အခန်း (၆၇၅)
Vol. 46 Ch. 675
“ကျေးဇူးပြုပြီး” တိုင်ချူးက တုံ့ပြန်လိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ သူတို့တစ်ဖွဲ့လုံး အတူတူ ဝင်လိုက်ကြ၏။ အထဲသို့ ဝင်ဝင်ချင်းမှာပဲ နန်းဆောင်၏ အလယ်တွင် လှုပ်ကုလားထိုင်တစ်ခု တည်ရှိနေသည်ကို သူတို့က မြင်လိုက်ရ၏။ ထိုအပေါ်တွင်တော့ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် မျက်လုံးများကို အသာမှေးကျဉ်းကာဖြင့် တစ်စုံတစ်ခုကို စဉ်းစားနေပုံ ပေါ်နေ၏။ ၎င်း၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသည့် လက်ချောင်းများသည် ထိုင်ခုံ၏ လက်ရန်းကို အသာတောက်လျက် ရှိနေပြီး စည်းစနစ်ကျနသည့် တေးဂီတကဲ့သို့အသံက ထွက်ပေါ်လျက် ရှိနေသည်။
သတ္တမဘိုးဘေးနှင့် လျှိုရွှမ်ချမ်တို့သည် အချင်းချင်း လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ဇဝေဇဝါ ဖြစ်လို့နေ၏။ ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် တစ်စုံတစ်ယောက် အထဲသို့ ဝင်ရောက်လာသည်နှင့် သတိပြုမိပြီး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူတို့ကို မမြင်သကဲ့သို့ပင် တစ်ချက်ကလေးမှပဲ လှည့်ကာ နှုတ်ဆက်ခြင်း မရှိချေ။ ထို့အတူ ထကာ ဧည့်ကြိုမည့် ရည်ရွယ်ချက်လည်း ရှိသည့်ပုံ မပေါ်ချေ။ ထို့ကြောင့် သူတို့သည် နဝေတိမ်တောင်နှင့် ဖြစ်လို့နေမိကြ၏။
“စီနီယာ”
တိုင်ချူးသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သို့ပေမဲ့ မည်သည့် တုံ့ပြန်မှုမှ မရချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးတွင် တတောက်တောက်နှင့် စည်းချက်ကျနသည့် အသံတစ်ခု ကသာ ထွက်ပေါ်လျက် ရှိနေသည်။ ထိုအရာသည် တာအို၏ တေးဂီတသံ တစ်ခုကဲ့သို့ အားလုံးသော သူတို့၏ နားထဲတွင် ပဲ့တင်ထပ်လျက် ရှိနေသည်။
“စီနီယာ” တိုင်ချူးက ထပ်မံကာ ခေါ်လိုက်၏။
“ထိုင်”
နောက်ဆုံးမှာတော့ တုံ့ပြန်မှုတစ်ခု ရရှိခဲ့၏။ လီယွင်သည် လှုပ်ကုလားထိုင်ပေါ်တွင် အသာလှဲချလိုက်ပြီး သည့်နောက် ထရန် ရည်ရွယ်ချက် မရှိပုံပင်။ စကားလုံး တစ်ခုကိုသာ တီးတိုး ရေရွတ်လိုက်၏။ သူသည် လက်တစ်ဖက်ကို အသာမြှောက်ပြီးသည့်နောက် မနီးမဝေးတွင် ရှိနေသည့် ထိုင်ခုံ အနည်းငယ်ကို လက်ညှိုး ညွှန်လိုက်သည်။
သုံးယောက်သား တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုပြီးသည့်နောက် ထိုနေရာဆီသို့ သွားရောက်ကာ ထိုင်ချလိုက်၏။ လျှိုရွှမ်ချမ်သည် ကြောင်အအနှင့် မတ်တပ်ရပ်လျက် ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုင်ခုံနှစ်ခုကိုသာလျှင် ပြင်ဆင်ထားခဲ့သောကြောင့်ဖြစ်၏။ ထို့ကြောင့် သူသည် ထိုင်ခုံမရှိချေ။ ထို့ကြောင့်ပင်လျှင် မတ်တပ်ရပ်နေရခြင်း ဖြစ်၏။
လျှိုရွှမ်ချမ်သည် တကယ်ပင် အခြေအနေနှင့်ပတ်သက်၍ ဘာလုပ်ရမှန်းမသိ ဖြစ်လို့နေလေ၏။ သူ၏ ခန့်မှန်းမှုသာ မှန်သည်ဆိုလျှင် အပြင်ဘက်တွင် ပြောဆိုနေသည့် စကားလုံးများသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ နားထဲသို့ ရောက်ရှိ သွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အတွက် ထိုင်ခုံ မပြင်ဆင်ထားခဲ့ပေးခြင်း ဖြစ်ပေလိမ့်မည်။ ထိုအရာကို အသိအမှတ်ပြုပြီးသည့်နောက် လျှိုရွှမ်ချမ်သည် ခပ်မဆိတ်သာ နေလိုက်တော့သည်။
အနာဂတ်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ပတ်သက်၍ မကောင်းသည့် အကြောင်းအရာများ ကို မပြောဆိုရန် သူသည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်၏။ မဟုတ်ပါက ကျိန်းသေပေါက် တန်ပြန်ကာ ပေးဆပ်ရပေလိမ့်မည်။
“စီနီယာ”
ထိုင်ခုံတွင် တုံ့နှေး တုံ့နှေးနှင့် ထိုင်ချလိုက်ပြီးသည့်နောက် တိုင်ချူးသည် လက်များကို ပွတ်သပ်ကာ ပြောလိုက်၏။ “ထျန်းမင်တောင်သခင်က လျှိုချင်းယုကို ကယ်တင်သွားတယ်ဆိုတာ သိရဲ့လား”
“အင်း.. သိတယ်”
လီယွင်သည် လှုပ်ကုလားထိုင်ပေါ်တွင် အသာထိုင်ပြီးသည့်နောက် စိတ်အေးသက်သာသည့် ဟန်ပန်အမူအရာမျိုးနှင့် တည်ရှိလို့နေခဲ့၏။ သူ၏အသံသည် ပျင်းရိနေသည့် အရိပ်အငွေ့များပင် ပါဝင်လျက် ရှိနေလေ၏။ “ခန့်မှန်းထားတာထက် နည်းနည်းတောင် ကြာသွားသေးတယ်။ သူ တကယ်တမ်း အားကုန်ထုတ်ပြီး မတိုက်ခိုက်ဘူးဆိုရင် လျှိုချင်းကျီကို သုံးနာရီအတွင်း အနိုင်ယူနိုင်ဖို့မဖြစ်နိုင်ဘူး”
“အမ်”
တိုင်ချူးက ဆွံ့အသွားမိ၏။ သတ္တမဘိုးဘေးနှင့် တခြားသောသူများသည်လည် နဝေတိမ်တောင် ဖြစ်သွား ကြသည်။
လျှိုချင်းကျီ၏ ဝိညာဉ်သည် လက်ရှိ သတ္တမဘိုးဘေး၏ လက်ထဲတွင် ရှိနေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် တိုက်ရိုက်ဆိုသလိုပဲ လျှိုချင်းကျီမှာ ထျန်းမင်တောင်သခင်နှင့် ယှဉ်ပြိုင်နိုင်သူ မဟုတ်ကြောင်း ပြောဆိုလျက် ရှိနေ၏။
အားလုံးသော သူတို့သည် ထိုအကြောင်းအရာကို သိရှိသည် ဆိုလျှင်တောင်မှ အပြင်ဘက်သို့ ထုတ်ကာ ပြောဆိုလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နာကျင်ဖွယ်ရာ ကိစ္စရပ်ဖြစ်ပြီး လျှိုကလန် ဘုရင်သုံးပါးတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် ဆင်တူနေသောကြောင့်ပင်။
သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မှာတော့ မည်သည့် ထောက်ထားမှုမှ မပြုလုပ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့၏။ သတ္တမဘိုးဘေးကြီး ရှေ့တွင် ရှိနေသည်တောင်မှ တစ်ချက်ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ သတ္တမဘိုးဘေးကြီးနှင့် လျှိုရွှမ်ချမ်တို့သည် ရှက်ရွံသလိုပင် ခံစားလာမိကြ၏။
“အဟမ့် အဟမ်း”
တိုင်ချူးသည် လည်ခေါင်းကို ဟမ့်ပြီးသည့်နောက် ကြောင်အအဖြစ်နေသော အခြေအနေကို ဖယ်ရှားလိုက်၏။ သူက သတိအပြည့်နှင့် မေးမြန်းလိုက်သည်။ “ကျုပ်သိသလောက်ဆိုရင် တာအိုရောင်းရင်း လျှိုချင်းကျီက ထျန်းမင်တောင်သခင်ရဲ့ ခြုံခို တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လေ။ သူက ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကို လာတဲ့လမ်းမှာ တိုက်ခိုက်ခံလိုက်ရတာ။ တကယ်ဆိုရင် တာအိုရောင်းရင်း လျှိုချင်းကျီက အရမ်းကို သတိရှိတယ်။ သူ့ရဲ့ အသက်ရှူနှုန်းကိုတောင် ဖုံးကွယ်ထားနိုင်တဲ့လူတစ်ယောက်ပဲ။ ထျန်းမင်တောင် သခင်က သူ့ရဲ့ လာရာလမ်းကို သိရှိနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သိရှိမယ် ဆိုရင်တောင် ဒီလို သိသိကျကျ သိနိုင်မှာ မဟုတ်ဘူး”
တိုင်ချူးသည် ပြောဆိုနေရင်းမှ လီယွင်ကို သေသေချာချာ စူးစိုက်ကာ ကြည့်ရှုနေ၏။ လီယွင် တုံ့ပြန်မည့် စကားကို သူ သိချင်မိ၏။ ထျန်းမင်တောင်သခင်တစ်ယောက် လျှိုချင်းကျီကို မြန်မြန်ဆန်ဆန်နှင့် ရှာဖွေနိုင်ခဲ့ခြင်းမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသချက်ကြောင်း ဖြစ်လိမ့်မည်ဟု သူက ယုံကြည်ထား၏။
“အရမ်း ရိုးရှင်းတယ်လေ”
လီယွင်သည် ပခုံးကို တွန့်ကာဖြင့် ပြောလိုက်သည်။ “အကြောင်းရင်းကို သိချင်တယ် ဆိုမှတော့ အန္တိမအဆင့် ပစ္စည်းတစ်ခုကို ထုတ်လိုက်”
“..........”
တိုင်ချူးသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူသည် သတ္တမဘိုးဘေးကို အသာ အချက်ပြလိုက်၏။ လက်ရှိ အခြေအနေတွင် သူသည် မွဲတေလျက် ရှိနေ၏။ သူ၏ ပိုင်ဆိုင်မှုများထဲတွင် အန္တိမအဆင့် ပစ္စည်းဆိုသည်မှာ များများစားစား ရှိသည် မဟုတ်ချေ။ သို့ပေမဲ့ သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် လူနှစ်ယောက်မှာတော့ ခြားနားလွန်းလှ၏။
နတ်ဘုရားလောက၊ လျှိုကလန်ဆီမှ ရောက်ရှိလာခဲ့သည့် လူများဖြစ်သောကြောင့် ၎င်းတို့သည် နက်နဲသည့် အမွေအနှစ်များကို ပိုင်ဆိုင်ခဲ့ပြီးသားဖြစ်၏။ ထို့အပြင် အင်မော်တယ်ဘုရင် တော်တော်များများကိုပင် ပိုင်ဆိုင် ထားသည့် ကလန်ကြီးတစ်ခု ဖြစ်သည်မို့ အန္တိမအဆင့် ပစ္စည်းဆိုသည်မှာ ၎င်းတို့အတွက် ကလေး ကစားစရာပင် ဖြစ်လိမ့်မည်။ တစ်ချက်ကလေးမှ ဂရုစိုက်မည့် အရာမျိုး မဟုတ်ချေ။
ထင်ထားသည့် အတိုင်းပင် လီယွင်ပြောဆို၍ ပြီးပြီးချင်းမှာပဲ လျှိုရွှမ်ချမ်သည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် အန္တိမအဆင့် ပစ္စည်းဆယ်ခုကို ထုတ်ဖော်လိုက်၏။ ထိုအထဲတွင် သိုင်းနည်းစနစ်များ၊ ဆေးလုံးများ၊ လက်နက်များ ပါဝင်နေ၏။ ဤမျှ များပြားသည့် ပစ္စည်းများကို တစ်ခါတည်း ထုတ်ဖော်လိုက်ခြင်းမှာ ရိုးရှင်းလွန်းလှသည်။ သူတို့သည် သတင်းအချက်အလက် တစ်ခုတည်းကို မေးမြန်းစုံစမ်းရန် လာခဲ့ခြင်း မဟုတ်ကြောင်း သိသာ ထင်ရှားစေချင်သောကြောင့်ပင်။
“စီနီယာ... ဒီလောက်ဆိုရင် ပြောလို့ရပြီလား” တိုင်ချူးက မေးမြန်းလိုက်၏။
လီယွင်သည် ခေါင်းကိုအသာလှည့်ကာဖြင့် တိုင်ချူးကို ကြည့်ရှုလိုက်၏။ လက်ကို အသာယမ်းခါလိုက်သည့် အချိန်မှာတော့ စားပွဲပေါ်တွင် ရှိနေသည့် အန္တိမအဆင့် ကျင့်ကြံခြင်းပစ္စည်းများက ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် သူက စတင်ကာ ပြောဆိုလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သူ လာမေးသွားခဲ့တာကြောင့်ပဲ။”
“ဘာ”
လျှိုရွှမ်ချမ်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ သတ္တမဘိုးဘေး၏ မျက်စိသူငယ်အိမ်များကလည်း ကျုံ့ဝင်သွားခဲ့၏။ သူသည် မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ ယခင်တုန်းက တိုင်ချူးနှင့် မုန့်ရှင်းကျီတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို တလေးတစား ဆက်ဆံနေရကြောင်း မြင်ရစဉ်က ထိုသူသည် လမ်းမှန် ကျင့်ကြံသူ စီနီယာတစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့က တွေးတောခဲ့၏။ သို့ပေမဲ့ မည်သူက ထင်မှတ်မိမည်နည်း။ ငရဲလောကကြီးကို အကူအညီပေးလျက် ရှိနေ၏။ ဤအရာအား သူတို့အနေနှင့် လက်ခံရန် ခက်ခဲလို့ နေ၏။
ငရဲလောကကြီး လောကအသီးသီးကို လွှမ်းမိုးခဲ့စဉ်တည်းက အမှောင်ထဲမှာ နေထိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ စီမံ ပြုလုပ်ခဲ့သည့် လူတစ်ယောက်များ ဖြစ်နေလေသည်လား။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ငရဲလောကကို ကူညီလျက် ရှိနေ၏။ ဆိုလိုသည်မှာ အသင်္ချေများပြားလှသည့် လောကအသီးသီးတို့၏ ပျက်စီးခြင်းကို အတိုင်းသား ထိုင်ကြည့်ချင်စိတ် ရှိနေပုံပင်။