အခန်း (၁၃၆၉-၁၃၇၁)
Vol. 92 Ch. 1369-1371
အခန်း(၁၃၆၉)
ယဲ့ချန်ကျွင်းက လူသားဧကရာဇ် နန်းတော်သို့ နိဗ္ဗာန်မြို့တော်မှ အင်အားစုများနှင့် အတူ ဝင်ရောက်လာပြီးကတည်းကပင် ဆိတ်ငြိမ်နယ်မြေသည် အရှုပ်အထွေးထဲသို့ ကျရောက်သွားခဲ့သည်။
ဆိတ်ငြိမ်နယ်မြေထဲမှ အင်အားစုများစွာသည် ဆိတ်ငြိမ်နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားလာခဲ့ကြသည်။
ထိုအချိန်မှာပင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်အဟုန်ဖြင့် ဆိတ်ငြိမ်နယ်မြေ တစ်ခုလုံးကို ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် ထိုကျင့်ကြံသူသည် နယ်မြေကို စတင်ချဲ့ထွင်ရန် ကြိုးစားခဲ့သည်။
ထိုသတင်းကို ရရှိပြီးနောက်တွင် လျှို့ဝှက်နယ်မြေ ရှစ်ခုသည် အင်အားကြီးမားသော ကျင့်ကြံသူများကို စေလွှတ်ကာ နှိမ်နင်းစေခဲ့သည်။
သို့သော်လည်း ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ ထွက်ပေါ်လာသော အင်အားကြီးမားသောကျင့်ကြံသူသည် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ ကျင့်ကြံသူများထင်မြင်ထားသည်ထက်ပင် ကျော်လွန်နေသော ခွန်အားကို ပိုင်ဆိုင်ထားခဲ့၏။
ဆိုရလျှင် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ အင်အားကြီးမားသောကျင့်ကြံသူများပင် ထိုကျင့်ကြံသူ ဦးဆောင်သည့် အင်အားစုကို နှိမ်နင်းနိုင်စွမ်း မရှိခဲ့ကြပေ။
အဆုံးသတ်တွင် သူတို့သည် ဆိတ်ငြိမ်နယ်မြေ၏ ဝင်ပေါက်တွင် ခံတပ်တစ်ခု တည်ဆောက်ကာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကနေ ထွက်ပေါ်လာသော အင်အားကြီးမားသူနှင့် ရင်ဆိုင်နေရသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
နှစ်ဖက်စလုံးကြားတွင် ထိပ်တိုက် ရင်ဆိုင်မှုများ ရှိခဲ့သော်လည်း ပြင်းထန်သော တိုက်ပွဲများ မဖြစ်ပွားခဲ့ပေ။
သို့သော်လည်း လွန်ခဲ့သော နှစ်ရက်ခန့်ကစ၍ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် လျှို့ဝှက်နယ်မြေ ရှစ်ခုကို အပြင်းအထန် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်စလုံးကြားတွင် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲကြီးတစ်ခုသည် မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
လျှို့ဝှက်နယ်မြေ ရှစ်ခုသည် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများစွာကို သတ်ဖြတ်နိုင်ခဲ့ပြီး ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သည်။
သို့သော် ၎င်းတို့သည်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရ၏။
ဤတိုက်ပွဲတွင် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး အပါအဝင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ဆယ်ဦးကျော် အသက်ပေးဆပ်ခဲ့ရသည်။
ထိုတိုက်ပွဲပြီးနောက်တွင် နှစ်ဖက်စလုံးသည် စစ်ပြေငြိမ်းရန် သဘောတူညီမှုတစ်ခုကို ယာယီ ရယူခဲ့ကြ၏။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် ၎င်းတို့၏ သံတမန်များကို စေလွှတ်ကာ လျှို့ဝှက်နယ်မြေရှစ်ခုနှင့်စတင်၍ ညှိနှိုင်း ဆွေးနွေးခဲ့သည်။
လက်ရှိတွင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် ခွန်အား အလွန်တောင့်တင်းပြီး လျှို့ဝှက်နယ်မြေရှစ်ခုနှင့်ပင် အင်အားချင်း သိပ်မကွာတော့ပေ။
ထို့အပြင် ယခုအခါတွင် ရှန်းဝူတိုက်သည် သွေးနတ်ဆိုးနန်းတော်၏ ဖျက်ဆီးမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး အခြေအနေက အလွန် ဆိုးရွားနေခဲ့သည်။
ထို့ကြောင့် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သခင်များသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူနှင့် အကြိတ်အနယ် ရင်ဆိုင်နေရန် သင့်တော်သောအချိန်မဟုတ်ပေ။
ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် လျှို့ဝှက်နယ်မြေ ရှစ်ခုသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ၏ ညှိနှိုင်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။
ဆိတ်ငြိမ်နယ်မြေ၏ ဝင်ပေါက်ရှိ ပေတစ်ထောင်အထက်လေထုထဲတွင် အင်အားစုနှစ်စုသည် မျက်နှာချင်းဆိုင် ရှိနေကြသည်။
၎င်းတို့ထဲက အင်အားစုတစ်ခုမှာ ဟောင်ထျန်းသူတော်စင် နယ်မြေသခင် ဦးဆောင်လာသော လျှို့ဝှက်နယ်မြေ ရှစ်ခုမှ သူတော်စင်သခင်များ ဖြစ်ကြသည်။
၎င်းတို့၏ တစ်ဖက်တွင်မူ ရိုးရှင်းသော ငွေရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ ဆယ်ဦးကျော် ရှိနေခဲ့၏။
ထိုငွေရောင်ဝတ် ကျင့်ကြံသူများကို ဦးဆောင်လာသူမှာ ထူးခြားသော အသွင်အပြင်ရှိသည့် ဆံဖြူ လူငယ်တစ်ဦးဖြစ်သည်။
ထိုလူငယ်က အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ရှိပုံရသော်လည်း ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသာ အရှိန်အဝါသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် သတ္တမအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီး လျှို့ဝှက်နယ်မြေ ရှစ်ခုရှိ သူတော်စင်သခင်အချို့ထက်ပင် မနိမ့်ကျပေ။
"ဟောင်ထျန်း သူတော်စင်သခင်.. မင်းတို့ လျှို့ဝှက်နယ်မြေရှစ်ခုက အင်အားကောင်းတယ် ဆိုပေမဲ့ ငါတို့ ခွင်းရှဂိုဏ်းကလည်း မင်းတို့ထက် အားမနည်းဘူး.. မင်းတို့နဲ့ ငါတို့နဲ့ ဆက်ပြီး တိုက်ခိုက်နေမယ် ဆိုရင် နှစ်ဖက်စလုံး ထိခိုက်ရုံပဲ ရှိလိမ့်မယ်
.. ဘယ်သူ့ဘက်ကမှ အကျိုးအမြတ်ရမှာ မဟုတ်ဘူး.. မင်းတို့သာ အခြေအနေတစ်ခုကို ကတိပေးနိုင်ရင် ငါတို့ ခွင်းရှဂိုဏ်းက မင်းတို့နဲ့ ငြိမ်းချမ်းရေး ရယူမယ်"
ဆံဖြူလူငယ်က ဟောင်ထျန်း သူတော်စင်သခင်ကို ခပ်ပြုံးပြုံးကြည့်ကာ ပြောလိုက်သည်။
ဟောင်ထျန်း သူတော်စင်သခင်က သူ၏တစ်ဖက်ရှိ ဆံဖြူလူငယ်ကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ရှမင်.. မင်းက ဘယ်လိုအခြေအနေကို အလိုရှိလဲ ပြောပါ"
ဆံဖြူလူငယ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ငါလိုချင်တဲ့ အခြေအနေက အရမ်း ရိုးရှင်းပါတယ်.. ငါတို့ ခွင်းရှဂိုဏ်းက ရှန်းဝူတိုက်ရဲ့ တစ်ဝက်ကို သိမ်းပိုက်မယ်.. ပြီးရင် မင်းတို့နဲ့ အတူတကွ ရှန်းဝူတိုက်မှာ နေထိုင်ကြမယ်"
"ဟားဟား.. မင်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ.. မင်းတို့ခွင်းရှဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပျက်စီးသွားခဲ့ပြီ.. အခုအချိန်မှာ မင်းတို့က လူမဟုတ် တစ္ဆေမဟုတ်တဲ့ သတ္တဝါတစ်စုပဲ.. ငါတို့ လျှို့ဝှက်နယ်မြေရှစ်ခု ရှိနေသရွေ့ မင်းတို့တွေ ဆိတ်ငြိမ်နယ်မြေရဲ့ အပြင်ဘက်ကို ခြေတစ်လှမ်းတောင် လှမ်းလို့ မရစေရဘူး"
ဆံဖြူလူငယ်၏ စကားကိုကြားလျှင် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ သူတော်စင် သခင်များသည် ဒေါသထွက်သွားကြသည်။
ဟောင်ထျန်း သူတော်စင်သခင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
"ရှမင်.. မင်းတောင်းဆိုတဲ့ အခြေအနေက အရမ်းကို ကြီးမားလွန်းနေတယ်လို့ မထင်ဘူးလား.. အကယ်၍ ငါသဘောမတူရင် မင်းဘာဆက်လုပ်မှာလဲ"
"အခုအချိန်မှာ ရှန်းဝူကုန်းမြေတိုက်က သွေးနတ်ဆိုးနန်းတော်ရဲ့ ဒုက္ခပေးတာကို ခံနေရတယ်.. မင်းတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုက ဒီနေရာမှာ ပိတ်မိနေမယ်ဆိုရင် ရှန်းဝူ ကုန်းမြေတိုက်ကို သွေးနတ်ဆိုးနန်းတော်က သိမ်းပိုက်သွားလိမ့်မယ်"
ဆံဖြူလူငယ်က ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။
"အဲဒီအချိန်ကျရင် ဒီဧကရာဇ်က ဘယ်သူအရင်ဆုံး ပျက်စီးမလဲဆိုတာ ကြည့်ချင်သေးတယ်"
ဆံဖြူလူငယ်၏ စကားကိုကြားလျှင် ဟောင်ထျန်းသူတော်စင်သခင်နဲ့ အခြားသူများသည် မျက်စိမျက်နှာ ပျက်သွားကြသည်။
လက်ရှိအချိန်တွင် သွေးနတ်ဆိုးနန်းတော်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ ကျင့်ကြံသူများနှင့် ပူးပေါင်းထားခဲ့သည်။
ယခုအခါတွင် သွေးနတ်ဆိုးနန်းတော်၏ သွေးဧကရာဇ်ဆယ်ပါးသည် ပြန်လည် မွေးဖွားလာခဲ့ကြပြီ ဖြစ်သည်။
ထိုသွေးဧကရာဇ်များကို ရင်ဆိုင်နိုင်သည့် သူတို့ လျှို့ဝှက်နယ်မြေရှစ်ခုကို ယခုအချိန်တွင် ရှေးဟောင်းသန္ဓေပြောင်းသင်္ချိုင်းဂူသည် လုံးဝ ထိန်းချုပ်ထားခဲ့သည်။
ထို့ကြောင့် သူတို့က ကျုံးကျိုးကုန်းမြေတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရသော်လည်း အခြေအနေ မည်မျှ ဆိုးရွားနေမလဲ ဆိုသည်ကို စိတ်ကူးကြည့်၍ ရနိုင်၏။
သူတို့ လျှို့ဝှက်နယ်မြေရှစ်ခု၏ အကူအညီ မရနိုင်လျှင် ကျုံးကျိုးကုန်းမြေတွင် မည်သူကမှ သွေးနတ်ဆိုးနန်းတော်မှ ပြန်လည် မွေးဖွားလာသည့် သွေးဧကရာဇ်ဆယ်ပါးကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
"မင်းတို့ တောင်းဆိုတဲ့ အခြေအနေက အရမ်းကို ကြီးမားလွန်းတယ်"
ဟောင်ထျန်း သူတော်စင်နယ်မြေသခင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မင်းတို့ကို ဆိတ်ငြိမ်နယ်မြေကနေ ထွက်ခွာပြီး ရှန်းဝူကုန်းမြေရဲ့ တစ်နေရာမှာ နေထိုင်ဖို့အတွက် ခွင့်ပြုပေးမယ်.. ဒါက ငါ့ရဲ့ အကြီးမားဆုံး လိုက်လျောခြင်းပဲ"
ခွင်းရှဂိုဏ်း၏ ပြန်လည် မွေးဖွားလာသော ကျင့်ကြံသူများသည် အလွန်ပင် ထူးဆန်း၏။
၎င်းတို့သာ ရှန်းဝူ ကုန်းမြေတိုက်တွင် ထွက်ပေါ်လာလျှင် အဆုံးမရှိသည့် ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည်။
ယနေ့ခေတ် ကျုံးကျိုးကုန်းမြေ၏ ဆိုးရွားသောအခြေအနေကြောင့်သာ မဟုတ်လျှင် ဟောင်ထျန်း သူတော်စင်နယ်မြေသခင်သည် ခွင်းရှဂိုဏ်းမှ ပြန်လည် မွေးဖွားလာသူများကို ရှန်းဝူ ကုန်းမြေတိုက်သို့ ခြေချခွင့် လုံးဝ ပေးမည်မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေကာမူ လက်ရှိအချိန်တွင် ဟောင်ထျန်းသူတော်စင် နယ်မြေသခင်သည် ဖြေရှင်းနည်းတစ်ခုကို ရွေးချယ်ရန် လိုအပ်နေပြီး ထိုပြန်လည် မွေးဖွားလာသောသူများကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ပြီးမှသာ သွေးနတ်ဆိုးနန်းတော် ကိစ္စကို ကိုင်တွယ်ရန် စီစဥ်ခဲ့သည်။
"ဟောင်ထျန်းသူတော်စင်သခင်က ငါ့ရဲ့ တောင်းဆိုချက်ကို အပြည့်အဝ မလိုက်လျောမှတော့ ညှိနှိုင်းမှုတွေဘဆက်လုပ်ဖို့ မလိုအပ်တော့ဘူးလို့ ထင်တယ်"
ဆံဖြူလူငယ်က အေးစက်စက် ပြောလိုက်သည်။
"သွေးနတ်ဆိုးနန်းတော်က ကျုံးကျိုးကုန်းမြေကို လွှမ်းမိုးပြီးတာနဲ့ ငါတို့ ခွင်းရှဂိုဏ်းက သွေးနတ်ဆိုးနန်းတော်နဲ့ အတူ ကမ္ဘာကြီးကို ပိုင်ဆိုင်နိုင်လိမ့်မယ်.. ဒီဧကရာဇ်က မင်းခွင့်ပြုပေးတဲ့ သေးငယ်တဲ့နေရာလေး တစ်ခုကို ဘာလို့ မက်မောရမှာလဲ"
ဆံဖြူလူငယ်၏ စကားကိုကြားလျှင် ဟောင်ထျန်း သူတော်စင်သခင်သည် မျက်နှာပျက်သွားခဲ့သည်။
လက်ရှိ အခြေအနေသည် သူတို့ လျှို့ဝှက်နယ်မြေရှစ်ခု အတွက် ဆုံးဖြတ်ရ ကျပ်တည်းစေခဲ့သည်။
ဆံဖြူလူငယ်သည် ကျုံးကျိုးကုန်းမြေ တစ်ဝက်ကို လွှမ်းမိုးလိုခဲ့ပြီး ထိုကဲ့သို့သော အခြေအနေကို လျှို့ဝှက်နယ်မြေရှစ်ခုသည် လုံးဝ လက်မခံနိုင်ခဲ့ပေ။
သို့သော်လည်း သူတို့က ဆံဖြူလူငယ်၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်လျှင် ခွင်းရှဂိုဏ်း၏ ပြန်လည် မွေးဖွားလာသူများနှင့် အကြိတ်အနယ် ရင်ဆိုင်နေရဦးမည် ဖြစ်ပြီး ကျုံးကျိုးကုန်းမြေရှိ သွေးနတ်ဆိုးနန်းတော် ကိစ္စကိုလည်း ကိုင်တွယ်ရန် အချိန်မရှိတော့ပေ။
သွေးနတ်ဆိုးနန်းတော် အင်အားကြီးမားလာသည်နှင့် အမျှ ကျုံးကျိုးကုန်းမြေကို သိမ်းပိုက်ပြီး ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူနှင့် ပူးပေါင်းကာ တိုက်ခိုက်လိုက်လျှင် သူတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုသည် ထိုအချိန်တွင် သူတို့ကို လုံးဝ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ဟောင်ထျန်း သူတော်စင် နယ်မြေသခင်နှင့်အခြားသူများ ရွေးချယ်ရ ခက်ခဲနေစဥ်မှာပင် ရုတ်တရက် လေထဲ၌ လှောင်ရယ်သံ တစ်သံ ပဲ့တင်ထပ်လာခဲ့သည်။
"ဟားဟား.. ရယ်စရာကောင်းလိုက်တာ.. မင်းတို့က လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက သေဆုံးခဲ့ပြီး လျှို့ဝှက်နည်းစနစ် အကူအညီနဲ့ ပြန်လည်မွေးဖွားလာတဲ့ သတ္တဝါလေးတွေပဲ.. မင်းတို့လို သတ္တဝါ အစုတ်အပြတ်တွေကများ ရှန်းဝူတိုက်ကို လွှမ်းမိုးဖို့ စိတ်ကူးယဥ်ချင်သေးတယ်.. မင်းတို့မှာ အခု ရွေးချယ်စရာ နှစ်လမ်းပဲရှိတယ်.. အညံ့ခံမလား အသေခံမလား ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်ရွေးချယ်လိုက်"
လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော လှောင်ရယ်သံကြောင့် လူတိုင်းသည် အနည်းငယ် အံ့သြ တုန်လှုပ်သွားကြသည်။
မကြာခင်မှာပင် သူတို့အားလုံးသည် လေထုထဲရှိ တစ်နေရာကို တစ်ပြိုင်နက်တည်း ကြည့်လိုက်မိကြ၏။
ချက်ချင်း ဆိုသလိုပင် လေထုထဲတွင် ရုတ်တရက် ပြင်းထန်သော နေရာလွတ် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အနက်ရောင် ဝတ်စုံဝတ် ပိန်ပါးပါး လူငယ်တစ်ဦးသည် ထိုနေရာလွတ်ထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။
အခန်း(၁၃၆၉)ပြီး၏။
အခန်း(၁၃၇၀)
"ကျန်း.. ကျန်းချန်လား"
ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ဟောင်ထျန်း သူတော်စင် နယ်မြေသခင်နှင့် အခြားသူများသည် အံ့အားသင့်သွားကြသည်။
သူတို့က ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ နံပါတ်(၁) နေရာမှ ကျင့်ကြံသူဖြစ်သော ကျန်းချန် တစ်ယောက် ရုတ်တရက် ဆိတ်ငြိမ်နယ်မြေကို ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့သည်မှာ ထင်ရှားနေသည်။
"ဟားဟား.. ဘယ်က ကောင်လေးလဲ.. လေလုံးထွားလှချည်လား"
ဆံဖြူလူငယ်က ရုတ်တရက် ထွက်ပေါ်လာသည့် ကျန်းချန်ကိုကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။
"လျှို့ဝှက်နယ်မြေ ရှစ်ခုတောင် ငါတို့ခွင်းရှဂိုဏ်းကို မယှဥ်နိုင်ဘူး.. မင်းက ဘာမို့လို့ ငါတို့ ခွင်းရှဂိုဏ်းကို အညံ့ခံခိုင်းရတာလဲ"
"ကျန်းချန်.. မင်းဘယ်လိုလုပ်ပြီး ဆိတ်ငြိမ်နယ်မြေကို ရောက်လာရတာလဲ.. ကျုံးကျိုးကုန်းမြေရော အခု အခြေအနေ ဘယ်လိုရှိလဲ"
ဟောင်ထျန်း သူတော်စင် နယ်မြေသခင်သည် ခဏမျှ မှင်တက်နေခဲ့ပြီးနောက်တွင် လျင်မြန်စွာ သတိ ပြန်ဝင်လာခဲ့ပြီး ကျန်းချန်ကို မေးလိုက်သည်။
"အကြီးအကဲတို့တွေ.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲက ကျင့်ကြံသူတွေနဲ့ တိုက်ပွဲမှာ အရေးနိမ့်နေတယ်ကြားလို့ ကျွန်တော် လာခဲ့တာပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲ ဘာမှမစိုးရိမ်နဲ့တော့.. ကျုံးကျိုးကုန်းမြေမှာ ဘာပြဿနာမှ မရှိတော့ဘူး.. သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲခြောက်ခုလုံးကို ကျွန်တော် နှိမ်နင်းလိုက်ပြီ"
"ဘယ်လို.. မင်းက သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းလိုက်ပြီဟုတ်လား"
ကျန်းချန်၏ စကားကိုကြားလျှင် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ သူတော်စင်သခင်များသည် အသက်ရှူပင် ရပ်မတတ်ဖြစ်သွားခဲ့ကြသည်။
သွေးနတ်ဆိုးနန်းတော်မှ သွေးဧကရာဇ်များသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုမှာပင် ထိုကဲ့သို့သော ကျင့်ကြံသူများသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ် အကြီးအကဲများသာလျှင် ရင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် သွေးနန်ဆိုးနန်းတော်နှင့် သွေးဧကရာဇ်များကို နှိမ်နင်းလိုက်ချေပြီ။
"ဒါ.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဟောင်ထျန်း သူတော်စင်နယ်မြေသခင်နှင့် အခြားသူများသည် အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်လာခဲ့သည်။
သို့သော်လည်း သူတို့သည် ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချန်က သူတို့ကို လိမ်ညာမည် မဟုတ်မှန်း ကောင်းစွာ သိရှိထားကြသည်။
ဤကိစ္စသာ အမှန်တကယ်ဆိုလျှင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကို သတ်ဖြတ်နိုင်သည် အထိ ကြောက်မက်ဖွယ်ရာ အစွမ်းထက်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသို့ မဝင်ရောက်စဥ်က ပြုလုပ်ခဲ့သော သိုင်းပြိုင်ပွဲတွင် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ သူတော်စင်သခင်များသည် ကျန်းချန်၏ နတ်ဆိုးဆန်လွန်းသော ပါရမီကို မြင်တွေ့ဖူးခဲ့ကြသည်။
သို့သော်လည်း ကြယ်တာရာမြို့တော်မှ ကျန်းချန် ပြန်ရောက်လာပြီးနောက်တွင် ဤမျှအဆင့်အထိ ကြီးထွားလာမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
"ဟားဟား.. ဘုရားသခင်က ငါတို့ ကျုံးကျိုးကုန်းမြေကို ပစ်မထားဘူးပဲ.. ရှမင် သွေးနတ်ဆိုးနန်းတော်က နှိမ်နင်းခံရလိမ့်မယ်လို့ မင်းဘယ်တော့မှ တွေးမိမှာမဟုတ်ဘူးလို့ ငါထင်တယ်.. အခု ငါတို့ကြားမှာ ဘာမှ ဆွေးနွေးနေစရာ မရှိတော့ဘူး.. ငါတို့ လျှို့ဝှက်နယ်မြေရှစ်ခု ဒီနေရာမှာ ရှိနေသရွေ့ မင်းဒီနေရာကနေ ခြေတစ်လှမ်းတောင် ထွက်သွားလို့ မရစေဘူး"
ဟောင်ထျန်း သူတော်စင်နယ်မြေသခင်က အားပါးတရကြုံးဝါးလိုက်သည်။
သွေးနတ်ဆိုးနန်းတော်ကို ကျန်းချန်က နှိမ်နင်းလိုက်ပြီ ဖြစ်ရာ သူတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုသည် စိုးရိမ်ပူပန်စရာ မရှိတော့၍ ညှိနှိုင်းနေစရာ မလိုအပ်တော့ပေ။
ယခုဆိုလျှင် သူတို့သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ ပြန်လည် မွေးဖွားလာသူများနှင့် အင်ပြည့်အားပြည့် တိုက်ခိုက်နိုင်ရုံသာမက နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် ကျန်းချန်ကဲ့သို့ ကျင့်ကြံသူလည်း ရှိနေခဲ့ရာ အဘယ်ကြောင့် အလျှော့ပေးရပါအံ့နည်း။
"ဒါ လုံးဝမဖြစ်နိုင်ဘူး.. သွေးနတ်ဆိုးနန်းတော်မှာ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေတဲ့ သွေးဧကရာဇ်တွေ အများအပြားရှိတယ်...မင်းတို့ လျှို့ဝှက်နယ်မြေရှစ်ခုက အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေ အားလုံးကလည်း ငါတို့နဲ့ ရင်ဆိုင်နေရတဲ့အတွက် မအားလပ်နေကြဘူး.. ဒါကြောင့် သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ"
ဆံဖြူလူငယ်က မဲ့ပြုံးပြုံးကာ လှောင်ပြောင်လိုက်သည်။
"ဘာလဲ ဒီကလေးနဲ့ လှည့်စားခိုင်းပြီး ဒီဧကရာဇ်ကို ကြောက်လန့်အောင် လုပ်နိုင်မယ်လို့များ မင်းထင်နေတာလား"
"မင်းကို ကြောက်လန့်အောင်လုပ်ဖို့ ငါစိတ်မဝင်စားဘူး"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"ငါက မင်းတို့ကို အခွင့်အရေးပေးနေတာပဲ.. မင်းတို့ ခွင်းရှဂိုဏ်းက အညံ့ခံဖို့ ဆန္ဒရှိမယ်ဆိုရင် မင်းတို့ရဲ့ အသက်တွေကို မသတ်ဖြတ်ဖို့ ငါစဥ်းစားပေးမယ်"
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ ပြန်လည်မွေးဖွားလာသော ကျင့်ကြံသူများသည် ရှန်းဝူတိုက်ကြီးတွင် အင်အားအကြီးဆုံး ဖြစ်သည့် လျှို့ဝှက်နယ်မြေ ရှစ်ခုနှင့်ပင် ရင်ဆိုင်နိုင်ခဲ့၍ အလွန်ပင် အင်အားကြီးမားသည်ဟု ဆို၍ ရသည်။
ထို့ကြောင့် ကျန်းချန်သည် ဖြစ်နိုင်လျှင် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများကို သိမ်းသွင်းရန် ကြိုးစားချင်ခဲ့သည်။
၎င်းတို့ကိုသာ ထိန်းချုပ်နိုင်ခဲ့လျှင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ရှန်းဝူတိုက်ကြီး၏ ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြီးမားသော အထောက်အကူ ဖြစ်လာမည်မှာ သေချာသလောက်ပင်။
ကျန်းချန်၏ စကားကိုကြားလျှင် ဆံဖြူလူငယ်သည် ကျန်းချန်ကို ပြင်းထန်စွာ စူးစိုက်ကြည့်လိုက်သည်။
"ငါတို့ ခွင်းရှဂိုဏ်းကို အညံ့ခံစေချင်တဲ့ မင်းရဲ့စွမ်းဆောင်ရည်ကို ဒီဧကရာဇ် ကြည့်ချင်သေးတယ်"
"မင်းအညံ့မခံရင် အညံ့ခံလာတာတဲ့အထိ ငါမင်းကို တိုက်ခိုက်မယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် ကြောက်မက်ဖွယ်လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ ဆံဖြူလူငယ်၏ ဦးခေါင်းကို ရည်ရွယ်၍ တိုက်ခိုက်လိုက်သည်။
"သွားသေလိုက်စမ်း"
ဆံဖြူလူငယ်က နှာခေါင်းရှုံ့၍ အေးစက်စက် ကြုံးဝါးလိုက်သည်။
သူ၏မျက်နှာက အနည်းငယ် သုန်မှုန်သွားခဲ့ပြီးနောက်တွင် ဆံဖြူလူငယ်သည် ပြင်းထန်သော လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
"ဝုန်း.."
အံ့အားသင့်ဖွယ် ပေါက်ကွဲသံတစ်သံသည် ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် ပေတစ်ထောင်ရှိသည့် နေရာလွတ်ကိုပင် တုန်လှုပ်စေခဲ့သည်။
ဤတိုက်ခိုက်မှုတွင် ကျန်းချန်သည် နေရာကနေ မရွေ့ဘဲ ဆက်လက် ရပ်နေခဲ့သော်လည်း ဆံဖြူလူငယ်ကမူ လေထုထဲတွင် ခြေလှမ်းဒါဇင်ပေါင်း များစွာ နောက်ဆုတ်သွားခဲ့ရသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ မငြိမ်မသက်ဖြစ်နေသော ချီစွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီးနောက်တွင် ဆံဖြူလူငယ်၏ မျက်ဝန်းထဲ၌ ဒေါသ အရိပ်အယောင် ဖျတ်ခနဲ ပေါ်လာခဲ့၏။
တစ်ခဏအတွင်းမှာပင် ဆံဖြူလူငယ်၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုစိတ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဆံဖြူလူငယ်၏ အမည်မှာ ရှမင် ဖြစ်ပြီး ခွင်းရှဂိုဏ်း၏ သူတော်စင် သားတော်လည်း ဖြစ်သည်။
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ပါရမီရှင်များ တိမ်တိုက်ကဲ့သို့ ထူထပ် ပေါများသည့် ခေတ်မှာပင် ဆံဖြူလူငယ်သည် အထွတ်အထိပ် ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။
ယခုအခါတွင် ထိပ်တိုက်တွေ့ဆုံမှု၌ ကျန်းချန်ဟူသော ကောင်လေးတစ်ယောက်၏ ဖိအားပေးခြင်းကို ခံလိုက်ရသည် ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
"ကျန်းချန်.. ဒီဆံဖြူလူငယ်က ခွင်းရှဂိုဏ်းရဲ့ သူတော်စင်သားတော် ဖြစ်ပြီး နတ်သန္ဓေအင်ပါယာ နဝမအဆင့် ကျင့်ကြံသူထက် မနိမ့်တဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်"
ထိုအချိန်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေသခင်သည် ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်တယ်"
"မစိုးရိမ်ပါနဲ့ ကျွန်တော့်ရဲ့မျက်စိထဲမှာတော့ ဒီကောင်က ပုရွက်ဆိတ် တစ်ကောင် သာသာပါပဲ"
"ကောင်းတယ်.. သိပ်ကောင်းတယ် ကောင်လေး.. မင်းငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီ.. ဒီနေ့ ဒီဧကရာဇ်က မင်းကိုသတ်ဖြတ်ပြီး ငါ့ရဲ့ဒေါသကို ဖြေဖျောက်ပစ်မယ်"
ဆံဖြူလူငယ်က အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စွမ်းအင်များဖြင့် ပြည့်နှက်လာခဲ့ပြီး အဆုံးမဲ့ ငွေရောင်နတ်အလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုငွေရောင်နတ်အလင်းသည် အလွန်တရာပင် တောက်ပပြီး ကောင်းကင်ကိုပင် ပြည့်နှက်သွားခဲ့သည်။
"ဝုန်း.."
ငွေရောင်နတ်အလင်းက ကောင်းကင်ကို ပြည့်နှက်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထိုငွေရောင်နတ်အလင်းများ လွှမ်းမိုး၍ ပျောက်ကွယ်သွားသော နေရာလွတ်သည် တစ်ခဏအတွင်းမှာပင် ပြန်လည်၍ ဖွဲ့စည်းလာခဲ့ပြီး သီးခြားနေရာလွတ် တစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ကို ကြည့်ကာ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့၏။
ဆံဖြူလူငယ်သည် ခွင်းရှဂိုဏ်း၏ သူတော်စင်သားတော် ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်မှု ရှိသည်။
၎င်းသည် ဤကဲ့သို့ အစွမ်းထက်သော ကိုယ်ခံပညာကိုပင် ထုတ်ဖော်နိုင်ခဲ့၏။
ကျန်းချန်၏ လက်ရှိ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် ဆံဖြူလူငယ်၏ ထူးခြားသော စွမ်းရည်ကို မြင်နိုင်ရန် မခက်ခဲပေ။
ဤသည်က အင်ပါယာဥပဒေသများ ပါဝင်နေသည့် အင်ပါယာအဆင့် ကိုယ်ခံပညာဖြစ်ပြီး နေရာလွတ် ဥပဒေသများလည်း ပါဝင်နေသည်။
ထိုအင်ပါယာအဆင့် ကိုယ်ခံပညာ၏ စွမ်းအားသည် သူ၏ အချိန်နှင့်အာကာသ ဓားနယ်မြေထက် လုံးဝမနိမ့်ပေ။
"ကောင်လေး ဒါက ငါတို့ခွင်းရှဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ကိုယ်ခံပညာရပ်ပဲ.. ဒီကိုယ်ခံပညာရပ်ကို အသုံးပြုပြီး ငါက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို အနိုင်ရခဲ့တယ်.. ဒီကိုယ်ခံပညာရပ်အောက်မှာ သေခွင့်ရတဲ့အတွက် မင်းအနေနဲ့ ဂုဏ်ယူလို့ရပြီ"
ဆံဖြူလူငယ်က ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
"ဟားဟား ဒါက နေရာလွတ် ဥပဒေသတွေ ပါဝင်တဲ့ အင်ပါယာအဆင့် ကိုယ်ခံပညာလေးပဲလေ.. ဒီကိုယ်ခံပညာရပ်လောက်နဲ့ မင်းက ငါ့ကို နှိမ်နင်းချင်တယ်လား.. မင်းရဲ့ တိုက်ကွက်ကို ဖျက်ဆီးဖို့ ငါ့အတွက် လက်သီးတစ်ချက်ပဲ လိုအပ်တယ်"
ကျန်းချန်က ခပ်ထေ့ထေ့ လှောင်ပြောင်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။
အခန်း(၁၃၇၀)ပြီး၏။
အခန်း(၁၃၇၁)
"ဝုန်း.."
ကျန်းချန်က အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဥ်ကို ဖော်ထုတ်လိုက်ရာ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်များ တောက်ပသွားခဲ့သည်။
"ပျက်စီးစမ်း"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး ရွှေရောင် အလင်းတန်းများ တောက်ပနေသော လက်သီးချက်ကို ထုတ်ဖော်လိုက်ရာ သူ၏ လက်သီးချက်သည် ကြီးမားသော ရွှေရောင်ဥက္ကာခဲ ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် သီးခြားနေရာလွတ်ပေါ် ကျရောက်သွားခဲ့သည်။
"ဝုန်း.."
ရွှေရောင်လက်သီးချက် ကျရောက်သွားပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် လေထုထဲရှိ တိမ်တိုက်များက ပျောက်ကွယ်သွားပြီး နေရာလွတ်များက ပျက်စီးသွားကာ ကမ္ဘာပျက်တော့မည့်အလား ဖြစ်သွားခဲ့သည်။
ရှမင် ဖော်ထုတ်လိုက်သော အင်ပါယာ ဥပဒေသများ ပါဝင်နေသည့် သီးခြား နေရာလွတ်သည် ကျန်းချန်၏ လက်သီးတစ်ချက်တည်းဖြင့်ပင် လုံးဝနီးပါး ကြေမွသွားခဲ့၏။
အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဥ်သည် နတ်ဘုရားနယ်မြေမှ ကိုယ်ခံပညာဖြစ်၍ အလွန်ပင် အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်။
ယခုအခါတွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် အဋ္ဌမအဆင့် အလယ်အလတ် အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အပြင် အစစ်အမှန် နဂါးခန္ဓာကိုယ်၏ သွေးစွမ်းအားတို့ပါ ပေါင်းစပ်လိုက်သောအခါ သာမန်နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ဦးပင် သူ၏ လက်သီးချက်ကို တားဆီးရန် ခက်ခဲ၏။
သူ၏ရှေ့ရှိ ခွင်းရှဂိုဏ်းမှ သူတော်စင်သားတော်သည် အလွန်တရာပင် အားကောင်းသော်လည်း ကျန်းချန်နှင့် ယှဥ်လျှင်မူ များစွာ နိမ့်ကျနေသေးသည်။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းချန်က သူ၏ သီးခြားနေရာလွတ်ကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သည်ကိုမြင်လျှင် ရှမင်၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သိထားရမည့် အချက်မှာ ခွင်းရှဂိုဏ်း ရှိစဥ်ကာလက ရှန်းဝူတိုက်တွင် ပါရမီရှင်များသည် တိမ်တိုက်များကဲ့သို့ များပြားလှပြီး ကိုယ်ခံပညာ အလွန် ထွန်းကားခဲ့သည်။
သို့သော် ထိုကဲ့သို့သော အချိန်မှာပင် ရှမင်သည် ဤကျင့်စဥ်ကို အားကိုးကာ ခွင်းရှဂိုဏ်းရှိ မျိုးဆက်တူ လူငယ်ကြားထဲတွင် လေးစားမှုကို ခံခဲ့ရပြီး ရှန်းဝူတိုက်ကြီး၏ ထူးခြားသောပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်ခဲ့သည်။
လက်ရှိကာလတွင်မူ အရင်ခေတ်ကလောက် ရှန်းဝူတိုက်ကြီး၌ ကိုယ်ခံပညာ မထွန်းကားတော့ဘဲ အင်ပါယာအဆင့်ကျင့်ကြံသူများပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ထိုသို့သော အခြေအနေမျိုးမှာပင် ရှန်းဝူတိုက်ကြီး၌ လက်သီးတစ်ချက်တည်းဖြင့် သူ၏ သီးခြားနေရာလွတ်ကို ကြေမွအောင် လုပ်ဆောင်နိုင်သော သူတစ်ဦး မည်ကဲ့သို့ မွေးဖွားလာပါသနည်း။
"ဟားဟား ခွင်းရှဂိုဏ်းက သူတော်စင်သားတော်က ဒီလောက်ပဲ အစွမ်းရှိတာလား"
သီးခြားနေရာလွတ်ကို လက်သီး တစ်ချက်တည်းဖြင့် ချေမှုန်းပြီးနောက်တွင် ကျန်းချန်သည် ဝံ့ကြွားစွာ ရယ်မောလိုက်ပြီး လျင်မြန်သော အရှိန်အဟုန်ဖြင့် ရှမင် အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် သူက လက်သီးချက်များကို ထုတ်ဖော်လိုက်ရာ ရှမင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ မီတာရာနှင့်ချီသောနေရာလွတ် အကာအကွယ်များကို ကြေမွသွားစေခဲ့သည်။
"ဝုန်း.."
နေရာလွတ် အကာအကွယ်များ ပျက်စီးသွားပြီးနောက်တွင် ရှမင်၏ ပုံရိပ်သည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေရာချီ အကွာအဝေးသို့ နောက်ပြန် လွင့်စင်သွားခဲ့သည်။
ရှမင်၏ ရင်ဘတ် တစ်ခုလုံးက ပွင့်ထွက်သွားပြီး သွေးများက ပန်းထွက်လာသည်ကို လူတိုင်းသည် ရှင်းရှင်းလင်းလင်းပင် မြင်တွေ့ခဲ့ရသည်။
ဤမြင်ကွင်းကြောင့် ဟောင်ထျန်း သူတော်စင်သခင်နှင့် အခြားသူများသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။
လက်သီးတစ်ချက်တည်းဖြင့်ပင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှင့် တိုက်ပွဲဝင်စွမ်းရည်တွင် ယှဥ်နိုင်သော ခွင်းရှဂိုဏ်းမှ သူတော်စင်သားတော်ကို လုံးဝ နီးပါး ဖိနှိပ်နိုင်ခဲ့သည်။
"ဒီဧကရာဇ်က လျှို့ဝှက်နည်းလမ်းနဲ့ ပြန်လည်မွေးဖွားလာလို့ အင်ပါယာ သွေးစွမ်းအားနဲ့ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်တွေကို ဆုံးရှုံးထားတာ မဟုတ်ရင် ဒီကောင်က ဘယ်လိုလုပ်ပြီး ငါ့ကို ဖိနှိပ်နိုင်မှာလဲ"
ရှမင်သည် စိတ်နှလုံးထဲကနေ မကျေမချမ်း ဖြစ်နေခဲ့သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ခွင်းရှဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော အင်ပါယာခွင်းရှသည် ဂိုဏ်း၏ ကပ်ဘေးကို ကြိုတင်သိမြင်ခဲ့သောကြောင့် ရှေးဟောင်း နတ်အစီအရင်တစ်ခုကို အထူးဖန်တီးခဲ့သည်။
ခွင်းရှဂိုဏ်း ပြိုလဲပြီးနောက်တွင် ထိုအစီအရင်ကြောင့်ပင် ကျဆုံးသွားသော ခွင်းရှဂိုဏ်းမှ တပည့်အားလုံးသည် စွမ်းအင်ခန္ဓာကိုယ် ပုံစံများဖြင့် ရှင်သန်ခဲ့ကြသည်။
အထူးသဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူများသည် မှတ်ဥာဏ်တချို့ကို ထိန်းသိမ်းထားနိုင်ရုံသာမက လျှို့ဝှက်နည်းလမ်းများဖြင့်လည်း ပြန်လည် ရှင်သန်နိုင်ကြသည်။
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် ခွင်းရှဂိုဏ်းမှ အင်အားကြီးမားသော ကျင့်ကြံသူများသည် ပြန်လည်ရှင်သန်လာခဲ့ကြ၏။
အထူးသဖြင့် မကြာသေးသော ကာလတွင် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများစွာ လာရောက်ခဲ့ပြီး ရှမင်တို့နှင့်ပူးပေါင်းကာ ရှန်းဝူတိုက်ကြီးကို လွှမ်းမိုးရန် ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးမှုအပြီးတွင် ခွင်းရှဂိုဏ်းသည် သွေးနတ်ဆိုးနန်းတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့၏။
ဤသို့ဖြင့် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများ၏ အကူအညီဖြင့် ခွင်းရှဂိုဏ်းသည် အချိန်တိုအတွင်း ပြန်လည် ရှင်သန်လာသူ အများအပြားကို မွေးထုတ်နိုင်ခဲ့သည်။
ထိုပြန်လည်ရှင်သန်လာသူများသည် အတိတ်ကာလက ကဲ့သို့ ကိုယ်ခံပညာများကို တတ်ကျွမ်းထားသော်လည်း လျှို့ဝှက်နည်းစနစ် အကူအညီဖြင့် ပြန်လည် ရှင်သန်လာသော ခန္ဓာကိုယ်များ ဖြစ်သောကြောင့် အင်ပါယာ သွေးစွမ်းအားကဲ့သို့ အစွမ်းထက်သော စွမ်းရည်များကို ဆုံးရှုံးခဲ့ရသည်။
သိထားရမည့် အချက်မှာ ခွင်းရှဂိုဏ်းတွင် ရှမင်သည် သူတော်စင်သားတော် ဖြစ်သည်။
ထို့ကြောင့် အင်ပါယာခွင်းရှ၏ အစင်ကြယ်ဆုံးသော သွေးစွမ်းအားကို ပိုင်ဆိုင်ထားသော ရှမင်သည် တစ်ချိန်က အလွန်အမင်း အစွမ်းထက်ခဲ့သည်။
ယခုအခါတွင်မူ အင်ပါယာ သွေးစွမ်းအား မရှိတော့၍ ရှမင်သည် တိုက်ခိုက်ရေး စွမ်းအင်သည် သူ အထွတ်အထိပ်ကာလသို့ ရောက်ရှိစဥ်ကထက် များစွာ ပို၍ အားနည်းနေသည် ဖြစ်ရာ ကျန်းချန်နှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။
ရှမင်က ကျန်းချန်၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိနေသည်ကိုမြင်လျှင် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် ၎င်းတို့သည် တွေဝေနေခြင်း အလျဥ်းမရှိဘဲ ကျန်းချန်ကို တစ်ပြိုက်နက်တည်း ဝိုင်းရံ တိုက်ခိုက်လိုက်ကြသည်။
"သူတို့ကို တားထား"
ဟောင်ထျန်းသူတော်စင် နယ်မြေသခင်၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သခင်များသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများကို တားဆီးထားလိုက်ကြသည်။
လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သခင်များနှင့် ခွင်းရှဂိုဏ်းမှ အင်အားကြီးမားသော ကျင့်ကြံသူများ တိုက်ခိုက်နေစဥ်တွင် ကျန်းချန်သည် ရှမင်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။
"နောက်ဆုံးအနေနဲ့ အခွင့်အရေးပေးမယ်.. မင်းတို့ ခွင်းရှဂိုဏ်းသာ ငါ့ကို အညံ့ခံဖို့ ဆန္ဒရှိရင် ငါဘယ်သူ့ကိုမှ မသတ်ဘဲ ခွင့်လွှတ်ပေးမယ်"
"ဟမ့်.. မင်းက ဘာမို့လို့ ဒီဧကရာဇ်က မင်းရဲ့ လက်အောက်ကို ဝင်ရမှာလဲ.. အိပ်မက်မက်မနေနဲ့"
ရှမင်က အေးစက်စက် ရေရွတ်လိုက်သည်။
သူက ကြယ်ငါးပွင့်အင်အားစု ဖြစ်သည့် ခွင်းရှဂိုဏ်း၏ သူတော်စင်သားတော် ဖြစ်သည်။
သူတို့ဂိုဏ်း၏ အထွတ်အထိပ် ကာလတွင် အင်ပါယာအဆင့်ကျင့်ကြံသူ တစ်ဦးထက် ပို၍ ရှိခဲ့သည့် အပြင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ဦးထက် မနည်းရှိကာ နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ ရှိခဲ့သည်။
သို့ဖြစ်ရာ ရှမင်သည် ခွင်းရှဂိုဏ်း၏ သူတော်စင်သားတော်တစ်ပါး အနေဖြင့် ကျန်းချန်ကို မည်ကဲ့သို့ အညံ့ခံနိုင်ပါမည်နည်း။
ယနေ့ ရှုံးနိမ့်သွားခဲ့လျှင် သူ့အနေဖြင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသို့ ပြန်ကာ အချိန်အနည်းငယ်စောင့်ဆိုင်းလိုက်ရုံသာ ဖြစ်သည် မဟုတ်ပါလော။
သူတို့ ခွင်းရှဂိုဏ်းသာ စွမ်းအားအပြည့်အဝ ပြန်လည်ရရှိသည်နှင့် တစ်ပြိုင်နက် ရှန်းဝူကုန်းမြေတိုက်ကို လွှမ်းမိုးရန် လွယ်ကူသွားလိမ့်မည် ဖြစ်သည်။
"မင်းကိုငါ အခွင့်အရေးပေးခဲ့ပြီးပြီ...အညံ့မခံချင်မှတော့ ငါ့လက်ထဲမှာပဲ သေလိုက်တော့"
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် ပေတစ်ရာခန့် မြင့်မားသော သူ၏ ရွှေရောင်ခန္ဓာကိုယ်ဖြင့် ကောင်းကင်ပေါ်သို့ တိုက်ရိုက် တက်လှမ်းလိုက်ပြီး သူ၏ ကြီးမားသော ရွှေရောင်ခြေထောက်သည် နေရာလွတ်ကို ဖျက်ဆီးနိုင်သည့် အင်အားဖြင့် ရှမင်၏ ဦးခေါင်းပေါ်သို့ နင်းချလိုက်သည်။
"ကောင်လေး.. မင်း.. မင်း ရပ်လိုက်စမ်း"
ကျန်းချန်က တုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ဦးခေါင်းပေါ်သို့ ခြေထောက်ဖြင့် နင်းချလာသည်ကိုမြင်လျှင် ရှမင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ကျန်းချန်ကိုကြည့်ကာ ချက်ချင်းဆိုသလို အော်ငေါက်လိုက်သည်။
"ငါက ခွင်းရှဂိုဏ်းရဲ့ သူတော်စင်သားတော်ပဲ.. မင်းငါ့ကို သတ်ရဲရင် ငါတို့ ခွင်းရှဂိုဏ်းက ပြန်လည်ရှင်သန်လာတဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"
"ခွင်းရှဂိုဏ်းက ဘာမို့လို့လဲ.. ဒီကမ္ဘာမှာ ငါကျန်းချန် မသတ်ရဲတဲ့သူ တစ်ယောက်မှမရှိဘူး"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ရေရွတ်လိုက်ပြီး ရှမင်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုထားလိုက်သည်။
ထိုအချိန်မှာပင် သူ၏ ဧရာမ ရွှေရောင်ခြေထောက်သည် လေထုကို တိုက်ရိုက် နင်းခြေလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှမင်၏ ဦးခေါင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
"မဟုတ်သေးဘူး.. အကြီးအကဲတို့ ငါ့ကို ကယ်ပါဦး"
ရှမင်သည် သူ၏မြင်ကွင်းတွင် တဖြည်းဖြည်း ချဲ့ထွင်လာသည့် ဧရာမ ရွှေရောင်ခြေထောက်ကို ကြည့်ရင်း ရုတ်တရက် သူ၏ စိတ်နှလုံးထဲတွင် သေခြင်းတရား၏ အရိပ်အငွေ့များဖုံးလွှမ်းသွားသည်ဟု ခံစားလိုက်ရပြီး အဆုံးသတ်၌ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ရှမင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဆိတ်ငြိမ်နယ်မြေထဲကနေ ကြောက်မက်ဖွယ် အရှိန်အဝါများ ပါဝင်နေသော ဒေါသတကြီး အော်ငေါက်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး ရပ်လိုက်စမ်း.. မင်း ငါတို့ ခွင်းရှဂိုဏ်းက သူတော်စင်သားတော်ရဲ့ ဆံချည်တစ်မျှင်ကို ထိရဲတာနဲ့ ဒီဧကရာဇ်က မင်းရဲ့ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်"
သို့သော်လည်း ကျန်းချန်သည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဒေါသတကြီး အော်ငေါက်သံကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ရွှေရောင်ခြေထောက်ကို ရှမင်၏ ဦးခေါင်းပေါ်သို့ နင်းချလိုက်သည်။
အခန်း(၁၃၇၁)ပြီး၏။