Chapter 58
Vol. 6 Ch. 58
ခဏအကြာတွင် လုဟွမ်သည် သူမကို စိုက်ကြည့်ကာ ရှင်းပြသည်။"သူမ မြို့တော်ကို သွားချင်နေတာ။ သူ့မှာ သူ့လမ်းနဲ့သူ ရှိတယ်။ ငါနဲ့ ဘာမှမဆိုင်ဘူး"
စုရှီ: "အိုး။"
စုရှီ သည် ဖန်သားပြင်ပေါ်မှ သူ့ကို လျင်မြန်စွာ ကြည့်လိုက်သည်။ သူ မော့ကြည့်လိုက်တော့ သူမက ချက်ချင်းပဲ အဝေးကို လှမ်းကြည့်လိုက်ပြန်သည်။ "... ရုပ်ရှင်ပဲကြည့်နေရတာ ရိုးနေပြီ ရုပ်သေးရုပ်ပြပွဲတော့... မကြည့်ဖူးသေးဘူး။"
"အို၊ အဲ့လိုလား" လုဟွမ် နှုတ်ခမ်းကို ပင့်တင်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
သူသာ မတားခဲ့ဘူးဆိုလျှင် ရှောင်ရှီသည် အဲဒီကျောင်းမြက်ကလေး၏ ဖိတ်ခေါ်ချက်ကို လက်ခံလိမ့်မယ်ဟု သူ သံသယ ဝင်နေမိသည်။
စုရှီ:...??? ကျိုက်ကျိုက်။ မင်း ဒီတလော နည်းနည်း ဒေါသကြီးနေသလိုပဲနော် ?
ဖန်သားပြင်ပေါ်ရှိ လူငယ်လေးသည် နှုတ်ခမ်းကို တွန့်လိုက်သည်။ သူ့မျက်နှာတွင် ငြူစူမှု အနည်းငယ် ရှိပုံရသော်လည်း ကောင်းစွာ ဖုံးကွယ်ထားပြီး ထုတ်မပြမိအောင် ကြိုးစားနေကာ နက်မှောင်သော မျက်လုံးများက သူမရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။
စုရှီသည် ဖန်သားပြင်ကို ငုံ့ကြည့်လိုက်ပြီးနောက် ခဏကြာ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေသလို ခံစားလိုက်ရသည်။
စုရှီ ရုတ်တရက် အသက်ရှူရပ်သွားသည်။
သူမကို မြင်နိုင်နေပြီဆိုသည်မှာ သေချာလုနီးပါးပင်။ မဟုတ်လျှင် ဤအချိန်အတွင်း မကြာခဏဆိုသလို ဖြစ်ပျက်ခဲ့သည့် ထူးဆန်း သောအရာများကို ဖြေရှင်းချက်နိုင်မည် မဟုတ်ချေ။ မီတာ၈၀၀၊ ငါးဟင်းချို၊ စသဖြင့် ထူးဆန်းဖွယ် အဖြစ်အပျက်များရှိခဲ့သည် ။
ထို့အပြင် စားပွဲနောက်ဘက်ရှိ အခြားလက်တစ်ဖက်ကို ကြည့်ရန် စုရှီ စခရင်ကို လှည့်လိုက်သောအခါတွင် ကျိုက်ကျိုက်က ခံစားမိပုံရကာ သူ၏ နက်မှောင်သော မျက်တောင်များ လှုပ်ယမ်းသွားခဲ့သည်။
ကျိုက်ကျိုက် သူမကို မြင်ရုံသာမက သူမလက်ထဲရှိ ဖုန်းစခရင်ကိုလည်း မြင်နိုင်နေသေးသည် ။
စုရှီသည် ဤအရာမှာ ဂိမ်းတစ်ခုမျှသာ မဟုတ်ကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။ အမှန်တကယ် ကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးသည့် ဂိမ်းတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ကျိုက်ကျိုက်၏ ရုပ်ပုံသည် ဆန်မုန့်လုံးလေးမှ အမှတ်၁၀၀ ရပြီးသည့်နောက် လူငယ်တစ်ယောက်အဖြစ် အဘယ်ကြောင့် ပြောင်းသွားလဲဆိုသည်ကို သူမ စဉ်းစားသင့်နေလေပြီ။ ဂိမ်းထဲမှ လက်ဆောင်ထုပ်ကြီး မဟုတ်သော်လည်း ကျိုကက်ကျိုက် ကိုယ်တိုင်က ၎င်းနှင့် လဲလှယ်ဖို့ ပိုက်ဆံအနည်းငယ်ကို သုံးခဲ့ပုံရသည်။
တစ်နည်းဆိုရသော် အမှတ်၁၀၀ ပါသော လက်ဆောင်ထုပ်ကြီးသည် ကျိုက်ကျိုက် သူမကို မြင်နိုင်သည့် ဖုန်းစခရင်တစ်ခုလည်း ဖြစ်နေနိုင်သည်။
စုရှီသည် ကျိုက်ကျိုက်မှ သူမကို မြင်နိုင်မည်ဟု မထင်ထားသောကြောင့် စခရင်မျက်နှာပြင်မှ ရံဖန်ရံခါ သူ့ရှေ့သို့ ဖြတ်သွားပြီး သူ့အကြည့်ကို တွေ့လိုက်သောအခါတွင်ပင် သူမ စိတ်မ၀င်စားခဲ့ပေ။
ယခုမူ "သူ ငါ့ကို တွေ့နိုင်တာ ကြာပြီပဲ" ဆိုသည့် အတွေးက သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာပြီး စုရှီနှင့်မျက်လုံးချင်းဆုံမိသည့်အခါတိုင်း ဓာတ်လိုက်သွားသလို ခံစားရသည်။ သူ့သွေးများတစ်လျှောက် အက်ကွဲသွားပြီး သူ့ဦးနှောက်ထဲသို့ ပြေးဝင်သွားကာ သူ့တစ်ကိုယ်လုံး ယားယံသွားစေသည် ။
သူမသည် ခေတ်သစ်ကမ္ဘာတွင် ရှိနေပြီး လုဟွမ်ကမူ စစ်ပွဲများဖြစ်နေသည့် ယန်မင်းဆက်၌ ရှိနေသည်။
သူ့မျက်လုံးများက နက်နဲပြီး သူမမျက်လုံးကို စူးစိုက်ကြည့်နေသည်။ စခရင် ဖန်သားပြင်တစ်ခု ခြားထားသည့် ခံစားချက်သည် ရုတ်တရက် ပျောက်ကွယ်သွားကာ နောက်စက္ကန့်အတွင်း သူသည် ဖန်သားပြင်ကို ဖြတ်၍ နံရံကိုဖြတ်ကာ သူမရှေ့တွင် ပေါ်လာမလို ခံစားနေရသည်။
စုရှီ၏နှလုံးသည် ရုတ်တရက် အခုန်မြန်လာကာ သူ့နားရွက်နီခြင်းမှ ကူးစက်သွားသလိုပင် တဖြည်းဖြည်းနှင့် စုရှီ၏မျက်နှာသည် ပူလောင်လာသည်။ သူမ စိတ်ပူပန်စွာနှင့် အဝေးကို လှမ်းကြည့်လိုက်သည်။
' သေစမ်း၊' စုရှီတွေးလိုက်သည်။ 'ဒီကောင်က ဖုံးကွယ်နိုင်စွမ်း သိပ်ကောင်းတာဘဲ။ အမှတ် ၁၀၀ ပြည့်ပြီးတဲ့ထိ ငါ ဆံပင်မလျှော်တာကို အကြိမ်ပေါင်းများစွာ ရယ်ပေးနေခဲ့ လောက်တယ်'
စဉ်းစားရင်း စုရှီသည် ရုတ်တရက်မေးခွန်းပင် မထုတ်ရဲဖြစ်နေလေသည်။
သူမဘေးတွင်ရှိနေသော ကုချင်သည် သူမ၏လက်ကို ဆုပ်ကိုင်ထားသည်။ ကုချင်သည် ပါးလွှာသော ကလေးများ ဖတ်သော စာအုပ်တစ်အုပ်ကိုလည်း ကိုင်ထားသောကြောင့် သူမ၏ လက်ကိုင်ဖုန်းဖြင့် ဘာလုပ်နေသည်ကို သူမ သတိမထားမိပေ။ သူမ ရယ်ရင်းဖြင့်သာ စာဖတ်နေမိသည်။
စုရှီက သူမကို လှမ်းကြည့်လိုက်သည်။ သူမ ဖတ်နေသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် သူ့မျက်နှာမှာ ရုတ်တရက် ဖျော့တော့သွားပြီး ဖုန်းစခရင်ကို ချက်ချင်းပိတ်လိုက်သည်။
လုဟွမ်:"....."
ထို့နောက် စုရှီ သည် လူနှစ်ယောက် အဝတ်များကို ချွတ်နေသည့်ပုံပါသော ကုချင်၏လက်ထဲရှိ အဝါရောင်စာအုပ်ကို အမြန်ပိတ်လိုက်ပြီး သူမ၏ ကျောင်းလွယ်အိတ်ထဲသို့ အမြန်ပစ်ချလိုက်သည်။
ကုချင်က အံသြသွားပြီး "မင်းဘာလုပ်နေတာလဲ၊ နောက်ဆုံး စာမေးပွဲပြီးသွားပြီလေ။ ရှောင်ဟွမ် ကို ခဏလောက် ကြည့်ဖို့တောင် ခွင့်မပြုဘူးလား"
သူ ပြော၍မပြီးခင် စုရှီက သူ့ပါးစပ်ကို ပိတ်လိုက်ကာ "နောက်ခါ ငါနဲ့ရှိနေတဲ့အချိန်ဆို ဒါကို မဖတ်နဲ့"
ကုချင် နားမလည်နိုင်စွာဖြင့် "ရှီရှီ၊ အရင်တခါက မင်းငါ့ဆီက ငှားခဲ့တာ မဟုတ်လား။ ငါ မင်းကို မငှားပေးဘူးလေ၊ ဒါကြောင့် နင်ငါ့ကို ပေးမဖတ်..."
စုရှီ က သူ့ပါးစပ်ကို ဆက်ပြီး ပိတ်လိုက်သည်။
စုရှီ ၏ မျက်လုံးများ အမှောင်ကျသွားသည်။ “ပြီးပြီ၊ ငါ့ လောင်မား မျက်နှာတော့ ပျက်ပါပြီ” ဟု သူ့ကိုယ်သူ တွေးနေမိသည်။ ဖန်သားပြင်မှမြင်ရသော ကျိုက်ကျိုက်သည် သူမ၏လေ့လာမှုအရ အမြဲပင် လုံ့လဝီရိယရှိ၍ မမောမပန်း၊ အသွင်အပြင်မှာလည်း ယဉ်ကျေးသိမ်မွေ့ကာ စာပေနှင့် ကိုယ်ခံပညာနှစ်ခုစလုံးတွင် စွမ်းဆောင်နိုင်သူ ဖြစ်သည်။
ကျိုက်ကျိုက်ဘက်မှ သူမကို မြင်သည့်အမြင်မှာ အပြင်မထွက်လျှင် ခေါင်းမလျှော်သည့်သူ၊ ညအိပ်ဝတ်စုံဝတ်ပြီး အိမ် ဆိုဖာပေါ်၌ အိပ်သည့်သူ၊ အာလူးကြော်ကို အငမ်းမရ အရူးအမူးစားသူ၊ သူမမျက်နှာမှာ ရှက်သွေးဖြာသည်အထိ အချစ်ဆုံးသူငယ်ချင်းနှင့်အတူ ကာမရုပ်ပုံစာအုပ်ဖတ်သည့်သူ ဟု မြင်နိုင်ပေသည်။
ကုချင်သည် ကာမရုပ်ပုံစာအုပ် ကို နှစ်သက်ဆဲ ဖြစ်သည်။
တစ်နေ့ ကျိုက်ကျိုက်သည် ကုချင်ဖတ်နေသည့်အရာကို အနီးကပ် ကြည့်ရှုရန် ရုတ်တရက် ကြုံကြိုက်သွားပါက ယန်မင်းဆက်၏ အနာဂတ်ဧကရာဇ်သည် သူမကြောင့် လမ်းလွဲသွားနိုင်မည် ဖြစ်သည်။
စုရှီ၏ နှလုံးသားသည် အသေကောင်ကဲ့သို့ပင် ဖြစ်သွားကာ သူ့ဖုန်းစခရင်ကို ပြန်ဖွင့်ဖို့ သတ္တိပင် မရှိတော့ပါ။
ရုပ်သေးရုပ်ပြပွဲများကို ကြည့်ရှုရန် မြောက်ပိုင်းဒေသ လမ်းမများပေါ်သို့ မသွားနိုင်ခဲ့တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် စုရှီ သည် သူမ၏ ဖုန်းစခရင်ကို ပိတ်ပြီးနောက် လုဟွမ် သည် မြို့တော်မှ တော်ဝင်အမိန့်စာကို လက်ခံရရှိခဲ့ရာ အောင်ပွဲခံစစ်တပ်အား မြို့တော်သို့ အမြန်ဆုံးပြန်ရန် ဧကရာဇ်က အမိန့်ပေးခဲ့သည်။ နန်းတော်မှ သူတို့အတွက် အခမ်းအနားကျင်းပပေးမည် ဖြစ်သည်။
ထိုအမိန့်စာကို မျှော်လင့်ခဲ့တာ ကြာလှပြီ ဖြစ်သော်လည်း ဧကရာဇ်သည် အောင်ပွဲခံ စစ်သူကြီးတစ်ဦးအား ၎င်း၏တပ်များဖြင့် တိုင်းပြည် နယ်စပ်တွင် စခန်းချထားရန် ခွင့်မပြုနိုင်ခဲ့ပေ။ ထုံးစံအတိုင်း သူသည် စစ်တပ်ကို ပြန်ခေါပြီး ဆုချီးမြှင့်ခြင်း မပြုလုပ်မီ ကျားတံဆိပ်တော်ကို ပြန်ယူရန် စိတ်စောနေ၏။
ထိုအချိန်တွင် မြို့တော်၌ ကောလဟာလ သတင်းအချို့လည်း ထွက်ပေါ်နေခဲ့လေသည်။
ဧကရာဇ်တွင် ကိုးယောက်မြောက် မင်းသား တစ်ပါး ရှိသေးသည်ဟု ပြောဆိုနေကြသည်။ ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာလွယ်သည့်အတွက် နန်းတော်အပြင်ဘက်ရှိ ချန်ချွင်းဘုရားကျောင်း၌သာ နေထိုင်ခဲ့ရသည်။ ယခင်က ဖြစ်ပွားခဲ့သော ယုံအန်းဘုရားကျောင်းတွင် လူနာများအား ကယ်တင်ခြင်း၊ ဖန်းပြည်နယ်နှင့် အခြားနေရာနှစ်ခုအား အစားအစာများ ဝေငှပေးခြင်းအပါအဝင် စစ်ပွဲအတွက် စားနပ်ရိက္ခာများ စုဆောင်းခြင်းတို့ကို မင်းသားကိုးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း။
ထို့အပြင် မင်းသားကိုးသည် ယခု ကျန့်ယွမ်စစ်တပ်တွင် ပါဝင်နေပြီး ကြီးမားသော တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း စသည်တို့ ဖြစ်လေသည်။
ဤသတင်းသည် မြောက်ပိုင်းဒေသထိတိုင်အောင် ပြန့်သွားသော်လည်း မြို့တော်တွင်းတွင်လည်း ကြီးမားသော ရိုက်ခတ်မှု ဖြစ်သွားစေခဲ့သည်။
အဖြစ်မှန်မှာ ဤသတင်းအား လုဟွမ်မှ ဖြန့်ခဲ့ခြင်း မဟုတ်ပေ။ သူသည် ချန်ကုန်းဝူထံသို့ စာတစ်စောင်သာ ရေးပို့ခဲ့သည်။
သို့သော် ယွင်ကျိုး၌ လုပ်ကြံခံရပြီးနောက်တွင်၊ ဧကရာဇ်သည် သူ၏နောက်ခံအမှန်တရားကို စုံစမ်းစစ်ဆေးဖို့ စစ်တပ်တွင် စောင့်ကြည့်ရန် လူများကို စေလွှတ်ခဲ့လိမ့်မည်ဟု လုဟွမ်က ခန့်မှန်းခဲ့သည်။ ထို့ကြောင့် စာကို ချန်ကုန်းဝူဆီသို့ မပို့နိုင်ခင်မှာပင် ဧကရာဇ်လက်ထဲသို့ အရင် ရောက်သွားပေလိမ့်မည်။
ဧကရာဇ်သည် ထိုလယ်မြေများ၏နောက်ကွယ်ရှိ ပိုင်ရှင်က လုဟွမ် ဖြစ်သည်ကို သိပြီးနောက်၊ ထိုခြံနှင့် ပတ်သက်၍ အကြီးအကျယ် စိတ်ရှုပ်နေမည်မှာ သေချာပေသည်။
ပထမအနေဖြင့်၊ ယခု မြောက်ပိုင်းဒေသသည် ကြီးကျယ်သော အောင်ပွဲတစ်ခုကို ရရှိခဲ့သဖြင့်၊ လူများက ၎င်းအား ကျန့်ယွမ်စစ်တပ်၏ ပံ့ပိုးကူညီမှုအဖြစ် မှတ်တမ်းတင် ထားကြသည်။ ထိုအောင်မြင်မှုသည် တော်ဝင်မိသားစုနှင့် ဘာမှမသက်ဆိုင်ပါပေ။ ဧကရာဇ်သည် စစ်သူကြီးကျန့်ယွမ်က ဤအရာကို အသုံးပြု၍ လူအများ၏နှလုံးသားကို အနိုင်ယူသွားမည်ကို စိုးရိမ် နေခဲ့၏။ ထို့ကြောင့် ဤအခိုက်အတန့်တွင် ဧကရာဇ်သည် လူအများ၏ နှလုံးသားထဲတွင် တော်ဝင်မိသားစု၏ ကျေးဇူးတရားကို အလေးအနက် ရေးထွင်းထားနိုင်ရန် တစ်ခုခု လုပ်ဆောင်မှ ရပေတော့မည်။
ယခင်က လုဟွမ်သည် ယုံအန်းဘုရားကျောင်း၊ ဖန်းကျိုးတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး စပါးနှင့် အစားအစာများ စုဆောင်းခြင်းလုပ်ငန်းတို့သည်လည်း စည်းစနစ်တကျရှိခဲ့သည်။ ယခုမှာ ပြုလုပ်ခဲ့သူသည် မင်းသားကိုးဖြစ်ကြောင်း ပေါ်လာသောအခါ၊ ပြည်သူများ၏ စိတ်နှလုံးကို အနည်းနှင့်အများ ငြိမ်သက်သွားစေကာ တော်ဝင်မိသားစုသည် လုံးဝအသုံးမဝင်ခြင်း မဟုတ်ကြောင်း ပြည်သူတို့အား ပြောပြနိုင်လိမ့်သည်။
ဒုတိယ အနေဖြင့်၊ ဧကရာဇ်သည် စစ်သူကြီးကျန့်ယွမ်က ဆက်ခံမည့်သူကို ရှာဖွေပြီး တပ်များအား စုဆောင်းကာ ပုန်ကန်နိုင်ချေကို သတိထား နေခဲ့ရသည်။
စစ်သူကြီးကျန့်ယွမ် ရွေးခြယ်ထားသော ဆက်ခံသူသည် အမှန်တကယ်မှာ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါ သူ အလွန်ဝမ်းသာသွားသည်။ မင်းသားကိုးအဖြစ် နန်းတော်အပြင်ဘက်၌ သောင်တင်နေသည့် လုဟွမ်ကို ပြန်ခေါ်လိုက်နိုင်လျှင် စစ်သူကြီးကျန့်ယွမ်တွင် ဆက်ခံသူ ဆုံးရှုံသွားလိမ့်မည်။စစ်သူကြီးကျန့်ယွမ်သည် အခြားဆက်ခံသူရှာရန် အချိန်များစွာ ရှိတော့မည် မဟုတ်ပေ။
တတိယအနေဖြင့်၊ အိမ်ရှေ့စံမင်းသားနှင့်မင်းသားငါးတို့သည် နန်းတွင်း၌ တစ်ဖက်မှ ဧကရာဇ်၏မိဖုရားခေါင်ကြီး နှင့် ဧကရာဇ်၏ဦးလေးတော်တို့ကို အားကိုးပြီး ကျန်တစ်ဖက်မှာမူ လွတ်လွတ်လပ်လပ် ယှဥ်ပြိုင် လှုပ်ရှားလာကြသည်မှာ စစ်တုရင်ကစားပွဲကဲ့သို့ပင် ဖြစ်လာနေသည်။
ဧကရာဇ်သည် မင်းသားနှစ်အား ထီးနန်းဆက်ခံနိုင်စေရန် ထောက်ပံ့ချင်ခဲ့သည်။ ဒါမှသာ ထီးနန်း နေရာလုနေသော တိုက်ပွဲကို ထိန်းချုပ်ရ လွယ်ကူစေသည့် တည်ငြိမ်သော သုံးပွင့်ဆိုင်အနေအထားဖြင့် မိမိ၏အာဏာကို ပြန်လည်ထိန်းချုပ်ထားနိုင်ရန် အမြဲတမ်း လိုလားနေခဲ့သည်။ သို့သော်လည်း မင်းသားနှစ်သည် မည်သည့်အခါမှ ဧကရာဇ်၏ထောက်ပံ့ပေးမှု လက်မခံခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်သည် အစားထိုးရန် အရည်အချင်းရှိသော မင်းသားအသစ်ကို လိုအပ်နေခဲ့သည်။
ယွင်ကျိုးမြို့ လုပ်ကြံသတ်ဖြတ်မှုသည် ၁၆ နှစ်၊ ၁၇ နှစ်တိုင် ကြာအောင် ပျောက်ဆုံးနေခဲ့သော မင်းသားကိုးကို သူ့ထံသို့ သယ်ဆောင်လာပေးခဲ့သည်။
ဤသို့သော အကြောင်းအမျိုးမျိုးကြောင့် လုဟွမ်သည် မင်းသားအထောက်အထားကို ပြန်ရယူဖို့ရာ အများကြီး လုပ်ဆောင်ရန် မလိုအပ်ခဲ့ပေ။ လက်ရှိ ဧကရာဇ် ဘာတွေးနေလဲဆိုသည်ကို ခန့်မှန်းပြီး အလိုရှိနေသော အရာများကို ဖန်တီးပေးဖို့သာ လိုအပ်လေသည်။ တိုင်းပြည်တွင်လည်း လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် မင်းသားကိုး ဆိုသော အရေးပါသော နယ်ရုပ်တစ်ရုပ် လိုအပ်လာခဲ့သည်။ ထို့ကြောင့် လုဟွမ်သည် သူ့ကိုယ်သူ အာဏာလုပွဲ စစ်တုရင်ခုံပေါ်က အရေးပါသော နယ်ရုပ်တစ်ရုပ် ဖြစ်ပေးလိုက်သည်။ ထိုသို့ဖြင့် လုဟွမ် အားစိုက်ထုတ်စရာမလိုပဲ သူ့အား မင်းသားကိုးအဖြစ် ပေးအပ်လာမည်ကို စောင့်ဆိုင်းနေရန် သာလိုအပ်သည်။
ယခု သတင်းသည် စစ်တပ်စခန်းသို့ပင် ရောက်လာလေပြီ။ ဒါသည်ပင်လျှင် ဧကရာဇ်၏ စမ်းသပ်မှုလည်း ဖြစ်နိုင်နေသေးသည်။ လုဟွမ်သည် သူ့အတိတ်အကြောင်း သိပြီးသားလား ၊ လုဟွမ်သည် မင်းသားကိုး အနေဖြင့် အခြားအကြံအစည်များ ရှိနေနိုင်သေးသလား ၊ နဂါးပလ္လင်ကိုပင် ရည်မှန်းထားသေးလား ၊ ရည်မှန်းချက် မည်မျှ ကြီးကြီးမားမား ရှိနေသေးလဲ စသည့် မေးခွန်းများအတွက် ဧကရာဇ်၏ စမ်းသပ်မှုမျိုး ဖြစ်နိုင်လေသည်။၊
ထို့ကြောင့် လုဟွမ်သည် ဤသတင်းကို ကြားသောအခါ သူ ပြသင့်သည့် တုံ့ပြန်မှုမျိုးကို ထုတ်ဖော်ခဲ့သည်။
တီးတိုးပြောနေကြသော စစ်သားများကို အော်ဟစ်၍ ရပ်တန့်ခိုင်းကာ ကျောနောက်သို့ လက်နှစ်ဖက်ပစ်၍ တဲဆီသို့ ပြန်သွားရင်း မျက်ခုံးမွှေးများကိုလည်း စိုးရိမ်တကြီးဖြင့် တွန့်ထားလိုက်သည်။
ဧကရာဇ် အတွက်တော့ လုဟွမ် တုံ့ပြန်သည့်အပြုအမူသည် လျှို့ဝှက်ချက်ကို ဆက်လက် ဖုံးကွယ်ထားလိုပြီး မပေါ်ပေါက်စေလိုသည့် အပြုအမူမျိုးဟုပင် ယူဆပေလိမ့်မည်။ ထိုမှသာ ဧကရာဇ်သည် သူ့အား ပိုယုံကြည်လာ၍ သူ၏ရည်မှန်းချက်ကို အောင်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် လုဟွမ်၏ တွက်ချက်မှုများကို စုရှီဘက်မှ လုံးဝမသိရှိခဲ့ပေ။ အရာရှိဖြစ်စဉ်က လက်အောက်ငယ်သားများကို အုပ်ချုပ်ရသည်မှာ အဆင်ပြေလှပါသည်။ လုဟွမ်သည် သူမနှင့်အတူတကွ ပူးပေါင်းပြီး မစ်ရှင်များ လုပ်ရသည်ကိုလည်း သဘောကျခဲ့သည်။ သို့သော်လည်း ဤမင်းသားအထောက်အထား ပြန်ရရန် ကြိုးပမ်း ဆောင်ရွက်မှုများတွင် လုဟွမ် သည် စုရှီကို အနည်းအကျည်းသာ သိစေခဲ့သည်။
တကယ်တမ်းတွင် ...
စုရှီ သည် သူ့မိဘများနှင့်အတူ တစ်အိမ်တည်းတွင် တူတူနေကြပြီး စုရှီသည်လည်း သူ့မိဘများနှင့်လည်း အလွန် သဟဇာတဖြစ်လှပေသည်။ တစ်ခါတစ်ရံတွင် သူမ၏မိဘများနှင့် စကားများ ရန်ဖြစ်တတ်ကြသော်လည်း သူမအပေါ် အဆုံးအစမရှိ နွေးထွေးစွာ ကြည့်ရှုစောင့်ရှောက် ကြသည် ချည်းသာ ဖြစ်သည်။
လုဟွမ်ဘက်တွင်တော့ ညီအစ်ကို အချင်းချင်း ရန်သူများကဲ့သို့ ဖြစ်ရင်း သားအဖ အချင်းချင်း သံသယ ဖြစ်နေကြသည့် တော်ဝင် မင်းဆက်၏ အမှောင်ဘက်ခြမ်းကိုသာ စုရှီ မြင်ရမည် ဖြစ်သောကြောင့် သူမအား မမြင်စေချင်ခဲ့ပေ။
ထိုနေ့တွင် တော်ဝင်အမိန့်တော်ကို ရရှိပြီးနောက် စစ်တပ်သည် မြို့တော်သို့ ပြန်လည် ချီတက်လာခဲ့သည်။
မြောက်ပိုင်းဒေသတွင် နှင်းကျနေသေးရာ မိုင်ထောင်ချီ လမ်းပေါ်တွင် အဖြူရောင်များ ဖုံးလွှမ်းနေလေသည်။ စစ်ပွဲမှ ရှင်သန်နိုင်ခဲ့သူများသည် တစ်ယောက်ကို တစ်ယောက် ဖေးမတွဲကူကာ အားမလျော့တမ်း ပြန်လာခဲ့ကြသည်။
စုရှီ လိုင်းပြန်တက်လာသောအခါ “မောင်းမဆောင်”စာရင်းတွင် လျှိုရုယန် မရှိတော့ပါချေ။ မြစ်ဘေးတွင် ကျိုက်ကျိုက်နှင့် စကားပြောနေတုန်းက သူမ ထွက်သွားတော့မယ်လို့ ပြောသွားတာများလား။
စုရှီသည် ကျိုက်ကျိုက်က သူမအား မြင်နိုင်သည်ဟု ခန့်မှန်းမိပြီးနောက် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များပင် တောင့်တင်းသွားသည်။
စုရှီ အိမ်ပြန်ရောက်ပြီး ဖိနပ်ပြောင်းစီးပြီး ချက်ချင်း ဆိုဖာဆီသို့ လျှောက်သွားကာ ကျောင်းလွယ်အိတ်ကို ချလိုက်သည်။ ထို့နောက် သူမသည် ဆိုဖာပေါ်တွင် မတ်မတ်ထိုင်ကာ တီဗီဖွင့်၍ ကြည့်နေလေသည်။ —— ဥပဒေရေးရာ အစီအစဉ်တစ်ခု ဖြစ်သည်။ ဟုတ်၏__ ညစ်ညမ်းစာအုပ်များ ဖတ်ရတာကြိုက်သည့်သူ အဖြစ်မှတ်ထားသော သူမ၏မကောင်းသည့်ပုံရိပ်ကို ကျိုက်ကျိုက်၏ စိတ်ထဲမှ ဖယ်ရှားပစ်ရမည်။
ခဏအကြာတွင် စုရှီ၏ အဖေနှင့်အမေ ပြန်ရောက်လာသည်။ ဆိုဖာပေါ်တွင် တည့်တည့်မတ်မတ် ထိုင်နေသော စုရှီ ကို တွေ့လိုက်သောအခါ နေမင်းသည် အနောက်ဘက်မှ ထွက်ပေါ်လာသကဲ့သို့ တုန်လှုပ်သွားကြသည်။
စုရှီက သူ့အမေ အင်္ကျီကို ချွတ်ဖို့ ကူညီပေးရန် လျှောက်သွားပြီး စက်ရုပ်လို ပြုံးပြသည်။ "မေမေကို ကူညီပေးပါ့မယ်။ ဖေဖေ အတွက် လက်ဖက်ရည် ထည့်ပေးထားတယ်နော်။ မြန်မြန် အနားယူလိုက်"
ကျိုက်ကျိုက် စံနမူနာ ယူထိုက်အောင် သူမသည် သူမ၏ပုံသဏ္ဍာန်ကို ပြောင်းလဲရန် ကြိုးစားနေခဲ့သည်။
ကော်ဖီ စားပွဲပေါ်တွင် လက်ဖက်ရည်ပူပူ အမှန်တကယ် ရှိနေသည်ကို စုရှီ၏ဖခင်က မြင်သောအခါ ချက်ချင်းပင် မော့ကြည့်လိုက်သည်။ စုရှီ၏မိခင်သည် သူမအား သံသယဖြင့် စိုက်ကြည့်နေသည်။ သူမ ရှေ့ကို လှမ်းပြီး နဖူးကို ထိလိုက်သည်။ "မင်း အဖျားမရှိပါဘူးနော်။ မင်းကြည့်ရတာ စိတ်လွတ်သွားသလိုပဲ"
စုရှီ ဘာမှ ပြန်မပြောနိုင်။
စုရှီ၏ မျက်နှာသည် ပြုံးနေ၍ တောင့်တောင့်တင်းတင်းကြီး ဖြစ်နေသည်။ သူမ လှည့်ထွက်သွားလိုက်ပြီး ခေါင်းလျှော်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည် ။
ရေခလုတ်ကို ဖွင့်လိုက်သည်နှင့် စုရှီ၏မိခင်က "ရှီရှီ နင်မနေ့ကပဲ ခေါင်းလျှော်ထားတာ မဟုတ်ဘူးလား? ဒီည ဘာလို့ ထပ်လျှော်နေတာလဲ။ မနက်ဖြန် စနေနေ့။ အပြင်ထွက်စရာမလိုဘူး။ မင်း ဆံပင်ကို ဒီလောက် တက်တက်ကြွကြွလျှော်နေတာ မတွေ့ဖူးဘူး…”
စုရှီ ၏မိခင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူမက ရုတ်တရက် "ရှီရှီ မင်းချစ်မိ နေတာလား။"
စုရှီက ထိုစကားကြောင့် စိတ်ရှုပ်သွားသည်။ သူမ၏ ဦးနှောက်သည် ရုတ်တရက် အလုပ်မလုပ်တော့ပေ။
စက္ကန့်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက်သည် သူမ၏အမြီးကို နင်းမိသွားသကဲ့သို့ သူမသည် ရေခလုတ်ကိုပိတ်ကာ ရေချိုးခန်းထဲမှ အပြေးအလွှားထွက်ပြီး “ ချစ်မိနေတယ်? ဘယ်လိုဖြစ်နိုင်မှာလဲ မေမေ အတွေးလွန်နေပြီ။ တော်ပြီ၊ ငါ မနေ့က ဆံပင်လျှော်ထားတာ မေ့သွားလို့။"
စုရှီ တံခါးကို မှီလိုက်သည်။ သူမ၏ နှလုံးခုန်သံသည် ပြင်းထန်စွာ ခုန်နေပြီး မျက်နှာနီရဲနေသည်။ 'ချစ်မိ နေတယ်? ဘာလဲကွာ? အဲဒါ ဘယ်လို ဖြစ်နိုင်လဲ။'
'မချစ်မိရင် နေ့တိုင်း ဆံပင်မလျှော်နိုင်ဘူးလား? ဒါက ဘယ်လိုယုတ္တိမျိုးလဲ။'
သူမကို စောင့်ကြည့်နေသည်ဟု ခံစားရသောကြောင့်သာ လုပ်ချင်သည့် ဆန္ဒက ရှင်းမပြနိုင် ဖြစ်လာရသည်။ သူမကို "ဆံပင်မလျှော်ချင်ဘူး" "ညစ်ညမ်းစာအုပ်တွေဖတ်တယ်" "မီတာ ၈၀၀ တောင် မပြေးနိုင်ဘူး" ဟူ၍ ကျိုက်ကျိုက်၏ မျက်လုံးထဲ မမှတ်ထားစေချင်ပါ။
အပြင်ဘက်မှ မိဘများ၏ ရယ်သံကို ကြားသောအခါ သူမ ပြေးပုန်းချင်စိတ်ပင် ပေါက်နေလေပြီ။
သူမ ရုပ်တည်ဖြင့် ဖုန်းကို ထုတ်လိုက်ပြီး ကျိုက်ကျိုက် မမြင်ပါစေနှင့်ဟုသာ မျှော်လင့်နေမိ၏။
သို့သော် သူမ စခရင်ကို ဖွင့်ပြီး ကျိုက်ကျိုက်ရှိရာသို့ ပြောင်းလိုက်ချိန် လယ်ကွင်းထဲတွင် ကိုယ့်ကိုယ်ကိုယ် မရယ်မိစေရန် ထိန်းနေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်သည်။ သူ၏ ပါးမှာ အနည်းငယ် မို့တက်နေပြီး သူမကို မျက်လုံးမှိတ်တုတ်မှိတ်တုတ်ဖြင့် ကြည့်နေလေသည်။
စုရှီ ဆွံ့အသွားသည်။
သူမ ပွင့်ပွင့်လင်းလင်းသာ မေးလိုက်တော့သည်။"မင်းမြင်နိုင်တာ ငါသိတယ်။ မင်းနောက်တစ်ခါ ရယ်နေရင် ငါ လိုင်းတက် မလာတော့ဘူးနော်"
ဖန်သားပြင်ပေါ်ရှိ လုဟွမ် ၏အမူအရာသည် အေးစက်သွားကာ သူ့မျက်နှာပေါ်ရှိ အပြုံးသည် လုံးဝပျောက်ကွယ်သွားသည်။ သူသည် လက်နှစ်ချောင်းကို တွဲ ထောင်၍ လေးလေးနက်နက် ကျိန်ဆိုလိုက်သည်
"အခု ဘာမှ မတွေ့လိုက်ပါဘူး"
စုရှီ ရုတ်တရက်မေးလိုက်သည် "ငါရေချိုးနေချိန်မှာတော့ မင်းဘာမှမတွေ့ဘူးမလား"
လုဟွမ်သည် အမှန်ပင် ဘာမှမမြင်ရသော်လည်း ထိုနေ့ မြင်လုနီးပါးဖြစ်သွားသည့် မြင်ကွင်းကို မတွေးတောဘဲ မနေနိုင်ပေ။ သူ စိတ်ဖြေဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း တိုက်ဆိုင်စွာနှင့် တွေ့လုနီးပါးမို့ "မတွေ့ပါဘူး" ဟု စကားထစ်စွာ ပြောလိုက်သည်။
စုရှီ သည် "ဘာမှ မမြင်ရဘူး" ဟူသော စကားလုံးကို အကြိမ်သုံးရာ ကူးရေးနေသော အနီရောင်ဝတ်ထားသည့် လူငယ်ကို မြင်သောအခါ ဒေါသတကြီး ဖြစ်သွားသည်။ တစ်ခုခုကို သူတကယ်မြင်ဖူးသွားတာ ဖြစ်မည်။ အထူးအဆန်းမဟုတ်သော သူမ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်ပြီး သူမ၏နှလုံး ရူးသွပ်သွားမလို ဖြစ်သွားခဲ့သည်။ အရေးကြီးဆုံးမှာ သူ့ကိုတွေ့နိုင်ကြောင်း အဘယ်ကြောင့် မပြောပြခဲ့သလဲ။ ပြောခဲ့လျှင် အနည်းဆုံး ဆံပင်လျှော်ပြီး အဝတ်အစားလဲခဲ့မှာပင်။ သူမ ညအိပ်အင်္ကျီသာ ဝတ်ကာ အိမ်တွင် နေ့တိုင်း အာလူးကြော်စားသည့်ပုံမှာ အလွန်ရုပ်ဆိုး၍ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းနေမလား?
သူမ၏ ပုံရိပ် အကုန်ပျက်စီးသွားပါပြီ။
စုရှီ ငိုချင်သော်လည်း မျက်ရည်ကျ မလာခဲ့ပါ။စိတ် ငြိမ်သက်သွားပြီးနောက် သူမသည် ကျိုက်ကျိုက်အား ဒေါသတကြီးပြောလိုက်သည်။ "ကျေပြီ။ ငါလည်း မင်း ရေချိုးနေတာ တစ်ကြိမ်ထက်မက မြင်ဖူးတယ်"
ကျိုက်ကျိုက် သည် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး သူ့မျက်နှာ ဖျော့တော့သွားကာ နောက်ဆုံး သူ၏ ဖြူစင်မှုများ ခိုးယူခံခဲ့ရပြီး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဘယ်သူက သိမလဲ -
ဖန်သားပြင်ပေါ်ရှိ လူငယ်လေး၏ မျက်နှာသည် ရုတ်တရက် အသက်ရှူမဝသလို နီရဲသွားသည်။ သူမကို နောက်တစ်ကြိမ် မကြည့်ဝံ့တော့ဘဲ တိတ်တိတ်လေး လှည့်ကြည့်လိုက်သည်။
"မဖြစ်နိုင်တာ"
ထို့နောက် အချိန်အတော်ကြာအောင် မပေါ်ခဲ့ဖူးသော အတွေးပူဖောင်းလေးသည် သူ့ခေါင်းထိပ်မှ ဖြည်းညှင်းစွာ ထွက်လာသည်။
စုရှီ "…"
'မဟုတ်သေးပါဘူး၊ ဒါက ဘာပျော်စရာရှိလို့လဲ။'