Chapter 43
Vol. 5 Ch. 43
၃ရက်ကြာသောအခါ လုဟွမ်၏နည်းလမ်း ၂ ခုသည် ထိရောက်လာလေ၏!
တတိယဌာနသည် လူအင်အား လျော့နည်းနေပြီးဖြစ်သဖြင့် ဒုတိယဌာနလက်အောက်ရှိ အရာရှိအရေအတွက်ကို လျှော့ချနိုင်သည်မှာ သူတို့အတွက် သဘာဝကျလှသည်။ ဤအရာသာမကပဲ တတိယဌာနသည် စော်ကားမှုကို အနာတရအဖြစ်သို့ ပြောင်းချင်သော စိတ်ကူးရှိနေသေးသည်။ ဒုတိယဌာနက ဤပြဿနာကို တာဝန်ယူပြီး စိတ်သောကရောက်လိမ့်မည်ဟုပင် သူတို့ထင်ထားကြ၏။ အချိန်တန်သောအခါ ပို၍ ပရမ်းပတာဖြစ်လာလိမ့်မည်။
သို့သော် ဒုတိယဌာနသည် မြင်းများကို စီမံရန်အတွက် မြင်းထိန်းများ ထပ်ခန့်လိမ့်မည်ဟု သူတို့မတွေးခဲ့မိချေ။
မြင်းထိန်းများက စစ်သားများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မည့် သဲလွန်စဖြစ်သော ဖျန်ဖြေပေးသူတစ်ယောက်လည်း ရှိနေလေသည်။ ဒါဟာ အလုပ်အာမခံချက် တစ်ခုပင်။
မြင်းထိန်းများကို သေချာလေ့ကျင့်ပေးထားလေ၏။ သူတို့ ဒုတိယဌာနမှရသော လစာသည် မများသော်လည်း တိုင်းပြည်၏ လစာကို စားနေရသည်ဟု မြင်းထိန်းများက ထင်ကြလေသည်။ ဒါကြောင့် လစာနည်းသည်ကို သူတို့ စိတ်ထဲမထားချေ။ ထိုအစား သူတို့ပျော်ကြလေသည်!
ဒီနည်းဖြင့် ဒုတိယဌာနသည် ဤပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းလိုက်နိုင်ရုံသာမက ရေရှည်တွင်လည်း သူတို့၏ ငွေကြေးအသုံးစရိတ်ကို လျှော့ချနိုင်မည်ဖြစ်၏။
လက်နက်များ၏ ပြဿနာကိုလည်း လျင်မြန်ချောမွေ့စွာ ဖြေရှင်းနိုင်လိုက်လေသည်။
ဒုတိယဌာန၏ သတင်းများ ထုတ်ပြန်ပြီးနောက်တွင် မြို့တော်မှ ချမ်းသာသောကုန်သည်အများစုသည် အနားမယူနိုင် ဖြစ်လာကြလေ၏။
လုဟွမ်က စီမံရေးတာဝန်ခံများကို ဤပူးပေါင်းမှုနှင့် ပတ်သက်ပြီး တကြွကြွဖြစ်စေခဲ့၏။ ချမ်းသာသောကုန်သည်များက ဤအလုပ်သည် အမြတ်များသည်ဟု ထင်စေကာ သူတို့စိတ်ထဲ၌ တစ်ယောက်ကို တစ်ယောက် လျှို့ဝှက်စွာ သူ့ထက်ငါ သာလွန်အောင် လုပ်နေကြလေသည်။
ချမ်းသာသောကုန်သည်များ ဤအလုပ်ကိုအရယူရန် သူတို့ဦးနှောက်ကို ဖျစ်ညှစ်ကာ နည်းလမ်းပေါင်းစုံ တွေးနေစဉ်တွင် သူတို့ကို ပေးမည့် အမြတ်အစွန်းများကို သင့်တော်စွာ လျှော့ချသွားပေမည်။
ဤနည်းဖြင့် ပြဿနာကို အောင်မြင်စွာ ဖြေရှင်းလျက် ဒုတိယဌာန၏ လူအင်အားနှင့် ငွေကြေးအသုံးစရိတ်ကို များစွာ လျှော့ချနိုင်လိမ့်မည်။
ဤပြဿနာနှစ်ခုသည် စစ်တပ်ရေးရာဝန်ကြီးရုံးရဲ့ဒုတိယဌာန၏ ခေါင်းခဲစရာ ဖြစ်ခဲ့လေသည်။ နှစ်စဉ် စစ်သားများစုဆောင်းစချိန်တွင် ဤပြဿနာနှစ်ခုကို ဖြေရှင်းရန် စီမံရေးတာဝန်ခံများစွာ လိုအပ်ခဲ့၏။
အချို့လူများသည် ချွေးသိမ့်ရန်အတွက် မြို့တော်မှ လူများဆီသို့ သွားလည်နေစဉ်တွင် အချို့က လက်နက်များ ဘယ်ဆီဘယ်ဝယ်ရောက်နေသလဲကို စိတ်ဖိစီးစွာ ရှာဖွေခဲ့ရ၏။ တိုတိုပြောရလျှင် သူတို့ ရှုပ်ထွေးနေခဲ့ကြသည်။
သို့သော် ဝန်ကြီးအကြံပေးအသစ် ရုံးသို့ရောက်လာပြီးနောက် သူသည် ဒုတိယဌာန၏ ပြဿနာနှစ်ခုကို လျင်မြန်စွာ ဖြေရှင်းလိုက်လေသည်။ သူသည် မြန်ဆန်ပြီး တိကျပြတ်သားကာ သူ၏ လုပ်ဆောင်ချက်များသည် ချီးမွမ်းထိုက်သည်ဟု ပြောရပေမည်။
ဤပြဿနာပြီးနောက် လုဟွမ်အပေါ်ထားသည့် ဒုတိယဌာနမှ စီမံရေးတာဝန်ခံများ၏ စိတ်သဘောထားသည် အနည်းငယ်ပြောင်းလဲသွားလေ၏။
အစက ဤလူငယ်သည် သူ၏ စစ်သူကြီးယွင်နှင့် နင်းဖူမင်းသားရဲ့ ဆက်ဆံရေးကို အမှီပြုကာ အစိုးရရုံသို့ ဝင်လာသည်ဟု သူတို့ထင်ခဲ့ကြ၏။ သို့သော် ယခုတွင် ဤလူငယ်သည် ကြံရည်ဖန်ရည်ရှိပြီး တိကျပြတ်သားသည်ဟု ထင်ကြသည်။ ထူးချွန်သည်မှာ သေချာပေ၏။ သူတို့နှင့် မယှဉ်လျှင်တောင် မြို့တော်ရှိ မျိုးရိုးမြင့် မိသားစုများမှ ကလေးများကြားတွင် သေချာပေါက် ရှားရှားပါးပါး ထူးချွန်ပြီး ပါရမီရှိသူ ဖြစ်လေသည်။
ပြဿနာများ ဖြေရှင်းပြီးသည်ကို မြင်ပြီးနောက် လက်ထောက်ဝန်ကြီး သည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်လေ၏။ အသစ်ခန့်ထားတဲ့ လူငယ်လေးအတွက် သဘောကြမှုတစ်ချို့ ရှိလာလေသည်။ တွေးကြည့်မယ်ဆိုရင် ဒီလူငယ်သာ ဒီမှာဆက်နေပြီး ဝန်ကြီးအကြံပေးလုပ်နေမယ်ဆိုရင် ဒုတိယဌာနရဲ့ နှစ်စဉ်လုပ်ဆောင်ချက်ကို စိတ်ပူစရာလိုဦးမှာလား။ သူရာထူးမတိုးမှာကို စိုးရိမ်နေမိတာလား။ အရင်က သူ့ကို ရှင်းပစ်ပြီးတော့ သူ့သားကို ဒီနေရာ ယူစေချင်ခဲ့တာ အခုတွေးကြည့်တော့ အဲလိုလုပ်တာက အလကားပဲလို့ ထင်မိတယ်။
လက်ထောက်ဝန်ကြီး သည် ရုတ်တရက် ဖော်ရွေလာလေသည်။ လုဟွမ်၏ စခရင်နောက်ရှိ စားပွဲပေါ်တွင် အပင်အိုးများ ပိုထားရန်၊ မီးသွေးပိုထားရန်၊ ရေပိုလောင်းရန်နှင့် ရှင်းလင်းရန် စီမံရေးတာဝန်ခံအချို့အား မှာကြားလိုက်သေး၏။
အဆင့်ငါးအရာရှိဆေးဆရာ၏ သဘောထားကို စီမံရေးတာဝန်ခံများ မြင်သောအခါ လုဟွမ်အပေါ်ထားသည့် သူတို့၏သဘောထားသည် အလိုလိုပင် ပြောင်းလဲသွားလေသည်။
နောက်တစ်ရက် စုရှီလိုင်းတက်သောအခါ ဂိမ်းထဲတွင် ၃ရက် ကျော်လွန်သွားပြီဖြစ်၏။ သို့သော် သူ(မ)မျက်လုံးများ ပြူးကျယ်သွားလေသည်။
‘ကျိုက်ကျိုက်ရှိတဲ့ စစ်တပ်ရေးရာဝန်ကြီးရုံးရဲ့ ဒုတိယဌာနက ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်ထားတယ်လို့ ဘာလို့ခံစားမိနေတာလဲ။’
စခရင်နောက်မှ စားပွဲတွင် ကျိုက်ကျိုက် ထိုင်နေသည်ကို သူ(မ)တွေ့လိုက်ရ၏။ အချိန်နှင့်အမျှ စုတ်တံကို ကိုင်ပြီး မှင်တွင်နှစ်ပြီး တစ်စုံတစ်ခု ရေးနေလေသည်။
မှင်ကုန်သွားပြီးနောက် စတိုခန်းတွင် သွားယူရန် ကျိုက်ကျိုက်ထလိုက်လေ၏။
သို့သော် အပြင်မှ စီမံရေးတာဝန်ခံတစ်ဦးသည် ပြေးဝင်လာကာ စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။
“ကျေးဇူးပြုပြီး ထိုင်နေပါ ဝန်ကြီးအကြံပေး။ ကျွန်တော့်မှာ ဘာမှလုပ်စရာမရှိပါဘူး။ အကြံပေးအတွက် မှင်သွေးပေးပါမယ်!”
သူပြောပြီးသောအခါ ကျိုက်ကျိုက်၏ တုံ့ပြန်မှုကိုပင် မစောင့်ချေ။ သူ့အင်္ကျီလက်များကို စိတ်လှုပ်ရှားစွာ လိပ်တင်လိုက်ပြီး မထွက်သွားချင်ဟန်ဖြင့် ကျိုက်ကျိုက်၏ စားပွဲပေါ်မှီလိုက်လေသည်။ သူသည် ကျိုက်ကျိုက်အတွက် မှင်ကို အာရုံစိုက်စွာ သွေးလေတော့၏။
ကျိုက်ကျိုက်၏ ခေါင်း “...”
စုရှီ "..."
အလွန်သိသိသာသာ ဖားတတ်သော တတိယစီမံရေးတာဝန်ခံပင်။
အပြင်တွင် မိုးဖွဲများကျနေလေ၏။ ကျိုက်ကျိုက်သည် ဆီစက္ကူထီးကို ဖွင့်လိုက်ပြီး အရာရှိအိမ်ရာသို့ ပြန်ရန် စီစဉ်လိုက်လေသည်။ သို့သော် အခြားစီမံရေးတာဝန်ခံတစ်ဦးသည် သူ့၏ ခြေတံတိုများနှင့် အမြန်လျှောက်လာပြီး ကျိုက်ကျိုက်၏ဘေးတွင် ထီးဖွင့်လိုက်လေ၏။ သူသည် ဖော်ရွေသော အမူအရာဖြင့် ပြောလိုက်၏။
“ဝန်ကြီးအကြံပေး၊ ကျွန်တော်တို့ အတူတူ ပြန်ကြမလား”
ဤလူသည် အခြားစီမံရေးတာဝန်ခံများ ကျိုက်ကျိုက်ကို ပြောဆိုနေချိန်တွင် ကျိုက်ကျိုက်ဘက်မှ ကူပြောပြီး ကာကွယ်ပေးခဲ့သူဖြစ်၏။
သိသာသည့် လေးစားမှုပြတတ်သော စီမံရေးတာဝန်ခံပင်။
ဒုတိယဌာန၏ ပြဿနာများကို ကျိုက်ကျိုက် လျင်မြန်ပြတ်သားစွာ ဖြေရှင်းပြီးချိန်တွင် ကျိုက်ကျိုက်အပေါ်ထားသည့် စီမံရေးတာဝန်ခံအများစု၏ အမြင်များနှင့် သဘောထားများ ပြောင်းလဲသွားလေတော့သည်။
သို့သော် ကျိုက်ကျိုက် လျှို့ဝှက်၍ တော်ဝင်ကျောင်းတော်မှ စီမံခန့်ခွဲမှုနည်းများ သင်ယူခဲ့ပြီး စစ်တပ်ရေးရာဝန်ကြီးရုံး၏ ကျွမ်းကျင်သူရှေ့တွင် ထုတ်ကြွားတာဟု ထင်နေကြသော လူတစ်စုလည်း ရှိသေး၏။ ကြီးကျယ်သောအရာမဟုတ်ဘူးဟု သူတို့ခံစားရ၏။ ဤအချိန်တွင် ဒီပြဿနာကို ဖြေရှင်းနိုင်သော်လည်း ကျိုက်ကျိုက်သည် အနာဂတ်မှ စစ်တပ်ရေးရာဝန်ကြီးရုံး၏ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဟု မဆိုလိုချေ။
လက်မခံနိုင်သေးသော သူများသည် စီမံရေးတာဝန်ခံအေနှင့် စီမံရေးတာဝန်ခံဘီဘေးတွင် ဝန်းရံကာ ကျိုက်ကျိုက်ကို အချိန်နှင့်အမျှ သရော်နေကြ၏။ အစည်းအဝေးအချိန်များတွင် သူတို့သည် နေမကောင်းဘူးဟု အသေးစိတ်ပြောကာ ကျိုက်ကျိုက်အတွက် ပြဿနာရှာရန် ရောက်မလာကြချေ။
စီမံရေးတာဝန်ခံအေတွင် စိတ်လိုက်မာန်ပါ ပြုမူတတ်သော စရိုက်ရှိ၏။ သူသည် ကျိုက်ကျိုက်ကို သိသိသာသာ ခက်ခဲအောင်လုပ်ပြီး ပြဿနာရှာနေသည်မှာ သေချာလေသည်။
တစ်ဘက်တွင် စီမံရေးတာဝန်ခံဘီသည် အပြင်ပန်းအားဖြင့် အေးချမ်းပြီး ကျိုက်ကျိုက်ကို ဖော်ရွေသည့်ပုံပေါ်၏။ သို့သော် နောက်ကွယ်တွင် သဘောထားကွဲလွဲရန် သွေးထိုးသည့် စကားလုံးများကို ထပ်ခါထပ်ခါ သုံးနှုန်းလေသည်။ ကင်းကင်းရှင်းရှင်းနေသည်ဟုပင် ဟန်ဆောင်လိုက်သေး၏။
စုရှီသည် ဤလူလေးနှစ်ဦး၏ မျက်နှာများကို ကြည့်လျက် ကျိုက်ကျိုက်အတွက် သူ(မ)၏ လက်ချောင်းများကို ဆန့်ကာ သူတို့ကို ရွံ့ထဲတွန်းထုတ်ပြီး ကောင်းကောင်းရိုက်နှက်နိုင်လျှင် ကောင်းမည်ဟု ဆုတောင်းနေမိလေသည်။
ဤလူနှစ်ဦးသည် စစ်တပ်ရေးရာဝန်ကြီးရုံး၏ ဒုတိယဌာနကို နှောင့်ယှက်ရန် ဦးဆောင်နေကြ၏။ ယခင်တစ်ခေါက်က ပြဿနာများကို ကျိုက်ကျိုက် ဖြေရှင်းလိုက်နိုင်ပြီး လူအများစု၏ နှစ်သက်မှုကို ရခဲ့သော်လည်း ဒီလူနှစ်ဦး ပြဿနာဆက်ရှာနေလျှင် စစ်တပ်ရေးရာဝန်ကြီးရုံး၏ ဒုတိယဌာနသည် ကျိုက်ကျိုက်၏ စီရင်ပိုင်ခွင့်အောက်တွင် ရေရှည်ရှိနိုင်မည်မဟုတ်ချေ။
ကျိုက်ကျိုက်သည် သူ(မ)အား စိတ်လျှော့ရန်ပြောပြီး တစ်စုံတစ်ခု လုပ်လိုက်လေသည်။
ပထမဦးစွာ စီမံရေးတာဝန်ခံ အေ နှင့် စီမံရေးတာဝန်ခံ ဘီ သည် ညနေတိုင်း ရုံးတော်မှ ထွက်သွားပြီးနောက် ဘယ်နေရာရောက်နေသလဲအား နင်းဖူမင်သားအိမ်တော်မှ သူနှင့်အတူ ခေါ်လာသော ကိုယ်ရံတော်များကို စုံစမ်းစေသည်။ စီမံရေးတာဝန်ခံ အေ သည် တစ်ခါတစ်ရံ၌ လောင်းကစားရုံတွင် ရောက်နေစဉ် စီမံရေးတာဝန်ခံ ဘီ သည် ကဗျာအဖွဲ့တွင် အချိန်ဖြုန်းလေ့ရှိသည်ကို သူသိလိုက်ရ၏။
ထို့နောက် ပထမနေ့တွင် စီမံရေးတာဝန်ခံ ဘီ ဈေးသွားသည့်လမ်း၌ သူ့၏ တော်ဝင်ကိုယ်ရံတော်များကို ရွှေ၊ငွေနှင့် လက်ဝတ်ရတနာအချို့အား စီမံရေးတာဝန်ခံ အေ ဆီသို့ ပို့ခိုင်း၏။ သူ့တော်ဝင် ကိုယ်ရံတော်များကို ခိုးကြောင်ခိုးဝှက်လုပ်ခိုင်းသော်လည်း စီမံရေးတာဝန်ခံ ဘီ မြင်သွား ခဲ့လေသည်။
စီမံရေးတာဝန်ခံ ဘီ မြင်သောအခါ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားလေ၏။
နောက်တစ်နေ့တွင် စီမံရေးတာဝန်ခံ အေ သည် ရုံးတော်သို့ နေ့တစ်ဝက်နောက်ကျမှ ရောက်သောအချိန်၌ နောက်ကွယ်တွင် သူနှင့် စီမံရေးတာဝန်ခံ ဘီ ၏ လျှို့ဝှက်စကားဝိုင်းနှင့် စီမံရေးတာဝန်ခံ ဘီ ကို ကဗျာစာအုပ် ပေးလိုက်သည်နှင့် စီမံရေးတာဝန်ခံ အေ သည် ဝင်တိုက်မိလေ၏။
စီမံရေးတာဝန်ခံအေ မတော်တဆ အဲဒါကို ဝင်တိုက်ပြီးနောက် သူ့မျက်နှာသည် တဖြည်းဖြည်း စိမ်းလာလေသည်။
ယခုလို လုပ်ပြီးနောက် ... ...
၃ရက်အတွင်းတွင် ပြောင်းလဲမှုအနည်းငယ် ရှိလာလေသည်။ စီမံရေးတာဝန်ခံ အေ နှင့် စီမံရေးတာဝန်ခံ ဘီ တို့နှစ်ယောက်ကြား ဆက်ဆံရေးသည် ပိုမိုတင်းမာလာပြီး ကျိုက်ကျိုက်အပေါ် သူတို့၏ အပြုအမူသည် ယခင် မပူးပေါင်းချင်သော အပြုအမူမှ ကျိုက်ကျိုက်နှင့် ခင်မင်ရန် အစွမ်းကုန် ကြိုးစားသည့် အပြုအမူအဖြစ်သို့ ပြောင်းလဲလာခဲ့၏!
‘စီမံရေးတာဝန်ခံ အေ နဲ့ စီမံရေးတာဝန်ခံ ဘီ နှစ်ဦးစလုံး ပူးပေါင်းဆောင်ရွက်လာ၏။ ခေါင်းသွားလျှင် အမြီးပါရစမြဲ ဆိုတဲ့ ဆိုရိုးအတိုင်းပင်။ တခြားစီမံရေးတာဝန်ခံတွေ ကျိုက်ကျိုက်ကို ဘယ်လို ပြဿနာ ရှာတော့မလဲ!’
‘ပထမက စုရှီဟာ ကျိုက်ကျိုက် တော်ဝင်ကိုယ်ရံတော်တွေကို အဲနေ့က စီမံရေးတာဝန်ခံ အေ ဆီ ပို့ခိုင်းပြီး စီမံရေးတာဝန်ခံ ဘီ နဲ့ ဘာဆွေးနွေးခဲ့တာလဲဆိုတာကို နားမလည်ခဲ့ဘူး။ ဒီနှစ်ယောက်က ရုတ်တရက်ကြီး ကျိုက်ကျိုက်ရဲ့ ပထမဦးစားပေးဖြစ်ဖို့ ရန်ဖြစ်နေကြတာလား!’
ယနေ့ သူတို့ ရုံးတော်မှ ထွက်လာချိန်တွင် ကျိုက်ကျိုက်က ရှင်းပြလေသည်။
“တကယ်တော့ ပထမနေ့က တော်ဝင်ကိုယ်ရံတော်တွေကို စီမံရေးတာဝန်ခံ အေ ရဲ့ အိမ်ပေါက်ဝဆီ ရွှေနဲ့ငွေကို ခဏသယ်သွားခိုင်းတာ စီမံရေးတာဝန်ခံ အေ ဆီကို တကယ်မပို့ခိုင်းခဲ့ဘူး။ နောက်နေ့ကြတော့ စီမံရေးတာဝန်ခံ ဘီနဲ့ ငါက ဒီတိုင်း ရာသီဥတုအကြောင်း ပြောနေကြတာ မဟာမိတ်ဖွဲ့တာတွေ ဘာတွေ မပြောပါဘူး။”
စုရှီသည် သူ၏ ဘယ်ဘက်အင်္ကျီလက်ကို ဆွဲလိုက်ပြီး သူ(မ)နားထောင်နေကြောင်း ညွှန်ပြလိုက်၏။
ကျိုက်ကျိုက်သည် ဘယ်ဘက်သို့ နူးညံ့စွာကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ဒါပေမဲ့ စီမံရေးတာဝန်ခံ အေ နဲ့ စီမံရေးတာဝန်ခံ ဘီ သဘောထား ကွဲနေတာကြာပြီ။ နောက်တစ်ယောက်က အရင်ဆုံး ခေါင်းဆောင်ဖြစ်သွားမှာကို ကြောက်နေကြတာ။ လုပ်တဲ့သူကတော့ သတိမထားမိလောက်ပေမယ့် မြင်တဲ့သူကတော့ အထိန်းအကွပ်မဲ့ပြီး ဆန်းကြယ်တဲ့ အတွေးတွေနဲ့ ပြည့်နေမှာပဲ။”
“ဒီလူနှစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အသုံးချပြီးတော့ သူတို့ထဲက တစ်ယောက်ကို ကောင်းကျိုးပေးလိုက်ရင် နောက်တစ်ယောက်က မြင်တဲ့အခါ စိုးရိမ်လာမှာပဲ။”
“စီမံရေးတာဝန်ခံအေကို ငါက တိတ်တိတ်လေး လာဘ်ထိုးတယ်လို့ စီမံရေးတာဝန်ခံဘီက သံသယဝင်ပြီး စီမံရေးတာဝန်ခံအေက ငါနဲ့ တစ်ဘက်တည်းဖြစ်သွားပြီးတော့ သူ့အတွက် ခက်ခဲလာမှာကို စိုးရိမ်မယ်။ စီမံရေးတာဝန်ခံအေကလည်း စီမံရေးတာဝန်ခံဘီက ငါနဲ့ အရင်ဆုံး ရင်းနှီးပြီးတော့ ငါနဲ့ပေါင်းပြီး သူ့ကို စစ်တပ်ရေးရာဝန်ကြီးရုံးရဲ့ ဒုတိယဌာနကနေ ကန်ထုတ်မှာကို စိုးရိမ်မယ်။ သူ့အတွက် အဲဒါ အဆုံးသတ် ဖြစ်သွားမှာလေ။”
“ပြီးတော့ အဲလူနှစ်ယောက်က နှစ်ပေါင်းများစွာ မနာလိုနေကြတာ။ နှစ်ပေါင်းများစွာ စုပြုံနေတဲ့ အမုန်းတရားတွေနဲ့ ယှဉ်ပြိုင်မှုတွေက လွယ်လွယ်ဖြေရှင်းလို့မရဘူးလေ။ သူတို့နှစ်ယောက် ပူပေါင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ တန်ပြန်မှုတစ်ခုတော့ ရှိတာပေါ့။ အဲဒါက သူတို့နှစ်ယောက် ကွဲပြီး ငါ့ကို အမွှမ်းတင်တာပဲလေ။ ဒီနည်းနဲ့ဆို စစ်တပ်ရေးရာဝန်ကြီးရုံးရဲ့ ဒုတိယဌာနမှာ ငါလုပ်ချင်တာလုပ်လို့ မရနိုင်ဘူးလား။”
စခရင်ပြင်ပတွင် စုရှီနားလည်သွားခဲ့၏။ နားလည်ရုံတင်မကဘဲ အံ့အားသင့်သွားခဲ့လေသည်။
‘သူ(မ)ရဲ့ ကျိုက်ကျိုက်က ဘာလို့ ဒီလောက် ဉာဏ်ကောင်းရတာလဲ’
‘ကျိုက်ကျိုက်ရဲ့ နည်းလမ်းတစ်ချို့ကို သူ(မ)နားလည်လိုက်တယ်။ ဒါဆရာပြောပြထားတဲ့ ဂိမ်းသီအိုရီထဲက အကျဉ်းသားရဲ့ အကျပ်ရိုက်မှု မဟုတ်ဘူးလား။’
ရှေးခေတ်အခါက အရာရှိများကို ဧကရာဇ်က အုပ်ချုပ်သည့် နည်းလမ်းဟာ အထူးသဖြင့် ညီတူညီမျှပင်ဖြစ်၏။ အရာရှိများကို အချင်းချင်း တိုက်ခိုက်စေပြီး ဧကရာဇ်က နှစ်ဘက်စလုံးမှ ကောင်းကျိုးရလေသည်။
ကျိုက်ကျိုက်မှာ ၁၅ နှစ်သာ ရှိသေးသော်လည်း ဤနည်းကို အတော်ကျွမ်းကျင်လေသည်။ ယခုအချိန်တွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိသေးသော်လည်း ဧကရာဇ်၏ ကနဦးပုံစံကို စတင်ပြသလာသဖြင့် စခရင်ပြင်ပမှ သူ့အမေသည် ဝမ်းမြောက်ပြီး ခံစားသွားရ၏။
လုဟွမ်သည် ဆီစက္ကူထီးကို မြှောက်ကိုင်ထား၏။ လမ်းမှလူများသည် အပြာရောင်ကျောက်တုံးလမ်းပေါ် သူတစ်ယောက်တည်း လျှောက်နေတာဟု ထင်ကြလေသည်။ ထီးကို တစ်ယောက်တည်း စောင်းနေသော်လည်း သူ၏ ပခုံးတစ်ခြမ်းသည် စိုနေသေး၏။
‘ဒါပေမဲ့ သူ(မ) သူ့ဘေးမှာ ရှိနေတာကို သူပဲသိတယ်။’
‘တစ်ခါတစ်ရံမှာ စစ်တပ်ရေးရာဝန်ကြီးရုံးရဲ့ ဒုတိယဌာနက အရှုပ်အယှက်တွေကို သူ(မ)ကို မမြင်စေချင်ဘူး။ အရင်ရက်က လှောင်ပြောင်ပြီး မထီမဲ့မြင်ပြုနေပြီးတော့ နောက်တစ်ရက်မှာ ကပ်ဖားနေတဲ့ လူတွေက အတော်အကျည်းတန်တယ်။ ဖြစ်နိုင်ရင် သူ(မ)၏ မျက်လုံးတွေကို ဒီအရာက ညစ်နွမ်းသွားအောင် မလုပ်ဖို့ သူမျှော်လင့်မိ၏။’
‘ဒါပေမဲ့ သူတို့နှစ်ယောက်က ခရီးရှည်ကြီးကို အတူလျှောက်လှမ်းလာခဲ့ကြတယ်။ ဓားသွားကို ရင်ဆိုင်ပြီးတော့ ပြဿနာတွေကို အတူဖြေရှင်းရတာ ကောင်းတယ်။ ကောင်းလွန်းလို့ ဒီလမ်းဟာ ဘယ်တော့မှ အဆုံးမသတ်သွားဖို့ မျှော်လင့်မိတယ်။’
လုဟွမ်သည် မိုးဖွဲများ ရပ်တန့်သွားကြောင်း မသိခဲ့ချေ။ သူ၏ အင်္ကျီလက်များ ဆွဲခံလိုက်ရသည်ကို ခံစားမိသောအခါ သူ့မျက်ခုံးစွန်းများနှင့် နှုတ်ခမ်းထောင့်များ နူးညံ့သွားလေ၏။ သူ၏စိတ်ထဲတွင် တွေးလိုက်၏။
‘မိုးတိတ်သွားတဲ့အခါ သူ(မ)ကို သာမန်လူတွေလို သူ(မ)သွားချင်တဲ့နေရာတွေ သွားလို့ရအောင် ခြေထောက်တစ်စုံရော၊ ဘယ်အရာကိုမဆို အရသာခံနိုင်အောင် ပါးစပ်ရော၊ ပြီးတော့ ကမ္ဘာကြီးကို မြင်နိုင်အောင် မျက်လုံးတစ်စုံရှိအောင် လုပ်ပေးနိုင်ဖို့ နည်းလမ်းတွေ့ရင် ကောင်းမယ်လို့ မျှော်လင့်မိတယ်’
သူ နည်းလမ်းရှာရမယ်။
ယခုလိုဖြင့် စစ်တပ်ရေးရာဝန်ကြီးရုံးမှ ဒုတိယဌာန၏ အရှုပ်အယှက်များ အဆုံးသတ်သွားလေ၏။ စစ်တပ်ရေးရာဝန်ကြီးရုံးမှ ဒုတိယဌာနကို ကျိုက်ကျိုက်က အချိန်အတော်ကြာလောက် နှိမ်နင်းထားနိုင်ခဲ့လေသည်။
စုရှီ၏ အပိုမစ်ရှင်ဖြစ်သော စစ်တပ်ရေးရာဝန်ကြီးရုံးမှ ဒုတိယဌာနရှိ အရာရှိများ၏ စိတ်ကို အရယူပါ ဟူသည်လည်း ပြီးမြောက်သွားလေပြီ။ အမှတ် ၂ မှတ် ထပ်ရလေသည်။
စုရှီသည် မည်သည့်နေရာကို လော့ဖြည်ရန် အမှတ်များကို သုံးရမည်ဖြစ်ကြောင်း မစဉ်းစားရသေးချေ။ ထို့ကြောင့် ယခုအချိန်တွင် သူ(မ)သည် စိတ်လှုပ်ရှားစွာ သိမ်းဆည်းထားလိုက်လေသည်။
စစ်တပ်ရေးရာဝန်ကြီးရုံးမှ ဒုတိယဌာနရှိ ကျိုက်ကျိုက်၏ ရာထူးအပြင် သူသည် တော်ဝင်ကျောင်းတော်တွင် စာဆက်လေ့လာရဦးမည်ဖြစ်၏။
ရှန်ကွမ်အမတ်သည် ထောင်ထဲ၌ ရှိနေပြီဖြစ်၏။ ကျိုက်ကျိုက်သည် တော်ဝင်ကျောင်းတော်တွင် စာအုပ်များကို အေးအေးဆေးဆေး ဆက်ဖတ်နေလေသည်။
အသိပညာ ဗဟုသုတ လိုချင်နေသော ကျိုက်ကျိုက်သည် ဤအခွင့်အရေးကိုယူကာ စာကြည့်တိုက်မှ စာအုပ်များကို ဖတ်နေလေ၏။ မှောင်တဲ့အချိန်အထိ ဖတ်နေလေသည်။
စုရှီလိုင်း မဆင်းခင် သူ(မ)သည် သူ၏အင်္ကျီလက်ကို ဆွဲကာ ပြန်အိပ်ရန် ပြောခဲ့၏။ သူလည်း သဘောတူခဲ့သည်။ စုရှီပျောက်သွားသောအခါ သူသည် နောက်လှည့်ပြီး ပြန်သွားခဲ့၏။
သို့သော် နောက်တစ်နေ့တွင် စုရှီလိုင်းတက်သောအခါ ကျိုက်ကျိုက် စာကြည့်တိုက်ထဲ၌ ထပ်ပြီး အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။
ကြမ်းပြင်ပေါ်တွင် ဖျာကို အလောတကြီး ဖြန့်ပြီး လက်ထဲ၌ စာအုပ်ကိုင်ကာ သူ၏ ပုံမှန်အဝတ်အစားများနှင့် အိပ်ပျော်နေသော ကျိုက်ကျိုက်ကို ကြည့်၍ သူ(မ)သည် ဒေါသ ထွက်သွားလေသည်။
‘သူ(မ)ရဲ့ ကလေးက စာလေ့လာရတာ အလွန်ကြိုက်နေရင် ဘယ်လိုလုပ်ရမလဲ။ သူ့ရဲ့ ဆန်မုန့်လုံးလို မျက်နှာလေး သေးသေးလာတော့မှာပဲ!’
စုရှီသည် ကျိုက်ကျိုက်ကို မနှောင့်ယှက်နိုင်ချေ။ မည့်သို့ပင်ဖြစ်စေ ကျိုက်ကျိုက်သည် အစိုးရဌာနတွင် ဒုတိယတာဝန်ရှိသူဖြစ်၏။ သူအနည်းငယ် နောက်ကျလျှင်လည်း ကိစ္စမရှိပေ။ ထို့ကြောင့် ဆိုင်မှ သိုးမွှေးစောင်ကို လဲလှယ်ကာ ကြမ်းပြင်မှ အထုပ်အသေးလေးကို ခြုံပေးရန် စီစဉ်လိုက်၏။
ခြုံပြီးသောအခါ ကျိုက်ကျိုက်၏လက်ထဲမှ “တိုင်းပြည်အုပ်ချုပ်မှုနည်းလမ်း” စာအုပ်ကိုယူရန် စုရှီ အကောင်းဆုံး ကြိုးစားလေသည်။
သို့သော် ဤအခိုက်အတန့်တွင် “တိုင်းပြည်အုပ်ချုပ်မှုနည်းလမ်း” စာအုပ်အဖုံးမှ အခြားစာအုပ် ထွက်ကျလာလေသည်။ အဲဒါဟာ ကြမ်းပြင်သို့ ကျလုနီးပါးဖြစ်ကာ ကျိုက်ကျိုက်ကို နိုးလာတော့မည်ဖြစ်သည်။ စုရှီသည် သူ(မ)၏လက်များနှင့် အမြန်ဖမ်းလိုက်၏။
စခရင်ပြင်ပတွင် အနည်းငယ် ရယ်စရာကောင်းသည်ဟု သူ(မ)ထင်နေ၏။
‘သူတို့ ကျောင်းတက်တုန်းကနဲ့ ကျိုက်ကျိုက်နဲ့ အတူတူပဲလား။ တရုတ်စာအုပ်နဲ့ သင်္ချာစာအုပ် အဖုံးအောက်မှာ ဝတ္ထုစာအုပ်ရှိနေတာမျိုးလေ။ ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်လဲ'
သို့သော် ထို့နောက် စာအုပ်အဖုံးအောက်တွင် ရှိနေသော စာအုပ်ကို မြင်သောအခါ စုရှီ တိတ်ဆိတ်သွားလေသည်။
အကြိမ်ပေါင်းများစွာ လှန်လှောဖတ်ရှုထားသော “ဝိညာဉ်များကို ဆင့်ခေါ်၍ ပြန်လည်ရှင်သန်ခြင်း” စာအုပ်ဖြစ်နေ၏။
စုရှီသည် ဖုန်းကို စားပွဲပေါ်တင်ကာ သူ(မ)၏ မျက်ခုံးများကိုပွတ်ပြီး ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်လေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် လသည် မြင့်မားစွာရှိနေ၏။ မြင့်မားသော အဆောက်အဦးများလည်း တစ်ထပ်ပြီးတစ်ထပ်ရှိနေလေသည်။ သူ(မ) အိမ်မပြောင်းရသေးသဖြင့် အောက်ထပ် တတိယမြို့ပတ်လမ်းမှ လာသော မော်တော်ယာဉ်သံများလည်း အနည်းငယ်ကြားနေရ၏။ အဲကွန်း၊ လျှပ်စစ်စောင်နှင့် ကွန်ပျူတာများလည်း ဖွင့်ထားသဖြင့် အသံမြည်နေလေသည်။
ကျိုက်ကျိုက်သည် ဂိမ်းထဲက ဇာတ်ကောင်မဟုတ်ရင်တောင် သူ(မ)နှင့် ကျိုက်ကျိုက်သည် မတူညီသော ကမ္ဘာနှစ်ခုတွင် ရှိနေကြောင်း ဤအရာအားလုံးက သတိပေးနေလေသည်။
‘သူတို့က မတူတဲ့ ကမ္ဘာနှစ်ခုမှာ ရှိနေတာလေ။ ဘယ်လိုလို့ အတူတူရှိနိုင်မှာလဲ’
ကျိုက်ကျိုက်သည် သူ(မ)ကို တွေ့ချင်စိတ်ရှိနေပြီး မသိစေချင်ပုံပေါ်၏။ ထို့ကြောင့် နည်းလမ်းပေါင်းစုံကို ရှာနေခြင်း ဖြစ်လိမ့်မည်။ သို့သော် ဤအရာသည် မဖြစ်နိုင်ချေ။ သူ(မ)စခရင်ထဲသို့ ဝင်လို့မရပေ။ ကျိုက်ကျိုက်၏ ဝိညာဉ်ပြန်ဝင်စားသော အကြံသည်လည်း လုံးဝမဖြစ်နိုင်ချေ။
ယခုအချိန် ကျိုက်ကျိုက် ပိုမျှော်လင့်လေလေ အနာဂတ်တွင် ပုံရိပ်ယောင်ဖြစ်ကြောင်း သိသောအခါ ပို၍စိတ်ပျက်ရလေလေ ဖြစ်လိမ့်မည်။
ပထမနေ့တွင် စုရှီဂိမ်းဖွင့်လိုက်သောအခါ အိမ်ဟောင်းဆီသို့ ထင်းများသယ်သွားနေသော ဒဏ်ရာများဖြင့်ပြည့်နေသည့် ဇာတ်ကောင်လေးကို မြင်ချိန်တွင် သူ(မ)ဘာကိုမှ မခံစားရချေ။ ရယ်စရာကောင်းပြီး သနားစရာကောင်းသည်ဟုသာ ခံစားခဲ့ရ၏။ ထိုအချိန်တွင် သူ့အပေါ် တဖြည်းဖြည်း ခံစားချက်များ ရှိလာမည်ဟု မထင်ခဲ့ချေ။ ယခုတွင်တော့ သူအနာဂတ်၌ ဘယ်လောက် ဝမ်းနည်းနေမည်နည်းဟု တွေးရုံနှင့်ပင် သူ(မ)နှလုံးသား နာကျင်လာ၏။
ကျိုက်ကျိုက်သည် သူငယ်ငယ်ကတည်းက ခက်ခဲပင်ပန်းနေခဲ့ပြီဖြစ်၏။ သူ့ကို ခက်ခဲပင်ပန်းစေသော အရာများထဲတွင် သူ(မ)မပါချင်ပေ။
ဒါကြောင့် ယွင်ရှိုးဖန်သည် ကျိုက်ကျိုက်ကိုတွေ့ရန် တော်ဝင်ကျောင်းတော်သို့ လာချိန်တွင် စုရှီသည် ဝတုတ်လေးကို ကြည့်ကာ ကျိုက်ကျိုက်ကို အခြားကမ္ဘာတွင် သူငယ်ချင်းများနှင့် မိသားစုများရှိစေရန် ပိုမိုစိတ်ဆုံးဖြတ်လိုက်လေသည်။
ထိုနည်းဖြင့် ကျိုက်ကျိုက်ကို အဖော်ပြုပေးမည့်သူရှိလျှင် သူ(မ)စိတ်အေးရမည်ဖြစ်၏။
ထိုနည်းဖြင့် သူ(မ)သည် အခြားကမ္ဘာက လူတစ်ယောက်ဖြစ်ပြီး သူနှင့် ဘယ်တော့မှ မဆုံတွေ့နိုင်သော အကွာအဝေးနှင့် ခြားနားနေကာ သူနှင့် မဆက်သွယ်နိုင်သော ဝိညာဉ်တစ်ကောင်ဖြစ်ကြောင်း သူသိသွားတဲ့နေ့ကျရင် အရမ်းဝမ်းမနည်းလောက်တော့ချေ။
သို့သော် ဤအရာကို တွေးရင်းဖြင့် သူ(မ)နှလုံးသားထဲတွင် အနည်းငယ် ချဉ်ပျမှုကို ခံစားလိုက်ရ၏။
‘ကျိုက်ကျိုက် မိသားစုတစ်ခု တည်ထောင်ပြီးတော့ သူနှင့် နီးကပ်တဲ့သူကို တွေ့သွားတာကို သူ(မ)မျက်လုံးတွေနဲ့ မြင်ရတဲ့နေ့ကျရင် သူ(မ)က သူ့အတွက် အရေးအပါဆုံးသူမဟုတ်တော့ဘူး။ နေ့တိုင်း သူ(မ)ပေါ်လာမှာကို စောင့်နေတော့မှာမဟုတ်ဘူး။ ပြီးတော့ သူ(မ)ကို အမြဲတစ်ယောက်တည်း လွှတ်ထားတော့မှာ။ အဲလိုဆို သူ(မ)တကယ်ပဲ ပျော်ရမှာလား။
‘သူ(မ)ပျော်ပျော် မပျော်ပျော် အရေးမကြီးချေ။ တခြားကမ္ဘာမှာ ကျိုက်ကျိုက် အဆင်ပြေနေသရွေ့ ရပြီ’ ဟု စုရှီတွေးလိုက်၏။
ယွင်ရှိုးဖန်သည် ကျိုက်ကျိုက်နှင့်အတူ ထွက်သွားချင်လေသည်။ ကျိုက်ကျိုက်သည် သူ့နောက်မှ ဤကောင်လေးလိုက်လာသည်ကို မြင်သောအခါ ခေါင်းကိုက်ရပြန်၏။ သူ့၏အိတ်ကို ထုတ်ပိုးပြီး တော်ဝင်ကျောင်းတော်၏ ဘေးတံခါးမှ လစ်ထွက်သွားလေသည်။
သို့သော် ယခင်ရက်အနည်းငယ်ကလည်း လစ်ထွက်ပြီးလေပြီ။ ယွင်ရှိုးဖန်သည် အဲဒီလောက် မတုံးအချေ။ ယနေ့တော့ ဘေးတံခါးမှ လိုက်လာကာ အမောတကောဖြစ်သည်အထိ ပြေးလိုက်လာလေ၏။
“လုဟွမ် စောင့်ဦး။ ဘာလို့ အဲလောက်မြန်မြန် လမ်းလျှောက်နေတာလဲ! ငါ့အဖေက မင်းနဲ့ အတူတူသွားလို့ ပြောထားတယ်!”
စခရင်ပေါ်တွင် ကျိုက်ကျိုက်၏ ခေါင်းတွင် ကွက်လပ်တစ်ခုပေါ်လာလေ၏။
“...”
လုဟွမ်သည် ထပ်ပြီး အရှိန်တင်ကာ ထွက်ပြေးတော့မည့်အချိန်တွင် သူ့ဘေးမှ လေသည် ရုတ်တရပ်ထွက်လာပြီး သူ၏ အင်္ကျီလက်ကို ဆွဲထားလေ၏။ တင်းတင်းကြပ်ကြပ်ဆွဲထားပြီး လွှတ်မပေးချေ။
လုဟွမ် “...”
သူ(မ)၏ ဆန္ဒအတိုင်း သူ၏ ခြေလှမ်းများ ရပ်တန့်သွား၏။ သို့သော် သူ့မျက်နှာမှ အမူအရာသည် အနည်းငယ် မပျော်ရွှင်ပုံဖြစ်နေ၏။
သူသည် အဝေးမှ ယွင်ရှိုးဖန်ကို တစ်ချက် အေးစက်စွာ ကြည့်လိုက်ပြီး သူ့ဖိနပ်အောက်မှ ကျောက်တုံးကို ကန်လိုက်၏။ သဲသဲကွဲကွဲမကြားရသော အသံဖြင့် ပြောလိုက်လေသည်။
“အဲဒီ ဖက်တီးလေးနဲ့ ကစားချင်ပြန်ပြီလား”
စခရင်ပြင်ပမှ စုရှီသည် ဖက်တီးကို သူ့ထက်ပိုဂရုစိုက်သည်ဟု သူအထင်လွဲမှ စိုးရိမ်နေ၏။ သူ၏ အင်္ကျီညာလက်ကို တင်းတင်းကိုင်လိုက်ပြီး ဖက်တီးရှိရာနောက်သို့ တွန်းထုတ်လိုက်၏။ သူသည် အတွေးပေါင်းများစွာကို စိုးရိမ်တကြီး ဖော်ပြလိုက်လေသည်။
ကျိုက်ကျိုက်သည် အလွန်ဉာဏ်ကောင်းပြီး ချက်ချင်းနားလည်သွား၏။
“မင်းက ငါ့ကို အဲဖက်တီးနဲ့ ကစားစေချင်တာလား”
စုရှီသည် ကျိုက်ကျိုက်ကို လက်မထောင်ပြချင်၏။
‘မင်းက မေမေ့စိတ်ကို ဖတ်တဲ့စက်လေးပဲ ကျိုက်ကျိုက်’
သို့သော် ကျိုက်ကျိုက်သည် ပျော်ပုံမပေါ်ချေ။ သူ၏ မျက်တောင်များကို အနည်းငယ်ချပြီး အချိန်အနည်းငယ်ကြာမှ မသဲကွဲသော လေသံဖြင့် ပြောလိုက်၏။
“သိပြီ။”
ကြီးမားသော အခက်အခဲဖြင့် ယွင်ရှိုးဖန်သည် လိုက်မှီသွားလေ၏။ နဖူးပေါ်မှ ချွေးကို သုတ်ကာ ပင့်သက်ရှိုက်လိုက်ပြီး ပြောလိုက်လေသည်။
“မင်း မင်း ဘာလို့ အဲလောက် အဲလောက် မြန်မြန်သွားတာလဲ။ ငါလည်း ဒီနေ့ အစိုးရရုံးကို သွားရမှာ။ အတူတူသွားလို့ မရဘူးလား။”
လုဟွမ်သည် သူ့ကို တစ်ချက်ကြည့်လိုက်လေသည်။ သူ နောက်လှည့်ပြီး ထွက်မသွားတာ ရှား၏။ ထိုအစား ပြောလိုက်၏။
“မင်းသဘောပဲလေ။”
ယွင်ရှိုးဖန်သည် ချက်ချင်း စိတ်လှုပ်ရှားသွား၏။ လမ်းပေါ်တွင် လုဟွမ်နှင့် ဘေးချင်းယှဉ်ကာ လျှောက်လာလေသည်။
‘သူ့ရဲ့ သူရဲဘောကြောင်တဲ့ အကျင့်ကြောင့် တော်ဝင်ကျောင်းတော်မှာ သူငယ်ချင်းမရှိဘူး။ ပြီးတော့ အနိုင်ကျင့်တောင် ခံရသေးတယ်။ အခု လုဟွမ်ဘေးမှာ လျှောက်နေပြီဆိုတော့ ဒီလူနဲ့ ရင်းနှီးလာပြီလို့ ခံစားရတယ်။’
သူ့စိတ်ထဲတွင် လုံခြုံမှုနှင့် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏။ ထို့ကြောင့် ပညာရှင်ကြီး ယနေ့ပြောပြတာနှင့် ပတ်သက်ပြီး မေးခွန်းများ ဆက်တိုက်မေးနေလေသည်။
လုဟွမ်သည် အကုန်လုံးကို တစ်ခုချင်းဖြေလေ၏။ သူ့အမူအရာထဲတွင် စိတ်မရှည်မှုမပါချေ။
ယွင်ရှိုးဖန်သည် မမျှော်လင့်ထားသော အဖြစ်အပျက်များကြောင့် အပျော်လွန်နေလေ၏။ တစ်ဘက်တွင်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။
စခရင်ပြင်ပမှ ကြည့်နေသော စုရှီအတွက်လည်း လောင်မားကဲ့သို့ သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရ၏။
ယွင်ရှိုးဖန်ကို ပြန်လွှတ်ပြီးနောက် ကျိုက်ကျိုက်သည် ရုံးချုပ်သို့ ပြန်လာခဲ့၏။
ထိုင်လိုက်ပြီး လက်ဘက်ရည်တစ်အိုး ဖျော်လိုက်လေ၏။ နှစ်ငုံအပြည့် သောက်ချလိုက်လေသည်။ ယွင်ရှိုးဖန်နှင့် စကားပြောရသည်မှာ အားစိုက်ထုတ်ရပြီး သူ့ပါးစပ်များ ခြောက်နေပုံပေါ်၏။
စုရှီသည် အပြစ်ရှိစိတ် အနည်းငယ် ဝင်လာလေ၏။ ကျောင်းသားဆိုးကို ဂရုစိုက်ရတာက ကျိုက်ကျိုက်အတွက် ခက်ခဲတာပဲ။
ထို့နောက် ကျိုက်ကျိုက်သည် အချိန်အကြာကြီး စကားမပြောတော့ချေ။
တိတ်ဆိတ်စွာ ထိုင်နေလေသည်။ သူ့ခေါင်းပေါ်တွင် “...” အတွေးများ ဆက်တိုက်ပေါ်လာလေ၏။ တစ်ခုခုကို တွေးတောနေပုံရပြီး သူ့ပါးစပ်ကို မဖွင့်နိုင်ချေ။
ညနေဘက်တွင် ဂိမ်းထဲမှ အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်သွား၏။ နေဝင်နေသော အလင်းရောင်သည် ရုံးတော်၏ အိမ်ဝင်းရှိ စက္ကူပါးပြတင်းပေါက်မှ ဖောက်ထွင်းလာပြီး သူ့မျက်ခုံးများကြား ကျရောက်လေသည်။ သူ့မျက်လုံးများ အနည်းငယ် ခါးသီးနေပုံပေါ်၏။
စုရှီသည် သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး ဘာဖြစ်တာလဲဟု ရည်ညွှန်းလိုက်လေ၏။
ကျိုက်ကျိုက်သည် သူ၏ မျက်နှာဝိုင်းကို အောက်သို့ ငုံ့ထားကာ နှုတ်ခမ်းများကို စုဝိုင်းလိုက်၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး မနေနိုင်ကာ မေးလိုက်လေသည်။
“မင်း ယွင်ရှိုးဖန်က ငါနဲ့ အခြေအနေတူတယ်လို့ ခံစားရတာလား။ သူ့ကို သနားပြီးတော့ ဒုတိယငါလို့ မြင်နေတာလား။ အဲဒါကြောင့် ငါ့ကို အဲလို အဲလို...”
သူ့စကားကို ဆုံးအောင်မပြောနိုင်ချေ။ အနည်းငယ် ရှက်ရွံ့နေပုံပေါ်၏။ မျက်တောင်များ တုန်လှုပ်သွားပြီး မတ်တပ်ရပ်ကာ ခြံဝင်းဆီသို့ လျှောက်သွားလေသည်။
ခြံဝင်းထဲတွင် နေရောင်သည် ကျိုက်ကျိုက်၏ ကိုယ်ပေါ်သို့ ကျနေ၏။ ကျိုက်ကျိုက်သည် သေးငယ်နေပြီး သူ့အရိပ်သည်လည်း သေးငယ်နေသည်။
စုရှီ ထိတ်လန့်သွား၏။ ကျိုက်ကျိုက် ယခုလို တွေးနေမည်ဟု မမျှော်လင့်ခဲ့ချေ။
‘ယွင်ရှိုးဖန်ကို ဂရုစိုက်ဖို့ပြောတာက ဖက်တီးလေးကို ဒုတိယသူလို့ မြင်ပြီး သူနဲ့ဖက်တီးကို ကရုဏာသက်လို့ဆိုပြီး ထင်နေတာလား။ အကြီးကြီးကို နားလည်မှုလွဲနေတာပဲ!’
စုရှီသည် ခြံဝင်း၏ အင်တာဖေ့စ်ကို အမြန်ပြောင်းလိုက်ပြီး ရှင်းပြရန် နည်းလမ်းရှာလိုက်၏။
‘ဒီဂိမ်းက တော်တော်မတရားတာဘဲ။ ကျိုက်ကျိုက် သူ(မ)ကို စကားပြောတုန်းက စကားပြောစာတန်းရှိတယ်။ ဒါပေမဲ့ သူနဲ့ပြောဖို့ အမှတ် ၁၀၀ ပြည့်တဲ့အထိ စောင့်ရမယ်တဲ့။ ဒီဂိမ်းကစားပြီးနောက်ပိုင်း စုရှီက လက်တွေနဲ့ပဲ ပြနိုင်တဲ့ ငအကြီး ဖြစ်လုနီးပါးပဲ!’
ဖက်ထုတ်လေးသည် ခြံဝင်းထဲတွင် ဆက်လက်ဝမ်းနည်းနေလေသည်။ သူ(မ)၏ ခေါင်းကို ကုတ်လိုက်ပြီး ထောင့်တွင် ထင်းပုံကို မြင်သွား၏။ ကျိုက်ကျိုက်ကို ထင်းပုံဆီသို့ ချက်ချင်း ဆွဲခေါ်သွား၏။
ကျိုက်ကျိုက်၏ ခေါင်းထိပ်တွင် ဝမ်းနည်းနေသော အမေးသင်္ကေတပေါ်လာလေသည်။
ထင်းတစ်ချောင်းကို ယူလိုက်ပြီး သူ့ရှေ့သို့ ပစ်လိုက်၏။ သူမဆိုလိုသည်မှာ
“မြင်လား။ ထင်းတွေအများကြီးရှိတယ်။ မေမေက တစ်ခုပဲ လိုချင်တာ”
ကျိုက်ကျိုက်သည် နားလည်ပုံမပေါ်ချေ။ သူ့မျက်နှာတွင် မည့်သည့် အမူအရာမှရှိမနေသော်လည်း မျက်ခုံးများတွင် ဝမ်းနည်းမှု ရှိပုံပေါ်နေသေး၏။
စုရှီသည် စိတ်ဖိစီးနေလေသည်။ ထင်းတစ်ချောင်းကို ပြန်ထားလိုက်ပြီး အခြားနှစ်ချောင်းကို ယူလိုက်၏။ တစ်ခုသည် သေးသေးရှည်ရှည်ဖြစ်ပြီး အခြားတစ်ခုသည် ထူထူဝဝ ဖြစ်၏။ ကျိုက်ကျိုက်၏ ရှေ့တွင် ရပ်လိုက်လေသည်။
ထို့နောက် ဝဝတစ်ခုကို ရိုက်ထုတ်လိုက်လေသည်။ ဆိုလိုသည်မှာ
“မြင်လား ဖက်တီးလေးကို မလိုချင်ဘူး။ သေးသေးလေးကိုပဲ လိုချင်တာ”
ကျိုက်ကျိုက်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပုံပေါ်၏။ သို့သော် ခဏအကြာတွင် စူပုတ်ပြီး လက်များကို နောက်ပစ်ကာ မတ်တပ်ထရပ်လိုက်လေသည်။ သူ့၏ မျက်နှာဝိုင်းတွင် ဝမ်းနည်းမှုများ ပြည့်နေပြီး မေးလိုက်၏။
“မင်းဆိုလိုချင်တာကို ငါနားမလည်ဘူး။”
စုရှီသည် ရူးတော့မည်ဖြစ်၏။
“အားးးးး”
သူ(မ)၏ ခေါင်းကို ကုတ်လိုက်ပြီး ကျိုက်ကျိုက်၏ ဘယ်လက်တွင် ထင်းတစ်ချောင်းတင်ပြီး ညာလက်တွင် နှစ်ချောင်း တင်လိုက်၏။ ထို့နောက် ဘယ်လက်ရှိ တစ်ချောင်းကို ဒီတိုင်းထားပြီး ညာလက်ရှိ နှစ်ချောင်းကို ခြံဝင်းအပြင်သို့ ပစ်လိုက်လေသည်။
ဒီအချိန်တွင် ကျိုက်ကျိုက်၏ မျက်ခုံးများ ရွေ့လျားသွား၏။ သူ နားလည်ပုံပေါ်သည်။ တစ်ခဏလောက် တွေးဆပြီးနောက်တွင် ဖြည်းဖြည်းချင်း မေးလိုက်၏။
“ငါက ထူးခြားတယ်လို့ ဆိုလိုတာလား”
စုရှီသည် သူ့ဘယ်လက်ကို ဆွဲလိုက်၏။
စခရင်ပေါ်တွင် ကျိုက်ကျိုက်သည် ငြိမ်ငြိမ်ရပ်နေလေ၏။ သို့သော် သူ့နှုတ်ခမ်းစွန်းများကို ပြန်မချနိုင်တော့ချေ။ သူ့နားများ အနည်းငယ်နီနေပြီး မျက်လုံးများသည် နေရောင်ထက် တောက်ပနေ၏။ အသံတိမ်တိမ်ဖြင့် ပြောလိုက်လေသည်။
“အိုး အဲလိုလား။”
အသံတိမ်တိမ်ဖြင့် ပြောသော်လည်း သူ့ခေါင်းပေါ်မှ အဖြူရောင် အတွေးပူဖောင်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေလေသည်။
“ငါသိပြီ”
စုရှီသည် ဆွံ့အသွား၏။
‘ဒရာမာ မချိုးလွန်းဘူးလား ကျိုက်ကျိုက်’