← Chapters

Chapter 54

Vol. 6 Ch. 54

Chapter 54

Vol. 6 Ch. 54

စုရှီတွင် ငယ်စဥ်တည်းကပင် ထိုပြဿနာရှိခဲ့သည်။ သူမခန္ဓာကိုယ်သည် အနည်းငယ်အေးစက်နေတတ်သည်။ ဓမ္မတာလာချိန် ဗိုက်အောင့်၍ ကိုက်ခဲနေခြင်းသည် အင်မတန်မှ နာကျင်ရသည့်အတွက် သူမ သေပစ်လိုက်ချင်သည်အထိပင်။ အိပ်ရာပေါ်တွင် လူးလှိမ့်နေရ၏။

သူမ နာကျင်မှုဝေဒနာကြောင့် မျက်မှောင်ကြုတ်ထားသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကိုပင် လှုပ်ရှားဖို့ ရုန်းကန်နေရပြီး ကုတင်ဘေးရှိ စားပွဲအံဆွဲကို ဖွင့်လိုက်သည်။ သို့သော်ငြား သူမ ရှာဖွေနေသည့် နာကျင်မှုသက်သာစေသည့် ဆေးမှာ ကုန်သွားတာ ကြာမြင့်နေလေပြီ။

သူမ အားနည်းစွာနဲ့ လှဲချလိုက်ပြီး ဘောလုံးလေးလို ကွေးကွေးလေးနေရုံသာ ရှိတော့သည်။

ထိုနေရာ၌ ခြေဖျားလက်ဖျား အေးစက်စွာနှင့် ခဏမျှ လှဲလှောင်းနေခဲ့သည်။ သူမနှဖူးမှာ ချွေးအေးများဖြင့် ပြည့်နေ၏။ သူမသည် အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ပင် လှဲနေရသည်။

ထင်ယောင်ထင်မှားဖြစ်မလား သူမ မရေရာသော်လည်း သူမ၏ ခြေဖဝါးအောက်၌ အနွေးဓာတ်လေးအား ရုတ်တရက် ခံစားမိနေသည်။ ယင်းမှာ ရေနွေးအိတ်လိုပင်။

တွေဝေမှုအရိပ်အယောင်လေး စုရှီ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ '.... ရေနွေးအိတ်က မနေ့ညတည်းက အေးနေပြီ မဟုတ်ဘူးလား။ ဘာလို့အခုမှ ရုတ်တရက်ကြီး ပူလာရတာလဲ?'

ကန့်လန့်ကာ အပြင်ဘက်၌ လုဟွမ်သည်လည်း ဓမ္မတာကြောင့် ဝမ်းဗိုက် နာကျင်နေသော အမျိူးသမီးအား ပထမဆုံးအနေဖြင့် ရင်ဆိုင်နေရသည်။ သူ့အနေဖြင့် မည်သို့မည်ပုံ လုပ်ရမည်ကို မသိဘဲ အနည်းငယ် ပျာယာခတ်နေလေသည်။

သူ နာကျင်မှုအားလျော့ချရန် ရွှမ်းဟူနှင့်ဝူလင်းကျစ် အား မည်သို့သုံးရမည်ကို ဆေးကျမ်းစာအုပ်များ၌ သင်ယူဖူးသည်။ သို့သော်ငြား ထိုနည်းလမ်းသည် သူ့ခေတ် သူ့မင်းဆက်တွင် သုံးသောနည်းဖြစ်သည်။ သူမ ကမ္ဘာတွင် အသုံးမပြုနိုင်ချေ။

သူမတွင် ပို၍ထိရောက်သော ဆေးဝါးများ ရှိနိုင်ပေသည်။ သို့သော် လုဟွမ်သည် သူမ၏ အိမ်နှင့် အိမ်နားတစ်ဝိုက်ရှိ နေရာအနည်းငယ်ကိုသာ သော့ဖွင့်နိုင်သေးသည်။ သူသည် ဆေးဆိုင်အား တစ်လီမျှသော အကွာအဝေး၌ ရှာမတွေ့နိုင်ချေ။ ရှာတွေ့စေကာမူ လုဟွမ် ပိုက်ဆံဖြင့် မဝယ်ယူနိုင်ပေ။

လုဟွမ်သည် မျက်မှောင်ကြုတ်ထားရင်း ဟိုဒီလျှောက်နေလေ၏။

အအေးဒဏ်ကြောင့် ဓမ္မတာလာချိန် ဗိုက်အောင့်ခြင်းသည် အပူအရင်းအမြစ် လိုလိမ့်မည်ဟု လုဟွမ် တွေးလိုက်သည်။ စခရင်မျက်နှာပြင် အပြင်ဘက်မှနေ၍ သူမ ခြေရင်းရှိ စောင်အား ဂရုတစိုက်ဖြင့် မတင်လိုက်ပြီး လုံးဝန်းသော အရာကို အခန်း အထဲသို့ ရွေ့ပြောင်းယူခဲ့သည်။ သူ အနက်ရောင် ဝါယာကြိုးရှည်အား ရှာတွေ့ပြီး ခန်းမထောင့်ရှိ ပလပ်ပေါက်နှင့် ချိတ်ဆက်လိုက်သည်။

မီးအနီရောင်လေးများ ထိုလုံးဝန်းသော အရာမှ ဖြေးမှိန်စွာ ထွက်ပေါ်လာသည့်အခါ ထိုအရာသည် နွေးနေနိုင်သည်။

ထို့နောက် လုဟွမ်သည် ၎င်းအား ညင်သာစွာ ယူလိုက်သည်။ စုရှီ မျက်လုံးများ မဖွင့်နိုင်ဘဲ မှေးမှိတ်ထား ဆဲပင်ရှိနေသည်။ သူမ ခြေရင်းရှိ စောင်အောက်သို့ ထိုအရာအား သွင်းလိုက်သည်။

အရင်ရက်များ၌ စုရှီ အိပ်ရာမဝင်မီ ထိုသို့ပြုလုပ်သည်ကို လုဟွမ် တွေ့ဖူးသည်။ ထိုလုံးဝိုင်းဝိုင်းအရာကြီးက ဘာကြီးမှန်း သူ မသိသော်ငြား သူ အကြမ်းဖျင်းအားဖြင့် ထိုအရာသည် လက်ဖြင့် ကိုင်လို့ရသည့် မီးသွေးမီးဖိုသာ ဖြစ်တန်ရာ၏ ဟု ခန့်မှန်းလိုက်သည်။

သူ့၌ ထက်မြက်သော ဦးနှောက်ရှိပြီး သူမြင်တွေ့ခဲ့သမျှ အရာအားလုံးကို မှတ်မိနိုင်သည်။ သူသည် သင်ယူရာလည်း လျင်မြန်ပြီး လက်တွေ့အသုံးချရာ၌လည်း ကျွမ်းကျင်စွာ အသုံးချနိုင်လေသည်။

သူ ထိုအရာအား ထားလိုက်သည့်အခါ စုရှီ၏ နာကျင်‌နေသည့် မျက်နှာပုံစံသည် နောက်ဆုံးတော့ ဖျော့တော့ကာ ပျောက်ကွယ်သွားသည်။ စုရှီ ခဏခဏ လူးလှိမ့် မနေတော့ချေ။ ထိုအခါမှသာ သူ သက်ပြင်းချနိုင်တော့သည်။

လုဟွမ် ကန့်လန်ကာ အား မီးဖိုချောင်ရှိရာသို့ ရွေ့လိုက်ပြီး ဗီရိုထဲမှ သကြားညိုအထုပ်အား ရှာတွေ့လေသည်။

နှစ်ထောင်‌ပေါင်းများစွာ ကြာပြီးနောက် မင်းဆက်သစ်၌ လုဟွမ်အတွက် အရာရာသည် အသစ်အဆန်းလိုပင်။

အဓိက ခန်းမကြီး၌ နံရံတွင် ကပ်‌နေသော လေးထောင့်ပုံ အမဲ‌ရောင် စရင်ကြီးအားလည်း သူ မကြိုက်ပေ။ တစ်ခါတစ်ခါ ထိုအရာကြီးအား စုရှီ ဖွင့်လိုက်သည့်အခါ အထဲမှာ လူပိစိလေးများစွာ ဆူညံသံများ ပြုလုပ်လေ့ရှိသည်။ တစ်ခါတရံ၌ သူတို့သည် ထူးဆန်းသော အကများ ၊ ကြမ်းတမ်းသော သီချင်းများနှင့်လည်း သီဆို ကခုန်လေ့ရှိသည်။

သို့သော်ငြား တစ်ခါတရံ စုရှီ ဖွင့်လိုက်သည့်အခါ သူ မသိသည့် ကာတွန်းဇတ်ကောင်လေးများက အချစ်နဲ့အမုန်းအား ကစားနေတတ်သည်။ စုရှီ အာလူး‌ကြော်ထုပ်ကြီးအား ဖက်ကာ ရယ်မောလေ့ ရှိသည်။ စခရင်မျက်နှာပြင်တစ်ဖက်ရှိ လုဟွမ်ကတော့ စစ်‌ရေးစစ်ရာများကို ကိုင်တွယ်ရင်း တဲထဲမှ ရံဖန်ရံခါ ကြည့်‌နေတတ်သည်။

ထိုအရာအား အရိပ်ရုပ်သေးပွဲအစစ်ဟု သူ အဓိပ္ပာယ် ဖွဲ့ဆိုထား‌သေးသည်။

ယင်းက အတော်လေး ကောင်း၏။

သူသည် စုရှီနှင့် ဇာတ်လမ်းပေါင်းများစွာကို ကြည့်ကာ ဇာတ်ကောင် တစ်ခုနှင့်တစ်ခုကြားရှိ ဆက်ဆံ‌ရေး အား နားလည်နိုင်ရန် ကြိုးစားသည်။ နှစ်တစ်ထောင်ကြာပြီးနောက် မင်းဆက်၏ အခေါ်အဝေါ်များကိုလည်း အရိပ်ရုပ်သေးပွဲအစစ်မှ သင်ယူခဲ့သေးသည်။

သို့သော် လုဟွမ် မီးဖိုချောင်အား အနှစ်သက်ဆုံးပင်။ သူ နားလည်လွယ်သည့် ပစ္စည်းအများစုအား မီးဖိုချောင်တွင် ရှာတွေ့နိုင်လေသည်။ နံရံ၌ ထောင်ထားသည့် သေတ္တာအရှည်ကြီးတွင် ဟင်းသီးဟင်းရွက်များအား သို‌လှောင်ထားနိုင်သည်။ သူဖွင့်လိုက်သည့်အခါ အေးစက်သော လေငွေ့များ ထွက်လာသည်။

သူ ဂျင်းအနည်းငယ် ရှိလိုရှိငြား လိုက်ရှာကြည့်သည်။

သို့သော် စုရှီ မ‌နေ့ည၌ အသုံးပြုခဲ့သည့် ဂျင်းအတုံး‌သေးသေးလေးပင် သူရှာတွေ့ခဲ့သည်။

လုဟွမ် မျက်မှောင် အနည်းငယ်ကျုံ့လိုက်သည်။ ဂျင်းမရှိဘဲ သကြားညိုနည်းနည်းပဲရှိရင် ဒီဆေးရည်က အကျိုးသက်ရောက်မှု အများကြီးရှိမှာ မဟုတ်တော့ပေ။

သို့တိုင် လောလောဆယ်၌ စခရင်မျက်နှာပြင် ပေါ်ရှိ "ဈေးဆိုင်" ဟုခေါ်သည့် ခလုတ်အား လုဟွမ် ရှာတွေ့ထားလေသည်။ သူ ဖွင့်လိုက်သည့်အခါ ငွေတုံးကို အသုံးပြုကာ အခြေခံပစ္စည်းများအား ဝယ်ယူနိုင်လေသည်။

ထိုအရာအား သူကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ဂျင်းအနည်းငယ်ကို ရှာ‌တွေ့ခဲ့သည်။ လက်ထဲရှိ ငွေတုံးအား အဆုံးရှုံး ခံလိုက်သည်။ ထို့နောက် အဝါ‌ရောင်အပိုင်းစ ဂျင်းတက်သည် စခရင်မျက်နှာပြင် ပေါ်ရှိ စဥ်းနီတုံး‌ ပေါ်၌ ပေါ်ထွက်လာလေသည်။

သူ စခရင်မျက်နှာပြင် အား လျင်မြန်စွာ ရွေ့လိုက်ပြီးနောက် မီးဖိုချောင်သုံးဓားကို သုံး၍ ဂျင်းကို အပိုင်းငယ်များဖြစ်အောင် ကျွမ်းကျင်စွာ လှီးဖြတ်လိုက်သည်။ ရေနွေးတည်ပြီးနောက် သန့်ရှင်း‌သော ဖန်ထည်အား သူ ရှာလိုက်သည်။ ထို့နောက် ဂျင်းနှင့် သကြား နှစ်ခုလုံးအား ရေနွေးနဲ့ ထည့်ကြိုလိုက်သည်။ နောက်ဆုံး၌ ယမန်နေ့က စုရှီ၏ ဟင်းချက်ပုံအား သင်ယူပြီးလေပြီ။ တူတစ်စုံအား ယူလိုက်ပြီး သကြားညို ဂျင်း ပြုတ်ရည်အား မွှေလိုက်သည်။

စုရှီ ခဏတာမျှ အိပ်ပျော်သွားခဲ့သည်။ သူမ ဆူညံသံအချို့အား ကြားသည့်အခါ မှိန်းမောနေရာမှ ဖြေးညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။‌ နောက်ဆုံး၌ သူမ ကုတင်ခေါင်းရင်းရှိ စားပွဲတွင် အငွေ့လှိုင်လှိုင်ထနေသည့် သကြားညိုဂျင်းပြုတ်ရည်တစ်ခွက် ရောက်ရှိနေသည်ကို သတိထားမိသွားသည်။

သူမ ထိတ်လန့်သွားပြီး အိမ်မက်မက်နေသည်ဟုသာ ထင်ခဲ့သည်။

'အမေနဲ့အဖေက အပြင်သွားကြပြီ မဟုတ်ဘူးလား? မဟုတ်ရင် သူပဲ အမှတ်မှားတာများလား?'

ဇဝေဇဝါဖြစ်ကာ အားနည်းနေသည့်အသံဖြင့် "အဖေပြန်ရောက်ပြီလား? အမေလား?"

မည်သူတစ်ဦးတစ်ယောက်မှ ပြန်မဖြေ‌ချေ။

စုရှီ စိတ်သည် ဓမ္မတာလာစဥ် နာကျင်ကိုက်ခဲမှုအား ခံစားရသောကြောင့် ရှုပ်‌ထွေးနေလေသည်။ ထို့ကြောင့် သူမ အများကြီးမ‌တွေးတော့ပေ။ ခေါင်းကိုမော့ရန် အားယူကာ သကြားညိုဂျင်းပြုတ်ရည်အား ဖြေးဖြေးချင်း သောက်လိုက်လေသည်။

သောက်လိုက်ပြီးနောက် ချက်ချင်းပင် အစာအိမ်မှ‌ ဝမ်းဗိုက်တစ်လျှောက် နွေးထွေးမှုအား သူမ ခံစားလိုက်ရသည်။ ထိုမှသာလျှင် သူမ နေထိုင်ရ အဆင်ပြေသွားလေသည်။

သူမ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ ခေါင်းအား စောင်ဖြင့် အုပ်ကာ ပြန်အိပ်လေသည်။ ဒီနေ့ မနက်ပိုင်းတစ်ချိန် ခွင့်ယူနိုင်‌လေသည်။

အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေချိန်၌ သူမနဖူးအား တစ်ယောက်ယောက် လာစမ်းသလို ခံစားလိုက်ရသည်။ အထိအတွေ့မှာ နူးညံ့လွန်းသည့်အတွက် စုရှီ တစ်ယောက် သူမမျက်နှာအား ခေါင်းအုံးနှင့် ထပ် ပွတ်သပ်လိုက်လေသည်။

လုဟွမ်ဘက်၌ ညဖက်ရောက်နေပြီ ဖြစ်သော်လည်း သူ့တဲထဲ၌ အလင်းတိုင်မှာ ဆက်လက် လောင်ကျွမ်းဆဲပင်။

သူ စခရင်မျက်နှာပြင်မှ တစ်ဆင့် အိပ်နေသည့်ကောင်မလေး၏ မျက်နှာအား ကြည့်နေသည်။ သူ အလွန်တရာပင် စိတ်ကျေနပ်နေလေသည်။ သူ့အနေဖြင့် သူမအား ဒီလိုနည်းဖြင့် အဖော်ပြုပေးနိုင်သည်မှာလည်း ကံကောင်းခြင်းပင်။

လုဟွမ် စခရင်မျက်နှာပြင်၏ အဓိကမစ်ရှင်နှင့် အပိုမစ်ရှင်များအား ပြီးမြှောက်ခြင်းဖြင့် သူ့ကြယ်ပွင့်များအား မြှင့်တင်နိုင်သည်ကို သိရှိထားသည်။ ထပ်ပေါင်းရသော စစ်မက်ရေးရာကိစ္စများအား ကြိုးစားပမ်းစား လုပ်ခြင်းဖြင့်လည်း သူ့ကြယ်ပွင့်များအား ဖြေးညှင်းစွာ တိုးမြှင့်နိုင်သည်။ စခရင်မျက်နှာပြင်သည် သူ့အား အဘယ်ကြောင့် ထိုနည်းဖြင့် ဖိအားပေးနေသည်ကို မသိသော်ငြား စုရှီအား အမြန်ဆုံးတွေ့နိုင်ရန် အရင်ကထက် အဆပေါင်းများစွာ သူကြိုးစားခဲ့သည်။ သူ၏ အိပ်ချိန်လည်း လျော့ချထားသည်။

နေ့တိုင်းလိုလို ညဥ့်အချိန် အနည်းငယ်မှလွဲ၍ သူ့တွင် ပျင်းရိ အလေလိုက်နေရန် အချိန်မရှိပေ။ သူ့ကိုယ်သူ ကျန့်ယွမ်စစ်သူကြီးအတွက် အရာရှိများ၏ စာရွက်စာတမ်းများကို စစ်ဆေးခြင်းလမ်းပေါ်တွင် ရိက္ခာကိစ္စနှင့် စပ်လျဉ်း၍ ရှေ့တန်းမှ အစီရင်ခံစာများကို နားထောင်ခြင်း၊ တပ်တွင်းရှိ အခြားအရာရှိများနှင့် ဆွေးနွေးခြင်းတို့ဖြင့် မြုပ်နှံထားသည်။ သူ့နှလုံးတစ်ခုလုံး ပြုတ်ထွက်မတတ် အလုပ်လုပ်နေသည်ဟု ပြော၍ ရသည်။

စစ်တပ်အတွင်းမှ လူများသည် လုဟွမ်၏ ရည်မှန်းချက်မှာ ဘာလဲမသိကြချေ။ သူ လဝက်လောက် ထိုကဲ့သို့ အလုပ်ကြိုးစား နေသည်ကိုသာ သူတို့ တွေ့မြင်နေရသည်။ ဒီလို ရေရှည်လုပ်နိုင်ခြင်းသည် သာမန်ကာလျှံလူ လုပ်နိုင်မည်မဟုတ်ပေ။ အလုပ်လုပ်ဟန်ဆောင်နေခြင်းသည် ပို၍ပင် မဖြစ်နိုင်ချေ။ သူတို့ အားလုံးလိုလိုပင် သူ့အား တဖြည်းဖြည်း အသိအမှတ် ပြုလာကြသည်။ သူသည် ငယ်ရွယ်ပေမဲ့ စင်ကြယ်သော နှလုံးသားရှိသူဟု သူတို့ ထင်ကြသည်။ သူသည် တိုင်းပြည်အား သစ္စာရှိရန် သန္ဓိဋ္ဌာန်ချထားပြီး သူနှင့် သိကျွမ်းဝင်ခွင့်ရသည်မှာ အင်မတန်မှ ထိုက်တန်ပေသည်။

ကျန့်ယွမ်စစ်သူကြီးသည် သူ မသိလိုက်ခင်မှာပင် လုဟွမ်သည် စခန်းရှိ စစ်သားများ၊ သူ့ လက်အောက် ငယ်သားများနှင့် သူငယ်ချင်းဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ သူ့မုတ်ဆိတ်မွေးများအား ပွတ်သပ်ပြီး အဝေးကနေ စိတ်လိုလက်ရ ပြုံးနေသည်။

ကျန့်ယွမ်စစ်သူကြီးသည် အခုလိုဖြစ်လာသည့်အတွက် တကယ်ပင်ပျော်ရွှင်နေမိသည်။

ထိုအချိန်တွင်ပင် လုဟွမ်သည် စခရင်မျက်နှာပြင် ၌ သူ့ကြယ်ပွင့်များအား ပိုမြှင့်တင်နိုင်မည့် သတိမထားမိသေးသည့် အပိုမစ်ရှင်တစ်ခုအား တွေ့လိုက်သည်။

သူ အလွန်တရာပင် ပျော်ရွှင်သွားပြီး အပိုမစ်ရှင်အား ဖွင့်လိုက်သည်။

စခရင်မျက်နှာပြင်၌ အချက်ပေးမှု တစ်စုံတစ်ရာ မရှိချေ။ အချက်ပြစနစ်သည် "အတိတ်မှ မစ်ရှင်များ ပြီးမြောက်သွားပါပြီ" ဟုပြောသည့် မြင်ကွင်းထဲသို့ သူ တိုက်ရိုက်ဝင်ရောက်လိုက်သည်။

'အတိတ်မှ မစ်ရှင်?' ထိုစခရင်မျက်နှာပြင်က အာကာသအတွင်း အချိန်နှင့်တပြေးညီ ရွေ့လျားနိုင်တဲ့ ရထားလုံးလိုလား?’

လုဟွမ်၌ မြင်ကွင်းအသက်ဝင်နေစဥ်၌ စဥ်းစားရန် အချိန်မရပေ။

ထိုအရာသည် စုရှီ အိမ်အောက်ထပ်မှ စတင်သည်။ စုရှီမိဘများသည် အစားအသောက်ဘူးများအား သယ်ယူနေပြီး တစ်နေရာရာအား သွားရန် အလျင်လို နေပုံရသည်။ သူတို့ အလျင်လိုနေတာကြောင့် စုရှီ၏ အမေသည် သူ့ခြေထာက်အောက်ရှိ ငှက်ပျောခွံအား သတိမမူမိပေ။ သူမ ထိုအပေါ်တက်နင်းမိ၍ ချော်လဲမတတ်ဖြစ်သွား၏။

စခရင်မျက်နှာပြင်အပြင်ဘက်မှ လုဟွမ်သည် သူ့ကိုယ်သူ သတိမထားမိခင်မှာဘဲ သူ့လက်အား မြှောက်ကာ သူမအား ကူညီလိုက်သည်။ သူ ကူညီလိုက်ခြင်းသည် တကယ် ထိရောက်မှု ရှိမည်ဟု မထင်ခဲ့ပေ။ စုရှီအမေသည် ပဟေဠိ ဖြစ်နေပုံရသည့် အမူအရာဖြင့် အနောက်ကို လှည့်ကြည့်လိုက်လေသည်။ ခက်ခက်ခဲခဲဖြင့် ဟန်ချက် ပြန်ထိန်းနိုင်လိုက်ပြီး အလျင်စလို သွားစရာလိုနေသောကြောင့် ထိုအရာအား အများကြီး မတွေးမိချေ။

ထိုနှစ်ယောက်ကြားမှ စကားပြောစာတန်း ပေါ်လာသည်။

"ရှီရှီ ဆေးရုံမှာ နေရတာ အဆင်ပြေလား မသိဘူး၊ ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်၊ ဒီအပူခံဓာတ်ဘူးက သိပ်မကောင်းတော့ဘူး၊ ကြက်စွပ်ပြုတ်က အေးသွားရင် အရသာပေါ့သွား လိမ့်မယ်"

'ဆေးရုံ?!'

စခရင်မျက်နှာပြင် အပြင်ဘက်ရှိ လုဟွမ်သည် စုရှီ၏ လက်ရှိ မင်းဆက်အကြောင်းအား ရက်အနည်းငယ် လေ့လာခဲ့သည်။ သေချာပေါက် ဆေးရုံ ဆိုတာ ဘာမှန်း သူသိသည်။ သူချက်ချင်းပင် စိတ်ပူပန်လာသည်။

စုရှီ၏ အမေအား သူ ကူညီလိုက်ပြီးနောက် ညာဖက်ထောင့်၌ သူ၏ရမှတ်များ နှစ်မှတ်တိုးလာပြီး ဆေးရုံအား တိုက်ရိုက်သော့ဖွင့်နိုင်သည်ကို တွေ့လိုက်ရသည်။

သော့ဖွင့်ပြီးတာနဲ့ စခရင်မျက်နှာပြင်မျက်နှာပြင်က ဆေးရုံကို ပြောင်းသွား၏။ လက်ထဲက ချပ်ပြားမဲလေးကို ချပြီး ဝမ်းနည်းပုံပေါ်တဲ့ စုရှီကို သူတွေ့လိုက်သည်။

- ဘာမှားလို့လဲ?

သူမသည် အပြာနှင့် အဖြူအကွက်အင်္ကျီကို ၀တ်ထားသည်။ သူ့ခြေထောက်ကို တစ်ခုခုဖြင့် ချည်နှောင်ထား၏။ သူ့ခြေထောက် ဒဏ်ရာရသွားသလိုပဲ?

လုဟွမ်သည် သူမ၏ခြေထောက်ကို ချက်ချင်းစစ်ဆေးရန် သွားခဲ့သော်လည်း စခရင်မျက်နှာပြင်တစ်ဖက်ကို သူ မဖြတ်နိုင်ပေ။

လုဟွမ် အနည်းငယ် စိတ်ရှုပ်သွားသည်။ သို့သော် သူမ ကမ္ဘာ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု မည်မျှ တိုးတက်လာသည်ကို သူ တွေးမိသောအခါတွင် သူမအား ဆေးရုံရှိ အကောင်းဆုံး ဆရာဝန်က စစ်ဆေးသင့်နေပြီ ဖြစ်သည်။ ဒီပုံရိပ်တွေက သူမရဲ့ အတိတ်ကို ပြသနေတာဆိုရင် အခုဆိုရင် သူမ ခြေထောက်ကလည်း ကုသမှုခံယူပြီးနောက် သက်သာ‌နေလောက်ပေပြီ။

ထို့နောက် စခရင်မျက်နှာပြင်ပေါ်တွင် စုရှီသည် ချပ်ပြားမဲလေးကို ကောက်ကိုင်လိုက်ပြီး အကြိမ်အနည်းငယ် နှိပ်ကာ အခြားတစ်ယောက်နှင့် ဆက်သွယ်နေသည်ကို သူတွေ့လိုက်ရသည်။

ထိုစကားဝိုင်းကနေ ပေါ်လာတာက… သူမ ပိုက်ဆံချေး ချင်နေပုံရ၏။

လုဟွမ်သည် သူ့လက်ထဲမှ ငွေစက္ကူများကို ချက်ချင်း ထုတ်ယူလိုက်သော်လည်း ဤစခရင်မျက်နှာပြင်သည် အရာဝတ္ထုများကို လွှဲပြောင်း မပေးနိုင်ပေ။

သူမကို ကူညီချင်ပါက တခြားနည်းနဲ့သာ လုပ်နိုင်ပေ၏။

ထို့ကြောင့် စုရှီအား ထီထိုးရန် တစ်စုံတစ်ဦးကို ဝယ်ခိုင်းသည်ကို မြင်သောအခါ လုဟွမ်က သူ၏ ငွေစက္ကူပေါင်း များစွာကို ဈေးဆိုင်မှ ‘ထီလက်မှတ်’ဟု ခေါ်သည့် အရာနှင့် လဲလှယ် ပေးလိုက်သည်။ ယင်းက သူမ ဆန္ဒအတိုင်း ထီပေါက်သွား စေခဲ့သည်။

စုရှီနှင့် သူမ၏ သူငယ်ချင်းနှစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်ကို မြင်သောအခါ လုဟွမ်၏ မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားသည်။

သို့သော်လည်း စုရှီ ဘေးနားရှိ ယောက်ျားလေးကာတွန်းဇာတ်ကောင်လေးသည် သူမအား ကူညီရန် အမြဲတမ်း ကြိုးစားခဲ့သည်။ လုဟွမ်က ထိုကောင်လေးကို လက်ဖြင့် လှမ်းရိုက်လို့လည်း မရပေ။

ဒုတိယ မစ်ရှင်ပြီးသောအခါ ညာဘက်အပေါ်ထောင့်တွင် နောက်ထပ် အမှတ်နှစ်ခုပေါ်လာသည်။

လုဟွမ်သည် စုရှီတို့ mall သို့ သွားမည် ဆိုသော ဖော်ပြချက်ကြောင့် စခရင်မျက်နှာပြင်ကို တတိယမစ်ရှင် လုပ်ဆောင်နိုင်ရန် mall နေရာ ကို လော့ခ်ဖွင့်လိုက်သည်။

ဒီတစ်ကြိမ်တွင် စုရှီအပေါ်သို့ ပြုတ်ကျလုဆဲဆဲ ပွက်ပွက်ဆူနေသည့် ငါးဟင်းချိုကြောင့် မျက်လုံး မျက်ဆံပြူးကာ အထိတ်အလန့်ဖြင့် တွန်းပစ်လိုက်ရသည်။

ထိုလုပ်ဆောင်ချက်သည် တတိယမစ်ရှင်တစ်ခု ပင်ဖြစ်သည်။

လုဟွမ် စဥ်းစားကြည့်ရာ ရမှတ်အသစ်များအား အသုံးပြုကာ စုရှီ မကြာခဏ သွားတတ်သည့် ကျောင်းအား လော့ခ်ဖွင့်လိုက်သည်။

သူ ထိုနေရာသို့ ရောက်သွားသည့်အခါ စုရှီ၏ ကံမှာ အလွန်ဆိုးညံ့နေသည်အား လုဟွမ် သတိထားမိသည်။ ထိုနေ့၌ ဘတ်စ်ကား မှီရန် သူမ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သို့သော်ငြား သူမ မှီလုဆဲဆဲ၌ ဘတ်စ်ကားသည် ရုတ်တရက်ထွက်ခွာသွားသည်။ သူမ စိတ်ပျက်လက်ပျက်ဖြင့် နောက်မှ ပြေးသွားလိုက်၏။

သူမ အရှေ့မှ လူသည် ဘတ်စ်ပေါ် ရောက်သွားသည်။ လုဟွမ်သည် မျက်မှောင်ကြုတ်လိုက်ကာ ကတ်ဖြင့် ဘတ်စ်ကားခ ပေးရန်လုပ်နေသာ ထိုလူ၏လက်အား ဆွဲကာ နှောင့်နှေးစေ လိုက်သည်။

ဘတ်စ်ကားဆရာသည် ထိုသူအား မြန်မြန်လုပ်ရန် တိုက်တွန်းမဲ့ ဆဲဆဲ၌ စုရှီသည် ချွေးများ ရွှဲနစ်ကာ ကားပေါ် အမှီရောက်လာ၏။ စုရှီ သည် သူမ၏ ဒူးပေါ် လက်တင်ရင်း အသက်လု ရှူနေရလေသည်။

သူမ ရင်ဘတ်အား ပုတ်လိုက်သည်။ “တော်ပါသေးရဲ့ ဘတ်စ်ကား လွတ်သွားတော့မလို့."

စခရင်မျက်နှာပြင်အပြင်ဘက်မှ လုဟွမ်သည် ပြုံးလိုက်ပြီး သူမအ ရှေ့ရှိ လူ၏လက်ကို လွှတ်ပေးလိုက်သည်။ ထိုလူသည် ဘေးပတ်လည်အား အံ့သြထိတ်လန့်စွာ ကြည့်ကာ ထင်ယောင်ထင်မှား ဖြစ်သည်ဟုပင် မှတ်ယူကာ ကားနောက်သို့ ဆက်လျှောက်သွားသည်။

ဤသည်မှာ စတုတ္ထမစ်ရှင် ဖြစ်သည်။

ပဥ္စမမြောက်မစ်ရှင်မှာ လုဟွမ် ခုနကပင် သော့ဖွင့်လိုက်နိုင်သော စုရှီ၏‌ကျောင်းတွင် ဖြစ်သည်။ လုဝမ် စုရှီကို နှစ်ကြိမ်တောင် ရှာစရာမလိုပဲ သူမက အခန်းတစ်ခုထဲမှ ထွက်လာသည်အား တွေ့လိုက်ရသည်။ ကော်ရစ်ဒါတစ်လျှောက်၌ ကာတွန်းဇာတ်ကောင် အနှံ့အပြားပင်။

'ဒီ မင်းဆက်က ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေ အဲ့လောက်တောင် များတာလား'

လုဟွမ် အနည်းငယ် လန့်သွားသည်။ သူမ ဘေးရှိ လူများအား ဖြေးညှင်းစွာ သူတွန်းထုတ်လိုက်သည်။ ထိုလူများ သူမကို တိုက်မိခိုက်မိမည်အား သူ မလိုလား‌ပေ။

စုရှီ ညာဘက်၌ ရှိနေသော ကျောင်းသူသည် သူမ တွန်းထုတ်ခံလိုက်ရသည်ကို နားမလည်နိုင်အောင်ပင် ဖြစ်နေလေသည်။ ရုတ်တရက် တွန်းထုတ်ခံလိုက် ခြင်းကြောင့် တွန်းထုတ်လိုက်သူမှာ သူမ ဘယ်ဘက်ရှိ လူ လုပ်ခြင်းသာ ဖြစ်ရမည်ဟု ထင်လိုက်ပြီး စုရှီအား မျက်မှောင်ကုပ်ကာ ကြည့်လိုက်သည်။

စုရှီတစ်ယောက် မမျှော်လင့်ဘဲ စိုက်ကြည့်ခံလိုက်ရသည့်အတွက် ကြောင်အအ ဖြစ်သွားရသည်။

စခရင်မျက်နှာပြင်တစ်ဖက်ရှိ လုဟွမ်ပင် ပြောစရာစကား‌ ပျောက်ရှသွားသည်။

သူ့နှာထိပ်လေးအား အပြစ်ရှိစွာ ပွတ်သပ်လိုက်ပြီး လူအုပ်ကြီးအား ထပ်မံ မတွန်းထုတ်တော့ပေ။

သို့သော်ငြား သူလှေကားနားသို့ ရောက်လာသည့်အခါ စုရှီ အတွန်းခံရ၍ ပြုတ်ကျမတတ် ဖြစ်နေသည်အား တွေ့လိုက်ရသည်။

အပြေးတစ်ပိုင်းဖြင့်သွားကာ သူမအား ကူညီလိုက်သည်။

စုရှီ အ‌ဆောက်အအုံရှည်ကြီးမှ ထွက်သွားသည်ကို ကြည့်ရှု့ပြီးနောက်မှသာ သက်ပြင်းရှိုက်လိုက်သည်။

ထိုမစ်ရှင် ငါးခုအား ပြီး‌မြောက်သည့်နောက် စခရင်အား စုရှီ လှဲနေသည့်ကုတင်နှင့် သူမဝမ်းဗိုက်အား ပွတ်နေသည့် ဘက်သို့ ပြောင်းလိုက်သည်။ နောက်ဆုံးတော့ ညာဘက်ထောင့်ထိပ်ရှိ သူ၏ရလဒ်များသည် ချက်ချင်းပင် ၁၁၂ သို့ ရောက်ရှိသွားခဲ့လေပြီ။

လုဟွမ် ရုတ်တရက် စုရှီ လွန်ခဲ့သည့်နှစ်ရက်က သူ့အား စာပို့နေသည်အား အမှတ်ရသွားသည်။

သူ့အား လာရောက်ဆက်သွယ်ပြီးနောက် သူမကံမှာလည်း ကောင်းလာပြီ ဖြစ်သည်ဟု စုရှီက ပြောခဲ့သည်။ ထိုအချိန်၌ သူထင်ခဲ့သည်မှာ သူ့အား ပျော်ရွှင်‌အောင်လုပ်ပေးရန်သာ ဖြစ်သည်ဟု ထင်ခဲ့ပြီး စိတ်ထဲ သိပ်မထားခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ယခုအခိုက်အတန့်၌ သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ဖြတ်ပြေးနေသလိုယောင်ပင်။

'ဒါဆို သူတစ်ယောက်တည်းကသာ ရှောင်ရှီ၏ အတိတ်အား ၀င်ရောက်စွက်ဖက်နိုင်တာ‌ပေါ့ '

လုဟွမ် သူတို့နှစ်ယောက်ကြား၌ ကြားခံစခရင်တစ်ခုပေါ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ် ဟု ယောင်ဝါးဝါး ထင်ခဲ့သော်ငြား အဲဒီဘာလဲ ဆိုတာ သူအဖြေ မရှာနိုင်သေးချေ။ ဒါကြောင့် အခုအချိန်မှာတော့ ဒီအကြောင်းကို အဖြေရှာဖို့ လက်လျော့ထားလိုက်သည်။

သူ့ရမှတ်များ ၂၀၀ အထိ ရောက်ရှိနိုင်ရန် ပြီး မြောက်နိုင်သည့်မစ်ရှင်များအား စခရင်မျက်နှာပြင် ပေါ်၌ ဆက်လက် ရှာ‌ဖွေသည်။ သူ ရမှတ် ၂၀၀သို့ မြန်မြန်ရောက်လေ သူမအား လျင်မြန်စွာ တွေ့နိုင်လေဖြစ်သည်။ သို့သော် အခုတလော၌ မစ်ရှင်အသစ်များကို စက်ခရင်က ဖော်ပြလာခြင်း မရှိသေးချေ။

လုဟွမ် ခဏတာ စဥ်းစားပြီးနောက် စခရင်မျက်နှာပြင်အား သူမ၏ ပြတင်းပေါက်ရှိ စားပွဲခုံဆီသို့ ရွေ့လိုက်သည်။

စာအုပ်အဖုံး၌ ကောက်ကောက်ကွေးကွေးဖြင့် သေးငယ်သော ကာတွန်းဇာတ်ကောင်များ ပါရှိသည့် စာအုပ်တစ်အုပ်အား သူ ရှာတွေ့ခဲ့သည်။ သူနောက်ဆုံးစာမျက်နှာ အနည်းအကျဥ်းအား လှန်လှောပြီးနောက် ထိုကောက်ကွေးသေးငယ်သော စာလုံးများနှင့် တရုတ်စာလုံးများ၏ ဆက်နွယ်ပုံ အယူအဆအချို့အား အလွတ်ကျက်မှတ်ခဲ့သည်။

ဖယောင်းတိုင်မီးသည် မနက်လင်းအားကြီးချိန်ထိ တောက်ကျွမ်းနေဆဲပင်။

သကြားညိုဂျင်းလက်ဖက်ရည်အား သောက်ပြီးနောက် စုရှီ၏ ရာသီလာချိန် ကိုက်ခဲမှုများမှာ အနည်းငယ် သက်သာလာခဲ့သည်။

စုရှီ မနက်ပိုင်းတစ်ချိန် ကျောင်းပျက်ထားသည့်အတွက် နေ့လယ်ခင်း၌ ကျောင်းသွားရပေမည်။

သူမ နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များအား သုတ်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်လေသည်။ သူ့လွယ်အိတ်အား ထုတ်ပိုးပြီးနောက် စားပွဲပေါ်ရှိ အင်္ဂလိပ်ဖတ်စာအုပ်အား လွယ်အိတ်ထဲ မထည့်ထားမိသည်ကို သတိရလေသည်။

သူမ များများစားစား မတွေးတော့ဘဲ ထည့်လိုက်လေသည်။ ထို့နောက် သူမ လွယ်အိတ်အား လွယ်ကာ ထွက်ခွာလိုက်သည်။

သူမ ဂိမ်းထဲကိုသာ ဝင်ကြည့်ခဲ့မိလျှင် မိုးကြိုးပစ်ချခံရသကဲ့သို့ တုန်လှုပ်သွားလိမ့်မည်။

ဂိမ်းထဲ၌ ကောင်းကင်သည် အဖြူရောင်သို့ ပြောင်းနေလေပြီ။ တဲထဲရှိ လူငယ်လေးသည် အင်္ဂလိပ်စာလုံးများအား စာရွက်များဖြင့် ငါးမျက်နှာစာ ထိုင်ကူးနေလေသည်။

လုဟွမ် မျက်မှောင်ကြီးကျုံ့၍ တဲတစ်လျှောက်ကို မှင်စုတ်တံကြီး နှင့် စာရွက်အား ကိုင်ကာ ပတ်နေလေသည်။ ထိုကောက်ကွေးသေးငယ်သော စာလုံးများနှင့် ယန်မင်းဆက်၏ ဘာသာစကားနှင့် အလုံးစုံ ကွာခြားသော ပြောင်းပြန် သဒ္ဒါဆက်စပ်မှုက သူ့ကို နားလည်ရခက် နေစေသည်။

တညလုံး မအိပ်ရသေးသည့်အတွက် သူ ပင်ပန်းနွမ်းနယ်နေခြင်းဖြစ်နိုင်သည်။ သူ့မျက်ခုံးများအား ပွတ်လိုက်ပြီး လက်ဖက်ရည်ကြမ်း ခါးခါးအား သောက်ချကာ သူ့ကိုယ်သူ လန်းဆန်းစေလိုက်သည်။

All Chapters