← Chapters

အခန်း (၆၈၇)

Vol. 46 Ch. 687

အခန်း (၆၈၇)

Vol. 46 Ch. 687

လက်ရှိအခြေအနေ၌ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို အတည်ပြုခဲ့ပြီးဖြစ်၏။ အရင်ဆုံး တည်နေရာကို ရရှိရန် လိုအပ်သည်။ မည်သူပိုင်ဆိုင်သင့်သည်ကို နောက်မှ ဆုံးဖြတ်ရပေလိမ့်မည်။ မည်သူပင်ရရ လျှိုကလန်သည် ကျိန်းသေပေါက် တိုးတက်လာမှာ သေချာ၏။

တကယ်တမ်း လျှိုကလန်၏ အားအင်အဆင့်အရဆိုလျှင် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆယ်ခုထက် ပိုလျှင်တောင်မှ ပေးအပ်နိုင်စွမ်း ရှိ၏။ ထို့အပြင် သူတို့၏ အားအင်အဆင့်က မနည်းပါးလှချေ။ အင်မော်တယ် ဘုရင်ဆယ်ယောက်ကို မဆိုနှင့် ထိုတက်နှစ်ဆ များပြားလှသည့် လူများ ရောက်ရှိလာမည်ဆိုလျှင်တောင်မှ လျှိုကလန်သည် ကောင်းကောင်းမွန်မွန်နှင့် ရင်ဆိုင်နိုင်စွမ်း ရှိနေသည့် လူများဖြစ်သည်။ သူတို့၌ ဝှက်ဖဲပေါင်းများစွာ ရှိသည်။။

ထို့ကြောင့် လျှိုရွှမ်ချမ်သည် သူ၏ လက်နက်ကို တစ်ချက်ကလေးမှ ထပ်မံမတွေးတောဘဲ ပေးအပ်လိုက်ခြင်း ဖြစ်၏။ သူ၏ လက်နက်သည် အင်မော်တယ်ဘုရင်အဆင့် လက်နက်တစ်ခုဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် လူတစ်ယောက် လျှိုကလန်ဆီမှ ထွက်ပေါ်လာရန် ကူညီပေးနိုင်သည်ဆိုပါက သူသည် သူ၏ လက်နက်ကို မဆိုနှင့် သူ၏အသက်ကိုပင် ပေးအပ်ရန်အတွက် အဆင်သင့်ရှိ၏။

တခြား တစ်ဖက်ခြမ်းမှာတော့ သတ္တမဘိုးဘေးကြီးသည် လက်ကို ယမ်းခါလိုက်၏။ သူသည် စိတ်ဝင်စားမှု အပြည့်နှင့် လီယွင်ကို လှမ်းကြည့်ကာ စုံစမ်းလိုက်သည်။ “စီနီယာ... ကျုပ် မေးချင်ပါတယ်။ အင်မော်တယ်ဘုရင် အဆင့်ပစ္စည်းအစား နည်းလမ်းတစ်ခုခုကို အစားထိုးလို့ရသေးလား”

“အင်း” လီယွင်သည် အသာတုံ့ပြန်လိုက်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။

ထိုအပြုံးမျိုးကို မြင်ရသည့်အချိန်မှာတော့ သတ္တမဘိုးဘေးကြီးသည် မြေခွေးတစ်ကောင်၏ အပြုံးမျိုးကို မြင်ရသလိုပင် ခံစားနေမိသည်။

“ခင်ဗျားက တကယ့်ကို နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့တဲ့ ရှေးမွန်းစတားအိုကြီးဆိုတဲ့ ဂုဏ်ထူးနဲ့ ထိုက်တန်ပါပေတယ်။ အချိန်အတိုင်းအတာ အတောအတွင်း ခင်ဗျားက ဒီနည်းလမ်းတွေကို အသုံးပြုဖို့အတွက် စဦးစဉ်းစားနိုင်ခဲ့တာပဲ” လီယွင်က စနောက်လိုက်၏။

သူ၏အရှေ့တွင်တော့ သတ္တမဘိုးဘေးကြီးနှင့် ပတ်သက်သည့် ကိုယ်ရေးအကျဉ်းက ပေါ်ပေါက်လျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသည် နှစ်ခုမဟုတ်ဘဲ လေးခု ဖြစ်နေသည်။ ၎င်း၏ ချမ်းသာကြွယ်ဝမှု အရဆိုလျှင် သတ္တမဘိုးဘေးကြီးသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးအား ရယူနိုင်စွမ်း ရှိနေသည်။ သို့ပေမဲ့ ၎င်းသည် ရှိသမျှ အရာအားလုံးကို ထုတ်ဖော်ရန် မစဉ်းစားထားချေ။

“စီနီယာ... ဒီလိုမေးရတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျုပ်က စုံစမ်းရုံပါပဲ။ စီနီယာ သဘောတူလား ဆိုတာ သိချင်လို့ပါ” သတ္တမဘိုးဘေးကြီးသည် လေးလေးစားစား ဦးညွတ်ကာ ထပ်မံ မေးမြန်းလိုက်သည်။

“အင်း... လက်ခံပါတယ်” လီယွင်က ခေါင်းညိတ်လိုက်၏။ တစ်ဖက်လူများသည် တခြားသောအရာ တစ်ခုခုနှင့် အစားထိုးမည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် သူက အမြတ်အစွန်း ရရှိမည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆိုသည်မှာ ကောင်းကင်လျှို့ဝှက်အမှတ်များနှင့် လဲလှယ်ရာတွင် အကန့်အသတ် တစ်ခုအထိ အမှန် ရရှိနိုင်သည့် ပစ္စည်းဖြစ်၏။ ထို့ကြောင့် မည်သည့်အရာကိုပဲရရ ကောင်းကင်လျှို့ဝှက် အမှတ်များ ကို ရရှိမှာ သေချာ၏။

“ကျုပ် သိချင်ပါတယ် စီနီယာ။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်မျိုးအတွက် တန်ဖိုးတူညီတဲ့ အခြားပစ္စည်း ဘယ်လောက်များများ ပေးအပ်ဖို့ လိုမလဲ” သတ္တမဘိုးဘေးကြီးသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

“ဒါ ပြောဖို့ခက်တယ်။ အင်း.. ခင်ဗျား ဘယ်လောက်ထုတ်ပေးနိုင်မလဲ ဆိုတာ‌ပေါ် မူတည်တာပေါ့” လီယွင်က အသာပြုံးလိုက်၏။ သူသည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည့် ဘောလုံးအား သတ္တမဘိုးဘေးကြီး၏ မျက်နှာပေါ်သို့ ပြန်လည် ပေးပို့လိုက်သည်နှင့် ဆင်တူ၏။ တစ်ဖက်လူအား ၎င်းတို့ဘာသာ၎င်းတို့ တွေးတာစဉ်းစားရင်းနှင့် ဦးနှောက်ခြောက်စေရန် စဉ်းစားထား၏။

သတ္တမဘိုးဘေးကြီးသည် ဆွံ့အသွားခဲ့၏။ ပြောရမည်ဆိုလျှင် နန်းဆောင်သခင်၏ ရည်ရွယ်ချက်ကို သူ အနည်းငယ် ခန့်မှန်းမိပြီးဖြစ်၏။ သို့ပေမဲ့ ထုတ်ပြောရန်မှ သင့်လျော်သည့် အရာမျိုး မဟုတ်ချေ။ တစ်ဖက်လူသည် စီးပွားရေး ပြုလုပ်နေသည် မဟုတ်ပါလား။

“အင်း.. ဒီလိုလာတဲ့ ခရီးစဉ်မှာ ကျုပ်အများကြီး မပြင်ဆင်ခဲ့ရဘူး။ ဒါကြောင့် ကျုပ် သယ်ဆောင်လာတဲ့ အရင်းအမြစ်တွေက မများဘူးပေါ့” သတ္တမဘိုးဘေးကြီးက ပြောလိုက်သည်။

သူသည် လက်ဝါးကို အသာဖြန့်ပြီးသည့်နောက် သူ၏လက်ဝါးထက်တွင် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းနှစ်ခု ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ များပြားလွန်းသည့် တန်ဖိုးကြီး ပစ္စည်းအားလုံးကို ထုတ်ယူလိုက်၏။ ထိုအရာများသည် တကယ့်ကို တန်ဖိုးကြီး ရတနာများပင်ဖြစ်၏။

အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းမျိုး မဟုတ်ဘူးဆိုလျှင်တောင်မှ အရေအတွက်အရ ထိုအရာနှင့် ကိုက်ညီသည့် ပစ္စည်းများဟု သုံးသပ်၍ ရနိုင်၏။ အရေအတွက်သည် တကယ်ပင် များပြားလွန်းခဲ့၏။ ထိုအရာများသည် ကောင်းကင်မူလလောက၏ တချို့သော နတ်နယ်မြေများ ကျင့်ကြံရန်အတွက် လုံလောက်သည့် အရာမျိုး ဖြစ်၏။ တချို့သော နတ်နယ်မြေများအတွက် ပိုတောင် ပိုလျှံနေဦးမှာ သေချာသည်။

“ကျုပ် မေးချင်ပါတယ် စီနီယာ... ဒါ လုံလောက်ပြီလား” သတ္တမဘိုးဘေးကြီးသည် မျှော်လင့်တကြီးဖြင့် လှမ်းကာ မေးမြန်းလိုက်၏။

အဓိက ဂိုဏ်းဂဏကြီးတစ်ခု၏ ဘိုးဘေးကြီးတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် တကယ်ပင် ချမ်းသာကြွယ်ဝသည်မှာ ရှင်းလင်းလွန်းလှ၏။ သူ ယူဆောင်လာသည့် ပစ္စည်းများသည် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းမျိုးနှင့် လဲလှယ်၍ ရနိုင်သည့် အရာမျိုး ဖြစ်၏။ လက်နက်များကလည်း တန်ဖိုးကြီးမားလွန်းသည်။

“မလုံလောက်သေးဘူး” လီယွင်သည် ထိုအရာများ အားလုံးကို သိမ်းဆည်းပြီးသည့်နောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“မလုံလောက်သေးဘူး ဟုတ်လား” သတ္တမဘိုးဘေးကြီးက မျက်မှောင်ကုတ်လိုက်၏။ သူသည် လျှိုရွှမ်ချမ်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။

လျှိုရွှမ်ချမ်သည် အရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ လီယွင်၏ အရှေ့ဆီသို့ ချပေးလိုက်၏။ “ဒီလိုဆိုရင်ကော စီနီယာ”

လျှိုရွှမ်ချမ်သည် တည့်တိုးပင် မေးမြန်းလိုက်၏။ သူသည် အင်မော်တယ်ဘုရင်အဆင့် လက်နက်တစ်ခုမှလွဲလျှင် တခြား ရှိရှိသမျှ အရာအားလုံးကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။

လီယွင်သည် စနစ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤနှစ်ယောက် ထုတ်ဖော်လိုက်သည့် ပစ္စည်းများသည် ကွာစီ အင်မော်တယ် အင်ပါယာအဆင့် ပစ္စည်းများထက် ပိုမိုကာ သာလွန်လျက် ရှိနေသည်ကိုတော့ သူက မြင်ရပြီးဖြစ်၏။ သို့ပေမဲ့ သူသည် တစ်ဖက်လူများဆီမှ ငွေညှစ်ရန် စဉ်းစားနေမိ၏။

ချက်ချင်းဆိုသလိုပဲ သူ၏ အကြည့်သည် သတိလစ်မေ့မျောလျက် ရှိနေသည့် လျှိုချင်းကျီဆီသို့ ရောက်ရှိသွား၏။ ဤလူသည် လျှိုကလန်၏ ရှေးဆန်လွန်းသည့်‌ နောက်ခံကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်၏။ ပြောရမည်ဆိုလျှင် များပြားလွန်းသည့် အရင်းအမြစ်များကို ပိုင်ဆိုင်မှာ သေချာ၏။ ဝိညာဉ်အဖြစ် ကျန်ရှိခဲ့သည် ဆိုလျှင်တောင်မှ ၎င်း၏ သိုလှောင်လက်စွပ်သည် သတ္တမဘိုးဘေးကြီး၏ လက်ထဲတွင် ရောက်ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ထိုအရာများ ထွက်ပေါ်လာမည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“စီနီယာ... ချင်းကျီက သတိလစ် မေ့မျောနေတယ်လေ။ သူ့ရဲ့ဒဏ်ရာတွေက ပြန်မကောင်းသေးဘူး။ ကျုပ်တို့ သူ့ရဲ့ သိုလှောင်လက်စွပ်ကို ဖွင့်လို့မရ” သတ္တမဘိုးဘေးကြီးသည် လီယွင်၏ အကြည့်ကို သတိပြုမိသွား၏။ သူသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။

နန်းဆောင်သခင်သည် သနားညှာတာမှုကို ပြကာဖြင့် သူတို့ကို အတင်း တွန်းအားမပေးရန် သူက မျှော်လင့်မိ၏။ ရှိရှိသမျှသော သိုလှောင်လက်စွပ်များကို ပေးအပ်လိုက်ရမည်ဆိုပါက သူတို့တွင် ဘာတစ်ခုမှ ကျန်တော့မည် မဟုတ်ချေ။

“ဒါက ကျုပ်ရဲ့ ထိန်းချုပ်နိုင်မှုအထက်မှာ ရှိတယ်လေ။ ကူညီမပေးနိုင်မှာ စိုးရိမ်ရတယ်” လီယွင်သည် ပခုံးတွန့်ကာဖြင့် အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

“ဒါက”

သတ္တမဘိုးဘေးကြီး၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူသည် အင်္ကျီလက်ထဲ အသာ လက်နှိုက်ပြီးသည့်နောက် လျှိုချင်းကျီ၏ သိုလှောင်လက်စွပ်ကို ကိုင်ထားမိ၏။ အထဲတွင် အလွန်တန်ဖိုးကြီးသည့် ရတနာများ မရှိရန် ဆုတောင်းလိုက်မိ၏။ အကယ်၍ အလွန်တန်ဖိုးကြီးမားလွန်းသည့် ရတနာများ ရှိနေသည်ဆိုပါက သူတို့အတွက် ကျိန်းသေပေါက် ဆုံးရှုံးမှုမျိုးပင်။

သိုလှောင် လက်စွပ်ကို အတင်း ဖွင့်ခြင်းဆိုသည်မှာ အဓိပ္ပာယ် ရှိသည့်အရာမျိုး မဟုတ်ချေ။ ထို့အပြင် လျှိုချင်းကျီသည် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လေ၏။ သိုလှောင် လက်စွပ်ကို အတင်းဖွင့်ခြင်းဆိုသည်မှာ ကျိန်းသေပေါက် နှစ်ဦးနှစ်ဖက် ဆုံးရှုံးရမည့် အရာမျိုးပင် ဖြစ်လာနိုင်၏။ သိုလှောင်လက်စွပ်ကော၊ လူပါ ဆုံးရှုံးရမည့် ကိစ္စရပ်မျိုးပင်။

ခဏလောက် သေသေချာချာ စဉ်းစားပြီးသည့်နောက် သတ္တမဘိုးဘေးကြီးသည် သက်ပြင်းကို ချလိုက်၏။ သူသည် လျှိုချင်းကျီ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူပြီးသည့်နောက် လေးလေးစားစားဆိုသလိုပဲ ကမ်းပေးလိုက်၏။ “စီနီယာ.. ဒါ ချင်းကျီရဲ့ သိုလှောင်လက်စွပ်ပါပဲ။ ကံဆိုးစွာနဲ့ ဒါကို ကျုပ် ဖွင့်လို့မရဘူး။ ဒီနေ့ စီနီယာနဲ့ လဲလှယ်တဲ့ အချိန်မှာ စီနီယာအနေနဲ့ ဒါကို ဖွင့်လို့ရနိုင်မလား မသိပါဘူး”

“ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား စိတ်ပူဖို့ မလိုဘူး”

လီယွင်သည် သိုလှောင်လက်စွပ်ကို အသာလှမ်းယူပြီးသည့်နောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးနောက် သူက ပြောလိုက်၏။ “ဒါ ခင်ဗျားတို့ လိုချင်တဲ့အရာပဲ။ ဒီကျောက်စိမ်းပြား အပေါ်မှာ ရေးထားတဲ့ လမ်းညွှန်ချက်အတိုင်းသွားရင် ခင်ဗျားတို့ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ရှာဖွေတွေ့ရှိလိမ့်မယ်။ ဒါပေမဲ့ အထဲသို့ ဝင်ဖို့အတွက် နည်းလမ်းကတော့ ကျိန်းသေပေါက် ကြီးမားတဲ့ တန်ကြေး ရှိသေးတယ်”

သူက ခဏ ရပ်တန့်လိုက်၏။ ပြီးနောက် ထပ်မံကာ ပြောဆိုလိုက်သည်။ “ခင်ဗျားကို ကျုပ် အကြံတစ်ခု ပေးချင်တယ်။ သာမန်နည်းလမ်းတွေနဲ အဲထဲကို ဝင်လို့ မရနိုင်ဘူး။ အတင်း ဝင်သွားမယ်ဆိုရင် ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက် တောင်မှ သေဆုံးသွားနိုင်တယ်”

All Chapters