတန်း တစ်ခု ပေါ်လာ၏။ သူထပ် မေးလိုက်သည်။ “သူ(မ)ထွက်သွားပြီလား”
အဖြေ ပြန်မလာကာ သူ့ခေါင်းပေါ်တွင် အဖြူရောင် အတွေးပူဖောင်းတစ်ခု တဖြည်းဖြည်းပေါ်လာ၏။ “အဲဒါဆို မနက်ဖြန် ဘယ်ချိန် တွေ့ကြမှာလဲ”
အဖြေ ပြန်မလာဆဲပင်။
သူသည် နေရာလွတ်ကို ကြည့်လျက် ထိုနေရာတွင် ကျန်ခဲ့သည်။
အဖြူရောင် အတွေးပူဖောင်းက ပြောသည်။ “သူ(မ) ထွက်သွားပြီ”
သူသည် သူ့မျက်လုံးများကို ငုံ့ချလိုက်၏။
စခရင် လုံးဝပိတ်မသွားခင်တွင် ကျိုက်ကျိုက်သည် ထိုနေရာတွင် စောင့်နေခဲ့သည်။ သူသည် မည့်သည့်တုံ့ပြန်မှုကိုမျှ မစောင့်ခဲ့ပေ။ သူ(မ)ထွက်သွားတာကို အတည်ပြုပြီးနောက် သူသည် နောက်ကို တဖြည်းဖြည်းလှည့်ကာ ပြတင်းပေါက်မှတဆင့် ဆူညံရှုပ်ယှက်နေသော လမ်းကို ငုံ့ကြည့်လိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင် သူသည် သူ့လက်များကို ကျောဘက်တွင်ထားကာ ရပ်နေခဲ့၏။ သူ့ကျောသည် စုရှီကို မျက်နှာ မူနေသောကြောင့် သူ့အမူအရာများကို သေချာမမြင်ရတော့ချေ။
စုရှီ “...”
‘ဘာလို့လဲ။ သူ(မ)ဂိမ်းထဲကနေ ထွက်ပဲ ထွက်ရသေးတာပါ။ ဒီဂိမ်းက ဘာလို့သူ(မ)ကို သေတော့မယ့် ပုံပေါက်အောင် လုပ်နေတာလဲ!’
ကျိုက်ကျိုက်၏ အပြုအမူများသည် စုရှီကို လိုင်းပြန်တက်ချင်စိတ် ဖြစ်ပေါ်စေသည်! သို့သော် ကုချင်က သူ(မ)ကို ဖုန်းဆက်ကာ မြန်မြန်ထွက်လာရန် တိုက်တွန်းလေသည်။ သူ(မ)၏ အာရုံများ ချက်ချင်း ပြောင်းလဲသွား၏။ သူ(မ)ချိန်းထားတာ နောက်ကျမည်ကို စိုးရိမ်သောကြောင့် အိပ်ယာပေါ်မှ အမြန်ခုန်ထွက်ကာ အင်္ကျီလဲလိုက်လေသည်။
အခြား တစ်ဖက်တွင်တော့ လုဟွမ်သည် ရယ်ဒီမိတ် အင်္ကျီဆိုင်တွင်နေကာ လမ်းပေါ်မှ အလင်းရောင် ထောင်ပေါင်းများစွာကို ကြည့်နေခဲ့သည်။ ထိုအချိန်တွင်မှ သူသည် သူ(မ)သူ့အတွက် ရွေးချယ်ထားပေးသော အင်္ကျီများနှင့် ရောင်စုံဆေးဆိုးအိတ်ကို ကိုင်ကာ အောက်ထပ်သို့ဆင်းလာခဲ့၏။
အသံကျယ်သော အလင်းရောင်များကြားတွင် သူသည် လူအုပ်ကြားထဲမှလျှောက်လာပြီး မင်းသားနင်းဖူဆီသို့ ပြန်လာခဲ့သည်။
‘ဝိညာဉ်မှာ သူ(မ)ကိုယ်ပိုင်လုပ်စရာတွေ ရှိပြီး သူ့ဘေးတွင် တစ်သက်လုံး မနေနိုင်တာကို သိတယ်။ ဒါပေမဲ့ သူ(မ)ကို မမြင်နိုင် မထိတွေ့နိုင်တာကြောင့် သူလုံခြုံတယ်လို့ မခံစားရတာလည်း ဖြစ်နိုင်တယ်။’
‘သူဟာ ဘာမှမရှိတဲ့ အစိုင်အခဲထုကြီးနဲ့ ရင်ဆိုင်နေရပြီး တစ်ဖက်သတ်စောင့်ရုံပဲ တတ်နိုင်တဲ့ပုံပဲ။ သူ(မ)ဘယ်ချိန်ပေါ်လာမလဲ ဒါမှမဟုတ် တိတ်တိတ်လေးထွက်သွားမလဲဆိုတာ သူမသိနိုင်ဘူး။’
‘တစ်ခုခု မမျှော်မှန်းထားတာ ဖြစ်လာပြီးတော့ အရင်တစ်ခေါက်လို ရှစ်ရက် ဒါမှမဟုတ် အဲထက်ပိုကြာတာတို့၊ ဘယ်တော့မှပေါ်မလာတာတို့ ဖြစ်လာရင် သူဘာလုပ်ရမှာလဲ’
လုဟွမ်သည် ဒီအကြောင်းကို သူ့စိတ်ထဲတွင် တွေးနေသော်လည်း မျက်နှာပေါ်တွင် ထုတ်မပြချေ။ သူသည် အိမ်ဝင်းဆီသို့ ပုံမှန်အတိုင်း ဘေးတံခါးမှ ပြန်လာခဲ့၏။ အရင်က သခင်မကြီးသည် အနောက်ဘက်မှ အိမ်ဝင်းတစ်ခုခုဆီသို့ ပြောင်းနေရန် အကြံပြုခဲ့၏။ ထိုနေရာတွင် စီးနေသော ရေပေါ်ရှိ တံတားလေးတစ်စင်း၊ ကျောက်ခင်းလမ်းနှင့် ရေကြည်သော စမ်းချောင်းကလေး ရှိသည်။ လုယီအန်းနှင့် လုဝမ်ရှို့တို့၏ အိမ်ဝင်းထက် မနိမ့်ကျပေ။
သို့သော် လုဟွမ်က ငြင်းဆိုခဲ့၏။
မင်းသားနင်းဖူသည် ရေရှည်နေရန် နေရာတစ်ခုမဟုတ်ချေ။ သူ၏ ကျန်ရှိသော ဘဝ သက်တမ်းတစ်လျှောက်လုံး ဒီနေရာတွင်နေရန် မတွေးခဲ့ဖူးပေ။ ထို့ပြင် အိမ်ဝင်းတွင် သူနှင့် ထိုလူ၏ အမှတ်တရများစွာ ရှိလေ၏။
သူသည် သူ့မျက်လုံးများကို မြှင့်ပြီး တံစက်မြိတ်အောက်တွင် ယိမ်းနေသော မီးအိမ်များကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးများက အနွေးဓာတ်ကြောင့် အရောင်လက်သွား၏။
စုရှီသည် ပန်းရောင်ဆွယ်တာကို လဲဝတ်ထား၏။ သူ(မ)က ကုချင် လက်ကိုကိုင်ကာ လူသွားလမ်းပေါ်တွင် ဖြည်းဖြည်းလျှောက်နေသည်။ ဟောက်ကျင်ချွမ်းသည် သူတို့၏ စာအုပ်များကိုသယ်ကာ နောက်မှ ပျင်းရိစွာလိုက်လာ၏။ မွန်းလွှဲချိန်ရောက်နေပြီဖြစ်ပြီး သူတို့သုံးယောက်သည် mall တွင် စားသောက်ဆိုင် တစ်ခုခုရှာရန် စီစဉ်ထား၏။
“ပြောရင်းဆိုရင်း နင် ခုနောက်ပိုင်း ကံကောင်းလာတယ်လို့ ခံစားရလား” ကုချင်က သူမ၏ ကျောက်ပတ်တီးအောင်မြင်စွာ ဖြည်ပြီးသော ခြေထောက်ကိုကြည့်လျက် ပြောလိုက်၏။ “နင် ထီပေါက်ပြီးကတည်းကလေ”
အရင်က စုရှီသည် အလွန်ကံဆိုးတယ်ဟု ပြောနိုင်သည်။ ရေခဲရေ သောက်လျှင်တောင် သွားကြားညပ်မည့် ပုံစံမျိုးပင်။ ကလေးဘဝကတည်းက သူငယ်ချင်းနှစ်ယောက် ကုချင်နှင့် ဟောက်ကျင်းချွမ်းသည် စုရှီနှင့်လမ်းလျှောက်လျှင် ကားလမ်းဘေးတွင် မလျှောက်ခိုင်းရဲပေ။ ကားတစ်စီးသည် ပန်းခင်းကို တိုက်မိကာ စုရှီကို ဆွဲခေါ်သွားမည်ကို သူတို့စိုးရိမ်ကြ၏။
သို့သော် သူ(မ) ဆေးရုံမှဆင်းတဲ့ အချိန်ကစပြီး ကံဆိုးသည့်အရာ တစ်ခါမှမဖြစ်လုနီးပါးပင်။
“ဟုတ်တယ် ပိုကောင်းလာတယ်လေ” စုရှီက အများဆုံး ခံစားခဲ့ရသူပင်။ အထူးသဖြင့် ဒီစာမေးပွဲကြီးမှာ ဖြေနေရင်းနဲ့ ခဲတံ ကျိုးသွားတာမျိုး မဖြစ်ဘူး။ ကောင်းကင်ဘုံက မျက်စိဖွင့်ပြီးတော့ သူ(မ)ကို စာမေးပွဲ ချောချောမွေ့မွေ့ ဖြေနိုင်အောင် ကူညီပေးလိုက်သလိုပဲ။
ကုချင်သည် လှောင်ပြောင်လိုက်၏။
“နင် နှစ်တိုင်း အတွင်းခံဘောင်းဘီအနီ အမြဲဝတ်တယ်လေ။ အဲဒါလုံးဝ အသုံးမဝင်ဘူးလေ။ အခုမှ ရုတ်တရက်ကြီး နင့်ကံက ဘာလို့ပြောင်းလဲသွားတာလဲ။”
‘ဟုတ်တာပေါ့ စုရှီက အဲဒါဂိမ်းတစ်ခုကြောင့်လို့ မပြောနိုင်ခဲ့ပေ။ သူ(မ)ပြောရင်တောင် သူ(မ)ရဲ့ သူငယ်ချင်းကောင်းတွေက ယုံမှာမဟုတ်ဘူးလေ။ သူ(မ)ဦးနှောက်က တစ်ခုခုဖြစ်နေတာလားလို့တောင် သူတို့ထင်ကြဦးမှာ။ ပြီးတော့ သူတို့ဖုန်းမှာလည်း အဲဂိမ်းကို ရှာလို့မရဘူးလေ။’
သူတို့သုံးယောက်သည် စီချွမ်စားသောက် ဆိုင်တစ်ဆိုင်ကို တွေ့ကာ ဝင်ထိုင်လိုက်ကြ၏။
ကုချင်နှင့် ဟောက်ကျင်ချွမ်းတို့သည် စုရှီကို အခွင့်ကောင်းယူကာ ဟင်းများ ထပ်မှာကြ၏။
သုံးယောက်သားသည် စားနေစဉ်တွင် ကျောင်းကိစ္စများနှင့် ပတ်သက်၍ စကားပြောနေကြပြီး ကျန်တဲ့ဟင်းများ လာချရန် စောင့်နေကြသည်။ စားပွဲထိုးတစ်ဦးသည် ပူပူနွေးနွေးချက်ထားသော ငါးစွပ်ပြုတ်ပန်းကန်နှင့် ရောက်လာခဲ့၏။ သူက စုရှီကို ပြောလိုက်၏။ “မိန်းမလှလေး ဒီငါးစွပ်ပြုတ်ကို ချပေးလို့ရအောင် ကျေးဇူးပြု၍ ဟင်းပန်းကန်လေးတွေ ဖယ်ပေးပါလားရှင်။”
သို့သော် ထိုအခိုက်အတန့်တွင် စားပွဲထိုးသည် စကားဆုံးအောင် မပြောရသေးချိန်တွင် သူ့ခြေထောက် ချော်သွားခဲ့လေသည်။
သူ့လက်ထဲမှ အလွန်ပူနေသော ငါးစွပ်ပြုတ်သည် စုရှီ၏ပခုံးကို ဝင်တိုက်တော့မည်ဖြစ်၏။ ကုချင်သည် လန့်သွားကာ အော်လိုက်လေသည်။ “သတိထား”
ဟောက်ကျင်းချွမ်သည်လည်း ချက်ချင်း မတ်တတ်ရပ်လိုက်လေ၏။
စုရှီ၏ သူငယ်အိမ်များ ကျုံ့သွားကာ သူ(မ)၏ နှလုံးသည်လည်း လည်ချောင်းမှ ထွက်လာလုမတတ်ပင်။ သူ(မ)သည် ဘေးဘက်သို့ အမြန်ရှောင်လိုက်လေသည်။
စားပွဲထိုးသည်လည်း သေလုမတတ် ကြောက်လန့်နေသည်။ သူ(မ)သည် ဒီအခြေအနေကို အမြန်ကယ်တင်ရန် ကြိုးစားလေ၏။
သို့သော်
“ကလန်” ငါးစွပ်ပြုတ်အိုးသည် ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။ ကြမ်းပြင်တစ်ခုလုံးပေါ်သို့ ငါးစွပ်ပြုတ်ရည်များ လွင့်စင်သွားသော်လည်း စုရှီပေါ်သို့ လုံးဝ မဖိတ်စင်ခဲ့ပေ။
ကြမ်းပြင်ပေါ်မှ လေပူက ဆက်တိုက်တက်လာနေသည်။ ဤမြင်ကွင်းသည် အချိန်တစ်ခဏတွင်းမှာတင် ဖြစ်သွားခဲ့သည်။ အခြားစားပွဲထိုးများလည်း တုံ့ပြန်ရန် အချိန်ပင်မရှိခဲ့ချေ။
သူတို့၏ အသိစိတ်များ ပြန်ဝင်လာပြီးနောက်တွင် ကုချင်သည် အမြန်ရပ်ကာ စုရှီဆီပြေးသွားလိုက်၏။ “စုရှီ နင်အပူလောင်သွားသေးလား”
ဟောက်ကျင်းချွမ်သည် အနည်းငယ် ဒေါသထွက်သွားပြီး စားပွဲထိုးကို မော့ကြည့်ကာ မေးလိုက်သည်။ “အစ်မ ဘယ်လိုတွေလုပ်နေတာလဲ!”
စုရှီသည် ထိတ်လန့်နေကာ သူ(မ)၏ခေါင်းကို ခါလိုက်လေသည်။
'ခုနတုန်းက ငါးစွပ်ပြုတ်အိုးက သူ(မ)ကို တကယ် ဝင်တိုက်တော့မလိုပဲ။ ဒါပေမဲ့ အဲဒါကို ပြင်ပအားတစ်ခုက အဝေးလွင့်သွားအောင် လုပ်လိုက်တဲ့ပုံပဲ။ စုရှီမှာ ကံဆိုးတဲ့ အရာပေါင်းစုံ ဖြစ်ဖူးခဲ့တယ်။ ဒါပေမဲ့ ကံဆိုးတဲ့အရာမဖြစ်ခင် ပြောင်းပြန်လှန်လိုက်နိုင်တာက ဒါပထမဆုံးပဲ။ ဒါ စနစ်က ပြောဖူးတဲ့ ခိုအီ(koi) ငါးကနေ ယူလာပေးတဲ့ ကံကောင်းမှုများလား။ သူ(မ)ရဲ့ကံဆိုးမှုကို ပယ်ဖျက်လိုက်တာလား။’
ကုချင်သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ “နင်က တော်တော်ကံဆိုးတာပဲ။ ဘာမှဆိုးဆိုးရွားရွား ဖြစ်မသွားလို့ တော်သေးတယ်။”
စွပ်ပြုတ်လာချပေးသော စားပွဲထိုးသည်လည်း ကြောက်လန့်ကာ ငိုတော့မည့်ပုံပေါ်နေပြီ။ သူ(မ)သည် အလွန်အမင်းတောင်းပန်နေလေ၏။ “တောင်းပန်ပါတယ်၊ ကျွန်မ တကယ်တောင်းပန်ပါတယ်”
မန်နေဂျာသည် အခြေအနေကို ဖြေဖြန်ပေးရန် ရောက်လာကာ ပြောလိုက်၏။ “ဧည့်သည်တွေ အဆင်ပြေရဲ့လား”
ဟောက်ကျင်းချွမ်သည် စုရှီအဆင်ပြေတာကို မြင်ကာ စိတ်တိုနေဟန်မျက်နှာထားနှင့် ပြောလိုက်၏။ “ကံကောင်းလို့ပေါ့ ကျွန်တော့်သူငယ်ချင်း အဆင်ပြေတာ”
စုရှီသည် စားပွဲထိုးတစ်ယောက် အခက်အခဲထဲ ကျရောက်နေသည်ကို မြင်လေ၏။ သူ(မ)သည် လက်များကိုဝှေ့ရမ်းကာ ပြောလိုက်သည်။ “နောက်တစ်ပွဲသာပေးပါ။ ဂရုစိုက်ဦး။”
‘ပြီးတော့ ဒါဖြစ်သွားတာ သူ(မ)အမှားလည်း ဟုတ်ချင်မှဟုတ်မှာ။ သူ(မ)ရဲ့ ကံဆိုးတဲ့ ခန္ဓာကိုယ်ကြောင့်ပဲ ဖြစ်မှာ။’
စုရှီသည် သူ(မ)ရင်ဘတ်ကို ပုတ်ကာ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။
‘ဒီလောက်များတဲ့ဆီတွေ သူ(မ)ပခုံးပေါ်ကျခဲ့ရင် သူ(မ)ဘယ်လောက်ပဲထူတဲ့ အင်္ကျီဝတ်ထားဝတ်ထား အပူလောင်မှာ သေချာတယ်။ ဆီတွေ လည်ပင်းကို စင်ကုန်ရင်လည်း အရည်ကြည်ဖုတော့ ပေါက်မှာပဲ’
သူ(မ)သည် စနစ်တစ်ခုနှင့် ချည်နှောင်ထားတာဖြစ်၏။ ဂိမ်းထဲတွင် ကြုံတွေ့ရသမျှသည် တကယ့်ကမ္ဘာအတိုင်း ဖြစ်ပြီး ထီပေါက်တာကလည်း သူ(မ)အတွက် အံ့ဖွယ်အရာတစ်ခုပင်။ ယခု မည်သည့်အရာပဲ ဖြစ်လာပါစေ စုရှီက စိတ်တည်ငြိမ်နေပြီ။
စားပြီးနောက်တွင် ကုချင်၊ ဟောက်ကျင်းချွမ်တို့နှင့် သီးခြားစီ အိမ်ပြန်လာခဲ့၏။
ဂိမ်းထဲတွင် နန်းတွင်းဂုဏ်ပြုစားပွဲအတွက် အချိန်မကျသေးသော်လည်း စုရှီသည် ကျိုက်ကျိုက် ဘာလုပ်နေလဲကို မနေနိုင်စွာ ကြည့်လိုက်မိ၏။ သူ(မ)သည် စာအုပ်ကို ဖွင့်လိုက်ပြီး အိမ်စာလုပ်နေလျက် ဂိမ်းကိုဖွင့်လိုက်လေသည်။
မင်းသားနင်းဖူ၏ အစေခံများသည် နန်းတွင်းဂုဏ်ပြုစားပွဲသို့ သခင်မကြီးနှင့် သခင်မနင်း တက်ရောက်ရန် ပြင်ဆင်ခြင်းကြောင့် အလုပ်များနေသည်ကို တွေ့လိုက်ရ၏။ အမျိုးသမီးများသည် မည့်သည့်မင်းဆက်တွင်မဆို အတူတူပင်။ နန်းတွင်းဂုဏ်ပြုစားပွဲသို့ မတက်ရောက်ခင် နာရီပိုင်းအနည်းငယ်ကြာလောက် ရေချိုးပြီး အဝတ်အစားလဲရသည်။
သခင်မကြီးသည် ကျိုက်ကျိုက်အတွက် အဝတ်အစားလဲပေးရန် အစေခံအချို့အား စေလွှတ်လိုက် သော်လည်း သူသည် အစေခံများကို မောင်းထုတ်ပြီး သူကိုယ်တိုင် အားလုံးကိုလုပ်နေ၏။
စုရှီသည် စခရင်ပြင်ပမှ ကျိုက်ကျိုက်၏ အလေးအနက်ဖြစ်နေသော မျက်နှာကို မြင်လိုက်ရပြီး မနေနိုင်ဘဲ ရယ်လိုက်မိသည်။
နူးညံ့သိမ်မွေ့သော မိန်းကလေးများသည် အလွန်ချစ်ဖို့ကောင်းသည်။ ‘ကျိုက်ကျိုက်က လူကြီးဖြစ်နေပြီ မဟုတ်ဘူးလား။ ဟိုအစေခံတွေကို သူကြည့်တဲ့ပုံက လမ်းဘေးက ကျောက်တုံးတွေကို ကြည့်နေတဲ့ အတိုင်းပဲ။’
‘ဒါပေမဲ့ အခုချိန်မှာ သူ့အလုပ်ကို အာရုံစိုက်ထားတာ ကောင်းပါတယ်။ ဇာတ်ကြောင်း တိုးတက်လာတဲ့အချိန်မှာ သူသာ မင်းသားကိုး ပြန်ဖြစ်သွားရင် သူလိုချင်သလောက် မိန်းကလေးတွေ ရနိုင်တာပဲလေ။’
‘အချိန်ကျလာတဲ့အခါ သူက မိန်းမလှလေးပေါင်းစုံကို ယှဉ်ပြီးတော့ ရွေးချယ်ရဦးမှာ။ ယန်မင်းဆက်က လူတွေထဲကပဲ မဟုတ်ဘူး တခြားနိုင်ငံက လူတွေထဲကပါ ရွေးချယ်ရဦးမှာပဲ!’
စုရှီဟာ “တော်ဝင်ကိုယ်လုပ်တော် ရွေးချယ်ခြင်းအစီအစဉ်” လို့ခေါ်တဲ့ ဂိမ်းကို ကုချင်ကစားနေတာ တွေ့ဖူးတယ်။ ကုချင်ကစားတာကို သူ(မ)နောက်ကနေကြည့်ပြီး မေ့လဲသွားမှာ ကြောက်နေရတယ်။ သူ(မ)အကြိုက်ဆုံး နဖူးပေါ်မှာ ရွှေရောင်ပန်းလေးခြယ်ထားတဲ့ တစ်ယောက်က ကုချင်ရဲ့ မောင်းမဆောင်ထဲမှာ မပါဘူး! ဒါကို ဘယ်သူသည်းခံ နိုင်မှာလဲ။ အခု အဲဂိမ်းထဲမှာထက်စာရင် ဒီဂိမ်းထဲမှာ မိန်းမလှလေးတွေ ပိုတောင် များသေးတယ်။ အချိန်ကျလာရင် သူ(မ) မျက်စိတောင်ပြာသွားနိုင်တယ်!
စုရှီသည် တွေးရုံနှင့်တင် အနည်းငယ် စိတ်လှုပ်ရှားလာ၏။ သူ(မ)သွေးများ ဆူပွက်လာပြီး ဇာတ်ကြောင်း တိုးတက်လာမည်ကို မစောင့်နိုင်ဖြစ်နေတော့သည်။
သို့သော် ယခုတွင်တော့ ကျိုက်ကျိုက် အရွယ်ရောက်လာတဲ့အထိ အဖော်ပြုပေးနေရသည်။ ပထမဦးစွာ သူ(မ)အလုပ်အကိုင်ကို အောင်မြင်အောင်လုပ်ပြီး မိသားစုလေးတစ်ခု ထူထောင်ချင်သည်။ ထိုအချိန်အတွင်း ကျိုက်ကျိုက် သူ့ဇနီးနှင့် လက်ထပ်မှာကို သူ(မ)တွေးစရာလိုတော့မည် မဟုတ်ချေ။
ကျိုက်ကျိုက် အလုပ်များနေတာကို မြင်ပြီး သူ(မ)သည် ကျိုက်ကျိုက်ကို မနှောင့်ယှက်ခဲ့ပေ။ ထိုအစား သူ(မ)သည် အိမ်စာများကို လုပ်လျက် ဂိမ်းကိုဘေးချပြီး သူ့ကို အခါအားလျော်စွာ မော့မော့ကြည့်နေသည်။
ဂိမ်း၏ အချိန်သည် ရှန်းရှီသို့ ပြောင်းသွား၏။
ဝေါယာဉ်သုံးခု ရောက်လာပြီး သခင်မကြီးနှင့် သခင်မနင်းကို သယ်လာသော အနီရောင် ဖဲပန်းပွားများနဲ့က နှစ်ခုဖြစ်သည်။ ထိုနှစ်ခုနောက်တွင် ကျိုက်ကျိုက်၏ အိမ်ဝင်းသို့ လာပြီး သူ့ကို နန်းတော်ဆီသို့ သယ်သွားပေးသော ဝေါယာဉ်ကြီးတစ်ခုက အစိမ်းရောင် ဖြစ်၏။
စုရှီသည် ကျိုက်ကျိုက်၏ဝေါယာဉ် လိုက်ကာကို ပင့်ပြီး သူ(မ)လိုက်လာပြီး သူနှင့်အတူ နန်းတော်ထဲဝင်လာကြောင်း ပြောပြချင်သည်။ သို့သော် ထိုအချိန်တွင် သူ(မ)တစ်စုံတစ်ရာကို သတိရသွား၏။
သူ(မ) နန်းတော်ရဲ့ မြေပုံကို လော့မဖြည်ရသေးဘူး!
‘လောလောဆယ် သူ(မ)မှာ ၃၂မှတ်ရှိတယ်။ ဂိမ်းရဲ့ လော့ဖြည်တဲ့စည်းကမ်းချက်က ၂၊ ၅၊ ၇/၈ နဲ့ ၁၀/၁၀ တိုင်းမှာ အပိုင်းတစ်ခုကို လော့ဖြည်လို့ရမယ်။ အပိုင်းတွေက သူတို့ရဲ့ အရွယ်အစားနဲ့ ခွဲခြားထားတာ။ နန်းတော်လောက်ကြီးတဲ့အပိုင်းကို လော့ဖြည်ဖို့က သူ(မ)မှာ ၃၈မှတ်ရှိမှရမှာ အနည်းဆုံး ၆မှတ်လောက် လိုဦးမှာပဲ။
‘ဒါပေမဲ့ ဒီအချိန်တိုအတွင်းမှာ ၆မှတ်ရဖို့ ဘယ်ကိုသွားပြီးတော့ မစ်ရှင်ပြီးအောင် လုပ်ရမလဲ’
‘ဒါပေမဲ့ ယုတ္တိရှိအောင် ပြောပြရင် ဒီဂိမ်းရဲ့ဆက်တင်အရ မစ်ရှင်အရ အပိုင်းတိုင်းကို လော့ဖြည် ပေးမှာလေ။ သူ(မ)မစ်ရှင်တစ်ခုခု မပြီးသေးတာဖြစ်နိုင်လား။’
သူ(မ)သည် စနစ်ကို မေးရုံမှလွဲပြီး မတတ်နိုင်ပေ။ “ငါအမှားလုပ်မိလို့လား။ ဒါမှမဟုတ် ဂိမ်းထဲမှာ bug ဝင်နေတာလား”
စနစ်က ပြောလိုက်လေသည်။ “တတိယမြောက် အဓိကမစ်ရှင်မှာ ပြဿနာရှိ နေပါတယ်။”
“တတိယမြောက် အဓိကမစ်ရှင်က ‘ဇာတ်ဆောင်ဟာ ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာ ဒုတိယမင်းသားနဲ့ ရင်းနှီးအောင်လုပ်ပြီး တော်ဝင်ကျောင်းတော်ကို ဝင်ရမယ်’ ဆိုပြီး ဖြစ်ပါတယ်။ ဆုကတော့ စုစုပေါင်း ၁၂မှတ်ပါ။ ဇာတ်ဆောင်ဟာ ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာ ဒုတိယမင်းသားနဲ့ စကားပြောရုံနဲ့ မစ်ရှင်ရဲ့ တစ်ဝက်ကို ပြီးမြောက်ပြီး ၆မှတ်ရရှိမှာပါ။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဇာတ်ဆောင်ဟာ ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာ ပဉ္စမမင်းသားနဲ့ စကားပြောပြီးနောက်ပိုင်း ဒုတိယမင်းသားကို တွန်းလှန်ခဲ့ပါတယ်။ ဒါကြောင့် အဓိကမစ်ရှင်ရဲ့ နောက်တစ်ဝက်ကို အရှုံးလို့ယူဆပါတယ်”
စနစ်ကထပ်ပြီး ပြောလိုက်သည်။ “ဒါ့အပြင် ဇာတ်ဆောင်ရဲ့ ဒုတိယမင်းသားအပေါ် ကြိုက်နှစ်သက်မှုဟာ -၆၀ ဖြစ်ပါတယ်။”
စုရှီသည် ဆွံ့အသွား၏။
စုရှီသည် ထိတ်လန့်သွားသည်။ ဒီလိုဖြစ်မယ်လို့ သူ(မ)မျှော်လင့်မထားခဲ့ချေ။
‘ဘာလို့လဲ။ ကျိုက်ကျိုက်က ဒုတိယမင်းသားကို ဘာလို့မုန်းတာလဲ။ စုရှီရဲ့အမြင်မှာ ဒုတိယမင်းသားဟာ နှိမ့်ချတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာမှမလုပ်ပါဘူး!’
‘သူ(မ) ဒုတိယမင်းသားကို ကယ်လိုက်လို့ ကျိုက်ကျိုက်မပျော်မရွှင် ဖြစ်သွားတာလား။’
‘အဲဒါဆို သူ(မ)က အပိုမစ်ရှင်ကို လုပ်လိုက်လို့ အဓိကမစ်ရှင်ကို နှောင့်ယှက်သလို ဖြစ်သွားတာလား’
စုရှီသည် မေးလိုက်လေ၏။ “တကယ်လို့ ငါ အဲနေ့က ဒုတိယမင်းသားကို မကယ်ခဲ့ဘူးဆိုရင်ရော။ ဘာဖြစ်မှာလဲ။”
စနစ်က ပြောလေသည်။ “ဒုတိယမင်းသားကို ကယ်တင်ရမှာပါ။ တကယ်လို့ ဆိုတာမရှိပါဘူး။ ဇာတ်ဆောင်ဟာ တော်ဝင်ကျောင်းတော်ကို ဝင်ချင်တဲ့အတွက်ကြောင့် သူဟာ မင်းသားရဲ့စာလုပ်ဖော်ပဲ ဖြစ်လာမှာပါ။ ဒုတိယမင်းသားကို ကယ်ပြီးတဲ့နောက်မှာ သူ့ရဲ့စာလေ့လာတာမှာ အဖော်ပြုပေးဖို့ မင်းသားတွေကြားမှာ နေရာလွတ်တစ်ခုရှိနေမှာပါ။ ဇာတ်ဆောင်ဟာ သူ့ရဲ့စာလုပ်ဖော် သေချာပေါက် ဖြစ်စရာမလိုပါဘူး။ တခြားမင်းသားရဲ့ စာလုပ်ဖော်လည်း ဖြစ်လာနိုင်ပါတယ်။”
စုရှီသည် ကျိုက်ကျိုက်က ဒုတိယမင်းသားကို မုန်းသည့်အကြောင်း နားလည်ပြီး သူနှင့် ရင်းနှီးရန် အစမပျိုးခဲ့ချေ။ ရင်းနှီးအောင်လုပ်ပေးသော မစ်ရှင် ကျရှုံးသွားခဲ့၏။
သို့သော် ဒုတိယမင်းသားသည် ကျိုက်ကျိုက်ကို မမုန်းပေ။ ဆောင်းငှက်တောင်အမဲလိုက်ပွဲတွင် ကျိုက်ကျိုက်၏ လုပ်ဆောင်ချက်များကြောင့် ဒုတိယမင်းသားနှင့် အခြားမင်းသားများ အကုန်လုံး ကျိုက်ကျိုက်ကို အထင်ကြီးကြလေသည်။ သူ(မ) စာလုပ်ဖော်ဖြစ်လာရမည့် မစ်ရှင်ကိုသာ အောင်မြင်ခဲ့ရင် တော်ဝင်ကျောင်းတော်သို့ ဝင်ရမည့် မစ်ရှင်လည်း အောင်မြင်နိုင်ပြီ။
သို့သော် သူ(မ)၏ အမှားကြောင့် ယခုအချိန်တွင် တော်ဝင်နန်းတော်အပိုင်းကို လော့မဖြည်နိုင်သေးပေ။ တော်ဝင်နန်းတော်ထဲသို့ ကျိုက်ကျိုက်နှင့်အတူ မလိုက်နိုင်ပေ။
စုရှီသည် အနည်းငယ် နောင်တရနေ၏။ ဝေါယာဉ်လိုက်ကာကို ပင့်တင်မည့် သူ(မ)၏လက်များကို ရပ်တန့်လိုက်လေသည်။ ကျိုက်ကျိုက်အား သူ(မ)ရောက်နေသည်ကို မသိစေချင်ပေ။ သို့သော်လည်း တော်ဝင်နန်းတော်ထဲသို့ ကျိုက်ကျိုက်နှင့်အတူ မလိုက်သွားနိုင်ချေ။
သူ(မ)သည် ရှည်လျားသော လမ်းတွင် ရပ်နေခဲ့ကာ ကျိုက်ကျိုက်၏ဝေါယာဉ် တော်ဝင်နန်းတော်ထဲသို့ ဝင်သွားသည်ကို ကြည့်နေခဲ့လေ၏။
ဂိမ်းထဲမှ ကောင်းကင်သည် မှောင်မဲနေလေပြီ။ တော်ဝင်နန်းတော်သည် အလွန်ခံ့ညားထည်ဝါလှသည်။ အနီရင့်ရောင် နံရံများနှင့် ညအမှောင်ထဲတွင် ခြင်္သေ့များတွယ်နေသကဲ့သို့ အရောင်လက်နေသော တံစက်မြိတ်များဖြင့်ပင်။ အဲဒါက အလွန်ခံ့ညားပြီး ခမ်းနားလှ၏။ ကျိုက်ကျိုက်၏ ဝေါယာဉ်သည် တော်ဝင်နန်းတော်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူသည် မြို့တော်၌ရှိသော ဝဲကတော့ထဲသို့ ဝင်သွားသလိုပင်။
ဤကြီးမားသော ရေဝဲကတော့ထဲတွင် အင်အားမရှိသော မင်းသား၏ အိမ်တော်မှ ကိုယ်လုပ်တော်၏သားသည် အရေးမပါသည့်ပုံ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ကျိုက်ကျိုက်သည် သူ့ဝေါယာဉ်၏ လိုက်ကာစွန်းကို ပင့်တင်ကာ တော်ဝင်နန်းတော်ထဲသို့ ဝင်သွား၏။ နန်းတော်ဝင်း၏ နှစ်ဖက်နှစ်ချက်မှ နံရံများသည် မြင့်မားနက်ရှိုင်းသည်။ သူသည် ကျဉ်းမြောင်း မှောင်မိုက်သော ညကောင်းကင်ကိုသာ မော့ကြည့်နိုင်လေ၏။
သူ၏မျက်နှာအမူအရာများသည် အနည်းငယ်ပို၍ ကျက်သရေရှိလှသည်။
စုရှီသည် တော်ဝင်နန်းတော်ထဲသို့ ကျိုက်ကျိုက်နှင့်အတူ မလိုက်သွားခဲ့ချေ။ ယခုအချိန် တော်ဝင်နန်းတော်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ(မ)မသိနိုင်ပေ။ သို့သော် သူ(မ)သည် ဂိမ်းကိုဖွင့်ထားကာ စောင့်နေခဲ့ပြီး အိမ်စာဆက်လုပ်နေခဲ့သည်။
ယခုည ဂုဏ်ပြုစားပွဲဇာတ်ကြောင်းတွင် စစ်သူကြီးကျန့်ယွမ်သည် ကျိုက်ကျိုက်အား ခက်ခဲအောင်လုပ်မည့် အပိုင်းပါလေသည်။ သူ(မ)လိုက်မသွားနိုင်တာကြောင့် သူ့ကို ကူညီမပေးနိုင်ပေ။
သို့သော် ကျိုက်ကျိုက်၏ ဉာဏ်ကောင်းမှုနှင့် ထက်မြက်မှုကြောင့် သူဖြေရှင်းနိုင်လိမ့်မည်ဟု စုရှီခံစားမိ၏။ သူ(မ) အလွန်စိတ်ပူစရာ မလိုပေ။
သူ(မ)သည် စာရွက်တစ်ရွက်ရေးရန် မိနစ်လေးဆယ်သုံးလိုက်ရသည်။ ဂိမ်းထဲတွင် လေးနာရီတိတိ ကုန်ဆုံးသွားပြီဖြစ်၏။
ညဘက်ရောက်သောအခါ တော်ဝင်နန်းတော်၏ တံခါးများ ပွင့်လာလေသည်။ ဂုဏ်ပြုစားပွဲတွင် ပါဝင်ဆင်နွဲကြသော ဝေါယာဉ်များ တစ်ခုပြီးတစ်ခု ထွက်လာကြ၏။
စုရှီသည် ကျိုက်ကျိုက်၏ ဝေါယာဉ်ကို ဖျက်ခနဲမြင်လိုက်၏။ ထိုအချိန်တွင် ယခင်ဇာတ်ကြောင်း၏ ဇာတ်လမ်းသည် စခရင်ပေါ်တွင် ပေါ်လာလေသည်။
[ဂုဏ်ပြုစားပွဲတွင် စစ်သူကြီးကျန့်ယွမ်သည် သခင်မကြီးကို သရော်စွာ ကြည့်ခဲ့သည်။ သူသည် သခင်မကြီး၏ သူ(မ)မြေးများကို ဒုတိယမင်းသားဘေး ပို့ကာ ဒုတိယမင်းသားနဲ့ ရင်းနှီးရန် ကြိုးစားနေသော အမူအရာများကို အလွန်မထီမဲ့မြင်ဖြစ်နေခဲ့၏။ မင်းသားနင်းဖူရဲ့ သားများသာ အလားအလာရှိရင် သူ မင်းသားနင်းဖူကို မော်ကြည့်ရမှာပဲ။ ဒါပေမဲ့ မင်းသားနင်းဖူကနေ လုယီအန်းနဲ့ လူဝမ်ရှို့ အဲနှစ်ကောင်လုံး တစ်ယောက်မှ အလားအလာကိုမရှိဘူး။ အခုတော့ သူတို့က လုံးဝ သုံးစားမရပေ။]
[ငါကြားတာတော့ ဒီတစ်ခေါက် ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာ မင်းသားနင်းဖူရဲ့ ကိုယ်လုပ်တော်ရဲ့သားက နိုင်သွားတယ်တဲ့။ သူအများကြီးမတွေးခဲ့ပေ။ သခင်မကြီးရဲ့ နည်းလမ်းတွေနဲ့ နေသားကျနေပြီးတော့ အဲဒါကို သခင်မကြီးက သူ့ကိုခက်ခဲအောင် လုပ်နေတာပဲလို့ပဲထင်ခဲ့တာ။ သူ(မ)က သူ့ရဲ့မြေးတွေနိုင်ဖို့ နည်းလမ်းကို ရှာချင်တာလေ။ ဒါကြောင့်ပဲ အဓိကဇာတ်ကောင်အပေါ် သူ၏အမြင်သည် မကောင်းပေ။ ဂုဏ်ပြုစားပွဲတွင် အဓိကဇာတ်ကောင်သည် သူ့အားဂုဏ်ပြုခဲ့သော်လည်း သူသည် အခါခါလျစ်လျူရှုကာ အရှက်ခွဲခဲ့၏။]
စုရှီသည် သူ(မ)၏ဘောပင်ကို တင်းတင်းဆုပ်ကိုင် လိုက်သည်။ စစ်သူကြီးကျန့်ယွမ်က ဘာလို့ ဒီလိုလုပ်ရတာလဲ။
‘ဘာပဲဖြစ်ဖြစ် ကျိုက်ကျိုက်က သူ့ရဲ့ဝေးကွာနေတဲ့ ဆွေမျိုးပဲလေ။ ဘာလို့ လူတွေကို မလိုမုန်းထားနိုင်ရတာလဲ'
[သို့သော် ဂုဏ်ပြုစားပွဲတွင်း အံဩဖွယ်အရာတစ်ခုမှာ ပဉ္စမမင်းသားသည် ဒုတိယမင်းသားတွင် စာလုပ်ဖော်မရှိခြင်းသည် ကောင်းတဲ့အရာမဟုတ်ဟု အစပြုပြောဆိုခြင်းဖြစ်သည်။ သူသည် သူ၏ စာလုပ်ဖော်ကို ဒုတိယမင်းသားဆီ ပို့ဆောင်ချင်လေ၏။ ပြီးနောက် ဧကရာဇ်သည် အဓိကဇာတ်ကောင်ကို ရွှေ၊ ငွေနှင့် ကျောက်မြတ်ရတနာများ ဆုပေးချီးမြှင့်လေသည်။ သူသည် အခွင့်ကောင်းယူကာ အဓိဇာတ်ကောင်အား သူ့၏ စာလုပ်ဖော်ဖြစ်စေရန် ဧကရာဇ်ကို တောင်းဆိုလေ၏။]
[ဒုတိယမင်းသားသည် သူနှင့် အချိန်အတော်ကြာ ငြင်းခုံလေ၏။ သို့သော် ယခုအကြိမ်တွင် ဧကရာဇ်သည် ဆောင်းငှက်တောင်အမဲလိုက်ပွဲတွင် ဒုတိယမင်းသားအား သတ်ရန်ကြံစည်မှုသည် ကိုယ်တိုင် ညွှန်ကြားထားသော လုပ်ရပ်တစ်ခုဖြစ်သည်ဟု သံသယဝင်မိလေသည်။ သူသည် ဒုတိယမင်းသားကို မနှစ်သက်သဖြင့် ပဉ္စမမင်းသားဘက်မှနေကာ သူ့၏ကျိုးကြောင်း မဆီလျော်သော တောင်းဆိုမှုကို လက်ခံလိုက်၏။]
[အဓိကဇာတ်ကောင်သည် ဤဂုဏ်ပြုစားပွဲတွင် ရွှေနှင့်ငွေ သေတ္တာနှစ်ခု ဆုရရှိသည်။ ယနေ့မှစ၍ ပဉ္စမမင်းသား၏ စာလုပ်ဖော်ဖြစ်ကာ တော်ဝင်ကျောင်းတော်သို့ စာလေ့လာရန် တက်ရောက်နိုင်လေပြီ။]
စနစ်က “အဓိကမစ်ရှင် ၃ (အခြေခံအဆင့်) (၁/၂) ကို အောင်မြင်ခြင်းအား ဂုဏ်ပြုပါတယ်။ ဆောင်းငှက်တောင်မှာ ဒုတိယမင်းသားနဲ့ ရင်းနှီးဖို့ကျရှုံးခဲ့တဲ့အတွက် ၀မှတ်နဲ့ ရွှေဒင်္ဂါး ၀ပြား ရပါတယ်။ ဒါပေမဲ့ တော်ဝင်ကျောင်းတော်ထဲ ဝင်နိုင်ခဲ့တဲ့အတွက် ၆မှတ်နဲ့ ရွှေဒင်္ဂါးပြား ၁၀၀ ရပါတယ်”
စုရှီ “...?”
စုရှီသည် ဂုဏ်ပြုစားပွဲရှိ တိတ်တဆိတ်ရုန်းကန်မှုကြောင့် ထိတ်လန့်သွား၏။
ပဉ္စမမင်းသားသည် ကျိုက်ကျိုက်အား အနည်းငယ်နှစ်သက်တာကို သူ(မ)သိ၏။။ ဆောင်းငှက်တောင်တွင် ပဉ္စမမင်းသား၏ အတွေးများက သိသာလှသည်။
‘ဒီပဉ္စမမင်းသားက အမြဲကြွားဝါနေပြီးတော့ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ မကြောက်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် သူကအမြဲ သူ့လက်နဲ့ လုယူချင်တာ။ အရင်တစ်ခေါက်က အခွန်ဌာနဝန်ကြီးက နတ်ဆေးဆရာကို တွေ့ချင်တယ်လို့ သူကြားတော့ သူက အမြန်သွားတွေ့တာ။ သူအပြုအမူတွေကတော့ ပုံမှန်ပါပဲ။’
‘ဒါပေမဲ့ ဒီဒုတိယမင်းသားရဲ့ အခြေအနေက ဘာလို့ သူ(မ)မစ်ရှင်အသေး လုပ်ပြီးတဲ့နောက်မှာ ပိုဆိုးလာတာလဲ။’
‘သူ(မ)သာ သူ့ကို မကယ်ခဲ့ဘူးဆိုရင် အနည်းဆုံး သုံးလလောက် အိပ်ယာထဲကနေ မထနိုင်ဖြစ်နေမှာ။ ဒီလောက်ဆိုးဝါးတဲ့ ဒဏ်ရာကြောင့် ဧကရာဇ်က သူ့ကို သံသယဝင်မှာမဟုတ်ဘူး’
‘ဒါပေမဲ့ သူက ရုတ်တရက် ဒဏ်ရာရပြီး ကုသမှုခံယူနေရတာ။ ဆယ်ရက်အတွင်းမှာ ပြန်သက်သာလာတယ်။ သူကဖျားနေတယ်လို့ ပြောပြီး မြောက်ဘက်နယ်နိမိတ် အစည်းအဝေးကိုတောင် မတက်ခဲ့ဘူး။ အဲဒါက ဧကရာဇ်ကို ပိုပြီးမပျော်မရွှင်ဖြစ်စေတာ။’
စုရှီက “တောင်းပန်ပါတယ်၊ ဒုတိယမင်းသား”
‘ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလိုနည်းနဲ့ တော်ဝင်ကျောင်းတော်ထဲကို ဝင်ရမယ့်မစ်ရှင် အောင်မြင်သွားတာပဲ’
‘ဒါပေမဲ့ ဒုတိယမင်းသား သူ့ကိုယ်သူ မြားနဲ့ထိုးပြီးတဲ့နောက်မှာ သူ(မ)က မြားကိုသုံးပြီးတော့ သူ့ကိုတားလိုက်တာကြောင့် အဓိကမစ်ရှင်က အနည်းငယ်လွဲချော်သွားတာ။ ကျိုက်ကျိုက်က ဒုတိယမင်းသားရဲ့ စာလုပ်ဖော်မဖြစ်ဘဲနဲ့ ပဉ္စမမင်းသားရဲ့ စာလုပ်ဖော်ဖြစ်လာတယ်။’
စုရှီသည် အဓိကမစ်ရှင် ဤလမ်းကြောင်းသို့ လမ်းလွဲခြင်း၏ အကျိုးဆက်ကို မသိပေ။ သို့သော် မည်သည့်အခြေအနေတွင်မဆို သူ(မ) ကျိုက်ကျိုက်ကို ကာကွယ်သွားမည်ဖြစ်၏။
ဤအကြောင်းတွေးရင်း စုရှီသည် ပိုလေးနက်လာသည်။ သူ(မ)သည် သစ်တော်ပွင့်ဖတ်ကို ဆွဲယူပြီး ကျိုက်ကျိုက်အား နှုတ်ဆက်လိုက်၏။
သူ(မ)သည် ဝေါယာဉ်ထဲရှိ မြင်ကွင်းကို ဦးစွာ ပြောင်းလိုက်၏။ ရိုးရှင်းသောပုံမြင်ကွင်းမှ ကျိုက်ကျိုက်၏ ခြေထောက်တိုလေးများသည် ကြမ်းပြင်ကိုထိမနေချေ။ သူ့လက်တိုကလေးများထဲက တစ်ဖက်သည် မျက်ခုံးများကို ပွတ်နေလေ၏။ သူ့၏ ဆန်မုန့်လုံးနှင့်တူသော မျက်နှာလေးသည် စူပုတ်နေ၏။ လိုက်ကာပြင်ပမှ တောက်ပနေသော လရောင်သည် လေနှင့်အတူပါလာပြီး သူ့မျက်နှာကို ဖြတ်သန်းသွား၏။ သူ(မ)သည် သူဘာဖြစ်နေတာလဲ မပြောနိုင်ပေ။ ‘သူ ဂုဏ်ပြုစားပွဲမှာ သောက်လာတာလား’
စုရှီသည် ကျိုက်ကျိုက် သောက်တာကို ပထမဆုံး မြင်ဖူးခြင်းပင်။ သူသောက်ပြီးလျှင် ဘယ်လိုဖြစ်နေမည်ဆိုတာကို သူ(မ)အနည်းငယ် စပ်စုချင်မိသည်။ ဒါကြောင့် မိနစ်အနည်းငယ်လောက် ဆက်ကြည့်နေမိသည်။
စခရင်သည် မူရင်းလူပုံစံသို့ ပြန်ပြောင်းသွား၏။
လူငယ်တစ်ယောက်သည် ဝေါယာဉ်၏အစွန်းကို မှီနေ၏။ သူ၏မျက်လုံးများသည် အနည်းငယ်အောက်ကျနေပြီး အေးစက်နေသည်။ သူ့မျက်နှာပေါ်တွင် လရောင်က မှိတ်တုတ်မှိတ်တုတ် လင်းနေ၏။ သူ့လက်ကိုမြှောက်ကာ သူ့မျက်ခုံးများကို ဖိလိုက်လေသည်။ သူ့မျက်ခုံးများ တွန့်ချိုးသွားပြီး သူ၏ ကျောက်စိမ်းရောင်မျက်နှာပေါ်တွင် အနီရောင်တစ်ချို့ ရှိနေလေသည်။ ထိုအနီရောင်သည် အေးစက်သည့်ပုံပေါ်နေ၏။
သောက်ပြီးနောက်တွင် သူသည် ပုံမှန်ထက် တိတ်ဆိတ်နေ၏။ သူ့မျက်နှာ အမူအရာများသည် အသက်မပါပေ။ ထို့ပြင် သူဘာတွေးနေတာလဲ မည်သူမျှမသိချေ။
စုရှီက ကျိုက်ကျိုက် အရက်ကောင်းကောင်း သောက်နိုင်သည်ဟု ထင်ခဲ့မိ၏။ ဤနန်းတွင်း ဂုဏ်ပြုစားပွဲတွင် သူပိုသောက်သင့်သည်။ သို့သော် သူသည် မူးနေသည့်ပုံမပေါ်ပေ။
သူ(မ)တွေးနေရင်းနှင့်ပင် ‘ပေါက်’ဟူသော အသံနှင့်အတူ စခရင်ပေါ်မှ မြူခိုးသည် ပြောင်းလဲသွား၏။ မြူခိုးများသည် ပျံ့နှံ့သွားတာ လက်တို ခြေတိုလေးများဖြင့် အသက်မဲ့နေသော ဖက်ထုပ်လေးအဖြစ်သို့ ပြောင်းလဲသွားသည်။
စုရှီသည် အတင်းလုပ်ယူကာ ပြုံးနေရသည်။
‘ဒီပုံစံနဲ့ ပိုပြီး နေသားကျနေပါပြီ’
သူ(မ)သည် လေပြင်းများကို မှုတ်ထုတ်လိုက်လေသည်။
စခရင်ပေါ်တွင် လုဟွမ်သည် ယနေ့ မရေတွက်နိုင်သော လေပြင်းများ ဖြတ်သန်းသွားခြင်းကို ခံနေရပြီးဖြစ်၏။ လေပြင်းတစ်ခေါက် ဖြတ်သန်းသွားချိန်တိုင်း သူ၏နှလုံးခုန်သံ ရပ်တန့်ရမြဲပင်။ မသိစိတ်မှ သူ(မ)ရောက်နေသလားဟု ထင်မှတ်မိသည်။ ဒါပေမဲ့ လေပြင်းများက သူ့အား ပြောပြနေလေသည်။
ယခုအချိန်တွင် အဖြူရောင် သစ်တော်ပွင့်သည် သူ၏မျက်ခုံးများကြားမှ သူ၏နှာခေါင်းကို ဖြတ်သန်းကာ လက်ဖဝါးထဲသို့ ကျလာလေသည်။
သူ့မျက်ခုံးများ အေးစက်နေရာမှ ချက်ချင်း ဖြေလျော့သွားလေသည်။ သူသည် အချိန်အကြာကြီး စောင့်မျှော်နေသည့်အတိုင်းပင် သူ့မျက်တောင်များကို ပျော်ရွှင်မှုနှင့်အတူ ပင့်တင်လိုက်၏။ ပျင်းရိစွာထောက်ထားသော သူ့လက်ကောက်ဝတ်များကို ချလိုက်ပြီး မတ်မတ်ထိုင်လိုက်လေသည်။ “ငါတို့ မတွေ့ရတာ တစ်နေ့နဲ့တစ်ည ကြာပြီ”
စုရှီသည် စခရင်ပြင်မှ ပြုံးကြည့်နေလေသည်။
‘ကျိုက်ကျိုက်က အချိန်ကို တော်တော် တိတိကျကျ မှတ်ထားတာပဲ’
“ဒီနေ့ဘာလုပ်ခဲ့လဲ” လုဟွမ်သည် လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။
‘မနေ့ညက လမ်းမီးရောင်တွေရှေ့မှာ သူတို့လမ်းခွဲခဲ့ကြတာ။ ဒီနေ့လည်း ညဘက်မှာပဲ ပြန်တွေ့ကြပြန်ပြီ။ ၂၄ နာရီလုံးလုံး ကြာသွားတာပဲ။ သူ(မ)တစ်ခုခု လုပ်စရာရှိလို့လား။ ဘယ်သူနဲ့တွေ့ခဲ့တာလဲ။ ဘာလုပ်ခဲ့တာလဲ။ ဒါပေမဲ့ သူမသိနိုင်ချေ။’
စုရှီသည် တွေးလိုက်၏။ ‘ငါဒါကို ဘယ်လိုဖြေရမှာလဲ'
သူသည် တစ်ဘက်လူက သူမေးသည်ကို မဖြေနိုင်ကြောင်း ရိပ်မိလိုက်ပုံပင်။ လုဟွမ်သည် ပြုံးကာမေးလိုက်သည်။ ‘ဒါ 'ဟုတ်တယ်’ မေးခွန်းပဲနော်။ ငါမေးတာကို မင်းဖြေပေးနိုင်လား’
စုရှီသည် ကျိုက်ကျိုက်ပြုံးတာကို တစ်ခါမှ မမြင်ဖူးပေ။ သူ(မ) သူ့ကို ထိနိုင်သည်ကို သိပြီးနောက်တွင် ပို၍ပြုံးလာသလိုပင်။ ‘ဒါပေါ့ ဒါက များများစားစား မဟုတ်သေးဘူး’
လုဟွမ်သည် အသံတိုးတိုးဖြင့် မေးလိုက်၏။ “မင်း အပြင် လျှောက်သွားခဲ့တာလား။ ပျော်ခဲ့လား”
စုရှီသည် လုဟွမ်၏ဘယ်လက်ကို လှုပ်လိုက်လေသည်။
သူထပ်မေးလိုက်လေသည်။ “တစ်ယောက်ယောက်နဲ့ တွေ့ခဲ့တာလား”
‘တွေ့ခဲ့တာပေါ့။ ဘယ်သူနဲ့မှ မတွေ့ဘဲနဲ့ ဘာလို့အပြင်သွားမှာလဲ။ ဘယ်သူနဲ့မှ မတွေ့ရင် ခေါင်းတောင်မလျှော်တဲ့ဟာကို။’ စုရှီသည် ပြုံးကာ စခရင်ပေါ်မှ သူ၏ဘယ်လက်ကို ဆက်လှုပ်လိုက်လေ၏။
ကျိုက်ကျိုက်သည် သူ၏ဘယ်လက်ကို ဖျတ်ခနဲကြည့်လိုက်လေသည်။ သူ(မ)၏ တက်ကြွဖွယ်အပြုအမူများ သူ့အားကူးစက်သွားပုံပေါ်၏။ သူ့မျက်လုံးထဲမှ အပြုံးများ ပိုမိုနက်ရှိုင်းသွားသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်ရန် ကြိုးစားနေ၏။ သူသည် ပုံမှန်အတိုင်း မေးလိုက်လေသည်။ “မင်းတွေ့ခဲ့တဲ့သူက ယောက်ျားလား မိန်းမလား”
စုရှီသည် သူ၏ ဘယ်လက်ကို လှုပ်လိုက်၏။ သူ တုံ့မပြန်နိုင်ခင်ပင် ညာဘက်လက်ကိုလည်း ထပ်လှုပ်လိုက်၏။
‘ဒီနေ့တွေ့ခဲ့တဲ့ ကုချင်နဲ့ ဟောက်ကျင်ချွမ်းက ယောက်ျားရော မိန်းမရောလေ'
စခရင်ပေါ်မှ လုဟွမ်သည် ခေတ္တရပ်တန့်ကာ ထပ်မံမေးပြန်၏။ “မင်းသူငယ်ချင်းတွေလား။ သူတို့ကို မင်း အများကြီး သဘောကျတာလား ”
သူ၏ ဘယ်လက်ကို လှုပ်ခြင်းခံရလိုက်၏။
စုရှီသည် ဒီလိုမေးခွန်းမျိုး ဖြေရသည်မှာ ပျော်စရာကောင်းတယ်ဟု ထင်၏။ သူ(မ)သည် ကျိုက်ကျိုက်ဆက်မေးမည်ကို စောင့်နေခဲ့သော်လည်း စခရင်ပေါ်မှ ကျိုက်ကျိုက်သည် တစ်စုံတစ်ခုအား စဉ်းစားနေပုံပေါ်၏။ သူသည် ဘာမှမဖြစ်သလို ဟန်ဆောင်ရန် ကြိုးစားနေသော်လည်း သူ၏ မျက်နှာဝိုင်းသည် တွန့်ချိုးသွားလေ၏။
ညှိုးနွမ်းနေသော အရွက်တစ်ရွက်သည် သူ၏ခေါင်းပေါ်တွင် ပေါ်လာလေသည်။ အရွက်ခြောက်များ ကြွေကျနေသည့်ပုံပင်။
စုရှီ “...?”
စုရှီသည် ကျိုက်ကျိုက်နှင့် ဆက်သွယ်ရန် ကြိုးစားတော့မည့်အချိန်တွင် စခရင်ပေါ်၌ ဇာတ်ကြောင်းတစ်ခု ပေါ်လာလေ၏။
ဝေါယာဉ်သည် စစ်သူကြီးကျန့်ယွမ်၏ အိမ်ကြီးရှေ့မှ ဖြတ်သန်းနေပုံပင်။ ပုံမှန်အားဖြင့် စစ်သူကြီးကျန့်ယွမ် ပေါ်လာမှသာလျှင် ဇာတ်ကြောင်းပေါ်လာတတ်သည်။
စစ်သူကြီးကျန့်ယွမ်သည် စစ်သူကြီးအိမ်တော်ထဲရှိ စာဖတ်ခန်းထဲ၌ စစ်တပ်ရေးရာဝန်ကြီးနှင့် ညတွင် အသံတိုးတိုးဖြင့် စကားပြောနေကြလေသည်။
စစ်တပ်ရေးရာဝန်ကြီးသည် အသံတိုးတိုး ပြောလိုက်လေ၏။ “ဒီနေ့ ဂုဏ်ပြုစားပွဲမှာ တစ်ခုခု ဖုံးကွယ်ထားသလို ခံစားချက်ပဲ။ ဧကရာဇ်က ဒုတိယမင်းသားကို တစ်ခုခု မကျေနပ်နေတဲ့ပုံပဲ”
စစ်သူကြီးကျန့်ယွမ်သည် မျက်မှောင်ကြုပ်ကာ အသံတိုးတိုး ပြောလိုက်လေသည်။ “ငါ ဒုတိယမင်းသားကို ထောက်ပံ့တဲ့ အကြောင်းအရင်းက သူက တခြားမင်းသားတွေ တိုက်ခိုက်နေကြတဲ့ ချွန်ထက်တဲ့အပိုင်းကို ရှောင်နိုင်မယ်ထင်လို့ပဲ။ သူက သည်းခံတတ်ပြီးတော့ ကြီးမားတဲ့အရာတွေကို ရယူနိုင်လောက်မယ့် နှိမ့်ချတတ်တဲ့သူလေ။ ဒါပေမဲ့ အခု မြောက်ဘက်ပိုင်းမှာ သူတိုက်ခိုက်ရမယ့် အချိန်ရောက်တော့ သူကပုန်းကွယ်နေပြီးတော့ မတိုက်ခိုက်ခဲ့ဘူး။ ဖျားနေတယ်လို့ ပြောပြီးတောင် ရှောင်နေလိုက်သေးတယ်! သူသာ ပြည်သူတွေကို ဂရုစိုက်ရင် မြောက်ဘက်ကပြည်သူတွေ ဒုက္ခရောက်နေတာကို သူသိသင့်တယ်။ သူ အဲလိုမလုပ်သင့်ဘူးလေ! ကမူးရှူးထိုး ကြိုးပမ်းနေတဲ့ ပဉ္စမမင်းသားလောက်တောင် သူက မတော်ဘူး။”
စစ်တပ်ရေးရာဝန်ကြီးက ထပ်ပြောလိုက်သည်။ “ဒီတစ်ခေါက် မြောက်ဘက်မှာ ဖြစ်နေတဲ့ ပရမ်းပတာအခြေအနေကို နှိမ်နင်းဖို့ ဘယ်သူဦးဆောင်မလဲ ဆိုတာကို ဧကရာဇ်က မဆုံးဖြတ်ရသေးဘူး။ ဆုံးဖြတ်ပြီးတာနဲ့ စစ်တပ်အင်အားက အဲလူ လက်ထဲ အလိုလိုလွှဲပြောင်းခံရမှာပဲ”
စစ်သူကြီးကျန့်ယွမ်သည် သက်ပြင်းချကာ ပြောလိုက်၏။ “ငါသာ ငယ်သေးရင် ဒီတစ်ခေါက် စစ်တပ်ကို ဦးဆောင်သွားမှာပဲ။ ကံမကောင်းတာက ဧကရာဇ်က ငါ့ကို အသက်ကြီးနေလို့ သဘောမကျတော့ဘူး။”
စစ်တပ်ရေးရာဝန်ကြီးက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏။ “စစ်သူကြီး နားမလည်သေးဘူးလား။ ဧကရာဇ် ခင်ဗျားကို ဦးမဆောင်စေချင်တဲ့ အကြောင်းအရင်းက အသက်ကြီးပြီး ဘာမှအသုံးမကျဘူး ထင်လို့ မဟုတ်ဘူး နှစ်ပေါင်းအကြာကြီး ခင်ဗျားလက်ထဲမှာ ရှိတဲ့ စစ်တပ်အင်အားကို ပြန်ယူချင်လို့လေ!”
စစ်သူကြီးကျန့်ယွမ်၏ မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားလေသည်။
စစ်တပ်ရေးရာဝန်ကြီးသည် စစ်သူကြီးကျန့်ယွမ်ကို အစဉ်သစ္စာရှိပြီး သစ္စာခံသည်ကို သိသော်လည်း သူ့ကို သတိပေးရဦးလေမည်။ “မြင့်မားတဲ့ လုပ်ဆောင်မှုတွေက ဧကရာဇ်ကို တုန်လှုပ်စေတယ်။ သစ်တောထဲက အမြင့်ဆုံးသစ်ပင်က လေတိုက်တဲ့ဒဏ်ကြောင့် ပျက်စီးတတ်တယ်။ စစ်တပ်အင်အားကို လက်လွှဲပေးလိုက်မယ်ဆိုရင် စစ်သူကြီးရဲ့အိမ်ရာက အာဏာတွေ ကျဆင်းပြီးတော့ သူများတွေ သနားတာကို ခံရမှာ စိုးရိမ်မိတယ်။ ဒါပေမဲ့ စစ်တပ်အင်အားက ခင်ဗျားလက်ထဲမှာ ဆက်ရှိနေသေးရင် ဧကရာဇ် အပါအဝင် စစ်သူကြီးအိမ်ရာက မျိုးဆက်သုံးခုလုံး တုတ်တုတ်မလှုပ်နိုင်ပဲနေမှာ”
“အဲဒါကြောင့် မြောက်ဘက်ကို သွားပြီး ပရမ်းပတာအခြေအနေတွေကို နှိမ်နင်းပေးနိုင်မယ့်သူကို မြန်မြန်ရှာမှရမှာ!”
စစ်သူကြီး ကျန့်ယွမ်က ပြောလိုက်၏။ “ပြောရတာတော့ လွယ်တာပေါ့။ ငါ နှစ်ပေါင်းများစွာ စစ်တိုက်နေပြီးတော့ ငါ့မှာ သားသမီးမရှိဘူး။ ငါ့တစ်ဦးတည်းသော သမီးကလည်း ရောဂါနဲ့ ဆုံးသွားပြီ။ အခုတော့ ငါတစ်ယောက်တည်းပဲ။ ယုံရမယ့် သူလည်းသိပ်မရှိဘူး။ ငါ့ရာထူးကို လက်လွှဲယူနိုင်မယ့်သူ ဘယ်မှာရှာရမှာလဲ”
ဤစကားဝိုင်းအတွင်းတွင် စစ်သူကြီးကျန့်ယွမ်သည် ဆံပင်များဖြူလာပြီး နောင်တတရားဖြင့် သက်ပြင်းချလိုက်၏။
ထိုအချိန်တွင် စခရင်ပေါ်၌ မက်ဆေ့တစ်ခု ပေါ်လာ၏။
[ကျေးဇူးပြုပြီး အဓိကမစ်ရှင် ၈ (အလယ်အလတ်အဆင့်)ကို လက်ခံပါ။ မစ်ရှင် ၇ ပြီးနောက်တွင် စစ်သူကြီးကျန့်ယွမ်၏ အောင်မြင်သူဖြစ်လာပြီး မြောက်ဘက်သို့သွား၍ ပရမ်းပတာအခြေအနေများကို နှိမ်နင်းကာ စစ်တပ်၏ချီးမြှောက်မှုများကို ရယူရမည်။]
[မစ်ရှင် ခက်ခဲမှု : ကြယ် ၁၅ ပွင့်။ ဆု : ရွှေဒင်္ဂါး ၂၀၀၀။ ဆု : ၁၂ မှတ်]
မစ်ရှင်ကို မြင်သောအခါ စုရှီ၏ မျက်ခွံများ တွန့်သွား၏။ ‘အရင်က မစ်ရှင် ၇ခုလုံးက အခြေခံအဆင့်ပဲ ရှိသေးတာ။ အခုမစ်ရှင်က အလယ်အလတ်အဆင့် တောင် ဖြစ်သွားပြီလား။’
‘အရင်မစ်ရှင်က ကျိုက်ကျိုက်အပေါ် စစ်သူကြီးကျန့်ယွမ်ရဲ့ အမြင်ကို ပြောင်းလဲပြီးတော့ စစ်သူကြီးကျန့်ယွမ်ရဲ့ အထောက်အပံ့ကိုရဖို့ဆိုတာ မထူးဆန်းတော့ပါဘူး။ စစ်သူကြီးကျန့်ယွမ်ရဲ့ ရာထူးကို လက်လွှဲယူရမှာမလို့ပဲ။’
‘နန်းတွင်းခုံရုံးထဲမှာ ခြေကုပ်မိဖို့ဆိုရင် စစ်တပ်ရဲ့ချီးမြှောက်မှုတွေ ယူဆောင်တာက အကောင်းဆုံးနည်းလမ်းပဲလေ။’
သို့သော်
စုရှီသည် စခရင်ပေါ်မှ ကျောက်စိမ်းဖြင့်ပုံဖော်ထားသော ဖက်ထုပ်လုံးလေးကို ကြည့်လိုက်၏။ ‘သူက စစ်တပ်ကို စစ်တိုက်ဖို့ ဦးဆောင်မှာကို တွေးကြည့်လို့မရဘူး! စိတ်ကူးယဉ်ကြည့်လို့ကို မရတာ။ သူ(မ)နှလုံးသား နာကျင်ရတယ်'
‘သူသာ စစ်မြေပြင်ကို သွားတိုက်ရင် ထိခိုက်မိမှာ သေချာတယ်မလား'
‘ဒါပေမဲ့ အဲဒီနေရာမှာ သူ(မ)ရှိနေမယ်ဆိုရင် အဆင်ပြေမှာပါ’
ယခုအချိန်တွင် မစ်ရှင်ပေါ်လာသော်လည်း ပြီးမြောက်ရန် အချိန်အကြာကြီး လိုသေးသည်။
ဤအရာကိုတွေးလျက် စုရှီ အနည်းငယ် စိတ်တည်ငြိမ်သွား၏။
ဝေါယာဉ်သည် မင်းသားနင်းဖူ၏အိမ်ရာ အတွင်းသို့ တဖြည်းဖြည်း ဝင်သွားလေ၏။
လုဟွမ်သည် သူ၏မျက်လုံးများကို ချလိုက်ပြီး မေးခွန်းများဆက်မမေးတော့ချေ။
သူ့ဝိညာဉ်မလေး သည် တခြားဝိညာဉ်များကို တွေ့ရန်လိုကြောင်း သူသိသော်လည်း သူ(မ)၏ ကမ္ဘာထဲတွင် အခြားအရာများရှိသေးသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ ဒီထက် ပုံမှန်မဟုတ်နိုင်တော့ပေ။ သို့သော် သူသည် သူ့စိတ်ထဲတွင် စိတ်ဖိစီးမှုနှင့် ပိုင်ဆိုင်လိုစိတ် အနည်းငယ်ကို ခံစားနေရသေးသည်။
သူ သူ(မ)ကို တွေ့နိုင်ရင် ကောင်းမယ်။ သူ သူ(မ)ကို ထိတွေ့နိုင်ရင်လည်း ကောင်းမယ်။
တကယ်လို့...
လုဟွမ် ပိုပြီး မတွေးရဲတော့ပေ။ သူ့အတွေးများသည် အလွန်လောဘကြီးနေမည်ကို စိုးရိမ်မိ၏။
‘ဒါပေမဲ့ သူ(မ)ဘေးက ဝိညာဉ်တွေနဲ့ နတ်ဘုရားတွေက သူ(မ)ကို မြင်ရတာလား။ သူတစ်ယောက်တည်းပဲ သူ(မ)နဲ့ မျိုးတူမဟုတ်လို့ သူ(မ)ကို မမြင်ရ ထိလို့မရတာ။ သူ(မ)နားက လူတွေကို အရမ်းမနာလိုတာပဲ။’
‘သူ(မ) သူ့ဘေးမှာ ရှိနေတာဟာ သူ့ဘဝထဲက အဖြစ်အပျက်အားလုံးထဲမှာ ကံအကောင်းဆုံးအရာဆိုတာ သူသိပေမယ့် လူသားတွေရဲ့စိတ်က အမြဲလောဘကြီးတယ်ထင်ပါရဲ့။ သူ(မ)ဆီက နွေးထွေးမှုနဲ့ ကြင်နာမှုရပြီးတဲ့နောက်မှာ သူတကယ်တော့ သူ(မ)ရဲ့အသံနဲ့ အသွင်အပြင်ကို သိချင်မိပြီးတော့ သူ့မျက်လုံးထဲမှာ သူ(မ)ကို အမြဲသိမ်းထားချင်မိတယ်'
‘အဲလိုမှ သူ(မ) အလွယ်တကူ ထွက်မပြေးပြီးတော့ တစ်နေ့ကြ ရုတ်တရက် ပျောက်ကွယ်မသွားမှာ’
‘အခုပဲကြည့် သူ(မ) သူ့ဘေးမှာ ရှိနေတာကို သိပေမယ့် သူ(မ)မျက်နှာပေါ်မှာ ဘယ်လိုအမူအရာဖြစ်နေလဲ မသိရဘူး။ ပြီးတော့ သူ(မ) ဘယ်ဘက်မှာရှိလဲ မသိရဘူး။’
‘သူ(မ) သူ့လက်ကို ချိတ်မထားတဲ့အချိန်မှာ သူ(မ)ရှိနေသေးလားဆိုတာလည်း မသိရပြန်ဘူး’
‘သူက အကန်းတစ်ယောက်လိုပဲ။ သူ့ကမ္ဘာမှာ သူ(မ)က တည်ရှိမနေဘူး။’
လုဟွမ်သည် ဒီလိုတွေးလိုက်သော်လည်း သူ့မျက်နှာပေါ်တွင် ဘာမျှပေါ်မနေချေ။
‘သူက ပိုင်ဆိုင်လိုစိတ်များပြီး မလွယ်ကူတာကို သိတယ်။ အဲဒါက မှားနေတာ။ သူထုတ်ပြလိုက်ရင် သူ(မ)ကြောက်သွားမှာကို စိုးရိမ်မိတယ်။ အဲဒါကြောင့် ဒီခံစားချက်တွေကို ထုတ်မပြဘဲ ဖိနှိပ်ဖို့ အကောင်းဆုံးကြိုးစားနေရတာ။’
သို့သော် စုရှီသည် မစ်ရှင်ခွဲဝေမှု အင်တာဖေ့စ်ကို ပိတ်လိုက်ပြီးနောက် စခရင်ပေါ်၌ ကျိုက်ကျိုက်၏ ခေါင်းပေါ်တွင် သစ်ရွက်ခြောက်ရှိနေသေးသည်ကို တွေ့လိုက်ရ၏။
သူ၏ ဆန်မုန့်လုံးကဲ့သို့ မျက်နှာနှင့် မျက်တောင်များသည် ညှိုးကျနေသည်။ သူသည် လယ်ကွင်းထဲမှ ရုတ်တရက် အဝါရောင်ပြောင်းသွားသော ဂေါ်ဖီထုပ်နှင့် တူနေ၏။ စုရှီသည် ချက်ချင်းပင် ပျော်ရွှင်သွား၏။ သူ၏ ခေါင်းကို ပွတ်လိုက်ပြီး မျက်နှာကို ဆွဲဆိတ်လိုက်လေသည်။
‘သူ(မ)သူငယ်ချင်းတွေကို သဘောကျတာမှန်ပေမယ့် သူ့ကိုလည်း အရမ်းသဘောကျတယ်ဆိုတာကို နားလည်မယ်လို့ မျှော်လင့်မိတယ်။ မဟုတ်ရင် တစ်နေကုန် ဂိမ်းဆော့ပြီး သူ(မ)ရဲ့ အချိန်တွေကို မျှဝေနေမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က အရမ်းရှည်လျားပြီး ဖော်ပြဖို့ ခက်ခဲလွန်းတယ်။’
စခရင်ပေါ်တွင် ကျိုက်ကျိုက်၏ ဆံပင်သည် သူ(မ)ကြောင့် ရှုပ်ပွနေ၏။ ဆွဲဆိတ်ပြီးနောက်တွင် သူ့မျက်နှာသည် နီရဲနေပြီး နားရွက်များလည်း နီဖျော့ဖျော့ဖြစ်နေလေ၏။ သူ့ခေါင်းပေါ်မှ သစ်ရွက်ခြောက်သည် နောက်ဆုံးတော့ ပျောက်ကွယ်သွားလေပြီ။
ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက်တွင် ကျိုက်ကျိုက်သည် ဝတ်ရုံချွတ်ရန် သူ့အခန်းထဲသို့ အလျင်အမြန်ဝင်သွား၏။ သူ ဝတ်ရုံတစ်ထည်ကို အမြန်ဝတ်ဆင်လိုက်ပြီး သူ့လက်အား ဖြန့်ထုတ်လိုက်၏။ သူ့လက်ဖဝါးသည် ချက်ချင်းပင် နူးညံ့စွာ ဆိတ်ခံလိုက်ရလေသည်။ ထိုအခါမှသာ သူ(မ)မသွားသေးကြောင်း အတည်ပြုလိုက်၏။ သူစိတ်သက်သာရာ ရသွားလေသည်။ သူ့မျက်လုံးများ တောက်ပသွားပြီး လေထဲသို့ နူးညံ့စွာပြောလိုက်၏။ “မနေ့က သဘောတူထားတာ အရဆို ဒီည ခေါက်ဆွဲ လုပ်မှာလား”
စုရှီသည် သူ့ညာလက်ကို ညှစ်လိုက်ကာ ‘မဟုတ်ဘူး’ဟု ရည်ညွှန်းလိုက်လေ၏။
‘ဒီည ပိုအရေးကြီးတာတွေ လုပ်စရာရှိတယ်’
သူ(မ)သည် ဆိုင်ကိုဖွင့်လိုက်ကာ အရင်က ခဲရောင်စွမ်းရည်ဘားတန်းအချို့ လော့ပြုတ်နေသည်ကို တွေ့လိုက်ရ၏။ ဟုတ်တယ်။ သူ(မ)တွင် ၃၈ မှတ်ရှိသည့်အတွက် ဒီစွမ်းရည်များကို လော့ဖြည်ရန် အချိန်ကျလေပြီ။
ခုနှစ်ခုမြောက် မစ်ရှင်သည် စစ်သူကြီးကျန့်ယွမ်၏ အသိအမှတ်ပြုမှုနှင့် အထောက်အပံ့ကို ရရှိရန် တိုက်ရည်ခိုက်ရည်၊ စစ်ပညာရပ်နှင့် ကိုယ်ခံအား ပိုမိုကောင်းမွန် ကျွမ်းကျင်ရန်ဖြစ်၏။
ကျိုက်ကျိုက်၏ အတိုက်အခိုက်စွမ်းရည်များသည် သူ့ဆီမှ တိတ်တဆိတ် သင်ပြီးပြီဖြစ်၏။ သူ၏ ပါရမီကြောင့် မြို့တော်ထဲရှိ လူငယ်များထဲတွင် ထူးချွန်နေပြီးဖြစ်သော်လည်း ပိုပြီး ကျွမ်းကျင်နိုင်သေးသည်။
ထို့ပြင် အဓိကနှင့် အရံမစ်ရှင်များ၊ လူလူချင်းဆက်သွယ်မှုဆိုင်ရာ ဆက်ဆံရေးများနှင့် ပြင်ပပတ်ဝန်းကျင်အပြင် အမှတ်များသည် စွမ်းရည်နှင့် ခန္ဓာကိုယ် ကြံခိုင်မှုလည်း ပါဝင်နေ၏။
စွမ်းရည်တစ်ခုကို ကျွမ်းကျင်မှုအဆင့်တစ်ခုသို့ မြှင့်တင်ခြင်း၊ ခန္ဓာကိုယ်ကြံခိုင်မှု မြှင့်တင့်ခြင်းတို့သည် လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်အား ကျန်းမာစွာ ကြီးထွားစေပြီး အမှတ်များ ရရှိစေလိမ့်မည်။
ဒီည ကစားပြီးတာနဲ့ သူလေ့လာရတော့မယ်။ သူ့အမေက သူ့အတွက် အကုန်စီစဉ်ပေးထားပြီးသားပဲ။
စုရှီသည် ဆိုင်ကိုဖွင့်လိုက်၏။
ခဏကြာသောအခါ စာအုပ်များသည် သူ့ရှေ့တွင် ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။ “ဆွန်ဇုရဲ့စစ်ပညာကျမ်း”၊ “တာအိုဝါဒ ၆ မျိုးနှင့် ဗျူဟာသုံးရပ်”၊ “စစ်ပွဲတစ်ရာဗျူဟာ”၊ "အကန့်သတ်မဲ့ဗျူဟာ" နှင့် " ဓါးရေးပညာ ပုံဖော်ချက်များ " ဟူသော စာအုပ်များပင်။
ကျိုက်ကျိုက်၏မျက်နှာ စက္ကန့်ပိုင်းလောက် ဗလာဖြစ်သွားသည်ကို မြင်သောအခါ စုရှီသည် သူ စာမလုပ်ချင်တာကြောင့်ဟု ထင်လိုက်သည်။ ဒါကြောင့် တိုက်တွန်း အားပေးသည့်အနေဖြင့် သူ့ခေါင်းကို ပွတ်ပေးလိုက်လေ၏။
သူ(မ)သည် ဆိုင်မှ အရုပ်ပုံ သကြားလုံးကို လဲလှယ်လာကာ လေထဲတွင် ဝှေ့ရမ်းပြလိုက်၏။ ကျိုက်ကျိုက်ကို စာလေ့လာပြီးရင် ဒါကို စားလို့ရသည်ဟု ပြောနေသည့်သဘောပင်။
လုဟွမ် “...”
သူ၏ မျက်နှာအမူအရာများသည် အနည်းငယ် ထူးဆန်းသွား၏။ ‘အရင်က ယုံအန်းဘုရားကျောင်း အဖြစ်အပျက်မှာ သူ(မ)က သူ့ကို ဂုဏ်သတင်းရရှိအောင် ကူညီဖို့နည်းလမ်း စဉ်းစားပေးခဲ့ဖူးတယ်။ သူ(မ)က ဒီအရှုပ်အထွေးတွေထဲ သူ့ကို ဆွဲထည့်ချင်တာလို့ ခန့်မှန်းမိခဲ့တယ်။ ပြီးတော့ အခု ဒါတွေ သူ့ကို ပေးပြီးတော့ သူ့လေ့လာမှုတွေကို တိုးတက်အောင်လို့ တိုက်တွန်းနေတာလား။ ဒါတွေ အကုန်လုံးက...’
‘သူ့ကို သွေးဆောင်ဖို့ အရုပ်ပုံ သကြားလုံးကိုတောင် သုံးလိုက်သေးတယ်’... လုဟွမ်သည် ရယ်ရမည်လား ငိုရမည်လား မသိတော့ချေ။
သူ၏ပုံစံသည် အရပ်ရှည်ပြီး လက်မောင်းများသွယ်ကာ သန်မာ၏။ သူသည် လူငယ်တစ်ယောက် ဖြစ်နှင့်ပြီးပြီ။ ‘ဒါပေမဲ့ သူ(မ)ရဲ့ မျက်လုံးတွေထဲမှာတော့။ သူ့ကို ဘာလို့ကလေးလို ဆက်ဆံတဲ့ပုံ ပေါ်နေတာလဲ။ အရင်က ဖြေဖူးတဲ့ မေးခွန်းတွေအရဆို သူ(မ)က ၁၆နှစ် ၁၇နှစ်လောက်ပဲ ရှိသေးတာလေ။’
သို့သော် လုဟွမ်သည် အများကြီး မတွေးလိုက်ပေ။ သူသည် ပြုံးကာ သူ့လက်များကို ဖြန့်လိုက်ပြီး စာအုပ်များ သူ့လက်ထဲသို့ ကျလာပေသည်။ သူသည် သူ့လက်ထဲမှ စာအုပ်ပုံကြီးကို ပိုက်ကာ အခန်းထဲသို့ ဝင်ပြီး အလင်းရောင်နားတွင် ဖတ်ရန် ရည်ရွယ်၍ လေထဲသို့ ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။
သို့သော် သူစားပွဲရှေ့တွင် ထိုင်ရန် ရည်ရွယ်လိုက်ချိန်တွင် စုရှီသည် သူ့ကို ဟန့်တားလိုက်၏။
‘အဓိက မစ်ရှင်အရ အနှေးနဲ့အမြန် သူက စစ်ပွဲမှာ တပ်တွေကို ဦးဆောင်ရတော့မှာ။ သူ့လောင်မားက သူ့ကို အရမ်းစိတ်ပူနေလို့ စွမ်းရည်တိုးတက်အောင်လုပ်မယ့် အစီအစဉ်က နောက်ကျလို့မရဘူး’
‘စာလုပ်ရင်း ဒိုက်ထိုးရင်ရော မကောင်းဘူးလား’
လုဟွမ်သည် သူ့ဘေးမှ လေပြည်က စာအုပ်များကို သယ်ပြီး စားပွဲပေါ်သို့တင်နေသည်ကို ငေးကြည့်နေ၏။ ပြီးနောက် လေပြည်သည် သူ့ကို အလျားလိုက် သယ်သွားလေသည်။
သူ '!’
စခရင်ပေါ်တွင် ကျိုက်ကျိုက်၏ခေါင်းပေါ်ရှိ အဖြူရောင် အတွေးပူဖောင်းထဲ၌ အာမေဍိတ်သင်္ကေတ ပေါ်လာလေသည်။ စုရှီသည် စခရင်ပြင်ပ၌ ရယ်လိုက်မိ၏။ ပြီးနောက် အခန်းထဲရှိ အိပ်ရာပေါ်တွင် ကျိုက်ကျိုက်ကို ညင်သာစွာ ထားလိုက်၏။ ထိုအချိန်တွင် ကျိုက်ကျိုက်သည် တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။ သူ့မျက်နှာသည် ကောင်းကင်မှ တိမ်များကဲ့သို့ အနီရောင်ပြောင်းသွားကာ အသက်ပင် အောင့်ထားလိုက်သေး၏။ သို့သော် စုရှီသည် အိပ်ရာပေါ်မှ ကလေးလေးကို ကောက်ညှင်းလုံးသကဲ့သို့ လှန်ပစ်ချင်နေသည်။
သူ့ကျောကို အပေါ်သို့ မျက်နှာမူရင်း အိပ်ရာပေါ် လှဲစေလိုက်၏။
ကျိုက်ကျိုက်၏ ခေါင်းပေါ်တွင် ဘဲဥပုံ ကြိုးတန်းတစ်ခုပေါ်လာလေသည်။ ...?
စုရှီသည် ကျိုက်ကျိုက်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပင့်တင်ပြီး သူ့လက်များကို အနည်းငယ်ဖိချလိုက်၏။ ပြီးနောက် သူ့ကျောပေါ်တွင် လက်တစ်ချောင်းကို ဖိလိုက်ပြီး သူ့အား တဖြည်းဖြည်း အောက်သို့ ဆင်းစေ၏။
သူ(မ)၏ ညှင်းဆဲခြင်းကို လုဟွမ်လည်း နားလည်သဘောပေါက်သွား၏။ ‘သူ(မ)က သူ့ခန္ဓာကိုယ်ကို လေ့ကျင့် စေချင်တာလား’
‘ဒါပေမဲ့ သူ့ကျောပေါ်က အလေးချိန်က’
‘သူ(မ) သူ့ကျောပေါ် တက်ထိုင်နေတာ ဖြစ်နိုင်လား’
စခရပြင်ပမှ စုရှီသည် ကျိုက်ကျိုက် ဘာတွေးနေလဲ မသိချေ။ သူ့၏ ဆန်မုန့်လုံးလို မျက်နှာသည် အလွန်နီရဲနေပြီး ထိုအနီရောင်သည် လည်ပင်းအထိ တဖြည်းဖြည်း ပျံ့နှံ့နေတာကိုသာ သူ(မ)သိ၏။ ပြီးနောက် တစ်စုံတစ်ခုကို သက်သေပြရန် ကျောင်းမှ ကြွားဝါးတတ်သော ကောင်လေးတွေလို သူသည် ရုတ်တရက် ဒိုက်ထိုးပြလိုက်လေသည်။
သူသည် တစ်ခဏအတွင်းပင် ၁၂ခေါက်လောက် လုပ်ပြီးသွားလေပြီ!
လျင်မြန်မှု၊ ခွန်အားနှင့် သက်တောင့်သက်သာ လှုပ်ရှားနိုင်မှုက စုရှီကို ဆွံ့အစေလေ၏!