← Chapters

Chapter 50

Vol. 5 Ch. 50

Chapter 50

Vol. 5 Ch. 50

ကျိုက်ကျိုက်သည် ခရီးသွားတာအိုဆရာသခင် ကို ဘေးအခန်းဆီသို့ အမြန်ခေါ်လာခဲ့၏။

ဘုရားကျောင်းဝင်ပေါက်မှ ဘေးခန်းမဆီသို့သွားသည့် လမ်းတလျောက်၌ ကျိုက်ကျိုက်သည် တာအိုဆရာသခင်ကို ဖြစ်ကြောင်းအစုံ ပြောပြရန် မစောင့်နိုင်တော့ချေ။ သူနှင့် ဝိညာဉ်ကြား ဖြစ်သောအရာများကို သေချာပေါက် ထုတ်မပြောခဲ့ပေ။ သူ့ဘေးတွင် လူသားမဟုတ်တဲ့ အရာတစ်ခုရှိပြီး သူမကို တွေ့ဖို့ တာအိုဆရာသခင်က ကူညီပေးနိုင်မည်ဟု သူ မျှော်လင့်မိကြောင်းသာ မရေမရာ ပြောခဲ့လေသည်။

တာအိုဆရာသခင်သည် ဘေးအခန်း၏တံခါးမှ ထွက်လာသည်ကို စုရှီ မြင်သောအခါ သူ့ကိုယ်သူ အားတင်းထားပြီး ကြည့်လိုက်လေသည်။ ပညာရှိကဲ့သို့ ပြောဆိုပြုမူပုံဖြင့် အဖြူရောင်ဆံပင်ရှိသော တာအိုဆရာသခင်ကို သူတွေ့လိုက်ရ၏။ သူ၏ မျက်နှာသည် သေးငယ်ကျဉ်းမြောင်းကာ သူ၏မျက်လုံးများသည် တောက်ပနေလေသည်။ သူသည် အရာအားလုံးကို ဖောက်ထွင်းမြင်ရသည့်ပုံ ပေါ်၏။

တာအိုဆရာသခင်သည် အခန်းထဲသို့ ဝင်လာပြီးနောက်တွင် သူသည် ကောင်းကင်ကို တန်းတန်းမတ်မတ် ကြည့်နေခဲ့၏။ စုရှီ၏ ရှုထောင့်တွင်တော့ သူ့အား ကြည့်နေသည့်ပုံပေါ်လေသည်။

စုရှီသည် သူမ၏ ကျောရိုးတစ်လျှောက်တွင် အေးစက်မှုကို ခံစားလိုက်ရ၏။ သူမသည် သူတို့ကမ္ဘာက မဟုတ်သည်ကို ဤပညာရှိနှင့်တူသော တာအိုဆရာသခင်သည် သိနေသည်ဟူသည့် ခံစားချက်ရနေလေသည်။

လုဟွမ်သည် တာအိုဆရာသခင်အတွက် ရေနွေးငှဲ့ပေးရန် စားပွဲဘေးသို့ သွားလေသည်။ တာအိုဆရာသခင်သည် ကောင်းကင်မှ တိကျသောနေရာတစ်ခုကို ကြည့်နေ‌သည်ကို သူမြင်၍ မနေနိုင်ဘဲ ထိုလမ်းကြောင်းကို ကြည့်မိလိုက်လေသည်။

‘သူမ … သူမက အဲဒီအပေါ်မှာလား’

သူ၏ နှလုံးသားသည် အရိုင်းဆန်စွာ ခုန်နေပြီး အာခေါင်လည်း ခြောက်သွေ့နေလေသည်။ သူ့တစ်ကိုယ်လုံးသည် ဆန့်တန်းတောင့်တင်းနေကာ သူသည် အလွန်စိတ်လှုပ်ရှားနေလေသည်။ သူ့တစ်ဘဝလုံးတွင် ဒီလောက် စိုးရိမ်ပူပန်ခြင်းမျိုး မရှိဖူးချေ။

သူမကို တွေ့သောအခါ မည်သို့ မြင်ကွင်းမျိုးဖြစ်မည်နည်းဟု သူသည် အကြိမ်ပေါင်း ရာပေါင်းများစွာ ထောင်ပေါင်းများစွာ သောင်းပေါင်းများစွာ စိတ်ကူးယဉ်ကြည့်ဖူး၏။ သို့သော် လပေါင်းများစွာ အလုပ်ကြိုးစားပြီးနောက် သူ အမျှော်လင့်ဆုံးအခိုက်အတန့်သည် သူ့ရှေ့သို့ရောက်လာချိန်တွင် မတတ်နိုင်ဘဲ အသက်အောင့်ထားမိလေသည်။ သူသည် မလှုပ်မရွေ့ဘဲ သူ့နှလုံးကို သူ့ရင်ဘတ်မှ ထွက်ကျတော့မတတ်ဖြစ်သည်အထိ နှလုံးခုန်နှုန်း မြန်စေလေ၏။

တာအိုဆရာသခင် အချိန်အတော်ကြာလောက် စကားမပြောသည်ကို မြင်သောအခါ လုဟွမ်သည် ခက်ခက်ခဲခဲ မေးလိုက်လေသည်။

“...တာအိုဆရာသခင်”

တာအိုဆရာသခင်သည် နောက်လှည့်ကာ သူ့ကိုကြည့်လိုက်၏။ သူ တစ်ခဏ‌တွေးဆပြီးနောက် ပြောလိုက်လေသည်။

“သခင်လေးလု အသင် ဘာလိုချင်သလဲ ကျွန်ုပ်သိပြီးပါပြီ ဒါပေမယ့်...”

လုဟွမ်သည် နှလုံးသည် သူ့လည်ချောင်းတွင် မြင့်မားစွာ ချိတ်ဆွဲနေပြီဖြစ်သည်။ သူသည် အသက်အောင့်လိုက်လေ၏။

“အသင်နဲ့ အသင်တွေ့ချင်တဲ့လူဟာ တူညီတဲ့ကမ္ဘာထဲမှာ ရှိမနေတာပါပဲ”

လုဟွမ်သည် သူ၏လက်များနှင့် ခြေထောက်များ အနည်းငယ် အေးစက်လာသည်ကို ခံစားမိ၏။ သူသည် နားမလည်နိုင်ဘဲ ခဲယဉ်းစွာ မေးလိုက်လေသည်။

“တူညီတဲ့ကမ္ဘာထဲမှာ မရှိဘူး။ ဘာကိုဆိုလိုချင်တာလဲ”

တာအိုဆရာသခင်သည် သူ၏ခေါင်းကိုသာ ခါလေသည်။ သူ၏ မျက်လုံးများထဲတွင် မမြင်နိုင်သော ကရုဏာတစ်ချို့ ရှိလေ၏။ သူကို ပြောလိုက်လေသည်။

“စုန်ချည်ဆန်ချည် ဦးတည်ချက်လေးခုဟာ စကြာဝဠာပဲ။ ရှေးခေတ်ကတည်းက ပစ္စုပ္ပန်ဟာ စကြာဝဠာဖြစ်ခဲ့တာ။ ပန်းလေးတစ်ပွင့် သစ်ရွက်လေးတစ်ရွက် ကမ္ဘာကြီးတစ်ခုပေါ့။ အသင်နဲ့ ကျွန်ုပ်မသိတဲ့ နေရာတွေမှာ စကြာ၀ဠာထောင်ပေါင်းများစွာ ရှိတယ်။ ပန်းပွင့်ထဲမှာရှိတဲ့လူက သစ်ရွက်ထဲမှာရှိတဲ့လူကို မြင်နိုင်ရင်တောင်မှ ပန်းပွင့်နဲ့သစ်ရွက်က တူညီတဲ့သံသရာထဲမှာ မရှိကြဘူး။ သူတို့က ဘယ်လိုလုပ် အတူရှိနိုင်မှာလဲ”

စခရင်ပြင်ပတွင် တာအိုဆရာသခင်သည် အသက်တစ်ရာကျော်နေပြီဖြစ်၏။

ပြီးနောက် လုဟွမ်၏မျက်နှာသည် ဖြူဖျော့နေသော်လည်း သူသည် လက်မလျှော့သေးဘဲ တစ်စုံတစ်ခုပြောချင်ဟန်ဖြင့် ပါးစပ်ဖွင့်လိုက်လေသည်။

တာအိုဆရာသခင်သည် ပြောလိုက်လေ၏။

“အသင် တွေးပြီးရင်းတွေးနေတာက သာမန်ဝိညာဉ်မဟုတ်ဘူး။ ဒီနည်းနဲ့ လုပ်လို့မရဘူး။ ကမ္ဘာပေါ်က ဘယ်သူမှ မလုပ်နိုင်ဘူး။ လက်လျှော့လိုက်ပါ လုသခင်လေး။ အသင်လိုချင်တဲ့အရာကို မရနိုင်ပါဘူး။”

သူစကားပြောအပြီးတွင် သူသည် ခေါင်းကိုခါလိုက်ကာ ကျိုက်ကျိုက် ငှဲ့ပေးထားသော ရေနွေးကို မသောက်ဘဲ နောက်လှည့်ပြီး ထွက်သွားလေသည်။

စုရှီသည် အသက်ရှူရန်ပင် မေ့လျော့သွားခဲ့၏။ စခရင်ပေါ်မှ ကျိုက်ကျိုက်ကို ကြည့်လိုက်လေသည်။ ကျိုက်ကျိုက်သည် ထိုနေရာတွင် ရပ်နေလေသည်။ သူ့မျက်နှာသည် ဖြူဖျော့နေလေ၏။

သူ ဘာစဉ်းစားနေသလဲ မည်သူမျှ မသိချေ။ သူ၏ မျှော်လင့်ချက်များကို တစ်ခဏအတွင်း လုယူခံလိုက်ရသည့် အတိုင်းပင်။ သူသည် အနည်းငယ် လမ်းပျောက်နေပုံပေါ်၏။ သူ၏ တည်နေရာကို ရှာမတွေ့နိုင်ချေ။

‘.... အဲ့လိုလား။ ငါတို့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်း တစ်လျောက်လုံးမှာ မတွေ့နိုင်ကြတော့ဘူးလား’

လုဟွမ်၏ သွေးများ အေးခဲသွားလေသည်။ သူသည် အေးခဲနေသော ရေခဲတောင် အောက်ထဲသို့ ပြုတ်ကျသွားသလိုပင်။

သူသည် မည်သည်ကိုမှ မတွေးတောနိုင်တော့လုနီးပါး ဖြစ်သွားလေသည်။

သူသည် ဟိုဟိုသည်သည် လှည့်လိုက်လေ၏။ သူ့ဘေးမှ ဝိညာဉ်လေး၏ ဦးတည်ဘက်ကို ရှာချင်ပုံပေါ်လေသည်။ သို့ရာတွင် စားပွဲပေါ်မှ ရေနွေးခွက်ကို သူ့အင်္ကျီလက်သည် မတော်တဆ တိုက်ချမိသွား၏။

“ဘန်း”

အစိတ်အပိုင်းများကွဲကြေကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ပြင်းထန်သောအသံသည် သူ့ကို အနည်းငယ် အသိစိတ်ဝင်သွားစေသည်။

လုဟွမ်သည် သူ့နှုတ်ခမ်းများကို တင်းကြပ်စွာ စုဝိုင်းလိုက်၏။ သူ့နှုတ်ခမ်းများသည် အနည်းငယ် ဖြူဖျော့နေလေသည်။ ကွဲနေသော အပိုင်းအစများကို ကောက်ရန် သူသည် ဆောင့်ကြောင့် ထိုင်လိုက်လေ၏။

စုရှီသည် စခရင်ပေါ်မှ မြင်ကွင်းကို ကြည့်ကာ အနည်းငယ် ဝမ်းနည်းသွားလေသည်။ ကျိုက်ကျိုက်၏ အင်္ကျီလက်ကို ဆွဲလိုက်လေ၏။ သူမပြောချင်သည်မှာ

“ကျိုက်ကျိုက် ဒါ အဲဒီလောက် အရေးမကြီးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါနင်နဲ့အတူ ရှိနေတာပဲလေ” ဟူ၍ပင်။

ကျိုက်ကျိုက်သည် တွေဝေနေလေသည်။ သို့သော် တိတ်ဆိတ်ခြင်းအခိုက် ပြီးနောက်တွင် သူ့ကိုယ်သူ အားပေးရန် အကောင်းဆုံးကြိုးစားနေပုံပေါ်၏။

ထိုအစား သူသည် နေရာလွတ်ကိုကြည့်ကာ စုရှီကို နှစ်သိမ့်လိုက်၏။

“မကြောက်ပါနဲ့။ မင်းအမြဲ ဒီလိုဖြစ်ပြီး ရုပ်ခန္ဓာကိုယ် ရှိမနေရင်တောင်မှ ငါမင်းနဲ့အတူ ရှိနေမှာပါ။”

စုရှီ “...QAQ”

“မင်းဘာလိုချင်လဲ။ ငါ့ကိုပြော။ အရသာရှိတဲ့ အစားအစာတွေကို မင်းမစားနိုင်ရင်တောင် ဒါမှမဟုတ် ပါးနီတွေ မခြယ်နိုင်တောင် မင်းလိုချင်နေသရွေ့ ငါ့ကိုပြောလို့ရတယ်”

ကျိုက်ကျိုက်သည် တည်ငြိမ်ရန် ကြိုးစား၏။ သို့သော် သူ့အသံသည် အနည်းငယ် ကွဲအက်ပြီး သူ့မျက်လုံးများလည်း အနည်းငယ် နီနေလေသည်။

သူသည် ရုတ်တရက် စိတ်ပိုင်းဖြတ်လိုက်ပုံပေါ်၏။

သူသည် ရုတ်တရက်ပြောလေသည်။

“ငါ လက်ထပ်တာနဲ့ ကလေးယူတာကို မလုပ်တော့မှာ အတည်ပါ”

စုရှီ “ဟမ်”

‘သူ ဒါကို ဘာလို့ ရုတ်တရက်ကြီး ထုတ်ပြောနေပြန်တာလဲ”

ကျိုက်ကျိုက်သည် နေရာလွတ်ကို စိုက်ကြည့်နေလေသည်။ သူပြောချင်သော စကားလုံးထောင်ပေါင်းများစွာ ရှိသည့်ပုံပင်။ သူ၏ မျက်လုံးနီများသည် နက်မှောင်ပြီး မှုန်မှိုင်းနေလေ၏။ သို့သော် နောက်ဆုံးတွင် သူပြန်မျိုချလိုက်လေသည်။ သူသည် သူမကို ရှင်းပြလိုက်လေသည်။

“ငါလက်ထပ်ပြီး ကလေးယူလိုက်ရင် ငါ့ကို အဖော်ပြုပေးသူ ရှိပြီလို့ မင်းက ထင်ပြီးတော့ ထွက်သွားမှာလေ။ ဟုတ်တယ်မလား။ ဒါဆိုရင် ငါ အလိုမရှိဘူး။”

“...”

စခရင်ပြင်ပတွင် စူရှီ၏ မျက်လုံးများ ယောင်ရမ်းနေလေ၏။ ဒီ‌ဂိမ်းထဲက လူကလေးကြောင့် သူ့ရဲ့ နှလုံးသားက နာကျင်ပြီး နွေးထွေးနေရသည်။ သူ့ နှုတ်ခမ်းစွန်းတွေကို ဆွဲတင်ပြီး ပြုံးချင်ပေမယ့် သူ့နှာခေါင်းက နာကျင်ပြီးတော့ ငိုချင်လာ၏။

ကျိုက်ကျိုက်သည် အပိုင်းအစများကို ကောက်ရန် သူ့ခေါင်းကို ငုံ့လိုက်ပြီး ပြောလိုက်လေသည်။

“တာအိုဆရာသခင်က အတော်စွမ်းအားကြီးပေမယ့်လည်း ဒီနေ့ သူ့ကို တွေ့ပြီးတဲ့နောက်မှာ မင်းရဲ့ပြဿနာကို သူက မဖြေရှင်းပေးနိုင်ဘူးတဲ့။ သူက ဒီတိုင်း အရမ်း အရမ်းကို။ မပူပါနဲ့။ ငါတခြားနည်း ရှာမှာပါ”

နှလုံးသားနာကျင်ပြီး ခံစားသွားရသော စုရှီသည် ရုတ်တရက် တုန်ယင်သွားလေ၏။ သူမ ဖုန်းသည် လက်ထဲမှ ထွက်ကျလုနီးပါးပင်။

‘မဖြစ်နိုင်တာ။ နင်လက်မလျှော့သေးဘူးလား ကျိုက်ကျိုက်။ တခြားနည်းလမ်းကို စဉ်းစားချင်သေးတယ်ပေါ့’

ကျိုက်ကျိုက်သည် ဤအရာများအား ထုတ်ပြောချိန်တွင် သူမ၏ အသက်မရှိသော မျက်လုံးများကို အနည်းငယ် လင်းလက်စေရန် အလွန်ကြိုးစား လိုက်ရလေသည်။ သူ့ဘေးမှဝိညာဉ် မလှုပ်ရှားသည်ကို မြင်သော် ကျိုက်ကျိုက်သည် သူမလည်း ဝမ်းနည်းနေသည်ဟု ထင်သောကြောင့် သူ့ခေါင်းကိုမော့ပြီး နှစ်သိမ့်ဖွယ် ပြုံးပြလိုက်၏။

စုရှီ “...QAQ”

‘အား ကျိုက်ကျိုက် မပြုံးနဲ့။ ငါ့နှလုံးသား နာကျင်ရတယ်’

တာအိုဆရာသခင်၏ ဘယ်ဆီ ဘယ်ဝယ်များသည် မရေရာပေ။ ကျိုက်ကျိုက်သည် လက်လျှော့ရန် အလိုမရှိဘဲ သူ့နောက်သို့ လိုက်ချင်သည့် အချိန်တွင် တာအိုဆရာသခင်သည် ပျောက်သွားပြီ ဖြစ်၏။

ထိုည အပြန်လမ်းတွင် ကျိုက်ကျိုက်သည် သူထွက်လာသောအချိန်နှင့် နှိုင်းယှဉ်လျှင် မတူညီသောလူကဲ့သို့ ဖြစ်နေလေသည်။

သူထွက်လာချိန်တွင် မြင်းကို ကဆုန်ပေါက်ပြေးရန် စေ့ဆော်လိုက်၏။ သူ့မျက်လုံးများသည် မျှော်လင့်ချက်များ အပြည့်ဖြင့် မြို့တော်မှ လူငယ်တစ်ဦးသည် သူ့သမီးရည်စားကို တွေ့ရန် အမြန်သွားနေသည့် အတိုင်းပင်။ သို့သော် အရာရှိနေအိမ်သို့ အပြန်လမ်းတွင် ကောင်းကင်သည် တောက်ပနေပြီဖြစ်၏။ သက်တော်စောင့်များကို အရင်သွားစေကာ သူတို့နောက်တွင်မှ မြင်းကို တဖြည်းဖြည်း စီးနင်းလာလေသည်။

သူ ဝမ်းနည်းနေကြောင်း စုရှီသိ၏။ သူ့မျက်လုံးများထဲမှာ နီရဲမှုသည် ပျောက်မသွားသော်လည်း သူသည် စုရှီကို စကားဆက်ပြောနေခဲ့လေသည်။ သူ့ဘေးမှ ဝိညာဉ်ကို သူနှစ်သိမ့်ပေးချင်သည်။ သူမတွင် ခန္ဓာကိုယ်မရှိသော်လည်း အဆင်ပြေ၏။ သူမသည် ပုံမှန်လူတစ်ယောက်နှင့် မကွာခြားချေ။

သူ ဤမျှလောက် စကားများသည်ကို ပထမဆုံးအကြိမ် စုရှီတွေ့ဖူးခြင်း ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် စကားပြောစာတန်း ဆက်ပေါ်နေသည်ကို မြင်ပြီး သူမ ရယ်လိုက်ချင်သော်လည်း သူမ၏ နှလုံးသားထဲတွင် ခါးသက်မှုကို ခံစားလိုက်ရလေသည်။

အရာရှိနေအိမ်သို့ ကျိုက်ကျိုက်ပြန်ရောက်ချိန်တွင် ကောင်းကင်သည် လုံးဝလင်းထိန်နေလေပြီ။

ဝိညာဉ်သည် သူနှင့် တစ်ညလုံးရှိနေသည်ကို သူသတိရသွားလေသည်။ သူမ ထွက်သွားရန် အချိန်ကျနေပြီ ဖြစ်သောကြောင့် သူသည် သူမကို ပြောလိုက်လေ၏။

“မင်း ပင်ပန်းနေတော့မှာပဲ”

စုရှီသည် သူ့မျက်နှာကို ဆိတ်ဆွဲလိုက်လေသည်။

ကလေးလို ဆက်ဆံခံရတာကို သူအမြဲ မကြိုက်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်ကလည်း ခြွင်းချက် မဟုတ်နေပေ။

စုရှီသည် သူ့လက်ကို ထပ်ကိုင်ကာ ရေနွေးခွက်၏ ကွဲနေသောအစများက သူ့လက်ကို ဒဏ်ရာမရစေကြောင်း အတည်ပြုလိုက်၏။ သူမသည် သူ့ရှေ့တွင်ရှိသည်ဟု သူ ထင်သောကြောင့် သူ၏ မျက်ခုံးများကို မြှင့်ကာ တိုးတိုးပြောလိုက်၏။

“သွားပြီးနားတော့လေ။ မနက်ဖြန်မှ တွေ့မယ်”

စုရှီသည် သူ မထိခိုက်ကြောင်း တွေ့ပြီးနောက် သူ့တွင် သူ့ကိုယ်သူ ထိန်းညှိနိုင်သော စွမ်းရည် မြင့်မားစွာ ရှိသောကြောင့် သူမ စိတ်သက်သာရာရသွားလေသည်။ ထို့ပြင် စုရှီအတွက် ညအချိန်ဖြစ်နေလေပြီ။ သူမလည်း အနည်းငယ်အိပ်ချင်နေပြီ ဖြစ်သောကြောင့် နောက်ဆုံးတွင် အိပ်ရန် လိုင်းမဆင်းခင် ကျိုက်ကျိုက်၏ ခေါင်းကို သူမ ပွတ်သပ်လိုက်၏။

သူမ ထွက်သွားပြီးနောက်တွင် ကျိုက်ကျိုက်သည် သူ၏ အပြုံးကို မထိန်းထားနိုင်တော့ပေ။ သူသည် ကုတင်ဘေးသို့ တိတ်ဆိတ်စွာ လမ်းလျှောက်သွားပြီး ထိုင်ချ‌လိုက်၏။

မနက် ၇ နာရီ ဖြစ်နေလေပြီ။ အရာရှိ ဝတ်စုံလဲကာ ရုံးတော်သို့ သွားချိန်ကျနေပြီ ဖြစ်သော်လည်း သူ့အင်အားများ စုပ်ယူခံထားရသကဲ့သို့ ခံစားရလေသည်။ သူ့လက်ချောင်းများကိုပင် မဖို့ မတတ်နိုင်ပေ။

ဂိတ်ပြင်ပတွင် အေးစက်ကာ အုံ့မှိုင်းနေပြီး အခန်းသည် အလွန်တိတ်ဆိတ်နေလေသည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ထိုင်နေပြီး သူ့နှလုံးသားထဲတွင် ကြာရှည်နာကျင်မှု ရှိနေလေ၏။

တစ်ညထဲတွင် သူ၏ မျှော်လင့်ချက်အားလုံး လုံးဝကြေမွသွားခဲ့ရ၏။ သူမကို တွေ့ရန် မလွယ်ကူလောက်ကြောင်း သူ ထင်ထားပြီးသားဖြစ်ပြီး မျှော်လင့်ချက် အများကြီး မရှိသော်လည်း တာအိုဆရာသခင်၏ စကားလုံးများသည် သူ့မျှော်လင့်ချက်အားလုံးကို ငရဲသို့ ပို့ပေးလိုက်လေသည်။

“ငါ လိုချင်တာကို ငါမရနိုင်ဘူး” ခရီးသွား တာအိုဆရာအိုကြီး’၏ စကားလုံးကို ပြန်ပြောင်း ရေရွတ်လိုက်၏။

စုရှီသည် အိပ်ပျော်သောကြောင့် ဂိမ်းထဲသို့ အသစ် ၂ မှတ် တိတ်တိတ်လေး ပေါင်းထည့်လိုက်သည်ကို သူမ မသိချေ။

သူတို့သည် လွန်ခဲ့သော သုံး၊လေးလလောက် လုဟွမ် ဝိရိယရှိစွာ လေ့ကျင့်ခဲ့သော ဓားရေး၊ မြင်းစီးနှင့် လေးမြားအတတ်များမှ ဖြစ်သည်။ +၂

သူသည် နေ့စဉ် ကြက်ဖတွန်သည်နှင့် ထကာ အလွန်ကြိုးစား လုပ်လေသည်။ သူသည် နောက်ထပ် ၄ မှတ်လောက် ရသင့်နေလေပြီ။

သို့ရာတွင် ကိုယ်ခန္ဓာကြံခိုင်မှုနှင့် သိုင်းပညာရမှတ်များ လျော့နည်းလာမှုကြောင့် အရင်လထက် လွန်ခဲ့သော လပိုင်းကထပ် လုဟွမ် ပိုကြိုးစားသော်လည်း စနစ်သည် သူ့ကို ၂ မှတ်ဖြင့်သာ တွက်ဆလိမ့်မည်။

ထိုအချိန်တွင် စနစ်မှ မက်ဆေ့တစ်ခု ပေါ်လာလေ၏။

[အစပိုင်းနဲ့ အလယ်အလတ်အဆင့် အဓိကမစ်ရှင်များကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ သင်သည် အမှတ် ၁၀၀ ထိ ရောက်ရှိသွားပါပြီ။ သင်သည် လက်ဆောင်ထုတ်ကြီးကို လော့ဖြည်တော့မှာ ဖြစ်ပါတယ်။]

[လက်ဆောင်ထုပ်ကြီးအတွက် ရေတွက်ချိန် သုံး နှစ်]

[တစ်]

ဤမက်ဆေ့ခ်ျ ပေါ်ပြီးနောက်တွင် ဂိမ်းစခရင်ထဲမှ လုဟွမ် ဘေးရှိ လေထုသည် ပြောင်းလဲသွားသော်လည်း မည်သည့်အရာမျှ ပြောင်းလဲ မသွားသယောင် ထင်ရသည်။

သို့သော်လည်း လုဟွမ်ရှေ့တွင် ပေါ်လာသော ထွင်းဖောက်မြင်နိုင်သည့် အရာတစ်ခု ရှိလေသည်။ လေထဲတွင် မျောနေသော အရာတစ်ခု ဖြစ်ဟန်ပင်။

လုဟွမ်၏ အမူအရာသည် ဝမ်းနည်းအားငယ်နေသော်လည်း သူသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်လေသည်။ သူသည် ချက်ချင်း သူ့ခေါင်းကို သတိရှိစွာ မော့ကြည့်လိုက်ပြီး လေထုပါးထဲတွင် ဆန်းပြားစွာ ပေါ်လာသော အရာကို မြင်လိုက်၏။

သူ၏ သူငယ်အိမ်များ ကျုံ့သွားပြီး တစ်ခဏလောက် သူ ထိတ်လန့်သွားလေသည်။ သူသည် ရုတ်တရက် ထရပ်လိုက်၏။

“အဲဒါ ဘာကြီးလဲ”

သို့သော် အခန်းသည် လွတ်နေပြီး မည်သူမျှ သူ့ကို ပြန်မဖြေချေ။

လုဟွမ်သည် ကုတင်ဘေးမှ ဓားကို ယူလိုက်ပြီး လေထဲတွင် မျောနေသော စခရင်ဆီသို့ လျှောက်သွား၏။ သူသည် ဓားကိုထုတ်ပြီး ယင်းကို ခုတ်ချလိုက်သော်လည်း ဓားမှာ ယင်းထဲကို ဖြတ်သွားလေသည်။

ဤအချိန်တွင် စခရင်ပေါ်၌ ပုံရိပ်တစ်ခု တဖြည်းဖြည်းပေါ်လာလေသည်။ အခန်းတစ်ခန်းဖြစ်ပုံပေါ်သော်လည်း အခန်းထဲရှိ အရာများသည် လုဟွမ်တစ်ခါမှ မမြင်ဖူးသည်များ ဖြစ်၏။ အခန်း၏အလယ်တွင် အိပ်ရာတစ်ခုရှိပုံပေါ်သော်လည်း အိပ်ရာပေါ်မှ ဒီဇိုင်းများသည် အလွန် အလွန်တောက်ပနေလေသည်။ ယင်းပေါ်တွင် မည်သည့်ပုံ ဆွဲထားကြောင်း သူမသိနိုင်ချေ။ ဝက်ဝံနှင့်တူသော်လည်း __

လုဟွမ်၏ မျက်ခွံ့များ တွန့်သွား၏။ သူသည် အနီးကပ် ကြည့်တော့မည်ဖြစ်သော်လည်း သူ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်တွင် မျောနေသော အရာပေါ်တွင် စာ‌ကြောင်းပေါ်လာကာ ပုံရိပ်ကို ဖုံးအုပ်သွားလေသည်။

စာကြောင်းသည် လုဟွမ်ဖတ်နိုင်သော စာလုံးများပင်။

“သင် လွမ်းနေတဲ့သူကို တွေ့ချင်ပါသလား။ သူမ ဘယ်လိုပုံလဲဆိုတာ သိချင်လား။ ဒီဂိမ်းကို ဆော့ပြီး တိုင်းပြည်နဲ့ ပြည်သူတွေကို ဂရုစိုက်တဲ့ အုပ်ချုပ်သူတစ်ဦး ဖြစ်လာလိုက်ပါ။ အဲဒါဆို သင်လိုချင်တာကို သိလာပါလိမ့်မယ်”

တစ်ခဏမျှလောက် လုဟွမ်သည် သူအိပ်မက်မက်နေသလားဟု သံသယဝင် မိသော်လည်း သူ့ရှေ့မှ မယုံနိုင်ဖွယ် မြင်ကွင်းသည် အမှန်တကယ်ပင်။

ထို ဖောက်ထွင်းမြင်နိုင်သောအရာပေါ်ရှိ ပထမစာကြောင်းတွင် မြဲမြံစွာ ကြည့်နေလျက် သူ၏ အကြည့်များသည် ချွန်ထက်သည် မြားတစ်ချောင်းသကဲ့သို့ ဖြစ်နေလေသည်။

“သင် လွမ်းနေတဲ့သူ”

ထို့နောက် သူတုံ့ပြန်သည်ကို မစောင့်ဘဲ အလင်းဖောက်နိုင်သောအရာပေါ်တွင် နောက်စာကြောင်း တစ်ကြောင်း ပေါ်လာလေ၏။

ထို့ပြင် ယင်းသည် လုဟွမ်၏နားများဖြင့် ကြားနိုင်သော စက်လိုအသံဖြင့် အတူထွက်ပေါ်လာလေသည်။

“ဟယ်လို ကျိုက်ကျိုက်။ အမှတ်၁၀၀ ရပြီးတဲ့နောက်မှာ စိတ်လှုပ်ရှားဖွယ် ဂိမ်းကမ္ဘာကနေ ကြိုဆိုပါတယ်”

လုဟွမ်၏ အမူအရာများသည် တစ်ခဏလောက် ထူးဆန်းနေလေသည်။ ဤမယုံနိုင်ဖွယ် အရာအကြောင်း တွေးတောရန် အချိန်မရှိကာ သူသည် စကားလုံးတစ်လုံးချင်း မေးလိုက်သည်။

“မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ”

စခရင်ပေါ်တွင် စာလုံးနှစ်လုံး ပေါ်လာ၏။

“ကျိုက်ကျိုက်”

ထို့နောက် စက်လိုအသံကလည်း ရှင်းလင်းဖော်ပြသော လေသံဖြင့် ပြောလိုက်၏။

“ကျ အိုက် ကျိုက်၊ ကျ အိုက် ကျိုက်၊ ကျ အိုက် ကျိုက် (အသံ၃သံ) ”

“...”

လုဟွမ်၏ အမူအရာမှာ ချက်ချင်းပင် တောက်ပသွားလေတော့သည်။

All Chapters