← Chapters

Chapter 42

Vol. 5 Ch. 42

Chapter 42

Vol. 5 Ch. 42

စခရင်ပြင်ပတွင် စုရှီသည် အရယ်လွန်၍ သေတော့မည်။ သို့သော် ကျိုက်ကျိုက်ရဲ့စိတ်ထဲက တွေးနေသည့် အရာမှန်သမျှက ပူဖောင်းလေးလို ပေါ်လာကာ တစ်ခုပြီးတစ်ခု ပေါက်သွားကြောင်း သေချာမသိချေ။ စုရှီသည်လည်း ချစ်ခြင်းမေတ္တာကို လိုချင်နေသော ကလေး၏ အတွေး သေးသေးလေးများအား မသိချင်ယောင်ဆောင် နေလိုက်လေသည်။

ကျိုက်ကျိုက်သည် ယွင်ရှိုးဖန်ကို မနှစ်သက်ကြောင်း မြင်သောအခါ စုရှီသည် မိတ်ဆွေဖွဲ့ရန် လွတ်လပ်ခွင့်ပေးထားသော လောင်မားတစ်ယောက် ဖြစ်၏။ ဒါကြောင့် ဤနှစ်ယောက်ကို မိတ်ဖွဲ့ရန် တွန်းအားမပေးပေ။

သို့ရာတွင် စနစ်၏ အကဲဖြတ်မှုအရ စုရှီမှ ယွင်ရှိုးဖန်အား ပေးလိုက်သော အသီးသကြားလုံးများကို ကျိုက်ကျိုက်လက်ဖြင့် ကိုင်လိုက်တာက ဇာတ်‌ဆောင်၏ စေတနာဖော်ပြခြင်း အစပြုသည်ဟု အကဲဖြတ်ပြီး ဖြစ်၏။ ဒါကြောင့် စခရင်ပေါ်တွင် မက်ဆေ့တစ်ခု ပေါ်လာလေသည်။

“ပဉ္စမြောက် အပိုမစ်ရှင်ဖြစ်တဲ့ ပထမဆုံး သူငယ်ချင်းရခြင်းကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ မစ်ရှင်ဆုလာဘ်။ ။ ရွှေဒင်္ဂါး +၂၀၀၊ +၂မှတ်!”

ဤနည်းဖြင့် စုရှီသည် ၄၂မှတ်ကို ချောချောမွေ့မွေ့ ရရှိသွားလေပြီ! ‘သူ(မ)၏ ရည်မှန်းချက်က အမှတ် ၁၀၀ကို တတ်နိုင်သမျှ မြန်မြန်သုံးဖို့ပဲ။ အချိန်ကျရင် ကျိုက်ကျိုက်နဲ့ ဆက်သွယ်ဖို့အတွက် သူ(မ)လက်တွေကို သုံးဖို့ မလိုတော့ဘူး'

‘ပြီးတော့ စနစ်ရဲ့ ပြောစကားအရ ဆိုရင် အချိန်ကျတဲ့အခါမှာ ဆိုင်က လက်ဆောင်ထုတ်ကြီးကြီးတစ်ခု လော့ဖြည်မှာတဲ့! အခုတင် တစ်ဝက်နီးပါး ရနေပြီဆိုတော့ တွေးကြည့်ရုံနဲ့တင် တော်တော်စိတ်လှုပ်ရှားလာပြီ!’

နင်းဖူမင်းသား၏ အစေခံများနှင့် သက်တော်စောင့်များသည် လုဟွမ်ကို စစ်တပ်ရေးရာဝန်ကြီး၏ တရားဝင်နေထိုင်ရာနေရာသို့ သူ့အထုတ်အပိုးများ ရွေ့ရန် ကူညီပေးပြီးနောက် လုဟွမ်သည် သူ့တာဝန်ထမ်းဆောင်ရန် စစ်တပ်ရေးရာဝန်ကြီးထံသို့ သွားလေသည်။

စစ်တပ်ရေးရာဝန်ကြီးဌာန၏ လက်ထောက်အကြံပေး အဆင့်ငါး ရာထူး၏ ယူနီဖောင်းသည် အစိမ်း‌ရင့်ရောင် ဝတ်ရုံပေါ်တွင် အညိုရင့်ရောင် ကျားပုံ ထိုးထားခြင်းဖြစ်သည်။

စုရှီသည် ကျိုက်ကျိုက်က သူ၏ အနီ‌ရင့်ရောင်၊ အဆင့်ကိုး စာသင်သား ဝတ်ရုံကို လဲကာ ဒီတစ်ခု ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရ၏။ ‘တကယ်တော့ ဒီဟာထက် စာသင်သား ဝတ်ရုံရဲ့ အရောင်က ပိုလှတာပဲ။’

‘ဒါပေမဲ့ ကျိုက်ကျိုက် တရားဝင် ယူနီဖောင်းအသစ်ကို ဝတ်လိုက်တဲ့အခါမှာ ဒါက တော်တော် ကောင်းတယ်လို့ စုရှီခံစားလိုက်ရတယ်’

‘တောင်းမှာ အကွပ် လူမှာ အဝတ်တဲ့။ ဒါပေမဲ့ အဲဒါ အမှားကြီးပဲ။ ကျိုက်ကျိုက်က ဘာဝတ်ဝတ် သူများတွေနဲ့ မတူဘဲ ကွဲပြားတဲ့စတိုင် ရှိနေတာပဲ။’

‘အဆင့်ကိုး၊ စာသင်သား ယူနီဖောင်းကို ဝတ်ထားရင် ကျောက်စိမ်းဖြင့် လုပ်ထားတဲ့ သခင်လေးနဲ့ တူတယ်။ အဆင့်ငါး၊ စစ်တပ်ရေးရာအရာရှိ ယူနီဖောင်းကို ဝတ်လိုက်ရင်တော့ ငွေရောင်လှံနှင့် နှင်းဓားနဲ့ ပိုပြီး ကျက်သရေရှိတဲ့ပုံ ပေါ်နေတယ်။’

ပထမဆုံးနေ့တွင် လုဟွမ်သည် အစိုးရရုံးဌာနသို့ သွားလေသည်။ သူ့အတွက် ညအချိန်ပင် ဖြစ်နေလေပြီ။ စုရှီ အိပ်ယာဝင်ရန် အချိန်ကျနေပြီ ဖြစ်သော်လည်း စုရှီသည် ခေါင်းအုံးကို ရုတ်တရက်မှီပြီး ခဏလောက် ဂိမ်းဆော့ရန် ဆုံးဖြတ်ကာ ကျိုက်ကျိုက်အား သူ့ပထမနေ့တွင် သတင်းပို့ရန် လွှတ်လိုက်၏။

ထို့နောက် သူ(မ)သည် အပိုမစ်ရှင်အတွက် လဲလှယ်ထားသော ၂မှတ်ကို စစ်တပ်ရေးရာဝန်ကြီးရုံး၏ လေး ဌာန ဖြစ်သော နေရာလေးပိုင်းကို လော့ဖြည်လိုက်လေသည်။

စစ်တပ်ရေးရာဝန်ကြီးဌာန၏ အကြီးအကဲသည် စစ်တပ်ရေးရာဝန်ကြီးဖြစ်ပြီး ဒုတိယ တာဝန်ရှိသူသည် လက်ထောက်စစ်တပ်ရေးရာဝန်ကြီး ဖြစ်သည်။ ဤနှစ်ဦးသည် စစ်ရေးဝန်ကြီးရုံး လက်အောက်ရှိ ဌာနခွဲ လေးခု၏ တာဝန်ရှိသူများ ဖြစ်ကြသည်။ ပထမဌာနသည် ချန်းရှီမင်းဆက်မှ စစ်အရာရှိများကို ရွေးချယ်ရန် တာဝန်ယူထားရသည်။ ဒုတိယဌာနသည် မြင်းများနှင့် လက်နက်များကဲ့သို့ စစ်ရိက္ခာများ ဝယ်ယူခြင်းနှင့် စုဆောင်းခြင်းကို တာဝန်ယူရသည်။ တတိယဌာနသည် စစ်တပ်အတွင်း လုပ်ဆောင်မှုများ အား အပြစ်ပေးခြင်းနှင့် ဆုပေးခြင်းကို တာဝန်ယူရသည်။ စတုတ္ထဌာနသည် စစ်တပ်စာအုပ်များနှင့် စစ်တပ်တင်ပြမှုများ၊ သတင်းအချက်အလက်များအား ပေးပို့ခြင်းကို တာဝန်ယူရသည်။

ဌာနတိုင်းတွင်လည်း ခေါင်းဆောင်အရာရှိ (စစ်တပ်ရေးရာဝန်ကြီးဌာနရုံး၏ အဆင့်ငါးအရာရှိ) နှင့် လက်ထောက်အရာရှိ (စစ်တပ်ရေးရာဝန်ကြီးဌာနရုံး၏ အဆင့်ငါးအရာရှိ) ရှိသည်။ သူ့လက်အောက်တွင် စီမံရေးတာဝန်ခံ တစ်ဒါဇင်ခန့်ရှိပြီး စီမံရေးတာဝန်ခံတစ်ဦးစီအတွက် တာဝန်ထမ်းဆောင်သော အရာရှိများ လည်း ရှိ၏။

လုဟွမ်သည် စစ်တပ်ရေးရာဝန်ကြီးရုံး၏ ဒုတိယဌာနတွင် တာဝန်ထမ်းဆောင်ရမည်။

သူ၏ လက်ရှိရာထူးသည် စစ်တပ်ရေးရာဝန်ကြီးရုံး၏ ဒုတိယဌာနတွင် ဒုတိယတာဝန်ရှိသူနှင့် ညီမျှလေသည်။

စုရှီသည် စနစ်ထဲတွင် အရာရှိများ၏ နောက်ခံကို နားလည်ရန် အချိန်တစ်ချို့ ယူလိုက်ရ၏။ ကျိုက်ကျိုက်၏ ပထမဆုံး အရာရှိရာထူးသည် မည်သို့ဖြစ်မည်ကို သူ(မ)စောင့်မျှော်နေမိသည်။

စစ်တပ်ရေးရာဝန်ကြီးရုံး၏ ဒုတိယဝန်ကြီးသည် လွှတ်တော်တက်ရောက်ရန် မလိုသော သာမန်အရာရှိ ဖြစ်သော်လည်း ဒုတိယဌာနရှိ စီမံရေးတာဝန်ခံ တစ်ဒါဇင်ခန့်ကို တာဝန်ယူရသေး၏။ သူ့တွင် တရားဝင်အာဏာ အတော်အတန်ရှိလေသည်။

သို့သော် ကျိုက်ကျိုက် အရာရှိအဖြစ် ပထမဆုံးနေ့တွင် စစ်တပ်ရေးရာဝန်ကြီးရုံး၏ ဒုတိယဌာနရှိ စီမံရေးတာဝန်ခံများ၏ အထင်သေးခြင်း ခံရမည်ကို သူ(မ)မမျှော်လင့်ခဲ့ချေ။

ရုံးချုပ်၏ ဝင်ပေါက်သို့ ကျိုက်ကျိုက် ရောက်လာသောအခါ ဤစီမံရေးတာဝန်ခံများသည် အတူ စုဝေးနေကြပြီး တီးတိုးပြောနေကြသည်။ သူတို့ အသံများသည်လည်း အလွန်ကျယ်လောင်ကာ အရေးပါသောသူ ရောက်လာသည့် အချက်ကိုလည်း လုံးဝ လျစ်လျူရှုထားကြ၏။ လုဟွမ် ကြားရန် တမင် ပြောနေကြသည့် အတိုင်းပင်။

စခရင်ပေါ်တွင် မထီမဲ့မြင်ပြုသော စာသားအမြောက်အများ ပေါ်လာလေသည်။

“ဒီကောင် စစ်သူကြီးယွင်ရဲ့ အသိအမှတ်ပြုမှုကို ရအောင် ဘယ်လိုလုပ်လိုက်လဲမသိဘူး။ ဒီကို ရောက်လာဖို့ စီစဉ်ထားတာပဲဖြစ်မယ်! အနောက်ပေါက်ကနေ ဝင်လာတဲ့ နည်းလမ်းက တော်တော် စက်ဆုပ်ဖို့ ကောင်းတာပဲ!”

“မှန်တယ်။ သူက နင်းဖူမင်းသားရဲ့ ကိုယ်လုပ်တော်သား သာသာပဲရှိတာ။ အရင်တုန်းက ဘာအောင်မြင်မှုမှလည်း မရှိဘူး။ ဆောင်းငှက်တောင်မှာ ဆက်ခံသူတွေနဲ့ တစ်ခါလေး အမဲလိုက်သွားခဲ့တာကို။ ငါတို့ကို သူက ဘာလို့ အုပ်ချုပ်ခွင့်ရှိတာလဲ”

“ငါတို့ စီမံရေးတာဝန်ခံအားလုံးက အဆင့်အတန်းမြင့်တဲ့ မိသားစုတွေကနေ မွေးလာတာ မဟုတ်ဘူးဆိုပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးသွားနိုင်တာပဲ။ စီမံရေးတာဝန်ခံ အေ ဆိုရင် ရုန်ကျိုး ရဲ့ ကောင်တီအကြီးအကဲရဲ့ သားလေ။ စီမံရေးတာဝန်ခံ ဘီ ဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်က ထန့်ဟွားလန်လေ တော်ဝင်စာမေးပွဲမှာ ပထမ ရခဲ့တာ! ဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ်နေရာ လစ်လပ်သွားရင် အဲဒီနှစ်ယောက်ထဲက တစ်ယောက်တော့ ရာထူးတိုးမယ်လို့ ငါထင်တာ။ ဆံပင်တောင် အစုံမပေါက်သေးတဲ့ ဒီလိုကောင်က လာမယ်လို့ ဘယ်သူကထင်မှာလဲ!”

လူပုံအလယ်မှ ခေါင်းပေါ်တွင် စီမံရေးတာဝန်ခံ အေ နှင့် စီမံရေးတာဝန်ခံ ဘီ အမည်ရှိသော လူနှစ်ယောက်တွင် ထူးခြားသော အမူအရာများ ရှိနေလေသည်။

တစ်ယောက်တွင် မကျေမချမ်းဖြစ်သော အမူအရာရှိပြီး လက်သီးဆုပ်ထားလေသည်။ အခြားတစ်ယောက်သည် ခံစားချက်များကို ဖုံးကွယ်ပြီး အလျင်အမြန် ပြောလိုက်သည်။ “မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်တော် ထန့်ဟွားလန် ရတာ နှစ်တွေတော်တော်ကြာပြီလေ။ မျိုးဆက်သစ်က မျိုးဆက်ဟောင်းထက် သာလွန်တာ ပုံမှန်ပါပဲ။ မြို့ထဲက ဆက်ခံသူတွေကို ကျွန်တော် မယှဉ်နိုင်ပါဘူးဗျာ။”

စုရှီသည် ထန့်ဟွားလန် ရခဲ့တဲ့ စီမံရေးတာဝန်ခံ ဘီ ဟာ အကြံသမားဟု ချက်ချင်းခံစားမိလိုက်၏။ မျှော်လင့်ထားသည့်အတိုင်းပင် မကြွားဝါသော စာကြောင်းကို သူပြောလိုက်ပြီးနောက် အခြား စီမံရေးတာဝန်ခံများသည် ပို၍ မတရားဘူးဟု ချက်ချင်းပင် ခံစားမိသွားလေ၏။

သူတို့အားလုံးက ‌ပြောကြလေသည်။

“ငါတို့က အဖေ့အရိပ်ထဲမှာ နေတဲ့သူ အကုန်လုံးကို အထင်သေးတယ်။ သူတို့က ဆက်ခံသူဖြစ်တော့ရော ဘာလုပ်ရမှာလဲ။ နင်းဖူမင်းသားအိမ်တော်က ကျဆင်းနေတယ်ဆိုတာကို မြို့ထဲက ဘယ်သူက မသိလို့လဲ။ ဘာရှိသေးလို့လဲ။ ဝန်ကြီးရဲ့ အကြံပေးအရာရှိအသစ်က ကိုယ်လုပ်တော်ရဲ့သားပဲ ရှိတာလေ! သူက ဘာတွေများ လုပ်ဆောင်နိုင်မှာမို့လို့လဲ။ ရုပ်ချောပြီး သုံးစားမရတဲ့ အမှိုက်သာသာပဲ ဖြစ်နေမှာကို ငါကြောက်တယ်။”

လူအုပ်ထဲမှ တစ်ဒါဇင်လောက်သည် ကျိုက်ကျိုက်အား သုံးစားမရသည့် အခြေအနေထိ နှိမ့်ချကာ နင်းဖူမင်းသားကိုလည်း ကိုယ်လုပ်တော်၏သားဆို၍ တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြ၏။

စုရှီသည် ဤအခြေအနေမျိုးကို မမျှော်လင့်ထားကာ သူ(မ)၏ နှလုံးသား တင်းကြပ်နေလေသည်။

ဒါပေမဲ့ ဒီအခြေအနေက ပုံမှန်ပဲ။ စီမံရေးတာဝန်ခံတွေအကုန်လုံးက ဝန်ကြီးရဲ့ အကြံပေးအရာရှိနေရာကို သူတို့ထဲက ရွေးမယ်လို့ပဲ ထင်ထားကြတာ။ ရုတ်တရက်ကြီး ဘယ်နေရာကနေ တစ်ယောက်ယောက် ပေါ်လာမယ်လို့ တွေးမိကြမှာလဲ။ သူတို့အထူးအဆန်းဖြစ်မနေမှ ပိုထူးဆန်းမှာ။

ဒါပြီးတော့ ကျိုက်ကျိုက်၏ အခြေအနေ အတော်မကောင်းမှာသာ ဖြစ်၏။

ဒီလူတွေက ကျိုက်ကျိုက်အား အခက်တွေ့စေမည်ကို သူ(မ)မသိခဲ့ချေ။

လုဟွမ်‌၏နောက်မှ သူ့အိတ်များကို ကူသယ်ပေးသော နင်းဖူမင်းသား၏ တော်ဝင် သက်တော်စောင့် နှစ်ယောက် လိုက်လာလေသည်။ ဤလူများ၏ ရွဲ့စောင်းပြောဆိုသော စကားလုံး မှန်သမျှကို သူကြားသော်လည်း မျက်နှာအမူအရာ မပြောင်းပေ။

ရုံးချူပ်၏ဝင်ပေါက်တွင် သူ့ခြေလှမ်းများ ရပ်တန့်သွားပြီး တော်ဝင် သက်တော်စောင့်နှစ်ယောက်ကို အရင်သွားစေကာ သူ့စားပွဲအား ကူရှင်းခိုင်းလိုက်၏။ ထို့နောက် သူ့ဘေးသို့ တိုးတိုးပြောလိုက်သည်။ “မင်းသွားပြီမဟုတ်ဘူးလား”

စုရှီသည် ကျိုက်ကျိုက်ကို သွားတော့မည်ဟု ပြောပြီးပြီဖြစ်၏။ သို့သော်လည်း ဆေးကြောပြီးနောက် အိပ်ယာပေါ်တွင် ‌မနေနိုင်ဘဲ စခရင်ကို ဖွင့်ကြည့်မိ၏။

စုရှီသည် ကျိုက်ကျိုက်၏ ညာဘက်လက်ကို သုန်မှုန်စွာ ‌ဆွဲလိုက်ပြီး သူ(မ)နှလုံးသားတွင် ခါးသက်မှုများ ပေါက်ကွဲလာသည်ကို ခံစားလိုက်ရ၏။

ယခု ရက်ပိုင်းအတွင်း ကျိုက်ကျိုက် အလွန်ကြိုးစားနေသည်ကို သူ(မ)သိ၏။ ယုံအန်းဘုရားကျောင်းက ဆောင်းဌက်တောင်အထိ ထိုမှ ယွင်ကျိုး ယာယီတော်ဝင်နေထိုင်ရာအထိ သူသည် နင်ဖူးမင်းသား၏ အကြပ်အတည်းအားလုံးကို ဖယ်ရှားပြီးဖြစ်လေသည်။

သို့သော် မလုံလောက်သေးပုံပင်။ ဤလူများ၏ မျက်လုံးထဲတွင်တော့ သူသည် ဆန္ဒရှိတိုင်း အနိုင်ကျင့်လို့ရမည့် ကိုယ်လုပ်တော်၏ သားတစ်ယောက် ဖြစ်နေဆဲပင်။

တော်ဝင်ကျောင်းတော်တွင်လည်း အတူတူပေ။ ထိုကျောင်းသားများသည် ကျိုက်ကျိုက်နှင့် ရင်းနှီးပုံပေါ်ကြပြီး သူ့အိမ်စာများကို ကူးယူကြသော်လည်း နင်းဖူမင်းသား၏ ကိုယ်လုပ်တော်သားဟုပင် တွေးနေကြဆဲဖြစ်၏။

ထို့နောက် ဤလူကြီးအရာရှိများသည် လူငယ်ကို အနိုင်ကျင့်သောအခါ ဖုံးကွယ်ရန်ပင် မကြိုးစားကြချေ။

‘ကျိုက်ကျိုက်ရဲ့ အတိတ်ကို ဂိမ်းထဲမှာ မြန်မြန်ပေါ်လာဖို့ သူ(မ)မမျှော်လင့်ထားခဲ့ဘူး။ ကျိုက်ကျိုက်က ထင်ပေါ်နေပြီး အဲလူတွေဆီကနေ အထင်သေးမခံရဖို့ဘဲ သူ(မ)မျှော်လင့်ခဲ့တာ။’

လုဟွမ်သည် သူ့ဘေးမှလူ၏ မျက်နှာအမူအရာများနှင့် လှုပ်ရှားမှုများကို မမြင်ရသော်လည်း သူ(မ)စိတ်ကောင်းဝင်နေပုံ မပေါ်ကြောင်းကို သူ့လက်အား ဆွဲထားသည့်ပုံနှင့်တင် သူသိနိုင်၏။

လုဟွမ်သည် တစ်ခဏလောက် တွေးတောလိုက်ပြီး အကြောင်းအရင်းကို ခန့်မှန်းလိုက်လေသည်။ သူသည် သူ(မ)ကို ပြောလိုက်၏။ “အရင်ဆုံး သွားနားပြီး တစ်ရေးလောက် အိပ်လိုက်။ ပြန်လာတဲ့ အချိန်ကြရင် ဒီလူတွေ ဒီလိုမျိုးပြောတာကို မကြား‌ရဘူးလို့ ကတိပေးတယ်။”

စုရှီ၏ စခရင်ပေါ်တွင် ဆဌမမြောက် အပိုမစ်ရှင်သည် ရုတ်တရက် ပေါ်လာ၏။

[အပိုမစ်ရှင် ၆။ ။ စစ်တပ်ရေးရာဝန်ကြီးရုံးရဲ့ ဒုတိယဌာနကို ရှင်းလင်းကာ နှစ်ပေါင်းကြာရှည် နေတဲ့ ခေါင်းကိုက်မှုကို အဖြေရှာပါ။ ပထမဦးဆုံး စစ်သူကြီးကျန့်ယွမ်နဲ့ စစ်တပ်ရေးရာဝန်ကြီးရဲ့ အာရုံစိုက်မှုကို ရယူပါ။ မစ်ရှင်ဆုလာဘ်: ၂မှတ်]

‘ဒါက အပိုမစ်ရှင်အသစ် ဖြစ်ပေမယ့်လည်း ဟိုကောင်စုတ်တွေနဲ့ ကျိုက်ကျိုက် ရင်ဆိုင်နိုင်အောင် သူ(မ)ကူညီပေးရဦးမယ်!’

စုရှီသည် သူ(မ) လိုင်းဆင်းတော့မည်ဟု ရည်ညွှန်းကာ ကျိုက်ကျိုက်၏ ဘယ်ဘက်လက်ကို ဆွဲလိုက်လေသည်။ သို့ရာတွင် ကျိုက်ကျိုက်သည် အစိုးရရုံးထဲသို့ ဝင်သွားပြီး ထိုအရာရှိများက သူ့အား မမြင်ချင်ယောင်ဆောင်သွားကြသည်ကို မြင်လိုက်ရသောအခါ သူ(မ)၏ နှလုံးသားထဲမှ မီးတောက်လုံးကြီးကို ခံစားမိလိုက်၏။

အချိန်တစ်ခဏလောက် သူ(မ)သည် ထိုလူတွေအား မည့်သို့ကိုင်တွယ်ရမည်ကို မစဉ်းစားနိုင်ချေ။ ဒါကြောင့် ဈေးဆိုင်ကိုဖွင့်ကာ စစ်တပ်ရေးရာဝန်ကြီးရုံးဟု ရှာလိုက်လေသည်။ အချိန်အတော်ကြာ ရှာပြီးနောက် ယခင်နှစ်များမှ စစ်ပွဲပြင်ဆင်မှုများ၏ အကောင့်စာအုပ်ကိုသာ ရှာတွေ့လေသည်။

‘ဒီအကောင့်စာအုပ်က ဒုတိယအဖွဲ့ဆိုတော့ အသုံးဝင်နိုင်တယ်။’

ဒါကြောင့် သူ(မ)သည် ကျိုက်ကျိုက်ကို အစိုးရရုံး၏ အနောက်ဘက်သို့ ဆွဲခေါ်ကာ လိုင်းမဆင်းခင်တွင် ထိုစာအုပ်အား ပေးခဲ့၏။

စုရှီသည် အလွန်အိပ်ချင်နေပြီဖြစ်၏။ အချိန်တိုအတွင်း မပြီးမြောက်နိုင်သော အပိုမစ်ရှင် အကြောင်းကိုလည်း စဉ်းစားမိနေသေးသည်။ သူ(မ)၏ မျက်ခွံများ စိုက်ကျလာပြီး ခဏအကြာတွင် အိပ်ပျော်သွားတော့၏။

လုဟွမ်၏ဘက်တွင် သက်တော်စောင့်များ သူ၏စားပွဲအား ရှင်းလင်းပြီးသည်ကို မြင်သော် စီမံရေးတာဝန်ခံအုပ်စုသည် မော့ကြည့်ပြီး သူ့အား ဖြတ်ခနဲ ကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက်သည် ထူးဆန်းသော နှာမှုတ်သံတစ်ခု ပြုလုပ်လိုက်လေ၏။

လုဟွမ်သည် ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး စီမံရေးတာဝန်ခံ အေ နှင့် စီမံရေးတာဝန်ခံ ဘီ ကို စိုက်ကြည့်နေလိုက်၏။

‘တခြားစီမံရေးတာဝန်ခံတွေက ဒီနှစ်ယောက်ကို ဝန်းရံနေပုံအရတော့ သူတို့က ပိုပြီးအရေးပါတဲ့ပုံပဲ။’

‘ဒါပေမဲ့ ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းပုံမရဘူး။ တစ်ယောက်နဲ့တစ်ယောက် စားပွဲခုံတွေကလည်း အဝေးကြီးပဲ။’

လုဟွမ်သည် သဘောပေါက်လိုက်ပြီး မည်သည့်အရာမျှ မပြောချေ။ သူသည် နောက်လှည့်လိုက်ပြီး အစိုးရရုံး၏ လိုက်ကာနောက်မှ သူ၏ ကိုယ်ပိုင်စားပွဲခုံသို့ သွားလိုက်သည်။

သူသွားတာကို မြင်သောအခါ စီမံရေးတာဝန်ခံများသည် တိတ်ဆိတ် မနေတော့ချေ။ ဤလူငယ်သည် အာဏာအလွန်ရှိသည်ဟု တစ်ယောက်ကိုတစ်ယောက် တီးတိုး ပြောကြပြန်လေသည်။ ဘာဖြစ်နေသလဲ သူတို့မသိကြချေ။

လုဟွမ်သည် ဒုတိယဌာန၏ ယခင်နှစ်များမှ စာရင်းစာအုပ်ကို လှန်လှော်ရှာဖွေလေတော့သည်။

လေးနာရီခန့်ကြာပြီးနောက် ပြင်ပတွင် ပွတ်ပွတ်ညံသံကို ရုတ်တရက်ကြားလိုက်ရ၏။ တစ်စုံတစ်ခု ဖြစ်သွားသဖြင့် အရာရှိတစ်ဦးက လာတင်ပြသည့်ပုံပင်။

အဖြစ်အပျက် နှစ်ခုရှိ၏။

တစ်ခုမှာ မြင်းများဝယ်ယူရန် တာဝန်ယူထားသော စီမံရေးတာဝန်ခံရှိလေသည်။ တန်လျားကိုစောင့်သော အရာရှိများသည် သေချာမစောင့်သဖြင့် မြင်းတစ်ဒါဇင်ခန့် ထွက်ပြေးသွားတာဖြစ်၏!

အခြားတစ်ခုမှာ ယခုတလောတွင် စစ်သူကြီးကျန့်ယွမ်အိမ်တော်သည် စစ်သားများ စုဆောင်းနေခြင်းကြောင့် လက်နက်များအလိုရှိမှု မြင့်တက်လာ၏။ ဒုတိယအဖွဲ့သည် လှံတံရှည်များ၊ ငွေဓားများနှင့် ဝယ်ယူထားသော အခြားလက်နက်များကို ‌ရွေးချယ်စရာမရှိဘဲ မြှင့်တင်ပေးရပေမည်။

သို့သော် ပြဿနာတစ်ခုရှိ၏။ ပန်းပဲဖိုမှ လက်နက်တိုက်သို့ တင်ပို့သည့်လမ်းတွင် ဆူညံကာ အနှောင့်အယှက်ဖြစ်တယ်လို့ အရပ်သားများက ပြောဆိုတိုင်တန်း နေကြ၏။

ထို့အပြင် လက်နက်များ တင်ပို့ရာတွင် အရာရှိများသည် အလုပ်ကောင်းစွာ မလုပ်၍ လမ်းတွင် လက်နက်အ‌များအပြား ပျောက်လာခဲ့သည်။ ယန်မင်းဆက်ခေတ်တွင် အရပ်သားများအား ကိုယ်ပိုင် လက်နက်ဝယ်ယူခြင်းကို တားမြစ်ထား၏။ မြို့ထဲတွင် စစ်တန်းလျားများမှ လက်နက်များယူကာ ပြစ်မှုကျူးလွန်မည့် လူယုတ်မာများ ရှိမည်ကို စိုးရိမ်ကြလေသည်။

ဤပြဿနာနှစ်ခုသည် အသေးအမွှား မဟုတ်ချေ။ ပြင်ပမှ စီမံရေးတာဝန်ခံသည် ဆိုးရွားသော ပြင်ဆင်မှုကို တာဝန်ယူနေရပြီး ဆွေးနွေးမှုများစွာ ပြုလုပ်နေရ၏။

လုဟွမ်သည် မကြားချင်ယောင်ဆောင်လိုက်သည်။

ခဏကြာသော် ဒုတိယဌာန၏ လက်ထောက်ဝန်ကြီး ရောက်လာခဲ့သည်။

လက်ထောက်ဝန်ကြီးသည် သူ၏သားအား ဝန်ကြီးရဲ့ အကြံပေးအရာရှိ နေရာကို ရစေချင်ခဲ့တာကြာပြီဖြစ်၏။ ‘ဒါပေမဲ့ သူ အဲလိုမလုပ်နိုင်ခင် ဒီနေရာကို စစ်သူကြီးယွင်က အကြံပေးမယ်လို့ ဘယ်သူကထင်မှာလဲ’

သူဟာ အရမ်းကို မကျေမနပ်ဖြစ်နေပြီး သဘောမတူညီတာတွေ များပြီးတော့ သူက ဟိုစီမံရေးတာဝန်ခံတွေထက် ပိုပါးနပ်တယ်။ ပြီးတော့ စစ်သူကြီးယွင် လက်အောက်မှာ အလုပ်လုပ်ရတာဆိုတော့ ဘာပဲဖြစ်ဖြစ် စစ်သူကြီးယွင်ကို မျက်နှာလုပ်ရတယ်လေ။ အဲဒါကြောင့် လုဟွမ်ကို အခက်တွေ့အောင် မလုပ်ရဲဘူး။

‘ဒါပေမဲ့ အခုပြဿနာပေါ်နေပြီ။ အသစ်ကလေးကို ထွက်လာပြီး ဖြေရှင်းဖို့ ပြောရမယ်။’

‘ပြဿနာကို မဖြေရှင်းနိုင်ရင် သူတို့က ကလေးကို အခက်တွေ့အောင် လုပ်တာ မဟုတ်တော့ဘူးလေ။’

သူသည် တစ်စုံတစ်ယောက်အား လုဟွမ်ကို ခေါ်စေပြီး မေးလိုက်လေသည်။ “ဝန်ကြီး အကြံပေးအရာရှိ အသစ်ကရော ဒီအရေးကြီး ပြဿနာနှစ်ခုကို ဘယ်လိုထင်ပါသလဲ။”

လုဟွမ်သည် မျက်လုံးများကို မြှင့်ကာ မေးလိုက်၏။ “တကယ်လို့ ထိန်းချုပ်ဖို့ အစီအမံတစ်ခု ပေးလိုက်ရင် စီမံရေးတာဝန်ခံတွေကရော သေချာ ဆောင်ရွက်နိုင်ပါ့မလား”

စီမံရေးတာဝန်ခံများသည် သူ့တို့စိတ်ထဲတွင် အထင်သေးမှုတစ်ခုကို ခံစားလိုက်ရ၏။ ‘ဒီလူငယ်က လူငယ်တစ်ယောက်သာသာပါပဲ။ ဘယ်လောက်ပဲ အရာရှိဝတ်ရုံဝတ်ထားပါ‌စေ ဘယ်လောက်ပဲ ခန္ဓာကိုယ်ကြံ့ခိုင်ပါစေ ဘယ်လောက်ပဲ ကြည့်ကောင်းပါစေ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ လူငယ်လေးပဲ။’

အသံနိမ့်နှင့် မထီမဲ့မြင်ပြောလိုက်သူကိုတော့ မသိရချေ။ “သူက အနောက်ပေါက်ကနေ ဝင်လာတဲ့ ကောင်စုတ်ပဲ။ တော်ဝင်ကျောင်းတော်ကိုတောင် ရက်ပိုင်းလောက်ပဲ တက်ရသေးတာ။ ဘယ်လောက်ကောင်းတဲ့ အကြံတွေများ သူ့မှာရှိနိုင်မှာလဲ။”

ဒုတိယဌာန၏ လက်ထောက်ဝန်ကြီးသည် သူ၏ အမူအရာများကို ထိန်းထားလေသည်။ သူချက်ချင်း ဆူငေါက်လိုက်၏။ “အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့!”

သူသည် လုဟွမ်ကို နွေးထွေးစွာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ပြောပါ”

“ဒီပြဿနာနှစ်ခုကို ဖြေရှင်းဖို့က အရမ်းလွယ်ပါတယ်။” လုဟွမ် ပြောလိုက်လေသည်။ “ပထမတစ်ခုက မြင်းတွေ ထွက်ပြေးသွားရတာဟာ အစောင့်တွေရဲ့ ဂရုမစိုက်မှုကြောင့်ပဲ။ ပုံမှန်အတိုင်းဆိုရင်တော့ အစောင့်တွေရဲ့ ပြဿနာကို ညွှန်ပြရမှာပဲ။ ဒါပေမဲ့ အခုကြတော့ အစောင့်တွေက တတိယဌာနကလေ။ ကျွန်တော်တို့ ဒုတိယဌာနက အားနည်းပြီးတော့ သူတို့နဲ့ ပြဿနာဖြစ်ဖို့ အဆင်မပြေဘူးလေ။ အဲဒါကြောင့် ဒါက ခေါင်းကိုက်စရာ ဖြစ်လာတာ။”

“အဲဒါကြောင့် သူတို့နဲ့ ညှိနှိုင်းပြီးတော့ မြင်းစောင့်နေတဲ့ အစောင့်အရေအတွက်ကို လျှော့ချပြီး မြင်းထိန်းသမား အရေအတွက်ကို တိုးရမယ်။ စစ်သားတွေက မြင်းတွေကို စီမံတဲ့နေရာမှာ မတော်ဘူး၊ ပြီးတော့လည်း ခွင့်ပြုချက်မရှိဘဲ နေရာကနေ ထွက်သွား တတ်ကြတယ်။ ဒါပေမဲ့ မြင်းထိန်းတွေကိုတော့ ငွေနဲ့ခန့်ထားမယ်။ အကုန်လုံးက အရပ်သားတွေပဲ။ စစ်တပ်ရေးရာ ဝန်ကြီးရုံးရဲ့ နှာခေါင်းအောက်က တာဝန်တွေကို သူတို့ဂရုမစိုက်ဘဲ မနေနိုင်ဘူး။ ဒီနည်းနဲ့ ဒီလိုအရာမျိုး ထပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ အာမခံလို့ရတယ်။”

ရုန်ကျိုးမှ စီမံရေးတာဝန်ခံသည် လှောင်ပြောင်ကာ ခွန်းတုံ့ပြန်လိုက်၏။ “ဒီလိုလုပ်တာကို တတိယဌာနက သဘောတူမယ်လို့ ဘယ်လိုသိလဲ”

လုဟွမ်၏ မျက်နှာအမူအရာများသည် တည်ငြိမ်နေပြီး ပြောလိုက်သည်။ “စစ်သူကြီး ကျန့်ယွမ်ရဲ့ စစ်သားစုဆောင်းရေး စာရွက်စာတမ်းကို အာရုံမစိုက်ဘူး ထင်တယ်။ စုဆောင်းထားတဲ့ စစ်သားအချို့ကို တတိယဌာနဆီ ပို့မှာလေ။ ဒါက တတိယဌာနမှာ လူလိုနေတယ်ဆိုတာ သေချာတာပဲ။ သူတို့ရဲ့လူကို လျှော့ချဖို့ကို ဘာလို့သဘောမတူရမှာလဲ။ ပြီးတော့ မြင်းထိန်းငှားမယ့် ပိုက်ဆံကလည်း ဒုတိယဌာနက ပေးမှာပဲလေ”

တတိယမြောက် ဝင်ပြောသော စီမံရေးတာဝန်ခံ ဘီ က ပါးနပ်စွာ ပြောလိုက်၏။

“ဒါပေမဲ့ ဒီငွေစကလည်း နောက်ထပ်အသုံးစရိတ် တစ်ခုပဲလေ။ ဒုတိယအဖွဲ့ရဲ့ ငွေကြေးအသုံးစရိတ်ကို မမြှင့်မားသွားစေဘူးလား။”

လုဟွမ်သည် သူ့ကို တစ်ချက်ကြည့်ကာ တွက်ချက်လိုက်၏။ “မြင်းထိန်းတစ်ယောက်ငှားတာက တစ်လကို ငွေစတစ်တုံးရဲ့ တစ်ဝက်ပဲ။ ငါးယောက်ကို တစ်လ ငွေနှစ်စ သုံးစလောက်ပဲကုန်မှာ။”

“ပြီးတော့ အခုပဲ ဒုတိယဌာနမှာ ဖြစ်လေ့ရှိတဲ့ဟာတွေကို ကြည့်ပြီးပြီ။ တစ်လမှာ နှစ်ကြိမ်ဖြစ်တတ်တဲ့ မြင်းတွေထွက်ပြေးတာတို့ ဖြစ်ရပ် အကြီးအငယ် အကုန်လုံးကို တွေ့ပြီးပြီ။ စစ်သားတွေ ဖြန့်ကျက်ပြီး သူတို့ကို လိုက်ဖမ်းဖို့ ကြိုးစားပြီးတော့ မြင်းတွေကြောင့် ပျက်စီးသွားတာတွေကို အမြဲ အလျော်ပေး နေရတာ။ ငွေစ ဆယ်တုံးထက်တောင် ပိုနေပြီ။ ဒုတိယဌာနရဲ့ ငွေရေးကြေးရေး အကြပ်အတည်းကို ဘယ်အရာက ‌ဖြေရှင်းပေးနိုင်မှာလဲ။ မတွေးမိဘူးလား”

တတိယမြောက် ဝင်ပြောသော စီမံရေးတာဝန်ခံ ဘီ သည် ရှက်ရွံ့သော မျက်နှာအမူအရာဖြစ်နေ၏။

စီမံရေးတာဝန်ခံသည် ဝန်မခံချင်သော်လည်း ဤလူငယ်၏ တန်ပြန်စီမံရေးများသည် ကျိုးကြောင်း ဆီလျော်သည်ကို သူတို့လက်ခံရပေမည်။

“ဒါဆို ဒုတိယပြဿနာကိုရော ဘယ်လိုလုပ်မှာလဲ။ ဉာဏ်ကြီးရှင်လူငယ်မှာ ထိန်းချုပ်ရေးအစီအမံများ ရှိသေးလား။” စီမံရေးတာဝန်ခံ အေ သည် သူ့ဘေးဘီသို့ ကြည့်လိုက်ကာ စီမံရေးတာဝန်ခံများ၏ မျက်နှာတွင် အသိအမှတ်ပြုမှု အမူအရာများကို တွေ့နေရသည်။ သူ၏ နှလုံးသားသည် ဒေါသမီးနှင့် လောင်ကျွမ်းကာ မလိုလားစွာ သရော်လိုက်၏။

လုဟွမ်သည် သူ၏ရိုင်းပျမှုကို လျစ်လျူရှုကာ စိစစ်ရန် လက်ထောက်ဝန်ကြီးဘက်သို့ လှည့်ပြောလိုက်၏။

“ဒုတိယပြဿနာက လူတွေကို နှောင့်ယှက်တာနဲ့ လက်နက်တွေ ပျောက်တာက သယ်ယူပို့ဆောင်ရေး အရာရှိတွေရဲ့ ဂရုမစိုက်မှုကြောင့်ပဲ။ ဒါပေမဲ့ ဒါက ဘာလို့ အဲလိုဖြစ်ရတာလဲ။ သယ်ယူပို့ဆောင်ရေးက ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူးလေ။ လက်နက်တွေက ဘာလို့ အများကြီး ပျောက်ရတာလဲ။ တော်တော် ထူးဆန်းတယ်။ ဒါကို ထဲထဲဝင်ဝင် ကြည့်မယ်ဆိုရင် သယ်ယူပို့ဆောင်တာမှာ အရာရှိတွေက သူတို့ အိတ်ကပ်ထဲ ထည့်တာကလွဲပြီး တခြားဟာ မဖြစ်နိုင်တော့ဘူးလေ။ အောက်ခြေက အရာရှိတွေကတော့ ဒီပိုက်ဆံကို ယူလို့မရတဲ့အတွက် လက်နက်တွေကို ရောင်းထုတ်ကြတယ်။ လက်နက်တွေကို ရောင်းပြီးရင် ‘ပျောက်ဆုံးတယ်’လို့ ခေါ်ကြတာပေါ့။”

စီမံရေးတာဝန်ခံ ဘီ သည် ကိုးရိုးကားရား ဖြစ်ကာ ပြောလိုက်၏။ “ဒီလှည့်ကွက်ကို ငါတို့ မသိတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒုတိယဌာလက်‌အောက်မှာ အရာရှိတွေက အများကြီး ရှိနေပြီးတော့ တစ်ဆင့်ပြီး တစ်ဆင့် ရှိနေသေးတယ်။ ဘယ်သူတာဝန်ရှိလဲဆိုတာ တကယ်ပဲ ဖော်ထုတ်ချင်ရင် စုံစမ်းဖို့ လပေါင်းများစွာ ကြာပြီး ကိစ္စကြီးတစ်ခုဖြစ်သွားမှာ ငါကြောက်တယ်။ အခု ဒုတိယဌာနရဲ့ အမြီးကို ဖယ်ရှားလို့မရဘူး ပြီးတော့ ဒီအရာရှိတစ်ယောက်ချင်းကို အပြစ်ပေးဖို့ အင်အားလည်းမရှိဘူး။ ဒီကိစ္စသာ လက်ထဲက လွတ်သွားပြီးတော့ ဧကရာဇ်ဆီရောက်သွားရင် တာဝန်ပျက်ကွက်မှုနဲ့ တရားခံဖြစ်နေဦးမယ်။”

လက်ထောက်ဝန်ကြီး၏မျက်ခုံးများ တင်းကြပ်စွာ ကျုံ့သွား၏။ ‘ဒီပြဿနာထဲမှာ လူအများစု ပါဝင်ပတ်သတ် နေမယ်ဆိုတာ သူလည်း သေချာပေါက် တွေးမိတယ်။’ သူက လုဟွမ်ကို မေးလိုက်၏။ “အကြံ တစ်ခုခုများ ရှိသလား”

လုဟွမ်က လိုရင်းရောက်အောင် ပြောလိုက်၏။ “ဒီပြဿနာကို မြို့ထဲက ကုန်သည်တွေ လက်ထဲအပ်လိုက်တာ ပို‌ကောင်းမယ်ထင်တယ်။ အရင်ဆုံး ဒုတိယဌာနရဲ့ စစ်သားတွေကို သိမ်းထားပြီးတော့ အမျိုးမျိုးလုပ်နေတဲ့ စစ်သားတွေကို ရှင်းထုတ်ပစ်ပြီး အသုံးစရိတ် လျှော့ချပစ်ရမယ်။ ဒုတိယတစ်ခုအနေနဲ့ ကုန်သည်တွေကို တစ်နှစ်ပတ်လုံး ပစ္စည်းတွေ လိုက်ပို့ခိုင်းပြီးတော့ သူတို့က ပစ္စည်းတွေကို ဘယ်လို လုံခြုံ‌အောင် ပို့‌ဆောင်ရမယ်ဆိုတာ မနူးမနပ်အရာရှိတွေထက် ပိုသိတယ်။ ဒါက လမ်းခရီးမှာ ပျောက်ဆုံးတာတွေကို လျှော့ချနိုင်ပြီး လူတွေဆီက တိုင်ကြားတာတွေကို ရှောင်ရှား နိုင်မယ်။”

“တတိယတစ်ခုက သူတို့ အိတ်ကပ်ထဲထည့်ဖို့ စောင့်နေကြတဲ့ အရာရှိတွေရဲ့ အချိတ်အဆက်ကို ပြတ်အောင် လုပ်ပြီး ဧကရာဇ် ဒီကိစ္စကို စစ်ဆေးပြီး ကိုင်တွယ်တာနဲ့ တာဝန်ခံခိုင်းမယ့်နေ့ကို ရှောင်ရမယ်။ စတုတ္ထအနေနဲ့ ကုန်သည်တွေကို သေချာရွေးခြယ်လို့ရတယ်။ မြို့ထဲမှာ ကုန်သည်ဆယ်ယောက်ထက် မနည်းဘူး။ တစ်ယောက်ချင်းစီကို သူတို့ရဲ့ ရိုးသားမှုကို ပြခိုင်းပြီးတော့ တာဝန်ယူနိုင်မယ့် အသင့်တော်ဆုံးကုန်သည်ကို ရွေးလို့ရတယ်။ ဒါက မျှတတဲ့ ယှဉ်ပြိုင်မှုတစ်ခုပဲလေ။ ပြီးတော့ ဒီကိစ္စကို တာဝန်ယူရမယ့် ကုန်သည်တွေကိုလည်း ပိုပြီးသတိရှိအောင်လည်း လုပ်ပေးသလိုဖြစ်မယ်။ “

အရာရှိများနှင့် အရပ်သားများ ပူးပေါင်းလုပ်ဆောင်မှုသည် ယန်မင်းဆက်တွင် မတည်ရှိဖူးခဲ့သော အရာတစ်ခုဖြစ်၏။ စစ်တပ်ရေးရာဝန်ကြီးရုံး၏ ဒုတိယအဖွဲ့တွင်လည်း ဤအရာကို လုပ်ဆောင်ရန် အာဏာရှိလေသည်။

ဒါက လက်အောက်ငယ်သားတွေ တစ်ခါမှမတွေးခဲ့မိတဲ့ နည်းလမ်းပဲ!

သူတို့ ဒီပြဿနာအကြောင်း တွေးနေတုန်းက သူတို့အိတ်ကပ်ထဲ ထည့်ဖို့ စောင့်နေကြတဲ့ လူအချိတ်အဆက်ကို ဘယ်လိုသတိပေးရမလဲဆိုတာကိုပဲ‌ ခေါင်းကိုက်အောင် စဉ်းစားနေကြတာ။ ဒါပေမဲ့ သူတို့အခြားရှုထောင့်ကနေ ကြည့်တဲ့အခါ သူတို့ရဲ့ အမြင်တွေ ရုတ်တရက် ကျယ်ပြန့်လာမယ်ဆိုတာကို မတွေးမိခဲ့ဘူး!

လုဟွမ်၏ ထိန်းချုပ်ရေးအစီအမံများကို ပြောလိုက်သောအခါ လက်အောက်ငယ်သား အများစု၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားလေသည်။

ကျန်ရှိသောလူများသည်လည်း အလွန်အံ့ဩသွားကြလေ၏။

‘ဒီလူငယ် တင်သွင်းတဲ့ ထိန်းချုပ်ရေးအစီအမံတွေက ခုံပေါ်မှာပဲ ထိုင်နေတဲ့ စစ်ဗျူဟာရှင်ရဲ့ အကြံတွေ မဟုတ်ဘူးလို့ သူတို့ ခံစားမိလိုက်တယ်။ အဲဒီ အစား ပြဿနာကို တိတိကျကျရှင်းပြပြီးတော့ ဒုတိယဌာနရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းပေးလိုက်တာပဲ။’

‘ဒါပေမဲ့ ဒီလူငယ်လေးက ၁၅နှစ်လောက်ပဲ ရှိဦးမှာ။ ဖြေရှင်းနည်းတွေကို သူဘယ်လိုများတွေးနိုင်တာလဲ!’

ဒုတိယဌာန၏ လက်ထောက်ဝန်ကြီးသည် ‘ဒီရာထူးကို သူ့သားတာဝန်ယူရဖို့ ရည်ရွယ်ချက်ရှိပေမယ့် သူ့ရှေ့က လူငယ်လောက် သူ့သားက သေချာပေါက် အစွမ်းအစ မရှိတာကို လက်ခံရမယ်’

‘သူပြောတဲ့အတိုင်းသာ ဖြေရှင်းလို့ရမယ်ဆိုရင် သူတို့ကို အကြာကြီး‌ ဒုက္ခ‌ပေးနေတဲ့ ဒုတိယဌာန ပြဿနာကို အလွယ်လေး ဖြေရှင်းနိုင်တာပဲ!’

လက်ထောက်ဝန်ကြီး၏ မျက်နှာတွင် ချက်ချင်းပင် အပျော်လွန်သော အမူအရာထွက်ပေါ်လာလေ၏။

အမှန်တကယ်တော့ လက်အောက်ငယ်သားများသည် ယုံကြည်ချက်ခိုင်မာနေပြီဖြစ်၏။ ‘တော်ဝင်ကျောင်းတော်က ယန်မင်းဆက်မှာ နံပါတ်တစ်ကျောင်းတော်ဖြစ်နေတာ မဆန်းပါဘူး။ မင်းသားတွေ အကုန်လုံးကို သင်ပေးခဲ့တယ်။ အိမ်ရှေ့စံရဲ့ ဆရာကလည်း တော်ဝင်ကျောင်းတော်ကပဲ။ သူတို့ဆီက သင်ယူရတဲ့ လူတွေက တကယ်ထူးခြားသာလွန်တာပဲ။’

‘ဒီလူငယ်က ငယ်သေးပေးမယ့်လည်း ချည်ထိုးထားတဲ့ ခေါင်းအုံးလေးလို မဟုတ်ဘူး။ အမှန်တကယ် အစွမ်းအစရှိတာပဲ။ သူ့ဗဟုသုတတွေနဲ့ ဗျူဟာတွေကလည်း အတုယူစရာပဲ!’

သို့သော် သူတို့သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက်ခိုင်မာနေသော်လည်း မျက်နှာပေါ်တွင် မဖော်ပြနိုင်ကြသေးချေ။

‘သူတို့အားလုံးဟာ အသက်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လူငယ်‌တွေပဲ။ အသက်လေးဆယ် ဒါမှမဟုတ် ငါးဆယ် အရာရှိတစ်ချို့တောင် ရှိသေးတယ်။ လူငယ်လေးရဲ့ အမိန့်ကို သူတို့က ဘယ်လိုနာခံရမှာလဲ!’

စီမံရေးတာဝန်ခံအေသည် ဘေးပတ်လည်ကို ကြည့်လိုက်၏။ လူတိုင်းသည် တိတ်ဆိတ်နေပြီး ရွေးချယ်စရာမရှိဘဲ လက်ခံကြသည်ကို မြင်သောအခါ အနည်းငယ်စိတ်ဆိုးသွား၏။ သူက မတတ်နိုင်ဘဲ ပြောလိုက်၏။ “အရင်နှစ်တွေက အခြေအနေကို မင်းသိလား။ အခုအကျပ်အတည်းကို မဖြေရှင်းနိုင်ရင် မင်းဘယ်လိုလုပ်မှာလဲ”

စားပွဲခုံနောက်မှလူငယ်သည် သူ့ကိုတစ်ချက်ကြည့်ကာ မေးလိုက်၏။ “ခင်ဗျားရော အရင်နှစ်က အခြေအနေတွေကို သိလား။ မနှစ်က မြင်းတွေဘယ်လောက်ရှိလဲ။ အရာရှိတွေ ဘယ်လောက်ရှိလဲ။ လက်နက်တွေ ဘယ်လောက်ရှိလဲ။”

“...” စီမံရေးတာဝန်ခံအေသည် အားလုံးကို မဖြေနိုင်ချေ။

လုဟွမ် ကျွမ်းကျွမ်းကျင်ကျင် ဖြေတာကိုသာ သူကြားလိုက်ရ၏။ “အရင်နှစ် မတိုင်ခင်က မြင်းပေါင်း ၃၂၀၀ ရှိတယ်။ မနှစ်က စစ်ပွဲမရှိတဲ့အတွက် ၅၀၀ ပဲရှိတယ်။ အရင်နှစ် မတိုင်ခင်က ဒုတိယဌာနမှာ အရာရှိ ၁၂၃ ယောက်ရှိတယ်။ မနှစ်က အဲထက် ပိုများတယ်။ ၁၆၃ယောက်။ တစ်ချို့က ဆွဲခေါ်ခံလာရတာတောင် ဖြစ်နိုင်တယ်။ အရင်နှစ် မတိုင်ခင်က လက်နက်ပေါင်း ဂို‌‌ဒေါင်နှစ်ခုနဲ့ တစ်ဝက်စာ ရှိတယ်။ မနှစ်က တော်တော်များများ သံချေးတက် ကုန်တယ်။ အဲဒါကြောင့် ဂိုဒေါင်နှစ်ခု အပြည့်ရှိတယ်။”

‘ဒီလိုမျိုး စာရင်းစာအုပ်ပေါင်း ဆယ်ခုထက် ပိုရှိ၏။ ထန့်ဟွားလန် စီမံရေးတာဝန်ခံဘီရဲ့ မသပ်မရပ် မှတ်ထားတာတွေလေ။ ထန့်ဟွားလန် စီမံရေးတာဝန်ခံဘီပဲ နားလည်နိုင်တာ။ ဒါပေမဲ့ သူ ဒုတိယဌာနကို ရောက်တာ နေ့တစ်ဝက်ပဲရှိသေးတာ ဘာလို့ အကုန်လုံးကို မှတ်မိနိုင်တာလဲ!'

‘ဘယ်လိုမျိုး ဉာဏ်ကြီးရှင် မှတ်ဉာဏ်မျိုးပါလိမ့်!’

ထိုအချိန် လူအားလုံး ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားကြကာ တိတ်ဆိတ်နေကြ၏!

လုဟွမ်သည် သူ့ကိုယ်သူတွေးလိုက်၏။ ‘သူ(မ) ဘယ်လိုရှာတွေ့လာလဲတော့ မသိပေမယ့် သူ(မ)ရခဲ့တဲ့ ဒီစာရင်းစာအုပ်က အသုံးဝင်လာတာပဲ။’

ယခုပင် စာအုပ်ကို အကြမ်းဖတ်ကြည့်လိုက်ပြီး အားလုံးသည် အတိုချုံ့ အသုံးဝင်သော ဂဏန်းများ ဖြစ်တာကို သိလိုက်ရ၏။ အချိန်တို အတွင်းတွင်ပင် လှန်လှော်ကြည့်ကာ အားလုံးကို မှတ်ထားလိုက်လေသည်။ ဤအချိန်တွင် အဲဒါကိုအသုံးပြုကာ လူများကို ကြောက်အောင် လုပ်နိုင်ခြင်းသည် သူ(မ)၏ အားထုတ်မှုများပင်။

ဒုတိယဌာန၏ လက်ထောက်ဝန်ကြီးသည် လုဟွမ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေကာ သူ၏ မျက်နှာအမူအရာသည် တစ်ခုပြီးတစ်ခု ပြောင်းနေလေသည်။

ခဏအကြာတွင် သူ့လက်များကို ဝှေ့ရမ်းလိုက်ပြီး အောက်မှ စီမံရေးတာဝန်ခံကို ပြောလိုက်၏။ “ဝန်ကြီးရဲ့ အကြံပေး အရာရှိပြောတဲ့အတိုင်း လုပ်လိုက်”

‘ဝန်ကြီးရဲ့ အကြံပေးအရာရှိ’ ဟူသော စကားလုံးများ သူ့ပါးစပ်မှ ထွက်လာခြင်းသည် လုဟွမ်ကို အဆင့်ငါး ဝန်ကြီးအကြံပေးအရာရှိအဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည်ဟု အဓိပ္ပာယ်ရလေသည်။

All Chapters