Chapter 53
Vol. 6 Ch. 53
ထိုအဖြူရောင် အတွေးပူဖောင်းများဟာ ဘာတွေလဲ လုဟွမ် မသိသော်လည်း သူမသည် စာကြောင်းတစ်ကြောင်းသာ ပြောခဲ့ပြီး စကားလုံး အများကြီးပေါ်လာခဲ့လေသည်။ သေချာသည်မှာ အမဲရောင် စတုဂံဘောင်သည် သူမပြောသည့် စကားလုံးများဖြစ်ပြီး အဖြူရောင် ဘဲဥပုံပူဖောင်းသည် သူမ၏ စိတ်ထဲမှ အတွေးများဖြစ်၏။
လုဟွမ်၏ မျက်ခုံးများ တွန့်နေလေသည်။ သူသည် တစ်ချိန်တည်းမှာပင် ဒေါသထွက်ပြီး သဘောလည်းကျနေခဲ့သည်။ သူမ သူ့ကို ဘာကြောင့် ကလေးလို ဆက်ဆံသလဲ ယခုမှ သူ သိသွားလေပြီ။ စုရှီ၏ စိတ်ကူးဟုပင် ထင်ခဲ့မိလေသည်။ တကယ်တမ်းတော့ သူမရှေ့ စခရင်ပေါ်တွင်တော့ သူသည် ခြေတံတို လက်တံတိုနှင့် ခန္ဓာကိုယ်သေးပြီး ခေါင်းကြီးသော ကလေးတစ်ယောက်ပုံ ဖြစ်နေခဲ့လေသည်။
တစ်နှစ်ပတ်လုံး သူ့ကို ကလေးတစ်ယောက်လို မြင်ပြီးတဲ့နောက် ဘယ်လိုလုပ် သူမက သူ့ကို ကလေးပေါက်စလေးလို မဆက်ဆံဘဲ နေနိုင်မည်နည်း။
သူ့ကို ခေါင်းပုတ်ပေးတတ်သော သူမ၏ အပြုအမူကို ပြန်တွေးမိပြီးနောက် လုဟွမ်၏ မျက်နှာအမူအရာသည် ပို၍ အရုပ်ဆိုးလာလေလေ ဖြစ်၏။
သူသည် သူ့သွားများကို ကြိတ်ကာ မနေနိုင်ဘဲ စားပွဲသို့ လျှောက်သွားပြီး စုတ်တံအရှည်တစ်ခုကို ယူလိုက်၏။ ယင်းကို မင်ထဲသို့ နှစ်ပြီးနောက် သူသည် နံရံသို့ လျှောက်သွားပြီး သူ့ကျောကို နံရံနှင့်ကပ်ကာ ရပ်လိုက်လေသည်။ ထို့နောက် သူသည် စုတ်တံကို သုံးပြီး သူ့ခေါင်းပေါ်တွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်လေသည်။ ထို့နောက် သူသည် ပေတံရှည်တစ်ချောင်းကို ယူပြီး သူမှတ်ထားသော ရေပြင်ညီမျဉ်းမှ တိုင်းလိုက်လေ၏။ သူသည် စခရင် အခြားတစ်ဖက်မှ သူမကို ပြပြီး အလွန်လေးနက်စွာ ပြောလိုက်လေသည်။
“ကိုယ့်အရပ်က ၈ ပေနဲ့ ၂ လက်မ ရှိတာလေ။ မင်း မသိသေးဘူးလား ရှောင်ရှီ”
သေစမ်း၊ သူမရဲ့ စခရင်ပေါ်မှာ သူက အမြဲတမ်း လူပုလေးလို ဖြစ်နေမယ်ဆိုတာ တစ်ခါမှ တွေးမကြည့်ဖူးဘူး။
စုရှီသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။ ကျိုက်ကျိုက်က ဘာကြောင့် သူ၏အရပ်ကို ရုတ်တရက် ထုတ်ကြွားနေသလဲ သူ မသိချေ။ သူမ အလေးအနက် တွက်ချက်လိုက်လေသည်။
‘ယန်မင်းဆက်မှာ တစ်ပေက ၂၂.၃ စင်တီမီတာလောက် ရှိမယ်ထင်တယ်။ အဲဒါဆို ကျိုက်ကျိုက်က ၁.၈ မီတာထက် ပိုနေမှာပေါ့’
‘ဘုရားရေ ကလေးတစ်ယောက်က ဘာလို့ အဲဒီလောက် အရပ်ရှည်တာလဲ။ ဆိုင်ကနေ သူမ လဲလာတဲ့ ဥတွေမှာ ဟော်မုန်းတွေ ပါနေတာလား’
ယခင်က အမြဲတမ်း ကာတွန်းပုံစံဖြစ်ခဲ့တာမလို့ ဝတဲ့ဇာတ်ကောင်နဲ့ ပိန်တဲ့ဇာတ်ကောင်တွေမှာ ခြားနားချက် နည်းနည်းရှိတာကလွဲရင် အရပ်ခြားနားချက်ကို သူမ မသိနိုင်ပေ။ ဒါကြောင့် သူမရဲ့ မျက်လုံးထဲမှာ ကျိုက်ကျိုက်က အမြဲတမ်း ဘောလုံးလေးလို ဖြစ်ခဲ့သည်။ အခု မူလရုပ်သွင်ကို လော့ဖြည်ဖို့ ဂိမ်းက အတင်းအကျပ်လုပ်ပြီးတဲ့နောက်မှာ ကျိုက်ကျိုက်က တကယ်ပဲ အရပ်ရှည်ပြီး ချောမောတဲ့ လူငယ်လေးဆိုတာ စုရှီ သိလိုက်ရသည်။
ဒါပေမယ့် သူက ၁၆နှစ်တောင် မပြည့်သေးဘဲ တော်တော် အရပ်ရှည်နေပြီ။
သားအိမ်ကျွံကျတော့မည့် ကြက်မများအကြောင်ကို စုရှီတွေးလိုက်ပြီး ရုတ်တရက် အနည်းငယ် အပြစ်ရှိစိတ် ဝင်သွားလေသည်။ သူမသည် ချောင်းဆိုးပြီး ကျိုက်ကျိုက်ကို ပြောလိုက်လေ၏။
“ငါ အခု သိပါပြီ ကျိုက်ကျိုက်ရဲ့”
စခရင်ပေါ်တွင် သူမ ဘာမှ သေချာမသိသေးကြောင်း လုဟွမ် မြင်လိုက်လေသည်။ သူ၏ မျက်ခုံးများ ပြင်းပြင်းထန်ထန် တွန့်ချိုးလာလေ၏။ သူ့အဝတ်တွေကို ချွတ်ပြိး သူက တကယ် ကလေးပေါက်စလေး မဟုတ်ဘူး ဆိုပြီးတော့ပဲ သူမကို ပြလိုက်ချင်တော့သည်။
ဒါပေမယ့် ယင်းမှာ အတော်ရိုင်းတာကြောင့် သူ အလွယ်တကူ မလုပ်နိုင်ချေ။
ဒါပေမယ့်လည်း အဲဒီအကြောင်း သူဘယ်လိုပဲ တွေးပါစေ သူအတော် စိတ်ရှုပ်မိသည်။ အရင်နှစ်မှာ သူမရဲ့မျက်လုံးထဲ၌ သူက ခေါင်းကြီးကိုယ်သေးပုံ အမှန်ပင် ပေါ်နေလိမ့်မည်။ သူ နည်းနည်း လမ်းမြန်မြန် လျှောက်လိုက်ရင်တောင် သူ အပေါ်ကို ခုန်တက်သွားသလို ဖြစ်နေမှာပေါ့။ အဲဒါအတော်ကို ကြည့်ရဆိုးမှာပင်။ သူ့မျက်နှာကိုတောင် သူမ သေသေချာချာ မြင်ချင်မှာတောင် မဟုတ်ပေ။
လုဟွမ်သည် ရယ်ရမည်လား ငိုရမည်လား မသိသော်လည်း သူ့သွားများကို ကြိတ်နေခဲ့လေ၏။
နောက်ဆုံးတွင် သူ့မျက်ခုံးများကို ပွတ်လိုက်ပြီး စိတ်ရှုပ်မှုဖြင့် စုရှီကို ပြောလိုက်လေသည်။
“ကိုယ့်ကို ကျိုက်ကျိုက်(ကလေးလေး)လို့ မခေါ်နဲ့”
စုရှီသည် ကျိုက်ကျိုက်က ကလူကမြူလုပ်နေသည်ဟု ထင်လိုက်လေသည်။ သူမ ပြုံးပြီး ပြောလိုက်လေ၏။
“ဟားဟားဟား ငါနားလည်ပါပြီ”
လုဟွမ် “...”
ယခင်က သူတို့နှစ်ယောက်သည် “ဟုတ်တယ် သို့မဟုတ် မဟုတ်ဘူး” ဟူ၍သာ ဆက်ဆံပြောဆိုနိုင်ခဲ့သော်လည်း ယခုတွင်တော့ သူတို့၏ ဆက်ဆံပြောဆိုရေးသည် ပိုမိုချောမွေ့လာလေ၏။ လုဟွမ်သည် စုရှီ၏ခေါင်းပေါ်မှ အဖြူရောင် အတွေးပူဖောင်းများအကြောင်း တွေးနေလေ၏။
‘သူ့ရဲ့ စိတ်ထဲက အတွေးကရော ဒီလိုနည်းလမ်းနဲ့ပဲ သူမဆီမှာ ပေါ်နေမှာလား’
လုဟွမ်၏ စိတ်ထဲတွင် ဤအတွေးပေါ်လာပြီး သူသည် ချက်ချင်းပင် ရှက်သွေးဖြာသွားလေ၏။ သို့သေည် ရှောင်ရှီရဲ့ တုံ့ပြန်မှုကို အကဲဖြတ်ရမယ်ဆိုရင် သူ့စိတ်ထဲက ပိုင်ဆိုင်လိုမှုနဲ့ ပတ်သက်တဲ့ အတွေးဆိုးတွေအကြောင်း သူမ မသိလောက်ပေ။ မဟုတ်ရင် သူမက သူ့ကို အရင်လို ဆက်ဆံတော့မှာ မဟုတ်ချေ။
ဤအကြောင်းတွေးကာ လုဟွမ်သည် အနည်းငယ် စိတ်အေးသွားလေသည်။ သူသည် တစ်စုံတစ်ခု ပြောချင်သော်လည်း သူနှင့်စုရှီ၏ စခရင်နှစ်ခုလုံးတွင် တူညီသော စကားလုံးများ ပေါ်လာလေ၏။ မစ်ရှင်ကြေညာချက် ဖြစ်လေသည်။
[အဓိက မစ်ရှင် ၁၁ (အဆင့်မြင့်)အား ကျေးဇူးပြုပြီး လက်ခံပါ: ယန်မင်းဆက်ရဲ့ ဧကရာဇ်ဟာ ယွင်ကျိုးနန်းတော်ဆီ သွားတော့မှာ ဖြစ်ပါတယ်။ သူဟာ ယွင်ကျိုးမှာ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ဧကရာဇ်ကို အချိန်မှီ ကယ်တင်ပါ]
[မစ်ရှင် ခက်ခဲမှု: ကြယ်အပွင့်နှစ်ဆယ်။ ဆုငွေ: ရွှေဒင်္ဂါး ၁၀၀၀၊ ၁၅မှတ်]
လုဟွမ်၏ အကြည့်များသည် ချက်ချင်းပင် သူ၏ စခရင်ကို ဖြတ်ကာ ရှောင်ရှီ၏ လက်ထဲရှိ စခရင်အသေးပေါ်သို့ ကျရောက်သွားလေသည်။ မစ်ရှင်စာပေါ်လာသည်ကို မြင်ပြီးနောက်တွင် သူမသည် ယင်းကို နေသားကျနေပုံပေါ်ကာ ဘေးသို့ ဆွဲလိုက်လေ၏။ လုဟွမ်သည် သူ့ဘာသာသူ တွေးလိုက်လေသည်။
သူ့ရဲ့ အရင်အတွေးတွေက မှန်တာ သေချာသလောက်ပင်။ သူမဘက်ရှိ စခရင်က လွန်ခဲ့သော အချိန် အကြာကြီးကတည်းက ပေါ်နေပြီးသားဖြစ်ပေမည်။ စခရင်ပေါ်က မစ်ရှင်တွေ တသီတတန်းကြောင့် သူမကို သူသိခွင့်ရတာပင်။
ပြီးနောက် ယခုတော့ သူ့ဘက်တွင်လည်း စခရင်ရှိနေပြီ ဖြစ်သည့်တိုင် ဒါကိုတော့ သူမ မသိချေ။
လုဟွမ်သည် စကားပြောရန် ပြင်လိုက်သော်လည်း စုရှီသည် မစ်ရှင်အသစ်ကို ခဏပိတ်ကာ သူမ၏ လက်ထဲမှာ အမဲရောင် အတုံးပြားပြား ပုံစံလေး၏ ထိပ်၌ အစိမ်းရောင် လေးထောင့်ပုံဘောင်လေးတစ်ခု ပေါ်လာလေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် လေးထောင့်ပုံဘောင် ကို အောက်ဆွဲချလိုက်ရာ စခရင်အသေးတစ်ခုလုံးသည် အခြားအင်တာဖေ့စ်တစ်ခု၏ နေရာယူခြင်းကို ခံလိုက်ရ၏။ တစ်စုံတစ်ယောက်က မက်ဆေ့ပို့လာပုံ ပေါ်လေသည်။
လုဟွမ်သည် မသိစိတ်၏စေ့ဆော်မှုအရ သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စကို မရှောင်နိုင်ခင်တွင် မက်ဆေ့သည် မြင်ကွင်းထဲတွင် ပေါ်နေလေပြီ။
ကုချင်: ပိတ်ရက်ကို အိမ်မှာပဲနေမှာလား ရှီရှီကလေး။ အပြင်ထွက်ပြီး လျှောက်လည်ကြရအောင်လေ။
‘ကလေးလား’
‘တစ်ယောက်ယောက်က သူမကို ကလေးလို့ ခေါ်လိုက်တာလား’
လုဟွမ်၏ မျက်ခွံများ တွန့်ချိုးသွားလေသည်။
ထို့နောက် လုပ်နေကျအတိုင်း အာလူးကြော်တစ်ထုတ်ကို လှမ်းယူပြီး ပြုံးကာ သူမ၏ လက်ထိပ်များဖြင့် သူမလက်ထဲမှာ ချပ်ပြားမဲလေးပေါ်တွင် အမြန်နှိပ်လိုက်သည့် သူမအား စခရင်ပေါ်တွင် သူ မြင်လိုက်လေ၏။ ထို့နောက် သူမ လက်ထဲမှ ချပ်ပြားမဲလေး ပေါ်တွင် မက်ဆေ့တစ်ခု ပေါ်လာလေပြီး ထိုလူ၏ စခရင်ပေါ်တွင်
“ငါ မအားဘူး အချစ်ရေ။ ငါအိမ်စာတွေ မပြီးသေးဘူး။ မွ အနမ်းယူ”
‘အချစ်လား’
‘သူမက တစ်စုံတစ်ယောက်ကို အချစ်လို့ ခေါ်လိုက်တာလား’
ထိုစကားလုံးနှစ်လုံးရဲ့ အဓိပ္ပာယ်ကို လုဟွမ်အပြည့်အဝ နားမလည်သည့်တိုင် ‘အနမ်း’ ဆိုတဲ့ စကားလုံးကို သူ ဘယ်လိုလို့နားမလည်ဘဲ နေမှာလဲ။
ယန်မင်းဆက်တွင် စေ့စပ်ထားသော အမျိုးသားနဲ့ အမျိုးသမီးသာလျှင် တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီးနေ၍ ရလေသည်။
လုဟွမ်သည် စခရင်ကို စိုက်ကြည့်ပြီး စခရင်ပေါ်မှ သူမ၏ ပျော်ရွှင်သော အပြုံးကို မြင်လိုက်ရလေသည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ခဏအတွင်း သူ့မျက်နှာ ဖြူဖျော့သွားလေသည်။
ဒါက ဘယ်လိုမကောင်းသတင်းမျိုးလဲ။
လုဟွမ်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အကောင်းဆုံး ကြိုးစားလိုက်လေသည်။ နောင်နှစ်တစ်ထောင်မှ ယဉ်ကျေးမှုသည် ယန်မင်းဆက်နှင့် ကွာခြားသည်မှာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။ လက်မထပ်ထားသော သူများလည်း ပို၍ရင်းနှီးသော အရာများလုပ်နိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ပို၍ရင်းနှီးသော နာမည်များလည်း ခေါ်လာနိုင်မည် ထင်သည်။
သို့ရာတွင် မူလကတည်းမှ သူ့ကမ္ဘာတွင် သူမသာ အရေးအကြီးဆုံးလူဖြစ်ပြီး သူမကမ္ဘာတွင် သူတစ်ယောက်တည်း မဟုတ်ဘူးဟု မှတ်ယူထားသော လုဟွမ်သည် တစ်စုံတစ်ယောက် မက်ဆေ့ကို စာပြန်ရန် စခရင်ကို သာမန်အတိုင်း ပိတ်ကာ ထိုလူကို ‘အချစ်’ဟုပင် ခေါ်လိုက်သည်ကို မြင်လိုက်ရ၏။
ထို့ပြင် သူမ ဖွင့်ထားသော အစိမ်းရောင် အင်တာဖေ့တွင် သူမနှင့် အခြားသူများကြား စကားစမြည်စာကြောင်းများစွာ ရှိသေးပုံပေါ်လေသည်။
အင်တာဖေ့တစ်ခုတည်းတွင် မတူသောလူ ၇ယောက်၊ ၈ယောက်လောက်ကို သူ မြင်နေရ၏။
ထိုအချိန်တွင် သူသည် မနေနိုင်စွာဖြင့် စိတ်ထဲတွင် စိုးရိမ်ပြီး ထိုင်းမှိုင်းမှုကို ခံစားနေရလေသည်။
လုဟွမ်သည် စခရင်ကို ကြည့်လိုက်လေ၏။ သူမ သူနှင့် ဆုံသော အင်တာဖေ့ကို ပြန်မပြောင်းနိုင်ခင်တွင် သူမ၏ ချပ်ပြားမဲလေးသည် မီးလင်းလာပြန်လေသည်။ ဤအချိန်တွင် စခရင်၏ ဘယ်ဘက်ဘေး၌ အစိမ်းရောင် ခလုတ်ကွေးလေးရှိပြီး ညာဘက်ဘေးတွင်တော့ အနီရောင် ခလုတ်ကွေးလေး ရှိလေသည်။ သူမသည် စခရင်၏ဘယ်ဘက်ဘေးကို ဆွဲရန် သူမ၏ လက်ကို အသုံးပြုလိုက်ပြီးနောက် ပြတင်းပေါက်နားရှိ နေရာသို့ လမ်းလျှောက်သွားလေ၏။ ချပ်ပြားမဲလေးကို သူမ နားဘေးသို့ ဖိကပ်လိုက်ပြီး မည်သူစ၍ စကားပြောသလဲကို သူ မသိချေ။
သူမကို မြင်တွေ့နိုင်ပြီး သူမနှင့် ချောချောမွေ့မွေ့ ပြောဆိုဆက်ဆံနိုင်ခြင်း၌ သူ လုံးဝနစ်မြုပ်နေသည်ကို လုဟွမ် သတိထားမိသွားလေသည်။ သူမ၏ ကမ္ဘာအကြောင်း သူဘာမှမသိသည်ကို သူလုံးဝ မေ့လျော့သွားခဲ့လေ၏။
ထိုရှည်လျားသော အဆောက်အဦးများသည် သူ့မင်းဆက်၏ ဘုရားကျောင်းဆောင်များနှင့် တူပြီး လမ်းများပေါ်တွင် အရှိန်ဖြင့်သွားနေသော ဘီးလေးဘီးဖြင့် အရာများသည် သူ့မင်းဆက်၏ ရထားလုံးများနှင့် တူသည်ကိုသာ သူ သတိထားမိလေသည်။
ဤအရာများကိုသာ သူသတိထားမိနိုင်၏။
ထိုတွန့်တွန့်ကောက်ကောက် စကားလုံးများနှင့် သူမ၏ အတွင်းစိတ် အတွေးပူဖောင်းနှင့် ယခုပင် အခြားသူများနှင့် သူမ၏ ပြောဆိုဆက်ဆံရေးထဲတွင် ပေါ်လာသော ထိုစကားလုံးများကို သူ နားပင်မလည်ချေ။
ထိုအရာအပြင် သူမ၏ ဘဝသည် မည်သည့်ပုံစံဖြစ်သလဲကိုလည်း သူ မသိချေ။
‘သူ နေ့စဉ် အခြေခံအားဖြင့် ဘာစားခဲ့လဲ၊ ဘာလုပ်ခဲ့လဲ၊ ကျောင်းသွားလား မသွားလား၊ သူငယ်ချင်းကောင်းတွေ ရှိလား မရှိဘူးလား၊ သူမမိဘတွေက ဘယ်မှာလဲ၊ သူမအခန်းထဲက စားပွဲပေါ်မှာ တင်ထားတဲ့ စာအုပ်အထူကြီးတွေက ဘာတွေလဲ’
‘ပြီးတော့ အခုပဲ သူမ အချစ်လို့ ခေါ်လိုက်တဲ့သူက ဘယ်သူလဲ။ သူက သူမ သဘောကျနေတဲ့သူလား’
သူသည် ရှေးဟောင်းလူကြီးတစ်ဦးလို သူမ၏ အသစ်စက်စက် အနာဂတ်ကမ္ဘာကို နားမလည်နိုင်ချေ။
စိတ်လှုပ်ရှားမှုများဖြင့် တစ်လိပ်လိပ်တက်နေသော လုဟွမ်၏သွေးများသည် သူ့အပေါ် ရေအေးတစ်ပုံးလောင်းလိုက်သကဲ့သို့ ချက်ချင်းအေးစက်သွားလေသည်။
ကြားခံမျက်နှာပြင် ပေါ်ရှိ ကမ္ဘာကို ကြည့်ရန် သူ့ခေါင်းကို မော့လိုက်ပြီး သူမကို သူမြင်နိုင်သော်လည်း သူမသည် သူနှင့် အလွန်ဝေးကွာနေသေးကြောင်း သိရှိလိုက်ရ၏။
သူသည် မတတ်နိုင်ဘဲ စိတ်ထဲတွင် ထူထပ်သော ဖော်ပြမရနိုင်သော စိတ်ဓာတ်ကျမှုအချို့ကို ခံစားလိုက်ရလေသည်။ ယင်းသည် ယခုလူအပေါ် မနာလိုမှု ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် သူမ၏ ကမ္ဘာအကြောင်း သူ ဘာမှမသိခြင်းကို ကြောက်ရွံ့မှုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လောင်းမား စုရှီက ဖုန်းခေါ်ဆိုမှုပြီးနောက် ချက်ချင်းပင် ဂိမ်းအင်တာဖေ့ကို ဖွင့်လိုက်ချိန်တွင် ကျိုက်ကျိုက်သည် အခန်းထဲတွင် သူ့ခရီးဆောင်အိတ်ကို ထုတ်ပိုးနေသည်အား တွေ့လိုက်ရ၏။ ခုနလေးကပင် သူ့မျက်နှာသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော်လည်း ယခုတွင် အနည်းငယ် စိတ်ပျက်နေပုံ ပေါ်လေသည်။
သူမ အနည်းငယ် ရှုပ်ထွေးသွားပြီး မနေနိုင်စွာ ကျိုက်ကျိုက်၏ ပခုံးကို ပုတ်ပြီး မေးလိုက်လေ၏။
“ဘာဖြစ်လို့လဲ။ ခုနက လုပ်စရာလေးရှိလို့ ခဏထွက်သွားတာ”
သူမကို သူမြင်နိုင်သည်ဟု လုဟွမ်သည် မူလက ပြောပြချင်သော်လည်း ယခု သူ စိတ်ပြောင်းသွားလေပြီ။
ယခု သူမ၏ကမ္ဘာအကြောင်း သူဘာမှမသိသေးသဖြင့် သူမ ကမ္ဘာ၏ ရစ်ပတ်တွန့်ကောက်နေသော ဘာသာစကားကို သူတတ်နိုင်သမျှ မြန်မြန်သင်ရမည်ဟု တွေးလိုက်လေသည်။ ထို့အပြင် ထိုထူးဆန်းသော ရထားတွဲများနှင့် အခြားအရာများအား မည့်သို့အသုံးပြုသည်ကိုပါ သူတတ်နိုင်သမျှ မြန်မြန် နားလည်ရပေမည်။ အရာအားလုံးကို တိတ်တဆိတ်နားလည်ပြီးနောက်မှသာ သူမကို သူပြောပြပေမည်။
ထိုအချိန်တွင် တကယ်လို့ တာအိုဆရာသခင် ပြောသလိုသာ မှန်နေမယ်ဆိုရင် အမှတ်၂၀၀ စုဆောင်းပြီးတဲ့နောက်မှာ သူမရဲ့ကမ္ဘာဆီကို သူသွားခွင့်ရပြီးတော့ သူမကို တွေ့လို့ရမည်။ အဲဒါဆို သူ့ဘေးမှာ စိတ်ရှုပ်ထွေးပြီး ခိုကိုးရာမဲ့ပြီးတော့ သူမရဲ့ အကူအညီကို လိုနေတဲ့ နှစ်တစ်ထောင်လောက်က ရှေးဟောင်းလူကြီးလို ဖြစ်မနေလောက်တော့ချေ။
အရေးကြီးဆုံး အကြောင်းအရင်းကတော့ သူမလိုမျိုး စခရင်ပေါ်လာပြီးတော့ သူမကို သူမြင်နေရတယ်လို့ ပြောလိုက်တာနဲ့ သူမက ကြောက်သွားပြီးတော့ သူမရဲ့ ကမ္ဘာထဲမှာ သူဝင်ပါတာကို အလိုမရှိမှာနဲ့ သူမဘေးက လူတွေကို သူမြင်တာကို အလိုမရှိမှာမျိုးတွေကို လုဟွမ် ကြောက်မိတာပင်။
အခုအချိန်မှာတော့ သူ့ဘက်မှာ ဘာလို့ ဒီလို စခရင်မျက်နှာပြင် မျိုး ပေါ်လာလဲ သူကိုယ်တိုင်လည်း မသိပေ။
တစ်ခုခု မှားနေတာလို့ပဲ သူ မှတ်ယူနိုင်၏။
ပြီးတော့ ဒီလို နှစ်ပေါင်းထောင်ချီ ကူးနိုင်တဲ့ ကြားခံမျက်နှာပြင်မျိုးက သူမရဲ့ကမ္ဘာမှာ ဖန်တီးထားတဲ့ အရာပင်။ တခြားနည်းနဲ့ ပြောရရင်တော့ အစပြုမှုက လုံးဝ ရှောင်ရှီရဲ့လက်ထဲမှာပဲ ရှိတာဖြစ်သည်။ သူ့ဘက်က စခရင်ကို ရှောင်ရှီ ပိတ်ချင်တယ်ဆိုရင် သူမက တိုက်ရိုက်လုပ်လိုက်လို့ရပေ၏။
ဒါပေမယ့် သူ့ဘက်ကတော့ အတော်လေး ပြုသမျှနုရမယ့်ပုံပင်။
သူ့အတွက်တော့ သူမဟာ အရေးအကြီးဆုံးတစ်ယောက်ပေမယ့် သူမဘေးမှာတော့ လူတွေအများကြီးရှိသေး၏။ သူမအတွက် သူဟာ နှစ်ပေါင်းတစ်ထောင်အကွာက ကစားဖော်ကစားဖက်ပဲ ဖြစ်လောက်မည်။ ဒါမှမဟုတ် သူမရဲ့ စိတ်ထဲက အတွေးတွေ အရဆိုရင် သူမ ပျိုးထောင်ခဲ့တဲ့ သားပေါက်လေးတစ်ကောင်ပေါ့။
‘နှစ်ပေါင်းတစ်ထောင်အကွာက လူအိုကြီးက သူမ နေတဲ့ကမ္ဘာကို နားလည်ချင်တယ်၊ သူမကို မျက်နှာချင်းဆိုင်တွေ့ချင်တယ်၊ ပွေ့ဖက်ချင်တယ်၊ သူမကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်တဲ့ ဆန္ဒတောင် ရှိတယ်ဆိုတာ သူမ သိသွားခဲ့ရင် ထွက်ပြေးချင်မိမှာလား။ သူနဲ့ သူမရဲ့ကြားက ဆက်ဆံရေးကို လုံးဝ ဖြတ်တောက် ပစ်လိုက်မှာလား’
လုဟွမ်၏ စိတ်သည် အနည်းငယ်နိမ့်ကျပြီး အနည်းငယ်ရှုပ်ထွေးနေခဲ့၏။
သို့သော် ယခုအချိန်၌ အရေးကြီးကိစ္စ နှစ်ခုသာရှိလေသည်။ တစ်ခုမှာ မျက်နှာပြင်၌ ဖော်ပြထားသည့် လုပ်ဆောင်ချက် တသီတတန်းကို တတ်နိုင်သမျှမြန်မြန် ပြီးမြောက်ရန်ဖြစ်သည်။ သူ့ခန့်မှန်းချက်မှန်လျှင် ထိုလုပ်ဆောင်ချက်အားလုံးသည် သူ့အတိတ်နှင့်ဆိုင်၏။ ထို့နောက် အခြားတစ်ခုမှာ သူမ မင်းဆက်၏ အသစ်အဆန်းများကို တတ်နိုင်သမျှမြန်မြန် နားလည်ရန်ဖြစ်လေသည်။
ဤအကြောင်းတွေးပြီး လုဟွမ် စိတ်သက်သာရာရသွားလေသည်။ ပုံမှန်အတိုင်းပင် သူမသည် သူ့ဘေးမှ ဝိညာဉ်တစ်ခု ဖြစ်သည်ဟု တွေးကာ ပြုံး၍ ပြောလိုက်လေသည်။
“စစ်သူကြီးကျန့်ယွမ်ရဲ့ စစ်တပ်က မြောက်ပိုင်းဒေသကို သွားတော့မယ်တဲ့။ ဒီရက်ပိုင်းထဲမှာ စစ်တပ်နဲ့ ကိုယ် စထွက်တော့မယ်။ စစ်တပ်ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဌာနကနေ ကိုယ့်တာဝန်ကို ရပ်စဲနေစဉ်အတွင်းမှာ အရင်ဆုံးပစ္စည်းတွေကို ထုတ်ပိုးလိုက်မယ်”
စုရှီသည် စခရင်ပြင်ပမှ ခေါင်းညိတ်လိုက်၏။ အမှန်ပင်။ အဓိက လုပ်ဆောင်ချက်က အဆင့်မြင့်လုပ်ဆောင်ချက် ဖြစ်နေလေပြီ။ ကျိုက်ကျိုက်သည် သူ့ရဲ့ ဧကရာဇ်ဖြစ်မည့် ခရီးလမ်းကို တစ်ဝက်လောက်တော့ ရောက်နေပြီ ထင်ရ၏။ မြောက်ပိုင်းဒေသကို သွားတဲ့လမ်းမှာ သူက ယွင်ကျိုးကို ဖြတ်သွားရလိမ့်မည်။ နန်းတော်မှာ တိုက်ခိုက်ခံရမယ့် ဧကရာဇ်ကို သူက ကယ်ရပေမည်။
သူနဲ့ ဧကရာဇ် မျက်နှာချင်းဆိုင် တွေ့ရမှာ ဒါပထမဆုံးအကြိမ် ဖြစ်လိမ့်မည်။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ညစာစားပွဲမှာ လူအများကြီးရှိခဲ့သည်။ ဧကရာဇ်ကလည်း ဝိုင်သောက်ခဲ့တာကြောင့် ကျိုက်ကျိုက်ရဲ့ ပုံပန်းသွင်ပြင်ကို သေချာမြင်လိုက်မှာ မဟုတ်ပေ။
ဤအကြိမ်တော့ ဧကရာဇ်နဲ့ မင်းသားကိုး ဖြစ်တဲ့ ကျိုက်ကျိုက်တို့ တွေ့ကြပြီဖြစ်၍ တစ်ခုခုတော့ ဖြစ်သင့်ပေသည်။
သူမသည် စခရင်ကို ဗီရိုဆီသို့ အမြန်ဆွဲလိုက်ကာ ဗီရိုထဲမှ အဝတ်ထူအားလုံးကို ဆွဲထုတ်လိုက်၏။ သူမက ယင်းတို့ကို ကျိုက်ကျိုက်၏ အိပ်ယာပေါ်ပစ်ပေးပြီး ပြောလိုက်လေသည်။
“မြောက်ပိုင်းဒေသက အေးစက်နေတာ။ မကြာခင်လည်း ဆောင်းတွင်း ရောက်တော့မယ်။ နွေးမယ့်အဝတ်တွေ ပိုယူသွားမှဖြစ်မယ်”
လုဟွမ်သည် စခရင်ပေါ်မှ စာတန်းနှင့် အဝတ်များ ထုတ်ပိုးရန် ဗီရိုတစ်ခုမှ တစ်ခုဆီသို့ ပြေးလွှားနေပြီး သူ့အား ကူညီပေးနေသော လူကို ကြည့်လိုက်လေသည်။ သူ့နှလုံးသားထဲတွင် အနွေးဓာတ်လှိုင်းတစ်ခု ဖြတ်သန်းသွား၏။
သူသည် သူ့နှုတ်ခမ်းများကို စုပြီး ပြုံးလိုက်လေသည်။ အဝတ်များကို ဆက်ခေါက်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်လေ၏။
“ကောင်းပါပြီ။”
ကျိုက်ကျိုက်သည် ပစ္စည်းများ ထုတ်ပိုးရာတွင် ကျွမ်းကျင်လေသည်။ စုရှီသည် စခရင်ကိုဖြတ်ကာ အများကြီး မကူညီပေးနိုင်ချေ။ တံစက်မြိတ်များအောက် ဖြတ်လျှောက်ပြီး မီးအိမ်များကို ဖြုတ်နေသော ကျိုက်ကျိုက်ကို သူမ မြင်လိုက်ရ၏။ ထို့နောက် သူသည် သူမ မြေကြီးထဲတွင် မြှုပ်ထားသော သေတ္တာကို ခရီးဆောင်အိတ်အပုံထဲသို့ ထည့်လိုက်လေသည်။ သူမသည် မတတ်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားလေ၏။
“ငါတို့စစ်တိုက်သွားတာ ဒါကို သယ်သွားမလို့လား”
လုဟွမ်သည် သူမနှင့် ပို၍ စကားပြောနိုင်လေပြီ။ သူမ၏ မဟုတ်ဘူး ဟူသော အဖြေကိုသာ ရရန် သူမကို မေးခွန်းများ မေးစရာမလိုတော့ချေ။ သူအလွန်ပျော်လေသည်။ သူပြောလိုက်လေ၏။
“အဆင့်နိမ့် အဆင့်လေး အရာရှိရဲ့ လစာက တော်တော်တိုးလာပြီ။ မြို့ထဲမှာ အိမ်ဝယ်ဖို့ ကိုယ်စဉ်းစားထားတယ်။ ဒါသယ်သွားရင် အဲဒါက ကိုယ်တို့အနာဂတ်အိမ်ပဲ”
ယခင်က စစ်တပ်ရေးရာဝန်ကြီးရုံးဆီသို့ နင်းဖူမင်းသားသွားချိန်တွင် သူတို့သည် တစ်စုံတစ်ယောက်၏ အမိုးအောက်တွင် နေနေခြင်းမဟုတ်လျှင် ကိစ္စများကို အလျင်အမြန် ပြုလုပ်နေခြင်း ဖြစ်လေသည်။ သူတို့ တစ်ဦးတစ်ယောက်မှ အိမ်အမှန် မရှိကြချေ။ မြို့ပြင်မှ အိမ်ယာမှာလည်း ချန်ကုန်းဝူနှင့် အလုပ်သမားများနေရန် နေရာသာဖြစ်လေသည်။ ထို့ကြောင့် ယခု ကျိုက်ကျိုက်ဝယ်ရန် စီစဉ်ထားသော အိမ်ရာကို သူတို့၏ ပထမဆုံးအိမ်ဟု မှတ်ယူ၍ရလေပြီ။
စုရှီ၏ နှလုံးသားတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားလေသည်။ စခရင်ကိုဖြတ်ပြီး ကျိုက်ကျိုက်၏ ခေါင်းကိုပုတ်ပေးရန် လက်လှမ်းကာ သူမ ပြုံးလိုက်လေသည်။
“အဲဒါလည်း ကောင်းတာပဲ”
သို့သော် သူမ၏ လက်ထိပ်များ စခရင်ကို ထိလုနီးပါးဖြစ်ချိန်တွင် သူမ မလုပ်နိုင်ချေ။
‘အတိတ်တုန်းက ကျိုက်ကျိုက်က ဘောလုံးလေးလိုပဲ။ လူတွေကို တစ်ချိန်လုံး သူ့ကို ပွတ်သပ်ချင်အောင်လုပ်တဲ့ ဆန်မုန့်လုံးလေးနဲ့တူတယ်’
‘ဒါပေမယ့် အခုတော့ ကျိုက်ကျိုက်က ညတွင်းချင်းပဲ အရွယ်ရောက်လာတဲ့ ပုံပေါ်တယ်။ သူက ချောမောပြီး ရည်မွန်တဲ့ လူငယ်လေးဖြစ်လာပြီ’
သူမ လက်လှမ်းတော့မည်ဟု သူအာရုံခံမိချိန်တွင် သူ့ခေါင်းကို အနည်းငယ်စောင်းလိုက်၏။ သူ့၏ ချောမောသော မျက်နှာသည် အရည်ပျော်နေသော နှင်းကဲ့သို့ပင်။ ဖယောင်းတိုင် မီးရောင်အောက်တွက် သူ့မျက်လုံးများသည် တောက်ပစွာ လင်းလက်နေလေသည်။ စုရှီကို ရင်ခုန်သွားစေလေသည်။
သူ့၏ ခေါင်းကိုထိတော့မည့် သူမ၏ လက်ထိပ်များသည် ရုတ်တရက် သူ့ပခုံးပေါ်သို့ ကျရောက်သွားလေသည်။ သူမ ထိတ်လန့်သွားပြီး အလွန်အကျွံဖိချလိုက်လေ၏။
စခရင်ပေါ်တွင် ကျိုက်ကျိုက်၏ လက်မောင်းရိုးလွဲလုနီးပါးပင်။
“...”
စုရှီ အလျင်အမြန်ပြောလိုက်လေသည်။
“ငါ ငါ တောင်းပန်ပါတယ်။ မတော်တဆ အားအများကြီး သုံးမိသွားတယ်။”
သူမသည် စခရင်ကို ဖြတ်ကာ အားအများကြီး မသုံးနိုင်ချေ။
လုဟွမ်သည် ခေါင်းကိုမော့ပြီး သူမ၏ ထူးထူးခြားခြား နီနေသော ပါးပြင်များကို ကြည့်လိုက်လေသည်။ သူ့စိတ်အခြေအနေ ရုတ်တရက် ကောင်းသွားလေပြီ။
“ရပါတယ်။ အားအများကြီး မသုံးလိုက်ဘူး။ မင်း အားဘယ်လောက်သုံးသုံး ကိုယ်ခံနိုင်ရည်ရှိပါတယ်”
သူ့နှုတ်ခမ်းများကို စုပြီး အဝတ်များ ထုတ်ပိုးခြင်းကို အာရုံစိုက်နေဟန်ဆောင်လိုက်လေသည်။
စုရှီသည် ကျိုက်ကျိုက်၏ ခေါင်းကို ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်လေသည်။ နေလုံးကြီးက ရုတ်တရက်ကြီး ကျိုက်ကျိုက်ရဲ့ ခေါင်းပေါ်မှာ ပေါ်လာ၏။
‘ဘာဖြစ်နေတာလဲ။ သူ့ ပခုံးရိုး လွဲတော့မလို ဖြစ်သွားပေမယ့် သူက ပျော်နေသေးတယ်။ နည်းနည်း ဘဝင်ခိုက်နေတဲ့ပုံတောင် ဖြစ်နေသေးတယ်။ ဘာတွေဖြစ်နေတာလဲ’
သူတို့နှစ်ယောက် နောက်ဆုံးတော့ ပြောဆို ဆက်ဆံနိုင်လေပြီ။ မနေနိုင်ဘဲ စကားအများကြီး ပြောမိကြလေသည်။ အထူးသဖြင့် စုရှီသည် စကားပြောစာတန်းကြီး ဖြစ်လာလေ၏။ ခဏလောက် ယွင်ရှိုးဖန်အကြောင်း သူမ ပြောလေသည်။ နောက်တစ်ချိန်တွင် ပန်းထိုးဘောလုံးအကြောင်း ပြောစဉ်… ကျိုက်ကျိုက်၏ မျက်နှာ ပို၍ မဲမှောင်သထက် မဲမှောင်သည်ကို မြင်ပြီး သူမသည် ရယ်မောကာ စကားလမ်းကြောင်းလွှဲလိုက်လေသည်။
သို့သော် ပြင်ပအားကစားလုပ်ပြီးနောက် စုရှီသည် စောစောပြန်လာခဲ့သည်။ နာရီဝက်လောက် ကျိုက်ကျိုက်နှင့် ဆော့ရန်အတွက် ဆိုဖာပေါ် ထိုင်လိုက်၍ ရေချိုးရန် အချိန်မရှိချေ။ ထိုအချိန်တွင် ချွေးများဖြင့် နစ်နေသောကြောင့် သူမ အနည်းငယ် မသက်မသာ ဖြစ်နေလေသည်။ ထို့ကြောင့် လိုင်းဆင်းပြီး ရေချိုးရန် ဆုံးဖြတ်လိုက်လေသည်။
လိုင်းမဆင်းခင်တွင် သူမသည် ကျိုက်ကျိုက်ကိုပြောခဲ့၏။
“ငါလုပ်စရာလေးရှိသေးတယ်။ အရင်သွားနှင့်မယ်။ ညမှလာပြီး ဆက်ဆော့ပေးမယ်နော် ကျိုက်ကျိုက်”
ကျိုက်ကျိုက်သည် သူ့ကို ကျိုက်ကျိုက်၏ ခေါ်ခြင်းကို မကြိုက်ကြောင်း စုရှိသတိရသွား၏။ သူမ မနေနိုင်ဘဲ နှုတ်ခမ်းကိုက်ကာ ပြုံးမိလေသည်။ သူ့နာမည်ကို သူမ ပြောင်းခေါ်လိုက်လေသည်။
“မနက်ဖြန် တွေ့မယ်နော် ရှောင်ကျိုက်”
နာမည်အသစ်နှင့် ပတ်သက်၍ လုဟွမ်သည် အနည်းငယ် မကျေမနပ်ဖြစ်မိ၏။ သို့သော် ယခင်နာမည်ထက် ပိုသာလေသည်။ ထို့ကြောင့် သူလက်ခံလိုက်ရ၏။ စုရှီကို သူပြောလိုက်လေသည်။
“ကိုယ်နဲ့ မြောက်ပိုင်းဒေသကို လိုက်ပေးမှာလား”
“ပေါက်ကရ။ ဒါပေါ့။ နင်နဲ့ အတူ လိုက်မှာပေါ့”
စုရှီသည် တွန့်ဆုတ်မှုမရှိဘဲ ဖြေဆိုလိုက်၏။
သေချာမှုဆေးလုံးတစ်ခု မြိုချလိုက်သလို နှုတ်ခမ်းများကွေးတက်လာသော ကျိုက်ကျိုက်ကို မြင်ပြီး စုရှီသည် ပြုံးကာ လက်လှမ်းလိုက်ပြန်၏။ သူ့လက်ကို အမြန်ရိုက်ကာ နေ့စဉ် ကျိုက်ကျိုက်ခေါင်းကို ပွတ်ပေးတတ်သော သူ့အကျင့်ကို ပြင်ရန် ဆုံးဖြတ်လိုက်၏။ သူမသည် နောက်လှည့်ကာ ကျိုက်ကျိုက်၏ အင်္ကျီလက်ကို ဆွဲပြီး ပြောလိုက်လေ၏။
“သွားတော့မယ်နော် ဘိုင်ဘိုင်”
လုဟွမ်သည် နောက်ဆုံးစကားလုံးနှစ်လုံး၏ အဓိပ္ပာယ်ကို မသိသော်လည်း “တာ့တာ” နှင့် အဓိပ္ပာယ်တူသည်ဟု အကြမ်းဖျင်းခန့်မှန်းလိုက်၏။ ထို့ကြောင့် သူမကို ကူးချပြီး “ဘိုင့်ဘိုင်” ဟု ပြောလိုက်လေသည်။
စုရှီသည် စခရင်ပြင်ပတွင် အလွန်အကျွံ ရယ်လေသည်။ နောက်ဆုံးတော့ သူမဖုန်းကို ပိတ်လိုက်လေပြီ။
သူမ ဖုန်းကို ဆိုဖာပေါ် ပစ်တင်ပြီး သီချင်းဖွင့်ရန် NetEase ကို ဖွင့်လိုက်လေသည်။ ထို့နောက် တဘက်ကိုယူကာ ရေချိုးခန်းထဲသို့ သွားရန် ထရပ်လိုက်လေသည်။
တခြားတစ်ဖက်တွင် စခရင် မပိတ်ရသေးသော လုဟွမ်သည် ဆိုဖာပေါ်တွင် သူမထားခဲ့သော ချပ်ပြားအမဲလေး ကို ထိတ်လန့်နေသော အမူအရာဖြင့် ကြည့်နေလေသည်။
‘အဲဒီ ချပ်ပြားအမဲက သီချင်း ဆိုနိုင်တာလား’
လုဟွမ်သည် ကုတင်ပေါ်ထိုင်ကာ သူ့ရှေ့မှ စခရင်ကို ရွေ့ရန် လက်ကို ဝှေ့ရမ်းလိုက်လေ၏။ ထို့နောက် စခရင်ကို အကျယ်ချဲ့ရန် လိုက်စမ်းပြီး ဆိုဖာပေါ်မှာ ချပ်ပြားအမဲ ကို ထိရန် ကြိုးစားလေသည်။ ချပ်ပြားအမဲ သည် ချက်ချင်း လင်းလာပြီး ‘လက်ဗွေရာဖြင့် လော့ဖြည်ခြင်း’ ဟူသော စကားလုံးများ စခရင်ပေါ်တွင် ပေါ်လာလေသည်။
နောင်နှစ်တစ်ချိန်ကြာတဲ့အခါ လူမှုတိုးတက်မှုက အတော် အဆင့်အတန်းမြင့်တာပဲ ဆိုပြီး လုဟွမ် ခံစားလိုက်ရ၏။ အခုချိန်မှာတော့ ချပ်ပြားအမဲက ဘာလဲ၊ ဘာလို့ လမ်းပေါ်က လူတွေက အဲဒါကို အသံလွှင့်ကိရိယာအဖြစ် သုံးကြတာလဲ၊ ပြီးတော့ ဘာလို့ လူတစ်ချို့က သီချင်းဖွင့်ဖို့ သုံးကြတာလဲ သူ အဖြေရှာမရသေးပေ။ သူမက အဲဒါကို လိုက်ကာအဖြစ်တောင် သုံးနိုင်သည်။
စုရှီ အခန်းလေးတွေထဲမှ တစ်ခန်းထဲသို့ ဝင်သွားသည်ကို လုဟွမ် တွေ့လိုက်ရသည်။
သူသည် အခန်းလေးထဲ တစ်ခါမှ မဝင်ဘူးချေ။ ထို့ကြောင့် အင်တာဖေ့ကို ဖြတ်ရန် သူကြိုးစားကြည့်လေသည်။
ကြေးမှန်တစ်ချပ်ရှေ့တွင် ရှောင်ရှီသည် သူ့မျက်နှာကို အမြုပ်တစ်ခုနှင့် ပွတ်နေသည်ကို သူတွေ့လိုက်ရ၏။ အခန်းလေးထဲတွင် လုဟွမ်သည် စခရင်ကို ကြည့်လိုက်ပြီး အိမ်သာခွက်နှင့် တူသည့်အပြင် ရေတွင်းနှင့်လည်းတူသော အဖြူရောင်အရာကို တွေ့လိုက်ရ၏။
မီးအိမ်ကို ခေါင်မိုးပေါ်တွင် တပ်ထားလေသည်။
‘နှစ်ပေါင်းတစ်ထောင်ကြာတဲ့အခါမှာ အလင်းရောင်ရဖို့ ဖယောင်းတိုင်မီးကို အသုံးမပြုတော့တဲ့ပုံ ပေါ်တယ်’
သူ၏ ခရီးဆောင်အိတ်ကို ထုတ်ပိုးရင်း သေချာကြည့်ချင်မိသည်။ သို့သော် ထိုအချိန်တွင် ရှောင်ရှီသည် ရုတ်တရက် အင်္ကျီများ စချွတ်သည်ကို သူ တွေ့လိုက်ရ၏။
လုဟွမ်၏ မျက်နှာသည် ရုတ်တရက် နီရဲလာလေသည်။ သူ သေချာမမြင်ရခင်တွင် စခရင်ကို အမြန်ပိတ်လိုက်လေသည်။
သူ့နှလုံးသည် အလွန်အခုန်မြန်နေလေ၏။ သူသည် စားပွဲဆီသို့ လျှောက်သွားပြီး အသက်ဝဝရှူကာ သူစိတ်မအေးခင်တွင် “ကျင့်ဝတ်ဖောက်ဖျက်သည့်အရာများကို မကြည့်ပါနှင့်၊ ကျင့်ဝတ်နဲ့ မညီသော အရာများကြောင့် မယိုင်နဲ့စေနဲ့” ဟူ၍ အကြိမ်တစ်ရာ ကူးရေးကာ သူ့ကိုယ်သူ အပြစ်ပေးလိုက်လေသည်။
လုဟွမ်သည် သူ့ပစ္စည်းများကို အမြန်ထုတ်ပိုးလေသည်။ စစ်သူကြီးကျန့်ယွမ်၏ စစ်တပ်များသည် နှစ်ရက်အကြာတွင် စထွက်လေမည်။ သူသည် မြင်းပေါ်တက်ကာ ယခင်တစ်ခေါက် မြားပစ်ကွင်းတွင် တွေ့ခဲ့သော လူအချို့နှင့်အတူ ဝမ်စန်းချန်မှ ထောက်ပံ့ပေးသော ရိက္ခာနှင့် မြောက်ပိုင်းဒေသသို့ ချီတက်မည်ဖြစ်၏။
ချီတက်မှုသည် ရှည်လျားပြီး ခက်ခဲ၏။
စုရှီက ဝိညာဉ်ဖြစ်တယ်လို့ သူတွေးလိုက်တဲ့အခါမှာ အရင်က သူ့နောက်ကို အဝေးကြီးမလိုက်ဖို့ ပြောမယ်လို့ စီစဉ်ထားခဲ့သည်။ ဒါပေမယ့် အခုတော့ သူမက တက်ပလက်ကို လော့ဖြည်လိုက်တာနဲ့ မြောက်ပိုင်းဒေသကို တိုက်ရိုက်ရောက်တယ်ဆိုတာ သိလိုက်ရတော့ သူစိတ်အေးသွား၏။
စစ်တပ်သည် ရက်အနည်းငယ်အကြာလောက် ခရီးထွက်ကြလေသည်။ ရွာတစ်ရွာထဲတွက် စခန်းချသောအခါ လုဟွမ်သည် တဲဆီသို့ တစ်ယောက်တည်း ပြန်လာလေ၏။ စခရင်ကို မဖွင့်ခင် တဲ၏ ကန့်လန့်ကာများကို တင်းကြပ်စွာ ပိတ်လေသည်။
ယခင်ရက်အနည်းငယ်လောက်တွင် သူတို့သည် လမ်းပေါ်တွင်သာ ရှိနေခဲ့၏။ ထို့ကြောင့် ညဘက် တဲထဲတွင် သူတို့နှစ်ယောက်တည်း ရှိချိန်တွင်မှသာ စကားပြောကြရလေသည်။
ဤအချိန်တွင် သူမ ရှိသည့် နေရာ၌ နံနက်အစောပိုင်းဖြစ်ပုံရ၏။
လုဟွမ်သည် ကောက်ရိုးဖျာပေါ်တွင် ခြေချိတ်ထိုင်လေသည်။ သူ့အိမ်ထဲမှ အဓိကခန်းမရှိ ထိုင်ခုံပေါ်တွင် တင်ထားသော စာအုပ်နှစ်အုပ်ကို သူယူလိုက်၏။ သူမ မဂ္ဂဇင်းဟု ခေါ်သော အရာများ ဖြစ်ပေလိမ့်မည်။ ပြီးနောက် စခရင်ကို ဖြတ်ကာ ဂရုတစိုက် လှန်လေသည်။ သူမ နိုးလာသည်ကို စောင့်ရင်း ဤအထွေထွေစာအုပ်မှ သူမတို့ ကမ္ဘာမှ မင်းဆက်ကို စကားလုံးအသစ်များကို မှတ်ရန် သူကြိုးစားလေသည်။
နေထွက်လာသောအခါ သူ့အိမ်၏ တခြားအခန်းတံခါးသည် ရုတ်တရက်ပွင့်လာလေ၏။ လူလတ်ပိုင်း ကာတွန်းဇာတ်ဆောင်များ ထွက်လာလေသည်။
လုဟွမ်သည် အနည်းငယ် ပြုံးလိုက်လေသည်။ ယခင်ရက်ပိုင်းလောက်ကတည်းက ထိုလူများကို သူမြင်ဖူးပြီးလေပြီ။ ဤဇာတ်ကောင်နှစ်ခုသည် ဖေဖေစုနှင့် မေမေစု ဖြစ်၏။
သူသည် ဖေဖေစုနှင့် မေမေစုကို တိတ်တဆိတ် နှုတ်ဆက်လိုက်သော်လည်း ထိုနှစ်ဦးသည် သူ့တည်ရှိမှုကို မသိချေ။ နှစ်ယောက်သည် သမ်းဝေလိုက်ပြီး နံနက်စာကို ကုန်အောင် စားလိုက်ကြလေသည်။ စားပွဲရှည်ပေါ်တွင် စုရှီအတွက် ချန်ထားပြီး သူတို့အိတ်များဖြင့် ထွက်သွားကြလေသည်။ သူ ရုံးတော်ကို အမြန်သွားရသကဲ့သို့ သူတို့လည်း တစ်နေရာရာ သွားကြသည်ထင်၏။
လုဟွမ်သည် ထရပ်လိုက်ပြီး သူ့ဘေးတွင် ဖယောင်တိုင်မီးများ ထပ်ထားလိုက်၏။ သူစောင့်သော်လည်း စူရှီ၏ အခန်းတံခါးသည် ပွင့်မလာသေးချေ။
ယခင်တစ်ခေါက် ရေချိုးခန်းထဲတွင် ဖြစ်သောအရာ ထပ်ဖြစ်မည်ကို သူ စိတ်ပူမိသဖြင့် ရှောင်ရှီ၏အခန်း အင်တာဖေ့သို့ အလွယ်တကူ မပြောင်းရဲချေ။
သို့သော် ဒီနေ့သည် သူကျောင်းသွားရမည့် ရက်ဖြစ်လေသည်။ သူ(မ)၏ကမ္ဘာရှိ စာအုပ်များမှ လုဟွမ် သင်ယူထားပြီး ကျောင်းတော် ကို ကျောင်းဟု ခေါ်လေ၏။
သို့သော် သူ(မ) မထသေးချေ။
လုဟွမ်သည် စူပုတ်နေလေသည်။ စားပွဲပေါ်မှ ကြက်ဥနှင့် ဆန်ပြုတ်သည် အေးတော့မည်ဟု ခံစားသဖြင့် ၏ခရင်မှ ဆန်ပြုတ်ကိုယူကာ မီဖိုးချောင် အင်တာဖေ့သို့ မကျွမ်းမကျင် ရွေ့လိုက်၏။ သူသည် အမဲရောင် သေတ္တာထဲသို့ အရာနှစ်ခုကို ထည့်လိုက်၏။
ဤအရာသည် မိုက်ခရိုဝေ့ မီးဖိုဟု ခေါ်သော အရာဖြစ်၏။ တစ်နေ့က စာအုပ်ထံတွင် ဤအရာအတွက် ကြော်ငြာကို သူတွေ့လိုက်ရ၏။ ယင်းနှင့် စမ်းတဝါးဝါး လုပ်လိုက်ပြီး အလွန်ရိုးရှင်းပြီး အသားကျလွယ်ကြောင်း သိလိုက်ရ၏။ နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် နည်းပညာသည် အလွန်အဆင်ပြေလေသည်။
ခဏကြာပြီးနောက် ပလတ်စတစ်ဘူးထဲသို့ ဆန်ပြုတ်ကိုထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်၏။
လုဟွမ်၏ မျက်ခုံးများ ဖြေလျော့သွား၏။ အခုဆို နွေးလောက်လေပြီ။
သို့သော် ရှောင်ရှီသည် ထွက်မလာသေးချေ။
လုဟွမ်သည် မိန်းခန်းမထဲရှိ နံရံပေါ်မှ နာရီကို ကြည့်လိုက်လေသည်။ ရှောင်ရှီ၏ သူ့ဖိနပ်ကိုအမြန်စီးပြီး ကျောင်းသွားနေကြ အချိန်ကို ကျော်လွန်သွားလေပြီ။ သူသည် မနေနိုင်ဘဲ မျက်လုံးထဲတွင် စိတ်ပူသော အရိပ်အယောင် ဖြစ်မိလေသည်။
နှစ်စက္ကန့်လောက် တွေးဆပြီးနောက် သူ(မ)အခန်း၏ အင်တာဖေ့သို့ ပြောင်းလိုက်လေ၏။
သို့သော် စောင်အထူခြုံထားပြီး အိပ်ရာပေါ်တွင်လှဲနေသော သု(မ)ကို တွေ့ခိုက်ရ၏။ သူ(မ)မျက်လုံးများသည် တင်းကြပ်စွာ ပိတ်ထားပြီး မျက်နှာသည် ဖြူဖျော့နေလေသည်။ သူ့ဗိုက်ကို ကိုင်ထားပြီး ဘောလုံးကဲ့သို့ ကွေးနေလေသည်။
လုဟွမ်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ့နှလုံးသည် ရုတ်တရက် တင်းကြပ်သွားလေသည်။ ကောက်ရိုးဖျာပေါ်မှ သူသည် ရုတ်တရက် ထရပ်လိုက်လေ၏။