← Chapters

Chapter 51

Vol. 6 Ch. 51

Chapter 51

Vol. 6 Ch. 51

လုဟွမ်မှာ စစ်တပ်ရေးရာဝန်ကြီး၏ ဒုတိယဌာနကို စီမံရေးတာဝန်ခံတွေထံ လွှဲပြောင်းပေးအပ်ဖို့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်အသစ် ရောက်မလာခင်အထိ ရုံးတော်ကို သွားရပေမည်။ သို့သော်ငြား နေမကောင်းတာကြောင့် နားရက် တောင်းဆို ခဲ့လေ၏။

သူသည် အမြဲတမ်း အလုပ်ကြိုးစားသူဖြစ်၍ တစ်ခါမှ နားခွင့် မယူရခဲ့ပေ။ ဒီရက်တွေ၌ အမှုဆောင်ကိစ္စတွေကို ဖြေရှင်းရင်း အသက်ကိုတောင် မဓာနမထားဘဲ စွန့်စားခဲ့ရလေသည်။ ဒါကြောင့် ဒီလို ရုတ်တရက်ကြီး နားခွင့်ယူရတာက ထူးဆန်းနေသည်။

လုဟွမ် မနေ့ညတုန်းက ကိစ္စအချို့ကြောင့် မြို့တော်ကနေ ထွက်သွားခဲ့သည် ဟု ဆိုသည်။ ကြည့်ရတာ အပြန်လမ်းမှာ သူ အအေးမိတာ ဖြစ်မည်။ ဒါကြောင့် သူ့ထက်ရာထူးနိမ့်တဲ့ လက်ထောက် စစ်တပ်ရေးရာဝန်ကြီး က လုဟွမ်အတွက် မြန်မြန်ပင် နားခွင့်တောင်းခဲ့သည်။

ယခုအချိန်၌ စစ်တပ်ရေးရာ ဝန်ကြီးမှာ မျက်မှောင်ကြုတ်လျက် နေ၏။ စစ်သူကြီးကျန့်ယွမ်ကို မင်းသားကိုးရဲ့ ဇာတ်ကြောင်းအမှန်ကို ပြောပြသင့်လားဆိုတာ သူမသိ။

ထားလိုက်ပါတော့။ စစ်သူကြီးကျန့်ယွမ် လန့်သွားပါလေရော့မည်။ သူ့ကို ဒီအကြောင်း မပြောတာ ပိုကောင်းလိမ့်မည်။ အရင်ဆုံး လူလွှတ်ပြီး သတင်းအမှန်ကို သွားစုံစမ်းခိုင်းတာမှ ပိုကောင်းရော့မည်။ အမှန်ကို သိရမှ သူ စစ်သူကြီးကျန့်ယွမ်နှင့် တိုင်ပင်ရမည်လေ။

မနေ့ညတုန်းက ဟန်ယွဲ့သာ အိမ်ကနေ ထွက်ပြေးပြီး ယုံအန်းဘုရားကျောင်းမှာ သွားမအိပ်ခဲ့ပါက ဒီအကြောင်းကို သူလည်း မတော်တဆ သိခဲ့ရမည်မဟုတ်။

တွေးနေတုန်းမှာပင် ဟန်ယွဲ့နိုးလာပြီ ဟု အစေခံက လာပြော၍ စစ်တပ်ရေးရာ ဝန်ကြီးမှာ သူ့ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်ထားသည်။

ဒါပေမယ့် ဟန်ယွဲ့မှာတော့ စိတ်ရှုပ်နေပုံပင်။

"အဖေကလည်း သမီး ညက အိပ်ပျော်သွားတာပဲ။ အိပ်ပျော်နေတာဆိုတော့ ဘာမှ မသိလိုက်ဘူး။ သမီးက ဘယ်လိုလုပ် ယုံအန်းဘုရားကျောင်းကို တစ်ယောက်ထဲ သွားရဲမှာလဲ"

ဟန်ယွဲ့က အခိုင်အမာ ပြောလေ၏။ သူ အရင်က ပြန်ပေးဆွဲခံရသလို ဟန်ဆောင်ခဲ့တဲ့ လှည့်ကွက်တွေ မရှိခဲ့တာတော့ မဟုတ်။ မနေ့ညက ပြတင်းပေါက်တွေသာ ပွင့်နေပြီး အခန်းထဲမှာ ရုန်းကန်ထားတဲ့ လက္ခဏာတွေလည်း မတွေ့‌ရပေ။ ဝန်ကြီးမှာ ဟန်ယွဲ့တစ်ယောက် ယုံအန်းဘုရားကျောင်းကို ကိုယ်တိုင်သွားပြီး ပြန်ပေးဆွဲခံရတယ် ထင်ရအောင် သက်သေတွေ ချန်ထားခဲ့တာဟု ထင်သည်။ သူ့မှာတော့ အလွန် ကူကယ်ရာမဲ့ ခံစားနေခဲ့ရကာ သူမကို ပြန်ခေါ်ဖို့တောင် လုပ်ခဲ့ရ၏။

ဒါပေမယ့် ဟန်ယွဲ့က မသိဘူး ဟု ဆိုလာမည်ကိုတော့ မထင်မှတ်ထားခဲ့ကြ။

စစ်တပ်ရေးရာ ဝန်ကြီးကြီး၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားလေသည်။

ဒီနေ့တော့ စစ်တပ်ရေးရာ ဝန်ကြီး၏ အိမ်တော်အတွင်းရှိ လေထုမှာ လေးနက်က နိုးနိုးကြားကြား ရှိနေ၏။

မှန်ပေ၏။ ယင်းက နောက်ထပ် ဇာတ်လမ်းတစ်ခုသာ။

အဲဒီအချိန် လုဟန်သည် ရုံးတော်အိမ်ရာတွင် ရှိနေဆဲဖြစ်ကာ လေထဲမှာဝဲနေသော ဖောက်ထွင်းမြင်ရသည့် ထူးဆန်းတဲ့ လိုက်ကာလို အလွှာပါး အကြည်ရောင်လေးကို ကြည့်နေမိသည်။

ယင်းက ဘာဆိုတာ သူ မသိတာကြောင့် လိုက်ကာလို့‌သာ ခေါ်လိုက်သည်။

ခြံဝင်းအတွင်းမှ အစေခံတွေကို လာကြည့်ဖို့ ခေါ်လိုက်ပေမဲ့ ခဏကြာတော့ ပြန်ထွက်သွားခိုင်းလိုက်သည်။

အစေခံတွေ စိတ်ရှုပ်ထွေးနေပုံကိုကြည့်ပြီး လုဟန်မှာ အချက်သုံးချက်ကို အတည်ပြုလိုက်နိုင်လေသည်။

ပထမတစ်ချက်က ဒါဟာ အိမ်မက်မဟုတ်။

ဒုတိယတစ်ချက်က သူသာလျှင် ဒီ ဘယ်က‌ ပေါ်လာမှန်းမသိတဲ့ လိုက်ကာတွေကို မြင်နေရခြင်း။

တတိယတစ်ချက်မှာတော့ ထိုအလွှာဟာ ညာဘက်မှ ဆွဲဖွင့်လို့ရပြီး လိုသလို ပိတ်လို့ ရနိုင်‌နေခြင်းသာ။

၎င်းမှာ တကယ်ကို တွေးကြည့်လို့တောင် မရပေ။ တစ်ခြားသူတွေသာ သိပါက လုဟွမ်ကို ရူးနေသည်လို့ ထင်ကြလိမ့်မည်။

လုဟွမ်က ထိုထူးထူးဆန်းဆန်း ဖောက်ထွင်းမြင်ရသည့် အလွှာအကြည်လေးကို ခပ်စူးစူးကြည့်နေမိသည်။ သူ့စိတ်ထဲမှာ သံသယရှိနေပေမဲ့ "သင် သတိရနေတဲ့လူကို တွေ့ချင်လား" ဆိုသော လိုက်ကာ၌ ပေါ်လာသည့်စာတွေကြောင့် သူ့စိတ်ထဲ တနုံ့နုံ့ဖြစ်နေကာ အာရုံစိုက်‌နေမိသည်။ ထွက်သွားကြဖို့ ပြောပြီးတာနဲ့ လုဟွမ်သည် တံခါးကို ပိတ်လိုက်ကာ သေချာလေ့လာနေလိုက်သည်။

လိုက်ကာပေါ်က စာတွေ ပျောက်သွားတဲ့အခါမှာတော့ လုဟွမ် စောစောက မြင်ခဲ့သည့် အခန်းပေါ်လာသည်။

လုဟွမ်၏ မျက်ခုံးတို့မှာ တွန့်ကျိုးနေလျက် အခန်းတွင်းရှိ အရာများအားလုံးကို စူးစူးစိုက်စိုက်ကြည့်နေသည်။

သူမှန်းတာ မမှား။ အလယ်တွင် ကုတင်တစ်လုံးရှိပေမယ့် ထိုကုတင်မှာ သူတို့တိုင်းပြည်မင်းဆက်ရှိ ထွင်းထုထားသော ကုတင်တွေနှင့် ကွဲပြားနေသည်။ လုဟွမ် ဖော်ပြဖို့တောင် ခက်သည့် အလွန်ထူးဆန်းသော ပုံစံမျိုးပင်။ ကုတင်ခေါင်းရင်းရှိ ခေါင်းအုံးနှစ်လုံးမှာလည်း အတော်လေးထူးဆန်း၏။ ဂွမ်းတွေ ထည့်ထားသလိုမျိုး တော်တော်လေးကိုမှ ဖောင်းကားနေသည်။ သာမန်ပြည်သူတွေ ဖြစ်ဖြစ် နန်းတွင်းလူတွေဖြစ်ဖြစ် ဤသို့သော ခေါင်းအုံးမျိုးကို တစ်ခါမှ မသုံးဖူးကြ။

ကုတင်ဘေးမှာတော့ တော်တော်ကြီးသည့် ကြေးမုံလို အရာကြီးရှိသည်။ သုံးပေလောက် ကျယ်ပေမယ့် ကြေးမုံထက် အရောင်ပိုတောက်သည်။ အခန်း၏ တစ်ဖက်ခြမ်းကို ရောင်ပြန်ဟပ်နေတာကြောင့် မှန်တစ်ချပ်ဟုသာ လုယွမ် ယူဆလိုက်တော့၏။

ပြတင်းပေါက်ကလည်း အလွန် ထူးဆန်းနေလေသည်။ အပြင်ကနေ ဝင်လာသည့် နေရောင်ခြည်ဟာ ကြမ်းပြင်မှာ တောက်ပနေတာကို ဖျတ်ခနဲ မြင်လိုက်ရ‌တာကြောင့် ပြတင်းပေါက်မှန်း လုဟွမ် သိလိုက်သည်။ သို့သော်ငြား ဒီလိုပြတင်းပေါက်ဘောင်မျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့။ ငွေနှင့်တူပေမယ့် ငွေလည်း လုံးဝဟုတ်မနေ။

ဤသို့ကြမ်းပြင်၊ စားပွဲနှင့် ကုလားထိုင် အားလုံးကို လုဟွမ် မမြင်ခဲ့ဖူးပေ။

ဒီအရာတွေက ဘာလဲဆိုတာကို သူ အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပေမယ့် လမင်းကြီး ရုတ်တရက် ကောင်းကင်ပေါ်က ပြုတ်ကျလာတာကို မြင်လိုက်ရသလိုပဲ ဖြစ်သည်။

လုဟွမ် ထိုပစ္စည်းတွေကို သေသေချာချာ စစ်‌ဆေးကြည့်ရှုပြီးတဲ့နောက် အခန်းအပြင်ဘက်သည် ပင်မခန်းဆောင်နှင့် ဆက်ထားမှန်း သိလိုက်ရသည်။ ပင်မခန်းဆောင်က သိပ်မကြီးပေမယ့် သူရုတ်တရက် အံ့ဩသွားမိ၏။

ဒါကဘာများလဲ။

ပင်မခန်းဆောင်ကြီး၏ နံရံပေါ်တွင် အနက်ရောင် လေးထောင့်ပုံ အရာလေးတစ်ခု ချိတ်ထားသည်။

အရာအားလုံးက သူ့အတွက် အသစ်အဆန်းလို ဖြစ်နေသည်။ အဲဒီအရာတွေက ဘာလဲဆိုတာသိဖို့ ခက်ခက်ခဲခဲ စဉ်းစားယူရ၏။ ထို့နောက် အခန်းတွင်း ပတ်ကြည့်လိုက်ပြီးတဲ့ အခါမှာတော့ နောက်ထပ်နေရာတွေကိုပါ ထပ်ကြည့်ချင်လာ၏။

သို့ပေမယ့် နောက်ထပ်စာလုံးများက လိုက်ကာပေါ်၌ ချက်ချင်းပေါ်လာ၏။

[စိတ်မကောင်းပါဘူး ကျိုက်ကျိုက်။ လက်ရှိ သင့်မှာ နောက်တစ်ပိုင်းကို ဖွင့်ဖို့အတွက် အမှတ် မလုံလောက်ပါ။ အဓိကမစ်ရှင်နှင့် အပိုမစ်ရှင်ကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင်လုပ်ပြီး သင်သွားလိုသည့် အပိုင်းကို ဖွင့်လိုက်ပါ]

တစ်ချိန်တည်းမှာ စက်ရုပ်အသံမျိုးနှင့် စာကြောင်းကို ဖတ်ပြလိုက်တာပင်။

"ကျိုက်ကျိုက်"ဆိုသည့် စာလုံးနှစ်လုံးကို လုဟွမ် ကြားလိုက်ရချိန်မှာ သူ့မျက်ခုံးတွေ တွန့်ကျိုးသွား၏။ သူ့မျက်နှာထား ပြောင်းသွားကာ ဒီစာ‌ကြောင်းကြီးကို မသိချင်ယောင်ဆောင်လိုက်ရ၏။

သူ ထိုစာကြောင်း၏ အဓိပ္ပာယ်ကို နားလည်သဖြင့် မေးလိုက်သည်။

"ဘာမစ်ရှင်လဲ"

စာလုံးများ လိုက်ကာပေါ်တွင် ပေါ်လာသည်။

[လက်ရှိတွင် အဓိကမစ်ရှင်ဆယ်ခု ပြီးမြောက်ခဲ့ပြီးပါပြီ။ မစ်ရှင်၁၁ ကို ဖွင့်လို့ မရသေးပါ။ ကျေးဇူးပြုပြီး အပိုမစ်ရှင် ၈ ကို အောင်မြင်အောင် လုပ်ပေးပါ။ မထွက်သွားခင်မှာ စစ်တပ်ရေးရာဝန်ကြီးဌာန၏ ဒုတိယဌာနအတွင်းရှိ ပြဿနာတွေအားလုံးနှင့် စီမံရေးတာဝန်ခံများ၏ လုပ်ငန်းကိစ္စအားလုံးကို ဖြေရှင်းပါ]

လုဟွမ်က ဒါတွေဟာ တွေးကြည့်လို့တောင် မရဘူးလို့ ခံစားနေရသော်ငြား သူ သရဲတစ္ဆေ ဝိညာဥ်တွေ မြင်ချင်လွန်းသည့် စိတ်စွဲနေတာကြောင့်လည်း ဖြစ်နိုင်သည်။ ဒါကြောင့် ဘာတွေဖြစ်နေလဲဆိုတာ အဖြေရှာဖို့အတွက် သူ့တွင် အချိန်လည်း မရှိ။ လိုက်ကာကို သိမ်းလိုက်ပြီး ရုံးတော်ကို အမြန်နှင်ရတော့၏။

သူ့ဝတ်ရုံကို ဖယ်ကာ စားပွဲနောက်မှာ ထိုင်လိုက်သည်။ တစ်နာရီအတွင်းမှာပင် မှင်တံကို ယမ်းကာ စစ်တပ်ရေးရာဝန်ကြီး၏ ဒုတိယဌာနအတွင်းရှိ စုမိသမျှ ပြဿနာတွေအတွက် ဖြေရှင်းချက်တွေကို ချရေးလိုက်၏။

အဲဒီနောက်မှာတော့ စီမံရေးတာဝန်ခံတွေ၏ အံ့အားသင့်အကြည့်တွေ‌အောက်မှာ သံသယအဖြစ်မခံရဘဲ ထွက်သွားလေသည်။ မြင်းပေါ်ကို ခုန်တက်လိုက်ကာ ရုံးတော်ကို ပြန်လာလိုက်၏။ မောဟိုက်နေလျက် ညာဘက်လက်ဝတ်ရုံမှ လိုက်ကာကို ဆွဲထုတ်လိုက်သည်။

လိုက်ကာမှာ သူ့ လျင်မြန်တဲ့အရှိန်ကြောင့် လန့်နေပုံပင်။ စက်ရုပ်အသံနှင့် စာလုံး‌များမပေါ်လာဘဲ တစ်ခဏလောက် ရပ်နေသည်။

__

[အပိုမစ်ရှင် ၈ ကို ပြီးမြောက်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဆုကြေးရမှတ် +၂ ။ ယခုဆိုရင် ကျိုက်ကျိုက် သင်ဟာ နောက်ထပ် တစ်ပိုင်းကို ဖွင့်နိုင်ပါပြီ]

လုဟွမ်သည် လိုက်ကာကို စိုက်ကြည့်နေလျက်။

ခဏကြတော့ လိုက်ကာတွင် ပုံတစ်ပုံပေါ်လာသည်။ ကြည့်ရတာ မြို့တော်တစ်ခု၏မြေပုံ ဖြစ်ပုံရ၏။

လုဟွမ်က မြေပုံပေါ်ရှိ ထူးဆန်းသော နာမည်များကို ကြည့်နေသည်။ "ကျောင်း" "ဆေးရုံ" "CBDအဆောက်အဦး(ဗဟိုစီးပွားရေး အဆောက်အဦး)" နှင့် တစ်ခြားသော နာမည်တွေပင်။ လုဟွမ်၏ ကမ္ဘာကြီးအပေါ်ထားတဲ့ အမြင်ကိုတောင် ပြောင်းလဲသွားစေသည်။ လုဟွမ်မှာ ပါးစပ်ကိုဟလျက် တစ်ခဏလောက် ကြက်သေသေနေ၏။

အဲဒီနာမည်တွေကို သူ နားလည်ထားသည့် အရာများနဲ့ ယှဉ်ကြည့်ရသည်။ "ကျောင်းတဲ့လား" ကိုယ်ပိုင်စာသင်ကျောင်းတော်လို့ ပြောတာများလား။

"CBD"ဆိုတဲ့ အတိုကောက်အင်္ဂလိပ်စာလုံးနှင့် စသည့်ဟာကိုတော့ သူ ဘာလဲ စဉ်းစားမရ။

ဒါပေမယ့် ထိုခဏ လုဟွမ်သည် ဝိညာဥ်မလေး ပေးခဲ့သည့် မီးအိမ်ပေါ်ရှိ စာလုံးသေးသေးလေးများကို ရုတ်တရက် သတိရမိသွားသည်။ ထိုမီးအိမ်ပေါ်ရှိ စာလုံးသေးလေးများဟာ ဒီစာလုံးသုံးလုံးနှင့် တော်တော်တူသည်။

သူ တံစက်မြိတ်အောက်ကိုသွားကာ မီးအိမ်ကို ယူလိုက်သည်။ မြေပုံပေါ်ရှိ စာလုံးတွေနဲ့ တိုက်စစ်ကြည့်တဲ့ အခါမှာတော့ တကယ်တူနေမှန်း တွေ့လိုက်ရသည်။

လုဟွမ်၏ နှလုံးခုန်သံမှာ ကျယ်လာပြီး သွေး‌တွေတောင် ခေါင်းထိ ဆောင့်တက်လာသည်။ မနေ့ညက ပျောက်သွားတဲ့ အ‌တွေးတွေမှာ ယခုချိန်တွင် ချက်ချင်းပင် ပြန်ဝင်ရောက်လာ၏။

စိတ်လှုပ်ရှားနေတာကို မျိုသိပ်ကာ မီးအိမ်ကို စားပွဲ ဘေးတင်လိုက်သည်။ ထို့နောက် လက်သီးဆုပ်ကာ လိုက်ကာကို ဆက်ကြည့်နေလိုက်၏။

လောလောဆယ်တော့ ဘယ်အပိုင်းကို ဖွင့်ရမလဲ သူ မသိသေး။ ဒါပေမယ့် သူတွေးနေတာက လိုက်ကာမှာ ရုတ်တရက်ပေါ်လာတဲ့ အခန်းတစ်ခန်း၏ ပုံရိပ်ကိုသာ။ အဲဒီအခန်းမှာ တစ်ခုခု ထူးခြားတာ ရှိရမည်။

ထို့ကြောင့် ထိုအခန်းနားတစ်ဝိုက်ရှိ နေရာကို ဖွင့်ဖို့ ရွေးလိုက်၏။

မကြာခင်မှာပင် အသစ်ဖွင့်ထားသည့် အပိုင်းဟာ လိုက်ကာတွင် ပေါ်လာသည်။

ဒါက __

လုဟွမ်၏ ကမ္ဘာကြီး‌ အပေါ်ထားသည့် အမြင်မှာ ထပ်ပြောင်းလဲ ရပြန်၏။

သူ ခေါင်းမော့ကြည့်လိုက်တော့ လမ်းမကြီး‌ပေါ်မှာ ဘီးလေးဘီးပါတဲ့ ယာဉ်ပြားပြားများက လျှပ်စီးလို လျင်မြန်သည့် အရှိန်ဖြင့် သွားနေတာကို မြင်လိုက်ရသည်။

ပြီးတော့ ထိုလမ်းပေါ်မှာပဲ လူတွေဟာ ထူးထူးဆန်းဆန်း ဝတ်ပြီး သွားလာနေကြသည်။ အမျိုးသမီးများမှာ ခန္ဓာကိုယ်၌ အဝတ်ပင် သေချာ မဖုံးအုပ်ထားကြသလို အမျိုးသားများ၏ ဆံပင်မှာလည်း အလွန်တိုလှသည်။ တော်တော်များများက သေးငယ်ပြီး ရှည်မြောမြော အပြားကို လက်ထဲမှာ ကိုင်ထားကာ ထိုအပြားကို တစ်ခုခု တီးတိုးပြောနေကြသည်။

လုဟွမ်၏ စိတ်ထဲမှာ သံသယတွေပြည့်သွားပေမယ့် မနေ့ညတုန်းက ခရီးသွားတာအိုဆရာသခင် ပြောတဲ့ စကားကို သတိရမိသွားသည်။

"မင်းနဲ့ မင်းတွေ့ချင်နေတဲ့သူက ကမ္ဘာချင်းမတူဘူး"

သူရုတ်တရက် တစ်ခုခုကို နားလည်သွားတော့သည်။

ဖြစ်နိုင်တာက__

ဒါ ဝိညာဥ်မလေး နေတဲ့ ကမ္ဘာများလား။

ထိုအထပ်မြင့်အဆောက်အဦးတွေမှာ ကောင်းကင်ကို ထိုးဖောက်သွားတော့မလိုထင်ရပြီး လူတွေသည် ကြယ်တောင် ဆွတ်လို့ရနိုင်သည်ဟု ထင်ရသည်။

ဒီလိုအထပ်မြင့် အဆောက်အဦးတွေဟာ သူတို့မင်းဆက် စိုးစံသည့် ကာလတော့ မဖြစ်နိုင်။ တော်ဝင်နန်းတော်ရှိ နက္ခတ်တာရာပြတိုက်တောင် ဤမျှလောက်မမြင့်။

တော်တော်လေးမြန်လှသည့် ထိုလေးဘီးယာဉ်တွေမှာလည်း တစ်နေ့ကို မိုင်ထောင်ချီသွားနိုင်ပုံရသည်။ BMW က ဘယ်လောက်ပဲကောင်းကောင်း ဒီလောက်တော့မမြန်နိုင်။

လမ်းသွားလမ်းလာတွေရဲ့ လက်ထဲက ပစ္စည်းမှာလည်း မိုင်ထောင်ချီအကွာက အသံကို လှမ်းဖမ်းနိုင်တဲ့ ဒဏ္ဍာရီဆန်ဆန် ပစ္စည်းတစ်ခုလိုပင်။ သူသည် လူတွေထဲမှ တစ်ယောက်က ထို အနက်ရောင် အုတ်ပြားလိုအရာကို တစ်ခုခု ပြောနေတာ မြင်လိုက်ရကာ မကြာခင်မှာပင် လမ်းတစ်ဖက်မှ တစ်ခြားလူက ထိုလူကို လက်လှမ်းပြသည်။

လုဟွမ်သည် ဝိညာဥ်မလေး သူ့ကို ပေးခဲ့သည့် ဆောင်းခိုအမိုးအကာ နှင့် ဖန်လုံအိမ် များကို သတိရ မိသွားသည်။ ထိုပန်းချီကားကို ရေးဆွဲထားပုံမှာ အလွန်ဆန်းသစ်လှသည်။ ယန်မင်းဆက်မှာ တွင်မက တိုက်ကြီးလေးတိုက်လုံးမှာပါ ဒီလက်ရာမျိုး မမြင်ဖူးကြ။

မင်းဆက်တွေ အပြောင်းအလဲအပြီး အနာဂတ်ကာလက သူမ နေတဲ့ ကမ္ဘာကများ ဖြစ်နိုင်မလား။

လုဟွမ်က ဝိညာဥ်မလေးနှင့် တွေ့ပြီးနောက် သူကြုံခဲ့ရသမျှကို ပြန်တွေးနေမိသည်။ သွေးက ခေါင်းထိပ်ထိ ဆောင့်တက်လာပြန်ကာ လျှပ်စစ်အလွှာလေးတစ်ခု ဂုတ်နောက်တွင် ပေါ်လာ၏။ ယင်းမှာ အလင်း က မှိတ်တုတ်မှိတ်တုတ် လက်နေကာ လုဟွမ်လည်း သူ့ခန့်မှန်းချက်ကို အတည်ပြုလိုက်တော့သည်။

မသိခင်မှာပဲ ရှေ့သို့ ခြေလှမ်းတိုးလာပြီး စိတ်လှုပ်ရှားစွာဖြင့် ထိုမြင်နေရသည့် အလွှာကို ဖြတ်ကာ သူ့နောက်ကို လိုက်သွားချင်နေမိ၏။

သို့သော်ငြား လိုက်ကာထဲ သူ တည့်တည့်သွားလိုက်ပေမယ့် လေဗလာကိုပဲ ဖြတ်ကာ အိမ်တစ်ဖက်ကို ရောက်သွားလေသည်။

ထိုချိန် လိုက်ကာပေါ်တွင် စာလုံးများပေါ်လာသည်။

[မင်္ဂလာပါ ကျိုက်ကျိုက်။ သင့်အမှတ်ဟာ 200 မပြည့်သေးတာကြောင့် လက်ဆောင်အထုပ်ကြီးကို ဖွင့်လို့မရနိုင်ပါ။ ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ။ အဓိကမစ်ရှင်တွေနဲ့ အပိုမစ်ရှင်တွေကို ပြီး‌မြောက်အောင်လုပ်ပြီး အမှတ်တွေကို တိုးနိုင်ပါတယ်]

လုဟွမ်၏ မျက်နှာမှာ ရုတ်တရက် ဖြူစုပ်သွားသည်။ သူ သူမရဲ့ ကမ္ဘာကို သွားလို့ မရဘူးလား။

ဘာအမှတ်တွေကို ပြောတာလဲ‌ဆိုတာ နားမလည်ပေမယ့် သူမရဲ့ ကမ္ဘာကိုသွားပြီး သူမကို တွေ့နိုင်ဖို့အတွက် မစ်ရှင်တွေလုပ်ကာ အမှတ်တွေ စုရမယ်ဆိုတာကိုတော့ သူ အကြမ်းဖျင်းနားလည်သည်။

ဒါကိုတွေးရင်း လုဟွမ်မှာ မျှော်လင့်ချက်အလင်းတန်းလေး ရှိနေသေးတာကို သိတာကြောင့် မျက်နှာကို ပွတ်ကာ စိတ်လျှော့လိုက်တော့သည်။

သူ့အနေနဲ့ ဒီအနာဂတ် ကမ္ဘာအသစ်ကြီး အကြောင်း နားလည်ဖို့ လုပ်ရဦးမည်။

ဒါပေမယ့်…..

လုဟွမ် လမ်းပေါ်ကလူတွေကို ကြည့်လိုက်သည်။ ဒီလူတွေအားလုံး ဘာလို့လူပုလေးတွေလို ဖြစ်နေကြတာလဲ သူ နားမလည်ပေ။ သူတို့၏ ခြေလက်တွေမှာ တိုပြီး ပုံစံကလဲ ထူးဆန်းကာ မျက်နှာတွေမှာလည်း ပေါင်းထားတဲ့ ပေါက်စီတွေလိုပင်။

လိုက်ကာ - [ကျိုက်ကျိုက်။ မူလပုံရိပ်ကို ပြောင်းဖို့အတွက် သင် ပိုက်ဆံသုံးချင်ပါသလား။ ကြေးနီတစ်ပြားနဲ့ မူလပုံရိပ်ကို နှစ်နာရီကြာ ထားထားနိုင်ပါတယ်]

လုဟွမ်မှာ "ပိုက်ဆံသုံး"တယ်ဆိုတာရော "မူလပုံရိပ်"ဆိုတာရော ဘာမှန်းမသိတာကြောင့် အလွှာပေါ်ရှိ "Yes"ကိုသာ နှိပ်လိုက်သည်။ မကြာခင်မှာပင် မြူခိုးတွေပျောက်သွားပြီး အလွှာပေါ်ရှိ လမ်းသွားလမ်းလာတွေအကုန် သာမန်ရုပ်တွေ ပြန်ဖြစ်သွားသည်။ သူတို့တွေမှာ ခြေလက်တွေလဲမတို မန်ထိုရုပ်တွေလည်း မဟုတ်ကြတော့။

ထိုမှသာ လိုက်ကာပေါ်ရှိ စာလုံးများရဲ့ အဓိပ္ပာယ်ကို သူအကြမ်းဖျင်း နားလည်သွားတော့သည်။

သို့သော်လည်း လမ်းပေါ်ကလူတွေကို ကြည့်ရဖို့အတွက်နဲ့ သူ့ငွေတွေအများကြီး ခဏလေးနဲ့ ဖြုန်းလိုက်ရသည်။ လုဟွမ်မှာ ချက်ချင်းပင် ငွေမှတ်တမ်းမရှိတော့။

ငွေစုထားရမှာ ဖြစ်သည့်အတွက်ကြောင့် လုဟွမ်မှာ လိုက်ကာကို လူတွေအားလုံး နဂိုပုံစံ ခြေတိုလက်တိုလေးတွေအဖြစ် ပြန်ထားစေလိုက်သည်။

ဒီနေ့ သူမြင်ခဲ့ရတာတွေက ထူးလည်း ထူးဆန်းကာ တွေးကြည့်လို့လဲမရဘဲ အံ့ဩစရာလည်း ကောင်းလှသည်။ ဒါကြောင့် ငွေမှတ်တမ်းက လေထဲပျောက်သွားတာကို မြင်တော့ လုဟွမ်လည်း သိပ်မအံ့ဩမိ။

သို့သော်ငြား လိုက်ကာပေါ်ရှိ ကမ္ဘာကြီးမှာ အလွန်ကြီးပုံပေါ်သည်။ သူ စုရှီကို ဘယ်မှာ သွားရှာရမည်နည်း။

သူ မူလအစမှ အခန်းရဲ့ပုံရိပ်ကို ခဏပြောင်းလိုက်သည်။ လုဟွမ်က ပတ်ရှာကြည့်လိုက်ပြီး သူ တော်တော်ကို တော်လေ၏။ အလွှာကို ထိလို့ရနိုင်ကြောင်း သိသွားပြီး သူထိလိုက်တဲ့အခါ ပုံရိပ်က လေထဲမျောနေလေသည်။ ဒါကြောင့် ခပ်မြန်မြန်ပင် လိုက်ရှာနေလိုက်ပြီး ကြားခံဆက်သွယ်မည့်နေရာကို ဘယ်လိုဖွင့်ရမလဲ လေ့လာကြည့်သည်။

သူ ဒီအကြောင်းတွေးနေစဉ်မှာပင် အခန်းတံခါး ရုတ်တရက်ပွင့်လာသည်။

လုဟွမ် ချက်ချင်းပင် အသက်အောင့်လိုက်မိ၏။ သံတံခါးကို စိုက်ကြည့်နေလျက် သူ့အာခေါင်တွေလည်း ခြောက်နေပြီပင်။ သူမ များလား။ သူအိမ်ကို လွမ်းနေတဲ့ ခံစားချက်မျိုး ရနေပြီး လူငယ်လေးတစ်ယောက်က သူ့ချစ်သူ‌ကို ပြန်တွေ့ရတော့မလိုမျိုးပင်။ သူ့နှလုံးခုန်သံမှာ အရမ်းမြန်နေ၏။

ထို့နောက်တံခါးပွင့်လာသည်။

မျက်နှာဝိုင်းဝိုင်း ခြေတံလက်တံတိုတိုနှင့် ချစ်စရာကောင်မလေးတစ်ယောက် လမ်းလျှောက်လာသည်။ သူ့ပုံစံမှာ အပြင်ကနေ အပြေးလေ့ကျင့်ပြီး ပြန်လာပုံရ၏။ သူ့နဖူးမှာ ချွေးတွေစိုရွှဲနေကာ မျက်တောင်တွေမှာ ထူကော့နေပြီး ဖြူဖြူဖွေးဖွေး ပါးလေးတွေမှာ အနီရောင်သမ်းနေလေသည်။ သူက လူကောင်တော်တော် သေးပြီး သူ့ခြေထောက်တိုတိုလေးတွေမှာ ကြမ်းပြင်ပေါ် ခပ်သွက်သွက် လျှောက်လျက်။ ရေချိုးခန်းထဲဝင်ကာ တဘက်ကိုယူပြီး နဖူးပေါ်က ချွေးတွေကို သုတ်နေသည်။

သူက တော်တော်အကောင်သေးကာ ဆံပင်ကို ပိတ်စနှင့်ပတ်ပြီး ချည်ထားသည်။ လုဟွမ် တခါမှ မမြင်ဖူးသည့် ဆံပင်ပုံစံမျိုးသာ။

သူများလား။

အကြောင်းတစ်ခုခုကြောင့် လုဟွမ်ရဲ့ စိတ်ထဲတွင် အရိပ်အမြွက် ပေါ်လာပေမယ့် သူသေချာမသိသေး။

သို့သော် ခဏကြာတော့ ထိုမျက်နှာဝိုင်းဝိုင်းနဲ့ မိန်းကလေးဟာ ပင်မခန်းဆောင်တွင်းရှိ နူးညံ့သော လေးထောင့်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်တာကို သူ မြင်လိုက်ရသည်။ သူက ခြေထောက်ချိတ်ထား၏။

လုဟွမ်: ....

အဲဒီနောက် အိတ်ထဲရှိ လေးထောင့်ပုံစံ အနက်ရောင်မျက်နှာပြင် ရှိတဲ့ အပြားကို ထုတ်ကာ တစ်ခုခုလုပ်တော့မည့်ပုံပင်။

"မင်းကသူလား"

လုဟွမ် မနေနိုင်တော့ဘဲ မေးလိုက်ပေမယ့် ဘာအကျိုးမှမရှိ။

လုဟွမ်၏ အသံကို သူကြားပုံလည်း မရပေ။ သူက ကုလားထိုင်ပေါ်မှာသာ လှဲနေပြီး မျက်နှာမှာလည်း ပြုံးနေကာ လက်ထဲက အပြားလေးကို ဖွင့်နေသည်။

သူ့လက်ထဲက အပြားက ရုတ်တရက် လင်းလာတော့ လုဟွမ်ရဲ့ မျက်ခွံတွေတောင် ပင့်သွားမိသည်။

ခဏအကြာ သူ့လက်ထဲက အပြားလေး‌တွင် ပေါ်လာသည့်ပုံက တကယ်တော့ လုဟွမ်၏ ရှုထောင့်မှ ကြည့်လျှင် သေချာမြင်နေရသည်။ ပုံထဲမှာ သူ နေခဲ့ဖူးသည့် နင်းဖူမင်းသားရဲ့ ထင်းရှူးဝင်းက ပေါ်နေ၏။

လုဟွမ်ရဲ့ နှလုံးခုန်သံမှာ ရုတ်တရက်မြန်လာသည်။

သူချက်ချင်းပင် သဘောပေါက်လိုက်၏။

အဲတာက သူပဲ။

ခရီးသွားတာအိုဆရာသခင်ပြောတဲ့ ကမ္ဘာနှစ်ခုဆိုတာက __

သူ့လက်ထဲက အပြားဟာ လုဟွမ်ရှေ့ ပေါ်နေသည့် ဖောက်မြင်နေရတဲ့ လိုက်ကာနဲ့ အတူတူပင်။ အချိန်အကြာကြီး သူသည် လုဟွမ်ကို သူ့လက်ထဲက လိုက်ကာသေးသေးလေးကနေ မြင်ခဲ့ထိခဲ့သည်။

သူက ဝိညာဥ်လည်း မဟုတ် ဒါပေမယ့် အနာဂတ်နှစ်ပေါင်းထောင်ချီက ကမ္ဘာမှာရှိတဲ့ မိန်းကလေး တစ်ယောက်သာ။

သူ့ကို စွဲလမ်းစိတ် ဘယ်လောက်များနေသည်မသိဘဲ သူမကို မြင်နိုင်သည့် လိုက်ကာတစ်ခု လုဟွမ်ဘေးတွင် ပေါ်လာသည်။

အဲ့တာ သူပဲ။

လုဟွမ်၏ မျက်လုံးတွေ ရုတ်ချည်း နီရဲသွားသည်။ သူ့ကို စိုက်ကြည့်နေပြီးနောက် လိုက်ကာကို မူလပုံရိပ် ပြန်ထားလိုက်၏။ အဲဒါကြောင့် လိုက်ကာက ဆန်မုန့်လုံးလို မျက်နှာနှင့် မိန်းကလေးဟာ လှပသည့် မိန်းမပျိုလေး ဖြစ်သွားသည်။ သူ့အသားအရည်မှာ နှင်းလိုဖြူဖွေးနေပြီး ဆံပင်မှာ မဟူရာလို မဲနက်နေကာ ချွေးမသုတ်ရသေးတာကြောင့် နဖူးပေါ်တွင် ချွေးများရှိနေ၏။ သူ့မျက်လုံးတွေမှာ အလွန်တောက်ပပြီး နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းလေးမှာ စူထားသည်။ လက်ထဲက အပြားလေးကို အာရုံစိုက်ကာ ကြည့်နေ၏။

တော်တော်ထူးဆန်းသည့် ခံစားချက်ပင်။

လုဟွမ် အခုမှသူ့ကို ပထမဆုံးမြင်ဖူးတာ ဖြစ်ပေမယ့် ထူးထူးခြားခြား ရင်းနှီးနေသလို ခံစားနေရသည်။

သူ့ရဲ့ဆံချည်မျှင်လေးတစ်မျှင်စီတိုင်းက လုဟွမ် ပုံဖော်ထားခဲ့သလိုပင်။

နှစ်ပေါင်းထောင်ချီ ကွာဝေးလျက် သူသည် အခန်းတွင်းရပ်နေကာ သစ်သားပြတင်းပေါက်အပြင်ဘက်မှ နေရောင်ဟာလည်း အနောက်ဖက်သို့ တစ်ဖြည်းဖြည်း ရွေ့လျားသွားနေသည်။ ဖောက်မြင်ရသည့် လိုက်ကာကနေ သူ့ကို ကြည့်နေရင်း လုဟွမ် မျက်လုံးတွေမှာ နီရဲနေလျက်။ သူ့နှလုံးသားကို မိုးကြိုးပစ်သွားသလို ခုန်နေတာများ ပြင်းထန်လှသည်။

ကောင်းကင်ဘုံက သူ့ဆန္ဒကိုဖြည့်ပေးပြီး သူနဲ့တွေ့ခွင့်‌ပေးမည်ဟု တစ်ခါမှ မထင်ထားခဲ့။

အဲဒီအချိန် သူအသက်အောင့်ထားမိတာများ အချိန်တောင် ရပ်တန့်သွားသလိုပင်။

သူမသည် နှစ်ပေါင်းထောင်ချီလောက်မှ လိုက်ကာကနေ ဖြတ်ကာ တစ်နှစ်လုံး လုဟွမ်နား ဘာလို့နေခဲ့မှန်း လုဟွမ်ခုထိ နားမလည်သေး။ လုဟွမ်ရဲ့စိတ်ထဲ ဗလာဖြစ်နေလျက် အိမ်ပြန်ရဖို့ နီးလာပြီဟု ခံစားနေရသလိုမျိုး နောက်ဆုံးမှာ နေ့နေ့ညည လွမ်းနေခဲ့ရသည့်လူကို ပြန်တွေ့ရသည့်အတွက် အပျော်လုံးစို့နေကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ရှက်နေမိတော့၏။

သို့ပေမယ့် မိန်းကလေးမှာတော့ သူမြင်ရမှန်းမသိဘဲ အပြားကို အာရုံစိုက်နှိပ်နေလေသည်။

ဒီနေ့က စနေနေ့ပင်။ စုရှီတစ်ယောက် အမေနဲ့တူတူ စားဖို့သောက်ဖို့ ဝယ်ခြမ်းပြီးတဲ့နောက်မှာ မနက်ခင်း အပြေးသွားလေ့ကျင့်ခဲ့၏။ မနေ့ညက ကျိုက်ကျိုက် စိတ်သောကရောက်ပုံကို ပြန်တွေးမိပြီး သိပ်လည်း မပြေးလိုက်ရ။ အိမ်ကို ပြန်ပြေးလာပြီး လိုင်းသာသုံးနေလိုက်တော့သည်။

ဂိမ်းဖွင့်လိုက်တိုင်း ကနဦး စခရင်မှာ ပေါ်လာတာကြောင့် စုရှီမှာ ကျိုက်ကျိုက်ကို ရှာလိုက်သည်။

ထိုအချိန် ဂိမ်းထဲမှာ နေဝင်နေတာကြောင့် ကျိုက်ကျိုက်က ရုံးတော်မှာ ရှိနေသည်လို့ သူ ထင်လိုက်ပေမဲ့ စီမံရေးတာဝန်ခံနှစ်ယောက်ရဲ့ ခေါင်းပေါ်မှာ စကားပြောစာတန်းပေါ်လာပြီး ကျိုက်ကျိုက် နေမကောင်းဘူး ပြောတာကို ကြားလိုက်ရသည်။

စုရှီ လန့်သွားသည်။ မဖြစ်နိုင်တာ မနေ့က သူအအေးမိသွားတာလား။ သူချက်ချင်း စခရင်ကို ရုံးတော်အိမ်ရာသို့ ပြောင်းလိုက်သည်။

ထို့နောက် ကျိုက်ကျိုက်မှာ ရုံးတော်အိမ်ရာ၏ အခန်းအလယ်တွင် ဘာမှမရှိတာကို မလှုပ်မယှက်ဘဲ ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့ရဲ့ အနက်ရောင်မျက်လုံးတွေမှာ နီရဲနေကာ ပုံစံကတော့ ထိတ်လန့်နေသလို အံ့ဩနေသလိုပင်။ အတိုချုပ်ပြောရရင် စိတ်ရှုပ်ထွေးခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်းစသည့် အမူအရာတွေက သူ့မျက်နှာမှာ ပေါင်းစပ် ပေါ်နေ၏။

ဒါပေမယ့် သူက မလှုပ်တာကြောင့် စုရှီမှာ ဂိမ်းထစ်နေတယ်လို့တောင် ထင်သွားသည်။

ဒါကြောင့် စုရှီက ခြံဝင်းကို ပြန်ပြောင်းပြီး အပြင်ကို ကြည့်သည်။ အပြင်မှာ သန့်ရှင်းရေးလုပ်နေကြသည့် အစေခံတွေသာ ရှိနေ၏။ အဲ့အပြင် ကဒ်လဲမရှိ။

ထိုအချိန် တစ်ခြားကမ္ဘာက သူ့ကို စိုက်ကြည့်နေသည့် လုဟွမ်မှာ သူ့အနက်ရောင်ချပ်ပြားထဲက ပုံရိပ်တွေကို ကြည့်ပြီး အေးခဲသွားတော့သည်။

သူ့စခရင်မှာ ခြံဝင်းထဲက လူတွေအားလုံး လူသေးသေးလေးတွေသာ ဖြစ်သည်။ သူအရင်ကမ္ဘာမှာ တွေ့ဖူးတဲ့ ခြေတိုလက်တို လူတွေနှင့် အတူတူသာ။ ထို့အပြင် သူတို့ခေါင်းပေါ်မှာ စီမံရေးတာဝန်ခံ အေ၊ စီမံရေးတာဝန်ခံဘီ၊ စီမံရေးတာဝန်ခံစီ၊ စီမံရေးတာဝန်ခံဒီ ဆိုပြီး နာမည်တွေလည်း ရှိနေသည်။

ပြီးတော့ သူ့နာမည်ရောပင်။

သူ့စခရင်မှာ အိမ်အလယ်ကို ပြန်ပြောင်းပြီးနောက် အလယ်မှာ ရပ်နေတဲ့လူဟာ သူ ပင်တည်း။ လက်တိုတို ဆန်မုန့်လုံးမျက်နှာ မှင်သေသေမျက်နှာထားနဲ့ သူမှသူအစစ်ပင်။

လုဟွမ်:....

သူ့စခရင်ထဲမှာ သူ့ရုပ်ကဘာလို့ အဲ့လောက်ဆိုးနေရတာလဲ။

ပြီးတော့ သူ့ခေါင်းပေါ်မှာ စာလုံးအကြီးနှစ်လုံး ရှိနေသည်။

ကျိုက်ကျိုက်။

ဒီလိုက်ကာက ဘာကြောင့် သူ့ကို ကျိုက်ကျိုက်လို့ခေါ်မှန်း လုဟွမ် အခုမှ နားလည်တော့သည်။

တကယ်လို့ စုရှီဘက်မှာလည်း အတူတူဆို မူရင်းလူပုံစံပုံရိန် ပြောင်းကြည့်ဖို့ ပိုက်ဆံသုံးရမယ်ဆိုရင် စုရှီကလည်း သုံးကိုသုံး ရမည်ပင်။

ပိုက်ဆံ သုံး ရ မယ် လို့…

ကဒ် မရှိတော့မှန်း စုရှီ သိတော့ အိမ်ထဲသို့ စခရင် ပြန်ပြောင်းလိုက်သည်။ ကျိုက်ကျိုက် မှာလည်း မလှုပ်မယှက်နှင့် ကြက်သေသေကာ ရပ်နေလျက်။ သူ့ရဲ့ဆန်မုန့်လုံးမျက်နှာမှာ ရှုပ်ထွေးနေပြီး ဖော်ပြလို့မရသည့် အမူအရာမျိုးရှိနေသည်။

ဘာ၊ ဘာတွေလဲ။

စုရှီ သူ့ကြောင့် အံ့ဩမိသွားသည်။

စုရှီက ကျိုက်ကျိုက်ကို သူရောက်နေကြောင်း အသိပေးဖို့ လက်ကို ဆွဲဖို့ လုပ်လိုက်သောအချိန်တွင် ညာဘက်ပေါ်ဘက်ထောင့် ရှိ ဂဏန်းမှာ ၁၀၂ သို့ရောက်နေပြီ ဖြစ်ကြောင်း ရုတ်တရက်တွေ့လိုက်ရသည်

???!!!

စုရှီ ရုတ်တရက်ထိတ်လန့်သွားသည်။ ဘာတွေဖြစ်နေတာလဲ။

သူ့မှာ ဆိုဖာပေါ်ကနေ ထခုန်လုမတတ်။

"ကျိုက်ကျိုက် ရှင်မနေ့ညက ဘာတွေလုပ်လိုက်တာလဲ။ ဘာလို့ချက်ချင်းကြီး အမှတ်က၁၀၂ ဖြစ်သွားတာလဲ"

မနေ့ညက ဒိုက်အခါတစ်ရာလောက် ထိုးများနေခဲ့သလား။

စုရှီ အော်လိုက်တော့ စခရင်ပေါ်ရှိ ကျိုက်ကျိုက်၏ မျက်ခုံးမှာ တွန့်ကျိုးသွားတာကို မြင်လိုက်ရသည်။

ထို့နောက် သူရှေ့ကို လှမ်းလာကာ ရှေ့က လေထဲကို နှိပ်လိုက်ပုံရသည်။

စုရှီ စိတ်ရှုပ်နေတုန်း စခရင်မှာ "ဖောက်"ဆိုပြီး မြူတွေနဲ့ ဝါးသွားကာ ကာတွန်းရုပ်ကျိုက်ကျိုက်ကနေ ရုတ်တရက် မူရင်းလူပုံစံ ပြောင်းသွားသည်။ ဆယ့်ခြောက်နှစ်အရွယ် ရုပ်ချောချောလူရွယ်လေး ဖြစ်သွားပြီး ကောင်းကင်ကိုကြည့်လျက် မျက်လုံးများက အနီရောင်သမ်းနေသည်။

စုရှီ:....

ဒီနေ့ဂိမ်းက ဘာဖြစ်နေတာလဲ။ ဘာလို့ရုတ်တရက်ကြီး မူရင်းလူပုံစံ ပြောင်းသွားတာလဲ။ သူလည်း ပိုက်ဆံမသုံးရသေးဘဲ ကျိုက်ကျိုက်က ဘာလို့ မူရင်းလူပုံစံ ဖြစ်သွားတာလဲ။ မိနစ်ဝက်လောက်ကြာသွားပေမယ့် ကျိုက်ကျိုက်က လူရွယ်လေးပုံ ဖြစ်နေဆဲပင်။

စုရှီက ကျိုက်ကျိုက်လို့ ခေါ်တာ အကျင့်ပါနေသည့်အတွက် ကျိုက်ကျိုက် နာမည်ကို လုဟွမ်ကနေ ပိုက်ဆံသုံးပြီး ကျိုက်ကျိုက်လို့ ပြောင်းခဲ့ခြင်းသာ။

စုရှီ စိတ်ရှုပ်နေတုန်း စခရင်ပေါ်မှာ "ဖောက်"ခနဲဆိုသည့် အသံပေါ်လာသည်။ ကျိုက်ကျိုက် ခေါင်းပေါ်ရှိ နာမည်မှာ နာမည်အသစ်ပြောင်းသွားလေ၏။

"ယန်တိုင်းပြည်က အိမ်ထောင်ပြုပြီး ကလေးယူလို့ရနေသည့် အသက်ဆယ့်ခြောက်နှစ်အရွယ် လုဟွမ်"

စုရှီ: ...??

ဒီစောက်ကျိုးနဲဂိမ်းကြီးက တစ်ခုခုတော့ မှားနေတာမလား။

All Chapters