အခန်း (၆၈၁)
Vol. 46 Ch. 681
“ကောင်းပြီ”
သတ္တမဘိုးဘေးကြီးသည် အာရုံပြန်စိုက်လိုက်၏။ သူ၏ မျက်လုံးများက လင်းလက်သွား၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။ “ကျုပ်တို့ကို နတ်ဆိုးလောကထဲကို လုံလုံခြုံခြုံနဲ့ ပို့လွှတ်နိုင်မယ့် နည်းလမ်း ရှိလား”
“အင်း... အဲတာက အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုပဲ လိုအပ်တယ်” လီယွင်သည် ပြုံးကာ ပြောလိုက်သည်။
ထိုအပြုံးကို မြင်ရသည့် အချိန်မှာတော့ သတ္တမဘိုးဘေးနှင့် တခြားသောသူများသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့ကြ၏။ ဤကုန်ကျစရိတ်က တကယ့်ကို ကြီးမားလွန်း၏။ လျှိုချင်းကျီ ဒဏ်ရာများ အချိန်အတိုင်းအတာတိုအတွင်း ပြန်လည်ကောင်းမွန်ရန်အတွက် သူတို့သည် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခုကို အသုံးပြုခဲ့ရပြီးဖြစ်၏။ ယခု နောက်ထပ်တစ်ခုကို ထုတ်ဖော်ပေးနေရပြန်၏။
အင်မော်တယ်ဘုရင် ဆိုသည့်စကားလုံးသည် များပြားသည့် တန်ကြေးများကို ထုတ်ဖော်ခဲ့ပြီးဖြစ်၏။ ယခု ထိုကြီးကျယ်မြင့်မြတ်လှသော တန်ကြေးကို ပိုင်ဆိုင်သည့် ပစ္စည်း လေးခု ဖြစ်လို့သွားခဲ့၏။ လျှိုကလန်သည် ကြီးမားလွန်းသည့် မိသားစုကြီးတစ်ခုဖြစ်ပြီး နက်နဲသည့် အမွေအနှစ်များကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ ဤကဲ့သို့ ဆော့ကစားရန် တတ်နိုင်လိမ့်မည် မဟုတ်ချေ။
အင်မော်တယ်ဘုရင်အဆင့် တစ်ခု၊ နှစ်ခုလောက်ကို ကုန်ဆုံးရခြင်းကပင်လျှင် လျှိုကလန်၏ အခြေခံ ယုတ်လျော့ သွားခြင်းနှင့် ဆင်တူ၏။ အရာအားလုံးကို ချိန်ဆတွေးကြည့်ပြီးသည့်နောက် သတ္တမဘိုးဘေးကြီးက တွန့်ဆုတ်လို့ နေခဲ့၏။ သူ့အနေနှင့် လျှိုချင်းကျီ ပြန်လည်ကောင်းမွန်ရန်အတွက် သတင်းအချက်အလက်များကို ဆက်လက်ကာ မေးမြန်း မည်လား။ သို့မဟုတ် ဤတစ်ကြိမ်တွင် ၎င်းတို့၏ ထပ်မံဆုံးရှုံးမှုကို ကာမိရန်အတွက် ရပ်တန့်လိုက်မည်လား။
ရပ်တန့်လိုက်မည်ဆိုပါက ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခုကို ဆုံးရှုံးသွားပြီ ဖြစ်၏။ ယွမ်ဟောင် အင်မော်တယ်ရေကန်၏ တည်နေရာကို သူတို့ သိရှိခဲ့ပြီးပြီဖြစ်၏။ အနာဂတ်တွင် အခွင့်အရေးကို အရယူကာဖြင့် ထိုနေရာဆီသို့ သွားရောက်ဖို့ ကြိုးစားနိုင်စွမ်းတော့ ရှိနေသေး၏။ ဆက်လက် စုံစမ်းမည်ဆိုပါက နောက်ထပ် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုက လိုအပ်လာပေသည်။
“အင်း.. ခင်ဗျား စိတ်ပူနေတာကို ကျုပ်နားလည်ပါတယ်”
လီယွင်က ပြောဆိုလိုက်၏။ “ကျုပ် အရင်တုန်းက ပြောဆိုထားသလိုပဲ အဓိကအားဖြင့် ယွမ်ဟောင် အင်မော်တယ်ရေကန်က လျှိုချင်းကျီရဲ့ ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်အောင် ကူညီပေးရုံတင် မဟုတ်ဘူး။ ထပ်တိုး အကျိုးကျေးဇူးတွေလည်း ရှိသေးတယ်။ သူကသာ ကံကောင်းမယ်ဆိုရင် သူ့ကို အလုံးစုံ ပြောင်းလဲပေးမဲ့ အခွင့်အရေးကို ပိုင်ဆိုင်လိမ့်မယ်။ ပြောင်းလဲတယ် ဆိုတာ ဘာလဲသိလား။ အင်မော်တယ်ဘုရင်တစ်ယောက် ကြီးမားစွာ ပြောင်းလဲသွားတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ ခင်ဗျားတို့ နားလည်လား”
“ဒါက” သတ္တမဘိုးဘေးကြီးသည် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားခဲ့သည်။
လီယွင်သည် ခဏလောက် စဉ်းစားပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ပြီးတော့ နတ်ဆိုးလောကကြီးထဲကို လုံလုံခြုံခြုံနဲ့ သွားနိုင်တဲ့ တည်နေရာလမ်းကြောင်းက ဘယ်လောက်တန်ဖိုး ကြီးမားတယ်ဆိုတာ ခင်ဗျားတို့သိလား။ အနာဂတ်မှာ ငရဲလောကကြီး ပြန်လည်ဖွံ့ဖြိုးလာပြီဆိုရင် နတ်ဆိုးလောကကြီးက ငရဲလောကကြီးနဲ့ မဟာမိတ် ဖွဲ့မလား၊ မဖွဲ့ဘူးလားဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ ပြီးတော့ ငရဲလောကရဲ့ အလယ်ဗဟို တည်နေရာကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ လမ်းစဉ်တစ်ခုကို ရရှိထားဖို့ဆိုတာ .....”
လီယွင်သည် ခဏလောက် ရပ်တန့်လိုက်၏။ သူသည် ဆက်လက်ကာ မပြောဆိုတော့ချေ။
သတ္တမ ဘိုးဘေးကြီးသည် အရူးတစ်ယောက် မဟုတ်သည် ဆိုပါက သူဆိုလိုသည့် အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပေလိမ့်မည်။
“အင်း... စီနီယာက ဒီလို ပြောနေပြီဆိုမှတော့”
သတ္တမဘိုးဘေးကြီးသည် အကူအညီမဲ့စွာ ပြောလိုက်၏။ ပြီးနောက် ဦးကိုညွတ်လိုက်၏။ “ကျုပ်တို့ ငြင်းပယ်ဖို့ အခြေအနေ မရှိပါဘူး”
နတ်ဆိုးလောကကြီးဆီသို့ လုံလုံခြုံခြုံနှင့် သွားရောက်နိုင်သည့် လမ်းတစ်ခုဆိုသည်မှာ လျှိုကလန်အနေနှင့် ငြင်းပယ်၍ ရသည့်အရာမျိုး မဟုတ်ချေ။ ဤအရာသည် ယုတ္တိဗေဒအရကော၊ ခံစားမှုအရပါ ကောင်းမွန်သည့် အရာဖြစ်၏။ ထိုကဲ့သို့သော လမ်းကြောင်းတစ်ခုကို ထိန်းချုပ်နိုင်သည်ဆိုပါက တခြားသော အရာများကို မဆိုနှင့် ပဋိပက္ခများ ပေါ်ပေါက်လာသည့် အချိန်တွင် ဤအရာကို အသုံးပြုကာဖြင့် များပြားလွန်းသည့် အကျိုးအမြတ်များ ရရှိနိုင်သည်။
ထို့အပြင် ထျန်းမင်တောင်သခင်သည် လက်ရှိအခြေအနေတွင် စတင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ နတ်ဆိုး လောကကြီးသည် မည်သည့် သတင်းမှမရရှိဘူးဟု အာမ မခံနိုင်ချေ။ ၎င်းတို့သာ တူညီသည့် စိတ်ဆန္ဒ တည်ရှိနေသည် ဆိုပါက နတ်ဆိုးလောကကြီး၏ အလယ်ဗဟို တည်နေရာဆီသို့ သွားရောက်နိုင်စွမ်း ရှိနေသည့် လျှိုကလန်သည် ၎င်းတို့ကို ကြီးကြီးမားမား အံ့အားသင့်စရာများကို ပေးအပ်နိုင်စွမ်း ရှိနေ၏။
“ဒါက အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုပဲ။ စီနီယာ သဘောကျရဲ့လား သိချင်ပါတယ်” သတ္တမဘိုးဘေးကြီးသည် ဆေးပုလင်း တစ်ခုကို ထုတ်ယူကာ လီယွင်၏ အရှေ့သို့ ချပေးလိုက်သည်။
“လက်ခံတယ်”
လီယွင်က ခေါင်းညိတ်လိုက်၏။ နောက်ထပ် ကျောက်စိမ်းပြားတစ်ခု သူ၏လက်ထဲတွင် ပေါ်ပေါက် လာခဲ့၏။ ထိုအရာကို သတ္တမဘိုးဘေးကြီးဆီ ကမ်းပေးပြီးသည့်နောက် သူက ရှင်းပြလိုက်၏။ “ဒါ ယွမ်ဟောင် အင်မော်တယ်ရေကန်ကို သွားတဲ့လမ်းကြောင်းပဲ။ နတ်ဆိုးလောကမှာရှိတဲ့ ဘယ်ဂိုဏ်းဂဏ အသီးသီးကိုမဆို ရှောင်ရှားသွားနိုင်စွမ်း ရှိတယ်။ ခင်ဗျားတို့သာ ဂရုစိုက်မယ်ဆိုရင် လုံခြုံမှုကို အပြည့်အဝ အာမခံတယ်”
“ဪ”
သတ္တမဘိုးဘေးကြီး၏ အံ့အားတသင့်ဖြစ်လို့နေသည်။ သူသည် ကျောက်စိမ်းပြားကို အသာယူပြီးသည့်နောက် ပါဝင်သည့် အကြောင်းအရာကို စစ်ဆေးလိုက်၏။ ပြီးနောက် လမ်းစဉ်တစ်ခုလုံးကို သေသေချာချာ မှတ်သားလိုက်၏။ ဤအရာကို မြင်ပြီးနောက် သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းပင် ချလိုက်မိသည်။
စီနီယာ နန်းဆောင်သခင် ပေးအပ်လိုက်သည့် ကျောက်စိမ်းပြားတွင် ပါဝင်သည့် သတင်းအချက်အလက် အားလုံးသည် လမ်းစဉ်တစ်ခုကို ဖော်ညွှန်းပြသလျက် ရှိနေ၏။ သို့ပေမဲ့ အသေးစိတ် အချက်အလက်များ မပါဝင်ချေ။ သွားရောက်ရာလမ်းတွင် တည်ရှိနေသည့် တခြားသော ဂိုဏ်းဂဏ အသီးသီးတို့၏ အကြောင်းအရာ များလည်း မပါဝင်ချေ။
ထို့ကြောင့် အမှောင်ထဲသို့ လှမ်းဝင်သွားရန် လမ်းညွှန်ပေးခြင်းနှင့် ဆင်တူ၏။ သတ္တမဘိုးဘေးကြီးသည် ဆုံးရှုံးသွားခဲ့သည်ဆိုသော ခံစားချက်များကို ရရှိနေ၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုနှင့် လဲလှယ်ခဲ့ရသည့် အရာသည် ဤကဲ့သို့ ယေဘုယျဆန်သည့် ပစ္စည်းတစ်ခု ဖြစ်နေသည်လား။
“စီနီယာ” သတ္တမဘိုးဘေးက စကားစလိုက်၏။
“ဒုတိယတစ်ခု မေးချင်တာလား” လီယွင်က ရယ်မောလိုက်မိသည်။
“ဟုတ်ပါတယ်”
သတ္တမဘိုးဘေးက ခေါင်းညိတ်လိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်းတွေကို ကျုပ်နားလည်ပါတယ်။ ထျန်းမင်တောင်သခင်ကလည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို အရင်တုန်းက ခဏ ခဏ လာရောက်လည်ပတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်တွေက စီနီယာရဲ့ လမ်းညွှန်ပြသမှုကြောင့်ပဲ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ထျန်းမင်တောင်သခင်နဲ့ လျှိုချင်းယုတို့က အသင်္ချေများပြားတဲ့ လောကကြီးထဲမှာ ကြီးမားတဲ့ ပြဿနာကို ဖန်တီးနိုင်မှာ မဟုတ်ဘူး”
ထိပ်တန်းအဆင့် အင်မော်တယ်ဘုရင် နှစ်ယောက်တို့၏ ပူးပေါင်းမှုသည် ကြီးမားသည့် အားအင်အဆင့်ပင် ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ နတ်ဘုရားလောကနှင့် အင်မော်တယ်လောက ကဲ့သို့သော လောကများထဲတွင် ကြီးကြီးမားမား ပြုမူဆောင်ရွက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် လျှိုကလန် ကဲ့သို့သော ကလန်ထဲတွင်ပင်လျှင် အင်မော်တယ်ဘုရင် လေးယောက်မှ ငါးယောက်ကျော် တည်ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ လမ်းညွှန် ပြသချက်ကို မရရှိဘဲနှင့် မည်သည့် အကြောင်းအရာကိုမှ အောင်မြင်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“မေးချင်ပါတယ် စီနီယာ... ထျန်းမင်တောင်သခင် ကျုပ်တို့ သုံးယောက်ကို ခြုံခိုပြီး တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ လျှိုကလန်ကိုလည်း ပစ်မှတ်ထားနေသေးတာလား” သတ္တမဘိုးဘေးက စုံစမ်းလိုက်၏။
၎င်းအနေနှင့် ထျန်းမင်တောင်သခင်သည် ၎င်းတို့ သုံးယောက် မည်သည့်နေရာတွင် ရှိနေကြောင်း တိတိကျကျ သိရှိခြင်းနှင့်ပတ်သက်၍ မရှင်းလင်းလှခဲ့ပေ။ သူ၏ ခန့်မှန်းချက်သာ မှန်သည်ဆိုပါက ကျိန်းသေပေါက် စီနီယာနန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုပင်။
သူ့အနေနှင့် တစ်ရာ ရာခိုင်နှုန်း သေချာနေသည် မဟုတ်လျှင်တောင်မှ တစ်ဖက်လူနှစ်ယောက်၏ အရည်အချင်းနှင့် သတ်ဖြတ်ခြင်း အစီအရင်သုံးခုကို မည်သို့ ကြိုတင် ဖန်တီးထားနိုင်မည်နည်း။ အင်မော်တယ်ဘုရင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေသည့် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းများသည် တကယ့်ကို ရှားပါးမှာ သေချာသည်။
“ဟုတ်တော့ကော၊ မဟုတ်တော့ကော” လီယွင်သည် သတ္တမဘိုးဘေးကို လှမ်းကြည့်ကာဖြင့် အသာ ရယ်မောလိုက်၏။