← Chapters

အခန်း (၆၇၉)

Vol. 46 Ch. 679

အခန်း (၆၇၉)

Vol. 46 Ch. 679

လီယွင်သည် ခေါင်းညိတ်ပြီး လျှိုချင်းကျီအား အဓိပ္ပာယ်ပါပါဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ပြောရမယ်ဆိုရင် ဒီကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်က ခင်ဗျားတို့ လျှိုကလန်နဲ့ ပတ်သက်ဆက်နွယ်မှုလည်း ရှိတယ်”

သတ္တမဘိုးဘေးကြီး၏ လျှာသည် တုံ့ကနဲပင် ဖြစ်သွားခဲ့၏။ ခဏလောက် ကြာပြီးနောက် သူက ကြောင်အအဖြင့် ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ “စီနီယာရဲ့ အကြည့်အောက်မှာ ဘာတစ်ခုမှ မလွတ်မြောက် နိုင်ခဲ့ပါဘူး”

ယခင်တုန်းက ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် ငရဲလောကအရှင်၏ တိုက်ခိုက်မှုကို ခံခဲ့ရ၏။ ၎င်း၏ နတ်ဘုရားဝိညာဉ်သည် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး သေဆုံးသွားတော့မည့် အခြေအနေဆီသို့ ရောက်ရှိသွား ခဲ့၏။ သို့ပေမဲ့ ၎င်း၏ အမွေအနှစ်နှင့် နန်းဆောင်ကြီးသည် ဤအတိုင်း ကျန်ရှိခဲ့သည်။

လျှိုကလန်သည် ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ နန်းတော်ထဲသို့ ပထမဦးဆုံး ဝင်ရောက်ခဲ့ကြ၏။ များပြားသည့် အရင်းအမြစ်နှင့် ကျင့်ကြံခြင်း နည်းစနစ်များကို ရယူခဲ့၏။ ထိုအရာများထဲတွင် အလွန် တန်ဖိုးကြီးလှပါသည်ဆိုသော ယွမ်ဟောင် ရှေးကျမ်းစာပင် ပါဝင်လျက် ရှိ၏။

ထိုအရာသည် ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်အား ကြီးမားသည့် ဂုဏ်သိက္ခာတရား ပိုင်ဆိုင်အောင် ပို့ဆောင်ပေးခဲ့သည့် နည်းစနစ်တစ်ခုလည်း ဖြစ်၏။ ထိုနည်းစနစ်ကြောင့်ပင် ကွာစီ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် အင်မော်တယ်လောကကြီး တစ်ခုလုံး၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းပင်။

ကံဆိုးစွာဖြင့် လျှိုကလန်သည် ပြည့်စုံသည့် နည်းစနစ်တစ်ခုကို မရရှိခဲ့ချေ။ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ကျင့်ကြံနိုင်သည့် အခွင့်အရေးကိုသာလျှင် ရရှိခဲ့၏။ သို့ပေမဲ့ ထိုအရာသည် လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်၏။ အပြင်လောကထဲတွင် သွေးချောင်းစီးသည့် ပဋိပက္ခများကို ရင်ဆိုင်ကျော်ဖြတ်မှသာလျှင် ထိုကဲ့သို့သော အရာများကို ရရှိမှာဖြစ်၏။ သို့ပေမဲ့ လျှိုကလန်သည် ထိုကဲ့သို့သော အရာကို လွယ်လွယ်ကူကူ ရရှိခဲ့ပြီး မည်သူမှသည်လည်း လာရောက် မလုယက်ရဲကြချေ။

ပထမအချက်အနေဖြင့် လျှိုကလန်သည် ခန့်မှန်း၍မရအောင် အားကောင်း၏။ အင်မော်တယ်ဘုရင် အနည်းငယ် သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ၎င်းတို့သည် မြင်းထက်ကြီးသည့် ကုလားအုပ် အဖြစ်တော့ တည်ရှိနေ သေးသည် မဟုတ်ပါလား။ ဒုတိယအားဖြင့် လျှိုကလန်သည် ငရဲလောကကြီးကို ဖိနှိပ်တိုက်ခိုက်သည့် နေရာတွင် ကြီးမားသည့် ပေးဆပ်မှုကို ပေးအပ်ခဲ့ရ၏။ တခြားသောသူများသည် ထိုကဲ့သို့သော အကျိုးအမြတ်များကို ရရှိခြင်းဆိုသည်မှာ ၎င်းတို့အတွက် မျှတသည့်အရာ ဖြစ်ကြောင်း ယုံကြည်ထားမိကြ၏။ ထို့ကြောင့်ပင်လျှင် မည်သူမှ တားဆီးခြင်း၊ လုယက်ခြင်းကို မပြုလုပ်ကြခြင်းပင်။

လျှိုကလန်သည် ယွမ်ဟောင် ရှေးအင်ပါယာကျမ်းစာကို ရရှိခဲ့၏။ ပြီးသည့်နောက် ကျင့်ကြံရန်အတွက် လျှိုချင်းကျီကို ပေးအပ်ခဲ့၏။ ယခု လျှိုချင်းကျီသည် အရာအားလုံးကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီး ကျင့်ကြံရန် နောက်ဆုံးအပိုင်းတစ်ခုသာလျှင် ကျန်ရှိတော့၏။

၎င်းသည်သာ သက်ဆိုင်သည့် နည်းစနစ်ကို ပြည့်စုံအောင် ရရှိပါက ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ပင် ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။

ထို့အပြင် အင်မော်တယ် အင်ပါယာနှင့် ငရဲလောကအရှင်တို့ တိုက်ခိုက်ပြီးနောက် လမ်းစဉ်များ အားလုံးက ပျက်စီးခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင် ဖန်တီးထားသည့် လမ်းစဉ်ကို မသက်ရောက်ခဲ့ချေ။

ထိုခြေလှမ်းအတိုင်းသာ လှမ်းနိုင်သည်ဆိုပါက အနည်းဆုံးအနေနှင့် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာဖို့ ဆိုသည်မှာ အခွင့်အရေး များ၏။ လက်ရှိ ဖြစ်တည်နေသည့် ကောင်းကင်၏ နိယာမများကို ချိုးဖြတ်ဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်ပင်။

“ဒီယွမ်ဟောင် အင်မော်တယ်ရေကန်က ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင် ချန်ထားခဲ့တဲ့ အရာပဲ။ ဒီအထဲမှာ ယွမ်ဟောင် ရှေးကျမ်းစာကို လေ့ကျင့်တဲ့ ဘယ်သူမဆို အဲမှာ လေ့ကျင့်မယ်ဆိုရင် သာမန်ထက်ပိုတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်တယ်” လီယွင်သည် ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်၏။

“နတ်ဘုရားဝိညာဉ်ကိုလည်း ပြန်ပြီး ကောင်းမွန်စေတာလား” သတ္တမဘိုးဘေးက သတိအပြည့်နှင့် မေးမြန်း လိုက်သည်။

“အင်း... အဲတာက ထပ်တိုး အကျိုးကျေးဇူးလေး တစ်ခုပဲ။ လျှိုချင်းကျီကို ကြီးကြီးမားမား အသွင်ပြောင်းသွားတဲ့ အထိ ကူညီပေးနိုင်စွမ်းရှိတယ်။ သူ့ရဲ့ အားအင်အဆင့်က ကြီးကြီးမားမား တိုးတက်သွားလိမ့်မယ်။ ဟုတ်တယ်။ ဒါပေမဲ့ သူ ဘယ်လောက် ကံကောင်းလဲ ဆိုတဲ့အပေါ်မှာတော့ မူတည်သေးတယ်” လီယွင်က ပြန်လည် ပြောဆို လိုက်၏။ ပြီးသည့်နောက် လျှိုချင်းကျီ၏ နတ်ဘုရားဝိညာဉ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

“အင်း.. ဆန်းကြယ်လိုက်တာ”

သတ္တမဘိုးဘေးသည် စိတ်လှုပ်ရှားမှုများကို မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ လက်များကို ပွတ်သပ်ပြီးသည့်နောက် အဓိပ္ပာယ်ပါပါဖြင့် မေးလိုက်သည်။ “မေးချင်ပါတယ် စီနီယာ.. တကယ်လို့ ဒီအခွင့်အရေးကို အရယူဖို့ ကြိုးစားမယ်ဆိုရင် လျှိုချင်းကျီက လက်ကျန် နည်းစနစ်တွေကို ရရှိရဲ့လား”

ယွမ်ဟောင် ရှေးကျမ်းစာ၏ တန်ဖိုးသည် ကျိန်းသေပေါက် ကြီးမားလွန်း၏။ နောက်ဆုံးအပိုင်း မရှိဘူး ဆိုလျှင်တောင်မှ ရေတွက်၍မရအောင် များပြားသည့် ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နှင့်ပြီး ဖြစ်၏။

များပြားလှသည့် ဂိုဏ်းဂဏ္ဍ အသီးသီးတို့သည် ယွမ်ဟောင် ရှေးကျမ်းစာအား လျှိုကလန်ဆီမှ ရယူချင်စိတ် ရှိနေကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ထောက်ထားညှာတာစရာများ ရှိနေသောကြောင့်သာ လက်လွှတ်ထားခဲ့ခြင်း ဖြစ်သည်။

လျှိုကလန်သည်သာ ပြည့်စုံသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ရရှိခဲ့သည် ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ယခု စီနီယာနန်းဆောင်သခင်သည် ဆန်းကြယ်လွန်းလှ၏။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်စွမ်း ရှိနေ၏။ ယွမ်ဟောင် အင်မော်တယ်နန်းတော် အကြောင်းကိုပင် အမှတ်မထင် ထုတ်ဖော်ကာ ပြောဆိုနေသည် ဆိုမှတော့ ယွမ်ဟောင် ရှေးကျမ်းစာနှင့် ပတ်သက်သည့် အကြောင်းများကို ကျိန်းသေပေါက် သိရှိပေလိမ့်မည်။ လျှိုကလန်သည်သာ ပြည့်စုံသည့် နည်းစနစ်ကို ရရှိပါက အတိတ်တုန်းက ရှိခဲ့သည့် အောင်မြင်မှုများကို ပြန်လည် ရရှိကောင်း ရရှိပေလိမ့်မည်။

“သေချာတာပေါ့”

လီယွင်သည် ထူးမခြားနားသလိုပင် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ကုန်ကျမှုက ပိုလာလိမ့်မယ်”

“ပိုလာမှာ ဟုတ်လား” သတ္တမဘိုးဘေးက ဇဝေဇဝါ ဖြစ်သွားမိသည်။

အရာအားလုံးကို သိရှိနားလည်နေပြီဖြစ်သော တိုင်ချူးမှာတော့ ငြိမ်ငြိမ်သက်သက်ပင် ထိုင်လျက်ရှိ၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ချန်ခဲ့သည့် နည်းစနစ်တစ်ခုကို ရရှိဖို့ ဆိုသည်မှာ လွယ်ကူသည့် အရာမဟုတ်ချေ။

လျှိုကလန်အနေနှင့် ယွမ်ဟောင် ရှေးကျမ်းစာကို ရယူချင်သည့် အတွေးမျိုး တည်ရှိနေသည် ဆိုလျှင်တောင်မှ ကြီးမားသည့် ပေးဆပ်မှုမျိုးကို မပေးဘဲ ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာကို တိုင်ချူးက ကောင်ကောင်းသိလို့နေ၏။

“ဘယ်လောက် ပိုလာမှာလဲ”

သတ္တမဘိုးဘေးကြီးသည် နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည် လာခဲ့၏။ ထို့ကြောင့် မေးမြန်းလိုက်သည်။

“ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ချန်ထားတဲ့ ရှေးကျမ်းစာနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ..... ကျုပ် ခင်ဗျားကို မလိမ်ဘူး။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆယ်ခုပဲ လိုအပ်တယ်” လီယွင်သည် သေသေချာချာ ရှင်းပြလိုက်၏။

“ဘယ်.. ဘယ်လောက်တောင် များလိုက်တာလဲ”

သတ္တမဘိုးဘေးသည် မျက်လုံးပြူးသွား၏။ သူသည် မယုံကြည် နိုင်သလိုပင် ဖြစ်လို့နေခဲ့၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆယ်ခု ဟုတ်လား။ “ဒါ... ဒါက အရမ်းများ လွန်းတယ်”

လျှိုကလန် ထွန်းတောက်စဉ်အချိန်ကဆိုလျှင် အရင်းအမြစ်ပေါင်းများစွကို ပေါကြွယ်စွာ ပိုင်ဆိုင်ခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆိုသည်မှာ များများစားစား ပိုင်ဆိုင်ခဲ့သည့် အရာမျိုး မဟုတ်ချေ။

အင်မော်တယ်ဘုရင် တစ်ယောက်သည် ၎င်းတို့၏ ကိုယ်ပိုင်နည်းစနစ်များကို ဖန်တီးနိုင်၏။ ပြိုင်စံရှားသည့် နည်းစနစ်များသည် သာမန်ထက်ပိုသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်သည် ဆိုလျှင်တောင်မှ ထိုပြိုင်စံရှားနည်းစနစ်များကို ဖန်တီးဖို့ ဆိုသည်မှာ လွယ်ကူသည် မဟုတ်ပေ။ ဥပမာအားဖြင့် လျှိုချင်းကျီ၊ လျှိုရွှမ်ချမ်နှင့် လျှိုချင်းယုတို့သည် အင်မော်တယ်ဘုရင်များ ဖြစ်ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် နည်းစနစ်များကို ဖန်တီးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။

လျှိုချင်းယုသည် ပြန်လည်မွေးဖွားခြင်း လမ်းစဉ်ကို လိုက်ပါခဲ့ပြီးနောက် အရာအားလုံးကို အစမှ ပြန်လည် စတင်ကာဖြင့် ၎င်း၏ ကိုယ်ပိုင်နည်းစနစ်များကို ဖန်တီးချင်သည့် စိတ်ဆန္ဒများ ရှိလို့နေခဲ့၏။

ထို့ကြောင့်ပင်လျှင် လျှိုကလန်တွင် ရှိနေသည့် အင်မော်တယ်ဘုရင်များတင်သာမက တခြားသော အင်မော်တယ် ဘုရင် အားလုံးတို့သည်လည်း ၎င်းတို့၏ နောင်လာမျိုးဆက်များ ရွေးချယ်နိုင်ရန် သိုင်းနည်းစနစ်များကို ဖန်တီးခြင်းမှာ လွယ်ကူသည့် အရာမျိုး မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

ထိုသို့ ခက်ခဲသည်ကို သိရှိနေသော်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် ၎င်းတို့အား အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆယ်ခုကို တောင်းဆိုလျက် ရှိနေ၏။

လီယွင်သည် အသာရယ်မောကာ ပြောဆိုလိုက်သည်။ “ခင်ဗျားတို့ ပြဿနာရှိလို့လား။ ဒီဈေးနှုန်းက တကယ့်ကို သမ မျှတတယ်။ အပြင်ဘက်လောကကြီးမှာ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခုကို အသုံးပြုပြီး ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကို ဖန်တီးဖို့ဆိုတာ မလွယ်ဘူး”

All Chapters