အခန်း (၆၇၇)
Vol. 46 Ch. 677
သူတို့သည် မျှော်လင့်ချက် အနည်းငယ်တော့ တည်ရှိခဲ့၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စကားလုံးများသည် သူတို့၏ မျှော်လင့်ချက်များကို ဖျက်ဆီးရိုက်ချိုး သွားသကဲ့သို့ပင်။
“အင်း.. ဒါက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်း နဲ့ အလုပ်လုပ်ပုံပဲ” တိုင်ချူးသည် လီယွင်ကို ကြည့်လိုက်၏။ ပြီးသည့်နောက် သတ္တမဘိုးဘေးနှင့် လျှိုရွှမ်ချမ်တို့ကို ကြည့်ကာ အကူအညီ မဲ့သလိုပင် ပြောလိုက်၏။
“စီနီယာ.. ငရဲလောကက သတင်းအားလုံးကို ဝယ်ယူနိုင်တယ်ဆိုရင် အသင်္ချေများပြားတဲ့ လောကကြီးတွေက အမှောင်ထုထဲကို ကျဆင်းသွားမှာပေါ့” လျှိုရွှမ်ချမ်သည် အညံ့ခံရန် အစီအစဉ် မရှိချေ။ တစ်ဖက်လူကို ဆက်လက် သိမ်းသွင်းရန် ပြင်မိ၏။ သို့ပေမဲ့ ဆုံးအောင် မပြောရသေးချေ။
လီယွင်သည် သူ၏စကားကို ဖြတ်လိုက်၏။ “ငရဲလောကကြီးက ထပ်ပြီး တိုးတက်လာမယ်ဆိုရင် အသင်္ချေ များပြားတဲ့ လောကကြီးတွေက အမှောင်ထုထဲ သက်ဆင်းသွားမယ်လို့ ပြောချင်တာလား”
လီယွင်သည် အားရပါးရ ရယ်လိုက်မိသည်။
“ဟုတ်ပါတယ်” လျှိုရွှမ်ချမ်သည် အဓိပ္ပာယ်ပါပါဖြင့် ခေါင်းညိတ်လိုက်၏။
“ခင်ဗျား မှားနေပြီ”
လီယွင်သည် အရှေ့တွင် ရှိနေသည့် လူသုံးယောက်ကို လှမ်းကြည့်ကာဖြင့် ပြောဆိုလိုက်သည်။ “ခင်ဗျား ဒါမှမဟုတ် ငရဲလောက ဘယ်သူကမဆို အသင်္ချေများပြားတဲ့ လောကကြီးကို အုပ်စိုးနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒါဆိုရင် ဘယ်သူ ဒုက္ခရောက်စရာရှိလဲ”
သူက ဆက်လက်ကာ ပြောဆိုလိုက်၏။ “ငရဲလောကကြီးရဲ့ ကျဆုံးမှု ပြီးတဲ့နောက်မှာ ခင်ဗျားတို့ အားလုံးက ထိပ်ဆုံးကနေ အောက်ကို ကျသွားခဲ့ကြတယ်။ ပြောရမယ်ဆိုရင် ခင်ဗျားတို့ အားလုံးက ကျရှုံးပြီးသား လူတွေဖြစ်တယ်။ အသင်္ချေ များပြားတဲ့ လောကအသီသီးမှာ ရှိနေတဲ့ ကျင့်ကြံသူတွေ၊ သာမန်လူတွေ အကုန်လုံးက တူတူပဲ။ ဘာများကွာခြားနေလို့လဲ”
လက်ရှိ အခြေအနေမှာတော့ လီယွင်၏ အသံသည် ပိုမိုကာ အေးစက်လာခဲ့သည်။ “ခင်ဗျားတို့ တစ်ယောက်ချင်းစီက ကိုယ်တိုင် အလိုဆန္ဒ လောဘကို ဖြည့်စည်းနိုင်ဖို့ အသက်ရှင်နေထိုင်နေတဲ့သူတွေပဲ။ အားအင်အဆင့် တိုးတက်လာဖို့ဆိုရင် ဘာလုပ်လဲ။ အကုန်လုပ်တယ်မဟုတ်လား။ ကျုပ်ရဲ့ မျက်စိထဲမှာတော့ ခင်ဗျားတို့နဲ့ ငရဲလောကမှာရှိတဲ့ လူတွေရဲ့ လုပ်ရပ်က ကွာခြားချက် အနည်းငယ်ပဲ ရှိတယ်”
ငရဲလောကသည် အသင်္ချေများပြားသည့် လောကကြီးများကို တကယ်ပင် အုပ်စိုးချင်စိတ်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အရာအားလုံးကို လွှမ်းမိုး ချုပ်ကိုင်ကာဖြင့် အရာအားလုံးသော ပစ္စည်းများ၊ အရင်းအမြစ်များ .... အားလုံးကို ရယူချင်သောကြောင့်ပင်။
သို့ပေမဲ့ ငရဲလောကကြီး မရှိခဲ့လျှင်တောင်မှ ကျင့်ကြံသူအားလုံးတို့သည် အချင်းချင်း မွှေနှောက်၊ လုယက် ကြဦးမည် မဟုတ်ပါလား။
များပြားလှသည့် ဂိုဏ်းများ၊ ကလန်များ၊ မိသားစုများသည် သာမန်လူများကို ဖိနှိပ်ခဲ့၏။ ထို့အပြင် ဂိုဏ်း၊ ကလန် အချင်းချင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြားတွင် မသက်ဆိုင်သော တခြားသူများလည်း သေဆုံးတတ်ကြသည် မဟုတ်ပါလား။
အင်မော်တယ်ဘုရင် တစ်ယောက်၊ နှစ်ယောက်လောက် လှုပ်ရှားလိုက်သည်ဆိုလျှင် လောကငယ် တော်တော်များများတို့ ပျက်စီးသွားပေလိမ့်မည်။
“စီနီယာ.. ငရဲလောကကြီးနဲ့ ကျုပ်တို့ကို တူညီတယ်လို့ ပြောဆိုနေတာလား” လျှိုရွှမ်ချမ်သည် လေးလေးနက်နက်နှင့် မေးမြန်းလိုက်၏။ ငရဲလောကကြီးသည် နတ်ဘုရားလောကထဲတွင် ဆိုးရွားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့်အရာဖြစ်၏။ ထို့ကြောင့် ၎င်းတို့နှင့် တူညီသည် ဆိုခြင်းမှာ အဓိပ္ပာယ်မဲ့ စွပ်စွဲမှုကြီးပင် ဖြစ်၏။
ထို့အပြင် ငရဲလောကကြီး ကို တွန်းလှန်တိုက်ခိုက်စဉ်က လျှိုကလန်သည် ကြီးကြီးမားမား ပါဝင် ပတ်သက်ခဲ့၏။ လျှိုကလန်သည် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့ရပြီး ကလန်၏ တိုးတက်ရာလမ်းကြောင်း တစ်ခုလုံး ဆုတ်ယုတ်သွားခဲ့သည်။ လျှိုကလန်သည် လက်ရှိနှစ်ပိုင်းအတွင်း တိုးတက်လာခဲ့သည် ဆိုလျှင်တောင်မှ အရင်တုန်းကကဲ့သို့ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် ဆိုသည်မှာ လတ်တလော မဖြစ်နိုင်သေးချေ။
ဤကဲ့သို့ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိအောင် ကြိုးစားနေသည့် အတောအတွင်းမှာပဲ လျှိုချင်းယုသည် ပြဿနာကြီး တစ်ခုကို ဖန်တီးခဲ့၏။ လျှိုချင်းယုသည် ၎င်းတို့၏ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနိုင်မည့် မျှော်လင့်ချက်များကို ရိုက်ချိုးခဲ့သည်ဟု သမုတ်ရမှာပင်။
“အင်း.. အခြေခံအရ ကွာခြားချက်ကို မရှိဘူး”
လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ပြောဆိုလိုက်၏။ ပြီးသည့်နောက် သတ္တမဘိုးဘေးကို ကြည့်ရှုကာ ပြုံးလိုက်၏။ “ခင်ဗျား ဒီနေ့ အကြောင်းအရာ တစ်ခုကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို လာခဲ့တယ်။ ငရဲလောကနဲ့ မပူးပေါင်းသင့်ဘူးဆိုပြီး ကျုပ်ကို ဆုံးမဩဝါဒ လာချွေကြတာလား။ ဒီလိုဆိုရင် ခင်ဗျားတို့အားလုံး ထွက်ခွာသွားနိုင်ပြီ။ အဖြေကို ကျုပ် အစောကြီးတည်းက ရှင်းပြီးထားသားလေ”
“..........”
သတ္တမဘိုးဘေးကြီး မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ သူသည် ခြောက်ကပ်ကပ်ဖြင့် ရယ်မောကာ ပြောဆိုလိုက်သည်။ “စီနီယာ နားလည်မှု လွဲနေပါပြီ။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို လာရတာ ငရဲလောကနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ကောင်းကင်လျှို့ဝှက် နန်းဆောင်က စီးပွားရေးကိစ္စရပ်တွေ လုပ်တယ်ဆိုတော့ စီနီယာရဲ့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ စီနီယာ ပြုလုပ်ချင်တာ ပြုလုပ်မှာပဲ။ အပြင်က လူတွေက ဝင်ပြီးတော့ ပြောဆိုတားမြစ်လို့ ရတဲ့ကိစ္စရပ်မျိုး မဟုတ်ပါဘူး”
သတ္တမဘိုးဘေးကြီးက အမြင်ကျယ်လွန်းသူ ဖြစ်၏။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကို မဆွဲဆောင်နိုင်ဘူး ဆိုမှတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ထားရန်သာ ရှိတော့သည်။ ထိုမှသာလျှင် အနည်းဆုံး အနာဂတ်၌ မည်သည့် အခက်အခဲကိုမှ မကြုံဆုံရမှာဖြစ်၏။
နှစ်ဖက်လုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ရရှိရန် ရည်မှန်းချက် ထားရှိနေသူများဖြစ်၏။ မည်သူက မည်သည့်အရာကို ရရှိမည်ဆိုခြင်းသည် သက်ဆိုင်သည့် အရင်းအမြစ် ပမာဏကို ပေးအပ်နိုင်ခြင်း၊ မပေးအပ်နိုင်ခြင်း တို့အပေါ်တွင်သာ မူတည်နေသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ တန်ဖိုးကြီးမားသည့် သတင်းအချက်အလက်များကို ရရှိဖို့ ဆိုသည်မှာ လွယ်ကူမည်တော့ မဟုတ်ချေ။ ထျန်းမင်တောင်သခင်သည် နှစ်ပေါင်းများစွာ စည်းခတ်ခြင်းကို ခံထားရ၏။ သို့ပေမဲ့ ယခုမှ အပြင်သို့ ထွက်လာခဲ့သောကြောင့် အခြေအနေကို အစကနေ ပြန်လည် တည်ဆောက်ရမှာ ဖြစ်၏။
တခြားတစ်ဖက်တွင် ရှိနေသည့် လျှိုကလန်မှာတော့ တကယ့်ကို နက်ရှိုင်းသည့် အမွေအနှစ်များအား ပိုင်ဆိုင်၏။ ၎င်းတို့၏ ငွေရေးကြေးရေးဆိုင်ရာ အရင်းအမြစ်များသည် တကယ့်ကို ပေါကြွယ်လှသောကြောင့် ထျန်းမင်တောင်သခင်သည် ၎င်းတို့နှင့် နှိုင်းယှဉ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူသည့်နေရာတွင် ထျန်းမင်တောင်သခင်သည် သူတို့နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ဟု သတ္တမဘိုးဘေးက ယုံကြည်မိသည်။
“အရိုးသားဆုံး ပြောရမယ်ဆိုရင် ဒီနေ့မှာ စီနီယာကို ဒုက္ခပေးချင်တဲ့ ကိစ္စရပ်လေး အနည်းငယ် ရှိပါတယ်။ ဒီတော့ တချို့သော အရာတွေကို တွက်ချက်ပေးဖို့ အကူအညီပေးပါအုံး” သတ္တမဘိုးဘေးက ပြောဆိုလိုက်၏။ သူသည် လက်သီးကို ဆုပ်ပြီးသည့်နောက် ပွင့်ပွင့်လင်းလင်း တောင်းဆိုလိုက်ခြင်းပင်။
“အင်း”
လီယွင်က လှုပ်ကုလားထိုင်ပေါ်တွင် အသာလှဲပြီးနောက် ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုရွှမ်ချမ်ကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ငရဲလောကနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲအတွေ့အကြုံ တစ်ခုလေးမှ မရှိခဲ့တဲ့ ခင်ဗျားက ဒီမှာနေလည်း အလကားပဲ”
“ကျုပ်”
လျှိုရွှမ်ချမ်၏ မျက်နှာတစ်ခုလုံးက မဲမှောင်သွား၏။ သူသည် ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ၏ စကားလုံးများသည် အပြင်ဘက်သို့ ထွက်မလာခဲ့ချေ။ တခြားသော တစ်စုံတစ်ယောက်သည်သာ ထိုကဲ့သို့ သူ့ကို ပြောဆိုသည်ဆိုပါက ချက်ချင်း ထိုသူ၏ ပါးစပ်ကို ပိတ်ကျသွားအောင် ပြုလုပ်မိမှာ သေချာ၏။ စီနီယာ နန်းဆောင်သခင် ပြောဆိုသည့် အချိန်မှာတော့ ခွန်းတုံ့ပြန်ရန် စကားလုံးပင် ရှာမတွေ့ခဲ့ချေ။
“ဆက်ပြောပါ”
လီယွင်သည် အမှတ်မထင်နှင့် ပြောဆိုလိုက်၏။ “ခင်ဗျားတို့ ဘယ်နေရာက စပြီး မေးချင်တာလဲ။ ခင်ဗျားရဲ့ အင်္ကျီလက်ထဲမှာ ရှိနေတဲ့ လျှိုချင်းကျီ အကြောင်းလား။ ဒါမှမဟုတ် ထျန်းမင်တောင် သခင်နဲ့ တခြားသူတွေ အကြောင်းလား။ ဒါမှမဟုတ် နတ်ဘုရားလောကမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကောလဟလတွေ အကြောင်းလား”
လျှိုကလန်၏ မျိုးဆက်ဖြစ်သော လျှိုချင်းယု၏ သတင်းသည် ကောလဟလအဖြစ် တခြားသော တည်နေရာ အဖြစ် ပျံ့နှံ့နှင့်နေပြီဖြစ်၏။ လျှိုကလန်၏ သတ္တမဘိုးဘေးကြီးသည် စွမ်းအင်အဆင့် မြင့်မားသူဖြစ်သည်။ ထို့ကြောင့်ပင်လျှင် နတ်ဘုရားလောကထဲတွင် ဖြစ်ပေါ်နေသည့် အရာများအား ကြိုတင် သိရှိပြီးဖြစ်သည်။