အခန်း (၁၃၇၂-၁၃၇၄)
Vol. 92 Ch. 1372-1374
အခန်း(၁၃၇၂)
"ဝုန်း.."
ရွှေရောင်ခြေထောက်က ရှမင်၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာခဲ့သည်။
အစောပိုင်းက ကျန်းချန်၏ လက်သီးချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ရှမင်သည် မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျန်းချန်၏ ခြေထောက်ဖြင့် ဖျက်ဆီးခံလိုက်ရပြီး သွေးတိမ်တိုက် တစ်ခုအဖြစ် ပြောင်းလဲကာ လေထဲတွင် ပြန့်ကျဲသွားခဲ့သည်။
ရှမင်၏ ခန္ဓာကိုယ် ပြိုကွဲသွားသော နေရာတွင် လက်သီးဆုပ်အရွယ်အစားရှိ ထူးဆန်းသော ပုံဆောင်ခဲ တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းတွင် ပေါ်လာခဲ့၏။
"ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ပါလား"
ကျန်းချန်က အံ့သြသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ကို ဆန့်ထုတ်ကာ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ခွင်းရှဂိုဏ်းမှ ပြန်လည် ရှင်သန်လာသော အင်အားကြီးမားသော ကျင့်ကြံသူများ သေဆုံးလျှင် ဝိညာဥ်အဆီအနှစ်ခရစ္စတယ် ကျန်ရစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုခဏတွင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ်တောက်ပလာခဲ့သည်။
ဤဝိညာဥ်အဆီအနှစ် ခရစ္စတယ်များသည် ခွင်းရှဂိုဏ်းမှ ပြန်လည် ရှင်သန်လာသော အင်အားကြီးမားသော ကျင့်ကြံသူများ၏ အဓိက အစိတ်အပိုင်း ဖြစ်ပုံရသည်။
၎င်းတို့သည် ခန္ဓာကိုယ်ငှားရမ်း၍ ပြန်လည် မွေးဖွားသောလျှို့ဝှက်နည်းလမ်းဖြင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို လူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းကာ ပြန်လည်ရှင်သန်ခဲ့ခြင်း ဖြစ်၍ အနှစ်သာရအားဖြင့် ၎င်းတို့ကို လူဟု သတ်မှတ်၍မရတော့ပေ။
သို့သော်လည်း ပြန်လည် ရှင်သန်လာသော ပုဂ္ဂိုလ်များတွင် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်များ ရှိနေခြင်းသည် ကျန်းချန်အတွက် သံသယဖြစ်ဖွယ်ရာမရှိ သတင်းကောင်းပင် ဖြစ်သည်။
ပြန်လည်ရှင်သန်လာသော ပုဂ္ဂိုလ်များတွင် ဝိညာဥ်အဆီအနှစ် ခရစ္စတယ် မရှိခဲ့လျှင် ၎င်းတို့ကို သတ်ဖြတ်ခြင်းသည် အလဟဿ သတ်ဖြတ်ခြင်းသာ ဖြစ်သွားလိမ့်မည်ဟု ကျန်းချန် မူလက တွေးထင်ခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် ရှန်းဝူတိုက်ကြီး သိပ်မကြာခင်ကြုံတွေ့ရမည့် ကြီးမားသောကပ်ဘေးကို ရင်ဆိုင်ရန်အတွက် ခွင်းရှဂိုဏ်းကို သိမ်းသွင်းရန် စဥ်းစားခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ထိုအရာသည် လုံးဝ မလိုအပ်တော့ပေ။
ဤခွင်းရှဂိုဏ်းမှ လူများသည် အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း အလွန်တရာပင် မာနကြီးသောကြောင့် ၎င်းတို့ကို သိမ်းသွင်းရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်ပင်ခက်ခဲ၏။
ထို့အပြင် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများတွင် ဝိညာဥ်အဆီအနှစ် ခရစ္စတယ် ရှိနေသောကြောင့် ၎င်းတို့ကို သိမ်းသွင်းမည့်အစား ၎င်းတို့ကို တစ်ခါတည်း သတ်ဖြတ်ပြီး ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို အသုံးပြု၍ သူ၏ ခွန်အားကို မြှင့်တင်ခြင်းသည်သာလျှင် ပို၍ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပါလား။
"ကောင်လေး.. မင်းက ငါတို့ခွင်းရှဂိုဏ်းရဲ့ သူတော်စင်သားတော်ကိုတောင် သတ်ရဲတယ်.. သေဖို့သာ ပြင်ထားပေတော့"
ကျန်းချန်က ရှမင်၏ခန္ဓာကိုယ်ထဲကနေ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို လက်ခံရရှိလိုက်သော အချိန်မှာပင် ကြောက်မက်ဖွယ် ကြုံးဝါးလိုက်သော အသံတစ်သံသည် ကောင်းကင်နှင့်မြေကြီးကိုပင် လွှမ်းခြုံသွားခဲ့သည်။
သိပ်မကြာခင်ပင် ကောင်းကင်ကနေ ဧရာမ အနက်ရောင်လက်ဝါးကြီးသည် ကျန်းချန်ကို ဖိနှိပ်ရန် ကျဆင်းလာခဲ့သည်။
ကျန်းချန်က မျက်ဝန်းများ တောက်ပလာခဲ့ပြီး သူ၏ လက်သီးချက်ကို ထုတ်ဖော်ကာ ကောင်းကင်ကနေ ကျဆင်းလာသည့်အနက်ရောင် ဧရာမလက်ဝါးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပေါက်ကွဲသံ တစ်သံသည် မီတာတစ်ထောင် ပတ်လည်ရှိ နေရာလွတ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်၏ ရိုက်ခတ်မှုအောက်တွင် ကျန်းချန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းက မှိန်ဖျော့သွားခဲ့ပြီး အဆုံးသတ်တွင် လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ပျောက်ကွယ်သွားသောအချိန်မှာပင် သူ၏ရှေ့ရှိ ပေထောင်ပေါင်းများစွာ ဝေးကွာသည့် ကောင်းကင်ယံတွင် ပုံရိပ် ဆယ်ခုကျော်သည် နေရာလွတ်ထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကမ္ဘာကြီးကိုပင် ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့၏။
လေထုထဲတွင် ထွက်ပေါ်လာသည့် ပုံရိပ်ဆယ်ခုကျော်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုပုံရိပ် တစ်ခုချင်းစီ၏ အင်အားသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်တွင် ရှိကြ၏။
၎င်းတို့၏ ခွန်အားသည် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သခင်များထက်ပင် များစွာ သာလွန်နေသည်။
"နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဆယ့်တစ်ပါးပါလား"
ခွင်းရှဂိုဏ်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကြယ်ငါးပွင့်အင်အားစု ဖြစ်ခဲ့သည်နှင့်အညီ ၎င်းတို့၏ ခွန်အားသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ကံကောင်းထောက်မစွာပင် ခွင်းရှဂိုဏ်း၏ အင်အားကြီးမားသော ကျင့်ကြံသူများသည် အပြည့်အဝ ပြန်လည်ရှင်သန်ခြင်းမျိုး မရှိသေးပေ။
သို့မဟုတ်လျှင် ရှန်းဝူကုန်းမြေတိုက်၏ လက်ရှိခွန်အားဖြင့် အမှန်တကယ် တားဆီးဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။
"ကောင်လေး မင်းက ငါတို့ခွင်းရှဂိုဏ်းရဲ့ သူတော်စင်သားတော်ကို သတ်ဖြတ်ရဲတယ်.. ဒီနေ့ ငါမင်းကို သတ်ပစ်မယ်"
ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများကို ဦးဆောင်လာသော သန်မာထွားကျိုင်းသည့် အမျိုးသားကြီးသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူက သတ်ဖြတ်လိုသော အမူအရာဖြင့် ကျန်းချန်ဆီသို့ တိုက်ရိုက်ပင် ချဥ်းကပ်လာခဲ့သည်။
"ဟားဟား ရှဟန်ထျန်း.. မင်းတို့ခွင်းရှဂိုဏ်းက ငါတို့လျှို့ဝှက်နယ်မြေရှစ်ခုကို အလွယ်တကူ ဖိနှိပ်နိုင်မယ်များ ထင်နေလား"
ထိုအချိန်မှာပင် လေထုထဲတွင် အေးစက်စက် ရေရွတ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ နံဘေး၌ ပုံရိပ်ကိုးခုသည် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
ထိုပုံရိပ်ကိုးခုကို ဦးဆောင်လာသော ဆံဖြူအဘိုးကြီးသည် သူ၏ ခန္ဓာကိုယ်ကို ရွေ့လျားကာ တစ်ဖက်မှ ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားကြီးကို တိုက်ရိုက်ပင် ပိတ်ဆို့လိုက်သည်။
ကျန်းချန်၏ အနားတွင် ရုတ်တရက် ပေါ်ထွက်လာသော ပုံရိပ်ကိုးခုသည်လည်း ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများ ကဲ့သို့ပင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုအထဲတွင် ကျန်းချန်နှင့် ပို၍ ရင်းနှီးသည့် ပုံရိပ်တစ်ခု ပါဝင်နေပြီး ထိုသူမှာ စန်းယွဲ့ သူတော်စင်နယ်မြေ၏ အထွတ်အထိပ်အကြီးအကဲပင် ဖြစ်၏။
ယခု ရောက်ရှိလာသော ကျင့်ကြံသူ ကိုးဦးသည် လျှို့ဝှက်နယ်မြေ ရှစ်ခု၏ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် အကြီးအကဲများ ဖြစ်ကြ၏။
"ရှားယွင်ချုံး.. မင်းတို့က ငါတို့ခွင်းရှဂိုဏ်းရဲ့ သူတော်စင်သားတော်ကို သတ်ဖြတ်ခဲ့တယ်.. ဒီနေ့ မင်းတို့တွေ အားလုံးကို ငါတို့ မြေမြှုပ်ပစ်မယ်"
ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားကြီးသည် ဒေါသတကြီးကြုံးဝါးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"သတ်"
ရှဟန်ထျန်း၏ အမိန့်ကိုရသည်နှင့် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများသည် တစ်ချိန်တည်းမှာပင် ကျန်းချန်တို့ဆီသို့ ပြေးဝင်လာခဲ့ကြသည်။
"မင်းတို့နှစ်ယောက် အဲဒီကောင်လေးကို သွားသတ်"
ရှဟန်ထျန်းသည် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူရှစ်ယောက်နှင့်အတူ ရှားယွင်ချောင်နှင့် တခြားသူများကို ဝင်ရောက်တိုက်ခိုက်ရင်း ကျန်ရှိနေသည့် နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်သည် သူ၏စကားကို ကြားသည်နှင့် ချက်ချင်းပင် ကျန်းချန်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
လျှို့ဝှက်နယ်မြေရှစ်ခုသည် သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းရန်အတွက် ကျုံးကျိုးကုန်းမြေ ဘက်သို့ မလှည့်နိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဆိုရလျှင် ၎င်းတို့ ရင်ဆိုင်နေရသည့် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများသည် အလွန်တရာပင် အစွမ်းထက်လွန်းနေသည် မဟုတ်ပါလား။
ကျန်းချန်က ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများနှင့် အထွတ်အထိပ် အကြီးအကဲများ တိုက်ခိုက်နေသည်ကို ကြည့်ကာ ခေါင်းခါရမ်းလိုက်သည်။
ခွင်းရှဂိုဏ်းတွင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကျင့်ကြံသူ စုစုပေါင်း တစ်ဆယ့်တစ်ပါး ရှိသည်။
လျှို့ဝှက်နယ်မြေရှစ်ခုကမူ ကျဆုံးသွားသော ကျင့်ကြံသူ တစ်ဦးအပါအဝင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ စုစုပေါင်း ဆယ်ဦးသာ ရှိ၏။
သူသာ ထွက်ပေါ်မလာခဲ့လျှင် လျှို့ဝှက်နယ်မြေ ရှစ်ခုသည် ခွင်းရှဂိုဏ်းကို တားဆီးနိုင်မည် မဟုတ်လောက်ပေ။
ထို့အပြင် ခွင်းရှဂိုဏ်းတွင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ဤအရေအတွက်ထက်ပင် ပိုမို၍ များပြား၏။
အချိန်ကြာလာသည်နှင့် အမျှ ခွင်းရှဂိုဏ်း၏ ပြန်လည် ရှင်သန်လာသော နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများသည် ပို၍ များပြားလာလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ၏ ကိစ္စကို အမြန်ဆုံးဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
"ကျန်းချန်က ခွင်းရှဂိုဏ်းက နတ်သန္ဓေအင်ပါယာ နယ်ပယ်နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်ကို နှစ်ယောက်တစ်ယောက် ယှဥ်ဖို့မလွယ်ဘူးထင်တယ်.. ဟောင်ထျန်းသူတော်စင်သခင် ငါတို့ဒီမှာ ထိန်းထားမယ်.. မင်းကျန်းချန်ကို သွားကူလိုက်"
ကောင်းကင်သူတော်စင်သခင်သည် ကျန်းချန်ဆီသို့ ပြေးဝင်လာသော ခွင်းရှဂိုဏ်းမှ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်ကို မြင်လျှင် ဟောင်ထျန်းသူတော်စင်သခင်ကို အလျင်အမြန် ပြောလိုက်သည်။
သူတို့လျှို့ဝှက်နယ်မြေမှ သူတော်စင်သခင်များတွင် ဟောင်ထျန်းသူတော်စင် နယ်မြေသခင်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသည့် တစ်ဦးတည်းသော ကျင့်ကြံသူဖြစ်၍ ခွင်းရှဂိုဏ်းက နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို ယာယီထိန်းချုပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်မှာပင် သူတို့၏ နားထဲသို့ ရယ်သံတစ်သံ ဝင်ရောက်လာခဲ့သည်။
"ငါ့အတွက် မင်းတို့တွေ စိတ်မပူနဲ့.. ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ.. နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက်လောက်က ငါ့အတွက် ဘာမှ စာမဖွဲ့ဘူး"
ခွင်းရှဂိုဏ်းမှ ပြန်လည် ရှင်သန်လာသည့် အင်အားကြီးမားသော ကျင့်ကြံသူများသည် အဆင့်တူ လူသားကျင့်ကြံသူများထက် ပိုမို၍ အားနည်း၏။
သူ့ရှေ့မှ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးသည် သိပ်အင်အားမကြီးပေ။
၎င်းတို့က သွေးနတ်ဆိုးနန်းတော်မှ သွေးဧကရာဇ်ထက်ပင် များစွာ နိမ့်ကျ၏။
ကျန်းချန်၏ မျက်လုံးထဲတွင် ထိုနှစ်ယောက်သည် သူ့ကို ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ပေးမည့် သားကောင်ပင် ဖြစ်သည်။
ထိုအချိန်မှာပင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကျင့်ကြံသူ နှစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်များကို ဖော်ထုတ်ကာ ကျန်းချန်ဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာခဲ့ကြသည်။
အခန်း(၁၃၇၂)ပြီး၏။
အခန်း(၁၃၇၃)
"ဝုန်း.."
နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦး ပူးပေါင်း တိုက်ခိုက်လာသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ဆက်လက်ရပ်နေခဲ့၏။
ထိုနှစ်ယောက် သူနှင့် ပေတစ်ရာခန့် အကွာသို့ ရောက်ရှိလာသောအခါတွင် ကျန်းချန်၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
"မကောင်းတော့ဘူး"
ဘယ်ဘက်ရှိ လူလတ်ပိုင်းအရွယ်၏ မျက်နှာ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူ မတုံ့ပြန်နိုင်မီမှာပင် လေထုကို ထိုးဖောက်လာသော ဓားအလင်းသည် သူ၏ နောက်ကျောဘက်ကနေ ဝင်ရောက်လာခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ရှောင်တိမ်းရန် အချိန်မရှိတော့၍ သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်ကာ သူ့ထံသို့ ဝင်ရောက်လာသော ဓားအလင်းကို လက်နောက်ပြန် ရိုက်ချလိုက်သည်။
"ဝုန်း.."
ဓားအလင်းက လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဝါးရိုက်ချက်ကို အလွယ်တကူ ချိုးဖျက်လိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို ပေဆယ်ဂဏန်းအကွာအဝေးအထိ လွင့်စင်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်သည် လက်ထဲမှ ဥက္ကာခဲဓားကိုဝှေ့ယမ်းလိုက်ရာ မီးလျှံများဖြင့် စုဖွဲ့ထားသော ဓားအလင်းသည် လေထုကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များကို အလျင်အမြန် စုစည်းကာ သူ၏ ခန္ဓာကိုယ်တွင် ထူထပ်သောအကာအရံ တစ်ခုကို ဖန်တီးလိုက်သည်။
"ဝုန်း.."
မီးလျှံ ဓားအလင်းများသည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ စွမ်းအင် အကာအကွယ်ကို ထိမှန်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် စွမ်းအင် အကာအကွယ်ကို လုံးဝဖျက်ဆီးပစ်လိုက်၏။
"အားးးးးး"
လူလတ်ပိုင်းအရွယ် အမျိုးသားက နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော မီးလျှံ ဓားအလင်းများဖြင့် လောင်ကျွမ်းကာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏ ဓားနယ်မြေက အဆင့်မြင့် နယ်မြေအဆင့်ကို ရောက်ရှိလာပြီးနောက်တွင် ကျန်းချန်၏ ဓားပညာရပ် ဆိုင်ရာ နားလည်မှုသည် ပို၍ပင် လွတ်လပ်လာခဲ့သည်။
သူက သူ့ပတ်ဝန်းကျင်ရှိ ပေခြောက်ရာ အကျယ်အဝန်း ရှိသော နေရာလွတ် တစ်ခုတွင် ရှိနေသရွေ့ ဓားနယ်မြေ၏ စွမ်းအားကို တိုက်ကွက်များဖြင့် ပေါင်းစပ်နိုင်မည် ဖြစ်သည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင်လျှင် တားဆီးရန်ခက်ခဲ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် လေထဲကနေ ကျဆင်းလာသော နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ၏ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို ချက်ချင်းပင် စုဆောင်းလိုက်သည်။
"ဒီတစ်ခေါက် မင်းအလှည့်ပဲ"
ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်သည် ကျန်ရှိနေသာ အနက်ရောင်ဝတ် အမျိုးသားကို ပြုံးပြလိုက်ပြီး နောက်တစ်ကြိမ် လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ ပုံရိပ်က ထပ်မံ ပျောက်ကွယ်သွားသည်ကို မြင်လျှင် အနက်ရောင်ဝတ် အမျိုးသားသည် အလွန်အမင်း ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။
"ငါထွက်ပြေးမှ ဖြစ်မယ်"
သူက လုံးဝ တွေဝေနေမှုမရှိဘဲ ချာခနဲ လှည့်ထွက်ကာ ဆိတ်ငြိမ်နယ်မြေထဲသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။
ဓားတစ်ကွက်တည်းဖြင့် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သော ထိုကောင်လေး၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်း၏။
ထိုကောင်လေးကို သူ့အနေဖြင့် လုံးဝ ယှဥ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် အမျိုးသား ပေတစ်ရာပင် မရောက်ရှိသေးသော အချိန်မှာပင် အေးစက်စက် အသံတစ်သံသည် သူ၏ နားထဲတွင် ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"ထွက်ပြေးချင်တာလား.. ဝမ်းနည်းစရာပဲ.. ငါကျန်းချန် စောင့်ကြည့်မှုအောက်မှာရှိတဲ့ သားကောင်က ဘယ်တော့မှ မလွတ်မြောက်ဘူး"
အေးစက်စက်အသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အချိန်သည် တစ်ခဏမျှ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး ကြောက်လန့်တကြား ထွက်ပြေးနေသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ပုံရိပ်သည် လေထုထဲတွင် ချက်ချင်း အေးခဲသွားခဲ့သည်။
အနက်ရောင်ဝတ်ပုံရိပ် အေးခဲသွားသော အချိန်မှာပင် အပြာရောင် ဓားအလင်းသည် အနက်ရောင်ဝတ် အမျိုးသား၏ ဦးခေါင်းကနေ ထိုးဆင်းလာခဲ့ပြီး အနက်ရောင် အမျိုးသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းဆိုသလို ကြေမွသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် အနက်ရောင်ဝတ်အမျိုးသား ပျောက်ကွယ်သွားသောနေရာတွင် ပေါ်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ကျန်းချန်က လက်ကို ဆန့်ထုတ်ကာ ဒုတိယမြောက် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ကျန်းချန်သည် တစ်ခဏ အတွင်းမှာပင် ရှဟန်ထျန်းက သူ့ကိုသတ်ဖြတ်ရန် စီစဥ်ခဲ့သည့် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်ပြီဖြစ်သည်။
"အရမ်းကို သန်မာလွန်းတာပဲ"
ထိုမြင်ကွင်းကိုမြင်လျှင် ဟောင်ထျန်း သူတော်စင်သခင်နှင့်အခြားသူများသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။
ဤကောင်လေးက တကယ်ကို နတ်ဆိုးဆန်လွန်းပြီး တိုးတက်နှုန်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
လွန်ခဲ့သည့် လအနည်းငယ်က ရှေးဟောင်းကြယ်တာရာလမ်း မဖွင့်လှစ်မီ ကျင်းပသော ပြိုင်ပွဲတွင် ကျန်းချန်သည် ရှားယွမ်ဟောင်ကို အနိုင်ရရှိခဲ့ပြီး တုနှိုင်းမဲ့ ပါရမီကို ပြသခဲ့သော်လည်း သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူထက် များစွာနိမ့်ကျနေသေး၏။
သို့သော် လအနည်းငယ်အတွင်းမှာပင် ကျန်းချန်သည် ကြယ်တာရာ မြို့တော်ကနေ ပြန်လာပြီးနောက်တွင် ဤမျှအဆင့်ထိ ကြောက်မက်ဖွယ်ရာ ကောင်းအောင် ကြီးထွားလာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
ကျန်းချန်က သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းပြီး သွေးနတ်ဆိုးနန်းတော်၏ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် သွေးဧကရာဇ်များကို နှိမ်နင်းခဲ့မှန်း သူတို့ သိထားပြီးသား ဖြစ်သော်လည်း ဤမျှအထိ ကောင်းကင်ကို ဆန့်ကျင်လောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ဖို့ပင် အသက်ရှူချိန် အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ထိုကောင်လေးသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်သည်မှာ ခွေးကို သတ်သကဲ့သို့ပင် လွယ်ကူလွန်းနေ၏။
ဤမြင်ကွင်းမျိုးသည် တကယ်ကိုပင် အံ့အားသင့်စရာ ကောင်းလှ၏။
ယနေ့အခါတွင် ကျန်းချန်သည် ရှန်းဝူကုန်းမြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေပြီဟုပင် ဆို၍ ရနေခဲ့ပြီ ဖြစ်သည်။
"ဟားဟား ရှဟန်ထျန်း.. မင်းတို့ ခွင်းရှဂိုဏ်းက ဒီတိုက်ပွဲမှာ ရှုံးနိမ့်တော့မယ် ထင်တယ်"
ကျန်းချန်က နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ အထွတ်အထိပ်အကြီးအကဲ ရှားယွင်ချုံးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုနှင့် ခွင်းရှဂိုဏ်းတို့သည် ဆက်ဆံရေး မကောင်းကြပေ။
မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် လျှို့ဝှက်နယ်မြေရှစ်ခုဘက်မှ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ကျင့်ကြံသူ တစ်ဦးကို ဆုံးရှုံးခဲ့ရပြီး အဆုံးသတ်တွင် ညှိနှိုင်းမှုလုပ်ရန် ရွေးချယ်ခဲ့ရသည်။
ယခုအခါ ကျန်းချန်က ထွက်ပေါ်လာခဲ့ပြီး ရန်သူဘက်မှ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးကို တစ်ခဏအတွင်း သတ်ပစ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုသည် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများကို လုံးဝ နှိမ်နင်းနိုင်သည့် အခြေအနေရှိလာနိုင်၏။
"ရှားယွင်ချုံး.. မင်းမာန်တက်မနေနဲ့.. ဒီနေ့ ဒီဧကရာဇ်က မင်းကိုနှိမ်နင်းပစ်မယ်"
ရှဟန်ထျန်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ရှားယွင်ချုံးကို ဖိနှိပ်ရန် ဦးတည်လာခဲ့သည်။
----------
"နန်းတော်သခင်ကျန်း.. ကျေးဇူးပြုပြီး ငါ့ကိုကူညီပါဦး"
ကျန်းချန်က ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို စုဆောင်းလိုက်သောအချိန်မှာပင် ကျန်းချန်၏ နားထဲတွင် အကူအညီတောင်းသံ တစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ အကူအညီတောင်းနေသူမှာ စန်းယွဲ့သူတော်စင်နယ်မြေ၏ အထွတ်အထိပ်အကြီးအကဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
စန်းယွဲ့သူတော်စင်နယ်မြေမှ အထွတ်အထိပ် အကြီးအကဲသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူဖြစ်သော်လည်း လျှို့ဝှက်နယ်မြေ ရှစ်ခုရှိ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများထဲတွင် အားအနည်းဆုံး ဖြစ်သည်။
ဆိုရလျှင် သူမနှင့် တိုက်ခိုက်နေသည့် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူသည် သူမ ထက်ပင် ပို၍ အားကောင်းနေခဲ့၏။
ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူ၏ တိုက်ခိုက်မှုအောက်တွင် စန်းယွဲ့သူတော်စင်နယ်မြေမှ အထွတ်အထိပ် အကြီးအကဲသည် အောက်စည်းသို့ပင် ရောက်ရှိနေခဲ့သည်။
စန်းယွဲ့ သူတော်စင်နယ်မြေတွင် အလွန် အစွမ်းထက်သည့် ကာကွယ်ရေးကျင့်စဥ်သာ မရှိခဲ့လျှင် သူမသည် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူ၏ ပြင်းထန်သည့် ထိုးနှက်ချက်ကြောင့် သေသွားလောက်ပြီ ဖြစ်သည်။
ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ ချက်ချင်းဆိုသလိုပင် စန်းယွဲ့သူတော်စင်နယ်မြေမှ အထွတ်အထိပ် အကြီးအကဲ တိုက်ခိုက်နေသည့် နေရာဆီသို့ ပြေးဝင်သွားခဲ့သည်။
"ချီးပဲ"
စန်းယွဲ့ သူတော်စင်နယ်မြေမှ အထွတ်အထိပ် အကြီးအကဲနှင့် တိုက်ခိုက်နေသော ပိန်ပါးပါး ကျင့်ကြံသူသည် ကျန်းချန်က သူတို့ ရှိရာသို့ လာနေသည်ကိုမြင်လျှင် မျက်နှာအမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက စန်းယွဲ့ သူတော်စင်နယ်မြေမှ အထွတ်အထိပ်အကြီးအကဲနှင့် ဆက်လက် တိုက်ခိုက်မည့် အစီအစဥ်ကို အလျင်အမြန်ပင် လက်လျှော့လိုက်သည်။
ထို့နောက်တွင် သူက လက်ဝါးရိုက်ချက်များကို ထုတ်ဖော်လိုက်ရာ ထောင်ချီသော လက်ဝါးရာများသည် ကောင်းကင်တစ်ခွင် ပြည့်နှက်သွားခဲ့ပြီး ကျန်းချန်ကို လွှမ်းခြုံသွားခဲ့သည်။
ကျန်းချန်က ဥက္ကာခဲဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော လက်ဝါးရာများသည် ချက်ချင်းပင် ကြေမွသွားခဲ့ပြီး ဥက္ကာခဲဓား၏ လွှမ်းမိုးနိုင်သော ဓားအရှိန်အဝါသည် ပိန်ပါးပါး ကျင့်ကြံသူကို ပေရာချီအကွာအဝေးထိ လွင့်စင်သွားစေခဲ့သည်။
ကျန်းချန်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင် ပိန်ပါးပါးကျင့်ကြံသူသည် အဆုံးသတ်၌ ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ခံစားမိလိုက်သည်။
သူ၏ စိတ်နှလုံးထဲတွင် တုန်လှုပ်နေသော အချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် သူ့ဆီသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။
"မသတ်ပါနဲ့"
ထိုအချိန်တွင် ပိန်ပါးပါး ကျင့်ကြံသူသည် သူ၏ တစ်ကိုယ်လုံးကို သေမင်း၏ အရိပ်အငွေ့များ ဖုံးလွှမ်းနေသည်ဟု ခံစားလိုက်ရပြီး ချာခနဲလှည့်ကာ ထိတ်လန့်တကြား ထွက်ပြေးခဲ့သည်။
တစ်ချိန်တည်းမှာပင် မီးလျှံများဖြင့် ရဲတောက်နေသော ဓားနယ်မြေ တစ်ခုသည် ပိန်ပါးပါး ကျင့်ကြံသူ၏ ခေါင်းအထက်ကနေ ရုတ်တရက် သက်ဆင်းလာခဲ့ပြီး ပိန်ပါးပါးကျင့်ကြံသူ၏ ပတ်ဝန်းကျင်ရှိ ပေခြောက်ရာ နေရာလွတ်ကို ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက်တွင် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ဓားအရှိန်အဝါများသည် ပိန်ပါးပါး ကျင့်ကြံသူ မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ၎င်းဆီသို့ အရပ်မျက်နှာအနှံ့ကနေ ဦးတည်လာခဲ့သည်။
အခန်း(၁၃၇၃)ပြီး၏။
အခန်း(၁၃၇၄)
"မသတ်ပါနဲ့"
ပိန်ပါးပါး ကျင့်ကြံသူ၏မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုနှင့် ထိတ်လန့်မှုများက ထင်ဟပ်နေခဲ့သည်။
သူက ချက်ချင်းဆိုသလို အလယ်အလတ် နယ်မြေ၏ စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ အချိန်နယ်မြေနှင့် အဆင့်မြင့်နယ်မြေအဆင့်ကို ရောက်ရှိနေသော ဓားနယ်မြေတို့၏ ပေါင်းစပ်မှုအောက်တွင် ပိန်ပါးပါး ကျင့်ကြံသူ၏ ခုခံမှုသည် အဟောသိကံ ဖြစ်သွားခဲ့ရသည်။
ဓားအလင်း ထောင်ပေါင်းများစွာသည် ပိန်ပါးပါးကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး အပေါက်ငယ်များစွာ ပြည့်နှက်သွားစေခဲ့သည်။
ခဏအကြာတွင် ပိန်ပါးပါး ကျင့်ကြံသူသည် လေထဲတွင် ဝုန်းဟူသော အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့၏။
ကျန်းချန်က သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ပိန်ပါးပါးကျင့်ကြံသူ ခန္ဓာကိုယ် ပေါက်ကွဲသွားသော နေရာကနေ ထွက်ပေါ်လာသည့် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို ဖမ်းကာ သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
"နန်းတော်သခင်ကျန်း.. အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူနှင့် တိုက်ခိုက်နေသည့် ပိန်ပါးပါးကျင့်ကြံသူကို ကျန်းချန်က သတ်ဖြတ်လိုက်သည်ကို မြင်လျှင် စန်းယွဲ့ သူတော်စင်နယ်မြေမှ အထွတ်အထိပ် အကြီးအကဲသည် စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ထိုသို့ ပြောနေစဥ် သူမ၏ မျက်ဝန်းထက်တွင် တုန်လှုပ်သောအရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်က မုန့်ချင်းရွှယ်၏ ကိစ္စကြောင့် ကျန်းချန်သည် စန်းယွဲ့ သူတော်စင်နယ်မြေကို တစ်ကိုယ်တော် ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ကိုယ်ပိုင်ခွန်အားဖြင့် စန်းယွဲ့သူတော်စင်နယ်မြေသခင်ကို အနိုင်ယူကာ သူမ ကဲ့သို့ အထွတ်အထိပ်အကြီးအကဲကို ထွက်ပေါ်လာအောင်ပင် ဖိအားပေးခဲ့သည်။
ထိုစဥ်ကတည်းက ကျန်းချန်သည် အစွမ်းထက်နေပြီ ဖြစ်သော်လည်း သူမသည် ကျန်းချန်ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ရှိခဲ့သည်။
သူမက ကျန်းချန်၏ နောက်ကွယ်ရှိ နိဗ္ဗာန်မြို့တော်မှ ယခင်မြို့သခင်ဟောင်းကို ကြောက်ရွံ့၍သာ ကျန်းချန်ကို အလျှော့ပေးလိုက်ခြင်း ဖြစ်၏။
အခုအခါတွင်မူ ကျန်းချန်သည် သူမကို များစွာ ကျော်ဖြတ်သွားခဲ့ချေပြီ။
သူမကို လုံးဝ ဖိနှိပ်နိုင်ခဲ့သော ပိန်ပါးပါး ကျင့်ကြံသူကိုပင် ကျန်းချန်သည် လွယ်လွယ်ကူကူ သတ်ပစ်နိုင်ခဲ့၏။
ကျန်းချန်က ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ခရီးစဥ်တွင် ဤမျှအဆင့်ထိ ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်လာလိမ့်မည်ဟု စန်းယွဲ့ သူတော်စင်နယ်မြေမှ အထွတ်အထိပ် အကြီးအကဲ မတွေးမိခဲ့ပေ။
ဤအချိန်တွင် သူမသည် တစ်ချိန်က သူမ၏ ဆုံးဖြတ်ချက်အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်က သူမသည် ကျန်းချန်ကို စန်းယွဲ့ သူတော်စင်နယ်မြေကနေ ထွက်ခွာခွင့်ပြုခဲ့သည်။
ထိုသို့ မဟုတ်ဘဲ ကျန်းချန်နှင့် ရန်ဘက်အဖြစ် ရွေးချယ်ခဲ့လျှင် သူမတို့ စန်းယွဲ့ သူတော်စင်နယ်မြေသည် ပျက်စီးသွားမည်ကိုပင် စိုးရိမ်ရသည် မဟုတ်ပါလား။
"အားလုံးက ရှန်းဝူကုန်းမြေတိုက်ကြီး အတွက် အကျိုးဆောင်နေကြတာပဲ. ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး"
ကျန်းချန်က ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို တိုက်ပွဲ စစ်မြေပြင်ကို အကဲခတ်ကြည့်လိုက်သည်။
နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ တိုက်ပွဲသည် အမှန်တကယ်ပင် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပြီး မိုင်ရာချီ ပတ်ဝန်းကျင်ရှိ နေရာလွတ်များကိုပင် တုန်ခါစေခဲ့သည်။
အထူးသဖြင့် ရှားယွင်ချုံးနှင့် ရှဟန်ထျန်းတို့ တိုက်ခိုက်နေသည့် နေရာတွင် စွမ်းအင်မုန်တိုင်းသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
ထိုနှစ်ယောက်၏ခွန်အားသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်တွင် ရှိပြီး နယ်မြေစွမ်းအားကို နားလည်မှုတွင်လည်း အဆင့်မြင့် နယ်မြေအဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာပင် အစွမ်းထက်နေခဲ့သည်။
ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ပင် ထိုနှစ်ယောက်ကို အနိုင်ယူရန် လွယ်ကူမည် မဟုတ်ပေ။
"ရှန်းဝူတိုက်ရဲ့ အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းကကျင့်ကြံသူတွေက တကယ်ကို အားကောင်းတာပဲ"
ရှားယွင်ချုံး၏ စွမ်းရည်ကို ကြည့်ကာ ကျန်းချန်သည် အနည်းငယ် ခါးသီးသလို ခံစားလိုက်ရသည်။
ဟောင်ထျန်း သူတော်စင်နယ်မြေ၏ အထွတ်အထိပ်အကြီးအကဲ ရှားယွင်ချုံးသည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်(၁၃)သာ ရှိ၏။
အဆင့်(၁၃) နေရာတွင် ရှိသည့် ရှားယွင်ချုံးပင် ဤမျှအထိ တိုက်ပွဲဝင်စွမ်းရည် ရှိနေလျှင် ထိပ်ဆုံးဆယ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်သည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါမည်နည်း။
ကျန်းချန်သည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှ ထိပ်ဆုံးဆယ်ယောက် ထဲတွင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ရောက်ရှိနေသူများပင် ရှိနိုင်သည်ဟု သံသယရှိခဲ့သည်။
ယခုအခါတွင် ရှန်းဝူတိုက်၌ မူလစွမ်းအင် ရှိမနေ၍ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
သို့သော်လည်း အလွန်ပါရမီရှိပြီး အစွမ်းထက်သည့် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူအချို့သည် နယ်မြေစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်ခဲ့ပြီး ကန့်သတ်ချက်များကို ကျော်ဖြတ်ကာ အင်ပါယာဥပဒေသ အနည်းငယ်ကို နားလည်နိုင်စွမ်း ရှိကြသည်။
အင်ပါယာနယ်ပယ် အဆင့်သို့ မရောက်ရှိသေးဘဲ အင်ပါယာဥပဒေသများကို နားလည်နိုင်သူများအား အင်ပါယာတစ်ပိုင်းအဆင့်ဟု ခေါ်ဆိုကြ၏။
ကျန်းချန်က ခေါင်းကိုခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ဖယ်ရှားလိုက်ကာ သူ၏ အရှေ့ဘက်ရှိ ပြင်းထန်သောတိုက်ပွဲတစ်ခုဆီသို့ ပြေးဝင်သွားခဲ့သည်။
"အားလုံးဆုတ်ကြတော့"
နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးက ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားသည်ကို မြင်လျှင် ရှားယွင်ချုံးနှင့် တိုက်ခိုက်နေသာ ရှဟန်ထျန်း၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ရှားယွင်ချုံးကို လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် နောက်သို့ ဆုတ်အောင် တွန်းထုတ်ပြီးနောက်တွင် သူ၏ ငယ်သားများကို ဆုတ်ခွာရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
ရှားယွင်ချုံးနှင့် သူသည် ခွန်အားချင်း ညီမျှ၍ တစ်ယောက်ကို တစ်ယောက် အချိန်တိုအတွင်း အနိုင်ယူနိုင်ခြင်း မရှိကြပေ။
သို့သော်လည်း လျှို့ဝှက်နယ်မြေ ရှစ်ခုဘက်တွင် ကျန်းချန် ဟူသည့် နတ်ဆိုးတစ်ကောင် ရှိနေပြီး ၎င်းသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်မှ ကျင့်ကြံသူများကို ဟင်းသီးဟင်းရွက်များ လှီးဖြတ်သကဲ့သို့ အလွယ်တကူပင် သတ်ဖြတ်နိုင်သော စွမ်းရည် ရှိ၏။
တစ်ခဏအတွင်းမှာပင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ သုံးဦးသည် ထိုလူငယ် လက်ထဲတွင် ကျဆုံးသွားခဲ့ရသည်။
ဤအတိုင်းသာ ဆက်တိုက် နေမည်ဆိုလျှင် ယနေ့တွင် သူတို့အားလုံးသည် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။
ရှဟန်ထျန်းက စိတ်နှလုံးထဲတွင် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပင် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများကို အမိန့်ပေးကာ ဆိတ်ငြိမ်နယ်မြေ ထဲသို့ အလျင်အမြန်ပင် ဆုတ်ခွာခဲ့ကြသည်။
"ထွက်သွားချင်တယ်လား.. ဒီကို ရောက်လာပြီ ဆိုမှတော့ ငါ့အတွက် မင်းတို့ရဲ့ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်တွေကို ထားခဲ့မှဖြစ်မယ်"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ အရှိန်ကိုမြှင့်တင်ကာ နယ်မြေငါးခု၏ စွမ်းအားများကို ပေါင်းစပ်ထားသော ငါးရောင်ခြယ် အလင်းကို ထုတ်ဖော်၍ သူနှင့် အနီးဆုံးတွင် ရှိသည့် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
"ဝုန်း.."
ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူက မည်သို့မှ မတုံ့ပြန်နိုင်သေးခင်မှာဘဲ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ငါးရောင်ခြယ်အလင်းဖြင့် ကြေမွသွားခဲ့သည်။
ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူ၏ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် တွေဝေမနေဘဲ နောက်ထပ် တစ်ယောက်ကို ထပ်မံသတ်ဖြတ်ခဲ့သည်။
ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများ၏ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်သည် ကျန်းချန်၏ မျက်လုံးထဲတွင် အဆီတဝင်းဝင်း ဖြစ်နေသော ဝက်သား ကဲ့သို့ပင် အဖိုးတန်နေသည်ဖြစ်ရာ သူ့အနေဖြင့် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများကို လွယ်လွယ်နှင့် ထွက်ပြေးခွင့် မည်ကဲ့သို့ ပြုနိုင်ပါမည်နည်း။
"သတ်"
ဤမြင်ကွင်းကို မြင်လျှင် ရှားယွင်ချုံးသည် ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး လျှို့ဝှက်နယ်မြေ ရှစ်ခုမှ ကျင့်ကြံသူများကို ဦးဆောင်ကာ ဆိတ်ငြိမ်နယ်မြေ ထဲသို့ ဆုတ်ခွာသွားသော ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများအား လိုက်လံ တိုက်ခိုက်ခဲ့သည်။
ယနေ့တိုက်ပွဲတွင် ခွင်းရှဂိုဏ်းမှ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူလေးဦးသည် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၍ ခွင်းရှဂိုဏ်းသည် ပြင်းပြင်းထန်ထန်ပင် ထိခိုက် နစ်နာသွားခဲ့သည်။
ဤသည်က ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများကို ဖျက်ဆီးရန်အတွက် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်ရာ ရှားယွင်ချုံးသည် ထိုအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
ကျန်းချန်နှင့် လျှို့ဝှက်နယ်မြေရှစ်ခုမှ ကျင့်ကြံသူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးနောက်တွင် ခွင်းရှဂိုဏ်းမှ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့ကြသည်။
အဆုံးသတ်တွင် ရှဟန်ထျန်းနှင့် ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူနှစ်ဦးလောက်သာ လွတ်မြောက်သွားခဲ့ပြီး ၎င်းတို့၏ နေရာဖြစ်သည့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကို ထွက်ပြေးသွားခဲ့သည်။
ကျန်းချန်သည် ဆိတ်ငြိမ်နယ်မြေသို့ ရောက်ရှိလာပြီး နာရီဝက်အတွင်းမှာပင် လျှို့ဝှက်နယ်မြေ ရှစ်ခုအနေဖြင့် လအတော်အကြာ အကြိတ်အနယ် ရင်ဆိုင်နေရသော ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများနှင့် ပြဿနာကို လုံးဝနီးပါး ဖြေရှင်းပြီးစီးခဲ့သည်။
ရှဟန်ထျန်းတို့ သုံးယောက် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲသို့ ဝင်ရောက်သွားသောအခါတွင် ကျန်းချန်တို့ လူစုသည် လိုက်လံ မသတ်ဖြတ်တော့ပေ။
ထို့နောက်တွင် ကျန်းချန်သည် ရှားယွင်ချုံး၏ ဖိတ်ခေါ်ချက်အရ ၎င်းတို့၏ ယာယီစခန်းဖြစ်သော နိဗ္ဗာန်မြို့တော်တွင် တည်းခိုခဲ့သည်။
အစောပိုင်းက တိုက်ပွဲတွင် ကျန်းချန် ပြသခဲ့သော ခွန်အားသည် ရှားယွင်ချုံး၏ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်မှာ ထင်ရှားသည်။
ရှားယွင်ချုံးသည် နောက်ထပ် တွေ့ကြုံလာမည့် ကိစ္စများအတွက် ဆွေးနွေးရန် ကျန်းချန်ကို ဖိတ်ခေါ်ခဲ့ခြင်း ဆိုလည်းမမှားပေ။
ထိုနေရာတွင် တည်းခိုနေရင်း ကျန်းချန်သည် သူ၏ ရိတ်သိမ်းမှုများကို စတင် ရေတွက်ခဲ့သည်။
ဤတိုက်ပွဲသည် ကျန်းချန်အတွက် သံသယဖြစ်ဖွယ်ရာမရှိ အလွန်အမင်း အကျိုးရှိခဲ့သည်။
ကျန်းချန်က စုစုပေါင်းဝိညာဥ် အဆီအနှစ် ခရစ္စတယ်(၁၅)ခုကို ရရှိခဲ့ပြီး တစ်ခုချင်းစီသည် အဆင့်မြင့်မား၏။
ထိုအထဲတွင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်က (၆)ခုအထိ ပါဝင်ခဲ့သည်။
သူ၏ရှေ့တွင် ရှိသည့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်များကိုကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် ရှားပါးသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤအဆင့်မြင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်(၁၀)ခုကျော်နှင့်ဆိုလျှင် သူ၏ ခွန်အားကို နောက်ထပ် အဆင့်သစ် တစ်ခုအထိ မြှင့်တင်နိုင်မည်မှာ သေချာသလောက်ပင် ဖြစ်သည် မဟုတ်ပါလော။
အခန်း(၁၃၇၄)ပြီး၏။