← Chapters

Chapter 52

Vol. 6 Ch. 52

Chapter 52

Vol. 6 Ch. 52

စုရှီက ဂိမ်းတွင် ဘာဖြစ်သွားလဲ မသိ၍ ချက်ချင်း ထင်လိုက်သည်က

'စနစ်က ပြောထားတဲ့ အမှတ်၁၀၀ပြည့်ရင် ပေးမယ်ဆိုတဲ့ လက်ဆောင်အထုပ်ကြီးလား မသိဘူး။ အဲ့တာက မူရင်းပုံရိပ်တွေကို ပိုက်ဆံမသုံးရဘဲနဲ့ ကြည့်နိုင်တာလား’

ဒါပေမဲ့ ကျိုက်ကျိုက် တစ်ယောက်ပဲ မူရင်းလူပုံပြောင်းပြီး အစေခံတွေနဲ့ စီမံခန့်ခွဲသူတွေက ဘာလို့အခုထိ ကာတွန်းဇာတ်ကောင်တွေလို ဖြစ်နေရတာပါလိမ့်။

စုရှီတစ်ယောက် မနေနိုင်ဘဲ စောဒကတက်တော့၏။

"ဘယ်လိုလက်ဆောင်ထုပ်ကြီးလဲ။ တွန့်တိုလိုက်တာ၊ အဲလောက် စွမ်းတယ်ဆိုလည်း ယန်တိုင်းပြည်က လူတွေအကုန်လုံးကို မူရင်းလူပုံပြောင်းလိုက်ပါတော့လား"

သို့သော်ငြား ကျိုက်ကျိုက် တစ်ယောက်ထဲ မူရင်းလူပုံစံ ပြောင်းသွားတာကိုတောင် သူ အခုထိ ကျေနပ်အံ့ဩနေဆဲပင်။

ကျိုက်ကျိုက်ရဲ့ ခြေတိုလက်တိုလေးတွေကို မကြိုက်သလို မူရင်းကျိုက်ကျိုက်ပုံမှာတော့ အတော့်ကို ချောမောလွန်းသဖြင့် မကြည့်ရဘဲတောင် မနေနိုင်တော့။

သို့ပေမယ့်လည်း ကျိုက်ကျိုက်၏ ခြေတိုလက်တိုပုံကိုသာ ကြည့်ရတာ နေသားကျနေ၍ ဒီလို ရုတ်တရက်ကြီး ပြောင်းသွားတာကို နေသားမကျနိုင်သေး။

အဲတာကြောင့် မူလရိုးရိုးပုံစံ ပြန်ပြောင်းလို့ရမလားဆိုပြီး စခရင်ပေါ်တွင် ပတ်ရှာကြည့်လိုက်၏။

အင်တာဖေ့စ်မှာ ရှာတွေ့တော့ ပျော်ပျော်ကြီး ပြောင်းလိုက်တော့သည်။

သို့သော်လည်း..

တစ်စက္ကန့်လောက်ကြာတော့ "ပုတ်"ဆိုသည့်အသံဖြင့် စခရင်ပေါ်က ကျိုက်ကျိုက်မှာ မူရင်းလူပုံသို့ ပြန်ပြောင်းသွားပြီး ကျိုက်ကျိုက်၏ မျက်နှာမှာလည်း အနည်းငယ် စိတ်မကောင်း ဖြစ်နေပုံရသည်။

'ဒါက မဖြစ်မနေ ယူရတဲ့ လက်ဆောင်ထုပ်ကြီးလားဟ'

'ထားလိုက်ပါတော့' စုရှီ ဤသို့သာ တွေးလိုက်သည်။

' ပိုက်ဆံမလိုတာဘဲကို ကျိုက်ကျိုက်ကို မူရင်းပုံပဲ ထားလိုက်တော့မယ်။ မူရင်းပုံက ပိုပြီး ကြည့်ပျော်ရှုပျော်ရှိသေးတယ်"

တစ်ချိန်တည်းမှာပင် အမှတ်၁၀၀ပြည့်ပြီးနောက် ဂိမ်းထဲမှ အချိန် စီးဆင်းမှုမှာလည်း ပြောင်းသွားတာကို စုရှီ သတိပြုမိသွားသည်။

အရင်ကဆို ဂိမ်းထဲက အချိန်စဆင်းမှုမှာ အပြင်နှင့် 3:1ဖြစ်သည်။ ယင်းက စုရှီ ဂိမ်းဆော့နေချိန်နှင့် အတူတူပင်။ စခရင်ပေါ်က အရာအားလုံးက သာမန်ထက် သုံးဆ ပိုပြီး ရွေ့လျားနေပုံရ၏။ သို့တိုင် ဒရမ်မာရုပ်ရှင်တွေကိုပင် သာမန်အမြန်နှုန်းထက် သုံးဆရစ်ပြီး ကြည့်လာတဲ့ စုရှီလို လူမျိုးအတွက်တော့ ဒီအမြန်နှုန်းလောက်က‌ အဆင်ပြေသည်။

သို့သော်ငြား အမှတ်၁၀၀ပြည့်ပြီးနောက် ဂိမ်းကို ပိတ်လိုက်သည့်အချိန်တွင် ဂိမ်းထဲမှ အချိန်နှင့် အပြင်လောကမှ အချိန်သည် ၂:၁ ဖြစ်သွားပုံရသည်။ သူက အပြင်လောကမှာ တစ်ည ကုန်သွားတယ်ဆိုရင် ဂိမ်းထဲမှာတော့ တစ်နေ့နဲ့ တစ်ညကုန်သွားတာမျိုး ဖြစ်သည်။

ဂိမ်းကို ပြန်ဖွင့်လိုက်တော့ အချိန်က ၁: ၁ ပြန်ဖြစ်သွားသည်။ ထို့ကြောင့် စုရှီသည် ဂိမ်းထစ်နေတယ်လို့ ထင်လိုက်ပြီး စခရင်ကို ပြောင်းလိုက်ရာ ခြေတံတိုလေးတွေနဲ့ အမြန်လမ်းလျှောက်နေတတ်တဲ့ ကျိုက်ကျိုက်အား ငြိမ်ငြိမ်လေး ရပ်နေတာကို မြင်လိုက်ရခြင်း ဖြစ်သည်။

စုရှီ စိတ်ထဲမှာတော့ မယုံသင်္ကာ မဖြစ်မိပေ။ အမှတ်၁၀၀ ပြည့်သွား၍ ဒုတိယအဆင့်ကို ရောက်သည့် သဘောဖြစ်ပြီး ပိုခက်ခဲလာတာကြောင့် အချိန်ရွေ့လျားမှုနှေးတာ ဖြစ်နိုင်တယ်လို့ ယူဆလိုက်သည်။

သူမ စိတ်အလှုပ်ရှားဆုံးကတော့ စနစ်က ပြောခဲ့တဲ့အတိုင်း အမှတ်၁၀၀ပြည့်ရင် ကျိုက်ကျိုက်နဲ့ ဆက်သွယ်လို့ရမယ် ဆိုတာပင်။

သူတို့က ဘယ်လိုဆက်သွယ်ရမှာလဲ။

စုရှီက ကျိုက်ကျိုက်ကို ဂိမ်းထဲက ဇာတ်ကောင်တစ်ယောက်အနေနဲ့ သဘောထားခြင်းကို ရပ်လိုက်သည်မှာ ကြာပြီဖြစ်ပြီး အဲဒီအစား သူ့ကို တစ်ခြားကမ္ဘာမှ တစ်ကယ့် လူတစ်ယောက်အဖြစ် သဘောထားခဲ့သည်။ သူ့ဘဝထဲ ရုတ်တရက် ဝင်လာတဲ့ ဒီဂိမ်းက သူနဲ့ ကျိုက်ကျိုက်ကြားထဲ ပေါင်းကူးတံတားတစ်ခု ဆောက်ပေးခဲ့သည်။ စိတ်ကူးကြည့်လို့တောင် မရသော်ငြား စနစ်က သူတို့နှစ်ယောက် ဆက်သွယ်လို့ရတယ်ဟု ပြောထား၍ စုရှီလည်း ဆက်သွယ်နိုင်မည်လို့ ယုံသည်။

သို့သော်လည်း

အင်တာဖေ့စ်တစ်ခုလုံးမှာ စကားပြောစာတန်းတစ်ခုမှ ပေါ်မလာချေ။

စုရှီ လိုက်ပတ်ရှာပေမဲ့ အွန်လိုင်းစကားပြောခန်းမှာ စကားပြောစာတန်းအသစ်ကို ရှာမတွေ့ပေ။

အသံမက်ဆေ့ခ်ျနဲ့များ ပြောရတာလား။

စုရှီက နားကျပ်ကို တပ်လိုက်ပြီး လည်ချောင်းရှင်းကာ စကားပြောဖို့ လုပ်၏။

"ဟယ်လို၊ ဟယ်လို၊ ဟယ်လို၊ ဟယ်လို၊ ဟယ်လို"

သူ ပြောပြီးတာနဲ့ စကားပြောစာတန်းတစ်ခု စခရင်တွင် ပေါ်လာ၏။ သူ ပြောတဲ့စကားတွေကို စာတွေအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။ စုရှီ မျက်လုံးပြူးသွားပြီး နှလုံးခုန်သံလည်း ကျယ်လာကာ ခေါင်းထိပါ သွေးတွေ ဆောင့်တက်သွားရသည်။

ဘုရားရေ၊ စနစ်ပြောတာ အမှန်ပဲဟ။

ဒီလိုဆို သူ့စကားတွေကို ကျိုက်ကျိုက် ကြားနိုင်လေမလား။

စုရှီတစ်ယောက် ပျာယာခတ်လျက် နားကျပ်ကို တပ်ပြီး အသံကို ချိုသာနူးညံ့အောင် ပြင်လိုက်သည်။

"ကျိုက်ကျိုက်၊ ဟယ်လို၊ ရှင် ကျွန်မအသံ ကြားရလား"

စခရင်ပေါ်က ကျိုက်ကျိုက်ရဲ့ မျက်နှာမှာ အံ့ဩပြီး လန့်နေပုံပေါ်၏။

….သူ ငါ့ကို ကြားရတာလား။

စုရှီ အသက်ရှူရပ်လုမတတ်ဖြစ်သွား၏။ ခဏကြာတော့ ကျိုက်ကျိုက်က ပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ စကရင်မှာ ပေါ်လာတာကို တွေ့လိုက်ရကာ သူ့ခေါင်းပေါ်မှာ စကားပြောစာတန်းလေးပေါ်လာသည်။

"ကိုယ် ဒီမှာ"

စုရှီ ကြက်သီးထလွန်း၍ ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အံ့ဩလွန်းလို့ ခြေချောင်းလေးတွေတောင် ကွေးကာ အသက်ရှူဖို့ မေ့နေသည် အထိပင်။

ဘုရားရေ၊ ဒါက သောက်ရမ်း မှောင်ဆန်တယ်ဟ။

သူ အစက ထင်လိုက်မိသည်မှာ အမှတ်၁၀၀ပြည့်ပြီးရင် ဂိမ်းပရိုဂရမ်က သူ ရိုက်ထည့်လိုက်တာတွေကို မှတ်စုအဖြစ် ပြောင်းပြီး ကျိုက်ကျိုက်ရဲ့ စားပွဲပေါ် ပြန်ချပေးမည် ဟုပင်။ ဒီလိုနည်းနဲ့သာ စနစ်က ဆက်သွယ်ပေးမယ်ဟု ထင်ခဲ့ပေမဲ့ အသံမက်ဆေ့ခ်ျနဲ့ တိုက်ရိုက်ပြောလို့ရမယ်လို့တော့ မထင်ထားခဲ့ပေ။

မဟုတ်သေး၊ အသံမက်ဆေ့ခ်ျကြီးပဲတော့ မဟုတ်သေးပေ။ သူသည် ကျိုက်ကျိုက်ရဲ့ အသံကိုတော့ မကြားရသေးဘဲ ကျိုက်ကျိုက် ပြောတဲ့စကားတွေက စကားပြောစာတန်းအဖြစ်‌ ပြောင်းပြီး သူ့ခေါင်းပေါ်မှာ အရင်လိုပဲ ပေါ်လာသည်။

သို့ပေမယ့် ကျိုက်ကျိုက်ကတော့ သူ့အသံကို ကြားရပြီမဟုတ်လား။

ဝိညာဥ်က သူ့ကို စကားပြောနေတယ်လို့ ထင်နေမလား။

….ကံကောင်းချင်တော့ ကျိုက်ကျိုက်က သူ့ကို ဝိညာဥ်လို့ ထင်နေခဲ့တာ ကြာပြီဖြစ်သည်။ ဝိညာဥ်က ရုတ်တရက်ကြီး စကားပြောတယ် ဆိုသည်မှာ ကျိုက်ကျိုက်၏ ကမ္ဘာမှာတော့ ၎င်းမှာ နတ်ဘုရားတွေကို စကားပြောသလို၊ ဝိညာဉ်တွေကို ဆင့်ခေါ်သလို၊ အသေကောင်တွေ ပြန်ရှင်လာသလိုပဲ ဖြစ်ပြီး လက်ခံလို့ရနိုင်သည်။

စုရှီ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်ကျ လုမတတ်ပင်။ တစ်ချိန်တည်းမှာပင် သူမတို့ ကမ္ဘာ၏ ရှုထောင့်အရ ကြည့်လျှင် ဤသို့သော အသစ်အဆန်းတွေ၊ သာမန်မဟုတ်တဲ့ အံ့အားသင့်စရာတွေနဲ့ စိတ်ရှုပ်စရာတွေကြောင့် စိတ်တွေပင် မူမမှန်ချင်တော့။ ပြောရရင် သူ့ရဲ့ နှလုံးမှာ ဒုန်းစိုင်းခုန်နေပြီး ရုတ်တရက် ကြက်သေသေကာ ဘာပြောရမှန်းတောင် မသိပေ။

လုဟွမ်ဘက်မှာလည်း သူ့ရှေ့က လိုက်ကာ လို့ ထင်ခဲ့သော မျက်နှာပြင် မှတဆင့် အံ့ဩနေတဲ့ ထိုသူကို မြင်နေရသည်။

အခု မျက်နှာပြင် ပေါ်မှာတော့ သူမက ရုတ်တရက် အဝိုင်းသေးသေးလေးနှစ်ခုကို နားထဲ ထည့်လိုက်ပြီး တစ်ခုခုပြောဖို့ ပါးစပ်ကို ဟလိုက်သည်။

လုဟွမ် အစကတော့ သူ့အသံကို မကြားရတာမလို့ သူဘာပြောနေလဲ မသိနိုင်ဘူးလို့ထင်ပြီး စိတ်ပျက်နေတာဖြစ်သည်။

သို့ပေမယ့် ခဏကြာတော့ သူ့ရှေ့က မျက်နှာပြင် တွင် လေးထောင့်ပုံဘောင်လေး‌က သူမခေါင်းပေါ်မှာ ပေါ်လာမယ်လို့ မထင်ထားခဲ့။

စာလုံးလေးတွေ ထိုဘောင်ထဲမှာ ပေါ်လာသည်။

__"ဟေး၊ ဟေး၊ ဟေး၊ ဟေး၊ ဟေး၊ ဟေး"

လုဟွမ်ရဲ့ မျက်ဆံတွေ ကျုံ့သွားတော့သည်။ သူ့ပါးစပ်က အခုလေးတင် ထိုသို့လှုပ်သွားတာ ဖြစ်၍ ဒီစကားလုံးတွေက သူ ပြောနေတာလား။

ထို့ကြောင့် လုဟွမ်ဖက်မှ အမြင်တွေလည်း ပြောင်းလဲကုန်၏။ နှစ်ပေါင်း ထောင်ချီကြာပြီးတဲ့နောက်မှာ နည်းပညာတွေ ဒီလောက် တိုးတက်နေမယ်လို့ သူ မထင်ထားချေ။ ဤသို့ မျက်နှာပြင် လို အပြားလေးနဲ့တင် နှစ်ပေါင်း ထောင်ချီကို ဖြတ်ပြီး ဆက်သွယ်လို့ရနိုင်သည်။

သို့သော်လည်း တာအိုဆရာသခင် ပြောသည့် အာကာသနဲ့ အချိန်ကို ရည်ညွှန်းတဲ့ 'စကြာဝဠာ'ဆိုသည့် စကားကို ပြန်စဉ်းစားမိသည်။ လူတစ်ယောက်က တစ်နေ့တည်းနဲ့ ဖာဂါနာမြင်း ကို စီးပြီး မိုင်ပေါင်းထောင်ချီပြီး ခရီးသွားနိုင်တယ်ဆိုရင် အနာဂတ်မှာ နှစ်ထောင်ချီ ကွာဝေးတဲ့ ကာလ အပိုင်းအခြားကို အချိန်ဥမင်လို အရာမှတဆင့် စိတ်ကြိုက်ချိတ်ဆက်ပြီး ခရီးသွားနိုင်ကာ ဆက်သွယ်စကားပြောနိုင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ချေ။

ထိုအခိုက်အတန့်၌ သူမသည် နောက်ထပ် စာကြောင်းတစ်ခုကို နှစ်ထောင်ချီကွာတဲ့ နေရာကနေ လှမ်းပို့လိုက်လေသည်။

အဲဒီနောက် လုဟွမ်ရှေ့က မျက်နှာပြင် ပေါ်ရှိ ဘောင်အတွင်း၌ ဒုတိယမြောက် စာတန်းလေးတွေ ပေါ်လာတော့သည်။

__ "ကျိုက်ကျိုက် ရှင် ကျွန်မပြောတာ ကြားရလား"

ထိုအခိုက် ကျိုက်ကျိုက်ရဲ့ နှလုံးသားကြီးတစ်ခုလုံး လည်ချောင်းထဲက ခုန်ထွက်လုမတတ်ပင်။ သူ့ကို စကားပြောလို့ရမဲ့နေ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

ယခုအချိန်၌ အရာအားလုံးက သူတွေးထားတာနဲ့ တူညီမနေပေ။ စုရှီကလည်း ဝိညာဥ်ဟုတ်မနေဘဲ နှစ်ထောင်ချီအကွာက လူတစ်ယောက် ဖြစ်နေသည်ပင်။ လုဟွမ်တစ်ယောက် သူ လိုချင်တဲ့အတိုင်း မူရင်းလူပုံစံ ရုပ်ပုံပေါ်အောင် လုပ်တာကိုလည်း သဘောကျပုံမရ။

သို့သော်လည်း လုယွမ် ပိုကံကောင်းသည်ဟု ခံစားရသည်။ အနည်းဆုံးတော့ စုရှီဟာ နှစ်ထောင်ချီအကွာက သာယာဝပြောပြီး အေးချမ်းလှတဲ့ တိုင်းပြည်ကြီးမှာ ကောင်းကောင်းမွန်မွန်နေနေတာ ဖြစ်၍ စုရှီနဲ့ ပြန်တွေ့ရမဲ့နေ့ကို မျှော်လင့်လို့ရပြီ ဖြစ်သည်။

သူ့အာခေါင်တွေ ခြောက်လာပြီး စုရှီကို ပြန်ဖြေလိုက်တဲ့အချိန် အသံဟာ အက်ရှရှ။

"ကိုယ်ဒီမှာ"

နှစ်ထောင်ချီအကွာကနေ အကြီးအသေး မျက်နှာပြင် နှစ်ခုကို ဖြတ်၍ လူနှစ်ယောက် နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင်နဲ့ ဆက်သွယ်လို့ရခဲ့ပြီပင်။ အရင်ကလို လက်ဟန်ခြေဟန်နဲ့ မေးခွန်းတွေ မေးကြတာမျိုး မဟုတ်တော့။

စုရှီတစ်ယောက် အသက်ကို အောင့်ထားမိပြီး ဒါတွေက အစစ်အမှန်မဟုတ်ဘူးလို့ပင် ခံစားနေရကာ သူ့နှလုံးသားဟာလည်း ကြက်များ တွန်သကဲ့သို့ ဆူညံနေတော့၏။

လုဟွမ်လည်း အတူတူပင်ဖြစ်ပြီး အခန်းအလယ်မှာရပ်လျက် ပြတင်းပေါက်အပြင်က နေရောင်ခြည်ဟာ တဖြည်းဖြည်း ပုဇွန်ဆီရောင် သမ်းသွားတာကိုတောင် သတိထားမိပုံမရချေ။ သူ့နှလုံးခုန်သံမှာ ကျယ်လောင်နေပြီး မျက်လုံးတွေဟာလည်း တောက်ပနေကာ မျက်လုံးနဲ့ မျက်ခုံးကို ကြည့်ရုံနဲ့ ပျော်နေမှန်းသိသာ၏။

ထို့အပြင် သူပြောလိုက်တဲ့ စကားတွေက သူမ ဖက်မှာလည်း စကားပြောစာတန်းအဖြစ် ပြောင်းကာ သူ့ခေါင်းပေါ်မှာ သွားပေါ်နေတာကို လုဟွမ် တွေ့လိုက်ရသည်။

အဲ‌ဒီတော့ ဒီလိုကိုး။

လုဟွမ်သည် သူတို့နှစ်ယောက်အား အချိန်ကို ဖြတ်ပြီး ဆက်သွယ်ပေးထားတဲ့ ကြားခံ၏ သဘောကို နားလည်အောင် လုပ်နေရသည်။

အရင်ကဆို စုရှီက သူပြောတာတွေကို ကြားပေမယ့် စကားပြော၍မရ၊ စာရေး၍မရတာကြောင့် ဟုတ်တယ် မဟုတ်ဘူးသာ ဖြေနိုင်သည်။

အဲချိန်တုန်းက စုရှီဘက်မှာ ကြားခံရှိနေတာမလို့ စုရှီက သူ့ကို မြင်ပဲမြင်ရတာဖြစ်ပြီး သူ့မှာ ကြားခံမရှိတော့ စုရှီကို သူ မမြင်နိုင်ခဲ့တာ‌ပင်။

သို့ဖြင့် သူက စုရှီကို ပရလောကသား အဖြစ် အထင်မှားနေခဲ့တာ ဖြစ်သည်။

သူမလည်း မည်သို့ ရှင်းပြရမည်မှန်းမသိပေ။ နှစ်ထောင်ချီအကွာက တိုင်းပြည်ကြီး ဆိုသည်မှာ စုရှီအနေဖြင့် ဘယ်လောက်ပဲ ရှင်းပြပါစေဦးတော့ စိတ်ကူးယဉ်နေသလိုသာ ဖြစ်တာကြောင့် အရှိအတိုင်းသာ လက်ခံခဲ့ရသည်။

အခုချိန်ထိ မြင်ဖူးခဲ့တဲ့ ကြားခံနှစ်ခုရဲ့ လက္ခဏာတွေအရ..

လုဟွမ်ရဲ့ ကြားခံ မျက်နှာပြင် မှာ အလွန်ကြီးကာ ဖောက်ထွင်းမြင်ရပြီး စုရှီရဲ့ ကြားခံ မျက်နှာပြင် မှာတော့ အိတ်ကပ် အရွယ်လောက်ပဲရှိကာ လက်ဖဝါးနဲ့တောင် ဆန့်သည်။ ကြားခံချင်းတော့ ဆင်တူကြသည်။

လုဟွမ်ပြောတဲ့ စကားတွေက စုရှီရဲ့ စခရင်မှာ ဘောင်ထဲ သွားပေါ်ပြီး စုရှီ ပြောတဲ့စကားတွေကတော့ လုဟွမ်ရှေ့က မျက်နှာပြင် ပေါ်မှ ဘောင်ထဲ‌မှာ လာပေါ်နေကာ သူတို့စကားပြောပုံချင်းကလည်း တူသည်။

စုရှီရဲ့ ကမ္ဘာမှ လူတွေဟာ လုဟွမ် စစမြင်တုန်းက သေးသေးလေးတွေနှင့် ခြေတိုလက်တိုလေးတွေ ဖြစ်သည်။ သူတို့က နဂိုရုပ်ပြန်ဖြစ်ဖို့ ငွေသုံးပေးရပြီး စုရှီဘက်မှာလည်း အတူတူပင်။

တစ်နည်းပြောရရင်တော့..

ဒီကြားခံနှစ်ခုလုံးက လုပ်ဆောင်ပုံချင်း တူညီကြသည်။

ထိုမှ တော်တော်များများ ကောက်ချက်ချ နိုင်တာကတော့

"အပိုင်း"လို့ခေါ်တဲ့ မြေ‌ပုံပေါ်က အရာကို ဖွင့်ချင်ရင် သူ မစ်ရှင်ကို ပြီးအောင်လုပ်ရမည်။

စုရှီဘက်မှာလည်း အတူတူပဲဖြစ်လိမ့်မည်။

အဲဒါကြောင့် စုရှီ ရုတ်တရက် ဆိုသလို ပျောက်ပျောက်သွားတတ်သည်။ သူ နင်းဖူမင်းသားအိမ်တော်က ထွက်သွားကာ လမ်းကြားကို ဖြတ်ပြီးနောက် မီးပုံးတွေရောင်းနေတဲ့ လမ်းမရှည်ကြီးထဲ ရောက်နေတုန်းမှာ သူမ ပြန်ပေါ်လာပြန်သည်။

အခု သူ စဉ်းစားကြည့်တော့ စုရှီဟာ သူ နေတဲ့နေရာကနေ "လမ်းကြားအရှည်ကြီးရဲ့အပိုင်း"ကို မဖွင့်ခဲ့ရသေးလို့ ဖြစ်မည်။

သို့ပေမယ့် နောက်ပိုင်း သူ မစ်ရှင်တွေ တစ်ခုပြီးတစ်ခု ပြီးလာတော့ လုဟွမ်နဲ့အတူ တစ်နေရာပြီးတစ်နေရာ လိုက်နိုင်တာပင်။

ကြည့်ရတာ မစ်ရှင်တွေကြောင့်သာ လိုက်၍ ရတာဖြစ်မည်။

လုဟွမ်မှာတော့ ဝိညာဥ် နတ်သမီးလေးက သူ့ဆီ ရောက်လာတယ်ဟု ထင်ခဲ့မိ၏။

အဲဒီတုန်းက လုဟွမ်ဟာ သူ့ရဲ့ သေဆုံးသွားတဲ့ ဘိုးဘေးတွေကနေ ဝိညာဥ် နတ်သမီးလေးအား သူ့နောက်လိုက်ကာ သူ့ကို ကူညီပြီး မြို့တော်ရဲ့ ပဋိပက္ခ‌တွေထဲပါရင်း သူ ပိုအာဏာရလာအောင် ကူညီပေးဖို့ လွှတ်လိုက်သည်ဟု ထင်ခဲ့သည်။

ဒါပေမယ့် အခုချိန်မှာတော့ ထိုအရာများက တကယ်မရှိမှန်း သိလိုက်ရသည်။ စုရှီ သူ့နားရောက်လာသည်မှာ "အပိုင်း"တွေကို ဖွင့်ပြီး သူ့ကို တစ်ခုပြီးတစ်ခု ကူညီပေးချင်တာကြောင့် ဖြစ်နေသည်။ တစ်နည်းပြောရရင် စုရှီဘက်က စက်အသံကြီးဟာ သူ့ကို ဘာလုပ် ညာလုပ်ဆိုပြီး ပြောပြနေတာပင်။

သူ့ဘဝထဲ စုရှီ ရောက်လာရသည်မှာ မစ်ရှင်တွေလုပ်ဖို့ပဲဆိုတာ သိလိုက်ရတော့ လုဟွမ် စိတ်မပျက်မိဘူးလို့ပြောရင် လိမ်ရာကျလိမ့်မည်။

စုရှီနဲ့ သိခဲ့တာ တစ်နှစ်နီးပါးလောက် ရှိခဲ့တာပင်။

စုရှီကို ကမ္ဘာကြီးထဲမှာ အကြင်နာဆုံးမိန်းကလေးအဖြစ် သူသိခဲ့တာလည်း ကြာလေပြီ။ သူ့ရဲ့ရည်ရွယ်ချက်ကို ထည့်မပြောရင်တောင် သူ စိုးရိမ်ပေးတာ၊ ဂရုစိုက်ပေးတာ၊ နွေးထွေးမှုပေးတာ၊ ကြင်နာပေးတာတွေကတော့ စစ်မှန်သည်။ တစ်နေ့ပြီးတစ်နေ့ အတူ‌ဆက်သွယ်ကြရင်း စိတ်ကူးယဉ်ဆန်တဲ့ အချိန်တွေကို ဘယ်အရာကမှ ဖျောက်ဖျက်လို့ မရပေ။ အစပိုင်းတွင် သူမ သူ့အပေါ် လိမ်ညာခဲ့ရင်တောင် လုဟွမ်သည် သူမအား အငြိုးထားခြင်းမရှိခဲ့ပေ။

ထပ်ပြောရရင် လုဟွမ်ကလည်း နှစ်ဘက်လုံးမှာ အချိန်ကုန်ဆုံးပုံချင်း မတူတာကို ခန့်မှန်းထားခဲ့ပြီးသားပင်။

စုရှီက ဝိညာဥ် မဟုတ်တာကြောင့် အိပ်ဖို့စားဖို့နဲ့ တစ်ခြားအရာတွေ လုပ်ဖို့လည်း လိုအပ်လေသည်။ အရင်က သူ ပေါ်လာတတ်တဲ့အချိန်တွေက ရေရေရာရာမရှိဘဲ တစ်ခါတလေ သူ့ဘေးကို မနက်ပိုင်း ရောက်နေတတ်ပြီး တစ်ခါတလေမှာတော့ ညဉ့်နက်လောက်မှ ရောက်လာတတ်သည်။ အခု ပြန်တွေးကြည့်တော့မှ နှစ်ဘက်လုံးရဲ့ အချိန်ကုန်ဆုံးပုံချင်း မတူ၍ ဖြစ်မည်။

လုဟွမ် သေသေ‌ချာချာ စဉ်းစားကြည့်ပြီးနောက်မှာတော့ ဒီအရာတွေကို နားလည်သွားတော့သည်။

အခြားအရာအနေဖြင့် ဒီပုံရိပ်ထဲမှာ အသစ်အဆန်းတစ်ခုခုများ ပါမလား လုဟွမ် မသိပေမဲ့ ဘာတွေဖြစ်နေလဲ ဆိုတာကိုတော့ စောင့်ကြည့်ချင်သည်။

နှစ်ထောင်ချီအကွာမှ လူနှစ်ယောက်ဟာ အလွန်စိတ်လှုပ်ရှားနေပြီပင်။

အဲဒီနောက် စခရင်ပေါ်က ကျိုက်ကျိုက်တစ်ယောက် စပ်ဖြီးဖြီးရုပ်ကို မနည်းထိန်းထားကာ မေးခွန်း စမေးလိုက်သည်ကို စုရှီတွေ့လိုက်၏။

"ကိုယ် မင်းကို ဘယ်လိုခေါ်ရမလဲ"

လုဟွမ် သူ့နာမည်ကို သိချင်သည်။ နာမည်ဆိုတာက လူတစ်ယောက်အတွက် ထူးခြားပြီး သူ့နာမည်ကိုသာ သိရင် လုဟွမ် အနာဂတ်မှာ သူ့ကို ရှာလို့ရပေမည်။

ကျိုက်ကျိုက်ရဲ့ ခေါင်းပေါ်က စကားပြောစာတန်းကို တွေ့တော့ စုရှီမှာ သူ့ ပရိတ်သတ်နဲ့ တွေ့လိုက်ရသလို ရှက်သွား၏။

ဘုရားရေ၊ ကျိုက်ကျိုက်က လောင်မားနာမည်ကို မေး‌တယ်တော့။

ကျိုက်ကျိုက်ကို ဒီလောက် ပျိုးထောင်လာခဲ့‌တာတောင် လောင်မားရဲ့နာမည်ကို ခုထိမသိသေးဘူးဘဲ။

အမှတ် ၁၀၀ ရောက်တဲ့အခါမှာတော့ အသံနဲ့ စကားပြောလို့ ရသွားသည်။ ကျိုက်ကျိုက်ကတော့ သူ့အသံကို ကြားတာတောင် ရုတ်တရက် စကားလာပြောတဲ့ ဝိညာဥ် လို့ပဲ ထင်နေပေလိမ့်မည်။ အဲလိုမဟုတ်ဘဲ ကျိုက်ကျိုက်သာ စခရင်ရှေ့မှ သူ့မျက်နှာကို မြင်သွားမယ်ဆိုရင် စုရှီ ရှက်ပြီး နှာခေါင်းသွေးယိုမိမှာပင်။ ဤမျှဖြင့်ပင် စုရှီမျက်နှာမှာ နီရဲနေပြီး အသက်တောင် မရှူနိုင်ပေ။

သူ ချောင်းဟမ့်လိုက်ကာ စရှင်းပြဖို့ လုပ်၏။

"မနေ့ညတုန်းက ကျွန်မ လျှောက်ပတ် ကြည့်နေတုန်း မှော်တတ်တဲ့ တစ္ဆေကြီးတစ်ကောင်ကို တွေ့ခဲ့တယ်။ အဲဒီတစ္ဆေကြီးက မန်းမှုတ်ပေးလိုက်လို့ ကျွန်မစကားပြောလို့ရတာ"

စုရှီကတော့ သူမ ဇာတ်လမ်းကောင်းတစ်ခု ဖန်တီးလိုက်နိုင်တယ်လို့ ထင်နေသည်။ အဲလိုမှမဟုတ်ရင် ကျိုက်ကျိုက် သူ့အသံကြားရတာကို သူ ဘယ်လိုရှင်းပြရတော့မှာလဲ။ လေထဲကနေ အသံကြီးကြားရတယ်ဆိုရင် ကျိုက်ကျိုက် လန့်နေမှာ မလား။

ဒါပေမယ့် ဘာလို့ ကျိုက်ကျိုက်ရဲ့ မျက်နှာက ပြုံးစိစိ ဖြစ်နေရတာလဲ။

စုရှီက ကြောင်တောင်တောင်ဖြစ်နေကာ ဆက်ပြောသည်။

"ကျွန်မနာမည်က စုရှီပါ။ ရှင် ကျွန်မကို.."

စကားမဆုံးသေးခင်မှာ အဲတာကြီးက သိပ်မကောင်းဘူးလို့ ခံစားရတာကြောင့် ပါးစပ်ပိတ်ကာ ကျိုက်ကျိုက် ဘယ်လိုတုံ့ပြန်မလဲ ကြည့်နေသည်။

လုဟွမ်ကတော့ စခရင်မျက်နှာပြင် ကို ကြက်သေသေလျက် စိုက်ကြည့်နေပြီး စုရှီရဲ့ ခေါင်းပေါ်မှာ စကားပြောစာတန်းလေး ပေါ်လာသည်။

"ကျွန်မနာမည်က စုရှီပါ။ ရှင်ကျွန်မကို..."

ဘဲဥပုံ အတွေးပူဖောင်းလေးများက စုရှီ ခေါင်း ပေါ်ပေါ်လာသည်။

-ကျွန်မနာမည်ကို စုရှီပါ။ ရှင်ကျွန်မကို “မား” လို့ခေါ်လို့ရတယ် ဟားဟားဟား။

-ကျိုက်ကျိုက် ကြောင်နေတဲ့ရုပ်လေးက ချစ်ဖို့ကောင်းလိုက်တာ။

-ကျိုက်ကျိုက်က လောင်မား နာမည်ကို မေးတယ်တော့။ လောင်မား ကတော့ ကျိုက်ကျိုက်ရဲ့ ချစ်စရာကောင်းမှုလေးတွေကြောင့် နေ့တိုင်းသေရတော့မယ်။

-လောင်မားက ကျိုက်ကျိုက်ကို တစ်သက်လုံးချစ်သွားမှာနော်။

-ဝူးဝူးဝူး ငါ့နာမည်က သိပ်မလှဘူးဆိုတော့ နာမည်ချိန်းရကောင်းမလား၊ ပန်းနာမည် လှလှလေး ထားရမလား၊ .xxx အရိုး ဆိုပြီး ထားရမလား။ ဝိညာဥ်တစ်ယောက် အနေနဲ့ဆိုတော့ ဝိညာဥ်တွေရဲ့ ဝိသေသအတိုင်း အမျှော်အမြင်ရှိရှိ ပေးရမယ်။ သိက္ခာကျစေလို့ မဖြစ်ဘူး။ ကျိုက်ကျိုက်က ငါ့ကို တစ်ချိန်လုံး အခြား တစ္ဆေ‌သရဲတွေ အနိုင်ကျင့်တာခံရတဲ့ ဝိညာဥ်ပေါက်စလေးလို့ ထင်နေတာ။

လုဟွမ်မှာ အူကြောင်ကြောင်ဖြစ်လျက်၊ "..."

လောင်မား… ။ ကျိုက်ကျိုက်…။

ဘယ်သူက လောင်မားလဲ။ ဘယ်သူက ကျိုက်ကျိုက်လဲ။

All Chapters