Chapter 47
Vol. 5 Ch. 47
စစ်တပ်စခန်းချရာနေရာမှ သူတို့ပြန်လာကတည်းက ကျိုက်ကျိုက်၏ခံစားချက်များသည် တက်လိုက်ကျလိုက်ဖြစ်နေပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသည်ကို စုရှီခံစားမိသည်။
သူ(မ)လိုင်းတက်သည့် ယခုရက်ပိုင်းတွင် သူ၏မျက်လုံးများသည် ပုံမှန်အတိုင်း တောက်ပမြဲပင်။ သို့သော်လည်း သူ(မ)သည် လောင်မားလိုမျိုး ကျိုက်ကျိုက်စာဖတ်နေစဥ်တွင် ဝတ်ရုံတစ်ခုအား ယူ၍ ခြုံပေးခြင်း၊ ကျိုက်ကျိုက်၏ခန္ဓာကိုယ် အာဟာရပြည့်စေရန် စစ်တပ်ရေးရာဝန်ကြီးဌာန၏ စားဖိုဆောင်မှ ကြက်ဥနှစ်လုံး ခိုးယူ၍ စားပွဲပေါ်တင်ထားပေးခြင်းတို့ကို လုပ်ပေးသော်လည်း ကျိုက်ကျိုက်ကို ကြည့်ရသည်မှာ ပျော်သည့်ပုံမပေါ်ပေ။ ထိုအစား သူ့မျက်နှာသည် စိတ်ရှုပ်နေဟန်သာပေါ်နေလေသည်။
သို့သော် သူသည် သူ(မ)အား နူးနူးညံ့ညံ့လေးသာ ကြည့်၍ ကျေးဇူးတင်နေတုန်းပင်။
သူသည် ခေါင်းအားငုံ့၍ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ၏နှလုံးသားထဲတွင် တစ်ခုခုညပ်နေသကဲ့သို့ တင်းတင်းကျပ်ကျပ် ခံစားနေရသော်လည်း ပြောရခက်နေသောကြောင့် သူ၏ပါးစပ်ကိုမဖွင့်နိုင်ပေ။
ကျန့်ယွမ် စစ်သူကြီး နေရာမှ ပြန်လာသည့်အခါတွင် သူသတိမထားမိပေမယ့် သူ၏ရုံးဝတ်ရုံတွင် ပေါက်နေသည်ကို စုရှီတွေ့လိုက်ရလေသည်။ တစ်ခြားအဝတ်တွေဆိုပါက တော်သေးသည်။ ထို့နောက်တွင်မူ ကျိုက်ကျိုက်သည် အရင်ကနှင့် မတူတော့ပေ။ သူမှာ ပိုက်ဆံများစွာရှိ၍ လဲဝတ်လိုက်ရုံသာ ဖြစ်သော်လည်း ယခုအဝတ်သည်မူ ရုံးတော်ဝတ်ရုံ ဖြစ်နေလေသည်။
ထို့ကြောင့် သူညအိပ်ပျော်နေစဥ်တွင် စုရှီသည် စတိုးဆိုင်မှ လိုအပ်သည့်အရာများ ဝယ်ယူ၍ ဝတ်ရုံကို ပြန်ချုပ်ပေးလိုက်လေသည်။
နောက်တစ်နေ့ ကျိုက်ကျိုက်နိုးလာသည့်အခါတွင် တွေ့သွားလေသည်။
စုရှီ လိုင်းပေါ်တက်လာသည့်အခါတွင် အနည်းငယ် ဂုဏ်ယူနေလေသည်။ သူ(မ)သည် ကျိုက်ကျိုက် ပျော်ရွှင်တာကို မြင်ရဖို့ မျှော်လင့် စောင့်စားနေခဲ့လေသည်။ အရင်တုန်းက သူ(မ)သည် ကျိုက်ကျိုက်အား နွေးထွေးမှုကို ပြတဲ့အချိန်၌ ကျိုက်ကျိုက်သည် နွေးထွေးမှုကို ခံစားရသည်နှင့် သူ၏အမူအရာသည် နူးညံ့လာပေသည်။ သို့သော်လည်း ဒီတစ်ခါတွင်မူ ကျိုက်ကျိုက်သည် အဖြူရောင်အတွင်းဝတ်ကို ဝတ်ထားပြီး သူ၏လက်ထဲတွင် ချုပ်ထားသော ရုံးဝတ်ရုံကို ကိုင်ထားလေသည်။ သူ၏မျက်နှာသည် စိတ်ရှုပ်နေဟန်ပေါ်ပြီး သူ၏မျက်လုံးများသည် မှောင်မိုက်နေလေသည်။
စုရှီ: ...?
ကျိုက်ကျိုက် ဘာတွေတွေးနေလဲ သူ(မ)မသိပေ။ တိုတိုပြောရရင် သူ ပျော်နေပုံမပေါ်ပေ။ ထိုအစား သူသည် တွေဝေနေသည်။ သူသည် ရုံးဝတ်ရုံမှ ချုပ်ထားသည့်နေရာအား သူ၏လက်ချောင်းများဖြင့် ထိ၍ ရယ်လိုက်လေသည်။ သူ၏အမူအရာမှာ ခါးသက်သက်ဖြစ်နေလေသည်။
ပြီးတော့ ဒီမနက်တွင် သူသည် ရုံးဝတ်ရုံကို မဝတ်ခင် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး ရုံးတော်သို့ သွားခဲ့လေသည်။
လိုင်းတက်လာကြောင်း မနှုတ်ဆက်ရသေးသော စုရှီသည် တစ်ချိန်လုံး သိမ်မွေ့နေသော သူ၏အမူအရာကို တွေ့လိုက်ရလေသည်။ "...."
စုရှီသည် သူ(မ)၏ဂိမ်းထဲမှ ကလေးလေးကိုနားမလည်တော့ပေ။ အရင်တုန်းကဆိုရင် သူ(မ) ယခုကဲ့သို့ လုပ်ပေးပါက သူ၏မျက်လုံးများသည် တလက်လက်တောက်ပနေပေလိမ့်မည်။ သို့သော် ယခုတွင်မူ သူ့လောင်မား၏ အဖော်ပြုပေးတာကို စိတ်ကုန်နေတာများလား!
'သူ(မ) ဒီဂိမ်းကို စိတ်မကုန်ခင်တွင် သူ(မ)၏ဂိမ်းထဲမှ ကလေးလေးက သူ(မ)ကို အရင် စိတ်ကုန်သွားတာများလား။'
စုရှီသည် အံ့သြထိတ်လန့်သွားလေသည်!
သူ(မ)သည် စခရင်ကို ပိတ်လိုက်ပြီးနောက် သူ(မ)၏စိတ်သည် ဗလာဖြစ်သွားလေသည်။ ဒီရက်ပိုင်း သူ(မ) ဘာအမှားတွေ လုပ်မိလဲဆိုတာကို ခဏခဏ စဥ်းစားနေလေသည်။ တစ်ခြားသူများ၏ ကိစ္စများအား ဝင်စွက်ဖွက်ခြင်းနှင့် ကျိုက်ကျိုက်အား စစ်တပ်ရေးရာဝန်ကြီး၏ သမီးထံသို့ သွားလည်စေတာက လွဲ၍ သူ(မ) ဘာမှဆိုးဆိုးရွားရွားမလုပ်ခဲ့ပေ။
ဒီလိုဆိုရင် စစ်တန်းလျားမှ ပြန်လာပြီးကတည်းက သူတို့နှစ်ယောက်ကြားတွင် ရှင်းပြရန် ခက်ခဲသည့် ရှုပ်ထွေးနေသည့်ခံစားချက် ဘာကြောင့်ရှိလာရတာလဲ။
အရင်ရက်အနည်းငယ်က သူ(မ)သည် ကျိုက်ကျိုက်အား အဝတ်ထူထူဝတ်ရန် သတိပေးတိုင်း သူသည် ခပ်မာမာပုံစံဖြင့်နေလေသည်။ သူ(မ)က ဒီတိုင်း သူ(မ)အတွေးဟုသာ ထင်နေသော်လည်း ကျိုက်ကျိုက်၏ အဝတ်များအား ပြင်ပေးသည့်အချိန်တွင် သူ၏မပျော်ရွှင်သည့် အမူအရာအား တွေ့ပြီးနောက် သူ(မ)၏အတွေး မဟုတ်ဘူးဆိုသည်ကို သတိထားမိသွားသည်။
စုရှီသည် အကြောင်းအရင်းကို မသိ၍ အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။
သူ(မ) ယခုလို ခံစားနေရသည်မှာ သူ(မ)လိုင်းတက်သည့် အချိန်တိုင်း သူ(မ)ဘာတွေပဲလုပ်လုပ် ကျိုက်ကျိုက်သည် သူ(မ)ကို တောက်ပသော မျက်ဝန်းများဖြင့်သာ စောင့်မျှော်နေခဲ့လို့ဖြစ်မယ်။ ဒါတွေက စုရှီ လိုအပ်သည့်၊ ဂရုစိုက်သည့်အရာများသာ ဖြစ်ပေသည်။ သို့သော်လည်း ကျိုက်ကျိုက် ဒီရက်ပိုင်း ဘာတွေတွေးနေသည်ကို သူ(မ)မသိပေ။ သူ၏ခံစားချက်များသည် အလွန်ထူးဆန်းနေပြီး သူတို့ကြားက ဆက်ဆံရေးသည် တင်းမာနေလေသည်။ သူ(မ) လုံးဝကို အဆင်မပြေပေ။
'ဘာလို့ ဒီလိုဖြစ်ရတာလဲ။' စုရှီ နားမလည်ပေ။ 'သူ ပုန်ကန်တတ်တဲ့အရွယ် ရောက်သွားပြီလား။ သူ(မ)လည်း အဲလိုအရွယ်တုန်းက မိဘတွေနဲ့ စကားမပြောချင်ပေ။ ကုချင်နှင့် ဟောက်ကျင်းချွမ်တို့နှင့်သာ နေချင်ခဲ့လေသည်။ ဒီလိုဆို ကျိုက်ကျိုက်ရော တူတူပဲလား။ သူရော အခုသူငယ်ချင်းတွေနဲ့ နေရတာကို ပိုကြိုက်တာလား။
အခန်းပြင်တွင် မိခင်စုသည် စုရှီကို ထမင်းစားရန် ခေါ်နေလေသည်။ စုရှီသည် လိုင်းပေါ်က မဆင်းခင် မျက်နှာပြင်ကို တော်ဝင်ကျောင်းတော်သို့ ပြောင်းလိုက်ပြီး ယွင်ရှိုးဖန်သည် ကျိုက်ကျိုက် နောက် လိုက်နေတာကို တွေ့လိုက်ရလေသည်။
ဒီရက်ပိုင်းတွင် ကျိုက်ကျိုက်သည် နားလည်ရခက်ပြီး သူ(မ)နဲ့ စကားပြောရန် ခက်ခဲလှသည်။ သို့သော် ယွင်ရှိုးဖန်နဲ့မူ သူသည် တည်ငြိမ်နေပေသည်။
ဒီဖက်ထုပ်လေးနှစ်ခုသည် ကွမ်ရဲခန်းမအပြင်ဘက်ရှိ လှေကားထစ်တွင် ထိုင်ပြီး စကားပြောနေကြလေသည်။ စကားပြောစာတန်းများသည် ယွင်ရှိုးဖန်၏ခေါင်းတွင် ဆက်တိုက်ပေါ်နေလေသည်။ ကျိုက်ကျိုက် မျက်မှောင်ကြုပ်လိုက်၏။ သူသည် တိတ်တဆိတ်နေသော်လည်း သူ့ကို မနှောင့်ယှက်ပေ။ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ စကားတွေ အများကြီး ပြောနေကြပုံပင်။
စုရှီ: "..."
ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စုရှီခေါင်းကိုက်လာ၏။ အရွယ်ရောက်လာသည့်ကလေးက အိမ်မှာ မနေတော့သကဲ့သို့ ခံစားလိုက်ရလေသည်။
သူ(မ) သုံးရက်လောက် ပေါ်မလာသည့် အချိန်မျိုးတွင် သူ(မ)အနေဖြင့် အာရုံ ထွေပြားမနေစေရန် ကျိုက်ကျိုက်အား သူငယ်ချင်းများစွာ ရှိစေချင်ခဲ့သည်။
သို့သော်လည်း ကျိုက်ကျိုက်သည် သူ(မ)နဲ့မပြောဘဲ တစ်ခြားကလေးများအား ရင်ဖွင့်နေသည်ကို တွေ့လိုက်ရသည့်အခါ သူ(မ)မနေနိုင်ဘဲ ဝမ်းနည်းလာလေသည်။
ဒီလိုတွေးလိုက်သည့်အခါ သူ(မ)ရဲ့လောင်မားနှလုံးသားက နာကျင်လာသလို ခံစားလိုက်ရလေသည်။ သူ(မ)သည် အမြဲတမ်း ကျောင်းဆင်းသည်နှင့် အခန်းထဲ အမြန်ဝင်ပြီး အိမ်စာလုပ်ပြီး ဂိမ်းဆော့လေသည်။ သူ(မ)သည် ကျောင်းတွင်သာ သူ(မ)၏ သူငယ်ချင်းကောင်းများနှင့် ကစားလေသည်။ သူ(မ)အမေ ခေါ်နေတာကြောင့် ဖုန်းအား ချလိုက်၏။
ထို့နောက် သူ(မ)သည် ဖုန်းအား ပိတ်လိုက်၍ မီးဖိုချောင်ထဲသို့ သွားပြီး မိခင်စုအား ငို၍ ပြောလိုက်လေသည်။ "မေမေ၊ နေ့လည်ကျရင် ကတ်မကစားနဲ့နော်။ သမီးနဲ့တူတူ စျေးဝယ်ထွက်ကြမလား?"
မိခင်စုသည် မကြားဟန်ပြုလိုက်လေသည်။ သူ(မ)သည် ထမင်းစားခန်းထဲသို့ ပန်းကန်များကို သယ်လာပြီး စိတ်မရှည်စွာဖြင့် လက်ကိုယမ်းလိုက်၏။ "သွား ၊ သမီးသူငယ်ချင်းတွေနဲ့ သွားကစားချေ။ အသက် ဘယ်လောက်ရှိနေပြီလဲ။ ဘာလို့ မေမေ့ကို လိုက်ကပ်နေတာလဲ။ မေမေ နေ့လည်ကျရင် ကတ်ကစားဖို့ ချိန်းထားသေးတယ်။"
စုရှီ "..."
စုရှီသည် ဂိမ်းထဲမှာရော၊ ဂိမ်းပြင်မှာရော အပစ်ခံထားရလေသည်။ ဒီနေ့က အားလပ်ရက်ဆိုမှတော့ သူ(မ)သည် ကုချင်နှင့်အတူ စာကြည့်တိုက်တွင် စာသွားလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
အခြားတဘက် တော်ဝင်ကျောင်းတော်၌ ယွင်ရှိုးဖန်သည် လုဟွမ်၏ အာရုံစိုက်မှုကို ရရှိရန် အလွန် စိတ်အားထက်သန်နေလေသည်။ သို့သော်လည်း သူ့ဘေးရှိ လုဟွမ်သည် မျက်မှောင်ကြုပ်ထားဆဲပင်။ သူ၏တွန့်ချိုးနေသော မျက်ခုံးများသည် စိတ်ဓာတ်ကျနေပုံပင်။ သူသည် တွေဝေနေပြီး ယွင်ရှိုးဖန် ပြောနေတာကို လုံးဝမကြားပေ။
အရင်တုန်းက ဝိညာဉ်မလေးက တစ်သက်လုံး သူ့ကို ဒီလိုမျိုး အဖော်ပြုပေးရင် ကောင်းမယ်လို့ လုဟွမ်တွေးခဲ့မိသည်။
သူ့ဘေးကို သူ(မ)ပေါ်လာသည့်အချိန်တိုင်း၊ သူ့ဆီ တစ်ခုခု ယူလာပေးတိုင်း၊ သူ့ကို သတိရတိုင်း သူသည် အလွန်ပျော်ရွှင်ခဲ့လေသည်။
သူသည် သူ(မ)၏နွေးထွေးမှု၊ ကြင်နာမှု၊ ဂရုစိုက်မှုတို့ကို အလွန်ပင် လောဘကြီးခဲ့လေသည်။
သို့သော် တဖြည်းဖြည်းဖြင့် လုဟွမ်သည် သူ၏ပိုင်ဆိုင်လိုစိတ်၊ မနာလိုစိတ်၊ ကာကွယ်ပေးလို စိတ်များကြောင့် မပေါ်ပေါက်သင့်သည့်အတွေးများ ဖြစ်လာသည်ကို သတိပြုမိသွားလေသည်။ လူငယ်လေး၏ နှလုံးသားသည် ပူပန်မှုများဖြင့် ပြည့်နေသော်လည်း သူ(မ)သည်...
သူ(မ)သည် သူ့အား မိသားစုဝင်ကဲ့သို့ပင် သဘောထားဆက်ဆံလေသည်။
သူ့အား မိသားစုဝင်ကဲ့သို့ သဘောထားသောကြောင့် သူကို ကောင်းကောင်း ဆက်ဆံတာမျိုး၊ သူ့အေးသည့်အခါတိုင်း အဝတ်ထူထူဝတ်ဖို့ သတိပေးတာမျိုး၊ သူ့အား အဝတ်တွေ ချုပ်ထားပေးတာမျိုးကဲ့သို့ သေချာဂရုစိုက်ပေးလေသည်။
သို့ရာတွင် သူ(မ)သည် သူ့လိုမျိုး နှစ်ယောက်တွေ့ဆုံရမည့်နေ့ကို စောင့်မျှော်နေမည် မဟုတ်ပေ။ သူ(မ)သည် သူ့လိုမျိုး တစ်ခြား သူငယ်ချင်းတွေကို သဝန်တိုလိမ့်မည် မဟုတ်ပေ။ သူ(မ)သည် သူ့လိုမျိုး တစ်နေ့လောက် မတွေ့ရသည်နှင့် သုံးနှစ်လောက် မတွေ့ရသကဲ့သို့ ခံစားနေမည်မဟုတ်ပေ။
သူ(မ)သည် သူ့အား တစ်နေ့တွင် အမျိုးသမီးကောင်းတစ်ယောက်နှင့် တွေ့ဆုံပြီး မိသားစုတစ်ခု ဖန်တီးဖို့အတွက်တောင် မျှော်လင့်နေပေလိမ့်မည်။
သူ၏ကမ္ဘာကြီးတွင် သူ(မ)တစ်ယောက်တည်းသာရှိပြီး သူ(မ)၏ကမ္ဘာတွင်မူ လူများစွာနှင့်ကိစ္စများစွာ ရှိလေသည်။
သူ(မ)က သူ၏ကမ္ဘာထဲတွင် သူ(မ)တစ်ယောက်တည်းသာ မရှိစေချင်ပေ။ သူ့အား သူ(မ)တစ်ယောက်တည်းကိုသာ အာရုံစိုက်နေတာမျိုး မဖြစ်စေဘဲ တစ်ခြားသူများနှင့်လည်း တွေ့ဆုံစေချင်လေသည်။
တစ်စုံတစ်ယောက်ကို သဘောကျခြင်းသည် ထိုသို့မဟုတ်ပေ။
ထို့ကြောင့် သူ(မ)သည် သူ့အား မကြိုက်ပေ။ သူ့အား ခင်တွယ်ရုံမျှသာ။
လုဟွမ်၏နှလုံးသားသည် မွန်းကျပ်နေလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေထဲတွင် နှစ်မြှုပ်နေ၏။ သူ ဆန္ဒမရှိပေမဲ့ သူလုပ်နိုင်တာဘာမျှမရှိပေ။
စုရှီသည် နှစ်ဝက်စာမေးပွဲ ဖြေဆိုရမည့်အချိန်ရောက်လာလေပြီ။
စာမေးပွဲမဖြေခင် အရင်တစ်ခါကလို အဖြစ်မျိုး မဖြစ်စေရန် သူ(မ)သည် ကျိုက်ကျိုက်အား ကြိုတင်၍ ဒီအချိန်တွင်း အရေးကြီး လုပ်စရာရှိသဖြင့် ရက်အနည်းငယ်လောက် လိုင်းပေါ်တက်မည် မဟုတ်ကြောင်း ပြောခဲ့လေသည်။
ကျိုက်ကျိုက် ဘာမှသိပ်မပြောဘဲ သူ(မ)အား ဂရုစိုက်ရန်သာ ပြောသော်လည်း သူ၏အမူအရာသည် ဝမ်းနည်းနေသည်မှာ သိသာလှပေသည်။
စုရှီသည် သူ(မ)ထွက်သွားပြီဟု သူ့အား ပြောပြီးသော်လည်း ကျိုက်ကျိုက် သူ(မ)မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်သွားချိန်အထိ စခရင်အား လုံးဝမပိတ်ရသေးပေ။ သူသည် အရာရှိ နေထိုင်ရာြခံဝင်းရှိ လှေကားထစ်များပေါ်တွင် လေးလံသည့် အမူအယာဖြင့် တစ်ယောက်တည်း ထိုင်နေလေသည်။
သူသည် အမေထွက်သွားသည်ကို စိုးရိမ်ပူပန်စွာကြည့်နေသည့် မူကြိုအရွယ်ကလေးလေးနှင့်ပင် တူနေသည်။ သူ့အမေက ဘယ်မှာမှန်းမသိသဖြင့် ဘယ်ကိုကြည့်ရမည်မှန်း မသိပေ။ သူ၏မျက်လုံးများသည် ခါးသီးမှုများဖြင့် ပြည့်နေလေသည်။ စုရှီ၏ နှလုံးသားသည် ဖျစ်ညစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ(မ)သည် သူ(မ)ကိုယ်သူ(မ)ထိန်းချုပ်မနေတော့ဘဲ ကျိုက်ကျိုက် မျက်နှာကို ပြေးပြီး လက်နှင့်ဆိတ် လိုက်ချင်တော့သည်။
သို့သော်လည်း စာမေးပွဲတစ်ခု ရှိနေပေသည်။ အဲဒါက သုံးရက်တည်းပင်။ ဒါက ဂိမ်းထဲမှာ ရှစ်ရက်ပင်။ ရှစ်ရက်ဆိုသည်မှာ ဘယ်လောက်မှ မကြာပေ။
အဲဒါအပြင် ကျိုက်ကျိုက်မှာ တစ်ခြားသူငယ်ချင်းတွေ မရှိတော့ဘူးလား။
ယွင်ရှိုးဖန်ကို တွေးမိတော့ စုရှီ သက်ပြင်းချလိုက်လေသည်။ နောက်ဆုံးတော့ ကျိုက်ကျိုက်မှာ သူငယ်ချင်း ရသွားလေပြီ။ သူ(မ)သည် ပျော်ရွှင်ရမည့်အစား အရင်သုံးရက်က ကျိုက်ကျိုက်သူ(မ)အား သူ၏ခံစားချက်များကို ပြောမပြသည်ကို ဘာလို့ စိတ်ဆိုးနေတာပါလိမ့်။
စုရှီသည် ခေါင်းခါလိုက်ပြီးနောက် သူ(မ)၏ကိစ္စက ပိုအရေးကြီးကြောင်း ဆုံးဖြတ်လိုက်လေသည်။ လွန်ခဲ့သော သုံးရက်လုံး သူ(မ)သည် သူ(မ)၏အမေအား ဖုန်းကို သိမ်းခိုင်းထားပြီး စာမေးပွဲအတွက်သာ အာရုံစိုက်လိုက်လေသည်။
ဒီတစ်ခေါက် နှစ်ဝက်စာမေးပွဲသည် အရင်တစ်ခါကထက် ပိုခက်ခဲသည်။ စုရှီသည် အရင်က ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသော်လည်း ကျိုက်ကျိုက်နှင့်အတူ စာ လေ့လာပြီးနောက်ပိုင်း အရင်ကထက် ပိုဖြေနိုင်လာလေသည်။ ဒီတစ်ကြိမ်စာမေးပွဲတွင် သူ(မ)ညအိမ်စာလုပ်သည့်အခါ၌ လေ့ကျင့်သည့် မေးခွန်းများ ပါလေသည်။ စာမေးပွဲအတွင်း စုရှီသည် အလွန်အံဩသွားပြီး မြန်မြန် ဖြေဆိုလိုက်လေသည်။ ဒီတစ်ခါ သူ(မ)၏စာမေးပွဲရလဒ်သည် သိပ်ဆိုးမည် မဟုတ်ဟု သူ(မ)ခံစားလိုက်ရ၏။
စာမေးပွဲဖြေပြီးနောက် စုရှီသည် လွယ်အိတ်အားလွယ်၍ လူအုပ်ကြီးနှင့်အတူ စာမေးပွဲခန်းမထဲမှ ထွက်လာလေသည်။ နောက်ဆုံးတော့ သူ(မ)သည် အသက်ကောင်းကောင်း ရှူနိုင်လေပြီ။
စာမေးပွဲခန်းထဲမှ ထွက်ချိန်သည် အမြဲတမ်း လူအကြပ်ဆုံးအချိန်ပင် ဖြစ်လေသည်။ တစ်ချို့ကျောင်းသားများသည် 'တဆိတ်လောက်' ဟုအော်၍ လူအုပ်ကြီးအား တိုးကာ အိမ်သို့ အမြန်ပြန် ကြလေသည်။
စုရှီသည် လှေကားထစ်မှ ဆင်းချိန်တွင် သူ(မ)နောက်မှ လူအုပ်ကြီးသည် တိုးသထက်တိုးကာ သူ(မ)အား တွန်းလာလေသည်။ သူ(မ)သည် ငယ်စဉ်ကတည်းကပင် ယခုလိုတွန်းခံရဖူး၍ ခဏခဏ လဲကျဖူးလေသည်။ ဒါကြောင့် ရင်းနှီးနေသောခံစားချက် သူ(မ)ခံစားရချိန်၌ သူ(မ)မျက်လုံးများ ကျယ်လာပြီး သူ(မ)စိတ်ထဲတွင် ဆိုးဆိုးဝါးဝါး ဖြစ်လာတော့မည်ကို ကြိုတင်သိနေသည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ သူ(မ)ရှေ့တွင် ပိတ်ရပ်ထားသော ကျောင်းသားကြောင့် သူ(မ)၏ခြေကျင်းဝတ် ထိသွားပြီး လှေကားတွင် ရပ်ရုံသာရပ်နိုင်လေတော့သည်။
သူ(မ) တကယ်ရပ်နိုင်သေးတာလား။ စုရှီသည် သူ(မ)၏ခြေထောက်အား မယုံနိုင်စွာဖြင့် ကြည့်လိုက်လေသည်။
သူ(မ)တွေးလိုက်သည်မှာ သူ(မ)၏ကံမကောင်းပုံနှင့်ဆိုရင် သူ(မ)၏ခြေကျင်းဝတ်သာမလည်သွားခဲ့ပါက တစ်နေရာရာသို့ လဲကျသွားမည်ဖြစ်သည်။
သူ(မ)၏ကံသည် တဖြည်းဖြည်းကောင်းလာပြီဟု ခံစားရလေသည်။ သူ(မ)သည် အသက်ပြင်းပြင်းရှူပြီး လှေကားပေါ်မှ လူအုပ်ကြီးနောက်သို့ လျင်မြန်စွာလိုက်၍ စာသင်ခန်းသို့ ပြန်လာလေသည်။
ဒီရှစ်ရက်တွင် လုဟွမ်သည် ခါတိုင်းနှင့်မတူ အလုပ်ရှုပ်နေလေသည်။ စစ်တန်းလျားမှ မတော်တဆမှု ဖြစ်ပြီးကတည်းက ကျန့်ယွမ်စစ်သူကြီးသည် သူ့အား ရာထူးတိုးပေးဖို့နှင့် စစ်သူကြီးအိမ်တော်သို့ လာရန် သူ့အား လူများစေလွှတ်၍ ဖိတ်ခေါ်ခဲ့လေသည်။ စစ်တပ်ရေးရာဝန်ကြီးသည်လည်း သူ၏ဘေးတွင်ဖြစ်လေသည်။ ကျန့်ယွမ်စစ်သူကြီး နှင့်စစ်တပ်ရေးရာဝန်ကြီးတို့သည် မြောက်ပိုင်းနယ်မြေများကို ချီတက်ရေးအတွက် ဆွေးနွေးနေကြလေသည်။ သူတို့ဆွေးနွေးနေစဥ်တွင် သူ့အား နားထောင်စေ၍ သူ၏အမြင်ကိုလည်း မေးမြန်းလေသည်။ ဒါ့အပြင် စစ်တပ်ရေးရာဝန်ကြီးဌာန၏ ဒုတိယဌာနမှာ တက်ရောက်ရမည့် ကိစ္စရပ်များလည်း ရှိသေးသည်။ တော်ဝင်ကျောင်းတော်၏ နွေဦးပညာသင်ကာလသည် ကုန်ဆုံးတော့မည်ဖြစ်ပြီး အတန်းများစွာလည်း ကျန်နေသေးသည်။
သခင်မကြီးသည် လုဟွမ်အား ပြန်လာရန် အစေခံများစွာ စေလွှတ်၍ အကြိမ်ပေါင်းများစွာ ခေါ်ခိုင်းလေသည်။ လုဟွမ်သည် အေးစက်စက် နိုင်လှပေသည်။ သခင်မကြီး၏အရင်က ကြင်နာမှုများသည် ရုံးတော်၌ သူ၏လှုပ်ရှားမှုများကို နောက်ယောင်ခံလိုက်၍ သူ့အား တစ်ချိန်လုံး ထိန်းချုပ် ထားချင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် အမြဲတမ်း ငြင်းဆိုဖို့ရာ အကြောင်းရှာလေ့ရှိသည်။
ဒါ့အပြင် သူသည် မြို့ပြင်ရှိ လယ်အရေအတွက်ကို ငါးကွက်အထိ တစ်ဖြည်းဖြည်း တိုးချဲ့ခဲ့လေသည်။ လယ်တစ်ခုစီတွင် အလုပ်သမား အယောက်လေးဆယ်နှင့် ဆယ်ခု သို့မဟုတ် ထို ထက်ပိုသော ဖန်လုံအိမ်များနှင့် ဆောင်းခို အမိုးအကာများ ပါလေသည်။ ဆရာဒင်းရိနှင့် ချန်ကုန်းဝူတို့သည် ဒီလူများကို သေချာစွာ စီစဥ်ပေးလေသည်။ ကိုယ်ရံတော်သုံးမှာမူ နှစ်အဆုံးတွင် မင်းသားနင်းဖူအိမ်တော်၏ ထုတ်ပယ်ခြင်းကို အခွင့်ကောင်းယူပြီး မင်းသားနင်းဖူအိမ်တော်မှ လုံးဝနှုတ်ထွက်ကာ ခြံ၏ အဓိကကိုယ်ရံတော် ဖြစ်လာလေသည်။ ခြံများတွင် အရာအားလုံးသည် ချောမွေ့စွာ လည်ပတ်နေလေသည်။ နွေရာသီကုန်ခါနီးတွင် သူတို့စိုက်ပျိုးခဲ့သော ကောက်ပဲသီးနှံများသည် ဈေးကွက်သို့ ဖြည်းဖြည်းချင်း တိုးဝင်လာလေသည်။
အရင်တုန်းက လုဟွမ်သည် ဝိညာဉ်မလေးနှင့် ဆက်သွယ်ခဲ့ပြီး ထိုအကြောင်းကို မေးခဲ့လေသည်။ ဝိညာဉ်မလေးသည် ခြံများမှ ထွက်ကုန်များအား တိကျသေချာသည့် နံပါတ်တစ်ခု ရောက်လာဖို့အထိ ကူညီပေးခဲ့လေသည်။
ကီလိုဂရမ် နှစ်သောင်း။
ဝိညာဉ်မလေးသည် သူ၏လက်နှစ်ချောင်းကို ထောင်၍ နံပါတ်ကို ပြောပြလေသည်။
ဝိညာဉ်မလေးက ဘာကြောင့် ခြံထွက်ကုန်ကို ဒီလောက်အဆင့်ထိ ရောက်စေချင်တာလဲ သူ မသိသော်လည်း လုဟွမ်နှင့်တော့ အတွေးတူလေသည်။ ခြံအနေနဲ့ ကောက်ပဲသီးနှံတွေကို များများ ထုတ်နိုင်လေလေ၊ မြောက်ပိုင်းရှေ့တန်းကို ပို့တာပဲဖြစ်ဖြစ်၊ ဆင်းရဲသားစျေးကွက်ကို ပို့တာပဲဖြစ်ဖြစ် လူများကို ကျွေးရန်အတွက် အဓိပ္ပါယ်ရှိလှပေသည်။
ထို့ကြောင့် ယခုရက်တွေမှာ ဝိညာဉ်မလေးက ပေါ်မလာတော့ပေ။ လုဟွမ်သည် အထီးကျန်သလို ခံစားရသောကြောင့် ခြံထဲသို့ ခဏခဏသွားကြည့်လေသည်။
ရှစ်ရက်မြောက်ညအထိ သူသည် ခါးသီးစွာဖြင့် စောင့်နေလေသည်။ သူသည် အစက အရာရှိအိမ်ရာအတွင်းနေပြီး သူ(မ)အလာကို စောင့်ရန် စီစဥ်ထားသော်လည်း ယနေ့သည် သစ်ခွပွဲတော်ဖြစ်လေသည်။ လမ်းတွေသည် ထိန်လင်းနေပြီး လူများဖြင့် ပြည့်နေလေသည်။ ခိုက်ရန်ဖြစ်ပွားမှုများရှိမည်မှာ အသေအချာပင်။ ရုံးတော်တွင် တစ်ခုခုဖြစ်နေသောကြောင့် သူသွားရပေမည်။ လုဟွမ်သည် မြန်မြန်ပြီးအောင်လုပ်ပြီး ပြန်လာချင်လှပေသည်။ သူသည် အရင်ဆုံး အရာရှိအိမ်ရာ စားပွဲပေါ်တွင် စာတစ်စောင်ချန်ထားခဲ့ပြီး သူဘယ်သွားမည် ဆိုသည်ကို ပြောခဲ့လေသည်။ ထို့နောက် ရုံးတော်အစောင့်များနှင့်အတူ လိုက်သွားလေသည်။
စုရှီ စာမေးပွဲပြီးသည့်နောက်တွင် သူ(မ)သည် စိတ်လှုပ်ရှားစွာဖြင့် အိမ်သို့ အမြန် ပြန်လာခဲ့လေသည်။ ပထမဆုံးသူ(မ)လုပ်သည့်အရာသည် ဖုန်းထုတ်ပြီး လိုင်းပေါ်မြန်မြန်တက်ရန်ဖြစ်လေသည်။
ဒီတစ်ကြိမ် သူ(မ)လိုင်းပေါ်တက်သည်နှင့် ကျိုက်ကျိုက် သူ(မ)အတွက် ဘာချန်ထားခဲ့လဲဆိုတာကို ကြည့်ချိန်ပင်မရှိဘဲ စခရင်ပေါ်တွင် အဓိကမစ်ရှင် ပေါ်လာလေသည်။
[နဝမမြောက် အဓိကမစ်ရှင်ကို လက်ခံပေးပါ (အလယ်အလတ်အဆင့်): ချန်ချွင်းဘုရားကျောင်းမှာ လှည်းကျင်း သန့်ရှင်းပေးနေတဲ့ သူတော်စင်တစ်ပါးကို ရှာဖွေပါ။ အဓိကဇာတ်ကောင်ရဲ့အတိတ်ကို သူ(မ)ဆီမှ လေ့လာပါ။]
[မစ်ရှင်၏ခက်ခဲမှု: ကြယ် ၈ ပွင့်၊ ဆုငွေ: ရွှေဒဂါး ၃ဝဝ၊ ဆု: ၁၂မှတ်]
စခရင်ပေါ်တွင် 'အတိတ်' ဆိုသောစကားလုံးအား စုရှီ မြင်သည့်အခါ သူ(မ)သည် ရုတ်တရက် တုန်သွားလေသည်။ ဒါ ရောက်လာပြီလား။ နောက်ဆုံးတော့ ဒါ ရောက်လာပြီလား။ ကျိုက်ကျိုက်ရဲ့အတိတ်အကြောင်း ရောက်လာပြီပဲ!
သူ(မ)သည် စနစ်၏ အပေါ်ညာဘက်ထောင့်ကို ဖွင့်လိုက်ပြီး မင်းသားကိုး၏ ပရိုဖိုင်ပုံနှင့် အချက်အလက်များသည် ဗလာသက်သက်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သို့သော်လည်း သူ(မ)၏အမှတ်သည် ၄၅ထိ ရောက်နေပြီး တစ်ဝက်ကျော်နေပြီဖြစ်သောကြောင့် အဓိကမစ်ရှင်တွင် ကျိုက်ကျိုက်၏အတိတ်ဖြင့် ဖြည်းဖြည်းချင်း စတင်လာလေသည်။ သူ(မ)သည် နဝမမြောက် အဓိကမစ်ရှင် ကို ပြီးသွားသည်နှင့် ဒီက သတင်းအချက်အလက်များသည် ဖြည့်ပြီးသား ဖြစ်သွားပေလိမ့်မည်။
စုရှီသည် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ သူ(မ) ဒီဂိမ်းကို စကစားစဥ်ကတည်းက မင်းသားနင်းဖူအိမ်တော်တွင် ကျိုက်ကျိုက် ဘယ်လိုဖြစ်မည်ဆိုသည်ကို အမြဲသိချင်ခဲ့သည်။ နောက်ကွယ်တွင် သေချာပေါက် ရှုပ်ထွေးသည့် ဇာတ်လမ်း ရှိပေလိမ့်မည်။
ဒီမစ်ရှင်သည် လူရှာရမည့်ပုံ ပေါ်သည်။ ဒါကြောင့် ဒါက သိပ်ပြီး ခက်ခဲမနေသင့်ပေ။
စုရှီသည် ကျိုက်ကျိုက်ကို ချက်ချင်းဆွဲခေါ်ပြီး ချန်ချွင်းဘုရားကျောင်းသို့ သွားရန် မစောင့်နိုင်တော့ပါ။
သို့သော် သူ(မ) ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားလေသည်။ တကယ်လို့ ကျိုက်ကျိုက်၏အတိတ်က သူလက်မခံနိုင်သည့် ပူးပေါင်းကြံစည်မှုတွေ ရှိခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။
ဒါဆို ကျိုက်ကျိုက် သိချင်ဦးမှာလား။
စုရှီသည် ဒီတိုင်း ဂိမ်းကစားရုံသာဆိုရင် သေချာပေါက် အမှန်တရားကို သိဖို့ မစောင့်နိုင်တော့ပေ။ သို့သော်လည်း သူ(မ)တွင် ကျိုက်ကျိုက်ကိုသာ အဖော်ပြုပေးချင်စိတ်ရှိပြီး ဂိမ်းတွင် သိပ် စိတ်မပါတော့ပေ။ သူ(မ)သည် ကျိုက်ကျိုက်အမှန်တရားကို သိသွားပြီး မပျော်တော့မည်ကို ရုတ်တရက် စိုးရိမ်သွားလေသည်။
သူ(မ)သည် ရုတ်တရက် မလွယ်ကူတော့သလို ခံစားရလေသည်။ သို့သော်လည်း သူ(မ)သည် ခဏသာ ထိုသို့ မတွေးရန် ဆုံးဖြတ်လိုက်လေသည်။
သူ(မ)သည် ကျိုက်ကျိုက်စားပွဲပေါ်တွင် ချန်ထားခဲ့သည့် စာအား ဖတ်ကြည့်ပြီးနောက် ကျိုက်ကျိုက်ကို ရှာရန် စခရင်ကို အစိုးရရုံးဘက်သို့ ပြောင်းလိုက်လေသည်။ သို့သော်လည်း လျှောက်ပတ်ကြည့်ပြီးနောက် ခန်းမတွင် ဆွေးနွေးနေကြသည့် လူအနည်းငယ်ကို တွေ့လိုက်လေသည်။ သူ(မ) ကျိုက်ကျိုက်ကို မတွေ့ပေ။ ရုံးတော်ကနေ ကျိုက်ကျိုက်ထွက်သွားလောက်ပြီဟု တွေးမိတော့ စခရင်ကို လမ်းဘေးစျေးတန်းဘက်သို့ ပြောင်းလိုက်လေသည်။
ဒီအချိန်တွင် ပွဲစျေးတန်းသည် လွန်စွာ အသက်ဝင်လှပေသည်။ ပွဲစျေးတစ်လျှောက်တွင် ခြင်္သေ့အကများဖြင့် ဖျော်ဖြေနေသော အကသမားများကိုလည်း တွေ့ရလေသည်။ သူတို့ပတ်ပတ်လည်တွင် သူတို့အားကြည့်နေသော လူများစွာလည်း ရှိလေသည်။ ခြင်္သေ့အကသမားများထံသို့ ငွေဒင်္ဂါးများကို ပစ်ပေးနေသည့်လူများလည်း ရှိပေသည်။
စုရှီသည် ဓားထိပ်ပေါ်တွင် လမ်းလျှောက်နေသော ခြင်္သေ့အကသမားများအား ကြည့်၍ သူ(မ)သည် အသက်ရှူ ရပ်မတတ်ဖြစ်သွားလေသည်။ သူ(မ) ခဏလောက် စိတ်ဝင်တစားရပ်ကြည့်နေ၏။
ခဏအကြာတွင် တစ်ခြားပွဲစျေးတန်းဘက်ခြမ်းအဆုံးတွင်လည်း အနည်းငယ် လူတိုးနေသည်ကို တွေ့ရလေသည်။ ဘာတွေဖြစ်နေမှန်း သူ(မ)မသိပေ။ သူ(မ)သည် ကျိုက်ကျိုက်အားလိုက်ရှာရန်သာ သတိရလေသည်။ ထို့ကြောင့် သူ(မ)သည် စခရင်အား ပွဲစျေးတန်းတစ်လျှောက်သို့ ရွှေ့၍ လူအုပ်ကြီးကြားထဲက ကျိုက်ကျိုက်ကို ရှာလေတော့သည်။
တချက်ကြည့်လိုက်သည်နှင့် ကျိုက်ကျိုက်သည် လူအုပ်ကြားထဲမှ တိုးဝှေ့လာသည်ကို တွေ့လိုက်ရလေသည်။ သူသည် မြန်မြန်ပြန်ရန် အလျင်လိုနေသကဲ့သို့ သူ၏မျက်လုံးများသည် တွန့်ချိုးနေလေသည်။
လူတအားများနေရသည့် အကြောင်းရင်းမှာ လူတွေက အဆောက်အအုံ မြင့်ကြီးတွေပေါ်ကို ပန်းထိုးထားတဲ့ ဘောလုံးတွေနဲ့ ပစ်ပေါက်နေကြသောကြောင့်ပင်။
ပန်းထိုးဘောလုံးတွေနဲ့ ပစ်ပေါက်နေတဲ့သူက မြို့တော်ရဲ့ချမ်းသာတဲ့ ကုန်သည်တစ်ဦးရဲ့သမီးပဲ။ သစ်ခွပန်းပွဲတော်မှာ လူစည်ကားတာကို အခွင့်ကောင်းယူပြီး သူ(မ)က သားမက်ကောင်းတစ်ယောက်ကို ရှာနေတာပင်။
ယန်မင်းဆက်မှာ လူတွေဒီလိုမျိုး အမွှေးနံ့သာဘောလုံးတွေပစ်ပေါက်တာကို မမြင်ဖူး၍ သူ(မ)သည် အရင်ဆုံးသွားပြီး ကျိုက်ကျိုက်၏လက်ကို သွားဆွဲလိုက်လေသည်။ ထို့နောက် သူ(မ)သည် အဆောက်အအုံကြီးပေါ်သို့ အမွှေးနံ့သာဘောလုံးနှင့် ပစ်ပေါက်နေသော မျက်နှာဖုံးအုပ်ထားသည့် အမျိုးသမီးတစ်ဦးအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။
လုဟွမ်အနေဖြင့် ရှစ်ရက်သည် ရှစ်နှစ်လောက်ကြာသကဲ့သို့ ခံစားရလေသည်။ ဒီတစ်ခါတွင် ရင်းနှီးနေသော ခံစားချက်ပြန်ရလာလေသည်။ သူသည် အသက်ရှူရပ်သွားသလိုဖြစ်ပြီး သူ့နှလုံးသားလေး နွေးထွေးသွားလေသည်။ သူသည် သူ့ဘေးနားက လူအား သူ(မ)၏အလုပ်များ ပြီးသွားပြီလားဟု မေးလိုက်လေသည်။ အဆုံးတွင်တော့ သူ့ဘေးက ထိုသူ၏အာရုံသည် အမွှေးနံ့သာဘောလုံးပစ်နေသည့် အမျိုးသမီးတစ်ဦးထံတွင်သာ ရှိနေသည်ကိုခံစားမိလိုက်၏။
သူ(မ)သည် သူ့အား စိတ်လှုပ်ရှားစွာဖြင့်ပင် လူအုပ်ထဲသို့ ဆွဲခေါ်သွားလေသည်။
ထို့နောက် တစ်နေရာရာမှ လေတိုက်ခတ်လာလေသည်။ ကြည့်ရတာ ထပ်ပြီး ကြိုးစားဖို့ မစောင့်နိုင်တော့ပုံပင်။ ထိုလေသည် အဖြူရောင် မျက်နှာဖုံးအုပ်ထားသည့် အမျိုးသမီးငယ်လေးရှိရာ အပေါ်ထပ်သို့ စိတ်လှုပ်ရှားစွာ တိုက်ခတ်သွားလေသည်။
အောက်ထပ်က အမျိုးသားအချို့သာ မျက်နှာဖုံးထားသည့်ပဝါအောက်က အမျိုးသမီး၏ မျက်နှာတစ်ဝက်ကို တွေ့လိုက်ရပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြလေသည်။
လုဟွမ်၏ဘေးမှလေသည် လေချွန်ရန် မစောင့်နိုင်တော့သကဲ့သို့ ပိုပြီးစိတ်လှုပ်ရှားလာလေသည်။
လုဟွမ် "..."
စုရှီသည် လူကြားထဲမှ ကျိုက်ကျိုက်၏ စူပုပ်ပုပ်မျက်နှာအား သတိမထားမိပေ။ သူ(မ)၏မျက်နှာမှ ရေများ ဖြစ်ညှစ်ခံရသကဲ့သို့ အလွန်စိတ်ဓါတ်ကျသွားလေသည်။
သူ(မ)သည် ပုဝါအုပ်ထားသည့် အမျိူးသမီး၏မျက်နှာအား ကြည့်ရန် မူရင်းလူပုံစံအမြင် ကို ချဲ့လိုက်လေသည်။ အမွှေးနံ့သာ ဘောလုံးအားပစ်နေသည့် အမျိုးသမီးဟာ အလွန်လှပသည်ဟု သူ(မ)ခံစားမိ၏။ စစ်တပ်ရေးရာဝန်ကြီး၏သမီးထက်ပင် ပိုလှသေးသည်။ ပန်းတစ်ပွင့်ကဲ့သို့လှပ၍ လမင်းကြီးကဲ့သို့လည်း လှပပေသည်။ ဘယ်ခွေးကောင်က အခွင့်အရေးရသွားမလဲ မသိပေ!
ဒီအချိန်တွင် အဆောက်အအုံမြင့်ပေါ်မှ အမျိုးသမီးသည် အမွှေးနံ့သာဘောလုံးအား ပစ်လိုက်လေသည်။
အောက်တွင်ရှိနေသော ယောကျာ်းအားလုံးသည် အရူးအမူး ဖြစ်နေကြလေသည်။ ထို့ပြင် ဒီမိန်းကလေးသည် ဘယ်လောက်လှလှ၊ သူ(မ)သည် ချမ်းသာသော ကုန်သည်၏ သမီး ဝမ်စန်းချန် ဖြစ်နေဆဲပင်! သူ(မ)ကို လက်ထပ်သူသည် ယန်မင်းဆက်တွင် အချမ်းသာဆုံးလူ၏ သားမက် ဖြစ်လာပေလိမ့်မည်!
အမွှေးနံ့သာ ဘောလုံးသည် လူကြားထဲမှ လုဟွမ်ဆီသို့ တည့်တည့်ကျလာလေသည်။
စုရှီသည်လည်း အလွန်လန့်သွားလေသည်။ အမွှေးနံ့သာဘောလုံးသည် တမင်ပစ်လိုက်ခြင်း ဟုတ်၊မဟုတ်ကိုမူ သူမသိပေ။ ဒါ့အပြင် ကျိုက်ကျိုက်သည် ဒီလူတွေကြားထဲတွင် ဆွဲဆောင်မှု အရှိဆုံးဖြစ်၏။ အဆောက်အအုံကြီးပေါ်တွင် ဘယ်သူရပ်နေပါစေ၊ သူတို့သည် ကျိုက်ကျိုက်ဆီသို့သာ ပစ်ချင်ကြလေသည်။
'ဒီမှာ အပိုမစ်ရှင်တွေများ ရှိနေတာလား။'
စုရှီ ထင်သည့်အတိုင်းပင် ကျိုက်ကျိုက်သည် အလွန်စိတ်ညစ်သွားဟန်ပေါ်လေသည်။ သူသည် အမြန်ရှောင်လိုက်ရာ အမွှေးနံ့သာဘောလုံးသည် သူ့အား ကျော်ပြီး မသန်မစွမ်းဖြစ်နေသောသူ အနောက်သို့ကျသွားလေသည်။
ပွဲကြည့်နေသော စုရှီသည် ယာယီ တိတ်ဆိတ်သွားလေသည်။
စခရင်ပေါ်တွင် အပိုမစ်ရှင် တစ်ခုပေါ်လာလေသည်။ "အပိုမစ်ရှင် ၇ ကို လက်ခံပေးပါ: အမွှေးနံ့သာ ဘောလုံးကို လက်ခံ၍ ဒီအခွင့်အရေးကို အသုံးချပြီး ဝမ်စန်းချန်နှင့် ရင်းနှီးအောင်လုပ်ပါ။" ထိုစာသားသည် ဖြေးဖြေးချင်း ပေါ်မလာခင် ခဏလောက် ရပ်နေလေသည်။
"အပိုမစ်ရှင် ၇ ကျရှုံး!!!"
စုရှီ : ....???!!!
စုရှီသည် စခရင်၏ ညာဘက်ထောင့်ရှိ လက်ရှိအခြေအနေကို ဖွင့်ကြည့်လိုက်လေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် အချမ်းသာဆုံးလူရဲ့သမီးသည် မပေါ်လာခင် မြေမြုပ်ခံ ထားရပြီးသားဖြစ်သည်။
သူ(မ): ...
သူ ဘာတွေလွတ်သွားလဲ ကျိုက်ကျိုက် မသိပေ။ သူ့အင်္ကျီလက်ကို ဆွဲထားသော စုရှီကို စောင်းကြည့်လိုက်ပြီး အေးစက်နေသော မျက်နှာဖြင့် လူအုပ်ထဲမှ ခြေလှမ်းကျဲကျဲနဲ့ ထွက်လာလေသည်။
စုရှီလိုင်း တက်တဲ့အချိန်မှာ ကျိုက်ကျိုက် ဘာကြောင့် စိတ်ဆိုးနေမှန်း သူ(မ)နားမလည်တော့ပေ။ သူ(မ)သည် စခရင်ကို ကျိုက်ကျိုက်ရှိရာသို့ ဆွဲလိုက်လေသည်။
လမ်းနှစ်ဘက်လုံးသည် သက်ဝင်လှုပ်ရှားနေပေသည်။ ကျိုက်ကျိုက်သည် စိတ်ဆိုးနေပြီး သူ၏ ခြေတိုတိုလေးများဖြင့် အမြန်လျှောက်နေလေသည်။
စုရှီသည် သူနှင့်ရန်မဖြစ်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏အင်္ကျီစအား ဆွဲလိုက်လေသည်။ ထိုအခါမှသာ ကျိုက်ကျိုက်၏ခြေလှမ်းများ ရပ်သွားလေသည်။ သူ့ရင်ဘတ်က မြင့်တက်နေပြီး သူရပ်နေတဲ့နေရာမှာ ပြင်းထန်စွာ ပေါက်ကွဲနေသည်။ သူ၏အမူအယာသည် သိပ်တော့မကောင်းပေ။ စုရှီအား မမေးခင် သူ့ကိုယ်သူစိတ်ထိန်းလိုက်လေသည်။
"အမွှေးနံ့သာဘောလုံးက ငါ့လက်ထဲကျတော့ မလို့။ မင်း အဲဒီမှာ ရပ်ပြီး ပွဲကြည့်ချင်ရုံ ပဲလား။"
စုရှီသည် သူ(မ)ဘာသာ တွေးမိလိုက်လေသည်။ ကျိုက်ကျိုက်၊ မင်းခံစားချက်တွေက ပိုပိုပြီး ခန့်မှန်းလို့ မရတော့ဘူး။ မင်းမေးခွန်းက ထူးဆန်းလိုက်တာ၊ ငါက ရပ်ပြီး ပွဲမကြည့်ရင် ထိုင်ပြီး ပွဲကြည့်ရမှာလား။
"ငါ မင်းနဲ့မတွေ့ရတာ ရှစ်ရက်ရှိပြီ။ မင်း..." ကျိုက်ကျိုက်သည် တစ်ခုခုကို မေးချင်သကဲ့သို့ အံတင်းတင်းကြိတ် လိုက်သော်လည်း သူ၏စကားလုံးများကို မျိုချလိုက်လေသည်။ "ဒီရက်တွေမှာ မင်း ဘယ်လိုနေလဲ။"
စုရှီသည် သူ(မ)အဆင်ပြေသည်ဟူသော အဓိပ္ပာယ်ဖြင့် သူ၏ညာဘက်လက်အား ပုတ်လိုက်လေသည်။
သို့သော်လည်း သူ(မ)သည် မသန်မစွမ်းဖြစ်နေသူ၏ ကိုယ်ပေါ်သို့ အမွှေးနံ့သာ ဘောလုံး ကျပြီးသည့်နောက်တွင် ဘာဆက်ဖြစ်မလဲဆိုတာ သိချင်နေခဲ့သည်။ အဲဒါပြီးတော့ ဘာဆက်ဖြစ်သွားလဲ။ ထို့ကြောင့် သူ(မ)သည် စခရင်ကို အနီးကပ်ဆွဲ၍ ကြည့်လိုက်လေသည်။
တချို့အကြောင်းကြောင့် စခရင်ပေါ်က ကျိုက်ကျိုက်သည် စခရင်အပြင်ဘက်မှ သူ(မ)ဘာလုပ်နေသည်ကို ရှင်းလင်းစွာ မသိပေ။ သို့သော် သူ(မ)၏စိတ်သည် ထိုအမွှေးနံ့သာဘောလုံးတွင် ရှိနေသည်ကိုတော့ ခံစားမိလေသည်။ ထို့ကြောင့် သူ့မျက်နှာပေါ်က ဝမ်းနည်းမှုသည် ပိုသိသာလာလေသည်။
စုရှီသည် ထိုနေရာကို ကြည့်လိုက်လေသည်။ အချမ်းသာဆုံး သူဌေးသမီး ဝမ်စန်းချန်၏ အစေခံများသည် လှေကားပေါ်မှ ဆင်းပြီး မသန်စွမ်းသူ၏လက်မှ အမွှေးနံ့သာဘောလုံးကို ဆွဲလုကြလေသည်။ တကယ့်ကို ပရမ်းပတာမြင်ကွင်းပင်။ သူ(မ)သည် ပွဲကို ကြည့်ပြီး ရယ်ချင်သွားလေသည်။
သို့သော်လည်း ကျိုက်ကျိုက်၏ ခပ်မာမာ စကားလုံးများသည် စခရင်ပေါ်တွင် ပေါ်လာလေသည်။ "ငါ အဆင်ပြေပါတယ်။ မင်းသွားကြည့်လေ။ ပြီးမှ ပြန်လာခဲ့။"
ဒီစကားလုံးတွေကို အလွန်ရင်းနှီးနေလေသည်။ အရင်တစ်ခါက စုရှီ ဆောင်ကြာမြိုင်ကို သွားချင်တုန်းကလည်း ကျိုက်ကျိုက် ထိုသို့ပြောဖူးလေသည်။ သူ(မ)၏မျက်ခုံးများသည် ရုတ်တရက် တွန့်သွားလေသည်။
စခရင်ပေါ်တွင် ကျိုက်ကျိုက်သည် လက်သီး တင်းတင်းဆုပ် ထားလေသည်။ သူ(မ) အချိန်အကြာကြီး ဘာမှမတုံ့ပြန်သည်ကို ကြည့်ပြီး ရုတ်တရက် စိတ်ဆိုးဒေါသထွက်ကာ ရှေ့တည့်တည့်သို့ သူလျှောက်သွားလေသည်။
စုရှီ၏အပြုံးသည် တဖြည်းဖြည်းလျော့သွားလေသည်။
မဖြစ်နိုင်တာ။ ကျိုက်ကျိုက် သူ(မ)ကို ဘယ်တုန်းကမှ ဒီလိုမျိုးထား မသွားရဲခဲ့ပေ။ အခု သူကြီးလာပြီလား!
သို့သော်လည်း ကျိုက်ကျိုက်သည် ခြေလှမ်းအနည်းငယ်မျှ လျှောက်ရုံပင် ရှိသေးသည်။ သူ၏ခေါင်းထိပ်၌ အဖြူရောင် ပူဖောင်းအကြီးစား ပေါ်လာလေသည်။
'သူ(မ) တကယ်ထွက်သွားပြီလား။'
'သူ(မ) ငါ့နောက်လိုက်လာသေးလား။'
'ငါ ပြန်လှည့်လိုက်ရမလား။ ဒါပေမဲ့ သူ(မ) ငါ့နောက်လိုက်လာရင်တောင် ငါမတွေ့ရဘူး။'
ငါ သူ(မ)ကို ရှစ်ရက်လုံး မတွေ့ရသေးဘူး။ သူ(မ)ကတော့ တစ်ယောက်ယောက်ရဲ့ မျက်နှာကို မြင်ရဖို့ပဲ အလျင်လိုနေတယ်။
ဒီပူဖောင်းသည် စခရင်တွင် အပြည့်ပေါ်လာပြီး အမွှေးဘောလုံး ပစ်နေသောမြင်ကွင်းကို တားဆီး လိုက်လေသည်။ ကျိုက်ကျိုက် တမင်သက်သက်လုပ်တာလို့ သူ(မ)ထင်သည်!
ကျိုက်ကျိုက်၏နှလုံးသားသည် ဗလောင်ဆူနေပေသည်။ ပြီးတော့ ဒီစိတ်တွင်းခံစားချက်များသည် နောက်ဆုံးတွင် သနားစရာ စာကြောင်းအဖြစ်သို့ ပြောင်းသွားလေသည်။
'ငါက စိတ်ရှုပ်ဖို့ကောင်းနေလား။'
စုရှီ : ... ...
သူ(မ)၏နှလုံးသားသည် ရုတ်တရက် အထိုးခံလိုက်ရသလိုပင် ဖြစ်သွားလေသည်။
သူ(မ)သည် ကျိုက်ကျိုက် တရွေ့ရွေ့သွားနေသည်ကို ကြည့်နေလေသည်။ မိုးရေစက်များသည် သူ့ခေါင်းပေါ်သို့ ကျလာလေသည်။
သူ(မ)သတိမထားမိသည်မှာ သူ(မ)ဘက်တွင် သုံးရက်သာ ကုန်သေးသော်လည်း ကျိုက်ကျိုက်ဘက်တွင်မူ ရှစ်ရက်လောက်ရှိလေပြီ။ သူ(မ)လိုင်းတက်သည်နှင့် သူ(မ)၏အာရုံသည် တစ်ခြားတစ်ယောက်ဆီ ရောက်နေ၏။ ကျိုက်ကျိုက်သည် အလွန်ဝမ်းနည်းနေပုံပင် ... 'မေ့လိုက်တော့။ အမွှေးနံ့သာ ဘောလုံးပစ်တာက ဘာအရေးကြီးတာမှမဟုတ်ဘဲ။'
စခရင်ပေါ်က မြင်ကွင်းအားလုံးကို ပူးပေါင်းများက ဖုံးအုပ်သွားသည်။ ကိုယ့်ဟာကိုယ် အထင်ကြီးပြီး တစ်ကိုယ်ကောင်းဆန်နေသော စုရှီကို ကြည့်ခွင့် မပြုပေ။ စစ်တန်းလျားမှ ပြန်လာကတည်းက ကျိုက်ကျိုက်၏အမူအရာများသည် ထူးဆန်းနေသော်လည်း သူ(မ)သည် သူ၏နှလုံးသားထဲတွင် နံပါတ်တစ် ဖြစ်နေဆဲပင်။
ဒါကို အတည်ပြုပြီးနောက် သူ(မ)၏ စိတ်အနှောင့်အယှက်ဖြစ်မှု သေးသေးလေးသည် ရုတ်တရက် ပျောက်သွားလေသည်။ သူ(မ)သည် မနေနိုင်ဘဲ ပြုံးလိုက်သည်။
သူ(မ)သည် သွား၍ ကျိုက်ကျိုက်၏လက်အား ကိုင်ပြီး သူ(မ) မထွက်သွားသေးကြောင်း ပြလိုက်လေသည်။
ကျိုက်ကျိုက်၏မျက်တောင်များသည် လှုပ်ရှားသွားလေသည်။ သူ့ခေါင်းပေါ်က သစ်ရွက်ဆွေးလေးသည် နေမင်းသေးသေးလေးအဖြစ်သို့ ပြောင်းသွားပြီး နောက်ဆုံးတွင် နေသာနေလေသည်။
သို့သော်လည်း သူသည် ရှေ့တည့်တည့်သာ ဆက်သွားနေပြီး လုံးဝ ဂရုမစိုက်သည့် ဟန်ဆောင်နေလေသည်။ သူသည် နူးညံ့စွာ နှာမှုတ်လိုက်၏။'ဟွန်း'