Chapter 41
Vol. 5 Ch. 41
မိခင်စုသည် မကြာသေးမီက စုရှီအတွက် အရမ်းကျေနပ်နေသည်။
စုရှီက အမှတ်တွေ ကောင်းပေမယ့် သူ(မ)က စာကြိုးစားလေ့ ရှိသူတစ်ယောက်မဟုတ်ဘဲ ကျောင်းပြီးတိုင်း ညနက်တဲ့အထိ တီဗီဇာတ်လမ်းတွဲတွေ ကြည့်တတ်လေ့ရှိသည်။
ဒါပေမဲ့ မကြာသေးခင်က စုရှီ ဘာဖြစ်သွားမှန်း မသိပေ။ ကျောင်းပြီးတိုင်း စျေးသွားတာတွေ မလုပ်တော့ဘူး။ ဆိုဖာပေါ်မှာ တီဗီလည်း မကြည့်တော့ဘူး။ အဲဒီအစား ကျောင်းလွယ်အိတ်နဲ့ သူ(မ)အခန်းထဲ အပြေးဝင်သွားပြီး အိမ်စာတွေ စလုပ်လေသည်။
ပထမရက်အနည်းငယ်မှာ မိခင်စုက စုရှီ တံခါးပိတ်ပြီး ဂိမ်းဆော့နေမလားလို့ စိုးရိမ်နေခဲ့သည်။ နို့သောက်ဖို့ ပို့ပေးတယ်ဆိုပြီး အကြောင်းပြကာ တံခါးကို အကြိမ်ကြိမ် တွန်းဖွင့်ပြီး စစ်ဆေးခဲ့၏။
ဒါပေမဲ့ တံခါးဖွင့်တိုင်း စုရှီက အိမ်စာကို လေးလေးနက်နက် လုပ်နေတာကို တွေ့ရတယ်...! သူ(မ) အံ့ဩနေပေမယ့် စိတ်သက်သာရာလည်း ရသွား၏။
ထို့အပြင် စုရှီက အရိုးကျိုးလို့ အိမ်စာတွေ နောက်ကျနေတာရှိခဲ့ပေမယ့် နောက်ဆုံးစာမေးပွဲမှာ အတန်းထဲတွင် အဆင့် သုံးနေရာကို ထိန်းထားနိုင်ခဲ့သည်။ မိခင်စု မိဘဆရာတွေ့ဆုံပွဲက ပြန်လာတော့ ဝမ်းသာအားရနဲ့ စုရှီကို မုန့်ဖိုး ပိုပေးလိုက်သည်။
မိခင်စု တံခါးပိတ်သွားတဲ့အခါ စုရှီက တိတ်တိတ်လေး သက်ပြင်းချပြီး သူ(မ)ဖုန်းစခရင်က စာမေးပွဲစာရွက်ကို ဖယ်လိုက်သည်။
ဖုန်းစခရင်က ဖွင့်ထားဆဲပါ။ ဂိမ်းအင်တာဖေ့စ်မှာပဲ ရှိနေ၏။
ကျိုက်ကျိုက်က အခန်းထဲမှာ ထရပ်ပြီး မီးငြိမ်းလုနီးနီး ဖယောင်းတိုင်ကို မီးထွန်းလိုက်လေသည်။ သူ စခရင်အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲမသိဘူး။
စုရှီ ဝန်ခံရပေမည်။ ဒီဂိမ်းဆော့တဲ့အခါ ကျိုက်ကျိုက်က သူ(မ)ကို အကြီးအကျယ် စိတ်ဓါတ် တက်ကြွစေခဲ့သည်။
သူ့ရဲ့ ကြိုးစားအားထုတ်မှုက စုရှီကို အားကျစေခဲ့သည်။ စုရှီက နေ့တိုင်း အိမ်စာကို ကျောင်းမှာပင် ပြီးအောင် လုပ်လာခဲ့သည်။ ထို့ကြောင့် သင်ရိုးပြင်ပစာအုပ်တွေ ဝယ်ပြီး အိမ်တွင်ပါ စာလုပ်နေလေတော့သည်။
အဲဒါအပြင် စုရှီနဲ့ ကျိုက်ကျိုက်က စခရင်တစ်ခုသာ ခြားထားသည်။ တစ်ယောက်က ဆောင်းရာသီအောက်က ထင်ရှူးဝင်းမှာ ရှိပြီး နောက်တစ်ယောက်က လင်းလက်သန့်ရှင်းတဲ့ ပြတင်းပေါက်တွေရှိတဲ့ တိုက်ခန်းမှာ ရှိနေသည်။ ဒါကလည်း စုရှီကို ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရော ပျော်ရွှင်စေသည်။
... အတူတိုက်ပွဲဝင်ဖို့ တစ်ယောက်ယောက် ရှိနေတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အဲလောက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။
စစ်သူကြီးယွင် ရာထူးပြန်ရပြီး ရက်အနည်းငယ်အကြာမှာ ယွင်ရှိုးဖန်ကတဆင့် လုဟွမ်ကို စစ်သူကြီးအိမ်တော်ကို ဖိတ်ခေါ်လိုက်သည်။ သူက ယွင်ရှိုးဖန်ရဲ့ အတန်းဖော်ဖြစ်ပြီး ယွင်ရှိုးဖန်ရဲ့ မွေးနေ့ကို ဆင်နွှဲချင်တယ်လို့ မျှော်လင့်ကြောင်းပြောထားသည်။
လုဟွမ်က ယွင်ရှိုးဖန်ဆီ ပို့တဲ့စာထဲမှာ အရိပ်အမြွက်တွေ ထည့်ထားခဲ့သည်။
ယွင်ရှိုးဖန်က ဦးနှောက်မသုံးတဲ့ ရိုးသားတဲ့လူငယ်တစ်ယောက်ပဲ။ ဒါပေမဲ့ စစ်သူကြီးယွင်က အဆင့်တစ်အရာရှိ ရာထူးထိ တက်လှမ်းနိုင်ခဲ့တာဆိုတော့ သူက ပေါ့ပေါ့လျောလျော့ မဟုတ်ဘူး။ သူ အကြောင်းအရာတွေကို ဆက်စပ်မိမှာ သေချာသည်။
ဒါကြောင့် ဒီနေ့မှာ တော်ဝင်ကျောင်းတော်က ကျောင်းဆင်းတဲ့အခါ လုဟွမ်က သူ့စာအုပ်တွေ သိမ်းပြီး ယွင်ရှိုးဖန်နဲ့အတူ လိုက်လာခဲ့သည်။
— — ဒါတွေအားလုံးက သူနဲ့ စုရှီတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ။
ဒါပေမဲ့ စုရှီက သူ(မ)မှာ ကြယ်ပွင့်တွေ မလုံလောက်တာကို ဝမ်းနည်းစွာ သိလိုက်ရသည်။ စစ်သူကြီးယွင်ရဲ့ အိမ်တော်ကိုလည်း လော့ခ် မဖွင့်နိုင်သေးဘူး။ ကျိုက်ကျိုက် ထွက်သွားတာကိုပဲ သူ(မ)ကြည့်နေရ၏။
စုရှီ သူတို့နောက်လိုက်ပြီး စစ်သူကြီးအိမ်တော်က ဘယ်လိုလဲဆိုတာ ကြည့်ချင်မိသည်။
ဂိမ်းတစ်ခုလုံးက တကယ့်ကမ္ဘာနဲ့ မကွာခြားဘူး။ ယန်မင်းဆက်ရဲ့ တောင်တန်းနှင့်မြစ်ချောင်းတွေက ရှုမျှော်ခင်းဆန်သည်။ ရက်အနည်းငယ်က ယွင်ကျိုးအင်တာဖေ့စ်ကို ပြောင်းကြည့်တော့ ယွင်ကျိုးရဲ့ မိုးထိအောင် မြင့်မားနေတဲ့ တောင်တန်းတွေ၊ ပျံဝဲနေတဲ့ကျောင်းဆောင်တွေ၊ စီးဆင်းနေတဲ့ဆေးလုံးတွေနဲ့ ဆေးရေးပန်းချီကျောင်းဆောင်တွေကြောင့် အံ့အားသင့်သွားရလေသည်။ သူ(မ)ရဲ့ တရားဝင်အလုပ်က ပြန်လာမှ အရပ်တိုင်းလှည့်လည်ပြီး ထောင့်တိုင်း ကြည့်ခဲ့သည်။
ကျိုက်ကျိုက် မင်းသားဘဝ ပြန်ရပြီး အားလပ်ချိန်ရရင် သူ(မ) တကယ်ပဲ ကျိုက်ကျိုက်ကို ခရီးခေါ်သွားချင်သည်။
သူ(မ) မသွားနိုင်သော်လည်း စနစ်က စစ်သူကြီးအိမ်တော်မှ အခြေအနေကို ချက်ချင်း ဖော်ပြလိုက်သည်။
[ဇာတ်ကောင်သည် အသက် ၁၅နှစ်သာ ရှိသေးသဖြင့် ဒီအစီအစဉ် အကုန်လုံးကို တစ်ယောက်တည်း မလုပ်ဆောင်နိုင်ဘူးဟု စစ်သူကြီးယွင်က ထင်မြင်ယူဆထားခဲ့သည်။ အစီအစဥ်အထဲမှာ သူ့ကဲ့သို့ နှစ်ပေါင်းများစွာ အရာရှိလုပ်ခဲ့သော စစ်သူကြီးကိုပင် ပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဇာတ်ကောင်နောက်တွင် တစ်စုံတစ်ယောက် ရှိနေမည်ဟု သံသယဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် ဇာတ်ကောင်ကို အခက်အခဲမေးခွန်းများ ဖန်တီးကာ စမ်းသပ် စစ်ဆေးကြည့်ခဲ့သည်။ သို့ပေမယ့် ဇာတ်ကောင်သည် သူ့မေးခွန်းများ အားလုံးကို ချောချောမွေ့မွေ့ ဖြေဆိုနိုင်ခဲ့သည်။ မကြာခင်မှာပင် စစ်သူကြီးယွင်၏ ဇာတ်ကောင်အပေါ် အမြင်က အထင်ကြီး လေးစားမှု အဖြစ် ပြောင်းလဲသွားသည်။ ဒီလူငယ်ကို ရာထူးတိုးပေးဖို့ စိတ်ထဲမှာ တွေးနေခဲ့သည်။]
စုရှီက စခရင် အပြင်ဘက်မှနေ အရမ်းဂုဏ်ယူနေတော့သည်။ ဒီတော်ဝင်ကျောင်းတော်က ကျောင်းသားတွေက မြို့တော်မှာ အတော်ဆုံး လူငယ်အုပ်စု ဖြစ်သင့်သည်။ ဒါပေမဲ့ သူ(မ)အမြင်မှာတော့ သူတို့အားလုံး ကျိုက်ကျိုက်လောက် မတော်ဘူး။
ပြီးတော့ ကျိုက်ကျိုက်က သူတို့ထက် အသက်ငယ်သေးတယ်...
[စစ်သူကြီးယွင်နှင့် ဝန်ကြီးချုပ်တို့သည် ကျဉ်းမြောင်းသောဘဝလမ်းပေါ်တွင် အစဉ်အဆက် ရန်သူများဖြစ်ခဲ့ကြသည်။ သူတို့သည် ပဋိပက္ခများစွာရှိသော နိုင်ငံရေးရန်သူများဖြစ်ကြပေသည်။ ဝန်ကြီးချုပ်သည် တာဝန်ပျက်ကွက်မှုကြောင့် ရာထူးချခံရခြင်းဆိုသည့်အချက်ကို ရှောင်လွှဲ၍မရပါ။ သို့သော် ဝန်ကြီးချုပ်သည် လက်ရှိဧကရာဇ်၏ ဦးရီးတော်ဖြစ်သည်။ သူသည် အားလုံး၏အထက်တွင်ရှိပြီး လွယ်လွယ်ကူကူဖြင့် ပြုတ်ကျနိုင်သော စက္ကူကျားတစ်ကောင်တော့ မဟုတ်ဘူး။ စစ်သူကြီးယွင်အား ပြန်လည်ခန့်အပ်ပြီးသော်လည်း ဝန်ကြီးချုပ်၏အိမ်တော်နဲ့ နာကြည်းချက်များ ပြဿနာများ ကျန်ရှိနေဆဲဖြစ်သည်။ လက်ရှိတွင် အပေါ်ယံ ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားသော်လည်း စစ်သူကြီးယွင်အိမ်တော်နှင့် ဝန်ကြီးချုပ်အိမ်တော်တို့အကြား ပဋိပက္ခသည် မကြာမီ ဒါမှမဟုတ် နောက်ပိုင်းတွင် ပိုမိုပြင်းထန်လာမည်မှာ သေချာပါသည်။]
[စစ်သူကြီးယွင်သည် ဤအကြောင်းအရာကို ပြောင်းလဲကာ သူနှင့် ဝန်ကြီးချုပ်တို့ကို ပြည်နယ်တစ်ခုတွင် အာဏာအတွက် တိုက်ခိုက်နေသော လက်အောက်ငယ်သား နှစ်ဦးအဖြစ် ပြောင်းလဲ ပြောပြခဲ့သည်။ သူသည် ဇာတ်ကောင်၏ အဖြေကို ကြားလိုခဲ့သည်။]
စုရှီသည် ဇာတ်ကောင်က ဤစမ်းသပ်မှုအကြောင်း မေးမြန်းနိုင်တာကို ထောက်ထားပြီး စစ်သူကြီးယွင်သည် ကျိုက်ကျိုက်အပေါ် အရေးပါမှု တစ်စုံတစ်ရာ ပေးထားပြီးပြီလို့ တွေးမိသည်။
[ဇာတ်ကောင်၏အဖြေမှာ လက်အောက်ငယ်သားအေသည် ယာယီအားဖြင့် အားနည်းချက် ရှိနေသော်လည်း ဤအချက်က သူ၏အားသာချက်လည်း ဖြစ်လာနိုင်သည်။ လက်အောက်ငယ်သားဘီသည် လက်ရှိတွင် အာရုံစိုက်ခံနေရသော်လည်း ဤအချက်သည်လည်း သူ၏အားနည်းချက် ဖြစ်နေပြန်သည်။ နောက်ဆုံးမှာ လက်အောက်ငယ်သားဘီ၏ အောင်မြင်မှုများသည် သခင်ကိုပင် တုန်လှုပ်စေနိုင်လောက်အောင် မြင့်မားနေတာကြောင့်ဖြစ်သည်။ မိမိရာထူးကို လုယူခံရမည်ကို မကြောက်သော သူ ဟူ၍ မရှိပေ။ လက်အောက်ငယ်သားအေသည် ဤအခွင့်အရေးကို အသုံးချ၍ ပြည်နယ်အုပ်ချုပ်ရေးမှူးအား အကြံပြုနိုင်သည်။
"ပြည်သူများကြားတွင် လက်အောက်ငယ်သားဘီသည် ပါရမီများစွာရရှိထားကြောင်း ကောလဟလများ ထွက်ပေါ်နေတယ်။ ပြည်နယ်က သေးငယ်တာကြောင့် လက်အောက်ငယ်သားဘီသည် မိမိကိုယ်ကို အထင်ကြီးလွန်းပြီး ပုန်ကန်ရန် အကြံအစည်များ ရှိလာနိုင်သည်။ သူ့ကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခုခုကို ဘာလို့ မစဉ်းစားတာလဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူးအား လက်ရှိဇနီးအပြင် အခြားမိန်းမတစ်ယောက်နှင့် ထပ်မံထိမ်းမြားစေခြင်းဖြင့် လက်အောက်ငယ်သားဘီ၏ 'ယောက္ခထီး' တစ်ယောက်ရဲ့ အာဏာကို အားနည်းစေနိုင်တယ်။"
ဒီနည်းက လက်အောက်ငယ်သားအေနှင့် လက်အောက်ငယ်သားဘီတို့အကြား ကစားပွဲသည် လူသုံးဦးပါဝင်သော ကစားပွဲဖြစ်လာပြီးတော့ လက်အောက်ငယ်သားဘီ၏ စွမ်းအားကို လျော့ကျ သွားစေမည် ဖြစ်သည်။ တတိယပုဂ္ဂိုလ်တစ်ဦးကို ရာထူးရအောင် ကူညီပြီး လက်အောက်ငယ်သားဘီနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့အကြား ကွဲပြဲမှု ဖြစ်စေပြီးနောက် လက်အောက်ငယ်သားအေက ပြန်အင်အားဖြည့်ပြီး ရန်သူလာရောက်မည်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။]
စုရှီသည် စခရင်အပြင်ဘက်မှ စကားပင် မပြောနိုင်လောက်အောင် အံ့ဩမှင်သက်နေမိသည်။
သူမသည် သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ဤစာကြောင်းများကို သေချာဖတ်ရှုကြည့်တဲ့အခါ ကျိုက်ကျိုက်၏ အစီအစဉ်ကို နားလည်လာနိုင်ခဲ့သည်။
ဤရေဆိုးရေနှောက်ကို မွှေနှောက်ပြီး ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ရေထဲမှ ငါးဖမ်းရုံပဲ!
အရှေ့တွင် အင်အားကောင်းလိုလျှင် အနောက်ကို ဦးစွာတိုက်ခိုက်ရမည်ဆိုသော စကားရှိသည့်အတိုင်း၊ ဧကရာဇ်သည် သူ၏အရာရှိများကို မည်သို့ထိန်းချုပ်ရမည်ကို တစ်နေ့လုံး စဉ်းစားနေခဲ့သည်။ သူသည် ဧကရာဇ်ဦးရီးတော်၏ အောင်မြင်မှုများက ဧကရာဇ်ပုလ္လင်ကို တုန်လှုပ်သွားစေမည်ကို အမှန်ပင် ကြောက်ရွံ့နေပြီး နန်းတော်သို့ အချောအလှများကို ပို့ဆောင်ပေးခဲ့သည်။ မောင်းမဆောင်းထဲကို ဧကရာဇ် အကြိုက်ဆောင်ပြီး မျက်နှာရရန် ကြိုးစားပုံပေါ်ပေမယ့် အမှန်စင်စစ် အခြားဧကရာဇ်ဦးရီးတော်တစ်ဦးကို ထပ်မံမွေးထုတ်၍ လက်ရှိဦးရီတော်၏ အာဏာအား လျော့ပါးစေမည် ဖြစ်သည်။
အခြေအနေသည် ရေဆိုးရေနှောက်ဖြစ်လာရင် သုံးဦးသုံးဖလှယ် အာဏာချိန်ခွင်ညီမျှမှု ဖြစ်ပေါ်လာမယ် ပြီးတော့ အခွင့်အရေးတစ်ခု ရရှိလာမှာပဲ။ စစ်သူကြီးယွင်တစ်ဦးတည်းပဲ အနိုင်ကျင့်ခံရတာထက် ပိုကောင်းတယ်။
[စစ်သူကြီးယွင်သည် ဇာတ်ကောင်၏အဖြေကို ကြားသောအခါ မျက်လုံးများ တောက်ပလာခဲ့သည်။ ဇာတ်ကောင်သည် ဤမျှငယ်ရွယ်သေးတာတောင် ဤကဲ့သို့သော ဉာဏ်ပညာရှိနိုင်သည်မှာ မယုံနိုင်စရာဖြစ်နေသည်။ ထို့ကြောင့် သူသည် ထိုညတွင် သူ၏သားအငယ်ဆုံး ယွင်ရှိုးဖန်ကို ခေါ်ယူခဲ့သည်။ သူ၏သားအငယ်ဆုံးသည် ဇာတ်ကောင်၏ အတန်းဖော်ဖြစ်သောကြောင့် နောင်တွင် ဇာတ်ကောင်နှင့် ပိုမိုရင်းနှီးစေရန် မျှော်လင့်သည်။]
စုရှီ 'အရင်က အပိုမစ်ရှင်ပြီးမြောက်တာ မရှိသော်လည်း ယွင်ရှိုးဖန်သည် ကျိုက်ကျိုက်၏ မိတ်ဆွေ ဖြစ်လာမှာ' လို့ တွေးမိသည်။
သို့သော် ကျိုက်ကျိုက်သည် သူ၏ပထမဆုံး မိတ်ဆွေကို အမှန်တကယ် ဖွဲ့နိုင်မည်ဆိုရင် ဒါက ကောင်းတဲ့အရာတစ်ခုပဲ။
ဤဇာတ်လမ်းပြီးနောက် နောက်တစ်နေ့တွင် နင်းဖူမင်းသားထံသို့ ဘုရင့်အမိန့်တော် ပို့ဆောင်ခဲ့သည်!
စစ်သူကြီးယွင်သည် နန်းတော်သို့ဝင်သောအခါ ဧကရာဇ်အား မည်သည့်အရာပြောခဲ့သည်ကို မည်သူမျှမသိကြပေ။
သို့မဟုတ် ရိုးရိုးလေး ပြောမိခြင်း ဖြစ်ကောင်းဖြစ်မယ်။ မည်သို့ပင်ဆိုစေ စစ်သူကြီးယွင်သည် ကြီးမားသော ဝှက်ဖဲတစ်ခု ရရှိထားခဲ့ပြီးဖြစ်သည်။ ဧကရာဇ်အနေဖြင့် သူ၏အကြံပြုချက်ကို ကျေနပ်စေရန်မှာ ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ပေ။
ထို့အပြင် စစ်တပ်ရေးရာဝန်ကြီးဌာန၏ လက်ထောက်အကြံပေးရာထူးသည် အဆင့်ငါး အဆင့်ရှိသော ရာထူး ဖြစ်သည်။ ဒါသည် အဆင့်မြင့်ရာထူး မဟုတ်သလို အကျိုးအမြတ်များသော ရာထူးလည်း မဟုတ်ပေ။ မူလက မင်းသားအချို့ ရယူထားသော ရာထူးသာဖြစ်သည်။
ထို့အပြင် ဆောင်းငှက်တောင်အမဲလိုက်ပွဲတွင် ပထမရရှိခဲ့သော ကျိုက်ကျိုက်အပေါ် ဧကရာဇ်တွင် အထင်ကြီးမှုအချို့လည်း ရှိခဲ့သည်။ ထို့ကြောင့် သူသည် ပုံမှန်အတိုင်း အမိန့်တော် ထုတ်ပြန်ခဲ့သည်။
သို့သော် ကာလကြာရှည် ဆုတ်ယုတ်နေခဲ့သော နင်းဖူမင်းသားအတွက်မူ ဒါက ကြီးမားသော ကိစ္စတစ်ခုပဲ!
နင်းဖူမင်းသား ဘုရင့်အမိန့်တော် လက်ခံမရရှိသည်မှာ ကြာမြင့်ခဲ့ပြီ!
နင်းဖူမင်းသားအား ဝေးလံသောဒေသသို့ ပို့ဆောင်ခဲ့သည့်အချိန်မှစ၍ နင်းဖူမင်းသားထံတွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသာ ကျန်ခဲ့သည်။ မြို့တော်တွင် သူသည် နေ့စဉ်နှင့်အမျှ ဆိုးရွားလာခဲ့သည်။
သခင်မကြီးသည် ဒီနှစ်များအတွင်း သူ(မ)မသေဆုံးသွားမီ နင်းဖူမင်းသား ဂုဏ်လုံးဝညှိုးနွမ်းသွားမည်ကို စိုးရိမ်နေတာကြောင့် သူ(မ)၏မြေးများကို တော်ဝင်ခုရုံးသို့ ဝင်ရောက်နိုင်ရန် စိတ်ပူပန်နေခဲ့သည်။
သို့သော် သူ(မ)၏ ကိုယ်လုပ်တော်မြေးသည် တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်တာ ဘယ်လောက်ကြာပြီလဲလို့ သူမ မတွေးမိခဲ့ပေ။ ထောက်ခံချက်တစ်ခု ရရှိပြီး စစ်တပ်ရေးရာဝန်ကြီးဌာန၏ လက်ထောက်အကြံပေး အဆင့်ငါးသို့ ချက်ချင်း ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်!
သူသည် အဆင့်ငါး လက်ထောက်အကြံပေးသာ ဖြစ်ပြီး နန်းတော်အစည်းအဝေးသို့ တက်ရောက်ရန် မလိုအပ်သော်လည်း လက်ရှိတွင် အရာရှိငယ်တစ်ဦးသာ ဖြစ်သည်။ သို့သော် ဒီခြေလှမ်းက သခင်မကြီးအား မျှော်လင့်ချက် ပေးခဲ့သည်။
သခင်မကြီး၏ပျော်ရွှင်မှုမှာ သိသာလှသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နင်းဖူမင်းသား၏ ကြင်ယာတော် မှမွေးသော လုယီအန်းနှင့် လုဝမ်ရှို့တို့ ညီအစ်ကိုနှစ်ဦးမှာ ညှိုးနွမ်းသွားသော ခရမ်းသီးများကဲ့သို့ ဖြစ်နေကြ၏။ သူတို့သည် စိတ်ဓာတ် ကျဆင်းနေသောကြောင့် ခေါင်းပင် မဖော်နိုင် ကြတော့ပေ။
အားလုံးပြောရလျှင် နင်းဖူမင်းသား၏ကြင်ယာတော်ဘက်မှ မျိုးရိုးဖြစ်သော ရှန်ကွမ်အိမ်တော်သည် အာဏာမှ ကျဆင်းသွားခဲ့ပြီ။ ဆိုလိုသည်မှာ နင်းဖူမင်းသား၏ကြင်ယာတော် သခင်မနင်း သည် မှီခိုရန် မည်သူမျှ မကျန်တော့ပေ။
သူ(မ)သည် မူလက သခင်မကြီးရှေ့တွင် ဦးညွတ်နေရသည်။ ယခုတော့ သခင်မကြီးကိုပင် မတွေ့ရဲတော့ဘဲ အမြီးကုပ်ကာ နေရတော့သည်။
နင်းဖူမင်းသား၏ကိစ္စသည် ဝမ်းနည်းဖွယ်ရာနှင့် ပျော်ရွှင်ဖွယ်ရာ နှစ်ခုလုံး ဖြစ်နေသည်။ နင်းဖူမင်းသားအိမ်တော်ရှိ လူတိုင်းက ဤအကြောင်းကို ပြောဆိုနေကြလေသည်။
စုရှီသည် အလွန်စိတ်လှုပ်ရှားနေပြီး ဧကရာဇ်အမိန့်တော် ရောက်ရှိလာမည်ကို စောင့်မျှော်နေခဲ့သည်။ သူ(မ)၏သင်ကြားပို့ချမှုအောက်တွင် ကျိုက်ကျိုက်သည် မူကြိုအတန်း အောက်ဆုံးမှ အတန်းခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာပုံကို သူ(မ)ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ရသကဲ့သို့ ခံစားနေရသည်။ နောင်တွင် အိမ်စာများ စုဆောင်းနိုင်တော့မည်! မပျော်ရွှင်ဘဲ နေနိုင်မည်လား?!
ဧကရာဇ်အမိန့်တော် ရောက်ရှိလာပြီးနောက် ကျိုက်ကျိုက်သည် နောက်ထပ် ပစ္စည်းလက်ဆောင် အချို့ဖြင့် ဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။ သခင်မကြီးက အစေအပါးများအား ပို့ဆောင်စေသော ပစ္စည်းများလည်း အများအပြား ရှိသည်။
ဤလက်ဆောင်ပစ္စည်းများသည် အခန်းတစ်ဝက်နီးပါး ပြည့်နေပြီး သေတ္တာအများအပြားထဲမှာ ထည့်သွင်းထားသည်။ သူ၏မိသားစုစည်းစိမ်ကို ထည့်သွင်းတွက်ချက်ရင် ပထမဇနီး၏ သားနှစ်ယောက်ထက် များစွာချမ်းသာနေပေသည်။
လုဟွမ်က ဂရုမစိုက်ပေ။ သို့သော် သူလှည့်ကြည့်သောအခါ သူ့နောက်ကျောရှိ သေတ္တာများထဲမှ ပုလဲများနှင့် ဆွဲကြိုးများ၏ တရွှင်ရွှင် အသံများကို ကြားရသောအခါ မပြုံးဘဲ မနေနိုင်တော့ပေ။
သူ(မ)က ဒီလိုတောက်ပတဲ့အရာများကို အမြဲတမ်း စိတ်ဝင်စားသည်။
ယန်မင်းဆက်တွင် နန်းတော်သို့ အရာရှိအဖြစ် ဝင်ရောက်သူ အများစုမှာ အသက်နှစ်ဆယ်ကျော် အရွယ်များပင်။ အစောဆုံးဝင်ရောက်သူများမှာ အသက်ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။
အသက် ဆယ့်ငါးနှစ်အရွယ်တွင် နန်းတော်အရာရှိအဖြစ် ဝင်ရောက်ပြီး အဆင့်ငါးသို့ ရာထူးတိုးမြှင့်ခြင်းမှာ အလွန်ရှားပါးလှပေသည်....
သို့သော် အဆင့်ငါးသည် အရာရှိငယ်သာ ဖြစ်တာကြောင့် မြို့တော်တွင် အာရုံစိုက်မှု များများစားစား မခံရပေ။ နင်းဖူမင်းသား အိမ်တော်ရှိ လူတိုင်းမှာ ရောထွေးနေသော ခံစားချက်များ ရှိနေကြပြီး တော်ဝင်ကျောင်းတော်မှ ကျောင်းသားများက တိတ်တဆိတ် ဆွေးနွေးနေကြသည်။
ဧကရာဇ်အမိန့်တော် ပို့ဆောင်ပြီး သခင်မကြီးနှင့်အတူ ညစာစားပြီးနောက် လုဟွမ်သည် ထင်ရှူးဝင်းသို့ ပြန်လာပြီး သူ၏ခရီးဆောင်အိတ်များကို စတင်ထုပ်ပိုးလေသည်။
အဆင့်ငါးအရာရှိသည် စစ်တပ်ရေးရာဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရမည် ဖြစ်သည်။
ငယ်စဉ်ကတည်းက လုဟွမ်သည် တစ်နေ့တွင် နင်းဖူမင်းသားအိမ်တော်မှ ထွက်ခွာနိုင်မည့်အကြောင်း မကြာခဏ စိတ်ကူးယဉ်ခဲ့သည်။
ယခု နောက်ဆုံးတွင် ဤနေရာမှ ထွက်ခွာရတော့မည် ဖြစ်သည်။
သူသည် အမိုးစွန်းအောက်တွင် ရပ်နေရင်း နှစ်ပေါင်းများစွာ ဖမ်းခံထားရသော ရွံ့ညွန်တစ်ခုမှ လွတ်မြောက်လာသကဲ့သို့ ခံစားရသည်။ နက်ရှိုင်းစွာ သက်ပြင်းချလိုက်လေသည်။ ခေါင်းမော့ကာ ကျယ်ပြန့်သော မိုးကောင်းကင်ကို ကြည့်လိုက်သည်။ လရောင်ထိန်ထိန်သာနေပြီး ကြယ်များ နည်းပါးနေသည်။ မိုးကောင်းကင်မှာ မြင့်မားပြီး ဝေးလံလှသည်။
နင်းဖူမင်းသားအိမ်တော်မှ ထွက်ခွာရန်မှာ သူ၏ ကြာညောင်းနေသော ဆန္ဒတစ်ခု ဖြစ်သော်လည်း ဤထင်ရှူးဝင်းကို စွန့်ခွာရန် အလွန်တွန့်ဆုတ်နေမိသည်။
ထင်ရှူးဝင်းထဲတွင် သူ(မ)ချန်ထားခဲ့သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူ(မ)ပြုပြင်ခဲ့သော ကောက်ကွေ့နေသော ဝါးတောများ၊ သပ်သပ်ရပ်ရပ် သန့်စင်ထားသော မီးဖိုချောင်၊ အမိုးစွန်းအောက်ရှိ တောက်ပနေသော အဝါရောင် ယုန်မီးအိမ်၊ ပြုပြင်ထားသော တံခါးနှင့် အမိုး။ ဤအရာများအားလုံးသည် လုဟွမ်အား သခင်မကြီးပေးသော ကျင်းဥယျာဉ်သို့ မပြောင်းရွှေ့လိုသော အကြောင်းရင်းများပင်။
သူ့တွင် ခရီးဆောင်အိတ် အများကြီး မရှိပေ။ သူ ယူဆောင်သွားလိုသော ပစ္စည်းအားလုံးမှာ သူ(မ)နှင့်သာ ဆက်စပ်နေသည်။ မီးသွေးမီးခွက်၊ မီးအိမ်၊ အဝတ်အစားများ၊ ဖိနပ်များ နှင့် သူ ဂရုတစိုက် စုဆောင်းထားသော မှတ်စုများ။
သူသည် မီးအိမ်ကို ဖြုတ်ယူလိုက်ပြီး သေတ္တာထဲတွင် ထည့်သိမ်းလိုက်သည်။ စစ်တပ်ရေးရာ ဝန်ကြီးဌာနသို့ ယူဆောင်သွားရန် စီစဉ်ထားသည်။
စုရှီ ညစာစားရန် သွားတဲ့အချိန်မှာ ဂိမ်းထဲတွင် မှောင်နေလေပြီ။
သူ(မ) နောက်တစ်ကြိမ် အွန်လိုင်းပြန်တက်သောအခါ ကျိုက်ကျိုက် အိမ်ဝတွင် ထိုင်နေတာကို တွေ့လိုက်ရသည်။ သူသည် သူ(မ)လာမည်ကို စိတ်ရှည်လက်ရှည် စောင့်နေသကဲ့သို့ ဟာလာပြင်ကို ကြည့်နေ၏။ သူ(မ) အိမ်ထဲသို့ ဝင်ကြည့်လိုက်သောအခါ ကျိုက်ကျိုက်သည် အရာအားလုံးကို ထုပ်ပိုးပြီးပြီ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ စိတ်ပျက်မိသလို ခံစားရသည်။ နင်းဖူမင်းသားအိမ်တော်သည် အလွန်စိတ်ညစ်စရာကောင်းသော်လည်း သူ(မ)နှင့် ကျိုက်ကျိုက်သည် ဤထင်ရှူးဝင်းတွင် ကြာရှည်စွာ နေထိုင်ခဲ့ကြသည်မှာ အမှန်ပင်။ ကျိုက်ကျိုက်က တစ်ယောက်တည်း နေထိုင်ပြီး သူ(မ)က တစ်ခါတစ်ရံမှ အွန်လိုင်း တက်လာခြင်းသာ။
ယခု နောက်ဆုံးတွင် သူမ ထွက်ခွာတော့မည်။ လင်းယုန်ငယ်လေးသည် စတင်ရာနေရာမှ ထွက်ခွာပြီး လင်းယုန်တစ်ကောင် ဖြစ်လာတော့ပေမည်။ သူသည် အတောင်ပံများကို ဖြန့်ကားပြီး ပိုမိုကျယ်ပြန့်သော ကမ္ဘာဆီသို့ ပျံသန်းတော့မည်။
ကျိုက်ကျိုက် အတွက် ပျော်ရွှင်ဝမ်းမြောက်နေသော်လည်း သူ(မ)၏စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်အနည်းငယ် ရှိနေသည်။
သူ(မ)သည် အင်တာဖေ့စ်ကို တံခါးဆီသို့ ပြောင်းလိုက်ပြီး ကျိုက်ကျိုက်၏ ဦးခေါင်းကို ထိလိုက်သည်။
ယခုလေးတင် တိတ်ဆိတ်နေခဲ့သော ကျိုက်ကျိုက်သည် သူ(မ)ရောက်လာတာကြောင့် ချက်ချင်းပင် ပျော်ရွှင်သွားသည်။
သူ(မ) အွန်လိုင်းတက်တိုင်း ကျိုက်ကျိုက်သည် ဤကဲ့သို့ပင်။ သူ၏ပျော်ရွှင်မှုကို တတ်နိုင်သမျှ ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း သူ့မျက်လုံးများက လိမ်မပြောပေ။
စုရှီသည် အပြစ်ရှိသလို အနည်းငယ် ခံစားမိသည်။
သို့သော် ... ကျိုက်ကျိုက် ၊ မင်း ဧကရာဇ်အမိန့်တော် ရတဲ့ချိန်မှာပဲ ငါ အွန်လိုင်းတက်ခဲ့တာ မဟုတ်လား? ဂိမ်းထဲမှာ နေ့တစ်ဝက်လောက်ပဲ ရှိသေးတာ! ဘာလို့ တစ်စက္ကန့် ခွဲခွာရတာက သုံးရာသီလောက် ကြာသလို ခံစားနေရတာလဲ?!
ကျိုက်ကျိုက်သည် အိမ်ဝတွင် စနစ်တကျထိုင်နေပြီး သူ၏လက်များကို ဒူးပေါ်တင်ထားလေသည်။ ခေါင်းမော့ကာ သူ(မ)အား ပြောလိုက်သည်၊ "မနက်ဖြန် စစ်တပ်ရေးရာဝန်ကြီးဌာနကို သွားရတော့မယ်။ အဲဒီမှာ နေစရာရှိတယ်။ ငါ့နောက်ကို လိုက်ဦးမှာလား?"
အဓိပ္ပါယ်မရှိတာတွေ။
စုရှီသည် သူ၏ဘယ်ဘက်လက်ကို တို့လိုက်သည်။
သူသည် သူ့ဘယ်ဘက်လက်ကို ငုံ့ကြည့်ပြီး နှုတ်ခမ်းကို အနည်းငယ် ဖိထားလိုက်သည်။
သူ(မ)သည် သူ့နောက်လိုက်ကာ စစ်တပ်ရေးရာဝန်ကြီးဌာနသို့ လိုက်မည်ကို သူသိသည်။ စစ်တပ်ရေးရာဝန်ကြီးဌာနနှင့် နင်းဖူမင်းသားအိမ်တော်သည် မြို့တော်ထဲတွင်ပင် ရှိသည်။ လမ်းအနည်းငယ်သာ ကွာဝေးသည်။
သို့သော် အလွန်အမင်း ဂရုစိုက်မိသောကြောင့် ဖြစ်နိုင်ဖွယ် အပြောင်းအလဲများကို စိုးရိမ်နေမိသည်။ သူ မသေချာသေးသဖြင့် မေးကြည့်ချင်သည်။ သေချာသော အဖြေတစ်ခု ရချင်သည်။ ထိုမှသာ စိတ်အေးနိုင်ပေမည်။
ခဏကြာသောအခါ ကျိုက်ကျိုက်သည် သတ္တိစုဆောင်းရန် အစွမ်းကုန် ကြိုးစားနေပုံပေါ်သည်။ ခေါင်းငုံ့ကာ မေးလိုက်သည်၊ "အနာဂတ်မှာ ငါ ဘယ်သွားသွား ... မင်း အမြဲတမ်း ငါ့အနားမှာ ရှိနေမှာလား?"
စုရှီသည် ကျိုက်ကျိုက်၏ ချွေးမလိုမျိုးသွင်ပြင်ကို ကြည့်ပြီး သဘောကျနေသည်။ သူ(မ)တွေးမိသည်၊ 'အဲဒါ မဖြစ်နိုင်ဘူး။ ကျိုက်ကျိုက် ၊ မင်း အိမ်သာသွားရင် မင်းလောင်မားက မင်းနဲ့အတူ လိုက်နေဖို့ အဆင်မပြေဘူးနော်။'
လုဟွမ်သည် သူ(မ)ထံမှ အဖြေမရသေးပေ။ သူ ချက်ချင်း တင်းမာသွားပြီး မိုးကောင်းကင်ကို ငေးကြည့်နေသည်။
— — သူ(မ) ကတိမပေးနိုင်ဘူးလား?
သူ၏နှလုံးသား လေးကန်သွားသည်။ သူ ပါးစပ်ဟပြီး တစ်ခုခု ပြောတော့မည့်အချိန်တွင် သူ၏ဘယ်ဘက်လက်ကို နောက်တစ်ကြိမ် ပုတ်လိုက်သည်။
လုဟွမ်: "..."
ထိုအခါမှ သူ၏နှလုံးသား လေးကန်ခြင်း ရပ်တန့်သွားပြီး မြေပြင်ပေါ်တွင် လုံခြုံစွာ ဆင်းသက်နိုင်ခဲ့သည်။
ထို့ကြောင့် သူ(မ)သည် သူနှင့်အတူ အမြဲရှိနေမည်ဆိုရင် ကမ္ဘာပေါ်မှာ သူတို့ ဘယ်နေရာ ရောက်နေသည်ဖြစ်စေ ကွာခြားချက် မရှိတော့ပေ။ သူတို့သည် ထင်ရှူးဝင်းထဲတွင် သုံးလသာ နေခဲ့ရသည်။ အခြားနေရာတစ်ခုတွင်ဆိုလျှင် နှစ်ဝက်လောက် နေရကောင်း နေရမည်။ တစ်နေ့နေ့မှာ သူတို့ နေရန် နေရာတစ်ခု ရှာတွေ့ပြီး အခြေချကြမည်။ သူတို့၏အိမ်မှာ သူ(မ)နှစ်သက်သော လက်ဝတ်ရတနာများနှင့် မိတ်ကပ်များဖြင့် ပြည့်နှက်နေလိမ့်မည်။
စခရင်ပြင်ပမှ ကြည့်နေသော စုရှီသည် ကျိုက်ကျိုက် ဘာတွေးနေသည်ကို မသိပေ။ သူ(မ)သည် သူ၏မျက်လုံးများ ထူးဆန်းစွာ တောင့်တမှုအရိပ်အယောင်ဖြင့် တောက်ပနေသည်ကို မြင်ရသည်။ ကာတွန်းရုပ်ပုံလေး၏မျက်နှာလည်း အနည်းငယ် နီမြန်းနေသည်။
စုရှီ: "..."
ကလေးငယ်က အံ့အားသင့်နေသည်။ စစ်တပ်ရေးရာ ဝန်ကြီးဌာနဆိုတာ ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်လား? ဒီလောက် တောင့်တစရာ ကောင်းသလား?!
စုရှီသည် အရင်က ဝါးတောထဲတွင် ထားခဲ့သော သစ်သားသေတ္တာလေး မြှုပ်ထားဆဲဖြစ်ကြောင်း မမေ့ပေ။ သစ်သားသေတ္တာထဲတွင် ကျိုက်ကျိုက် သူ(မ)အား ပေးခဲ့သော ရတနာများဖြင့် ပြည့်နှက်နေသည်။ သူတို့ ပြောင်းရွှေ့တော့မှာကြောင့် ဤအရာများကိုလည်း ရွှေ့ပြောင်းရမည်။ ဒါကြောင့် သူ(မ)သည် ကျိုက်ကျိုက်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
လုဟွမ်သည် သူ၏အင်္ကျီလက်ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။ သူ၏အင်္ကျီလက်ကို ဝါးတောဘက်သို့ ဆွဲနေသည်ကို မြင်သောအခါ ဝါးတောထဲတွင် တစ်ခုခု ရှိမည်လို့ ထင်သဖြင့် သူ(မ)နောက်သို့ လိုက်သွားခဲ့သည်။
စုရှီသည် မီးဖိုခန်းမှ ပေါက်ပြားတစ်ချောင်းကို ယူပြီး ကျိုက်ကျိုက်၏လက်ထဲ ထည့်ပေးလိုက်သည်။
အရင်တုန်းက ရတနာများ မြုပ်ရန် သူ(မ)သည် စတိုးဆိုင်မှ တူးဖော်ရေးလုပ်ငန်းဖြင့် လဲလှယ်ခဲ့သော်လည်း ယခု ကျိုက်ကျိုက် ရှိနေသောကြောင့် သူ့အား ပင်ပန်းသောအလုပ်ကို လုပ်စေမည်။
လုဟွမ်သည် ချက်ချင်း နားလည်သွား၏။ သူ(မ)သည် ဤနေရာတွင် တစ်ခုခု မြှုပ်ထားခဲ့တာလား? သူသည် ချက်ချင်းပင် အင်္ကျီလက်ကို လှန်တင်လိုက်ပြီး သူ၏သွယ်လျသော လက်မောင်းများဖြင့် ပေါက်ပြားကို ကိုင်၍ တူးလိုက်လေသည်။
မကြာမီ စုရှီ မြှုပ်ထားခဲ့သော သေတ္တာလေး ပေါ်လာသည်။
လုဟွမ် ဖွင့်ကြည့်လိုက်သောအခါ အထဲမှာ ရှိသည့်အရာများကို မြင်ရသော် အံ့အားသင့်သွားသည်။ အထဲတွင် သူ(မ)အား ပေးခဲ့သော သစ်သားရုပ်လေးများနှင့် အခြားပစ္စည်းလေးများကို သပ်သပ်ရပ်ရပ် စုဆောင်းထားသည်။ နောက်ပိုင်းတွင် သူ ဝယ်ပေးခဲ့သော မိတ်ကပ်သေတ္တာ ဘယ်ရောက်သွားမှန်း မသိခဲ့ပေ။ ဒီမှာ မြှုပ်ထားခဲ့မှန်း သိရတော့သည်။
အထဲတွင် ခေါက်ထားသော စာရွက်လေးများလည်း ရှိသည်။
လရောင်အောက်တွင် ဤသစ်သားရုပ်လေးများသည် သက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိနေသည်။
လုဟွမ်သည် ခေါင်းမော့၍ လွတ်လပ်နေသောနေရာကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် သူ(မ)၏ပုံရိပ်ကို မြင်နေရသကဲ့သို့ သူ၏နှလုံးသား အနည်းငယ် လှုပ်ရှားသွားသည်။
သူ အမြဲတမ်း တွေးထင်ခဲ့သည်မှာ...
သူ့အတွက် သူ(မ)၏အသွင်သဏ္ဍာန်နှင့် တည်ရှိမှုသည် အမှောင်ထုကြီးထဲမှ တစ်ခုတည်းသော အလင်းရောင်လေး ဖြစ်သည်။ အဲဒါသည် သူရရှိခဲ့သည့် အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် လက်ဆောင်လည်း ဖြစ်၏။ သို့သော် သူ(မ)အတွက်မူ သူသည် မမျှော်လင့်ဘဲ ကယ်တင်ခဲ့မိသော လူတစ်ယောက်သာ ဖြစ်ကောင်းဖြစ်မည်။
သူသည် သူ(မ)လာမှာကို အမြဲစောင့်မျှော်နေခဲ့သော်လည်း သူ(မ)သည် မည်သည့်အချိန်မဆို လာနိုင်သလို မည်သည့်အချိန်မဆို ထွက်သွားနိုင်သည်။
လုဟွမ်သည် ဤအကြောင်းကို အမြဲသိထားခဲ့သော်လည်း အနည်းငယ်မျှ တောင်းဆိုခြင်းကို မပြဝံ့ခဲ့ပေ။ တစ်နေ့သောအခါ သူ(မ)သည် သူ့ကို နှုတ်ဆက်ပြီး ထွက်ခွာသွားပြီးနောက် ပြန်မလာတော့မည်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။
သို့သော် ယခု သူ(မ) ဂရုတစိုက် သိမ်းဆည်းထားသော ဤအရာများကို တွေ့ရသောအခါ...
လုဟွမ်၏ နှလုံးသားသည် ရုတ်တရက် အနည်းငယ် ခါးသီးသွားသည်... သူသည်လည်း သူ(မ)အတွက် တန်ဖိုးရှိသူ ဖြစ်ကြောင်း တစ်ခါမျှ မတွေးမိခဲ့ပေ။ သူသည်လည်း သူ(မ)၏ ဂရုစိုက်မှုနှင့် လွမ်းဆွတ်မှုကို ခံစားရသည်။
ဤအလေးချိန်သည် သူ(မ)၏ကမ္ဘာထဲမှ ဆယ်ပုံတစ်ပုံသာ ဖြစ်ကောင်းဖြစ်မည်။
သို့သော် လုဟွမ်အတွက်မူ ထိုအရာသည်ပင် သူ စိတ်အားထက်သန်စွာ လိုချင်နေသောအရာ ဖြစ်သည်။
သူသည် ဂရုစိုက်ခံရခြင်း၏ စစ်မှန်သောခံစားချက်ကို ရရှိခဲ့ပြီး သူ၏နှလုံးသားသည် တဖြည်းဖြည်း တစ်ခုခုဖြင့် ပြည့်ဝလာသကဲ့သို့ ဖြစ်လာသည်။ သူသည် ကောင်းကင်ကို ကြည့်လိုက်သည်။ သူ(မ) ဘယ်နေရာရောက်နေမှန်း မသိသော်လည်း သူ၏လက်ကို မြှောက်လိုက်၏။
စုရှီသည် ကျိုက်ကျိုက် ကြာကြာ စဉ်းစားနေပြီးနောက် မျက်ရည်ဝဲသော မျက်လုံးများဖြင့် ခေါင်းမော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ဘာလုပ်ချင်သည်ကို မသိသော်လည်း သူ၏ဆန်မုန့်လုံးမျက်နှာပေါ်မှ တောက်ပနေသော မျက်လုံးများက "ငါ အရမ်းပျော်နေပြီး ပွေ့ဖက်ချင်တယ်" ဟု ပြောနေသကဲ့သို့ ဖြစ်နေသည်။ အမှန်တကယ်ပင် သူ့အတွက် မူကြို အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးဖို့ရန် မလွယ်ကူခဲ့ပေ။ အခုလည်း ညအချိန်တွင် သေတ္တာများ တူးနေရသေးသည်။ သူ့ကို အားပေးချိန် ရောက်ပြီ။ ထို့ကြောင့် စုရှီသည် သူ၏ဘယ်ဘက်လက်ကို ဆွဲလိုက်လေသည်။
ထို့နောက် သူ(မ)သည် ခဏ တုံ့ဆိုင်းပြီးမှ အခြားလက်ချောင်းဖြင့် သူ၏ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။
နောက်ဆုံးတွင် သူ၏လည်ပင်းနောက်ဘက်ကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
လောင်မားတစ်ယောက်၏ ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ပွေ့ဖက်ခြင်း ပြီးဆုံးသွားသည်။
စခရင်ပေါ်တွင် ကျိုက်ကျိုက်၏ ခေါင်းပေါ်၌ အတွေးပူဖောင်းလေး ပေါ်လာလေသည်: ...?
လုဟွမ်သည် မယုံနိုင်စွာဖြင့် မျက်လုံးများ ကျယ်သွားသည်။
အခုလေးတင် သူ၏လက်မောင်းထဲသို့ လေတိုးဝင်လာသလို ဘာကြောင့် ခံစားနေရသနည်း။
... သူ၏စိတ်ကူးလား? သူ ယခုလေးတင် ပွေ့ဖက်ခံရတာလား။
သို့သော် သူ(မ)သည် မမြင်နိုင်သော လေတစ်ခုသာ ဖြစ်သောကြောင့် သူ စိတ်ကူးယဉ်နေခြင်းလား၊ ဒါမှမဟုတ် ယခုလေးတင် တကယ်ဖြစ်ပျက်ခဲ့သလားဆိုတာ မသေချာပေ။
သူသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ရန် အစွမ်းကုန်ကြိုးစားပြီး သေတ္တာများကို ရွှေ့ရန် ငုံ့လိုက်သော်လည်း သူ၏နားရွက်များ မထိန်းချုပ်နိုင်အောင် နီရဲလာသည်။
သို့သော် သေတ္တာများကို ယူလိုက်ပြီး သူသည် မတွေးဘဲ မနေနိုင်ခဲ့ပေ။ ထို့ကြောင့် သူ၏ခေါင်းပေါ်မှ မေးခွန်းအမှတ်အသားများ နှစ်ခုဖြစ်လာသည်: ? ?
စုရှီသည် သူ၏လက်ကို ဆွဲပြီး ပြန်လှည့်လာသည်။ သူ၏ခြေလှမ်းများ မတည်မငြိမ်ဖြစ်နေပြီး နားရွက်များ အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။ သူ ဘာတွေးနေသည်မသိသော်လည်း သူ၏ခေါင်းပေါ်မှ မေးခွန်းအမှတ်အသားများ လေးခုဖြစ်လာသည်: ????...
သူ တံခါးသို့ လမ်းလျှောက်လာပြီး အိမ်ထဲရောက်တဲ့အခါ မေးခွန်းအမှတ်အသားများက သူ့ခေါင်းပေါ်မှာ မြင်ကွင်းတစ်ခုလုံး လွှမ်းခြုံသွားခဲ့ပြီးဖြစ်သည်: ?????
စုရှီ: …
ဘာလို့ အဲဒါကို စဉ်းစားနေတုန်းလဲ?
ထိုညမှာ စုရှီသည် ကျိုက်ကျိုက် နှင့်အတူ သူ၏ပစ္စည်းများကို ထုပ်ပိုးရန် လိုက်ပါခဲ့ပြီး ပုံမှန်အတိုင်း လေ့ကျင့်ခဲ့သည်။ ညနက်လို့ ကျိုက်ကျိုက် အိပ်ပျော်သွားတော့ သူ့ကို သစ်တော်ပန်းတစ်ပွင့် ပစ်ပေးပြီး သူ(မ)ထွက်သွားတော့မယ်လို့ ပြောခဲ့သည်။
ဒါပေမဲ့ တကယ်တော့ သူ(မ)မထွက်သွားသေးပါပေ။ ညနေ ၇ နာရီပဲ ရှိသေးတာ။ ကျိုက်ကျိုက် အိပ်ပျော်နေတာကို ကြည့်ရင်း အိမ်စာကို ဆက်လုပ်နေခဲ့သည်။
နောက်တစ်နေ့မှာ တော်ဝင်ကျောင်းတော်က လူတွေအများကြီးလည်း ဒီအကြောင်းကို ကြားသိကြသည်။
ဒါပေမဲ့ ဒီကျောင်းသားတွေက ကောလာဟလတွေပဲ ကြားသိပြီး နောက်ကွယ်က အကြောင်းရင်းကို မသိကြဘူး။ သူတို့က နင်းဖူမင်းသား ရဲ့ တရားမဝင်သားဟာ စစ်သူကြီးယွင်ရဲ့ အငယ်ဆုံးသားရဲ့ မျက်နှာသာကို ရအောင် လုပ်ခဲ့လို့ စစ်သူကြီးယွင်က နန်းတော်ကို သွားပြီး သူ့အတွက် ရာထူးတစ်ခု တောင်းခံခဲ့တယ်လို့ ထင်နေကြသည်။
အဆင့်ငါး အကြံပေးအရာရှိဟာ အဆင့်မြင့် အရာရှိတစ်ယောက် မဟုတ်သော်လည်း လုဟွမ်မှာ နောက်ခံမရှိဘဲ တရားမဝင် သားတစ်ယောက်လည်း ဖြစ်သည်။ အဆင့်ကိုး အဆင့်ကနေ အဆင့်ငါး အဆင့်ကို တိုက်ရိုက်ခုန်တက်သွားတာက ဒီကျောင်းသားတွေအတွက်တော့ အလွန်မက်မောစရာပင်။
ဒီလို ကောလာဟလတွေ ပေါ်လာမှာကို သိသော်လည်း၊ တော်ဝင်ကျောင်းတော်မှာ ကာတွန်းဇာတ်ကောင်တွေက အုပ်စုဖွဲ့ပြီး တီးတိုးပြောနေကြတာကို မြင်တော့ စုရှီ နည်းနည်း စိတ်ဆိုးသွားသည်။ သူတို့ ဘာလို့ နေ့တိုင်း သူ(မ)ရဲ့ ကျိုက်ကျိုက် အကြောင်း ပြောနေကြတာလဲ၊ ကိုယ့်အလုပ်ကိုယ် မလုပ်ကြဘူးလား?
လုဟွမ်က အဲဒါကို ကျင့်သားရနေပြီမို့ သူ(မ)ကို တီးတိုးပြောပြလိုက်တယ်၊ "သူတို့ကို ပြောခွင့်ပေးလိုက်ပါ။ ဒီလို ကောလာဟလတွေက တကယ်တော့ ကျွန်တော့်အတွက် အကျိုးရှိပါတယ်။"
အခုအချိန်မှာ သူ့မှာ ထောက်ခံမှုနဲ့ နောက်ခံ ဘာမှမရှိသေးဘူး။ သူသာ အရမ်းထင်ရှားသွားရင် လေပြင်းမုန်တိုင်းကြောင့် ပျက်စီးသွားမယ့် တောထဲက အမြင့်ဆုံး သစ်ပင်လို ဖြစ်သွားမှာ။ အဲဒီအစား သူငယ်ချင်းတွေကို အားကိုးပြီး နောက်လမ်းကနေ ဝင်လာတဲ့ အသုံးမကျတဲ့သူတစ်ယောက်အဖြစ် သူများရဲ့ မျက်စိထဲမှာ ရှိနေတာက သူ့အတွက် ပိုအကျိုးရှိမယ်။ ပြီးတော့ သူတကယ် အကျိုးပြုနိုင်ပြီး ခြေကုပ်ယူနိုင်တဲ့အခါ ဒီကောလာဟလတွေကို သူ ဘာမှလုပ်စရာမလိုဘဲ ဖယ်ရှားပစ်နိုင်မယ်။
ကျိုက်ကျိုက်ရဲ့ စကားတွေကို ကြားတော့ စုရှီရဲ့ စိတ်ထဲက ဒေါသတွေ နည်းနည်း လျော့သွားသည်။
စစ်သူကြီးယွင်က ယွင်ရှိုးဖန်နဲ့ ကျိုက်ကျိုက်ကို သူငယ်ချင်းဖြစ်စေခဲ့ကတည်းက ယွင်ရှိုးဖန်က သူ့အဖေကို အရမ်းနာခံသည်။ အတန်းပြီးတိုင်း၊ ကျောင်းဆင်းတိုင်း သူက ကျိုက်ကျိုက် အနားပဲ ကပ်နေသည်။
ဒီနေ့ ကျောင်းဆင်းတာလည်း အတူတူပဲ။ သူက ကျိုက်ကျိုက် နောက်ကို ကွမ်ရဲခန်းမကနေ တော်ဝင်ကျောင်းတော် ဝင်ပေါက်အထိ လိုက်လာသည်။
ကျိုက်ကျိုက်က နည်းနည်း စိတ်မရှည်နေပုံရပြီး အရမ်း အေးစက်နေတယ်၊ ဒါပေမဲ့ ဒီဝက်ပေါက်လေးက သူ့နောက်ကို ဆက်လိုက်နေတုန်းပဲ။
ယွင်ရှိုးဖန်က ကျိုက်ကျိုက် နောက်ကို ဘာကြောင့် အတင်းကပ်လိုက်နေတာလဲဆိုတာ စုရှီ နားလည်နိုင်သည်။ ယွင်ရှိုးဖန်က တော်ဝင်ကျောင်းတော်တွင် အမြဲတမ်း အနိုင်ကျင့်ခံရတဲ့သူ ဖြစ်နေလို့ပင်။ အခု စစ်သူကြီးယွင် ပြန်ခန့်အပ်ခံရပြီးတာတောင် အဲဒီလူတွေ ထိန်းချုပ်ထားပေမယ့် သူ့ကို လှောင်ပြောင်တာတွေ မရပ်သေးဘူး။ ကျိုက်ကျိုက်က သူ့ထက် အသက်ငယ်သော်လည်း သူ့ရဲ့အော်ရာက ပိုပြီး ကြောက်ခမန်းလိလိ ဖြစ်နေသည်။ သူ့ကို အကာအကွယ်ပေးနိုင်မယ်လို့ထင်ပြီး သူ့ဘာသာ ကျိုက်ကျိုက် နောက်ကို လိုက်နေတာပင်။
စုရှီက ပြီးခဲ့တဲ့တစ်ခါက မပြီးဆုံးခဲ့တဲ့ အပိုမစ်ရှင်ကို ပြီးဆုံးအောင် လုပ်ချင်ပြီး ယွင်ရှိုးဖန်ကို ကျိုက်ကျိုက်ရဲ့ သူငယ်ချင်း ဖြစ်လာစေချင်သည်။
ဒါအပြင် သူ(မ)က စခရင်ပေါ်က ဆန်မုန့်လုံးလေး နှစ်လုံးကို ကြည့်နေတယ်၊ တစ်ယောက်က ရှေ့မှာ၊ တစ်ယောက်က နောက်မှာ။ ရှေ့က တစ်ယောက်က အေးစက်နေပြီး အေးစက်တဲ့ အသွင်အပြင်ရှိသည်။ နောက်ကတစ်ယောက်က အသားလုံးလေးလို၊ လှုပ်စိ လှုပ်စိနဲ့ လိုက်နေ၏။ မူကြိုကလေးနှစ်ယောက်လို၊ တစ်ယောက်က တစ်ယောက်နဲ့ သူငယ်ချင်းကောင်း ဖြစ်ချင်နေတာ။ သူမရဲ့နှလုံးသားထဲမှာ မိခင်ဆန်တဲ့ချစ်ခြင်းမေတ္တာတွေ မလွဲမသွေ ပေါ်လာလေသည်။
ကျိုက်ကျိုက်လည်း သူငယ်ချင်းတစ်ယောက် ရှိသင့်သည်။
ဒီလိုဆိုရင် သူ(မ) တစ်ခါတစ်လေ အနားမှာ မရှိတဲ့အခါ ကျိုက်ကျိုက် တစ်ယောက်တည်း မဖြစ်တော့ဘူး။
ချန်ကုန်းဝူက အသက်နှစ်ဆယ်ကျော်ရှိပြီ။ သူ့ရဲ့လူမှုအဆင့်အတန်းက မကိုက်ညီဘူး။ သူ ကျိုက်ကျိုက် နဲ့ စကားပြောနိုင်မှာ မဟုတ်ဘူး။
ယွင်ရှိုးဖန်က နည်းနည်း အ သော်လည်း သူက ရိုးသားတဲ့ အဆီလုံးလေးပါ။ ဒါအပြင် သူက စစ်တပ်အရာရှိတစ်ဦးရဲ့သား။ သူ ကြီးလာတဲ့အခါ မြို့တော်မှာ အရာရှိတစ်ယောက် ဖြစ်မှာသေချာတယ်။ သူက ကျိုက်ကျိုက်နဲ့ သူငယ်ချင်းဖြစ်ဖို့ သင့်တော်သည်။
သူ့လောင်မားက ဒီလိုစီစဉ်ခဲ့တာ။ ဒါကြောင့် ကျိုက်ကျိုက် လမ်းဘေးဈေးကို လမ်းလျှောက်သွားတဲ့အခါ သူ(မ)က သူ့လက်ကို တွန်းပြီး ဘေးနားက သကြားလုံးကို ကြည့်ဖို့ အချက်ပြခဲ့သည်။
လုဟွမ်က သူ(မ) သကြားလုံး စားချင်တယ်လို့ ထင်လိုက်သည်။ သူ့မျက်လုံးထောင့်နဲ့ မျက်ခုံးတွေ ပျော့ပျောင်းသွားသည်။ သူက အကြွေစေ့တွေကို အိတ်ထဲကထုတ်ပြီး သကြားလုံးရောင်းတဲ့သူကို ပေးလိုက်တယ်၊ "နှစ်ချောင်း"
ဝယ်ပြီးတော့ ယူသွားရန် စီစဉ်လိုက်သည်။ သူ(မ) မစားနိုင်သော်လည်း သကြားလုံးကို အရမ်း ကြိုက်နှစ်သက်နိုင်သည်။ သူ(မ)ကို ပြဖို့ ထားရင် ကောင်းမယ်။
ဒါပေမဲ့ စုရှီက ရုတ်တရက် စခရင်ကနေ သူ့လက်မောင်းတစ်ခုကို ဖမ်းဆုပ်လိုက်သည်။
ကျိုက်ကျိုက် :?
ပြီးတော့ စုရှီက ကျိုက်ကျိုက်ရဲ့ လက်မောင်းကို မြှောက်ပြီး သူ့နောက်ကလိုက်နေတဲ့ ယွင်ရှိုးဖန်ဆီ မြှောက်ပေးလိုက်သည်။
စခရင်ပေါ်က အဆီလုံးလေးက ဝမ်းသာအားရ ဖြစ်သွားသည်။ သူ မျက်ရည်သုတ်ပြီး ဝမ်းသာလွန်းလို့ ငိုချင်လာသည်။ "အစ်ကို — မဟုတ်ဘူး၊ လုဟွမ်၊ ဒါ ကျွန်တော့်အတွက်လား?"
ကျိုက်ကျိုက် : …
လုဟွမ်က သူ(မ)အတွက် ဝယ်ထားတဲ့ သကြားလုံးကို ယွင်ရှိုးဖန်က ယူသွားပြီး ချက်ချင်း ကိုက်စားနေတာကို ငေးကြည့်နေရုံပဲ တတ်နိုင်သည်။ သူ သိပ်ပျော်မနေဘူး။ သူ့ကို မျက်စောင်းထိုးပြီး ကျန်တဲ့တုတ်ချောင်းကို ယူပြီး ထွက်သွားသည်။
ယွင်ရှိးဖန်းက ဘာလုပ်ရမှန်း မသိဘဲ အမြန်လိုက်သွားသည်။ သူက သကြားလုံးကို စားရင်း ပြေးလွှားနေသည်။ သကြားလုံးရဲ့ ဆီက အရမ်းမွှေးပြီး ချိုနေသည်။ သူ့ပါးစပ်ထဲ ပြည့်နေသည်။
လုဟွမ် သူ့ကို ပြန်ကြည့်တာမြင်တော့ သူက တကယ်ပဲ လုဟွမ်နဲ့ သူငယ်ချင်း ဖြစ်ချင်ပုံရတယ်၊ ဒါကြောင့် သူ ခေါင်းကို ကုတ်ပြီး လုဟွမ်ကို ရယ်အောင် အစွမ်းကုန် ကြိုးစားနေလေသည်။ ပြီးတော့ သူက သကြားလုံးတစ်ခုလုံးကို တစ်ခါတည်း ပါးစပ်ထဲ ထည့်လိုက်တယ်၊ သူ့ပါးစပ်က ပွပြဲလာပြီး အရမ်း ရယ်စရာကောင်းတဲ့ပုံစံ ဖြစ်နေသည်။
ဒီအဆီလုံးလေးက တကယ်တော့ ချစ်စရာကောင်းသည်။ စခရင်အပြင်ဘက်က စုရှီကို သူ့ရဲ့ ချစ်စရာကောင်းမှုက ဆွဲဆောင်နေသည်။ သူ(မ)က သဘာဝအလျောက် ကျိုက်ကျိုက်ရဲ့ အင်္ကျီလက်ကို ဆွဲပြီး သူ့ကို နည်းနည်းလှည့်ကြည့်ဖို့နဲ့ သူ့ကို မုန်းမနေဖို့ ပြောနေသည်။
ဒါပေမဲ့ ကျိုက်ကျိုက်က သူ့ဘေးကို ကြည့်ပြီး ပိုဆိုးလာပုံရသည်။
သူက ယွင်ရှိုးဖန်ကို ဖျတ်ခနဲကြည့်ပြီး လှည့်ထွက်သွားသည်။ သူက သကြားလုံးကို ကိုင်ထားပြီး စိတ်ညစ်နေသည်။ သူ ဘာတွေးနေလဲဆိုတာ ဘယ်သူမှ မသိဘူး။
ရုတ်တရက် သူက မျက်နှာတည်တည်နဲ့ သကြားလုံးတစ်လုံးကို ကိုက်စားပြီး သကြားလုံးကို သူ့ပါးနဲ့ ထိအောင်လုပ်လိုက်သည်။
ပြီးတော့ သူက မျက်နှာတည်တည်နဲ့ ဘယ်ဘက်က စုရှီဆီကို လှည့်ကြည့်လိုက်သည်။
စုရှီ:?
စုရှီက ကျိုက်ကျိုက် ဘာလုပ်နေတာလဲ မသိဘူး။ ရုတ်တရက် သူ(မ) စခရင်ပေါ်က သူ့ခေါင်းပေါ်မှာ အတွေးပူဖောင်းတစ်လုံး ပေါ်လာတာကို မြင်လိုက်ရသည်။ အတွေးပူဖောင်းပုံစံက နည်းနည်းလေး စိတ်လှုပ်ရှားပုံ ပေါ်နေသည်။
— ကျွန်တော်လည်း လုပ်နိုင်ပါတယ်။
စုရှီ : …