← Chapters

အခန်း (၁၃၇၈-၁၃၈၀)

Vol. 92 Ch. 1378-1380

အခန်း (၁၃၇၈-၁၃၈၀)

Vol. 92 Ch. 1378-1380

အခန်း(၁၃၇၈)

ခွင်းရှဂိုဏ်းသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အလယ်ဗဟိုရှိ တောင်ထွတ်တစ်ခုတွင် တည်ရှိသည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အတွင်းတွင် အာရုံခံစားနိုင်စွမ်းသည် အလွန်ပင် ကျဥ်းမြောင်းသောကြောင့် ကျန်းချန် တစ်ယောက်တည်းအနေဖြင့် ခွင်းရှဂိုဏ်း၏ တည်နေရာကို ရှာဖွေရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြင်ဘက်တွင် ရှထျန်းယန်ကို အညံ့ခံလာစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုဆိုလျှင် ခွင်းရှဂိုဏ်း၏ အကြီးအကဲအဆင့် ပုဂ္ဂိုလ် ဖြစ်သော ရှထျန်းယန်က သူ့ကို လမ်းပြပေးနေခြင်းကြောင့် အရာအားလုံးသည် သံသယဖြစ်ဖွယ်ရာမရှိ ပိုမို လွယ်ကူသွားခဲ့သည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲသို့ ဝင်ရောက်ပြီး နာရီဝက် မပြည့်မီမှပင် ကျန်းချန်သည် ရှထျန်းယန်၏ လမ်းပြမှုဖြင့် ခွင်းရှဂိုဏ်း တည်ရှိရာ တောင်တန်းဆီသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က အဝေးမှနေ၍ ကောင်းကင်ထိတိုင် မြင့်တက်နေသော တောင်ထွတ်ကို ငေးကြည့်လိုက်သည်။

ခွင်းရှဂိုဏ်း၏ နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် မလိုလားအပ်သော ပြဿနာများကို လျှော့ချရန်အတွက် ကျန်းချန်သည် ရှထျန်းယန်က သူ့ကို ဖမ်းဆီးခဲ့သည့်နှယ် ဟန်ဆောင်စေခဲ့သည်။

ခွင်းရှဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ်များသည် ပြန်လည်ရှင်သန်လာရန်အတွက် လူသားခန္ဓာကိုယ်များကို မှီခိုရ၏။

ဤကာလအတွင်း ပြန်လည်ရှင်သန်လာသော ကျင့်ကြံသူများသည် လူတချို့ကို ဖမ်းဆီးကာ ခွင်းရှဂိုဏ်းဆီသို့ ပြန်လည် ရောက်လာလေ့ ရှိသည်။

ထို့ကြောင့် ရှထျန်းယန်က ကျန်းချန်ကို ခေါ်လာသည့်တိုင် လမ်းတစ်လျှောက်တွင် တွေ့ရသည့် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်များသည် သံသယမဝင်ခဲ့ဘဲ ရှထျန်းယန်ကို ရိုသေစွာ နှုတ်ဆက်ခဲ့ကြပြီး ရှထျန်းယန်ဖမ်းဆီးလာပုံရသော ကျန်းချန်ကို လုံးဝ အနှောင့်အယှက်မပေးခဲ့ကြပေ။

မကြာခင်မှာပင် နှစ်ဦးစလုံးသည် အဓိကတောင်ထွတ် ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ခွင်းရှဂိုဏ်း တည်ရှိရာနယ်မြေ၏ အဓိက တောင်ထွတ်သည် ပြန့်ပြန့်ပြူးပြူးရှိပြီး မိုင်တစ်ထောင်ခန့် ကျယ်ဝန်း၏။

တောင်ပေါ်ရှိ ခမ်းနားထည်ဝါသော အဆောက်အအုံ တချို့သည် ပျက်စီးနေခဲ့သော်လည်း ရှေးကျသောခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

"သခင် ဒါက ခွင်းရှဂိုဏ်းရဲ့နေရာပါပဲ.. နောက်ထပ် ဘယ်နေရာကို သွားချင်ပါသလဲ"

ရှထျန်းယန်သည် ကျန်းချန်က ခွင်းရှဂိုဏ်းကို မည်သည့်ကိစ္စအတွက် ရောက်လာမှန်း မသိသောကြောင့် ခပ်တိုးတိုးမေးလိုက်သည်။

ကျန်းချန်က ခွင်းရှဂိုဏ်း၏ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး ခဏအကြာမှာပင် သူ၏အကြည့်သည် ခွင်းရှဂိုဏ်း၏ အလယ်ဗဟိုရှိ နန်းတော်ပျက် တစ်ခုဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

ထိုနန်းတော်သည် အပြင်ပန်းကြည့်လျှင် အလွန်ပင်ဟောင်းနွမ်းသော်လည်း တခြား အဆောက်အအုံများနှင့် ယှဥ်လျှင် အတော်လေး ထင်းထွက်နေခဲ့သည်။

ထို့အပြင် ကျန်းချန်၏ အကြမ်းဖျင်း သုံးသပ်ချက်အရ ပြန်လည်မွေးဖွားခြင်းအစီအရင်၏ အဓိကအူတိုင်သည် ထိုနန်းတော်ထဲတွင် ဝှက်ထားခြင်း ဖြစ်နိုင်သည်။

"ငါ့ကို အဲဒီ နန်းတော်ထဲကို ‌ခေါ်သွားပေးပါ"

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ရှထျန်းယန်ကို တိုက်ရိုက်ပင်အမိန့်ပေးလိုက်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ရှထျန်းယန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"သခင် အဲဒီနေရာကို သွားလို့မဖြစ်ဘူး.. အဲဒီနန်းတော်က ကျွန်တော်တို့ခွင်းရှဂိုဏ်းရဲ့ ရှေးဟောင်းအင်ပါယာ နန်းတော်ပဲ ခွင်းရှဂိုဏ်းဝင် ဘယ်သူကမှ မချဥ်းကပ်နိုင်တဲ့ တားမြစ်နယ်မြေလည်းဖြစ်တယ်.. ခွင်းရှဂိုဏ်း ပြိုလဲပြီးနောက်မှာ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အကြီးအကဲ နှစ်ဦးက စွမ်းအင်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲသွားခဲ့တယ်.. အဲဒီနန်းတော်ရဲ့ တံခါးကို သူတို့နှစ်ယောက်က စောင့်ရှောက်နေကြတယ်"

သူနှင့်ကျန်းချန်၏ ခွန်အားဖြင့် ဆိုလျှင် နန်းတော်၏ တံခါးကိုစောင့်ကြပ်နေသည့် အကြီးအကဲ နှစ်ဦးကို စိုးရိမ်စရာမလိုပေ။

သို့သော်လည်း ထိုအကြီးအကဲနှစ်ဦးနှင့် တိုက်ခိုက်လိုက်သည်နှင့် ခွင်းရှဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ်များကို သတိပေးလိုက်သလို ဖြစ်သွားမည်မှာ သေချာ၏။

ထိုအခြေအနေသို့ ‌ရောက်ရှိခဲ့လျှင် သူတို့နှစ်ဦးသည် အမှန်တကယ်ပင် ထွက်ပြေးဖို့ ခက်ခဲသွားပေလိမ့်မည်။

"ငါက မင်းကို အဲဒီနန်းတော်ဆီ ခေါ်သွားခိုင်းရင် ခေါ်သွားပေးလိုက်ပေါ့.. ဘာလို့ သောက်ရေးမပါတဲ့ စကားတွေကို ပြောနေတာလဲ"

ကျန်းချန်က ရှထျန်းယန်ကို အော်ငေါက်လိုက်သည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် စီရင်ထားသည့် ပြန်လည်မွေးဖွားခြင်း အစီအရင်သည် ခွင်းရှဂိုဏ်း၏ ခေါင်း‌ဆောင်စီစဥ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဤနန်းတော်က ခွင်းရှဂိုဏ်း၏ ခေါင်းဆောင် နေထိုင်သည့် နန်းတော်ဖြစ်ရာ ကျန်းချန်သည် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ အဓိကအူတိုင်က ထိုနန်းတော်ထဲမှာပင် ရှိမှန်း သေချာသလောက် ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ချိုးဖျက်လိုလျှင် နန်းတော်ထဲသို့ မဖြစ်မနေ ဝင်ရောက်ရန် လိုအပ်သည် မဟုတ်ပါလော။

နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ယောက်လောက်ကို ကျန်းချန်သည် လုံးဝဂရုမစိုက်ပေ။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် နယ်မြေငါးခု ပေါင်းစပ် စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ချက်ချင်းဆိုသလို သတ်ဖြတ်နိုင်မည် ဖြစ်၏။

ရှထျန်းယန်သည် သူ၏ စိတ်နှလုံးထဲတွင် ခွင်းရှဂိုဏ်း၏ အင်ပါယာနန်းတော်နားသို့ လုံးဝ မချဥ်းကပ်ချင်သော်လည်း လက်ရှိတွင် သူ၏ သေခြင်းရှင်ခြင်းသည် ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ကျန်းချန်ကို အင်ပါယာနန်းတော် ဆီသို့ ခေါ်သွားရုံသာ တတ်နိုင်ခဲ့သည်။

မကြာမီမှာပင် ရှထျန်းယန်သည် ကျန်းချန်ကို ခွင်းရှဂိုဏ်း၏ နန်း‌တော် ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

"ရှထျန်းယန်.. မင်းဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ.. အင်ပါယာနန်းတော်နားကို ဘယ်သူမှ ချဥ်းကပ်ခွင့်မရှိဘူးဆိုတာ ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် အနေနဲ့ မင်းနားမလည်ဘူးလား.. အခုချက်ချင်းထွက်သွားစမ်း.. မင်းခြေတစ်လှမ်းထပ်တိုးရဲရင် ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"

အသံနှင့်အတူ ရုန့်ရင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့်စွမ်းအင်ခန္ဓာကိုယ် နှစ်ခုသည် အင်ပါယာနန်းတော်၏ ဂိတ်တံခါးနားရှိ လေထုထဲကနေ ထွက်ပေါ်လာခဲ့သည်။

ထိုနှစ်ယောက်က အင်ပါယာနန်းတော်ရှေ့တွင် ‌ပေါ်လာသည့် ရှထျန်းယန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့၏။

ရှထျန်းယန် အင်ပါယာနန်းတော်၏ တံခါးဝတွင် ပေါ်ထွက်လာသည့် အကြီးအကဲနှစ်ဦးကိုမြင်လျှင် စိတ်နှလုံး အနည်းငယ် တင်းကျပ်သွားခဲ့သည်။

သို့သော်လည်း ရှထျန်းယန် မည်သည့်စကားမှ မပြောဆိုရသေးခင်မှာပင် ကျန်းချန်သည် အကြီးအကဲနှစ်ဦးကို လျှပ်တစ်ပြက် တိုက်ခိုက်လိုက်သည်။

အဆင့်မြင့်ဓားနယ်မြေ၊

အဆင့်မြင့်မိုးကြိုးနယ်မြေ၊

အဆင့်မြင့်လေနယ်မြေ၊

အလယ်အလတ်အဆင့် မီးနယ်မြေ၊

အလယ်အလတ်အဆင့် အချိန်နယ်မြေ။

မျက်တောင်တစ်ခေတ် အတွင်းမှာပင် ကျန်းချန်သည် နယ်မြေစွမ်းအား ငါးခုလုံးကို ချက်ချင်းဆိုသလို ပေါင်းစပ်လိုက်ပြီး အင်ပါယာနန်းတော် အ‌ရှေ့ရှိ မီတာရာချီရှိ နေရာလွတ် အားလုံးကို လွှမ်းခြုံပစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် နယ်မြေငါးခု ထပ်ဆင့် စွမ်းအားကနေ ဖြစ်ပေါ်လာသော ရောင်စုံမုန်တိုင်းကြီးသည် အကြီးအကဲ နှစ်ဦးဆီသို့ တိုးဝင်သွားခဲ့သည်။

"ရှထျန်းယန်.. မင်း..မင်း အင်ပါယာနန်းတော်ကို အပြင်လူတွေခေါ်လာရဲတယ်"

ကျန်းချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို မြင်လျှင် အကြီးအကဲနှစ်ဦး၏ မျက်နှာထက်၌ ထိတ်လန့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့နှစ်ယောက်လုံးက အနည်းငယ်မျှပင် မပေါ့ဆဝံ့ဘဲ သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို လှုံ့ဆော်ကာ သူတို့ဆီသို့ တိုးဝင်လာသည့် ရောင်စုံမုန်တိုင်းကြီးကို ခုခံလိုက်ကြသည်။

သို့သော်လည်း ကျန်းချန်သည် အဆင့်မြင့်နယ်မြေ သုံးမျိုးနှင့်အလယ်အလတ် နယ်မြေနှစ်မျိုးကို ပေါင်းစပ်၍ အစွမ်းကုန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ အကြီးအကဲနှစ်ဦးသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ရောင်စုံမုန်တိုင်းကြီးသည် အကြီးအကဲနှစ်ဦး၏ အကာအကွယ်စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်တွင် ရောင်စုံမုန်တိုင်း၏ ထိုးနှက်မှုအောက်၌ အကြီးအကဲ နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် အကြီးအကဲနှစ်ဦးက ဒီလိုပဲ သေဆုံးသွားတယ်လား"

သူ၏ရှေ့မှ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကိုမြင်လျှင် ရှထျန်းယန်သည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။

သိထားရမည့်အချက်မှာ အင်ပါယာနန်းတော်၏ တံခါးကိုစောင့်ရှောက်နေသော အကြီးအကဲ နှစ်ဦးသည် သူကဲ့သို့ပင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ဤကဲ့သို့သော ကျင့်ကြံသူနှစ်ဦးကိုပင် ကျန်းချန်သည် လွယ်လွယ်ကူကူပင် သတ်ဖြတ်ပစ်ခဲ့သည်။

ရှထျန်းယန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြင်ဘက်တွင် ကျန်းချန်နှင့် တိုက်ခိုက်စဥ် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေး စွမ်းအားကို ခံစားမိခဲ့သည်။

သို့သော်လည်း ကျန်းချန် အစောပိုင်းက ထုတ်ဖော်ခဲ့သည့်ခွန်အားသည် သူရောက်ရှိနိုင်သည့် အကန့်အသတ်နှင့် အလှမ်းဝေးလိမ့်မည်ဟု သူဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။

လူတစ်ယောက်တည်းက နယ်မြေစွမ်းအား ငါးခုလုံးကို ကျွမ်းကျင်ထားပြီး နယ်မြေတစ်ခုချင်းစီသည် အလွန်ပင် အားကောင်းသည်။

နယ်မြေငါးခု၏ စွမ်းအားကို ပေါင်းစပ်လိုက်ရာ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကျင့်ကြံသူပင် လုံးဝ မရပ်တန့်နိုင်ခဲ့ပေ။

အင်ပါယာနန်းတော်၏ တံခါးကို စောင့်ရှောက်နေသည့် အကြီးအကဲ နှစ်ဦးအား သတ်ဖြတ်ပြီးနောက်တွင် ၎င်းတို့၏ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို ကျန်းချန်သည် သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီး ရှထျန်းယန်ကို တည်ငြိမ်စွာကြည့်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ.. မသေချင်ရင် ငါနဲ့အတူ အင်ပါယာနန်းတော်ထဲကို လိုက်ဝင်လာခဲ့"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ရှထျန်းယန်ကို ဂရုမစိုက်တော့ဘဲ အင်ပါယာနန်းတော် ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ရှထျန်းယန်သည် ကျန်းချန် အစောပိုင်းက ထုတ်ဖော်လိုက်သော စွမ်းအားကြောင့် ခွင်းရှဂိုဏ်း၏ စွမ်းအင်ခန္ဓာကိုယ်များ သတိပြုမိလောက်ပြီဟု ကောင်းစွာ သိခဲ့သည်။

ကျန်းချန်နှင့် လိုက်မဝင်ဘဲ အပြင်ဘက်တွင် ရှိနေခဲ့လျှင် ခွင်းရှဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ်များသည် သူ့ကို တစ်စစီ ပြုလုပ်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အံတင်းတင်း ကြိတ်ကာ အင်ပါယာနန်းတော် ဆီသို့ ခြေလှမ်းလိုက်တော့သည်။

အခန်း(၁၃၇၈)ပြီး၏။

အခန်း(၁၃၇၉)

ကျန်းချန်က နယ်မြေစွမ်းအား ငါးမျိုးကို ရုတ်တရက် ထုတ်ဖော်ကာ အင်ပါယာနန်း‌‌တော်တံခါးစောင့် အကြီးအကဲနှစ်ဦးကို ချက်ချင်းဆိုသလို သတ်ပစ်လိုက်ခြင်းသည် ခွင်းရှဂိုဏ်းမှ နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် စွမ်းအင်ခန္ဓာကိုယ် များစွာ၏ အာရုံစူးစိုက်မှုကို ရရှိသွားခဲ့သည်။

ပြန်လည်ရှင်သန်လာသော ရှဟန်ထျန်းပင် သတိထားမိသွားခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာခဲ့၏။

"ခုနက အင်ပါယာနန်းတော်ဘက်ကနေ အရမ်းအားကောင်းတဲ့အရှိန်အဝါတစ်ခု ထွက်ပေါ်လာတယ်.. ဘာတွေဖြစ်ပျက်နေတာလဲ"

ရှဟန်ထျန်းက အင်ပါယာနန်းတော်ဘက်သို့ လှည့်ကြည့်ပြီးနောက်တွင် သူ၏ ပတ်ဝန်းကျင်မှ စွမ်းအင်ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် မေးလိုက်သည်။

"ကျွန်.. ကျွန်တော်အစောပိုင်းက အကြီးအကဲ ရှထျန်းယန်ကို တွေ့လိုက်တယ်.. သူက အင်ပါယာနန်းတော်ဘက်ကို သွားနေတဲ့ပုံပဲ"

နတ်သန္ဓေအင်ပါယာနယ်ပယ် အစောပိုင်းအဆင့်မှ စွမ်းအင်ခန္ဓာကိုယ်တစ်ခုသည် ထစ်ငေ့ါစွာ ပြောလိုက်သည်။

"ရှထျန်းယန် ပြန်ရောက်လာခဲ့တာလား"

ရှဟန်ထျန်းက မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒီကောင်က အပြင်လောကကြီးကို မြင်ချင်တယ်ဆိုပြီး အပြင်ထွက်သွားတာမဟုတ်လား.. ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြန်လာရတာလဲ.. ဒါ့အပြင် ဒီကောင်က ပြန်ရောက်လာတာနဲ့ အင်ပါယာနန်းတော်ဘက်ကို တစ်ခါတည်းသွားခဲ့တယ်.. ဒီနေရာက တားမြစ်နယ်မြေဆိုတာ ဒီကောင် မသိတာလဲ မဟုတ်ဘူး"

"အကြီးအကဲရှထျန်းယန်က ပြန်ရောက်လာတဲ့အခါမှာ လူသား လူငယ်လေး တစ်ယောက်ကိုပါ ပြန်ခေါ်လာပြီး အင်ပါယာနန်းတော်ဘက်ကို သွားခဲ့တာပါ"

နတ်သန္ဓေအင်ပါယာ နယ်ပယ် အစောပိုင်း အဆင့် စွမ်းအင်ခန္ဓာကိုယ်က ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ရှဟန်ထျန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရှထျန်းယန်က ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကနေ ထွက်ခွာပြီး တစ်ခဏ အတွင်းမှာပင် လူသားလူငယ် တစ်ယောက်နှင့်အတူ ပြန်လာကာ အင်ပါယာနန်းတော်သို့ တိုက်ရိုက် သွားရောက်ခြင်းသည် ထူးဆန်းနေသည် မဟုတ်ပါလော။

"ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဘာလို့ငါ့ကို ချက်ချင်းမတင်ပြတာလဲ"

ရှဟန်ထျန်း၏ မျက်နှာက အေးစက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအခါ သူ့အရှေ့မှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်သည် ထိတ်လန့်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

"အကြီးအကဲ ရှဟန်ထျန်း.. ကျွန်တော့်ရဲ့အပြစ်ကို ခွင့်လွှတ်ပေးပါ.. အဲဒီ လူသားလူငယ်လေးကို အကြီးအကဲ ရှထျန်းယန်က ကျွန်‌တော်တို့ ဂိုဏ်းရဲ့ ကျင့်ကြံသူတွေ ပြန်လည်ရှင်သန်လာဖို့အတွက် ဖမ်းဆီးလာတယ်လို့ ထင်ခဲ့မိလို့ပါ"

ထိုစကားကိုကြားပြီးနောက်တွင် ရှဟန်ထျန်းသည် အသက်ကိုခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ရှေ့မှ နတ်သန္ဓေအင်ပါယာ နယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်ကို လျစ်လျူရှုကာ အင်ပါယာနန်းတော်ရှိရာ ဘက်သို့ အလျင်အမြန် ထွက်လာခဲ့သည်။

အင်ပါယာနန်းတော်၏ တံခါးဝသို့ ရောက်သောအခါ သူသည် လေထဲတွင် လုံးဝ ပျောက်ကွယ်မသွားသေးသော ဖျက်ဆီးခြင်း အရှိန်အဝါကို ခပ်ရေးရေး ခံစားမိလိုက်သည်။

ရှဟန်ထျန်းက သူ၏မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရှထျန်းယန်ကို လုံးဝ မတွေ့ခဲ့ရပေ။

ရှဟန်ထျန်းကို အထိတ်တလန့် အဖြစ်စေဆုံး အရာမှာ သူက အင်ပါယာနန်းတော်၏ တံခါးဝဆီသို့ ရောက်လာသည့်တိုင် နန်းတော်ကို စောင့်ကြပ်နေသည့် အကြီးအကဲနှစ်ဦးက ထွက်ပေါ်မလာခြင်း ဖြစ်သည်။

"ခုနက ဒီနေရာမှာ ဘာတွေဖြစ်သွားပါလိမ့်.. ရှထျန်းယန်နဲ့ လူသားလူငယ်လေးက တံခါးစောင့် အကြီးအကဲနှစ်ဦးကို တိုက်ခိုက်ပြီး နန်းတော်ထဲကို ဝင်ရောက်သွားတာများလား"

ဤအချိန်တွင် ရှဟန်ထျန်း၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။

ရှထျန်းယန်က အပြင်သို့ထွက်ပြီး တစ်ခဏအတွင်းမှာပင် လူသားလူငယ်လေး တစ်ယောက်နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့ပြီး အင်ပါယာနန်းတော်ထဲသို့ အတင်းအကျပ် ဝင်ရောက်သွားလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့‌ပေ။

ရှထျန်းယန်၏ ရည်ရွယ်ချက်ကို သူ မသိသော်လည်း အင်ပါယာနန်းတော်သည် သူတို့ ခွင်းရှဂိုဏ်း၏ အရေးပါဆုံးနေရာဖြစ်သည်။

သူတို့ ခွင်းရှဂိုဏ်းမှ ကျင့်ကြံသူများသည် စွမ်းအင်ခန္ဓာကိုယ်ဖြင့် ရှင်သန်နိုင်သည့် လျှို့ဝှက်ချက်မှာ အင်ပါယာနန်းတော်ထဲတွင် ရှိ၏။

ထို့ကြောင့် လူသားလူငယ်လေး တစ်ယောက်က နန်းတော်ထဲကို ချိုးဖောက် ဝင်ရောက်လာခြင်းသည် သူတို့အတွက် ကောင်းမွန်သောကိစ္စ မဟုတ်ပေ။

"အားလုံးပဲ အင်ပါယာနန်းတော်ကို အချိန်ပြည့်စောင့်ကြည့်ပြီး တစ်ခုခု ထူးခြားတာနဲ့ ငါ့ကိုချက်ချင်း သတင်းပို့ရမယ်"

ရှဟန်ထျန်းက ချက်ချင်းပင် လိုအပ်သည့် အမိန့်များကို ညွှန်ကြားလိုက်သည်။

အင်ပါယာနန်းတော်က တားမြစ်နယ်မြေ ဖြစ်၍ ရှဟန်ထျန်းသည် ဝင်ရောက်ဝံ့ခြင်း မရှိပေ။

ထို့ကြောင့် အင်ပါယာနန်းတော်၏ အခြေအနေကို စောင့်ကြည့်ရန် ညွှန်ကြားရုံသာ တတ်နိုင်ခဲ့၏။

-----------

အင်ပါယာနန်းတော်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကျန်းချန်သည် နေရာလွတ်ကို ဖြတ်ကျော်ကာ အလွန်ကျယ်ပြောလှသော ခန်းမတစ်ခု ဆီသို့ ရောက်ရှိလာသလို ခံစားလိုက်ရသည်။

ဤနန်းတော်ကြီးက နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ ဟောင်းနွမ်းနေပုံရသော်လည်း ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။

ကျန်းချန်က ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်ရှုပြီးနောက်တွင် အဓိကခန်းမ တစ်ခုကို သတိပြုမိလိုက်သည်။

ရှထျန်းယန်ကမူ ကျန်းချန်၏ အနောက်သို့ လိုက်ပါလာခဲ့သော်လည်း အသံတစ်သံပင် မထွက်ဝံ့ပေ။

ဤနေရာသည် ခွင်းရှဂိုဏ်းကို တည်ထောင်ခဲ့သည့် အင်ပါယာ၏ နေအိမ် ဖြစ်သည်။

သူက ခွင်းရှဂိုဏ်းမှ လူဖြစ်၍ အင်ပါယာနန်းတော်သည် သူ၏ မျက်လုံးထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး မြင့်မြတ်သောနေရာ တစ်ခု ဖြစ်ခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်မှာပင် ရှထျန်းယန်သည် အင်ပါယာနန်းတော်ကို အရင်အတိုင်း ကြောက်ရွံ့နေဆဲပင်။

သို့သော်လည်း အင်ပါယာနန်းတော်သည် လုံးဝ မရိုးရှင်းမှန်း ရှထျန်းယန် ကောင်းစွာသိသည်။

သူတို့က ယနေ့တွင် အင်ပါယာနန်းတော် ထဲသို့ ဝင်ရောက်လာခဲ့သော်လည်း သတိမထားမိသည်နှင့် ဤနေရာတွင် အမြဲတစေ နေထိုင်သွားရလိမ့်မည်ဟု သူတွေးမိခဲ့သည်။

အင်ပါယာနန်းတော်ထဲကို ဝင်ရောက်လာသည့် ကျန်းချန်သည် လုံးဝ မပေါ့ဆဝံ့ဘဲ ခြေလှမ်းတိုင်းကို အလွန်တရာပင် သတိထားနေခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်မှာပင် အင်ပါယာနန်းတော်ထဲ၌ အင်ပါယာခွင်းရှ ထားရစ်ခဲ့သည့် သတ်ဖြတ်ခြင်းအစီအရင်များ ရှိနေဆဲပင်။

သို့သော်လည်း ကျန်းချန်တွင် အဆ ၁၀၀ စနစ်ရှိနေသောကြောင့် သတ်ဖြတ်ခြင်း အစီအရင်ကို တွေ့ရှိသည်နှင့် အဆ ၁၀၀ စနစ်သည် သူ့ကို သတိပေးခဲ့သည်ဖြစ်ရာ ထိုသတ်ဖြတ်ခြင်း အစီအရင်များကို ကျန်းချန်သည် အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။

အင်ပါယာနန်းတော်ထဲတွင် နှစ်နာရီကြာ သွားလာပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ အဓိကခန်းမ ရှိရာသို့ ရောက်ရှိလာခဲ့သည်။

"ဝုန်း.."

ထိုအချိန်မှာပင် သူ၏ရှေ့ရှိ အဓိကခန်းမထဲကနေ အနက်ရောင်အလင်းတန်း တစ်ခုသည် ကျန်းချန်ဆီသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ချက်ချင်းပင် သဘာဝသွေးမျိုးဆက်စွမ်းရည် ဖြစ်သည့် ကမ္ဘာဖျက်ဆီးနဂါးမီးလျှံကို ထုတ်ဖော်လိုက်ရာ ရွှေရောင်နဂါးကြီးက ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်မီးလျှံများကို မှုတ်ထုတ်လိုက်ရာ အနက်‌ရောင် အလင်းတန်းသည် ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့သည်။

"ဂရား.."

ကျန်းချန်က အနက်ရောင်အလင်းကို ချေမှုန်းလှိုက်သည့် အချိန်မှာပင် ခန်းမထဲကနေ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင်အရိပ် တစ်ခုသည် ခန်းမထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်အရိပ်၏ ခန္ဓာကိုယ်သည် ပေတစ်ရာကျော်မြင့်မားပြီး ဦးခေါင်းပေါ်တွင် နဂါးဦးချိုများလည်း ရှိသည်။

သူ၏မျက်လုံးများက အလွန်ပင်ကြီးမားပြီး အနက်ရောင်တွင်းပေါက်ကြီး နှစ်ခုကဲ့သို့ပင်။

ခန္ဓာကိုယ် တစ်ခုလုံးသည် အနက်ရောင် ကြေးခွံများဖြင့် ဖုံးအုပ်နေပြီး ဆန်းကြယ်သော အနက်ရောင်အလင်းများဖြင့် တောက်ပနေခဲ့သည်။

"အစစ်အမှန် နဂါးပါလား"

ဤသည်က နဂါးသွေးစစ်စစ် ရှိသည့် အစစ်အမှန်နဂါးတစ်ကောင် ဖြစ်သည်။

သို့သော်လည်း ဤအစစ်အမှန်နဂါးသည် သက်ရှိမဟုတ်ဘဲ နဂါးအသေကောင် တစ်ကောင် ဖြစ်၏။

နှစ်ထောင်ပေါင်းများစွာ ကြာရှိပြီးနောက်မှာပင် ဤနဂါးအသေကောင်၏ ဝိညာဥ်သည် အသက်ရှင်နေခဲ့ပြီး ခွင်းရှဂိုဏ်း၏ မျိုးဆက်ပေါင်းများစွာကို စောင့်ကြပ်နေဆဲပင်။

"သခင် သတိထားပါ.. ဒီနဂါးက တစ်ချိန်က အင်ပါယာခွင်းရှစီးနင်းခဲ့တဲ့ နဂါးနက်ပဲ.. ခွင်းရှဂိုဏ်းကလူတွေက နဂါးဧကရာဇ်လို့ ခေါ်ဝေါ်ကြတယ်.. သူ့ရဲ့ အထွတ်အထိပ် အခြေအနေကဆိုရင် အင်ပါယာတွေ နဲ့တောင် ယှဥ်နိုင်ခဲ့တယ်"

သူ့ရှေ့မှ ဧရာမ နဂါးအသေကောင်ကို မြင်လျှင် ရှထျန်းယန်၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ထိတ်လန့်တကြား သတိပေးလိုက်သည်။

သူက ခွင်းရှဂိုဏ်း၏ အကြီးအကဲဖြစ်ရာ ခွင်းရှဂိုဏ်း၏ ကိစ္စများကို ကောင်းစွာ သိရှိထားခဲ့သည်။

ကျန်းချန်က နဂါးအသေကောင်ကို ကြည့်လိုက်ရာ ၎င်း၏ မူရင်းဇစ်မြစ်ကို ချက်ချင်းနီးပါးပင် တွေ့ရှိခဲ့သည်။

ဤနဂါးအသေကောင်သည် နှစ်ထောင်ပေါင်းများစွာကတည်းက သေဆုံးခဲ့သော်လည်း ခန္ဓာကိုယ်ကမူ ထူးထူးခြားခြား အားကောင်းနေဆဲပင်။

ဤသည်က နဂါးအသေကောင် ဖြစ်နေလျှင်ပင် သာမန်နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူများသည် ၎င်းကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

"မင်းပဲ အဲဒီတုန်းက တိုက်ပွဲမှာ အင်ပါယာခွင်းရှနဲ့ အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတွေက လုံးဝ ဖျက်ဆီးခံခဲ့ရပြီး စွမ်းအင်ခန္ဓာကိုယ်တွေ အဖြစ် ပြောင်းလဲဖို့ အခွင့်အရေးမရခဲ့ဘူးလို့ ပြောခဲ့တယ်မဟုတ်လား.. ဒီနဂါးအသေကောင်က ဘယ်လိုလုပ်ပြီး အင်ပါယာနန်းတော်မှာ ပေါ်ထွက်လာရတာလဲ"

သူ၏ရှေ့မှ နဂါးအသေကောင်ကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာသည် ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။

အခန်း(၁၃၇၉)ပြီး၏။

အခန်း(၁၃၈၀)

"အဲဒီအချိန်က အင်ပါယာခွင်းရှက တခြားအင်ပါယာသုံးပါးနဲ့အတူ အင်အားကြီးမားတဲ့ ရန်သူနဲ့ ကောင်းကင်ယံမှာ တိုက်ခိုက်ခဲ့ကြတယ်.. တိုက်ပွဲရဲ့ အသေးစိတ်အခြေအနေကိုတော့ ကျွန်တော်တို့မသိဘူး.. ဒါပေမဲ့တိုက်ပွဲက အချိန်မကြာလိုက်ဘဲ ပြီးဆုံးသွားခဲ့တယ်.. အဲဒီနောက်ပိုင်းမှာတော့ လေထုထဲကနေ လက်ဝါးရိုက်ချက်တစ်ချက် သက်ဆင်းလာခဲ့ပြီး ခွင်းရှဂိုဏ်းရဲ့ နယ်မြေတစ်ခုလုံးကို အပျက်အစီး ဖြစ်သွားစေခဲ့တယ်"

ရှထျန်းယန်က ထိတ်လန့်တကြား အမူအရာဖြင့် ပြောလိုက်သည်။

ရှထျန်းယန်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။

အင်ပါယာခွင်းရှနှင့် ခွင်းရှဂိုဏ်းမှ အင်ပါယာများသည် အင်အားကြီးမားသော ရန်သူနှင့် ကောင်းကင်ယံတွင် တိုက်ခိုက်ပြီးနောက်တွင် ခွင်းရှဂိုဏ်းက ပျက်စီးသွားခဲ့သည်။

ခွင်းရှဂိုဏ်း ပျက်စီးသွားပြီးနောက်တွင် အင်အားကြီးမားသောရန်သူနှင့် တိုက်ခိုက်ခဲ့သည့် အင်ပါယာခွင်းရှနှင့် တခြားသောအင်ပါယာများသည် စွမ်းအင်ခန္ဓာကိုယ်အဖြစ် ပေါ်ထွက်မလာသည်ကို ကြည့်ကာ ရှထျန်းယန်သည် ထိုတိုက်ပွဲတွင် ၎င်းတို့အားလုံး ဖျက်ဆီးခံခဲ့ရသည်ဟု ခန့်မှန်းခဲ့ပုံရသည်။

ယခုအခါတွင်မူ အင်ပါယာအဆင့် နဂါးအသေကောင်သည် အင်ပါယာနန်းတော်ကနေ မယုံကြည်နိုင်စရာ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အတွေးရေယာဥ်ကြောတွင် နစ်မျောနေခဲ့သည်။

ဤအင်ပါယာအဆင့် နဂါးအသေကောင်က အင်ပါယာနန်းတော်၏ အဓိကခန်းမကို စောင့်ကြပ်နေသည် ဖြစ်ရာ သူ၏ အရှေ့မှ ခန်းမထဲတွင် အင်ပါယာခွင်းရှ၏ အလောင်းကောင်လည်း ရှိနေနိုင်ပေသည်။

အင်ပါယာခွင်းရှသည် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို တည်ဆောက်ကာ ခွင်းရှဂိုဏ်းမှ အင်အားကြီးမားသောကျင့်ကြံသူများကို ကမ္ဘာပေါ်တွင် ပြန်လည်ရှင်သန်လာအောင် စီစဥ်နိုင်ခဲ့သူ ဖြစ်၍ သေချာပေါက် ထက်မြက်သော သူတစ်ယောက် ဖြစ်၏။

ထိုကဲ့သို့သော သူမျိုးသည် သူကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို မချန်ထားစရာ အကြောင်း လုံးဝမရှိပေ။

ဤတိုက်ပွဲသည် ရှထျန်းယန် ထင်ထားသလို မရိုးရှင်းလောက်ပေ။

"ဂရား.."

ထိုအချိန်မှာပင် ဦးချိုပါ နဂါးနက်သည် ဟိန်းဟောက်လိုက်ပြီး ကျန်းချန်ကို သတ်ဖြတ်ရန် ပျံသန်းလာခဲ့သည်။

ကျန်းချန်က အလျင်အမြန်ပင် ဥက္ကာခဲဓားကို ထုတ်ယူလိုက်ပြီး အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိနေသည့် နယ်မြေသုံးမျိုး စွမ်းအားကို ထုတ်ဖော်ကာ နေရာလွတ်ကိုပင် ထိုးခွဲနိုင်သည့် ကြောက်မက်ဖွယ် ဓားချက်ဖြင့် နဂါးနက်ကို ခုတ်ပိုင်းလိုက်သည်။

"ထန်.."

သူ၏ဓားချက်က အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် နဂါးနက်၏ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားသော်လည်း မီးပွင့်များသာ ရုတ်တရက် ပွင့်ထွက်လာခဲ့ပြီး ပြင်းထန်သော သတ္တိချင်း ထိရိုက်သံသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ဒီအင်ပါယာအဆင့် နဂါးအသေကောင်ရဲ့ ခုခံကာကွယ်ရေးက အတော်လေး အားကောင်းတာပဲ"

သူ၏ဓားချက်သည် သာမန် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်လောက်သည်အထိ အားကောင်းသော်လည်း နဂါးအသေကောင်ကို မည်သို့မှ မထိခိုက်စေသည်အား မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"သခင် ဆက်ပြီး တိုက်ခိုက်နေလို့လည်း အကျိုးရှိမှာ မဟုတ်ဘူး.. ကျွန်တော်တို့ ထွက်ပြေးကြရအောင်.. နဂါးမျိုးနွယ်စုက ခုခံကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျော်ကြားတယ်.. ဒီနဂါးအသေကောင်ရဲ့ ခုခံကာကွယ်ရေးက သာမန် အင်ပါယာခန္ဓာကိုယ်ထက်‌တောင် ပိုပြီးအားကောင်းတယ်.. အင်ပါယာဥပဒေသကို နားလည်ထားတဲ့ အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်မဟုတ်ရင် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူတောင် သူ့ရဲ့ အကာအကွယ်ကို လုံးဝ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"

ရှထျန်းယန်က အလွန်တရာပင် ကြောက်လန့်နေခဲ့ပြီး ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

ဤနဂါးနက်သည် အင်ပါယာခွင်းရှ စီးနင်းခဲ့သည့် သားရဲဖြစ်ပြီး ခွင်းရှဂိုဏ်းတွင် နဂါးဧကရာဇ်ဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။

ယခု အသေကောင်ဖြစ်နေပြီး တိုက်ခိုက်ရေးစွမ်းအားက အထွတ်အထိပ်ကာလ၏ သုံးဆယ် ရာခိုင်နှုန်းပင် မရှိသည့်တိုင် သူတို့ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

ကျန်းချန်က ရှထျန်းယန်၏ သတိပေးစကားကို ဂရုမစိုက်ဘဲမနေခဲ့ပေ။

သူ့အနေဖြင့် ခွင်းရှဂိုဏ်းကို ရောက်လာသည်မှာ ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ချိုးဖျက်ကာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အန္တရာယ်ကို ဖြေရှင်းရန် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် အင်ပါယာနန်းတော်၏ အခြေအနေသည် သူထင်ထားသည်ပင် ကျော်လွန်နေခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ထိုတိုက်ပွဲတွင် အင်ပါယာခွင်းရှသည် မည်ကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့မှန်း မသိရသော်လည်း ၎င်း၏ ခန္ဓာကိုယ်ကို အင်ပါယာ နန်းတော်ထဲတွင် ချန်ထားရစ်ခဲ့သည်။

ဤသည်က ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေးအတွက် ဖြစ်နိုင်ခြေ များ၏။

သူသာ သူ့ရှေ့မှ ခန်းမထဲကို မဝင်ဘဲ ခန်းမထဲမှ လျှို့ဝှက်ချက်များကို မဖြေရှင်းခဲ့လျှင် အင်ပါယာခွင်းရှ ပြန်လည်ရှင်သန်လာသည်နှင့် ရှန်းဝူတိုက်အတွက် ဖြစ်ပေါ်လာမည့် အန္တရာယ်သည် သွေးဝိညာဥ်မျိုးနွယ်စုမှ တပ်မှုးချုပ် ကျိုးယိုထက် မနိမ့်လောက်ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏စိတ်ထဲတွင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လျင်မြန်စွာ စဥ်းစားနေခဲ့သည်။

ဤနဂါးအသေကောင်သည် ခုခံကာကွယ်ရေးတွင် အလွန်တရာ အားကောင်း၍ ကျန်းချန်က အပြည့်အဝတိုက်ခိုက်လျှင်ပင် အနိုင်ယူရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

နဂါးအသေကောင်က အဓိကခန်းမကို စောင့်ကြပ်နေပြီး ခန်းမနားကို ချဥ်းကပ်လာသည့် အပြင်လူများကို တိုက်ခိုက်နိုင်ခြင်းသည် အင်ပါယာခွင်းရှ လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်နိုင်ခြေများသည်။

အလောင်းထိန်းချုပ်သော နည်းလမ်းများနှင့် သားရဲထိန်းချုပ်သော နည်းလမ်းများသည် ပစ်မှတ်၏ ခန္ဓာကိုယ်တွင် ဝိညာဥ်အမှတ်အသားများကို ထားရစ်ခဲ့ခြင်းမျိုး ဖြစ်သည်။

ဆိုလိုသည်မှာ ဤနဂါးအသေကောင်တွင် အင်ပါယာခွင်းရှ ချန်ထားရစ်ခဲ့သော ဝိညာဥ်အမှတ်အသား တစ်ခုခု ရှိနေနိုင်ပြီး နဂါးအသေကောင်ကို စောင့်ကြပ်ရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်နိုင်၏။

ဤအတိုင်းသာ မှန်ကန်ခဲ့လျှင် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်ကို အသုံးပြု၍ အင်ပါယာခွင်းရှ နဂါး အသေကောင်တွင် ချန်ထားရစ်ခဲ့သော ဝိညာဥ် အမှတ်အသားကို ဖျက်ဆီးနိုင်လိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် ကျန်းချန်သည် နဂါးအသေကောင်ကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

နဂါးအသေကောင်၏ စွမ်းရည်သည် အနည်းဆုံး အင်ပါယာတစ်ပိုင်း အဆင့်တွင် ရှိ၏။

သူ့အနေဖြင့် နဂါးအသေကောင်ကိုသာ ထိန်းချုပ်နိုင်ခဲ့မည် ဆိုလျှင် သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ကျိုးယိုနှင့် အနာဂတ်တွင် ရင်ဆိုင်ရာ၌ သေချာပေါက် အကူအညီ ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

"ဂရား.."

ကျန်းချန် စိတ်ထဲတွင် အတွေးနက် နေစဥ်မှာပင် နဂါးအသေကောင်သည် သူ့ကို ထပ်မံ၍ တိုက်ခိုက်ခဲ့သည်။

နဂါးအသေကောင်က ခြေသည်းဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်ရာ ပတ်ဝန်းကျင်ရှိ နေရာလွတ်သည် ပြိုလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကျန်းချန်ကို လွှမ်းခြုံသွားခဲ့သည်။

"အချိန်နှင့်အာကာသ ဓားနယ်မြေ"

ကျန်းချန်က သူ့လက်ထဲမှ ဥက္ကာခဲဓားကို အလျင်အမြန်ဝှေ့ယမ်းလိုက်ပြီး စိမ်းပြာရောင် ဓားနယ်မြေကို ထုတ်ဖော်ကာ နဂါးအသေကောင်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

"ဝုန်း.."

နဂါးအသေကောင်၏ အနက်ရောင် နဂါးခြေသည်းသည် အချိန်နှင့်အာကာသ ဓားနယ်မြေ အတားအဆီးပေါ်သို့ ကျရောက်လာသောအခါတွင် ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာခဲ့၏။

ကျန်းချန်၏ အလွန်အစွမ်းထက်သော အချိန်နှင့်အာကာသ ဓားနယ်မြေသည် အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် နဂါးခြေသည်း၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

အချိန်နှင့်အာကာသ ဓားနယ်မြေက နဂါးအသေကောင်ကို ခဏမျှသာ တားဆီးနိုင်ခဲ့သော်လည်း ဤအချိန်ကာလသည် ကျန်းချန်အတွက် လုံလောက်ခဲ့သည်။

သူက လက်ဟန်များကို ပြုလုပ်လိုက်ပြီး ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ နဂါးအသေကောင် ဆီသို့ရွေ့လျားပြီး ချက်ချင်းဆိုသလို ဖိနှိပ်လိုက်သည်။

"ဂရား.."

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်အောက်တွင် နဂါးအသေကောင်သည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကို ပြုလုပ်လိုက်ပြီး သူ၏ ကြီးမားသောခန္ဓာကိုယ်သည် ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်၏ စွမ်းအင်အောက်တွင် အဆက်မပြတ် ရုန်းကန်နေခဲ့သည်။

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအင်သည် နဂါးအသေကောင်ကို သိသာထင်ရှားသော ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေခဲ့ပေ။

သို့သော်လည်း နဂါးအသေကောင်၏ ဒေါသအရိပ်များ ဖုံးလွှမ်းနေသော မျက်ဝန်းက တဖြည်းဖြည်း ကြည်လင်သွားသည်ကို ကျန်းချန်က ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

သူ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်က နဂါးအသေကောင်ပေါ်တွင် အကျိုးသက်ရောက်မှု ရှိနေသည်ကို သိလိုက်ပြီး မျက်ဝန်းများ တလက်လက် တောက်ပလာခဲ့သည်။

သူက အလျင်အမြန်ပင် ရှေးဟောင်း သားရဲထိန်းချုပ်ရေး စည်းတံဆိပ်ကို ဖန်တီးလိုက်ပြီး နဂါးအသေကောင်၏ ခန္ဓာကိုယ်ထဲကို ထိုးဖောက် ဝင်ရောက်စေခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် သူ၏ ရှေးဟောင်းသားရဲထိန်းချုပ်ရေး စည်းတံဆိပ်ကို လျှို့ဝှက်ဆန်းကြယ်သည့် ဝိညာဥ်အမှတ်အသား တစ်ခုက အနှောင့်အယှက်ပေးနေသည်ဟု ခံစားမိခဲ့ပြီး နဂါးအသေကောင်ကို ထိန်းချုပ်ရာတွင် မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေဘဲ နဂါးအသေကောင်ကို ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် ထပ်မံ ဖိနှိပ်လိုက်သည်။

ဤကဲ့သို့ သုံးကြိမ်သုံးခါတိတိ ထပ်ခါတလဲလဲ လုပ်ဆောင်ပြီးနောက်တွင် နဂါးအသေကောင်၏ ခန္ဓာကိုယ်ထဲရှိ မူလဝိညာဥ်အမှတ်အသားကို အဆုံးသတ်တွင် ကျန်းချန်သည် ဖျက်ဆီးနိုင်ခဲ့ပြီး သူ၏ ဝိညာဥ်အမှတ်အသားကို နဂါးအသေကောင်၏ စိတ်ဝိညာဥ်ထဲတွင် ရိုက်နှက်လိုက်သည်။

"နဂါးအသေကောင်က လုံးဝ မလှုပ်ရှားတော့ပါလား"

နဂါးအသေကောင်က ကျန်းချန်နှင့် တိုက်ခိုက်နေရင်း ရုတ်တရက် လုံးဝ ငြိမ်သက်သွားသည်ကိုမြင်လျှင် ရှထျန်းယန်၏ မျက်ဝန်းများတွင် တုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

"နဂါးအသေကောင်က မလှုပ်တာမဟုတ်ဘူး.. သူက ငါ့ရဲ့ခွင့်ပြုချက်ကို ရမှပဲ လှုပ်ရှားနိုင်လိမ့်မယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်ပြီးနောက်တွင် နဂါးအသေကောင်ကို အမိန့်ပေးလိုက်သည်။

"ဒီကိုလာခဲ့စမ်း"

ကျန်းချန်၏ အမိန့်ကိုရသည်နှင့် နဂါးအသေကောင်၏ ကြီးမားသော ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို လှုပ်ရှားလာခဲ့ပြီး ကျန်းချန်၏ နံဘေးကို နာခံမှုရှိစွာ ရောက်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ရှထျန်းယန်သည် စိတ်နှလုံးထဲကနေ အေးစိမ့်သွားခဲ့သည်။

သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

"ဒီကောင်က နဂါးအသေကောင်ကို ထိန်းချုပ်လိုက်တာလား.. ဒါ.. ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

အခန်း(၁၃၈၀)ပြီး၏။

All Chapters