အခန်း (၁၃၇၅-၁၃၇၇)
Vol. 92 Ch. 1375-1377
အခန်း(၁၃၇၅)
သူ၏ရှေ့တွင်ရှိသည့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်များကိုကြည့်ရင်း ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ခွန်အားကို တိုးမြှင့်ရန်အတွက် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်များကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ဒင်.. သင်က မီးအထူးပြု သဘာဝပါဝင်သည့် အဋ္ဌမအဆင့်ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို စားသုံးပြီး ကျင့်ကြံခြင်းအတွေ့အကြုံရမှတ်(၁၄၇၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က မီးအထူးပြု သဘာဝပါဝင်သည့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို စားသုံးပြီး မီးနယ်မြေ အတွေ့အကြုံရမှတ် (၁၄၇၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်၏ မီးနယ်မြေက အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"
အဋ္ဌမအဆင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကနေ ကျန်းချန်အတွက် ပေးစွမ်းသော အတွေ့အကြုံရမှတ်သည် အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိနေပြီဟု ဆို၍ ရသည်။
အဋ္ဌမအဆင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်တစ်ခုကနေ ပေးစွမ်းသော ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်သည် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းတွင် ရှိသည့် နဝမအဆင့်ဟောင်ထျန်း အရက်နှစ်ခွက်နှင့်ပင် ညီမျှသည်။
ဤသို့ဖြင့် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် အလယ်အလတ်၊
နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် နှောင်းပိုင်း၊
နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်၊
"............"
ကျန်းချန်က ဝိညာဥ်အဆီအနှစ် ခရစ္စတယ် ဒါဇင်ပေါင်းများစွာကို မျိုချပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် တစ်ကြိမ်တည်းဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး နဝမအဆင့်ကိုရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။
ထိုအထဲကမှ အပိုဆုအနေဖြင့် လေသဘာဝ အဆီအနှစ် လေးခုသည် ကျန်းချန်၏ လေနယ်မြေကို အဆင့်မြင့်နယ်မြေအဆင့်သို့ ရောက်ရှိစေခဲ့သည်။
ထို့အပြင် မိုးကြိုးသဘာဝ ပါဝင်သော ဝိညာဥ်အဆီအနှစ် ငါးခုကလည်း ကျန်းချန်၏ မိုးကြိုးနယ်မြေကို အဆင့်မြင့်နယ်မြေ အဆင့်သို့ ရောက်ရှိစေခဲ့၏။
ဤသို့ဖြင့် ကျန်းချန် နားလည်ထားသည့် နယ်မြေငါးခုထဲတွင် သုံးခုသည် အဆင့်မြင့် နယ်မြေအဆင့်ကို ရောက်ရှိသွားပြီး ကျန်နှစ်ခုသည် အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ရာ ကျန်းချန်သည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဤအချိန်တွင် ကျန်းချန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မည်မျှအဆင့်ထိ ရောက်ရှိနေပြီမှန်းပင် မသိတော့ပေ။
သို့သော်လည်း သေချာသည့်အချက်မှာ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်နှင့် မတွေ့သရွေ့ ရှန်းဝူကုန်းမြေရှိ မည်သည့်နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူကို မဆို အနိုင်ယူနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။
ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို မျိုချပြီး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို အဆုံးမသတ်သေးဘဲ လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ်ကို ဆက်လက် နားလည်အောင် ကြိုးစားခဲ့သည်။
လူသားဧကရာဇ် စည်းတံဆိပ်သည် ရွှယ်လင် ကုန်းမြေတိုက်မှ လူမျိုးစု၏ မြင့်မြတ်သော ကျင့်စဥ် ဖြစ်သည်။
ဤကာလအတွင်း သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်းသွေးဧကရာဇ်ဆယ်ပါးနှင့် တိုက်ခိုက်ပြီးနောက်တွင် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်က သွေးဝိညာဥ် မျိုးနွယ်စုကနေ သွေးနတ်ဆိုးနန်းတော် အမွေဆက်ခံထားသော လျှို့ဝှက်ပညာရပ်များ အပေါ်တွင် ထိန်းချုပ်နိုင်သည့် ကြီးမားသော သက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် သူ၏ အားလပ်သော အချိန်များတွင် လူသားဧကရာ ဇ်စည်းတံဆိပ်၏ ကျန်ရှိသော စည်းတံဆိပ်နှစ်ခုကို နားလည်အောင် ကြိုးစားခဲ့သည်။
အချိန်ကျ၍ ရွှမ်းဝူကောင်းကင် အစီအရင် ပျက်စီးသွားပြီး ကျိုးယို လွတ်မြောက်လာခဲ့လျှင် သူ့အနေဖြင့် လူသားဧကရာဇ်စည်းတံဆိပ်ကို အသုံးပြုကာ ကျိုးယိုနှင့် ရင်ဆိုင်ရာတွင် မမျှော်လင့်သော အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည် မဟုတ်ပါလား။
"ဒင်.. သင်က လူသားဧကရာဇ်စည်းတံဆိပ်ကို လေ့လာပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါတယ်"
"ဒင်.. သင်၏ လူသားဧကရာဇ်စည်းတံဆိပ်အပေါ် နားလည်မှုက သုံးသိန်းပုံတစ်ပုံ တိုးတက်လာခဲ့ပါတယ်"
"........"
ကျန်းချန်သည် လျှို့ဝှက်နယ်မြေရှစ်ခုက လတ်တလောအခြေချထားသော နိဗ္ဗာန်မြို့တော်တွင် ရက်အနည်းငယ်နေထိုင်၍ လူသားဧကရာဇ် စည်းတံဆိပ်ကို ဆက်လက်လေ့လာနေခဲ့သည်။
ငါးရက်အကြာတွင် ရှားယွင်ချုံးသည် အဆုံးသတ်၌ ကျန်းချန်ကို အခေါ်လွှတ်ရန် လူတစ်ဦးကို စေလွှတ်ခဲ့ပြီး အစည်းအဝေးခန်းမသို့ လာရောက်ရန် တောင်းဆိုခဲ့သည်။
အစည်းအဝေး ခန်းမသို့ ကျန်းချန် ရောက်ရှိလာသောအခါတွင် ရှားယွင်ချုံးနှင့် အခြားသော အထွတ်အထိပ် အကြီးအကဲရှစ်ဦးသည် ထိုနေရာတွင် စုဝေးနေခဲ့ကြပြီ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကထက် ပိုမို အားကောင်းလာသော ကျန်းချန်၏ အရှိန်အဝါကို ခံစားမိလျှင် သူတို့အားလုံးသည် အနည်းငယ် တုန်လှုပ်သွားခဲ့ကြသည်။
ကျန်းချန်၏ ခွန်အားသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ရရှိခဲ့သော ဝိညာဥ်အဆီအနှစ် ခရစ္စတယ်များကြောင့် များစွာ တိုးတက်လာပုံရ၏။
"နန်းတော်သခင်ကျန်း.. ခွင်းရှဂိုဏ်းက ပြန်လည် ရှင်သန်လာသူတွေကို ကျွန်တော်တို့ အနိုင်ရခဲ့ပေမဲ့ ရှေးဟောင်း အင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ အန္တရာယ်ကတော့ ပပျောက်ခြင်းမရှိသေးဘူး.. ကျွန်တော်တို့တွေ အခု ဒီကိစ္စကို ဆွေးနွေးနေတယ်.. နန်းတော်သခင်ကျန်းမှာ ဘယ်လိုမျိုး အမြင် ရှိပါသလဲ"
ကျန်းချန် ရောက်ရှိလာသည်ကိုမြင်လျှင် ရှားယွင်ချုံးသည် ယဥ်ကျေးစွာ မေးလိုက်သည်။
"ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းရမယ်လို့ ကျွန်တော်ထင်တယ်.. ခွင်းရှဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်တဲ့အတွက် အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ရှိတယ်.. ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားရင် ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူမှာ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တောင် ရှိလောက်တယ်.. ဒီစွမ်းအင်ခန္ဓာကိုယ်တွေသာ ပြန်လည် မွေးဖွားလာခဲ့မယ်ဆိုရင် အကျိုးဆက်တွေက မတွေးနိုင်လောက်အောင်ပဲ"
ရှားယွင်ချုံး၏ မေးခွန်ကိုကြားလျှင် ကျန်းချန်သည် တွေဝေမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"နန်းတော်သခင်ကျန်း ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို နားလည်ပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့မှာ ခုခံကာကွယ်ဖို့ နည်းလမ်းကလွဲပြီး တခြားကောင်းမွန်တဲ့ နည်းလမ်းကို မတွေ့ရှိသေးဘူး"
ရှားယွင်ချုံးက မချိပြုံးပြုံး၍ ပြန်ဖြေလိုက်သည်။
သိထားရမည့်အချက်မှာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲမှ ခွင်းရှဂိုဏ်း၏ စွမ်းအင်ခန္ဓာကိုယ်များသည် အလွန်ပင် အစွမ်းထက်ကြသည်။
ထို့အပြင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲတွင် အင်ပါယာတစ်ပိုင်းပုဂ္ဂိုလ်များ ရှိနိုင်လောက်၏။
သူတို့ လျှို့ဝှက်နယ်မြေရှစ်ခုသာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲသို့ အရမ်းကာရော ဝင်ရောက်သွားခဲ့လျှင် သူတို့အားလုံးသည် ဤကမ္ဘာလောကထဲကနေ လုံးဝ ပျောက်ကွယ်သွားလောက်သည်။
"ကျွန်တော့် ခန့်မှန်းချက်မမှားရင် ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူက လျှို့ဝှက်ဆန်းကြယ်တဲ့ အစီအရင်တစ်ခုကနေ ဖန်တီးထားတဲ့ အထူးနယ်မြေတစ်ခု ဖြစ်လိမ့်မယ်.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ ပြဿနာကို တစ်ခါတည်းဖြေရှင်းချင်ရင် အကောင်းဆုံး နည်းလမ်းက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အစီအရင်ကို ချိုးဖျက်ပြီး ရှေးဟောင်း အင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူကို ရှန်းဝူတိုက်ကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်တဲ့ နည်းလမ်းပဲရှိတယ်"
"ဒီလိုလုပ်ကြရအောင် အကြီးအကဲတို့က ဆိတ်ငြိမ်နယ်မြေမှာပဲ ဆက်နေပြီး ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကနေ ထွက်လာကြတဲ့ ပြန်လည်ရှင်သန်လာသူတွေကို တားဆီးထားကြပါ.. ကျွန်တော်ကတော့ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ပြီး ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေကြည့်မယ်"
ကျန်းချန်၏ စကားကိုကြားလျှင် ရှားယွင်ချုံးသည် ခေါင်းညိတ်လိုက်ပြီး တစ်ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
"ငါတို့ ဟောင်ထျန်း သူတော်စင်နယ်မြေမှာ အဋ္ဌမအဆင့် အထွတ်အထိပ် အစီအရင်သခင် တစ်ယောက်ရှိတယ်.. နန်းတော်သခင်ကျန်း ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူကို သွားရင် သူ့ကို ထည့်ပေးလိုက်ပါမယ်"
သူတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုတွင် လက်ရှိအချိန်၌ ကျန်းချန် အကြံပေးသော အစီအစဥ်ထက် ပိုမို ကောင်းမွန်သည့် နည်းလမ်းမရှိပေ။
ထိုကိစ္စအတွက် ကျန်းချန်က ကြိုးစားကြည့်ရန် ဆန္ဒရှိနေသည်ဖြစ်ရာ ရှားယွင်ချုံးသည် သံသယဖြစ်ဖွယ်ရာ မရှိ ထောက်ခံခဲ့သည်။
"မလိုပါဘူး အစီအရင်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော့်ဘာသာ ဖြေရှင်းလို့ရပါတယ်"
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
သူ၏ ခန့်မှန်းချက်အရ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အစီအရင်သည် အနည်းဆုံးရွှမ်းဝူကောင်းကင် အစီအရင်နှင့် အဆင့်တူလောက် ဖြစ်နိုင်သည်။
အဋ္ဌမအဆင့် အထွတ်အထိပ် အစီအရင်သခင် မပြောနှင့်၊ နဝမအဆင့် အစီအရင်သခင်ပင်လျှင် ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အစီအရင်နှင့် ပတ်သက်၍ ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းချန် တစ်ဦးတည်းသာလျှင် စနစ်၏ စွမ်းအားကို အသုံးပြုကာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အစီအရင်ကို နားလည်နိုင်မည် ဖြစ်၏။
သေချာဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် နိဗ္ဗာန်မြို့တော်ကနေ တစ်ကိုယ်တော် ထွက်လာခဲ့ပြီး ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူရှိရာသို့ တိုက်ရိုက်ပင် ဦးတည်လိုက်သည်။
ဆိုရလျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကိစ္စသည် အချိန်ကြာလာလေလေ ရှန်းဝူကုန်းမြေတိုက်အတွက် အန္တရာယ်ရှိလာလေလေ ဖြစ်သည်။
ယခုအခါတွင် ခွင်းရှဂိုဏ်း၏ စွမ်းအင်ခန္ဓာကိုယ်များသည် ပြန်လည်ရှင်သန်ခြင်းကို အရှိန်မြင့် လုပ်ဆောင်နေသည် ဖြစ်ရာ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူတစ်ဦး မည်သည့်အချိန်တွင် ထွက်ပေါ်လာမည်လဲ ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်က ပြိုင်ဘက်ကင်းနေလျှင်ပင် အင်ပါယာ ဥပဒေသကို နားလည်ထားသည့် အင်ပါယာတစ်ပိုင်း အဆင့်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်နိုင်မည်ဟု တပ်အပ် မပြောနိုင်ပေ။
ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဖွင့်လှစ်သည့်အချိန် မဟုတ်၍ အပြင်လူများသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ရောက်၍ မရသေးပေ။
ကျန်းချန်က ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အစီအရင်ကို နားလည်နိုင်မလားဟု ကြိုးစားကြည့်ခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် လှည့်ပတ်ကြည့်ရှုပြီးနောက်မှာပင် ဘာမှ မထူးခြားခဲ့ပေ။
ထို့နောက်တွင် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အထက် ပေတစ်ထောင်ကျော်သို့ ပျံသန်းလိုက်ပြီး အောက်ဘက်မှ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကို ငုံ့ကြည့်လိုက်သည်။
ထိုအချိန်မှာပင် ရင်းနှီးသောစနစ်၏ သတိပေးချက် တစ်ခုသည် ကျန်းချန်၏ စိတ်ထဲတွင် အဆုံးသတ်၌ ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က နတ်အဆင့် အစီအရင်ဖြစ်တဲ့ ဝိညာဥ် ပြန်လည်မွေးဖွားခြင်းအစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ရဲ့ အနှစ်သာရကို တစ်သောင်းပုံတစ်ပုံ နားလည်သွားခဲ့ပါပြီ"
အခန်း(၁၃၇၅)ပြီး၏။
အခန်း(၁၃၇၆)
"ဒါက နတ်အဆင့်အစီအရင် ဖြစ်တဲ့ ဝိညာဥ် ပြန်လည်မွေးဖွားခြင်းအစီအရင် ဖြစ်နေတာကိုး"
သူ၏စိတ်ထဲမှ စနစ်၏သတိပေးချက်ကိုကြားလျှင် ကျန်းချန်သည် သက်ပြင်းချလိုက်သည်။
အဆ ၁၀၀ စနစ်၏ အထောက်အပံ့ ရှိနေသရွေ့ ကျန်းချန်အတွက် နတ်အဆင့် အစီအရင်ဖြစ်သည့် ဝိညာဥ်ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်ရန်မှာ အချိန်တစ်ခုသာ လိုအပ်၏။
"ဒင်.. သင်က ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ အနှစ်သာရကို တစ်သောင်းပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ"
"ဒင်..သင် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်..သင် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ အဆီအနှစ်ကို တစ်သောင်းပုံ တစ်ပုံ နားလည်သွာခဲ့ပါပြီ"
"..........."
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ဤဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို သူနားလည်နိုင်သော အရှိန်အဟုန်က ရွှမ်းဝူကောင်းကင် အစီအရင်ကို နားလည်ခဲ့သည့် နောက်ဆုံးအကြိမ်ကထက် အနည်းငယ်ပို၍ ခက်ခဲသည်ကို တွေ့ရှိခဲ့သည်။
ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို တစ်ကြိမ်လျှင် တစ်သောင်းပုံ တစ်ပုံ နားလည်နိုင်၍ သူနားလည်ရန် လိုအပ်သောအချိန်သည် ရွှမ်းဝူကောင်းကင် အစီအရင်ထက် နှစ်ဆ ပိုမို ကြာမြင့်၏။
ကျန်းချန်သည် အင်ပါယာမြှုပ်နှံခြင်းချောက်နက် ထဲတွင် ရွှမ်းဝူကောင်းကင် အစီအရင်ကို နားလည်ရန် တစ်ဆယ့်နှစ်ရက် ကြာမြင့်ခဲ့သည်။
သို့ဖြစ်ရာ ဤဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်ရန် အနည်းဆုံး ရက်ပေါင်းနှစ်ဆယ်ခန့် ကြာမြင့်လိမ့်မည် ဖြစ်၏။
သို့သော်လည်း ဤဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်နိုင်ပြီး ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ပြဿနာကို ဖြေရှင်းနိုင်သရွေ့ ရက်ပေါင်း နှစ်ဆယ်ခန့်သည် သူ့အတွက် ဘာမှမဟုတ်ပေ။
ဝိညာဥ် ပြန်လည်မွေးဖွားခြင်းအစီအရင်ကို နားလည်အောင်ကြိုးစားရာတွင် အနှောင့်အယှက် မဖြစ်စေရန်အတွက် ကျန်းချန်သည် သူ၏ ပတ်ပတ်လည်တွင် လျှို့ဝှက် အစီအရင်တစ်ခုကို ဖွဲ့စည်းကာ သူ၏ အရှိန်အဝါကို လုံးဝဖုံးကွယ်ထားခဲ့သည်။
နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် အနီးပတ်ဝန်းကျင်တွင် မရှိသရွေ့ သူ၏ တည်ရှိမှုကို သိရှိနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန် အစီအရင်ကို ဖွဲ့စည်းပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အထက်ရှိ လေထုထဲတွင် ခြေချိတ်၍ ထိုင်လိုက်ပြီး ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်ရန် ကြိုးစားခဲ့သည်။
တစ်ရက်၊နှစ်ရက်၊သုံးရက်...
အချိန်ကာလသည် မသိလိုက် မသိဘာသာဖြင့်ပင် လဝက်ခန့်ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်၏ ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်မှုသည် သုံးပုံနှစ်ပုံနီးပါး အထိ ရောက်ရှိနေခဲ့ပြီဖြစ်၏။
ထိုကာလအတွင်း ကျန်းချန်သည် ရုန့်ရင်းသောစွမ်းအင်အရှိန်အဝါ တချို့က ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကနေ ထွက်လာခဲ့သည်ကို ခပ်ရေးရေး ခံစားမိလိုက်သည်။
သို့သော်လည်း ဆိတ်ငြိမ်နယ်မြေ၏ ဝင်ပေါက်တွင် စောင့်ရှောက် ကာကွယ်နေသည့် ရှားယွင်ချုံးတို့ ရှိနေသောကြောင့် ကျန်းချန်သည် ထိုကိစ္စကို လျစ်လျူရှုခဲ့ပြီး လေထုထဲမှာပင် ငြိမ်သက်စွာ ဆက်လက်နေကာ ဝိညာဥ်ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်အောင် ကြိုးစားခဲ့သည်။
နောက်ထပ် ငါးရက်ကြာပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ ရင်းနီးသောစနစ်၏ သတိပေးသံက ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က နတ်အဆင့်အစီအရင်ဖြစ်တဲ့ ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"
ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်သွားခဲ့သည်။
ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူသည် ကျန်းချန် ခန့်မှန်းထားသည့် အတိုင်းပင် နတ်အဆင့် အစီအရင်ဖြစ်သည့် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကနေ လုံးဝ ဖန်တီးထားသည့် အထူးနယ်မြေတစ်ခု ဖြစ်သည်။
ဤဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ထဲတွင် ကျဆုံးသွားသူ အားလုံးသည် မူလ ဝိညာဥ် အဆီအနှစ်များ အလိုအလျောက် စုစည်းကာ ဤအစီအရင်ထဲတွင် ပြန်လည်ရှင်သန်နိုင်သည့် အထူး စွမ်းအင်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်၏။
သို့သော်လည်း စွမ်းအင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီးနောက်တွင် နတ်သန္ဓေအင်ပါယာ အဆင့်အောက်ရှိ စွမ်းအင်ခန္ဓာကိုယ်များသည် ၎င်းတို့၏ မှတ်ဥာဏ်နှင့် စွမ်းရည်အားလုံးကို ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။
နတ်သန္ဓေအင်ပါယာ အဆင့်အထက်မှ စွမ်းအင်ခန္ဓာကိုယ်များသာ မှတ်ဥာဏ်တချို့နှင့် ၎င်းတို့ ကျွမ်းကျင်ထားသည့် ကိုယ်ခံပညာများကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
အစွမ်းထက် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်များကမူ ပြီးပြည့်စုံသော မှတ်ဥာဏ်များကိုပင် ထိန်းသိမ်းထားနိုင်၏။
ဝိညာဥ် ပြန်လည်မွေးဖွားခြင်းအစီအရင်၏ သဘောတရားကို နားလည်ပြီးနောက်တွင် ကျန်းချန်ထံ၌ ခန့်မှန်းချက်တစ်ချို့ ရှိခဲ့သည်။
ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အစီအရင်သည် ခွင်းရှဂိုဏ်း၏ ခေါင်းဆောင်ကိုယ်တိုင် လျှို့ဝှက်စွာ ဖန်တီးထားခြင်း ဖြစ်နိုင်၏။
ခွင်းရှဂိုဏ်း၏ ခေါင်းဆောင်သည် ခွင်းရှဂိုဏ်းက မလွဲမသွေ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရမည်ကို ကြိုတင်သိရှိခဲ့၍ ခွင်းရှဂိုဏ်းကို တစ်နည်းနည်းဖြင့် ကမ္ဘာပေါ်တွင် ပြန်လည် မွေးဖွားနိုင်ရန်အတွက် ဤပြန်လည် မွေးဖွားခြင်းအစီအရင်ကို ကြိုတင်၍ စီစဥ်ထားခဲ့ပုံရ၏။
ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ အဓိကအစိတ်အပိုင်းသည် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ထဲတွင်သာ တည်ရှိသည်။
ထို့ကြောင့် ဤအစီအရင်ကို ချိုးဖျက်ချင်လျှင် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို သွားရလိမ့်မည်ဖြစ်၏။
ထို့နောက်တွင် ကျန်းချန်က ခြေချိတ်၍ ထိုင်နေရာကနေ ချက်ချင်းဆိုသလို ထရပ်လိုက်ပြီး ကောင်းကင်ထက်ကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်များသည် ကျန်းချန်၏ ခွန်အားကို အလျင်အမြန် တိုးမြှင့်ပေးနိုင်သည့် နတ်ဘုရားကဲ့သို့ ပစ္စည်းများဖြစ်၍ မည်သည့် ဝိညာဥ်ဆေးလုံးထက် မဆို ပို၍ အဖိုးတန်သည်။
မူလက ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို ထပ်မံ ဝင်ရောက်ကာ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်များကို အမဲလိုက်၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ထိ မြှင့်တင်ရန် စဥ်းစားထားခဲ့သည်။
ယခုအခါတွင် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ချိုးဖျက်ရန်အတွက် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို မဖြစ်မနေ ဝင်ရောက်ရမည် ဖြစ်ရာ ကျန်းချန်သည် လုံးဝ တွေဝေမနေဘဲ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။
သူက ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို နားလည်သွားပြီ ဖြစ်သောကြောင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းစရာ မလိုအပ်ဘဲ တိုက်ရိုက် ဝင်ရောက်နိုင်စွမ်း ရှိလာခဲ့သည်။
သို့သော်လည်း ကျန်းချန် လေထုထဲကနေ ဆင်းသက်လာပြီး ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ကာနီးမှာပင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူအတွင်းကနေ စွမ်းအင်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကနေ ထွက်လာသည်ကို သူတွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် အားရပါးရ ရယ်မောသံ တစ်သံသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားခဲ့သည်။
"ဟားဟား.. နှစ်ပေါင်းဘယ်လောက်တောင် ကြာမြင့်သွားပြီလဲမသိဘူး.. ငါရှထျန်းယန်က နောက်ဆုံးတော့ ဒီနယ်မြေရဲ့ကန့်သတ်ချက်ကနေ လွတ်မြောက်ပြီး အပြင်ဘက်က ကောင်းကင်ကြီးကို ပြန်မြင်ခွင့် ရခဲ့ပြီ"
သို့သော်လည်း ရှထျန်းယန်၏ ရယ်မောသံ အဆုံးသတ်သောအချိန်မှာပင် အေးစက်စက် ရေရွတ်လိုက်သော အသံတစ်သံသည် ရှထျန်းယန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"မင်းက ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်ခဲ့ပေမဲ့ ကံဆိုးတာက ငါနဲ့မှ ထိပ်တိုက်လာတွေ့တာပဲ.. ကြည့်ရတာ မင်းအနေနဲ့ အပြင်လောကရဲ့ ကောင်းကင်ကြီးကို တစ်ခဏပဲ မြင်တွေ့နိုင်တော့မယ် ထင်တယ်"
"ဘယ်သူလဲ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှထျန်းယန်က အံ့အားသင့်သွားခဲ့သည်။
သူက လေထဲသို့ မော့ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေး တစ်ဦးသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အထက်ရှိ လေထုထဲကနေ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
ရှထျန်းယန်က ချက်ချင်းပင် မဲ့ပြုံးပြုံးကာ ပြောလိုက်၏။
"ကောင်လေး မင်းကများ ဒီဧကရာဇ်ရှေ့မှာ စကားကြီး စကားကျယ် ပြောရဲတယ်.. မင်းက သေမင်းခံတွင်းဝထိ ကိုယ့်ဘာသာကိုယ် ခုန်ဆင်းလာတာ ဆိုတော့ ဒီဧကရာဇ်က မင်းကိုငရဲဘုံဆီ တစ်ခါတည်း ပို့ပေးလိုက်မယ်"
ရှထျန်းယန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏လက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်တစ်ခုသည် လေထုထဲတွင် မီးလက်ဝါးကြီး တစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။
ကျန်းချန်က မီးလက်ဝါး သူ့ဆီသို့ ဦးတည်လာသော်လည်း တည်ငြိမ်စွာပင် လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် မီးလက်ဝါးကို အလွယ်တကူ ဖြိုခွင်းလိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် လေထုထဲတွင် လက်ပိုက်၍ ရပ်နေရင်း ရှထျန်းယန်ကို အပေါ်စီးကနေ ကြည့်လိုက်ကာ မောက်မာစွာ ပြောလိုက်သည်။
"ငါ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကိုဝင်ဖို့ လမ်းပြတစ်ယောက် လိုအပ်နေတာနဲ့ အတော်ပဲ.. မင်းကိုအခွင့်အရေးပေးမယ်.. ငါ့ကိုအညံ့ခံပြီး ခွင်းရှဂိုဏ်းဆီ ခေါ်သွားပေး.. အဲဒါဆို မင်းရဲ့အသက်ကို ချမ်းသားပေးမယ်"
ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ အဓိကအူတိုင်သည် ခွင်းရှဂိုဏ်း၏ နယ်မြေတွင် တည်ရှိသည်။
ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ထဲကို ဝင်ရောက်ပြီး ခွင်းရှဂိုဏ်း၏ နယ်မြေကို ရှာဖွေရန်မှာ မလွယ်ကူပေ။
သူ့ရှေ့မှ ရှထျန်းယန်သည် အလွန်ပင် သန်မာပြီး ခွင်းရှဂိုဏ်းတွင် ၎င်း၏ ရာထူးကလည်း နိမ့်ကျပုံမရပေ။
ထို့ကြောင့် ထိုသူသာ လမ်းပြမည်ဆိုလျှင် သူ့အတွက် အခက်အခဲများစွာ သက်သာသွားလိမ့်မည် မဟုတ်ပါလား။
"ဟားဟား မင်းက ဘာမို့လို့ ဒီဧကရာဇ်ကို မင်းဆီမှာ အညံ့ခံခိုင်းရဲတာလဲ"
ရှထျန်းယန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ထဲကနေ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် စွမ်းရည်များသည် ချက်ချင်းဆိုသလို ပေါက်ကွဲ၍ ထွက်လာခဲ့၏။
အခန်း(၁၃၇၆)ပြီး၏။
အခန်း(၁၃၇၇)
"ကောင်လေး သွားသေလိုက်စမ်း"
ရှထျန်းယန်က ကြောက်မက်ဖွယ် အရှိန်အဝါနှင့်အတူ ကောင်းကင်ပေါ်သို့ လှမ်းတက်လာခဲ့ပြီး ကျန်းချန်ဆီသို့ တိုက်ရိုက်ပင် ခြေလှမ်းလိုက်သည်။
"ဝုန်း.."
လေထဲတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး မီတာတစ်ထောင် နေရာလွတ်သည် ချက်ချင်းပင် ကြေမွသွားခဲ့၏။
မကြာခင်မှာပင် ရှထျန်းယန်၏ ခြေဖဝါးတွင် နီမြန်းသောအလင်းများ တောက်ပလာခဲ့ပြီး ကြီးမားသော ခြေထောက်အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် ရှထျန်းယန်သည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာသော နတ်ဘုရားတစ်ပါးနှယ် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါနှင့်အတူ ကျန်းချန်၏ ဦးခေါင်းကို အထက်စီးကနေ နင်းချလိုက်သည်။
ရှထျန်းယန်၏ ခြေထောက် ကျဆင်းလာသောအချိန်မှာပင် တောက်ပသော ဓားအလင်းသည် မီးတောင် ပေါက်ကွဲသွားသကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ရှထျန်းယန်၏ ခြေထောက်ကို တိုက်ခိုက်လိုက်သည်။
"ဝုန်း.."
ကမ္ဘာကိုပင် တုန်လှုပ်စေသော ပေါက်ကွဲသံသည် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။
တောက်ပသော ဓားအလင်းသည် ရှထျန်းယန်၏ ပေတစ်ရာခန့် ကြီးမာသော ခြေထောက်ကို ချက်ချင်းဆိုသလို ကြေမွသွားစေခဲ့၏။
ချက်ချင်း ဆိုသလိုပင် ရှထျန်းယန်သည် နောက်သို့ ဆုတ်လိုက်ရသည်။
ကျန်းချန်က လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေရင်း တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းအသက်ရှင်ချင်သေးတယ်ဆိုရင် ခွင်းရှဂိုဏ်းရဲ့ နယ်မြေဆီ ငါ့ကို ခေါ်သွားပေးရမယ်"
"ကောင်လေး မင်းက ကိုယ်ခံပညာနယ်မြေကို အဆင့်မြင့်နယ်မြေအဆင့်ထိ နားလည်နေလိမ့်မယ်လို့ ငါမထင်ထားမိဘူး.. အစောပိုင်းက ငါနောက်ဆုတ်လိုက်ရတာ သတိမထားခဲ့.. ဒီဧကရာဇ်ရှေ့မှာ မာန်တက်ပြမနေနဲ့"
ရှထျန်းယန်က ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို ပေခြောက်ရာ ပတ်လည်ကို လွှမ်းခြုံထားသော မီးနယ်မြေတစ်ခုကို ဖော်ထုတ်လိုက်သည်။
"အဆင့်မြင့်နယ်မြေအဆင့်ကို ရောက်ရှိနေတဲ့ မီးနယ်မြေပါလား"
ရှထျန်းယန်သည်လည်း သူကဲ့သို့ပင် အဆင့်မြင့် နယ်မြေအဆင့်ကို နားလည်ထားသော ကျင့်ကြံသူဖြစ်မှန်း ထင်ရှားနေ၏။
"ကောင်လေး ဒီကမ္ဘာပေါ်မှာ ကိုယ်ခံပညာနယ်မြေကို အဆင့်မြင့် နယ်မြေအဆင့်အထိ နားလည်ထားတာ မင်း တစ်ယောက်တည်း မဟုတ်ဘူး"
ရှထျန်းယန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။
နေရာလွတ်ထဲတွင် လောင်ကျွမ်းနေသာ မီးလျှံများသည် ချက်ချင်းဆိုသလိုပင် ပေတစ်ရာခန့် ရှိသော မီးလျှံနဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကျန်းချန်ကို ဖိနှိပ်ရန် ရောက်ရှိလာခဲ့သည်။
"မင်းရဲ့ မီးနယ်မြေက အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်တော့ရော ငါက ကြောက်ရမှာလား.. ဒီလောက်နဲ့ ငါ့ကို ယှဥ်နိုင်မယ်လို့ မထင်နဲ့"
ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်ပြီးနောက်တွင် အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော ဓားနယ်မြေနှင့် မိုးကြိုးနယ်မြေ တို့ကို ချက်ချင်းဆိုသလို ပေါင်းစပ်လိုက်ကာ မိုးကြိုးလျှပ်စီးများ တလက်လက် တောက်ပနေသော ဧရာမဓားတစ်လက် အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထို့နောက်တွင် မီးနဂါးဓားနှင့် ဧရာမဓားသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါး တိုက်ခိုက်နေသကဲ့သို့ပင် ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်းသည် ကမ္ဘာမြေကိုပင် တုန်ခါစေခဲ့သည်။
သို့သော်လည်း နှစ်ဦးကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုသည် ကြာရှည်မခံခဲ့ပေ။
ကျန်းချန်၏ ဧရာမဓားသည် မီးနဂါးကို ချက်ချင်းဆိုသလို ကြွေမွသွားစေခဲ့ပြီး ရှထျန်းယန် ဖော်ထုတ်ထားသည့် အဆင့်မြင့်နယ်မြေအဆင့် မီးနယ်မြေကိုပင် လေထုထဲ၌ ချက်ချင်းဆိုသလို ပြာ ဖြစ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှထျန်းယန်၏ ခန္ဓာကိုယ်သည် မိုးကြိုးပစ်ခံရသကဲ့သို့ တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်ကာ လေထဲမှာပင် ပေရာချီ အကွာအဝေးထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
"အဆင့်မြင့်နယ်မြေအဆင့်ကို ရောက်ရှိနေတဲ့ မိုးကြိုးနယ်မြေနဲ့ ဓားနယ်မြေပါလား.. မင်းက အဆင့်မြင့်နယ်မြေ နှစ်မျိုးကိုတောင် နားလည်ထားတယ်လား"
ရှထျန်းယန်သည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းထဲတွင် တုန်လှုပ်သောအရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။
သူ၏ရှေ့မှ ကောင်လေးသည် အသက်နှစ်ဆယ်ကျော်လေးသာ ရှိသေးသော်လည်း ကျင့်ကြံခြင်း အဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့်ကို ရောက်ရှိနေသည့် အပြင် အဆင့်မြင့်နယ်မြေ နှစ်မျိုး၏ စွမ်းအင်ကိုပင် နားလည်နေခဲ့သည်။
ဤကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင်မျိုးသည် သူတို့အထွတ်အထိပ် ရောက်စဥ်ခေတ်မှာပင် ရှားပါး၏။
"မင်းရဲ့ခွန်အားက မဆိုးပါဘူး.. ရှဟန်ထျန်းထက် မနိမ့်ဘူး.. ငါက မင်းရဲ့ နဝမအဆင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကိုပဲ စိတ်ဝင်စားတယ်.. မင်းင့ါကို အညံ့ခံဖို့ ဆန္ဒမရှိဘူးဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို ငါ့ကိုလွှဲပေးလိုက်ပါ"
ကျန်းချန်၏ မျက်နှာထက်တွင် စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်၏ စကားကို ကြားပြီးနောက်တွင် ရှထျန်းယန်သည် တစ်စုံတစ်ရာကို တွေးမိသွားခဲ့ပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"မင်း..မင်းက လွန်ခဲ့တဲ့ နှစ်လလောက်က ရှဟန်ထျန်းကို အရှက်တကွဲ ထွက်ပြေးသွားအောင် လုပ်ခဲ့တဲ့ ကောင်လေးလား"
ရှထျန်းယန်သည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ပြန်လည်ရှင်သန်လာခဲ့ခြင်း ဖြစ်၍ ပြန်လည် ရှင်သန်လာပြီးနောက်တွင် အပြင်လောကသို့ ထွက်ရန် မအောင့်အီးနိုင်ခဲ့ပေ။
ရှထျန်းယန် ပြန်လည် ရှင်သန်လာပြီးနောက်တွင် ရှဟန်ထန်းသည် သူ့ကို အပြင်မထွက်လျှင် အကောင်းဆုံးဟု သတိပေးခဲ့သည်။
သို့သော်လည်း ရှထျန်းယန်သည် သူ၏ ခွန်အားကို ယုံကြည်မှုရှိပြီး ရှဟန်ထျန်း၏ စကားကို ဂရုမစိုက်ခဲ့ပေ။
ဤအချိန်တွင်မူ ရှထျန်းယန်သည် အနည်းငယ် နောင်တရနေခဲ့ပြီဖြစ်သည်။
ခွင်းရှဂိုဏ်းကနေ ထွက်လာသည်နှင့် ဤကဲ့သို့ နတ်ဆိုးဆန်သောပါရမီရှင်နှင့် ထိပ်တိုက်တိုးလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူ၏ အတိတ်ကာလက အထွတ်အထိပ် စွမ်းရည်ကို ပြန်လည်ရရှိခဲ့လျှင်ပင် ထိုကောင်လေးကို ရင်ဆိုင်ဖို့ မလွယ်သည်ဖြစ်ရာ လက်ရှိ ပြန်လည် ရှင်သန်လာသော ခန္ဓာကိုယ်ဖြင့် ဆိုလျှင် မည်ကဲ့သို့ဖြစ်နိုင်ပါအံ့နည်း။
ရှထျန်းယန် တွေဝေနေသောအချိန်မှာပင် ပတ်ဝန်းကျင်နေရာလွတ်၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။
ကျန်းချန်က သူ့ကို သတ်ဖြတ်တော့မည်ကို မြင်လျှင် ရှထျန်းယန်၏ စိတ်နှလုံးတွင် ရုတ်တရက် သေခြင်းတရား၏ အရိပ်အငွေ့များကို ခံစားလိုက်ရ၏။
သူက ထိတ်လန့်တကြားဖြင့် ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။
"ငါမင်းဆီမှာ အညံ့ခံပါ့မယ်.. မင်းကို ခွင်းရှဂိုဏ်းဆီ ခေါ်သွားပေးဖို့ ဆန္ဒရှိပါတယ်"
ခွင်းရှဂိုဏ်း ပြိုလဲသွားကတည်းကပင် ရှထျန်းယန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲတွင် စွမ်းအင်ခန္ဓာကိုယ် ပုံစံဖြင့် နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။
ယခုအခါတွင် ရှထျန်းယန်သည် ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်ရာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ ကန့်သတ်ချက်များကနေ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူက အပြင်လောကကို လွတ်လပ်စွာကြည့်ရှုရန် အချိန်မရသေးခင်မှာပင် ကျန်းချန်၏ လက်ထဲကို ကျရောက်သွားခဲ့မည်ဟု မထင်ထားခဲ့ပေ။
ရှထျန်းယန် သူ့ကို အညံ့ခံလိုက်သည်အား မြင်လျှင် ကျန်းချန်သည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ လက်ဟန်များကို ပြုလုပ်ကာ ဆန်းကြယ်သော စည်းတံဆိပ်တစ်ခုကို ရေးဆွဲလိုက်ပြီး ရှထျန်းယန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
"ရှေးဟောင်း သားရဲထိန်းချုပ်ခြင်း ပညာရပ်"
ကျန်းချန်၏ မြင်ကွင်းထဲတွင် ခွင်းရှဂိုဏ်းမှ ပြန်လည်ရှင်သန်လာသောသူများသည် သားရဲများနှင့် ဆင်တူ၏။
၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်သည် သားရဲထံကနေ ရရှိသည့် သားရဲအမြုတေနှင့် အလွန်ဆင်တူသည်။
ရှေးဟောင်း သားရဲပညာရပ်ဖြင့် ရှထျန်းယန်၏ ဝိညာဥ်အဆီအနှစ်ခရစ္စတယ်ကို ထိန်းချုပ်ထားနိုင်သရွေ့ ရှထျန်းယန်သည် သူ၏ ရှေ့တွင် မည်သည့် ဆန့်ကျင်မှုကိုမှ ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
သူ၏ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ပေါ်မှ ကျန်းချန်၏ ကန့်သတ်မှုကို ခံစားမိလျှင် ရှထျန်းယန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း သူ့အနေဖြင့် လက်ရှိအချိန်တွင် ဤလူငယ် ထံတွင် အညံ့ခံရုံသာ ရှိ၏။
ထိုသို့ ထိန်းချုပ်ခံရသည်ကို မလိုလားသော်လည်း သူ၏ အသက်ကို ကျန်းချန်၏ လက်ထဲတွင် ထားရှိရုံက လွဲ၍ တခြားသောနည်းလမ်း မရှိပေ။
ရှထျန်းယန်ကို ထိန်းချုပ်ပြီးနောက်တွင် ကျန်းချန်သည် သူသိချင်သော အကြောင်းအရာများကို တိုက်ရိုက်ပင် မေးလိုက်သည်။
"မင်းတို့ ခွင်းရှဂိုဏ်းမှာ နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူ ဘယ်နှစ်ယောက်ထိ ပြန်လည်ရှင်သန်ပြီးပြီလဲ.. ဒါ့အပြင် ခွင်းရှဂိုဏ်းမှာ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တွေရော ရှိနေလား"
"သွေးနတ်ဆိုးနန်းတော်ရဲ့ အကူအညီနဲ့ ပြန်လည်ရှင်သန်လာတဲ့ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူတွေတော့ ရှိတယ် ဒါပေမဲ့ အများစုက အပြင်မှာ ကျဆုံးသွားခဲ့ကြတယ်.. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ခွင်းရှဂိုဏ်း ပျက်စီးသွားတဲ့အချိန်မှာ အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတွေက တိုက်ပွဲရဲ့ဗဟိုချက်မှာ ရှိနေတဲ့အတွက် ချက်ချင်းဆိုသလို ဖျက်ဆီးခံခဲ့ရပြီး စွမ်းအင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲဖို့တောင် အခွင့်အရေး မရရှိလိုက်ဘူး.. ပြောရရင် ငါတို့ ခွင်းရှဂိုဏ်းမှာ အင်ပါယာနယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး.. အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေထဲမှာတော့ စွမ်းအင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားတဲ့လူ အနည်းငယ်ရှိခဲ့တယ်.. ဒါပေမဲ့ အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ် ပိုင်ရှင်အတွက် ပြန်လည်ရှင်သန်ဖို့က ငါတို့ထက် အဆများစွာ ပိုပြီးခက်ခဲတယ်.. သူတို့က ပြန်လည်ရှင်သန်လာဖို့အတွက် နှစ်ထောင်ပေါင်းများစွာ အချိန်ယူနေခဲ့ပြီး အခုအချိန်ထိ အိပ်စက်နေတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်"
ကျန်းချန်က သူ၏ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို ထိန်းချုပ်ထားသောကြောင့် ရှထျန်းယန်သည် သူသိထားသည့် သတင်း အချက်အလက်များကို အနည်းငယ်မျှပင် ဖုံးကွယ်ထားဝံ့ခြင်း မရှိခဲ့ပေ။
သူက ခွင်းရှဂိုဏ်း၏ အခြေအနေမှန်များကို မခြွင်းမချန် ပြောပြခဲ့သည်။
ရှထျန်းယန်၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
ခွင်းရှဂိုဏ်းတွင် အင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ် မရှိသလို အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင် ခန္ဓာကိုယ်များသည်လည်း ပြန်လည်ရှင်သန်သည့် အခြေအနေတွင် မရှိသေးပေ။
ထို့ကြောင့် သူ့အနေဖြင့် ခွင်းရှဂိုဏ်း၏ နယ်မြေသို့ သွားပြီး ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ချိုးဖျက်ရန်အတွက် များစွာ ပို၍ လွယ်ကူသွားပြီ ဖြစ်သည်။
ခွင်းရှဂိုဏ်း၏ အခြေအနေကို သိရှိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
အခန်း(၁၃၇၇)ပြီး၏။