Chapter 56
Vol. 6 Ch. 56
လုဟွမ်သည် ဤအတွေးပူဖောင်းများ ဖြစ်လာရခြင်း နောက်ကွယ်မှ အကြောင်းအရင်း ကိုတော့ နားမလည်ခဲ့ပေ။ သူ ထင်ခဲ့သည်မှာ သူ့စိတ်ခံစားချက်တွေ မတည်ငြိမ်တဲ့အခါ၌ ပေါ်လာသည် ဟုပင်။
စုရှီသည် သူ့ခေါင်းပေါ်မှာ အတွေးပူဖောင်းတွေ ပေါ်လာတာကို မြင်ရော စားပွဲကို တဖုန်းဖုန်းရိုက်ကာ အူလှိုက်သဲလှိုက်ကို ရယ်တော့သည်။ အံ့ဩနေရမယ့်အစား အသားကျနေပုံရကာ ကြည့်ရတာတော့ အဲဒီအတွေးပူဖောင်းတွေဟာ သူ့ခေါင်းပေါ်မှာ ခဏခဏပေါ်လာခဲ့ဖူးပုံရ၏။
….အတွေးပူဖောင်းပေါ်တဲ့အခါတိုင်း မည်သို့သော ထူးထူးဆန်းဆန်းအတွေးများ ပေါ်လာတတ်သည်ကို သူ မသိပေ။
လုဟွမ် သေချာပြန်စဉ်းစားကြည့်ပြီးတဲ့နောက် မျက်နှာ စပျက်လာတော့သည်။
သူ့မှာ အသက်ဆက်ရှင်ဖို့ပင် အကြောင်းမရှိတော့။
ချစ်ရသူ ရှိကြတဲ့ အခြားသော ဆယ်ကျော်သက်အရွယ်လေးများကဲ့သို့ သူ့ရင်ထဲရှိ ကလူကလူ အတွေးတွေကို ရှောင်ရှီ ရိပ်မိပါစေလို့ သူ တိတ်တိတ်လေး မျှော်လင့်ခဲ့မိသည်။
သို့ပေမယ့်လည်း တစ်ချိန်တည်းမှာပင် စုရှီ သိသွားမှာကိုလည်း ကြောက်နေမိ၏။
သူကြောက်တာက စုရှီ သိသွားရင် မျက်နှာပူကာ သူ့အားသူစိမ်းဆန်လာပြီး သူ့လက်ထဲက စခရင်ပြားကို ထပ်မဖွင့်တော့ဘဲ သူ့ကို လာမရှာတော့မှာကိုပင်။ ယန်တိုင်းပြည်နဲ့ သူတို့ကမ္ဘာမှာ နှစ်ထောင်ချီ ကွာခြားလွန်းပြီး တစ်ခြားသူတွေ ပျောက်ကွယ်သွားမှာထက် စုရှီ ပျောက်သွားမှာကို သူ အကြောက်ဆုံးသာ။
ဒါ့အပြင် အချိန်တစ်ခုရောက်လာသည့်အခါ သူတို့နှစ်ဦးကြားက လက်ရှိနွေးထွေးပြီး အဆင်ပြေနေတဲ့ အခြေအနေကိုလည်း ဆက်ထိန်းထားနိုင်မည် မဟုတ်တော့။
သို့ရာတွင် ရှောင်ရှီက လက်ရှိမှာ သူ့ကို ကာတွန်းဇာတ်ကောင် တစ်ယောက်လို ဆက်ဆံနေတာကြောင့် သူ့ခေါင်းပေါ်က အတွေးပူဖောင်းတွေမှာ "သဘောကျတယ်"တို့ "နှစ်သက်တယ်" ဆိုသည့် စကားများကို ပြောမည် မဟုတ်။
ထိုအကြောင်းစဉ်းစားပြီးတော့ လုဟွမ်ရဲ့ စိတ်အခြေအနေမှာ ရှုပ်ထွေးနေပေမယ့် နည်းနည်းတော့ စိတ်သက်သာရာ ရနေသေးသည်။
ဒါပေမယ့် သူမ အဲဒီအပြားကို ဖွင့်ပြီး သူ့ကိုလာရှာတဲ့အချိန်တိုင်း မပျော်ဘဲ မနေနိုင်ချေ။ လာမရှာတဲ့အချိန်ကျတော့လည်း သူ့မှာ လွမ်းနေရုံမှတပါးမရှိ။ အိပ်ဖို့အတွက် သူကိုယ်တိုင် တိုက်တွန်းခဲ့ပေမယ့် စိတ်ထဲမှာတော့ တွန့်ဆုတ်နေပြီး စုရှီနဲ့ ပတ်သက်၍ စိတ်ခံစားချက်တွေ များလွန်းတာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲလှသည်။
လုဟွမ်တစ်ယောက် သူသတိမထားမိတဲ့တစ်နေ့ သူ့ခေါင်းပေါ်ရှိ အတွေးပူဖောင်းမှာ သူ မပြောသင့်သည့် စကားများအား မတော်တဆ ထုတ်ပြောမိမှာကို အလွန်ပင် ကြောက်နေမိ၏။
ဒါကြောင့် ရှောင်ရှီး သူ့ကိုလာရှာသည့်အခါတိုင်း သူအသက်ပြင်းပြင်းရှူကာ ပြောရမဲ့အကြောင်းအရင်းကိုပဲ အာရုံစိုက်ပြီး အတတ်နိုင်ဆုံး သူ့ခံစားချက်များ လွတ်မထွက်သွားစေရန် ဂရုစိုက်နေရ၏။
စုရှီ ကလည်း အရူးမဟုတ်တာကြောင့် ချက်ချင်းပင် ကျိုက်ကျိက် ထူးဆန်းနေသည်အား သတိထားမိလေသည်။
ပုံမှန်အားဖြင့် သူ့ခေါင်းပေါ်ရှိ အတွေးပူဖောင်းက ရက်အနည်းငယ်ကြာတိုင်း ပေါ်လာလေ့ရှိပြီး တစ်ခါတစ်လေ ပူဖောင်းထဲ၌ ဘာစာမှမရှိသော်လည်း အဲဒီတွင် သူ့ခံစားချက်အား ဖော်ပြသည့် နေပုံသေးသေးလေးတွေ၊ အနီရောင် အသည်းပုံသေးသေးလေးတွေနှင့် သစ်ရွက်စိမ်းသေးသေးလေးများ ပေါ်လာလေ့ရှိ၏။ သို့ပေမယ့် "မြို့တော်ကို ပြန်ချင်တယ်"ဆိုတဲ့ အတွေးပေါ်လာပြီးထဲက ပူဖောင်းတွေ ထပ်မပေါ်လာသည်မှာ ကြာလှပြီဖြစ်သည်။
ဒါက အထူးဆန်းဆုံးအပိုင်းမဟုတ်။
အရင်ကဆို စုရှီ ဘယ်မှာလဲ သူမသိသောကြောင့် စကားပြောနေတုန်း မသိမသာ လျှောက်ကြည့်နေတတ်သည်။ အခုတလောတော့ ခေါင်းကို တည့်တည့်ထားပြီး တစ်နေရာထဲကိုသာ ပုံသေကြည့်နေတတ်သည်။ သူရှေ့တွင် စားပွဲတစ်လုံးရှိနေကာမူ စုရှီက စားပွဲပေါ်မတ်တပ်ရပ်ပြီး သူ့အားစကားပြောနေသည်ဟုပင် ထင်နေသလား မသိ။
ဒါတင်မက တစ်ခါတစ်ရံ သူ့မျက်နှာထားမှာ ထူးဆန်းနေတတ်ပြီး ဥပမာပြောရရင် သူ စားပွဲကို ရိုက်ချလိုက်ပြီး အော်ရယ်မိစဉ်က မြင်ရခဲတဲ့ အမူအရာဖြင့် မျက်နှာမှာ တောင့်တင်းပြီး အသက်မဲ့နေသယောင်ပင်။
စုရှီ ဘယ်လောက်ပဲ စဉ်းစားပါစေ သူဘာတွေတွေးနေလဲ မသိချေ။ ကျိုက်ကျိုက် ထူးဆန်းနေရခြင်းမှာ သူ့အား တစ်စုံတစ်ရာ ဖုံးကွယ်ထား၍ မသိစေလိုသောကြောင့်ဟု သံသယဖြစ်စွာ မှတ်ယူလိုက်သည်။
သူတို့ နှစ်ယောက်ကြားမှာ မပြောဖြစ်သည့် အကြောင်းအရင်းလည်း မရှိတာမလို့ တခြားဘာလျို့ဝှက်ချက်များ ရှိနိုင်ဦးမှာပါလိမ့်။
'ဧကရာဇ်နဲ့သူ့ရဲ့ ဇာစ်မြစ်အကြောင်း တိုးတက်တာမျိုး ရှိလို့လား? ဒါဆိုဘာလို့ သူငါ့ကို တည့်မပြောတာလဲ? မဟုတ်ရင် မြောက်ပိုင်းကကိစ္စက ပိုဆိုးလာလို့များလား။ တခြားအရာတွေ မစဥ်းစားနိုင်လောက်တဲ့အထိ စိတ်ဖိစီးနေရလို့လား? ဒါမှမဟုတ်ရင် သူ့လောင်မားကို ချစ်သူရှိနေပြီဆိုတဲ့ အကြောင်း ပြောဖို့ ရှက်နေတာများလား? ဒါပေမဲ့ သူက အခု စစ်တပ်စခန်းမှာ မုတ်ဆိတ်မွေးအရှည်ကြီးနဲ့ ကာတွန်းစစ်သားတွေနဲ့ပဲ အတူရှိနေရတာ၊ ဘယ်လိုလုပ် ချစ်ရသူ ရှိမှာလဲ’
စုရှီ စဥ်းစားရလွန်းလို့ ခေါင်းပင် ကိုက်လာကာ ထပ်ပြီး စိတ်ကူးတည့်ရာလျှောက် မတွေးဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော် ဒါကြောင့်ပင် ဂိမ်းအားဖွင့်လိုက်သည့်အခါ ကျိုက်ကျိုက်အား အကြာကြီးငေးမကြည့်ဘဲ မနေနိုင်ပါချေ။
အရင်ကဆို စခရင်ပေါ် လျှောက်သွားနေကြသည့် အရာရှိများ ပုံစံကြည့်ရန် တောင်ကြည့်မြောက်ကြည့် လျှောက်ပတ်နေတတ်ပေမယ့် အခုတော့ ကျိုက်ကျိုက်၏မျက်နှာအား ကြည့်နေရုံမှလွဲပြီး သူနှင့်ပတ်သက်၍ ထူးဆန်းမှု တစ်စုံတစ်ရာရှိမရှိအား ဆန်းစစ် နေတတ်သည်။
သို့သော် အချိန်အတော်အတန် စူးစိုက်ကြည့်ပြီးနောက် ကျိုက်ကျိုက်အား ယခင်က ကျိုက်ကျိုက်မဟုတ်တော့သည်ကို ခံစားလာရသည်။
အရင်ကဆို နင်းဖူမင်းသားကနေ စစ်တပ်ရေးရာဝန်ကြီးအထိ ကာတွန်းဇာတ်ကောင်တွေလိုပဲ မြင်ပေမယ့် သူ့မျက်လုံးထဲမှာတော့ ကျိုက်ကျိုက်ဟာ ခြေတိုလက်တိုလေးတွေနဲ့ ကလေးလေးတစ်ယောက်ပဲဖြစ်ပြီး ဘာပဲလုပ်လုပ်၊ ဘယ်လိုအမူအရာမျိုးပဲဖြစ်ဖြစ် အမြဲတမ်း ချစ်ဖို့ကောင်းဆဲပင်။
သူ ဒေါသထွက်နေသည့်အချိန်မှာတောင် စုရှီက အရှက်မရှိသည့်မျက်နှာဖြင့် စပ်ဖြီးဖြီးလုပ်နေတတ်သည်။
သို့သော် ယခုတွင်မူ ကျိုက်ကျိုက်က "ယန်တိုင်းပြည်မှ ၁၇နှစ်အရွယ် လက်ထပ်ပြီး ကလေးယူလို့ရသော လုဟွမ်"ဆိုသည့် ခေါင်းစဥ်ဖြင့် နေ့တိုင်း သူ့ရှေ့မှာ ရှိနေသည်။ မှန်ပါ၏။ အချို့သော အကြောင်းပြချက်များကြောင့် သူ၏ ဆယ်ခြောက်နှစ်ပြည့် မွေးနေ့ပြီးကတည်းက ခေါင်းစဥ်က ရုတ်တရက် ပြောင်းလဲသွားသည်။ ဒီဂိမ်းစနစ်က ကြောက်စရာကောင်းလှအောင် ညဏ်ကောင်းလွန်းတယ် ပြောရမည်။
ပြောရမယ်ဆိုရင် ကျိုက်ကျိုက်က ငွေရောင်ချပ်ဝတ်တန်ဆာ၊ ရွှေသားရဲခါးပတ်နှင့် ရှေ့ကောနောက်ကော ကြေးကာကြီး ဝတ်ထားရ၏။ တစ်ခါတလေကျရင် ချပ်ဝတ်တန်ဆာနဲ့ ဖိနပ်တွေ ချွတ်ဖို့တောင် အချိန်မရှိဘဲ ဆံပင်တွေမှာ ပွယောင်းနေပြီး ပါးပြင်မှာလည်း သွေးစတို့ ပေကျံနေတတ်သည်။ လူတိုင်းက မျက်လုံးမခွာနိုင်လောက်အောင် ချောမောတဲ့ ကောင်ငယ်လေး တစ်ယောက်ပင်။
ထပ်ပြောရရင် လုဟွမ်က သူ့အရပ်က ၆ပေကျော်တယ်လို့ အရင်က တကူးတက ပြောခဲ့ဖူးတယ် မဟုတ်ပါလား။ အခုတော့ စုရှီ မှာ အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းမျိုး ရှိမနေသော်လည်း သိထားပြီး ဖြစ်နေသည်။
သူ့ရဲ့ အရပ်ကြောင့် စုရှီ အချိန်တိုင်း အံ့ဩရ၏။ တစ်ခြား ကာတွန်းဇာတ်ကောင်တွေမှာ မူရင်းရုပ်မပြောင်းရသေးတာတောင် လူပုလေးတွေ အတိုင်းပင်။
ကျိုက်ကျိုက်သာ လူငယ်တစ်ယောက်ရဲ့ပုံစံ အမြဲတိုင်းဖြစ်နေတာကြောင့် တစ်ခါတစ်လေ မျက်မှောင်ကြုတ်လိုက်တာတွေ ပြုံးလိုက်တာတွေကအစ စုရှီ အတိုင်းသား မြင်နေရသည်။ ရင်ဘတ်ကိုဖိပြီး စုရှီ တွေးလိုက်မိသည်က 'အဲဒီနေ့က စစ်တပ်ရေးရာဝန်ကြီးရဲ့သမီး ငါ့ကို ပထုတ်ချင်တာ မဆန်းပါဘူး'
ပြီးတော့ စစ်သူကြီးကျန့်ယွမ်နဲ့ ဖွဲ့စည်းပုံ မြေပုံအကြောင်း ဆွေးနွေးနေကြတဲ့အချိန်မှာလည်း သူ့ရဲ့လှုပ်ရှားမှုတစ်ခုစီတိုင်းဟာ ရှေးခေတ်လူတစ်ယောက်ရဲ့ ဖော်ပြလို့မရတဲ့ ဩဇာရှိနေ၏။
ထိုဆယ့်ခုနှစ်နှစ်အရွယ် လူငယ်လေးဟာ ပြိုင်ဘက်ကင်းလောက်အောင် ချောမောပြီး စုရှီရဲ့ ဒူးကိုတောင် မမှီတဲ့ ကလေးလေးတစ်ယောက်နဲ့ အတော့်ကို ကွာသွားလေပြီ။
စုရှီမှာ သူ့ပုံစံကိုကြည့်ပြီး မှင်သက်လုနီးပါးဖြစ်နေကာ စိတ်ထဲကနေ 'ကျိုက်ကျိုက်'လို့ ခေါ်ချင်လာတဲ့အခါတိုင်း အသံက ထွက်မလာချေ။
ဒီစုတ်စုတ်ပြတ်ပြတ် ဂိမ်းကြီးကိုပဲ ကျေးဇူးတင်ရမှာပင်။ စုရှီ ကာတွန်းဇာတ်ကောင်ရုပ်တွေ ပြန်ပြောင်းချင်ပေမယ့် ပြောင်းလို့မရ။
ဒါက ကုတ်ခြစ်ပြီး ခြွေတာနေလို့ များလား။
စုရှီ နည်းနည်းတော့ စိတ်ဓာတ်ကျသွားသည်။ ဒီခံစားချက်က ငယ်ငယ်တည်းက သူကိုယ်တိုင် ပျိုးထောင်လာခဲ့ရတဲ့ကလေးက ချက်ချင်းကြီး အရွယ်ရောက်လာသလိုမျိုးဖြစ်ကာ သူ့ရဲ့ မျက်နှာချောချောလေးကို မြင်နေရတာတောင် 'ကျိုက်ကျိုက်'လို့ မခေါ်နိုင်ချေ။
ကျိုက်ကျိုက် ဆယ့်ခြောက်နှစ်မပြည့်ခင် စုရှီထက် ငယ်တုန်းကဆို စုရှီက သူ့ကို ချစ်စနိုးဖြင့် 'ရှောင်းရှို'လို့ ခေါ်ခဲ့ပေမယ့် အခုတော့ ကျိုက်ကျိုက်က ဆယ့်ခုနှစ်နှစ် ပြည့်သွားပြီဖြစ်၍ အချိန်အရ စုရှီထက် သုံးလတောင် ကြီးသွားလေပြီ။ အဲဒါကြောင့် စုရှီ သူ့ကို 'ရှောင်ကျိုက်’ လို့ ခေါ်လို့မရတော့ပေ။
ကျိုက်ကျိုက်လို လူအတွက် အရပ်၁.၈၈မီတာ ရှည်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ပုံမှန်အားဖြင့် ဒီလိုရှုပ်ထွေးပွေလီတဲ့ ခံစားချက်တွေဟာ နည်းနည်းသာ ဝင်တတ်တာဖြစ်ပြီး ကျိုက်ကျိုက်ကိုလည်း နေ့တိုင်းတွေ့နေရတဲ့အတွက်ကြောင့် သူစိမ်းဆန်သလိုမျိုးတော့ ခံစားမရပေ။
သို့သော်ငြား အဲဒီရှုပ်ထွေးပွေလီနေတဲ့ စိတ်တွေမှာ ကျိုက်ကျိုက် သူ့ရဲ့ချပ်ဝတ်တန်ဆာနဲ့ ရေဝတ်လဲကို ချွတ်ပစ်လိုက်တာကို မြင်လိုက်ရတဲ့အချိန် အထွတ်အထိပ်ကို ရောက်သွားတော့၏။
သူ ခုနတင်ပင် စစ်သားတွေနဲ့ ကင်းလှည့်ပြီးသွားတာမလို့ မြင်းပေါ်မှ ဆင်းလိုက်ပြီး စစ်သားနှစ်ယောက်အား တဲအပြင်ဘက်မှ စောင့်ပေးထားဖို့ ပြောလိုက်၏။ ထို့နောက် သူကုတင်ဘေး၌ ရပ်ပြီး စုရှီအား နောက်ကျောပေး၍ ချပ်ဝတ်တန်ဆာအား ချွတ်လိုက်ကာ ရေလဲအဝတ်ကိုလည်း တစ်ဝက်လောက်ချွတ်ချလိုက်သည်။ စားပွဲပေါ်ရှိ အနာလိမ်းဆေးတွေကို ကောက်လိုက်ပြီး သူ့ဒဏ်ရာကို စပြီးလိမ်းတော့၏။
ထိုလူငယ်လေး၏ ခန္ဓာကိုယ်သည် အဖြူရောင်ကျောက်လွှာဖြင့် မွှန်းခြယ်ထားသည့်အလား ချောမွတ်ပြီး လှပေသာ ကောက်ကြောင်းရှိသည်။ တစ်နှစ်နီးပါး လေ့ကျင့်တိုက်ခိုက်လာရသည့်အတွက် သူသည် အင်မတန်ထွားကျိုင်းသည့် ကြွက်သားဗလများ မရှိပေမယ့် ကျစ်လစ်သည့် ကြွက်သားများရှိသည်။ သူဟာ လူရွယ်တစ်ယောက်ရဲ့ရင့်ကျက်မှုနှင့် အရွယ်ရောက်ပြီးသားလူတစ်ယောက်၏ တည်ငြိမ်ပုံကို ထုတ်ဖော်နေပြီး သူ့ပခုံးပေါ်၌ မြားဒဏ်ရာရှိနေပုံရသည်။ မြားခြစ်သွားသည့်နေရာမှ သွေးများစီးကျလာပြီး အလှတရားအား ဖျက်စီးနေသော်လည်း သွေးများဖြင့် ပန်းချီကားတစ်ချပ် ရေးဆွဲနေသလိုပင်။
စုရှီ : "ဖာခ့်!"
ကျိုက်ကျိုက်ဟာ နို့မလိုင်လုံးလေးဖြစ်ခဲ့စဉ်အခါမှာ စုရှီ သူ့ ရေစိုအဝတ်များအား ကူလဲပေးသည့်အခါ သူ့ခန္ဓာကိုယ်အား မြင်ဖူးသည်။ သို့သော်ငြား အဲဒီတုန်းက မန်ထိုမျက်နှာနှင့် ခန္ဓာကိုယ်မှာလည်း ဖြူဖွေးနူးညံ့နေတာမလို့ ဘာကိုမှ မမြင်မိခဲ့။
ကျိုက်ကျိုက်ရဲ့ ခန္ဓာကိုယ်မှာ ဒီမျှလောက် ကြည့်ကောင်းအထည် မထင်ခဲ့ချေ။
စုရှီ ကျိုက်ကျိုက်၏ ကိုယ်လုံးတီးပုံစံဖြင့် အငိုက်ဖမ်းခံလိုက်ရသည်။
စုရှီ၌ လုဟွမ်နှင့်ပတ်သက်၍ မကောင်းသော အတွေးများ မရှိဘဲ ညစ်ညစ်ညမ်းညမ်းပုံတွေကို ကြည့်လေ့မရှိချေ။ ဒုတိယအနေဖြင့် တီဗွီဇာတ်လမ်းများ၌ အချစ်ဇာတ်လမ်းများ ကြည့်ရန်လည်း အခွင့်မရခဲ့တာမလို့ သူ့စိတ်သည် ရိုးရှင်းသည်။ တခြားသူများ၏ ခန္ဓာကိုယ် ကိုလည်း မကြည့်ဖူးသလို ပထမဆုံးအနေဖြင့် တခြားသူ၏ခန္ဓာကိုယ်အား မြင်ရသည်မှာ ဂိမ်းထဲမှဖြစ်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ခဲ့ချေ။ ဒါကြောင့်မလို့ မျက်နှာပူနေရုံမှလွဲလို့ မတတ်နိုင်ချေ။
စုရှီ သူ့မျက်နှာအား ပွတ်လိုက်ပြီး စိတ်ကို တည်ငြိမ်စေရန် ကြိုးစားရသည်။ သူအခုထိ မျက်နှာပူနေတုန်းပင်။
ဈေးဆိုင်ထဲမှ ၁၀၀% အာနိသင်ရှိသည့် အနာလိမ်းဆေးအား လဲလိုက်ပြီး ကျိုက်ကျိုက်၏ ရေလဲအဝတ်အား ဆွဲ၍ တစ်ဖက်သို့ပို့ကာ စိတ်ပူစွာဖြင့် မေးလိုက်သည်။
"ဘယ်လိုဖြစ်ပြီး ဒဏ်ရာရလာပြန်တာလဲ?"
လုဟွမ်မှာ သူစစ်ပွဲထဲ ရောက်မနေရင် စခရင်အား အမြဲဖွင့်ထားတာမလို့ သူကြည့်လိုက်သည့်အခါ စုရှီသည်လည်း လက်ထဲ၌ ချပ်ပြားအမဲလေးအား ဖွင့်ထားသည်အား တွေ့လိုက်တာကြောင့် ပြုံးပြီးပြောလိုက်သည်။
"ဒီတိုင်း ခြစ်ရာလေးတစ်ခုပဲကို"
စုရှီ စခရင်အား သူ့လက်မောင်းနား ထားလိုက်သည်။ အရမ်းနက်တဲ့ ဒဏ်ရာမဟုတ်ဘဲ ခြစ်ရာလေးကိုမြင်မှ စိတ်အေးသွားတော့၏။
သူ့လက်မောင်းနောက်တွင်လည်း ခြစ်ရာတစ်ခုရှိနေသးသည်။ ကျိုက်ကျိုက်အနေဖြင့် သူကိုယ်တိုင်ပတ်တီးစည်းရန် ခက်ခဲသော်လည်း စုရှီအနေဖြင့် စခရင်အပြင်မှ စည်းပေးရန်ကျ သပ်သပ်ရပ်ရပ် လုပ်နိုင်မည် မဟုတ်ပေ။ ကျိုက်ကျိုက်အား နာသွားအောင် လုပ်မိမည်ကို စိုးရိမ်တာကြောင့် ပတ်တီးကူ မစည်းပေးနိုင်ခဲ့။
ကံကောင်းထောက်မစွာ ကျိုက်ကျိုက်က သွက်လက်လျင်မြန်စွာ နှင့် ပတ်တီးအား ကျွမ်းကျင်စွာ ချည်လိုက်ပြီး သူ့ရေလဲ၀တ်စုံအား ဝတ်ရန် ခေါင်းကို ငုံ့လိုက်သည်။
သူ့၀တ်ရုံအားဆွဲတင်ရန် ခေါင်းကို ငုံ့လိုက်သည့်အခါ ချောမွတ်သန်မာသော မဟူရောင် ဆံပင်ရှည်ကြီးသည် ရေတံခွန်လို ပခုံးပေါ်မှ ပြိုကျလာသည်။ စုရှီ ဘယ်ကိုကြည့်ရမလဲပင်မသိတော့ချေ။
စုရှီ ငိုချင်သော်လည်း မျက်ရည်က ထွက်မလာ။
ဘာကြောင့်လဲ? ဘာလို့ ဂိမ်းက မူရင်း နို့မလိုင်လုံးလေးပုံစံကို ပြန်ပြောင်းလို့ မရတာလဲ?
သူ့မျက်နှာတစ်ခုလုံး နီရဲနေပြီး တဲထဲ၌ နေစရာမရှိတော့ချေ။
အင်တာဖေ့စ်ဆီ အမြန်ပြောင်းလိုက်ပြီး ကျိုက်ကျိုက်အား ချောင်းဟန့်ကာ ပြောလိုက်သည်။
"ငါ့မှာ အရေးကြီးလုပ်စရာရှိတာ အခုမှသတိရတယ်။ ပြီးရင်ပြန်လာခဲ့မယ်"
လုဟွမ်အနည်းငယ် စိတ်ပျက်သွားသည်။ သူနဲ့ အခြားသော အကြောင်းတွေပြောဖို့ စိတ်ကူးမိလိုက်သော်လည်း သူအခုလို စက္ကန့်ပိုင်းနှင့် ပြန်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သို့သော် စဥ်းစားကြည့်လိုက်တော့ သူ့မှာလည်း အရေးကြီးကိစ္စ တစ်စုံတစ်ရာရှိ နေနိုင်တာမလို့ တားမနေတော့ပေ။
ဒါ့ကြောင့်ပင် သူခေါင်းညိတ်ပြလိုက်ပြီး စိတ်ပျက်သွားတာကို ဖုံးကွယ်လျက် ပြုံးပြီးပြောလိုက်သည်။
''ကောင်းပြီလေ နောက်ကျမှတွေ့မယ်''
စုရှီ စခရင်အား အမြန်ပိတ်လိုက်သည်။ လူငယ်တစ်ယောက် အဝတ်လဲနေသည့် မြင်ကွင်းသည် သူ့စိတ်ထဲ၌ ယခုထက်ထိ မြင်ယောင်နေလေ၏။
သူခေါင်းကိုခါကာ ဆိုဖာပေါ်မှာ ခုန်ဆင်းလိုက်ပြီး ကိုယ်လက်လှုပ်ရှားမှု မျိုးစုံလုပ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ဝလာလည်း နေသားကျနေပြီဖြစ်တာမလို့ တီဗွီအောက်မှ အာလူးကြော်ထုပ်ကိုယူပြီး ဝါးတော့သည်။
သူအရေးကြီးလုပ်စရာရှိလို့ မြန်မြန်ထွက်သွားတယ်လို့ ထင်နေတဲ့လုဟွမ်".."
လုဟွမ်သည်လည်း ယခုတလော စုရှီ ထူးဆန်းနေတာကို သတိထားမိသည်။ သေချာပေါက် တစ်ခုခုလုပ်စရာရှိသည်ဟု ပြောပြီး စခရင်အား အလျင်စလို ပိတ်လိုက်သော်ငြား အခုထိအိမ်ထဲမှာပဲ ဆက်နေပြီး အာလူးကြော် ဆက်စားနေသည်။ ကြည့်ရတာ တစ်ခုခုဖြစ်နေပုံလည်း မပေါ်ပေ။
လုဟွမ်မှာ သူ့အား မတွေ့ချင်လောက်သည်အထိ တစ်စုံတစ်ရာ အမှားလုပ်ခဲ့မိသည်လားလည်း စဥ်းစားမရချေ။
လုဟွမ်တစ်ယောက် သေချာပေါက် သူနဲ့ စကားအေးအေးဆေးဆေးပြောနိုင်ရန် အချိန်ရှာခဲ့ပေမယ့်လည်း စစ်ပွဲအခြေအနေမှာ အရေးတကြီးဖြစ်နေလေသည်။ ရာပေါင်းများစွာသော သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးများအား ကယ်တင်ရမည်မှာ မလွဲဧကန် ဖြစ်တာကြောင့် သူအခုချိန် ဒီပြဿနာအား ခဏဘေးဖယ်ထားရမည်ပင်။ စစ်ပွဲအခြေအနေက သိပ်မဆိုးတော့ရင် သူဘာဖြစ်နေလဲဆိုတာ မေးရမည်။
ဟွေ့ယန်တောင် ချောက်နက်က ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသည်။
သူ အကယ်၍ စစ်တပ်ကို တိုက်ရိုက်ချဥ်းကပ်ခိုင်းလိုက်လျှင် ဓားစာခံများအား ချက်ချင်းကွပ်မျက်လိုက်မှာ ကြောက်ရသည်။
အခုချိန်၌ သူ လုပ်နိုင်မည်မှာ ညဏ်ကို လွှာသုံးရန်ဖြစ်သည်။ ကျန့်ယွမ်စစ်သူကြီးသည် ထိုကိစ္စအား လုဟွမ်ဆီ လွှဲပေးရန် ဆုံးဖြတ်ထားပြီး သူ့အား လူဆယ်ယောက် တစ်စုဖြင့် အုပ်စုဆယ့်တစ်စုဖွဲ့ရန် ရွေးခိုင်းထားသည်။ သူတို့သည် သူလျှိုများအဖြစ် ဟန်ဆောင်ကာ ရန်သူစစ်တပ်မှ ဖမ်းမိသလို ရန်သူ့လက်ထဲဆင်းရမည်ဖြစ်သည်။
ဒီနည်းဖြင့်သာ ရန်သူစခန်းဆီ ဝင်၍ ဓားစာခံများအား ကယ်တင်နိုင်မည်ဖြစ်သည်။
ထိုနည်းလမ်းသည် အန္တရာယ်များသော်ငြား ဒီတစ်နည်းသာ ရှိသည်။
ရန်သူများသည် လုဟွမ်၏ မျက်နှာအား သိထားပြီးဖြစ်သည်။ လုဟွမ်သာ ဖမ်းခံလိုက်ရပါက သူတို့သည် ချက်ချင်းပင် နှိပ်စက်ကြလိမ့်မည်။ ထိုသို့နှိပ်စက်ခြင်းသည် အခုလို လတ်လတ်ဆတ်ဆတ်ရထားသည့် ဒဏ်ရာကဲ့သို့ ရိုးရှင်းမည်မဟုတ်ပေ။ ထို့နောက် သူတို့ရန်သူခံတပ်ထဲသို့ ရောက်သည့်အခါ ရာချီသော လူပေါင်းများစွာနှင့် ထွက်ပြေးရမည်။ မဟုတ်ရင် သူတို့ရဲ့ လုံခြုံရေးကို အစိုးမရချေ။
ဒီခရီးစဉ်က အတော် အန္တရာယ်ရှိသည်။ ထိုအန္တရာယ်ကြောင့်ပင် လုဟွမ်သည် စုရှီအား သူဒဏ်ရာရသည့် ပုံစံအားမမြင်စေချင်ပေ။ သူ့အကြံကြောင့် စုရှီလန့်သွားပေလိမ့်မည်။
ထိုအကြောင်းအား စဉ်းစားလိုက်ပြီး စစ်ဆင်ရေး စတင်ရန်အချိန်ကို နှင်းထူထပ်သည့် ညတစ်ည၌ စတင်ရန် ဆုံးဖြတ်လိုက်သည်။
မြောက်ပိုင်း စစ်တပ်စခန်းသည် တိတ်ဆိတ်နေပြီး မြို့တော်ထဲမှ ချစ်ရသူများအား ဆုံးရှုံးလိုက်သူများ၏ ကြေကွဲဆို့နင့်စွာ ငိုကြွေးသံများသာ ကြားရသည်။ လုဟွမ်နှင့် ကျန့်ယွမ်စစ်သူကြီး၏ လက်အောက်လုပ်သားများမှာ အချင်းချင်း လူစုခွဲလိုက်ပြီး ရန်သူ ချပ်ဝတ်တန်ဆာများအား ဝတ်ကာ တောအုပ်ကို စက်ဝိုင်းလို ဝိုင်းလိုက်ပြီး ဟွေ့ယန်တောင်ချောက်အား ချီတက်ကြသည်။
လုဟွမ် အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်၏။
"တတ်နိုင်သမျှ မြန်မြန်အပြီးသတ်ကြပါ။ ဖမ်းမိခံလိုက်ရပြီးရင် ရန်သူ့ခံတပ်ကို မီးရှို့ဖို့ စဉ်းစားကြ။ မနက်ဖြန်ဒီအချိန်ထက် နောက်ကျလို့မရဘူး"
တခြားဆယ်ယောက်သည် သူ့အား သိပြီဆိုသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကြသည်။
လုဟွမ် တွက်ထားသည်မှာ ရိုးရှင်းသည်။ သူအခု အိပ်နေလောက်ပြီဖြစ်ပြီး မနက်ဖြန် သူ ကျောင်းသွားရမည်။ သူ ပြန်ရောက်မှသာ လိုက်ကာလိုစခရင်အား ဖွင့်လိမ့်မည်။ ထို့နောက် ဒီမှာ နှစ်ချီမျှ တိုက်လိုက်သည့်အခါ နှစ်ညနှင့် တစ်ရက် သေချာပေါက် အချိန်ရလိမ့်မည်။
မနက်ဖြန်ည ဒီအချိန်၌ သူတဲထဲသို့ ပြန်ရောက်ဖို့လိုသည်။
ရန်သူများသည် ဟွေ့ယန်တောင်အား ဆုတ်ခွာနေကြပြီးဖြစ်သည်။ သူတို့လည်း ပင်ပန်းနေကြပြီဖြစ်ပေမယ့် သူတို့၏နောက်ဆုံး အသက်တစ်မျှင်အထိ ဆုပ်ကိုင်ထားကြသည်။ ဟွေ့ယန်တောင်အဝင်အထွက်၌ စစ်သားများအား တင်းကြပ်စွာ ချထားလျက်ရှိသည်။
ရန်သူသည် သေချာပေါက် ယန်တိုင်းပြည်မှ စစ်တပ်သည် ဟွေ့ယန်တောင်ချောက် အနောက်ဘက်ကို စက်ဝိုင်းပုံစံဝိုင်း၍ ကုန်းတွင်းပိုင်းအား ရောက်လာမည်ကို သေချာပေါက်စိုးရိမ်နေကြသည်။ ထို့ကြောင့် သူတို့ဓားစာခံများအား စုထားပြီး အသေခံတပ်သားများအဖြစ် သုံးမည့်ပုံရသည်။
လုဟွမ်နဲ့ အခြားသူတွေ ခိုးဝင်ရင် သူတို့ကို ရန်သူတွေ မရှာတွေ့ဘဲ မနေပေ။
ရန်သူတွေက သူတို့ကို ရှာတွေ့သွားပေမယ့် ဘာအသံမှ မပေးကြဘဲ သူတို့ကို တောင်ချောက်အနား ရောက်လာအောင် စောင့်ပြီးမှ တစ်ခါတည်း စုပြီးဝိုင်းဖမ်းကြသည်။
ယန်တိုင်းပြည်၏စစ်တပ်မှ ဆင်ထားသည့် ထောင်ချောက်ဖြစ်နေသည်အား သူတို့အနည်းငယ်မျှ မရိပ်မိချေ။
အရာရာတိုင်းသည် အစီစဥ်အတိုင်းဖြစ်နေ၏။ အဖွဲ့ဝင် ဆယ့်တစ်ယောက်လုံးသည် လျင်မြန်စွာပင် အဖမ်းခံလိုက်သည်။ ချောက်နက်ထဲ၌ ဆယ်ယောက် ဖမ်းမိပေမယ့် ရန်သူမသိသည်မှာ စုစုပေါင်းဆယ့်တစ်ယောက်ရှိသည်ကိုပင်။ ထိုအချိန်မှာပင် တောင်ချောက်အား ကြီးကြပ်နေသူ၏ အာရုံသည် ကျန့်ယွမ်စစ်သူကြီးတို့လက်အောက်မှ ဗိုလ်တစ်ယောက်နှင့် လုဟွမ်တို့ထံ ကျရောက်သွားတော့သည်။
ထိုလူများအား သူမှတ်မိပြီး သူတို့အားလုံးဟာ အရင်တိုက်ပွဲတုန်းက အထူးအဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ အထူးသဖြင့် ကျန့်ယွမ်စစ်သူကြီး၏ ဆက်ခံသူဟု အမည်ထွက်နေသည့် မြင်းတပ်ဗိုလ် လုဟွမ်ပင်။ အကယ်၍သူတို့အား အရှင်ရရ အသေရရ ဖမ်းမိသူဟာ ဆုကြေးငွေ အကြီးကြီးပေးအပ်ခံရမည်သာ။
သို့သော် တောင်ချောက်ထဲမှာ လုဟွမ်နှင့် အခြားသူများ အကြိမ်ပေါင်းများစွာ နှိပ်စက်စစ်မေးခံနေရချိန် ချောက်ကမ်းပါး၏ အခြားတစ်ဖက်တွင် ရန်သူများ၏ ရိက္ခာများအား ရုတ်တရက် မီးလောင်တိုက်သွင်းခံလိုက်ရသည်။
ရန်သူတပ်သည် ထိုအခြေအနေကြောင့် အငိုက်မိသွားပြီး သူတို့၏စစ်သားများအား မီးငြိမ်းသတ်ရန် အလျင်အမြန် စေလွှတ်ကြ၏။
လုဟွမ်နှင့် အခြားလူကိုးဦးတို့သည် အချင်းချင်း ကြိုးဖြည်ပေးလိုက်ကြပြီး ဓားစာခံများအား ကယ်ဆယ်ရန် အကျဉ်းထောင်သို့ သွားကြတော့သည်။
အားလုံးကို ခဏလေးအတွင်း ကယ်ဆယ်လို့ပြီးသွားပြီပင်။
ဓားစာခံများအား ကယ်ဆယ်ပြီးနောက် ရန်သူတပ်များသည် ယန်တိုင်းပြည်ကို ခြိမ်းခြောက်စရာ ဓားဓာခံတွေ မရှိတော့တာမလို့ လေးသမားများသည် ဟွေ့ယန်တောင်ချောက်မှ ချက်ချင်းဆုတ်ခွာ၍ သူတို့၏လေးများအား မီးမြိုက်ကာ ထောင်ပေါင်းများစွာသော မြားများပစ်လွှတ်လိုက်ကြ၏။ လုဟွမ်တို့သည် ကျောက်တုံးကြီးများအား အသုံးပြုကာ လမ်းကို ပိတ်ဆို့ခဲ့ပြီး ပြိုကျနေသည့် ဟွေ့ယန်တောင်ချောက်၏ အကျိုးအပျက်များအား ဖယ်ရှားကာ ပိတ်မိနေသည့်လူများကို ကယ်ဆယ်ခဲ့သည်။
လုဟွမ်နှင့် အခြားလူများ ဟွေ့ယန်တောင်ချောက်မှ ရာကျော်သော မိန်းမနဲ့ကလေးတွေ ထွက်လာသည့်အခါ အပြင်ဘက်၌ ကျန့်ယွမ်စစ်သူကြီး၏လူများက ကြိုစောင့်နေကြပြီးဖြစ်သည်။ ကျန့်ယွမ်စစ်သူကြီးသည် နှစ်ထောင်းအားရဖြစ်နေပြီး ထိုလူများအား ကယ်တင်ရန် လက်အောက်ငယ်သားများအား လွှတ်လိုက်သည်။
ရာကျော်သောလူပေါင်းများစွာထဲမှ လူအများစုသည် မြို့တော်ထဲမှလူများ၏ ဆွေမျိုးရင်းချာများ ဖြစ်ကြသည်။ သူတို့ရဲ့ မိသားစုတွေက မြို့အပြင်၌ စစ်တပ်နှင့်အတူ အကြာကြီးစောင့်မျှော်နေကြပြီး သူတို့ဆီသို့ ဓားစာခံများ ပြေးလာသည်အား အဝေးကမြင်သည့်အခါ ထိုလူများသည် သူတို့၏စိတ်လှုပ်ရှားမှုအား ထိန်းမချုပ်နိုင်တော့ဘဲ ကူညီရန် ပြေးလွှားသွားကြတော့သည်။
သို့သော် နောက်ဆုံး၌ လူအားလုံးကို မကယ်တင်နိုင်ခဲ့ချေ။ တချို့သော ဓားစာခံများသည် ထိုခဏတာ အချိန်တိုအတွင်း ရန်သူတပ်၏ နှိပ်စက်ညှင်းပန်းမှုကြောင့် အင်မတန် အားနည်းနေကြပြီး ကျန့်ယွမ်စစ်တပ် လာရောက်ကယ်တင်သည်အထိ တောင့်မခံနိုင်ခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် နောက်ဆုံး ထွက်သက်အထိ မြဲမြံစွာ ဆုပ်ကိုင်ထားသူများလည်းရှိသည်။ မြို့တော်သို့ပြန်ရောက်ပြီးနောက် သူတို့သည် မြေပြင်ပေါ်၌ လဲကျသတိလစ်သွားကြ၍ သမားတော်များ အပြေးလာရောက် ကယ်တင်ရလေသည်။
ထိုလူများထဲမှ သတိရှိနေသောသူများသည် ယခုထိ မယုံကြည်ဖြစ်နေကြပြီး ဒူးထောက်ကာ ကျန့်ယွမ်စစ်တပ်အား သူတို့၏အသက်ကို ကယ်တင်ပေးခြင်းအတွက် ကျေးဇူးတင်ခဲ့ကြသည်။
မြို့ပြင်မှာ ကောင်းကင်ကြီး မီးဟုန်းဟုန်းတောက်နေပြီး မြို့တော်သည် ပရမ်းပတာဖြစ်နေသည်။ ဒါပေယ့် ဒီကိစ္စကြောင့်ပဲ ဒီနေ့ပြီးသွားရင်တော့ မြောက်ပိုင်းမှာ စစ်မီးတောက်တွေ ပိုပြီးငြိမ်းသတ်သွားနိုင်မည်ဖြစ်ကာ ရန်သူတပ်များက အများကြီး ဆုံးရှုံးခဲ့၍ အလျင်စလိုလုပ်ရဲမှာမဟုတ်တော့ပေ။ အနည်းဆုံး တစ်လခွဲအထိ စစ်တပ်သည် အနားယူပြီး ပြန်လည်ဖွဲ့စည်းနိုင်သည်။
"မြင်းတပ် ဗိုလ်မှူး!"
နောက်တန်းလျားရှိ သမားတော်တစ်ယောက်သည် ဆေးပစ္စည်းများဖြင့် လုဟွမ်၏ထိခိုက်ဒဏ်ရာများအား ကြည့်ပေးရန် ရောက်လာခဲ့သည်။ သို့သော် မြို့တော်၌ သမားတော်အနည်းငယ်သာ ရှိသည့်အတွက် လုဟွမ်သည် တခြားလူများ၏ ထိခိုက်ဒဏ်ရာများကိုသာ အရင်ကြည့်ပေးရန် တောင်းဆိုခဲ့သည်။ ထပ်ပြောရသော် လုဟွမ်သည် သူ့ခန္ဓာကိုယ်အား တခြားလူများ ကိုင်တွယ်မည်ကို ကျင့်သားမရချေ။ ကျန့်ယွမ်စစ်တပ်အား အကြောင်းတစ်စုံတစ်ရာပေးကာ သူ့တဲအတွင်းသို့ပြန်ပြီး စုရှီမလာခင် သူ့ဒဏ်ရာများ ဆေးထည့်ရမည်ပင်။
လုဟွမ်ခန္ဓာကိုယ်၌ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရှိချေ။ ဖမ်းဆီးခံရ ပုံဟန်ဆောင်ခဲ့သည့်အတွက်သာ သူ့နောက်ကျောနှင့် လည်ပင်းတစ်လျှောက်တွင် ကြာပွတ်ရာများ ရှိနေလေသည်။ ထိုပွန်းပဲ့ဒဏ်ရာများလောက်က မခံနိုင်စရာမရှိပေမယ့် ဟွေ့ယန်တောင်ချောက်ရှိ ရန်သူ့စခန်းဆီသို့ ကျရောက်ပြီးနောက် မြောက်ပိုင်းရှိ ဖွဲ့စည်းပုံမြေပုံကို သူတို့ဆီမှ ရရှိရန်အတွက် ရန်သူများသည် သူတို့၏ ဒဏ်ရာများအား ဆားများဖြင့် ပွတ်ခဲ့ကြသည်။
ယင်းကြောင့် ဒဏ်ရာများမှာ သွေးများ ရွှဲရွှဲစိုကာ အနည်းငယ် ကြောက်စရာကောင်းလှသည်။
သူ့အတွင်းအဝတ်ကို မချွတ်မီတွင် သူ၏အဖြူရောင်အတွင်းခံအဝတ်သည် သွေးများဖြင့် စွန်းထင်းနေသည်ကို တွေ့လိုက်ရသည်။ ချွတ်လိုက်သည်နှင့် ပွင့်နေတဲ့ ဒဏ်ရာတွေကို မြင်လိုက်ရလေသည်။
လုဟွမ် တစ်ယောက်ယောက်အား ရေယူ လာပေးရန် ခိုင်းစေလိုက်သည်။ သူ့ဒဏ်ရာများအား နှံ့စပ်စွာ ဆေးကြောလိုက်ပြီးနောက် သူဆေးလိမ်းကာ သူ့အသားများ ထုံကျင်ကိုက်ခဲနေသော်လည်း လုဟွမ်တစ်ယောက် ရင်ထဲမှာတော့ နည်းနည်းပျော်ရွှင်နေလေသည်။ ထိုမစ်ရှင်အား အောင်မြင်စွာ ပြီးမြောက်သွား၍ နောက်ထပ် အမှတ်တစ်ဒါဇင် ဒါမှမဟုတ် အဲတာထက်ပိုတဲ့အမှတ်တွေ ရနိုင်သည်။ ဒီလိုနည်းအားဖြင့် စုရှီအား တွေ့နိုင်တဲ့နေ့ဟာ ပိုနီးကပ်လာလိမ့်မည်။
ထိုအကြောင်းတွေးရင်း လုဟွမ် အားသိပ်မထိန်းထားလိုက်မိတဲ့အတွက် ပုခုံးပေါ်မှ ချုပ်ရိုးဟာ ထပ်ပွင့်သွားတာမလို့ လုဟွမ်တစ်ယောက် မျက်မှောင်ကြုတ်မိသွား၏။
အစက သူသည် တိုက်ပွဲကို အမြန်အဆုံးသတ်လိုသော်လည်း သူ့ခန္ဓာကိုယ်၌ ကြာပွတ်ဒဏ်ရာများ ရှိနေသောကြောင့် သူ့လှုပ်ရှားမှုများသည် အနည်းငယ် နှေးကွေးနေသည်။ သူ စုရှီ၏အိမ်နံရံပေါ်ရှိ နာရီကို ကြည့်လိုက်တော့ ငါးနာရီခွဲနေတာကိုမြင်ပြီး အဝတ်အစားများကို အမြန်ဝတ်ကာ ခါးပတ်ကို ချည်လိုက်သည်။ မြေကြီးပေါ်ရှိ သွေးစွန်းနေသော ပတ်တီးများအား ကောက်ယူပြီး တဲအပြင်ဘက်ရှိ လူများကို ပစ်လိုက်ဖို့ အမိန့်ပေးလိုက်သည်။
သူစားပွဲရှေ့၌ ထိုင်ကာ စစ်ဆင်ရေး မှတ်တမ်းကို စရေးတော့သည်။ ဖုံးကွယ်ရန် ခက်ခဲသော လည်ပင်းမှ ဒဏ်ရာမှလွဲ၍ တခြားပြင်းထန်သော ဒဏ်ရာဒဏ်ချက်မရှိချေ။
ပုံမှန်အားဖြင့် စုရှီတစ်ယောက်ကျောင်းမှ အိမ်ပြန်ရောက်သည်နှင့် ဖုန်းကို အမြန်ထုတ်ပြီး အွန်လိုင်း တက်လေ့ရှိသည်။ သို့သော်လည်း ပြီးခဲ့သည့်တစ်ကြိမ်က လုဟွမ်၏ အဝတ်မပါသောပုံစံအား မတော်တဆ ကြည့်မိပြီးကတည်းက အွန်လိုင်းပေါ်တက်သောအခါ ပို၍သတိထားနေရသည်။
ဂိမ်းဖွင့်ပြီးတာနဲ့ အရင်ဆုံး မျက်လုံးအား ကာလိုက်သည်။ ထို့နောက် မျက်လုံးတစ်ဖက်ထုတ်ကာ ကျိုက်ကျိုက် ရေချိုးနေသည်လား သိရှိစေရန် တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။ အဝတ်အစားများဖြင့် သပ်သပ်ရပ်ရပ်ရှိနေသည့် စားပွဲရှေ့မှာထိုင်နေသာ သူ့အားမြင်မှ စုရှီသက်ပြင်းတစ်ချက်ချပြီး မျက်လုံးများအား ကာထားတဲ့ လက်ကို ဖယ်ပစ်လိုက်သည်။
သူ့စိတ်ထဲ၌ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်…။ ကျိုက်ကျိုက်ဟာ ရုတ်ချည်းဆိုသလို အသက် ဆယ့်ခုနစ်နှစ်အရွယ် လက်ထပ်နိုင်ပြီး ကလေးယူနိုင်သည့် ချောမောသော လူငယ်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုအရာကပင် စုရှီအား အရင်ကလို အတင့်ရဲအောင် မနေနိုင်ခြင်းပင်။ ရှေးခေတ်လူတွေဟာ နာမည်ဂုဏ်သတင်းကို ဂရုစိုက်ကြတယ် မဟုတ်လား။ ကျိုက်ကျိုက်သည်လည်း ဂရုစိုက်မှာပင်။ နောင်တွင် မိန်းမတစ်ယောက်နဲ့ လက်ထပ်ရမှာမလို့ သူဖြူစင်တာတွေကို စုရှီကြောင့် အစွန်းထင်းမခံသင့်ပေ။
စုရှီ ကျိုက်ကျိုက်ဆီသွား၍ နှုတ်ဆက်လိုက်သည်။
"ဘာတွေရေးနေတာလဲ"
သူတစ်ချက်လှမ်းကြည့်လိုက်သည့်အခါ ကျိုက်ကျိုက်သည် စစ်ဆင်ရေး မှတ်တမ်း ရေးသားနေသည်ကို တွေ့လိုက်ရသည်။ ကျိုက်ကျိုက်၏ လက်ရေးသည် ယခင်ကလို လှမြဲ လှနေ၏။
ခုနတင် စုရှီ သူ့မျက်လုံးကို ကာလိုက်သည့်အပေါ် လုဟွမ် ပဟေဠိဖြစ်သွားသည်။
'ဘာများဖြစ်လို့လဲ၊ သူ မျက်လုံးနာလို့လား'
သို့သော်ငြား လုဟွမ် မမေးနိုင်ဘဲ သူ့အရှေ့မှ စခရင်ကိုသာ သူအကြာကြီး ငေးကြည့်နေသည်။ သူ့မျက်လုံး နက်မှောင်၍တောက်ပနေကာ ဘာမှမဖြစ်သည်ကို အတည်ပြုပြီးနောက် သူစိတ်သက်သာရာရသွားသည်။
လုဟွမ်က ပြုံးလျက် ပြောလိုက်သည်။
"မင်းဒီကိုရောက်နေပြီပဲ နောက်လတွေကျရင် မြောက်ဘက်မှာစခန်းချထားတဲ့ စစ်တပ်က မြို့တော်ကို ပြန်လာတော့မယ်လို့ ကိုယ်ထင်တယ်...အဲအချိန်ကျရင်.."
လုဟွမ် စကားဆုံးအောင် မပြောလိုက်သေးခင် စုရှီက စကားဖြတ်ပြောလိုက်၏။
စုရှီ အင်တာဖေစ့်အား လုဟွမ်၏ လည်ပင်းဆီ ရုတ်တရက်ဆွဲလိုက်ပြီး အလန့်တကြားဖြင့် မေး၏။
"လုဟွမ် လည်ပင်း ဘာဖြစ်တာလဲ"
လုဟွမ် သူ့အား ကျိုက်ကျိုက်ဟု ဆက်မခေါ်တော့သည်ကို သတိပြုမိသည်။ ဒါက ကောင်းတာလား ဆိုးတာလား သူမသိချေ။ သူ့လည်ပင်းကို မသိမသာ ဖိထားသော်လည်း ဒဏ်ရာကို မဖုံးကွယ်နိုင်ပေ။
"မနေ့ညက ဓားစာခံတွေကို ကယ်ဖို့ သွားခဲ့တာ။ ဒဏ်ရာနည်းနည်းလေးရခဲ့တာပါ ဒါပေမယ့် ဘာမှ စိုးရိမ်စရာမရှိဘူး"
'မစိုးရိမ်ရဘူးတဲ့ ငါ့ဖင်ကြီးကိုဘဲ'
ထိုဒဏ်ရာသည် မတ်လပြီးကတည်းက စုရှီမြင်ဖူးသမျှ အကြီးဆုံး ထိခိုက်ဒဏ်ရာဖြစ်သည်။ စုရှီ စိတ်ပူပန်ပြီး ဒေါသချောင်းချောင်းထွက်နေရ၏။ စုရှီ စိတ်ပူရခြင်းမှာ သူအခုလေးတင် အင်္ကျီလဲထားပြီး သူ့ဆံပင်ရှည်ကြီးအား ဖရိုဖရဲ ချည်နှောင်ထားလို့ပင်။ သေချာပေါက် သူရေချိုးပြီးသားဖြစ်သည်။
သူဘာလို့ ရေချိူးလိုက်တာလဲ? သေချာပေါက် သူ ကြီးကြီးမားမား ထိခိုက်ခဲ့ပြီး သူ့ရေလဲအဝတ်၌ သွေးများစွန်းနေသည်ကို စုရှီအား မမြင်စေချင်၍ ဖြစ်နိုင်သည်။ သူစိတ်ဆိုးရခြင်းမှာ အရေးကြီး ကိစ္စတစ်ခုခုရှိလာလျှင် သူ့အားခေါ်ရန် ပြောခဲ့ပေမယ့် စုရှီ အိပ်ပျော်နေတာကို အခွင့်ကောင်းယူ၍ မစ်ရှင်ကို လုပ်ခဲ့သည်။
စုရှီတစ်ယောက် အံကြိတ်ကာ စကားတစ်လုံးတစ်လေမှ မပြောချေ။ သူဈေးဆိုင်၌ ၁၀၀% အကျိုးသက်ရောက်မှုရှိသည့် ကျင်းချွမ်ဆေးလုံးအား အလောတကြီးရှာဖွေနေသည်။
လုဟွမ်သည်လည်း ဈေးဆိုင်မှ ကျင်းချွမ်ဆေးလုံးအား ဝယ်နိုင် နေပြီဖြစ်သည်။ သို့သော်ငြား စုရှီဈေးဆိုင်မှ အလောတကြီး စိတ်ပူပန်စွာ ဝယ်နေသည့်ကိုမြင်သောအခါ လုဟွမ်အနေဖြင့် သူ့အားဂရုစိုက်သည်ဟု ခံစားမိလေသည်။ သူ ထိုခံစားချက်အား အင်မတန်မှပင် သဘောကျတာကြောင့် သူကိုယ်တိုင် ကျင်းချွမ် ဆေးလုံးအား မ၀ယ်ချေ။ ထို့အစား စုရှီဝယ်ပေးသည့် ဆေးလုံးကိုသာ နေ့တိုင်း သုံးလေသည်။
စုရှီ ကျင်းချွမ်ဆေးလုံးအား ဈေးကြီးပေး၍ ဝယ်နေသည်ကို သူပြုံးလျက်သာ ကြည့်နေလေ၏။
စုရှီ တစ်ချက်လှည့်ကြည့်လိုက်ပြီး ကျိုက်ကျိုက်ပြုံးနေသည်ကို တွေ့လိုက်တော့ ဒေါသချောင်းချောင်း ထွက်သွားပြီး ပြောလိုက်သည်။
"ဘာကို ပြုံးနေတာလဲ ဒီမှာ မတ်တပ်လာရပ်!"
လုဟွမ် : "..."
သူ ရုတ်တရက် ရှောင်ရှီ၏ ဒေါ်သထွက်နေသည့်ပုံစံအား တွေ့လိုက်ရ၏။
စုရှီတစ်ယောက် လုဟွမ်အား စခရင်မျက်နှာပြင် အနားသို့ သေချာ ဆွဲပြီး လာခိုင်းလေသည်။ သူ့ဒဏ်ရာများအား မမြင်စေလိုသည့်အတွက် အဝတ်အစားများအား ပေးမချွတ်သောကြောင့် စုရှီ ကိုယ်တိုင်ပင် ဆွဲချွတ်လေတော့သည်။
ဒီတစ်ခါ၌ စုရှီ ယောက်ျားနှင့်မိန်းမကြား အထိအတွေ့များအကြောင်း အဓိပ္ပာယ်မရှိသည့် အရာများအား ဂရုမစိုက်တော့ပေ။ သူစိုးရိမ်စွာဖြင့် ကျိုက်ကျိုက်၏ ရေလဲဝတ်အား ဆွဲဟလိုက်သည်။ စုရှီရဲ့အကြည့်တွေက ဆားသိပ်ထားသော အနာပေါ်သို့ ရောက်သွားသောအခါ စုရှီသည် လေအေးများ ကို ရှုရှိုက်လိုက်ရသကဲ့ ရင်ဘတ်ထဲ စူးအောင့်သွားရသည်။ ကျိုက်ကျိုက်ရဲ့ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ပေပွနေပြီး အသားအရောင်မှာလည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေလေသည်။
ဒီလို ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများဖြင့် ဘယ်လိုတောင် စစ်ရေးမှတ်တမ်းကို မျက်နှာ တချက်မပျက်ဘဲ ရေးနိုင်တာလဲ။ စုရှီကိုပင် ဘာမှမဖြစ်သလို ပြုံးပြနေသေးသည်။
စုရှီ၏ မျက်ထောင့်များ နီလာသည်။ သူတို့ ကျန့်ယွမ်စစ်သူကြီးဆီ သွားဖို့ မြို့တော်အား အရင်ပြန်သင့်သည်ဟု ပြောချင်နေသော်လည်း သူ့စကားလုံးများကို မြိုသိပ်ထားလိုက်သည်။
လည်ချောင်းထဲ အစိုင်အခဲတခု ဆို့တစ်နေသလိုဖြစ်နေပြီး သက်ပြင်းချလိုက်ကာ ဂရုတစိုက်နှင့် ညင်သာစွာ ကျင်းချွမ်ဆေးမှုန့်ကို လုဟွမ် ခန္ဓာကိုယ်ပေါ်သို့ လောင်းချလိုက်သည်။ စုရှီသည် လုဟွမ်၏ ဒဏ်ရာအပေါ်တွင် ဆေးမှုန့်များဖြင့် အလွှာထူထူ တစ်ခု ဖြစ်ပေါ်လာသည် အထိ ထပ်ကာ ထပ်ကာ ဆေးထည့်ကာ ပတ်တီးစည်းလိုက်ပြီးမှ အင်္ကျီကို ဝတ်ဆင်ပေးလိုက်သည်။
စုရှီ နေရထိုင်ရ မကောင်းတော့ချေ။ ကျိုက်ကျိုက်အား သေချာ ဂရုမစိုက်ပေးနိုင်သည့်အတွက်ကော အချိန်တခုရောက်လာလျှင် ကျိုက်ကျိုက် သူ့ကို မလိုအပ်တော့မှာကိုကော ခံစားမိသောကြောင့်ပေ။
လုဟွမ်က ရဲရင့်ပြီး ကြံ့ခိုင်တဲ့သူ ဖြစ်လာကာ စစ်တပ်ရေးရာဝန်ကြီးဌာနကို ကောင်းစွာ စီမန်ခန့်ခွဲ နိုင်ပြီး စစ်သူကြီး၏မျက်နှာသာပေးမှုကို ရရှိသူလည်း ဖြစ်နေပြီ။ သူသည် တပ်ဖွဲ့များကို စစ်တိုက်ရာတွင်လည်း ဦးဆောင်နိုင်ပြီး စစ်တပ်၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် လှုံ့ဆော်ပေးခဲ့ကာ ဧကရာဇ်အား လုပ်ကြံရန် ကြံစည်မှုကိုပင် အလွယ်တကူ တားမြစ်နိုင်ခဲ့သေး၏။
ဒဏ်ရာရခဲ့တာတောင် စုရှီအား မသိစေချင်လိုသဖြင့် ဖုံးကွယ်ထားခဲ့သည်။
အကယ်၍ လုဟွမ်သာ စုရှီကို မလိုအပ်တော့ဘူးဆိုလျှင် စုရှီဘာလုပ်ရမည်နည်း? သူနဲ့ နေ့တိုင်း အွန်လိုင်းမှာချည်း စကားပြောလို့လည်း မရပေ။ ဒီလိုသာ ဆိုရင် အိမ်ထောင်ပြုပြီး ကလေးမွေးတဲ့အခါ စုရှီအား ငြီးငွေ့လာမှာ သေချာသလောက် ဖြစ်နေသည်။
မလိုအပ်တော့သောသူသည် အရေးမပါတဲ့ လူလိုမျိုးပင်။
ထပ်ပြောရရင် ယခုရက်ပိုင်းအတွင်း သူ ထူးထူးဆန်းဆန်းပြုမူနေတတ်ပြီး စုရှီအား ရင်မဖွင့်တော့သလို သူ့ခေါင်းပေါ်မှ အတွေးပူဖောင်းများ မရှိတော့သည်မှာလည်း ကြာမြင့်လေပြီ။
စုရှီ ဘာလုပ်ရမည်ကို မသိတာကြောင့် မျက်လုံးများအား ပွတ်သပ်လိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်သည်။ သူကျိုက်ကျိုက်အား ပြောလိုက်၏။
"နောက်ခါ ဒဏ်ရာရလာရင် ငါ့ကိုပြော.. .မဟုတ်ရင် စိတ်ဆိုးပစ်လိုက်မှာ"
လုဟွမ် ပြန်ပြောလိုက်သည်။
"အင်းပါ"
သူ့ရေလဲ အဝတ်အား ဝတ်ကာ ခါးပတ်ဖြင့် ချည်နှောင်လိုက်သည်။ ရုတ်တရက် တဲအပြင်ဘက်မှ စစ်သားတစ်ယောက် ရောက်လာ၏။
"ဗိုလ်မှူး ကယ်တင်ထားတဲ့ သူတွေထဲမှာ တော်ဝင်သမားတော်ရဲ့သမီး ကျေးလက်သူလေး ပါတယ်။ သူက လူတွေကို ပြုစုတဲ့နေရာမှာတော်တယ်၊ အဲတာဗိုလ်မှူးကို သူ့အသက်ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးဆပ်ချင်လို့ပါတဲ့။ ပြီးတော့ ဗိုလ်မှူး မြန်မြန်ဆန်ဆန် သက်သာအောင်လို့ အဆင်ပြေနိုင်မဲ့ ဆေးဝါးတွေ ယူလာသေးတယ်"
လုဟွမ် ဆေးတွေအကြောင်း ဂရုမစိုက်ချေ။ ခြုံပြောရသော် စုရှီ၏ ကျင်းချွမ်ဆေးလုံးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အကျိုးသက်ရောက်မှုရှိလို့ပင်။
သို့သော်ငြား ထိုနေ့၌ ရန်သူ့စခန်းဆီသို့ သူနှင့် အတူလိုက်ပါပေးခဲ့သည့် ရဲဘော်ကို ပေးလိုက်တာကလည်း မဆိုးလှပေ။ ထို့ကြောင့် စုရှီအား တိုးတိုးလေးပြောလိုက်၏။
"ကိုယ်ခနနေပြန်လာခဲ့မယ်"
စုရှီ "အိုကေ"
တော်ဝင်သမားတော်ရဲ့ သမီး? စုရှီတစ်ယောက် ဂိမ်းထဲ၌ နစ်မြောနေသည်မာ ကြာမြင့်နေပြီ ဖြစ်ပြီး ရုတ်တရက် သူ့ဆီသို့ အသိပေးချက်ရလာသည်။ ထို့ကြောင့် စနစ်၏အပေါ်ညာဘက်ထောင့်အား ဖွင့်ပြီး ကြည့်လိုက်တော့ 'မောင်းမဆောင်'ဆိုတဲ့ ဘားတန်းအောက်မှာ တော်ဝင်သမားတော်ဟောင်းရဲ့သမီး လျှိုရုယန်ဆိုပြီး ပေါ်နေလေသည်။
စုရှီ ဆွံ့အ သွားသည်။
ဒီဂိမ်းသည် အခွင့်အလမ်းတိုင်းကို တကယ် အသုံးချနေသည်ပင်။ သူတို့သည် စစ်တိုက်ရန် ချီတက်နေပြီ ဖြစ်သော်လည်း ကျိုက်ကျိုက်အတွက် ကြင်ယာဖက် စီစဥ်ရန် မမေ့ကြသေးပေ။
စုရှီ အင်တာဖေ့စ်အား တဲအပြင်သို့ အမြန်ပြောင်းလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကျိုက်ကျိုက်နှင့် မျက်နှာချင်းဆိုင်၌ မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေလေသည်။
မူရင်းပုံစံကို ဖွင့်ရန် ဝယ်လိုက်ပြီး ထိုမိန်းကလေးအား ကြည့်လိုက်တော့ ထိုမိန်းကလေး၏ အသွင်အပြင်သည် ကြည်လင်ပြီး စစ်တပ်ရေးဝန်ကြီး၏ သမီးကဲ့သို့ သိမ်သိမ်မွေ့မွေ့လည်း မဟုတ်သလို ချမ်းသာသော မိန်းမ၏ သမီးကဲ့သို့ပင် ချောမောလှပခြင်းမရှိသော်လည်း ကိုယ်ပိုင်ဟန်ဖြင့် နူးညံ့သိမ်မွေ့မှုမျိုး ရှိသည်။
အနည်းဆုံးတော့ မူရင်းပုံစံအား ဖွင့်လိုက်ရာ၌ သူဟာ ကျိုက်ကျိုက်နှင့် အလွန်တရာလိုက်ဖက်သည်။ သူ့အရပ်သည် ကျိုက်ကျိုက်၏ရင်ဘတ်နားရှိသောကြောင့် သူ့ပုံစံအား အလွန်သေးငယ်သည့်ဟန် ပေါ်စေသည်။
သူက ဖျော်စပ်ထားသော ဆေးကို ထုတ်ကာ ကျိုက်ကျိုက်အား တစ်ခုခုပြောလိုက်သည်။ စုရှီသည်လည်း စကားပြောစာတန်းအား သတိမထားခဲ့ပေ။
ကျိုက်ကျိုက်သည် ဆေးလက်ခံပြီး သူ့နောက်မှ စစ်သားထံ ပေးလိုက်သည်ကို မြင်လိုက်သည်။
စုရှီ ဘာကြောင့်မှန်းမသိသော်လည်း နည်းနည်းတော့ မနာလို ဖြစ်နေမိသည်။ ဒီလို ယခင်က သေချာပေါက် မဖြစ်ဘူးချေ။ ယခင်က ကျိုက်ကျိုက်သည် တရုတ်ရိုးရာ ပန်းထိုး ဘောလုံးအား တစ္ဆေတစ်ကောင်အလား ရှောင်နေသည်ကို မြင်သောအခါ စုရှိသည် အလွန်စိတ်ပျက်သွားပြီး ကျိုက်ကျိုက်က ချစ်သူ မလိုချင်ဘူးလို့ ထင်ခဲ့သည်။
သို့သော် ယခုတော့ စုရှီ ထိုကဲ့သို့ မခံစားရတော့ပေ။
အရင်က ကျိုက်ကျိုက်ကို ကလေးတစ်ယောက်လိုပဲ မြင်တာကြောင့် ရှိုးကြည့်နေရသလိုပဲ သဘောထားကာ ကြည့်လို့ကောင်းအောင် သူ တစ်ယောက်ယောက်နဲ့ ချစ်မိသွားပါစေလို့ မျှော်လင့်ခဲ့မိသည်။
ဒါပေမဲ့ ခုချိန်မှာတော့ ကျိုက်ကျိုက်သည် သူ့ထံမှ အရာအားလုံးအား ဖုံးကွယ်လိုပြီး သူ့ကို မလိုအပ်တော့ကြောင်း စုရှီသဘောပေါက်လာသည်။ ကလေးလေးက တဖြည်းဖြည်း အရွယ်ရောက်လာသလို ဖြစ်ပြီး စုရှီမှာ တခုခုအား ဆုံးရှုံးလိုက်သလိုပင် ခံစားလိုက်ရသည်။
ထပ်ပြီး ဒီလို ခံစားချက်သည် ကျိုက်ကျိုက်၏ ဇနီးကြင်ယာဖက်အဖြစ် တခြားသော မိန်းကလေးအား တွေ့လိုက်သည့်အခါ ပိုလို့ပင် သည်းမခံနိုင် ဖြစ်လာရသည်။
တကယ်တော့ ကျိုက်ကျိုက်ဟာ အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်တစ်ခုအား ရောက်ရှိနေလေပြီ။ သူ လက်ထပ် ထိမ်းမြားခြင်း မပြုလုပ်ရသေးသော်လည်း သူ့စိတ်ထဲ ဘာတွေးနေလဲ ဆိုတာကိုပင် စုရှီအား မပြောပြတော့ချေ။ သူသာ လက်ထပ်ထိမ်းမြားပြီးလျှင် ယခုလို ဘယ်အရာမဆို ရှင်းရှင်းလင်းလင်းပြောနိုင်သည့် အခြေအနေသို့ ရောက်ရန် ခဲယဥ်းသွားပေလိမ့်မည်။
စုရှီ ကျိုက်ကျိုက်ခေါင်းပေါ်ရှိ စာတန်းများအားကြည့်လိုက်သည်။
"ယန်တိုင်းပြည်မှ ၁၇နှစ်အရွယ် လက်ထပ်ပြီး ကလေးယူလို့ရသော လုဟွမ်" ကိုမြင်တော့ ပိုလို့ပင် စိတ်ပျက်သွားသည်။
သူမ ရင်ထဲ ဘာကြောင့် ရှုပ်နေလဲ နားမလည်တော့ချေ။ သူမ ဒီလိုဖြစ်မနေသင့်ပေ။ သို့သော် အကြောင်းပြချက်မရှိဘဲ နေလို့ထိုင်လို့ကောင်းမနေ။
...ကျိုက်ကျိုက် အခုက စပြီး သူမ ကို မလိုအပ်တော့ဘူးလား?
ကျိုက်ကျိုက် တဲထဲသို့ ပြန်သွားသည်အား မြင်ပြီးနောက် သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ပြီး အင်တာဖေ့စ်အား တဲထဲသို့ပြန်လှည့်လိုက်သည်။
လုဟွမ် စားပွဲမှာ ထိုင်ပြီး မေး၏။
"ဒီမှာရှိနေသေးလား?"
တကယ်တော့ သူမေးစရာပင်မလိုချေ။ သူကြည့်လိုက်သည့်အခါ စုရှီအား စခရင်ပေါ်၌ မြင်နေရသည်။ စုရှီ ဘာတွေ တွေးတောနေလဲ သူမသိသော်လည်း သူ့ပုံကြည့်ရသည်မှာ အနည်းငယ် စိတ်ဓာတ်ကျနေ သယောင်ပင်။
စုရှီ အတန်ကြာတိတ်ဆိတ်နေပြီးမှ ပြောလာသည်။
"ငါ ဒီမှာရှိသေးတယ်"
လုဟွမ်တစ်ယောက် သူစိတ်ဓာတ်ကျနေသည်အား မြင်နေရသော်လည်း ဘာကြောင့်လဲ နားမလည်ချေ။ သူ စခရင်ပိတ်ပြီးတဲထဲက ထွက်သွားတဲ့အချိန် စုရှီဆီမှာ မကောင်းတာတစ်ခုခု ဖြစ်ခဲ့လို့လား?
ထို့ကြောင့် လုဟွမ် မနေနိုင်သည့်အဆုံး မေးလိုက်သည်။
"ဘာလို့ တစ်ခုခုမပြောတာလဲ? စိတ်ညစ်စရာတစ်ခုခုရှိလို့လား?
စုရှီ ခေါင်းကုတ်လိုက်ပြီး ပြန်ဖြေ၏။
"မရှိပါဘူး"
စုရှီက အင်တာဖေ့စ်၏ ညာဘက်အပေါ်ထောင့်အား ကြည့်ရန် ဖွင့်လိုက်သည်။ ဟန်ယွဲ့နှင့် ဝမ်စန့်ချန်း၏သမီးသည် “မောင်းမဆောင်”ဘားတန်း တွင် ဖော်ပြပြီးသည်နှင့် ကွယ်ပျောက်သွားသည်အား စုရှီ တွေ့လိုက်ရသည်။ သို့သော် လုဟွမ်ကယ်လိုက်သည့် ထိုကျေးလက်သူမလေးသည် ဒီဘားတန်းတွင် ရှိနေပြီး အခုထိမပျောက်ကွယ်သေးပေ။
ဆိုလိုတာက အရင်နှစ်ယောက်ထက် ထိုကျေးလက်သူလေးက ကျိုက်ကျိုက်နဲ့ ပိုလိုက်ဖက်တယ်ဆိုတဲ့ သဘောလား။
ဒီတစ်ကြိမ် မြို့တော်အား သူပြန်လာသည့်အခါ သူ့ကိုပါ တစ်ခါတည်း သူနှင့်အတူ ခေါ်ဆောင်လာမည်လား။ ဒါဆို သူနဲ့ လက်ထပ်မယ့်ကိစ္စကို ဆောင်ရွက်လို့ရပြီပင်။
စုရှီ ကျိုက်ကျိုက်အတွက် ပျော်ပေးသော်လည်း ကျိုက်ကျိုက်တစ်ယောက် ဒဏ်ရာရသည့်အခါ စုရှီအား မပြောဘဲ စုရှီ ကိုယ်တိုင် သိခဲ့ရသည်ကို တွေးမိသည့်အခါ စိတ်ထဲနည်းနည်းတင်းသွားမိသည်။
‘ဟင်း… ကျိုက်ကျိုက် နင့်အတွက် ဆေးကျိုပေးမဲ့ တစ်ယောက်ယောက် ရှိနေပြီမှတ်လား၊ အဲ့တာကြောင့် နင့်မအေကိုတောင် မလိုတော့ဘူးပေါ့လေ ဟုတ်တယ်မှတ်လား’
စုရှီ တိတ်တဆိတ် ကျိန်ဆဲနေလေသည်။ စခရင်ပေါ်မှ သူစိတ်ဓာတ်ကျနေသည်ကို လုဟွမ် ရှင်းရှင်းလင်းလင်း ခံစားသိနေသော်လည်း ဘာကြောင့်မှန်း သူမသိချေ။ သူ့ကို ကြည့်လိုက်တော့ နှုတ်ခမ်းခြောက်ပြီး ကွဲနေသည်ကိုသာ တွေ့ရသည်။ ဒါက အဲကွန်းခန်းထဲ အကြာကြီးနေသည့်အတွက် ဖြစ်နိုင်သည့်အပြင် အအေးမိရန်လည်း လွယ်ကူသည်။
လုဟွမ် အရင်တစ်ခါက စုရှီ နာကျင်မှုကြောင့် လူးလှိမ့်နေရသည်ကို မှတ်မိသောကြောင့် ဘာလုပ်ရမလဲမသိဘဲ စိုးရိမ်နေသည်။ သူခဏတာ စဥ်းစားလိုက်ပြီး သတိပေးလိုက်သည်။
"ရေများများသောက်”
စုရှီ "..."
စုရှီ ပိုပြီးမပျော်မရွှင် ဖြစ်သွားသည်။ သူ ဘာလုပ်ရမလဲမသိ ကျိုက်ကျိုက်ကို စခရင်ကသာ စိုက်ကြည့်နေသည်။
သို့သော်ငြား သူအခုထိ ချိုချိုသာသာပဲ ပြောတုန်းပင်။
"ဟားဟားဟားးးဟားး ဟုတ်ပါပြီ ငါ စောစောနားပါ့မယ် မနက်ဖြန်ကျမှ လာတွေ့မယ်နော်"
လုဟွမ် ထိုစကားအားကြားသည့်အခါ ရှက်သလိုလိုဖြစ်ပြီး မေးလိုက်သည်။
"မင်း တစ်ခုခုလုပ်စရာရှိလို့လား သွားတော့မှာလား?"
စုရှီ အဆင်ပြေပါသည်။ သူစိတ်ရှုပ်နေရုံသာ။ လုဟွမ်ခေါင်းပေါ်ရှိ 'လက်ထပ်ပြီးကလေးယူလို့ရ'ဟူသော စကားလုံးများအား တွေ့သည့်အခါ ပို၍ စိတ်ဓာတ်ကျသွားကာ ပြောလိုက်၏။
"လုပ်စရာရှိသေးတယ် သွားနှင့်မယ် ဘိုင့်ဘိုင် "
လုဟွမ်မှာ စိတ်ဓာတ်ကျစွာဖြင့် ဘိုင့်ဘိုင် ဟုသာ ပြန်ပြောလိုက်နိုင်သည်။
စုရှီ သူ့ဆံပင်အား ဖွလိုက်ပြီး စခရင်အား ပိတ်လိုက်သည်။
တစ်နေ့ ကျိုက်ကျိုက် သူအား မလိုအပ်တော့မှာကို စိုးရိမ်နေ၏။ အစက ဂိမ်းတစ်ခုလို့သာ သဘောထားခဲ့ပေမယ့် အခုချိန်မှာတော့ သူ ကျိုက်ကျိုက်ကို နက်နက်ရှိုင်းရှိုင်း ခင်တွယ်မိနေပြီဖြစ်သည်။
စုရှီ ကိုယ်တိုင်လည်း ဘယ်လိုခံစားချက်မှန်း မပြောတတ်တော့ပေ။ တစ်နေ့ထက်တစ်နေ့ ပိုတိုးလာတဲ့ မိတ်ဆွေသံယောဇဉ်ကြောင့်လား ဒါမှမဟုတ် ကျိုက်ကျိုက်ဆီမှရတဲ့ နွေးထွေးသည့် ခံစားချက်ကြောင့်လား မဟုတ်ရင်လည်း တစ်ယောက်ကိုတစ်ယောက် နားလည်ပြီး တစ်ယောက်မရှိရင် မဖြစ်တဲ့ သူငယ်ချင်းတွေ ဖြစ်လာတယ်ဆိုတဲ့ ခံစားချက်ကြောင့်လား။
ဒါကြောင့်ပင် သူ အရွယ်ရောက်လာမှာကို စုရှီ နည်းနည်းစိုးရိမ်ခဲ့မိသည်။
သို့သော်လည်း သူအရွယ်ရောက်လာမှာကို စိုးရိမ်နေတာထက် စုရှီ ပိုကြောက်တာက တစ်နေ့ သူလက်ထပ်ပြီး သားသမီးတွေ ရလာမှာကိုပင်။ သူ့ဘေးနားမှာ တစ်ယောက်ယောက်ရှိနေပါက သူ စုရှီကို မေ့သွားပေလိမ့်မည်။
စုရှီအတွက်တော့ အဝေးကနေငေးကြည့်နေရုံသာ။
တစ်ဖက်မှာလည်း စုရှီက သူ အဲလောက်အများကြီး တွေးနေမိတာကို အံ့ဩနေမိသည်။ နောက်တစ်ဖက်မှာလည်း စုရှီ စိတ်မကြည် ဖြစ်နေရသည့်အကြောင်းက ကျိုက်ကျိုက် ထိုကျေးလက်သူမလေးအား စကားပြောနေသည်မှာ တော်တော်ကြာနေပြီ ဖြစ်တာကြောင့်ပင်။
စုရှီ ခုံပေါ်က ထရပ်ကာ ကုတင်ပေါ် ပစ်လှဲချလိုက်ပြီး ခေါင်းအုံးကို ယူကာ အရူးတစ်ယောက်လို ထိုး၍ ပွစိပွစိ ပြော၏။
"အဲအကြောင်းမစဉ်းစားနဲ့၊ အဲအကြောင်းမစဉ်းစားနဲ့ အဲအကြောင်း မစဉ်းစားနဲ့လို့"
စုရှီ ဘာဖြစ်နေလဲသိချင်လို့ စခရင်ကို စိုက်ကြည့်နေတဲ့ လုဟွမ်တစ်ယောက် "...."
'ဘာဖြစ်နေတာပါလိမ့်’
လုဟွမ် တွေးမိသည်။
'သူ့ဓမ္မတာရက်ကလည်း ပြီးသွားပြီဟာကို'