အခန်း (၆၇၄)
Vol. 46 Ch. 674
အခြေအနေ တစ်ခုလုံးကလည်း ပြန်လည်ကာ တည်ငြိမ်သွားခဲ့ကြ၏။ သို့ပေမဲ့ လူပေါင်းများစွာတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုပြီး ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။
“ကျန်းရန်... ခင်ဗျား တစ်ကယ်ပဲ ဘိုးဘေးကြီးအမိန့်အတိုင်း လုပ်တော့မှာလား” သက်လတ်ပိုင်း လူတစ်ယောက်သည် မြန်မြန်ဆန်ဆန်ပဲ မေးမြန်းလိုက်သည်။
“တခြား ဘာလုပ်ရမှာလဲ”
လျှိုကျန်းရန်သည် ပခုံးကို တွန့်ပြပြီးနောက် အကူအညီမဲ့သည့် အမူအရာကို ထုတ်ဖော်ပြသလိုက်၏။
တခြားသောသူများလည်း တိတ်ဆိတ်ငြိမ်သက် သွားခဲ့၏။ အစစ်အမှန်ပင် ဖြစ်သည်။ လျှိုချင်းယု၏ ပြုမူဆောင်ရွက်မှုများသည် ဘာမှန်း သူတို့သေချာမသိလျှင်တောင်မှ လျှိုကလန်၏ဘိုးဘေး တစ်ယောက် ဖြစ်သည့်အပြင် အလွန်အားကောင်းသည့် အင်မော်တယ်ဘုရင်တစ်ယောက်လည်း ဖြစ်သည်မို့ တစ်ဖက်လူ ခိုင်းသည့်အရာကို သူတို့ မပြုလုပ်၍မရချေ။ သူတို့ကဲ့သို့ တိုက်ရိုက်မျိုးဆက်များအနေနှင့် ဘိုးဘေးကြီး၏ ပြောစကားကို ကျိန်းသေပေါက် ငြင်းဆန်ခွင့် မရှိကြချေ။
ထို့အပြင် လျှိုချင်းယုသည် ငရဲလောက၏ အကြွင်းအကျန်များနှင့် ပူးပေါင်းခဲ့သည်ဆိုသည့် သတင်း အချက်အလက်သည် သူတို့၏ ပါးကိုပိတ်ရိုက်ခဲ့သလိုပင် ခံစားရသည်။ ထိုကိစ္စသည် မဖြစ်နိုင်ဟု သူတို့ ဘူခံ ငြင်းဆန်ထားကြသည် မဟုတ်ပါလား။
“ဒါပေမဲ့ ကလန်အတွင်းမှာ လူပေါင်းများစွာ ပြောနေတာက … ” သက်လတ်ပိုင်းလူသည် တွန့်ဆုတ်လျက် ရှိနေသည်။
လက်ရှိအခြေအနေမှာတော့ လျှိုချင်းယုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက် ရှိနေ၏။ ဤအရာသည် အစစ်အမှန် ဖြစ်သည်ဟု တချို့သောသူများက ပြောဆိုနေကြ၏။
အကယ်၍ မှားယွင်းသည်သာဆိုပါက ကလန်ခေါင်းဆောင်သည် ကျိန်းသေပေါက် ခွန်းတုံ့ပြန်မှာ သေချာ၏။ သို့ပေမဲ့ ကလန်ခေါင်းဆောင်သည် လက်ရှိအခြေအနေတွင် ထူးမခြားနားသကဲ့သို့ပင် တည်တည်ငြိမ်ငြိမ်နှင့် တည်ရှိနေခဲ့၏။ ထို့ကြောင့် သူတို့ မထင်မှတ်ထားသည့် ကိစ္စရပ်များကလည်း ဖြစ်ပွားလာနိုင်သည်။
တွက်ချက်မှုများအရဆိုပါက လက်ရှိအချိန်တွင် ကလန်ခေါင်းဆောင်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိချင်နေပုံပေါ်၏။ ထို့ကြောင့်လည်း ဘိုးဘေးကို သွားရောက် ဖမ်းဆီးရန် စေခိုင်းပုံပေါ်၏။
“ကလန်ထဲမှာ သူတို့ ဘာတွေပြောနေတာလဲ”
လျှိုကျန်းရန်က အသာလှည့်လိုက်၏။ သူ၏ မျက်လုံးများက စူးရှတောက်ပလျက် ရှိနေပြီး သူသည် သက်လတ်ပိုင်းလူကို လှည့်ကြည့်ကာဖြင့် လေးလေးနက်နက် မေးမြန်းလိုက်သည်။ “ဘိုးဘေးကြီးက ငရဲလောကကို ပူးပေါင်းသွားခဲ့ပြီဆိုတဲ့ ကောလဟာလတွေကို ကလန်ထဲက လူတွေ ပြောနေတာ မဟုတ်လား”
“ကျုပ်” သက်လတ်ပိုင်းလူက တွန့်ဆုတ်သွား၏။
“အရူးတွေပဲ”
လျှိုကျန်းရန်သည် ဒေါသတကြီးဖြင့် ထကာ အော်ဟစ်လိုက်သည်။ “ဘိုးဘေးကြီး ချင်းယုက ငါတို့မျိုးဆက်ရဲ့ တိုက်ရိုက်ဘိုးဘေးကြီး.. သူ့ကိုမှ မယုံကြည်ရင် ငါတို့ ဘယ်သူ့ကို ယုံကြည်ရမှာလဲ”
မူလတုန်းက လျှိုကလန်သည် စည်းလုံးပြီး သဟဇာတ ရှိလွန်းလှ၏။ သို့ပေမဲ့ ထိုစည်းလုံးမှု၏ နောက်ကွယ်တွင် အတွင်းအာဏာလုပွဲများ ဖြစ်တည်လျက် ရှိနေ၏။ မိသားစုအတွင်းတွင် အရင်းအမြစ် များသည် ကန့်သတ်ခြင်းခံထားရသောကြောင့်ပင်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့်အမျှ အရင်းအမြစ်များ ပိုမို လိုအပ်လာသောကြောင့် ထိုကဲ့သို့ အတွင်းအာဏာလုပွဲများ ဖြစ်တည် လာခဲ့ခြင်းဟု ပြောရပေမည်။
“ဒါပေမဲ့” သက်လတ်ပိုင်းလူသည် တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်၏။
“ဒါပေမဲ့ဆိုတာ မရှိဘူး”
လျှိုကျန်းရန်သည် စကားကို ဖြတ်လိုက်သည်။ “သွား... ဘိုးဘေးကြီးရဲ့ ညွှန်ကြားချက် အတိုင်းလုပ်။ ငါသေချာ ဆုံးဖြတ်ပြီးပြီ”
“ကောင်းပါပြီ” သက်လတ်ပိုင်းလူသည် တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
အားလုံးသော သူတို့ လျှို့ဝှက်ခန်းထဲမှ ထွက်ခွာသွားသည့်အချိန်မှာတော့ လျှိုကျန်းရန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်တန့်လျက်ရှိ၏။ ခန္ဓာကိုယ်ကို အသာလှည့်ပြီးသည့်နောက် သူ၏ရှေ့တွင် ရှိနေသည့် ကျောက်စိမ်းပြားကို ကြည့်ရှုကာ တီးတိုးရေရွတ်လိုက်၏။ “ဘိုးဘေးကြီး... ခင်ဗျားကတော့ လမ်းမှားကို ရွေးခဲ့ပြီပဲ"
…….
အပြင်ဘက် လောကကြီးတွင် လျှိုချင်းယုတစ်ယောက် ငရဲလောကကို အစစ်အမှန် ပူးပေါင်းသွားခဲ့သလား၊ မသွားဘူးလား ဆိုသည်ကို အားလုံးသောသူတို့က တွက်ချက်လျက် ရှိနေတုန်းမှာပဲ လျှိုကျန်းရန်၏ နှလုံးသားထဲတွင် ထိုအရာမှာ အမှန်ဖြစ်ကြောင်း နားလည်ပြီးဖြစ်၏။ ယနေ့ အရင်းအမြစ်များကို တောင်းဆိုခြင်း ဆိုသည်မှာ ကြီးမားသည့် အကြံအစည်ကြီးတစ်ခု၏ အစိတ်အပိုင်းသာလျှင် ဖြစ်ပေလိမ့်မည်။ မည်သည့်အစီအစဉ်လဲ ဆိုသည်ကို သူ သေချာမသိပေ။
“ဘိုးဘေးကြီး... ကျုပ်ကို စိတ်မပျက်စေနဲ့” အသံတစ်ခုက ပဲ့တင်ထပ်လာ၏။ လျှိုချင်းယု ငရဲလောကဆီသို့ ဝင်ရောက်ခြင်း၊ မဝင်ရောက်ခြင်းကို လျှိုကျန်းရန်က စိတ်မဝင်စားချေ။ သူ့အနေနှင့် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်သည်ဆိုပါက အရာအားလုံးသည် ထိုက်တန်၏။ ထိုကြောင့် လျှိုချင်းယု၏ နောက်ဆီသို့ မျက်ကန်းတောတိုး လိုက်ပါရမည်ဆိုလျှင်တောင်မှ ပြဿနာတစ်ခု မဟုတ်ချေ။
ကောင်းကင်မူလလောကကြီး၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက် ...။
တိုင်ချူးသည် လျှိုကလန်၏ ဘုရင်သုံးပါးနှင့်အတူ ပေါ်ပေါက်လာခဲ့၏။
“ဒါကောင်းကင်လျှို့ဝှက်နန်းဆောင်လား” သတ္တမဘိုးဘေးသည် အပြင်ဘက်တွင် ရှိနေသည့် ဆိုင်းဘုတ်ကို ကြည့်ရှုပြီးသည့်နောက် တွေဝေငေးငိုင်သွားခဲ့သည်။
များပြားလှသည့် ပုံရိပ်များသည် သူ၏မျက်လုံးထက်တွင် ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် လူပေါင်းများစွာတို့ကို သူက ပြန်လည်ကာ စဉ်းစားဖြစ်၏။ သို့ပေမဲ့ မည်သူမှသည် မျက်လုံးထဲ ထူးထူးခြားခြား ပေါ်မလာခဲ့ချေ။ သူ၏ မှတ်ဉာဏ်များထဲတွင် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့်လူသည် တကယ်ပင် ရှားပါးလွန်း၏။ ထို့အပြင် ဤကဲ့သို့ တရားဝင် နန်းဆောင်ကြီးတစ်ခုကို ဖွင့်လှစ်ကာ စီးပွားရေး ပြုလုပ်နေသည်ဆိုသည်မှာ တကယ်ကို ရှားမှရှားပင် ဖြစ်ပေလိမ့်မည်။
ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်သည့် လူပေါင်းများစွာတို့သည် သိုသိုသိပ်သိပ် နေထိုင်ခဲ့ကြ၏။ အခြားသောသူများအား တွက်ချက်ခြင်းဖြင့် ကူညီပေးတတ်သည် ဆိုလျှင်တောင်မှ တစ်ခါတလေသာလျှင် ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ အစစ်အမှန်ကို တစ်ဝက်သာလျှင် ပြောဆို၏။ ကောင်းကင်တာအို၏ အပြစ်ပေးမှုကို ရှောင်ရှားချင်သောကြောင့်ပင်။
“ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်က တကယ့်ကို ပြိုင်ဘက်ကင်းတယ်”
လျှိုရွှမ်ချန်က မှတ်ချက်ပြု လိုက်၏။ သူသည် သူ၏ဘေးတစ်ဖက်တွင် ရှိနေသည့်လူကို လှမ်းကာကြည့်ရှုရင်း ရယ်မောလိုက်သည်။ “အင်း... နတ်ဘုရားကပ်ဘေးကို ဆင့်ခေါ်သလိုဖြစ်မှာ တစ်ချက်ကလေးမှ မကြောက်ရွံ့တဲ့ပုံပဲ”
“သတိထား”
လျှိုရွှမ်ချမ်၏ စကားလုံးသည် ဘေးတစ်ဖက်တွင် ရှိနေသည့် သတ္တမဘိုးဘေးကြီး၏ တားဆီးမှုကြောင့် ရပ်တန့်သွားခဲ့၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းကြည့် ပြီးသည့်နောက် လျှိုရွှမ်ချမ်ကို ပြန်ကြည့်လိုက်၏။ ပြီးနောက် တီးတိုး ပြောဆိုလိုက်၏။ "တချို့သော စကားလုံးတွေက ပေါ့ပေါ့ပါးပါး လျှောက်ပြောချင်သလို ပြောလို့မရဘူး။ တာအိုရောင်းရင်း တိုင်ချူး ပြောထားတဲ့လူက ကျိန်းသေပေါက် သာမန်လူမဟုတ်တာ သေချာတယ်။ ပြီးတော့”
သူက ခဏရပ်တန့်လိုက်သည်။ “ကျုပ် ခန့်မှန်းတာမှန်မယ်ဆိုရင် ဒီကောင်းကင်လျှို့ဝှက်နန်းဆောင်ကြီးက သာမန် ပစ္စည်းတစ်ခုမဟုတ်ဘူး အင်မော်တယ်ဘုရင်အဆင့်ပစ္စည်း ဒါမှမဟုတ် အဲထက်ပိုတဲ့အဆင့် ဖြစ်ကောင်း ဖြစ်လိမ့်မယ်”
သူ၏အမြင်အရဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သာမန်ထက်ပိုသည့် အော်ရာများ ထွက်ပေါ်လာလျက် ရှိနေသည်ကို မြင်ရ၏။ သို့ပေမဲ့ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင်တောင်မှ မည်သည့်အရာ၌ ထူးခြားနေခြင်း ဖြစ်ကြောင်း သူ မသိပေ။ ဘာမှန်းမသိသည့် အရာတစ်ခု၏ ရှေ့သို့ရောက်ရှိနေသကဲ့သို့ပင်။ အနည်းဆုံး သူတို့ လျှိုကလန်အနေနှင့် တစ်ဖက်လူကို ပြဿနာမရှာသင့်ကြောင်း သူကသိရှိ၏။ မိတ်ဆွေမဖွဲ့နိုင်ဘူး ဆိုလျှင်တောင်မှ ရန်သူတော့ မဖြစ်သင့်ချေ။
“သတ္တမဘိုးဘေး ခွင့်လွှတ်ပါ။ စကားလွန်သွားခဲ့တယ်” လျှိုရွှမ်ချမ်သည် အလျှင်အမြန်ပဲ တောင်းပန်လိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ရှိနေတဲ့လူက သာမန်လူတစ်ယောက် မဟုတ်ဘူး။ သာမန်ထက်ပိုတဲ့ အတွေ့အကြုံတွေရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်” သတ္တမဘိုးဘေးက သက်ပြင်းချလိုက်သည်။
လျှိုကလန်သည် နတ်ဘုရားလောကထဲတွင် များပြားသည့် အမွေအနှစ်များကို ပိုင်ဆိုင်ပြီး သွားရာ နေရာတိုင်းတွင် လေးစားသမှုကို ရရှိခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ အားလုံးသော သူတို့ကို မလေးမစား ပြုမူဆက်ဆံရန် မရဲကြချေ။ ထို့ပြင် လျှိုကလန်ထဲတွင် မောက်မာမှုဆိုသည်ကို တားမြစ်ထားခဲ့၏။ အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်သော လျှိုရွှမ်ချမ်ကိုပင် နှိမ့်နှိမ့်ချချ နေထိုင်ရန် သတိပေးထားသည် ဖြစ်သောကြောင့် တခြားသောသူများဆိုလျှင် ထူးထွေပြီး ပြောနေစရာပင် မလိုချေ။
“သွားကြစို့။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို သွားပြီးတော့ ဂါရဝပြုကြရအောင်”
သတ္တမ ဘိုးဘေးကြီးသည် သူ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် တိုင်ချူးကို အသာပြုံးပြလိုက်၏။ ပြီးနောက် လက်ကို ဆန့်တန်းလိုက်၏။ “တာအိုရောင်းရင်းတိုင်ချူး... ကျေးဇူးပြုပြီး ကြွပါ”