← Chapters

Chapter 48

Vol. 5 Ch. 48

Chapter 48

Vol. 5 Ch. 48

ဤသို့ ကသိသအောက် ဖြစ်နေခြင်းသည် ဖြေရှင်းရာမရောက်ဘူးဆိုတာ လုဟွမ်လည်း နားလည်ပေ၏။ အကယ်၍ သူသာ မျက်စိစုံမှိတ်ကာ အတင်းအကြပ် တိုက်တွန်းလိုက်လျှင် တစ်နေ့မှာ သူမအား အဝေးသို့ ပို့လိုက်မိပေလိမ့်မည်။

အနည်းဆုံးတော့ သူမဟာ သူ့ဘေး၌ ရှိနေသေးသည်။

လက်ရှိ ဦးစားပေးအခြေအနေသည် သူ့စိတ်ကူးများအား အရိုင်းဆန်စွာ လွှတ်ပေးရန် မဟုတ်ပေ။ အခြားသောလောကများနှင့် ဆက်သွယ်ပေးနိုင်သော အစွမ်းရှိသည့် ဆရာသခင်အား ရှာရန် ဖြစ်သည်။

သို့သော် လုဟွမ် လက်ရှိ အားအင်နှင့် ထိုသို့သော လျို့ဝှက်ဆန်းကြယ်သော ဆရာလိုလူမျိုး တည်ရှိနေသည်ကို ကြားဖူးနားဝရှိစေကာမူ ထိုသူအား အချိန်တိုအတွင်း ရှာရန် ခက်ခဲပေလိမ့်မည်။ ထိုသူအား ဖြေးဖြေးချင်း ရှာဖွေဖို့ရန်လည်း သူ အတော်လေးပင် သည်းမခံနိုင်တော့ချေ။ အကယ်၍ လျင်လျင်မြန်မြန်ဖြင့် ထိုလူအား ရှာတွေ့လိုပါက အာဏာအနည်းငယ်ကို သူ ချေးငှားရပေမည်။

ကာကွယ်ရေး စစ်သူကြီးချုပ်၏ စခန်း၌ နေရာအနှံ့ ခြေဆန့်နေကြသည့် စစ်သားနှင့် အရာရှိများစွာ ရှိလေသည်။ စစ်သူကြီးအိမ်တော်၌လည်း ယန်မင်းဆက်တစ်လျှောက်တွင် သူလျှိုများလည်း ရှိပေသည်။ သူတို့သည် သူ့အား မြန်မြန်ရှာတွေ့နိုင်ရန် ကူညီကောင်း ကူညီနိုင်သည်။

ထိုသို့ စဥ်းစားကာမှ အဲဒီနေ့မှာ စုရှီကို ပြန်ပို့ပြီးနောက် သူသည် စစ်သူကြီး ကျန့်ယွမ်အိမ်တော်ကို ထပ်မံ သွားရောက်ခဲ့သေးသည်။

များမကြာသေးမှီကပင် ကျန့်ယွမ်စစ်သူကြီးသည် လုဟွမ်အား မြေတောင်မြှောက်ပေးရန် ရည်ရွယ်ထားလေသည်။ စစ်တပ်ရေးရာ ဝန်ကြီးနှင့် အစည်းအဝေးရှိသည့်အခါတိုင်း ထိုလူငယ်လေးအား အတူ ခေါ်သွားတတ်သည်။

သို့သော်ငြား မကြာသေးမှီက ကျန့်ယွမ်စစ်သူကြီး၌ ခေါင်းခဲစရာ ကိစ္စ ရှိလာခဲ့သည်။

နှစ်လကျော်ကြာမြင့်ခဲ့သည့် စစ်မှုထမ်းရန် လူစုဆောင်းခြင်းသည် ပြီးဆုံးသွားခဲ့သည်။ စစ်ဆင်ရေးသည် မကြာမှာပင် စတင်တော့မည်။ သို့ရာတွင် ယန်မင်းဆက်၏ ဘဏ္ဍာတိုက်သည် ယခုနှစ်ပိုင်းအတွင်း ခမ်းခြောက်လျက် ရှိပေသည်။ သူတို့၌ လူအင်အားရှိသော်ငြား စစ်တပ်၏ ရိက္ခာထောက်ပံ့မှုအား ဖြည့်စည်းရန် ဘဏ္ဍာငွေ မလုံလောက်ပါချေ။

ကျန့်ယွမ်စစ်သူကြီးသည်လည်း ဧကရာဇ်၏ အကျပ်အတည်းများ သိရှိပါ၏။ အကယ်၍ ဘဏ္ဍာတော်မှ ပြဋ္ဌာန်းချက်များ ပါရမည်ဆိုလျှင် ယခုနှစ်တွင် မြေခွန်ကောက်ခံခြင်းနှင့် အလုပ်သမား တိုးမြှင့်ခြင်းအား ရှောင်ရှားရန် ခက်ခဲလာပေရော့မည်။

ယန်မင်းဆက်၏ အခွန်ကောက်ခံခြင်းသည် လျော့လျော့ပေါ့ပေါ့ ဖြင့် အစမပျိူးနိုင်ခဲ့ပါချေ။ လွန်ခဲ့သည့်နှစ် အေးခဲနေသည့် ဆောင်းရာသီကတည်းက သူတို့သည် ဆားအခွန် ကောက်ခံခြင်းကို စတင်ခဲ့ကြသည်။

အကယ်၍ သူသည် အခွန်အတုတ်များကို ဆက်၍ တိုးမြှင့်ပေးမည်ဆိုလျှင် ဆူပူအုံကြွမှုများ ပိုမိုပြင်းထန်လာနိုင်ပြီး လူတို့သည် အသက်မွေးဝမ်းကျောင်းပြုရန် နည်းလမ်းမရှိနိုင်ပေ။

အကယ်၍ ထိုထောက်ပံ့မှုစရိတ်များသည် အမြတ်ကြီးစားခြင်းဖြင့် ချမ်းသာနေသော အရာရှိများ၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားလျှင် မြို့တော်၏အာဏာအား မထင်မှတ်ထားလောက်သည်အထိ အကျိူးသက်ရောက်နိုင်သည်။

သူ ဘယ်လို ဆုံးဖြတ်ချက်မျိုး ချစေကာမူ အခြေအနေတစ်ခုလုံးအတွက် အကျိုးသက်ရောက်မည်ဖြစ်သည်။ သူသည် အကျပ်အတည်းကြားထဲ ညပ်နေပေသည်။

သူ့မျက်ခုံးမွှေးများအား ပွတ်သပ်ကာ စစ်တပ်ရေးရာဝန်ကြီး၊ လုဟွမ်နှင့် စခန်းရှိ အခြားသော ဗျူဟာပညာရှင်များအား ပြောလိုက်သည်။

"ယနေ့ အစည်းအဝေးမှာ အငြင်းပွားစရာတွေ ဖြစ်သွားတယ်။ ဝန်ကြီးချုပ်အဖွဲ့က သူတို့ရဲ့စည်းစိမ်ကို ထိခိုက်မှာစိုးလို့ အရာရှိတွေရဲ့ လှူဒါန်းတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။ အခု တရားရုံးမှာ အာဏာအကြီးဆုံးမိသားစုက ဝန်ကြီးချုပ်မိသားစု ဖြစ်နေတာမို့ ဧကရာဇ်က အိမ်ရှေ့စံမင်းသားဘက်ကို မလွဲမကန်ကို မျက်နှာသာပေးရလိမ့်မယ်။ ကျုပ် သူနဲ့ အငြင်းပွားဖို့ကို မကြောက်ပါဘူး။ ဒါပေမယ်လို့ ဒါက ရေရှည်ကြီးသာ ဖြစ်နေရင် မြောက်ပိုင်းက တကယ် သူ့ကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ နောက်ပိုင်းအကျိုးဆက်တွေက တကယ်ကို မတွေးရဲစရာပဲ!"

မဟာဗျူဟာပညာရှင်များသည်ပင် အလွန်အမင်းစိုးရိမ်နေကြသည်။

လုဟွမ် ခဏတာလောက် စဥ်စားပြီးနောက် "စစ်သူကြီးခင်ဗျ.. စစ်တပ်ရဲ့ အခြောက်အခြမ်းရိက္ခာ ဘယ်လောက်လောက် ကျန်ဦးမလဲခင်ဗျ၊ သုံးလ လောက်ထိ လုံလောက်နိုင်လား" ဟု မေးလိုက်သည်။

မြောက်ပိုင်းစစ်ပွဲမှာ ရှည်လျားလှသည်။ ရှေးခေတ်ကတည်းက သုံးလအတွင်း ပြီးဆုံးသွားနိုင်သည့် စစ်ပွဲမျိုးဆိုတာ တစ်ခါမှ မရှိဖူးပေ။ ဒီတစ်ကြိမ်တွင် သူတို့အား အမြတ်လောဘကြီးစွာ မျက်စောင်းထိုးနေသော အိမ်နီးချင်းနိုင်ငံများအား အပြတ်သတ် အနိုင်ရနိုင်ရန်အတွက် တပ်ဖွဲ့များအား တပ်စွဲနေရာချရန် တစ်နှစ်ခွဲအနည်းဆုံး အချိန်ယူရပေလိမ့်မည်။ ထို့ကြောင့်ပင် ကျန့်ယွမ်စစ်သူကြီးနှင့် အခြားသူများမှာ ရိက္ခာထောက်ပံ့မှုအပေါ် ခေါင်းခဲနေကြခြင်းဖြစ်သည်။

စစ်တပ်ရေးရာ ဝန်ကြီးသည် "လက်ရှိမှာ ရိက္ခာနဲ့ ကုန်ခြောက် ထောက်ပံ့နေတဲ့ ပြည်သူတွေ ရှိသေးတယ်။ ကျုပ်တို့ကျန်တာနဲ့ ပေါင်းရင် လောက်တာတော့ လောက်မှာပါ”

တခြားနည်းဖြင့်ဆိုသော် သူတို့အနေဖြင့် လေးလစာ လုံလောက်စေရန် ရိက္ခာများကို လေးလနှင့် စုဆောင်းရပေမည်။

ပြဿနာသည် ထိုမျှလောက် မရိုးရှင်းပေ။

ယန်မင်းဆက်၌ ချမ်းသာသော ကုန်သည်များရှိသော်ငြား ထိုကုန်သည်များသည် အိမ်နီးချင်းနိုင်ငံများနှင့် အပေးအယူများရှိသည့်အတွက် ရိက္ခာကောင်းများရရှိရန် ထိုမျှလောက် မလွယ်ကူပေ။

ထပ်ပြောရသော် ကုန်သည်အများစုသည် စစ်ပွဲတွင်း သူတို့၏ အကျိူးစီးပွားအတွက် အမြတ်ယူရန် စီစဥ်နေကြပြီး ယန်မင်းဆက်အား စစ်မီးတောက် မီးလျှံကြားတွင် တွေ့ရန် မျှော်လင့်နေကြသည်။

လုဟွမ် သည် သူနှင့် ဝိညာဥ်မလေး ပိုင်ဆိုင်သော လယ်မြေများကို စိတ်မှန်းဖြင့် တွက်ကြည့်သည်။ ယခုသည် ဇွန်လပင်။ ယခုနှစ် ဆောင်းဦးတွင် စုစုပေါင်းအထွက်နှုန်းမှာ ကီလို နှစ်ထောင်ကျော်လောက် ထွက်မည်ဖြစ်သည်။ ဤလယ်မြေများသည် အချိန်တိုအတွင်းတွင်တော့ ပြည်သူများကို အမှန်တကယ်ပင် ကျွေးထားမွေးထား နိုင်သော်လည်း စစ်ပွဲဖြစ်နေစဉ်အတွင်း စစ်တပ်၏ လိုအပ်သော ရိက္ခာနှင့် နှိုင်းယှဉ်ပါက သမုဒ္ဒရာထဲရှိ ရေ တစ်စက်မျှသာ ရှိသေးသည်။

အကယ်၍ သူတို့သည်သာ ယန်မင်းဆက် မြောက်ပိုင်းတပ်၏ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းလိုပါက ရိက္ခာတတ်နိုင်သော သူကြွယ်ကုန်သည်များကို ရှာဖွေကာ သူတို့နှင့် အလဲအလှယ် လုပ်ကြရမည် ဖြစ်သည်။

သို့သော်လည်း ကုန်သည်များသည် နိုင်ငံတစ်နိုင်ငံကို ထောင်နိုင်လောက်အောင်ပင် ပြည့်ပြည့်လျှံလျှံ ကြွယ်ဝနေပြီ ဖြစ်သည်။ သူတို့ ဘာများလိုအပ်နေဦးမှာလဲ။

ထိုနေ့တွင် စစ်သူကြီး နေအိမ်မှ အစည်းအဝေး ပြီးဆုံးပြီးနောက် အခြားလူများ လှည့်ထွက်သွားကြသည်။ လုဟွမ် သည်သာ အချိန်အတော်ကြာအောင် ကျန်နေခဲ့သည်။ သူသည် ရိက္ခာရရန် နည်းလမ်းရှိမရှိ စမ်းကြည့်ချင် သေးသည် ဟု ပြောခဲ့သော်ငြားလည်း သူ စစ်သူကြီး နှင့် အပေးအယူ လုပ်လိုသေးသည်။ သူ့အတွက် တစ်စုံတစ်ယောက်ကို ရှာဖို့ စစ်သူကြီးကိုတော့ ဒုက္ခပေးရလိမ့်ဦးမည်။

စစ်သူကြီးကျန့်ယွမ်သည် ထိုလူငယ်အား အဆင့်အတန်းတစ်ခု ထားကာ လေးစားနေပြီ ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ထိုလူငယ်လေးအား အရည်အချင်းရှိသည်ဟု အသိအမှတ်ပြုထားပြီး ယခင်ကတော့ အာဃာတကြီးလွန်းသူဟု ထင်ထားခဲ့သည်။

ဒါတောင်မှ လုဟွမ်သည် ဒီလိုရှေ့တိုးမရ နောက်ဆုတ်မရ ကိစ္စရပ်ကြီးကို သူ့ဘာသာသူ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးဟု သူ ခံစားမိနေတုန်းပင်။

ဘာပဲဖြစ်ဖြစ် လူငယ်တစ်ဦးအတွက် ရည်မှန်းချက်ကြီးကြီးထားခြင်းမှာ ကောင်းသည့်အချက်ပင်ဖြစ်သည်။

ထိုကြောင့်ပင် သူ့နှလုံးသားထဲတွင် ပို၍ပင် လေးစားသွားသလို ခံစားလိုက်ရသည်။ သူ လုဟွမ်၏ ပုခုံးကို ပုတ်ပြီးပြောလိုက်သည်။

"ဒီလူအိုကြီးက မင်းလုပ်ချင်တာတွေ လုပ်ခိုင်းမယ့်လူကို လွှတ်လိုက်မယ်။ ဒါပေမယ့် ဒါက စစ်ရေးပြဿနာပဲ။ မင်း တတ်နိုင်သလောက် အစွမ်းကုန် လုပ်ကိုရမယ့်ဟာပဲ"

စစ်သူကြီးကျန့်ယွမ်သည် မဆိုစလောက် ခေါင်းမာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ရောက်နေတတ်သော်လည်း ယောက်ျားပီသစွာဖြင့် သူ့ကတိသူတည်သူ ဖြစ်ဆဲပင်။ လုဟွမ်၏တောင်းဆိုချက်ကို သဘောတူပြီးနောက် သူသည် ဝိညာဉ်များကို အသက်ပြန်သွင်းနိုင်သည်ဟု လုဟွမ်ပြောသော တာအိုဆရာသခင် ကို ရှာဖွေရန် လူတစ်ဦးကို ချက်ချင်းစေလွှတ်လိုက်သည်။

သို့သော် သူနှင့် လုဟွမ်တို့သည် ထိုဆရာသခင်ကို ရှာတွေ့နိုင်ရန် မသေချာပေ။

ကျိုက်ကျိုက် ရုတ်တရက်ကြီး အလုပ်များလာသည်ကို စုရှီသတိထားမိသည်။ သူသည် အရင်ကထက် အဆပေါင်းများစွာ ဝီရိယရှိနေသည်။

အရင်က သူသည် ရုံးတော်၊ တော်ဝင်ကျောင်းတော်နှင့် နေအိမ်ကြားတွင်သာ တနေကုန် အပြန်ပြန်အလှန်လှန် ကူးလူး သွားလာလေ့ရှိသည်။ အခုဆိုလျှင် သူ အရမ်းအလုပ်များနေသဖြင့် သောက်ဖို့စားဖို့ပင် အချိန်မရှိတော့ချေ။ စုရှီ အွန်လိုင်း ရှိနေချိန်အများစုတွင် သူသည် မြို့ပြင်က စိုက်ပျိုးရေးခြံ မှာဖြစ်ဖြစ် ရုံးတော်မှာဖြစ်ဖြစ် ရှိနေလေသည်။

မကြာခဏဆိုသလို စုရှီ လိုင်းမတက်ချိန်တွင် သူသည် မီးထွန်းကာ ဖိုင်များကို လှန်လှော ကြည့်နေဆဲဖြစ်သည်။ စုရှီ အွန်လိုင်းမှာ ရှိနေသည့်အချိန်တွင်တော့ နောက်တစ်နေ့ပင် ကူးနေလေပြီ။ သူ အိပ်မပျော်သေးသလို သူ့ကုတင်ပေါ်တွင် ဖြန့်ထားသည့် သဲလွန်စများကိုလည်း မသိမ်းရသေးချေ။

စုရှီသည် ကျိုက်ကျိုက်တစ်ယောက် ဘာလုပ်နေမှန်းမသိချေ။ အရေးကြီးသော ရိက္ခာများ စုဆောင်းခြင်းကိစ္စနှင့် အလုပ်ရှုပ်နေသည်ဟုတော့ သူထင်သည်။ ကျိုက်ကျိုက်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ် အလုပ်လုပ်ပေးသော လူတော်ကလေး ဖြစ်ကြောင်းသိသဖြင့်လည်း သူ သက်ပြင်းချမိသည်။ သူ့တွင် ရည်မှန်းချက်များနှင့် စိတ်ကူးစိတ်သန်းများ ရှိနေသည်ကို ကောင်းမှန်း ခံစားမိသည့်အတွက် သူ့ကို မနှောင့်ယှက်လိုပေ။ သို့သော် ပန်ဒါမျက်ကွင်းနှင့် ခပ်ရဲရဲမျက်လုံးများကို ကြည့်ရင်း အနည်းငယ်တော့ စိတ်ပူပန်နေမိသည်။

တစ်ခါက ကျိုက်ကျိုက်တစ်ယောက် အလွန်အလုပ်များနေသဖြင့် နှစ်ရက်ကြာ အိပ်ရေးပျက်ကြောင်း စုရှီ သိလိုက်သည်။ သူ့မေးစေ့တွင် မုတ်ဆိတ်မွှေး သုံးလေးပင်တောင် ရှိနေလေပြီ။

ထို့ကြောင့်ပင် စုရှီတစ်ယောက် ဆွံ့အပြီး ရှော့ခ်ရသွားသည်။

နေစမ်းပါဦး ဒါက ကာတွန်းပုံစံ မဟုတ်ဘူးလား။ ဒီလောက်ထိ အရမ်းကို တူရတာလဲဟ။

မည်သို့‌ဆိုစေ ကျိုက်ကျိုက်သည် အရာရှိဝတ်စုံကို မြန်မြန်လဲကာ အပြင်ထွက်လာခဲ့သည်။ သူသည် မုတ်ဆိတ်များရိတ်ပြီး နူးနူးညံ့ညံ့လေးနှင့် ချစ်ဖို့ကောင်းသည့် ဆန်မုန့်လုံးလေး ပြန် ဖြစ်သွား၏။ ထိုမှသာ စုရှီတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

ထိုအချိန်မှာပဲ သူ့ကမ္ဘာတွင် စာသင်နှစ်တစ်ဝက်သာ ကျော်သွားသော်လည်း ဂိမ်းထဲမှာတော့ တစ်နှစ်နီးပါး ကုန်ဆုံးသွားပြီဆိုတာကို သိလိုက်ရသည်။

ယခင်ကလည်း နင်းဖူမင်းသား၏ ဆယ့်ငါးနှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပရန် ထိုည၌ သူမသည် ကျိူက်ကျိုက် နှင့်အတူ အဖော် လိုက်လာခဲ့သည်။ မျက်စိတစ်မှတ်လောက်အတွင်း ကျိုက်ကျိုက် သည် ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ကို ကျင်းပရတော့မည်... ကျိုက်ကျိုက် သည် သူ၏ဒုတိယမွေးနေ့အတွက် ဘယ်လို စပရိုက်မျိုးလိုချင်သည်ကိုလည်း သူမ မသိခဲ့ချေ။

ဘာပဲဖြစ်ဖြစ် စစ်တပ်စခန်းမှ ပြန်လာပြီးနောက် သူမနှင့် ကျိုက်ကျိုက်ကြား ကသိကအောက် အခြေအနေများ ပျောက်ကွယ်သွားသည့် အတွက် တော်တော်လေးအဆင်ပြေလှသည်။

စုရှီ သည် ကျိုက်ကျိုက် ၏ စိတ်အခြေအနေမှာ ထိုရက်အနည်းငယ်လေးအတွင်း အဘယ်ကြောင့် ဒီလောက် မတည်မငြိမ်ဖြစ်ပြီး မှန်းဆလို့ မရအောင်ပင်ဖြစ်‌နေမှန်း စုရှီ နားမလည်နိုင်ခဲ့ပေ။ လတိုင်းလိုလို သူ စိတ်မကြည်သည့် ရက်အနည်းငယ် ရှိတယ်လို့သာ သူမ အဖြေထုတ်နိုင်တော့သည်။

သူမသည်လည်း ထိုသို့ပင်မို့ ကျိုက်ကျိုက်လည်း ဒီလိုဖြစ်နေတာ မဆန်းပါလေ။

ကံကောင်းထောက်မစွာပင် သုံးလေးရက်အကြာ၌ ကျိုက်ကျိုက်တစ်ယောက် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

စုရှီ သည် ကျိုက်ကျိုက် အတွက် စိတ်လှုပ်ရှားစွာ ချုပ်လုပ်ပြီး အိပ်ရာပြင်ပေး၏။ သူသည် ကျိုက်ကျိုက် ၏ အိပ်ရာခင်းကို နွေဦးမှ နွေရာသီအထိ လဲပေးခဲ့သည်။ ဆောင်းဦးရောက်သောအခါတွင် သူသည် ကျိုက်ကျိုက်၏စောင်ကို ပိုထူထဲအောင် လုပ်လိုက်သည်။ လိုရင်းကို ဆိုသော် ကျိုက်ကျိုက် အအေးမိသွားမည်ကို သူမ အလွန် စိုးရိမ်မိ‌သည်။

ကျိုက်ကျိုက်ကတော့ စိတ်လိုလက်ရ ပျော်ရွှင်ဆဲပင်။ နက်မှောင်၍ တောက်ပသော မျက်လုံးရွဲများဖြင့် စုရှီကို ကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးများတွင် ဘာမှန်းမသိ ရှုပ်ထွေးသော ခံစားချက်အချို့လည်း ရှိနေသည်။ စုရှီကတော့ နားမလည်နိုင်ပေ။

အချိန်များမှာ ဂိမ်းထဲမှာလို မြန်မြန်ကုန်သည်တော့ မဟုတ်ချေ။ သူမအတွက်ကတော့ ကျိုက်ကျိုက်ကို ပြုစုပျိုးထောင်ဖို့ရမည့် တစ်လလောက်သာ ကြာသည်။

စုရှီတစ်ယောက် နေ့တိုင်း ကျောင်းဆင်းဆင်းချင်း ပထမဆုံးလုပ်သည်မှာ အွန်လိုင်းကနေ ကျိုက်ကျိုက် ကို နှုတ်ဆက်ရခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ စခရင်တစ်ခုက ခြားသွားသည်လေးပင်။ တစ်ယောက်က ပြင်းပြင်းထန်ထန် စာလုပ်နေပြီး နောက်တစ်ယောက်ကလည်း ဝီရိယရှိရှိ အလုပ်လုပ်နေသည်။

စုရှီ စာသင်နေရင်း ပင်ပန်းလာသည့်အခါ သူ ကျိုက်ကျိုက် ကို ခေါ်ရင်း လမ်းလျှောက်ထွက်လေ့ရှိသည်။ ကျိုက်ကျိုက်သည် ရုံးတော်တွင် ဖြေရှင်းစရာကိစ္စများ အများကြီးရှိသော်လည်း စုရှီကိုတော့ အမြဲတမ်း ဦးစား ပေးထားခဲ့သည်။ သူ ကစားချင်တိုင်း ကျိုက်ကျိုက်က သူ့လုပ်လက်စ အလုံးစုံကို ပစ်ထားခဲ့လိမ့်မည်။ ကျိုက်ကျိုက်မှာ လုံးလုံးလျားလျား တော်သော အရာရှိတစ်ဦးတော့ မဟုတ်လောက်ဟု ထင်ရသည်။

စုရှီသည် ကျိုက်ကျိုက်၏ အဖော်လုပ်ပေးနေမှုဖြင့် စာလုပ်ရာတွင် ပို၍ အလေးအနက်ထား သင်ယူနိုင်ခဲ့သည်။ စာသင်နှစ် မပြီးမီတွင် သူသည် ထိုစာသင်နှစ်အတွင်း ဘာသာရပ်များစွာအတွက် အိမ်စာများကို ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်သောအခါ စုရှီတစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။

ဂိမ်းရှိ အဓိက မစ်ရှင်ကသာ အနည်းငယ် ရှုပ်ပွနေလေသည်။

ကျိုက်ကျိုက်၏ နောက်ခံအခြေအနေကို သိရန်နှင့် ချန်ချွင်းဘုန်းကြီးကျောင်းတော်ရှိ သူတော်စင်ကို ရှာဖွေရန်မစ်ရှင်ပင်။ စုရှီသည် အချိန်ကောင်းဟုတ်မဟုတ် မသိသော်လည်း ကျိုက်ကျိုက်ကို ချန်ချွင်းဘုန်းကြီးကျောင်း သို့ နှစ်ကြိမ်ခေါ်သွားခဲ့သည်။ သူသည် ချန်ချွင်းဘုန်းကြီးကျောင်းအတွင်းနှင့် အပြင်ဘက်သာမက အပြာရောင်ကျောက်လမ်းတိုင်းကို ရှာဖွေခဲ့သော်လည်း NPC ဖြစ်နိုင်သည့် သူတော်စင်ကို သူ ရှာမတွေ့သေးချေ။

ထိုအတွက် စနစ်၏ ရှင်းလင်းချက်မှာတော့ မပြီးမြောက်သေးသော အခြားအဓိကမစ်ရှင်များ ရှိသည်ဟုပင်။ နဝမမစ်ရှင်ကို ထုတ်မပြမီ မစ်ရှင် နှစ်နှင့် ခြောက်ပြီးသည်အထိ သူ စောင့်ခဲ့ရသည်။

ထို့ကြောင့်ပင် စုရှီ လက်လျှော့လိုက်ရ၏။

ဒုတိယမစ်ရှင်ဖြစ်သည့် စပါး ကီလိုဂရမ် နှစ်ထောင် အား ရယူခြင်းသည်သည် ယခင်နှစ်နှင့် ယခုနှစ်အထိတော့ ပြီးသွားခဲ့သည်။ ကာလရှည်စုစည်းရမည့် မစ်ရှင်တစ်ခုဟု ယူဆထားသည်ကြောင့် အလျင်စလို လုပ်စရာလည်းမလိုချေ။ စုရှီ သည် ကျိုက်ကျိုက် ချဲ့ထွင်နေသော လယ်ယာများမှာ ယခုနှစ် ဆောင်းဦးအတွင်း ရိတ်သိမ်းပြီးနောက် လိုသလောက်ရနိုင်မည်ဟု ခန့်မှန်းခဲ့သည်။

ဝမ်စန်းချန် နှင့် မိတ်ဖွဲ့ဖို့အတွက်ဆိုလျှင်တော့.....

စုရှီသည် ယန်မင်းဆက်၏ ချမ်းသာကြွယ်ဝဆုံးလူကို အခြားလမ်းကြောင်းများမှ ဘယ်လိုမိတ်ဖွဲ့နိုင်မည်ကို စဥ်းစားနေသည်။

မူလက ဂိမ်း၌ စီစဉ်ထားသည်မှာ ထိုနေ့၌ အပိုမစ်ရှင်အရ သူမ မီးပုံးကို ဈေး၌ ပစ်လိုက်သည့်အခါ ကျိုက်ကျိုက် သည် ဝမ်စန်းချန် နှင့် တွေ့ပြီး အဆက်အသွယ်လုပ် မိတ်ဖွဲ့နိုင်လိမ့်မည် ဖြစ်သည်။

ဆိုးသည်ကတော့ ထိုမစ်ရှင်အား ကျိုက်ကျိုက်က ဖျက်စီးပစ်လိုက်သည်လေ။

ရလဒ်အနေဖြင့် အခုအချိန်အထိ ဝမ်စန်းချန်သည် သူမနှင့် ကျိုက်ကျိုက်တို့ မျက်စိရှေ့ပေါ်မလာတော့ချေ။

စုရှီလည်း နည်းနည်းတော့ စိတ်ရှုပ်သွားသည်။ ကျိုက်ကျိုက်သည် သူ၏မောင်းမဆောင်နှင့် နီးစပ်ဖို့ကို ဘာကြောင့်များ အရမ်းငြင်းဆန်နေလဲဆိုသည်ကိုတော့ မသိချေ။ နောက်ဆုံး၌ ကျိုက်ကျိုက်သာ နန်းတက်ရမည်ဖြစ်သောကြောင့် လုံအောက်ထျန်း ၏ ဇာတ်ညွှန်းအတိုင်း သေချာပေါက် လုပ်ရပေတော့မည်။ သို့သော် ကျိုက်ကျိုက် သည် လုံအောက်ထျန်းကို တည်ငြိမ်အေးဆေးကာ ကာမဂုဏ်စောင့်ထိန်းသော လူငယ်ဘုန်းကြီးအဖြစ် ပြောင်းလဲနေလေသည်။

ထိုကိစ္စကို အလျင်စလို မလုပ်နိုင်ခဲ့သည့်အတွက် စုရှီတစ်ယောက် စိတ်အေးအေးထားကာ ကျိုက်ကျိုက်နှင့် တွေ့ရန် လယ်ယာများ၊ အစိုးရရုံးတော်နှင့် တော်ဝင်ကျောင်းတော်ကို လိုက်သွားခဲ့သည်။

ထိုနေ့တွင် လုဟွမ်သည် ရုံးတော်မှ ပြန်လာခဲ့သည်။ ထုံးစံအတိုင်း သူသည် တံစက်မြိတ်အောက်တွင် အချိန်အတော်ကြာအောင် စောင့်နေ၏။ ရင်းနှီးသောအငွေ့အသက်မှာ သူ့လက်ချောင်းထိပ်များကို ကျီစယ်လိုက်သောအခါတွင် ကျိုက်ကျိုက်၏ မျက်နှာပေါ်တွင် နူးနူးညံ့ညံ့ခံစားမှုလေးတစ်ခု ပေါ်လာပြီး သူတို့နှစ်ယောက်ကြား အလွှာပါးမှာ သုံးလေးငါးရက်အတွင်း ပိုမိုပါးလွှာလာခဲ့သည်။ သူ့ဘေးနားက စုရှီကို ပြောလိုက်၏။

“ကိုယ် မင်းနဲ့ တစ်ခု ဆွေးနွေးစရာရှိတယ်”

စုရှီက ကျိုက်ကျိုက်၏ ဘယ်ဘက်အင်္ကျီလက်စကို ဆွဲကာ ဒီတိုင်းသာ ပြောလိုက်လို့ရကြောင်း ဆိုသည်။ ဒီနှစ်အတွက် မွေးနေ့လက်ဆောင်ကို သူ လအနည်းငယ်ကြိုပြီး တွေးထားခဲ့တာများဖြစ်မလား။ သူသည် ကလေးလေးသာ ရှိသေးမှန်း စုရှီ တွေးလိုက်မိသည်။

သို့သော် ကျိုက်ကျိုက် ပြောချင်သည်မှာ ပိုအရေးကြီးသည့်အရာတစ်ခုပင်။

လွန်ခဲ့သော သုံးလေးလအတွင်းက ကျိုက်ကျိုက်သည် လယ်အလုပ်ကို ချဲ့လိုက်၏။ စစ်တပ်ရေးရာ ဝန်ကြီးဌာန၏ ဒုတိယဌာနတွင် အတိုင်ပင်ခံရာထူးကို ထမ်းဆောင်လိုက်ပြီးနောက် သူ လစာစ ရလာသည်။ အရင်က သူသည် ဧကရာဇ်ထံမှ ဆုရခဲ့ကာ သခင်မကြီးဆီမှလည်း ငွေဒင်္ဂါးအမြောက်အမြား ရရှိခဲ့သည်။ သူ ငွေမပြတ်သော်လည်း လယ်ယာက လုပ်သားအင်အားကတော့ နည်းပါးလှသည်။ ထို့ကြောင့်ပင် သူ အလွန်အမင်း အလုပ်ရှုပ်နေခဲ့သည်။

ခြံသည် နေရာရှစ်ခုအထိ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ မြို့တော်တွင် ခြံတစ်ခြံအပြင် နင်းပြည်နယ်တွင်လည်း ခြံတစ်ခြံချဲ့ခဲ့သည်။ ဖန်းကျိုးနှင့် ရှန်းဒူတွင်လည်း ထိုနည်းလည်းကောင်းပင်။

စုရှီ သည် နေရာသုံးနေရာအား သော့ဖွင့်ရန် သူ့နောက်သို့ လိုက်သွားခဲ့သည်။ ကျိုက်ကျိုက်သည် လယ်မြေများကို ကြည့်ရှုစောင့်ရှောက်ရန် လူများကို ရွေးချယ်ကာ ငှားရမ်းရန် နေရာသုံးခုသို့ ကိုယ်တိုင် သွားကြည့်ခဲ့သည်ကိုပင် စောင့်ကြည့်နေခဲ့သည်။

ခြံတစ်ခုစီတွင် အလုပ်သမားများကို နွေဦးရာသီတွင် ထွန်ယက်ရန်နှင့် ဆောင်းဦးတွင် ရိတ်သိမ်းရန် ဖန်လုံအိမ်များနှင့် ဆောင်းခို အမိုးအကာများကို အဆင်ပြေအောင် အသုံးပြုစေခဲ့သည်။ ယခုအချိန်သည် ဆောင်းဦး ပေါက်ချိန်ဖြစ်သောကြောင့် စပါးအထွက်နှုန်းမှာ ထုံးစံအတိုင်း ကီလိုဂရမ်နှစ်ထောင်ကျော်သာ ရှိတော့သည်။

အခြားလယ်ယာများ၊ စိုက်ခင်းများ အထွက်နှုန်းထက် အဆပေါင်းများစွာ သာလွန်သည့် စပါးများကို အလုပ်သမားများက အမည်မဖော်ဘဲ ယန်မင်းဆက်၏ ဆင်းရဲသားပြည်သူများကို ပေးခဲ့လေသည်။

ပြီးခဲ့သည့် ဆောင်းရာသီတွင် ဆီးနှင်းဒဏ်ကြောင့် ယန်မင်းဆက်မှ ပြည်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။ နွေးထွေးသည့် အစားအစာ တစ်လုတ်မျှပင် မစားနိုင်ကြရသဖြင့် လူအများ ငတ်သေကုန် ကြလေသည်။

အခုတော့ ဤစပါးသည် လူပေါင်း သိန်းသောင်းချီ၏ အကြပ်အတည်းကို ဖြေရှင်းရန် မလုံလောက်သော်လည်း တချို့တဝက် အသက်ရှင်ဖို့ အတွက်တော့ လုံလောက်နေသေးသည်။

ဒီလို လုပ်ပေးနိုင်သည်ကပင် အတော်လေး ကောင်းမှုကုသိုလ် လုပ်နိုင်သည်ဟု မှတ်ယူရလိမ့်မည်။

ထို့ကြောင့်ပင် လမ်းပေါ်တွင် “အမည် မသိစိတ်ထားကောင်းသူ ကုန်သည်ကြီး” တစ်ဦး ရှိနေကြောင်း တဖြည်းဖြည်း ကောလဟာလများ ထွက်လာခဲ့သည်။ မျက်နှာ မပြသော်လည်း သူတို့ကို ကူညီပေးနေသည့် ကုန်သည် သူဌေးကြီးကို ကျေးဇူးတင်လှသည်။

ထိုအချိန်တွင် ဧကရာဇ်၏ ရွှေနားတော်အထိ ကောလာဟလများ မပေါက်သေးသော်လည်း မြို့တော်ရှိ အမတ်အများစုကတော့ ထိုအကြောင်းကို ကြားနေခဲ့ကြရသည်။ ထို ကုန်သည်ကြီးသည် ယမန်နှစ် ဆောင်းရာသီက ယုံအန် ဘုရားကျောင်းတွင် လူထောင်ပေါင်းများစွာကို ကယ်တင်ခဲ့သည့် နတ်ဆေးသမားတော်နှင့် ဆင်တူလှသည်။ ပြည်သူများသည် ထိုနှစ်ဦးကို မလွဲမသွေ ယှဉ်တွဲမြင်ကြပေလိမ့်မည်။

သို့သော် ကျိုက်ကျိုက်သည် လွန်ခဲ့သော လအနည်းငယ်ကတည်းက ထိုကိစ္စနှင့်ပင် အလုပ်များနေခဲ့ပြီး သူ၏ရည်ရွယ်ချက်မှာလည်း ဒီလောက်လေးသာမဟုတ်မှန်း သေချာလှသည်။

ယန်မင်းဆက်တွင် စပါးဈေး ကြီးမြင့်နေကာ လယ်ယာများအားလုံး၏ အထွက်နှုန်း အလွန်ညံ့နေချိန်တွင် သူနှင့်စုရှီတို့ နှစ်ဦးသား ထွန်ယက်သည့် လယ်များ၏ အထွက်နှုန်းမှာ အရင်အတိုင်းပင် အားကောင်းလာခဲ့သည်။ အရင်နှစ်က အထွက်နှုန်း အမြင့်ဆုံးစံချိန်ထက်ပင် ပိုမိုမြင့်မားခဲ့သေးသည်။

ထုံးစံအတိုင်းပင် ထိုအထွက်တိုးခြင်းကြောင့် လူအများအာရုံစိူက်လာကြသည်။

ဝမ်စန်းချန်၊ ကျုံးကန်ဖိန်နှင့် မြို့တော်ရှိ အခြားချမ်းသာသော သူကြွယ်အချို့က ထိုအကြောင်းကို မေးမြန်းစုံစမ်းရန် ကြိုးစားခဲ့ကြသည်။ မြို့အပြင်ဘက်ရှိ လယ်ကွက်များကို ရည်ရွယ်ချက်ဆိုးဖြင့် ခိုးဝင်ကြသူများ၊ ဆောင်းခိုအမိုးအကာနှင့် ဖန်လုံအိမ်၏ လုပ်နည်းကိုင်နည်းကို ဖော်ထုတ်ရန် ကြိုးစားကြသူများတောင် ရှိသေးသည်။

တစ်နည်းဆိုရလျှင် ဆောင်းခို အမိုးအကာနှင့် ဖန်လုံအိမ်သည် ယန်မင်းဆက်ခေတ်မှသာ အဆင့်မြင့်လာကာ သီးနှံစိုက်ပျိုးရာတွင် များစွာ ဖြစ်ထွန်းစေသည့် အရာနှစ်ခုဖြစ်၏။ သို့သော်လည်း စုရှီနှင့် ကျိုက်ကျိုက် တို့သာ မူပိုင်ခွင့်ရထားသော နည်းစနစ်ပင်။

အကယ်၍သာ လယ်များကို တိုးချဲ့ပြီး လူများများ စားသုံးနိုင်ရန် အုံနှင့်ကျင်းနှင့် စိုက်ပျိုးချင်လျှင်တော့ လူအင်အားနှင့် အပြင်ပမှတွန်းအားများလည်း ပိုမိုလိုအပ်လှသည်။

ထို့ကြောင့်ပင် ကျိုက်ကျိုက် သည် လက်ထောက်တစ်ယောက်ရှာရန် စီစဉ်ခဲ့သည်။

သူ ထိုအကြောင်းပြောသောအခါ စုရှီက နားလည်၏။ တကယ်တော့ သူသည် လယ်များကို ဖန်လုံအိမ်များ ဆောင်းခိုအမိုးအကာများနှင့် ချိတ်ဆက်ထားပြီး သူတို့ကို သစ္စာမဖောက်နိုင်သည့် လုပ်ဖော်ကိုင်ဖက်ကို ရှာချင်နေခြင်းပင်။

ကျိုက်ကျိုက် အဆင်ပြေမည်ထင်သော ကိုယ်စားလှယ်လောင်းမှာ ကျုံးကန်ဖိန် ဖြစ်သည်။

ကျုံးကန်ဖိန် သည် ကုတ်ကုတ်ကတ်ကတ် အခြေအနေမှ စတင်ခဲ့ရသော လူတစ်ဦးဖြစ်သည်။ ထိုနေ့တွင် သူတွေ့ကြည့်လိုက်မှ သူသည် လိမ္မာပါးနပ်သူမဟုတ်မှန်း သိလိုက်ရသည်။ ထို့အပြင် ယုံအန် ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်အပြီးမှာတော့ သူ၏ အငယ်ဆုံးသားထွေးကို ကျိုက်ကျိုက်က ကယ်တင်ပေးခဲ့သည့်အပြင် သူတို့မိသားစု၏ အသက်ကိုလည်း ကယ်ခဲ့သေးသည်။ သူသည် အရိပ်နေနေအခက်ချိုးချိုးလုပ်တတ်သူ မဟုတ်တန်ရာ။ ထို့ကြောင့် ဤလူကို သူ ယုံကြည်နိုင်သေးသည်။

စုရှီ သည် ကျိုက်ကျိုက်၏ ဘယ်ဘက်အင်္ကျီလက်ကို ချက်ချင်းဆွဲလိုက်ပြီး သူနှင့်သဘောတူကြောင်း ပြလိုက်သည်။

ကျိုက်ကျိုက်၏ လူကဲခတ်နိုင်စွမ်းမှာ အရမ်းတိကျပြီး သူ၏ ဆုံးဖြတ်ချက်များမှာလည်း မည်သည့်အခါမှ မမှားချေ။ စုရှီက သူ့ကို အတော်လေး စိတ်ချသွားသည်။ ထို့အပြင် ကျုံးကန်ဖိန် သည် စနစ်ရှိ [သူရဲကောင်းများနှင့် မိတ်ဆွေဖြစ်မှု] ကော်လံတွင် ကျိုက်ကျိုက်ကို လုံးလုံးလျားလျားသစ္စာစောင့်သိပြီး ပြဿနာတစ်စုံတစ်ရာလည်းမပြုဟု ဆိုလိုထား၏။

တကယ်တော့ ဒီနှစ်ထဲ၌ ကျိုက်ကျိုက်သည် ခပ်မြန်မြန်အရွယ်ရောက်လာခဲ့၏။ ကျိုက်ကျိုက်အား ပြုစုပျိုးထောင်ပေးခဲ့သည့် စုရှီကိုယ်တိုင်လည်း သူ့ကို အများကြီး မကူညီနိုင်ခဲ့ချေ။

ကျိုက်ကျိုက်မှာ ပြဿနာအားလုံးကို သူကိုယ်တိုင် ဖြေရှင်းနိုင်သည်။

သို့ပါသော်လည်း ကျိုက်ကျိုက်သည် ပြဿနာရှိလာတိုင်း စုရှီနဲ့တော့ ဆွေးနွေးချင်နေတုန်းပင်။ သူမကို အမြဲတမ်း သူ့ဘေးမှာ ရှိနေဖို့ သေချာစေချင်နေ၏။

ထိုအကြောင်းကို တွေးရင်း စုရှီသည် တံစက်မြိတ်အောက်တွင်ရပ်ပြီး ပိန်ကျသွားသည့် ကျိုက်ကျိုက်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် နွေးထွေးလှသည့် ခံစားချက်တစ်ခု သူမနှလုံးသားထဲသို့ စီးဝင်သွား၏။ စုရှီတစ်ယောက် မတတ်နိုင်စွာဘဲ ကျိုက်ကျိုက်၏ ပေါက်စီလို မျက်နှာဝိုင်းလေးကို လက်လှမ်းလိုက်သည်။

သူ့မျက်နှာဝိုင်းလေးမှာ အတော်လေး ပိန်ကျသွားခဲ့သည်။ အရင်ကလို ပြည့်ပြည့်လေး ဖြစ်မနေတော့ချေ။ စုရှီတစ်ယောက် စိတ်ထဲတွင်တော့ ညည်းညူလိုက်သည်။

ကျိုက်ကျိုက်လည်း ခဏတဖြုတ်တော့ ငူငူငေါင်ငေါင် ဖြစ်သွားသေးသည်။ သူ အသိဝင်လာတဲ့အခါ မျက်နှာကို ပွတ်သပ်လိုက်ပြီး နားရွက်ပင် နီစပ်စပ်ဖြစ်လာသည်။

သို့သော်လည်း ခဏအကြာတွင်တော့ သူစိတ်ထိန်းမရတော့သည့်ပုံ ပေါ်လေသည်။ သူ ကြောင်တောင်တောင်ကြည့်လိုက်ပြီး စကားကို တစ်လုံးချင်းပြောလိုက်သည်။

"ကျွန်တော် အသက် ဆယ့်ခြောက်နှစ်ပြည့်တော့မှာ၊ ကလေးမဟုတ်တော့ဘူး။ မင်း....."

သူ့ကြည့်ရသည်မှာ အနည်းငယ်ဒေါသထွက်ပုံလည်း ရပြီး အကူအညီမဲ့နေသလိုလည်း ဖြစ်နေပုံရသည်။ သူက အံကြိတ်သံနှင့်ပင် ပြောလိုက်သည်။

“ကျွန်တော့်ကို ကလေးလိုမျိုး မဆက်ဆံပါနဲ့”

စခရင်အပြင်ဘက်ရှိ စုရှီသည် ပေါက်စီလို လူရုပ်လေးက ထိုစကားများ ပြောသည်ကို မြင်ရသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။

သို့သော် စခရင်ပေါ်ရှိ ကျိုက်ကျိုက် သည် စုရှီတစ်ယောက် သူ့ကြောင့် သဘောကျနေသည်ကို သတိပြုမိပုံရ၏။ ထို့ကြောင့်ပင် သူ မျက်မှောင်ကြုတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ဘေးသို့ ဟာတာတာကြီး ကြည့်လိုက်သည်။

သူ နှုတ်ခမ်းကို သပ်လိုက်သည်။ ကျိုက်ကျိုက်၏ ခပ်နက်နက်မျက်ဆံများမှာ တံစက်မြိတ်အောက်တွင် တဖျပ်ဖျပ်တောက်နေသည့် ဖယောင်းတိုင်မီးများကဲ့သို့ လင်းခနဲ လက်ခနဲဖြစ်နေလေသည်။ ဘာမှန်းမသိသော၊ နက်ရှိုင်းသော၊ ခေါင်းမာသော၊ ဘာရယ်ဟု ဖော်ပြ၍ မရသော ခံစားချက်တစ်ခု သူ့နှလုံးသားသို့ တိုးဝင်လာတော့သည်။

ယခင်က ကျိုက်ကျိုက် သည် စုရှီ ဈေးဘက်သို့ ထားခဲ့သည့် မီးအိမ်ကိစ္စနှင့် အရံတာဝန်တစ်ရပ်ကို မေ့လျော့ထားခဲ့သည်။ သို့သော် စုရှီ၏ စပရိုက်ကြောင့်ပင် ဆောင်းဦးရာသီ၌ ရိတ်သိမ်းပြီးနောက် ဝမ်စန်းချန် သည် သူ၏အိမ်တံခါးဆီသို့ လာရောက်ရန် အစပျိုးလာခဲ့သည်။

ဝမ်စန်းချန် မှာ စုရှီစိတ်ကူးထဲကပုံနှင့်မတူချေ။ ထိုလူသည် ခပ်သေးသေးပိန်ပိန်လေး ဖြစ်နေ၏။ သို့သော် ထိုပိန်သွယ်သွယ်မျက်နှာပေါ်မှ မျက်နှာ အမူအရာမှာ အလွန်လိမ္မာပါးနပ်သည့်ဟန်ပင်။

ဣန္ဒြေမပျက်ပင် သူသည် ဆောင်းခိုအမိုးအကာနှင့် ဖန်လုံအိမ်အတွက် ဒီနေရာကို ရောက် လာခဲ့သည်။

ကျိုက်ကျိုက်တစ်ယောက် လယ်ကွင်းကို ပြန်ရောက်တိုင်း သူ၏ ဘယ်ဆီဘယ်ဝယ်မှန်း မသိလှသည့်နေရာမှာ အလွန်ကို လျှို့ဝှက်လှသည်။ ယခုအချိန်အထိ မြို့တော်နှင့် ဖန်း ပြည်နယ်၏ တိုက်ကြီးသုံးတိုက်တွင်ပင် ကောလဟာလများ ရှိခဲ့သည်။ ကမ္ဘာကြီးကို ကယ်တင်နေသည့် သူဌေးကုန်သည်တစ်ဦးရှိကြောင်း လူတိုင်းသိသော်လည်း ထိုသူ မည်သူမည်ဝါမှန်းတော့ မသိကြချေ။ ကုန်ကုန်ပြောရလျှင် ကျိုက်ကျိုက်တစ်ယောက် မည်သည့်နေရာတွင်ရှိသည်ကိုပင် ရှာတွေ့ဖို့ခက်လှသည်။ ထို့အပြင် ကျိုက်ကျိုက်မှ သခင်ကြီးတင်း အား အကြိမ်ပေါင်းများစွာ ပေးအပ်ခဲ့သော တာဝန်များအားလုံးကိုလည်း မှတ်စုပုံစံဖြင့် ပြုလုပ်ထားသည်။ သို့သော် ဝမ်စန်းချန် မှာ ယန်မင်းဆက်၏ အချမ်းသာဆုံးလူ ဖြစ်လာနိုင်ချေရှိသဖြင့် သိပ်မခေလှမှန်းတော့ သိသာလှသည်။ ကျိုက်ကျိုက်မှာ မည်သူမည်ဝါဖြစ်သည်ကို သူမသိသော်လည်း ကျိုက်ကျိုက်နေသည့် နေရာကိုတော့ ရှာတွေ့ခဲ့သည်။ ထို့ကြောင့် ဒီနေ့တွင် ကျိုက်ကျိုက်သည် မြို့ပြင်ရှိ အိမ်တွင်ရှိသောအခါ ဝမ်စန်းချန် မှာ လူကိုယ်တိုင် ရောက်လာလေတော့သည်။

သူ ရိုးသားဖြောင့်မှန်ကြောင်း ပြသရန်အတွက် ဝမ်စန်းချန် မှာ မည်သူ့ကိုမှ ခေါ်မလာခဲ့ပါချေ။ အနီးကပ်လက်ပါးစေတစ်ဦးကိုသာ ခေါ်လာခဲ့၏။

သူသည် စုရှီနှင့် ကျိုက်ကျိုက်တို့ ၏ ဆောင်းခိုအမိုးအကာနှင့် ဖန်လုံအိမ်နည်းပညာကို စျေးကြီးကြီးပေးကာ ဝယ်ယူလို၏။ သူ ပြောသည့်စျေးမှာ ရွှေဒင်္ဂါး တသောင်းပင်။ ထိုစျေးနှုန်းကြောင့် စုရှီတစ်ယောက် ဆွံအသွားသည်။ သူ့မျက်လုံးများတွင်လည်း ချက်ချင်းပင် ဒေါ်လာပုံများဖြင့် ပြည့်သွား၏။

သူသည် နိုင်ငံတစ်နိုင်ငံကိုတောင် ပြိုင်နိုင်လောက်သည့် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

သို့သော် စုရှီသည်သာ သူ့ကို ဒီနေ့ နည်းပညာအကြောင်းအသေးစိတ်ကို သင်ပေးလိုက်လျှင် ထိုလူမှာ ဒီပညာကို ငွေနှစ်ဆလောက်ရဖို့အတွက် သေချာပေါက် အသုံးပြုမည်ဆိုတာကိုလည်း သိနေသည်။ ထိုအချိန်တွင် သူသည် ဘယ်သူသေသေ ငတေမာ ဇာတ်ခင်းလိမ့်မည်။ ဒီအချက်မှာ သူနှင့် ကျုံးကန်ဖိန် တို့၏ ကွာခြားချက်ပင်။ စစ်ပွဲကာလအတွင်း ကျုံးကန်ဖိန် သည် ရိုးရိုးသားသားပင် ငွေအနည်းငယ်ရရှိခဲ့ပြီး လူများကို ကူညီခဲ့သည်။ သို့သော် ဝမ်စန်းချန် ကတော့ စစ်ပွဲအတွင်း ပွပေါက်တိုးမည့် အခွင့်အရေးကိုသာ ရယူခဲ့သည်။ ဝမ်စန်းချန်မှာ မကောင်းဘူးလို့တော့ ပြောလို့မရပေ။ သူသည် လိမ္မာပါးနပ်ပြီး ဘက်ပေါင်းစုံမှ ထောင့်စေ့သော စီးပွားရေးသမားဟု ဆိုနိုင်သည်။

ကျိုက်ကျိုက် သည် သူ့အား အသေးစိတ်ပုံစံကို လွယ်လွယ်ကူကူ မပေးနိုင်သော်လည်း သူနှင့် ပူးပေါင်းရန်တော့ စီစဉ်နေသေးသည်။

ကျုံးကန်ဖိန် နှင့် ကျိုက်ကျိုက် တို့၏ အားသုံးလျှင်တောင် သူတို့တတွေသည် ယန်မင်းဆက်၏ လက်ရှိ စားနပ်ရိက္ခာပြတ်လပ်မှုဘေးကို အနည်းငယ်မျှ ပြန်ကောင်းလာအောင် လုပ်ဆောင်နိုင်ရန်ပင် အလွန်နှေးကွေးလွန်းနေသေးသည်။

ယန်မင်းဆက်တစ်ခုလုံးတွင် ဝမ်စန်းချန် တစ်ဦးတည်းသာ ထိုကဲ့သို့သော ငွေကြေးနှင့် ပစ္စည်းများ ရှိထားသည်။

ထို့အပြင် ကျိုက်ကျိုက် သည် မြောက်ပိုင်းဒေသစစ်ပွဲကို ထောက်ပံ့ရန်အတွက် ရိက္ခာကျီ သုံးသောင်း ရှိရန်လည်း လိုအပ်နေသေးသည်။

ထို့ကြောင့် ကျိုက်ကျိုက် သည် ဝမ်စန်းချန် နှင့် စေ့စပ်ညှိနှိုင်းခဲ့ပြီး ကျုံးကန်ဖိန် အား ဆောင်းခိုအမိုးအကာနှင့် ဖန်လုံအိမ်တို့ကို လည်ပတ်စေရန်နှင့် ဝမ်စန်းချန် မှာ လယ်ယာ၊ အလုပ်သမားအင်အား၊ ကောက်ပဲသီးနှံများ၊ ကြက်၊ ဘဲများနှင့် ကုန်ကြမ်းများလုပ်ရာတွင် ရင်းနှီးမြှုပ်နှံရန် တောင်းဆိုခဲ့သည်။ ဤပုံစံသည် ဝမ်စန်းချန် ၏ ရင်းနှီးမြှုပ်နှံမှုနှင့်လည်း ညီမျှသည်။ အမြတ်ထွက်လာလျှင်လည်း သူသည် အမြတ်ဝေစုကိုလည်း ခွဲဝေပေးသည်။

ဝမ်စန်းချန် မှာတော့ လောလောဆယ်တွင် ပြုသမျှနုရမည့် အနေအထားတွင် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ကျုံးကန်ဖိန် သည် အခြားလယ်များထက် အထွက်နှုန်းကောင်းသော လယ်ယာနည်းပညာရှိထားမှန်း ကြားနေရသောကြောင့် မြို့တော်ရှိ ချမ်းသာသော စီးပွားရေးသမားများနှင့် ယန် မင်းဆက်တစ်ခုလုံးမှာပင် ရင်းနှီးမြုပ်နှံပြီး အမြတ်ဝေစုရကိုယူရန် အပြေးအလွှား လိုက်လာခဲ့ကြသည်။ ဝမ်စန်းချန်တစ်ယောက် တုံးပေကတ်သတ်စွာနှင့် ဒါကို မလုပ်ဘူးဆိုလျှင် ကျိုက်ကျိုက်မှာ ပေးရန် သဘောတူမည် မဟုတ်တော့ချေ။

စုရှီ သည် ကျိုက်ကျိုက် နှင့် ဝမ်စန်းချန်တို့ကြား အမြတ်ရမရ ညှိနှိုင်းမှုများကို ကြည့်နေစဉ် အိမ်စာလုပ်ရန် စခရင်ကို ဖွင့်ထားသည်။ သူ မပြုံးနိုင်ဘဲ မနေနိုင်တော့ချေ။ ကျိုက်ကျိုက်သည် ယခုခေတ်တွင်ပင် စီးပွားရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်း သူခံစားခဲ့မိသည်လေ။ ဒီစက်ဝန်းထဲတွင် သူ့စွမ်းရည်ကို ထည့်ပေးလိုက်ခြင်းမှာ အလွန်ကောင်းမွန်လှသည်။

ပူးပေါင်းဆောင်ရွက်မှုသည် ခပ်မြန်မြန်ပင် ရောက်လာခဲ့၏။ ဝမ်စန်းချန်တစ်ယောက် သူလိုချင်သည်ကို မရခဲ့သော်လည်း ထိုသူမှာ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားနေသူ တစ်ဦးနှင့် တူသည်ဟုသာ သူ နားလည်သွားသည်။

ထိုပုဂ္ဂိုလ်နှင့် ကျုံးကန်ဖိန် တို့၏ နည်းပညာမှာ ယန်မင်းဆက်ရှိ လယ်ယာအားလုံးအတွက် နည်းကောင်းလမ်းသစ်တစ်ခုကို ဆောင်ကျဉ်းပေးလိမ့်မည်။ ထိုပုဂ္ဂိုလ်၏ အောက်ခြေအဆင့် ရည်ရွယ်ချက်မှာ ယန်မင်းဆက်၏ ပြည်သူများအတွက် ဖြစ်ပုံရသော်လည်း မကြာမီပင် ထိုပုဂ္ဂိုလ်သည် ယန်မင်းဆက်ရှိ ချမ်းသာသော သူဌေး စီးပွားရေးသမားများကြားတွင် အထက်တန်းစားအသစ်တစ်ဦး ဖြစ်လာတော့မည်။ ယခုအချိန်တွင် သူသာ ဤမြို့တော်စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည်ဆိုပါက အကျိုးအမြတ်များ ရာနှင့်ချီကာရနိုင်ပြီး ဆုံးရှုံးမှု မရှိဖို့ လုံးဝ သေချာလှသည်။

ဝမ်စန်းချန်ထွက်သွားပြီးနောက် မစ်ရှင်ပြီးဆုံးကြောင်း မက်ဆေ့ချ်မှာ စုရှီ၏ စခရင်ပေါ်တွင် ထွက်ပေါ်လာသည်။

[ဒုတိယမစ်ရှင်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်: စပါး ထုတ်လုပ်မှု ကီလိုဂရမ်နှစ်ထောင် ပြည့်သွားပါပြီ၊ အချမ်းသာဆုံး သူဌေးဖြစ်သည့် ဝမ်စန်းချန် နဲ့ သင် တွေ့ပြီးပါပြီ။]

[ ၈ မှတ် ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။]

ဒီမစ်ရှင်မှာ အချိန်အကြာဆုံး လုပ်ဆောင်ခဲ့ရသည့် မစ်ရှင်တစ်ခုပင်။ သို့သော် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းမှာ နဂိုကတည်းက အချိန် တစ်နှစ်လောက် လိုသောကြောင့် အခုလို တိုးတက်မှုမှာ အလွန်ချောချောမွေ့မွေ့ဖြစ်နေသည်ဟု စုရှီတစ်ယောက် ခံစားမိလိုက်သည်။

စုရှီသည် ၆၂ မှတ် ကိုကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။

သို့ရာတွင် မကြာခင် ဆဌမမစ်ရှင် လည်း ပြီးတော့မည်ဖြစ်သည်။

ဆဌမမစ်ရှင်မှာ အစာရေစာ ခေါင်းပါးနေမှုကို ထိန်းချုပ်ရန်၊ မြို့တော်တွင် ကျော်ကြားလာစေရန်နှင့် "အမည်မသိ နတ်ဘုရားကုန်သည်ကြီး " ဟူသော ဘွဲ့ကို အရယူကာ ဧကရာဇ်၏ အာရုံကို ဆွဲဆောင်နိုင်ရန် ဖြစ်သည်။

ဒီမစ်ရှင်ကိုယ်တိုင်ကပင် ဒုတိယမစ်ရှင်နှင့် အပြိုင်ဖြစ်ခဲ့လေသည်။

လွန်ခဲ့သည့် လအနည်းငယ်က ကျိုက်ကျိုက်သည် လယ်ယာမြေများကို နေ့ရောညပါ ချဲ့ထွင်ခဲ့၏။ ရည်ရွယ်ချက်ကတော့ မြောက်ပိုင်းတပ်တော်အတွက် စပါးကို စုဆောင်းရန် ဖြစ်သော်လည်း ထိုအချက်ကပင် အဓိကမစ်ရှင်၏ လမ်းကြောင်းပေါ်တွင်သာ ဖြစ်နေခဲ့ပေသည်။

ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် ဤဂိမ်းကို ကစားရန် ဝင်ခွင့်အတွက် လက်တစ်ကမ်းအလို.... နောက်တစ်နေ့တွင် ဝမ်စန်းချန် သည် ကျိုက်ကျိုက်၏တောင်းဆိုချက်ကို လိုက်လျောပြီး စပါးများကို မြောက်ပိုင်းရှိ ရှေ့တန်းသို့ပို့ဆောင်ရန် အစောင့်ဖွဲ့တစ်ဖွဲ့အား ငှားရမ်းဖို့ စတင်လုပ်ဆောင်ခဲ့သည်။

စစ်သူကြီးကျန့်ယွမ်နှင့် အခြားသူများအားလုံး လအတော်ကြာ စိတ်ပူခဲ့သော စပါးပြဿနာသည် မမျှော်လင့်ဘဲ ခဏချင်း ပြေလည်သွားခဲ့၏။ နောက်တစ်နေ့တွင် နန်းတွင်း၌ ထိုအကြောင်းမှာ ဆွေးနွေးစရာဖြစ်နေသည်။

ဧကရာဇ်သည် စိတ်သဘောထားကြီးမြတ်ပြီး သူ၏နဂါးသွေးနဂါးဟန် မျက်နှာတော်သည်လည်း ရွှင်လန်းမှုအပြည့်ရှိသည်။ သူ စစ်သူကြီးကျန့်ယွမ်အား ပြောလိုက်သည်။

"စစ်သူကြီး မောင်မင်းက တကယ်ကို တိုင်းပြည်ရဲ့ ပင်မ မဏ္ဍိုင်ကြီးပဲ။ မောင်မင်းသာ မဟုတ်ရင် ဒီစစ်ပွဲမှာ ငါကိုယ်တော် ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး"

ဝန်ကြီးချုပ်၊ အိမ်ရှေ့စံမင်းသားနှင့် အခြားမှူးမတ်များစွာတို့မှာ သိပ်မျက်နှာမကောင်းကြ။ စစ်သူကြီးကျန့်ယွမ်မှာ ဒီပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်မည်မှန်း သူတို့တတွေ လုံးဝကို မျှော်လင့်မထားခဲ့ကြပေ။

စစ်သူကြီးကျန့်ယွမ် သည် ဘာပြောရမှန်းမသိလောက်အောင်ပင် အလန့်ကြီးလန့်သွားသည်။ လွန်ခဲ့သောသုံးလက လုဟွမ်က ဝမ်စန်းချန်အား သူ့အိမ်တံခါးဝဆီကို သူ့စိတ်ဆန္ဒနှင့်သူ စပါးများ လာပေးဖို့ ဆွဲဆောင်ရန် နည်းလမ်းရှိကြောင်း ပြောခဲ့သည်။ ဤလူငယ်လေးသည် ကြွားဝါတတ်ရုံမျှမကဘဲ ကောင်းကင်နှင့်မြေကြီး၏ ဧရာမကွာခြားချက် ကြီးမားမှုကိုပင် မသိဟု သူ ထင်ခဲ့သည်။

သို့သော် ဤလွန်ခဲ့သည့်သုံးလတွင်း သူသည် အခြားတပ်မှူးများနှင့် တပ်သားများကို ဦးဆောင်ကာ တတ်နိုင်သမျှ နည်းနိုင်သမျှနည်းဖြင့် ကောက်ပဲသီးနှံပေါင်း ထောင်ဂဏန်းသာ စုဆောင်းနိုင်ချိန်တွင် လုဟွမ် သည် ဝမ်စန်းချန်တစ်ယောက် ရှေ့တန်းအတွက် စပါးများလာပေးရန် အမှန်တကယ် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူလုံးဝမမျှော်လင့်ခဲ့ပေ။ ဤတစ်ခါ ပေးပို့မှုသည် စပါးတင်း သောင်းနှင့်ချီ၍ ရှိပြီး ယခုနှစ်တစ်နှစ်လုံးအတွက် ရိက္ခာ အမှန်တကယ်ပင် စိတ်ပူစရာမလိုတော့ပေ။

စစ်သူကြီး ကျန့်ယွမ်သည် အားရပါးရပင် ရွှင်မြူးနေပြီး ထိုနေ့တွင် စစ်တပ်ရေးရာဝန်ကြီး၏ အကြံပြုချက် ဖြစ်မှန်း ပို၍ပင် သေချာနေခဲ့သည်။

ထိုအကြောင်းကို တွေးပြီး သူ့သားလေး လုဟွမ် အတွက် ရာထူးနေရာ တစ်ခုတောင်းရန် ကြံစည်ခဲ့သည်။

"ဧကရာဇ် ကျွန်တော်မျိုးဟာ လက်အောက်ငယ်သားတစ်ဦးရဲ့ ကျေးဇူးကြောင့် အခုတစ်ကြိမ် စပါးပြဿနာကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးက သူ့အတွက် ရာထူးတိုးပေးဖို့ တောင်းဆိုလိုပါတယ်"

အကယ်၍ လုဟွမ် ၏ လုပ်ဆောင်မှုသာ ဖြစ်ကြောင်း ရုံးတော်က ထုတ်ဖော်လိုက်လျှင် လုဟွမ်၌ မရေမတွက်နိုင်သော ရန်သူများရှိလာမည်ကိုလည်း သူ စိုးရိမ်မိသည်။ သူ့ကို လက်ရှိအချိန်တွင် သူ့အာဏာတံစက်မြိတ် အောက်မှာပင်ထားပြီး တခြားအစီအစဥ်များ မချမှတ်ခင် သူ့အတောင်ပံများ အပြည့်အဝ ဖွံ့ဖြိုးလာသည်အထိ စောင့်ရသည်က ပိုကောင်းပေလိမ့်မည်။

ထိုအချိန်တွင် ဧကရာဇ်သည် ပြောမပြတတ်လောက်အောင်ကို စိတ်လွတ်လက်လွတ် ပျော်ရွှင်နေလေ၏။ စစ်သူကြီးကျန့်ယွမ်က သူ့အောက်လက်ငယ်သားတစ်ဦးက ထိုသို့ကောင်းမှုတစ်ခုကို ပြုခဲ့ကြောင်း ပြောသည်ကို ကြားရသောအခါတွင်တော့ ဒီ တစ်ကြိမ်တွင် ကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်ခဲ့သူမှာ ဝမ်စန်းချန်ဖြစ်သည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို ဆုပေးဖို့ တွန့်ဆုတ်မနေခဲ့ပေ။

စစ်သူကြီး ကျန့်ယွမ်မှ လုဟွမ်ဖြစ်ကြောင်းပြောသည်ကို ကြားသောအခါတွင်တော့ ထုံးစံအတိုင်း သူပြုံးတုံ့တုံ့နှင့်ပင် ချီးမွမ်းလေတော့သည်။

"ဒီလူငယ်ကို ငါကိုယ်တော် အထင်ကြီးမိပါတယ်၊ အရင် စစ်သေနာပတိကြီးတုန်းကလည်း ကျုပ်ရှေ့မှာ သူ့ကို ချီးမြှောက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်သူကြီးယွင်ရော အခု စစ်သူကြီးရောရဲ့ ချီးကျူးဂုဏ်မြှောက်တာကို ခံနိုင်ဖို့ဆိုရင် ထိုက်တန်တဲ့ အရည်အချင်းရှိကိုရှိရမယ်။ ကျုပ် သူနဲ့တစ်နေ့ တွေ့ချင်တယ်"

ဒါပေါ့ ထိုသို့ ချီးမွန်းသည့်တိုင် ဧကရာဇ်တစ်ပါးက လုဟွမ်လို အရာရှိငယ်လေးရဲ့ နာမည်ကို မှတ်မိနိုင်မည်တဲ့လား။

ထိုည၌ ဒုတိယစစ်ဌာနခွဲမှ အရာရှိများသည် ချက်ချင်းပင် လုဟွမ်အား တော်ဝင်အမိန့်အရ မြင်းတပ် လက်ထောက်ဗိုလ်မှူး အဖြစ် ချက်ချင်း ခန့်အပ်လိုက်သည်။ သူသည် ယွီလင် မြင်းတပ်အား ကွပ်ကဲရပြီး အဆင့်လေး အရာရှိ ဖြစ်လာသည်။

ဒုတိယဠာနခွဲမှ စီမံခန့်ခွဲသူများအားလုံး အံ့အားသင့်သွားသည်။ ယခင်က သူတို့သည် စစ်တပ်အကြံပေးသည် မကြာခဏဆိုသလို ကျန့်ယွမ်စစ်သူကြီး၏ စံအိမ်အား အပြေးသွားတတ်သည်မှာ ကျန့်ယွမ်စစ်သူကြီး၏ အထွေထွေကိစ္စရပ်များကို ကူညီပေးရုံသာ ထင်ခဲ့ကြသည်။ နောက်ဆုံးမှာတော့ ကျန့်ယွမ်စစ်သူကြီးသည် စစ်တပ်ရေးရာဝန်ကြီးဌာနမှ လူများအား အထင်သေး၍ စစ်တပ်အကြံပေးနဲ့သာ ဆက်ဆံခဲ့ခြင်း ဖြစ်ပေမည်။

သို့သော် လအနည်းငယ် အတွင်းမှာ လုဟွမ် ရာထူးတိုးလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

အသက်ဆယ့်ခြောက်နှစ်တွင် သူသည် အဆင့်လေး အရာရှိပင် ဖြစ်နေလေပြီ။

စစ်တပ်ရေးရာ ဒုတိယဌာနမှ စီမံရေးတာဝန်ခံများသည် အတိုင်းအဆမရှိ မနာလို မရှုစိမ့် ဖြစ်ခဲ့ကြသည်။ ဒုတိယဌာနမှ ဝန်ကြီးပင် အတန်ငယ် မနာလို ဖြစ်မိသည်။ သူ့မျက်မှောက်တွင်ပင် လုဟွမ်သည် နှစ်ကြိမ်ဆက်တိုက် ရာထူးတိုးမြှင့်ခံခဲ့ရပြီး ယခုအခါ သူ၏ရာထူးသည် သူ့ကိုယ်ပိုင် အရာရှိရာထူး ထက်ပင် မြင့်မားလာခဲ့သည်။

ကျန့်ယွမ်စစ်သူကြီး စံအိမ်၌ ကျန့်ယွမ်စစ်သူကြီးသည် ရှားရှားပါးပါး စိတ်ပျော်ရွှင်နေကာ လုဟွမ်အတွက် ဂုဏ်ပြုပွဲ ကျင်းပပေးနေလေ၏။

သူသည် စစ်သူကြီးယွင်နှင့် သူ၏ မိတ်ဆွေကောင်းများအား လုဟွမ်နှင့် မိတ်ဆက်ပေးကာ ဂရုစိုက်ပေးရန်ပင် တောင်းဆိုခဲ့သည်။

ကျန့်ယွမ်စစ်သူကြီး၌ သားရတနာ မရှိချေ။ ဤသို့ နင်းဖူမင်းသား၏ သားတော်အား ယခုကဲ့သို့ ဆက်ဆံနေခြင်းမှာ မွေးစားဖို့ အကြောင်းဖန်နေခြင်း ဖြစ်ပေမည်လား။

နင်းဖူမင်းသား၏ မယ်တော်သည် ကျန့်ယွမ်စစ်သူကြီးနှင့် ဝေးကွာသော်လည်း ဆွေတော်မျိုးတော် တော်စပ်သည်ဟု ယူဆနိုင်သည်။ အကယ်၍ သူသာ မွေးစားလိုပါက သူနှင့် ဆွေးမျိုးနည်းနည်းဝေးသော ထိုလူငယ်လေးသည် အသင့်တော်ဆုံး အမွေစားအမွေခံတစ်ယောက် ဖြစ်လာနိုင်သည်။

သို့သော်ငြား ယခင်က ကျန့်ယွမ်စစ်သူကြီးသည် နင်းဖူမင်းသားအား အလွန်တရာပင် အထင်သေး ရှုံ့ချခဲ့ဖူးသည်။

လူတိုင်းသည် အမြင်မကြည်‌ကြသော်လည်း လွန်ခဲ့သည့်နှစ်များတွင် ထိုလူငယ်သည် မြို့တော်၌ သူ့အရည်အချင်းများအား ပြသနိုင်ခဲ့ကာ မြင့်မားတဲ့ အလားအလာ များစွာ ရှိပေသည်။ အနာဂတ်၌ သူတို့သည် ထိုသူငယ်အား ကျန့်ယွမ်စစ်သူကြီး၏ အရည်အချင်းရှိ လက်အောက်ငယ်သားတစ်ဦးအဖြစ် ပြုမူဆက်ဆံ‌ရပေလိမ့်မည်။

ထို့ကြောင့်ပင် သူတို့အားလုံးသည် သူ့အား အရက်ခွက်မြှောက်ကာ ဆုတောင်းစကား ခြွေကြရတော့သည်။

စီမံရေးတာဝန်ခံနဲ့ လက်ထောက်ဝန်ကြီးပင် သူ့အား ယခင်ကအတိုင်း 'လုဟွမ်' ဟုခေါ်မြဲပင်။

တစ်ချိန်တည်း၌ပင် နင်းဖူမင်းသားသည်လည်း ရုတ်ရုတ်သဲသဲ အခြေအနေဖြင့်ပင်။ လုဟွမ်တစ်ယောက် နင်းဖူမင်းသားဆီမှ ထွက်ခွာသွားသည်မှာ လ‌ပေါင်း အတော်အသင့်ကြာခဲ့ပြီးနောက် ကျန့်ယွမ်စစ်သူကြီး၏ မြှောက်စားမှုခံရပြီး စစ်တပ်ရေးရာဝန်ကြီးဌာန၏ အဆင့်လေး အရာရှိအထိ တိုးမြှင့် ခံထားရပေသည်။

သခင်မကြီးသည် အလွန်တရာပင် စိတ်လှုပ်ရှားနေသည်။ အစက သူမသည် အစေခံများအား လုဟွမ်ကို အခေါ်တော် လွှတ်ခိုင်းချင်သော်လည်း လုဟွမ်သည် လက်ရှိ၌ ကျန့်ယွမ်စစ်သူကြီးစံအိမ်တွင် ဧည့်သည်တော်များအား ဖျော်ဖြေနေသည့်အတွက် အတတ်နိုင်ဆုံး သူမ၏ စိတ်လှုပ်ရှားမှုအား ထိန်းသိမ်းလိုက်သည်။ လုဟွမ်သည် နင်းဖူမင်းသားနှင့် သူ့အကြားတွင် စည်းတစ်ခု ကန့်သတ်လိုက်သည်ကို သူမ အခုထိ နားမလည်သေးပေ။ ယခုထိ ဤသို့သော အရာသည် ကိုယ်လုပ်တော်မှ မွေးသော တရားမဝင်သားကို တော်ဝင်ခုံရုံး သို့ စေလွှတ်လိုက်သည့် သူမ၏ဆန္ဒကြောင့်ဟုသာ ထင်နေလေသည်။ ထိုမှမဟုတ်ရင် တရားမဝင်သားသည် ယခုချိန်၌ ထိုနေရာတွင် ရပ်တည်နိုင်မည် မဟုတ်‌ချေ။

မိသားစု အာဏာရုတ်သိမ်းခံပြီးကတည်းက ပြန်လည်မထူထောင်နိုင်‌သေးသည့် သခင်မနင်းအနေဖြင့် ထိုသို့သော သတင်းများအား ကြားသည့်အခါ သူမ ရင်ထဲ၌ တမာပင်အလား ခါးသက်နေသည်။

ထိုစကားလုံးများအား ခဏ ဘေးဖယ်ထားလိုက်ပြီးနောက် စုရှီ၏ ဖုန်းမျက်နှာပြင်ပေါ်၌ မက်ဆေ့ခ်ျတစ်ခု‌ ပေါ်လာသည်။

[၆ခု မြောက်မစ်ရှင်အား ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ အငတ်ဘေးအား စီမံနိုင်၍ မြို့‌တော်တွင် နာမည်ကျော်ကြားလာသည့်အတွက် "အမည်မသိ နတ်ဘုရား ကုန်သည်ကြီး" ဘွဲ့ကို ရယူ၍ ဧကရာဇ်၏ အရေးပေး အာရုံစိုက်မှုအားလည်း အစပိုင်း၌ ရယူနိုင်ခဲ့ပါသည်။]

[ ရမှတ် ၁၀မှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ ]

စုရှီ သူမနှလုံးသားထဲမှ ကျိန်စာတိုက်လိုက်သည်။ ကျိုက်ကျိုက်သည် လွန်ခဲ့သည့်လများ၌ အင်မတန် အလုပ်များသောကြောင့် ကိုယ်အလေးချိန် အဆမတန်ကျဆင်းသွားခဲ့သည်။ အပိုမစ်ရှင်နှစ်ခုအား တစ်ချိန်တည်းမှာပင် ပြီး‌မြောက်သွားသည့်အတွက် အခုလက်ရှိ ရမှတ်များမှာ ----

သူ ရေတွက်ကြည့်ပြီးနောက် မျက်လုံးများပင် စိတ်လှုပ်ရှားမှုကြောင့် မြင့်တက်လာသည်။ ယခု သူ၌ ရမှတ် ၇၂ မှတ်ပင်ရှိချေပြီ။

အဆင့်လေး အရာရှိ၊ မြင်းတပ် ဗိုလ်မှူးက ယွီလင်း မြင်းတပ်တစ်ခုလုံးကို စီမံကွပ်ကဲရသည်။

သူ့အရာရှိဝတ်စုံသည် ကြက်သွေးရောင်ဖြစ်ပြီး ခြင်္သေ့သားရေဖြင့် ချုပ်လုပ်ထား၏။ စုရှီသည်လည်း ထိုဝတ်စုံအား အလွန်ပင်နှစ်သက်သည်။ ကျိုက်ကျိုက်သည် အရာရှိဝတ်စုံသုံးစုံအထိ စုဆောင်းလာနိုင်ခဲ့ပြီး ထိုအရာအား ကြည့်ရခြင်းမှာ ကြီးမားသော အောင်မြင်မှု၏ အရသာကို ခံစားရစေသည်။

ဒီည၌ ကျိုက်ကျိုက်သည် ကျန့်ယွမ်စစ်သူကြီးစံအိမ်၌ ဧည့်သည်တော်များအား ဧည့်ခံနေမည်ဟု ထင်ထားခဲ့သော်လည်း အကြောင်းတခုခုကြောင့် သူ ခရီးထွက်သွားခဲ့သည်။ ကျန့်ယွမ်စစ်သူကြီးစံအိမ်မှ တစ်စုံတစ်ဦးသည် သူ့အား သတင်းပေးပို့နေပုံရပြီး ကြားပြီးနောက် သူ အလွန် စိတ်လှုပ်ရှားနေသည်။

စုရှီ ဒီမှာ ရှိနေလား သူသေချာမသိသော်လည်း သူ ချက်ချင်းပင် ကျန့်ယွမ်စစ်သူကြီးအိမ်တော်အား ပြန်လာခဲ့သည်။

စုရှီသည် ဘယ်အရာက ကျိုက်ကျိုက်အား ပျော်ရွှင်အောင်လုပ်ပေးနေသည်ကို မသိပေ။ သူ့မျက်ခုံးနှင့် မျက်လုံးများသည် မြှောက်ကြွနေကာ သူ့မျက်လုံးထဲတွင် အလွန်အမင်းတက်ကြွနေသည့်ပုံအား တွေ့နေရသည်။ ထိုအခိုက်အတန့် လေးအတွက် လွန်ခဲ့သည့်လများ၌ သူသည် အလွန်အမင်းအလုပ်ရှုပ်၍ ကိုယ်အလေးချိန် ကျဆင်းခဲ့ရသည်။

ဒါ သူ ရာထူးတိုးသွားများလား။

စုရှီတစ်ယောက် ဒါဟာလည်း အနည်းငယ် ရယ်စရာကောင်းသည်ဟုထင်သည်။ ကျိုက်ကျိုက်သည် ရာထူးတိုး၍ ချမ်းသာလာမည့် အပေါ် အေးအေးဆေးဆေး ဖြစ်မည်ဟုသာ သူမ ထင်ခဲ့သည်။

ကျိုက်ကျိုက်တစ်ယောက် နင်းဖူမင်းသား၏ ထင်းရှူးဝင်းထဲမှ တဆင့်ချင်း လျှောက်လှမ်းခဲ့သည်မှာ ယနေ့ ဤနေရာထိပင်။ ထိုအရာသည် လွယ်ကူလှသည်တော့ မဟုတ်ပေ။ သူမ ကျိုက်ကျိုက်အတွက် အမြဲပျော်ပေးခဲ့သော်လည်း ကျိုက်ကျိုက်ကိုယ်တိုင်က ဂုဏ်သတင်းနဲ့ သိက္ခာကျခြင်း ကိစ္စများ၌ တမူထူးခြားသည်။

ဒီနေ့မှာတော့ အခြေအနေ ပြောင်းပြန်လှန်ကုန်သည်။ မိခင်တစ်ဦးကဲ့သို့ သူ အဆင့်တွေ ကောင်းလာသလို ရာထူးတက်လာတာကို တစ်လျှောက်လုံး မြင်ခဲ့ရသည်။ သူမ မြင်နေကျပေမဲ့ ယခုမူ သူတတ်နိုင်သလောက် လမ်းမြန်မြန် လျှောက်နေပုံမှာ လမင်းဆီသို့ ပြေးခုန်အုပ်မည့်အလားပင်။

စုရှီ သူ ဝင်လာသည်ကို တွေ့သည့်အခါ သူမ တံခါးကို ပိတ်လိုက်ပြီး အစောင့်များအား တားဆီးလိုက်သည်။ သူ သူမအား သေချာပေါက် လိုက်ရှာနေမည်ကို သူမ သိသည်။

ထို့ကြောင့် သူမ သစ်တော်ပွင့်တစ်ပွင့်အား ခူးဆွတ်ကာ သူ့လက်ထဲသို့ထည့်လိုက်သည်။

အသက် ဆယ့်ခြောက်နှစ် အရွယ် လူငယ်လေးသည် လမ်းမတစ်လျှောက် ပြေးသွားကာ သူ၏ နဖူးပေါ်၌ ချွေးများ တွဲခိုနေသည်။

သူ မောဟိုက်နေပြီး သူ့လက်ထဲရှိ ဖြူဆွတ်နေသော သစ်တော်ပွင့်လေးအား ကြည့်လိုက်စဥ်တွင် သူ့နှုတ်ခမ်းထောင့်များသည် သူ မသိလိုက်ခင်မှာပင် ပြုံးယောင်သန်းသွား၏။

သူ လေထဲသို့ မျက်စိတောင်မှောက် ကြည့်လိုက်ပြီး ပျော်ရွှင်မှုကြောင့် ရူးသွပ်တော့မည့်အတိုင်း သူ့မျက်ဝန်းများသည် အလွန် မြူးကြွနေသည်။

စုရှီမျက်လုံးထဲ၌ ကျိုက်ကျိုက်မျက်နှာသည် မမျှော်လင့်ထားလောက်အောင် စိတ်လှုပ်ရှားနေပြီး သူ့ခေါင်းပေါ်ရှိ အတွေးပူဖောင်းသည် နေလုံးငယ်များစွာကို ဖော်ပြနေသည်။ ' ဘာတွေဖြစ်နေတာလဲ'

သူ၏ စိတ်လှုပ်ရှားမှုသည် စုရှီကိုပင် အကျိုးသက်ရောက်စေကာ သူမ ခမျာ မပြုံးဘဲမနေနိုင်ချေ။ သူမ သူ့ဆံပင်များအား ထိုးဖွပေးကာ ဘာဖြစ်နေသည်အား အဖြေရှာကြည့်သည်။

ထိုနောက် သူ့တက်ကြွနေမှုအား ဖိနှိပ်ကာ ပြောသံကို သူမ ကြားလိုက်သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး "ငါ မင်းရဲ့လက်ခံခန္ဓာကိုယ်ကို ရှာဖွေပေးနိုင်မဲ့လူ ရှာတွေ့ခဲ့ပြီ"

အလွန်တရာ စိတ်လှုပ်ရှားနေမှုကြောင့် သူ့အသံပင် အနည်းငယ် တုန်လှုပ်နေသည်။

သူ့မျက်ဝန်းများသည် မျှော်လင့်ချက်ဖြင့် ပြည့်ဝနေသည်။

" ဒီည အဲ့လူကို သွားတွေ့ကြရအောင်နော်"

စုရှီ ဆွံ့အသွားသည်။

သူမ ခေတ္တ အသက်ပင်မရှုမိချေ။

သူမ တကယ် မထင်ခဲ့မိပေ ။ အရင်လက ကျိုက်ကျိုက် ကြက်တွန်သည်နှင့် အိပ်ရာထပြီး ညဥ့်နက်မှအိပ်ပြီး ထမင်းတစ်လုတ်တောင် စားရန်အချိန်မရှိသည့် အလုပ်များနေသည်ကို တွေ့ခဲ့ရသည်။ ဒါတွေက ဒီကိစ္စတွေကြောင့်ပေါ့လေ။

အခုတလော “နတ်ဘုရားများ ထံ ဆုတောင်းခြင်း” စာအုပ်ကို ကျိုက်ကျိုက် မလေ့လာတော့သည်ကို တွေ့နေရသည့်အတွက် သူ လက်လျော့သွားပြီ ဟု သူမ ထင်ခဲ့ပြီး သူမ၏ နှလုံးသားတွင် သက်သာရာ ရခဲ့သည်။

သို့သော် ဖြစ်လာသည်ကတော့...

ကျိုက်ကျိုက်၏ စွဲလမ်းမှုမှာ သူမ ထင်ထားသည်ထက် ပိုမို နက်ရှိုင်းနေသည်။

စုရှီ သည် ရှေ့တွင် ဘာဖြစ်လာမည်မှန်းကို မသိသော်လည်း မျှော်လင့်ချက်အပြည့် ဖြစ်နေသည့် မျက်လုံးများရှိနေသော ကျိုက်ကျိုက်အား ကြည့်ကာ နှလုံးခုန်သံများ ဝုန်းဒိုင်းကြဲသွားသည်။

ဘာမှမဖြစ်ခဲ့သော်လည်း မျက်လုံးများ ကျိန်းစပ်ကာ နှလုံးသားလည်း နာကျင်လာသည်။

All Chapters